5 years ago
Tuesday, April 1, 2008
ဒီလိုနဲ့ ရှေ့တန်း မထွက်မီနေ့ မတိုင်ခင် အမေ့ကို ဖုန်းဆက်တော့ အမေက ငိုနေလေရဲ့ ။ မြန်မာဗီဒီယို တွေထဲမှာ ရှေ့တန်းဆိုတာတွေ သူတွေ့ဖူး ကြားဖူးနေတော့ သူသား ကျွန်တော့်အတွက် စိုးရိမ်ရှာမှာပေါ့။ နောက်ပြီး အသက်ကလည်း ငယ်သေးတာကြောင့် တစ်ခုခုများ တကယ်လို့ ဖြစ်များ ဖြစ်သွားရင် သူရင်ကျိုးရပါချည်ရဲ့ ဆိုပြီး ငိုသံဝဲ၀ဲနဲ့ ဘုရားတရားကို အမြဲအာရုံပြုဖို့အကြောင်း ၊ လက်အောက် ငယ်သားတွေကို နိင်ထက်စီးနင်း မလုပ်ဖို့အကြောင်း ၊ ကိုယ့်အထက် အရာရှိ စကားကို သေသေချာချာ နားထောင်စေချင်ကြောင်း တတွတ်တွတ် မှာနေပါတော့တယ်။ အမေပြီးတော့ ၊ အဖေ ၊ အမ ၊ ညီမ အကုန်လုံးကို စုံအောင် ပြောပြီးတဲ့ အခါမှာတော့ စိတ်မပူဖို့ အခွင့်ရတာနဲ့ ချက်ခြင်း ရသလို ဆက်သွယ်ပါ့မယ်လို့ ကတိအထပ်ထပ်ပေးရင်း ဖုန်းကို တိုးတိတ်စွာ ချခဲ့မိပါတယ်။ ဖုန်းခ ကလည်း ပိုက်ဆံမလောက်တော့တာကြောင့် မို့လို့ပါ။ သူတို့ကို ကိုယ်က ဖုန်းဆက်တုန်းကတော့ စိတ်ဓတ်မာမာနဲ့ အသိပေးတယ် ဆိုရုံလေး ပေးလိုက်တာ အခုတော့ သူတို့ဝိုင်းပြော ၊ စိုးရိမ်နေတာနဲ့ပဲ ကိုယ်တောင် ရှေ့တန်းသွားရမှာ လန့်လာပြီ။
ဒါပေမယ့် ဘာတက်နိင်မှာလဲ....ကျရာ တာဝန်ကို ထမ်းဆောင်ဖို့က ကိုယ့်အလုပ်ဖြစ်နေပြီပဲ။ ဒီတော့ ဖုန်းဆက်ပြီး အခန်းကိုပြန် မနက်ဖြန် အတွက် လိုအပ်တာတွေ ထည့်ဖို့ပြင်တော့ ပြဿာနာက စတာပါပဲ။ အိတ်...ပစ္စည်းတွေထည့်ဖို့အိတ်။ ဟာ...ငါမှ ရှေ့တန်းမသွားဘူးတာ ဘာနဲ့ထည့်ရမှာလဲပေါ့။ ကျန်တဲ့ ၂ ယောက်ကလည်း ယောင်တောင်တောင် နဲ့ ဘာလုပ်ရမှန်း မသိဘူး။ ဒါကြောင့် ( ၃ ) ယောက်သား တိုင်ပင်ပြီး တပ်ရေးဗိုလ်ကြီး အိမ်ကို ချီတက်သွားကြတယ်။ အစ်ကိုကြီး လုပ်ပါဦး ။ ကျွန်တော်တို့ ရှေ့တန်းသွားဖို့ ဘယ်လိုအိတ်နဲ့ သွားရမှာလဲ ဆိုတော့ သူက တော်တော် အံသြသွားတယ်။ “ ဟေ...မင်းတို့ ဗိုလ်လောင်းတုန်းက မသင်ခဲ့ရဘူးလား ၊ ကျောပိုးအိတ် အစိမ်းရောင်လေကွာတဲ့ ” အော်....အဲဒီတော့မှ မျက်လုံးထဲ ပြေးမြင်လိုက်တာ။ ဟုတ်ပနော်....ကိုယ် သုံးနှစ်တာလုံး ရင်းနှီးခဲ့တဲ့ ၊ Outdoor ထွက်တိုင်းလည်း ဒီအိတ်နဲ့ပဲ သွားနေကြကို အခုမှ မေ့နေရတယ်လို့ ။ ဒါနဲ့ လိုတာတွေ မေးပြီးတော့ ပြန်လာခဲ့ကြပါတယ်။ ခက်တာက သူ့ရှေ့မှာမို့ မပြောရဲတာ ။ အဲဒီလို အိတ်ကလည်း မရှိဘူးဗျ။ ကျွန်တော်က ဗိုလ်လောင်းတုန်းကပဲ သုံးမယ်ထင်တာ။ အခုတော့ လက်တွေ့ဘ၀မှာလည်း ဒါပဲ သုံးတာဆိုတော့ ဒါလေးတောင် မသိရကောင်းလား ဆိုပြီး ကိုယ့်ကို ကိုယ် နည်းနည်းတော့ ဒေါသဖြစ်သွားတယ်။ နောက်ပြီး မြန်မာရုပ်မြင်သံကြား နဲ့ မြ၀တီမှာ လာတဲ့ စစ်ကားမှန်သမျှ မှာလည်း စာဖတ်သူတို့ မြင်ဖူးကြမှာပါ။ ကျောပိုးအိတ် အစိမ်းရောင်လေးနဲ့ ချီတက်နေကြတဲ့ တပ်မတော် စစ်ကြောင်းတွေကိုပေါ့။
