Showing posts with label ကျွန်တော်၏...အတွေးများ. Show all posts
Showing posts with label ကျွန်တော်၏...အတွေးများ. Show all posts

Friday, June 12, 2009

ကျနော် ဒီပို့စ်ကို ရေးတာ ဘာသာရေး ထိခိုက်မှု လုံးဝ မရှိပါဘူး။ ကမ္ဘာမှာ မိမိကိုးကွယ်ရာ ယုံကြည်ရာကို လူတိုင်းကိုးကွယ်ခွင့် ရှိတာ ကျနော်လက်ခံယုံကြည်ပါတယ်။ ဒီပို့စ်က မသိသေးသူတွေအတွက် ဗဟုသုတလေး တခုအနေနဲ့ပဲေ၇းသားထားခြင်း ဖြစ်ပါသည်။ အယူအဆဆိုတာ ကိုးကွယ်ယုံကြည်ရာနဲ့လည်း သက်ဆိုင်မယ်လို့ ကျနော်ထင်ပါတယ်။ ကျနော်တို့ မြန်မာလူမျိုးတွေ ပြောတဲ့စကားတခွန်းဖြစ်တဲ့ “ အယူတိမ်းလို့ နတ်စိမ်းဖြစ်တယ် ” ဆိုလား။ အဲဒီလိုလေးပေါ့။ တခဏတာ ကြားဖူးမိလိုက်တာလေးဟာ ၊ မြင်ဖူးမိလိုက်တာလေးဟာ အစွဲအလန်းလို ၊ ယုံကြည်ရာ လိုလို ဖြစ်သွားတက်ပါတယ်။ မနက်စောစော အိပ်ရာထဖြစ်ရင် ဖြစ်ဖြစ် ၊ ဒါမှ မဟုတ် ညဘက် အိပ်ရာဝင်ခါနီး အချိန်ဖြစ်ဖြစ် ကျနော် တရားနားထောင်တက်တဲ့ အကျင့်ရှိပါတယ်။ ထွက်ရပ်ပေါက်ချင်လို့လည်း မဟုတ်ပါဘူး ၊ သံဝေဂရနေတာလည်း မဟုတ်ပါဘူး။

ကျနော်တရားနားထောင်ရခြင်း အကြောင်းက ဆရာတော်တွေက တရားဟောရင် ၊ တရားချည်းပဲ ဟောပြောတာ မဟုတ်ပါဘူး။ နိင်ငံရေး ၊ စီးပွားရေး ၊ လူမှုရေး ၊ ကိစ္စ ဒုက္ခ အ၀၀တွေနဲ့ နှိုင်းယှဉ်ပြီးဟောပြောကြတာပါ။ ဆရာတော်တွေက ဟောပြောဖို့အတွက် စာပေဖတ်တယ် ၊ မှတ်သားတယ်။ နောက်တော့ တရားသဘောနဲ့ ယှဉ်ပြီး ဟောတယ်။ ကိုယ့်မှာက ဒီလို ဖတ်ဖို့ကျတော့ မဖြစ်နိင်ဘူး။ ဆိုလိုချင်တာက အချိန်မပေးနိင်ဘူး။ ဒီတော့ သူတို့ဖတ်မှတ်ထားတဲ့ ဗဟုသုတကို ကျနော်တို့က တရားနာပြီး ပြန်ယူရတယ်။ ဒါကြောင့် ဒီကနေ့ လူငယ်တွေကို အချိန်များရရင် ကျနော်က တရားနားထောင်ဖို့ တိုက်တွန်းချင်ပါတယ်။ ထွက်ရပ်ပေါက်ဖို့ ၊ နိဗ္ဗာန်ရောက်ဖို့ မဟုတ်ပါဘူး။ ဗဟုသုတ ရစေချင်လို့ပါ။ ဥပမာ ဆရာတော်ကောသလ္လ(ဓမ္မစေတီ) ဟောတဲ့ တရားတပုဒ်ဖြစ်တဲ့ “ မွေးရပ်မြေကို ကျေးဇူးဆပ်ချင်း ” မှာ ဆရာတော်က တရုတ်တွေ မိုးနဲ့မြေကို ကန်တော့တဲ့ ကိစ္စ ခဏလေး ရှင်းပြသွားပါတယ်။ ဆရာတော်က ဘယ်လိုဟောပြောသွားလဲဆိုတော့....

“ တရုတ်တွေ မင်္ဂလာဆောင်ကြပြီ ၊ မင်္ဂလာဆောင်ကြပြီဆိုတော့ မိုးနဲ့မြေကို
ကန်တော့ကြတယ် ” ဘာကြောင့်လဲ သေချာမေးကြည့်ရင်
သိတဲ့လူ ရှားသွားပါပြီတဲ့ ”

ဟုတ်ပါတယ် ကျနော်လည်း သေချာပြန်စဉ်းစားကြည့်တယ် ။ အဖေနဲ့ အမေကို ကန်တော့ပါ၏ ။ မိုးနဲ့မြေကို ကန်တော့ပါ၏ ။ မြ၀တီကလာတဲ့ တရုတ်ကားတွေထဲမှာလည်း မိုးနဲ့မြေကို ကန်တော့နေကြတာပဲ။ ဒီတော့ အခုလာမယ့် ကလေးတွေက မိုးနဲ့မြေကို မင်္ဂလာဆောင်ရင် တရုတ်တွေ ကန်တော့ကြတယ်။ ဘာကြောင့်လဲ မေးကြည့် ။ များသော အားဖြင့် သူတို့ မသိတော့ပါဘူး။ ဒါကို ဆရာတော်က ရှင်းပြထားတယ်။ မင်္ဂလာဆောင်တော့မယ် ဆိုရင် ကဲ...ကန်တော့ပြီ။ မိုးနဲ့မြေကို

“ အဖေသည် မိုးကောင်းကင်နှင့် တူပါတယ် ၊ အမေကတော့ မြေကြီးနဲ့ တူပါတယ်တဲ့ ၊
ဘ၀မှာ အဖေမရှိတော့လည်း ကောင်းကင်ရှိတယ် ၊ ကောင်းကင်ကြီး ရှိနေသမျှ ကာလပတ်လုံး အဖေ့ကျေးဇူးတွေရှိတယ်။ ကောင်းကင်ကို သက်သေတည်၍ သော်...လည်းကောင်း ၊ အမေရဲ့ မေတ္တာတရားတွေဟာ မဟာပထ၀ီ မြေကြီးထုနဲ့ တင်စား၍ သော်...လည်းကောင်း
မြေကြီးရှိတယ် ၊ ဒါကြောင့် အိမ်ထောင်ပြုတော့မယ့် ဖခင်လောင်း ၊ မိခင်လောင်းတို့ဟာ
မိုးနဲ့မြေကို ကန်တော့ပါတယ် ”

ဒါဟာ အရမ်းကောင်းတဲ့ တရုတ်ရိုးရာအစဉ်အလာပါပဲတဲ့။ ကျနော်တို့ မြန်မာမှာလည်း ရှိပါတယ်။ ဒီလိုနှိုင်းယှဉ်တဲ့ စာသားမျိုးတွေ ၊ စကားမျိုးတွေ။ ဒါပေမယ့် ဒါကို ယနေ့မှာတော့ တရုတ်တွေကိုယ်တိုင် မသိတော့ပါဘူးတဲ့။ ဘယ်သူပြောသလဲ ဆရာတော်ဟောတာပါ။ ကျနော် မပြောပါဘူး။ ဒါဆို ဆရာတော်ဟောတိုင်း မင်းက ယုံကြည်လားမေးနိင်ပါတယ်။ ဟုတ်ကဲ့...ကျနော်ထက် ပညာရှိသူတို့ရဲ့ ပြောစကားကို အတွေ့အကြုံနဲ့ နှိုင်းယှဉ်ပြီး ယုံကြည်ပါတယ်။ ကျနော် ပြောချင်တာလေးက အထက်ပါ အကြောင်းအရာလေးပါ။ အားလုံးပဲ ရွှင်လန်း ချမ်းမြေ့ကြပါစေ။ အော်..နောက်တခုက တရုတ်ဆိုတာ ကျနော် ၀က်ဘ်ဆိုက်ဒ်တခုမှ ဖတ်လိုက်ရတယ်။ မြန်မာနိင်ငံသမိုင်းနဲ့ပတ်သက်တဲ့ ပညာရှင်တစ်ယောက် ပြောထားတာပါ။ ပါဋ္ဋိလို တရုတ်ကို သူပုန်တဲ့ ။ :)





Friday, May 8, 2009


Russel Herman Conwell ရဲ့ Acres Of Diamonds ဆိုတဲ့ ဟောပြောချက်ထဲက အကြောင်းအရာလေး တစ်ခုက ကျွန်တော့်စိတ်ကို ကိုင်လှုပ်ခဲ့သွားစေခဲ့ပါတယ်။ အဲဒီစာအုပ်လေးကို ဆရာဖေမြင့်က ဘာသာပြန် ထုတ်ဝေဖူးပါတယ်။ စာအုပ်နာမည်က.....


“ စိန်မြေဧကပေါင်းများစွာ ”



အဲဒီဟောပြောချက်လေးက ဘာလည်းဆိုတော့ လူငယ်လေးတစ်ယောက်က သူ့ကိုမေးတယ်ပေါ့ဗျာ။ လူငယ်ဆိုတော့ လူငယ်အတိုင်း စိတ်ခံစားချက်ရှိသလိုမေးလိုက်တာ ဖြစ်ပါလိမ့်မယ်။ ဒီမေးခွန်းက အမျိုးသမီးတွေ အတွက်တော့ မသက်ဆိုင်ဘူးလို့ ထင်ရပေမယ့် တည့်တည့်ကို တိုးတာပါပဲ။ မေးတဲ့ မေးခွန်းလေးက

“ ယောင်္ကျားတစ်ယောက်ရဲ့ ဘ၀သမိုင်းတလျှောက်မှာ
အပျော်ရွှင်ရဆုံးအချိန်ဟာ
ဘယ်အချိန်ဖြစ်ပါသလဲတဲ့ ”


ဒီမေးခွန်းအတွက် ရပ်ဆယ်ကွန်းဝဲလ်က အချိန်ယူစဉ်းစားပြီးမှ အဖြေပေးနိင်ခဲ့ပါတယ်။ ဒီအဖြေလေးကို မဖြေခင် ကျွန်တော်တို့တွေ စဉ်းစားကြည့်ရအောင်။ ဘယ်လို အကြောင်းအရာတွေကများ ခင်ဗျားတို့ ဘ၀တွေမှာ အကောင်းဆုံး ဖြစ်နိင်ခဲ့မှာလဲဆိုတာ။ ငယ်တုန်းက ၁၀ တန်း အောင်စာရင်း ထွက်တဲ့အချိန်ကလား ၊ ထောင်ကထွက်တဲ့ အချိန်လား ၊ မင်္ဂလာဆောင်တဲ့ အချိန်လား ၊ သိန်းထီပေါက်တဲ့ အချိန်လား ၊ ဘုန်းကြီး ထွက်တဲ့ အချိန်လား ဆိုတဲ့ စကားတွေ အများကြီးပါ။

ရပ်ဆယ်ကွန်းဝဲလ်ကတော့ ဒီလိုလေး အဖြေပေးသွားခဲ့ပါတယ်......

“ လောကီလူ့ဘ၀ လူသားတစ်ယောက်ရဲ့ ပျော်စရာအကောင်းဆုံး အချိန်ဟာ ကိုယ်လက်ထပ် ထိမ်းမြားခဲ့တဲ့ သတို့သမီးကို ကိုယ်ကိုယ်တိုင် ငွေကြေးနဲ့ ရှာဖွေထားတဲ့ ငွေကြေးနဲ့ ၀ယ်ယူထားတဲ့
ကိုယ့်ကိုယ်ပိုင် အိမ်ဆီကို ခေါ်လာနိင်တဲ့ အချိန်ပဲ ”



အချစ်ဇနီး အသစ်စက်စက်လေးကို အိမ်ဆီကို ခေါ်လာမယ်။ အိမ်ရှေ့တံခါးဝနား ရောက်တဲ့အခါ ကိုယ့်အိမ်ကလေးကို ဂုဏ်ယူစွာနဲ့ပြပြီး “ အချစ်ရေ ၊ ဒါ ကိုယ်ဝယ်ထားတဲ့ အိမ်လေ ၊ ကိုယ့်စွမ်းကိုယ့်အားနဲ့ ကိုယ့်ဘာသာ ရှာဖွေ စုဆောင်းပြီး ၀ယ်ခဲ့တဲ့ ကိုယ့်ကိုယ်ပိုင်အိမ်၊ အခုတော့ အချစ်အတွက် အိမ်ပေါ့ ၊ ကိုယ်တို့ နှစ်ယောက်အတွက် သီးသန့်ကမ္ဘာလေးပေါ့ ” ဘာညာစသည့်ဖြင့် ကျွန်တော်ပြောတက်ထက် အများကြီး လှပနုရွတဲ့ စကားလုံးတွေနဲ့ တ၀ကြီးပြောနိင်တဲ့ အချိန်။ ဒါဟာ “ ယောင်္ကျားတစ်ယောက်ရဲ့ ဘ၀မှာ ဂုဏ်သရေ အရှိဆုံး အချိန် ၊ တကယ့်ကို ၀မ်းသာကြည်နှုးဆုံး အချိန်ပဲတဲ့။

သူက ဒီအကြောင်းကို ဘာကြောင့်ထည့်သွင်း ဟောပြောရလဲဆိုတော့ လူငယ်တွေကို ကြိုးစားချင်တဲ့စိတ်ကို ဖြစ်ပေါ်အောင် အနီးကပ်ဆုံး ဆွဲဆောင်မှုအရာတွေထဲက အချစ်ဆိုတာနဲ့ စပ်လျဉ်းပြီး ပြောပြသွားတာလို့ ကျွန်တော်ကတော့ ယူဆမိပါတယ်။ ဇာတ်လမ်းကတော့ အဲဒီမှာ ပြက်သွားပြီလို့ ထင်ခဲ့တာ။ သူက ဘာထပ်ပြောလဲဆိုတော့

ကွန်းဝဲလ်က သူဌေးသားတွေကို သနားတဲ့ သူတစ်ယောက်ပါ။ ဒီနေ့ခေတ် သူဌေးသားတစ်ယောက်ဟာ ဘ၀ရှေ့ရေးတော်တော်ဆိုးတယ်။ သူဟာ သူဌေးသားတစ်ယောက် ဖြစ်တာကြောင့် လူ့ဘ၀မှာ ဘယ်ဟာ အကောင်းဆုံး ဘယ်ဟာ အရေးကြီးဆုံးဆိုတာ သူမသိနိင်ပါဘူးတဲ့။ သူ့မှာ သိနိင်စရာ အခြေအနေ မရှိပါဘူးတဲ့။

အပေါ်မှာ ပြောခဲ့သလို သူဌေးသားမှာ အဲဒီလို အတွေ့အကြုံ ရနိင်စရာ မရှိပါဘူးတဲ့။ အဲဒီလို ၀မ်းသာလှိုက်လှဲရတဲ့ အရသာမျိုး သူမခံစားနိင်တော့ဘူး။ သူလက်ထပ်ပြီးတဲ့ အချိန်မှာ သူ့ဇနီးကို သူများတွေထက် ပိုကောင်း ပိုခမ်းနားတဲ့ အိမ်ကြီးမျိုးဆီတော့ ခေါ်သွားနိင်မှာပေါ့။ အမှတ်တမဲ့ကြည့်ရင် အိမ်တစ်ဆောင် မီးတပြောင် ထားနိင်တဲ့ လူပေါ့။ အိမ်ထဲ ၀င်သွားတော့လည်း အဖိုးတန် ပစ္စည်းတွေချည်းပဲ။

ဒါပေမယ့် ဒါတွေပြပြီး သူဘယ်လို ပြောရမလဲ....

“ မိန်းမရေ ၊ ဒါက အမေ၀ယ်ပေးထားတာလေ ၊ ဒါကလည်း အမေပဲ။ အဲ...ဒါကတော့ အဖေ၀ယ်ပေးတာ။ အဖေ့လက်ဆောင်ပေါ့။ ဟောဒါကတော့ အမေ့ကို ၀ယ်ခိုင်းရတာ ”

တဖြည်းဖြည်းနဲ့ သူ့မိန်းမစိတ်မှာ သူ့ကိုယူမယ့်အစား သူ့အမေကို ယူလိုက်ချင်တော့တယ် ဆိုတာမျိုး တွေးလာတော့တယ်။ ကွန်းဝဲလ်က သူ...သူဌေးသားတွေကို သနားတယ်ဆိုတာ အဲဒါပဲတဲ့။ မိဘက မြှောက်စား ၊ လိုလေသေးမရှိ လုပ်ကိုင်ပေး ၊ လိုတာထက်ပိုဆင်ပေး ၊ ကြာတော့ ပေါကြောင်ကြောင် ဖြစ်လာတယ်။ ဘယ်လိုဝတ်ရမှန်းမသိ ၊ ဘယ်လိုနေရမှန်းမသိ ၊ ဘယ်လိုပြောရမှန်း မသိ၊ လူကြည့်လိုက်ရင် မြောက်ကြွမြောက်ကြွနဲ့ ။ လက်တွေက အောက်မကျဘူး ၊ ကြွနေတယ်တဲ့။

ကွန်းဝဲလ်ကတော့ လူငယ်တွေကို ကြိုးစားချင်စိတ် ရှိအောင် သူတွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေထဲက ဖြစ်ရပ်တွေနဲ့ သူတို့ခေတ်က အခြေအနေမျိုးနဲ့ နှိုင်းယှဉ်ပြီး ဟောပြောသွားတယ်လို့ ကျွန်တော် ထင်မြင်မိပါတယ်။ အင်မတန်ကောင်းပါတယ်။ ကျေနပ်အားရမိပါတယ်။ လူငယ်တွေအတွက် အိမ်ထောင်ပြုမယ်ဆိုရင် ကျွန်တော်ကတော့ ကွန်းဝဲလ်ရဲ့ အဆိုကို မျက်လုံးမှိတ်ပြီးတော့ကို ထောက်ခံပါတယ်လို့ ပြောကြားရင်း......။ :)

ရွှင်လန်းချမ်းမြေ့ကြပါစေ...



Thursday, April 23, 2009

HappyCloud က ကိုမိုးမောင်က သူသေသွားရင် ဖဲဝိုင်းထောင်ပေးပါတဲ့။ :D အဲဒီက ရလာတဲ့ အကောက်တွေရယ် ၊ ကျန်ခဲ့တဲ့ သူ့ပစ္စည်းတွေစုစုပေါင်းထဲက ၁၀ ပုံ ၁ ပုံကို မင်းယူ။ ကျန်တာ မင်းအစ်မကို ပေးလိုက်ဆိုပြီး မနေ့က စိတ်ဓတ်ကျစွာနဲ့ ဖွင့်ဟလာတယ်။ :) စိုင်းစိုင်းလို ဆိုရရင် “ ငါနားလည်ပါတယ်....ဒါက နင့်ရဲ့ အခြေအနေပေါ့ ” ဖြစ်နေပြီ။ ပြည်တွင်းက အခြေအနေအမျိုးမျိုးကြောင့် ပြည်ပထွက် အလုပ်ရှာမိပါတယ်။ စီးပွားရေးပျက်ကပ်နဲ့ တိုးနေတော့ ဘာမတော့ မလုပ်ပေးနိင်ပေမယ့် ကိုယ်ချင်းတော့ စာမိပါတယ်။

ဒီလိုနဲ့ပဲ ယောက်ဖကြီးမိုးမောင်ကို နှစ်သိ့မ်ထားရတယ်။ တော်ကြာ သူက ( ကိုယ့်အစ်မ ) ပစ်သွားရင် ဘယ်လိုလုပ်မလဲ။ :P အခုပြောပြချင်တာ ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်က ဆရာတော် ဦးဇ၀န ( မေတ္တာရှင် - ရွှေပြည်သာ ) ရဲ့ ရေးသားတော်မူတဲ့ တရားစာအုပ်ထဲက စာလေးတခုကို ပြန်လည်ဖောက်သည် ချချင်လို့ပါ။ ဘုန်းကြီးနာမည်တော့ မရေးထားပါဘူး။ ခုနှစ်က ၁၉၉၂ ခုနှစ်တုန်းက။ လွယ်လွယ်ပဲ ပြောကြပါစို့။ တရားပွဲတခုမှာပေါ့.....

