Monday, March 31, 2008



လားရှိုး - သီန္ဒီ ( ၃၂ မိုင် )
သီန္ဒီ - ကွတ်ခိုင် ( ၁၆ မိုင် )
ကွတ်ခိုင် - နမ့်ဖက်ကာ ( ၂၉ မိုင် )
နမ့်ဖက်ကာ - မုန်းယု ( ၂၈ မိုင် )
မုန်းယု - မူဆယ် ( ၈ မိုင် )

ဖြစ်ပါတယ်။ ဒါက လားရှိုးကနေ မူဆယ် အထိ ကားလမ်းခရီး မိုင်တိုင် အကွာအဝေးပါ။ လားရှိုးကနေ ကွတ်ခိုင် အထိကတော့ ( ၄၈ မိုင် ) ပဲကွာဝေးပါတယ်။ လားရှိုးကနေ ကွတ်ခိုင်ကို တက်မယ် ဆိုရင် စုစုပေါင်း ၃ နာရီ ၊ ဒါမှ မဟုတ် ၄ နာရီလောက် ကြာတက်ပါတယ်။ လမ်းက တောင်တက်လမ်း ဖြစ်တာက တကြောင်း ၊ အဆင်းကား ကိုဦးစားပေးနေရတာကြောင့် ကြာချင်းဖြစ်ပါတယ်။ အကယ်၍ ကွတ်ခိုင်မှသာ လားရှိုးကို ဆင်းမယ် ဆိုရင်တော့ အဆင်းလမ်းလည်း ဖြစ်တာကြောင့် အချိန်က ( ၂ ) နာရီ ကျော်ကြာပဲ ကြာပါတယ်။ ဒါနဲ့ ကျွန်တော်တို့လည်း ဗန်ကားတော့ မစီးနိင်တော့ဘူး ၊ လိုင်းကားနဲ့ တက်ပေါ့။ သေတ္တာတွေလည်း ပါတာကို။ လူက ( ၂၀၀၀ိ ကျပ် ) ၊ သေတ္တာက ( ၂၀၀ ) လောက်နဲ့ ပြီးသွားလို့ပေါ့။ ဒီလိုနဲ့ လားရှိုးက စထွက်ပေါ့။ လားရှိုးအကြောင်းရေးတုန်းက မြို့အထွက်မှာ တံတားတစ်ခု ရှိတယ်ဗျ။ အဲဒီကို နည်းနည်း ကျော်လိုက်ရင် ရေပုစမ်း ။ ရေပူစမ်းကို ကျော်လိုက်ရင် ကောလိပ်တစ်ခုရှိသေးတယ်။ စက်မှုကျောင်းလား မသိပါဘူး။ GTC လို့တော့ ရေးထားတယ်။ အဲဒီနားမှာပဲ ၆၈ အေဒီ လမ်းခွဲဆိုတာ ရှိသေးတယ်။ အဲဒီဘက်က ဘယ်ကိုရောက်လဲတော့ မသိပါဘူး။ ကာလမ်းကတော့ တော်တော်ဖြောင့်ဖြူးနေတာပဲ။ ပြီးတော့ လမ်းမှာ လားရှိုးမြို့ကို ဈေးသွားရောင်းတဲ့ ရွာသူရွာသားတွေကိုလည်း ထော်လာဂျီနဲ့ လည်း မြင်တွေ့နေရပါတယ်။

လားရှိုး - ကွတ်ခိုင် ကားလမ်း

ဒီလိုနဲ့ မောင်းလာတာပေါ့ ။ အစလမ်းမှာ ဘေးဘယ်ညာ သစ်ပင်ရိပ်တွေက မရှိတာကြောင့် လမ်းက တော်တော် ပူပါတယ်။ တစ်ခုတော်သေးတာက ကားက မောင်းနေတာ ဆိုတော့ လေတိုးတာကြောင့် နည်းနည်းတော့ သက်သာတာပေါ့။ တစ်ခါတလေ လေပူတွေတိုက်ရင်တော့ လေတိုးပေမယ့် ပူတာပေါ့ဗျာ။ ဒါနဲ့ မောင်းလာလိုက်တာ သီန္ဒီမြို့ကို ရောက်တော့ ဓတ်ဆီ ဖြည့်ရင်း ကားက ခဏနားပါတယ်။ အဲဒီမှာ ရှမ်းတွေနဲ့ စတွေ့တော့ တာပါပဲ ။ မြန်မာသံ ၀ဲဝဲ နဲ့။ မနည်းကို နားထောင်နေရတယ်။ ကိုယ်ကလည်း တစ်လုံးမှ မတက် ဆိုတော့ ဈေးဝယ်တာတောင် လက်ပြပြီး ၀ယ်နေတာပေါ့။ ဒါနဲ့ ၀က်ပေါင်ခြောက်ထုပ်လေးတွေ ၀ယ်စားဖြစ်ခဲ့တယ်။ တစ်ချို့ကတော့ ရှမ်းခြောက်ဆွဲစားကြနဲ့ သူတို့စားတာ ကြည့်ပြီး အဆိုတော် “ စိုင်းဆိုင်မော့ ” ရဲ့ သီချင်းကို သွားသတိရမိသေးတယ် ။ ဘာတဲ့ “ ဒီခေါက်ဆွဲ ကောင်းလွန်းလို့~~~ စားတာလား ~~~ဆိုင်ရှင်လေး~~~လှလွန်းလို့ သွားတာလား ” ဆိုတော့ ဒါနဲ့ ဆိုင်ရှင်ကို ဖြက်ခနဲ့ ကြည့်လိုက်တာ မှန်းချက်နဲ့ နှမ်းထွက် လွဲသွားတယ်ဗျာ။ ရောင်းနေတာ အဒေါ်ကြီး ။ ပါးစပ်မှာလည်း ကွမ်းက စားနေသေးတယ်။ သေစမ်းဟ...နန္ဒိယ ပေါ့။ အဲဒီလို လွဲတာ ။ ဒါနဲ့ ဆိုင်ရှင်လေး အသားထား မျက်နှာငယ်လေးနဲ့ ရေတောင်း သောက်တာပေါ့။ ကျန်တဲ့ ကျွန်တော့် သူငယ်ချင်း ( ၂ ) ယောက်ကတော့ ကားပေါ်မှာပဲ ဘယ်မှ မဆင်းဘူးနဲ့ တူပါတယ် ။

