Friday, March 28, 2008



သုံးယောက်သား ရထားလက်မှတ် သွားဝယ်ဖို့ ချီတက်ကြပါတယ်။ အဲဒီအချိန်မှာ ဘယ်သူတွေနဲ့ သွားတိုးသလဲ ဆိုတော့ ခွင့်ပြန်လာတဲ့ ဗိုလ်လောင်းတွေနဲ့ သွားတွေ့ပါတယ်။ သူတို့ကလည်း ရန်ကုန်ပြန်ကြမှာ ဆိုတော့ လက်မှက်ကို အဖေနဲ့ အမေ့အတွက်ပဲ ၀ယ်ပြီး ၊ ကျွန်တော်ကတော့ ကိုယ့်ကျောင်းတူခြင်း ညီအစ်ကိုတွေ ပျော်ပျော်ပါးပါး စီးဖို့ သူတို့အတွဲမှာပဲ သွားနေလိုက်ပါတယ်။ လက်မှက်ဖိုး မကုန်တော့ ဘူးပေါ့ဗျာ။ ဒီလိုနဲ့ မန္တလေး-ရန်ကုန် မီးရထားလမ်း ကို ညနေ ၆ နာရီမှာ စထွက်ခဲ့ပါတယ်။

ပြောရမယ် ဆိုရင် ဒီခရီးဟာ ကျွန်တော်တို့ ဗိုလ်လောင်းတုန်းကလဲ အရမ်းပျော်တာဗျ။ ရထားထွက်တော့မယ် လို့ အသံကြားလိုက်တာနဲ့ ရထားနံရံတွေကို ထုပြီး အော်ဟစ်တော့တာပဲ။ ၀ူး...ဟေး...၀ိုး အသံမျိုးစုံထွက် ၊ ရေသန့်ဘူးတွေ ထုတဲ့သူက ထုနဲ့ ကမ္ဘာပျက်နေသလား မှတ်ရတယ်။ လိုက်ပို့တဲ့ အရာရှိတွေကလည်း ဘာမှ မပြောပါဘူး။ ဘာလို့လဲဆိုတော့ ဒီအချိန်ဟာ ကျွန်တော်တို့ အတွက် သိပ်ပျော်နေတဲ့အချိန် ဆိုတာ သူတို့လည်း သိတယ် ၊ ပြီးတော့ သူတို့လည်း ဒီအရသာကို ခံစားဖူးတာကို။ ကျွန်တော်တောင်မှ ကိုယ်က အရာရှိဖြစ်နေတာက တစ်ကြောင်း ၊ အခုအတူ ပြန်နေတာကလည်း ကိုယ့်ထက်အငယ်တွေ ဆိုတော့ နည်းနည်းတော့ ဟန်လုပ်နေရတာပေါ့။ ဒါပေမယ့် ကျွန်တော်လည်း သူတို့ကို ကြည့်ရင်း ပျော်နေတာပေါ့။

