Thursday, April 1, 2010

ညတိုက်ပွဲ ( ၂ )


( လာပြီဟ....လာပြီ။ ဖမ်း ဖမ်း....ဟိတ်ကောင်တွေ မပြေးနဲ့။ မင်းတို့ကို  မြင်နေရတယ် ) လို့ အော်တဲ့သူက အော် ၊ ( အေး..ငါ့ဖိနပ်လာယူလို့ကတော့ ဆွဲထိုးပစ်မယ်ကွ ) လို့ ဟစ်တဲ့သူက ဟစ် ၊ တချို့ကျတော့ ( ဒိုင်း ဒိုင်း ၊ အုန်း ၊ ဒိန်း ) နဲ့ အပြင်မထွက်ဘဲ တဲထဲက အော်တဲ့သူက အော်နဲ့  ၅ မိနစ်လောက် ကမ္ဘာပျက်သွားတာပေါ့။

ကိုယ့်ဆီက ကွန်မန်ဒိုအဖွဲ့တွေကတော့ ဘယ်လိုနေလဲ မသိဘူး။ ဒီမှာတော့ မိတဲ့သူက မိ ၊ ပြေးတဲ့သူက ပြေးနဲ့ ရွာပျက်နေပါတော့တယ်။ ဒီလိုနဲ့ ၁၅ မိနစ် မိနစ် ၂၀ လောက်ကြာတော့ အားလုံး ငြိမ်ကျသွားပါတယ်။ ဟိုဘက်က ကွန်မန်ဒိုတွေလည်း ပြန်ပြေးကြလို့  ကင်းသမားက လွဲလို့ အကုန်လုံး အိပ်မောကျကုန်ပါပြီ။ ကျနော်ကတော့ သူများတွေကသာ အော်နေတာ...ထတောင် ထမကြည့်ဘူး။ ချမ်းလွန်းလို့ စောင်ခြုံပြီး ၅ ပေ ၅ ပဲ ရှိတဲ့ အရပ်အမောင်းကို ၂ ပေလောက်ရှိအောင် ကွေးပြီးအိပ်နေခဲ့တာ။ ပစ္စည်းကလည်း ပါစရာမလိုဘူးလေ။ အိပ်ခါနီး တခါတည်း အပြီးအစီး လုပ်ထားတာ။ ကျောပိုးအိတ်အောက်မှာ သေနတ်ထားပြီး ကျောပိုးအိတ်ကို ခေါင်းအုံးအိပ်တယ်။ တောစီးဖိနပ် တစ်စုံကို နှစ်ဖက်ပူးချည်ပြီး ခြေရင်းက တဲတိုင်မှာချည်ထားတယ်။ ဒါဆို လူကိုနိးအောင် လုပ်ပြီးမှပဲ ယူလို့ရတော့မယ့် အနေအထားပေါ့။

ဒီလိုနဲ့ ည ၂း ၃၀ လောက်ကျတော့ ကင်းသမားတွေက လာနိုးပါတယ်။ တပ်ခွဲ ( ၃ ) က လူတွေထကြတော့။ ဟိုဘက်ကတောင်ကုန်းကို သွားသိမ်းရတော့မယ်ပေါ့။ ကျနော်တို့လည်း  အမှန်အတိုင်း ၀န်ခံရရင် ဘယ်သူမှ မထချင်ပါဘူး။ ဒီလောက် ချမ်းစီးတာ။ နောက်ပြီး တောင်ကုန်းပေါ်မှာနေရတာ။ ဒါပေမယ့် တပ်ခွဲမှုးက မင်းတို့ နိင်အောင် တိုက်ချင်ရင် အာရုဏ်တက်မှာ အလစ်အငိုင်ယူပြီူး တိုက်ရတာ အကောင်းဆုံးသော အချိန်ပဲလို့ သူပြောသလို ကိုယ်လည်း သိထားတာကြောင့် ကျောပိုးအိတ်တွေ ၊ သေနတ်တွေ ယူပြီး မှောင်မှောင် မည်းမည်းထဲမှာ တောင်အောက်ကို ဆင်းလာခဲ့ရပါတယ်။ အဲဒီအချိန်ကစပြီး ညဘက်မှာ လှုပ်ရှားရတဲ့အခါ ဘာတွေကန့်သက်ချက်တွေ ပေါ်လာသလဲဆိုတာ စာတွေထက် လက်တွေ့ကို ပိုသိခဲ့ရပါတယ်။ စာဖတ်သူလည်း ကြုံဖူးကြမှာပါ။ ဒီလိုအတွေ့အကြုံ မျိုးက မြန်မာပြည်မှာက ခဏခဏ ဖြစ်ဖူးတယ် မဟုတ်လား။ ရုတ်တရက် မီးပျက်သွားသလိုမျိုးပေါ့။

