Monday, March 24, 2008


အဲဒါနဲ့ ကျွန်တော်လည်း စာအိတ်အညိုရောင် လေးကို ကိုင်လို့ အဖေနဲ့ အမေ့ကို ပြောပြဖို့ လူတွေကြားထဲ လိုက်ရှာရတာပေါ့။ လူတွေကလည်း များတယ်ဗျ။ ဒါတောင် သေသေချာချာ မှာထားခဲ့တာ။ ဘွဲ့ယူပြီးတာနဲ့ အဖေနဲ့ အမေ့ကို ဒီတိုင်လေးနားက စောင့်နေ သားလာခဲ့မယ်လို့။ အကုန်လုံးကလည်း ၀ှိုက်ကျူးနစ် လို့ခေါ်တဲ့ အဖြူရောင် ၀တ်စုံတွေနဲ့
အပြင် မျက်နှာတွေကလည်း အာဖရိက လူမျိုးမျက်နှာ မည်းမည်းတူးတူး တွေနဲ့ဆိုတော့ ရှာဖို့ မလွယ်ဘူး ဖြစ်နေတာပေါ့။ နောက်တော့ တွေ့လည်း တွေ့ရော ၀မ်းသာ အားရ ပြောပြလိုက်တယ်။

“ ကျွန်တော် ကွတ်ခိုင် မှာတာဝန်ကျတယ်လို့ ” အဖေ့မျက်နှာကတော့ ဘာမှ မပြောင်းလဲသွားပေမယ့် အမေ့မျက်နှာကတော့ အနည်းငယ်ညိုးသွားတယ်ဗျ။ ဒါပေမယ့်လည်း သူသားက စစ်တပ်ထဲ ရောက်နေပြီပဲ။ သားကို အမေဆိုင်ပဲ ဆိုင်တယ် ၊ မပိုင်တော့ဘူး အမေလို့ ရုပ်ရှင်ထဲက ဆန်ဆန် ပြောချင်ပေမယ့် မပြောဖြစ်ခဲ့ပါဘူး။ စိတ်ထဲကတော့ အိမ်နဲ့အဝေးမှာ တာဝန်ကြတာ အတွက်ရော ၊ ကိုယ်မသိတဲ့ တစိမ်းတနယ်ကို
ကိုယ်တိုင် ခရီးထွက်ရတော့မယ် ဆိုတဲ့ အသိက အားမာန်တွေ တက်ကြွလာခဲ့ပါတယ်။ အရင်လို ငါကလေး မဟုတ်တော့ဘူး ၊ ငါကိုယ့်ငါ တည်ဆောက်နိင်ရမယ် ၊ ငါ့ကိုယ်ငါ ယုံကြည်ရမယ် ပေါ့။ ဒီကြားထဲ ကရင်ပြည်နယ် ကြတဲ့ ကျွန်တော့်သူငယ်ချင်း အမေတွေကတော့ မိန်းမသား ပြီပြီ သားဇောကြောင့် မျက်ရည်တွေ ဝေလို့။ စိတ်မကောင်းတော့ ဖြစ်မိပါတယ်။ သူများနယ်မြေတွေထက် စာရင် ကရင်ဆိုတာက ကျွန်တော်တို့ရဲ့ “ လေးဖြူ ပြောသလို အမျိုးအရင်းကြီးတွေ မဟုတ်လား ” ။ ခဏခဏ တိုက်နေရလို့ ပြောတာပါ။