ကျွန်တော် ဗိုလ်လောင်းတုန်းက ခွင့်ပြန်ရင်လည်း ရထားနဲ့ပဲ ပြန်ပါတယ်။ သူငယ်ချင်းတွေက သူတို့နဲ့ အတူကားနဲ့ ပြန်ဖို့ခေါ်တာပေါ့ဗျာ။ ဒါပေမယ့် ဘယ်လိုပြောမလဲ ကျွန်တော်က လွတ်လွတ်လပ်လပ် သမား ၊ ပြီးတော့ သူငယ်ချင်းတွေ တပျော်ကြီးနဲ့ ပြန်ရမှာ ဖြစ်တဲ့အပြင် ၊ နောက်တစ်ချက်က အရိုးသားဆုံး ၀န်ခံရရင် ရထားပေါ်မှာ ရောင်းတဲ့ မုန့်တွေဝယ်ဝယ်စားရတာကို အင်မတန် ခုံမင်တာကြောင့်ပါ။ ပြီးတော့ ရထားက ကားနဲ့ သွားရတာထက် စာရင် ပိုပျော်ဖို့ကောင်းတယ်ဗျ။ လမ်းဘေးတစ်လျှောက် လယ်ကွင်းတွေ ၊ အိမ်တွေ ၊ ဘုရားတွေ ကိုငေးရင်း လေတဖြူးဖြူးလေးနဲ့ အရမ်း ကြည်နူးဖို့ကောင်းတယ်။ စားပြီးတဲ့ ဟာတွေကိုလည်း ရထား ဘောင်ပေါ်ကနေ အလွယ်တကူ လွှင့်ပစ်နိင်တယ် ( နိင်ငံကြီးသား ပီသတာ ) ၊ မျက်နှာ အလွယ်တကူ သစ်နိင်တယ် ၊ ပြီးတော့ ရထားလမ်းဆိုတာက ရွာတွေ ၊ လယ်ကွင်းတွေထဲက ဖောက်ထားတာ ဆိုတော့ မျက်စိအေး ၊ နားအေးတယ်။ ကားလမ်းကြတော့ မြို့ထဲမှာ ဖောက်ထားတာ မဟုတ်လား။ ဒီတော့ နားညီးတယ် ။ မလွတ်လပ်ဘူး။ အဆိုးဆုံးက အပေါ့အပါးသွားတာ မရှိတာ။ ရထားမှာ ကြတော့ ၀မ်းလွယ် တက်သူတွေ အတွက် အရမ်းကို အဆင်ပြေပါတယ်။ အိမ်သာပါတာကိုး။ ပြီးတော့ ဘူတာတွေ ၀င်တိုင်းလည်း ရွာတွေက လာရောင်းကျတဲ့ အသီးအနှံတွေ ၊ အိမ်ပြန်လက်ဆောင်တွေ ၊ အစားအသောက်တွေ စိတ်ကြိုက် ၀ယ်ယူနိင်တယ်ဗျာ။ ကဲ...ဟန် မကြဘူးလား။ ကျွန်တော်ကိုယ်တိုင်က ကိန်းကြီးခန်းကြီး မနိင်တော့ ကားနဲ့သွားရတာကို အလွန် စိတ်ပျက်ပါတယ်။ ကျန်တဲ့ ဒေသတွေမှာ ဆိုရင်တော့ ကားနဲ့ သွားချင်ပေမယ့် ရန်ကုန်-မန္တလေး ကိုတော့ ဘာအကြောင်းနဲ့ပဲ ဖြစ်ဖြစ် မီးရထားစီးသွားရတာကို နှစ်ကြိုက်မိပါတယ်။



ဒီလို မြင်ကွင်းလေးတွေ မြင်တွေ နိင်တာပေါ့ဗျာ။ ဒါကတော့ ရထားနဲ့ သွားခြင်းရဲ့ အကျိုးကျေးဇူး လေးတွေပေါ့။ စာဖတ်သူတို့မှာလည်း ရထားနဲ့ ခရီးသွားဖူးတဲ့ သူတွေ ရှိတော့ ဒီအရသာကို ခံစားဖူးကြမယ်ဆိုတာ ယုံကြည်ပါတယ်။ တစ်ခုရှိတာကတော့ မန္တလေး ပဲ ဖြစ်ဖြစ် ရန်ကုန်ပဲ ဖြစ်ဖြစ် ( မန္တလေး ဘက်က ပိုများပါတယ် ) ဘူတာကို ၀င်လာပြီဆို ကလေးတွေဗျာ ရေသန့်ဗူးးလေး ပေးခဲ့ပါ...ရေသန့်ဗူးလေး ပေးခဲ့ပါဆိုပြီး လက်လေးပြလို့ တောင်းနေကြတာ။ တစ်ချို့ကလေးတွေက ကျောင်းစိမ်း ၀တ်စုံနဲ့ တစ်ချို့က အကျီမပါဘူး။ တစ်ချို့ကျတော့ နည်းနည်း အသက်ကြီးကြီး ဘယ်လိုပြောမလဲ ( ၉ ) နှစ်လောက် ရှိမှာပေါ့ ၊ အဲဒီကလေးက နောက် ၃ နှစ်လောက် ရှိတဲ့ကလေးကို ခါးမှာ ချီထားပြီး အပေါ်က ပစ်ချပေးတဲ့ ရေဗူးကို လိုက်ကောက်နေတာ။ တကယ့် စိတ်မချမ်းမြေ့စရာ မြင်ကွင်းပါပဲ။ တစ်ချို့ခရီးသည်တွေက လည်း စေတနာတော့ ပါပါရဲ့။ ပစ်ချပေးလိုက်တာ ဆိုပေမယ့် ဝေးဝေးပစ်တာ မဟုတ်ဘူး။ ရထားနဲ့ နီးနီးလေးကို ဖြစ်ကတက်ဆန်း ပစ်လိုက်တာ။ ဟိုက ကလေးတွေကလည်း သိတာမဟုတ်ဘူး ။ ရေဗူးပဲ မြင်တာဆိုတော့ မတော် ရထား အောက်တွေများ ရောက်သွားရင် မတွေးဝံစရာပါပဲ။ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ဘယ်သူ့ကို အပြစ်တင်ရမှန်း စာဖတ်သူပဲ ဆုံးဖြက်ပါတော့။

