Monday, March 31, 2008



လားရှိုး - သီန္ဒီ ( ၃၂ မိုင် )
သီန္ဒီ - ကွတ်ခိုင် ( ၁၆ မိုင် )
ကွတ်ခိုင် - နမ့်ဖက်ကာ ( ၂၉ မိုင် )
နမ့်ဖက်ကာ - မုန်းယု ( ၂၈ မိုင် )
မုန်းယု - မူဆယ် ( ၈ မိုင် )

ဖြစ်ပါတယ်။ ဒါက လားရှိုးကနေ မူဆယ် အထိ ကားလမ်းခရီး မိုင်တိုင် အကွာအဝေးပါ။ လားရှိုးကနေ ကွတ်ခိုင် အထိကတော့ ( ၄၈ မိုင် ) ပဲကွာဝေးပါတယ်။ လားရှိုးကနေ ကွတ်ခိုင်ကို တက်မယ် ဆိုရင် စုစုပေါင်း ၃ နာရီ ၊ ဒါမှ မဟုတ် ၄ နာရီလောက် ကြာတက်ပါတယ်။ လမ်းက တောင်တက်လမ်း ဖြစ်တာက တကြောင်း ၊ အဆင်းကား ကိုဦးစားပေးနေရတာကြောင့် ကြာချင်းဖြစ်ပါတယ်။ အကယ်၍ ကွတ်ခိုင်မှသာ လားရှိုးကို ဆင်းမယ် ဆိုရင်တော့ အဆင်းလမ်းလည်း ဖြစ်တာကြောင့် အချိန်က ( ၂ ) နာရီ ကျော်ကြာပဲ ကြာပါတယ်။ ဒါနဲ့ ကျွန်တော်တို့လည်း ဗန်ကားတော့ မစီးနိင်တော့ဘူး ၊ လိုင်းကားနဲ့ တက်ပေါ့။ သေတ္တာတွေလည်း ပါတာကို။ လူက ( ၂၀၀၀ိ ကျပ် ) ၊ သေတ္တာက ( ၂၀၀ ) လောက်နဲ့ ပြီးသွားလို့ပေါ့။ ဒီလိုနဲ့ လားရှိုးက စထွက်ပေါ့။ လားရှိုးအကြောင်းရေးတုန်းက မြို့အထွက်မှာ တံတားတစ်ခု ရှိတယ်ဗျ။ အဲဒီကို နည်းနည်း ကျော်လိုက်ရင် ရေပုစမ်း ။ ရေပူစမ်းကို ကျော်လိုက်ရင် ကောလိပ်တစ်ခုရှိသေးတယ်။ စက်မှုကျောင်းလား မသိပါဘူး။ GTC လို့တော့ ရေးထားတယ်။ အဲဒီနားမှာပဲ ၆၈ အေဒီ လမ်းခွဲဆိုတာ ရှိသေးတယ်။ အဲဒီဘက်က ဘယ်ကိုရောက်လဲတော့ မသိပါဘူး။ ကာလမ်းကတော့ တော်တော်ဖြောင့်ဖြူးနေတာပဲ။ ပြီးတော့ လမ်းမှာ လားရှိုးမြို့ကို ဈေးသွားရောင်းတဲ့ ရွာသူရွာသားတွေကိုလည်း ထော်လာဂျီနဲ့ လည်း မြင်တွေ့နေရပါတယ်။