“ ဒကာ ၊ ဒကာမ အများစုဟာ မကောင်းကျောင်းပို့ဆိုတဲ့အတိုင်း မကောင်းတာမှ ကျောင်းပို့ကြတယ်။ ကောင်းတာကြတော့ ကျောင်းကို ပို့ဖို့ သတိမရဘူး။ လူတစ်ယောက်သေပြီဆို သေသူဝတ်ခဲ့တဲ့ အ၀တ်အစားတွေကို လိုက်ကာတွေ ၊ အနေကထိုင်တွေ ချုပ်ပြီး ကျောင်းကို လာလှူကြတယ်။ အပြောလေးကတော့ သင့်ပါတယ်။ ဘာတဲ့ “ သေသွားတဲ့သူ ကုသိုလ်ရအောင်လို့ပါ ဘုရားတဲ့ ” ။ အမှန်က ဘယ်သူမှ မ၀တ်ရဲလို့ ကျောင်းလာလှူတာ။ ”

( ရယ်သံများ )

“ နောက်ပြီး လူသေတင်တဲ့ ကုတင်ကြီးကိုလည်း ကျောင်းလာလှူတယ်။ သေသူကုသိုလ်ရအောင်
လို့ပါ ဘုရားတဲ့။ အမှန်က ဘယ်သူမှ တက်မအိပ်ရဲလို့ ကျောင်းလာလှူတာ။ ”

( ရယ်သံများ )

“ သေသူကုသိုလ်ရအောင် လာလှူတာပါဆိုရင် ပြောလိုက်ချင်တယ်။ သေသူဟာ ဆွဲကြိုးဆွဲရင်းလည်း
သေတာပဲ ၊ လက်ကောက် ၊ လက်စွပ် ၀တ်ရင်းလည်း သေတာပဲ။ သေသူဝတ်ဆင်ခဲ့တဲ့
လက်စွပ်တွေ လက်ကောက်တွေကြတော့ သေသူ ကုသိုလ်ရအောင် ဆိုပြီး ကျောင်းလာမလှူကြဘူး။

( ရယ်သံများ )

“ ဒကာ ၊ ဒကာမတို့ကို မေတ္တာရပ်ခံချင်ပါတယ် ၊ မကောင်းတာတွေ ကျောင်းပို့တာ များနေပါပြီ။
ကောင်းတာတွေလည်း ကျောင်းပို့ကြပါဦး ” တဲ့


အင်ထရိုဝင်တာနဲ့ ဆိုင်မဆိုင်တော့ မတွေးတော့ပါဘူး။ ကိုယ်သိစေချင်တာလေး သူများကိုလည်းသိအောင် ရေးပြလိုက်ရလို့ ကျေနပ်ပါတယ်။ :) ဒကာကြီးမိုးမောင်လည်း မကောင်းတာ ကျောင်းမပိုနဲ့နော်...




Tuesday, April 14, 2009

သင်္ကြန်ပုံရိပ်

သင်္ကြန်လား
မပျော်နိင်တာကြာပေါ့

နောက်ဆို သင်္ကြန်မပျော်ရတဲ့ ဘယ်အရပ်ကိုပဲ ဖြစ်ဖြစ် မသွားတော့ဘူး

လမ်းထိပ်မှာ ရေတိုင်ကီတွေချပြီး ကလေးတွေ စီနေမလား

ငယ်ငယ်တုန်းကလို လွယ်အိတ်လေးထဲကို ကော်ပုံလေးထည့်လွယ်ပြီး
ကော်ပြွတ်လေးတွေ ၊ စတီးပြွတ်လေးတွေနဲ့ သူငယ်ချင်းတွေ အုပ်စုလိုက်
သူများလမ်းတွေထဲ ဖိုက်တာ လုပ်ပြီး လိုက်ပက်မလား

တခါတလေ ( ဟိုဘက်ဒီဘက်တောင် ရေဗူဖောင်းတွေနဲ့ ဆော်ကြနှက်ကြသေးတယ် )

လမ်းထိပ်မှာ ဘယ်သူတွေ မူးနေကြပြီလဲ ၊ ဘယ်သူတွေ ရန်ဖြစ်နေကြသေးလဲ
ဘယ်သူတွေရော ဖျားနေကြသေးလဲ....ဘာမုန့်တွေ ကျွေးနေကြလဲ

အော်...သင်္ကြန် သင်္ကြန်

( ဘယ်တော့မှ မဆင်နွှဲရတဲ့ ဘ၀မဖြစ်ချင်တော့ပါဘူး )

“ အတာရေနှင့် အတူတူ ချစ်သော ဘလော့ဂ်ဂါ အစ်ကိုအစ်မ ၊ ညီညီမတွေ အားလုံး
ကျန်းမာချမ်းသာကြပါစေ ”

Friday, March 20, 2009

ဘာရေးရင် ကောင်းမလဲ ကောင်းမလဲနဲ့ စဉ်းစားလိုက် ၊ စိတ်ကူးပေါ်လာတာ ချရေးလိုက်နဲ့။ ပြီးသွားတော့ ပြန်ဖတ်ကြည့် စိတ်တိုင်းမကျတော့ draft ထဲ ထည့်ထားလိုက်နဲ့။ ကဗျာလေးတွေ ချရေးလိုက်။ အချစ်အကြောင်းလား ၊ ဘ၀အကြောင်းလား စဉ်းစားရင်းနဲ့ တော်ကြာ ဟိုကိုထိသလိုလို ဒီကိုညှိသလိုလိုနဲ့ ဖြစ်မှာဆိုးတော့လည်း Stop အမောင်ဆိုးသွမ်း ဆိုပြီး ကိုယ့်ကိုကိုယ် ပြန်သတိပေးရင်းနဲ့ ငုတ်တုတ်ထိုင်နေမိတယ်။

တကယ်က ဖိုရမ်တခုမှာလည်း အားတက်သရော ရေးမိနေတာကြောင့်ပါ။ စာရေးဖို့အတွက်ဆို အတွေ့အကြုံတွေ အထူးသဖြင့် လိုအပ်တယ်လို့ ထင်မိတယ်။ ကျွန်တော်တို့လို အပျော်တမ်းသမားတွေ အတွက်ပေါ့။ ဒါမှလည်း ကိုယ်တွေ့ကြုံခဲ့ရတဲ့ ဘ၀တလျှောက် ဗဟုသုတတွေ ပြန်လည်ဝေမျှနိင်မှာပါ။

အဲဒီလို အတွေ့အကြုံ ရဖို့ဆိုတာကလည်း ကျောင်းကနေ အခန်း ၊ အခန်းကနေ ကျောင်းဆိုတော့ ရေးစရာကလည်း ဆရာနဲ့ နပန်းလုံးရတဲ့ အကြောင်းတွေပဲရှိတော့တယ်။ အခန်းကနေ အပြင်ထွက်ဖို့ကလည်း ကျောင်းအားရက်လေး ဆိုရင် ၊ အဆောင်မှာ ညဆိုစကားဝိုင်းပြောကြလို့ မနက်မထနိင်တာက တစ်ကြောင်း ၊ သွားမယ်လာမယ်ဆိုလည်း မယ်မယ်ရရ သွားလည်စရာ နေရာမရှိတာက တစ်ကြောင်း ၊ ဓနအင်အားကလည်း ခြိုးခြံချွေတာနေရတာက တစ်ကြောင်းနဲ့ ဘာအတွေ့အကြုံမှကို မရဖြစ်တော့ပါဘူး။

ဒီလိုနဲ့ ဘလော့ဂ်တကာလိုက်ဖတ်တော့လည်း ထုံးစံအတိုင်း ခြေရာတော့ မချန်မိဘူး။ တော်တော်များများ ဘလော့ဂ်ဂါတွေ စိတ်ညစ် ၊ စိတ်ရှုပ်နေကြတယ်လို့ သုံးသပ်မိပါတယ်။ အလုပ်အကိုင် အဆင်မပြေ ၊ ပညာရေး အဆင်မပြေ ၊ ကျန်းမာရေးတွေ အဆင်မပြေဆိုတော့ ဒါတွေ အားလုံးအဆင်ပြေနေမှ ၊ အားမှ ဘလော့ဂ်ကလည်း ရေးနိင်တာ မဟုတ်လား။

ဖြစ်နိင်ရင် အပျော်တမ်း ဘလော့ဂ်ရေးခြင်းကနေ စာရေးဆရာ ဖြစ်ဖို့အထိကို ရည်ရွယ်ချက် ရှိပေမယ့် လက်တွေ့မှာတော့ စိန်မခေါ်နိင်သေးပါ။ ကျွန်တော် “ လွင်းမိုး ” လိုဖြစ်ချင်ပါတယ်။ အဲဒီလိုဆိုတော့ တစ်မျိုးမတွေးကြပါနဲ့ဦး။ ဆိုလိုတာက ခရီးသွားခြင်းပါ။ ပိုက်ဆံများ တက်နိင်မယ် ၊ စပွန်ဆာ ရှိမယ်ဆိုလို့ကတော့ မြန်မာနိင်ငံ အနှံကို ခရီးသွားချင်မိတာပါ။

ဓါတ်ပုံတွေ ရိုက်မယ် ၊ မှတ်တမ်းတင်မယ်ပေါ့ဗျာ။ အဲဒီလို ခရီးသွားလာတာကို ထုတ်လွှင်ပြသပေးမယ့် ရုပ်သံလိုင်းတွေ ရှိရင်ကောင်းမယ်။ ဒါဆို ကိုယ်တင်မဟုတ်ဘဲ တနိင်ငံလုံး သိနိင်ကြမှာမဟုတ်လား။ အခုတော့ ကိုယ့်တမြေထဲ မွေးပြီး သေသည်အထိ မရောက်ဘူး ၊ မမြင်ဘူးတဲ့ သူတွေ အများကြီး။ နောက်တခုက ဥရောပကို ပတ်ထားတဲ့ ရထားလမ်းလိုပဲ မြန်မာနိင်ငံမှာ တနိင်ငံလုံးကို ပတ်ပြီး ၊ ဒါမှမဟုတ် ဆက်စပ်ပြီး ဖောက်လုပ်ထားတဲ့ ရထားလမ်းလည်း ရှိရင်ကောင်းမယ်။ ဒါဆို ရထားပတ်စီးတာနဲ့တင် တော်တော်ကို လုံလောက်နေပြီ။

ဒီလိုတွေးရင်းနဲ့ပဲ သစ်ရွက်လေးတွေ တဖြုတ်ဖြုတ် ကြွေလိုက် ၊ ပြန်ပေါက်လာလိုက်နဲ့ စဉ်းစားရင်း ၊ တွေးရင်း ၊ ငေးရင်း ၊ ဆွေးရင်း ၊ ရေးရင်းနဲ့ နတ်ဆက်ရမည့် အချိန်တောင် ရောက်လာတော့မှာပေါ့။



Thursday, March 5, 2009



ကျွန်တော်တို့ မြန်မာဘောလုံးလောက အဆင့်အတန်းတိုးတက်ရေး အတွက် Pro အဆင့် လိဂ်တခု မကြာမှီ လာတော့မည် ဖြစ်တယ်လို့ သတင်းတွေလည်း ဖတ်နေရပါတယ်။ ဘောလုံးနဲ့ ပတ်သက်လျှင် ဘယ်နိင်ငံမဆို ရူးသွပ်တယ် ဆိုတာ အားလုံးအသိပါ။ နိင်ငံက ကုန်ပစ္စည်းကောင်းတွေ မထွက်ရင်တောင် ဘောလုံးကန် ကောင်းလို့ နာမည်ကြီးနေတဲ့ နိင်ငံတွေက ဒုနဲ့ဒေးပါ။ ကမ္ဘာအဆင့်မဟုတ်ရင်တောင် တချိန်က မြန်မာဆိုတာ အာရှဘောလုံး လောကမှာ ဘယ်လို အရှိန်အ၀ါ ရှိခဲ့တယ်ဆိုတာ သမိုင်းကြောင်း မှတ်တမ်းတွေ ပြန်ကြည့်ရင် သိနိင်ပါတယ်။

ဒီလိဂ်တခုကို ဖြစ်စေချင်နေတာတော့ ကြာပါပြီ။ ဘယ်အရာမဆို အဘက်ဘက်က နိမ့်ကြနေသလို ဖြစ်နေခဲ့ရတဲ့ ကျွန်တော်တို့ နိင်ငံကို အမြန်ဆုံးနဲ့ အမှန်ကန်ဆုံး လိုက်မှီအောင် ဖြစ်စေချင်ပါတယ်။ အခု ဆိုရင် လိဂ် တခု လာပါတော့မယ်။ လိဂ်နဲ့ ပတ်သက်လျှင် သတင်းတင်ပြခဲ့တဲ့ www.mutdfan.com က ရေးသားချက်များကို ပြန်လည်ပြောပြရမည် ဆိုလျှင်ဖြင့်

အခန်းအနားတွင် ပထမဦးစွာ မြန်မာ့ဘောလုံးအဖွဲ့ချူပ် ဥက္ကဌ ဦးဇော်ဇော်က Professional League အဖြစ် ပြောင်းလဲတော့မည့် အခြေခံ အချက်အလက်များကို ရှင်းလင်းတင်ပြခဲ့သည်။ ဦးဇော်ဇော်၏ ရှင်းလင်းတင်ပြချက်များအရ မြန်မာ့ဘောလုံးအဖွဲ့ချူပ်က မြန်မာလိဂ်ကို Professional League အဖြစ် ပြောင်းလဲနိုင်ရန်အတွက် ပထမအဆင့်အနေဖြင့် ကလပ်အသင်း ရှစ်သစ် သင်းကို တိုင်းရင်းသား လုပ်ငန်းရှင်များ၏ ကုမ္မဏီ ၈ ခုက စတင် တည်ထောင် ဖွဲ့စည်းတော့မည် ဖြစ်ကြောင်း သတင်းရရှိခဲ့သည်။ စတင်ဖွဲ့စည်းမည့် ကလပ်အသင်း ၈သင်း နှင့် ပိုင်ရှင်များမှာ




  1. ဦးတေဇ( ထူးကုမ္မဏီ Co.,Ltd ) = Yangon United FC
  2. ဦးအောင်ကိုဝင်း( ကမ္ဘာဇဘဏ် Co.,Ltd ) ၊ Kanbowza FC
  3. ဒေါက်တာစိုင်း ( Alpine သောက်ရေသန့် ) = Yadanarpone FC
  4. ဦးထွန်းမြင့်နိုင် ( Asia World Co.,Ltd ) = Magway FC ,
  5. ဦးဌေးမြင့်(Yuzana Co.,Ltd )( Southern Myanmar United FC )
  6. ဦးအောင်မိုးကျော် (IBTC Co.,Ltd ) = Okkthar United FC
  7. ဦးချစ်ခိုင် (Eden Co.,Ltd )= Delta United FC
  8. ဦးဝင်းမြင့် ( Shwe Neger Min Co.,Ltd ) =Zay Yar Shwe Myay FC



တို့ဖြစ်ကြောင်း သိရသည်။

ကလပ်အသင်း ရှစ်သင်းအနေဖြင့် ဘောလုံးသမားများ နည်းပြများကို နိုင်ငံခြားမှ လွတ်လပ်စွာ ခေါ်ယူနိုင်ခွင့် ရှိသကဲ့သို့ မြန်မာပြည်မှ ဘောလုံးသမားများကိုလည်း အခြားနိုင်ငံများသို့ လွတ်လပ်စွာ ကလပ်အသင်း၏ သဘောတူညီမှုဖြင့် ရောင်းဝယ်နိုင်ရန် စီစဉ်ထားကြောင်း ၀မ်းမြောက်ဖွယ် သိရသည်။ မြန်မာလိဂ်အဖြစ် ၂၀၁၀ ခုနှစ်တွင် စတင်ကျင်းပနိုင်ရန် စီစဉ်ထားကြောင်းလဲ သိရသည်။ နိုင်ငံခြားသား ဘောလုံးသမားများကို ခေါ်ယူရာတွင် ဘောလုံးပွဲတစ်ပွဲလျင် နိုင်ငံခြားသား ကစားသမားဦးရေကို စည်းမျဉ်းအရ ကန့်သတ်သွားမည်ဟုလည်း သိရသည်။ မြန်မာ့လိဂ်အဖြစ် ပြောင်းလဲလာမည့် သတင်းစာရှင်းလင်းပွဲနှင့် ပတ်သက်သည့် အသေးစိတ် အသံဖိုင်ကို အောက်ပါ URL တွင် Download ရယူနားဆင်နိုင်ပါသည်။

http://www.mutdfan.com/myanmarleague.zip


ကျွန်တော်ကတော့ ရန်ကုန်သားဆိုတော့ Yangon United FC ကိုပဲ အားပေးပါတော့မည်။း)

ကန့်သတ်ချက်များ အနေဖြင့် -

  1. ပွဲတွေကို အိမ်ကွင်း အဝေးကွင်း ကန်မှာလား
  2. ပွဲအားလုံးကို ရန်ကုန်မှာပဲ ကျင်းပမှာလား
  3. ရုပ်သံက တိုက်ရိုက် ထုတ်လွှင့်မှာလား
  4. အားကစား အကျီ င်္တွေ ၊ အလံတွေကို ရောင်းမှာလား
  5. လက်မှတ်တွေက ဘယ်လိုရောင်းမှာလဲ ၊ ၁ ပွဲစာလား ၊ ၁ ရာသီစာလား
  6. အစုရှယ်ယာ ၁ ခုကို ၁၀ သိန်းသက်မှတ်လျှင် ၁၀ သိန်းတက်နိင်မည့်သူတိုင်း ၀င်ပါနိင်ပါ့မလား
  7. ဘောလုံးကွင်းတွေကရော ဘယ်လို သတ်မှတ်မလဲ
  8. စိတ်မထင်တိုင်း ထထ ထိုးတက်တဲ့ မြန်မာဘောလုံးသမားတွေကို စည်းကမ်း ဘယ်လိုချမှတ်မလဲ
  9. ပရိတ်သက်ကိုရော ဘယ်လိုထိန်းသိမ်းမလဲ
  10. လက်ရှိ အဆင့်မြင့်တန်း ဘောလုံးကလပ်တွေကိုရော ဖျတ်သိမ်းမှာလား ၊ ဘယ်လို လုပ်မှာလဲ

ကျွန်တော်တို့ Pro အဖြစ်ပြောင်းလဲမယ်ဆို ၀ုန်းခနဲ့ ဒိုင်းခနဲ့ ထလုပ်လို့ မဖြစ်နိင်ပါဘူး။ အချိန်များစွာ ယူရပါဦးမည် ဖြစ်ပါသည်။ ထို့ကြောင့် သူတို့ကလည်း ၂၀၁၀ ထိ ရွှေ့ထားခြင်း ဖြစ်နိင်ပါသည်။ ဖြစ်စေချင်ပါသည်။ အခုတော့ ကျွန်တော်တို့ ဘ၀သည် အမေကျော်ကာ ဒွေးတော် လွမ်းနေရသည့် အဖြစ်။ မန်ယူ ၊ ချဲလ်ဆီး ၊ လီဗာပူးလ် ၊ အာစင်နယ်တို့ဖြင့်သာ အချိန်ကုန်နေကြရသည်။

သူတို့တွေ အော်နေသကဲ့သို့ မာဖလာ ၊ အသင်းဝတ်စုံကို ကိုင်ကာ ၊၀တ်ကာ မြန်မာတွေကန်တာကို မြန်မာလို အော်ဟစ်ပစ်ချင်ပါတော့သည်။


မြန်မာဘောလုံးအဆင့်အတန်းလောက အမြန်ဆုံး တိုးတက်ပါစေဟု ဆုမွန်ကောင်းတောင်းလျှက်




Tuesday, March 3, 2009

ကျွန်တော့်အစ်မ တစ်ယောက်လိုဖြစ်တဲ့ Apprenticeship ရဲ့ ဘလော့ဂ်က တင်ထားတဲ့ စာပိုဒ်လေးကို သဘောကျလို့ ပြန်လည်ဖော်ပြလိုက်ပါတယ်။ အဲဒါနဲ့ အတူ နောက်ဆက်တွဲ ပြောပြချင်တာလေးကတော့ ဒီလိုလေးပါဗျာ။

