Showing posts with label ဘ၀အပိုင်းအစများ. Show all posts
Showing posts with label ဘ၀အပိုင်းအစများ. Show all posts

Monday, June 8, 2009


တခါတုန်းက ကျနော် သင်တန်းတက်နေတုန်း သင်တန်းနည်းပြ ဆရာ တစ်ဦးက သူ့ပုံတွေကို ကျနော်တို့ကို ထုတ်ပြတယ်။ ဒါ ငါ ငယ်ငယ်တုန်းကတည်းကနေ အခုအသက်အရွယ် ( ၅၀ နှစ်ကျော် ) ထိ စုထားတာတဲ့။ ပုံတွေက ဟိုးငယ်ငယ်ကလေး ဘ၀ကနေ သူဖြက်သန်းခဲ့တဲ့ အသက်အရွယ်အလိုက် ၁ နှစ်သားအရွယ်ကနေ သူ့အခုအသက်အထိ နှစ်အလိုက် မဟုတ်တောင် ၂ နှစ်ခြားတခါ ( ၀ါ ) ၅ နှစ်ခြားတခါ သူ့ပုံလေးတွေကို ယှဉ်ကပ်ထားတာပါ။ အဲဒီလို စိတ်ကူးကောင်းလေးကို ကျနော်လည်း သဘောကျမိပါတယ်။

သူ့ပုံတွေကိုကြည့်ပြီး ကိုယ်ငယ်ငယ်တုန်းက ဘယ်လိုရုပ် ၊ ကြီးလာတော့ ဘယ်လိုရုပ်နဲ့ ပြန်ကြည့်မိတိုင်း စိတ်ထဲမှာ ပျော်ရတယ်ကွတဲ့။ ကျနော်လည်း အိမ်က ကျန်ခဲ့တဲ့ စာအုပ်လေးထဲမှာ ငယ်တုန်းက ပုံလေးတွေ ဖြက်ညှပ်ကပ်တောင် ပြန်လုပ်ထားခဲ့တယ်။ အခုတော့ ပါမလာတော့ပါဘူး။ ပြန်မှပဲ ထပ်ကပ်ရတော့မယ်။ ဘောလုံးသမားပုံတွေကိုလည်း တွေ့မိလို့ ပြန်သတိရပြီး ဒီပို့စ်လေး တင်လိုက်မိတာ။ စာဖတ်သူလည်း ကျနော့်စိတ်ကူးလေးကို သတိရရင် ဖြက်ညှပ်ကပ်လုပ်ပြီး စုထားကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။ ဘာမှတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အမှတ်တရနဲ့ ပျော်စရာဖြစ်ရတယ်။


ကျနော့်အကြိုက်ဆုံး တိုက်စစ်မှုးကြီး ( ရိုနယ်လ်ဒို - ကိုရီသီယန် )


ရော်နယ်လ်ဒင်ဟို ( အေစီမီလန် )



မိုက်ကယ်အိုဝင် ( နယူးကာဆယ် )


ဇီဒန်း ( ရီးရဲလ် - အနားယူ )



မာလ်ဒီနီ ( အေစီမီလန် - အနားယူ )



ကားဆီးလက်စ် ( ရီးရဲလ် )



အိုဝင်ဟားဂရေ့ဗ် ( မန်ချက်စတာ ယူနိက်တက် )


တော့တီ ( ရိုးမား )


ဖာဘရီဂက်စ် ( အာစင်နယ် )


ဒေးဗစ် ဘက်ခမ်း ( အေစီမီလန် )


မက်ဆီ ( ဘာစီလိုနာ )


ဖာနန်ဒို တောရက်စ် ( လီဗာပူးလ် )


အွန်နရီ ( ဘာစီလိုနာ )



ရော်နယ်လ်ဒို ( မန်ချက်စတာယူနိက်တက် )


ရာအူး ( ရီးရဲလ်မက်ဒရစ် )


ဒယ်လ်ပီယာရို ( ဂျူဗင်တပ်စ် )


ဟာနန်ခရက်စပို ( ဂျီနိအာ )


ပီတာဆက်ခ်ျ ( ချဲလ်ဆီး )


ဒေကို ( ချဲလ်ဆီး )


ဖရန့်ခ်လမ်းပတ် ( ချဲလ်ဆီး ) - yes.....My Franky !!!!!!!!!


ဟီး.....ပုံတူဝင်ထုတာ ( မြန်မာ )

Friday, March 6, 2009

ဟိုနေ့က အခြောက်တွေ အကြောင်း ဖတ်မိလိုက်လို့ ၁၀ တန်းတုန်းက မေ့နေ့ခဲ့တာလေး ပြန်သတိရသွားတယ်။ ကွယ်ဝှက်ထားတယ်လို့လည်း မဟုတ်ပါဘူး။ အခုမှ လူစုံတုန်း ဘလော့ဂ်ပေါ်မှာ ရှင်းပြတာပါ။


၁၀ တန်းကပေါ့။ ဟုတ်ပါတယ် ကျွန်တော် ၁၀ တန်းတုန်းကပါ ။ ရန်ကုန်မြို့ထဲက လေဟာပြင်ဈေးကို ကျွန်တော့် အစ်ကိုနဲ့ ပစ္စည်းတစ်ခု သွားဝယ်ကြတုန်း ကြုံခဲ့ရတဲ့ အဖြစ်အပျက်လေးပါ။ အဲဒီနေ့က အစ်ကိုနဲ့ ပစ္စည်းတစ်ခု ၀ယ်ပြီးပြန်လာတော့ ဈေးကနေ အထွက် ၊ ကားလမ်းကူးပြီး ဆေးရုံထောင့် အနားကို အရောက် ( အဲဒီနေရာမှာ လေးဘက်လေးလံ ကူးနိင်ရန် မိုးပေါ်တံတား ရှိပါသည် ) အစ်ကိုက

“ ဟာ နေဦးကွ ၊ ငါပစ္စည်း မေ့ကျန်ခဲ့တယ် ၊ အမေက.....၀ယ်ခဲ့ပါဆိုလား ( ပစ္စည်းအမည် မသိတော့ပါ )
ဆိုပြီး...ညီလေး မင်းဒီက စောင့် ၊ မလိုက်နဲ့တော့ ပြန်လာခဲ့မယ် ၊ ခဏပဲ ”

ဆိုပြီး ဆရာသမားက လစ်သွားတယ်။ နီးကလည်း နီးတာကိုး ။ ဈေးကိုလည်း လှမ်းမြင်နေရတယ်လေ။ ဒါနဲ့ ကျွန်တော်လည်း ဒီဘက်ကားလမ်း တံတားအဆင်းနဲ့ ဆေးရုံထောင့်ကနေ ဟိုဘက်ငေးလိုက် ၊ ဒီဘက်ငေးလိုက် နဲ့ လမ်းလျှောက်နေတာပေါ့။ အချိန်ကလည်း ၃ နာရီကျော်ကျော်ရှိနေပါပြီ။ နေကတော့ သိတဲ့ အတိုင်းပူသလား မမေးနဲ့။

အဲဒီမှာ ဇာတ်လမ်းက စတာပဲ။ အစ်ကိုက ပြန်မလာတော့ဘူး။ ၁၅ မိနစ်လောက်ကြာသွားတယ်။ ပစ္စည်းမတွေ့တာလား ၊ ဘာဖြစ်နေလဲ မသိဘူး။ ကျွန်တော်ကတော့ တံတားပေါ် ကားတွေတက်ကြည့်လိုက် အောက်ကို ဆင်းလိုက်နဲ့ လုပ်နေတုန်း အသားဖြူဖြူနဲ့ နည်းနည်း ပြည့်ပြည့်ဖြိုးဖြိုး ၊ ဆံပင် ကုတ်ထောက်နဲ့ ဘဲကြီး တဗွေက ကားလှမ်းကူးလာတယ်ဗျ။ အစက သတိမထားမိပါဘူး။ သူက အပေါ် တံတားပေါ်က မကူးဘဲ အောက်ကနေ ဖြက်ကူးလာတာ။ ဒါနဲ့ ရဲဖမ်းတော့မှာပဲ ဆိုပြီး ကြည့်နေလိုက်သေးတယ်။ နောက်တော့ ဘာမှ မဖြစ်ပါဘူး။ ဒီတော့ ကျွန်တော်လည်း သတိမထားမိလိုက်ဘူး။ သူက ဒီဘက်ခြမ်းလည်း ကူးလာပြီးရော ဟိုလျှောက် ဒီလျှောက်နဲ့ လမ်းသလား နေပါတာပေါ့။ သဘောက ညနေစောင်း အပြင်းပြေ လမ်းလျှောက်နေသလိုပေါ့ဗျာ။ အေးအေး လူလူပဲ။

ဒါနဲ့ ကျွန်တော်လည်း အစ်ကို့ကို စောင့်နေရင်း လမ်းလျှောက်နေတာပေါ့။ လျှောက်နေတုန်း အနောက်ကနေ ရွှတ်...ရွှတ် ဆိုတော့ လန့်သွားတယ်။ ဘာ...လဲဟပေါ့။ ပြန်လှည့်ကြည့်တော့ အမယ်..ဆရာသမားက ကျွန်တော့်ကို ခေါ်နေတာဗျာ။ လက်ပြပြီး ခေါ်နေတာ။ လာပါဦးတဲ့။ ကျွန်တော်လည်း သေချာအောင် နောက်လှည့်ကြည့်လိုက်သေးတယ်။ ဘယ်သူလဲပေါ့။ ပြီးတော့ ကိုယ့်ကိုကိုယ် လက်ညှိုးထိုးပြလိုက်တယ်။ ကျွန်တော်လား ဆိုတော့ ဒင်းက ဟုတ်တယ်တဲ့။ အိုကေ...ဒါဆို လာပြီပေါ့။

အနားရောက်တော့ ပြော..အစ်ကိုကြီး ကျွန်တော် ဘာကူညီရမလဲ ဆိုတော့ “ အလာလား...ဆရာသမားက တန်းပြီးတော့ကို မျက်လုံးမှိတ်ပြတော့တာပဲ ၊ ပြီးတော့

“ မောင်လေး...နေရာရှိတယ် ၊ သိပ်လည်း မဝေးဘူး ကားလှမ်းကူးပြီးရင် တိုက်ခန်းရှိတယ် ၊ လိုက်ခဲ့ပါလား ၊ မုန့်ဖိုးပေးမယ်လေ ”တဲ့




အဲဒီလို နှစ်ကိုယ်ကြားလည်း ကပ်ပြောလိုက်ရော အမောင်ဆိုးသွမ်းတို့ ကြက်သီးတောင် ထသွားတယ်။ ပြီးတော့ ကမန်းကတန်း အာ...လူမှားနေပြီဗျ။ ကျွန်တော် အဲဒါတွေ စိတ်မ၀င်စားဘူး။ ဟာဗျာ...ခင်ဗျား ဘာတွေလာပြောနေတာတုန်းဆိုပြီး အော်မိအော်ရာ အော်လိုက်တော့ ဘဲကြီး ရှက်သွားလား မသိဘူး။ ကျွန်တော်လည်း ကြောက်လန့်ပြီး အတင်းကားဂိတ်ဘက် ပြေးတော့တာပဲ။ ကားဂိတ်ရောက်တော့ လူတွေကလည်း ရှိတော့ ဒီဘဲကြီး လိုက်မလာတော့ပါဘူး။ ဒါနဲ့ နောက်ကို ပြန်လှည့်ကြည့်တော့ မတွေ့မိတော့ဘူး ။ သူလဲ အခြေအနေ မကောင်းလို့ ပြေးပြီထင်ပါတယ်။

ခဏနေတော့ အစ်ကိုက ပြန်ရောက်လာတယ်။ သူရောက်လာတော့ သူ့ကို ပြန်ပြောပြလိုက်သေးတယ်။ ဆရာက ဘယ်ကောင်လဲ ၊ လိုက်ပြ ၊ ငါရှင်းမယ် လုပ်နေလို့ ။ လာစမ်းပါ အစ်ကိုရာ။ လူလိုနေတာ မင်းပါ ဟိုက ခေါ်သွားဦးမယ်။ ဟီးဟီး။ ဆိုပြီး ညီအစ်ကိုနှစ်ယောက် ပြန်လာခဲ့ကြတယ်။ စိတ်ထဲမှာတော့ တနုံ့နုံ့နဲ့ ။ ဒီဘဲကြီး ဘာတွေများ ကြည့်ပြီး ငါ့ကို ဒီစကားမျိုး လာပြောလဲပေါ့။

အဲဒီလို ဖြစ်စဉ်တွေ ကားပေါ်မှာလည်း ရှိပါတယ် ၊ လမ်းပေါ်တွေမှာလည်း ရှိပါတယ်။ အထူးသဖြင့် မြို့ထဲဘက် ညနေစောင်းချိန်ဆို သူတို့တွေကို တွေ့ရပြီပေါ့။ သတိထားကြဦးဗျို့....။




ရွှင်လန်းချမ်းမြေ့ကြပါစေ။



Friday, December 5, 2008

ကျွန်တော် ငယ်ငယ်တုန်းကတည်းက ဘ၀မှာ ကြောက်ရမယ့် သူတွေရှိနေခဲ့ရတယ်။ အသက်ကြီးလာတဲ့ အခါလည်း ကြောက်နေရတဲ့ အရာတွေ ရှိနေခဲ့တုန်းပဲ။ ဒါဟာ ကျွန်တော့်ရဲ့ မပြည့်စုံမှု ၊ အတွေ့အကြုံ မရင့်ကျက်မှု တွေနဲ့လည်း သက်ဆိုင်ချင် သက်ဆိုင်ပါလိမ့်မယ်။

ကလေးအရွယ်တုန်းက ကျွန်တော်တို့နဲ့ ၃ လမ်းကျော် အကွာက ညွှန့်ဝင်းထွန်း ၊ ဘဲဥ ၊ ကျော်မိုး ဆိုတဲ့ ကလေးတအုပ်နေကြတယ်။ တခြားနာမည်တွေတော့ မမှတ်မိတော့ပါဘူး။ ကျွန်တော် အမေက ငယ်ငယ်တုန်းက အသုပ်ဆိုင်လေး ဖွင့်ရောင်းတော့ မနက်တိုင်း ၊ ညနေတိုင်း ခေါက်ဆွဲတွေကို ဈေးမှာ သွားဝယ်ရတယ်။ ဈေးကလည်း ကျွန်တော်တို့နဲ့ မဝေးပေမယ့် ဈေးကိုသွားမယ့် လမ်းမှာ အဲဒီကလေး တစ်အုပ်နေထိုင်ကြတယ်။ သူတို့က ကျွန်တော့်ကို တွေ့တိုင်း လမ်းမှာ ပိတ်ပြီး စကြ နောက်ပြောင်ကြတယ်။ ကျွန်တော်ကလည်း ကလေးကလေး ချင်းတောင် လူကောင်က ပိုသေးတော့ သူတို့အတွက် အနိင်ကျင့်စရာ ၊ စချင်နောက်ချင် စရာဖြစ်နေတော့တာပေါ့။

သူတို့က ကျွန်တော်သွားမယ့် လမ်းမှာ ပိတ်ပြီးရပ်တယ် ၊ ပြီးရင် လက်နဲ့ တွန်းထိုးလုပ်တယ် ၊ တခါတလေဆို ဘောင်းဘီကို ဆွဲချွတ်တာတို့ ၊ လက်ထဲက အမေ၀ယ်ခိုင်းလိုက်တဲ့ ခေါက်ဆွဲထုပ်ကို ယူပြေးတာတို့ လုပ်တက်ကြတယ်။ ကျွန်တော့်မှာ ရှက်ကလည်း ရှက် ၊ ဒေါသကလည်း ထွက် ၊ အမေကလည်း နောက်ကျလို့ ဆူမှာကို တွေးပြီး ကြောက်နေရသလို ၊ ဒီကောင်တွေကို ပြန်ပြောရင်လည်း သူတို့က လူကောင်လည်း ကြီးတဲ့ အပြင် ၊ လူအုပ်ကလည်း များတာကြောင့် ၊ နောင်လည်း အမြဲတမ်းတွေ့နေရမှာ ဆိုတော့ ကျွန်တော်မှာ ပြန်လည်း မပြောရဲ ၊ သူတို့လုပ်သမျှ ငြိမ်ခံနေရခဲ့ရတယ်။ ဖြစ်နိင်ရင် အဲဒီကောင်တွေ နေတဲ့လမ်းက ကျွန်တော် မသွားချင်ဘူး။ တက်နိင်သမျှ ရှောင်ရှားခဲ့တယ်။ နောက်ပြီး အမေက ရန်မဖြစ်ရဘူး ၊ ရန်မဖြစ်၇ဘူးလို့ အမြဲတမ်း မှာထားတာ မဟုတ်လား ။ အခုတော့ သူတို့ကို ကျွန်တော် မကြောက်တော့ပါဘူး။ ကြောက်တယ်ဆိုတာထက် ကိုယ်အသားနာခံရမှာမို့ စိတ်ကို ထိန်းခဲ့ရတာပါ။ သူတို့ကလည်း အခုတော့ လူလတ်ပိုင်း အရွယ်တွေရောက်လို့ ကိုယ့်လုပ်စရာ ရှိတဲ့ အလုပ်တွေကိုယ်စီနဲ့။ လမ်းမှာတွေ့ရင် ရီပြနုတ်ဆက်ကြနဲ့။ ဒါပေမယ့် ငယ်ငယ်တုန်းကတော့ သူတို့လူစုကို ကျွန်တော်ကြောက်ခဲ့ရတယ်။




နောက်တစုကတော့ လမ်းထိပ်က လူစု။ သူတို့လည်း အတူတူပဲ ။ သူတို့လူစုက အကောင်ပိုကြီးတယ်။ လူအုပ်လည်း တောင့်တယ်။ ရပ်ကွက်ထဲမှာ သူတို့က ကလေးချင်းမပြောနဲ့ ကိုယ့်ထက်အသက်ကြီးတဲ့ လူငယ်တွေကိုတောင် အုပ်စုလိုက် ရိုက်ပစ်တာ ၊ ထိုးပစ်တာတွေ လုပ်တက်ကြတယ်။ ကျွန်တော်က အဲဒီလူစု ၂ စုတည်ရှိတဲ့ အလယ်မှာ နေရတဲ့လူ။ ဒါပေမယ့် လမ်းထိပ်က လူစုထဲမှာ ကျွန်တော်နဲ့ အမျိုးတော်တဲ့ သူရချို ဆိုတဲ့ သူပါတော့ ကျွန်တော်က သိပ်တော့ အဖြဲမခံရဘူးပေါ့။ ဒီကောင်နဲ့ကလည်း ကျောင်းက စာသင်ခန်းမှာ အတူတူထိုင်တာကြောင့် အေးရာအေးကြောင်းပါပဲ။ သူတို့လူစုက ဘဲဥတို့ လူစုထက် ပိုက်ဆံချမ်းသာကြတယ်။ ဖြစ်လာလိုက်ရင် မိဘက ပိုက်ဆံနဲ့ ရှင်းပေးနေကြဆိုတော့ အငြိမ်းပဲပေါ့။ ကံဆိုးတာကတော့ သူတို့တွေက အခုထိ ရပ်ကွက်ထဲမှာ အရက်သောက်လိုက် ၊ မိန်းမကိစ္စကြောင်လိုက်နဲ့ပဲ အခုထိ အချိန်ကုန်နေတုန်း။



နောက်တခု ကျွန်တော်ကြောက်ခဲ့ရတာက ၄ တန်းတုန်းက ကျောင်းမှာပါ။ သူ့နာမည်က တင်မိုး။ သူ့အဖေက ဆိုက်ကားနင်းပါတယ်။ ဒီတော့ သူကလည်း အားရင်အားသလို နင်းတော့ ဆိုက်ကားနင်းတော်တော် ကျွမ်းတယ်။ ပုံဆွဲလည်း အရမ်းတော်တယ်။ ကျွန်တော်တောင် ကြီးလာရင် ပန်းချီဆွဲစားလို့ မျက်နှာရလို ရငြားပြောဖူးတယ်။ သူ့ကိုကြောက်တာက ဒီကောင်က စရိုက်အရမ်းကြမ်းတယ်။ အခန်းထဲမှာ သူနဲ့ အခန့်မသင့်လို့ ရန်ဖြစ်ပြီဆိုတာနဲ့ အဲဒီဖြစ်တဲ့ကောင် မျက်လုံးညိုချင်ညို ၊ မညိုချင် တစ်နေရာရာမှာတော့ သွေးထွက်သွားအောင် သူက လုပ်ပစ်တက်တယ်။ တင်မိုးနဲ့တော့ ရန်မဖြစ်ဘူးပါဘူး။ ကျွန်တော်ကလည်း ရှောင်တာကိုး။ နောက်တခုက ကျွန်တော်က ဘောလုံးနည်းနည်းပါးပါး ကန်တက်တော့ သူက ကလေးချင်း ပိုက်ဆံကြေး ကန်ရင် ကျွန်တော့်ကို ခေါ်ခေါ်ကန်တယ်။ အခုတော့ တင်မိုးလည်း ဘယ်ဆီရောက်လို့ ရောက်နေမှန်း မသိတော့ပါဘူး။ တခါတလေ ရပ်ကွက်ထဲမှာ ဆိုက်ကားတစ်စီးနဲ့ တွေ့ရတက်တယ်။ သူက ကျွန်တော့်ကို မမှတ်မိပေမယ့် ကျွန်တော်ကတော့ သူ့ကို ကောင်းကောင်းသိတယ်။ သူကို ကျွန်တော်က ကြောက်ခဲ့ဖူးတာကိုး။

ဒါနဲ့ မူလတန်းအောင်လို့ ၊ အခြေခံပညာအထက်တန်းကျောင်းကို တက်ရပြီပေါ့။ တင်မိုးနဲ့ လွတ်ပေမယ့် ရပ်ကွက်ထဲက ကောင်တွေနဲ့တော့ အလိုက်သင့်ပေါင်းနေရတုန်းပါပဲ။ တင်မိုးရန်က လွတ်လို့ တော်တော်ပျော်ရွှင်ခဲ့ရတဲ့ ကျွန်တော်ဟာ သိပ်မကြာခင်မှာပဲ ဒုတိယတင်မိုးကို တွေ့ရတော့တာပါပဲ။ သူတို့က တင်မိုးထက် လူကောင်လည်း ကြီးတယ် ၊ စရိုက်ကလည်း ကြမ်းတယ် ၊ စာမေးပွဲကို ၁ တန်းကို ၂ နှစ်ဖြေပြီး အောင်နေကြတာ။ နာမည်တွေက ဇေကြီး နဲ့ ညီညီထွန်း။ ရိုသေမှုအရဆိုရင်တော့ ကိုဇေကြီး ၊ ကိုညီညီ ပေါ့။ သူတို့က အတန်းက မော်နီတာတွေပါ။



သူတို့ကတော့ ကျွန်တော်တို့ကို ပေါ်တင်ကြီး အနိင်ကျင့်တာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အတန်းပိုင်ဆရာမက အတန်းကို ငြိမ်အောင်လုပ်ထားဆိုပြီး အပ်ထားခဲ့လို့ကတော့ သေဖို့သာပြင်ထားပဲ။ သူတို့လက်ထဲမှာ လမ်းထဲက ရေပိုက်ထည့်တဲ့ ၁ ပေကျော်ကျော် ပိုက်ကြိုး အပြက်တွေ ရှိတယ်။ အဲဒီအပြက်တွေနဲ့ စကားများနေတာတို့ ၊ လှုပ်လှုပ်ရွရွလုပ်နေတာတို့ ဆိုရင် ရိုက်တာတို့ ၊ ကောက်ပေါက်တာတို့ လုပ်တက်တယ်။ သူ့ကို ဆရာမအပ်သွားပြီဆို အကုန်လုံးက မှောက်အိပ်နေရတယ်။ အသံလည်း မထွက်ရဘူး။ တခါ ကောင်မလေးတစ်ယောက်။ သူက ကျောင်းပြောင်းလာတာ။ အခြေအနေမသိပဲ စကားထများလို့ ဇေကြီးက အသစ်ဆိုတော့ ထဟောက်တာပေါ့။ စကားမများနဲ့ ပြောနေတာ မကြားလားဆိုတော့ ဟိုကောင်မလေးကလည်း မခံဘူး။ ဘာဖြစ်လဲ များတာ ၊ နင်အပူပါလားလည်း ဆိုရော မောင်ဇေကြီးခဗျာ အာလုံးရှေ့မှာ မိန်းခလေးက သူ့ကို ပြန်ပြောရမလားဆိုပြီး သူနဲ့နီးစပ်တဲ့ ခုံပေါ်က စတီးထမင်းချိုင့်နဲ့ မျက်နှာကို ကောက်ပေါက်လိုက်တာ ၊ တော်သေးတယ်ဗျာ ဟိုကလေးမက သိုင်းတက်တယ်နဲ့ တူတယ်။ မျက်နှာနားက ပွတ်ပြီး ထွက်သွားတယ်။

ထိများ ထိလိုက်လို့ကတော့ ဟက်တက်ပဲ။ တသက်လုံး အမာရွက် ဖြစ်ကျန်ခဲ့မယ် အခြေအနေမျိုး။ ဒါနဲ့ ဟိုကလေးမလည်း ကြောက်လန့်ပြီး ဆရာမသွားတိုင်တာ။ ဆရာမလည်း ဇေကြီးကို အပြစ်ပေးတာပေါ့။ ၂ ပင်လိမ် ကြိမ်လုံးနဲ့ကို ရိုက်တာ။ အဲဒီရိုက်ပြီးကတည်းက ပိုဆိုးလာလိုက်တာ သူတို့ကျောင်းထွက်သွားမှ သက်ပြင်းချနိင်တော့တယ်။ မနက်ဆို ကျောင်းမှာ သူတို့နဲ့ တွေ့ရမှာ တော်တော်ကို ကြောက်တာ။ အဲဒီတုန်းကတော့ တတန်းလုံး ကြောက်နေရတာပါ။ သူတို့သတင်းကတော့ ဘာမှ မကြားရတော့ပါဘူး။ စိတ်ထဲမှာတော့ မဟုတ်မခံစိတ်ရှိနေပေမယ့် အခုအခြေအနေတွေက မဟုတ်လည်း ကိုယ်ပဲ ခံရမှာဆိုတော့ ငြိမ်နေရတယ်။ တခါတလေ ယောင်္ကျားလေးကို ကိုယ်တစ်ယောက်တည်း မွေးပေးတဲ့ အဖေနဲ့အမေကို စိတ်တိုချင်တယ်။ တစ်ချို့ဆို အစ်ကိုဖြစ်ရင် ညီကကူ ၊ ညီဖြစ်ရင် အစ်ကိုက ကူနဲ့။ ကျွန်တော်ကတော့ တစ်ယောက်တည်း။

