Monday, February 16, 2009

သတင်းလေး တပုဒ်ပေါ့ဗျာ။ ဟုတ်ချင်လည်း ဟုတ်မယ်။ ဒါပေမယ့် ဟုတ်လိမ့်မယ်လို့လည်း ၈၀ % ယုံကြည်ပါတယ်။ ဘာလည်းဆိုတော့ ဆိုက်ဒ်တခုမှာ ဖတ်လိုက်ရတဲ့ ထိုင်း တက္ကသိုလ်ကျောင်းသူလေး တစ်ဦးကို မြန်မာအလုပ်သမား ၂ ဦးက အဓမ္မပြုကျင့် သတ်ဖြက်လိုက်တယ်ဆိုတဲ့ သတင်းလေးပါ။ ကျွန်တော် ယုံကြည်တယ်ဆိုတဲ့ ကိစ္စဟာ မြန်မာအလုပ်သမားတွေက အဓမ္မပြုကျင့်သလား မကျင့်သလားဆိုတဲ့ ကိစ္စကို မဆိုလိုပါဘူး။





ဘယ်ကိစ္စလည်းဆိုတော့ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ မြန်မာပြည်သားတွေကို စားသောက်ဆိုင်တွေမှာ လက်ခံမထားဖို့၊ ပြီးတော့ အိမ်တွေမှာလည်း ခေါ်မထားဖို့၊ ပြောနေတဲ့ကြားက ဆက်ထားမယ်ဆိုရင် ခေါ်ထားတဲ့အိမ်ကို မီးလာရှို့မယ်လို့ ပြောတယ်လို့ ဖတ်မိလိုက်ပါတယ်။ နောက်ပြီး ဒီကိစ္စကြောင့် တက္ကသိုလ် ကျောင်းသားတွေက ချင်းမိုင်မှာ ရွှေ့ပြောင်းမြန်မာ အလုပ်သမားတွေ မထားဖို့လည်း စာရေးတောင်းဆိုထားပါတယ်တဲ့။

ဟုတ်ပါလိ့မ်မယ်။ သူတို့အတွက်တော့ ဒါဟာ စိတ်မကောင်းဖြစ်စရာ သတင်း ၊ အရိပ်နေနေ အခက်ချိုးတဲ့ သဘောပေါ့။ ကျွန်တော်တို့ မြန်မာတွေဘက်က မမှားဘူးလို့ ကျွန်တော် မဆိုလိုပါဘူး။ ကျွန်တော်တို့ မှားပါတယ်။ လူသားချင်းစာနာမှု အနေနဲ့ရော ၊ လူမျိုးရေးအရရောပေါ့။ ဒါပေမယ့် ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ၀ါလုံးကို မစင်သုတ်ပြီး ရမ်းနေသလိုပဲ။ ဖြစ်တဲ့ ကိစ္စကို မရှင်းဘဲနဲ့ ၊ ငါ့နိင်ငံလာနေတဲ့လူတွေ ငါတို့ ကြိုက်သလို လုပ်မယ်ဆိုတဲ့ စိတ်ဓတ်နဲ့ လုပ်နေကြတယ်။ ဒီသတင်း မတိုင်ခင်မှာ မြန်မာအလုပ်သမားတွေ ခံခဲ့ရတဲ့ လူမသိသူမသိ ဖြစ်ရပ်တွေဟာ များစွာ ရှိခဲ့ပါတယ်။ သူတို့ဘက်က မတရားတာ လုပ်တော့ ဘာမှ အသံမထွက်ဘဲ ကျွန်တော်တို့ဘက်က လုပ်တာကြတော့ ဘာဖြစ်တယ် ၊ ညာဖြစ်တယ်နဲ့။ လေသံက ကျယ်လာပါတယ်။ ဒါတောင် ကျွန်တော်မသိသေးတဲ့ အချက်ပေါင်းများစွာ ကျန်နေဦးမှာပါ။ ၁ ပဲ ၂ ပြားနဲ့ မဟားဒရား အပြောခံရသလိုပဲ။ ဆရာမှားတော့ Sorry ၊ တပည့်မှားတော့ ဗျောတီး ဖြစ်နေပြီ။

အခြေအနေ အခက်အခဲ အမျိုးမျိုးကြောင့် တိုင်းတပါးမှာ အလုပ်လုပ်နေရတဲ့ မြန်မာပြည်ဖွား ညီအစ်ကို မောင်နှမ အစ်မများ အားလုံးကို ကိုယ်ချင်းစာမိပါတယ်။ အဆင်ပြေကြသူ ရှိသလို ၊ အဆင်မပြေကြသူတွေက ဒုနဲ့ဒေးပါ။ ဒုက္ခတွေလည်း မျိုးစုံခံစားရမယ်ဆိုတာ နားလည်မိပါတယ်။ သားသမီးမကောင်းတော့ မိဘခေါင်းဆိုသလိုပေါ့ဗျာ။ ခေတ်က ပြောင်းပြန်ဖြစ်ချင်လည်း ဖြစ်နေပါလိမ့်မယ်။ တကယ်တော့ ကျွန်တော်တို့ ပြည်ထောင်စုဖွားတွေဟာ ကိုယ့်နိင်ငံကိုယ့်လူမျိုးနဲ့ ထည်ထည်ဝါ၀ါနေလာတာ။ အခုဒီခေတ်တွေရောက်တော့မှ သူတပါးနိင်ငံမှာ အလုပ်လုပ်ရင်း မတရားတာကို ခေါင်းငုံခံနေရတယ်။

