Monday, January 12, 2009

ထမင်းငတ်မယ့် အကောင်


“ ကျွန်တော်က ဘ၀ကို ရိုးရိုးလေး တွေးတယ် ၊ ရိုးရိုးလေး နေထိုင်ချင်တယ် ”

အလုပ်လုပ်လို့ ပင်ပန်းမှာကိုတော့ ဘယ်တော့မှ မကြောက်ခဲ့ဘူး ။ လခစား အလုပ်ပဲ ဖြစ်ဖြစ် ၊ ကိုယ်ပိုင်စီးပွားရေးပဲ ဖြစ်ဖြစ်ပေါ့ ။ အချိန်တန်ရင် ပိုက်ဆံရမယ်။ ရတဲ့ ပိုက်ဆံလေးနဲ့ ( ၁ ) ပတ်စာအတွက်ပဲ ဖြစ်ဖြစ် ၊ ( ၁ ) လစာ အတွက်ပဲ ဖြစ်ဖြစ် ၀ယ်ခြမ်းထားမယ် ။ နောက်တော့ ကိုယ်ဝါသနာပါတဲ့ အလုပ်လေးတွေ လုပ်ကိုင်မယ် ၊ အချိန်ရတိုင်း ၊ ဒါမှမဟုတ် သူငယ်ချင်းတွေ အကူအညီလိုအပ်တဲ့ အခါတိုင်း ကျွန်တော် သူတို့ဆီ ရောက်အောင်သွားမယ် ။ ပြီးတော့ ကိုယ်တက်နိင်သလောက် ကူညီချင်တယ်။ ဘာကိုမှ ကျွန်တော် ထွေထွေထူးထူး မမက်မောပါဘူး ။ ဂုဏ်လား ၊ ငွေလား ဒါတွေ ကျွန်တော် မလိုချင်မှန်း အရွယ်ရောက်လေ ပိုသိလာခဲ့တယ်။ ( ဒါဆို ခင်ဗျားက မရသေးလို့ပါ ၊ လူ့စိတ်ဆိုတာ ပြောရခက်တယ် ၊ အဲဒီလိုပဲ ပြောပြီး ဖြစ်သွားတော့လည်း လှည့်မကြည့်တဲ့လူ အများသားလို့ ) စာဖတ်သူက ဝေဖန်မှာ သေချာပါတယ်။ ဒါမှမဟုတ်လည်း လူအထင်ကြီးအောင် လျှောက်ပြောနေတယ်လို့ သက်မှတ်နေကြမှာ သေချာတယ်။

ဟုတ်တော့လည်း ဟုတ်တယ် ။ ဒါက လူ့သဘာဝကိုး ။ လူသားတွေ အားလုံး ဘ၀ရပ်တည်ဖို့ အတွက် ငွေကို အသည်းအသန်ရှာနေကြတဲ့ ခေတ်ကြီးမှာ ၊ ကျွန်တော်က မယူချင်ဘူးလုပ်နေတာ ဆိုတော့ “ အင်း....ခေတ်မကောင်းလို့ ရူးချင်ယောင်ဆောင်တယ် ” ဖြစ်နေပြီ။ ဒါပေမယ့် ကျွန်တော်ကတော့ သာမန်ရိုးရှင်းတဲ့ ဘ၀လေးကိုပဲ ပိုနှစ်သက်တယ်။ ထမင်းမငတ်အောင် နေနိင်ရမယ် ၊ ကိုယ်ဝါသနာပါတဲ့ စာအုပ်ဖတ်တာ ၊ သီချင်းနားထောင်တာ ၊ အားကစားလုပ်တာတွေ လုပ်ခွင့်ရမယ်ဆိုရင် ကျွန်တော် အဲဒီဘ၀ကို ကျေနပ်တယ်။

အဲ...ဒါနဲ့ ပတ်သက်ပြီး ကျွန်တော့်ကို ချစ်တဲ့ မိန်းခလေးကတော့ ထမင်းတော့ မငတ်ပေမယ့် သူများလို့ ပြောင်ပြောင်ရောင်ရောင် နေနိင်မှာ မဟုတ်တာတော့ သေချာတယ်။ ဘာလို့ ကျွန်တော်ချစ်တဲ့ မိန်းခလေး မသုံးလည်းဆိုတော့ ကျွန်တော်စိတ်က ဒီလို အောက်ခြေနိမ့်အဆင့်လောက် ရှိတာဆိုတော့ ကိုယ်ကချစ်ပေမယ့် သူများသားသမီး ခေါ်ပြီး ဒုက္ခမပေးချင်တာကြောင့်ပါ။း) ။ သူ့မှာ ကျွန်တော့်လိုပဲ ဘ၀ကို နေနိင်ရင်တော့ အတိုင်းထက် အလွန်ပေါ့။