“ ဦးမင်းလူ ရာထူးမှ နုတ်ထွက်သွားခြင်း ”

ယောက်ျားပီသတယ်ဆိုတာ ကိုယ်နိုင်တဲ့သူကို ဖိတွယ်တတ်တာဆိုရင် …။ ရိုးသားတယ်ဆိုတာ သူများ မကောင်းကြောင်းနဲ့ ကိုယ်ကောင်းကြောင်းကို မကွယ်မ၀ှက် ဖွင့်ပြောတတ်တာဆိုရင် …။ ကြိုးစားတယ်ဆိုတာ ကိုယ့်မိသားစု ကောင်းစားရေး တစ်ခုတည်းအတွက် ကြံစည်တာဆိုရင် …။

ဂုဏ်သရေရှိတယ်ဆိုတာ သူတစ်ပါးပေါ် အထက်စီးက ဆက်ဆံခွင့်ရတာဆိုရင် …။ အားကိုးရတယ်ဆိုတာ ညွှန်ကြားရေးမှူးချုပ်ရဲ့ ပီအေနဲ့ ခင်တယ်ဆိုတာကို ပြောတာဆိုရင် …။

မင်းရဲ့ ဧည့်သည်တော်စာရင်းထဲက ငါ့နာမည်ဘေးမှာ `ရာသက်ပန် ဖျက်သိမ်း´ ဆိုတာလေး တဆိတ်လောက် တေးမှတ်ထားလိုက်စမ်းပါကွယ်။ ။

မင်းလူ



“ ဦးဆိုးသွမ်း ဘလော့ဂ်လောကမှ နုတ်ထွက်သွားခြင်း ”


ဘလော့ဂ် ရေးတယ်ဆိုတာ အမှန်တရားအတွက် ရင်တွင်းခံစားချက်တို့ ထုတ်ဖော်တဲ့ နေရာတခု မဟုတ်တော့ရင် ၊ ဘလော့ဂ် ရေးတယ်ဆိုတာ မျက်စိဖွင့် နားဖွင့်ဖို့ သတင်းအချက်အလက် ဝေမျှတဲ့ နေရာတခု မဟုတ်တော့ရင် ၊ ဘလော့ဂ် ရေးတယ်ဆိုတာ ဂုဏ်ရည်ပြ ၊ ဖော်လံဖားတို့၏ ကျက်စားရာ နေရာတခုဆိုရင် ၊ ဘလော့ဂ် ရေးတယ်ဆိုတာ ခံစားမှု အနုပညာအတွက် ရင်ဖွင့်ရာ နေရာ တစ်ခု မဟုတ်တော့ရင် ၊ ဘလော့ဂ်ရေးတယ် ဆိုတာ ကိုယ့်ဘက် ကိုယ်ယက်သည့် စိတ်ထားရှိသူတို့၏ နေရာတခုဆိုလျှင် ၊ ဘလော့ဂ်ရေးတယ်ဆိုတာ အစစ်အမှန် ပေးကမ်းနိင်သူတို့၏ နေ၀င်ချိန် အဆုံးသတ်ဆိုလျှင် ၊ ဘလော့ဂ် ရေးတယ် ဆိုတာ အတက်ပညာတို့ ဝေမျှရာ ကျောင်းတော်ကြီး မဟုတ်တော့ရင် ၊ ဘလော့ဂ်ဂါဆိုသူအား ဂျီတော့ခ်အကောင့် တခုရှိရုံဖြင့် ဘလော့ဂ်ဂါဟု သင်က သတ်မှတ်လိုက်လျှင် “ Oh....Google ” အသင်၏ www.blogger.com ၌ အကျွန်ုပ်၏ ဘလော့ဂ်အား “ ရာသက်ပန် ဖျက်သိမ်း ” ဆိုတာလေး တဆိတ်လောက် ခြစ်ပေးလိုက်စမ်းပါကွယ် ။ ။

ဆိုးသွမ်း


ကမ္ဘာကျော် ရာဘန္ဒြာနတ်(သ်)တဂိုး ပြောသကဲ့သို့.......

အစစ်အမှန်၏ အဓိပါယ်ကို
လွဲမှားစွာကောက်ယူ
တက်ကြသည်။

ပြီးနောက်
နေရာထားမှားသဖြင့်
မစစ်မမှန် ဖြစ်လာရသည်။

စကားဆက်ရသော်.......

ဘလော့ဂ်ရေးခြင်း၏ အဓိပ္ပယ်ကို
လွဲမှားစွာ ကောက်ယူ
တက်ကြသည်

ပြီးနောက်
ခံယူချက်မှားသဖြင့်
မစစ်မမှန် ဘလော့ဂ်ဂါများဖြစ်လာရသည်။


သို့သော် ရှိသည်...အကျွန်ုပ် ဆိုးသွမ်း ရှိပါသည်။


Thursday, February 19, 2009


ကျွန်တော် ၄ တန်းတုန်းက အတန်းထဲမှာ ပုံဆွဲ ထူးချွန်တဲ့ သူငယ်ချင်း ၃ ယောက်ရှိခဲ့တယ်။ တင်မိုး ၊ ကျော်ဝင်း ၊ ဖိုးကွန်း လို့ ခေါ်တဲ့ သူတို့ ၃ ယောက်က စာပေဘက်မှာသာ မထူးချွန်ကြပေမယ့် ပုံဆွဲတဲ့ နေရာမှာတော့ ၄ တန်းဆိုတဲ့ ပညာအရည်အချင်းနဲ့ မလိုက်အောင်ကို ပါရီမီပါတယ်လို့ဆိုရမယ်။သူတို့ ၃ ယောက်က ပုံဆွဲတော်တယ် ဆိုပေမယ့် သူတို့ကျွမ်းကျင်တဲ့ နည်းစနစ်က တစ်မျိုးစီပါ။ သူတို့ဘယ်လို မျိုးတွေ ဆွဲတယ်ဆိုတာ ကျွန်တော်တို့ ကြည့်ရအောင်။

တင်မိုး

ကျွန်တော်တို့ ၄ တန်းတုန်းက မြန်မာနိင်ငံမှာ ဆီဘောက်ဆာ ကားကြီးတွေ ၊ ထရပ်ကားကြီးတွေ ၊ လူသုံးကုန် ကားအကောင်းစားတွေ ဆိုတာ မြင်ဖူးဖို့ ရှားပါတယ်။ ကျောင်းက ရပ်ကွက်ထိပ်မှာဆိုတော့ ကျောင်းပြန်တာနဲ့ ရပ်ကွက်ထဲ ပတ်ဆော့ရင်း အချိန်ကုန်နေခဲ့ကြတာပါ။ အဲဒီအချိန်မှာပဲ တင်မိုးဆိုတဲ့ လူငယ်လေးက ၄င်းကား တွေကို စတိုင်ကျကျ ၊ သေသေသပ်သပ်နဲ့ သူကိုယ်တိုင်ပဲ ဒီကားတွေကို ထုတ်လုပ်တော့မယ် လူလိုလို ဆွဲတက်နေခဲ့တာပါ။ ကျွန်တော်တို့ ဒီခေတ် 3D အမြင်နဲ့လည်း သူ ရအောင် ဆွဲတက်တယ်။ ကားတစီးကို အပေါ်အောက် ၊ ဘေး ၊ အနောက်ကနေ လုံးဝ ချွတ်စွတ်တူအောင် ဆွဲတက်ပါတယ်။ မီးခိုးခေါင်းတိုင် ၊ ကားဘီး အဖုံး ၊ ကိုယ်ထည် စတဲ့ ကားရဲ့ အပြင်ပန်း ပုံစံတွေ အားလုံးနီးပါး သူဆွဲနိင်ပါတယ်။ တကယ်ကိုလည်း ပီပြင်ခဲ့ပါတယ်။ ဆွဲတယ် ဆိုပေမယ့် သူက ပရမ်းပတာမဟုတ်ပါဘူး။ သူ့နေရာနဲ့သူ အတိုင်းအထွာ အနိမ့်အမြင့်နဲ့။ တင်မိုး ပုံဆွဲနေပြီဆို ဘေးနားက ကျောင်းသားတွေ ငေးကြည့်ရလောက်အောင် လက်ရာပြောင်မြောက်တယ်။

မျဉ်းကြောင်း သေးသေးလေးတွေက အစ သေသပ်လှပလွန်းတယ်။ ဘယ်နေရာမှာ ဘာထပ်ဖြည့်လိုက်ရင် ၊ ဘာလိုအပ်တယ် ဆိုတဲ့ စိတ်ကူးစိတ်သန်းကလည်း တကယ့်ကို ၄ တန်းကျောင်းသား ဥာဏ်နဲ့ ချီးကျူးထိုက်ပါတယ်။ ဒါပေမယ့် သူက ကားထုတ်တဲ့ ဒီဇိုင်းအင်ဂျင်နီယာလည်း ဖြစ်မလာဘူး ၊ Civil လည်း ဖြစ်မလာဘူး ၊ သူတကယ်ဖြစ်သွားတာက သူ့အဖေလက်ခွဲ ဆိုက်ကားနင်းခြင်းပါပဲ။ ဆိုလိုတာက ဆိုက်ကားသမားပေါ့။


ဖိုးကွန်း

သူနဲ့ကတော့ ၇ တန်းထိ တူတူပေါင်းလိုက်ရတယ်။ ပက်စ်ပို့ပုံ ၊ ဓါတ်ပုံတွေကို ကြည့်ပြီး စာရွက်အလွတ်ပေါ်မှာ ပြန်ကူးဆွဲတဲ့ နေရာမှာတော့ သူ့အသက်အရွယ်နဲ့ဆို စပယ်ရှယ်လစ်ပဲလို့ ဆိုရမယ်။ ကျွန်တော်တို့ ရွယ်တူသူငယ်ချင်းတွေဆို ကိုယ်ကြိုက်တဲ့ ပုံလေးတွေ ဆွဲခိုင်းဖို့ သူ့ကို ၂ ကျပ်ပေးပြီးတော့ကို စောင့်နေရတယ်။ မုန့်ဖိုးက အဲဒီတုန်းက ၅ ကျပ်ပဲ ရတာကိုး။ တကယ်လည်း လက်ရာမြောက်ပါတယ်။ အဖြူအမည်းနဲ့ ခဲခြယ်ရာမှာလည်း တိကျသေသပ်တယ်။ သူကတော့ ဘာဖြစ်သွားလည်း မသိပါဘူး။ သူ့အဖေ နယ်ပြောင်းတော့ ပါသွားလေရဲ့

ကျော်ဝင်း

ဟားးးးးးးးးး။ သူလား ။ သူက အဲဒီ ၃ ယောက်ထဲမှာ အတော်ဆုံးလို့ ပြောရမယ်။ သူက ပန်းချီပညာလည်း တက်ပုံရမယ် ထင်ပါတယ်။ သူက ဘာပုံတွေဆွဲလည်းဆိုတော့ အင်္ဂလိပ်-မြန်မာ စစ်တုန်းက တိုက်ပွဲဖြစ်နေတဲ့ ပုံတွေ ဆွဲတာပါ။ ဒီခေတ်စကားနဲ့ဆို သရုပ်ဖော် ပုံတွေ ဆွဲစားလို့ ရတဲ့ အဆင့်အတန်းပညာမျိုး သူ့မှာ ပါလာမယ်လို့ ဆိုရမယ်။ တကယ်ကို အနုစိတ် ။ သူ့ပုံတွေထဲမှာ ကြည့်လိုက်ရင် ကျိုးပျက်နေတေဲ့ အမြှောက်အသေးစားလေးတွေ ၊ မြေပေါ်မှာ ပြန့်ကျဲနေတဲ့ လူသေအလောင်းတွေ ၊ ဓါးလှံတွေ ၊ အားကျိုးမာန်တက် ခုတ်ထစ်နေတဲ့ အင်္ဂလိပ်စစ်သားနဲ့ မြန်မာစစ်သားတွေ ၊ တိုက်ဆင်တွေ ၊ မြင်းတွေ ၊ အလံတော်တွေ တကယ့် တိုက်ပွဲဖြစ်နေတဲ့ မြင်ကွင်းကို ဓါတ်ပုံရိုက်ပြီး ဆွဲထားသလားလို့ ဆိုရအောင် ပီပြင်လွန်းလှပါတယ်။

အင်္ဂလိပ်စစ်သည် အ၀တ်အစားနဲ့ ပုံ ၊ မြန်မာစစ်သူကြီး အ၀တ်အစားနဲ့ပုံတွေကို တစ်ဦးချင်းစီ ဆွဲရာမှာလည်း တော်တယ်။ တိုက်ပွဲဖြစ်နေတဲ့ တည်နေရာ တောင်ကုန်း ၊ စမ်းချောင်း စတဲ့ နေရာရွေးချယ်မှုလည်း ကောင်းတယ်။ တကယ့်ကို မြေတောင်မြှောက်ပေးရင် အလားအလာရှိလာနိင်တဲ့ ကလေးတစ်ယောက်ပါ။ နောက်ဆုံး ဆေးရေးဆေးခြယ် အတက်ပညာ တစ်ခုသာ သူနောက်ထပ် ဆည်းပူနိင်ရင် ယနေ့စာပေလောက ခေတ်မှာတော့ အနည်းဆုံး စားဝတ်နေရေးအတွက် ဖြေရှင်းဖို့ နေရာတစ်နေရာ ရလောက်မယ်လို့ ကျွန်တော်ကတော့ မျှော်လင့်မိပါတယ်။ ဒါပေမယ့် သူဘာလုပ်နေသလဲဆိုတာကတော့ ဒီကိုမလာခင် ရပ်ကွက်ထဲ ပြန်တွေ့တော့ မီးသွေးရောင်းနေပါတယ်။


ကျွန်တော် သူတို့ ၃ ယောက်ဘ၀ကို ပြန်စဉ်းစားမိတော့ သင်ကြားမယ့်သူ မရှိဘဲ ထူးချွန်တဲ့ အတက်ပညာ ပါရမီ ပါလာကြပေမယ့် မိဘတွေရဲ့ သားသမီးအပေါ် လမ်းဖွင့် မပေးနိင်မှု ၊ ခေတ်အခြေအနေ ရေစီးကြောင်း ၊ စားဝတ်နေရေး ပြဿာနာ များကြောင့် လူငယ်တွေရဲ့ အနာဂတ်ဟာ တဖြည်းဖြည်း မှေးမိန်လာခဲ့ရတယ် ဆိုတာပါပဲ။ လူငယ်ဆိုတာ အမြဲတမ်း အရာရာမှာ စိတ်အားထက်သန်နေသလို စူစမ်းလေ့လာ မှုရှိနေတယ်ဆိုတာ အသိပါ။ တဖက်က ကြည့်ရင်လည်း မိသားစု စားဝတ်နေရေး ပြေလည်ဖို့ ကြိုးစားနေရတဲ့ မိဘတွေဟာ သားသမီးရဲ့ ထူးချွန်မှုတွေကို သတိမထားမိကြပါဘူး။ ထိုထူးချွန်မှုတွေကို သတိမထားမိသောကြောင့် မြေတောင်မြှောက်ပေးဖို့ မစဉ်းစားမိရင်းက ထူးချွန်တဲ့ပါရမီရှင်တွေဟာ တဖြည်းဖြည်း သာမာန်ဘ၀ကို ရောက်သွားခဲ့ရတော့တာပါပဲ။

တကယ်လို့များ သူတို့ ၀ါသနာနဲ့ သူတို့ လက်ရာလေးတွေကိုသာ ထပ်မံထိန်းကျောင်း သင်ကြားပေးလိုက်မယ် ဆိုလျှင်ဖြင့်......နောင်တချိန်မှာ သူတို့တွေထဲက နာမည်ကျော် ဖြစ်မလာဘူးလို့ ဘယ်သူပြောနိင်မလဲ။

Comment ထဲမှာ ညီငယ် ကိုရင်ညိန်းက အစ်ကိုရော အဲဒီအရွယ်မှာ ဘာပုံတွေဆွဲလည်းတဲ့။ ဟုတ်ကဲ့။ ကျွန်တော် ဘာပုံမှ မဆွဲပါဘူး။ ဒါပေမယ့် ဘောလုံးကန်ပါတယ်။ ကျောင်းမုန့်စားဆင်းတာနဲ့ ကန်တာပါ။ အကန်ကောင်းလို့ ကျောင်းပေါက်ဝမှာ ထိုင်နေတဲ့ ဗိုက်ကြီးသည် ဆရာမဗိုက်ကို ဘောလုံးမှန်လို့ ဘောလုံးလည်း သိမ်းခံလိုက်ရတဲ့အပြင် ၃ ချက်တိတိ အဆော်ခံလိုက်ရပါတယ်။ အသိမ်းခံလိုက်ရတဲ့ ဘောလုံးအတွက် မုန့်ဖိုးထဲက သူငယ်ချင်းတွေကို ပြန်လျှော်ပေးလိုက်ရတယ်။ :(



Monday, February 16, 2009

သတင်းလေး တပုဒ်ပေါ့ဗျာ။ ဟုတ်ချင်လည်း ဟုတ်မယ်။ ဒါပေမယ့် ဟုတ်လိမ့်မယ်လို့လည်း ၈၀ % ယုံကြည်ပါတယ်။ ဘာလည်းဆိုတော့ ဆိုက်ဒ်တခုမှာ ဖတ်လိုက်ရတဲ့ ထိုင်း တက္ကသိုလ်ကျောင်းသူလေး တစ်ဦးကို မြန်မာအလုပ်သမား ၂ ဦးက အဓမ္မပြုကျင့် သတ်ဖြက်လိုက်တယ်ဆိုတဲ့ သတင်းလေးပါ။ ကျွန်တော် ယုံကြည်တယ်ဆိုတဲ့ ကိစ္စဟာ မြန်မာအလုပ်သမားတွေက အဓမ္မပြုကျင့်သလား မကျင့်သလားဆိုတဲ့ ကိစ္စကို မဆိုလိုပါဘူး။





ဘယ်ကိစ္စလည်းဆိုတော့ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ မြန်မာပြည်သားတွေကို စားသောက်ဆိုင်တွေမှာ လက်ခံမထားဖို့၊ ပြီးတော့ အိမ်တွေမှာလည်း ခေါ်မထားဖို့၊ ပြောနေတဲ့ကြားက ဆက်ထားမယ်ဆိုရင် ခေါ်ထားတဲ့အိမ်ကို မီးလာရှို့မယ်လို့ ပြောတယ်လို့ ဖတ်မိလိုက်ပါတယ်။ နောက်ပြီး ဒီကိစ္စကြောင့် တက္ကသိုလ် ကျောင်းသားတွေက ချင်းမိုင်မှာ ရွှေ့ပြောင်းမြန်မာ အလုပ်သမားတွေ မထားဖို့လည်း စာရေးတောင်းဆိုထားပါတယ်တဲ့။

ဟုတ်ပါလိ့မ်မယ်။ သူတို့အတွက်တော့ ဒါဟာ စိတ်မကောင်းဖြစ်စရာ သတင်း ၊ အရိပ်နေနေ အခက်ချိုးတဲ့ သဘောပေါ့။ ကျွန်တော်တို့ မြန်မာတွေဘက်က မမှားဘူးလို့ ကျွန်တော် မဆိုလိုပါဘူး။ ကျွန်တော်တို့ မှားပါတယ်။ လူသားချင်းစာနာမှု အနေနဲ့ရော ၊ လူမျိုးရေးအရရောပေါ့။ ဒါပေမယ့် ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ၀ါလုံးကို မစင်သုတ်ပြီး ရမ်းနေသလိုပဲ။ ဖြစ်တဲ့ ကိစ္စကို မရှင်းဘဲနဲ့ ၊ ငါ့နိင်ငံလာနေတဲ့လူတွေ ငါတို့ ကြိုက်သလို လုပ်မယ်ဆိုတဲ့ စိတ်ဓတ်နဲ့ လုပ်နေကြတယ်။ ဒီသတင်း မတိုင်ခင်မှာ မြန်မာအလုပ်သမားတွေ ခံခဲ့ရတဲ့ လူမသိသူမသိ ဖြစ်ရပ်တွေဟာ များစွာ ရှိခဲ့ပါတယ်။ သူတို့ဘက်က မတရားတာ လုပ်တော့ ဘာမှ အသံမထွက်ဘဲ ကျွန်တော်တို့ဘက်က လုပ်တာကြတော့ ဘာဖြစ်တယ် ၊ ညာဖြစ်တယ်နဲ့။ လေသံက ကျယ်လာပါတယ်။ ဒါတောင် ကျွန်တော်မသိသေးတဲ့ အချက်ပေါင်းများစွာ ကျန်နေဦးမှာပါ။ ၁ ပဲ ၂ ပြားနဲ့ မဟားဒရား အပြောခံရသလိုပဲ။ ဆရာမှားတော့ Sorry ၊ တပည့်မှားတော့ ဗျောတီး ဖြစ်နေပြီ။