နောက်တခု ကြောက်တာက စာအုပ်ကိစ္စ။ ကျွန်တော် ငယ်ငယ်တုန်းက ညတိုင်းမဟုတ်တောင် အဖေက မောင်နှမတွေအတွက် တစ်ယောက်ကို မုန့်ဖိုး ၂ ကျပ် ဆီပေးလေ့ရှိတယ်။ အခုခေတ်နဲ့တော့ ၂ ကျပ်ဆိုတာ တော်တော် ရီဖို့ကောင်းမှာ သေချာသလောက်ပဲ။ အဲဒီတုန်းက စာအုပ်အငှားဆိုင်မှာ နောက်ဆုံးလမှ ထွက်တဲ့ ကာတွန်းဖြစ်ဖြစ် ၊ စာအုပ်ဖြစ်ဖြစ် အများဆုံး ၅ ကျပ်ပဲပေးရတယ်။ ၁ ရက်ငှားခပေါ့။ အိမ်မှာ စာဖတ်ဝါသနာ ပါသူက ကျွန်တော်တစ်ယောက်တည်း ရှိတာကြောင့် ကိုယ်တစ်ယောက်တည်း စာအုပ်ဖိုး ပေးလိုက်ရတဲ့ ငွေဟာ ၊ ကိုယ့်အတွက် စားစရာ မကျန်တော့တာကြောင့် အမြဲပဲ စာအုပ်အပ်ခါနီးတိုင်း ဒုက္ခရောက်ရတယ်။ ကလေးဆိုတော့ တခါတလေ စားစရာဝယ်စားလိုက်ရင် စာအုပ်မအပ်နိင်တော့တာကြောင့် ငွေတိုးချေးထားတဲ့ အတိုင်းပဲ ရက်ကျော်ခတွေပါ ပေးရကာ နောက်ဆုံး ၂ ကျပ်တန် စာအုပ်ခဟာ ၅ ရက်လောက်နေမှ အဖေ့ကို ပြောဖြစ်တော့ ၁၀ ဖြစ်လို့။

၃ ၊ ၄ ရက်လောက် စာအုပ်မအပ်နိင်တော့ပြီဆိုရင် ကျွန်တော့်မှာ မျက်နှာက ငိုချင် သလိုလို ဖြစ်နေပါပြီ။ စာအုပ်ဆိုင်က လာတိုင်မှာလည်း ကြောက်ရသေးတယ်။ တခါတလေ စည်းကမ်း မရှိလို့ ပျောက်သွားခဲ့ပြီ ဆိုရင် ၅၀ မျိုး ၊ ၁၀၀ မျိုးလျှော်ရတာဆိုတော့ အဖေ့ကိုလည်း မပြောပြရဲဘူး။ ဒီတော့ စာအုပ်က ဖတ်ချင် ၊ စာအုပ်ငှားဖတ်ရင် ဖြစ်လာမယ့် ပြဿာနာတွေကို တွေးပြီး ကြောက်မိတယ်။

အရွယ်ရောက်လာတော့ ကိုယ်ရတဲ့ လခလေးနဲ့ စာအုပ်တွေ ငှားရုံတင် မဟုတ်ဘဲ အပိုင်ကို ၀ယ်လိုက်တော့တယ်။ အများဆုံး ၀ယ်ဖြစ်တာက ဆရာချစ်ဦးညိုရဲ့ စာအုပ်တွေပါ။ ဒါတွေအားလုံးက ငယ်ငယ်တုန်းက ရှိခဲ့တဲ့ အကြောက်တရားတွေပေါ့။ အခုတော့လည်း ပြန်တွေးကြည့်ရင် ပြုံးမိတယ်။ ဒါပေမယ့် အဲဒါတွေကို ကျွန်တော် တကယ်ကြောက်ခဲ့ရတယ်။ နောက်တခါ အချိန်ရရင် ကြီးလာတော့ ကြောက်ရမယ့် အဖြစ်တွေကို ရေးပါဦးမယ်။

စာဖတ်သူအား အစဉ်လေးစား ၊ ကျေးဇူးတင်လျက်

Tuesday, November 11, 2008

အဖေလား ။ သူ့နာမည်က ဦးထွန်းဝင်းတဲ့။ စိတ်ဆက်တာကတော့ ပြောမနေနဲ့။ အဖေ့မျက်နှာ သုန်မှုန်နေပြီဆို ကျွန်တော် ဆိုးသွမ်းတို့ ဘယ်ချောင်ကပ်နေရမှန်း မသိဘူး။ ဘယ်လောက်တောင် ဒေါသကြီးသလဲဆိုရင် သူ့အမေ ( ကျွန်တော်တို့ အဘွားပေါ့ ) နေမကောင်းတုန်းက အိမ်ရှေ့မှာ ကုလားက “ ဒယ်အိုးဒန်ခွက်တွေ ၀ယ်တယ် ၊ သတင်းစာ စက္ကူတွေဝယ်တယ် ” လို့ဆိုပြီး အော်သွားတာ။ ဟိုကုလားကတော့ သူ့ဟာသူ အော်သွားတာပါ။ ဒါကို အဖေက သူ့အမေ နေမကောင်းဖြစ်နေလို့ အိပ်နေတာကို နှောင့်ယှက်ရမလားဆိုပြီး ကုလားကို လိုက်ရိုက်တာ။ ရပ်ကွက်က ၀ိုင်းဆွဲလို့ ကုလားလဲ ခေါင်းမကွဲ ၊ အဖေလည်း ရပ်ကွက်ရုံးမရောက်တယ်။ ငယ်ငယ်တုန်းကလည်း ၉ တန်းအောင်ပြီး ၁၀ တန်းဆက်တက်မယ်လုပ်တော့ ကျောင်းအုပ်ဆရာကြီးက လက်မခံဘူး။ အဘိုး ( သူ့အဖေကလည်း ဆုံးပါး ) မရှိတော့ အဘွားကလည်း ပြောမနိင်ဘူး။ အဖေကဆိုးတာတော့ မဟုတ်ပါဘူး။ မဟုတ်မခံစိတ်ပျင်းတာပါ။ ဒါနဲ့ ရပ်ကွက်ထဲက ဥက္ကဌက အာမခံပါတယ်ဆိုမှ ကျောင်းအုပ်ကြီးက လက်ခံတော့တယ်။ အဖေတို့များ အဲဒီလောက်ထိ နာမည်ကြီးတယ်။

သူအလုပ်က ပင်ပန်းလာလို့များ အိမ်ရောက်လို့ အနေမတက် အထိုင်မတက်တာ မတွေ့လိုက်နဲ့ လာထား ။ ဗုန်းတချက်ပဲ။ အိမ်မှာ တုတ်မထားဘူး။ အလုပ်ရှုပ်တယ်တဲ့။ သူက လက်သီးတွေ ၊ ပတ်တံတောင်တွေပဲ ထားတာ။ တခါတလေ ကံမကောင်းတဲ့ အချိန်ဆို မျိုးလှိုင်ဝင်း ကန်ချက်တွေလည်း ရနိင်ပါသေးတယ်။ :(



အဖေက သူပြန်လာရင် ခေါင်းမှာ ကျွန်တော်တို့ခေါင်းမှာ အုံးဆီ ၊ သနပ်ခါး မရှိရင် အမေ့ကို အရင်ဆူတယ်။ သူ့မိန်းမ သူဆူလို့ ဟိုက “ ကျမက လုပ်ပေးထားတယ် ၊ ရှင့်သားသမီးတွေကိုက ကမြင်းလွန်းလို့ ပျက်ကုန်တာ ” လို့များ ပြောလိုက်လို့ကတော့ ဆိုးသွမ်းတို့ ပြေးရင်ပြေး ၊ မပြေးရင် အနားမှာ ရှိတဲ့ ပစ္စည်းတွေက အကုန်သူ့လက်နက်တွေ ချည်းပဲ။ နီးရင် ခေါ်ထိုးတယ် ၊ မနီးရင် ကောက်ပေါက်တယ်။ အဲဒီလို အကျင့်ကြောင့် ကျွန်တော့် ခေါင်းမှာ အခုအသက် ၂၅ နှစ်ထိ အုန်းဆီရှိတုန်း ၊ အိမ်ပြန်ရင် မျက်နှာကို သနပ်ခါးပွတ်နေတုန်း။ အဖေပေးတဲ့ လက်တလော အမွေတွေပေါ့။

ငယ်ငယ်တုန်းက သူများ စက်ဘီးကို နေပူထဲ နောက်ကနေ လိုက်တွန်းပေးနေတုန်း အဖေအလုပ်က ပြန်လာတဲ့ အချိန်နဲ့ သွားတိုးတာ ဆိုးသွမ်းတို့ ရပ်ကွက်ပတ်ပြီး ပြေးလိုက်ရတာ ၊ နောက်ဆုံး ဘယ်လိုမှ မလွတ်တော့ ဦးလေး အိမ်အောက်ထဲကို ၀င်ပုန်းနေမှ လွတ်သွားတယ်။ ဒါပေမယ့် ပြန်လာတော့ ဗျင်းခံရတာပါပဲ။ အမေက ကျွန်တော်တို့ ငယ်ငယ်တုန်းက အသုပ်ဆိုင်လေးလုပ်ရောင်းတယ်ဗျ။ ကျွန်တော်က မနက်ဆို ခေါက်ဆွဲသွားယူ ပေးနေကြ ။ ဒီကြားထဲ ရောင်းနေရင်း ခေါက်ဆွဲကုန်သွားလို့များ ( ကျွန်တော်ကလည်း အဲဒီအချိန် ဆော့လို့ကောင်း ) နေတဲ့အချိန် “ သားလေးရေ အမေ့ကို ဈေးမှာ ခေါက်ဆွဲ ၅၀သားလောက် သွားယူ ပေးပါဦးဆို ” ဆိုးသွမ်းတို့ မျက်နှာက ရှုံတွနေပြီ ။ အဲဒီလောက် အားကိုးရတာ။ ဒါကိုအမေက မြင်တော့ “ ကိုထွန်းဝင်းရေ ရှင့်သားက ကျမ ခေါက်ဆွဲယူခိုင်းတာကို .....” လှမ်းတိုင်နေတုန်း ရှိသေးတယ် ကျွန်တော် ဈေးရောက်နေပြီ။ အဲဒီလောက် ကြောက်တာ။

အဖေလိုက်ရိုက်လို့ အိမ်ပေါ်ထပ်တက်ပြေးရင်း အပြေးလွန်လို့ လှေကားထိပ်ကနေ ပြုတ်ကျတာ ထောင်ထားတဲ့ သံပြားအဟောင်းနဲ့ ကျောကုန်းခြစ်မိတာ အခုထိ ကျောကုန်းမှာ သေရာပါ အမာရွတ်ကြီး ရှိတုန်း။ အဲဒါကို မနာနိင်ဘူး။ အဖေမိသွားမှာ ဆိုးလို့ ထပြေးတာ သွေးတွေမြင်မှ “ သားလေးလာ ၊ ပြန်လာခဲ့ ” ဆိုပြီး လေသံပျော့သွားတယ်။ အဲဒီလိုလည်း ချစ်ဖို့ကောင်းတယ်။ အဲဒီတုန်းကလည်း အမ ၁ ယောက် ၊ ညီမ ၂ ယောက်ဆိုတော့ ယောင်္ကျားလေးဆိုလို့ ကျွန်တော် ၁ ယောက်ပါတယ်။

တခါတုန်းကလည်း ၇ တန်းစာမေးပွဲကို မနက်ဖြန် မြန်မာစာဖြေမယ်ဆို စာအကုန်ရနေတော့ ဘာအလုပ်မှ မရှိတာနဲ့ အိမ်အောက်မှာ အရုပ်ဆင်းပစ်နေတာ။ အဖေအလုပ်က ပြန်လာတာနဲ့ တိုးတော့ ခြေထောက်ကနေ ဆွဲမပြီး နောက်ဖေးကို လှမ်းပစ်လိုက်တာ ၃ မိနစ်လောက် မေ့သွားတယ်။ အိမ်နောက်ဖေးမှာ ပုံပုံလေး။ တဦးတည်းသော သားဆိုတော့ ချစ်ကြပါတယ်။ ကျွန်တော်က ပဲဟင်းကို မကြိုက်ဘူး။ ဒါပေမယ့် သီးစုံကုလားပဲဟင်းကြတော့ ကြိုက်တယ်။ အိမ်မှာ တခါပဲဟင်းနဲ့ တခြားဟာတွေ ချက်တော့ အဖေက သူ့သားလေး အကောင်းများကြီးမလား ၊ အရပ်တွေများ ရှည်လာမလားလို့ ဦးဆုံး “ သားလေးလာ ” ဆိုပြီး ကျွန်တော် မကြိုက်တဲ့ပဲဟင်းတွေ ပန်းကန်ထဲ လောင်းထည့်လိုက်တာပေါ့။ အဲဒီအချိန် ကျွန်တော်လည်း “ ဟာဗျာ ဒီပဲဟင်းက ဘာလုပ်ရမှာဒုန်း ....မကြိုက်ဘူးပြောပြီး ပန်းကန်ကို ရှေ့ကို ဆောင့်တိုးလိုက်တာ ၊ အဲဒီအချိန် အဖေ့လက်ကလည်း မြန်တယ် ၊ ရွှေဓူဝံရှုံးလောက်တယ် ။ ပဲဟင်းထည့်ထားတဲ့ စတီးပန်းကန်ကို ယူပြီး ခေါင်းကို ပိတ်ရိုက်လိုက်တာ ကိုယ်ပေါ်မှာ ထမင်းလုံးတွေ ၊ ပဲဟင်းတွေ ၊ ကြာဇံဖတ်တွေနဲ့ ဖြစ်သွားပါလေရော။ ကဲ.....ကျွန်တော် မပြောဘူးလား ကျွန်တော့်အဖေ စိတ်တိုတက်ပါတယ်လို့ ။

၁၀ တုန်းကလည်း ကျူရှင်ဖိုးတွေကို ဆရာ့ဆီမပေးဘဲ ဘောလုံးချိန်းကန်ပစ်လို့ သွားတစ်ချောင်းကျိုးအောင် ထိုးခဲ့ဘူးလေရဲ့။ အော်...အဖေ အဖေ ။ ပြန်တွေးကြည့်မှ ပိုတောင်ကြောက်လာတယ်။ “ ပြောင်ချက်က ယောင်ထွက်သွားမယ်....လက်သံကို ပြောတာပါ ။း) အဲဒီလို ချစ်ဖို့ကောင်းတဲ့အဖေ။

အခုတော့လည်း လိမ်မာသွားပါပြီ။ အဖေလိမ်မာတာလား ကျွန်တော်လိမ်မာတာလား မသိဘူး။ အရင်လို မဆုံးမတော့ဘူး။ သူကလည်း သာမာန်အမြင်မတော်တာလောက် မပြောတော့ဘူး။ တခါတခါ သူက ထကြုံးဝါးသေးတယ် ။ ထွန်းဝင်း “ စနေသားကွ ၊ နေတက်ရေတက်မှာ မွေးတာ ” တဲ့။ ဘယ်ရေတက်တုန်း နေတက်တုန်းလည်းတော့ မသိဘူး။ ဟိတ်ကောင်.....ကျော်....ထွန်း ( စိတ်တိုလွန်းလို့ အလယ်က လင်း ပျောက်သွားတာ ) ခေါ်လိုက်တာနဲ့ ငြိမ်ပဲ။ မငြိမ်ရင် အဖေ့လက်သံက ပြောင်နေတုန်းပဲကိုး။

ရွှင်လန်းချမ်းမြေ့ကြပါစေ.......



Friday, August 15, 2008

( ၂ )

ရောက်ရှိလို့ လာပါတော့တယ်။ ရမ်ဘိုလို ကာဘိုင်သေနတ်ကိုကိုင် ၊ နဖူးမှာ အ၀တ်နီကြီးစည်း ၊ ကိုယ်ပေါ်မှာလည်း ကျည်ဆံတွေ အတွဲလိုက် ၊ အံကြီးကြိတ်ပြီး ချွေးတွေ သွေးတွေနဲ့ မျက်လုံးကြီး ပြူးပြီးကြည့်နေလိုက်တာ သူ့ဘေးမှာလည်း မင်းသမီးက မြေပေါ်မှာ ဖရိုဖရဲနဲ့ အနောက်က ဂျပန်တွေက အုပ်စုလိုက်ကြီး လိုက်နေတဲ့ ပိုစတာကြီးကိုလည်း တွေ့ရော “ ဟ....မောင်ဆိုးသွမ်းတို့ သိပ်စိတ်ဝင်စားသွားတာပေါ့ ” ။ ဒါနဲ့ ဘယ်အချိန်ပြမှာလဲ ဆိုတာသွားကြည့်ရင်း သူငယ်ချင်းကိုပါ အဖော်စပ်လိုက်တယ်။ ဒီကောင်ကလည်း လာထားပဲ။ ဘောကန်လည်း အတူတူ ၊ အရုပ်ပစ်လည်း အတူတူ ၊ ဂေါ်လီရိုက်လည်း အတူတူ ဆိုတော့ ချန်ထားခဲ့လို့ မရဘူး။

လာပါပြီ....စပြီဆိုတာနဲ့တင် ကိုသီဟတင်စိုးကြီးက “ ငါတို့ မျိုးချစ်တပ်သားတွေဟာ ကျူးကျော်လာတဲ့ နယ်ချဲ့ ဖက်ဆစ်တွေကို...ဘာဖြစ်မယ် ညာဖြစ်မယ် နဲ့ စလိုက်တာ ဆိုးသွမ်းတို့လည်း ကြည့်တာပေါ့။ ကျူးကျော်လာတဲ့ ဖက်ဆစ်တွေကို လူလေး ၅ ယောက် ၆ ယောက်လောက်နဲ့ ဟိုက တပ်ခွဲတစ်ခွဲလောက် ရှိတာကို အတင်းတိုက် ၊ ဒိုင်းနမိုက်နဲ့ ပစ် အားလားလား သီဟကြီးကွ ။ မနိင်ဘူးဆိုတာ မရှိဘူး။ နောက်ဆုံး ဘယ်သူမှ မကျန်ရင်တောင် သူကျန်ခဲ့မှာ သိနေတော့ အပြက်အားပေး လိုက်တယ်။ စရိုက်လေးက အဲဒီကတည်းက ပစ်ချင်ခက်ချင်နေတာ။ ဗုံးကို ခွဲလိုက်ရင် ကားခနဲ့ မြှောက်သွားတဲ့ နယ်ချဲ့ဖက်ဆစ်တွေ ကြည့်ပြီး “ သေစမ်း ၊ ရွာသားတွေ နှိပ်စက်တဲ့ကောင် ၊ မုဒိမ်းကျင့်တဲ့ကောင် ၊ ရွာကို ဖျက်ဆီးတဲ့ကောင် ” စသည်ဖြင့် စိတ်ထဲက ကြုံးဝါးပြီး သူတို့သေတာကို ၀မ်းသာနေခဲ့တာ။

နောက်ဆို ဘယ်ကားမှ မကြည့်တော့ဘဲ သီဟတင်စိုးမှ သီဟတင်စိုး။ နောက်ဆုံး မှတ်မိတဲ့ တစ်ကားဆို ဖက်ဆစ်တွေနဲ့ နောက်ဆုံးခန်းမှာ သီဟတင်စိုးနဲ့ နောက်တစ်ယောက်ပဲ ကျန်တော့တာ။ အဲဒီအချိန် နယ်ချဲ့တပ်ကြီးကလည်း ချီလာပြီ။ စစ်ကူကလည်း မလာသေး။ ဒီတခါတော့ ငါ့တို့ကောင်ကြီး ဂိန်ပြီနဲ့ တူပါတယ်ကွာ ဆိုပြီး ၀မ်းနည်းနေတာ။ အမယ် ဒါရိုက်တာက ဘယ်လက်ခံမလဲ ။ သီဟတင်စိုးက စစ်သီချင်းထဆိုတာ ဘာတဲ့ “ ရင်ဆိုင်မယ်လေ ရင်ဆိုင်မယ်လေ....ရေဆန်အတူ ဖြက်မယ် ဆိုတဲ့မင်း ” မှားလို့ ဒါက အငဲဆိုတာ။ :P မမှတ်မိတော့ပါဘူး ဘာသီချင်းမှန်း။ ဒါပေမယ့် သူတို့နှစ်ယောက်က အားနဲ့မာန်နဲ့ အကျယ်ကြီး အော်ဆိုလိုက်တာကြောင့် ဖက်ဆစ်တပ်တွေက တော်လှန်ရေးသမားတွေ အများကြီး ရှိတယ်ထင်ပြီး နေရာယူနေတာ။ မတိုက်ရဲတော့ဘူး။ ဒါနဲ့ ကိုသီဟတို့လည်း စစ်ကူတွေ လာဖို့ အချိန်ရသွားပါတော့တယ်။ အဲဒီအခန်းလေးကို စိတ်ထဲမှာ အခုထိ မြင်ယောင်နေတုန်းပါပဲ။

ဒါက ကလေးဘ၀က ဖြစ်ရပ်လေးတွေပါ။ ၁၀ တန်းတွေ ဘာတွေရောက်လာတော့ ဒွေးတို့ ၊ ရဲအောင် တို့ အပြိုင်အဆိုင်ပေါ်လာတော့ ဒွေးကို အားပေးတာပေါ့။ ဒါပေမယ့် ရွှေဘက ရွှေဘပဲ ဆိုသလို့ ကိုသီဟကားတွေကို ငှားပြီး ကြည့်မိပါတယ်။ မြန်မာနိင်ငံ လွတ်လပ်ရေး ရတာ ၁၉၄၈ က ဆိုပေမယ့် ကိုသီဟတင်စိုးကြီးကတော့ အခုထိ တော်လှန်နေတုန်းပါပဲ။ ဒါကလည်း သူ့စတိုင်ပေါ့လေ။ အဲဒီအချိန်ကတည်းက တိုင်းတပါးသားကို မုန်းတဲ့ စိတ် ကျွန်တော့်မှာ ရှိနေခဲ့တာပါ။ အသားလွတ်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကျူးကျော်လာတဲ့ သူတွေကိုပေါ့။

ဒါဟာလည်း စိတ်ထဲမှာ ခဏတာနဲ့ပဲ ပျောက်ကွယ်သွားခဲ့ပါတယ်။ စာမေးပွဲဖြေပြီး ၁၀ တန်းအောင်ရင် တက္ကသိုလ်တက်မယ်ပေါ့။ ဒွေးက အဲဒီအချိန် ကင်းကောင် ၊ ပိုးဖြူ ၊ ငှက်ပျော်ကြော် ၊ တို့နဲ့ တက္ကသိုလ်ဟာသ အချစ်ဇာတ်လမ်းတွေ ရိုက်နေတော့ ဒါလားပေါ့ တက္ကသိုလ်။ အိုကေ...ကြိုက်တယ်။ ကောင်မလေးတွေကို ဘယ်လို ကြောင်မယ် ၊ ဘယ်လိုဟာသ လုပ်မယ် ၊ ကျောင်းကလုပ်တဲ့ ဘောလုံးပွဲမှာ ဘယ်လို ခြေစွမ်းပြမယ် ဘာညာနဲ့ ၁၆ နှစ်သားဘ၀ စိတ်ကူးယဉ် ဖဲရိုက်နေတာပေါ့။ ဒါပေမယ့် ကိုသီဟကြီး ဗီဒီယိုကားတွေတော့ ကြည့်ဖြစ်နေတုန်း။

လာထား ဆိုးသွမ်းတို့ ၁၀ တန်းအောင်ပြီ။ အမှတ်စာရင်းထုတ် - ၅ ဘာသာ ရမှတ် ၃၂၀ နဲ့ ။ အမယ် မဆိုးဘူးဟ။ ရေကြောင်းသိပံ္ပ ၊ ဂျီတီအိုင် ၊ ဘာညာ လျှောက်မယ်။ အခုလောလောဆယ်တော့ ဟုတ်သော်ရှိ မဟုတ်သော်ရှိ ။ စပီကင် သွားတက်လိုက်မယ်ဆိုပြီး တောင်လုပ်မြောက်လုပ်နဲ့ ။

နောက်တော့ အိမ်ကိုလာနေတဲ့ အဒေါ်က သူ့သားတက်နေတဲ့ စစ်တက္ကသိုလ် ကိုတက်ခိုင်းလိုက်တာပါပဲ။ သေနတ်တွေ ဗုံးတွေ ပစ်ရတာ လက်ညိုးလေး ကွေးတက်တာနဲ့တော့ ပစ်လို့ရပါတယ်။ ဒါပေမယ့် နားတော့ တော်တော်အူပါတယ်။ အော်...ကိုသီဟ ကိုသီဟ။ ခင်ဗျားကတော့ ပစ်လိုက်တာ ကြဲလိုက်တာ။ တကယ်လုပ်ကြည့်မှ မလွယ်ဘူးဗျ။ ကျောင်းတက်တုန်းက ပထမဆုံး ဗုံးပစ်သင်ခန်းစာ ၀င်တော့ ဗုံးတွေ မြင်ပြီး ဒူးတုန်သလိုလို ၊ အပေါ့သွားချင် သလိုလိုနဲ့။ တကယ်လည်း ပစ်ရော ။ သူတို့သင်ပေးထားသလို လုပ်လိုက်တော့လည်း လွယ်ပါတယ်။ “ ရော့ကိုင်ထား ။ ကလစ်ကို မလွတ်နဲ့ ။ ပင်ဖြုတ် ။ ပစ် ၊ ၀ပ် ၊ အုန်း ။ ဒါပဲ။ မြန်လိုက်တဲ့ ပစ်ချက်။ ဟဟ။ ”