အခန်းပြန်ရောက်တော့ ရှေ့တန်းမှာ ၀တ်ဖို့ ယူနီဖောင်း ၊ ခြေအိတ် ၊ ပုဆိုး ၊ သွားပွတ်တံ ၊ သောက်ရေခွက် ပြီးတော့ လိုအပ်မယ်ထင်တဲ့ စာအုပ်စာတမ်း ၊ ပြီးတော့ အပွင့်အမည်းရောင်တွေပေါ့ ။ အပွင့်က တောထဲမှာ ဆိုတော့ ၀ါဝါထိန်ထိန် ရွှေရောင်တွေ တက်ဆင်လို့ မရပါဘူး။ ရန်သူက အလွယ်တကူ ခေါင်းဆောင်ကို ရွေးချယ် သုတ်သင်နိင်တာကြောင့်ပါ။ ဒါနဲ့ မနက်စောစော ရှေ့တန်းတက်ရမှာဆိုတော့ ညက ပြင်ဆင်စရာ ရှိတာကို ပြင်ဆင်ပြီး ဘုရားရှစ်ခိုးကာ စောစော အိပ်ရာဝင်ခဲ့ပါတယ်။ “ ဒက်...ဒက်....ဒက်.....ဒက် ၀ုန်း.....ရွှီးးးးးးး ဖုန်း.... ဆိုတဲ့ ပစ်သံခက်သံ တွေကြားမှာ ကျွန်တော် အသည်းအသန် ကြိုးစား ရှောင်တိမ်းနေရင်း ဒုန်း ဒုန်း .....ဒုန်း ဆိုတဲ့ အသံနဲ့ အတူ ဟိုဘက်ခန်းက စစ်ကိုင်းသား ( ၂ ) ယောက်က တစ်ယောက် တံခါးလာခေါက်တာကြောင့် အိမ်မက်ထဲက လူးလဲထလာခဲ့ရတယ်။ “ ဟေ့ကောင်.... ထ ... ထ ။ သေနတ်ထုတ်ရမယ် ၊ ဒါကြောင့် စောစောစီးစီး ဗဟိုကင်းကို သွားရအောင် ” ဆိုတာနဲ့ မပွင့်တပွင့် မျက်လုံးကို အသာပုတ်ခက် ပုတ်ခက်လုပ်ကာ တကိုယ်ရေ သန့်ရှင်းရေးပြီးတော့ ဗဟိုကင်း ရှိရာကို ချီတက်လာခဲ့ပါတယ်။ ဟိုရောက်တော့ ထုတ်ပေးတဲ့ သေနတ်တွေက အားလုံးပေါင်း ၂ လက် ။ ဘီအေ (၉၄) လို့ခေါ်တဲ့ အူဇီသေနတ် ၊ ပစ္စတို ပါ။ ကျည်ကတော့ အားလုံးပေါင်း ( ၂၄၀ ) နဲ့ ပစ္စတိုကြည် ၂၄ တောင့်ပါပါတယ်။ အဲဒါနဲ့တင် လူက တော်တော်ဝပ်နေပြီ။ အရပ်က ၅ပေ ၅ လက်မ ၊ ပေါင်က ( ၁၂၀ ) လောက်ပဲ ရှိတာ ဆိုတော့ သိပ်မဟန်ချင်တော့ပါဘူး။
ဒါနဲ့ ကျန်သေးတဲ့ မြေပုံ ၊ ၀ှက်စာ( ဆိုက်ဖာ ) တွေ ထပ်ထုတ်ပြီး ၊ ကိုယ်နဲ့ အတူ လိုက်မဲ့ ဆရာကြီး ၅ ယောက်ကိုလည်း သေနတ်ထုတ်ဖို့ ကြီးကြပ်ရပါသေးတယ်။ သူတို့ သေနတ်တွေက ကိုယ့်ထက်များတာကြောင့် သေသေချာချာ စိစစ်နေရတယ် ။ MA - 1 ခြေမှုန်းရေးရိုင်ဖယ် ၊ BA-100 ဒုံးပစ်လောင်ချာ ၊ MA-4 စက်သေနတ် ၊ အစရှိသည့် သေနတ်တွေ နဲ့ နောက်ထပ် လိုအပ်တဲ့ အရာတွေ ထုတ်ပြီးတော့ လူစစ်တန်းစီပါတယ်။ ၀ှက်စာ ( ဆိုက်ဖာ ) ဆိုတာက ဆက်သွယ်ရေး လျို့ဝှက်ချက် စကားဝှက်တွေပါတဲ့ စာလို့ အဓိပါယ် ခေါ်လို့ရပါတယ်။ တပ်စခန်းတွေ တစ်ခုနဲ့ တစ်ခုဆက်သွယ်ရာမှာ သုံးပြီး တပ်စခန်း တစ်ခု၏ ခေါင်းဆောင်အရာရှိ ၊ အရာရှိ မရှိလျှင် အကြီးဆုံး ရာထူးရှိသူက အလုံခြုံဆုံး သိမ်းဆည်းထားရသည်။ အကယ်၍ ကျပျောက်ပျက်ဆီး ခဲ့သည် ရှိသော ကြီးလေးသော အပြစ်ဒဏ် ကြခံရသောကြောင့် ကျွန်တော့်တို့လည်း အတက်နိင်ဆုံး လုံခြုံအောင် သိမ်းဆည်းကာ လက်အောက် စစ်သည်များ မည်သည့်အရာများ လိုအပ်သလဲ ဆိုတာ လိုက်လံကြည့်ရှုရင်း တပ်ရင်းမှုးမှ ခေါ်လာမည့် အချိန်ကို ဆက်သွယ်ရေး စက်နားမှာ အသင့်ထိုင်စောင့် နေခဲ့ပါသည်။ ကွက်ခိုင်ရောက်တာမှ ၁ ပတ်မပြည့်သေးဘူး လျှောက်ကြည့်မယ် ကြံကာ ရှိသေးတယ် ရှေ့တန်းတက်ရမည် ဆိုသောကြောင့် သိပ်တော့ မကျေနပ်ချင်ပါဘူး။ ပြီးတော့ ရှေ့တန်းသာ ဆိုတယ် ဘယ်ကို သွားရမှန်းလဲ မသိဘူး။ နောက်တစ်နာရီ အကြာတော့ အဘက ဆက်သွယ်ရေးစက်က ခေါ်လာတာကြောင့် တပ်ရင်းဆက်သွယ်ရေး စခန်းကို အသည်းအသန် ပြေးလွှားခဲ့ပါတယ်။
အဘ ။ ဟလို...အခု ငါပြောတာ ကြားလား
ကျွန်တော် ။ ဟုတ်ကဲ့..အဘ။ ကြားပါတယ်
အဘ ။ အေး...ကြားရင်....မင်းတို့ အခု ကားနဲ့ထွက်လာပြီးရင် မူဆယ်တပ်စခန်းကို ၀င်။
ကျွန်တော် ။ ဟုတ်ကဲ့...