လားရှိုး - ကွတ်ခိုင် ကားလမ်း

ဒီလိုနဲ့ မောင်းလာတာပေါ့ ။ အစလမ်းမှာ ဘေးဘယ်ညာ သစ်ပင်ရိပ်တွေက မရှိတာကြောင့် လမ်းက တော်တော် ပူပါတယ်။ တစ်ခုတော်သေးတာက ကားက မောင်းနေတာ ဆိုတော့ လေတိုးတာကြောင့် နည်းနည်းတော့ သက်သာတာပေါ့။ တစ်ခါတလေ လေပူတွေတိုက်ရင်တော့ လေတိုးပေမယ့် ပူတာပေါ့ဗျာ။ ဒါနဲ့ မောင်းလာလိုက်တာ သီန္ဒီမြို့ကို ရောက်တော့ ဓတ်ဆီ ဖြည့်ရင်း ကားက ခဏနားပါတယ်။ အဲဒီမှာ ရှမ်းတွေနဲ့ စတွေ့တော့ တာပါပဲ ။ မြန်မာသံ ၀ဲဝဲ နဲ့။ မနည်းကို နားထောင်နေရတယ်။ ကိုယ်ကလည်း တစ်လုံးမှ မတက် ဆိုတော့ ဈေးဝယ်တာတောင် လက်ပြပြီး ၀ယ်နေတာပေါ့။ ဒါနဲ့ ၀က်ပေါင်ခြောက်ထုပ်လေးတွေ ၀ယ်စားဖြစ်ခဲ့တယ်။ တစ်ချို့ကတော့ ရှမ်းခြောက်ဆွဲစားကြနဲ့ သူတို့စားတာ ကြည့်ပြီး အဆိုတော် “ စိုင်းဆိုင်မော့ ” ရဲ့ သီချင်းကို သွားသတိရမိသေးတယ် ။ ဘာတဲ့ “ ဒီခေါက်ဆွဲ ကောင်းလွန်းလို့~~~ စားတာလား ~~~ဆိုင်ရှင်လေး~~~လှလွန်းလို့ သွားတာလား ” ဆိုတော့ ဒါနဲ့ ဆိုင်ရှင်ကို ဖြက်ခနဲ့ ကြည့်လိုက်တာ မှန်းချက်နဲ့ နှမ်းထွက် လွဲသွားတယ်ဗျာ။ ရောင်းနေတာ အဒေါ်ကြီး ။ ပါးစပ်မှာလည်း ကွမ်းက စားနေသေးတယ်။ သေစမ်းဟ...နန္ဒိယ ပေါ့။ အဲဒီလို လွဲတာ ။ ဒါနဲ့ ဆိုင်ရှင်လေး အသားထား မျက်နှာငယ်လေးနဲ့ ရေတောင်း သောက်တာပေါ့။ ကျန်တဲ့ ကျွန်တော့် သူငယ်ချင်း ( ၂ ) ယောက်ကတော့ ကားပေါ်မှာပဲ ဘယ်မှ မဆင်းဘူးနဲ့ တူပါတယ် ။

ဒါနဲ့ မိနစ် ( ၃၀ ) လောက်ကြာတော့ ကားသမားက ထွက်မယ်...ထွက်မယ် ဆိုတာကြောင့် ကားပေါ်ပြန်တက်ကာ ကွတ်ခိုင် ခရီးစဉ်ကို ရင်ခုန်စွာနဲ့ ချီတက်ခဲ့ပါတယ်။ သီန္ဒီမြို့ကို စတက်တက် လာချင်းပဲ အအေးဓတ်က သိသာစွာ ကျရောက်လာပါတယ်။ ပြင်ဦးလွင် အအေးထက် ပိုတယ်လို့လည်း ပြောလို့ရပါတယ်။ မြေပြန့်ကနေ တောင်ပေါ်လမ်း ကိုချက်ချင်း ပြောင်းလဲသွားတာပါ။ သီန္ဒီ အထိက မြေပြန့်ခရီးစဉ်ဖြစ်ပြီး မြို့ကျော်လာတာနဲ့ တောင်တက်လမ်းက စတာပါပဲ။ အကွေ့အကောက်တွေနဲ့ပေါ့။ ဒါနဲ့ ကျွန်တော်တို့လည်း မြေပြန့်သားပီပီ ဘုရားစာ ရွတ်ရင်း လိုက်လာရတာပေါ့။ အဲဒီမှာ အမေရိကန် ရုပ်ရှင်တွေထဲကလို ဆိုင်ကယ် မင်းသားတွေနဲ့ တွေ့တော့ တာပါပဲ။ အထူးအဆန်းပေါ့ ကျွန်တော်တို့ ( ၃ ) ယောက် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ဘာတွေလဲပေါ့ ။ အထူးအဆန်းနဲ့ လိုက်ငေးနေရတာ။ သွားနေကြ သူတွေကတော့ ပုံမှန်ပါပဲ။ ဆိုင်ကယ်သမားတွေက အုပ်စုတစ်စုကို အနည်းဆုံး အစီး ( ၈ ) စီး ၊ ( ၉ ) စီး လောက်ပါတယ်ဗျ။ စီးတဲ့ သူတွေကလည်း ဘယ်လို ပြောမလဲ ဆိုင်ကယ်မင်းသားတွေလား မင်းသမီးတွေလား မသိဘူး ၊ မင်းသားတွေပဲ များပါတယ်။ တခါတလေတော့ မင်းသမီးတွေကိုလည်း တွေ့နိင်ပါတယ်။ သူတို့က အမှန်အကန် နေဒဏ် လေဒဏ် ခံနိင်အောင်ရယ် ၊ မျက်နှာလေတိုးတာ ကာကွယ်နိင်အောင်ရယ် ကြောင့် ဦးထုပ်တွေ ၊ သရေအင်္ကျီတွေ ၊ နောက်ပြီး ခေါင်းစည်းတွေ ၊ ဘုတွေ ရှုးတွေနဲ့ တကယ်ကို ရုပ်ရှင်ထဲက အတိုင်းပဲ ။ နောက်မှ ဘေးနားက ကိုယ်နဲ့ မျက်မှန်းတမ်းမိတဲ့ ခရီးသွားဖော်တွေကို မေးကြည့်မှ “ အဲဒါ ဆိုင်ကယ် မှောင်ခို ( ကယ်ရီ ) သမားတွေတဲ့ ” ။