ခွင့်ဆိုသည်မှာ.....

ဒီလိုနဲ့ ကျွန်တော်တို့လည်း ရန်ကုန်ရောက် ဟိုအမျိုးအိမ်ဝင် ၊ ဒီအမျိုးအိမ်သွား ။ သူငယ်ချင်းတွေ နဲ့ တက္ကသိုလ်တွေ လိုက်လည် ၊ အမေ့ရွာကို အလည်သွား ။ အမေချက်ကျွေးတဲ့ ထမင်းဟင်းတွေကို တ၀တပြဲစားပြီး နေလာလိုက်တာ အချိန်တန်လာတော့ အိမ်ပြန်ရဖို့ ဖြစ်လာပါတော့တယ်။ ခွင့် ( ၁၀ ) ရက်မှာ အသွားအပြန် ခရီးလမ်း ( ၄ ) ရက်ကို နုတ်လိုက်ရင် ကျွန်တော် စုစုပေါင်း အိမ်မှာ နေခဲ့ရတာ အားလုံးပေါင်းမှ ( ၆ ) ရက်တည်းရယ်ပါ။ စစ်သားဖြစ်လာမှတော့ အချိန်ဆိုတာ ကိုယ်မပိုင်မှန်း သိပေမယ့် ပြန်လည်း မပြန်ချင်ခဲ့ပါဘူး။ ဒီခံစားမှု့ကို နားလည်ပေးနိင်ကြမယ်လို့လည်း ထင်ပါတယ်။ အသက် ( ၁၆ ) နှစ်ကတည်းက အိမ်ကထွက်ခဲ့တာ ( ၃ ) နှစ်လုံးလုံးမှာမှ ကျွန်တော် ခွင့်ရခဲ့တာ ( ၂ လ နဲ့ ၆ ) ရက်ထဲပါ။ ဒါ တပ်မတော်မှာ အကြီးမားဆုံး ခွင့်ခံစားမှု့ပါပဲ။ အဲဒါပြီးတော့ အခု ၂၀၀၈ ခုနှစ် ဒီအချိန်အထိ မိသားစု ၊ သူငယ်ချင်း တွေနဲ့ ကျွန်တော်တွေ့ရတာ ၂၀၀၄ ခုနှစ်ကတည်းကနေ ဆိုရင် အားလုံးပေါင်း ( ၄ ) နှစ်မှာ ခွင့် ( ၁ လ ) နီးပါးလောက်ပဲ ရလိုက်ပါတယ်။ ဒီတစ်လ ဆိုတာကလည်း ( ၁ ) လ လုံးလုံး ခံစားရတာ မဟုတ်ပါဘူး။ ၂ နစ်လောက် နေမှ သင်တန်း သွားခါနီး အိမ်ကို ခွင့် ( ၅ ) ရက် ၊ ( ၈ ) ရက် အဲဒီလောက်လေးပဲ ရတာပါ။ အားလုံးပေါင်းလို့ (၁) လောက်ပဲ ရှိတယ်လို့ ပြောရခြင်း ဖြစ်ပါတယ်။ တာဝန်ထမ်းဆောင်တာခြင်း မတူပေမယ့် ကျွန်တော်နဲ့ အတူ ဒီကိုလာတဲ့ ညီအစ်ကိုများလည်း ဒီလောက်ပဲ ခွင့်ရကြမယ်ဆိုတာ သိပါတယ်။ အခုလို ပြောပြရတာကလည်း သိစေချင်တဲ့ စေတနာ တခုတည်းနဲ့ သာ ဖြစ်ပါတယ်ခင်ဗျာ။