အဘ ။ ပြီးရင် အဲဒီမှာ တစ်ညအိပ်။ နောက်နေ့ မနက်ငါ့ဆီ အဲဒီကနေ ဖုန်းပြန်ဆက်။ ကြားလား ....
ကျွန်တော် ။ ဟုက်ကဲ့...အဘ။ ၉၆ ပါ။
အဘ။ အေး...ဖုန်းနံပတ်က.....@$#%!*&# ။ အေး....အေး။ ဒါဆို ဖုန်းချလိုက်တော့မယ်။ မှာလိုက်တာတွေ ယူဖို့မမေ့နဲ့။
ကျွန်တော် ။ ဟုတ်ကဲ့...အဘ။ လေးစားပါတယ်။
ဆိုပြီး စက်က ချသွားပါတယ်။ ဒါနဲ့ ရှေ့တန်း တက်ဖို့ ကားအလာကို စောင့်ကြာတာပေါ့။ တစ်အောင့်နေတော့ ကားလာပြီဆိုတော့ ကြည့်လိုက်တော့ ကားက ထော်လာဂျီ ကို ကိုယ်ထည်တွေနဲ့ ကာရံထားတဲ့ အဆင့်ပဲရှိတယ်။ အင်ဂျင်ကတော့ ထော်လာဂျီထက်တော့ ပိုကောင်းတာပေါ့။ လေဘီးကားအဆင့်ထက် နည်းနည်းကျော်တယ် မြန်နှုန်းကို ပြောတာပါ။ ဒါနဲ့ တော်တော် စိတ်ပျက်သွားတယ်။ ကိုယ်မြင်ဘူးတာက စစ်ကြောင်းတွေ ရှေ့တန်းထွက်ရင် တီအီး ၊ Faw ကားတွေ နဲ့ တစီတတန်းကြီး ထွက်ကြတာ ။ အခုတော့ ကိုယ်အလှည့် ကြမှ ဘယ်လို ဖြစ်ရတာတုန်းလဲ လို့ ဘယ်သူ့ကို မေးလို့ မေးရမှန်း မသိဘူး။ ဆရာကြီးတွေ ကြည့်လိုက်တော့လဲ သူတို့က ကြိုသိနေသလို မျက်နှာထားတွေနဲ့ ဆိုတော့ ၊ သူတို့ကိုလဲ မမေးဖြစ်ဘူး။ ဒါနဲ့ ဗျူဟာက ကျွန်တော်တို့ တပ်ကို ရောက်တုန်းက လာတဲ့ G-3 အစ်ကိုကြီး ရောက်လာပြီး ဟိုမှာ နေရမဲ့၊ လိုက်နာရမဲ့ အခြေအနေ လေးတွေ ပြောပြ ၊ သူပြောတာ ကိုယ်နားထောင်ပြီးတော့ ဘယ်ရမလဲ ။ အခု ကိုယ့်အလှည့်ပေါ့။ ကိုယ်ပြောတာ သူပြန်နားထောင် ရမဲ့ အလှည့် ရောက်လာပြီ။
“ အစ်ကိုကြီး....ဒီကားကြီးလား ” လို့မျက်နှာငယ်လေးနဲ့ မေးလိုက်တော့။ “ ဟုတ်တယ်...ညီလေး ၊ မင်းတို့က နောက်က လိုက်တာဆိုတော့ ဒီလိုပဲ ၊ ကြုံရာ ကားနဲ့ တက်ရတာ။ ” ဆိုတော့ ကိုယ်လည်း ဘာမှ ဆက်မပြောတော့ပါဘူး။ ဖြစ်တက်ပါတယ်လေလို့ သဘောထားပြီး။ ကားပေါ်ကို တက်ကြ တက်ကြ လို့ပြောရင်း ဆရာကြီးတွေကို ကားပေါ်တက်ခိုင်း ၊ နောက်ဆုံးလူစစ်ပြီး ကိုယ်ပဲ ကျန်တော့မှ ကားပေါ်လည်း တက်လိုက်ရော...စတွေ့လိုက်ရတာက ဖြူဖြူအိတ်တွေ။ ကြည့်လိုက်တော့ ဆန်အိတ်တွေ ဖြစ်နေတယ်။ အော်....သူတို့က မူဆယ်ကို ဆန်ပို့မယ့်ကားကို ချောဆွဲထားတာကိုး။ စိတ်တော့...မကောင်းပါဘူး။ လမ်းခရီးက တူနေတော့ သူတို့လည်း ကျွန်တော်တို့ ပါတော့ မလွတ်လပ် ၊ ကျွန်တော်တို့ကလည်း သူတို့ နဲ့ မသွားချင်ပေမယ့် မတက်နိင်တာကြောင့်( ဒိုးရတော့ အချစ်ရေ ~~~~~ နုတ်ဆက်ခဲ့ပါတယ် ~~~~~~~ ဒိုးရတော့မယ်...အချစ်ရေ ၊ နုတ်ဆက်ခဲ့ပါတယ်~~~~ ကိုယ်တကယ် မခံစားနိင်ဘူး~~~~ အချစ်ရယ် ) ဆိုတဲ့ ဦးကျော်ဟိန်းဆိုတဲ့ သီချင်းကို ကြားယောင်မိပါတယ်။ ဒါနဲ့ ဖွတ်ချက် ဖွတ်ချက်....ကားကိုစီးရင်း ကွတ်ခိုင်-မူဆယ် ခရီးကို စတင်ခဲ့ပါတော့တယ်။