သူတို့က မူဆယ်ကနေ လားရှိုး ၊ ဒါမှ မဟုတ် ပြင်ဦးလွင် ၊ ဒါမှ မဟုတ် ပိုင်ရင် ဆိုင်ရင် မန္တလေးထိ ဆိုင်ကယ်ကို ချသွားတယ်တဲ့။ အဲဒီမှာ ပြန်ရောင်းရင် ၀ယ်ဈေးထက် အဆမတန် မြက်တာကြောင့် အခုလို ကယ်ရီရိုက် ခြင်းဖြစ်ပါတယ်။ အဲဒီတုန်းက မူဆယ်မှာ ဆိုင်ကယ် အသစ်ချပ်ချွတ် တစ်စီးမှ ( ၃၀၀၀၀ ၊ ၄၀၀၀၀ ) လောက်ပဲ ပေးရတာဆိုတော့ ဟိုမှာ ( ၁ သိန်း ) ကျော်ပြန်ရောင်းရင် ငွေရပေါက် ချောင်တာကြောင့်ပါ။ နောက်ပြီး ဆိုင်ကယ်ကြီးပဲလဲ ချလာတာ မဟုတ်ပါဘူး။ နောက်ပိုင်းမှာ အစိုးရက ပိတ်ထားတဲ့ အချိုမှုန့်ကိုပါ သူတို့ သယ်လာတာကြောင့် တော်တော်လေး အလုပ်ဖြစ်ကြပါတယ်။ ဒါပေမယ့် ဘယ်လို ပြောမလဲ အန္တာရယ်တော့ များတာပေါ့ဗျာ။ စီးရတဲ့ ခရီးလမ်း ကွာဝေးတာ ကြောင့်ရယ် ၊ နောက်ပြီး တောင်တက်လမ်းတွေ ဖြစ်တာ ကြောင့်ရယ် ၊ နောက်ပြီး ဂိတ်တွေကို ရှောင်ကွင်းပြီး ရွာတွေထဲက သွားလာတာတွေ ကြောင့် လမ်းက ပိုကြမ်းပါတယ်။ ဒီကြားထဲ ရှောင်တခင် စစ်ဆေးရေးမျိုးနဲ့ တိုးပြီးဆိုရင်တော့ ရှိသမျှ အကုန်အသိမ်းခံလိုက်ရတာ ပါပဲ။ အဲဒီအခါဆို ဆိုင်ကယ်ကို ရာနဲ့ချီပြီး မိတက်ပါတယ်။ ရွာတွေထဲက ဖြက်သွားမယ်ဆိုတိုင်းလည် မလွယ်ပါဘူး။ ရွာတွေမှာ ဖြက်သန်းခွင့်ကို သူကြီးကို ( ငွေ ၅၀၀ကျပ် ) ပေးရပါတယ်။ ကိုယ်တိုင် မလုပ်ဘူးပေမယ့် ဒီလိုပဲ စုံစမ်းထားရတာပေါ့ဗျာ။ သိနေသင့်တယ် ဆိုတဲ့ အတွေးလေးတစ်ခုတည်းနဲ့တင်ပါ။

