2 years ago
Monday, January 26, 2009
မနေ့က ကြက်သားဟင်းမှာ အရိုးကို ကိုက်နေတုန်း ပြန်စဉ်းစားမိတာလေး တခုပေါ်လာပါတယ်။ အရိုးကို ဆိုတော့ တော်ကြာ အသားမစားဘူး ထင်နေဦးမယ်။း) ကျွန်တော်ကလည်း အရိုး ခရေစီပါ။ အမေတူလို့လား မသိဘူး။ အရိုးကိုက်တာ အရမ်းဝါသနာပါတယ်။ ငါးခေါင်းဆိုရင် အမေနဲ့ လုပြီး ကိုက်နေကြ။ ဒီတော့ နောက်ဆို အမေက ကျွန်တော်ကြိုက်မှန်း သိလာတော့ ဈေးက ပြန်လာရင် ငါးခေါင်း ၂ ခု အမြဲတမ်းဝယ်လာတော့တယ်။ ၀က်ခြေထောက် စွပ်ပြုတ် ၊ ကြက်ရိုး အရိုးနဲ့ ပတ်သက်ရင် ဘာအရိုးမှ မချန်ဘူး။ အကုန်ကိုက်လေ့ ရှိတော့ အမေကတောင် နင်ဟိုဘ၀ ဘာကောင်ဖြစ်ခဲ့မှန်း မသိဘူးတဲ့။
တိုက်တွေ ၊ ခြံတွေနဲ့ လူတန်းစားတွေတော့ မဆိုလိုပါဘူး။ ကျွန်တော်တို့ သာမန်လူတန်းစားပေါ့။ လုပ်နိင်ကိုင်နိင်တဲ့ လူတန်းစားတွေ နေတဲ့ရပ်ကွက်ထဲမှာ ( ဆိုက်ကားသမားမှ အစ ရုံးလုပ်ငန်း ၊ ကိုယ်ပိုင်အငှားကား မောင်းသူထိ ) အိမ်ချင်းကလည်း ကပ်လျက်ပုံစံတွေ ဖြစ်ကြပါတယ်။ အဲဒီလို လူတန်းစားတွေ နေတဲ့ ရပ်ကွက်မှာ ပိုင်ရှင်မသိတဲ့ ခွေးတွေကလည်း ပေါ်များလွန်းလှတယ် ။ ဘယ်သူ့အိမ်က ခွေးရယ်လို့ မယ်မယ်ရရ မရှိဘူး။ လမ်းထဲမှာ ထမင်းကျန် ၊ ဟင်းကျန် ၊ အရိုးကျန်လေးတွေ ချကျွေးရင်း ကြီးပြင်းလာကြတာ။ သူတို့ကလည်း ကျေးဇူးသိတက်ပါတယ်။ ကိုယ့်လမ်းထဲက ကိုယ့်ကို ကျွေးတဲ့လူဆိုရင် အမြီးကို နှံလို့။ ကြာလာတော့ သံယောဇဉ်တောင် ဖြစ်လာသေးတယ်။ ကလေးနဲ့ ခွေးက အတူတူပဲ မဟုတ်လား။ ငယ်တုန်းက ခွေးကလည်း ကိုယ်ပြေးရင် သူကလိုက် ၊ သူပြေးရင် ကိုယ်ကလိုက်နဲ့။
တဖြည်းဖြည်း ဘယ်အကြောင်းကို စဉ်းစားမိလည်း ဆိုတော့ ခွေးဆိုတာ အရိုးပဲ စားရတာလား ၊ ထမင်းသိုး ၊ ဟင်းသိုး ၊ ထမင်းရည် တွေပဲ စားရတဲ့ သတ္တ၀ါလား။ သူတို့ကရော လူတွေစားနေတဲ့ အသား ၊ ထမင်အကောင်းတွေ ကျွေးရင်ရော မစားနိင်ကြဘူးလားပေါ့။ ရှေးဘ၀က ကုသိုလ်ကံ မကောင်းခဲ့လို့ ဒီဘ၀မှာ ခွေးလာဖြစ်ပြီး ဟင်းသိုး ၊ ထမင်းသိုးတွေပဲ စားနေရတာလားပေါ့။ ရပ်ကွက်ထဲက လူတွေ အသိုးတွေ ကျွေးနေတာ မြင်ရပြန်ရင် စိတ်မသန့်တော့ဘူး။ မြန်မာစကားမှာလည်း ခွေးနဲ့ပတ်သက်လို့