ရှေ့တန်းသွားခရီးမြေပုံ
ခရီးစပြီ...ရှမ်းဌာနီ
ကွတ်ခိုင်တပ်က မနက် ၁၁ လောက်က ထွက်လာလိုက်တာ လမ်းက တောင်တက်လမ်း ဖြစ်လိုက် ၊ မြေပြန့်ြ့ဖစ်လိုက် နဲ့ ကားကလည်း ကုန်နဲ့ လူနဲ့ပါတော့ တော်တော်လေးကို လေးပါတယ်။ တနာရီ မိုင် ( ၃၀ ) ထက်ပိုမမောင်းရဆိုတဲ့ စည်ကမ်းကို ဒီကားတစ်စီးထဲ တိတိကျကျ လိုက်နာပုံရတယ် မောင်းလိုက်တာ ၁ နာရီကို ၂၅ မိုင်တောင် ရှိချင်မှ ရှိမှာ။ လာသမျှ ကိုယ့်အနောက်ကား မှန်သမျှ အကုန်ကျော် ၊ နောက်ဆုံး ရွာနားက ထင်းတိုက်တဲ့ ထော်ဂျီတောင် ကျော်တက်သွားတယ်။ နေကလည်း ပူလိုက်တာ ခြစ်ခြစ်တောက် ၊ သေချင်လောက်အောင် စိတ်တော်တော် ညစ်သွားတယ်။ မြန်မြန်မောင်းဖို့ကလဲ မပြောချင် ၊ နေကလည်း ပူလိုက်တာ နဂိုက မဖြူတဲ့အသား အညိုကနေ အနက်ပြောင်းတော့မယ်။ ဗိုက်ကလည်း ဆာ ၊ ဒေါသတွေကလည်း တော်တော်ထွက်နေတာပေါ့ဗျာ။ ဘယ်နဲ့ဗျာ တခါမှ မကြုံဘူးဘူး ။ ဒီလို ဖြစ်လာမယ်လို့ ။ ဒီကြားထဲ ဘယ်က အလိုက်မသိတဲ့ လမ်းသရဲကားမှန်း မသိပါဘူး။ မန္တလေးက မူဆယ်ကို အလည်လာတဲ့ လူငယ်တွေ ထင်ပါတယ်။ ကိုယ့်ထက်တော့ အသက်ကြီးတာပေါ့။ ၂၃-၂၇ အသက်လောက်တော့ ရှိမယ်။ တစ်ချို့လည်း ဘီယာတွေ မော့သောက်နေကြတာ။ မူဆယ်ကို မရောက်ခင် မုန်းယု တောလမ်းလေးမှာ တွေ့ကြတာပါ။ အနောက်ကနေ ဟွန်းတီးလို့ ဖယ်ပေးတာ ကိုယ့်ဆရာတွေက မကျော်ပဲ တစ်လမ်းလုံး လိုက်စနေတော့ ။ ပြဿာနာက စတာပဲ။ အထဲမှာ နေပူလို့ ရသမျှ အမိုးလေး လုပ်ပြီး အိပ်နေပါတယ် ဆိုမှ ဟွန်းသံနဲ့ လိုက်နှောက်ယှက်တော့ ဒေါသက ဖြစ်ဖြစ်နဲ့ စက်သေနက်ကြီး ထုတ်ပြီး ဆန်အိတ်ပေါ်တင်ကာ သူတို့ကားဘက်ကို ချိန်ပြီး ကြည့်နေလိုက်တော့မှ ၀ူး...၀ါး အော်ပြီး ကျော်တက်သွားတော့တယ်။ တခါတလေတော့လည်း မလုပ်ချင်ဘဲ လုပ်လိုက်ရတာတွေ ရှိတာပေါ့။ ဒါပေမယ့် ဘယ်သူ့ကို မထိခိုက်အောင် အတက်နိင်ဆုံး လုပ်ဖို့လိုတယ်ဆိုတဲ့ အတွေးလေးကို စိတ်ထဲမှာတော့ အမြဲထည့်ထားမိပါတယ်။ ကွတ်ခိုင်က ထွက်ရင် နမ့်ဖက်ကာ ဂိတ်ကို အရင်ဖြတ်ရပါတယ်။ ဒီဂိတ်က တော်တော်လည်း အစစ်အဆေး ကြီးပါတယ်။ တာဝန်ကျတဲ့ သူတွေက အဒီတုန်းက ဘာအဖွဲ့ခေါ်မလည်း မမှတ်မိတော့ဘူး။ ဒါပေမယ့် တပ်ထားတာ ၂ ရစ်လောက်ပဲ ရှိတယ်။ တပ်ရင်းမှုးများ မှတ်နေလား မသိဘူး။ မာန်လိုက် ဟောက်လိုက်တာလည်း လွန်ရော။ ခရီးသည်တွေကို မှတ်ပုံတင် စစ်တာများ လူသတ်ဖို့ ပြောနေတာကြနေတာပဲ ။ ပြီးတော့ သူတို့ ကုန်တွေကို နမူနာ လေးတွေပြဖို့ တန်းစီနေရတာ ပုံစံတွေက သနားဖို့ကောင်းပါတယ်ဗျာ။ ဒီကောင်တွေက ထီးအောက်မှ ထိုင်ပြီး အခန့်သားနဲ့။ ပြောရင် ကိုယ့်ပေါင် ကိုယ်လှန်ထောင်းတာ ဆိုပေမယ့် ကျွန်တော့်တို့က စစ်သား ၊ ဒီကောင်တွေ လုပ်တာနဲ့ ယူနီဖောင်းချင်း မတူတာကြောင့် တော်သေးတယ်လို့ ပြောရမယ်။ ကိုယ့်စီးပွားကိုယ် ရှာစားတာ လွတ်လွတ်လပ်လပ် မလုပ်ကိုင်နိင်ဘူး။ ကျွန်တော်လည်း တော်တော်လေး ဒေါသထွက်သွားပါတယ်။ ဒါတော့ မဖြစ်သင့်ပါဘူး။ ကျွန်တော်ဆိုလည်း ဒီလို မလုပ်ဘူးဆိုတာ ယုံကြည်မိတယ်။ နောက်ပြီး အဲဒီဂိတ်က ပြဿာနာကြောင့်ပဲ နိင်ငံအကြီးအကဲ တစ်ယောက် တာဝန်က ရပ်စဲခံခဲ့ရပါတယ်။ ဒီလိုပြောရင် တစ်ချို့တွေ သိကြမှာပါ။ နာမည်ကတော့ နန့်ဖက်ကာ ဂိတ်ပါ။ အခုတော့ အဲဒီအဖွဲ့လည်း ဖျက်သိမ်းလိုက်ပါပြီ။
မူဆယ်မြို့ကို မရောက်ခင် ( ၁၀၅ ) မိုင် ကုန်တင်စစ်ဆေးရေး စခန်းကို အရင်ရောက်ပါတယ်။ ပြီးမှ မူဆယ်ကို လမ်းခွဲသွားရတာပါ။ အဲဒီမှာ လမ်း ( ၃ ) လမ်းရှိတယ်ခင်ဗျ။ တလမ်းက မူဆယ်မြို့ထဲကို ၀င်တာ မိုင် ( ၃၀ ) လောက်ရှိတယ်။ နောက်တစ်လမ်းက ကျွန်တော်တို့ ရှေ့တန်းတက်မဲ့လမ်း ၊ တောလမ်းပေါ့ ( မုံးကိုးမြို့ ) ကိုတက်ရမှာ ။ နောက်တလမ်းက ကျွန်တော်တို့ မန္တလေးကို ဆင်းမဲ့လမ်း။ ကျွန်တော်တို့က မူဆယ်လမ်းကို ၀င်ရမှာဆိုတော့ နောက်ထပ်မြို့ထဲကို မောင်းခဲ့ပါတယ်။ ဟိုရောက်တော့ ကျွန်တော်တို့နဲ့ အပတ်စဉ် တစ်ခုတည်း ဆင်းတဲ့ သူငယ်ချင်းက မူဆယ်အ၀င် တပ်စခန်း မှာ တာဝန်ကျနေတော့ ပိုအဆင်ပြေသွားတာပေါ့။ တခြားအကြီးတွေဆို နေရထိုင်ရတာ ခက်နေဦးမယ် မဟုတ်လား။ လမ်းမှာ တစ်လမ်းလုံးမောင်းလာတာဆိုတော့ သူငယ်ချင်းကို ဟန်မဆောင်နိင်တော့ဘူး။ ထမင်းကျွေးဖို့ အတင်းပြင်ဆင် ခိုင်းတော့တာပဲ။ ဒါပေမယ့် ကိုယ်က အရာရှိဆိုပေမယ့် ကိုယ်စားဖို့ အတွက် အရင်တော့ မလုပ်ပါဘူး။ ဆရာကြီးတွေကို အကုန်ခေါ် ပြီးတော့ သူတို့နေရမဲ့ နေရာတွေကို လိုက်ပြပေး ၊ နောက်တော့ ထမင်းစားဆောင်ကို ခေါ်သွားပြီး ထမင်းစားဖို့ အကုန်စီစဉ်ပေးပြီးမှ ကိုယ်လည်း အနားယူရတယ်။ ဆရာကြီးတွေက အသက် ၃၀ကျော်တွေ ကလေးတွေ ၃ ၊ ၄ ယောက်နဲ့ ဆိုတော့ ကိုယ့်ဦးလေး အရွယ်တွေ မဟုတ်လား။ ဒီတော့ မရိုမသေ မဆက်ဆံလို့ မကောင်းသလို ၊ တအား အခွင့်အရေးပေးရင်လည်း သူတို့က စကားနားမထောင်မှာ ကြောက်ရသေးတယ်။ နားလည် မှုလေးနဲ့ အုပ်ချုပ်ရတာပေါ့။ ကိုယ်က မတရားတာ မလုပ်ဖို့ရယ် ၊ သူတို့ဘ၀ကို စာနာ ပေးတက်ရင် ဆရာကြီးတွေနဲ့ နေရတာ နေပျော်ပါတယ်။ သူတို့ကလည်း ကိုယ့်အပေါ်ကို ချစ် ၊ ကိုယ်ကလည်း သူတို့အပေါ် စေတနာ နဲ့ ပြုလုပ်ပြောဆိုပေးတော့ နေပျော်တာပေါ့ဗျာ။ ဒါကတော့ လက်အောက်ငယ်သားနဲ့ ထားရှိသင့်တဲ့ အထက်အရာရှိ စိတ်ထားတွေပါ။