သီန္ဒီ-ကွတ်ခိုင်လမ်းမှာ ရေပူ ဆိုတဲ့ စစ်ဆေးရေး ဂိတ်တစ်ခု ရှိတယ်ဗျ။ အကုန်စစ်တာပဲ ဘာမှ မချန်ဘူး။ ကျွန်တော်တို့ သေတ္တာတွေကိုတောင် ဖွင့်ခိုင်းသေးတယ်။ နောက်မှ အရာရှိငယ်တွေ မှန်း သိသွားလို့ မဖွင့်ခိုင်းတော့တာပါ။ အဲဒီဂိတ်မှာ လ၀က ၊ အကောက်ခွန် ကတစ်တွဲ ၊ ခပ်ဝေးဝေးမှာကြတော့ စစ်တပ်က အစောင့် သဘောမျိုးနဲ့ စခန်း တစ်ခုရှိပါတယ်။ တခုရှိတာက စောနက ဆိုင်ကယ်သမားတွေက အဲဒီဂိတ်နား မရောင်ခင် မိုင်ဝက်လောက် အကွာက ကားလမ်းအတိုင်းသွားနေရာကနေ ရွာထဲကို မောင်းဝင်သွားကြပြီး စခန်းအကျော် လောက်မှာ ရွာထဲက ပြန်ထွက်လာကြပါတယ်။ ကျွန်တော့်အထင်တော့ ပေါ်တင်ကြီး ဖြက်လို့ မကောင်းတာနဲ့ နည်းလည်မှုနဲ့ ရွာထဲက ဖြက်စေတာ ဖြစ်ရမယ်လို့ ထင်ပါတယ်။ ငွေကတော့ သူတို့ တစ်စီးကို ဘယ်လောက်လဲဆိုတာ သက်မှက်ထားပြီးသား ဖြစ်မှာပေါ့။ အားလုံးပြီးတော့ ကျွန်တော်တို့လည်း ကားပေါ်ပြန်တက်နဲ့ နောက်ဆုံးတော့လည်းလေ ဆိုတဲ့ စိုင်းစိုင်းခမ်းလှိုင် ပြောသလို ဌာနေကို ရောက်ခဲ့ပါပြီ။ ကွတ်ခိုင်ကို ၀င်လိုက်တယ် ဆိုရင်ပဲ ၀ူးဆို ဘေးနာမှာ အလန့်တကြားထဲ မောင်းထွက်သွားတာ ကြည့်လိုက်တော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းက ကား ။ ကားပေါ်မှာလဲ ၀တ်စုံပြည့် သေနတ်ကိုင် ၂ ယောက် ၊ လည်ပင်းကလည်း အနီပတ်တွေနဲ့ ။ ကားကတော့ Tiger လို့ခေါ်တဲ့ လင့်ခရုဒ်ဇာအမဲ တွေနဲ့ပါ။ ဒါနဲ့ ကိုယ်လည်း ခေါင်းနပန်း ကြီးသွားတာပေါ့။ ဟို ( ၂ ) ယောက်ကလည်း ဟ...ဘာတွေတုန်းဟ နဲ့ တိုးတိုး...တိုးတိုးနဲ့ တစ်ယောက်နဲ့ တစ်ယောက်မေးနေကြတယ်။ နောက်ပိုင်းမှာ သိလိုက်ရတာက ဒီမြို့မှာ တိုင်းရင်းသား လက်နက်ကိုင်တွေ ရှိကြောင်း ၊ အဖွဲ့အစည်း အမည်ကတော့ KDA ( Kachin Development Army ) ဖြစ်တယ်လို့ သိရပါတယ်။ ကွတ်ခိုင် မရောက်ခင် အနားလေးမှာတော့ ကွယ်လွန်သူ အဆိုတော် စိုင်းထီးဆိုင် ဆိုခဲ့တဲ့ လွိုင်ဆမ်ဆစ်တောင်ကို မှတ်မှတ်ရရ မြင်ခဲ့ရပါသေးတယ်။ ဘာမှ သိပ်တော့ ထူးထူးခြားခြား မရှိပေမယ့် တောင်က တစ်လုံးတည်း ထီးထီးကြီးဖြစ်နေတာရယ် တောင်ပေါ်မှာ ဆက်သွယ်ရေး စခန်းနဲ့ ကျွန်တော်တို့ တပ်မှာ စခန်းငယ်လေး တစ်ခုတည်ရှိပါတယ်။

