Friday, March 20, 2009

ဘာရေးရင် ကောင်းမလဲ ကောင်းမလဲနဲ့ စဉ်းစားလိုက် ၊ စိတ်ကူးပေါ်လာတာ ချရေးလိုက်နဲ့။ ပြီးသွားတော့ ပြန်ဖတ်ကြည့် စိတ်တိုင်းမကျတော့ draft ထဲ ထည့်ထားလိုက်နဲ့။ ကဗျာလေးတွေ ချရေးလိုက်။ အချစ်အကြောင်းလား ၊ ဘ၀အကြောင်းလား စဉ်းစားရင်းနဲ့ တော်ကြာ ဟိုကိုထိသလိုလို ဒီကိုညှိသလိုလိုနဲ့ ဖြစ်မှာဆိုးတော့လည်း Stop အမောင်ဆိုးသွမ်း ဆိုပြီး ကိုယ့်ကိုကိုယ် ပြန်သတိပေးရင်းနဲ့ ငုတ်တုတ်ထိုင်နေမိတယ်။

တကယ်က ဖိုရမ်တခုမှာလည်း အားတက်သရော ရေးမိနေတာကြောင့်ပါ။ စာရေးဖို့အတွက်ဆို အတွေ့အကြုံတွေ အထူးသဖြင့် လိုအပ်တယ်လို့ ထင်မိတယ်။ ကျွန်တော်တို့လို အပျော်တမ်းသမားတွေ အတွက်ပေါ့။ ဒါမှလည်း ကိုယ်တွေ့ကြုံခဲ့ရတဲ့ ဘ၀တလျှောက် ဗဟုသုတတွေ ပြန်လည်ဝေမျှနိင်မှာပါ။

အဲဒီလို အတွေ့အကြုံ ရဖို့ဆိုတာကလည်း ကျောင်းကနေ အခန်း ၊ အခန်းကနေ ကျောင်းဆိုတော့ ရေးစရာကလည်း ဆရာနဲ့ နပန်းလုံးရတဲ့ အကြောင်းတွေပဲရှိတော့တယ်။ အခန်းကနေ အပြင်ထွက်ဖို့ကလည်း ကျောင်းအားရက်လေး ဆိုရင် ၊ အဆောင်မှာ ညဆိုစကားဝိုင်းပြောကြလို့ မနက်မထနိင်တာက တစ်ကြောင်း ၊ သွားမယ်လာမယ်ဆိုလည်း မယ်မယ်ရရ သွားလည်စရာ နေရာမရှိတာက တစ်ကြောင်း ၊ ဓနအင်အားကလည်း ခြိုးခြံချွေတာနေရတာက တစ်ကြောင်းနဲ့ ဘာအတွေ့အကြုံမှကို မရဖြစ်တော့ပါဘူး။

ဒီလိုနဲ့ ဘလော့ဂ်တကာလိုက်ဖတ်တော့လည်း ထုံးစံအတိုင်း ခြေရာတော့ မချန်မိဘူး။ တော်တော်များများ ဘလော့ဂ်ဂါတွေ စိတ်ညစ် ၊ စိတ်ရှုပ်နေကြတယ်လို့ သုံးသပ်မိပါတယ်။ အလုပ်အကိုင် အဆင်မပြေ ၊ ပညာရေး အဆင်မပြေ ၊ ကျန်းမာရေးတွေ အဆင်မပြေဆိုတော့ ဒါတွေ အားလုံးအဆင်ပြေနေမှ ၊ အားမှ ဘလော့ဂ်ကလည်း ရေးနိင်တာ မဟုတ်လား။