ကျွန်တော်တို့ မူဆယ်တပ်စခန်းကို ရောက်တော့ အချိန်က ည ( ၈ ) နာရီ ကျော်ကျော်ဆိုတော့ အတော်လည်း နောက်ကျနေတာကြောင့် ဆရာကြီးတွေကို စောစော အိပ်ရာဝင်ဖို့ လိုက်ပြောပြီးတဲ့နောက် ကိုယ်လည်း ထမင်းစား ။ နောက်တော့ ကျောင်းဆင်းကတည်းက မတွေ့ရသေးတဲ့ သူငယ်ချင်းတွေ စကားပြောကြရင်း အခြေအနေကို မေးမြန်းပါတယ်။ ည ( ၉ ) နာရီလောက်ကျတော့ အဘကို ဖုန်းပြန်ဆက်ဖို့ မှာထားတာကြောင့် ဖုန်းပြန်ဆက်တော့ သူက မူဆယ်ကနေ ကျူကုတ်-ပန်ဆိုင်း မြို့အထိ အဆင်ပြေသလိုလာခဲ့။ ဟိုရောက်ရင် ဦးတင်ဦး ဆိုတဲ့ မြို့နယ် ဥက္ကဌ ရှိတယ်။ သူက အဲဒီလူကို ပြောထားမယ် ။ မင်းတို့ ဟိုရောက်တာနဲ့ သူ့ကိုယ်တွေ့အောင်ရှာ ၊ ပြီးရင် သူစီစဉ်ပေးတဲ့ ကားနဲ့ ဒီမြို့ကို လာခဲ့ဆိုတော့... ကိုယ်လည်း ဟုတ်ကဲ့ အဘ။ လေးစားပါတယ် ဆိုပြီး ဖုန်းချလိုက်ရတယ်။ ဇာတ်လမ်းက ပြန်စပါပြီ။ သူက အဆင်ပြေသလို လာဆိုတော့ လမ်းပဲလျှောက်လာ ရတော့ မလိုလိုနဲ့ ဒီတော့ နယ်ခံသူငယ်ချင်းကို အပူကပ်ပါတယ်။ “ ဟေ့ကောင် လုပ်ပါဦးကွာ ငါတို့ကို အစဉ်ပြေသလို လာဆိုတော့ ၊ မင်း ပါဝါလေးနဲ့ အဲဒီကို သွားမဲ့ ကားကြုံလေး မရှိဘူးလား။ ရှိရင် ငါတို့ကိုပါ ခေါ်သွားဖို့ ချောဆွဲပေးပါဦးဆိုတော့ ” ဆရာက အားကိုးရတယ်ဗျာ။ ငါလည်း မသိဘူး သူငယ်ချင်းတဲ့ အဌား ဗန်ကားတွေတော့ ရှိတယ်ဆိုတော့ ။ အင်း...ဖြစ်ရမယ်။ ထားလိုက်ပါတော့ကွာဆိုပြီး မနက်ထိ မအိပ်ပဲ တစ်ညလုံး စကားတွေထိုင်ပြော ကြတယ်။ ကျောင်းတုန်းက ဘယ်သူက ဘယ်လို ၊ ဘယ်အရာရှိက ဘယ်လို ၊ ဘယ်ဆရာကြီးက ဘယ်လို အော်တာတွေ ပြောရင်း အချိန်က မနက် ( ၅ ) နာရီထိုးသွားတာကြောင့် ဆရာကြီးတွေကို လိုက်နိးရင်း ကိုယ်လည်း မျက်နှာသစ်ပေါ့။ နောက်တော့ ဖုန်းနဲ့ ဗန်ကား ဂိတ်ကို ဖုန်းဆက်ပြီး စောင့်နေရပါတယ်။ လက်ထဲမှာ ကျန်တာ ( ၁၅၀၀၀ ) လောက်ကျန်တာ ။ လူက ( ၈ ) ယောက်ဆိုတော့ တစ်စီးကို ( ၄ ) ယောက်နဲ့ နှစ်စီးဌားရပါတယ်။ ပိုက်ဆံကတော့ တစ်စီးကို ( ၁၅၀၀၀ ) ခွဲနဲ့ ဈေးတည့်သွားတယ်။ အဲဒီကုန်ကြတဲ့ ပိုက်ဆံကိုတော့ အိတ်စိုက်ပေါ့ဗျာ။ ဆရာကြီးတွေ ဆီကလည်း မတောင်းရက် ၊ တောင်းဖို့ နေနေသာသာ ဗိုက်ဆာရင် ကိုယ်ကတောင် ၀ယ်ကျွေးရမှာဆိုတော့ တစ်ယောက်ကို ( ၁၀၀၀၀ ) ၊ သုံးယောက်ဆိုတော့ ( ၃၀၀၀၀ ) ပေးလိုက်ရပါတယ်။ ကျွန်တော်တို့ အရာရှိငယ်တွေက ( ၃ ) ယောက်ကိုး။ ကျွန်တော်တစ်ယောက်တည်းသာ ဦးဆောင်လာရင် ဒီခရီးကို လမ်းလျှောက်ရမှာ မြင်ယောင်သေးတယ်။ ဆိုးပဗျာ။ ဒါနဲ့ ကားနှစ်စီးနဲ့ ကျူကုတ် - ပန်ဆိုင်း မြို့ကို ခရီးထွက်လာခဲ့ပါတယ်။ ဟုတ်တော့...ဟုတ်နေသား ။ စီးတော့ ဗန်ကား နဲ့ အထဲမှာ သေနတ်တွေကလည်း ထိုးထိုးထောင်ထောင်နဲ့ ။ ဟန်မကြ...ပန်မကြပေါ့။ ကဲ...ခပ်မြန်မြန်ပဲ ဆက်ရအောင်ဗျာ။ ပျင်းနေတော့မှာပဲ။ ဒါနဲ့ ကျွန်တော်တို့လည်း ကျုကုတ်-ပန်ဆိုင်းမြို့ကို ရောက်။ ဟိုရောက်တော့ စီစဉ်ထားတဲ့ သူတွေနဲ့ တွေ့တာပေါ့။ ဦးတင်ဦးဆိုတဲ့သူကို လိုက်ရှာပေါ့။ စောသေးတော့ သူလည်း အိပ်ရာက မထသေးဘူးနဲ့ တူပါတယ်။ မနက် ( ၇ ) နာရီလောက် ရောက်သွားတာကြောင့်ပါ။ သူနဲ့တွေ့တော့ သူက အဘလေး ဖုန်းကြိုဆက်ထားလို့ သိနေတာကြောင့် သွားရမဲ့ကားကို တစ်ခါတည်း လိုက်ပြပေးပါတယ်။ ပြီးတော့ သူလည်း အလုပ်များနေတာကြောင့် ပြန်ထွက်သွားပါတယ်။