ဒီလိုပြောတော့ စာဖတ်သူရင်ထဲမှာ ဘာတွေပေါ်လာမယ်ဆိုတာကိုလည်း ကျွန်တော် ကြိုသိပါတယ်။ ဘယ်လိုပဲ ဖြစ်နေပါစေ။ ကျွန်တော့် ရင်ထဲမှာတော့ ဒီလို အဖြစ်အပျက်တွေ ဖတ်နေ ၊ မြင်နေ ၊ တွေ့ကြုံနေရတိုင်း ရင်ထဲ မကောင်းပါဘူး။ ဘာလုပ်ပေးနိင်လည်း ဆိုတော့ ဘာမှလည်း မလုပ်ပေးနိင်ဘူး။ ဒါဆို မသိဟန် ဆောင်နေဆိုတော့လည်း မသိဟန်ဆောင်လို့ကို မရဘူး။

ဒီတော့ ဘယ်နိင်ငံ ၊ ဘယ်ဒေသ ၊ ဘယ်နေရာကို ဘယ်လို အခြေအနေမျိုးနဲ့ပဲ ရောက်ရောက် အမိမြန်မာပြည်နဲ့ ဝေးသူတိုင်း အစစ အရာရာ အဆင်ပြေကြပါစေ ၊ အချင်းချင်း ကူညီစောင့်ရှောင့်နိင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

12 comments:

Anonymous said...

အရင်ဆုံး သက်ပျင်းချလိုပါတယ်။

ဒီလိုပါဘဲကိုဆိုးသွမ်းရယ်။ မြန်မာမို့ လုပ်လိုက်ပြီဆို ဟိုးလေးတကျော်ကျော်။
ဟော မြန်မာလဲခံလိုက်ရရော သိတောင်မသိလိုက်ဘူး။
သူတို့ တွေက လက်သည်မပေါ်ရင်မြန်မာဘဲ။ ဒီလိုစွပ်စွဲတာများနေပြီ။

ဒါပေမယ့် မြန်မာလို့ စွပ်စွဲလိုက်ရင် အဲမြို့ မှာရှိတဲ့ မြန်မာတော်တော်များများ ခံပေတော့ပဲ။

ဟုတ်ဟုတ် မဟုတ်ဟုတ် အတင်းဝင်ဖမ်းမှာ။ ဒီမှာရှိတဲ့ မြန်မာတော်တော်များများကလဲ တရားမ၀င် လာရောက်အလုပ်လုပ်တာတွေမားတယ်။
ဒီတော့သူတို့ ပို အကွက်တွေ့ တာပေါ့။
း(

မကြည်လင်သောပုံရိပ်များကိုဖတ်ရင်း

Anonymous said...

ဘာကိုမှ မပြောလိုတော့ပါ နားလည်ခံစားမိတယ် ကိုယ့်အနီးနားမှာလည်း မြင်တွေ့နေရမို့ပါ ။ ဟဲဟဲ အဆိုးထဲက အကောင်းပြောပြလိုက်အုံးမယ် မြန်မာတွေအားလုံးမောင်းထုတ်ရင် သူတို့ ဘတ်ဂျက် ဆိုလား ဘာဆိုလားက ဇင်ဘာဘွေ ငွေနီးနီးဖြစ်သွားလိုက်မယ် :P

Apprenticeship said...

အင်း ဒီလိုစီးပွားပျက်ကပ်ခေတ်မှာ သူတို့နိုင်ငံသားတွေတောင် အလုပ်လက်မဲ့ဖြစ်နေချိန်မှာ သိန်းချီးသော မြန်မာတွေက အလုပ်လုပ်နေတော့ ထိုင်းအစိုးရဘက်က လုပ်တာ မှားနေပေမယ့် သူ့နိုင်ငံဘက်က ကြည့်တော့ မှန်တယ်ပေါ့။ တကယ်တမ်း ထိုင်းမှာ ကျီးလန့်စာစားပြီးလုပ်နေရတာပါ.. ဒီလို ကိစ္စတွေမရှိတောင် ထိုင်ရဲတွေ့ရင် ထွက်ပြေးနေရတာလေ။ စိုးပါတယ်ကွား ငါတို့နိုင်ငံသားတွေ ဘ၀။ :(

မေ့သမီး said...