အဲဒါနဲ့ပဲ သီဟတင်စိုး ရိုက်ပြခဲ့တဲ့ နယ်ချဲ့တွေကို တော်လှန်တာတွေ ကြည့်ပြီး စစ်ထဲ ရောက်ခဲ့တဲ့ ကျွန်တော် ။ တိုက်ပွဲ မတိုက်ဘူးခဲ့ပေမယ့် တောစီးဖိနပ် ၊ ကျောပိုးအိတ် နဲ့ အီကွစ်မန့်ကို ၀တ်ကာ သေနတ်ကိုင်ရင်း ရှေ့တန်း ထွက်ခဲ့ဖူးပါသည်။ လည်ပင်းမှာ အနီပတ်စည်းလိုက်တာနဲ့ တက်ကြွနေခဲ့သည်။ ကျွန်တော် ထွက်ခဲ့ရာ ရှေ့တန်းဒေသ တစ်လျှောက် အယဉ်ကျေးဆုံး ၊ စေတနာ ထား၍ ဆက်ဆံခဲ့သည်။ မတရားတာလည်း ဘာမှ မလုပ်ခဲ့။ ထမင်းငတ်လျှင် သစ်ခုတ်ပြီး ရောင်းစားသည်။ ရဲဘော်တွေကို ထမ်းခိုင်း ၊ကိုယ်က လက်ပိုက်ကြည့်နေခဲ့တာ မဟုတ် ၊ ကျွန်တော်ကိုယ်တိုင် လွှဝင်ဆွဲသည်။ ချောက်ထဲက သစ်တုံးကို ဆရာကြီးတွေနဲ့ အတူတူ ထမ်းတက်ခဲ့သည်။ လူကြုံရှိလျှင် အိမ်က ပိုက်ဆံမှာသည်။ လူလေး ၆ ယောက်လောက် ရှိသည့် စခန်းမှာ ကျွန်တော်ကိုယ်တိုင် ကင်းစောင့်ဖူးသည်။ ထမင်းချက်တက်သည့် ဆရာကြီးမရှိလို့ ထမင်းငတ်နေတဲ့ သူတွေကို ကျွန်တော်ကိုယ်တိုင် ထမင်းချက်ကျွေးခဲ့ဖူးသည်။ ကျွန်တော့်အကြောင်း ကောင်းကြောင်း တွေပြောနေသည်ဟု ထင်နေလျှင်တော့ တောင်းပန်ပါသည်။ ဒါစစ်သားဘ၀မှာ ကျွန်တော်လုပ်ခဲ့တာတွေ အမှန်အတိုင်း ပြောပြချင်းဖြစ်ပါသည်။

နိင်ငံရေးကို ၀င်မပြောလို ၊ ဒါပေမယ့် ကိုယ့်နိင်ငံ ကိုယ့်လူမျိုး ကောင်းစားနေတာ ကျွန်တော်လိုလားပါသည်။ ကိုယ့်လူမျိုး ဒုက္ခရောက်တာ ကျွန်တော် မကြည့်ရက်။ ဘယ်လိုအကြောင်းတွေကြောင့်ပဲ ဖြစ်ဖြစ် အနှိမ်ခံနေရတဲ့ ၊ ပြဿာနာတွေ တန်းစီတက်နေတဲ့ နိင်ငံရပ်ခြားက ကျွန်တော့်သွေးရင်း ၊ မြန်မာတွေ အကြောင်းကို ဖတ်ရတိုင်း စိတ်မကောင်း ဖြစ်ခဲ့ရသည်။ ကောင်းပြီ.....စိတ်မကောင်းရင် မင်းရော ဘာလုပ်နိင်သလဲ မင်းလုပ်နိင်တာ လုပ်ပေးလိုက် စေတနာပါပါစေ လို့ ကျွန်တော့်ကို ကျွန်တော် ဆုံးမသည်။ စာဖတ်သူလည်း ကိုယ်တက်နိင်တာ ကိုယ်လုပ်ပေးစေချင်ပါသည်။

“ စကားတခွန်းပြောနေမှာထက် ပြန့်ကျဲနေတဲ့ အမှိုက်တွေကို တချက်လောက် လှဲလိုက်ပါ ”

လို့ပဲ ကျွန်တော် ပြောပြချင်ပါသည်။ သီဟတင်စိုး ရိုက်ခဲ့တဲ့ တော်လှန်ရေး ကားတွေကြောင့် နယ်ချဲ့တွေ ကျူးကျော်မှာကို တွန်းလှန်ချင်တာနဲ့ပဲ ကျွန်တော်စစ်တပ်ထဲ ရောက်လာခဲ့ရသည်။ အာဏာမလို ၊ အသပြာကြောင့်မဟုတ်ခဲ့ ။ အဲဒီလို လူတွေ ရှိနေပါလိ့မ်မည်။ သို့သော် သူတို့လည်း ကျွန်တော်တို့ နည်းတူ အဆဲခံ ၊ အစွပ်စွဲ ခံနေရပါဦးမည်။ ဒါတွေ ကျွန်တော် မခံစားခဲ့ပါ။ စာဖတ်သူရဲ့ လက်တဖက်ကိုပဲ ကျွန်တော်လိုချင်ပါသည်။

ကဲ....ရော့ ။ ဒါက ကျွန်တော် ကမ်းတဲ့ လက်တဖက်ပါ။

လေးစားခြင်းဖြင့်



Thursday, August 14, 2008

အဲဒီတုန်းက ကျွန်တော့်အသက် ၄ နှစ်။ အရေးအခင်းဆိုတာ ဘာမှန်းလည်းမသိလိုက်ဘူး။ ၀ိုးတိုးဝါးတားနဲ့ “ အိမ်ထဲမှာ နေကြ အိမ်ထဲက အပြင်မထွက်နဲ့ ” ဆိုတဲ့ ဦးလေးအကြီးဆုံး ၊ အဖေအမေ အစ်ကိုတွေ အမတွေရဲ့ စကားသံကိုပဲ ကြားနေရတယ်။ တခါတခါ ဂိုဒေါင်ဖောက်တယ် ဆိုတာကြားရတယ်။ ဦးလေးယူလာတဲ့ ချည်ထည် အကြမ်းထည် တွေကို မောင်နှမတွေ ဘောင်းဘီချုပ်ဝတ်ဖို့ အမေက လုပ်ပေးတယ်။ ပျော်လိုက်တာဗျာ။ အ၀တ်အသစ်တွေ ၀တ်ရတာကိုး။ ကျွန်တော်တို့ နေတာက စမ်းချောင်း ( အရင် ဂျီဘီအို ၂ ) လမ်းလို့ ခေါ်တာပေါ့။ ကြံတော သုဿန်ကြီးနဲ့ ကပ်လျက်လေ။ ကားလမ်းပဲ ခြားတယ်။ ညညဆို အဲဒီ သုဿန်ထဲက ညမွှေးပန်း အပင်ကြီးက မွှေးလိုက်တာ တစ်ရပ်ကွက်လုံး ခေါင်းတောင် မူးရတယ်။ နောက်ပြီး အဲဒီအပင်ကြီးက တပင်တည်း ထီးထီးကြီးရယ်။ ညညဆို လမ်းပေါ်ကကြည့်ရင် မြင်နေရတာပေါ့ဗျာ။

ဒီလိုနဲ့ အရေးအခင်းပြီးသွားတော့ ကျောင်းတွေ ပြန်ဖွင့်တော့ ကျောင်းပြန်တက်ရတော့တာပေါ့။ စာဖတ်သူတို့ မသိသေးတဲ့ ကျွန်တော့်လျို့ဝှက်ချက်ကြီးကို ပြောပြမယ်။ စစ်တပ်ထဲ ဘာလို့ ရောက်လာတာလဲ မမေးနဲ့ ။ ပထမဦးဆုံးကတော့ သီဟတင်စိုး လုပ်လို့ စစ်ထဲ ၀င်ခဲ့တာပါ။ အမြင်မှာတော့ ရယ်စရာကြီး ပေါ့ဗျာ။ ဒါပေမယ့် နောက်ကြောင်းဆိုတာ ရှိတယ်လေ။ အရေးအခင်းဖြစ်ပြီး စစ်တပ်အကြောင်း ကျွန်တော် ဘာမှ မသိပါဘူး။ အရွယ်က ကလေးကိုး ။ အမေပေးတဲ့ ထမင်းချိုင့်နဲ့ စားမယ်။ ကျောင်းက ရေအိုးစင်ထဲက ရေသောက်မယ်။ ပြန်လာရင် ဆော့မယ်။ ညကျရင် အိပ်မယ်။ ဒါပဲ ရှိပါတယ်။

ပြဿာနာက အဲဒီမှာ စတာ။ ကျွန်တော် ၄ တန်းလောက် ရောက်လာတော့ ဗီဒီယိုတွေ ခေတ်စားလာခြင်းပါ။ တီဗွီဆိုတာက အဲဒီတုန်းက ပိုက်ဆံရှိ လူလတ်တန်းစားလောက်မှ စသုံးဖို့ ကြံစည်ကြတာ မဟုတ်လား။ ( နိင်ငံခြားမှာတော့ ကွန်ပျူတာ ကို အဲဒီအချိန် ကောင်းကောင်း သုံးနေလောက်ပြီ ထင်တယ် ) ဒါနဲ့ ညဆိုတော့ ပျင်းတာပေါ့။ ကလေးသဘာဝ တူတူပုန်းတမ်း ကစားဖို့က မဖြစ် ( ဘာတဲ့ နတ်ဖွပ်တယ်ဆိုလား ) ကြောက်ကလည်း ကြောက်သေးတယ်။ အဖေပေးတဲ့ မုန့်ဖိုး ( ၂ ) ကျပ်ကို မောင်နှမတွေ အတူတူ ဓါးပြ တိုက်တောင်းရင်း ၄ အိမ်ကျော်က ဗီဒီယို ရုံကို ပြေးပါရောလား။ အဲဒီတုန်းက ရာဇ၀င်ကားတွေ ပြနေတဲ့ အချိန်ပေါ့။

ဟဟ ။ ဆိုးသွမ်းတို့ အကြိုက်ကတော့ ထွန်းလုံရှိန် ပဲ။ နန်းဝတ်နန်းစားနဲ့ ဖိုက်လိုက်တာလဲ သူ့ကို မနိင်ဘူး။ ဒါမျိုးမှ ကြည့်တာ။ အခုထိ ( သူရဲကားဆို - မှော်ဆရာ မပါရင် မကြည့်ဘူး။ သူရဲကို မနိင်ရင် မကြိုက်လို့ ) ။ တခါ ဘယ်သူ့ဘလော့ဂ်လည်း မသိဘူး။ တင်ထားတာက

“ တိုက်တန်းနစ်မှာ လီယိုနာဒိုကို ဘာလို့ မင်းသားတင်ရိုက်သလဲတဲ့ ”
“ စတီဗင်ဆေးလ်ဂဲကို တင်ရိုက်ရင် အားလုံးကို သူကယ်လိုက်မှာပေါ့ ” တဲ့

ဟဲဟဲ။ အဲဒီလို ဖြစ်နေပြီ။ ဒါတောင် မကြည့်လိုက်ရတဲ့ ရွှေဘကားတွေ ကြည့်ချင်နေတာ။ ကလေးပီပီပေါ့ဗျာ ရုပ်တိရှိတာတွေ မရှိတာတွေ မစဉ်းစားနိင်ဘူး။ မင်းသားထိုးလိုက်လို့ နိင်နေရင် လက်ခုပ်တီးဖို့ က အသင့်ပေါ့။ အဲဒီမှာ စပြီး ဗီဒီယို စပြီး စွဲလန်းမိတာ။ ဗျာ...အော် ဟုတ်ကဲ့။ ဖြေးဖြေးပေါ့ဗျာ။ ပြောမှာပေါ့။ ခဏလေး စိတ်ရှည်ပါဦး။ ဒါနဲ့ ညနေတိုင်း ညနေတိုင်း ကစားပြီးတာနဲ့ ဗီဒီယို ရုံတန်းသွားတော့တာပဲ။ တဖက်တလမ်းကလည်း အားကျမခံ ကာတွန်းဖတ်တယ် ၊ တီဗီဂိမ်းနှိပ်တယ်။ အဲဒီလို ကလေးဘ၀ကတည်းက အလုပ်များတာ။ ပြန်လာပြီဆို ဗီဒီယိုရုံမှာ ဘာကားတင်ထားလဲ ဆိုတာ ကြည့်ရတာ မောင်ဆိုးသွမ်းတို့ အလုပ်ပေါ့။ ဒီလိုနဲ့ တစ်နေ့တော့ ကျွန်တော့်ကို စစ်ထဲ ၀င်အောင် လုပ်ဆောင်ခဲ့တဲ့ ကိုသီဟတင်စိုးကြီးဟာ တီဗီဖန်သားပြင်ပေါ်မှာ.......



Saturday, April 26, 2008


ပြင်ဆင်စရာရှိတာ ပြင်ဆင်ပြီး အဘကို သတင်းပို့ကာ ကျွန်တော်စခန်း ချခဲ့ရာ စခန်းသစ် စခန်းဆီသို့ ပြောင်းရွှေ့ခဲ့ရပါတယ်။ တော်တော်လေးကို အောင့်အီးပြီး သည်းခံခဲ့ရတဲ့ ဂစ်တာတီးချင်စိတ်ကို အတိုးချ တီးရအောင်လည်း ကိုယ်နဲ့ တပါးတည်း ယူဆောင်ခဲ့တာပေါ့။ ဟိုရောက်တော့ ကိုယ့်တဲ ကိုယ်ပြန်သွား ၊ ပစ္စည်းတွေ ပြန်ချနဲ့ နေခဲ့ဘူးတော့ အရမ်းကြီးတော့ ရုပ်ပျက်ဆင်းပျက် မဖြစ်ခဲ့ပါဘူး။ ဆရာကြီးတွေကလည်း ကိုယ်နဲ့ လက်တွဲခဲ့ပြီးသား ဆရာကြီးတွေ ဆိုတော့ သူတို့ကလည်း ပျော်ပျော်ရွှင်ရွှင်ပေါ့။ ကာလကတော့ သင်္ကြန်ပြီးသွားတော့ ရာသီဥတုက မိုးရာသီစပြီပေါ့။ ညဆို မိုးတွေကရွာ ၊ တောင်ထိပ်ဆိုတော့ လေတွေကတိုက် ၊ တခါ ကျွန်တော်တဲမှာ ညဖက်ကြီး အိပ်နေတုန်း ၀ုန်းဆို လေတိုက်လိုက်တာ တော်တော်ပြင်းတာကြောင့် ကျွန်တော် နေတဲ့ တဲအမိုးကြီး လန်ထွက်သွားပါလေရောလား ။ ရှိသမျှ အကုန်စိုတော့တာပါပဲ။ အိပ်ရာ ၊ ဘုရားစင် ၊ လက်နက် ၊ စာအုပ် ၊ အကုန်ဆိုတာ။ မိုးတော်တော်သဲနေတဲ့ အချိန်မို့လို့ ဒီလောက်ထိ ဖြစ်သွားတာပါ။ အသံကြားတော့ ဆရာကြီးတွေက မိုးရေကြီးထဲ ရောက်လာပြီး ပြုတ်ထွက်သွားတဲ့ အမိုးကို ပြန်ကာပေးကြနဲ့ အဲဒီညက အိပ်ရေးပျက်သွားကြပါတယ်။ မိုးကလည်း တစ်ခါရွာရင် ၃ ၊ ၄ ရက်လောက် ဆက်တိုက်ရွာတာ ဆိုတော့ စောင် ၊ ခြင်ထောင်တွေကိုလည်း နေလှမ်းလို့ မရနဲ့ အဲဒီတုန်းက တော်တော် ဒုက္ခ ရောက်ခဲ့ရပါသေးတယ်။

မိုးတွေ ဆက်တိုက်ရွာတာကြောင့် ပစ်ကျင်းတွေ ထဲကို ရေတွေဝင် ၊ ခံစစ်စည်းအတွက် ကာထားတဲ့ တိုင်တွေက ယိုင်နှဲ့ကုန်လို့ မိုးရွာထဲလဲ ရှိသမျှ ပုန်းတွေ ၊ ခွက်တွေနဲ့ လူခွဲပြီး ခပ်ထုတ် ၊ တိုင်တွေ ပြန်စိုက်တဲ့ သူက စိုက်နဲ့ လူ ( ၇ ) ယောက်လေးနဲ့ လှုပ်ရှားရတာပေါ့။ ထမင်းချက်နဲ့ ကင်းသမားက လွဲလို့ ကျန်တဲ့ ( ၅ ) ယောက်နဲ့ လှုပ်ရှားရပါတယ် ။ မိုးရွာတဲ့ နေ့တွေဆို ကိုယ့်တဲမှာ ကိုယ်နေပြီး အိပ်ချင်အိပ် ၊ မအိပ်ချင်လည်း အိပ်နဲ့ အချိန်ကို ကုန်လွန်စေခဲ့ပါတယ်။ မိုးမရွာတဲ့ နေ့တွေဆိုရင်တော့ နေ့ခင်းနေ့လည်ဘက် စခန်းအလယ်ကောင်က ထိုင်ခုံစာပွဲလေးမှာ ၀ိုင်းထိုင်ပြီး အလုပ်ပြန်မစခင် အမောဖြေရင်း စကားပြောပေါ့။ အလုပ်ဆိုတော့ ဘာတွေများ လုပ်ရသလဲလို့တော့ မေးချင်မှာပေါ့။ ကိုယ့်စခန်းလုံခြုံရေးကို တက်နိင်သမျှ အကောင်းဆုံး ပြင်ဆင်ခြင်း တစ်ခုကိုပဲ အဓိက ထားလုပ်ပါတယ်။ စခန်းနား ပတ်ပတ်လည်ကိုလည်း လုံခြုံမှု ရှိမရှိ ၊ တည်နေရာ အနေအထား လေးတွေ လိုက်ကြည့်နဲ့ပါပဲ။ ဆရာကြီးတွေက အရက်သောက်တက် တာကြောင့် တခါတလေ ရွာထဲ ဆင်းဝယ်ခိုင်း ပေမယ့် စခန်းမှာပဲ ပြန်လည် သောက်ခိုင်းခဲ့ရတယ်။ ပြဿနာ မတက်စေချင်လို့ပါ။ ညနေဖက်တွေ ရာသီဥတုက သာယာတာကြောင့် ပါလာတဲ့ ဂစ်တာလေးတီးကာ သီးချင်းဆိုကြရင်း ၀ါသနာပါတာရော ၊ ဆေးဖြစ်ဝါးဖြစ်ပါ အရက်သောက်ကြတာပေါ့။ သောက်တယ်ဆိုပေမယ့် လွန်လွန်ကျွံကျွံ မဖြစ်အောင် သောက်ဖို့တော့ မှာထားရပါတယ်။ အဲဒီတုန်းက ဆရာကြီး တစ်ယောက် တီးတဲ့ သီချင်းလေးကို ကျွန်တော် တော်တော်လေး သဘောကြခဲ့သေးတယ်ဗျ။ အားလုံးလည်း နားထောင်ဖူးမှာပါ။ ကျွန်တော်ကတော့ အဲဒီအချိန်တုန်းကမှ ကြားဖူးတာ။ ညနေ နေ၀င်ချိန်လေးမှာ ဆရာကြီးက ဂစ်တာလေး ခေါက်ပြီး ဆိုတဲ့ သီချင်းလေးက ဆိုင်းစိုင်မော့စ် ဆိုထားတဲ့ “ ချယ်ရီသက်သေ မောင့်မျက်ရည် ” ဆိုတဲ့ သီချင်းလေးပါ စာသားလေးက

“ ချယ်ရီတွေ ငိုနေပြီ နန်းရယ်~~~~~ဆောင်နှင်းရဲ့ အညှိုးတွေ ကြောင့်ဖြစ်မယ်~~~~~နှင်းဆဲလို့ ရောင်နီ လာတော့မှ အငိုတိတ်နိင်မယ် ~~~တောင်ပြာတွေ ငိုပြန်ပြီ နန်းရယ်~~~~ မိုးမင်းရဲ့ အညိုးတွေကြောင့် ဖြစ်မယ် မိုးနှောင်းလို့ ဟေမာန်လာတော့မှ အငိုတိတ်နိင်မယ်~~~ အခုများတော့လေ ဝေဒနာတွေပေး ပေးရက် တယ်ကွယ်~~~~ ချစ်ရသူရယ် မုန်းရက်နိင်တယ် ~~~~~စိုင်းရင်မှာ ငိုနေတယ် နန်းရယ် နန်းလေးရဲ့ အမုန်းတွေကြောင့် ဖြစ်မယ် နန်းအပြုံးနဲ့ ပြန်ကာ လာချော့မှ အငိုတိတ်နိင်မယ် ” ဆိုတဲ့ သီချင်းလေးပါ။ ဘယ်သူ့ကိုမှ သတိရတာ မဟုတ်ပေမယ့် အချိန်အခါနဲ့ ရာသီဥတုက အလွမ်းသီချင်းဆိုတော့ စိတ်ထဲ လေးလေးလံလံတော့ ဖြစ်သွားတာပေါ့။

ကျွန်တော် စခန်းသစ်စခန်းကုန်းမှာ တာဝန်ကျတုန်းက ဘိန်းဖမ်းမှု့တစ်ခု ဖြစ်ပွားခဲ့ပါသေးတယ်။ အဲဒီတုန်းက ကျွန်တော်ကိုယ်တိုင် မပါဝင်ခဲ့ပေမယ့် ပြန်ကြားရတဲ့ သတင်းကို ရေးပြပေးလိုက်ပါတယ်။ ဖြစ်ပုံက လှုပ်ရှားစခန်းခွဲတစ်ခု ဖြစ်တဲ့ စခန်းတစ်ခုမှာ တာဝန်ကျတဲ့ ရဲဘော်တစ်ယောက်က ဘယ်က ဘယ်လိုနည်းနဲ့ သတင်းရသွားလည်း မသိပါဘူး။ ရဲဘော်ဆိုပေမယ့် နယ်မြေခံ ခွင်ကို တော်တော်လေး အတွေ့အကြုံ ရှိတဲ့ ရဲဘော်ပါ။ သူ့အဆက်အသွယ်နဲ့ ရတာလား ဘယ်သူက သတင်းလာပေးတာ လဲတော့ မသိဘူး ။ လမ်းမှာ ဘိန်းတင်ထားတဲ့ ဆိုင်ကယ်တစင်း ဖြက်သန်းမယ်ဆိုလို့ သူက ဘယ်သူမှ မသိအောင် ကင်းပုန်းသွားဝပ်ပြီး စောင့်ဖမ်းဖို့ ကြိုးစားတာပေါ့။ ညနေ ၆ နာရီလောက်ကြာတော့ သတင်းရထားတဲ့ အတိုင်း ဆိုင်ကယ်တစ်စီးလာပါတယ်။ ဒီတော့ ဒီကောင်လည်း ၀ပ်နေရာက ထွက်ပြီး ၊ စစ်ဆေးတာပေါ့။ ဟိုရှာဒီရှာ လုပ်တော့ ဆပ်ပြာတုံးအရွယ် ဘိန်းထုပ်လေးကို တွေ့ပါတယ်။ ကာလပေါက်ဈေးနဲ့ဆို ၁၀ သိန်းအထက်လောက်များ ရှိမလား မသိဘူး။

ဒါနဲ့ ဒီကောင်လည်း စစ်ဆေးမေးမြန်းပြီး ငွေစကားပြောတာပေါ့။ လူငယ်ဆိုတော့ သူလည်း ပိုက်ဆံသုံးချင်တာနဲ့ ဒါကြောင့် မင်းငါ့ကို ငွေ ၅၀၀ ပေးရင် လွှတ်ပေးမယ်ဆိုပါတယ် ။ ငွေက တရုတ်ငွေ ၅၀၀ ပါ။ ဒီတော့ ဟိုကောင်ကလည်း ငါ့ဆီမှာ အဲဒီလောက်မပါဘူး။ ၂၀၀ ကျော်ပဲ ပါတယ် ဆိုတော့ အဝေမတည့် ဖြစ်ပြီး စက်နဲ့ အဘတပ်ရင်းမှုး ရှိရာကို ဘိန်းထုပ် ဖမ်းဆီး ရမိနေပြီ ဖြစ်ကြောင်း သတင်းလှမ်းပို့ပါတယ်။ အဲဒီအချိန် ကျွန်တော်ကလည်း အဘကို ထူးခြားဖြစ်စဉ် မရှိကြောင်း စက်နဲ့ သတင်းပို့ဖို့ အတွက် စက်ကို ဖွင့်တော့ ဟိုဘက်က ရဲဘော်ပြောနေတဲ့ အသံတွေ ၀င်လာပါတယ်။ ဒါနဲ့ ကျွန်တော်လည်း နားထောင်နေတာပေါ့။ တဖက်က အဘ ပြန်ပြောတာကိုလည်း ကြားနေရပါတယ်။ အချိန်က ည ၇ နာရီ ခွဲလောက် ရှိနေပါပြီ။ သတင်းကလည်း ရနေတယ်ဆိုတော့ အဘတို့လည်း ဗျူဟာမှုးကို သတင်းပို့ပြီး ချက်ချင်း ရှာဖွေဖမ်းဆီးဖို့ ပြင်ဆင်ပါတော့တယ်။ ဒီနေရာမှာ တစ်ခုပြောပြချင်တာက....