မနက်ဖြန် ပြန်မယ်ဆို ဒီနေ့ည ဘူတာကြီးမှာ လက်မှတ်ဝယ် ၊ အိမ်မှာ အမေက စားစရာတွေ ပြင်ဆင်ပေး ၊ ထည့်စရာရှိတာ ထည့်ပြီး ညကျတော့ အမျိုးတွေကို လိုက်နုတ်ဆက် ၊ အသက်ကြီးတဲ့ သူတွေကိုလည်း ကန့်တော့နဲ့ ပေါ့။ မနက်ဖြန် ညနေလောက် ရောက်လာတော့ အဖေနဲ့အမေ့ကို ကန်တော့ ၊ အစ်မ ညီမ ၊ ညီတွေကို နုတ်ဆက်ရင်း ဘူတာကြီး ကို ဆင်းလာခဲ့ပါတယ်။ ရထားမလာခင် အချိန်ထိတော့ လက်ဖက်ရည်ဆိုင်မှာ ထိုင်းရင်း ဟိုနောက် ၊ ဒီနောက်ပေါ့။ အမေကလည်း ရတနာ ( ၃ )ပါးကို အမြဲရွက်ဆို ဖို့အကြောင်း ၊ ကိုယ့်လက်အောက် ငယ်သားတွေအပေါ်ကို ကြင်၂နာ၂ ဆက်ဆံဖို့ ၊ လူကြီးသူမကို ရိုသေဖို့ စတဲ့ အမေတို့ ၀တ္တာရားရှိသည်ထက် ပိုစွာ မှာနေတာပေါ့။ ကျွန်တော်ကလည်း ဟုတ်ကဲ့ပါ ဆိုတာကို ဘယ်နှစ်ကြိမ် မြှောက်မှန်း မသိ ဖြေခဲ့ပါတယ်။ ဒီလိုနဲ့ ရထားလာတော့ ပစ္စည်းတွေ ကိုယ့်နေရာထားရင်း ဒုတိယ အကြိမ်မြှောက် နုတ်ဆက် ကြတာပေါ့။ ဒီတခါတော့ အမေရော ၊ အစ်မရော ၊ ညီမရော မျက်ရည်တွေက ၀ဲလို့။ ကျွန်တော်လည်း ယောင်္ကျားဆိုပေမယ့် အတူတူပါပဲ။ မနည်း ဟန်လုပ်နေရတယ်။ သူတို့ကို ဖျောင်းဖျဖို့ ကိုယ့်ခံစားချက်ကို နောက်ပို့ထားရတာပေါ့ဗျာ။ ဒါနဲ့ ရထားထွက်ဖို့ အချက်လည်း ပြရော....ကျွန်တော်လည်း ရထားပေါ် လှေကားကနေ တက်ပြီး အနောက်လှည့်ကြည့်တော့ အမေရော ၊ အမရောက ငိုနေပြီ။ ဒါနဲ့ ကျွန်တော်လည်း ကြာကြာ ကြည့်မနေတော့ဘူး သံယောဇဉ် တစ်ခါတည်း ဖြတ်လို့ နေရာသွားထိုင်နေလိုက်တယ်။ ဒါပေမယ့် စိတ်က မရပါဘူး။ ဒါနဲ့ ပြတင်းပေါက်က နေ ထွက်ကြည့်တဲ့အချိန် အဖေကတော့ ယောင်္ကျားကွာ အောင်မြင်ရမယ် ဆိုတဲ့ ပုံစံနဲ့ လက်မထောင်ပြတယ်။ အမေကတော့ ငိုပြီး ပြုံးနေတယ်။ ကျွန်တော်လည်း မျက်ရည်တော့ နည်းနည်းကျသွားတယ်ဗျ။ ရှက်စရာလို့တော့ မထင်ပါဘူး ။ ရထားက ထွက်သွားတော့မှပဲ သက်ပြင်းချနိင်တော့တယ်။ ၀ူး.....ဘယ်တော့မှ အိမ်ကို ပြန်လာရမလဲ မသိသေးအမေ။ အဖေနဲ့အမေ သာ ကျန်းမာရေးကို ဂရုစိုက် ။ အပွင့်လင်းဆုံး ပြောရရင် စစ်သားရယ်လို့ ဖြစ်လာမှတော့ အဖေ၊အမေ သေတာကို ဘယ်တော့မှ မြင်ရလိမ့်မယ် မဟုတ်ဘူးဆိုတာပဲ။ ဒီလိုနဲ့ အပြန်ခရီးမှာတော့ တိတ်ဆိတ်စွာနဲ့ပဲ အလွမ်းသင့်ပြီး ပြန်လာခဲ့ရတယ်။ တိုးတိုးတိတ်တိတ်နဲ့။ ကိုယ့်ဘေး၊ ဘယ်ညာ ကြည့်တော့လည်း အားလုံးကလည်း ငြိမ်သက်နေကြတယ်။ အော်...ကျွန်တော်တို့ မိသားစု ဖြစ်ပုံကို မြင်လိုက်လို့ စိတ်မကောင်း ဖြစ်နေကြတာ နေတာလားပေါ့ ဆိုပြီး သေသေချာချာ ကြည့်လိုက်တော့မှ အမှန်က အိပ်ငိုက်နေကြတာကိုး။