ဘယ်သူမဆို တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်း နေထိုင်ချင်ကြတာ ၊ ဘ၀ဆိုတာကို စဉ်းစားတက်တဲ့ အရွယ်ရောက်တာနဲ့ ဖြစ်လာတာပါပဲ။ အထူးပြောပြစရာ မလိုလောက်ပါဘူး။ ကိုယ့်နေရာရဖို့အတွက် သူတပါးမကောင်းကြံ ၊ သတ်ဖြတ် ရတဲ့ဘ၀ ၊ ကိုယ့်ပိုက်ဆံ ချမ်းသာဖို့အတွက် သူတပါးဆီက မတရားညှစ်ယူရတဲ့ ဘ၀တွေကို တော်တော်ရွံမုန်းမိပါတယ်။ ဟော..အခုဆို ခေတ်ကြီးက ဆွေမျိုးသားချင်းတောင် ပိုက်ဆံကို အတိုးနဲ့ချေးတဲ့ခေတ် ၊ သူငယ်ချင်း မိတ်ဆွေဆိုရင်တော့ ပြောမနေနဲ့။ စီးပွားရေးနဲ့ ပတ်သက်လာလျှင် “ ညီအစ်ကိုက ညီအစ်ကို...စပါးကတော့ ကြမ်းခင်းဈေး ဆိုပဲ ” ။ အားကျလောက်ပါတယ်။ အေးပေါ့လေ “ အူမတောင့်မှ သီလစောင့်နိင်မှာ ” မဟုတ်လား ။ အဲဒီလို ဖြစ်ရပ်တွေကို ကြည့်ပြီးတော့ကို ဘ၀ကို စိတ်ကုန်ဖို့ စတင်ခဲ့တာ။ တကယ်ဆို ကျွန်တော့်ခံယူချက်က......


“ လူတစ်ယောက်ဟာ သူတက်နိင်တဲ့ ပညာ ၊ သူပေးဆပ်တဲ့ အချိန်နဲ့ ညီမျှတဲ့ ငွေကြေးကို ရမယ် ၊ သူများထက် ပိုလိုချင်ရင် ပိုလုပ် ၊ ဒါပေမယ့် မကောင်းတဲ့ စိတ် ၊ ယုတ်မာတဲ့စိတ် နဲ့ ဘယ်တော့မှ မလုပ်ဆောင်ရဘူး ”


ဒါဆို တော်ပြီပေါ့။ အားလုံးဟာ ဒီလို ခံယူလိုက်ရင် ဘယ်လောက်ကောင်းလိုက်မလဲလို့ တွေးမိတယ်။ ဒါက ကျွန်တော့် ခံယူချက်ပါ။ ကြိုက်သလို ကွဲလွဲနိင်ခွင့် ရှိပါတယ်။ တချို့ကြတော့လည်း သူ့ခံယူချက်နဲ့သူ။ “ သစ်တပင်ကောင်းတော့ ငှက်တစ်သောင်းနား ” ဆိုတဲ့ စကားပုံအတိုင်း ငါတိုးတက်မှ င့ါမိသားစု တိုးတက်မှာဆိုပြီး ချနေလိုက်ကြတာ။ င့ါမိသားစုရဲ့နောက်က င့ါရပ်ကွက် ၊ င့ါပြည်နယ် ၊ ငါ့တိုင်းပြည် ပါမလာတော့ဘူး။ သူများသာ လျှောက်ပြောနေတာ။ ကျွန်တော်ကလည်း ကိုယ့်ကိုကိုယ် ဘာကောင်မှန်း မသိပါဘူး။ လူတွေရဲ့ အဖြစ်တွေကို တွေးတယ် ၊ သုံးသပ်ကြည့်တယ် ။ ပြီးတော့ ခေါင်းခြောက်တယ် ။ ဘာမှလည်း မလုပ်ဖြစ်ဘူး။


“ ကျွန်တော်က ဘ၀ကို ရိုးရိုးလေး တွေးတယ် ၊ ရိုးရိုးလေး နေထိုင်ချင်တယ် ”

“ ဒီတော့....ဘ၀ကလည်း ကျွန်တော့်ကို ရိုးရိုးလေးပဲ ပြန်ပြောသွားတယ်.....ထမင်းငတ်မယ့် အကောင်တဲ့ ”




13 comments:

Dr. Yi Yi Win said...