“ မကုန်ရင် ခွေးကျွေး ”
“ ခွေးတောင် ထမင်းရည်တိုက်ရသေးတာပဲ ”
ရှိပါသေးတယ်။
ကျွန်တော့်အမြင်မှာတော့ ခွေးတွေ အရိုးကိုက်ရင် တော်တော် သနားမိပါတယ်။ ဒီခွေး ဗိုက်ဆာနေရင် ပိုဆိုးပေါ့။ ဘာမှ ထွက်မလာတဲ့ ၊ အရိုးကြီးကို ကိုက်ပြီး လျက်နေတာ။ မရလေ ကိုက်လေ ၊ ကိုက်လေ မရလေနဲ့။ ဒီလိုလေး စိတ်က မြင်လာတော့ နောက်ဆို မိသားစု ညစာထမင်းစားရင် ကျွန်တော်က အားလုံးပြီးအောင် စောင့်လိုက်တယ်။ သူတို့ စားပြီးလို့ ကျန်တဲ့ ထမင်းနဲ့ ဟင်းမှန်သမျှ အကုန် နယ်ပြီး ရှိသမျှ ခွေးတွေ အကုန်ကျွေးတော့တာပါပဲ။ အမေကတော့ ပြောပါတယ်။ ဟင်းတွေတော့ အကုန်မထည့်ပါနဲ့တဲ့။ သား ကျွေးချင်ရင် ၂ တုံးလောက်ကို အသားလေးတွေ နွှာပြီး ရောနယ်လိုက်ပေါ့တဲ့။ အလားလား စားလိုက်ကြတာ ။ စားလိုက်ကြတာ။ ပြိုက်ခနဲ ပြိုက်ခနဲ ။ စားခွက်လုတဲ့ ကောင်တွေက ရှိသေးတယ်။ သူတို့ကိုယ် ကြည့်ပြီး ပြန်ရလိုက်တဲ့ စိတ်ချမ်းသာမှုက လေးနက်ပါတယ်။
ဒီခွေးတွေကရော လူတွေလို မစားချင်ကြဘူးလား ။ မစားချင်ဘဲ နေမလား ချကျွေးကြည့် အကုန်တောင် ပြောင်သွားဦးမယ်လေ။ ထမင်းသိုး ၊ ဟင်းသိုးကျတော့ ကိုယ်လည်း မစားချင်ဘူး။ ဒီတော့ ခွေးကျွေးတယ် ။ ခွေးလည်း ဘယ်စားချင်မလဲ ။ ဒါပေမယ့် သူ့မှာ လူတွေလို ဒါကောင်းတယ် ဆိုးတယ် ၊ စဉ်းစားတက်တဲ့ အသိဥာဏ်မရှိတော့ ဗိုက်ဆာရင် သူစားလို့ ဖြစ်နိင်မယ့်ဟာ မှန်သမျှ အကုန်စားတော့တာပဲ။ ဘယ်လူကမှလည်း သူ့ကို ထမင်းကောင်း ဟင်းကောင်း ကိုယ်စားသလို ကျွေးမှာ မဟုတ်ဘူးလေ။ အရိုးလည်း ကိုက်မယ် ၊ ထမင်းသိုး ၊ ဟင်းသိုးလည်း စားမယ်။ ဟော ဒီတော့ သံသရာက လည်နေတော့တာပါပဲ။