ကွတ်ခိုင်....သို့မဟုတ် လွိုင်ဆမ်ဆစ် သို့

ဒါနဲ့ မြို့ထဲ ကားဂိတ်ရောက်တော့ ကားသမားက ညစ်ပါလေရော။ သူက လိုင်းကား ဖြစ်တာကြောင့် ဂိတ်မှာပဲ ရပ်ပေးမယ် ၊ တပ်ထဲ အထိ သွားချင်ရင် နောက်တစ်ကား ဌားဆိုတော့ အဲဒီမှာ အနည်းငယ် စကားပြောလိုက်ရပါသေးတယ်။ နောက်ဆုံး ငွေ ( ၈၀၀ ) ထပ်ပေးလိုက်ရပါတယ်။ ကွတ်ခိုင်တပ်ထဲ အထိပေါ့ဗျာ။ ဟိုရောက်တော့ ကားကို ဘယ်နှားရပ်ခိုင်းရမှန်းလဲ မသိဘူး ။ ဖြစ်ချင်တော့ ရုံးပိတ်ရက်ကြီး ဖြစ်တာကြောင့် ဘယ်သူမှလည်း မတွေ့ဘူး။ ပြီးတော့ တပ်ရင်းရုံးကိုလည်း ရှာမတွေ့ ၊ အိမ်ထောင်သည် လိုင်းခန်းတွေကိုလည်း မတွေ့နဲ့ ကားကြီး လမ်းလယ်မှာ ရပ်ပြီး ဟိုလိုက်မေး ဒီလိုက်မေးပေါဗျာ။ ကားသမားကလည်း ပြန်ချင်နေတဲ့ပုံ ဖော်ပြနေတာနဲ့ နေပါဦးဆိုပြီး ကိုယ့်လူကို မနည်းတားထားရတယ်။ သေတ္တာတွေပါတော့ ထမ်းရမှာ ခရီးမတွင်မှာကြောင့်ပါ။ ပြီးတော့ ကိုယ်ကလည်း သာမာန်အရပ်ဝတ် ၀တ်ထားတာကြောင့်ရယ် ၊ လူတွေကလည်း ခရီးပန်းလာတာရယ် ၊ ပြီးတော့ ကျောင်းဆင်းပြီးစ ဆိုတော့ အသားအရည်တွေက မွဲခြောက်နေတာကြောင့် ရဲဘော်သစ်တွေ ထင်နေလား မသိပါဘူး။ နောက်မှ အနားဖြက်သွားတဲ့ ဆရာကြီး တစ်ဦးကို အားကိုးတစ်ကြီး ကျွန်တော်တို့ ကျောင်းဆင်းလာတဲ့ အရာရှိငယ်တွေပါ ၊ ဒီတပ်မှာ တာဝန်ကျလို့ သတင်းလာပို့တာ တပ်ရင်းရုံးက ဘယ်မှာပါလဲ ခင်ဗျာလို့ ပြောတော့မှ ဆရာက အားကိုးတကြီး ရုံးပိတ်ရက်မို့ တပ်ရေးဗိုလ်ကြီးလည်း မရှိဘူးတဲ့။ ဒါနဲ့ သူနဲ့စကား ပြောနေတုန်း အမှတ် ( ၁ ) အခြေချ စစ်ဗျူဟာ မှာ G3 ( ဂျီသရီး ) အဆင့် ဗိုလ်ကြီး အောင်မျိုးထွန်း က တွေ့တော့ အနားလာရင်း အကျိုးအကြောင်း သိရတော့ လောလောဆယ် ဗျူဟာက ပိုင်ဆိုင်သော ( ၆ ခန်း )တွဲမှာ နေရာ ချထားပေးလိုက်ဖို့နဲ့ နေရာလဲပြီးပါက နောက် ( ၂ နာရီ ) ကြာလျှင် ၀တ်စုံအပြည့်နှင့် သူ့ဆီလာခဲ့ရန် မှာပြီး ထွက်သွားပါတယ်။