ဖြစ်နိင်ရင် သူတို့လည်း မတိုက်ချင်ဘူး ။ ကျွန်တော်တို့လည်း မတိုက်ချင်ဘူး ။ သေမှာလေ ၊ တိုက်ရင် သေမှာ ။ မြန်မာတွေက သားသမီးဆုံးရှုံးတာပဲ ဖြစ်မှာ ။ ဒါပေမယ့် ကရင်မိသားစုတွေကြတော့ သူတို့က ရွာနဲ့နေကြတာ ဆိုတော့ ရွာပျက် ၊ လူသေ ဖြစ်ကြမှာ။ ကျွန်တော်တို့လည်း ဘယ်စိတ်ကောင်းမလဲ။ စစ်သားဆိုပေမယ့် မိသားစုဆိုတာ ရှိကြတာပဲ။ ကိုယ်ချင်းစာတာပေါ့။ အထူးသဖြင့် မြန်မာနိင်ငံမှာ ဖြစ်တဲ့ ဘယ်တိုက်ပွဲမှ ကျွန်တော် မတိုက်ချင်ဘူးဗျာ။ နိင်ငံခြားသား နဲ့ဆိုရင်တော့ တစ်မျိုးပေါ့ ။ ဒါတောင် ကိုယ်က သွားတိုက်တာ မဖြစ်ချင်ဘူး။ ကိုယ့်နိင်ငံကို စော်ကား ၊ကျွန်ပြုလာမှ ပဲ ချချင်တယ်။ ဘာလို့လည်း ဆိုတော့ မိသားစုတွေနဲ့ သေရင် ၀မ်းနည်းရမှာ ၊ ယူကြုံးမရဖြစ်ရမှာပဲလေ။ ဒါကြောင့်ပါ။ “ ဗိုလ်ချုပ် ပြောခဲ့သလို့ ဗမာတွေ သတ္တိရှိတယ်လေး ဘာလေးနဲ့ ၊ ကိုယ့်လူမျိုးချင်း ပြန်ချဖို့ပဲ သတ္တိရှိကြတယ် ” လို့ပြောခဲ့တာလေး အမှတ်ရနေလို့ ပါ။ မြန်မာ့လွတ်လပ်ရေးအတွက် အတူတူ တိုက်ပွဲဝင်ခဲ့ကြတာ တိုင်းရင်းသားဒီညီအစ်ကိုတွေ ပဲ မဟုတ်လား ။

ကြားဖူးတဲ့ စကားလေး တစ်ခွန်းက “ စစ်ပွဲ၏ နောက်ဆုံးရလဒ်ကား သေခြင်းတရားသာလျှင် ကြွင်းကျန်ရစ်၏တဲ့ ဒါနဲ့ ကျွန်တော်လည်း အဖေနဲ့ အမေ့ကို ကျွန်တော်နေတဲ့ အိမ်ဆောင် ခေါ်သွားတော့တယ်။ တရားဝင် မဟုတ်ပေမယ့် အဲဒီအချိန်မှာတော့ ဗိုလ်လောင်း အဆောင်တွေကို မိဘတွေ ခေါ်တာ နားလည်မှုပေးထားပါတယ်။ အခန်းရောက်တော့ အမေက ရှုပ်နေတဲ့ ကျွန်တော့်အခန်းထဲက ပစ္စည်းတွေ သိမ်းပေး ၊ အဖေကတော့ ဟိုကြည့် ဒီကြည့်ပေါ့။ ပြီးတော့ ဟိုမေးဒီမေး ပေါ့။ ဟိုဟာက ဘာ ၊ ဒီဟာက ဘာ ။ အမေကတော့ သူ့သား ကျွန်တော့်ကိုပဲ စိတ်ဝင်စားတယ် ဘာလိုလဲ ၊ ဘာကျန်သေးလဲ ။ တတွက်တွက် မေးနေတာ ။ အော် အမေ...အမေ...အမေတွေ ချစ်ဖို့တယ်ကောင်းဗျ။ အဖေလည်း ပါတာပေါ့ဗျာ။ သူကတော့ သူသားရှေ့မှာ စိတ်ခိုင်ခိုင်ထားပြနေတဲ့ သူရဲကောင်း တစ်ယောက်ဟန်မျိုးနဲ့ပေါ့။

ဒါနဲ့ အမေက မေးတယ် သားဘာတွေ လိုသေးလဲတဲ့။ ကျွန်တော်တို့က မချမ်းသာပါဘူး။ ဒါကြောင့် ရှိတာလေးတွေ စုထားပြီး လာတဲ့ အမေ့အတွက် ကျွန်တော်လည်း ပိုက်ဆံအများကြီး မတောင်းဖြစ်ခဲ့ပါဘူး။ မနက်ဖြန်ဆို ကျွန်တော်က တပ်ကို စတင်သတင်းပို့ရတော့မှာ မဟုတ်လား။ အမေကတော့ သားလိုမယ်ထင် သလောက်တောင်း ၊ အမေ့တို့အတွက် ခရီးစရိတ်ချန်ပြီး ပေးလိုက်မယ်တဲ့။ မှန်တာ ပြောရင် ကျွန်တော် ကျောင်းဆင်းတော့ ၁၉ နှစ်ကျော်ပဲ ရှိပါသေးတယ်။ မိဘမပါဘဲ ခရီးဝေးတစ်ခုကို ကျွန်တော် မသွားဘူးဘူး။ ဒီတော့ ကိုယ့်ကိုကိုယ် အားပေးနေရတယ်။ အမေ့ရှေ့မှာ ၀မ်းနည်းနေပြရင် သူက ပိုဆိုးမှာ ဆိုးလို့ပါ။ နောက်တော့ ပစ္စည်းသိမ်း ။ လိုအပ်တဲ့ ဟာတွေ ထုတ်ထားပြီး ။ မြို့ထဲကို လမ်းလျှောက်ထွက်ခဲ့ကြပါတော့ ။ ဒီညနေဟာ သားအမိသားအဖ ၃ ယောက်ဆုံတဲ့ ညနေခင်းပေါ့။ မနက်ဖြန်က စပြီး...ဘယ်နေ့ ပြန်လာမယ်မှန်း မသိတဲ့ ကျွန်တော့်ကို အမေတို့ကလည်း အလွမ်းသယ်နေကြလေရဲ့။