အခြေအနေ အခက်အခဲ အမျိုးမျိုးကြောင့် တိုင်းတပါးမှာ အလုပ်လုပ်နေရတဲ့ မြန်မာပြည်ဖွား ညီအစ်ကို မောင်နှမ အစ်မများ အားလုံးကို ကိုယ်ချင်းစာမိပါတယ်။ အဆင်ပြေကြသူ ရှိသလို ၊ အဆင်မပြေကြသူတွေက ဒုနဲ့ဒေးပါ။ ဒုက္ခတွေလည်း မျိုးစုံခံစားရမယ်ဆိုတာ နားလည်မိပါတယ်။ သားသမီးမကောင်းတော့ မိဘခေါင်းဆိုသလိုပေါ့ဗျာ။ ခေတ်က ပြောင်းပြန်ဖြစ်ချင်လည်း ဖြစ်နေပါလိမ့်မယ်။ တကယ်တော့ ကျွန်တော်တို့ ပြည်ထောင်စုဖွားတွေဟာ ကိုယ့်နိင်ငံကိုယ့်လူမျိုးနဲ့ ထည်ထည်ဝါ၀ါနေလာတာ။ အခုဒီခေတ်တွေရောက်တော့မှ သူတပါးနိင်ငံမှာ အလုပ်လုပ်ရင်း မတရားတာကို ခေါင်းငုံခံနေရတယ်။

ဒီလိုပြောတော့ စာဖတ်သူရင်ထဲမှာ ဘာတွေပေါ်လာမယ်ဆိုတာကိုလည်း ကျွန်တော် ကြိုသိပါတယ်။ ဘယ်လိုပဲ ဖြစ်နေပါစေ။ ကျွန်တော့် ရင်ထဲမှာတော့ ဒီလို အဖြစ်အပျက်တွေ ဖတ်နေ ၊ မြင်နေ ၊ တွေ့ကြုံနေရတိုင်း ရင်ထဲ မကောင်းပါဘူး။ ဘာလုပ်ပေးနိင်လည်း ဆိုတော့ ဘာမှလည်း မလုပ်ပေးနိင်ဘူး။ ဒါဆို မသိဟန် ဆောင်နေဆိုတော့လည်း မသိဟန်ဆောင်လို့ကို မရဘူး။

ဒီတော့ ဘယ်နိင်ငံ ၊ ဘယ်ဒေသ ၊ ဘယ်နေရာကို ဘယ်လို အခြေအနေမျိုးနဲ့ပဲ ရောက်ရောက် အမိမြန်မာပြည်နဲ့ ဝေးသူတိုင်း အစစ အရာရာ အဆင်ပြေကြပါစေ ၊ အချင်းချင်း ကူညီစောင့်ရှောင့်နိင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Saturday, February 14, 2009


အခုတလော ကျွန်တော် ဘွဲ့ယူဖို့ စာတမ်းလေးတွေ ပြင်ဆင်နေရလို့ တကြောင်း ၊ ကျောင်းကလည်း ခပ်စောစော Supervisor နဲ့ ချိန်းထားသည့်အချိန်တွေက များနေတာကြောင့် ညဘက်စောစော အိပ်ဖြစ်နေရာကနေ ၊ နဂို စိတ်အေးလက်အေး ဖြစ်မှ စာရေးတက်တဲ့ အကျင့်က ညအိပ်ရာဝင်စောတော့ မရေးဖြစ်တော့ပါဘူး။ တဆက်တည်းမှာပဲ သိပ်မကြာခင် ၄ လ ၊ ၅ လလောက်ဆို ကျွန်တော်လည်း မြန်မာပြန်ရတော့ပါမယ်။ ချစ်သော ဘလော့ဂ်ဂါ အသိုင်းအ၀ိုင်းကြီးနဲ့ နုတ်ဆက်ရတော့မှာပေါ့။ :(

အခုရေးချင်တာလေးပေါ်လာလို့ ရေးလိုက်ပါဦးမယ်။ အခန်းထဲက တီဗွီက လူမကြည့်လည်း တခါတလေ အမြဲတမ်း ဖွင့်ထားတာကြောင့် ထိုင်မကြည့်လည်း မြင်နေ ကြားနေရပါတယ်။ အဲဒီမှာ ကျွန်တော် မြင်တာလေး တခုပေါ့ဗျာ။ သတိထား ကြည့်မိနေတာလည်း ကြာပါပြီ။ လိုင်းတလိုင်းပေါ့။ MTV လို့ခေါ်မှာပေါ့။ အဲဒီလိုင်းက ညဘက်ဆို လူတွေကို လှအောင် ပြုပြင်တဲ့ ခွဲစိတ်ဖြက်တောက်မှု အစီအစဉ်တွေကို အခုရက်ပိုင်းအတွင်း ထုတ်လွှင့်ပြသနေတော့တာပါပဲ။ အစပိုင်းမှာတော့ အသက်ငယ်ငယ် အမျိုးသမီးတွေနဲ့ စတင်ပါတယ်။ အားလုံးကတော့ ပိုက်ဆံရှိ အသိုင်းအ၀ိုင်းကပါပဲ။ သူ့အမျိုးသားနဲ့ အတူရောက်လာတယ်။ ( အမျိုးသမီးတွေကို အနည်းငယ် ရိုင်းရင် တောင်းပန်လိုက်ပါတယ် ) သူမက ရင်အုံသေးငယ်တယ်ပေါ့။ ဒါကြောင့် အခုနောက်ပိုင်း ခေတ်စားနေတဲ့ စီလီကွန် ထည့်ချင်လို့ပါဆိုပြီး ရောက်လာတာပါ။ အဲဒါနဲ့ သူ့ကို ဆရာဝန်က စစ် ၊ ခွဲမည့်ဖြက်မည့် နေရာတွေကို ခြစ်ရာလေးတွေ လုပ်ပြီး ၊ လေဆာနဲ့ အောက်နားကို စတင်ခွဲတော့တာပါပဲ။ ၁ လက်မကျော်ကျော် အပေါ်လေးရတော့ သူတို့ စီစဉ်ထားတဲ့ အတိုင်း ထည့်တာပေါ့။ ၂ ဖက်စလုံး လုပ်ပြီးတော့ နှာခေါင်းကိုပါ ထပ်ပြင်ပါသေးတယ်။ သွေးကလည်း ရဲရဲနဲ့။ ဘေးနားက အကူက သုတ်လိုက်နဲ့။ နောက်တော့ သူတို့ စီမံထားတဲ့ အခန်းမှာ ၃ ၄ ရက်လောက်နေပြီး ပြီးသွားတော့တာပါပဲ။ ပြန်ထွက်လာတော့ ပိုလှသွားတယ်ပေါ့ဗျာ။ ဆွေမျိုးတွေကလည်း ၀ိုင်းဖက်ကြနဲ့။ သူတို့ဆီမှာလည်း အဲဒီနေရာအလှကလည်း လိုအပ်တာကိုး။

ပိုက်ဆံဘယ်လောက်ကုန်လဲတော့ မသိပါဘူး။ လုပ်ပြသွားတာကတော့ တကယ့်ကျွမ်းကျင်ဆရာများကြောင့် ခဏလေးပါပဲ။ ပိုက်ဆံရှိတော့ မလှလည်း လှအောင်ပြင်နိင်ကြတာပေါ့။ ထားတော့ ဒီကိစ္စကို ကျွန်တော် လက်ခံပါတယ်။ နည်းနည်းပြုံးမိချင်တာက အခုနောက်ပိုင်း အမျိုးသမီးငယ်တွေတင် မဟုတ်တော့ဘူး။ ၅၀ ၊ ၆၀ အသက်အရွယ်အားဖြင့် ရှိတဲ့ အမျိုးသမီးကြီးတွေ ၁၀ ယောက်လောက်ကို တွေ့နေရတာပါပဲ။ တဖြည်းဖြည်းနဲ့လည်း များလာပါတယ်။ ဒီအဘွားကြီးတွေ ကလေးတွေလည်း ရှိတယ်ပေါ့။ ဒီအသက်အရွယ် ရောက်နေပြီ။ ဒီလို ခွဲစိတ်တာတွေနဲ့တော့ ဒီအသက်အရွယ်ကြီးကြမှ မလုပ်သင့်ဘူးလို့ ထင်မိတာပါ။

သူတို့ကလည်း ဖြက်မယ် ၊ ခွဲမယ် ပေါ့။ သူတို့ပုံတွေကို ကြည့်လိုက်ရင် ဗိုက်သားအဆီများနေသူတွေ ၊ နောက်ပြီး တချို့နေရာလေးတွေက မလှမပ ဖြစ်နေတာလေးတွေကြောင့် ဖြက်ချင်ခွဲချင်ကြတာပါ။ ဒီအသက်အရွယ်တွေ ရောက်မှ ဒီလိုတွေ လိုက်လုပ်နေတယ်ဆိုတာ သိပ်တော့ သဘာဝမကျဘူးလို့ ထင်ပါတယ်။ ဒါပေမယ့် လူဆိုတာ အထူးသဖြင့် မိန်းခလေးဆိုတာ လှချင်တဲ့ အမျိုးဆိုတော့ ဒါကို မှားတယ်လို့ ပြောလို့မရပါဘူး။ ပိုက်ဆံရှိလို့ ကိုယ်ဟာကိုယ်ပြင်တာ သွားပြီး မလုပ်နဲ့လို့တော့ ပြောလို့မရပါဘူး။ နည်းပညာကလည်း တိုးတက်လာတော့ အသက်ကို စိုးရိမ်စရာမရှိတော့လည်း လုပ်ကြတာ နေမှာပေါ့။ သူတို့က ဥရောပကိုး။

အဲဒီဟာနဲ့ တဆက်တည်း ကျွန်တော်တို့ မြန်မာပြည်က ၅၀ ၊ ၆၀ အရွယ်တွေကတော့ ဘုရားသွား ကျောင်းတက်တွေတောင် လုပ်နေကြပါပြီ။ ငယ်တုန်းကဆို အဲဒီလို အသက်အရွယ်ရှိတဲ့ အိမ်ရှေ့မှာ ယောင်လို့တောင် နေ့ခင်းဘက် သွားမဆော့လိုက်ပါနဲ့။ ရေနဲ့ ပက်ထုတ်ပါတယ်။ :) ။ အော်လွှတ်ပါတယ်။ လူကြီးဆိုတော့ နေ့လည် တရေးတမောအိပ်တာ။ ကျွန်တော်တို့ ကလေးတွေကလည်း ထမင်းစားပြီးတော့ ဆော့တာပေါ့။ ကျောက်ဒိုးကို ကျွင်းလေးတွေ လုပ်ပြီး ပစ်တော့မယ်ဆို အဲဒီလို အဘွားကြီးတွေက ရေနဲ့ပတ်လိုက်ရင် ကျွင်းလေးထဲမှာ ရေတွေပြည့်ပြီး ကစားလို့မရတော့ပါဘူး။ ဆိုးပါ့။

ဒါလေးပါပဲ။ ကျွန်တော်မြင်မိတဲ့ ကွာခြားမှုလေးပါ။

ရွှင်လန်းချမ်းမြေ့ပါစေ။


Tuesday, February 10, 2009

ခေတ်မှီတိုးတက်သော ယနေ့ခေတ်ကြီးတွင် ကျွန်တော်တို့ အခက်အခဲ မျိုးစုံကြုံကြရသည်။ အတွေ့အကြုံ မျိုးစုံ ရကြရသည်။ ဝေသနာ ပေါင်းစုံခံစားရသည်။ ပျော်ရွှင်မှုက ၁၀၀% မှာ ၃၀ ပင်မပြည့်အောင် လူတိုင်းရရှိမှုနည်းကြသည်။ လူ့အဖွဲ့အစည်း၏ တိုးတက်မှု များပြားလာသည်နှင့်အမျှ ပြဿာနာ ပေါင်းစုံသည်လည်း စိန်ခေါ်လာပါတော့သည်။

အထူးသဖြင့် ယခုခေတ်အချိန်အခါလို စီးပွားပျက်ကပ်ကြောင့် တစ်ကမ္ဘာလုံး အုပ်အော်သောင်းနင်း ငွေကြေး ရှာဖွေမှု ကြပ်တည်းနေချိန်တွင် လုပ်မိလုပ်ရာတွေ လုပ်ကိုင်ကုန်ကြသည်။ စားဝတ်နေရေး ခက်ခဲမှု၏ ဒုက္ခကြောင့် လူတို့သည် ပိုက်ဆံကို အချိန်နှင့် တပြေးညီ ရှာဖွေရခြင်းကြောင့် ကိုယ်ရော စိတ်ပါ ပင်ပန်းနေခဲ့ကြသည်။ ထိုရှာဖွေမှုတွင် အဆင်ပြေသွားတာလည်း ရှိသည် ၊ အဆင်မပြေနေတာလည်း ဖြစ်နိင်သည်။ ဘာပဲဖြစ်ဖြစ် ထို့အတွက် စိတ်အနည်းနှင့် အများတော့ ညစ်ကြရသည်။

ထိုအခါလူသည် ထွက်ပေါက်ရှာလာ တက်ပါသည်။ မကြံစည်သင့် မကြံစည်အပ်သည်များ ၊ မလုပ်သင့် မလုပ်ထိုက်သည်များ လုပ်လာတက်ကြသည်။ ဒါက လူနည်းစုအပိုင်း။ လူအများစု အပိုင်းမှာတော့ စိတ်ညစ်စရာ ကြံလာလျှင် ပျော်စရာ ရှာလာတက်သည်။ မိဘဆွေမျိုး အသိုင်းအ၀ိုင်း ၊ ကိုယ်မွေးဖွားရာ ဒေသနှင့် ဝေးကွာ နေသူများအဖို့ အင်တာနက်သာလျှင် စိတ်ထွက်ပေါက် တခုဖြစ်လာသည်။ အင်တာနက် စာမျက်နှာတွေမှ တဆင့် ကမ္ဘာပေါ်ကို ဖြန့်ကျတ်ကြည့်ရှုကြသည်။

ဒါသည် အရေးမဟုတ် ။ လူတိုင်းအားလုံးလိုလို ပြုလုပ်နေကြသည်။ အရေးသည်ကား သတင်း။ သတင်းဆိုသည်မှာ လမ်းထိပ်က ခွေး နှစ်ကောင်ကိုက်တာက အစ ၊ ရပ်ကွက်ထဲ ဆယ်အိမ်ခေါင်း လူကြီးက မယားငယ် နေသည်အထိ ထိုအရာ အားလုံးကို သတင်းဟု ခေါ်ဆိုနိင်သည်ဟု ကျွန်တော်သင်ကြားဖူးသည်။ ထိုအသေးအမွှား သတင်းငယ်လေးများမှ တဆင့် အချက်အလက်များကို စုစည်းပြီး ခိုင်လုံသည် ကောက်ချက် ချရသည်။

ယနေ့မြန်မာ့စာမျက်နှာများတွင် သတင်းများလည်း ရှိသည် ၊ အတင်းများလည်း ရှိသည်ဟု ထင်မြင်မိပါသည်။ အထူးသဖြင့် မည်သူကြီးကပဲ ရေးရေး ထိုအကြောင်းအရာသည် ကိုယ်မသိသည့် အကြောင်းအရာဖြစ်ပါက မျက်စိမှိတ်မယုံကြည်သင့်ပါ။ ထိုသတင်း နောက်ကွယ်၌ မည်သည့်အကြောင်းအရာများ ပါဝင်ပတ်သက်နေပါသလဲ ။ ဘာကိုဆိုလိုချင်ပါသလဲ။ သိအောင် စဉ်းစားကြည့်စေချင်ပါသည်။ တိကျခိုင်လုံသော သတင်းတစ်ခုရဖို့ ယနေ့ခေတ်ကြီးတွင် မထူးဆန်းပါ။ သို့သော် ထို့အတွက် အချိန်ပေးရသည်။ ခိုင်မာအောင် တည်ဆောက်ရသည်။ သတင်းအချို့မှာ သူ့ထက်ငှာ ဦးအောင် တင်နေရခြင်းကြောင့် မှန်ကန်မှု ပမာဏမှာ ၅၀ % ခန့်သာ ရှိတော့သည်ကို တွေ့ရပါသည်။



သတင်းအားလုံးကို မှားသည်ဟု မဆိုလိုပါ။ သို့သော် သတင်းကို သတင်းလို အရင်ဖတ်ပါ။ ဖတ်ပြီးမှ ဖြစ်နိင် မဖြစ်နိင် သေချာစွာ စဉ်းစားကြည့်ပါ။ လူမှုဒုက္ခအ၀၀ဖြင့် ပွေလီလှသော လောကီအင်တာနက်ခေတ်ကြီးတွင် စီးပွားရေး ၊ လူမှုရေး ၊ စားဝတ်နေရေး ကိစ္စများ ကြုံတွေ့နေစဉ်အတွင်း စိတ်မသက်စေသည့် သတင်းများ ကြားမိသည့်အခါ မိမိသာလျှင် ပိုမိုစိတ်ဆင်းရဲပေတော့မည်။ ထိုကြောင့် သမားရိုးကျ ကိစ္စများ မဟုတ်သည့် သတင်းများ ပေါ်လာပါက လုံးဝမှန်ကန်သည်ဟု မယူဆစေချင်ပါ။ လူတိုင်း အမှန်တရားကို လိုချင်ကြသည်။ လက်ခံချင်ကြပါသည်။ ကျွန်တော်တို့ လူတော်တော်များများသည် အစွဲစိတ်အခံ ၊ မကျေနပ်မှု အခံ ၊ ဂလဲ့စား ချေချင်မှုအခံလေး တွေလည်း ရှိနေတက်ကြသည်။ ထို့အတွက် အကြောင်းအရာ တခုကို ၊ လူတစ်ယောက်ကို အကောင်းမြင်နိင်ဖို့ အင်မတန် ခဲယဉ်းတက်ကြပါသည်။ စကားလှအောင်တော့ လူသားတိုင်း ပြောတက်ကြသော်လည်း အတွင်းစိတ် သဏ္ဍာန်မှာတော့ တစ်မျိုးစီခံယူထားကြသည်။ အမှန်တရားကို နည်းပါကြသည်။ မိမိလုပ်တာကို အမှန်တရားဟုဆို၍ မိမိခံရလျှင် မမှန်တရား ဖြစ်တက်ကြတာ သဘာဝပင် ဖြစ်သည်။ ( ဤစကားသည် ကျွန်တော် လူသားအားလုံးကို ဆိုလိုပါသည် )။

အပြောနှင့် အလုပ်ညီပါ။ အမှန်တရားကို လေးစားပါ ၊ လောကကြီးကို ဘောင်ခတ်၍
အဆိုးတွေကို မကြည့်ပါနှင့် ၊ စေသနာ သဒ္ဒါတရား ထက်သန်ပါ ၊
အကောင်းမြင် စိတ်ထားပါ ၊ လူသားချင်း စာနာမှု ရှိပါစေ


