5 years ago
Thursday, February 19, 2009
ကျွန်တော် ၄ တန်းတုန်းက အတန်းထဲမှာ ပုံဆွဲ ထူးချွန်တဲ့ သူငယ်ချင်း ၃ ယောက်ရှိခဲ့တယ်။ တင်မိုး ၊ ကျော်ဝင်း ၊ ဖိုးကွန်း လို့ ခေါ်တဲ့ သူတို့ ၃ ယောက်က စာပေဘက်မှာသာ မထူးချွန်ကြပေမယ့် ပုံဆွဲတဲ့ နေရာမှာတော့ ၄ တန်းဆိုတဲ့ ပညာအရည်အချင်းနဲ့ မလိုက်အောင်ကို ပါရီမီပါတယ်လို့ဆိုရမယ်။သူတို့ ၃ ယောက်က ပုံဆွဲတော်တယ် ဆိုပေမယ့် သူတို့ကျွမ်းကျင်တဲ့ နည်းစနစ်က တစ်မျိုးစီပါ။ သူတို့ဘယ်လို မျိုးတွေ ဆွဲတယ်ဆိုတာ ကျွန်တော်တို့ ကြည့်ရအောင်။
တင်မိုး
ကျွန်တော်တို့ ၄ တန်းတုန်းက မြန်မာနိင်ငံမှာ ဆီဘောက်ဆာ ကားကြီးတွေ ၊ ထရပ်ကားကြီးတွေ ၊ လူသုံးကုန် ကားအကောင်းစားတွေ ဆိုတာ မြင်ဖူးဖို့ ရှားပါတယ်။ ကျောင်းက ရပ်ကွက်ထိပ်မှာဆိုတော့ ကျောင်းပြန်တာနဲ့ ရပ်ကွက်ထဲ ပတ်ဆော့ရင်း အချိန်ကုန်နေခဲ့ကြတာပါ။ အဲဒီအချိန်မှာပဲ တင်မိုးဆိုတဲ့ လူငယ်လေးက ၄င်းကား တွေကို စတိုင်ကျကျ ၊ သေသေသပ်သပ်နဲ့ သူကိုယ်တိုင်ပဲ ဒီကားတွေကို ထုတ်လုပ်တော့မယ် လူလိုလို ဆွဲတက်နေခဲ့တာပါ။ ကျွန်တော်တို့ ဒီခေတ် 3D အမြင်နဲ့လည်း သူ ရအောင် ဆွဲတက်တယ်။ ကားတစီးကို အပေါ်အောက် ၊ ဘေး ၊ အနောက်ကနေ လုံးဝ ချွတ်စွတ်တူအောင် ဆွဲတက်ပါတယ်။ မီးခိုးခေါင်းတိုင် ၊ ကားဘီး အဖုံး ၊ ကိုယ်ထည် စတဲ့ ကားရဲ့ အပြင်ပန်း ပုံစံတွေ အားလုံးနီးပါး သူဆွဲနိင်ပါတယ်။ တကယ်ကိုလည်း ပီပြင်ခဲ့ပါတယ်။ ဆွဲတယ် ဆိုပေမယ့် သူက ပရမ်းပတာမဟုတ်ပါဘူး။ သူ့နေရာနဲ့သူ အတိုင်းအထွာ အနိမ့်အမြင့်နဲ့။ တင်မိုး ပုံဆွဲနေပြီဆို ဘေးနားက ကျောင်းသားတွေ ငေးကြည့်ရလောက်အောင် လက်ရာပြောင်မြောက်တယ်။
မျဉ်းကြောင်း သေးသေးလေးတွေက အစ သေသပ်လှပလွန်းတယ်။ ဘယ်နေရာမှာ ဘာထပ်ဖြည့်လိုက်ရင် ၊ ဘာလိုအပ်တယ် ဆိုတဲ့ စိတ်ကူးစိတ်သန်းကလည်း တကယ့်ကို ၄ တန်းကျောင်းသား ဥာဏ်နဲ့ ချီးကျူးထိုက်ပါတယ်။ ဒါပေမယ့် သူက ကားထုတ်တဲ့ ဒီဇိုင်းအင်ဂျင်နီယာလည်း ဖြစ်မလာဘူး ၊ Civil လည်း ဖြစ်မလာဘူး ၊ သူတကယ်ဖြစ်သွားတာက သူ့အဖေလက်ခွဲ ဆိုက်ကားနင်းခြင်းပါပဲ။ ဆိုလိုတာက ဆိုက်ကားသမားပေါ့။
ဖိုးကွန်း