အင်း..ခက်တယ်။ ဘာပြောရပါ့။ အစ်မလည်းအဲဒီအကြောင်းပဲဒီနေ့ တွေးမိတယ်။ ကိုယ်ဝါသနာပါတာလေးကို အေးအေးလူလူလုပ်နေနိုင်ဖို့ က ကျောထောက်နောက်ခံကောင်းမှလေ။ အစ်မလဲ ၀ါးတားတားထဲကပါ။ ငါဘာလဲ..ငါဘယ်လဲ..ပေါ့။ ခုထိတော့ ၀ါးနေဆဲပဲဆိုးသွမ်းရေ။ ထမင်းကတော့မငတ်ပါဘူး။ စားတတ်နေတတ်ရင်ပေါ့လေ။.......ဆက်တွေးရဦးမယ်။

Anonymous said...

ဘ၀ကို ရိုးရိုးလေး တွေးတယ် ၊ ရိုးရိုးလေး နေထိုင်ချင်တယ် အဲ့ဒီအချက်ကို သဘောကျတယ် ညီလည်း ဖြစ်နိုင်ရင် အဲ့လိုလေး နေချင်တာ သို့သော်လည်း အဲ့လိုဖြစ်ဖို့လည်း ကြိုးစားရအုံးမယ်မို့လား ဆီဆမ်းစားရလည်း စိတ်ချမ်းသာရင်နေပျော်ပါတယ် ဖြစ်ချင်တဲ့ ဆန္ဒတွေဖြစ်ပါစေ အစ်ကိုရေ့ ။ ဒါနဲ့ အစ်ကိုချစ်တဲ့ မိန်းခလေးက “ မောင်နဲ့သာဆိုရင် လိုက်မှာပဲ အမြဲ မခွဲတမ်းလေ ” အဲ့သီချင်းလေး ဆိုနေသလားလို့ :)

မီးမီးငယ် said...

မပူနဲ့ ကိုဆိုးသွမ်းရေ

မန်မန်ငတ်မှာကို
မန်မန်ပို့ ပေးမယ်
း)

ဒီခေတ်မှာ ဒီလိုအတွေးအခေါ်ရှိတာနည်းလွန်းလို့  ဖတ်နေရင်းနဲ့ အံ့သြရတယ်။

ကောင်းပါတယ်
ထမင်းငတ်မယ်ဆိုပေမယ့် သေရသ်နာမည်ကောင်းတော့ကျန်ခဲ့မှာပါ

ဒေါင်းမင်း said...

ဘ၀ကိုရိုးရိုးလေးတွေးတယ်၊ရိုးရိုးလေးနေထိုင်ချင်တယ်ဆိုတဲ့အတွေကြိုက်တယ်.ကျွန်တော်လဲအဲဒီလိုနေချင်တယ်
အကိုချစ်တဲ့တဲ့ကောင်မလေးကအကိုလိုနေတက်မှာပါ
သူတကယ်ချစ်ရင်ပေါ့....................
ဆုတောင်းပေးနေတယ်..ကျွန်တော်ကတော့အဲဒီလိုနေဖို့အတွက်ကြိုးစားရအုံးမယ်..

မိုးသောက်ယံ said...

အင်း စဉ်းစားမိတယ် တခါတခါ လူတွေက မွေးတည်းက ဥိးတည်ချက်က ငွေရှာဖို့ ဖြစ်နေတယ် ကိုယ်လုပ်ချင်တာတွေ လုပ်ခွင့်မရခဲ့ကြဘူး .. ကိုယ်လုပ်ချင်တာတွေ လုပ်ရဖို့အတွက် တခုခု ပေးဆပ်ရမယ်ဆိုလည်း ကျေနပ်ရမယ်လို့ တွေးမိတယ် ..

Apprenticeship said...