ကျွန်တော် ဒီပို့စ်ကို ရေးတော့ ဘ၀တူချင်း စာနာတယ် ထင်နေကြဦးမယ်။ :D တကယ်လည်း ခံစားကြည့်တာပါ။ လူဆိုတာ ခွေးထက် အများကြီး ပိုမြင့်မြတ်ပါတယ်။ ပိုပြီးလည်း အသိဥာဏ်ရှိကြတယ်။ ဒီတော့ ကျွန်တော်တို့ ကိုယ်ဟာကိုယ် စဉ်းစားပြီး ခွေးတွေကို အတက်နိင်ဆုံး ထမင်းသိုး ၊ ဟင်းသိုး ၊ အရိုးတွေ မကျွေးကြရအောင်လား။ ကိုယ်စားလို့ ကျန်တဲ့ အထဲက နည်းနည်းပါးပါး ဖြစ်ဖြစ် ကျွေးမယ်ဆိုရင်တောင် တော်တော်လေးကို စိတ်သန့်သွားမှာပါ။
မှတ်ချက် ။ ။ ဤပို့စ်သည် ရပ်ကွက်နေ ၊ ကျေးရွာနေ ၊ မြေကြီးနှင့် သိပ်မကွာသည့် အိမ်တွင် နေကြသည့် လူတန်းစားများအား ရည်ညွှန်းပါသည်။

Labels: ကျွန်တော်၏...အတွေးများ
Subscribe to:
Post Comments (Atom)
9 comments:
တော်ပြီ...နောက်ဆို ဟင်းတောင်းမစားတော့ဘူး..
အဟီး နှယ်ကျွေးခံရမှာစိုးလို့ .. :P
ရပ်ကွက်နေ ၊ ကျေးရွာနေ ၊ မြေကြီးနှင့် သိပ်မကွာသည့် အိမ်တွင် နေကြသည့် လူတန်းစားများအား ရည်ညွှန်းပါသည်။
မှတ်ချက်ဖတ်ပြီးတော့ အင်းး ငါလည်း ဒီလူတွေထဲမှာပါတယ် မှတ်သွားအုံးမှပဲလို့အတွေးဝင်သွားကော ကျေးဇူး ကဆိုးသွမ်း =)
အင်း.. အဲလို တစ်ခါမှ တွေးမပေးတတ်ခဲ့မိဘူး.....။
ခွေးတစ်ယောက် နဲ့ လူတစ်ကောင် အကြောင်းပေါ့။
သားကြီး... အတွေးလေးက ကိုယ်ချင်းစာတရားအပြည့်ပဲကွာ.. မိုက်တယ်ဟေ့...
ခင်မင်လျက်..
မိုးမောင်
အရင်က အဲလို မတွေးမိတာတော့ အမှန်ပဲဗျ ။ မွန်မြတ်တဲ့
စိတ်ထားကို လေးစားပါတယ်။
ခုခေတ်မော်ဒယ်လေးတွေကိုသတိပေးရဦးမယ်
ကိုဆိုးသွမ်းကြီးက အရိုးဆို ကိုက်တယ်တဲ့တော့
သူတို့ ကလဲအရိုးဘဲရှိနေတာ
း)
အရမ်းဖြစ်သင့်တဲ့ လုပ်ရပ်ပေါ့။
အင်း... ဒီနိုင်ငံကခွေးတွေတော့ အရမ်ဇိမ်ကျတယ်။ သခင်က အနဲဆုံး တစ်ရက် ၂ ခါလောက်လမ်းခေါ်လျှောက်။ အစာအသောက်ကောင်းတွေနဲ့ စော့တာကလွဲရင် ခွေးလေးတွေက မခိုးစားတတ်ကြဘူး :P
ဟင့်အင်း...ကျွန်တော်က လူအရိုးမကြိုက်ဘူး။
ဟဲဟဲ။
Post a Comment