Monday, January 26, 2009


မနေ့က ကြက်သားဟင်းမှာ အရိုးကို ကိုက်နေတုန်း ပြန်စဉ်းစားမိတာလေး တခုပေါ်လာပါတယ်။ အရိုးကို ဆိုတော့ တော်ကြာ အသားမစားဘူး ထင်နေဦးမယ်။း) ကျွန်တော်ကလည်း အရိုး ခရေစီပါ။ အမေတူလို့လား မသိဘူး။ အရိုးကိုက်တာ အရမ်းဝါသနာပါတယ်။ ငါးခေါင်းဆိုရင် အမေနဲ့ လုပြီး ကိုက်နေကြ။ ဒီတော့ နောက်ဆို အမေက ကျွန်တော်ကြိုက်မှန်း သိလာတော့ ဈေးက ပြန်လာရင် ငါးခေါင်း ၂ ခု အမြဲတမ်းဝယ်လာတော့တယ်။ ၀က်ခြေထောက် စွပ်ပြုတ် ၊ ကြက်ရိုး အရိုးနဲ့ ပတ်သက်ရင် ဘာအရိုးမှ မချန်ဘူး။ အကုန်ကိုက်လေ့ ရှိတော့ အမေကတောင် နင်ဟိုဘ၀ ဘာကောင်ဖြစ်ခဲ့မှန်း မသိဘူးတဲ့။

တိုက်တွေ ၊ ခြံတွေနဲ့ လူတန်းစားတွေတော့ မဆိုလိုပါဘူး။ ကျွန်တော်တို့ သာမန်လူတန်းစားပေါ့။ လုပ်နိင်ကိုင်နိင်တဲ့ လူတန်းစားတွေ နေတဲ့ရပ်ကွက်ထဲမှာ ( ဆိုက်ကားသမားမှ အစ ရုံးလုပ်ငန်း ၊ ကိုယ်ပိုင်အငှားကား မောင်းသူထိ ) အိမ်ချင်းကလည်း ကပ်လျက်ပုံစံတွေ ဖြစ်ကြပါတယ်။ အဲဒီလို လူတန်းစားတွေ နေတဲ့ ရပ်ကွက်မှာ ပိုင်ရှင်မသိတဲ့ ခွေးတွေကလည်း ပေါ်များလွန်းလှတယ် ။ ဘယ်သူ့အိမ်က ခွေးရယ်လို့ မယ်မယ်ရရ မရှိဘူး။ လမ်းထဲမှာ ထမင်းကျန် ၊ ဟင်းကျန် ၊ အရိုးကျန်လေးတွေ ချကျွေးရင်း ကြီးပြင်းလာကြတာ။ သူတို့ကလည်း ကျေးဇူးသိတက်ပါတယ်။ ကိုယ့်လမ်းထဲက ကိုယ့်ကို ကျွေးတဲ့လူဆိုရင် အမြီးကို နှံလို့။ ကြာလာတော့ သံယောဇဉ်တောင် ဖြစ်လာသေးတယ်။ ကလေးနဲ့ ခွေးက အတူတူပဲ မဟုတ်လား။ ငယ်တုန်းက ခွေးကလည်း ကိုယ်ပြေးရင် သူကလိုက် ၊ သူပြေးရင် ကိုယ်ကလိုက်နဲ့။




တဖြည်းဖြည်း ဘယ်အကြောင်းကို စဉ်းစားမိလည်း ဆိုတော့ ခွေးဆိုတာ အရိုးပဲ စားရတာလား ၊ ထမင်းသိုး ၊ ဟင်းသိုး ၊ ထမင်းရည် တွေပဲ စားရတဲ့ သတ္တ၀ါလား။ သူတို့ကရော လူတွေစားနေတဲ့ အသား ၊ ထမင်အကောင်းတွေ ကျွေးရင်ရော မစားနိင်ကြဘူးလားပေါ့။ ရှေးဘ၀က ကုသိုလ်ကံ မကောင်းခဲ့လို့ ဒီဘ၀မှာ ခွေးလာဖြစ်ပြီး ဟင်းသိုး ၊ ထမင်းသိုးတွေပဲ စားနေရတာလားပေါ့။ ရပ်ကွက်ထဲက လူတွေ အသိုးတွေ ကျွေးနေတာ မြင်ရပြန်ရင် စိတ်မသန့်တော့ဘူး။ မြန်မာစကားမှာလည်း ခွေးနဲ့ပတ်သက်လို့


“ မကုန်ရင် ခွေးကျွေး ”

“ ခွေးတောင် ထမင်းရည်တိုက်ရသေးတာပဲ ”

ရှိပါသေးတယ်။


ကျွန်တော့်အမြင်မှာတော့ ခွေးတွေ အရိုးကိုက်ရင် တော်တော် သနားမိပါတယ်။ ဒီခွေး ဗိုက်ဆာနေရင် ပိုဆိုးပေါ့။ ဘာမှ ထွက်မလာတဲ့ ၊ အရိုးကြီးကို ကိုက်ပြီး လျက်နေတာ။ မရလေ ကိုက်လေ ၊ ကိုက်လေ မရလေနဲ့။ ဒီလိုလေး စိတ်က မြင်လာတော့ နောက်ဆို မိသားစု ညစာထမင်းစားရင် ကျွန်တော်က အားလုံးပြီးအောင် စောင့်လိုက်တယ်။ သူတို့ စားပြီးလို့ ကျန်တဲ့ ထမင်းနဲ့ ဟင်းမှန်သမျှ အကုန် နယ်ပြီး ရှိသမျှ ခွေးတွေ အကုန်ကျွေးတော့တာပါပဲ။ အမေကတော့ ပြောပါတယ်။ ဟင်းတွေတော့ အကုန်မထည့်ပါနဲ့တဲ့။ သား ကျွေးချင်ရင် ၂ တုံးလောက်ကို အသားလေးတွေ နွှာပြီး ရောနယ်လိုက်ပေါ့တဲ့။ အလားလား စားလိုက်ကြတာ ။ စားလိုက်ကြတာ။ ပြိုက်ခနဲ ပြိုက်ခနဲ ။ စားခွက်လုတဲ့ ကောင်တွေက ရှိသေးတယ်။ သူတို့ကိုယ် ကြည့်ပြီး ပြန်ရလိုက်တဲ့ စိတ်ချမ်းသာမှုက လေးနက်ပါတယ်။


ဒီခွေးတွေကရော လူတွေလို မစားချင်ကြဘူးလား ။ မစားချင်ဘဲ နေမလား ချကျွေးကြည့် အကုန်တောင် ပြောင်သွားဦးမယ်လေ။ ထမင်းသိုး ၊ ဟင်းသိုးကျတော့ ကိုယ်လည်း မစားချင်ဘူး။ ဒီတော့ ခွေးကျွေးတယ် ။ ခွေးလည်း ဘယ်စားချင်မလဲ ။ ဒါပေမယ့် သူ့မှာ လူတွေလို ဒါကောင်းတယ် ဆိုးတယ် ၊ စဉ်းစားတက်တဲ့ အသိဥာဏ်မရှိတော့ ဗိုက်ဆာရင် သူစားလို့ ဖြစ်နိင်မယ့်ဟာ မှန်သမျှ အကုန်စားတော့တာပဲ။ ဘယ်လူကမှလည်း သူ့ကို ထမင်းကောင်း ဟင်းကောင်း ကိုယ်စားသလို ကျွေးမှာ မဟုတ်ဘူးလေ။ အရိုးလည်း ကိုက်မယ် ၊ ထမင်းသိုး ၊ ဟင်းသိုးလည်း စားမယ်။ ဟော ဒီတော့ သံသရာက လည်နေတော့တာပါပဲ။

ကျွန်တော် ဒီပို့စ်ကို ရေးတော့ ဘ၀တူချင်း စာနာတယ် ထင်နေကြဦးမယ်။ :D တကယ်လည်း ခံစားကြည့်တာပါ။ လူဆိုတာ ခွေးထက် အများကြီး ပိုမြင့်မြတ်ပါတယ်။ ပိုပြီးလည်း အသိဥာဏ်ရှိကြတယ်။ ဒီတော့ ကျွန်တော်တို့ ကိုယ်ဟာကိုယ် စဉ်းစားပြီး ခွေးတွေကို အတက်နိင်ဆုံး ထမင်းသိုး ၊ ဟင်းသိုး ၊ အရိုးတွေ မကျွေးကြရအောင်လား။ ကိုယ်စားလို့ ကျန်တဲ့ အထဲက နည်းနည်းပါးပါး ဖြစ်ဖြစ် ကျွေးမယ်ဆိုရင်တောင် တော်တော်လေးကို စိတ်သန့်သွားမှာပါ။


မှတ်ချက် ။ ။ ဤပို့စ်သည် ရပ်ကွက်နေ ၊ ကျေးရွာနေ ၊ မြေကြီးနှင့် သိပ်မကွာသည့် အိမ်တွင် နေကြသည့် လူတန်းစားများအား ရည်ညွှန်းပါသည်။



Sunday, January 25, 2009

ဘ၀မှာ အလွန်ဆုံး နေရရင် အသက်က အခုနောက်ပိုင်းဆို ၁၀၀ ကျော်။ ရှားတောင့် ရှားခဲပါပဲ။ သေခြင်းတရားကတော့ ငယ်တာတွေ ရွယ်တာတွေ ၊ ကြီးတာတွေ တွေမသိဘူး။ တရားတော်တွေထဲကလို ရှေးဘ၀က ကုသိုလ်ရှိသလောက် အသက်ရှင် နေရမှာပေါ့။

မွေးခါစ ကလေးကနေ အသက်ရာကျော် လူကြီးတွေ အထိ ဘယ်သူကိုမှ မျက်နှာမလိုက်တက်တဲ့ သေခြင်းတရားရဲ့ လက်ထဲမှာ ကျွန်တော်တို့ တော်တော် များများ ကိုယ့်အလှည့်ကို ဘယ်တော့မှ မတွေးမိကြဘူး။ တကယ်ဆို သူများသေရင်သာ ငိုလိုက်ကြ ၊ ၀မ်းနည်းလိုက်ကြနဲ့။ သူပြီးရင် ငါ့အလှည့်ဆိုတာ မေ့ထားတက်ကြတာပါလား။ ငယ်ငယ်လေးကတည်းက ကြားဖူးနေကြ စကားတခွန်း။

“ မသာတစ်ခေါက် ၊ ကျောင်းဆယ်ခေါက်တဲ့ ”

ငယ်တုန်းက ဘာမှန်းမသိဘူး။ ကုသိုလ်ရတယ်တဲ့။ ကလေးပီပီ တွေးလိုက်တယ်။ ဘုန်းကြီးကျောင်း ၁၀ ခေါက်နဲ့ အသုဘ တစ်ခေါက်ဟာ အချိုးညီနေတာပါလား။ ဟုတ်ပြီ လာထား။ အချိုးချမယ်။ စိုင်းစိုင်းလို ၂း ၁ တော့ မဟုတ်ပါဘူး။

မသာ ( ၁း ၁၀ ) ကျောင်း

ဆိုပြီး ပို့လိုက်တဲ့ အသုဘ။ ဘုရားစူးပါရဲ့။ လိမ်မပြောဝံပါဘူး။ မှန်တာပြောရင် သိန်း ( ၁၀၀၀ ) ထီကြီး ပေါက်ပါစေ ။ ရပ်ကွက်ထဲက ကိုယ့် အိမ်ကို ဖိတ်စာလာပို့တဲ့ ဘယ်သူမဆို ၊ ဘယ်မိသားစု မဆို လိုက်ပို့လိုက်တဲ့ အသုဘဆိုတာ ။ တော်တော့ကို များပါတယ်။ အရင်တုန်းကတော့ ကြံတောင်္သချိုင်းပေါ့။ အခုတော့ ထိန်ပင်။ ရေအလကား သောက်ရတယ်။ ကားအလကား စီးရတယ်။ ဟိုရောက်ရင် လူသေပြင်ထားတဲ့ အလောင်းနားထိ သွားကြည့်တယ်။ ပုံစံအမျိုးမျိုးနဲ့ ပြင်ထားလိုက်ကြတာ။ ငိုတဲ့သူတွေကလည်း ငို။ အထူးသဖြင့် င်္သဂြိုလ်ခါနီး ရေအိုးတွေ ခွဲတဲ့ အချိန်ကျရင် ရှိသမျှ အားနဲ့ အော်ငိုတော့တာပါပဲ။ ကျွန်တော်ကလည်း စပ်စုတက်တယ်။ မီးရှို့တဲ့ အခန်းဝထိကို ကလေးပီပီ လိုက်ကြည့်လေ့ရှိတယ်။ ရဲရဲတောက်နေတဲ့ စက်ထဲကို အခေါင်းကြီး ထိုးသွင်းပြီး ၊ ဂျိန်း ဆိုပိတ်လိုက်ပါတော့တယ်။ သွားပြီ။ ပြန်သွားကြပြီ။ အဲဒီက အလုပ်သမားတွေကတော့ ရိုးနေပါပြီ။ ဒီမြင်ကွင်းတွေ မြင်ရကြားရ နေတော့။ ဒါပေမယ့် တစ်နေ့ သူတို့လည်း ဒီစက်ထဲ ရောက်မယ်ဆိုတာ တွေးရော တွေးကြည့်မိကြလား ဆိုတာ မေးကြည့်ချင်မိပါတယ်။

စောနက ငိုနေတဲ့လူတွေကို သက်ဆိုင်ရာ မိသားစုတွေကို ပြန်ခေါ်သွားသလို ၊ လိုက်ပို့တဲ့ လူတွေကလည်း ကိုယ်စီးလာတဲ့ ကားပေါ် ကိုယ်ပြန်တက်လို့ ။ ရပ်ကွက်ထဲရောက်တော့ ကားပေါ်က ဆင်း ၊ ပေးလိုက်တဲ့ ယပ်တောင်လေးတွေ ယူ ၊ တက်နိင်သူတွေကတော့ တရားစာအုပ်တွေ ၊ ရေသန့်ဗူးတွေလည်း ကမ်းတာပေါ့။ နောက်နေ့ ၊ နောက်လ ၊ နောက်နှစ် နဲ့ မွေးတဲ့လူက မွေးသလို သေတဲ့လူကလည်း သေနေကြနဲ့။ တရားရမယ်ဆိုရင် ရထိုက်ပါတယ်။

ဒီလိုတွေ စဉ်းစားမိပေမယ့် ကမ္ဘာကြီးမှာလည်း သံယောဇဉ်က များသား။ ကိုယ့်မျက်နှာလေးကို လှဖို့အရေး ၊ အ၀တ်အစားကောင်းကောင်း ၀တ်နိင်ဖို့ ၊ မိသားစုအတွက်နဲ့ သေရင် ကိုယ့်နောက်ပါတော့မယ့် အတိုင်း လုပ်နေကြတယ်။ ဟဟ...ဆိုးသွမ်း။ တယ်လည်း တရားရနေပါလား။ လာမပြောနဲ့ စကားပုံကြားဖူးတယ် မဟုတ်လား။ “ ဋ္ဋင်းတ လောက်တော့ ငှက်တိုင်းလှတယ်တဲ့ ” ။ ဟုတ်ပါတယ်။

အရွယ်ရောက်ပြီး အတွေးအခေါ် ရှိသူတိုင်း ဒါကို စဉ်းစားတက်ပြီးသားပါ။ ငါလည်း တစ်နေ့ကျ သေမှာပဲဆိုတာ။ ၃ စက္ကန့်တောင် မကြာဘူး။ အကြောင်းအရာ တမျိုးမျိုးကြောင့် ထိုအတွေးက ပျောက်သွားပြန်ပြီ။ အထူးသဖြင့် သမီးရည်းစား ကိစ္စတွေများ မပေါ်လာလိုက်နဲ့။ တရားရော ဘာရော ၊ ဘာမှ နားမလည်တော့ဘူး။ ကျွန်တော်လည်း ပါချင်ပါမှာပေါ့။ သူငယ်ချင်းတွေတော့ ရှိတယ်။ “ သူတို့ ကောင်မလေး အွန်လိုင်း မလာရင်တော့ ၊ နာလိုက်တဲ့ တရားတော် ၊ အပြင်မှာ တကယ်ဟောရတဲ့ ဘုန်းကြီးဆို အသံတောင် ထွက်မှာ မဟုတ်တာ သေချာတယ်။ အဲ ကောင်မလေး လာရင်တော့ တရားလည်း မသိဘူး ၊ ဘုရားလည်း မသိဘူး။ အနိစ္စလည်း မရှိဘူး။ မြန်မာအင်တာနက်က ကောင်းတာကြောင့် သူ့ကောင်မလေး အွန်လိုင်းရှိနေဖို့ပဲ လိုတယ်။

တော်တော် ဒုက္ခပေးတဲ့ သံယောဇဉ်တွေပါပဲ။ ခေတ်ကြီးက တိုးတက်လာတာနဲ့ အမျှ စွဲလန်းစရာတွေက ပိုများလာတယ်။ ထက်ထက်မိုးဦးပြောသလို ပိုက်ဆံများ ရှိလို့ကတော့ “ တစ်ကိုယ်လုံး စိန်စီပစ်လိုက်မယ် ဆိုပဲ ” တရားခွေတွေများ ၀ယ်လှူမလား ၊ မရှိဆင်းရဲသားတွေများ ပေးကမ်းမလား ထားပါတော့ သူက စိန်ကြော်ငြာတာပဲ။ စီနိင်လောက်တဲ့ ပိုက်ဆံ ရှိလည်း စီမယ့်ပုံ မပေါ်ပါဘူး။

အခုခေတ်ဆို ပိုဆိုးလာတယ်။ စီးပွားရေး အဆင်မပြေတာနဲ့ လူတွေက ဘာမှ မကြည့်တော့ဘဲ လုပ်ချင်တာ လုပ်နေကြတယ်။ ဂျေမီ ဆိုသလို “ နောင်ဖြစ်မှ နောင်ရှင်း ” သူက ဘာဆိုလိုမှန်း မသိပါဘူး။ ကိုယ့်ဟာကိုယ် တွေးကြည့်တယ် “ နောင်...ဘ၀ရောက်မှ ရှင်းမယ် ”။ ဒါဆို လူတော်တော်များများက ကိုယ်ဘ၀အသက်ရှင်ဖို့ ၊ ပျော်ရွှင်ဖို့ အတွက် ဒီဘ၀မှာ လုပ်ချင်တာတွေ လုပ်နေကြတယ်။ နောင်ဘ၀ရှိရင်လည်း နောင်ဘ၀မှာ ရှင်းတာပေါ့။ နောင်ဘ၀ဆိုတာ တကယ်ရော ရှိရဲ့လား ၊ စာတွေ ပေတွေ ၊ ဘုရားအဟောတွေ ၊ တရားအဟောတွေထဲမှာတော့ သေရွာပြန်တွေ အကြောင်း ၊ ဘုံဗိမာန်တွေ အကြောင်းတော့ ဖတ်ဖူးတယ်။

တော်တော် ရှုပ်တဲ့ လောကီရေးရာပဲ။ ဘာလိုတွေမှန်း မသိဘူး။ တချို့လူတွေ သောင်းကျန်းနေကြတယ် နောင်တမလွန်ဆိုတာကို မယုံကြည်တဲ့ အတိုင်း ၊ တစ်ချို့သော လူနည်းစုတွေက အားထုတ်နေကြတယ် နိဗာန်ဆိုတာကို ရည်မှန်းထားတဲ့ အတိုင်း ။ များသော အားဖြင့်တော့ အားထုတ်နေကြတာတော့ လူအသက်ကြီး ပိုင်းတွေပဲ ရှိပါတယ်။ တကယ်တော့ လောကကြီးက လူတွေကို တရားမသိအောင် ဒုက္ခမျိုးစုံပေးပြီး အသက်ရှင် ခိုင်းထားတာပါ။ ကျောင်းသားလည်း ကျောင်းသားအလျောက် ၊ အလုပ်သမား ၊ သူဌေး ၊ အိမ်ထောင်သည် ၊ လူငယ် အစရှိသူတို့ဟာ သူတို့ရဲ့ ဒုက္ခတွေကို မရိုးအောင် တစ်နေ့ပြီး တစ်နေ့ဖြေရှင်းရင်း တရားဆိုတာကိုတောင် သတိမထားမိနိင်ကြတော့ဘူး။ ဘလော့ဂ်ဂါတွေလည်း ပါတယ်။ တစ်နေ့အတွက် တစ်နေ့ပို့စ်တင်နိင်ဖို့ အရေး ကြိုစားနေကြတယ်။ ဒါလည်း ဂူဂယ်ကပေးတဲ့ ဒုက္ခပဲ။ ဦးမျိုးကျော့ပြောသလို “ လူဖြစ်ရတဲ့ ဒုက္ခ ” သီချင်းလိုပေါ့။


အင်း...လောကကြီး ၊ လောကကြီး “ အသိခေါက်ခက် အ၀င်နက် ” နေလိုက်ကြတာ။ အံသြဖို့ကောင်းပါရဲ့။ သူများတွေ ပြောနေတာ ငါကရော ဘာလည်း ၊ ဘယ်သူလည်း ၊ ငါလည်း သေရင် ၄ ပေ ၆ ပေ တွင်းထဲပဲ ရောက်မှာပဲ ။ ရှိသမျှ ပစ္စည်း ၊ ချစ်သမျှ လူတွေကို ထားခဲ့ပြီးတော့ကို ရောက်မှာ...အော်....ဒါဆို ငါဟာလည်း

တုံ...တုံ.....တုံ....