ညရောက်တော့ အမေတို့ကို မှာခဲ့တယ်။ သား..မနက်ဖြန် သွားရရင် အဖေနဲ့အမေလည်း ဒီမှာရောက်တုန်း ရောက်ခိုက် ၂ ရက် ၃ ရက်လောက်နေပေါ့။ တကယ်လို့ ဟိုရောက်ရင် တပ်ကို သတင်းပို့ပြီးရင် ခွင့်ခဏပေးတယ်လို့ ကြားတယ်လို့။ အဲဒီအခါ ဖုန်းဆက်လိုက်မယ်။ အတူတူ အိမ်ပြန်ရအောင်ပေါ့လို့။ ဒါနဲ့ပဲ ညရောက်တော့ အဖေနဲ့အမေ့ကို ကန်တော့ပြီး ကျွန်တော့်ဗိုလ်လောင်း တပ်ရင်းအိပ်ဆောင်တွေစီ ပြန်ခဲ့ပါတယ်။ အဖေနဲ့အမေက အပြင်မှာ တည်းတာကိုး။ ညအိပ်တော့ လိုမယ်ထင်တာတွေ ပြင်ပြီးတော့ မနက်စောစောထရမှာမို့ အိပ်ရာ စောစောဝင်ခဲ့ပါတယ်။ ဒီလိုနဲ့ မျှော်လင့်ထားတဲ့ မနက်ဖြန်ရောက်လာတဲ့ အခါမှာတော့......

ကျွန်တော်စတင်ခရီးထွက်ခဲ့ပြီ

မနက်မိုးလင်းလင်းချင်း သတ်မှတ်ထားတဲ့ ၀တ်စုံဝတ်ပြီး တန်းစီ ရတာပေါ့ခင်ဗျာ။ အဲဒီမှာ အရှေ့မှာ ရှိတဲ့ ဗိုလ်မှုးကြီး နဲ့ ဗိုလ်မှုးက ကိုယ်တာဝန်ကြရာ စစ်ဒေသ အလိုက် ခွဲစီခိုင်းပါတယ်။ ပြီးတော့ လက်ရုံးတပ်တွေကိုလည်း လက်ရုံးတပ် အလိုက် တန်းစီခိုင်းထားတယ်။ အားလုံးပြီးသွားတော့ တစ်ချို့တပ်တွေက လာခေါ်တယ်ဗျ။ တပ်အရောက်ပေါ့။ အကြိုလာတာ။ ကျွန်တော်တို့ ခြေလျင်တပ်က လူတွေကတော့ MO လို့ခေါ်တဲ့ movent order ( ခရီးသွားလာခွင့် အမိန့်) ဆိုတာကို ယူရင်း ကိုယ့်ကို လိုက်ပို့မဲ့ ကားပေါ်ကို တက်ရပါတယ်။ Faw ကားတွေပေါ် သေတ္တာတွေ အချင်းချင်း ကူညီတင်ပေးကြရင်း အားပေးနေကြတာပေါ့။ ကားကလည်း ကျွန်တော်တို့ကို အနီးဆုံး မြန်မာအထက်ပိုင်းတက်မဲ့သူတွေဆို ပြင်ဦးလွင်ဘူတာ ၊ အောက်ပိုင်းဆို မန္တာလေး ဘူတာ အဲဒီလောက်ထိပို့ပေးပါတယ်။