ကျွန်တော့် တပ်ရင်းမှုးက မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ ကိစ္စတွေဆို တော်တော်လေးကို မုန်းပါတယ်။ ဘာကြောင့် သူဒီလို ဖြစ်သွားလဲလို့ ဆရာကြီးတွေကို မေးကြည့်တော့ တခါသူရှေ့တန်းထွက်တုန်းက အထက်က တာဝန်ပေးလာတာကြောင့် ဘုရားတည်ဖို့ တာဝန်ယူရပါတယ်။ ရှေ့တန်းဆိုတော့ ကိုယ်တာဝန်ယူရတဲ့ နယ်မြေအလိုက် ရှိပါတယ်။ ကိုယ့်လိုပဲ ကျန်တဲ့ နယ်မြေတွေကို တခြားတပ်ရင်းတွေက တာဝန်ယူပေါ့။ အဘက ဘုရားတည်ဖို့ ကြိုးစားနေချိန်မှာ သူတာဝန်ယူရတဲ့ နယ်မြေမှာ ဘိန်းချက်စခန်း တစ်ခုရှိတာကို ရဲက သတင်းရတော့ တာဝန်ယူရတဲ့ အဘတို့ကို သွားမပြောဘဲ နယ်မြေခံတပ်ရင်းကို သွားသတင်းပို့တော့ အဲဒီတပ်ရင်းက ရှိတဲ့ လူအင်အားနဲ့ ထွက်လိုက်သွားပြီ လက်ရဖမ်းဆီးနိင်လိုက်ပါတယ်။ ပြဿနာက ဘာဖြစ်သွားလဲ ဆိုတော့ တာဝန်ယူနေတဲ့ တပ်ရင်းက မသိရဘူးလား ၊ လက်ဘ်စား ထားလို့ မသိတာလား ဆိုပြီး စတော့တာပါပဲ။ အဲဒီမှာ အဘလည်း “ ဘုန်းကြီးအမှု ရွာပတ် ” ပြီ ဆားဗစ်ကဒ် ထိကာ ဗိုလ်မှုးရာထူးကနေ ပင်စင်ယူသွားတဲ့ အထိ မတက်တော့ပါဘူး။ အထက်က အချိန်မှီ ပြီးစီးအောင် လုပ်ခိုင်းထားလို့လည်း ဘုရားတည်နေရသေးတယ် ဖြစ်လာတော့ ဘာမှ ရှင်းပြလို့လည်း မရခဲ့ပါဘူး။ ဒါကြောင့် အဘက မူးယစ်နဲ့ ပတ်သက်လာတဲ့ ကိစ္စတွေဆို တော်တော်လေးကို မုန်းတီးခဲ့ပါတယ်။

ဒီလိုနဲ့ အဘ အပါအ၀င် ၊ ဗျုဟာမှုး ၊ နယ်မြေခံ ရဲတပ်ရင်းတို့လည်း သတင်းရတဲ့ အိမ်ကို သွားရှာကြတာပေါ့။ တရားခံတစ်ယောက်လုံး ပါနေတာတောင် အိမ်ရှင် တရုတ်လင်မယားက ဘူးခံပြီး ငြင်းနေပါသေးတယ်။ နောက်ဆုံး တစ်အိမ်လုံး မွှေနောက် ရှာတာ မတွေ့တာကြောင့် လက်လျှော့မယ် အဆုံး ကြမ်းခင်းလေး တစ်ခုက ဟနေပြီ အိတ်အစလေး တစ်ခုက ထွက်နေတာကြောင့် လှန်ကြည့်တော့မှ အောက်မှာ ဆာလာအိတ်နဲ့ တခါတည်း ပါကင်ထုတ်ပြီးသား အိတ်တွေကို သွားတွေ့ရပါတယ်။ ကာလပေါက်ဈေးနဲ့ဆို သိန်းကို သောင်းချီပြီးတော့ ရမယ့် ပိုက်ဆံအရေအတွက်ပါ။ ဒါနဲ့ အိမ်မှာ ရှိတဲ့သူ အကုန်ဖမ်း ၊ ၄ နှစ်သမီးအရွယ် သူတို့ကလေးကိုတော့ ရွာထဲက သူတို့ အဘွားတွေဆီမှာ အပ်ထားခဲ့ပြီး လင်မယား နှစ်ယောက်စလုံးကို ဖမ်းဆီး ခေါ်ဆောင်လာခဲ့ပါတယ်။ အချိန်က ည ၁၂ ကျော်နေပါပြီ။ ကျွန်တော့်စခန်းနားကို ယဉ်တန်းဖြက်တော့ လုံခြုံရေး ယူလိုက်ပြီး စခန်းအောက်မှာ ဆင်းကာ အလေးပြု သတင်းပို့ပါတယ်။ ဗျူဟာမှုးက ထူးခြားဖြစ်စဉ် ရှိမရှိ မေးပြီး အရင်ကထက် စခန်းကို ပိုမို ဂရုစိုက်ဖို့ မှာကြားကာ ပင်မဌာနချုပ်ကို မောင်းထွက်သွားပါတယ်။

အဲဒီဘိန်းဖမ်းပြီး နောက်တစ်နေ့က စပြီး စခန်းလုံခြုံရေးကို အရင်ကထက် ပိုမို ဂရုစိုက်ဖို့နဲ့ ဘိန်းဖမ်း ထားတာကြောင့် သူတို့၏ လုပ်ဖော်ကိုင်ဖက်များက ကောင်တာ ပြန်လာနိင်ကြောင်း ပြောကြားပါတယ်။ တစ်ညတော့ ကျွန်တော်လည်း မြို့ထဲကို ဆရာကြီး တစ်ယောက်နဲ့ အဖော်လိုက်သွားတာ ပြန်လာတာ နောက်ကျတာကြောင့် အဘက စိုးရိမ်ပြီး တစခန်းလုံး တပ်လှန့်ရှာတာ နောက်ဆုံး ကျွန်တော့်ကိုတွေ့တော့မှ စိုးရိမ်တာ ရပ်လိုက်ပေမယ့် အဘ လက်သီးက မရပ်ပါဘူး။ “ ခွပ် ” ဆို ပါးစောင်တည့်တည့် ကို အထိုးခံလိုက်ရပါတယ်။ သူ့စိုးရိမ်စိတ်ကလည်း လွန်လိုက်တာနော်။ အပွဲပွဲ နွှဲလာသမျှ ရွှေဘ လည်း အခုမှ ခံရတယ် ဖြစ်နေတယ်။ ထိုးခံလိုက်ရခြင်း စိတ်ထဲမှာ ၀မ်းနည်းသွားပေမယ့် ကျွန်တော့်ကို ချစ်လို့ပဲလေ ဆိုပြီး ဘာမှတော့ မခံစားရပါဘူး။

ဒီလိုနဲ့ ကျွန်တော်လည်း ရှေ့တန်းမှာ ဟိုနေရာ ပြောင်း ၊ ဒီနေရာ ရွှေ့နဲ့ ၆ လနီးပါးလောက်ပဲ တာဝန် ထမ်းဆောင်ပြီး တဲ့အခါမှာ တွယ်တာခဲ့ရသော ၊ အတွေ့အကြုံရခဲ့သော ၊ တခါတလေ ပျင်းရိငြီးငွေ့ဖွယ် ကောင်းသော ၊ ချစ်ခင်တွယ်တာခဲ့ရသော လုပ်ဖော်ကိုင်ဖက် ဆရာကြီးများနှင့် တပ်စုမှုး သင်တန်း တပ်ရန် အလို့ဌာ ဗထူးမြို့သို့ သွားရောက်ရန် အကြောင်းကြားလာတာကြောင့် မုံးကိုး ရှေ့တန်း စခန်းကို စွန့်ခွာ ခဲ့ရပါတယ်။ ပြီးပါပြီ။

ကျွန်တော် ဒီပို့စ်လေး ရေးနေစဉ် အတွင်းမှာ မရည်ရွယ်၍ပဲ ဖြစ်ဖြစ် ၊ရည်ရွယ်ပြီး ရောက်လာတဲ့သူပဲ ဖြစ်ဖြစ် ၊ ကော်မန့်ရေးပေးတဲ့ ချစ်စွာသော ဘလော့ဂ်ဂါ ညီအစ်ကိုမောင်နှမတို့အား လှိုက်လှဲစွာ ကျေးဇူးအထူး တင်မိကြောင်းနှင့် အကြောင်းအမျိုးမျိုးကြောင့် စာမရေးနိင်ခြင်းကို စိတ်ရှည်သည်းခံစွာ ဖတ်ရှုပေးတဲ့ အတွက် ထပ်မံဝမ်းသာမိပါကြောင်း ပြောကြားအပ်ပါသည်။ ကိုယ် ၊ စိတ် ၊ နှလုံး သုံးပါးလုံး ကျန်းမာချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေလို့ ဒီနေရာကနေ ဆုတောင်းရင်း.........



Wednesday, April 23, 2008


အရေးကြီး လှုပ်ရှားဖို့ ကိစ္စတွေ မရှိတဲ့ အခါ စခန်းလုံခြုံရေးအတွက် ခံစစ်ကို အကောင်းဆုံး ပြင်ဆင်ရင်း တစ်နေ့ပြီး တစ်နေ့ ရှေ့တန်း ရက်များကို ကြေးနန်းပို့လိုက် ၊ ခံစစ်ပြင်လိုက်နဲ့ အချိန်ကုန်ခဲ့ရပါတယ်။ တခါတလေ အဘကိုယ်တိုင် လက်အောက် စခန်းတွေဆီကို သွားရောက်စစ်ဆေးတဲ့ အချိန် လိုက်ရတာက လွဲလို့ ကျန်တာ မယ်မယ်ရရ ဘာမှ လုပ်ရတာတော့ မရှိပါဘူး။ အနက်မိုးလင်းလျှင် သစ္စာဆို ၊ နောက်တော့ ကိုယ့်စီတာဝန်ခွဲ ၊ နေ့လည်း ထမင်းစား ၁၂ ခဏတန်းဖြုတ် ၊ နေ့လည် ၁ နာရီ အလုပ်ပြန်စ ၊ ကင်းစောင့်တဲ့ သူက စောင့် ၊ ထမင်းချက်တဲ့ သူကချက် ၊ ကျွန်တော်ကတော့ ရုံးအလုပ်လည်း လုပ် ၊ ဖက်ထိတ် ပေးတာလဲ လုပ်ပေါ့ဗျာ။ ဖက်ထိတ် ဆိုတာက တပ်မတော်မှာ အမြဲတမ်း ကြားနေရတဲ့ စကားလေး တစ်ခွန်းပါ။ အရပ်သားစကားနဲ့ ပြောရမယ်ဆိုရင်တော့ အလုပ်လုပ်ရတာပေါ့။ စနေ နေ့မနက်တိုင်း သင်တန်းကျောင်းတွေမှာ တန်းစီပြီး ဟိုနေရာကို ရှင်း ၊ ဒီပစ္စည်းတွေ ဟိုသယ် ၊ ဟိုပစ္စည်းတွေ ဒီပို့နဲ့ လုပ်ရတာပါ။ နွေရာသီထဲ မရောက်လာသေးပေမယ့် မြန်မာရာသီဥတုက ပူပူနဲ့ နေပူပူ လေပူပူမှာ အလုပ်တွေ လုပ်လိုက် ၊ သစ်ပင်ရိပ်မှာ ထိုင်ပြီး ဘာဆက်ဖြစ်မယ် မသိသေးတဲ့ ဘ၀အကြောင်းကို တွေးကြည့်လိုက် ၊ ဌာနေက မိဘညီအစ်ကိုမောင်နှမတွေနဲ့ သူငယ်ချင်းတွေ ဒီအချိန် ဘာလုပ်နေကြမလဲ ဆိုတာကို တွေးလိုက်နဲ့ တခါတခါ ၀မ်းနည်း သလိုလိုတော့ ခံစားခဲ့ရပါတယ်။ ဂစ်တာကလည်း အဘက ဆူထားတော့ မတီးရဲဘူး။ သူနဲ့ စခန်းပြောင်းရတဲ့ အခါမှ အပိုင်တီးမယ်လို့တော့ ဆုံးဖြက်ထားရင်း တစ်နေ့တော့......

“ ဟေ့ကောင် ဗိုလ်ကြောင် ၊ အခုချက်ချင်း လူစု ၊ လက်နက်တိုက်ဖွင့် ၊ သေနတ် အကုန်ထုတ်ထား ၊ လက်နက်ကြီး တွေကလွဲလို့ ကိုယ်ပိုင် လက်နက်တွေ အကုန်ထုတ် ၊ ပြီးရင် တန်းစီထားနှင့် ငါလာခဲ့မယ့် ” ဆိုပြီး နေ့လည်ထမင်းစားချိန်ကြီး အဘက အရေးပေါ် အမိန့်ပေးလာတာကြောင့် ကျွန်တော်လည်း ၀ီစီမှုတ် ၊ ဆရာကြီးကို ခေါ်ပြီး တဆင့် ထပ်မှာ ၊ ကိုယ်တိုင်လည်း Equipment လွယ် ၊ ပစ္စတိုကျည်စစ် ပြီး တန်းစီကွင်းကို ထွက်လာခဲ့ပါတယ်။ ဟိုရောက်တော့ ရှေ့ကြည့် သတိခေါ်ပြီး တန်းအပ်ဖို့ အဘကို စောင့်နေလိုက်ပါတယ်။ တအောင့်နေတော့ အဘက ဗျူဟာက ပြန်လာပြီး စကားပြောတာက

“ ဘယ်သူတွေ နေခဲ့ ၊ ဘယ်လူက ဘာလုပ်ထား ၊ စက်သမားက စက်ကို ကားပေါ်တင် ၊ ကားဘယ်နှစ်စီးမှာ လူက ဘယ်လို ခွဲလိုက်ရမယ် ” ဆိုပြီး ဒီလောက်ပဲ ညွှန်ကြားပါတယ်။ ကျွန်တော့်ကိုလည်း ဘာမှ မပြောပါဘူး ။ ဒီတော့ ကျွန်တော်လည်း သူခိုင်းတာပဲ လုပ်ရတာတော့တာပေါ့။ ကားလာတော့ သူ့အနောက်က ခုံမှာ ထိုင်ရင်း ကိုယ်လည်း သေနတ်ကို အဆင်သင့်နဲ့ ရမ်ဘို နဲ့ပဲ ယှဉ်ပစ်ရတော့မလိုလို စိတ်ဓတ်တက်ကြွနေတာ။ ကားက အချိန်တော်တော် ကြာကြာကို မောင်းရပါတယ်။ လမ်းက တောင်ပေါ်လမ်းတွေ ဖြစ်တဲ့ အပြင် စနစ်တကျ ဖောက်လုပ်ထားတာ မဟုတ်ဘဲ ထော်လာဂျီ ၊ လှည်း တို့လောက် သွားလို့ရအောင် လုပ်ထားတဲ့ အပြင် တခါတလေ တဖက်မှာ တောင် ၊ တဖက်မှာ ချောက် ၊ လမ်းက ကျောက်ခင်းလမ်း ဖြစ်တဲ့ အခါ ဖြစ်နဲ့ ကားသမားလည်း တော်တော်လေးကို သတိထားမောင်းနေ ရသလို ကျွန်တော်တို့လည်း ဘုရားစာ ဆိုပြီး လိုက်လာခဲ့ရတယ်။ အဲဒီအချိန်အထိတော့ ကျွန်တော်တို့ စစ်သားတွေချည်းပါပဲ။

“ ဖောင်းဆိုင် ” ဆိုတဲ စခန်းခွဲ တစ်ခုကိုရောက်တော့ ရဲစခန်းထဲကို မောင်းဝင်သွားပြီး အဘနဲ့စခန်းမှုး စကားပြောကြပြီး အတူ ပြန်ထွက်လာပါတယ်။ ရဲတပ်သား ၅ ယောက်လောက်ကိုလည်း ၀တ်စုံပြည့် လက်နက်တွေနဲ့ ကားပေါ်တက်ခိုင်းပြီး ဆက်လက် ခရီးထွက်လာခဲ့ပါတယ်။ ရဲတွေပါ ပါလာပြီဆိုတော့ ဇာတ်လမ်းက ပိုရှုပ်သွားတယ်ဗျ။ ဘာဖြစ်မှန်း မသိဘူး။ တစ်ခု စဉ်းစားမိတာက အင်းအားမလောက်လို့ ခေါ်တာလား ဆိုတာပါပဲ။ ဒါနဲ့ ကားတန်းဟာ ဆက်လက် ထွက်ခွာလာခဲ့ပါတယ်။ အချိန်တော်တော်ကြာ မောင်းပြီးတော့ ရွာတစ်ရွာ အ၀င်လမ်းမှာ ခဏနားပြီး ဗျူဟားမှုးဆီကို စက်နဲ့ သတင်းပို့ပါတယ်။ ၁၀ မိနစ်လောက် ကြာပြီးတဲ့ အခါမှာတော့ ဗျုဟာမှုးကား ရောက်လာပြီး ဆွေးနွေးကြပါတယ်။ ကျွန်တော်နဲ့ ကျန်တဲ့သူတွေကတော့ ရပ်ကြည့်ပေါ့။ ကိုယ့်အဆင့်နဲ့ ကိုယ်လေ သိတယ် မဟုတ်လား။ ဒီလိုနဲ့ ဗျုဟာမှုးနဲ့ လုံခြုံရေး အဖွဲ့တွေက တစ်လမ်း ၊ ကျွန်တော်တို့က တစ်လမ်း ခွဲသွားရပါတယ်။ ကားပေါ်ရောက်တော့မှ အဘက “ ဗျူဟာမှုးတို့က သစ်ကားများ ဖြက်နေသည်ဟု သတင်းရသောကြောင့် ဖမ်းဖို့ သွားတာ ဖြစ်ပြီး ၊ ကျွန်တော်တို့ကတော့ လောင်းကစားဝိုင်းတစ်ခု တရုတ်-မြန်မာနယ်စပ် သံလွင်မြစ်ဘေးတွင် အကြီးအကျယ် ကျင်းပနေကြောင်း သတင်းရ၍ သွားရောက် ဖမ်းဆီးရန် တာဝန်ပေးလာသောကြောင့် ယခု သွားရခြင်း ဖြစ်ကြောင်း ” ပြောပြပြီး ဟိုရောက်လျှင် ၀င်ဆီးမိတာနဲ့ စစ်သည်တွေကို လုံခြုံရေးကို ချက်ခြင်း တာဝန်ယူခိုင်းရန် ၊ မှတ်တမ်းတင် ဓတ်ပုံရိုက်ရန် မှာကြားပါတယ်။ ကျွန်တော်လည်း ရင်တခုန်ခုန်နဲ့ ဘယ်လိုတွေများ တွေ့ရမလဲလို့ စိတ်ဝင်စားနေတာပေါ့။ ဒီလိုနဲ့ နောက်ထပ် မိနစ် ၂၅ လောက်လဲ မောင်းပြီးရော သံလွင်မြစ်ဘေးကို ရောက်လာပါတယ်။ အဲဒီနားမှာ ဆိုင်တန်းလို အစုအဝေးလေးကို တွေ့လိုက်ရတာနဲ့ ကျွန်တော်တို့လည်း ကားကို ချက်ခြင်း အတင်းမောင်းဝင်ပြီး သေနတ်တွေနဲ့ ချိန် ၊ အလစ်ဝင်စီးကြတာပေါ့။

အဲဒီနားမှာပဲ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုက တပ်သားတစ်ယောက်က သေနတ်နဲ့ ဘေးချပြီး တခြားတစ်ယောက်နဲ့ စကားပြောနေတာကို တွေ့လိုက်တာနဲ့ လက်မြန်တဲ့ ရဲဘော်တစ်ယောက်က ချက်ခြင်း သေနတ်ကို ကောက်သိမ်း ၊ ဒီကောင့်ကိုဖမ်း ၊ ရုတ်တရက်ဆိုသလို ထပြေးတဲ့ လူတွေက တရုတ်နယ်ထဲ ၀င်ပြေးတာ လောင်းကစားသမားတွေ တော်တော်လွတ်သွားတယ်ဗျာ။ အဲဒီနားမှာ တံတားဆောက်ထားတော့ အလွယ်တကူ ၀င်ပြေးတော့ ကျွန်တော်တို့က ၀င်ဖမ်းလို့ မရဘူးဖြစ်နေပါတယ်။ တရုတ်က သူ့နိင်ငံထဲ သူ့နိင်ငံသားတွေ ၀င်ဖမ်းတယ်ဆို ပြဿနာက ရှည်လာတော့မှာကြောင့် လောင်းကစားဝိုင်း ခေါင်းဆောင်ကိုပဲ လက်ရ ဖမ်းဆီးလိုက်ပါတယ်။ တခုထူးထူး ခြားခြားတွေ့ရတာက တဖက်တဲတန်းက လောင်းကစားဝိုင်း ၊ ၆ ၀ိုင်းလောက်ရှိတယ် ၊ ခုံတွေက တကယ့်အကောင်းစားတွေ ၊ လုပ်နေတာလဲ တော်တော်ကြာပြီ ထင်ပါတယ်။ အဲဒီဝိုင်းတွေနောက်မှာ ရေပူရေအေး ချိုးတဲ့ ရေချိုးခန်းတွေ ရှိပြီး မျက်နှာချင်းဆိုင် တဲတန်းမှာတော့ စားသောက်ဆိုင်လိုလို ၊ တဲလိုလို ဟာမျိုးလေးတွေ စီတန်းစွာ တည်ရှိနေပြီး တဲရှေ့က ခုံတန်းပေါ်မှာ အသက် ၅ နှစ်ကနေ ၆၀ နှစ်အထိ ကလေး လူကြီး ကျားမ စုံနေအောင် ထိုင်နေတာ တွေ့ရပြီး အ၀တ်အစားတွေကလည်း တောထဲ ချောင်ထဲမှာ နေလို့လား မသိဘူး တော်တော်လေးကို ညစ်ပတ် စုတ်ပြက်နေပါတယ်။ အများအားဖြင့် မိန်းခလေးတွေ ပိုများပါတယ်။ အရွယ်အားဖြင့် ၁၆ နှစ်ကနေ ၂၀ လောက်က အဲဒီအထဲမှာ တော်တော်ပါပါတယ်။ လူတိုင်းနီးပါး စုတ်ပြက်နေတာ မဟုတ်ပေမယ့် အဲဒီအရွယ်မိန်းခလေးတွေက ပြင်ထားဆင်ထားကြတာ ( ကန့်တော့ပါရဲ့ - မကောင်းတဲ့ မိန်းခလေးလို ) ပုံစံမျိုးတွေပါ။ မြန်မာစကားလည်း တစ်လုံးမှ မတက်ကြပါဘူး။ ကျွန်တော်တို့ကို တွေ့တော့ ပုန်းတဲ့ သူက ပုန်း ၊ ထိုင်ကြည့်နေတဲ့ သူက ကြည့်နဲ့ ကျွန်တော်လည်း သူတို့ကို လိုက်ကြည့်ပြီး စိတ်တော့ တော်တော် မကောင်း ဖြစ်မိပါတယ်။ ဒါပေမယ့် ကျွန်တော်လည်း ဘာတက်နိင်မှာလဲ ။ ဒါကြောင့် ကိုယ့်ကို တာဝန်ပေးထားတဲ့ အတိုင်း လုံခြုံးရေးကို တာဝန်ယူ ၊ မှတ်တမ်းတင် ဓတ်ပုံရိုက် ၊ တရားခံ စောင့်ကြည့်နဲ့ ဒါပဲ ရှိတယ်။

လောင်းကစားဝိုင်းဆိုတဲ့ အတိုင်း ပိုက်ဆံတွေကတော့ သောက်သောက်လဲဗျာ။ အားလုံးက အနီရောင်တွေ ချည်းပဲ ။ အနီရောင်ဆိုတာ တရုတ်ငွေ ၁၀၀ တန်ပါ။ မြန်မာငွေဆို ၁ သိန်းပေါ့ဗျာ။ အဲဒီမှာ အဘက ကျွန်တော့်ကို ငွေတွေ ရေတွက် သိမ်းဆည်းတဲ့အထဲ မလုပ်ခိုင်းပါဘူး။ ငယ်ငယ်ရွယ်ရွယ်နဲ့ ပိုက်ဆံနောက် လိုက်သွားမှာ စိုးရိမ်လို့ နေမယ်ထင်ပါတယ်။ ပါလာတဲ့ စခန်းမှုးနဲ့ တပ်ကြပ်ကြီးတစ်ယောက်ကို ရေခိုင်းပါတယ်။ လောင်းကစား ၀ိုင်း ဒိုင်ကလည်း မြန်မာလိုမတက်ပဲ သူ့သူဌေးဆီကို ဖုန်းဆက်ချင်ကြောင်း တရုတ်လိုလို တတွင်တွင် ပြောနေပါတော့တယ်။ ကျွန်တော်လည်း တရုတ်လို တက်လို့တော့ မဟုတ်ပါဘူး။ လုပ်သက်ရင့်နေတဲ့ ဆရာကြီးက ပြောပြလို့ သိတာပါ။ ဒါနဲ့ စခန်းမှုးက သူတို့ ရဲတွေ လုပ်နေကြ သက်သေယူ ၊ မှုခင်းရေး အစရှိတာတွေ လုပ်ဆောင်ပြီး ကျွန်တော်တို့လည်း ပြန်လည် ထွက်ခွာလာခဲ့ပါတယ်။ ကျွန်တော်တို့ ပြန်သွားရင်တော့ ဘာတွေ ပွတ်လောရိုက်ပြီး ကျန်ခဲ့မလဲဆိုတာတော့ မတွေးတက်တော့ပါဘူး။ စခန်းရောက်တော့ လောင်းကစားငွေတွေကို ရေတွက်ကြည့်တာ ( ၁၀၀ ) တန် အနီရောင် အရွက်ချည်းပဲ ၁၅၀၀ ကိုတွေ့ရပါတယ်။ ကာလပေါက်ဈေးနဲ့ဆို သိန်း ၁၅၀၀ ကျော်ပါတယ်။ ဒါတောင် ၅၀ တန် ၊ ၂၀ တန် ၊ ၁၀ တန် ၊ အရွက်ပေါင်းကတော့ အသေးစိတ် မမှတ်မတော့ပါဘူး ။ ဒါပေမယ့် ရာနဲ့ ချီတာတော့ သတိရပါသေးတယ်။

Khakhu

ဒီပုံမှာတော့ ဘိန်းပါမယ်ထင်ပါတယ်

နယ်စပ်ဒေသ အစွန်အဖျား နေရာများမှာ မဖွံဖြိုး မတိုးတက်သေးတာကြောင့် စီပွားရေးအရ အသက် မွေးဝမ်းကြောင်း ပြုရာတွင် ဘိန်းစိုက်ပျိုးခြင်း ၊ ထင်းခုတ်ခြင်း နဲ့ တောင်ယာလုပ်ငန်းအားဖြင့် အနည်းငယ်သာ လုပ်ကိုင်ကြတာကို တွေ့ရပါတယ်။ အခုပြောပြချင်တာက ဟိုတလေက ကိုစိုးထက် ဘလော့ဂ်မှာ လေမှုတ်တူရိယာ များဆိုပြီး တင်ထားတုန်းက ကျွန်တော်ရှေ့တန်းမှာနေတုန်း တရုတ် ၊ ရှမ်း လူမျိုးတွေ Khakhu ရူတာကို သတိရမိပါတယ်။ ကျွန်တော်လည်း လုပ်ဖူးတယ် ရှိအောင် တခါတော့ ရှုကြည့်ခဲ့ပါသေးတယ်။ ခတ်ပုန်ပြောင်းတွေကို တရုတ်နဲ့ နယ်စပ်နေတဲ့ ကချင်ပြည်နယ် ၊ ရှမ်းပြည်နယ်တွေမှာ အလွယ်တကူ တွေ့နိင်ပါတယ်။ ရှုတဲ့ ပြောင်းဆေးကတော့ တန်ဖိုးအလိုက်ရှိပြီး ၊ ပြောင်းတံကလည်း အလှလုပ်ထားရင် လုပ်ထားသလို ဈေးအမျိုးမျိုးရှိပါတယ်။ ဆေးရွက်ကြီးတွေကို ပြောင်းထိပ်က အပေါက်လေးထဲမှာထည့် မီးရှို့ပြီး တဖက်အပေါက်က ပါးစပ်နဲ့ လေလုံအောင် ပိတ်ကာ စုပ်ရတာပါ။ အမှုန်အမွှားတွေက ဘူးထဲက ရေကို ဖြက်သန်းတဲ့ အခါမှ ကျန်ခဲ့ပြီး အငွေ့တခုတည်းကိုသာ လူ့ပါးစပ်ထဲကို ရောက်စေတာကြောင့် သောက်သုံးတဲ့သူဟာ ကျန်းမာရေး ထိခိုက်မှု့နည်းသလို သက်ကြီးရွယ်အို အဘိုးအဘွားကြီးတွေမှ အစပြုကာ သောက်သုံးကျတာကို တွေ့မြင်နိင်ပါတယ်။ အိမ်တစ်လုံးမှာ အနည်းဆုံးတော့ ခတ်ပုန်ရှုတဲ့ ပြောင်းဟာ ၂ ခုလောက်တော့ ရှိတက်ကြပါတယ်။