ဘာသံလည်းဟ...တတုံတုံနဲ့။

“ မောင်...ဘာလုပ်နေလဲ ”

ဟာ...ဟေး ပြန်လာပြီလား ။ စာရေးရင်း စောင့်နေတာ။ မောလာလား ..ရေသောက် ရေသောက်


သွားပြီ။ တလျှောက်လုံး စဉ်းစားရင်း အကျွတ်တရားတွေ ရနေတဲ့ စိတ်ကသူနဲ့တွေ့မှ အရည်ပျော်သွားပြီ။ လာထား “ နောင်ဖြစ်မှ နောင်ရှင်းမယ် ” ။ လောလောဆယ် မောမောပန်းပန်းနဲ့ ပြန်လာတဲ့ ချစ်သူမျက်နှာလေးကို ကြည့်ပြီး စကားပြောတော့မယ်။ စောနက တွေးထားတာတွေ ကြက်ပျောက် ငှက်ပျောက် ဖြစ်ကုန်ပြီ။ အော်...သံယောဇဉ်...သံယောဇဉ်။ ဒီလိုမျိုး ကြိုးတွေ ရှိနေသမျှ.......ဒီဘ၀တော့....။ ကဲ...ကျွန်တော် ပြောတယ်နော်။ ရုန်းထွက်ဖို့ ခက်ပါတယ်ဆိုတာ။



Thursday, January 22, 2009


ကျွန်တော့် လူရယ်လို့ စဖြစ်ခဲ့တဲ့ အူဝဲဆိုတဲ့ ဘ၀ကနေ ယခုအရွယ်ထိ ဘ၀တလျှောက် အဖေက လက်ဆောင်တွေ အ၀တ်အစားတွေ ၀ယ်ပေးခဲ့ဘူးတယ်။ မီးရထားစက်ခေါင်း ကော်ရထားလေးကနေ ဆွဲကြိုး ၊ လက်စွပ်ထိ။ ဒါပေမယ့် သူ့လက်ထဲမှာတော့ နာရီတလုံးပဲ ရှိခဲ့တယ်။


အဖေက သူ့ဘ၀မှာ အတန်းပညာ ဘွဲ့ရအောင် မသင်ခဲ့ဘူးပေမယ့် မိသားစုတစ်စုကို ရှာဖွေကျွေးမွေးနိင်တဲ့ အတက်ပညာတစ်ခုတော့ သူမှာ တက်မြောက်ထားခဲ့တယ်။ ဒီပညာနဲ့ပဲ ကျွန်တော် ငယ်ငယ်တုန်းကနေ အခုအချိန်ထိ ကျွန်တော့်တို့အတွက် အရုပ်ပေါင်းများစွာ ၊ အ၀တ်အထည်ပေါင်းများစွာ ငြိုငြင်ခြင်း မရှိဘဲ ၀ယ်ပေးခဲ့တယ်။ ဘယ်သားသမီးက ဘာလိုချင်သလဲ ၊ သီတင်းကျွတ်မှာ သူများ သားသမီးတွေ ( ငွေကြေးတက်နိင်သူတွေ )က အင်္ကျီ အ၀တ်အစား အသစ်တွေ ၀တ်လို့ လိုချင်တယ်ဆိုရင်ဖြင့် ဘယ်ကဘယ်လို ရှာလာမှန်း မသိတဲ့ ပိုက်ဆံတွေနဲ့ ချုပ်ပေးတော့တာပါပဲ။ တကယ်တော့ အဖေက လခစားဝန်ထမ်းတစ်ယောက်ပါ။ လခထုတ်ချိန်က လွဲလို့ သူ့မှာ ဘာအပိုဝင်ငွေမှ မရှိခဲ့ဘူး။ သူတက်သလောက် ပညာလေးနဲ့ စနေ ၊ တနင်္ဂနွေ ရေစုပ်စက်တွေ ၊ မီးစက်တွေ လိုက်ပြီး ပြင်ပေးရင်း အပိုဝင်ငွေ ရှာခဲ့တယ်။ တခါတလေ သံတိုသံစ ၊ စက်ရုံက သုံးလို့မရတဲ့ စက်ပစ္စည်း တပတ်နွမ်းတွေကို ကျွန်တော်နဲ့အတူ သွားရောင်းနေကြ။

အချိန်ကာလတွေဟာ နွေမိုးဆောင်း သုံးရာသီကြားထဲမှာ ပြောင်းလဲသွားသလို ကျွန်တော်လည်း တဖြည်းဖြည်း လူလားမြှောက်ခဲ့တာပေါ့။ ဟိုအရင်ကလေးဘ၀က မပတ်ခဲ့ရဘူးတဲ့ နာရီတွေ ၊ ခဏခဏ ဘောလုံး စီးကန်လွန်းလို့ ရာဘာဖိနပ်နေရာမှာ ကတ္တီပါ ဖိနပ်လေးတွေ ပြောင်းလဲ ခဲ့ရပေမယ့် အဖေ့လက်မှာတော့ စီကို နာရီလေးက မပြောင်းလဲခဲ့ပါဘူး။ တခါတလေ သူ့နာရီလေးကို သူလှုပ်ကြည့်မယ်။ တခါတလေ ကြည့်မြင်တိုင် ညဈေးဘက်ရောက်ရင် နာရီဆိုင်မှာ ကြိုးလဲဖို့ သူသွားကြည့်မယ်။



အဖေ့နာရီက တော်တော်ဟောင်းနေခဲ့ပြီ....အဖေ ။ အသစ်ကောင်းကောင်းလေး ၀ယ်ပတ်ပါလားလို့ ၁၀ တန်းအရွယ်လောက် တုန်းက ကျွန်တော် ပြောမိသေးတယ်။ ဒီနာရီက ကောင်းပါတယ်ကွ။ သူက အော်တိုသွားတာ။ သံပတ်နဲ့ပေါ့တဲ့။ အဖေ့နာရီက လက်လှုပ်တဲ့ အချိန်တလျှောက်လုံးး သံပတ်ပေးထားသလို ဖြစ်နေတာပေါ့လို့ ဆိုပြီး သူ့နာရီ အတွက် ဂုဏ်ယူခဲ့သေးတယ်။ ကျွန်တော် သင်တန်းစတက်တော့ ရိုးရိုးသာမန် ကက်စီအို နာရီလေးကနေ စတော့ဝှက်ခ်ျတွေ ၊ မီးအလင်းတွေပါတဲ့ ရေစိမ်ခံနာရီလေးကို ၀ယ်ခိုင်းခဲ့သေးတယ်။

ကျွန်တော်သင်တန်းဆင်းဖို့အတွက် လိုအပ်တဲ့ ပစ္စည်းတွေ ၊ ငွေကြေးတွေ များစွာ ကုန်ခဲ့ပေမယ့် ရလာတဲ့ ငွေကြေးတွေကို အဖေက သူ့နာရီလေး အသစ်ပတ်နိင်ဖိုက ဘယ်တော့မှ ထုတ်မသုံးခဲ့ဘူး။ သင်တန်းဆင်းပွဲကို အဖေလာတော့ သတိတရနဲ့ အဖေ့နာရီလေးကို ကြည့်မိတယ်။ ဟော..အဖေ အဖေ့နာရီ အပေါ်ထောင့်လေးမှာ မှန်လေးအတ်နေတာပါလား ဆိုတော့။

“ အေးကွ...ဒီကိုမလာခင် ဟိုတနေ့က ပစ္စည်းသယ်ရင်း ထိမိသွားတာ တဲ့ ”


အဲဒီနာရီ မှန်အတ်လေးကိုပဲ အဖေ့မှာ ကျွန်တော် ငယ်ငယ်တုန်းကနေ ယနေ့အချိန်အထိ ၀တ်လာလိုက်တာ အခုဆို ဒီနာရီလေး ရှိသေးရင် တော်တော်ကြာပြီပေါ့။ မှတ်မှတ်ရရ ကျွန်တော် ဒီကိုလာခါနီးမှာပဲ အဖေ့နာရီလေးဟာ ဘယ်လိုမှ ပြင်လို့မရတော့ဘဲ ရပ်သွားခဲ့တယ်။ ဒီနောက်ပိုင်း အဖေ့မှာ ဘယ်နာရီမှ ၀တ်တာ မတွေ့ခဲ့ရတော့ပါဘူး။ နာရီဆို အကောင်းကြိုက်တက်တဲ့ အဖေဟာ သားသမီးတွေ လိုအပ်ချက် ၊ အိမ်ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းရင်း သူလိုချင်တဲ့ နာရီကို ဘယ်တော့မှ မ၀တ်ခဲ့ရဘူး။ မိသားစုအတွက် ဆန္ဒတွေကို သူ့ဆန္ဒနဲ့ လဲလှယ်ရင်း နေခဲ့ရတာ။

ကျွန်တော်လည်း လူလားမြောက်လို့ ကိုယ်ပိုင်လခတွေလည်း ရလာခဲ့ပါပြီ။ ကိုယ်လိုချင်တာကို ၀ယ်တုန်း ။ ကိုယ်ဝတ်ချင်တာကို ရအောင် ကြိုးစားပြီး ယူတုန်း။ ဘောင်းဘီအဆန်းလား ၊ နာရီအသစ်လား ၊ ဖိနပ်က ဘာရောင်လဲ ။ ဈေးဘယ်လောက် ရှိသလဲ ။ ရတဲ့ လခနဲ့ မလောက်ရင် သူငယ်ချင်းဆီက ချေးငှားပြီး စုဝယ်နေကြ။ ကျွန်တော် လက်ထဲမှာ ထိမိခိုက်မိလို့ ၊ ဘောလုံးကန်ရင်း ၀တ်ကန်လို့ နာရီတွေ အမျိုးမျိုးသာ ပြောင်းလဲခဲ့တယ်။ အဖေ့လက်ထဲမှာတော့ ဟင်းလင်းပြင်ပါပဲ။

ဘ၀တလျှောက်လုံး ကျွန်တော့်တို့ လိုချင်တာကို ၀ယ်ပေးခဲ့တဲ့ အဖေရယ်လေ။ သူကတော့ သူ့ဆန္ဒတွေကို ရင်မှာမျိုသိပ်လို့ အ၀တ်အစား မပြောနဲ့ နာရီလေး တလုံးတောင် မပတ်ခဲ့ဘူး။ သူမပတ်ချင်တော့တာလား။ သူ့မှာ ပိုက်ဆံမရှိသေးလို့လား။ တကယ်ဆို ဘ၀တလျှောက်လုံးမှာ အဖေ့အတွက် အမှတ်တရ ဒီအသက်အရွယ်ထိ ကျွန်တော် ဘာလက်ဆောင်မှ မပေးခဲ့ရသေးပါဘူး။ ကျွန်တော် လိုချင်တာတွေကိုပဲ တောင်းတက်ခဲ့တာ။ သူလိုချင်တာတွေ ကျွန်တော် မမေးခဲ့ဘူး။

ကျွန်တော့် စဉ်းစားကြည့်တယ်။ တကယ်လို့များ အဖေ တခုခုများ ဖြစ်သွားခဲ့ရင် ဆိုတဲ့ အတွေး ကျွန်တော့်ခေါင်းထဲကို ၀င်ရောက်လာခဲ့တဲ့ အချိန်မှာ ကျွန်တော် တုန်လှုပ်သွားမိတယ်။ ကိုယ့်အတွက်သာ သုံးဖြုန်းခဲ့တဲ့ ကျွန်တော် အဖေ့အတွက် ဘ၀မှာ ဘာလက်ဆောင်များ ပေးခဲ့ဘူးသလဲ။ အရင်တုန်းကတော့ ကျွန်တော် ငယ်ရွယ်သေးလို့ ပိုက်ဆံမရှာနိင်တဲ့ အခြေအနေမို့လို့။ အခုတော့ရော။ အခုတော့ ကိုယ်ပိုင် ၀င်ငွေရလာခဲ့ပေမယ့် လက်ဆောင်ကတော့ ၀ယ်မပေးခဲ့နိင်သေးဘူး။

အထူးသဖြင့် အဖေ့အတွက် သူလိုချင်တဲ့ နာရီလေးတစ်လုံးကို ကျွန်တော်လခလေးနဲ့ ၀ယ်ပေးလိုက်မယ် ၀ယ်ပေးတဲ့ အချိန်မှာမှ အဖေတခုခု ဖြစ်သွားခဲ့ရင် ကျွန်တော် ဒီနာရီကို ဘယ်သူ့ကို ပေးရတော့မှာလဲ။ ( ဒီနေရာမှာ အဖေမရှိတော့တဲ့ သူတွေကို ကျွန်တော် အရမ်းကိုယ်ချင်း စာပါတယ်လို့ ပြောချင်ပါတယ် )။ ဒီနာရီလေး တလုံးနဲ့ အဖေ့ကို ကျေးဇူးဆပ်တာ မလုံလောက်မှန်း သိပေမယ့် အဖေအတွက် နာရီအကောင်းစားလေး တစ်လုံးလောက် လက်ဆောင်ပေးဖို့ အခုအချိန်က စပြီး ကျွန်တော် ဆုံးဖြက်ချက် ချလိုက်တော့တယ်။ အဖေ၀တ်ပါစေ။ သူဟာ အသက်အရွယ်ကြီးရင့်လို့ သေဆုံးသွားသည့် တိုင်အောင် သူ့ဘ၀မှာ အဖိုးတန် နာရီတလုံးကို သူမွေးထားတဲ့ သားက တန်ဖိုးထား လက်ဆောင်ပေးလို့ ၀တ်ဆင်ခဲ့ရတယ် ဆိုတာ သူမှတ်ယူသွားရင် ဒါဟာ ကျွန်တော့်အတွက် ဘ၀တလျှောက်လုံး ကြည်နှုးနေရမယ့် အကြောင်းအရာတစ်ခုပါပဲ။ ကျွန်တော်ပြန်ရင် လက်ဆောင်ပေးမယ့် အဖိုးတန် နာရီလေးကို အဖေ၀တ်ရင်း သူ့သူငယ်ချင်းတွေ ကြားထဲမှာ အဖေဘယ်လောက် ဂုဏ်ယူလိုက်မလဲ။ မကြားရဘဲ သိနိင်တဲ့ စကားတွေက “ ဒီနာရီပေါ့....င့ါသား ၀ယ်ပေးထားတာလေ ” ဆိုတဲ့ အဖေ့ရဲ့ ပြုံးနေတဲ့ မျက်နှာကို မြင်ယောင်မိပါတယ်။

ကျွန်တော်ရတဲ့ လခလေးက အဖေကိုပေးချင်တဲ့ အဖိုးတန် နာရီတလုံးစာဝယ်ဖို့
အဆမတန် အင်အားနည်းပါတယ် အဖေ။ အဲဒီအဆမတန် ကိုပဲ အဆတန်အောင်
ကျွန်တော်စုပြီး အဖေ့အတွက် နာရီလေး တစ်လုံးလက်ဆောင်အဖြစ် ၀ယ်ပေးမယ်။

တကယ်ဆို အဖေက ငယ်ငယ်လေးကတည်းက သူရတဲ့ လခနည်းလေးနဲ့
ကျွန်တော့်အတွက် နာရီပေါင်းများစွာ ၀ယ်ပေးခဲ့ဘူးတာ မဟုတ်လား။


Monday, January 12, 2009


“ ကျွန်တော်က ဘ၀ကို ရိုးရိုးလေး တွေးတယ် ၊ ရိုးရိုးလေး နေထိုင်ချင်တယ် ”

အလုပ်လုပ်လို့ ပင်ပန်းမှာကိုတော့ ဘယ်တော့မှ မကြောက်ခဲ့ဘူး ။ လခစား အလုပ်ပဲ ဖြစ်ဖြစ် ၊ ကိုယ်ပိုင်စီးပွားရေးပဲ ဖြစ်ဖြစ်ပေါ့ ။ အချိန်တန်ရင် ပိုက်ဆံရမယ်။ ရတဲ့ ပိုက်ဆံလေးနဲ့ ( ၁ ) ပတ်စာအတွက်ပဲ ဖြစ်ဖြစ် ၊ ( ၁ ) လစာ အတွက်ပဲ ဖြစ်ဖြစ် ၀ယ်ခြမ်းထားမယ် ။ နောက်တော့ ကိုယ်ဝါသနာပါတဲ့ အလုပ်လေးတွေ လုပ်ကိုင်မယ် ၊ အချိန်ရတိုင်း ၊ ဒါမှမဟုတ် သူငယ်ချင်းတွေ အကူအညီလိုအပ်တဲ့ အခါတိုင်း ကျွန်တော် သူတို့ဆီ ရောက်အောင်သွားမယ် ။ ပြီးတော့ ကိုယ်တက်နိင်သလောက် ကူညီချင်တယ်။ ဘာကိုမှ ကျွန်တော် ထွေထွေထူးထူး မမက်မောပါဘူး ။ ဂုဏ်လား ၊ ငွေလား ဒါတွေ ကျွန်တော် မလိုချင်မှန်း အရွယ်ရောက်လေ ပိုသိလာခဲ့တယ်။ ( ဒါဆို ခင်ဗျားက မရသေးလို့ပါ ၊ လူ့စိတ်ဆိုတာ ပြောရခက်တယ် ၊ အဲဒီလိုပဲ ပြောပြီး ဖြစ်သွားတော့လည်း လှည့်မကြည့်တဲ့လူ အများသားလို့ ) စာဖတ်သူက ဝေဖန်မှာ သေချာပါတယ်။ ဒါမှမဟုတ်လည်း လူအထင်ကြီးအောင် လျှောက်ပြောနေတယ်လို့ သက်မှတ်နေကြမှာ သေချာတယ်။

ဟုတ်တော့လည်း ဟုတ်တယ် ။ ဒါက လူ့သဘာဝကိုး ။ လူသားတွေ အားလုံး ဘ၀ရပ်တည်ဖို့ အတွက် ငွေကို အသည်းအသန်ရှာနေကြတဲ့ ခေတ်ကြီးမှာ ၊ ကျွန်တော်က မယူချင်ဘူးလုပ်နေတာ ဆိုတော့ “ အင်း....ခေတ်မကောင်းလို့ ရူးချင်ယောင်ဆောင်တယ် ” ဖြစ်နေပြီ။ ဒါပေမယ့် ကျွန်တော်ကတော့ သာမန်ရိုးရှင်းတဲ့ ဘ၀လေးကိုပဲ ပိုနှစ်သက်တယ်။ ထမင်းမငတ်အောင် နေနိင်ရမယ် ၊ ကိုယ်ဝါသနာပါတဲ့ စာအုပ်ဖတ်တာ ၊ သီချင်းနားထောင်တာ ၊ အားကစားလုပ်တာတွေ လုပ်ခွင့်ရမယ်ဆိုရင် ကျွန်တော် အဲဒီဘ၀ကို ကျေနပ်တယ်။

အဲ...ဒါနဲ့ ပတ်သက်ပြီး ကျွန်တော့်ကို ချစ်တဲ့ မိန်းခလေးကတော့ ထမင်းတော့ မငတ်ပေမယ့် သူများလို့ ပြောင်ပြောင်ရောင်ရောင် နေနိင်မှာ မဟုတ်တာတော့ သေချာတယ်။ ဘာလို့ ကျွန်တော်ချစ်တဲ့ မိန်းခလေး မသုံးလည်းဆိုတော့ ကျွန်တော်စိတ်က ဒီလို အောက်ခြေနိမ့်အဆင့်လောက် ရှိတာဆိုတော့ ကိုယ်ကချစ်ပေမယ့် သူများသားသမီး ခေါ်ပြီး ဒုက္ခမပေးချင်တာကြောင့်ပါ။း) ။ သူ့မှာ ကျွန်တော့်လိုပဲ ဘ၀ကို နေနိင်ရင်တော့ အတိုင်းထက် အလွန်ပေါ့။

ဘယ်သူမဆို တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်း နေထိုင်ချင်ကြတာ ၊ ဘ၀ဆိုတာကို စဉ်းစားတက်တဲ့ အရွယ်ရောက်တာနဲ့ ဖြစ်လာတာပါပဲ။ အထူးပြောပြစရာ မလိုလောက်ပါဘူး။ ကိုယ့်နေရာရဖို့အတွက် သူတပါးမကောင်းကြံ ၊ သတ်ဖြတ် ရတဲ့ဘ၀ ၊ ကိုယ့်ပိုက်ဆံ ချမ်းသာဖို့အတွက် သူတပါးဆီက မတရားညှစ်ယူရတဲ့ ဘ၀တွေကို တော်တော်ရွံမုန်းမိပါတယ်။ ဟော..အခုဆို ခေတ်ကြီးက ဆွေမျိုးသားချင်းတောင် ပိုက်ဆံကို အတိုးနဲ့ချေးတဲ့ခေတ် ၊ သူငယ်ချင်း မိတ်ဆွေဆိုရင်တော့ ပြောမနေနဲ့။ စီးပွားရေးနဲ့ ပတ်သက်လာလျှင် “ ညီအစ်ကိုက ညီအစ်ကို...စပါးကတော့ ကြမ်းခင်းဈေး ဆိုပဲ ” ။ အားကျလောက်ပါတယ်။ အေးပေါ့လေ “ အူမတောင့်မှ သီလစောင့်နိင်မှာ ” မဟုတ်လား ။ အဲဒီလို ဖြစ်ရပ်တွေကို ကြည့်ပြီးတော့ကို ဘ၀ကို စိတ်ကုန်ဖို့ စတင်ခဲ့တာ။ တကယ်ဆို ကျွန်တော့်ခံယူချက်က......


