Monday, January 12, 2009

အစကတော့ ကျွန်တော့် ကဗျာလေးကို ဘလော့ဂ်မှာ မတင်တော့ပါဘူးလို့ ဆုံးဖြက်ထားတာပါ။ ညီငယ် တစ်ချို့က တင်ပေးလိုက်ပါလို့ ဆိုတာနဲ့ ပြန်ရိုက်ပြီး တင်ပေးလိုက်ရတာပါ။ အောက်က ဓါတ်ပုံနဲ့ ကဗျာလေးကတော့ ကျွန်တော့်လက်ဆောင်ပေါ့။ ကျွန်တော့်မှာ အကျင့်တခု ရှိပါတယ်။ ဘယ်သူဘလော့ဂ်က ကဗျာပဲ ဖြစ်ဖြစ် ၊ ကျွန်တော် ကြိုက်မိတယ်ဆိုရင် ဒီလိုပဲ ဓါတ်ပုံလေးတွေပေါ်မှာ စာရိုက်ပြီး သိမ်းထားလေ့ ရှိတယ်။ အခုဆို တော်တော်စုမိနေပါပြီ။ နောက်များကြုံမှ ပြန်လည်မျှဝေပါ့မယ်။ အခုတော့...“ အမေ ” ကဗျာလေးကို ခံစားပေးပါဦး။

“ အမေနှင့်.....စကားပြောခြင်း ”


နယူတန်ရဲ့ နိယာမ သုံးခုကို...အမေမသိဘူး
အမေသိတာ
သစ်ပင်ပေါ်တက်လို့ ပြုတ်ကျရင်
ကျွန်တော် ခြေထောက်ကျိုးမယ်ဆိုတာပဲ...သိတယ်

မိုနာလီဇာ ပန်းချီကားကို ဘယ်သူဆွဲတယ် ဆိုတာ...အမေမသိဘူး
အမေသိတာ
ရေချိုးပြီးရင် သားသမီးတွေကို
မျက်နှာမှာ သနပ်ခါးလိမ်းပေးရမယ်ဆိုတာပဲ...သိတယ်

ကမ္ဘာကျော် ကဗျာတွေရေးတဲ့
ရာဘန္ဒြာနတ် ( သ် ) တဂိုးကို...အမေမသိဘူး
အမေသိတာ
စာမကျက်ဘဲ ကဗျာရေးရင် စိတ်ဆိုးရလိမ့်မယ် ဆိုတာပဲ...သိတယ်

အမေရိကန် စီးပွားရေးပျက်တာ...အမေမသိဘူး
အမေသိတာ
မိသားစု ထမင်းဝအောင် ဘယ်လိုရှာရမလဲဆိုတာပဲ...သိတယ်

အစ္စရေးက ဂါဇာဒေသကို
ဝင်တိုက်နေတာ...အမေမသိဘူး
အမေသိတာ
ကျွန်တော်တို့ မိသားစုကို ဘယ်သူမှ ရန်မမှုနိင်ဖို့ဆိုတာပဲ...သိတယ်

နယူးယော့ခ်မြို့ကို ဒက်ခ်ျလူမျိုးတွေ စတင်တည်ထောင်ခဲ့တာ...အမေမသိဘူး
Mas OS အကြောင်း...အမေမသိဘူး
Eiffel Tower ကို ဂူစတက်ဖ် အီဖဲလ် တည်ဆောက်ခဲ့တာ...အမေမသိဘူး
လဂွန်းအိမ်ကို...အမေမသိဘူး
ကဗျာဆရာလို့ အမည်ခံမသွားတဲ့ ဆရာမြသန်းတင့်ကို...အမေမသိဘူး
North Atlantic Ocean ထဲမှာ ရှိတဲ့ ဘာမြူဒါတြိဂံအကြောင်း...အမေမသိဘူး
လကမ္ဘာပေါ် လူသားတွေ နေထိုင်နိင်တော့မယ်ဆိုတာ...အမေမသိဘူး
၂၀၁၂ မှာ ကမ္ဘာပျက်မယ်ဆိုတဲ့ ကောလဟာလ သတင်း...အမေမသိဘူး