သူနဲ့ကတော့ ၇ တန်းထိ တူတူပေါင်းလိုက်ရတယ်။ ပက်စ်ပို့ပုံ ၊ ဓါတ်ပုံတွေကို ကြည့်ပြီး စာရွက်အလွတ်ပေါ်မှာ ပြန်ကူးဆွဲတဲ့ နေရာမှာတော့ သူ့အသက်အရွယ်နဲ့ဆို စပယ်ရှယ်လစ်ပဲလို့ ဆိုရမယ်။ ကျွန်တော်တို့ ရွယ်တူသူငယ်ချင်းတွေဆို ကိုယ်ကြိုက်တဲ့ ပုံလေးတွေ ဆွဲခိုင်းဖို့ သူ့ကို ၂ ကျပ်ပေးပြီးတော့ကို စောင့်နေရတယ်။ မုန့်ဖိုးက အဲဒီတုန်းက ၅ ကျပ်ပဲ ရတာကိုး။ တကယ်လည်း လက်ရာမြောက်ပါတယ်။ အဖြူအမည်းနဲ့ ခဲခြယ်ရာမှာလည်း တိကျသေသပ်တယ်။ သူကတော့ ဘာဖြစ်သွားလည်း မသိပါဘူး။ သူ့အဖေ နယ်ပြောင်းတော့ ပါသွားလေရဲ့
ကျော်ဝင်း
ဟားးးးးးးးးး။ သူလား ။ သူက အဲဒီ ၃ ယောက်ထဲမှာ အတော်ဆုံးလို့ ပြောရမယ်။ သူက ပန်းချီပညာလည်း တက်ပုံရမယ် ထင်ပါတယ်။ သူက ဘာပုံတွေဆွဲလည်းဆိုတော့ အင်္ဂလိပ်-မြန်မာ စစ်တုန်းက တိုက်ပွဲဖြစ်နေတဲ့ ပုံတွေ ဆွဲတာပါ။ ဒီခေတ်စကားနဲ့ဆို သရုပ်ဖော် ပုံတွေ ဆွဲစားလို့ ရတဲ့ အဆင့်အတန်းပညာမျိုး သူ့မှာ ပါလာမယ်လို့ ဆိုရမယ်။ တကယ်ကို အနုစိတ် ။ သူ့ပုံတွေထဲမှာ ကြည့်လိုက်ရင် ကျိုးပျက်နေတေဲ့ အမြှောက်အသေးစားလေးတွေ ၊ မြေပေါ်မှာ ပြန့်ကျဲနေတဲ့ လူသေအလောင်းတွေ ၊ ဓါးလှံတွေ ၊ အားကျိုးမာန်တက် ခုတ်ထစ်နေတဲ့ အင်္ဂလိပ်စစ်သားနဲ့ မြန်မာစစ်သားတွေ ၊ တိုက်ဆင်တွေ ၊ မြင်းတွေ ၊ အလံတော်တွေ တကယ့် တိုက်ပွဲဖြစ်နေတဲ့ မြင်ကွင်းကို ဓါတ်ပုံရိုက်ပြီး ဆွဲထားသလားလို့ ဆိုရအောင် ပီပြင်လွန်းလှပါတယ်။
အင်္ဂလိပ်စစ်သည် အ၀တ်အစားနဲ့ ပုံ ၊ မြန်မာစစ်သူကြီး အ၀တ်အစားနဲ့ပုံတွေကို တစ်ဦးချင်းစီ ဆွဲရာမှာလည်း တော်တယ်။ တိုက်ပွဲဖြစ်နေတဲ့ တည်နေရာ တောင်ကုန်း ၊ စမ်းချောင်း စတဲ့ နေရာရွေးချယ်မှုလည်း ကောင်းတယ်။ တကယ့်ကို မြေတောင်မြှောက်ပေးရင် အလားအလာရှိလာနိင်တဲ့ ကလေးတစ်ယောက်ပါ။ နောက်ဆုံး ဆေးရေးဆေးခြယ် အတက်ပညာ တစ်ခုသာ သူနောက်ထပ် ဆည်းပူနိင်ရင် ယနေ့စာပေလောက ခေတ်မှာတော့ အနည်းဆုံး စားဝတ်နေရေးအတွက် ဖြေရှင်းဖို့ နေရာတစ်နေရာ ရလောက်မယ်လို့ ကျွန်တော်ကတော့ မျှော်လင့်မိပါတယ်။ ဒါပေမယ့် သူဘာလုပ်နေသလဲဆိုတာကတော့ ဒီကိုမလာခင် ရပ်ကွက်ထဲ ပြန်တွေ့တော့ မီးသွေးရောင်းနေပါတယ်။