ကျွန်တော်တို့လည်း အခုမှ ပဲ စိတ်ချမ်းသာနိင်ပါတော့တယ်။ လက်ထဲမှာ ကြည့်တော့လည်း ငွေက ( ၁၀၀၀၀ ) ကျော်တယ် ဆိုရုံလောက်ပဲ ရှိတော့တာကြောင့် ရှေ့ဆက် ဘာတွေ ကုန်မယ်ဆိုတာတော့ မပြောတက်အောင် ဖြစ်နေပါတယ်။ ဘုရား ၊ တရား သာ တပြီးနေဖို့ပဲ ကျန်ပါတော့တယ်ပေါ့ဗျာ။ ဒါနဲ့ ဟိုရောက်တော့ G3 မှ ရှင်းလင်းဆောင်ထဲ ခေါ်သွားပြီးတော့ လက်ရှိ တပ် အခြေအနေ ၊ ရန်သူ့အခြေအနေ ၊ ခေါင်းဆောင် ဘယ်သူ ၊ ဘယ်နေရာတွေမှာ ဘာရှိတယ် ၊ ပြီးတော့ ကျင့်သုံးရမဲ့ ဓလေ့ ထုံးတမ်း အစရှိသည်ဖြင့် မှာကြားပါတယ် ။

ငြိမ်းချမ်းရေး လက်နက်ကိုင် အဖွဲ့အစည်းများ တည်ရှိရာပြ မြေပုံ

အသေးစိတ်ကို ရေးချင်ပေမယ့် လုံခြုံမှု အဆင့်အတန်း အရ ကျွန်တော် မရေးဘဲ ချန်လပ်ခဲ့ပါသည်။ ဒီလိုနဲ့ ကျွန်တော်တို့လည်း Note Book မှမှတ်သားထားပြီး နောက်ထပ် ( ၃ ) နာရီကျော်ကျော်လောက်မှာ ရှင်းလင်းချက်တွေ ပြီးခဲ့ပါတယ်။ ဒါနဲ့ လူကလည်း မောမောနဲ့ ကုတင်ပေါ် ပစ်လှဲရင်း လာရာ လမ်းတစ်လျှောက်လုံးကို စဉ်စားရင်း ပစ္စည်းတွေတောင် မထုတ်နိင်ပဲ ခဏအိပ်ပျော်သွားပါတယ်။ နောက် ၁ နာရီလောက်ကြာတော့ ပြန်နိးလာတော့ လူမှုဒုက္ခက စပါပြီ။ ဗိုက်ဆာလာတာပေါ့ဗျာ။ အနီးအနားမှာလဲ ဘာမုန့်ဆိုင်ရယ်လို့မှ မရှိ ၊ မြို့ထဲနဲ့ တပ်ကလည်း ၁ မိုင်နီးပါးလောက် ဝေးတယ် ၊နောက်ပြီး အကြပ် ၊ စစ်သည်တွေ နေတဲ့ လိုင်းခန်းတွေကလည်း မတွေ့ ၊ တကယ်လို့တွေ့ရင် မုန့်ဆိုင်လေးတော့ ရှိတက်ကြတာကြောင့် ၀ယ်စားဖို့ ဖြစ်နိင်တာပေါ့ဗျာ။ ဗိုက်ဆာဆာနဲ့ ဟိုလျှောက်သွား ဒီလျှောက်ကြည့်နေတုန်း ဒီ ( ၆ခန်း ) တွဲလူပျို အရာရှိ ရိပ်သာကို တာဝန်ယူရတဲ့ ရဲဘော် တစ်ယောက်နဲ့ ဆရာကြီး တစ်ယောက် မတ်တပ်ရပ် စကားပြောနေတာကို တွေ့တော့ ကိုယ်လဲ မုန့်ဆိုင် မေးချင်တာနဲ့ ဘာမှာများ ရှာရမလဲလို့ သွားမေးတာပေါ့။ နောက်တော့မှ ဆရာကြီးက “ ဗိုလ်လုံတို့ ညနေစာကို သွားယူခိုင်းမလို့ ၊ အခုလောလောဆယ်တော့ ရေချိုးရင်း စောင့်နေပါပေါ့ ဆိုပြီး ” လိုအပ်တဲ့ စောင် ၊ ခေါင်းအုံး ၊ မျက်နှာသုတ် ပ၀ါ တွေကို ထုတ်ပေးပါတယ်။ ၀ူ...တော်သေးတယ် ။ အခုမှပဲ သက်ပြင်းချနိင်ပါတော့တယ်ဗျာ။ နို့မို့ဆို .... ဒီတညတော့ ရေသောက်ပြီး ဗိုက်မှောက်နေရမယ်ထင်တာ။ ထမင်းဟင်းတွေ ရောက်လာတော့ ဘယ်သူစီမံပေးတာလဲ မေးတော့ စောနက G3 ကပြောထားလို့ ဆိုလို့ အစ်ကိုကြီးကို စိတ်ထဲမှ လေးစားမိပါတယ်။ နောက်တော့လည်း သူ့အိမ်ဟာ ကျွန်တော်တို့ ၃ ယောက်အတွက်တော့ စားအိမ်သောက်အိမ် ဖြစ်လာတာပါပဲ။