ဖြစ်နိင်ရင် အပျော်တမ်း ဘလော့ဂ်ရေးခြင်းကနေ စာရေးဆရာ ဖြစ်ဖို့အထိကို ရည်ရွယ်ချက် ရှိပေမယ့် လက်တွေ့မှာတော့ စိန်မခေါ်နိင်သေးပါ။ ကျွန်တော် “ လွင်းမိုး ” လိုဖြစ်ချင်ပါတယ်။ အဲဒီလိုဆိုတော့ တစ်မျိုးမတွေးကြပါနဲ့ဦး။ ဆိုလိုတာက ခရီးသွားခြင်းပါ။ ပိုက်ဆံများ တက်နိင်မယ် ၊ စပွန်ဆာ ရှိမယ်ဆိုလို့ကတော့ မြန်မာနိင်ငံ အနှံကို ခရီးသွားချင်မိတာပါ။

ဓါတ်ပုံတွေ ရိုက်မယ် ၊ မှတ်တမ်းတင်မယ်ပေါ့ဗျာ။ အဲဒီလို ခရီးသွားလာတာကို ထုတ်လွှင်ပြသပေးမယ့် ရုပ်သံလိုင်းတွေ ရှိရင်ကောင်းမယ်။ ဒါဆို ကိုယ်တင်မဟုတ်ဘဲ တနိင်ငံလုံး သိနိင်ကြမှာမဟုတ်လား။ အခုတော့ ကိုယ့်တမြေထဲ မွေးပြီး သေသည်အထိ မရောက်ဘူး ၊ မမြင်ဘူးတဲ့ သူတွေ အများကြီး။ နောက်တခုက ဥရောပကို ပတ်ထားတဲ့ ရထားလမ်းလိုပဲ မြန်မာနိင်ငံမှာ တနိင်ငံလုံးကို ပတ်ပြီး ၊ ဒါမှမဟုတ် ဆက်စပ်ပြီး ဖောက်လုပ်ထားတဲ့ ရထားလမ်းလည်း ရှိရင်ကောင်းမယ်။ ဒါဆို ရထားပတ်စီးတာနဲ့တင် တော်တော်ကို လုံလောက်နေပြီ။

ဒီလိုတွေးရင်းနဲ့ပဲ သစ်ရွက်လေးတွေ တဖြုတ်ဖြုတ် ကြွေလိုက် ၊ ပြန်ပေါက်လာလိုက်နဲ့ စဉ်းစားရင်း ၊ တွေးရင်း ၊ ငေးရင်း ၊ ဆွေးရင်း ၊ ရေးရင်းနဲ့ နတ်ဆက်ရမည့် အချိန်တောင် ရောက်လာတော့မှာပေါ့။



6 comments:

Anonymous said...

ကိုလွင်မိုးကြီး... ဟေး..ဟေးး...
ဆုံဖြစ်မယ်ထင်တယ်ကွ.. အတိအကျသိရင် အကြောင်းပြန်မယ်။

မမသီရိ said...

တချိန်ကျ ရင်
မောင်စိုးသွန်းလေး ကိုလဲ
စပွန်ဆာ လုပ်မဲ့သူတွေ ၀ိုင်းဝိုင်းလည်နေမှာ မြင်ယောင်မိသေး
...

Anonymous said...

တွေးချင်တာတွေတွေး ရေးချင်တာတွေရေးထားတာ ဖတ်လို့တော့ကောင်းတယ် ဒါပေမယ့် အောက်ဆုံး ၂ ကြောင်းကတော့ ဖတ်လို့မကောင်းး( ။ နှုတ်ဆက်ချိန်ကျတော့လည်း လက်ကလေးတော့ ပြခဲ့အုံးနော့် အစ်ကို ။

Anonymous said...

နှုတ်ဆက်တော့မယ်ဆို လက်ပြလိုက်
း)

ရွှန်းမီ said...

သတိရပါသည်..
ခြေရာလက်ရာ မချန်တာကတော့ ထုံးစံမို့ မပြောတော့ပါဘူး။

JulyDream said...

လွင်မိုးဂိုဏ်းထောင်မယ်ဆို လက်တို့လိုက်နော်... တခြားမတွေးပါနဲ့ဗျာ။ မြန်မာပြည်အနှံ့ ဓါတ်ပုံရိုက်တဲ့ ဂိုဏ်းကို ပြောတာပါ ခင်ဗျာ။