ဒါနဲ့ မန္တလေး ဘူတာကြီးထဲ ရောက် ။ ဟိုရောက်တော့ ရထားပေါ်မှာ ခင်လာတဲ့ အစ်ကိုကြီးက သူနဲ့အသိ လူတွေ ရှိတယ်ပေါ့။ ဘူတာမှာ သေတ္တာသယ်ပေးခိုင်းမယ်ပေါ့။ ကားဂိတ်အထိ ၊ ဒါမှ မဟုတ် ဆိုက်ကား ဂိတ်အထိ တဲ့။ ဒါနဲ့ သေတ္တာဝိုင်းသယ်ပေးတဲ့ သူတွေ ဘာတွေနဲ့ ကျွန်တော် ဆိုးသွမ်းတို့များ ကံကောင်းနေလိုက်တာ။ အမယ်...ဒါတောင် သူက အစ်ကို ဆိုက်ကားဂိတ် အထိ လိုက်ပို့ပေးမယ် ဆိုပဲ။ ဒါနဲ့ ကိုယ်လည်း ဟုတ်ကဲ့...ကျေးဇူးပါပဲပေါ့။ ဒါနဲ့ အတူတူ စီးလာတဲ့ အစ်ကိုကြီးကို နုတ်ဆက်။ သေတ္တာတွေ သယ်ပေးတဲ့ လူတွေနောက် လိုက်ရင်း ဘူတာကြီးက ထွက်လာပါတယ်။ နောက်တော့မှ သိတယ်...ဆိုက်ကားဂိတ်လည်း ရောက်ရော အစ်ကို လက်ဖက်ရည်ဖိုးလေး မစပါတဲ့။ အင်း...ထင်တော့ ထင်သား။ အစကတည်းက မသင်္ကာနေတာ။ ဖြစ်ရမယ်ဆိုပြီး ၂၀၀ တန် တစ်ရွက်ထုတ်ပေး လိုက်တယ်။ နားလည်မှုပေါ့ ။ ဒါတောင် ဒင်းက... သိပ်ကျေနပ်ပုံမပေါ်ဘူး။ ၅၀ တိုးမပေးလို့တဲ့။ ၂၅၀ တောင်းတာလေ။ ကျွန်တော့် အိတ်ထဲမှာလည်း ၂၅၀၀၀၀ လောက်ပဲ ပါတယ်ဗျ။ ဒါတောင် ဘယ်လိုပြောမလဲ တပ်ရောက်တဲ့ အထိပေါ့နော်။ လမ်းမှာ စားရမယ့် သုံးရမဲ့ ကားစရိတ်တွေကလည်း ရှိသေးတယ် မဟုတ်လား။ အတက်နိင်ဆုံး ချွေတာနေရတာ။