“ လူတစ်ယောက်ဟာ သူတက်နိင်တဲ့ ပညာ ၊ သူပေးဆပ်တဲ့ အချိန်နဲ့ ညီမျှတဲ့ ငွေကြေးကို ရမယ် ၊ သူများထက် ပိုလိုချင်ရင် ပိုလုပ် ၊ ဒါပေမယ့် မကောင်းတဲ့ စိတ် ၊ ယုတ်မာတဲ့စိတ် နဲ့ ဘယ်တော့မှ မလုပ်ဆောင်ရဘူး ”


ဒါဆို တော်ပြီပေါ့။ အားလုံးဟာ ဒီလို ခံယူလိုက်ရင် ဘယ်လောက်ကောင်းလိုက်မလဲလို့ တွေးမိတယ်။ ဒါက ကျွန်တော့် ခံယူချက်ပါ။ ကြိုက်သလို ကွဲလွဲနိင်ခွင့် ရှိပါတယ်။ တချို့ကြတော့လည်း သူ့ခံယူချက်နဲ့သူ။ “ သစ်တပင်ကောင်းတော့ ငှက်တစ်သောင်းနား ” ဆိုတဲ့ စကားပုံအတိုင်း ငါတိုးတက်မှ င့ါမိသားစု တိုးတက်မှာဆိုပြီး ချနေလိုက်ကြတာ။ င့ါမိသားစုရဲ့နောက်က င့ါရပ်ကွက် ၊ င့ါပြည်နယ် ၊ ငါ့တိုင်းပြည် ပါမလာတော့ဘူး။ သူများသာ လျှောက်ပြောနေတာ။ ကျွန်တော်ကလည်း ကိုယ့်ကိုကိုယ် ဘာကောင်မှန်း မသိပါဘူး။ လူတွေရဲ့ အဖြစ်တွေကို တွေးတယ် ၊ သုံးသပ်ကြည့်တယ် ။ ပြီးတော့ ခေါင်းခြောက်တယ် ။ ဘာမှလည်း မလုပ်ဖြစ်ဘူး။


“ ကျွန်တော်က ဘ၀ကို ရိုးရိုးလေး တွေးတယ် ၊ ရိုးရိုးလေး နေထိုင်ချင်တယ် ”

“ ဒီတော့....ဘ၀ကလည်း ကျွန်တော့်ကို ရိုးရိုးလေးပဲ ပြန်ပြောသွားတယ်.....ထမင်းငတ်မယ့် အကောင်တဲ့ ”




Thursday, January 8, 2009

:(((((((((((((((((((((((((((((((

ဘလော့ဂ်မရေးတာ ၃ ၊ ၄ ရက်လောက် ကြာတာနဲ့ ဘာရေးလို့ ရေးရမှန်း ၊ ဘာတွေးလို့ တွေးရမှန်း မသိတော့ဘူး။ ဆိုးသွမ်းဆိုပြီး ရေးနေတဲ့ ဘလော့ဂ်က ကိုယ်နဲ့ မဆိုင်တော့သလိုပဲ။ သူ့ဟာနဲ့ သူတော့ဟုတ်လို့။ သူငယ်ချင်း အဆောင်သွားတယ် ၊ စားတယ် ၊ လည်တယ် ၊ ရုပ်ရှင်ကြည့်တယ် ၊ ဂိမ်းကစားတယ် ၊ မုန့်တွေချက်စားတယ် ။ အဟားးးးးးးးး

တော်တော် အကျိုးရှိမယ့် အလုပ်တွေ လုပ်ပစ်လိုက်တာ။ ဒုတိယကမ္ဘာစစ်ပွဲဂိမ်းကို ၀င်တိုက်လိုက်တာ အိပ်ရာနိးလည်း တိုက် ၊ အိပ်၇ာက ပြန်ထတော့လည်း ပြန်တိုက်နဲ့။ ဂိမ်းတခုလုံး အောင်လုနီးနီးပါးပါး ဖြစ်ခဲ့ပေမယ့် လူလည်း ညမအိပ် ၊ နေ့မအိပ် ဆော့လိုက်တာ တော်တော်လေးကို ထိုင်ကျသွားတယ်။ ခေါင်းထဲမှာ ရီဝေရီဝေနဲ့ ၊ ဘာနဲ့မှ ဖြေလို့ မရဘူး။

ကျောင်းကလည်း ပြန်တက်ရတော့မယ် ။ Supervisor နဲ့ ပြန်တွေ့ရင်တော့ ကျောင်းပိတ်ရက်မှာ ဘာမှမလုပ်ဖြစ်လို့ လည်ပင်းကို အနင်းခံရဖို့ သေချာနေပြန်ပြီ။း( ။ ကိုယ်မရေးနိင်တော့ သူများဘလော့ဂ်တွေ လိုက်ကြည့်တော့လည်း ရေးတဲ့လူတွေကတော့ ပုံမှန်အတိုင်း ဆက်လက် ချီတက်ပြီး ဗဟုသုတ တွေဝေမျှနေကြသလို ၊ တချို့ကျတော့လည်း အခြေအနေ အကြောင်းအမျိုးမျိုးကြောင့် အမေရိကန်စီးပွားရေး ဂယက် လာထိသလို ဘလော့ဂ်ကို မရေးနိင်ကြပြန်ဘူး။


သတင်းတွေ ဖတ်တယ် ၊ အတင်းတွေလည်း ဖတ်တယ် ၊ ကဗျာတွေလည်း ဖတ်တယ် ၊ စာတွေလည်း ဖတ်တယ် ၊ ဖတ်...ဖတ်.....ဖတ် ။ ဖတ်ပြီးရေးချင် စိတ်တွေလည်း မရှိတော့ဘူး။ ၀ူးးးးးးးးး......စိတ်တွေတော့ ညစ်နေတယ်ဗျာ။ ကိုယ်တိုင်လည်း ဘာကို ညစ်နေမှန်း မသိဘူး။ ဒါပေမယ့် စိတ်တော့ တကယ်ညစ်နေတယ်။ :)




Monday, December 8, 2008


“ ဟာကွာ....တောက် ၊ ကန်လေ......ကန် ၊ ကန်လိုက်တော့ ၊ အာ.....အသုံးမကျတာကွာ ၊
အစောကြီးကတည်းက ကန်ထည့်လိုက်ရမှာ ၊ ဒိုင်ကလည်း ပုံမလာပါဘူးကွာ ၊ ဟာ...ဂိုးတော့မယ်ဟ ၊ အဲ....ဂိုး...ဂိုး......ဂိုးးးးးးးးးးးးးးးးးးးးးးးးးးး ၊ အရူးလားကွ ၊ အချဉ်များ မှတ်နေလား မြန်မာကွ ၊
ဘာမှတ်နေလဲ ”


မြန်မာဘက်က ဂိုးရရှိပေမယ့် ဒါဟာ အနိင်ဂိုး မဟုတ် ၊ ခြေပဂိုးလည်း မဟုတ်ပါဘူး။ ပွဲစကတည်းက ၁ လုံးသွင်းခံရပြီး ၊ နောက် သိပ်မကြာခင်မှာ ထပ်ပေးခဲ့ရတဲ့ နောက် ၁ ဂိုးပြီးလို့ စင်္ကာပူက ၂း ၀ နဲ့ နိင်နေတဲ့ အချိန်ကြမှ မြန်မာက ဂိုးပြန်သွင်းခဲ့တာပါ။ ဒါနဲ့ ဒုတိယပိုင်း ပြန်ဆော့ကစားကြတာပေါ့။ ဒုတိယပိုင်းအစမှာ မြန်မာက အကွက်မိမိ ကစားကွက် အသာစီးရအောင် ဆော့နိင်ခဲ့ပေမယ့် လူမျိုးပေါင်းစုံ ရောထွေးထားတဲ့ စကာင်္ပူအသင်းက အရပ်အမောင်း ကောင်းတာကြောင့် မြန်မာဘောလုံးသမားတွေ မတိုးဖောက်နိင်ခဲ့ပါဘူး။




သိပ်မကြာခင်မှာပဲ မြန်မာဘက်က ကစားသမားတစ်ယောက်ကြောင့် စင်္ကာပူက ပြစ်ဒဏ်ဘောရတဲ့ အချိန်မှာ ကျွန်တော်တို့ မြန်မာကစားသမားများက ဒိုင်လူကြီးကို အ၀ါကဒ်မပြရန် သွားရောက်ပြောကြားနေတုန်း စင်္ကာပူက ဒိုင်ဝီစီမမှုတ်သေးခင် ရုတ်တရတ်ကန်သွားကာ တတိယဂိုးထပ်မံရယူသွားပါတယ်။ ဒီလိုမျိုးဖြစ်စဉ်က ဖီဖာက ခွင့်ပြုထားသလို ဒိုင်လူကြီးကလည်း ဂိုးပေးခဲ့ပါတယ်။ ဘောလုံးဥပဒေအရ စင်္ကာပူဘက်က အပြစ်မရှိပေမယ့် လူမှုရေးအရ သွားရောက်ကြည့်ရှု့တာကို နားလည်မှုမပေးခဲ့တာကြောင့် ကျွန်တော်တို့ရဲ့ ဂိုးသမား အောင်အောင်ဦးကလည်း ဂိုးဖမ်းတဲ့ ( ၁၈ ) ကိုက်အတွင်းကနေ ဒိုင်လူကြီး ရှိရာကို တဟုန်ထိုး ပြေးသွားပြီး မျက်နှာကို တွန်းထိုးရိုက်ချလိုက်တော့ အနီကဒ်ပေါ့။ နောက်ဆုံး ၃း ၁ နဲ့ရှုံးပြီး အုပ်စုအဆင့်က ထွက်ခဲ့ရတယ်။

မြန်မာဘောလုံးသမားတွေ အဆင့်အတန်းမရှိဘူး ၊ ပရိုမပီသဘူးလို့ ပွဲအစီအစဉ်ကြေငြာသူကတော့ တချိန်လုံး ထိုင်ပြောနေပါတယ်။ တကယ်တော့ နဂိုကတည်းက ရှုံးနေတာကို ဘက်လိုက်တော့ ဘယ်ကစားသမားကမှ သည်းခံမှာ မဟုတ်ပါဘူး။ ပွဲကို မိနစ် ၁၅ မိနစ်ကျော် ရပ်နားခဲ့ရပေမယ့် အချိန်ပိုပေးတော့ ၅ မိနစ်ပဲ ပေးခဲ့ပါတယ်။ အာရှဘောလုံးလောကဟာ မတရားမှု ၊ အိမ်နီးချင်း နိင်ငံများကန်ပေမယ့် ၊ အိမ်ရှင်နိင်ငံ၊ ပိုက်ဆံရှိ နိင်ငံတွေ အပေါ် ဘက်လိုက်မှုတွေ ရှိနေသေးသ၍တော့ တိုးတက်ဖို့ မလွယ်ပါဘူး။ ရုပ်ပျက်ဆင်းပျက် ဖြစ်ခဲ့တာ မကောင်းပေမယ့် မတရားတာ ထင်ရင် မခံတက်တဲ့ မြန်မာစိတ်ဓတ်ကို ဂိုးသမားအောင်အောင်ဦးက ပြသွားတာပါပဲ။ အောင်ကျော်ကျော်လည်း ဒီလို ဖြစ်ဘူးတယ် ၊ လူငယ်ဂိုးသမားထွန်းထွန်းဝင်း ကလည်း ဒိုင်ကို ရေသန့်ဘူးနဲ့ ပေါက်တာ ဖြစ်ခဲ့ဘူးပါတယ်။

ဒီနေ့ပွဲမှာ မြန်မာက ပြစ်ဒဏ်ဘောတော်တော် ရနိင်ပေမယ့် ဒိုင်မပေးခဲ့တာတွေဟာလည်း ဘောလုံးသမားတွေ ဒေါသဖြစ်လာစေတဲ့ အချက်တွေပါ။ ဒီတော့ ဗီယက်နမ်ဒိုင် အမှားမှာ ကျွန်တော်တို့ မြန်မာကစားသမားတွေ မဖြစ်သင့်တာတွေ ဖြစ်ခဲ့ကြရတယ်။

ဒီနေ့လည်း ဒေါသဖြစ်ဖြစ်နဲ့ ကန်တော့ပါရဲ့။ ဒိုင်ကို ၀ိုင်းဆဲနေကြတာ။ မိုးမွှန်နေတာပဲ။ :D ။ မနိင်မည့် အတူတူ လူချခိုင်းတဲ့ သူကတစ်မျိုးနဲ့။ အဲဒါ ဘယ်သူမှ မဟုတ်ပါဘူး။ ကျွန်တော်ပါ။ ကျွန်တော်လည်း ဘောလုံးကန်ပေမယ့် တဖက်အသင်းက ညစ်ကစားတာတို့ ၊ ခပ်ကြမ်းကြမ်းဆော့လာတဲ့ အခါတို့ ၊ ကိုယ့်အသင်းကို အထင်သေးလှောင်ပြောင်ပြီး ဆော့ကစားနေတဲ့ အခါကျရင် ကျွန်တော် ဆိုးသွမ်းလည်း လူလိုက်ချပါတယ်။း) ။ အင်တိုက်အားတိုက်ကို ချတာပါ။ သူများလည်း ချတယ် ၊ ကိုယ်လည်း ခံရတယ်လေ ။

အဆုံးသတ်တော့ အင်ဒိုနီးရှားနိင်ငံ စူဇူကီးဖလားမှာ မြန်မာအသင်းဟာ အင်ဒိုကို ၃း ၀ ၊ စင်္ကာပူကို ၃း ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။ ရှုံးတကာ့ရှုံးတဲ့ အထဲမှာ မျိုးမစစ် စကာင်္ပူအသင်းကို ရှုံးတာ စိတ်အနာဆုံးပါပဲ။ စင်္ကာပူအသင်းမှာ ကြည့်မယ်ဆိုရင် ကမ္ဘာကြီး တခုလုံးက အသားအရည် ၊ ရုပ်ရည်တွေနဲ့ ဖွဲ့စည်းထားသလို နိင်ငံမျိုးစုံက လူပေါင်းစုံပါဝင်နေတာကို တွေ့နိင်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဖိုရမ်တစ်ခုထဲမှာ မြန်မာ နဲ့ ကုလားနဲ့ ရန်ဖြစ်လိုက်ကြသေးတယ်။ ကုလားက မြန်မာမှားကြောင်း ၊ ဘာဖြစ်ကြောင်း ၊ ညာဖြစ်ကြောင်း ပို့စ်လေး တင်လိုက်တာနဲ့ ရှိသမျှ မြန်မာဖန်တွေနဲ့ ရန်ဖြစ်ကြသေးတယ်။

အော်...အခုတော့လည်း မြန်မာအားကစား ကမ္ဘာကို ပြန်လွမ်းနေရတုန်း ။ ဘယ်လိုပဲ လွမ်းလွမ်း ကျွန်တော်တို့ကတော့ မြန်မာပဲ။ မြန်မာနဲ့ ပတ်သက်လာလျှင် ဘယ်သူမှားမှား မြန်မာကတော့ မှန်ရမယ်။ မျက်ကန်းမျိုးချစ်ပဲး)

ဒီဖိုင်လေးက မြန်မာ ၀း ၃ အင်ဒိုပွဲ ဂိုးလေးတွေပါး(


zshare

Sunday, December 7, 2008




“ တူ.......................တူ.....................တူ................. ဟယ်လို ”

“ ဟုတ်ကဲ့ ၊ သရက်တော် ( - ) လမ်း ၊ အခန်း ( - ) က ဒေါ် ( - ) ကိုခေါ်ပေးပါ ခင်ဗျာ ”

“ ဟုတ်ကဲ့ ခဏလေး ကိုင်ထားပေးပါ......ရှင် ”

“ အမေလား.....”