ကျွန်တော် သူတို့ ၃ ယောက်ဘ၀ကို ပြန်စဉ်းစားမိတော့ သင်ကြားမယ့်သူ မရှိဘဲ ထူးချွန်တဲ့ အတက်ပညာ ပါရမီ ပါလာကြပေမယ့် မိဘတွေရဲ့ သားသမီးအပေါ် လမ်းဖွင့် မပေးနိင်မှု ၊ ခေတ်အခြေအနေ ရေစီးကြောင်း ၊ စားဝတ်နေရေး ပြဿာနာ များကြောင့် လူငယ်တွေရဲ့ အနာဂတ်ဟာ တဖြည်းဖြည်း မှေးမိန်လာခဲ့ရတယ် ဆိုတာပါပဲ။ လူငယ်ဆိုတာ အမြဲတမ်း အရာရာမှာ စိတ်အားထက်သန်နေသလို စူစမ်းလေ့လာ မှုရှိနေတယ်ဆိုတာ အသိပါ။ တဖက်က ကြည့်ရင်လည်း မိသားစု စားဝတ်နေရေး ပြေလည်ဖို့ ကြိုးစားနေရတဲ့ မိဘတွေဟာ သားသမီးရဲ့ ထူးချွန်မှုတွေကို သတိမထားမိကြပါဘူး။ ထိုထူးချွန်မှုတွေကို သတိမထားမိသောကြောင့် မြေတောင်မြှောက်ပေးဖို့ မစဉ်းစားမိရင်းက ထူးချွန်တဲ့ပါရမီရှင်တွေဟာ တဖြည်းဖြည်း သာမာန်ဘ၀ကို ရောက်သွားခဲ့ရတော့တာပါပဲ။
တကယ်လို့များ သူတို့ ၀ါသနာနဲ့ သူတို့ လက်ရာလေးတွေကိုသာ ထပ်မံထိန်းကျောင်း သင်ကြားပေးလိုက်မယ် ဆိုလျှင်ဖြင့်......နောင်တချိန်မှာ သူတို့တွေထဲက နာမည်ကျော် ဖြစ်မလာဘူးလို့ ဘယ်သူပြောနိင်မလဲ။
Comment ထဲမှာ ညီငယ် ကိုရင်ညိန်းက အစ်ကိုရော အဲဒီအရွယ်မှာ ဘာပုံတွေဆွဲလည်းတဲ့။ ဟုတ်ကဲ့။ ကျွန်တော် ဘာပုံမှ မဆွဲပါဘူး။ ဒါပေမယ့် ဘောလုံးကန်ပါတယ်။ ကျောင်းမုန့်စားဆင်းတာနဲ့ ကန်တာပါ။ အကန်ကောင်းလို့ ကျောင်းပေါက်ဝမှာ ထိုင်နေတဲ့ ဗိုက်ကြီးသည် ဆရာမဗိုက်ကို ဘောလုံးမှန်လို့ ဘောလုံးလည်း သိမ်းခံလိုက်ရတဲ့အပြင် ၃ ချက်တိတိ အဆော်ခံလိုက်ရပါတယ်။ အသိမ်းခံလိုက်ရတဲ့ ဘောလုံးအတွက် မုန့်ဖိုးထဲက သူငယ်ချင်းတွေကို ပြန်လျှော်ပေးလိုက်ရတယ်။ :(
Labels: ကျွန်တော်၏...အတွေးများ
Subscribe to:
Post Comments (Atom)
11 comments:
လုံးဝ သဘောတူပါ၏။
ပါရမီရှိသူတွေဟာ သူတို့ရဲ့ အလားအလာကို မြင်ပြီး မှန်မှန်ကန်ကန် မြေတောင်မြှောက်ပေးတတ်သူနဲ့ တွေ့ဖို့ရယ်၊ နောက်ပြီး သူတို့ရဲ့ အရည်အချင်းတွေကို အားပေးချီးမြှောက်မယ့် ဈေးကွက်နယ်ပယ်ရယ် အဓိက လိုတယ်လို့ ထင်ပါတယ်။ ဘာပညာပဲဖြစ်ဖြစ် ကျွမ်းကျင်တတ်မြောက်တဲ့အခါ အဖိုးတန်တာပဲ ဆိုတဲ့ အများရဲ့ အမြင်နဲ့ လက်ခံအသိအမှတ်ပြုမှုကလည်း အရေးကြီးတယ် ဆိုရမှာပါ။ ဒီပညာနဲ့ ၀မ်းစာရှာနိုင်ဖို့က ရှိသေးတယ်ကိုး။
သူတို့တွေထဲက နာမည်ကျော် ဖြစ်မလာဘူးလို့ ဘယ်သူပြောနိင်မလဲ ?