 ကျနော်တို့ တပ်ခွဲလည်း လရောင်ကို အဖော်ပြုရင်း ရှေ့ကို ဖြည်းဖြည်းချင်း လှမ်းရင်း ဆင်းကြရပါတယ်။ တပ်ခွဲမှုးက ဓတ်မီးမသုံးရပါဘူးတဲ့။ ဘာလို့လည်း ဆိုတော့ တဖက်တပ်ခွဲ ၂ ခုကလည်း တောင် ၂ လုံးအကျော်မှာ နေတာဖြစ်တာကြောင့် ညဘက် ဓတ်မီးရောင်မြင်ရင် ကင်းသမားသိပြီး ကျနော်တို့တပ်တွေ လှုပ်ရှားနေပြီဆိုတာကို ကြိုတင်သိနိင်တာကြောင့်ပါ။ ရှေ့က လူခြေလှမ်းကို ကြည့်ပြီး နင်းရတာရယ် ၊ ကျောပေါ်က အိတ်တွေ ၊ သေနတ်တွေ ကိုင်ပြီး ဆင်းလာရတဲ့ အပြင် ၊ တောင်က အနည်းငယ် မက်စောက်တာကြောင့် ခရီးက သိပ်မတွင်လှပါဘူး။ ဘာတွေ စပြီးခံစားရလည်းဆိုတော့ မြင်ကွင်းကန့်သက်ချက်တွေ ရှိလာတယ် ၊ အသံလုံခြုံမှုကို ဦးစားပေးရတယ် ၊ နောက်ပြီး အရပ်မျက်နှာ ထိန်းသိမ်းရတဲ့ ကန့်သက်ချက်တွေ ရှိလာပါတယ်။

ဒီလိုနဲ့ ကျနော်တို့  ၂း ၄၅ အချိန်ကနေ စပြီး  ခက်ခက်ခဲခဲ ဆင်းလိုက်ကြတာ လူပေါင်း ၁၀၀ ကျော်ဟာ တောင်ခြေကို ၃း ၃၀ လောက်မှာ အကုန်ရောက်ပါတယ်။ ဒီလိုနဲ့ သက်မှတ်ထားတဲ့ ဆုံရပ်မှာ ကျနော်တို့  ကျောပိုးအိတ်တွေ ချရပါတယ်။ သွားလာလှုပ်ရှားမှု လွယ်ကူစေရန်အတွက်နဲ့ တောတိုးရမှာ ဖြစ်လို့ အသံမထွက်စေချင်တာကြောင့်ပါ။ အားလုံး ကိုယ့်တပ်စုနဲ့ ကိုယ် လူစစ်ပြီးတော့ စပြီး ရန်သူစခန်းချနေတဲ့ နေရာကို ချီတက်ကြပါတယ်။ စကားမပြောရ ၊ အသံမထွက်ရ ၊ ဆေးလိပ်မသောက်ရ ၊ ဓတ်မီးမသုံးရ စတဲ့ စည်းကမ်းချက်တွေကတော့ တခါတည်း မထွက်ခင်ကတည်းက ပြောထားပြီးသားပေါ့။ ရှေ့ကလူရဲ့ အရိပ်အခြေအနေကို ကြည့်ပြီး လှုပ်ရှားရပါတယ်။

တဖြည်းဖြည်းနဲ့ ချီတက်သွားလာလိုက်တာ စုခွဲလွှတ်ရပ်ဆိုတဲ့  ( တပ်စု ) တွေ စပြီး ခွဲဖို့ မြေပုံပေါ်မှာ သက်မှတ်ထားတဲ့ နေရာကို ရောက်ရှိလာခဲ့ပါတယ်။ တပ်ခွဲတစ်ခွဲမှာ တပ်စု ၃ စုနဲ့ တပ်ခွဲရုံးဆိုပြီး ပါဝင်ပါတယ်။ ကျနော်ပါဝင်တာကတော့ တပ်စု ၃ ပါ။ ခွဲမှုးက တပ်စု ၁ နဲ့ ၂ က  ချေမှုန်းရေး တာဝန်ယူရမှာ ဖြစ်ပြီး ၊ တပ်စု ၃ နဲ့  ခွဲရုံးကတော့ အရံတပ်တာဝန် ထမ်းဆောင်ရမှာဖြစ်ပါတယ်တဲ့။ အရံတပ်ဆိုတာကတော့  ကိုယ့်ချေမှုန်းရေး တပ်စုတွေ ဖြစ်တဲ့ ၁ နဲ့  ၂ ကို ရန်သူတွေက လှည့်စားပြီး နောက်ပိုင်းက ၀င်မတိုက်နိင်အောင် ကာကွယ်ပေးဖို့ရယ် ၊ ကိုယ့် ချေမှုန်းရေး တပ်စုတွေအပေါ်ကို ရန်သူပစ်အား များလာတဲ့အခါ ပစ်ကူပေးဖို့ရယ် စတဲ့ တာဝန်တွေ ထမ်းဆောင်ရပါတယ်။ ကျနော်တို့ ချီတက်လမ်းကြောင်းကတော့ ကားလမ်းကို ဗဟိုပြုပြီး ချီတက်ခဲ့ကြတာပါ။ ဒီလိုနဲ့ ချီတက်နေတုန်း ရှေ့ ကိုက် ၁၀၀ လောက်မှာ မီးဖိုလေး တစ်ခုကို စပြီး သတိထားမိပါတယ်။ ရှေ့ဆုံးက ချီတက်နေတဲ့ ပွိုင့်သမားလည်း ချက်ချင်း ရပ်ပြီး ၀ပ်လိုက်ရတာပေါ့။