မနက်ဖြန် တနင်္လာနေ့ရောက်တော့ မနက် ( ၇ ) နာရီဆို တန်းစီတယ် မဟုတ်လား ။ ကျွန်တော်တို့ အရာရှိ ငယ်များကတော့ စိတ်ဓတ်တက်ကြွစွာနဲ့ ဘာပြောကောင်းမလဲ အိပ်တုန်း ၊ မြေပြန့်ကလာတဲ့ သူတွေဆိုတော့ ကိုယ့်ဒေသမှာ ပူတော့ ၊ ကွတ်ခိုင်လည်း ရောက်ရော အင်မတန် အေးတာကြောင့် အညာသား စကားနဲ့ ပြောရင်း လွှတ်အိပ်တော့တာပဲဗျို့ ။ တစ်ယောက်မှကို မထဘူး ၊ နိးတော့လည်း ပြန်အိပ်တာပေါ့။ တပ်ရေးဗိုလ်ကြီးကလည်း နားလည်ပေးပါတယ်။ သူ့အသက်က ( ၄၀ ) ကျော်နေပြီဆိုတော့ ၊ ကျွန်တော်တို့ အသက် ( ၁၉ - ၂၀ ) က သူ့သားလောက်ရှိတော့ ကလေးတွေလိုပဲ သဘောထားပါတယ်။ ဒါပေမယ့် စစ်သားဆိုတော့ သိပ်တော့ နုလို့မရဘူး မဟုတ်လား။ ညနေရောက်တော့ တပ်ရေးဗိုလ်ကြီးအိမ်သွားရင်း စာရေးသောက်ရေး အခြေအနေ ၊ နေရေးထိုင်ရေး အခြေအနေ ဘယ်လိုရှိသလဲဆိုတာ သူမေးတာ ဖြေရင်း ၊ လောလောဆယ် တပ်ကတော့ ရှေ့တန်းကို ထွက်နေတာ ကြောင့် တပ်မှာ လူမရှိခြင်း ဖြစ်ကြောင်း ၊ တပ်မှာလည်း တပ်ရင်းမှုးက လားရှိုးကို မြို့နယ် ဥက္ကဌ အဖြစ် အဆင့်တိုးပြောင်းရွှေ့သွားသောကြောင့် အသစ်မရောက်သေးကြောင်း ၊ လက်ရှိ ဒုတပ်ရင်းမှုး ဗိုလ်မှုး ၊ ဌာနချုပ်တပ်ခွဲမှုး ၊ တပ်ရေးဗိုလ်ကြီး ၊ ဗိုလ်တစ်ဦး အားလုံးပေါင်း ( ၄ ) ဦးသာ ရှိကြောင်း ၊ ကျန် အရာရှိများမှာလည်း သင်တန်းနှင့် တာဝန်နှင့် စေလွှတ်ထားရသည်များ ကြောင့် ငါ့ညီတို့ ရောက်လာတာ ၀မ်းသာပါကြောင်း ၊ လောလောဆယ် တပ်မှာပဲ အေးဆေးနေရမည် ဖြစ်ကြောင်း ၊ သို့သော် မနက်ဖြန် ဒုတပ်ရင်းမှုးဆီသို့ ကြေးနန်းပို့၍ ငါ့ညီတို့ ရောက်ရှိကြောင်းကို သတင်းပို့မည် ဖြစ်ကြောင်း ၊ ရှေ့တန်းမှာလဲ အရာရှိ အင်အားနည်းနေ၍ ငါ့ညီတို့ လိုက်သွားရမှာ သေချာကြောင်း ၊ ထို့ကြောင့် ရှေ့တန်း မထွက်ရသေးခင် ကာလ အတွင်း ဝေးဝေးလံလံ မသွားဖို့ လိုအပ်တဲ့အကြောင်းများ မှာကြားပြီး ပြန်လွှတ်လိုက်ပါတယ်။ အမေရေ..ဗီဒီယိုထဲမှာပဲ မြင်ဖူးတဲ့ ရှေ့တန်း ဆိုတာကြီးကို အမေ့သား ကြုံရတော့မယ်ဗျလို့ ၀မ်းနည်းစွာနဲ့ တွေးနေမိသေးတယ်။ စိတ်ကလည်း ငါသာ တကယ်လို့ သေသွားရင်ဆိုပြီး နမိတ်မရှိ နမာမရှိ လျှောက်တွေးနေမိပါသေးတယ်။ ကြောက်တာ...ကြောက်တာ ။