လောင်ကစားဝိုင်းက ပြန်လာပြီးတော့ ကျွန်တော်တို့လည်း ရလာတဲ့ ငွေတွေကို ဗျူဟာကို ပို့ရပါတယ်။ သူတို့ကလည်း သူတို့ထက် ကြီးတဲ့ တိုင်းစစ်ဌာနချုပ်ကို ပြန်ပို့ရမယ်နဲ့ တူပါတယ်။ အဲဒီနေ့ပြီးတော့ ကျွန်တော်လည်း လာရာ စခန်းသစ် စခန်းကုန်းကို ပြန်ပြီး စခန်းထိုင်ဖို့ အဘက ညျွန်ကြားလာတာကြောင့် လေးလပတ် အစည်းအဝေးမသွားခင်တုန်းက နေခဲ့ရတဲ့ စခန်းသစ် စခန်းကုန်း ကို ကျွန်တော်လည်း ပြန်လည် ခြေချခဲ့ရပါတယ်။

ဆက်ရန် “ ဇာတ်သိမ်း ”

လာရောက်ဖတ်ရှု့ကြသော ချစ်စွာသော ဘလော့ဂ်ဂါ ညီအစ်ကို မောင်နှမများအား လေးစားစွာ အထူးကျေးဇူးတင်မိပါကြောင်း ဒီနေရာမှနေ၍ တက်နိင်သလောက်ပဲ ပြောကြားလိုက်ပါတယ်။ စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေ။ မကြာမီ ဇာတ်သိမ်းတော့မှာ ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ် ပါသည်။ စောင့်မျှော်ဖတ်ရှု့ခြင်းမှ ကင်းဝေးကြပါစေ။း)


Friday, April 11, 2008


တစ်ညတော့ ကျွန်တော်လည်း မနက်ဖြန် ရုံးပြန်တက်ရမှာ ဖြစ်တာကြောင့် ရုံးတက်ဖို့ အ၀တ်အစားတွေ ပြင်ဆင်နေပါတယ် ။ အဲဒီအချိန်တုန်းက နာရီက ည(၁၁) ကျော်လောက်တော့ ရှိမယ်ထင်တယ်။ ညကလည်း ညနက်နေပြီ ။ မီးကလဲမရှိတော့ ၊ နေတော့လည်း ကိုယ်တစ်ယောက်တည်းဆိုတော့ စိတ်မခြောက်ခြားအောင် ဖရောင်းတိုင် မီးတွေ ထိန်နေအောင် ထွန်းရင်း တစ်ယောက်တည်း သီချင်းလေး တညည်းညည်းနဲ့ အလုပ်လုပ်နေမိပါတယ်။ ခဏကြာတော့ လေတွေ တော်တော်တိုက်လာတာကြောင့် အပြင်မှာ ထွန်းထားတဲ့ ဖရောင်းတိုင် မီးတွေ ငြိမ်းကုန်ပါတယ်။ ဒါနဲ့ ကျွန်တော်လည်း အခန်းတံခါးပိတ်ပြီး အခန်းထဲမှာပဲ ဖရောင်းတိုင် ၃ တိုင်လောက် ထွန်းထား လိုက်တယ် ။ အဲဒီအချိန်တုန်းက ကျွန်တော်တို့ အခန်းတွေ အားလုံးက လိုက်ကာ ၊ စောင် ၊ ခေါင်းအုံး ၊ ခြင်ထောင် ၊ အိပ်ရာခင်း ၊ သဘက် အကုန်အကုန်လုံး အဖြူရောင်တွေ ချည်းပါပဲ။ လေကလည်း ဘယ်ကနေ ဘယ်လို စိမ့်ပြီး တိုက်နေလဲ မသိပါဘူး။ ခန်းဆီး စတွေက လှုပ်လှုပ်သွားတယ်။ ဒီတော့ နဂိုကတည်းက တစ်ယောက်တည်း နေရလို့ ကြောင်တောင်တောင် ဖြစ်နေပါတယ် ဆိုမှ အတွေးတွေက လျှောက်တွေးတော့ တာပေါ့။ အဲဒီအချိန်မှာဆို တစ်စုံတစ်ယောက်ကပဲ ပြတင်းပေါက် အပြင်ဘက်ကနေ ကိုယ့်ကို ကြည့်နေသလိုလို ခံစားမိလာတယ်။ ဒါနဲ့ ကျွန်တော်လည်း စိတ်ရှင်းသွားအောင် ဖရောင်းတိုင်မီး ယူပြီး အပြင်ကို ထွက်ကြည့် လိုက်ပေမယ့် ဘာမှ မရှိပါဘူး။ ဘာရှိမှာလဲ ကိုယ်က ကြောက်နေတာကိုး။

ဒါနဲ့ ဖိနပ်တိုက် ၊ ခါးပတ်တိုက် ၊ နောက်ဆုံး အားလုံးပြင်ဆင်ပြီးတော့ အကျီကို တိုင်မှာ ချိတ်အပြီး ခြေလက်မျက်နှာ သစ်ဖို့ တံခါးကို ဖွင့်မယ် အလုပ်မှာ “ ဟင်းးးးးးးးးး ” ဆိုပြီး ညည်းသံကို ပေါ်တင်ကြီး ကြားလိုက်ရတယ်ဗျ။ ပေါ်တင်ကြီးဆိုတာက ခိုးကြောင်ခိုးဝှက် သဘောမျိုး မဟုတ်ဘူးပေါ့။ တိုးတိုးလေး မဟုတ်ဘူး။ အကျယ်ကြီး ကြားလိုက်ရတာကို ပြောတာပါ။ ပြန်တွေးမိရင် ရေးရင်းနဲ့တောင် ကြက်သီးထမိပါရဲ့။ ဒါနဲ့ ကျွန်တော်လည်း တော်တော် ကြောင်သွားတယ်။ ဟ....ပေါ်တင်ကြီးပါလားပေါ့ ။ ပြီးတော့ ဒီအခန်းတွေ မှာလည်း လူရောက်နေတယ် လို့လည်း မကြားမိပါဘူးပေါ့။ ဒါနဲ့ အသံကတော့ ပေါ်တင်ကြီး ကြားလိုက်ပေမယ့် ငါနားကြားလွဲတာ ဖြစ်မှာပါလေ ဆိုပြီး မျက်နှာသစ်ဖို့ ရေချိုးခန်းထဲကိုဝင် ကိစ္စပြီးတော့ အခန်းပြန်အထွက် နောက်တစ်ခါ “ ဟင်းးးးးးးးးးးး ” ဆိုတဲ့ အသံကြီးကို ထပ်ကြားလိုက်ပါတယ်။ အင်း..ပထမက နားကြားလွဲလို့ ။ ဒုတိယတစ်ခါကတော့ မဟုတ်တော့ဘူး ဆိုပြီး ကျွန်တော်လည်း ငြိမ်နေတာပေါ့။ သရဲခြောက်တာ ဆိုရင်တော့ ငါ နောက်တစ်ခါ သေချာပေါက်ကြား ရဦးမှာ ဆိုပြီး ငြိမ်နေလိုက်တယ်။ ဒါနဲ့ သိပ်မကြာပါဘူး နောက်တစ်ခါ “ ဟင်းးး ” ဆိုတဲ့ အသံလဲ ကြားရော ကျွန်တော်လည်း တခါတည်း ထွက်ပြေးတာ အခန်းတံခါးတောင် မပိတ်ခဲ့ဘူး။

သူခိုးသာဆို တော်တော် ပျော်မဲ့ အခြေအနေမှာ ရှိလောက်တယ်။ ကျွန်တော်ကလည်း တချိုးတည်း ဆရာကြီး အိပ်နေတဲ့ အဆောင်ကို ပြေးသွားပြီး ဆရာကြီးကို အကျိုးအကြောင်းပြောပြတာပေါ့။ ဒီလို ဒီလိုပဲ အသံကြားတယ်လို့ ဆရာကြီးလိုက်ခဲ့စမ်းပါလို့ ပြောပြီး ၂ ယောက်သား ဓတ်မီးနဲ့ အဆောင်ကို ပတ်ရှာကြတာပေါ့။ လူလား သရဲလားဆိုတာ သိအောင်လို့ပါ။ ဒါပေမယ့် လူတော့ မတွေ့ပါဘူး။ လူမတွေ့မှာတော့ သရဲလို့ပဲ ပြောရမလားဖြစ်နေပြီ မဟုတ်လား။ ဒီလိုနဲ့ ကျွန်တော်လည်း ဆရာကြီးကို အခန်းထဲမှာ ဟိုဘက်ကုတင်မှာ အိပ်ခိုင်းပြီး တစ်ညကုန်လွန်လိုက်တယ်။ နောက်နေ့က စပြီး ဗဟိုကင်းမှာပဲ သွားအိပ်ဖြစ်တော့တယ်။ ဗဟိုကင်းမှာက ရဲဘော်တွေနဲ့ ညဆို ပျော်ပျော်ပါးပါး သီချင်းဆို ၊ စကားပြော နဲ့ အချိန်ကုန်တာလည်း မြန်တာကိုး။ ဒီလိုနဲ့ မနက်ဆို လေးလပတ် အစည်းအဝေးမှာ ပြသဖို့ တပ်ရဲ့ စီးပွားရေး အခြေအနေပြဇယား ၊ တပ်တွင်း သက်သာချောင်ချိရေး ဇယား ၊ တပ်တွင်း ကျန်းမာရေးဇယား စတဲ့ ဇယားတွေ ကားချပ်တွေနဲ့ ဆွဲလိုက် ၊ဖျက်လိုက် မိတ္တူကူးလိုက်နဲ့ တော်တော်လေးကို ခေါင်းနောက်ခဲ့ပါသေးတယ်။ ညနေဘက် ၅ နာရီလောက် ရုံးဆင်းမှ ရဲဘော်တွေနဲ့ ခြင်းခက် ၊ ဘောလုံးကန်နဲ့ ကွတ်ခိုင်မှာ ရှိတဲ့ ရက်တွေကို အချိန်ဖြူန်းလိုက်တယ်။

ကွတ်ခိုင်မြို့

မြို့က သိပ်တော့ အကျယ်ကြီးမဟုတ်ပါဘူး။ မြို့ထဲကို ၀င်လာရင် ကြိုဆိုပါ၏ဆိုတဲ့ မုဒ်ဦးတွေ့ရမယ်။ ပြီးတော့ ကားလမ်းက အလည်ခေါင်ကျကျ တစ်လမ်းထဲ ရှိပြီးတော့ ဘေးဘယ်ညာမှာ အိမ်တွေ ၊ ထမင်းဆိုင်တွေ၊ စားသောက်ဆိုင် ၊ ကုန်စုံဆိုင် တွေ ဆောက်လုပ်ထားတာ တွေ့ရပါလိမ့်မယ်။ ဆေးရုံ ၊ ကျောင်း ၊ ဈေး ၊ စာတိုက် ၊ တောင်ပေါ်စေတီ ၊ ကစားကွင်း စသည်ဖြင့် မြို့အင်္ဂါနဲ့ လျောညီစွာ ဆောက်လုပ်ထားတာ ကိုတွေ့ရပါတယ်။ နောက်တစ်ခုကတော့ ကျမ်းစာကျောင်းလည်း တည်ရှိပါတယ်။ ပထ၀ီဘာသာ စကားနဲ့ ပြောမယ်ဆိုရင် ရွာတန်းရှည်သဘောမျိုးပေါ့ ၊ မြို့ဆိုတော့ မြို့တန်းရှည်ပေါ့။ လမ်းခွဲတစ်ခုရှိပြီးတော့ နာမည်က “ တာမိုးညဲ ” လမ်းခွဲပါ။ လက်ဖက်ခြောက်မှာ တားမိုးညဲ လက်ဖက်ခြောက်က တော်တော်လေး နာမည်ကြီးသလို သောက်လို့လဲ တော်တော်ကောင်းပါတယ်။ ဧရိယာ အကျယ်အ၀န်းက ရန်ကုန်က မြို့နယ် တစ်ခုစာ လောက်ပဲရှိပါတယ်။ ဒါတောင် တော်တော်ကျယ်တဲ့ မြို့နယ်တွေလောက်ဆို မရှိလောက်ပါဘူး။

လူဦးရေ - အားလုံးပေါင်းမှာ ၂ သောင်းလောက်တောင် ပြည့်ပါ့မလား မသိပါဘူး။ တော်တော်လေး နည်းပါးပါတယ်။ ဒီထက်မကလဲ ရှိချင် ရှိနိင်ပါတယ်။ လမ်းပန်းဆက်သွယ်ရေး မြို့ဖြစ်တာကြောင့် တခြားမြို့တွေမှာ အလုပ်သွားလုပ်တာကြောင့်လည်း မြို့မှာ လူသိပ်မရှိတာကြောင့်လည်း ဖြစ်နိင်ပါတယ်။

စီးပွားရေး - ဈေးထဲမှာတော့ အ၀တ်အထည် ၊ လူအသုံးအဆောင် ပစ္စည်း ၊ အီလက်ထရောနစ် ပစ္စည်းတွေ ရောင်းပါတယ်။ ကျန်တာကတော့ ဖြစ်ဖြစ်မြှောက်မြှောက်ရယ်လို့ မတွေ့ရပါဘူး။ မန္တလေး - မူဆယ် လမ်းမှာ ခေတ္တနားရာ မြို့တစ်ခုဖြစ်တာကြောင့် ဖြက်သွား ဖြက်လာ ခရီးသွားတွေလောက်ပဲ ရှိပါတယ်။

ရာသီဥတု - ကွတ်ခိုင်က မြန်မာနိင်ငံရာသီဥတုနဲ့ ဆိုရင်တော့ အတော်အေးတယ်လို့ ဆိုရမှာပါပဲ။ တစ်နေ့လုံး ရေချိုးတိုင်ကီကို နေပူထဲမှာ ထားတာတောင် တိုင်ကီတစ်ခုမှ အရစ် ၂ ရစ်နဲ့ အပိုင်း ၃ ပိုင်းပါတာတောင် အပေါ်ဆုံးအပိုင်းပဲ နွေးလောက်အောင် အေးပါတယ်။ တစ်ခါတလေ အုတ်ရေကန် ထဲမှာထည့်ထားရင် မနက်ဆို အပေါ်ယံရေလေးတွေက ခဲနေတက်ပါတယ်။ မိုးသီးတွေလည်း ခဏခဏ ကြွေကျတက်ပါတယ်။

တစ်နေ့တော့ ကျွန်တော်လည်း ပျင်းတာနဲ့ ညနေ ၇ နာရီလောက် မြို့ထဲကို ဆရာကြီးတစ်ယောက်နဲ့ အတူ လမ်းလျှောက်ထွက်ခဲ့ပါတယ်။ မကြည့်တာ အတော်ကြာပြီ ဖြစ်တဲ့ ချဲလ်ဆီး ဘောလုံးပွဲလည်း ကြည့်ရင်း ၊ မြို့ရဲ့ ညဘက် အခြေအနေလေးကိုလည်း သိချင်တာကြောင့်ပါ။ ရာသီဥတုကလည်း အေးတော့ ဘောလုံးပွဲ မကြည့်ခင် လက်ဘက်ရည်ဆိုင်ထိုင်ရင်း မြိုံ့နေလူထုရဲ့ အခြေအနေကို အကဲခက်မိတော့ လက်ဖက်ရည်ဆိုင် ထိုင်နေတာ ၁၀ ယောက်မှာ ၆ ယောက်လောက်က မိန်းခလေးတွေဖြစ်နေပါတယ်။ ဒါနဲ့ လမ်းမပေါ်ကြည့်လိုက်တော့လည်း လမ်းလျှောက်နေကြတာက မိန်းခလေး အုပ်စုလိုက်တွေချည်းပဲ တွေ့ရပါတယ်။ ကျွန်တော်ထွက်လာတဲ့ အချိန်နဲ့ တိုက်ဆိုင်တာလားတော့ မပြောတက်ပါဘူး။ တော်တော်တော့ အံသြသင့်သွားတယ်။ အောက်မြန်မာပြည်မှာက လက်ဖက်ရည်ဆိုင်ထိုင်တာက ယောင်္ကျားလေးတွေပဲကိုး။ ဒါနဲ့ ကျွန်တော်တို့လည်း ဟိုကြည့် ဒီကြည့်နဲ့ အချိန်ဖြုန်းနေလိုက်တယ်။ ဘယ်မှတော့ သိပ်ထူးခြားတာ မတွေ့ရပါဘူး။ အေးအေးဆေးဆေးနဲ့ ပါပဲ။ တစ်ခုရှိတာက ကျွန်တော် မသိသေးတာလဲ ပါမယ့်ထင်ပါတယ်။ လောင်းကစားရုံတွေ ရှိတယ်လို့တော့ သတင်းသဲ့သဲ့ကြားမိပါတယ်။ ခေတ်စကားနဲ့ ပြောရရင် ဒိုင်လျိုလေးတွေပေါ့ဗျာ။

မနက်ဖြန် ဆိုလျှင် ကျွန်တော်တို့ လားရှိုးကို ဆင်းရတော့မှာကြောင့် ဒီနေ့ညမှာ လိုအပ်တဲ့ ပစ္စည်းတွေ အကုန်လုံးကို စုထားပြီး ညအိပ်ရာ ၀င်ခဲ့ပါတယ်။ လားရှိုးရောက်ရင်တော့ ပိုက်ဆံလည်း မရှိတော့တာကြောင့် အိမ်ကို မှာဖို့လည်း အဆင်ပြေ ၊ မစားရတာတွေလည်း အတိုးချ စားမယ်ဆိုပြီး ပျော်နေတာပေါ့။ ဟိုရောက်တော့ မှန်းချက်နဲ့ နှမ်းထွက် လုံးဝကို လွဲတော့တာပါပဲ။ တပ်က လန်ဂျန်း ကားပေါ်မှာ အဘရယ် ၊ အဘကတော်ရယ် ၊ ကျွန်တော်ရယ် ၊ ထောက်လှမ်းရေး တပ်ကြပ်ကြီးနဲ့တပ်ကြပ်ရယ် ၊ အဘရဲ့ရဲဘော်ရယ် ၊ ရုံးစာရေး ၃ ယောက်ရယ် ၊ ကျောက်ခဲတစ်လုံးရယ် အားလုံးပေါင်း ၁၀ ယောက်ဆင်းလာခဲ့ပါတယ်။ လမ်းမှာ မြို့ပြင် ထွက်ထွက်ချင်း ပြဿာနာနဲ့ စတိုးတာက ကုန်တင်ကား မောင်းသမားတစ်ယောက်နဲ့ အန်တီကြီး တစ်ယောက် စကားများ အော်ဟစ်နေတာ တွေ့ရပါတယ်။ အဲဒီ အဒေါ်ကြီးက သူ့သမီးကို ကားတိုက်သွားလို့ ဆိုလား ကားလမ်းမပေါ်မှာ အော်ပြီး ငိုနေတာကြောင့် ကျွန်တော်တို့လည်း ကားကိုရပ်ပြီး အခြေအနေ ဘာဖြစ်တယ် ဆိုတာ ဆင်းမေးရတာပေါ့။ ကားကတော့ ၁၀ ဘီးကာ ကုန်တင်ကားကြီးပါ။ အဒေါ်ကြီးက လမ်းမှာ သူ့သမီးကို ကားနဲ့တိုက်သွားပြီး ထွက်ပြေးသွားတာလို့ ပြောတော့ ကျွန်တော်တို့လည်း “ ဟာ ဒါဆိုရင် ရဲကိုခေါ်မှ ဖြစ်မှာပေါ့ ” ဆိုပြီး ကျွန်တော်တို့လည်း ရဲခေါ် ၊ မော်တော်ပီကယ်တွေလည်း ရောက်လာပြီးတော့ ဖြေရှင်းနေကြပါတယ်။ ဒါတောင် ကားသမားက ရဲစခန်းခေါ်တာကို မလိုက်ဘူးချည်း ငြင်းပြီး ရှင်းလျှင် ဒီနေရာမှာ ရှင်းဟု ဆိုတာကြောင့် မတက်သာတဲ့ အဆုံးဖမ်းခေါ်သွားတာကို မြင်လိုက်ရပါတယ်။ အော်..ဒုက္ခ ဒုက္ခ ။

ကျွန်တော်တို့ လားရှိုြး့မို့ကို ရောက်တော့ တိုင်းစစ်ဌာနချုပ်က စီစဉ်ပေးတဲ့ ဂေဟာမှာ နေရပါတယ်။ တပ်ရင်းမှုးတွေ အတွက် ဂေဟာတွေပါ ။ ပါလာတဲ့ စစ်သည်တွေကို ကျတော့ ခန်းမဆောင်ပေးထားပါတယ်။ ဟော သဘောမျိုးပေါ့။ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်မှာ ရှိတဲ့ တပ်အားလုံးဆိုတော့ လူကလည်း တော်တော်များပါတယ်။ ပြဿာနာရှိတာက ကျွန်တော်တို့လို အပေါ်မရောက် အောက်မရောက်တွေပါ။ အဘနဲ့ အတူနေဖို့လည်း မရ ၊ အောက်က တပ်ပေါင်းစုံက ရဲဘော်တွေနဲ့လည်း အတူမအိပ်ချင် တာရယ်နဲ့ ညရောက်မှာကို တော်တော်ကြောက်နေမိပါတယ်။ ဒါပေမယ့် နောက်ဆုံးတော့လည်း စစ်သားဆိုတော့ နုမနေတော့ပါဘူး။ ဒေါင်ကျကျ ပြားကျကျ မဟုတ်လား။ ပြီးတော့ မနက်မှာ ကိုယ့်တပ်ရင်းမှုး ဆွေနွေးပွဲမှာ အဆင်ပြေစွာ ပြောနိင်အောင် စာရိုက်ရ ၊ စီရ နဲ့ ညဘက်တွေဆို ၃ နာရီလောက်မှအိပ် ၊ မနက်ဆို ( ၅ ) နာရီလောက် ပြန်ထနဲ့ တော်တော် လေးကို အိပ်ရေးပျက်ခဲ့ရပါတယ်။ တခါတလေ ကျတော့ ကျွန်တော်လည်း မနိးဘူးဗျ။ ပင်ပန်းတော့ မရတော့ဘူး။ တရက်ဆို အိပ်ပျော်နေတာ ၉ နာရီလောက်မှ နိးလာတော့ လန့်သွားတယ်။ “ ဟာ ကနဲ့ တစ်ခွန်းအော်ပြီး မျက်နှစ်သစ်ပြီး အဘဆီကို ပြေးသွားတော့ အဘက မရှိတော့ပါဘူး။ ဆွေးနွေးပွဲက စနေပြီ။ ကျွန်တော်ကို သနားလို့ မနိးဘဲ ထားခဲ့တာတဲ့ ။ အိုင်ဆာဂျင်ကို ကျွန်တော့်အစား ခေါ်သွားပါတယ်။ ဒါနဲ့ ကျွန်တော်လည်း အ၀တ်လဲပြီး တိုင်းရုံးကို လိုက်သွားပြီး ပြန်ထွက်အလာကို စောင့်နေခဲ့ပါတယ်။ အထဲမှာတော့ တိုင်းမှုးအပါအ၀င် တပ်ရင်းမှုးတွေ ဆွေးနွေး နေကြတာပေါ့။ ကျွန်တော့်လိုပဲ စောင့်နေတဲ့ ကျောင်းဆင်းဘက် သူငယ်ချင်းတွေကိုလည်း တွေ့ခဲ့ရပါတယ်။ အဲဒီလို ဆွေးနွေးတာ အားလုံးပေါင်း ၅ ရက်လောက်ကြာပါတယ်။ တနင်္လာနေ့ကနေ စလိုက်တာ သောကြာနေ့မှာ ပြီးဆုံးပါတယ်။ ဒါနဲ့ စနေနေ့မှာ အဘကတော်က ဈေးဝယ်ချင်တယ်ဆိုတာနဲ့ လားရှိုးဈေးဝင်ပြီး ကျွန်တော်တို့လည်း ကွတ်ခိုင်ကို ပြန်တက်လာခဲ့ပါတယ်။