ဘယ်သူမှမပြောနိုင်ပါဘူး ... အဟေးဟေး
အစ်ကိုကော အဲဒီတုန်းက ဘာပုံတွေ ဆွဲတုန်း
အဲဒါလေးတော့ထည့်ရေးသင့်တာဗျ :P
အဟေးဟေး
ဆိုးသွမ်းဘဝ ကို ပိုစိတ်ဝင်စားပါတယ်။
လာဖတ်သွားပါတယ်
ကိုယ်လည်း ပန်းချီစာရွက်တစ်ရွက်တွေ့ရင်
တစ်နာရီ ဒါဏ်ပေးခံခဲ့ရဖူးတော့ ဒီလိုအတွေ့အကြုံတွေ
ကိုကိုယ့်အလှည့်ကျမဖြစ်အောင်ကြိုးစားသွားဖို့ဆုံးဖြတ်ထား
ပါတယ်။
အင်းကွာ... အဲဒီအကြောင်းတွေ တွေးမိရင် အိပ်လို့တောင်မပျော်ဘူး။ မိဘ၊ဆရာ လုပ်သူတွေရဲ့ အားနည်းချက်ပေါ့ဗျာ... :(
ကျောက်ကောင်းလေးတွေ ရွှံ့နစ်သွားရတာပေါ့ ဘာကြောင့်လည်းဆိုတာကိုတော့ပြောတော့ဘူး ၈ျက်အေးကို သူ့အမေရိုက်ဖြစ်နေမှာစိုးလို့း)
ကျွန်တော် သူတို့ ၃ ယောက်ဘ၀ကို ပြန်စဉ်းစားမိတော့ သင်ကြားမယ့်သူ မရှိဘဲ ထူးချွန်တဲ့ အတက်ပညာ ပါရမီ ပါလာကြပေမယ့် မိဘတွေရဲ့ သားသမီးအပေါ် လမ်းဖွင့် မပေးနိင်မှု ၊ ခေတ်အခြေအနေ ရေစီးကြောင်း ၊ စားဝတ်နေရေး ပြဿာနာ များကြောင့် လူငယ်တွေရဲ့ အနာဂတ်ဟာ တဖြည်းဖြည်း မှေးမိန်လာခဲ့ရတယ် ဆိုတာပါပဲ။ လူငယ်ဆိုတာ အမြဲတမ်း အရာရာမှာ စိတ်အားထက်သန်နေသလို စူစမ်းလေ့လာ မှုရှိနေတယ်ဆိုတာ အသိပါ။ တဖက်က ကြည့်ရင်လည်း မိသားစု စားဝတ်နေရေး ပြေလည်ဖို့ ကြိုးစားနေရတဲ့ မိဘတွေဟာ သားသမီးရဲ့ ထူးချွန်မှုတွေကို သတိမထားမိကြပါဘူး။ ထိုထူးချွန်မှုတွေကို သတိမထားမိသောကြောင့် မြေတောင်မြှောက်ပေးဖို့ မစဉ်းစားမိရင်းက ထူးချွန်တဲ့ပါရမီရှင်တွေဟာ တဖြည်းဖြည်း သာမာန်ဘ၀ကို ရောက်သွားခဲ့ရတော့တာပါပဲ။
...............