ဒီလိုနဲ့ မျှော်လင့်ထားတဲ့ ရှေ့တန်းကို သွားရမဲ့ နေ့ကို ရောက်လာတဲ့ အခါမှာတော့ဗျာ

ဆက်ရန် ။


6 comments:

လားရှိုးသူ said...

အခက်အခဲတွေ ကြားထဲနေရင်း သူများယောင်လို့ လိုက်ယောင်မဖြစ်စေနဲ့၊ ကိုယ့်သီလနဲ့ အကျင့်ဟာ ဘယ်သူမှဖျက်ဆီးလို့မရတဲ့ ကိုယ်ပိုင်အရာတွေပါ၊ အရာရာကို အမှန်အတိုင်း ဆုံးဖြတ် လက်ခံ၊ ရပ်တည်နိုင် ပြီး သားကောင်းရတနာများ ဖြစ်လာကြပါစေ။

စိုးထက် - Soe Htet ! said...

ရှေ့တန်းမှာ .. ဒန် တန့် ဒန် ... :)

နှင်းပွင့်ဖြူ said...

ရှေ.တန်းက ရဲဘော် ပုရွက်ဆိတ်ကိုက်လို့အော်.... ဟီးဟီးးးးး
နောက်တာနော်...... ချိတ်အချိုးနဲ့

Anonymous said...
This comment has been removed by a blog administrator.
Soe Mya Nandar Thet Lwin (Borros Roxo) said...

Set yan ko wait nay par tae byo.., Ko Soe Htet ka comment put tar a yann myan tar pae..

Every single posts mar thu she tae.., :)

Myan Myan lay set par dot naw..,

SMNTL

Anonymous said...

ကွတ်ခိုင်တော့ ရောက်လာပြီ
ရှေ့တန်းရဲ့ တစ်နေရာစီ စောင့်မျှော်နေမယ် အကို ။