ဒီလိုနဲ့ ကွတ်ခိုင်ကို ပြန်တက် ၊ ဟိုရောက်တော့ ၁ ရက်နား ၊ တနင်္လာနေ့ကျတော့ ရှေ့တန်း မုံးကိုးကို ပြန်ထွက်လာခဲ့ရပါတယ်။ ဒီတစ်ခါ တက်တာတော့ တပ်ရင်းမှုးပါတာကြောင့်ရယ် ၊ ရိက္ခာပို့ဖို့ကလည်း ရှိတာကြောင့် ဖောကား နဲ့ ပြန်တက်ရပါတယ်။ အဲဒီမှာ ကျွန်တော်က မြွေပွေးလုပ်တော့တာပဲ။ အဘမသိအောင် တပ်မှာနေတုန်းက ပျင်းလို့ တီးတဲ့ ဂစ်တာကြီး ယူလာခဲ့တယ်။ ဂစ်တာ ယူလာတယ် ဆိုလို့ သိပ်တော့ အထင်မကြီးပါနဲ့ ဆိုလို့ရတယ်ဆိုတဲ့ အနေအထားလောက်ပဲ တတ်တာပါ။ ပိုဆိုးချင်တော့ အရပ်သား တစ်ယောက်လည်း ပါလာပါတယ်။ သူက ကျွန်တော်တို့တပ်က ရဲဘော်တစ်ယောက်ရဲ့ ယောက်ဖဆိုလား ၊ သူနေတာက ကျွန်တော်တို့ရှေ့တန်းထွက်တဲ့ နေရာနဲ့ သိပ်မဝေးတော့ လမ်းကြုံလိုက်လာတာပါ။ သူကလည်း ဂစ်တာကြီး ပါတော့ ဂစ်တာက ၂ လုံးတောင် ဖြစ်နေပါတယ်။ တစ်ခုအခြေအနေကောင်းတာက အဘက ရှေ့ခန်းမှာ ထိုင်တော့ မသိပါဘူး။ လမ်းတစ်လျှောက်လုံး စားလိုက်သောက်လိုက် ၊ ဂစ်တာတီးလိုက်နဲ့ အဆင်ကိုပြေလို့။ ရှေ့တန်းရောက်တော့ ကျွန်တော်လည်း အဘမသိအောင် ၀ှက်ထားရတာပေါ့။ ဒါပေမယ့် အခန်းက ကျဉ်းကျဉ်းလေးရယ်။ ဘယ်ကြာရှာဝှက်နိင်မှာတုန်း ။ ပြီးတော့ ညဆို ကျွန်တော်က တီးသေးတာ ဆိုတော့ အဘက သိပေမယ့် မပြောပါဘူး။

တစ်ရက်တော့ ညဘက်ကြီး ကျွန်တော်လည်း အိပ်မပျော်တာနဲ့ ရေဘူးရယ် ၊ မီးခြစ်ရယ် ၊ သေနတ်ရယ် ၊ ဂစ်တာရယ် ယူပြီး ဆက်သွယ်ရေး ဆရာကြီးကိုခေါ် ၊ နောက် ဂစ်တာတီးကောင်းတဲ့ ချင်းရဲဘော်တစ်ယောက်နဲ့ ၃ ယောက်သား ကွင်းပြင်အလယ်မှာ ဂစ်တာတီးပြီး သီချင်း အော်ဆိုကြတာပေါ့။ ဂစ်တာက ၂ လက် ၊ လူက ၃ ယောက် ၊ ကျွန်တော့်က အဆိုတော် ၊ အသံပြဲပြဲကြီးနဲ့ အငဲသီချင်းကို ဟစ်နေတဲ့အချိန် ၊ နေရာက ဘိုးတော် အိပ်နေတာနဲ့ ခြံစည်းရိုးပဲ ခြားတယ်။ ဒါပေမယ့် ကိုက် ၅၀ လောက်တော့ ရှိမယ်ထင်ပါတယ်။ ကျွန်တော်တို့က ကွင်းပြင်ကြီးမှာ ဖြစ်တဲ့အပြင် ၊ ညဘက်ကြီးလည်း ဖြစ်တာကြောင့် အဘက နိးလာပါလေရော။ ဒီတော့ ကင်းသမားကို ခေါ်ပြီး ထွက်လာတယ်။ ပြီးတော့ “ ဟေ့ ဘယ်သူတွေလဲကွ ၊ စခန်းနားလာပြီ သီချင်းအော်ဆိုနေတာ ၊ ၀တ္တရားနှောင့်ယှက်မှု့နဲ့ အရေးယူပစ်လိုက်ရမလား ၊ အခုသွား ” ဆြိုပီး လှမ်းအော်ပြောတာကြောင့် ကျွန်တော်တို့ ၃ ယောက်လည်း သုတ်ချေတင်ပြီး ပြေးလိုက်ကြတာ ၊ ပြေးတယ်ဆိုတာ စခန်းအနောက်ဘက်ကနေ ပတ်ပြီး ပြန်ဝင်တာပါ။ ဂစ်တာနဲ့ ခြံစည်းရိုး ကျော်လို့ကျော် ၊ ဆက်သွယ်ရေး မြောင်းထဲ ပြုတ်ကျလို့ကျနဲ့ လူလည်းတော်တော်လေးကို စုတ်ပြတ်သက်သွားပါတယ်။ မနက်ရောက်တော့ ကျွန်တော် ပန်းပင်တွေ ရေလောင်းနေတုန်း အဘနိးလာပြီး “ ဟေ့ကောင် ဗိုလ်ကြောင် ၊ ဟုတ်ကဲ့ အဘ ” “ အေး ၊ ညက ဂစ်တာတီးတဲ့ ကောင်တွေ စုံစမ်းစမ်းကွာ။ ပြီးတော့ င့ါဘက်စ်မင်း ရဲ သေနတ်ကိုလည်း တိုက်ခိုင်းထားလိုက် ၊ ဒီတစ်ည လာဆိုဦးမယ် ငါကိုယ်တိုင်ပစ်မယ်တဲ့ ” အေးရော။ ဘယ်နှယ့် ကျွန်တော်မှန်းသိလို့ တမင်လာပြောနေတာလေ။ ကျွန်တော့်အသံသူ မှတ်မိတာပေါ့။ ဒါကြောင့် အဘက ရုပ်တည်နဲ့ ခြောက်သလိုလို စသလိုလို လာပြောနေတာ။ ကျွန်တော်လည်း အသာလေး ငြိမ်နေလိုက်တယ်။ ပါးစပ်ကတော့ ဟုတ်ကဲ့အဘ။ ကျွန်တော် သေနတ်တိုက်ခိုင်းထားလိုက်ပါ့မယ်ဆိုပြီး လှည့်ပြေးလာခဲ့ရတယ်။ မလွယ်ပါလားနော်......။

ဆက်ရန်


Wednesday, April 9, 2008


“ ဒီတောင်ကုန်းက အရင်က သောင်းကျန်သူတွေ လူသတ်ကုန်းအဖြစ် အသုံးပြုခဲ့ကြတာပါတဲ့ ၊ ဘယ်ဘက်က အဖွဲ့အစည်းမဆို တစ်ခုခု လူသတ်ဖို့ ဖြစ်လာရင် ၊ ဒါမှ မဟုတ် အစိုးရ သတင်းပေး အဖြစ်သိလို့ သတ်ဖို့လိုအပ်လာရင် ဒီတောင်ကုန်းပေါ်ကို ခေါ်လာပြီး အခုဗိုလ်လုံတဲ့ အရှေ့ဘက် ၊ စခန်းအလည်တည့်တည့် မှာ ရှိတဲ့ သစ်ပင် သုံးပင် တွေ့တယ် မဟုတ်လား ၊ အဲဒီ စုပြီး ပေါက်နေတဲ့ သစ်ပင်တွေမှာ ကြိုးနဲ့ ချည်ပြီး ဓါး ၊ သို့မဟုတ် သေနတ်နဲ့ ပစ်သတ်ပြီး အလောင်းဖျောက်ကြတာပေါ့တဲ့ ” ဒီတော့ ကျွန်တော်ကလည်း တစ်ခွန်းပဲ ဆိုလိုက်နိင်တယ် “ ဗျာ.....” ။

တအောင့်လောက် ဟိုလျှောက်စဉ်းစား ဒီလျှောက်စဉ်းစား နေပြီးမှ အင်း...ဟုတ်ကဲ့ ဆရာကြီး ဆက်ပါဦး ဆိုတော့ “ ဒါကြောင့် သရဲ အင်မတန် ပေါတယ် ၊ မကျွတ်မလွတ်ကြတာပေါ့တဲ့ ။ ဒါကြောင့် ခြောက်လွန်းလို့ နောက်ဆုံး မခံနိင်တော့လို့ ဘုန်းကြီးခေါ် ကမ္မာဝါ ဖတ်ပြီး သူတို့နေဖို့ ဟိုဘက်ခြမ်းကို နတ်စင်ပါလုပ်ပြီး ပေးထားရတာပါ ။ ပြီးတော့ တစ်ညနေကပေါ့ ကျွန်တော်တို့တွေ အလောင်းအစား လုပ်ကြတယ်။ ဒီစခန်း ပတ်ပတ်လည်မှာ ကာထားတဲ့ တိုင်တွေကို ည ၁၂ နာရီတိတိမှာ ဘယ်နှစ်တိုင် ရှိတယ်ဆိုတာ ရေပြရမယ်။ ဒါဆို ဘယ်လောက် ပေးမယ် ၊ အရက်ဘယ်လောက်တိုက်မယ် ဆိုပြီး လောင်းကြတာ ၊ ညဘက်ကြီးဆိုတော့ ဒီကောင် တစ်ကယ် မလုပ်ဘူးထင်တာ ၁၂ နာရီ ကျော်ကျော်လောက်ကျတော့ ၀ူး .....၀ါး....အော်သံကြားလို့ ထွက်ကြည့်တော့ ပါးစပ်မှာ အမြုပ်တွေ ထွက်နေတာ တွေ့လို့ တော်တော်ကြီးကို နှာနှပ်ယူလိုက်ရတယ်တဲ့။ ကဲ...တွေးကြည့်ပါတော့ နာနာဘ၀ကို အယုံအကြည်မရှိဘူးပဲထား ဒီလိုကြီး ခြောက်သလို ၊ အတည်သလိုလို လာပြောတော့ နဂိုကတည်းက ယုံပါတယ် ဆိုနေမှ ပိုဆိုးတာပေါ့။ ဒါနဲ့ ကျွန်တော်လည်း “ အင်း...ဖြစ်နိင်ပါတယ်လေ ” ဆိုပြီး ဆရာကြီးကို ကိုယ့်နေရာ ကို သန့်ရှင်းရေး လုပ်ဖို့ ပြန်လွှတ်လိုက်တယ်။

ငါတော့ ဘုရားတရားကို အရင်ကထက် ပိုလုပ်မှပဲ။ ကယ်မှာ ဆိုလို့ ဒီတစ်ချက်ပဲ ရှိတာပေါ့ ဆိုပြီး အခန်းပြန် သောက်တော် ရေခွက်တွေ ၊ ဘုရားပုံတွေ ၊ အမွှေးတိုင်ထွန်းဖို့ ခွက်တွေ ရှိမရှိ ပြန်စစ် ၊ ပြီးတော့ သန့်ရှင်းရေးလုပ်နဲ့ ညအချိန်ကို ရောက်သွားပါတယ်။ တစ်အောင့်နေတော့ ဆရာကြီးက ထမင်းစားဖို့ ရဲဘော်တစ်ယောက်နဲ့ ထမင်းဟင်းတွေ ပို့လိုက်တော့ ဘုရားကို အရင် ဆုတောင်း ၊ ပြီးတော့ ထမင်းပန်းကန်ကို မြှောက်ပြီး စားဦးစားဖျားများ ဒါနပြုပါတယ် ။ အမှားတစ်စုံတစ်ရာ ရှိပါက အမိုက်အမဲမို့ ခွင့်လွှတ်တော် မူပါလို့ ပြောပြီး စားခဲ့သောက်ခဲ့ပါတယ်။ ဒါတော့ ဘယ်လိုပြောရမလဲ ကိုယ့်ဘာသာရေးနဲ့ ကိုယ့်ပေါ့ဗျာ။ ဟုတ် ဟုတ် ၊ မဟုတ်ဟုတ် ကျွန်တော်ကတော့ စိတ်ရှင်းအောင် တက်သမျှ ဖတ်သမျှ လုပ်လိုက်တာပါ။


စခန်းသစ် စခန်းကုန်းတည်နေရာ အနေအထား အကြမ်းဖျဉ်းပြမြေပုံ

ဒါနဲ့ ညကျတော့ စခန်းမှာ လူစစ် ။ လူကလည်း တော်တော်များတယ်ဗျာ။ ကျွန်တော် အပါအ၀င် ( ၇ ) ယောက်ပဲ ရှိတယ်။ အရာခံဗိုလ်ကြီး ( ၁ ) ၊ တပ်ကြပ်ကြီး ( ၁ ) ၊ အကြပ် ( ၂ ) ၊ ရဲဘော် ( ၂ ) ပဲရှိပါတယ်။ အဲဒီမှာ စပြီး ဘယ်လိုစခန်း သွားရတယ်ဆိုတာ နောက်ပိုင်းတော့ ပြောပြပါ့မယ်။ ဒါနဲ့ ကျွန်တော်လည်း ညကျတော့ ဘုရားဝတ်တက် ဆီးမီးပူဇော်ပြီး အိပ်ရာဝင်မယ်လုပ်တော့ ကင်းစောင့်မဲ့ အလုပ်ကို သွားသတိရတယ်။ ဒါနဲ့ ကျွန်တော်လည်း မအိပ်နိင်သေးဘူး။ ဆရာကြီးတွေကို သွားမေးပေါ့။ ကင်းဇယားကို ဘယ်လို လုပ်ထားလဲ ဆိုတာ။ ပြီးတော့ လူက ၇ ယောက်ထဲ ရှိတာကြောင့် ညကင်းကို ၉ နာရီက စစောင့်ရင် ၊ ကျွန်တော် အပါအ၀င် ၇ ယောက်ဆိုတော့ ပထမ ၂ ယောက်ကို ၂ နာရီနှုန်းနဲ့ ရဲဘော်တွေ ( ၂ ) ယောက်ကို အရင်စစောင့်ခိုင်းပြီး နောက်လူတွေက တစ်ယောက်ကို ၁ နာရီနှုန်း ။ ကျွန်တော်က မနက် ၅ နာရီကနေ ၆ နာရီထိ စောင့်ဖို့ ဆရာကြီးကို တာဝန်ပေးလိုက်ပါတယ်။ ဆရာကြီးက ဗိုလ်လုံမစောင့်ပါနဲ့ ။ ကျွန်တော်တို့ပဲ တာဝန်ယူပါ့မယ် ဆိုတော့ ၊ ဒါတော့ ဒါပေါ့ ဒါပေမယ့် အားလုံးပေါင်း ၇ ယောက်ပဲ ရှိတာ ဆိုတော့ ထည့်လိုက်ဖို့ ပြောပြီး အိပ်ရာ ၀င်ခဲ့ပါတယ်။

သင်္ကြန်အကြိုနေ့

“ ရှာပုံတော် မင်းသားကြီး~~~~~ဘယ်အရပ်ဆီ~~~~~မသိတော့ အခက်တွေ့ပြီ ” တချက်ချက် ပျံလွှင့်လာတဲ့ တေးသံက ကျွန်တော့်နားထဲကို မကြားတစ်ချက် ကြားတစ်ချက်နဲ့ ၀င်ရောက်လို့လာပါတယ်။ ဒါနဲ့ ကျွန်တော်လည်း လန့်သွားတယ်။ ဟာ...ငါ ကင်းစောင့်ဖို့ ပြောထားတာ လာမနိုးဘူးဆိုပြီး နာရီကို အလန့်တကြား ကြည့်တော့ ၇ နာရီကျော်နေပြီ။ ဒါနဲ့ အိပ်ရာ လူးလဲထပြီး တဲအပြင်ကို ထွက်လိုက်တော့ “ နိးလာပြီလား ဗိုလ်လုံ ” “ ဗိုလ်လုံကို မနိးရက်လို့ အိပ်ပါစေ ဆိုပြီး ကျွန်တော်ပဲ စောင့်လိုက်တာ ” ဆိုတော့ ကျွန်တော်လည်း အပြစ်မတင်ရက်တာနဲ့ “ အင်း...ကျေးဇူးတင်ပါတယ် ဆရာကြီးရေ ၊ နောက်တစ်ခါတော့ မလုပ်ပါနဲ့ ဟုတ်ပြီလား ဆိုပြီး ” ကျွန်တော်လည်း မှန်ပြောင်းယူ ပြီး စခန်းပတ်လယ် လိုက်ကြည့်နေပါတယ်။ ကျွန်တော် မပြောင်းခင်တုန်းက အဘက မနက်ဆို ကိုယ်နေတဲ့ စခန်းပတ်လည်ရဲ့ အခြေအနေကို ၂ နာရီခြား တစ်ခါ မှန်ပြောင်းနဲ့ ထူးခြားဖြစ်စဉ် ရှိမရှိ ကြည့်နေရမယ်တဲ့။ ဒါနဲ့ ကျွန်တော်လည်း ဟိုလျှောက်ကြည့် ဒီလျှောက်ကြည့်ပြီးတော့ အသံကြားရာ မြို့ထဲဘက်ရှိရာကို ကြည့်ဖို့ စခန်းရဲ့ အရှေ့ဘက်ကို ထွက်လာခဲ့ပါတယ်။

ကျွန်တော်တို့ စခန်းကနေ မြို့ကိုကြည့်မယ် ဆိုရင် မြို့ကို ကောင်းစွာ မြင်နိင်သည့် အပြင် တရုတ်ဘက်ကိုလည်း ထင်ရှားစွာ မြင်တွေ့နိင်ပါတယ်။ တစ်ခုရှိတာက တရုတ်တွေက သူတို့ နိင်ငံဘက်ခြမ်းက တောင်ပေါ်က သစ်ပင်တွေကို တပင်မှ မခုတ်ခိုင်းပါဘူး။ ဒီတော့ ရာသီဥတုက ကောင်းတဲ့အပြင် စစ်ရေးအရလည်း ပုံဖျက်ဖုံးကွယ်မှု တွေရရှိတယ်လို့ သက်မှတ်လို့ရပါတယ်။ ကျွန်တော်တို့ တောင်ထက် တော်တော်မြင့်တဲ့ တောင်တစ်လုံးကတော့ အောင်ဆန်းသူရိယ အေးချို ကျဆုံးသွားတဲ့ တောင်ကုန်းပါ။ သူက တပ်ရင်းတပ်ရင်းလုံး ဆုတ်ခွာနိင်အောင် သောင်းကျန်းသူ ရောင်စုံ သူပုန်တွေကို တစ်ယောက်တည်း ခံပစ်ရင်း အသက်အသေ ခံခဲ့တဲ့ အတွက် အမိမြန်မာနိင်ငံတော်က ထိုက်တန်စွာ အောင်ဆန်းသူရိယ ဘွဲ့ကို ချီးမြင့်လိုက်ခြင်းဖြစ်ပါတယ်။ အဲဒီတောင်က ပြေပြေလျော ဆင်းသွားပေမယ့် အမြင့်ကတော့ တော်တော်မြင့်ပါတယ်။ တောင်ပေါ်မှာ နာဂအိမ်တစ်လုံးရှိတာကို တွေ့ရပေမယ့် အမြင်နီး၍ ခရီးဝေး ဆိုတော့ မရောက်ဖြစ်ခဲ့ပါဘူး။ နာဂ လူမျိုးလား ၊ ပလောင်လူမျိုးလား မသိဘူး သူတို့က နေကို အရင်ဆုံးတွေ့ရတဲ့ နေရာ (၀ါ) နေနဲ့အနီးဆုံး ဆိုတဲ့ တောင်ပေါ်တွေမှာ နေကြပါတယ်။ ဘာလို့လည်းဆိုတော့ အဲဒီလို နေခြင်းဖြင့် ကောင်းကင်ဘုံနဲ့ ပိုပြီး နီးစပ်ဖို့ ဖြစ်နိင်တယ်ဆိုလား ကြားဖူးပါတယ်။ ဒါက မသေချာပါဘူး ခင်ဗျာ။ အမှားပါရင် ခွင့်လွှတ်စေချင်ပါတယ်။ ဒါနဲ့ အသံကြားရာ အရပ်ကို လှမ်းကြည့်တော့ ၀ိုးတ၀ါးနဲ့ စင်ပေါ်မှာ ကနေတာကို လှမ်းတွေ့လိုက်ရပါတယ်။

ဒါနဲ့ ကျွန်တော်လည်း တော်တော်လေး ၀မ်းနည်းသွားတယ်ဗျာ။ ဘယ်နှင့် ကိုယ်လည်း လူငယ်ပဲ မဟုတ်လား ပျော်ချင် ကဲချင်တာပေါ့။ ဒါနဲ့ ထင့်ခနဲ့ ဖြစ်သွားတဲ့ စိတ်ကို အမြန်ပြန်လည် ထိန်းချုပ်စုစည်းရင်း ဒီနေ့ လုပ်စရာ ရှိတာတွေကို လုပ်ဆောင်ဖို့ ကိုယ့်တဲ့ ရှိရာကို ခြေဦးပြန်လှည့်လာခဲ့ပါတယ်။ နားထဲမှာတော့ တချက် တချက် ပျံလွှင့်လာတဲ့ သင်္ကြန်သီချင်းများကို နားထောင်ရင်းပေါ့။ ပါးစပ်ကတော့ တခါတခါ သီချင်းလေး လိုက်ညည်းမိပါသေးတယ်။ ဆရာကြီးတွေကလည်း ပုံမှန်ပါပဲ။ ဒါပေမယ့် သာမာန်ထက် ပိုပြီး စခန်းက ပိုတိတ်ဆိတ် နေသလိုပါပဲ။ အော်....သူတို့လည်း လူလွတ်ဆို လူလွတ် အလျောက် ၊ အိမ်ထောင်သည် ဆိုလည်း မိသားစုနဲ့ လည်ချင် ပတ်ချင်ကြတာပဲ မဟုတ်လား။ တိုင်းပြည်တာဝန် ထမ်းဆောင်နေတော့လဲ ဖြစ်ချင်တာတွေ ကို အသာထား ဖြစ်သင့်တာတွေကို ဦးစားပေးရတယ် မဟုတ်လား။ ဒါနဲ့ ကျွန်တော်လည်း အဘနဲ့ စခန်းမှာ နေတုန်းက သင်ပေးလိုက်တဲ့ အတိုင်း စခန်းမှာ ဘာတွေ လိုအပ်လဲ ၊ ဘာတွေ ပြင်ဆင်ရမလဲ ၊ ဆိုတာကို စဉ်းစားရင်း လုပ်ဆောင်ရမဲ့ တစ်ဆင့်ခြင်းဆီကို ဆောင်ရွက်ဖို့ စခန်းပတ်လည် လိုက်ကြည့်မိပါတယ်။

တပ်စခန်း တစ်ခုမှာ လုံခြုံရေးက အဓိက ကြပါတယ်။ တနည်းအားဖြင့် ခံစစ်ပေါ့။ “ အခိုင်ခံဆုံးသော ခံစစ်သည် အကောင်းဆုံး တိုက်စစ်ဖြစ်သည် ” ဟုလည်း ကျက်မှတ်လေ့လာခဲ့ရပါတယ်။ ဒါကြောင့် ပထမ ခံစစ်စည်း ၊ ဒုတိယ ခံစစ်စည်းတွေကို လိုက်ကြည့်ပြီး ယိုင်နဲ့နေသော တိုင်များဖယ်ရှားခြင်း ၊ ခံစစ်စည်း တစ်ခုနှင့် တစ်ခုခြား ပေါက်နေသော မြက် ၊ ခြံနွယ်များ ရှင်းခြင်း နဲ့ပဲ တစ်နေ့တာ သင်္ကြန် အကြိုနေ့ကို ကုန်လွန်ခဲ့ရပါတယ်။ ဒီလို ခြံနွယ်တွေ ၊ မြက်တွေ ရှင်းရတာက ရန်သူက လာတိုက်တဲ့ အခါ ခံစစ်စည်းကို မီးရှို့ဖျက်စည်းသောအခါ ထိုအရာတွေက အထောက်အကူ ဖြစ်နိင်သည့် အတွက်အပြင် ၊ ရန်သူ စခန်းကို အလွယ်တကူ ချဉ်းကပ်ဖို့ရန် အကာအကွယ် မရအောင် ပြုလုပ်ရခြင်း ဖြစ်ပါတယ်။ စခန်း ပတ်ပတ်လည် လုပ်ဆောင်ရခြင်း ဖြစ်တာကြောင့် တစ်နေ့ကို နည်းနည်း နဲ့ တစ်ခုခြင်းဆီကို လုပ်ဆောင်ရပါတယ်။ ဒီနေရာ မလုပ်တော့ ဘာဖြစ်လဲ။ မလုပ်လဲ ရတာပါပဲ။ ကျွန်တော်တို့က ထာဝရနေရမှာမှ မဟုတ်တာ။ နောက်လူလာရင် လုပ်မှာပေါ့ ဆိုပြီး ပစ်ထားခဲ့လို့ကတော့ တပ်မတော်ဆိုတာ ဘယ်ရှိလာပ့ါမလဲ။ ဒီလို အလုပ်တွေကို မခိုင်းဘဲနဲ့ ကိုယ့်တာဝန် ကိုယ်ယူပြီး လုပ်ရတာပါ။ ပြီးတော့ အဘကလည်း တစ်နေ့ကို စက်နဲ့ ၂ ကြိမ် ဒီနေ့ လုပ်တဲ့ အကြောင်းအရာတွေကို စက်နဲ့သတင်းပို့ပြီး လူကိုယ်တိုင်ကတော့ ၁ နေ့ကို ၁ ခါကြေးနန်း တင်ရပါတယ်။ နောက်ပြီး အဘကလည်း ၁ လ ၁ ခါလောက် စခန်းတွေကို လိုက်လံစစ်ဆေးလေ့ ရှိသလို တိုင်းမှုး ၊ ဗျူဟာမှုးတွေကလဲ အခါအား လျော်စွာ လာရောက် စစ်ဆေးလေ့ ရှိပါတယ်။ အဲဒီအခါ လုပ်ဆောင်ထားမှု မရှိဘူး ဆိုရင်တော့ ရာထူးအဆင့်တိုး လျော့ပြစ်ဒဏ် ၊ သတိပေး ဆုံးမ အဲဒီလို တာဝန်ပျက်ကွက်မှု့အပေါ် လိုက်၍ အပြစ်ပေးလေ့ ရှိပါတယ်။ အဲဒီဟာတွေက ဘာထိခိုက်လဲဆိုတော့ တဆင့်တိုး ရာထူး တိုးဖို့ကြတော့ နောက်ကျတဲ့ ဒဏ်ကို ခံရပါတယ်။ ပြီးတော့လဲ ဒီလိုလုပ်ဆောင်ရခြင်းဟာ ရန်သူအလွယ်တကူ လာရောက် တိုက်ခိုက်နိင်ခြင်း မရှိနိင်တာကြောင့်ပါ။ ဒီလိုနဲ့ ညရောက်လာတော့ ထမင်းစား ၊ စကားပြော အိပ်ရာဝင်ပေါ့ဗျာ။