သူတို့ဘ၀ကိုလည်း နားလည်ပါတယ်။ ပညာမတက်တော့ ကာယနဲ့ ရင်းရတဲ့ ဘ၀။ တစ်ချို့အန်တီကြီးတွေဆို ဗိုက်ကြီးသည်တွေ ဖြစ်နေတာတောင် သေတ္တာဝင်ထမ်းတယ်ဗျာ။ တစ်ချို့ကလည်း အဘွားကြီးတွေ ပေါ့။ ဘယ် ခိုင်းချင်ပါ့မလဲ။ သူတို့က ပိုတောင် လုပ်ချင်မှာ မဟုတ်ဘူးဆိုတာ သေချာတာပေါ့။ ဒါပေမယ့် ၀မ်းတထွာ အတွက် ရှာဖွေရတယ် မဟုတ်လား။ ပိုက်ဆံဆိုတာ ဘယ်လို ရှာရခက်တယ် ဆိုတာ သာမန် မိသားစုက မွေးဖွားလာတဲ့ ကျွန်တော် ကောင်း၂ သိတာပေါ့။ ဒါနဲ့ သိပ်မတွေးအားပါဘူး...ကိုယ့်ကိစ္စကလည်း ရှိသေးတယ် မဟုတ်လား ။ ဒါနဲ့ လားရှိုးသွားဖို့ ဘယ်ကားကို စီးရမှန်း မသိဘူး။ ဒါနဲ့ ဟိုနား ဒီနား လျှောက်မေးတော့ ဘူတာကြီး အရှေ့ဘက်မှာ န၀ရတ် ကားဂိတ် ရှိတယ် ။ အဲဒီကနေ သွားလို့ရတယ်ပေါ့။ ဒါနဲ့ ကိုယ်လည်း အဲဒီကို ရောက်။ ပြီးတော့ စုံစမ်းကြည့်တော့ ကားက ဗန်ကားနဲ့ဆို ( ၇၅၀၀ ) ကျပ် ၊ ညနေ (၄) နာရီထွက်မယ် ။ မှန်လုံနဲ့ဆို ( ၄၅၀၀ ) ကျပ်။ ဒါပေမယ့် မှန်လုံက ည ( ၉ ) နာရီလောက်မှ ထွက်မှာ။ ပြီးတော့ လမ်းမှာလည်း ကုန်တွေပါတော့ ကြာဦးမယ်ဆိုတော့ ကျွန်တော်လည်း ဗန်ကားကို ပဲ ရွေးရတော့တာပေါ့။ ဒါနဲ့ အိပ်ထဲက နောက်ထပ် ထောင်တန် (၇) ရွတ်နဲ့ ငါးရာတန် ( ၁ ) ရွတ် သူတို့ဆီ အပြီးပြောင်းသွားကြတယ်။

ညနေရောက်တော့ ကျွန်တော့်လိုပဲ ခရီးသည် ဦးလေးကြီး (၃) ယောက် ၊ အန်တီကြီး (၂ ) ယောက် ၊ ကျွန်တော်နဲ့ ကားသမား အပါအ၀င် ပေါင်း ( ၆ ) ယောက် လားရှိုးကို ချီတက်ခဲ့ကြပါတယ်။ ထုံးစံအတိုင်း ဗိုက်ဆာတော့ တွေ့ရာဆိုင်ရပ် ၊ ပြီးတော့ ခရီးဆက်နဲ့ လား၇ှိုးကို မနက် (၄) နာရီလောက် ရောက်ခဲ့ပါတယ်။ မိုးတောင် မလင်းသေးဘူးပေါ့ဗျာ။ နေရာကတော့ ကျွန်တော်တို့ကို ခဏထားတဲ့ ဆေးရုံထဲမှာပေါ့။ ဟိုရောက်တော့ တစ်ချို့သူငယ်ချင်းတွေက ရောက်နှင့်နေကြပါပြီ။ ဒီကောင်တွေ ဒီလောက်စောစော ပြန်ရောက်နေတာ အိမ်နဲ့ သံယောဇဉ် သိပ်မရှိဘူးနဲ့တူတယ်လို့ တွေးရင်း ရယ်မိပါသေးတယ်။ ဒါနဲ့ ပစ္စည်းတွေ ချရင်း ကြိုရောက်နေတဲ့ သူငယ်ချင်းတွေကို နုတ်ဆက်ပေါ့။