ဖြစ်မှဖြစ်ရလေ
အဲဒီမှာ ရီစရာ တစ်ခုဖြစ်တာက ဘယ်လိုလဲဆိုတော့ ကျွန်တော်တို့လည်း ဗိုက်ဆာနေတာပေါ့ဗျာ။ ပိုက်ဆံကလည်း ၅၀၀၀ လောက်ကျန်တာကြောင့် ဆရာကြီးတွေကို လက်ဖက်ရည်ပဲ မနက်စာအဖြစ် တိုက်လိုက်ရတယ်။ ကိုယ်လည်း တခွက်သောက်ပေါ့။ ပြီးတော့ ကားပေါ်ပြန်တက်ကာ ထွက်မဲ့အချိန်ကို စောင့်နေမိတယ်။ နောက် ( ၁ ) နာရီကျော်လောက်လည်း ကားက မထွက်သေးတော့ ဗိုက်က ပြန်ဆာလာပြန်ပြီ။ ဒီတော့ ဟိုနား ဒီနား လိုက်ကြည့်တော့ ။ တဲလေးနဲ့ အဒေါ်ကြီးတစ်ယောက် အကြော်လေးတွေ ရောင်းနေတာ တွေ့တာနဲ့ ၀င်စားဖို့ ဆုံးဖြက်လိုက်တယ်။ ဈေးချိုရင် ကျန်တဲ့သူတွေ အတွက်လည်း ၀ယ်သွားမယ်ဆိုပြီး ၀င်ထိုင်လိုက်ပါတယ်။ ဆိုင်ရှင် အဒေါ်ကြီးက တော်တော် သဘောကောင်းတယ်ဗျာ။ သူနဲ့ စကားတွေ ပြောလိုက် အကြော်လေး တစ်ပန်းကန်ကို မကုန်အောင် စားရင်း ရေနွေးသောက်လိုက် နဲ့ ဟုတ်နေတာ။ တစ်အောင့်နေတော့ အခြားသူတစ်ယောက်က ထမင်းလာဝယ်တယ်ဗျ။ ဟာ...ကျွန်တော်တို့လည်း ၀မ်းသာ သွားတာပေါ့။ သူ့ကို အန်တီ..ထမင်းရောင်းလား ဆိုတော့ ရောင်းတယ်တဲ့။ ဒါနဲ့ တစ်ပွဲ ဘယ်လောက်လဲ မေးပြီး ကျန်တဲ့သူတွေ အတွက်ပါ ၀ယ်ဖို့စဉ်းစားနေတာကို သူက ဘယ်လို ထင်သွားလဲ မသိဘူး။ ထမင်းတွေ ချကျွေးပါတယ်။ ဆိုင်က ဟင်းတွေရော ၊ ထမင်းတွေရော ကျွေးတာ။ ကျွန်တော်တို့ကလည်း ဗိုက်ကဆာတော့ ( ၃ ) ယောက်သား ငြင်းရမှာလဲ အခက် ၊ ဟိုစကားပုံလို “ စားရမှာလဲ သဲတရှပ်ရှပ် ၊ ပစ်ရမှာလည်း အဆီတ၀င်းဝင်း ဆိုတော့ လန့်နေတာ။ စားပြီးမှာ မရှင်းနိင်ရင် လစ်ပြီပေါ့။ ဒါပေမယ့် မတက်နိင်ဘူး ၊ ဂျေမီတောင် သီချင်းဆိုထားသေးတာပဲ “ နောင်ဖြစ်မှ နောင်ရှင်း ” ဆိုတော့ ကိုယ်လည်းဝါးတော့တာပဲ။ ဗိုက်က အတော်ဆာနေတာရယ် ၊ ညက အိပ်ေ၇းပျက်ထားတာကြောင့် အစာရှိမှ ဖြစ်မယ်ဆိုတာ သိထားတော့ အုပ်တော့တာပဲ။ စားသောက်ပြီးတော့ အန်တီ...ဘယ်လောက်ကျလဲ ဆိုတော့ သူက...နေနေ သားတို့ မပေးနဲ့ ၊ အန်တီက အလကား ကျွေးတာတဲ့။ “ဟာ မဟုတ်တာ..အန်တီရယ်ပေါ့ ၊ အန်တီလည်း တစ်နေ့ရောင်းရတာ ဘယ်လောက်မြတ်တာ မို့လို့ ယူပါ ၊ ဘာညာပြောတော့ ” သူက မယူပါဘူး။