သင်္ကြန်အကျနေ့

“ ဗိုလ်လုံ အဘက မှာလိုက်တယ် ဒီနေ့ ဆရာလှတင့်နဲ့ ရဲဘော် ပေါက်ချွန်းတို့ ကို လူလက်နက်နဲ့ တောင်အောက်ကို အရင်လွှတ်ပေးပြီး အလှူလာစားပါတဲ့ ။ အောက်မှ အဘကိုယ်တိုင် မုန့်လုံးရေပေါ်လုပ်ပြီး ကျွေးနေတယ် ၊ ဗိုလ်လုံတို့ကတော့ သူတို့ကို ပြန်လွှတ်လိုက်မှ ဆင်းခဲ့ပါတဲ့ ” လို့ ပျော်ရွှင်ဖွယ်ရာ သတင်းစကားကြားလာရပါတယ်။ ဒါနဲ့ ကိုယ်လဲ အပိုင်ကဲ မယ်ပေါ့။ ရေပတ်မယ် ၊ မြို့ထဲ လျှောက်လည်မယ် ဆိုပြီး ရှိသမျှ ယူလာတဲ့ အ၀တ်အစားတွေထဲက အကောင်းဆုံး ဆိုတာလေးကို ထုတ် ။ ယူလာသမျှ အ၀တ်အစားက လဲ တော်တော်များတာကြောင့်ပါ။ အရပ်ဝတ် ၂ ထည်ထဲရယ်။ ကျန်တာတွေက ယူနီဖောင်းတွေမို့ပါ။ ဒါနဲ့ ကျွန်တော်လည်း တောင်အောက် ဆင်းရတော့မယ်ဆိုတော့ ရေမိုးချိုး အ၀တ်အစားလေးဝတ်ပြီး စောင့်နေတုန်း ၊ စက်က ထက်ပြောလာပါတယ်။ ဗိုလ်လုံလဲ တောင်အောက်ကို ဆင်းမယ်ဆိုရင် ယူနီဖောင်းနဲ့ သေနတ်ပါယူပြီး ရဲဘော်တစ်ယောက်နဲ့ အတူ ဆင်းလာခဲ့ပါတဲ့။ ဒါနဲ့ ကျွန်တော်လည်း မျှော်လင့်ထားတာလေးဖျက် ၊ ယူနီဖောင်း ပြန်လဲပြီး ပစ္စတိုခါးမှာ ပတ်လို့ မဆင်းချင် ဆင်းချင်နဲ့ တောင်အောက်ကို ဆင်းချလာခဲ့ပါတယ်။ ဟိုရောက်တော့ အဘကို အလေးပြုပြီး ရောက်ရှိပါပြီပြောတော့ အဘက “ အေး ရောက်ရင် ဘုရားသွားရှစ်ခိုး ၊ ပြီးရင် ဒီမှာ မုန့်လုံးရေပေါ် လာဝိုင်းလုပ်တဲ့ ။ ဗိုက်ကလည်းတော်တော် ဆာနေပါပြီ။ ဒါနဲ့ မုန့်လုံးရေပေါ် အရင်စားလိုက်တယ်။ အဲဒီလို စကားနားထောင်လို့လဲ အဘက သူ့နားမှာ မထားတာပါ။ မုန့်လုံးရေပေါ် လုံးပြီး လာသမျှ လမ်းမှာ ဖြက်သွားဖြက်လာ ခရီးသွားတွေကို အတင်းခေါ်ပြီး ကျွေးတော့တာပဲ။ စားချင်တာ မစားချင်တာ မသိဘူး။ ဘေးနားမှာလဲ ရဲဘော်တွေက သေနတ်တွေနဲ့ ဆိုတော့ သူတို့လဲ စားချင်ရက်နဲ့လား မစားချင်ရက်နဲ့ သေနတ်မြင်လို့လား မသိဘူး။ စားတော့ စားသွားကြတယ်ဗျား) ။

ကျွန်တော်လည်း ပြီးတော့ အဘကို ခွင့်တောင်းပြီး မြို့ထဲ သွားမယ်လို့ ပြောမလို့ ရှိသေးတယ် အဘက “ မင်းလည်း မြို့ထဲ သွားချင်သွားလေ ၊ အခု ၁၂ ရှိပြီ ၊ ညနေ ၄ နာရီ ငါ့ကို ပြန်သတင်းပို့ ၊ ပြီးရင် တောင်ပေါ် ပြန်တက် ဟုတ်ပြီလား ” ဆိုပြီး လွှတ်လိုက်ပါတယ်။ အဲဒီမြို့က ကလေးတွေလည်း သိပ်မတွေ့ရပါဘူး။ ဘာဆို ဘာမှ မရှိ။ အသံတွေသာ ကြားနေရတယ် လူတစ်ယောက်မှ မတွေ့ဘူး။ ကိုယ်ကလဲ ယူနီဖောင်းကြီးနဲ့ သေနတ်ကလည်း ပါသေးတယ် ဆိုတော့ ဘယ်သူမှလဲ ရေမလောင်းရဲ ကြဘူး။ ဒါနဲ့ မြို့ထဲ ထိရောက်အောင် လမ်းလျှောက်သွားရင်း ငါတော့ ဒီလိုနေ့မှာမှ ရေမဆိုရင် ဘယ်နေ့မှ ဆိုမှာ မဟုတ်တော့ဘူး ဆိုပြီး စဉ်းစား မိလိုက်ပါသေးတယ်။ ဒါနဲ့ ဟိုရောက်တော့ ဈေးရှိတဲ့ နေရာလေးမှာ စင်လေး ထိုးထားပြီး ကလေးတွေ ယိမ်းလိုမျိုးနဲ့ သင်္ကြန်သီချင်းဖွင့်ပြီး ကနေကြတာပါ။ တစ်ချို့ လူကြီး ၊ ကလေးတွေကလည်း ၀င်ကပေါ့။ အဲဒါကို ဘေးနားက လူတွေ ၊ ကလေးတွေက ရေ၀ိုင်းပတ်နေကြတာ။ အော်.....သူတို့ဒေသက ခေါင်တော့ ဘယ်သူမှလဲ လာလို့မရ ၊ လျှောက်လည်ဖို့ကလဲ မြို့က ကားဘီး ၅ ပတ်လောက် လှိမ့်လိုက်တာနဲ့ အိမ်က ကုန်နေပြီ။ ဒီတော့ ကျွန်တော်လည်း ဒီထက်တော့ နည်းနည်းလေး ပိုထင်ထားတာ ၊ ကိုယ်ထင်ထားတာ ထက်တောင် မဖြစ်ထွန်းဘူး ဖြစ်နေပါတယ်။ ဒါနဲ့ ဘေးနားက မြန်မာ လက်ဘက်ရည်ဆိုင်လေးထဲ ၀င်ပြီး သူတို့ကိုပဲ ထိုင်ကြည့်နေမိတော့တယ်။ ဆိုင်ရှင်က ဗိုလ်လုံ ကြာဇံဟင်းခါး လှူတယ် သောက်သွားပါဦး ဆိုလို့ ကာလအတန်ကြာ ငတ်ပြတ်နေသော အစားအစာ တစ်ခုကို အားမနာပဲ ၃ ပွဲလောက် သောက်ပေးလိုက်တယ်။ အော် ဆိုးပ ဆိုးပ။ ဒါနဲ့ သင်္ကြန်အကျနေ့လည်း ရေလောင်းမခံရဘဲ လာရာလမ်းအတိုင်း နောက်ပြန်လှည့်လာခဲ့ ရပါတယ်။ ဟိုရောက်တော့ အဘက မင်းက ရေတောင် အလောင်းမခံရဘူးလား ဆိုပြီး စနေပါသေးတယ်။ ကျွန်တော်လည်း ဘာမှ ပြောချင်စိတ် မရှိတာနဲ့ စခန်းမှာ ဆရာကြီးတွေနဲ့ စကားနည်းနည်းပါးပါး လိုက်ပြော နုတ်ဆက်ပြီး လာရာလမ်းကို ပြန်ခဲ့ပါတယ်။ စခန်းပြန်ရောက်တော့ သေနတ်ကို အိပ်ရာဘေးထားရင်း ဘယ်သူမှ မလောင်းလဲ ကိုယ့်ဟာကိုယ် လောင်းတယ်ကွာ ဆိုပြီး ၀တ်စုံတောင် မလဲဘဲ ရေ ၂ ပုံးလောက် ခေါင်းလောင်း ချိုးပစ်လိုက်တယ်။ ဆရာကြီးတွေက ကြောင်ပြီး ၀ိုင်းကြည့်လို့။ ကျွန်တော်လည်း ရှက်ရှက်နဲ့ တဲထဲ ပြန်ဝင်ပြီး အ၀တ်လဲ ပြန်အိပ်နေလိုက်တော့တယ်။ မှတ်ကရော။ ဒီလိုနဲ့ အကြက် ၊ အတက် ၊ နှစ်ဆန်းတစ်ရက်နေ့တွေကို တောင်ပေါ်မှာ ဘယ်သူ့ကိုမှ ရေမလောင်းရဘဲ ဆက်သွယ်ရေးမြောင်း ရေခွလောင်းကာ ၂၀၀၄ ခုနှစ် သင်္ကြန်ကြီးကို အောင်မြင်စွာ ပြီးဆုံးစေခဲ့ပါတယ်။ အဲဒီအချိန်တုန်းက တော်တော် ခံလိုက်ရတာ။ တစ်နေ့တစ်နေ့ ဘာလုပ်ရမှန်းမသိဘူး ဘာမှလည်း မလုပ်ချင်ဘူး။ ညဆို စောစောအိပ် ၊ နေ့ခင်းဘက်ဆို အိပ်လိုက် ၊ အလုပ်လုပ်လိုက် ၊ သင်္ကြန်အကြောင်းတွေးလိုက်နဲ့ ဒီအချိန်ဆို ဘယ်သူငယ်ချင်းတွေကတော့ ဘယ်လို ၊ ဘယ်သူတွေကတော့ ဘယ်လို ဆိုပြီး စဉ်းစားမိရင် ခံစားရတာ ပိုဆိုးတယ်ဗျာ။ ဘယ်လိုပြောမလဲ ဆေးဖြတ်တဲ့ ဆေးသမားလိုပဲ ။ အချိန်တန် ဆေးမရတော့ ယင်းထနေသလို ခံစားနေရတာပေါ့။

သင်္ကြန်အချိန်တွေ တောင်ပေါ်မှာ ကုန်ဆုံးတော့ ကျွန်တော်လည်း တောင်ပေါ်က တစ်ဆင့် တောင်အောက်ကို စခန်းခဏပြန်ချိန်းပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ တပ်မတော်မှာ အမြဲကျင်းပလေ့ရှိတဲ့ လေးလပတ် အစည်းအဝေးပွဲကို သွားတက်ရမှာ မို့ပါ။ ကျွန်တော့် ဒုဗိုလ်အဆင့်နဲ့ တက်ရမယ်လို့တော့ မဟုတ်ပါဘူး။ တပ်ရင်းမှုးတွေနဲ့ တိုင်းမှုး ၊ စကခမှုး ၊ တွေ ကိုယ်တပ်ရဲ့ အခြေအနေနဲ့ ဖြစ်စဉ် လုပ်ဆောင်ချက်တွေကို ရှင်းလင်းတင်ပြရတဲ့ အစည်းအဝေးလို့ပဲ သိစေချင်ပါတယ်။ ကျွန်တော်တို့ တပ်မတော်သားတွေကတော့ ပိုနားလည်မှာပါ။ ကျွန်တော်မပြောလည်းပေါ့။ ဒါနဲ့ အဘက ကျွန်တော့်ကို ပြန်ခေါ်ပြီး အစည်းအဝေး တက်ဖို့ ရှေ့တန်းမှ တဆင့် နောက်တန်း တပ်စခန်းကို ပြန်ရောက်ခဲ့ရပါတယ်။ တနည်းအားဖြင့် ကွတ်ခိုင်ပေါ့။ အဲဒီ ပြန်ရောက်ခဲ့တဲ့ အချိန်လေးမှာပဲ ကွတ်ခိုင် အကြောင်းကို စတင်လေ့လာခွင့်ရခဲ့တာပါ။ ကျောင်းဆင်းလာတုန်းက ရောက်ရောက်ခြင်း ၁ ပတ်နေပြီး ရှေ့တန်း ကိုတခါတည်း ထွက်လာခဲ့ရတယ် ဆိုတော့ မသိဘူး မဟုတ်လား။ ဒါနဲ့ သက်မှတ်ထားတဲ့ နေ့ရောက်တော့ အဘရယ် ၊ ကျွန်တော်ရယ် ၊ ထောက်လှမ်းရေး အကြပ်ကြီး ဆရာကြီး သန့်ဇင်ရယ် ၊ အဘ ရဲဘော် ၃ ယောက်ရယ် ကွတ်ခိုင်မြို့ကို ပြန်လာခဲ့ကြပါတယ်။

ကွတ်ခိုင်ပြန်ရောက်တော့ အဘက သူ့အိမ်သူပြန် ၊ ကျွန်တော်က ဗျူဟာက ပေးထားတဲ့ ၆ ခန်းတွဲမှာ တစ်ယောက်ထဲ တည်းရပါတယ်။ အဲဒီမှာ ကျွန်တော်နဲ့ ခလရ ( ၄၅ ) တပ်ရဲ့ အထီးကျန် ခြင်းနဲ့ စတွေ့တော့တာပါပဲ။ ကျွန်တော်နေတဲ့ အခန်းတွေက မီးမရပါဘူး။ ၆ ခန်းလုံးမှာ ၂ ခန်းတွဲဆီ ရေချိုးခန်း ၊ အိမ်သာ အတူတူ ရှိပါတယ်။ ၄ ယောက်ကို မျှသုံးပေါ့။ ကျွန်တော့် အဆောင်အနောက်မှာ တင်းနစ်ကစားတဲ့ ကွင်းလေး ရှိပြီး အဲဒါနဲ့ ကပ်လျက်ကတော့ တပ်နယ်ဆေးရုံလေးပါ။ ဒါနဲ့ စကားမစပ် အဲဒီတပ်နယ် ဆေးရုံက သရဲမက တော်တော်ကြမ်းတယ် ကြားတယ်ဗျ။ ညဆို တက်ဖိထားတယ် ဆိုလား မသိပါဘူး။ ကလေးမီးဖွားရင်းနဲ့ သေသွားတာပါတဲ့။ အခန်းက မီးမလာရတဲ့ အထဲ လာကြပ်နေသေးတယ်ပေါ့ဗျာ။ ကျွန်တော်နေတဲ့ အခန်းဆောင်တွေက လူနေအိမ်တွေနဲ့လည်း ဝေးပါတယ်။ ဒါကြောင့် ညဆို တော်တော် တိတ်ဆိတ် နေတာကြောင့် ထိတ်လန့်ဖို့ ကောင်းပါတယ်။ ဘေးနားပတ်လည် က မှောင်လို့ ။ အရှေ့မှာ မြင်နေရတဲ့ ယူကလစ်ပင်တွေကလည်း လေတိုက်တော့ တရှဲရှဲနဲ့ အဲဒီအပင်တွေပေါ်က လူက ပြုတ်ကျပြီး သေထားတယ် ဆိုလား ၊ ဟာဗျာ...နေချင်စရာ မရှိအောင်ကို ဖြစ်နေတာ။ တပ်ရင်းမိသားစု အိမ်တွေထားတဲ့ လိုင်းခန်းတွေနဲ့က ၁ မိုင်လောက် ဝေးတယ်။ အလယ်မှာက ဆေးရုံ နဲ့ ပြီးတော့ ကွင်းပြင်ကြီး ၊ ပြီးတော့မှ တပ်ရင်း ဗဟိုကင်း ၊ အဲဒီနားမှာ အပင်အကြီးကြီး တစ်ပင်ရှိတယ်။ ပြီးတော့ ရေစင်ကြီးလည်း ရှိတယ်။ အဲဒီရေစင်နားက ကုန်းက တော်တော် ခြောက်တာ နာမည်ကြီးတယ်တဲ့ ညနေ ၆ နာရီ ကျော်ရင် တစ်ယောက်တည်း မသွားနဲ့ဆိုလား ။ သတင်းတွေကလည်း ကြားလိုက်ရတာ ဗျာ။ ကျွန်တော်က တစ်ယောက်တည်း အိပ်ရပါတယ် ဆိုမှ အဖော်အရာရှိ တွေကလည်း မရှိတော့ တစ်ယောက်တည်း ညဆို စောစော အိပ်၇ာဝင်ဖြစ်တယ်။ ဒါတောင် ဖယောင်းတိုင်မီးကို ဘုရားရှစ်ခိုးပြီးတာနဲ့ ဆက်ခနဲ့ မှုတ်ပြီး ခြင်ထောင်တဲ့ တန်းဝင် ၊ စောင်ခေါင်းမြှီးခြုံပြီး အိပ်တာပါ။ အဲဒီလိုတွေ ကြားလို့ ဘုရားရှစ်ခိုးပြီ အိပ်ပါတယ် ဆိုမှ......တစ်ညတော့ဗျာ

ဆက်ရန် ။

အားပေးမှုအား အထူးကျေးဇူးတင်လျက်


Tuesday, April 8, 2008


မိုင်နိမ်းအစ်စ့် “ ဗိုလ်ကြောင် ”


ဗိုလ်ကြောင် ဆိုတဲ့ နာမည်တွင်လာ ရတာကတော့ တခါတလေ အဘက သူလုပ်ခိုင်းတဲ့ အလုပ်တွေ ၊ ကြေနန်းတွေ တင်ရမဲ့ဟာတွေဆို ကျွန်တော့်ကို ပါးစပ်ကနေ ပြောပါတယ်။ ဒီတော့ ကျွန်တော်က နုတ်စာအုပ် နဲ့လိုက်မှတ်ပြီး ပြန်လည်း ရေးသား လုပ်ဆောင်ရပါတယ်။ တခါတလေ နားကြားလွဲတဲ့ အခါ ၊ မှားမှတ်မိတဲ့ အခါတွေ ပေါ်လာတာပေါ့။ ဒါကြောင့် တလွဲလဲ လုပ်လိုက်ရော အဘက ဆဲပါလေရော။ ဒီလိုနဲ့ ၅ ခါ ၁ ခါလောက် မှားတော့ ကြာလာတော့ အဘက အမြင်က ကတ်လာပြီလေ။ ဒီတော့ “ မင်းကွာ ကြောင်တောင်တောင်နဲ့ ” ဆိုတဲ့ စကားက ကျွန်တော့်အတွက် နေ့တိုင်းစားရတဲ့ ထမင်းလို ဖြစ်နေတော့တာပါပဲ။ အဲဒီကြောင်တာရယ် ၊ တစ်ရက် ကျွန်တော်တို့ စခန်းမှာ ကာဖို့ ၀ါးချောင်းတွေကို နှီးသပ်နေတဲ့ အချိန်ပါ ။ နေ့လည် ထမင်းစား ခဏနားတော့ ကျွန်တော်က ထမင်းစားပြီး ဆရာကြီးတို့ကို ဆေးလိပ်တိုက်မယ် ကတိပေးထားတော့ ရွာထဲ ဈေးဝယ်ဖို့ ထွက်သွားခဲ့တဲ့ အချိန် ဆိုင်က ပီနန်း တို့နဲ့ စကား ကောင်းနေတာကြောင့် သက်မှတ်ချိန်ထက် ပြန်မလာနိင်တော့ဘူး။ နောက်ကျသွားတာပေါ့။ ဒီတော့ ဟိုမှာ အလုပ်လဲ ပြန်စရော ကျွန်တော်က မရှိဘူး။ အဲဒီအချိန် အဘရောက်လာပြီး ကျွန်တော့်ကို မေးတော့...ဆရာကြီးတွေကလဲ ဟိုဒီ အုအဲ လျှောက်ပြောနေကြတာပေါ့။ ဒီတော့ ရဲဘော်တစ်ယောက်ကို ရွာထဲက ဆိုင်ကို လိုက်ကြည့်ခိုင်းပါတယ်။ အဲဒီမှာ ကျွန်တော်က လေကောင်းနေတာဗျာ ။ ဟိုရဲဘော်လေးက အပြေးအလွှား ရောက်လာပြီး “ ဗိုလ်ကြီး အဘရှာနေတယ် ၊ ဗိုလ်ကြီးကို တွေ့ရင်လည်း ကြိုက်တဲ့ တုတ်ကောက်ခဲ့တဲ့ ” အန် ဒီအရွယ်ကြီးကျမှ ဘယ်နှင့် တုတ်နဲ့ ရိုက်မလို့တုန်းပေါ့။ လူကလဲ နည်းနည်းတော့ မျက်လုံး ပြုးသွားတယ်။ အဘက စိတ်ဆိုးနေရင် လွယ်တာ မဟုတ်ဘူး။ အရှေ့မှာ နောင်တော် စီနီယာတွေ တုန်းကလဲ ဆုံးမခဲ့ဘူးတာ သိနေတယ်။ လက်သံကလဲ ပြောင် ဆိုတော့ သတိထားနေရတယ်။ ဒါနဲ့ အေးအေး ဆိုပြီး ဘုရားစာရွက်ပြီး ပြန်လာတော့ လမ်းမှာ တုတ်ကောက်ဖို့ သတိရတာကြောင့် နောက်ဆုံး လက်သန်းလောက် ရှိတဲ့ တုတ်တိုလေး ကောက်သွားတယ်။

အဘကို ပြန်စချင်တာလဲ ပါလို့ပါ။ တပ်ရင်းမှုးဆိုပေမယ့် ကျွန်တော့်ကို ချစ်တာ သိနေတော့ ခပ်တည်တည်ပဲ ဟိုလဲ ရောက်ရော အဘ ကျွန်တော် ရောက်ပါပြီ ဆိုပြီး သတင်းပို့တော့ အဘက “ @#$_%^& ဘယ်တွေလျှောက်သွားနေတာလဲ အရာရှိက အစ စည်းကမ်းဖောက်နေတယ် ဆိုပြီး ဘယ်မှာလဲ တုတ်တဲ့ ” ကျွန်တော်လည်း ခပ်တည်တည်နဲ့ ဒီမှာ အဘဆိုပြီး စောနက တုက်ကို ပေးလိုက်တော့ ဘာပြောကောင်းလိုက်မလဲ ခြံစည်းရိုးကာဖို့ နှီးသပ်နေတဲ့ ၀ါးလုံးနဲ့ လိုက်ရိုက်တာပေါ့။ ကျွန်တော်လည်း ငြိမ်မခံပါဘူး။ ထွက်ပြေးတာပေါ့ ။ ဒါပေမယ့် တချက်တော့ စစချင်း ထိသွားသေးတယ်။ သူကလဲ အသက်ကြီးပေမယ့် လက်မြန်တာကြောင့်ပါ။ ဒါပေမယ့် အဲဒီတစ်ချက်ပဲ ရိုက်ပြီး ကျွန်တော်ထွက်ပြေးတော့ ကြည့်ပြီး ရီနေပါသေးတယ်။ အလုပ်ကြောင်တာရယ် ၊ ရှမ်းမရောင်းတဲ့ဆိုင်မှာ စကားလေးသွားပြောမိတာကို ကြောင်တယ်ဆိုပြီး ထင်မြင်တာရယ်နဲ့ ဒါနဲ့ပဲ အဲဒီနေ့က စပြီး ဆိုင်ဆိုင် မဆိုင်ဆိုင် “ ဗိုလ်ကြောင် ” ဆိုပြီး သူက စခေါ်တော့ တာပါပဲ။

မနက်သူနိးလာတဲ့နဲ့ “ ဗိုလ်ကြောင်...ဗိုလ်ကြောင် ဘယ်ရောက်နေလဲ ၊ မျက်နှာသစ်ဖို့ ရေလဲ မရှိဘူး ” “ ဗိုလ်ကြောင် တန်းစီမယ် ” ဘာလုပ်လုပ် ဒီနာမည်ကို ပါးစပ်က မချပါဘူး။ နောက်တော့ ဆရာကြီးတွေကို မေးကြည့်တော့ အဘက သူချစ်တဲ့ တပည့်တွေဆို အဲဒီလိုပဲ နာမည်ပြောင် ပေးထား တက်တယ်တဲ့။ နာမည်အရင်း ဘယ်တော့မှ မခေါ်ဘူး ဆိုပြီး ပြန်ကြားရတော့ ၀မ်းသာပေမယ့် နာမည်ကြီးက တွင်နေတော့ တခါတခါ သိပ်တော့ ဘ၀မကျချင်ဘူးး) ။ အခုဒီစာကို ရေးတော့ ကျွန်တော့်ကို ရည်စားမရခဲ့ဘူးလား လိုတော့ မေးကြပါတယ်။ ရှိတော့ ရှိတာပေါ့ဗျာ။ ရှိတယ်ဆိုတာ ရည်းစားရှိခဲ့တာကို ပြောတာမဟုတ်ပါဘူး။ လူငယ်သဘာဝ မိန်းခလေး လှတာတွေ့ရင်တော့ ငမ်းတက်ကြတာပဲ မဟုတ်လား။ ဒီတော့ ကျွန်တော်လည်း ငမ်းတာပေါ့။ ငမ်းရုံအဆင့်ပဲ ရှိပါတယ်။ ချစ်တယ် ကြိုက်တယ် ပြောဖို့ကြတော့ ဘယ်လိုလုပ် ဖြစ်နိင်မှာလဲ။ ကိုယ်က ခဏလာတာ ၊ တသက်လုံးလဲ ဒီမှာ နေရမဲ့သူ မဟုတ်ဘူး။ ပြီးတော့ မယူနိင်ဘဲနဲ့ မချစ်ချင် ၊ မကြိုက်ချင်တာ ကြောင့်ရယ် ၊ အဘက လည်း ရှေ့တန်းမှာ မိန်းခလေးတွေနဲ့ မပတ်သက်ဖို့ အကြောင်း ၊ အမြဲ ဆုံးမ တာကြောင့် အလှအပတွေကို အလှအပလိုသာ ခံစားခဲ့ပါတယ်လို့ ၀န်ခံလိုက်ပါသည်။