လူတစ်ယောက် အောင်မြင် ဘို့ ဆိုတာ..
ဝါသနာ..အခြေအနေ..ပံ့ပိုးမှု..
သူ့ရဲ့ ပါရမီ.. ကုသိုလ်အကြောင်း တရား..
ကြိုးစား အား ထုတ်မှု...အခွင့်အလမ်း...
အဲဒါတွေ အားလုံး ဆုံမှ ..ဖြစ်လာတတ်တာမျိုး ပါ...
...
ဒီပို့စ်လေး ရဲ့ ရည်ရွယ်ချက်လေး က ကောင်းပါတယ်..
ဒါပေမဲ့.. မိဘတွေ ကိုချည်း...ခေတ်စံနစ် ကိုချည်း... အစိုးရ ကိုချည်း အပြစ်တင်လို့ တော့ မရဘူး ထင်တယ် နော်....(အစိုးရဆိုတာ..မြန်မာအစိုးရ လို့ ချည်းဆိုလိုတာ မဟုတ်ဘူးနော်.. ဘလော့ဂ်ထဲ မှတ်ချက်ရေးရ တာလဲ..ခပ်လန့်လန့်...ဘယ်အချိန် အဆဲ ခံရမလဲ လို့...း)....
.....
ဆရာကြီးလာလုပ်တာလဲ မဟုတ်ရပါကြောင်း...
.....
ထင်တာလေး လာဆွေးနွေး တာနော်...ကိုစိုးသွန်း ရေ..
........
ပို့စ်လေးရဲ့ရည်၇ွယ်ချက်ကောင်းပါတယ်.. လူတိုင်းက ငယ်၂တုံးက ပါရမီရှိပေမယ့် ပတ်ဝန်းကျင် ၊ မိဘ အသိုင်းအ၀ိုင်းနဲ့ မြေတောင်မြှောက်ပေးမယ့်လူတွေ အားလုံးစုံမှ. ထူးချွန်ပြောင်မြောက်တဲ့လူဖြစ်မှာပါ. ဒါကြောင့် လူကြီးတွေပြောလေ့ပြောထရှိတဲ့ စကားလေး လိုပေါ့ ကံ၊ ညဏ်၊ ၀ီရိယ ဆိုတာ မှန်ပါတယ်.
ဘယ်သူတွေဘာလုပ်လုပ် ကိုဆိုးသွမ်းက ကန်ကောင်းတုန်းလေ...:P
ကလေးဘ၀ကိုရော ငယ်သူငယ်ချင်းတွေကိုရော သတိရသွားတယ်။ childhood fantasy လေးတွေ။
တကယ်တော့ မြေတောင်မြှောက် အားပေးတဲ့သူ မရှိတဲ့အခါ ကိုယ့် talent ကိုယ် အထင်မကြီးတော့တဲ့စိတ်က လူတွေကို တုံးသွားစေတယ်။ မြေတောင်မြှောက်ခံခဲ့ဖူးရင် မအောင်မြင်သည့်တိုင်အောင် ကလေးတစ်ယောက်စိတ်ထဲမှာ ကျေနပ်စွာရင့်ကျက်နိုင်ဖို့ ပြင်ဆင်ပြီးသား ဖြစ်နေလိမ့်မယ်။
ထူးချွန်တဲ့ အတက်ပညာ ပါရမီ ပါလာကြပေမယ့် မိဘတွေရဲ့ သားသမီးအပေါ် လမ်းဖွင့် မပေးနိင်မှု ၊ စားဝတ်နေရေး ပြဿနာ၊ ခေတ်အခြေအနေ ရေစီးကြောင်း များကြောင့် လူငယ်တွေရဲ့ အနာဂတ်ဟာ တဖြည်းဖြည်း မှေးမိန်လာခဲ့ရတယ် ဆိုတာပါပဲ။
စာသားလေးကို နည်းနည်း ပြန်စီလိုက်ပါတယ်။ ကောင်းတဲ့ပိုစ့်ပါပဲ။
သုခမိန်(E-Journal)
Post a Comment