“ အမေမရှိဘူး မောင်လေး။ ငါပါ...နင့်အမ ”

“ အော် ”

“ အမေက လှိုင်သာယာက ဈေးဆိုင်သွားနေတယ် ”

“ အော်...နေကောင်းကြတယ် မဟုတ်လား ၊ အဆင်ပြေကြရဲ့လား ”

“ အေးဟယ် ၊ လူတွေကတော့ နေကောင်းကြပါတယ် ၊ အဆင်ကတော့ ဘယ်သူမှ
မပြေကြဘူး ဟဲ့။ နင်လည်း...သိမှာပါဟာ ။ အင်တာနက် သုံးနေတာပဲ ”

“ အင်း.......................... ၊ ဘာတွေလုပ်နေကြလဲ အခုရော ”

“ ဒီလိုပဲပေါ့ဟာ ၊ အရင်ကထက် အခုဒီနှစ်က ပိုပိုဆိုးလာတယ် ၊
ဘယ်အရာမှကို အဆင်မပြေတာ ၊ အာလုံးလိုလိုပါပဲ ၊ ပြောပြရင် နင်လည်း စိတ်ကောင်းမှာ
မဟုတ်ဘူး ”

“ ငါတို့လည်း တက်နိင်သလောက်တော့ ရုန်းကန်နေရတာပဲ ၊ သိတယ် မဟုတ်လား ၊
အယဉ်ကျေးဆုံး ပြောရရင်တော့ ၊ ထမင်းတော့ မငတ်သေးဘူးဟ ၊ ဟဲဟဲ ( အသက်မပါသည့် ရယ်သံဖြင့် )
စာကြိုးစား ၊ ငါ့မောင်လေးက လိမ်မာတယ် ”

“ အမျိုးတွေရော ၊ ဘာတွေလုပ်နေကြသလဲ ”

“ အင်း...သူတို့လည်း ဒီနှစ် ကိုင်းက ဘာစိုက်လို့ ၊ စိုက်ရမှန်းတောင် မသိကြဘူး ၊
ဧရာဝတီမြစ်ကြီး ရှိနေလို့ ၊ ငါးဖမ်းစားနေတာနဲ့ အသက်ဆက်နေကြတယ်နဲ့ တူတယ်
အော်..အဖေလာပြီ ၊ အဖေ့ကို ပေးလိုက်မယ်နော်...အဖေနဲ့ ပြောလိုက်ဦး ”

“ အဖေ....အဖေလား ”

“ အေး...သား ၊ အဖေပါကွ ”

“ အဖေ...နေကောင်းလား အဖေ ၊ ကျန်းမာရေး ၊ အလုပ်အကိုင် အဆင်ပြေရဲ့လား ”

“ လူကတော့ ကောင်းတယ်..သား ၊ အလုပ်ကတော့ ပါးတယ်ကွ ၊ စက်ရုံကလည်း
အလုပ်လုပ်စရာ မရှိဘူး ၊ တခါတလေ အပြင်ဘက်တော့ လိုက်ပြင်ပေးတယ်
အများကြီးတော့ မရပါဘူးကွာ ၊ မင်းညီမလေးတွေ မုန့်ဖိုးတွေနဲ့ မင်းအမေဆီတော့
၂၀၀၀ ၊ ၃၀၀၀ ထောင်မျိုးလောက်ပဲ အပ်နိင်တော့တယ် ”

“ သားလည်း...စာကြိုးစားကွာ ၊ အဖေ..ယတြာတွေလည်း လုပ်ထားပေးမယ် ၊
နေကောင်းအောင် ဂရုစိုက် ၊ ကဲ..ဘာမှာဦးမလဲ ၊ မင်းပိုက်ဆံတွေ ကုန်နေလိမ့်မယ်
မင်းအမေက တွေ့ချင်နေတာ...ဖုန်းမဆက်လို့ စိတ်ပူနေလေရဲ့ ၊ အခုတော့ အဖေပြောလိုက်မယ်
ဟုတ်ပြီလား ”

“ ဟုတ်ကဲ့..အဖေ ၊ အားလုံးကို သတိရပါတယ်လို့ ၊ ကျန်းမာရေး ဂရုစိုက်ကြဦးနော် ”

“ အေး...သား ၊ ဒါဆို ချလိုက်တော့မယ် သား ၊ ဘိုင် ဘိုင် ”

“ ဂလောက်.......”


ဖုန်းက ချသွားပေမယ့် လက်ထဲက မိုက်ခရိုဖုန်းကို ဆက်ကိုင်ထားဆဲ ။ အဖေနဲ့ အစ်မပြန်သွားပေမယ့် သူတို့ အားတင်းပြီး ပြောသွားတဲ့ စကားသံတွေက ရင်ကို လှုပ်ခက်နေဆဲ။ ငေးတယ် ၊ တွေးတယ် ၊ ပြီးတော့ အမျိုးအမည် မသိတဲ့ ဝေဒနာ ခံစားရတယ် ။ ဒါဟာ မိသားစုအတွက်တင် မဟုတ်ဘူးဆိုတာ ကိုယ့်ရင်ထဲ ကိုယ်သိတယ်။ ကိုယ့်ဆွေမျိုး အတွက် သက်သက်လည်း မဟုတ်ဘူး ဆိုတာ ကိုယ့်စိတ်ထဲ ကိုယ်သိတယ် ။ တခြားသူတွေရော ဘယ်လိုနေမလဲ ၊ ဘာတွေလုပ်နေကြ မလဲ ။ ၆၀ % မှာ ၄၅ % လောက် ဘ၀တွေ ခါးနေကြတယ်။ အိမ်မှာ မီးအမြဲလာနေတဲ့ သူတွေကတော့ ဒါကို ဘယ်တော့မှ သိမှာ မဟုတ်ဘူး။



ဒီလိုပြောတော့ ကျွန်တော်လည်း ပါတယ်။ ကျွန်တော့်အိမ်မှာလည်း မီးအမြဲလာတယ်။ ဒါပေမယ့် ဖယောင်းတိုင်မီး။



Tuesday, December 2, 2008


ကမ္ဘာကြီးမှာ ၊ မြန်မာနိင်ငံမှာ လူသားတိုင်း လူသားတိုင်း ပညာတွေ သင်နေကြတယ်။ အသက်အရွယ်အလိုက် ၊ ကိုယ်နေရတဲ့ နေရာအလိုက် ၊ ကိုယ်တက်နိင်တဲ့ အနေအထား မျိုးစုံနဲ့ ၊ ဟိုနိင်ငံက ကျောင်းသားက ဒီနိင်ငံမှာ ပညာသင် ၊ ဒီနိင်ငံက ကျောင်းသားက ဟိုနိင်ငံမှာ ပညာသင် ၊ ပညာတွေကို နည်းမျိုးစုံနဲ့ တက်နိင်သလို သင်ကြတယ်။ ဒါဟာ သိပ်ကို ကောင်းတဲ့ အချက်ပါ။ လူဆိုး ၊ လူမိုက်တွေ လွှမ်းမိုးတဲ့ ကမ္ဘာကြီးထက် လူပညာရှိတွေ လွှမ်းမိုးတဲ့ ကမ္ဘာကြီးက ပိုကောင်းတယ် မဟုတ်လား။

ယေဘုယျအားဖြင့် ကြည့်မယ်ဆိုရင်တော့ ကျွန်တော်တို့ မြန်မာနိင်ငံမှာပေါ့။ ဘွဲ့ရတယ် ၊ ရတဲ့ဘွဲ့နဲ့ လုပ်ကိုင်စားသောက်လို့ အဆင်ပြေသွားတာ ရှိတယ်။ မပြေတာတွေ ရှိတယ်။ ကိုယ်သင်ခဲ့ရတဲ့ ဘာသာဟာ လက်တွေ့မှာ အသုံးတည့်နေတယ် ဆိုရင်တော့ ဒီလူ့အတွက်ကတော့ နောင်ရေးအတွက် စိတ်ပူစရာ မရှိပါဘူး။ တစ်ချို့တွေကြတော့ ကျောင်းပြီးပေမယ့် လုပ်ကိုင်တော့ တခြားအလုပ်အကိုင်တွေလုပ်လို့။ ကိုယ့်နိင်ငံရဲ့ လက်ရှိဖြစ်နေတဲ့ အနေအထားနဲ့လည်း သက်ဆိုင်မှာပေါ့။ ထားပါတော့ ပြောချင်တာ ဒီအကြောင်းတော့ မဟုတ်ပါဘူး။

အဘိုးတွေ အဘွားတွေခေတ်က ပြောကြတယ်။ ရွာဘက်တွေ နယ်ဘက်တွေမှာဆိုရင် “ လုပ်မနေပါနဲ့....သေစာ ရှင်စာ ဖတ်တက်ရင် တော်ပြီပေါ့ကွာ ” တဲ့။ “ မင်းသားသမီးတွေက ဒီပညာနဲ့ လုပ်စားမှာလည်း မဟုတ်ဘူး ” အချိန်တန် ကြီးလာတော့ ငါတို့လို လယ်သမားဖြစ်မှာ ၊ ဘာဖြစ်မှာ ညာဖြစ်မှာနဲ့ ” ပြောဆိုကြတယ်။ တကယ်ပဲ အခုလက်ရှိ ဘ၀မှာလည်း ရှိပါသေးတယ်။ ကျွန်တော့် အတွေ့အကြုံအရ ဧရာဝတီတိုင်း ရွာဘက်တွေမှာ ဆိုရင် ကလေးအရွယ်ရောက်ရင် ကျောင်းထားတယ် ၊ အသက်ကလေး နည်းနည်းကြီးလာသလို ၊ အတန်းပညာ ၆ တန်း ၇ တန်းလောက်လည်း ရောက်ရော အိမ်က မိဘရဲ့ လက်ငုပ်ရင်း ဖြစ်တဲ့ လယ်ယာ ၊ ကိုင်းကျွန်း အလုပ်တွေ ကူလုပ်ကိုင်ရင်း အဲဒီအတက်ပညာကိုပါ သူတို့ သင်ယူမိသလို ဖြစ်သွားတယ်။

အမှန်ကတော့ ကလေးတွေ အနေနဲ့ သူ့မိဘ စီးပွားရေးကို ကူညီတာ ၊ အိမ်အလုပ် ကူလုပ်တာ ဖြစ်တယ်လို့ ယူဆနိင်ပေမယ့် ၊ တဖက်မှာ ပညာရေးအရ ကြည့်ရင် ညဆို ပင်ပန်းတဲ့ဒဏ်ကြောင့် စောစောအိပ်ပျော်သွားရာကနေ စာမကြည့်ဖြစ်ပဲ ပညာရေးမှာ ပိုမိုဆိုးဝါးလာပါတော့တယ်။ ဒီတော့ နောက်ဆုံး မိဘအလုပ်ကို ကူလုပ်ရင်း သူတို့လည်း မိဘရဲ့ အမွေကို ခံယူသွားကြတာ များပါတယ်။ ဒီလို အခြေအနေမျိုးမှာ ဘယ်သူ့ဘယ်သူမှာ အပြစ်ပြောရမှန်းတောင် မသိတော့ပါဘူး။


ကျွန်တော်တို့ ပညာတွေသင်ကြတယ်။ ဘွဲ့တွေ တစ်ခုပြီး တစ်ခုယူကြတယ်။ တဖက်ကလည်း ဒီပလိုမာတွေ ၊ ဘာသာစကားတွေ အမျိုးမျိုး အစုံစုံနဲ့။ တစ်ချို့ကျတော့ ပညာတွေတက်တော့ ဘာဖြစ်လည်း ။ ပညာတက်တာ ထမင်းစားရလို့လား။ လောကမှာ ငွေရှိဖို့ပဲကွာ။ သေစာရှင်စာ ဖတ်တက်ရင် တော်ပြီပေါ့။ ကိုယ့်အပေါ် လူလိမ်တာ မခံရရင်တော်ပြီပေါ့။ ဒီလိုမျိုး ပြောတဲ့လူတွေလည်း ရှိတယ်။ မှန်ပါတယ်။ ပညာတွေ တက်တာနဲ့ လုပ်စားလို့ရတာတွေ ရှိတယ်။ မရတာတွေရှိတယ်။

ဒါပေမယ့် ပညာတွေ တက်တာနဲ့ မတက်တာ ဘာကိုကွာခြားစေသလဲဆိုတော့ “ စဉ်းစားတွေးခေါ်မှုပါ ” ။ ပညာတက်တဲ့ လူက သူ့ဘ၀ ထိခိုက်မှာ သိပ်ကြောက်တယ်။ သူဒုက္ခဖြစ်မယ့် ကိစ္စဆို လှည့်တောင် မကြည့်ဘူး။ ငါဒါလုပ်ရင် ဘာဖြစ်မလဲ ၊ ငါဒီလို ပြောရင် ဘယ်လိုဖြစ်သွားမလဲ ၊ သူ့မှာ ပညာမတက်တဲ့ လူထက် စဉ်းစားတွေးခေါ်မှု ပိုသာသွားတယ်။ အများအကျိုးအတွက် ကိုယ်ကျိုးမငဲ့ဘဲ လုပ်တဲ့သူကြတော့ မပါဘူးပေါ့ဗျာ။ သူကတော့ အများအကျိုးအတွက် ဆိုကတည်းက မြင့်မြတ်တယ်လို့ကို သက်မှတ်နိင်ပါတယ်။ အသိဥာဏ်နည်းပါးတဲ့ သူ ၊ ( ပညာရေး နိမ့်ပါးတဲ့သူပေါ့ဗျာ ) သူကတော့ သူထင်တာ ၊ သူလုပ်ချင်တာကို ဇွတ်လုပ်ပစ်လိုက်တာပဲ။ ရှေ့တွေနောက်တွေ မသိဘူး။ သူ့ဆီမှာ လတ်တလော ခံစားနေရတာကို ကြည့်ပြီး သူလုပ်ချင်တာကို ဇွတ်လုပ်ပစ်လိုက်တယ်။ ဒီတော့ မမှားသင့်တဲ့ အတွေးအခေါ်တွေ မှားပြီး ဒုက္ခပိုရောက်တက်တယ်။

အမေ ငယ်ငယ်တုန်းက ပြောပြောနေတဲ့ ငါတို့ ပေးနိင်တဲ့အချိန် ပညာကို တက်အောင်သင်ကြတဲ့။ ဘာလို့လည်း အမေ။ သား ကျောင်းမတက်ချင်ဘူး။ အိမ်စာလည်း မလုပ်ချင်ဘူး။ ဒါပေမယ့် လိုချင်တာ ၀ယ်ဖို့ ပိုက်ဆံတော့ ရချင်တယ်။ ကလေးအတွေးပါ။ အမေကတော့ ပညာတွေ တက်တော့ င့ါသား “ အရာရာကို စဉ်းစားချင့်ချိန်နိင်တာပေါ့တဲ့ ” ။ အမေပြောတာ မှန်ပါတယ်။ ဒါပေမယ့် လောကကြီးမှာ ပညာတွေ တက်ရဲ့သားနဲ့ ပညာရှိနည်းနဲ့ နှိပ်စက်နေကြတဲ့လူတွေ ၊ ယုတ်မာနေကြတဲ့ လူတွေ ရှိတာတော့ ဘယ်လိုပြောမလဲ အမေလို့ ပြန်မေးချင်မိတယ်။ သူတို့တွေက ပညာတွေ တက်ရဲ့သားနဲ့ မစဉ်းစားပဲ လုပ်ချင်တာ လုပ်တဲ့အခါ ၊ ပညာမတက်တဲ့ လူတွေလုပ်တာထက် ပိုကြောက်ဖို့ကောင်းတယ်ဆိုတာ အမေကို ဒီတခါပြန်ရင် ပြန်ပြောရဦးမယ်။ ဘာလို့လဲဆိုတော့ အမေက ပညာမတက်ပါဘူး။ အတန်းပညာကို ဘုန်းကြီးကျောင်းမှာပဲ ပြီးခဲ့တာ။ ဒါပေမယ့် သားပညာ တက်ရင်တော့ အမေတက်သလိုပဲ ဖြစ်ရမယ်။ အမေ့မှာ ရှိတဲ့ မေတ္တာတရား ၊ အကြင်နာ တရားနဲ့တင် အမေဘ၀က အရာရာပြည့်စုံနေပါပြီ။

ဒီတခါပြန်ရင်တော့ အမေ့နားမှာ ကပ်ပြီး “ လောကမှာ ပညာတက်ပြီး ၊ လောကကို နှိပ်စက်နေတဲ့ လူတွေရဲ့အကြောင်း ” အမေ့ကိုပြောပြရဦးမယ်။


Saturday, November 29, 2008


စာဖတ်ရင်း ဘလော့ဂ်လည်း ရေးချင်လာတာနဲ့ စိတ်ထဲရှိတာလေး ချရေးမိလိုက်တယ်။ တကယ်တော့ ဘလော့ဂ်ကို စွဲလန်းသွားတာနဲ့ ပတ်သက်ပြီး ကျွန်တော့်ရဲ့ အဓိက တရားခံကတော့ ဂူဂယ်ပါပဲ။ နောက်ပြီးတော့ အခန်းထဲက သူငယ်ချင်း ၂ ယောက်။ တစ်ယောက်ကတော့ အခုမရေးတော့ပါဘူး။ နောက်တစ်ယောက်က ကိုရင် မှော်ဆရာပါ။ သူတို့ကြောင့် ဘလော့ဂ်လောကထဲကို ခြေစုံပစ်ဝင်လာပေမယ့် ကိုယ်ကလည်း စာရေးချင်စိတ်ကလေးကလည်း ရှိနေတယ်ဆိုတော့ ၀င်ပြီးကတည်းက ပြန်ကို မထွက်နိင်တော့ပါဘူး။ ဘယ်တော့မှလည်း ပြန်ထွက်မယ်လို့ စိတ်မကူးတော့ပါဘူး။ ကိုယ်က ကျွမ်းနေပြီကိုး။ မရေးနိင်သေးတဲ့အချိန် ရပ်နေမယ် ၊ အားသွားတဲ့ အချိန်ရေးမယ်။ အခုလည်း လူပျိုဘ၀ကနေ ရေးမယ်။း) ။ နောင်လည်း အိမ်ထောင်သည် ဖြစ်လာရင် ရေးဦးမယ်။ အဘိုးကြီး ဖြစ်တဲ့ အထိရေးမယ်ဗျာ။ နောက်ဆုံး ကျွန်တော်သေရင်တောင် ဓါတ်ပုံကို သားသမီးတွေ ၊ ဇနီးမယားတွေ ရိုက်ခိုင်းပြီး “ ဘလော့ဂ်ဂါ ဆိုးသွမ်း အသက် ( ၁၀၂ ) နှစ်တွင် ကွယ်လွန်သည် ” ဆိုပြီး ဓါတ်ပုံနဲ့ တင်ဦးမှာပါ။း) မှတ်ပြီလား။ ဒါပေမယ့် အင်တာနက်လေးတော့ ရနေဖို့ လိုတာပေါ့နော်။ ဂူဂယ်လေးကလည်း ဘလော့ဂ်ဆိုတာလေးကို လုပ်ပေးထားနိင်ပါစေလို့ ဆုတောင်းရမှာပဲ။ .com တွေ ၊ ကိုယ်ပိုင် ၀က်ဘ်ဆိုက်ဒ်တွေ ၀ယ်ပြီး လုပ်ချင်ပေမယ့် blogspot.com ကိုခွဲရမှာဆိုတော့ မလုပ်ချင်ဘူး။ စိတ်ထဲမှာ အဲဒီလို လုပ်လိုက်ရင် ဘလော့ဂ်ဂါဆိုတာနဲ့ မလိုက်ဖက်တော့ သလိုပဲ။ ( ဒါက ကျွန်တော့်စိတ်ကူးပါ )။

ဒါနဲ့ပဲ ရေးမိ ၊ တင်မိ ၊ ပြောမိပြန်တယ်။ ဘလော့ဂ်ကို အကြောင်းအမျိုးမျိုးကြောင့် လက်လျော့ချင်ခဲ့တာတွေ ၊ စိတ်ညစ်ခဲ့တာတွေ ၊ ဖျက်ပစ်ချင်မိတာတွေ ရှိခဲ့ပါတယ်။ အဲဒီအချိန်ကျရင် ဘလော့ဂ်ကို လုံးဝ လှည့်ကို မကြည့်ဘူး။ ဖျက်ပစ်လိုက်မိမှာ ဆိုးလို့ပါ။ ဖြစ်နိင်ရင် ကျွန်တော် စာတွေ အများကြီး ၊ ကဗျာတွေ အများကြီး ရေးချင်တယ်။ စိတ်ထဲမှာ ရှိတာတွေ ဖွင့်ဟချင်တယ်။ ဒါပေမယ့် ကျွန်တော့်မှာ မရေးသင့် ၊ မရေးအပ်တဲ့ အနေအထားတွေ ရှိပါတယ်။ နောင်တစ်ချိန်ကြရင်တော့ ရေးချင်ရေးမှာပေါ့ဗျာ။ ( ၁၀ ) ခါကောင်းခဲ့တာတောင် (၁) ခါလောက် အမှားလုပ်မိရင် လက်ညှိုးဆိုတာ ရှိလာနိင်တော့ ကျွန်တော်တို့ စာရေးရတဲ့ အနေအထားဟာ ဆင်ခြင်ရပါတယ်။ ပြောရင်းနဲ့ ရထားပေါ်မှာ ဆေးကြော်ငြာရောင်းသလို ဖြစ်နေပြီ။ အားလုံးအတွက် စကားလက်ဆောင်လေး ရှာကြံတင်ပေးလိုက်ပါတယ်။


“ အထက်လူကြီးရဲ့ လုပ်ရပ်အတွက် ဘာကိုမှ မထောက်ထားဘဲ
ပြောရဲ ၊ ဆိုရဲတယ် ဆိုရင်တော့ ၊ ခင်ဗျားမှာ နောက်အလုပ်အတွက်
နေရာသစ်ရှိနေလို့ပဲတဲ့ ”


ပျော်ရွှင်သော ရုံးပိတ်ရက်များကို ပိုင်ဆိုင်နိင်ကြပါစေ။