ဒီလိုနဲ့ မနက် ( ၇ ) နာရီကျော်ကျော်လောက် ဘူတာကိုရောက်တယ်ဗျ။ အဲဒီမှာ ရထားက ၉ နာရီမှ လာမယ် ဆိုတော့ အနားက လက်ဖက်ရည်ဆိုင်မှာ ထိုင်စောင့်ရင်း တစ်ယောက်နဲ့ တစ်ယောက် ဘယ်တပ်ကြတယ် ၊ ညာတပ်ကြတယ် နဲ့ ပြောနေကြတာပေါ့။ အမှန်ကတော့ အားလုံးကတော့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်မှာ တာဝန်ထမ်းဆောင်ရမဲ့ သူတွေချည်းပါပဲ။ တည်နေရာကတော့ လားရှိုးမှာပါ။ ကျွန်တော်တို့ အားလုံးပေါင်း ၁၁၉ ယောက်ရှိတယ်။ တပ်တွေကတော့ တတပ်ကို ၃ ယောက်အများဆုံးပါပဲ။ အဲဒီတုန်းက ကျွန်တော်နဲ့ တာဝန်အတူတူ ထမ်းဆောင်ရမှာက စစ်ကိုင်းသား ၂ ယောက်ပါ။ ဒီလိုနဲ့ ပြောကြဆိုကြရင်း ရထားလာပါလေရော။ အဲဒီအချိန် စိတ်ထဲ ကြိမ်းခနဲ့ ဖြစ်သွားတယ်ဗျ။ ရင်တအားခုန်နေလို့ နေမှာပေါ့။ ဒါနဲ့ ပစ္စည်းတွေ တင်ကြ ကိုယ့်နေရာ ကိုယ်ထိုင်ကြရင်း ကျွန်တော်တို့ တာဝန်ကြရာ ဒေသကို စတင် တာဝန်ထမ်းဆောင်ဖို့ ခရီးထွက်ခဲ့ပါတယ်။ ဘယ်အုပ်ထိန်းသူမှ မပါ ။ ကိုယ့်တာဝန်ကိုယ်ယူရင်း ပြင်းဦးလွင်-လားရှိုး ခရီးလမ်းကို တောတောင်ကြားထဲက ရထားလမ်းမှာ စတင်ခဲ့ ပါတယ်။.....

ဒီလိုနဲ့ မနက် ၉ နာရီက စတင်စီးလိုက်တဲ့ ရထားဟာ....

ဆက်ရန်ပါ ခင်ဗျာ။

7 comments:

Anonymous said...

ဟာဖတ်လို့ကောင်း နေကာမှ ဖြတ်ရတယ်လို့ဗျာ။

လားရှိုးသူ said...

ကွတ်ခိုင်က တပ်ထဲမှာ မနေခဲ့ပေမဲ့၊ ကွတ်ခိုင်ဈေးပတ်ပြီး အစားစုံအောင် စားမိလို့၊လမ်းရှောက် မပြန်နိုင်လို့ အပါး ထမ်းပြန်ဘူးတယ် ဟိ၊ ဆက်ရေးပါအုံး၊ ကွတ်ခိုင်ကို သတိရလာတယ်။

Apprenticeship said...

be ta yawk ka Soethawn le? Pic hte mar le. 19 and half ka da kal ko aing mat twe ne lin-let de` dates twe paw. I'm commemorating those days.... can I get back naw?

နှင်းပွင့်ဖြူလေး said...

အဲ့ အဲ့ ရထားစီးတဲ့ အခန်းရောက်လာပီ မြင်ယောင်လာပီကွ
ဟီဟီး
မီးမီးတော့ကြောက်လွန်းလို့ အဲ့ ဂုတ်ထိပ်တံတားကို
စီးရဲဘူး........

မြန်မြန်ဆက်နော့် နာ့လို မလုပ်နဲ့ :P

စိုးထက် - Soe Htet ! said...

ဆက်ရေး ပါဗျို့ ...
မြှောက်ပေးတာ ... အားမှသာ ရေးး::P

My Wonderful Moral Thoughts said...

Can't wait to read your continue as ur written skills was awesome!!!

Look forward to it....,

SMNTL

မောင် said...

နယ်သားရေ ငါတော့အမျိုးအရင်းကြီးတွေစီ မပြန်ချင်တော့ဘူး
ဝမ်းကွဲတွေရှိတဲ့ ပြင်ဦးလွင်မှာပဲနေလိုက်တော့မယ်နော် :D