တကယ်တော့ ကျနော်တို့ အထင်မှားတာပါ။ အဲဒီမီးဖိုပြီး စောင့်နေတဲ့ သူတွေက ကျနော်တို့ဆီက ကွန်မန်ဒိုတွေပါ။ ဒါကိုလည်း ကျနော်တို့ နောက်မှ ပြန်ပြောကြလို့ သိရတာပါ။ ကျနော်တို့ အထင်က သူတို့ကင်းသမားတွေ ကျနော်တို့လာရင် ကြိုပြီး သိနိင်အောင်လို့ ကြိုပြီး စောင့်နေတယ် ထင်ခဲ့ကြတာပါ။ ရှေ့ဆုံးက ပွိုင့်သမားလည်း ရန်သူ့ကင်းထင်ပြီး မှောင်မှောင်မည်းမည်းနဲ့ ခြုံတွေကြားထဲ စပြီးတိုးတော့တာပါပဲ။ ရာသီဥတုက အေးတဲ့အတွက် အမောခံနိင်တဲ့အပြင် ဘေးပတ်ဝန်းကျင်ကိုလည်း ကောင်းစွာ မမြင်ရတာကြောင့် ကြောက်လန့်ခြင်းလည်း မရှိခဲ့ကြပါဘူး။ ခြေသံကို အတက်နိင်ဆုံး ထိန်းကြရင်း ရန်သူဆီကို ချီတက်နေကြတာပေါ့။ နောက်တခု ကျနော်တို့ တပ်ခွဲအတွက် အားတက်စရာက ရန်သူ့တောင်ကုန်းကို ၁ တောင်ကျော်အကွာအဝေးထိ နီးကပ်လာခဲ့တာတောင် ရန်သူ့လှုပ်ရှားမှု တစ်စုံတစ်ရာကိုမှ မတွေ့ရသေးတာပါပဲ။ ဒါဟာ ကျနော်တို့အတွက်တော့ သိပ်ကို ကျေနပ်စရာ ကောင်းတဲ့ အနေအထားပေါ့။

စာဖတ်သူ စဉ်းစားကြည့်ပေါ့။ ဒီလိုအခြေအနေဟာ ကိုယ့်အတွက် အောင်ပွဲက ရာခိုင်နှုန်းများနေပါပြီ။ ဒီအခွင့်အရေးကို လက်မလွှတ်ဖို့ပဲ ကျနော်တို့ ထိန်းသိမ်းရတော့မယ် မဟုတ်လား။....

ဆက်ရန်






6 comments:

Anonymous said...

ဟုတ်ပါ၏။
ဘယ်လိုထိန်းသိမ်းလဲ..ဆက်ပါဦးလေ..။

sdl

Anonymous said...

http://drchatgyi.blogspot.com/2010/08/blog-post_7679.html

Anonymous said...

မောင်ဆိုးသွမ်းတို့များ ကဲထားတာ ဗီဒီယိုနဲ့တောင် မှတ်တမ်းတင်ထားလိုက်သေးတယ်။ ကဲပုံများ အံ့ရော အံ့ရောပဲ။ ကောင်မလေးကတော့ ချစ်စရာလေးနော်။ အနိပ်စားလေး

Agyone said...

ကဲထားတာလေး ဘယ်မှာကြည့်ရမှာလဲ
လုပ်ပါအုံး

phung bella said...

hi impressive blog.
We have a big website to sale cars online throughout Myanmar. Please visit us back at: http://motors.com.mm/?utm_campaign=mot_mm_lb_blog_phung&utm_source=mot_lb_blog&utm_medium=lb_blog

Anonymous said...

iwish