မကောင်းမှုတွေ အရမ်းပေါနေတယ်ဆိုတာမှန်ပါတယ်။ ဒါပေမယ့် ရိုး၂သား၂လုပ်ကိုင်စားသောက်ပြီး ကောင်းကောင်းနေနိုင်တဲ့လူတွေ အများကြီးပါ။ ဘယ်သူသေသေ ဆိုတဲ့ပုံနဲ့ ထင်ရာစိုင်းနေတဲ့ ဂုဏ်သရေရှိလူကြီးမင်းတွေကို ရွံရှာမိတယ်။ ရိုးသားမှုကို ဆက်လက်ထိန်းသိမ်းပါကွား။ ထမင်းတော့ မငတ်လောက်ဘူး။ လူအများစု ငတ်နေတယ်ဆိုရင်တော့ ငါတို့အစာအိမ်တွေလဲ အငတ်ခံနိုင်ရမှာပေါ့။ ဒါမှ လူပီသတဲ့ လုပ်ဆောင်မှုဖြစ်မှာ။ ဆက်လုပ် အားပေးတယ်။ P.S စကားလက်ဆောင် "ကျွန်မသူငယ်ချင်းတစ်ယောက်ပြောဘူးတယ် ပြည်ပျက်နေတဲ့ခေတ်မှာ ချမ်းသာတဲ့လူတွေက လူယုတ်မာတွေတဲ့။"

ဟန်လင်းထွန်း said...

ကျနော်လည်းအမြဲတမ်း ဘ၀ကို ရိုးရိုးလေးပဲ ဖြတ်သန်းချင်တယ်။

တောင်ပေါ်သား said...

ရိုးရိုးလေး တွေးတယ် ၊ ရိုးရိုးလေး နေထိုင်ချင်တယ် အမှန်ပါ အကိုရေ ကျနော်လဲ အဲလိုလေးပဲ နေချင်တယ်ဗျာ

JulyDream said...

လားရှိုးမှာ ငတ်ကြမလားဟင်...
အတူတူ ငယ်ကြတာပေါ့ ဆိုးသွမ်းရေ...

poemflower said...

“ ကျွန်တော်က ဘ၀ကို ရိုးရိုးလေး တွေးတယ် ၊ ရိုးရိုးလေး နေထိုင်ချင်တယ် ”
အဲဒီခံယူချက်က ဘ၀မှာမရိုးသောနေထိုင်ခြင်းလို့ ထင်တယ် သူများတွေတော့မသိဘူး .

“ လူတစ်ယောက်ဟာ သူတက်နိင်တဲ့ ပညာ ၊ သူပေးဆပ်တဲ့ အချိန်နဲ့ ညီမျှတဲ့ ငွေကြေးကို ရမယ် ၊ သူများထက် ပိုလိုချင်ရင် ပိုလုပ် ၊ ဒါပေမယ့် မကောင်းတဲ့ စိတ် ၊ ယုတ်မာတဲ့စိတ် နဲ့ ဘယ်တော့မှ မလုပ်ဆောင်ရဘူး ”
ဒီအတွေးအခေါ်ကိုလည်းလက်ခံပါတယ် ဘာလို့လည်းဆိုတော့ သူများဆီက မတရားယူထားတဲ့လူဟာ သူ့အတွက်ခဏပဲပျော်ရွင်မှု ခံစားရမှာပါ.

Thargyi(Gyobingauk) said...

ညီလေးရေ..
အစ်ကိုညီလေးရဲ့သဘောထားတွေဖတ်ရတော့အံသြမိ တယ်.ကိုဖြစ်ခြင်တဲ့ပုံစံလေးနဲ့အရမ်းတူနေလို့လေ..
ကိုလဲအခုတော့အဲလိုနေနိုင်အောင်ကြိုးစားဆဲပါ..ငါညီက အဲဒီ့အဆင့်ကိုရောက်သွားပြီဆိုရင်တော့အရမ်းဝမ်းသာပါတယ်...
ခင်တဲ့
ရွှေအောင်

su wai said...

လူမချမ်းသာရင် နေပါစေ.. ၀ါသနာပါတာလေးတွေကို စိတ်ချမ်းချမ်းသာသာနဲ့ လုပ်နေချင်တယ်.. ရွှေ၊ငွေနဲ့ ဂုဏ်တွေအတွက်တော့…ဆိုတဲ့ မျိုးကြီး သီချင်းထဲကလိုပေါ့.. တိုတောင်းလှတဲ့ လူ့သက်တမ်းမှာ ရိုးရှင်းတဲ့ဘ၀မှာပဲ စိတ်ကြိုက်နေသွားချင်တယ်... ဒါက မချူအတွေးတွေပါ.. တချို့ကတော့ အဲဒါကို ကြီးပွားချင်စိတ် မရှိဘူးလို့ ပြောကြတာပဲ 

Crystal said...

inn I also want to led simple life. But very difficult to survive in the complicated world.