အမေ မသိတာတွေ....များလိုက်တာ
ဒါပေမယ့် အမေ့ကို ကျွန်တော် အထင်မသေးရဲဘူး
အမေပေးတဲ့ အသက်နဲ့ အမေကျွေးတဲ့ ထမင်းကို စားပြီး
နေလာခဲ့တာ

အမေက....ဘာမှ မသိဘူး
ဒါပေမယ့် ကျွန်တော်တို့ကို ထမင်းဝအောင် ကျွေးနိင်တယ်
ကျွန်တော်က....တော်တော်များများ သိတယ်
အမေ့တစ်ယောက်ထဲကိုတောင်...ထမင်းဝအောင် ရှာမကျွေးနိင်သေးဘူး






6 comments:

မီးမီးငယ် said...

အမေက....ဘာမှ မသိဘူး
ဒါပေမယ့် ကျွန်တော်တို့ကို ထမင်းဝအောင် ကျွေးနိင်တယ်
ကျွန်တော်က....တော်တော်များများ သိတယ်
အမေ့တစ်ယောက်ထဲကိုတောင်...ထမင်းဝအောင် ရှာမကျွေးနိင်သေးဘူး

မှန်လိုက်တာနော်။ဒီစာသားနေရာရောက်တော့ ရင်ထဲမှာ အောင့်ခနဲဘဲ။

ကျေးဇူးတင်ပါတယ်။ ရိုးရှင်းလွန်းတဲ့ ကဗျာလေးတွေ ဖွဲ့ ပေးနိုင်ခဲ့တဲ့အတွက်
း)

Apprenticeship said...

ဒါပေမယ့် အမေသိတာတွေလဲ အများကြီးနော်... ဆိုးသွမ်းကို ဆိုးသွမ်း မဟေသီ ကောင်းကောင်းသိသလိုပေါ့။ စစ်မှန်တဲ့ ချစ်ခြင်းတွေနဲ့ ဆက်နွယ်နေတဲ့ သားသမီးတွေ အကြောင်းလဲ ကောင်းကောင်းသိတာပေါ့။ :)

Dr. Yi Yi Win said...

ထမင်းကို ဘယ်လိုဝအောင်ကျွေးသင့်၊ ဘာကြောင့်ဝအောင်ကျွေးသင့် မေမေသိခဲ့လို့ ပေါ့။ ထမင်းဝအောင်ကျွေးနိုင်သူတော်တော်များများက သားသမီးအကြောင်းသာကောင်းကောင်းသိတယ်၊ ကမ္ဘာကြီးအကြောင်းသိလောက်အောင် မအားကြဘူးလေ။ အားနေရင်တော့ သူတို့ လည်းသိကြမှာပါ။

Anonymous said...

အမေနဲ့ စကားလာပြောကြည့်တယ် အစ်ကိုရေ့ ။

လင်းဒီပ said...

ကဗျာလေးကတော့ e book တည်းက ဖတ်ပြီးသားပါ..
ဒီလိုပုံလေးနဲ့ထပ်လုပ်ထားတော့ သိမ်းထားလိုက်တယ်...:P

သန့်စင် said...

ကျွန်တော် တော်တော် ကြိုက်မိတဲ့ ကဗျာလေးပါဗျာ .. ။ ရိုးရှင်းတယ် မြင်လွယ်တယ်လို့ ထင်မိတယ် .. ။ ဟုတ်တယ်ဗျာ ဒီကဗျာလေးကို ဖတ်ပြီးတော့မှ အမေက ဘာမှမသိပါဘူး ကျွန်တော်တို့ကို ထမင်းဝအောင် ကျွေးနိုင်ခဲ့တယ် အခု အမေ ရောဆိုတဲ့ စိတ်ကလေး ဝင်လာတယ်