ဟုတ်တယ်။ ဟိုတစ်လောကလည်း ဖတ်လိုက်ရသေး တယ်။ ရာဘာခြံထဲမှာ ရာဘာခြစ်နေတဲ့အမျိုးသမီးကို မတရားစော်ကားလိုက်တာလေ။ ယောကျာ်းလုပ်တဲ့သူက တခြားတစ်ဘက်မှာဆိုတော့ မသိလိုက်ရဘူး။ ရဲတိုင်ဖို့ကြတော့လည်း ကိုယ့်မှာဘာလက်မှတ်မှမရှိတော့ သူတို့ကိုအရေးယူတာကနောက်၊ ကိုယ်ကအရင်အဖမ်းခံ ရမယ့်အပေါက်လေ။ အဲဒါမျိုးနဲ့ ငုံ့ခံလိုက်ရတာ ဘယ်လောက်များနေပြီလဲ။ သူတို့ဘက်ကခံလိုက်ရတော့ မှ အကုန်လုံးကိုသိမ်းကြုံးရမ်းတယ်။

လင်းဒီပ said...

ကိုဆိုးသွမ်းရေ..
တစ်ယောက်ကိုတစ်ယောက်စောင့်ရှောက်ရင်း ဒီလိုပဲနေကြရတာ..
ယိုးဒယားကတော့ နည်းနည်း ဆိုးမယ်ထင်တယ်နော်..မောင်မျိုး

ရွှန်းမီ said...

စိတ်မကောင်းလိုက်တာ။ ပုံကြီးချဲ့ စရာ အကွက်ရသွားကြတာပေါ့။
အစတည်းက သူတို့နဲ့ဆို မျက်စောင်းလည်းခဲ အမျိုးလည်းတော် ဖြစ်နေတာကိုး..

ဒေါင်းမင်း said...

ယိုးဒယားဆိုနိုင်ငံကိုအယုတ်တမာနိုင်ငံလိုခေါ်၇မယ်
မြန်မာမတွေ..သူတို့နိုင်ငံမှာဘ၀ပျက်တာအများကြီးပါ
သူတို့နိုင်ငံသူတစ်ယောက်လေသေတာဘာများဆန်းလို့
လဲမြန်မာမတွေသေတာမနဲ့တော့ပါဘူး....ဘာပဲဖြစ်ဖြစ်
ဒီကိတ်စတွေသမိုင်းတပါတ်ပြန်လည်တဲ့တနေ့ထိုင်း
တွေခံရဖို့ပြင်ပေတော့...ရန်ငြိုးတွေပြေမှာမဟုတ်တော့
ဘူးအခုချိန်သာတုန်းလုပ်ထားကျပေါ့...မိမိပြန်သာတဲ့တနေ့..တွေ့ကျပြီပေါ့လေ..

Anonymous said...

I am studying in this Maejo univesity.
Anyway, I am so scared to go outside especially at night. But my dean and my international friends are protecting and couraging me.
I also told them a lot of MM workers were killed by Thai up to now. At the southeren of Thailad, MM peoples were killed in the Rubber plantations.

Thargyi(Gyobingauk) said...

ကြားရတာတကယ်စိတ်မကောင်းဖြစ်မိတယ်.. ငါတို့တွေသူများအစော်ကားခံရတုန်းကတော့ ပြည်တွင်းမှာဆိုပြည်တွင်းမိုလို့.. ပြည်ပမှာဆိုပြည်ပမိုလို့ အမြဲကျိတ်မှိတ်ခံနေရတယ်.. ငါတို့ဘက်ကကျတော့ အမြဲတမ်းသူတော်ကောင်း(ဘာအပြစ်သေးသေးလေးမှ မှားလို့မရတာကိုဆိုလိုပါတယ်) ဖြစ်နေခိုင်းတယ်..

Kaung Kin Ko said...

ဒီိလိုပါပဲ ညီရာ။ သိုးမည်းတွေကတော့ လူမျိုးတိုင်းမှာ ရှိကြမှာပဲ။ ဒါကို ကြည့်ပြီး အကုန်လုံး ဝါးလုံးသိမ်းရိုက်ခံရတာတော့ စိတ်ပျက်စရာ။း-(
လူကို တစ်ယောက်ချင်းစီ မြင်တာပဲ ကောင်းပါတယ်။ လူမျိုးတိုင်းက အကုန်လုံး အတူတူပါပဲ။ ကောင်းတဲ့လူတွေ အကောင်းတဲ့လူတွေ ရှိကြမှာပဲ။ အမုန်းတွေ အာဃာတတွေ အငြိုးတွေ ကြောင့် လူတွေ ခက်နေတာ။

ဆိုးသွမ်း said...

ဝင်ရောက်ဆွေးနွေးမှုတွေ အတွက်
ကျေးဇူးတင်ပါတယ်။
ကော်မန့်က စာတွေကိုဖတ်ကြည့်တာနဲ့တင်
သမန်ကာရှန်ကာ ပြောတယ် မဟုတ်ဘူးဆိုတာ
သိနိင်ပါတယ်။

လေးစားချစ်ခင်လျက်ပါ.....

Anonymous said...

သူတို့အတွက် ထပ်ပြောစရာ တစ်ကွက်ရသွားပြန်ပြီ ကိုယ်ခံရရင် အသံမထွက်ဘူးလေ သူတို့ခံရရင်တော့ သေဖို့သာပြင်ထားဆိုတာပဲ ( ထိုင်း) ကလည်း သိတဲ့အတိုင်းပဲ ..