အဲဒီနေ့ညနေ ( ၆ ) နာရီမှာပဲ လူစုံလား ပြန်စစ်ပါတယ်။ အာလုံးစုံတော့ လူစစ်တဲ့ ဗိုလ်ကြီးက လောလောဆယ် ဒီမှာပဲ နေရမည် ဖြစ်ကြောင်း ၊ တိုင်းမှုးနှင့်တွေ့ပြီး သည်နှင့် တပ်တွေကို သွားရမည် ဖြစ်ကြောင်း မှာကြားပါတယ်။ မနက်ဖြန်ရောက်တော့ ဒီဆေးရုံထဲ က အဆောင်မှာ ဘယ်ကြာကြာနေနိင်မလဲ။ ဟိုစူးစမ်း ဒီစူးစမ်းဖို့ ထွက်တာပေါ့။ အဲဒီမှာ လားရှိုးမြို့နှင့် ကျွန်တော်တို့ ပထမဆုံး စတင်မိတ်ဆက်ခဲ့ပါတယ်။

ဒီလိုဗျ......

ဆက်ရန် ။


8 comments:

Unknown said...

ကို့ထမင်းကိုစားပြီး T-Duty သွားမယ်ဆိုရင်တော့ခွင့်ရပါ
တယ်နယ်သားလေးရ။ငါများရန်ကုန်မှာနေလိုက်တာ
တစ်လကျော်သွားလို့ တပ်ပြန်ရောက်တော့ တပ်ရင်းမှုးကတောင်ခေါ်လက်မှတ်ထိုးခိုင်းရသေးတယ်။တော်လွန်း
လို့ဆိုပြီးတော့လေ။တပ်ရင်းမှုးသတိပေးဆုံးမစာအုပ်မှာပြောပါတယ်။
ဟီးဟီး :D

Emily said...

ပြည့်စုံတဲ့စာပါပဲ ညီလေး။ မင်းဆီမှာ သိပ်ပြီး ကွန်မန့် မရေးဘူးပေမဲ့ ဒီတခါတော့ မရေးဘဲ မနေနိုင်လောက်အောင်ကို စာက ကောင်းလွန်းလို့ ရေးလိုက်တယ်ကွာ။ လွမ်းတောင် လွမ်းသွားတယ်။ ခံစားချက်ချင်းကတော့ အတူတူပါပဲ။

စိုးထက် - Soe Htet ! said...

အပိုင်းရှိသလောက် ဆက်ရေး ဗျို့ မပျက် မကွက် လာဖတ်မယ် ... :D

Soe Mya Nandar Thet Lwin (Borros Roxo) said...

I cant wait to read next posts as your persuasiveness of written skills is excellent.

No matter how long u will continue, I will come and read it every posts till you end it for sure.

SMNTL

MgThaJan said...

မပျက်မကွက် အားပေးလျက်ပါ :)

ဆိုးသွမ်း said...

မပျက်မကွက် အားပေးတဲ့သူရော...ဆက်ရေးဖို့ အားပေးတဲ့သူရော...နေ့တိုင်းလာဖတ်ပေးတဲ့ သူရော..ကော်မန့်ဝင်ရေးပေးတဲ့သူ အားလုံးကို ကျေးဇူးအထူးတင် ရှိပါသည်။ မတောက်တခေါက် အရေးအသားများအား သည်းခံဖတ်ရှုပေးသည့် အတွက်လည်း အားနာမိပါကြောင်း။

ရွှင်လန်းချမ်းမြေ့ကြပါစေ။
ဆိုးသွမ်း

ahngai said...

မောင့်စာတွေကို ဖတ်ပြီး မောင်နဲ့ ကွက်ခိုင်တပ်ကို ပြန်ဖို့ချိန်ကို ရင်ခုန်စွာနဲ့ မျှော်လင့်နေတယ်မောင်။

Mhaw Sayar said...

တစ်ချိန်က အမှတ်အသားတွေ ပြန်ပုံဖော်ပေးတဲ့ အတွက် ကျေးဇူးအထူးပါပဲ ကိုရင်ရေ။ ရသစုံရတယ်။ တစ်ပုဒ်ထက် တစ်ပုဒ် ပိုကောင်းလာတာလဲ အသေအချာပဲဗျာ။

ဆက်ချီတက်နိုင်ပါစေ...