တနင်္ဂနွေနေ့ တရက်မှာ ဈေးနေ့ ကြတာကြောင့် ကျွန်တော်လည်း အဘကို လိုအပ်တဲ့ အသုံးအဆောင်လေးတွေ ၀ယ်ဖို့ ဈေးသွားဖို့ ခွင့်တောင်းပြီး ထွက်လာခဲ့ပါတယ်။ သာမာန်အနေနဲ့ကတော့ ဈေးက နေ့တိုင်းဖွင့်ပေမယ့် ဒီလို ၅ ရက်ဈေးနေ့မှာဆိုရင်တော့ တောင်ပေါ်တွေက လာတဲ့ တိုင်းရင်းသားများ ၊ တရုတ် လူမျိုးတွေကို စုံလွင်စွာ တွေ့ရတက်ပါတယ်။ ဒါပေမယ့် ဈေးထဲမှာတော့ ကိုတရုတ်တွေကတော့ သူဌေးတွေပေါ့။ သူတို့က အရင်းရှိတော့ ဖုန်းကဒ် ၊ လက်ကိုင်ဟမ်းဆက် ၊ ရေမွှေး ၊ အ၀တ်အထည် တွေ အမျိုးမျိုးရောင်း ကြပြီး ၊ ကျွန်တော်တို့ တိုင်းရင်းသား လူမျိုးစုတွေကတော့ ခုတ်လာတဲ့ ထင်းလေး ၊ အသီးအနှံလေး ၊ အိမ်တွင်းလုပ် စားစရာ တွေလောက်သာ ရောင်းရုံ အဆင့်ပါ။ ပြီးတော့ တရုတ်ပြည်နဲ့်နယ်စပ်မြို့ချင်း ကပ်လျက် ဖြစ်သောကြောင့် အခါအား လျောစွာ တရုတ်ပြည်ထဲကို ဈေးနေ့မှာ ရော ၊ ဈေးနေ့ မဟုတ်ရင်တောင် ဖြက်သန်း သွားလာပြီး ရောင်းဝယ် ဖောက်ကား ကြပါတယ်။ ဒါပေမယ့် ဖြက်သန်းခ ကတော့ တစ်ဦးလျှင် ( ယွမ်-၅ )ကျပ် နှုန်းပေးရပါတယ်။ ဂိတ်က မြန်မာဂိတ်နဲ့ တရုတ်ဂိတ် ဆိုပြီး နှစ်ခုရှိတာကြောင့် အသွားအပြန်ဆို ( ယွမ်-၁၀ ) ကျပါတယ်။ အဲဒီတုန်းက ယွမ်-၁ ကျပ်ကို မြန်မာငွေ-၁၀၀ ကျပ်ရှိပါတယ်။ ဒီတော့ အသွားအပြန်ဆို မြန်မာငွေ - ၁၀၀၀ကျပ် ကြတယ် ခင်ဗျာ။ ဈေးသည်တွေ ရောင်းဝယ် ဖောက်ကားမှု ကောင်းမကောင်းတော့ မသိပါဘူး။ သေချာတာကတော့ အပေါက်စောင့်တဲ့ နယ်စပ်စည်ပင် ဆိုတဲ့ အဖွဲ့က လူတွေကတော့ တစ်နေ့ကို လူတွေက အနည်းဆုံး မဖြက်သန်းဘူး ဆိုရင်တောင် အယောက် ( ၂၀ ) အနည်းဆုံး ရှိတာကြောင့် သူတို့အတွက်တော့ တော်တော် လေးကို အဆင်ပြေလျက်ရှိပါတယ်။ ဒါကလည်း ပြောရတာတော့ မကောင်းပါဘူး။ တစ်ယောက်နဲ့တစ်ယောက် အဆင်ပြေလို့ ပေးကြ ၊ သွားကြတာ ဆိုတော့လည်း သူတို့ချင်း အဆင်ပြေနေတော့လဲ ပြီးတာပဲလို့ နောက်ပိုင်း အနေကြာလာတော့ နားလည်မိပါတယ်။

အဲဒီဈေးမှာပဲ မြန်မာတစ်ချို့လည်း ဈေးရောင်းလျက် ရှိတာကို တွေ့ရပါတယ်။ ထမင်းဆိုင် ၊ ကုန်ခြောက်ဆိုင် ၊ အ၀တ်အထည်ဆိုင်တွေ မှာရောင်းကြတာပါ။ ကျန်တဲ့ ဈေးသည်တွေကတော့ တရုတ် ၊ ရှမ်းတွေပါ။ ၅ ရက်တစ်ခါ ဈေးနေ့ ရောက်ရင်တော့ လမ်းဘေးတွေမှာပါ ဘေးဘယ်ညာ ချရောင်းပါတယ်။ လက်ဖက်ရည်ဆိုင် ၊ လက်သုပ်ဆိုင် ၊ ကာရာအိုကေ ဆိုင်တွေလည်း ရှိပါတယ်။ ဒါပေမယ့် ထူခြားတာက အဲဒီမုံးကိုးမြို့က လူတွေက သိပ်ပြီး စကားမပြောကြဘူးဗျ။ ဈေးဝယ်နဲ့ဈေးရောင်း သူလောက်ပဲ လိုအပ်မှ ပြောကြတယ်။ ကျွန်တော်တို့ မြန်မာတွေဈေးကတော့ အဝေးက အသံကြားတာနဲ့တင် ဈေးမှန်းသိလောက်အောင် အောင်မြင်ကြပါတယ်။ ရောင်းတာက မြန်မာ ၊ ၀ယ်တာက တိုင်းရင်းသား မျိုးစုံ ၊ တရုတ် နောက် ရောင်းတာက တရုတ် ၊ ၀ယ်တာက တိုင်းရင်းသားမျိုးစုံ ၊ မြန်မာ ကဲ ဘယ်မှာလဲ အော်ရောင်းဖို့ အဓိက ဘာသာ စကား။ အဲဒီတော့ လူတွေသာ တွေ့နေရတယ် တိုးတိုး...တိုးတိုးနဲ့ ။ အသံလည်း ဘာမှ သိပ်မကြားရဘူး။

ကျွန်တော်လေ့လာခဲ့သော......မုံးကိုးမြို့အကြောင်း

ဒီမြို့က ၁၉၉၈-၉၉ လောက်အထိကို မငြိမ်သေးဘူးဗျ။ ငြိမ်းချမ်းရေး ယူထားပေမယ့် သတိနဲ့ သွားလာနေရတဲ့ နေရာဒေသတွေပါ။ အဓိက လမ်းမကြီး တစ်ခုပဲ ရှိပြီးတော့ ဘေးဘယ်ညာတွေမှာ ၂ ထပ်တွဲ အိပ်ဆောင်လို အခန်းတွေ အများကြီးပါတဲ့ ဟာတွေကို တဆက်တည်း ဆောက်ထားပါတယ်။ ကျွန်တော်က အိမ်ခြေတွေများပြီး ဘာလို့ လူမနေတာလဲ ၊ ပြီးတော့ ဘာလို့ချိတ်ပိတ်ထားတာလဲလို့ မေးကြည့်တော့ အစတုန်းက အဲဒီနေရာတွေက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အနားယူ အပန်းဖြေရာ နိက်ကလပ်များ ဖြစ်ကြောင်း ၊ တစ်ချို့က ဇိမ်ခန်း ၊ ပြည့်တန်ဆာ အခန်းများ နှင့် ဘိန်းရှုခန်းများသာ ဖြစ်ကြောင်း မီလိုက်တဲ့ ဆရာကြီးတွေက ပြန်ပြောပြတာကို ကြားရပါတယ်။ အဲဒီလို အိမ်တွေက တစ်မြို့လုံးနီးပါးကို ရှိတာပါ။ နောက်ပြီးတော့ အဲဒီအချိန်တုန်းက ဘိန်းကို ပေါ်တင် ၀ယ် ၊ ရောင်း ခွင့် ရှိနေတော့ တိုင်းရင်းသား တော်တော်များများ အဲဒီဒဏ်ကို တော်တော်ခံလိုက်ရပါတယ်။ တိုင်းရင်းသား ချည်းပဲပြောပြီး မြန်မာကျတော့ မပါဘူးလားလိုတော့ မထင်စေချင်ပါဘူး။ ဘာလို့လဲဆိုတော့ တော်တော်ကို ဝေးလံတဲ့ ဒေသ ၊ နယ်စပ်အစွန်အဖျားဆိုတော့ ကာ မြန်မာစကားကို မတက်ကျ နားမလည်ကျတာကြောင့် ဘယ်မြန်မာ တစ်ယောက်မှ မရှိပါဘူး။ ကျွန်တော်ပြန်လာတဲ့ အထိကို အဲဒီဒေသတွေမှာ ဘိန်းစွဲနေတဲ့ လူတွေကို တွေ့နေရတုန်းပါပဲ။ သူတို့ဘိန်းကို ဘယ်က ရသလဲတော့ မသိပါဘူး။ ပိုက်ဆံကိုတော့ ထင်းခုတ်ရင်း ၊ တခြားအလုပ်တွေ လုပ်ကိုင်ရင်း ရှာနေကြတာပါပဲ။



ဘိန်းမည်း

ဆက်ပြောရရင်တော့ အဲဒီအချိန်တုန်းက လမ်းဘေးနားမှာကို ဘိန်းမည်း တွေကို ချရောင်းနေကြတယ်တဲ့။ ပြီးတော့ ရောင်းတဲ့ လူတွေကလည်း သေနတ်တွေနဲ့။ အဲဒီတုန်းက အစိုးရ အုပ်ချုပ်မှုလည်း မရှိသေးပါဘူး။ ဘာလို့လဲ ဆိုတော့ စီစီဝမ်တာပန် တိုက်ပွဲတွေ ပြီးတော့မှ အဲဒီဘက်တွေကို ဆက်လက် အုပ်ချုပ်နိင်ခဲ့တာ ကြောင့်ပါ။ နာမည်ကျော် စီစီဝမ်တာပန် တောင်ကုန်းတွေက ကျွန်တော်တို့နဲ့ စခန်းနဲ့ သိပ်မဝေးပါဘူး။ တရုတ်နယ်စပ်နဲ့ကလည်း ကပ်နေတာဆိုတော့ အဲဒီနိင်ငံက တရုတ်တွေက ဒီဘက် မုံးကိုးမြို့ထဲမှာ အိမ်တွေဝယ်ပြီး စီးပွားရေး လာလုပ်ကြတာပါ ။ အဲဒီအချိန်တုန်းက စီးပွားရေး တော်တော်ကို အလုပ်ဖြစ်တယ်နဲ့ တူပါတယ်။ တစ်ချို့အိမ်တွေဆို လန်ပျံနေအောင် ဆောက်ထားတာပါ။ အခုတော့ ခြုံတွေပေါက် မြက်တွေရှည်နဲ့ ရောင်းချင်တော့လည်း လူက ၀ယ်မဲ့သူ မရှိတော့ ဒီအတိုင်း ထားခဲ့ပြီး တရုတ်ပြည်ဘက်ကို ပြန်သွားကြပါတယ်။ ဒါကြောင့်မြို့က တိတ်ဆက် ခြောက်ကပ်ပြီး လူမရှိလောက်ဘူး ထင်ရလောက်အောင် ဖြစ်နေခဲ့ပါတယ်။ အခုနောက်ပိုင်းမှ ဆေးရုံ ၊ ကျောင်း ၊ ရဲစခန်း ၊ စေတီ ၊ ထပ်ဆင့်အသံလွှင့်စက်ရုံ တည်ရှိခဲ့တာပါ။

အခုတော့ မြန်မာတွေလဲ နည်းနည်းတော့ များလာပါပြီ။ ဘာလို့လဲဆိုတော့ အစိုးရက ၀န်ထမ်းတွေကို ဖွံဖြိုးတိုးတက်အောင် သွားရောက် တာဝန် ထမ်းဆောင်ခိုင်းတာကြောင့်ပါ။ ဒီမုံးကိုးမြို့က ဘာမှ မထွက်ပါဘူး။ စားဝတ်နေရေး အတွက်ပဲ လုပ်ကိုင်စားသောက်ရုံ အဆင့်ပဲရှိပါတယ်။ ဒါတောင် သူဌေးအဖြစ်ကို ရောက်မဲ့ စီးပွားရေး လမ်းလည်း မတွေ့ပါဘူး ။ တစ်ခုတော့ ရှိတယ်။ ဘိန်း ပေါ့ဗျာ။ ဘိန်းမှောင်ခို ကူးနေတာတွေတော့ သတင်းတွေရနေတာပေါ့။ အဲဒီအကြောင်းကို နောက်ပိုင်းမှာ ပြောပြပ့ါမယ်။ ကျွန်တော်လည်း ဈေးဝယ်ပြီး ဟိုလျှောက်ကြည့် ဒီလျှောက်ကြည့်ပေါ့။ နောက်ဆုံး စားစရာဆိုလို့ ကိုယ်ကြိုက်တာလဲ တစ်ခုမှ မရှိတာကြောင့် စိတ်ညစ်ညစ်နဲ့ လျှောက်ကြည့်နေတုန်း ရခိုင်မုန့်တီ ဆိုလို့ ၀မ်းသာသွားတာပေါ့။ ဒါနဲ့ အပြေးအလွှား ၀င်လိုက်တော့ သူတို့က ကုန်သွားပြီတဲ့ ။ ရောင်းတာကတော့ ရခိုင်တွေပါ။ ကျွန်တော့်ကို သိနေတော့ အံသြသလိုတော့ ဖြစ်မိပါသေးတယ်။ နောက်တော့မှ ရဲဘော်တွေ ၊ ဆရာကြီးတွေက အဲဒီဆိုင်မှာ အမြဲလာစား နေတာကြောင့် ဖြစ်မှန်း သိခဲ့ရတာပါ။ ဆက်စပ်တွေးကြည့်တာပေါ့။ ဒါနဲ့ မုန့်တီမရှိတော့ ရှမ်းခေါက်ဆွဲရှိတယ်တဲ့။ စကားမစပ် ကြုံတုန်းပြောရဦးမယ်။ ရှမ်းခေါက်ဆွဲဆိုတာကြီးကို ကျွန်တော် တစက်မှကို စားလို့မရတာပါ။ ကြိုက်တဲ့လူကတော့ တော်တော်များပါတယ်။ ကျွန်တော်က ဇော်ကန့်လန့် လို့ပဲ ပြောရမယ်။ စားလို့ကို မရဘူး။ ဘာကြောင့်လဲ ဆိုတော့ အမေက ငယ်ငယ်က အသုတ်၊မုန့်ဟင်းခါး၊ဦးနို့ခေါက်ဆွဲ ရောင်းတဲ့ ဆိုင်ကြီး ဖွင့်တော့ မနက်ဆို ခေါက်ဆွဲသုတ်ပဲ စားနေရတော့ အမေ့လက်ရာကို ဘာလို ခေါက်ဆွဲသုတ်နဲ့မှ လဲလို့မရခဲ့ပါဘူး။ စာရေးရင်း နဲ့တောင် စားချင်လာပြီ။ ပြန်မှပဲ အမေ့ကို သုတ်ကျွေးဖို့ ပူဆာရမယ်။ ဒါနဲ့ ဆိုင်ရှင်တွေကို ရိုးရိုးပဲ ခေါက်ဆွဲကို သုတ်ပေးဖို့ ဖြစ်နိင်ရင် သုတ်ပေးပါလို့ ဆိုတော့ ရတယ်ဆိုတာနဲ့ ဗိုက်ဝခဲ့ရပါတယ်။ “ ရှမ်းပြည်ရောက်~~~~ မြန်မာတစ်ယောက်ရဲ့ ~~~~အဖြစ်ဟာ မလွယ်ပါလား ” ဗိုလ်ထီး အမှတ်တရပေါ့ ။

ဒီလိုနဲ့ မတ်လကုန်လို့ ဧပြီလထဲကို ရောက်လာတဲ့ အခါမှတော့ “ အရေးကောင်းမှ ဒိန်းဒေါင်းဖျက် ” ဆိုသလို အဘဆီမှာ ၄ လတာ အနီးကပ် ဆည်းပူးခဲ့ပြီးနောက်တော့ ကျန်တဲ့ သူငယ်ချင်း ( ၂ ) ယောက်ကိုလဲ သင်ပေးဖို့ အချိန်ကျန်သေးတာကြောင့် အဘက မယုံရဲ ယုံရဲနဲ့ စခန်းတစ်ခုကို တာဝန်ယူဖို့ လွဲပြောင်းပေးပါတော့တယ်။ ၁ နစ်မှာ ၁၂ လ ဖြစ်တာကြောင့် ၃ ယောက်ဆိုတော့ တစ်ယောက်ကို ၄ လစီခွဲ သင်ပေးတာပါ။ ဒါနဲ့ ကျွန်တော် မောင်ဆိုးသွမ်းကို သင်္ကြန်မှာ သောင်းကျန်းမှာ ကြောက်လို့လား မသိဘူး မြို့နဲ့ ( ၁၀ ) မိုင်လောက် ဝေးတဲ့ တောင်ကုန်းကို ပြောင်းရွှေ့တာဝန် ထမ်းဆောင်ဖို့ အမိန့်ချမှတ် လိုက်ကြောင်း သတင်းဆိုး ကြားရတာပါပဲ။ ဒီလိုနဲ့ ယနေ့ကို ကျွန်တော်ပို့စ်တင်ဖို့ စောင့်နေခဲ့တာပါ။

စခန်းသစ် စခန်းကုန်းသို့ ပြောင်းရွှေ့ခြင်း

၂၀၀၄ ခုနှစ် ဧပြီ ၈ ရက်

သင်္ကြန်ကျရင် မြို့ထဲ သွားပြီး သင်္ကြန်ကို ဘယ်လိုကဲရမလဲဆိုတာ စဉ်းစားနေတုန်း “ သမ္မတ ဖြစ်ခါနီး လုပ်ကြံခံလိုက်ရ သလိုပဲ ” အဟဲ။ ဗိုလ်လောင်းကတည်းက သင်္ကြန်ဆို မပျော်ရတာ အပိုင်ကဲ ပါမယ်ဆိုမှ အခုတော့ တောင်ထိပ်မှာ မောင်အိပ်ရပါတော့မယ်ပါပေါ့လား ။ ပြောရရင် ဗိုလ်လောင်းကာလ ၃ နှစ်လုံး သင်္ကြန် ဆို မပျော်ရွှင်ရဘူး။ ခွင့်လည်း မရတော့ အထဲမှာပဲ ကျင်းပရတယ်။ ကျောင်းတော့ မတက်ရဘူးပေါ့ဗျာ။ အထဲမှာ ယောင်္ကျားလေး အချင်းချင်း ရေနဲ့လောင်းတာတော့ မဟုတ်ဘူး။ ရေချိုးတဲ့ ကန်ထဲ ပစ်ချကြတာ။ အဲဒီလို စကြနောက်ကြတာကိုး။ ဒီတော့ ကျောင်းဆင်း သင်္ကြန် အပိုင်ကဲ ဖို့မျှော်မှန်းထားတာ။ အခုတော့ စခန်းပြောင်းခါနီး အဘက မှာလိုက်သေးတယ်။ မကြာခင် သင်္ကြန်လာတော့မယ်တဲ့ ။ ဒါပေမယ့် ဒါရှေ့တန်းထွက်နေတာ သင်္ကြန်လာကျတာ မဟုတ်ဘူးတဲ့။ ဒီတော့ ငါ ဘာဆိုလိုချင်တယ်ဆိုတာက ပေါ်တင်ပြောရရင် “ ငါ့အမိန့်မရဘဲ မြို့ထဲကို သွားဖို့ လုံးဝ မစဉ်းစားပါနဲ့
၊ ငါမသိဘဲ ခိုးသွားမယ် ခွင့်ပြုချက် မရဘဲ သွားမယ်ဆိုရင် မင်းကို တာဝန်ချိန်မှာ စခန်းကို စွန့်ခွာမှုနဲ့ အရေးယူပစ်မယ်တဲ့ ” ကဲ မှတ်ရော။ ငုတ်တုတ် လုံးလုံးကို ကျွန်တော့်မှာ မေ့ခဲ့ရပါတယ်။ ၂၀၀၄ ခုနှစ်သင်္ကြန်ကို ဘယ်လို ဖြက်ကျော်ရသလဲဆိုတော့ကာ ကျွန်တော့်တို့ စခန်းက တိုင်းမှုးကိုယ်တိုင် စစ်ရေးအရ အရေးပါတယ်လို့ ယူဆတာကြောင့် ဒီစခန်းကို ဆောက်လုပ်ခဲ့တာပါ။ တောင်ပေါ်ကနေ ကြည့်ရင် တရုတ် တောင်ကုန်းတွေ ၊ နယ်စပ်မြို့တွေကို သေသေချာချာ မြင်ရပြီး ၊ ကျွန်တော်တို့ မုံးကိုးမြို့ကိုလည်း ရှင်းလင်း ပြက်သားစွာ မြင်ရတာကြောင့် ရွေးချယ်ခဲ့တာပါ။ တောင်ပေါ်မှာ အမြှောက်တပ်စခန်း တစ်ခုလည်း ဆောက်လုပ်ထားပါတယ်။ ဒီတော့ ကျွန်တော့်မှာ ပြောင်းမဲ့ရက်က ဆန့်တငင်ငင်နဲ့ ။ ရွာထဲက ရှမ်းမလေးတွေ လည်း ရေမလောင်းရတော့ပါဘူး။း) အဟဲ ။ ပြီးတော့ ဆရာကြီးတွေကလည်း ပြောင်းခါနီး အားပေးလိုက်သေးတယ်။ ဗိုလ်လုံတဲ့ “ အဲဒီ စခန်းက သရဲတအား ခြောက်တယ်နော်တဲ့ ” မြတ်စွာဘုရား !!! ကိုယ်က နဂိုကတည်းကမှ သရဲကားတောင် ကြည့်တာ မဟုတ်ဘူး။ အဲဒီလို ပြောလိုက်တော့ ဘယ်ရမလဲ....ဘုရားစာအုပ် ကိုအရင်ဆုံး အိတ်ထဲ ကောက်ထည့်ထားလိုက်တယ်။ ပြီးတော့ ပုတီး ၊ ဒါနဲ့ပဲ ရတနာ သုံးပါးကို အာရုံပြုလို့တောင်ပေါ်ကို ချီတက်ခဲ့ရပါတယ်။ မှတ်မှတ်ရရ ဒီနေ့ပါပဲဗျာ။

ဒီလိုနဲ့ စခန်းရှိရာကို ခြေလျင်တက်လာရတာပါ။ တောင်ပေါ်ကိုပေါ့။ တောင်က တော်တော်လေးလဲ မြင့်ပါတယ်။ ဒါကြောင့်လည်း စစ်ရေးအရ အချက်အချာ ကြတာပါ။ ဟိုရောက်တော့ နေရမယ့် တဲကိုကြည့် ၊ ပြီးတော့ ဆရာကြီးတွေကို ခေါ် ၊ အဘက လူချိန်းဖို့ ပြောလိုက်တာတွေကို ချိန်းပြီး ပြန်လွှတ် ၊ ကျန်ခဲ့တဲ့ ဆရာကြီးတွေကို နေဖို့ နေရာတွေ ချပေးနဲ့ လူလည်း တော်တော်ကို မောသွားပါတယ်။ စခန်း ဧရိယာကို ကြည့်လိုက်တော့ ဘောလုံးကွင်း ၃ ပုံ ၁ ပုံ လောက်ပဲ ရှိပါတယ်။ ဒါနဲ့ ပစ်ကျင်းတွေ ၊ ဘန်ကာတွေ ၊ အမြှောက်ပစ်ဖို့ နေရာတွေနဲ့ စခန်းအခြေအနေကို လိုက်ကြည့်ရင်း တွေ့လိုက်ရတာက......လားလား ကျွန်တော့် အိပ်ရမဲ့ တဲခေါင်းရင်း ၃ ပေ အကွာလောက်မှာက အုတ်ဂူကြီးဗျာ။ ဘယ်တုန်းကတည်းက ရှိခဲ့တာလဲ မသိဘူး။ ရေညှိတွေနဲ့ မဲလို့။ ပြောင်းသလင်းနေတဲ့ မြေပေါ်မှာ ဒင်းက ဘွားဘွားကြီး ပေါ်နေတာ။ ဟ....သောက်ပလုတ်တုတ် ။ စိတ်ထဲမှာလည်း ဆရာကြီး ပြောတာ ကြားယောင်မိတယ်။ ကျွန်တော်က တစ္ဆေ ၊ သရဲ ကို အမှန်အတိုင်း ၀န်ခံရရင် အယုံအကြည် ရှိပါတယ်။ ဒီတော့ လန့်တာပေါ့ဗျာ။ အဲဒီမှာ အုတ်ဂူကို ကြည့်ပြီး ဆက်လျှောက်ကြည့်တာပေါ့။ နောက်ထပ် ဘာတွေ လိုက်ရသလဲဆိုတော့ ကျွန်တော်တို့ဘက်ခြမ်းနဲ့ ဟိုဘက် ခြမ်းကို အလယ်မှာ ခြံစည်းရိုးလေး ခက်ထားတယ်ဗျ။ စခန်း ၁ ခုထဲမှာ ၂ ပိုင်းခွဲထားသလိုပဲ။ နောက်ပြီး အဲဒီအပိုင်းဘက်မှာ နတ်ကွန်းလေး တစ်ခုလုပ်ပြီး ပူဇော်ထားပါတယ်။ ဒါနဲ့ ဆရာကြီးကို ဘာလို့ ဒီလို ခြံစည်းရိုး ခက်ထားတာလဲလို့ ၊ ပြီးတော့ လုံတာလဲ မဟုတ်ဘူး ။ တစ်ချက်တွန်းရင် လှဲတော့မယ့် ပုံကြီးလို့ ပြောလိုကပါတယ်။ ဒီတော့ ဆရာကြီးက ကျွန်တော့်ကို ပြန်ပြောလိုက်တာက.......

မြန်မြန်အဆုံးသက်နိင်အောင် ကြိုးစား ရေးပေးနေပါ့မည်။ ယခုစာတမ်း ဖတ်ပွဲရှိလို့ နှောင့်နှေးနေရခြင်း ဖြစ်ပါကြောင်း ။ အလည်လာသူ ၊ ကော်မန့်ရေးပေးသူ ၊ စီပုံးတွင် အော်ခဲ့သူ ချစ်စွာသော ဘလော့ဂ်ဂါ အစ်ကိုညီ အစ်မနှမ များအား လည်းကောင်း see here please ဆိုပြီး ကော်မန့်လာလာထားတဲ့ အမည်မသိသူကြီးအား လည်းကောင်း လိုက်လှဲစွာ ကျေးဇူးတင်မိပါသည်။

ဆက်ရန်