ဒါနဲ့ ကျေးဇူးအထူးတင်ကြောင်းကို နားညီးအောင် ပြောရင်း ချက်ချင်းလည်း ထထွက်သွားလို့ မကောင်းသေးတာနဲ့ ရေနွေးထိုင်သောက်ရင်း စကားဆက်ပြောကြပါတယ်။ အဲဒီမှာ သူက...သူ့သားကလည်း စစ်သားပဲတဲ့ ။ ဒါပေမယ့် ဗိုလ်လောင်းတက်နေတုန်းတဲ့။ အခုမှ ဒုတိယနှစ်ကိုရောက်တာတဲ့။ စစ်တက္ကသိုလ်မှာ ပဲတဲ့ ။ သူ့သားအတွက် သူက မလွှတ်ချင်ပေမယ့် သားက ၀င်ချင်တာကြောင့် ထည့်လိုက်ရတာလို့ ပြောပါတယ်။ အဲဒီတော့ ဟာ..အန်တီ ကျွန်တော်တို့က အဲဒီကျောင်းကပဲ ကျောင်းဆင်းလာတဲ့ သူတွေပါ လို့ပြောလိုက်တော့မှ ကျွန်တော်တို့ကို အံသြသင့်စွာနဲ့ ဟာ..သားတို့က အရာရှိတွေလား ၊ အန်တီက အန်တီ့သား အရွယ် ရဲဘော်လေးတွေ ထင်ပြီး သနားလို့ ထမင်းခေါ်ကျွေးတာတဲ့။ သေစမ်းပါဟဲ့...လို့သာပြောပြီး ကိုယ့်နဖူးကိုယ်ပဲ ပြန်ရိုက်ချင်မိတော့တယ်။ အော် ပုံစံတွေကလည်း ၂ ရက်လောက် မအိပ်ပဲ ခရီးနှင်လာ ၊ ရေကမချိုးရ ၊ ခရီးကလည်း တကယ့်အဝေးကြီး ၊ လမ်းကလည်း ဖုံတွေနဲ့ ၀တ်ထားတဲ့ အစိမ်းက အဖြူရောင်ပေါက်တော့မယ် ဆိုတော့ သူထင်တာလည်း မမှားနိင်ပါဘူးလေ ဆိုပြီး။ ပြုံးပြလိုက်ရတယ်။ ကျန်သေးတယ် ဥပဓိရုပ်ကလည်း ခန့်ညားတာကြောင့်လည်း ပါမယ်ထင်တယ်။ ဟဲဟဲ ။
ကားက ( ၉) ခွဲမှာ စထွက်ပါတယ် ကားကလည်း ဖုန်တွေနဲ့ ၊ ပြီးတော့ ကုန်တွေနဲ့ ။ တောလမ်းကို ဖြက်ရမှာ ဆိုတော့ အင်း...နာဖို့သာ ပြင်ထားဆိုပြီး ကိုယ့်ကိုကိုယ် အားပေးနေလိုက်တယ်။ တောလမ်း ဆိုမှတော့ မပြောတော့ပါဘူး။ ဂမူတွေ ၊ ချိုင့်တွေ ၊ ကျင်းတွေ နဲ့ တောင်တက်လမ်းက ပါသေးတယ်။ လမ်းမှာ မြို့ ၁ မြို့ကို ဖြက်ရပါတယ်။ ဘာမှန်တော့ မသိတော့ဘူး။ နာမည်တော့ ( ၃ ) လုံးနဲ့စတာပါ။ ကျောင်းတွေ တော့ဆောက်ထားပါတယ်။ ဒါနဲ့ မနက် ( ၁၁ ) ခွဲလောက်မှာ ကျွန်တော် တာဝန်ကျတဲ့ မြို့ မုံးကိုးမြို့ကို ရောက်ခဲ့ပါတယ်။ တပ်စခန်းကတော့ မြို့အစွန်မှာပါ။ မြို့အ၀င် ၀နဲ့တော့ ဆန့်ကျင်ဘက်ပေါ့။
ဒီလိုနဲ့......
ဆက်ရန်

Labels: ဘ၀အပိုင်းအစများ
Subscribe to:
Post Comments (Atom)
6 comments:
ဥပဓိရုပ်က hta min taung အလကား sar ya dar so daw ne da lar naw Bo Gyi :P
You should not do the Army Officer anymore. You should be Author and I am sure u will get tons of fan and will be successful...,
Thanks for sharing your experiences through from here. I applause you for your written skills. It's simply superb.
Waiting for continues posts..,
SMNTL
ရဲဘော် ဆိုးသွမ်း ဖြစ်သွားပြီ :) :P
ဆက်ရန်စောင့်နေပါတယ်ဗျို့။ :)
ရဲဘော် ဆိုးသွမ်း။ မျက်နှာမြင်သနားပါးစေ ဆိုတဲ့ဆုနဲ့ပြည့်တယ်နဲ့ တူတယ်နော်။ ဂုဏ်ယူပါတယ်ဗျာ။
ရဲဘော်ဆိုးသွမ်း တိုင်းပြည်တာဝန်ကို ကျေပွန်စွာထမ်းစောင်နိုင်ပါစေ။
:D
Post a Comment