ဒါနဲ့ မိနစ် ( ၃၀ ) လောက်ကြာတော့ ကားသမားက ထွက်မယ်...ထွက်မယ် ဆိုတာကြောင့် ကားပေါ်ပြန်တက်ကာ ကွတ်ခိုင် ခရီးစဉ်ကို ရင်ခုန်စွာနဲ့ ချီတက်ခဲ့ပါတယ်။ သီန္ဒီမြို့ကို စတက်တက် လာချင်းပဲ အအေးဓတ်က သိသာစွာ ကျရောက်လာပါတယ်။ ပြင်ဦးလွင် အအေးထက် ပိုတယ်လို့လည်း ပြောလို့ရပါတယ်။ မြေပြန့်ကနေ တောင်ပေါ်လမ်း ကိုချက်ချင်း ပြောင်းလဲသွားတာပါ။ သီန္ဒီ အထိက မြေပြန့်ခရီးစဉ်ဖြစ်ပြီး မြို့ကျော်လာတာနဲ့ တောင်တက်လမ်းက စတာပါပဲ။ အကွေ့အကောက်တွေနဲ့ပေါ့။ ဒါနဲ့ ကျွန်တော်တို့လည်း မြေပြန့်သားပီပီ ဘုရားစာ ရွတ်ရင်း လိုက်လာရတာပေါ့။ အဲဒီမှာ အမေရိကန် ရုပ်ရှင်တွေထဲကလို ဆိုင်ကယ် မင်းသားတွေနဲ့ တွေ့တော့ တာပါပဲ။ အထူးအဆန်းပေါ့ ကျွန်တော်တို့ ( ၃ ) ယောက် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ဘာတွေလဲပေါ့ ။ အထူးအဆန်းနဲ့ လိုက်ငေးနေရတာ။ သွားနေကြ သူတွေကတော့ ပုံမှန်ပါပဲ။ ဆိုင်ကယ်သမားတွေက အုပ်စုတစ်စုကို အနည်းဆုံး အစီး ( ၈ ) စီး ၊ ( ၉ ) စီး လောက်ပါတယ်ဗျ။ စီးတဲ့ သူတွေကလည်း ဘယ်လို ပြောမလဲ ဆိုင်ကယ်မင်းသားတွေလား မင်းသမီးတွေလား မသိဘူး ၊ မင်းသားတွေပဲ များပါတယ်။ တခါတလေတော့ မင်းသမီးတွေကိုလည်း တွေ့နိင်ပါတယ်။ သူတို့က အမှန်အကန် နေဒဏ် လေဒဏ် ခံနိင်အောင်ရယ် ၊ မျက်နှာလေတိုးတာ ကာကွယ်နိင်အောင်ရယ် ကြောင့် ဦးထုပ်တွေ ၊ သရေအင်္ကျီတွေ ၊ နောက်ပြီး ခေါင်းစည်းတွေ ၊ ဘုတွေ ရှုးတွေနဲ့ တကယ်ကို ရုပ်ရှင်ထဲက အတိုင်းပဲ ။ နောက်မှ ဘေးနားက ကိုယ်နဲ့ မျက်မှန်းတမ်းမိတဲ့ ခရီးသွားဖော်တွေကို မေးကြည့်မှ “ အဲဒါ ဆိုင်ကယ် မှောင်ခို ( ကယ်ရီ ) သမားတွေတဲ့ ” ။

သူတို့က မူဆယ်ကနေ လားရှိုး ၊ ဒါမှ မဟုတ် ပြင်ဦးလွင် ၊ ဒါမှ မဟုတ် ပိုင်ရင် ဆိုင်ရင် မန္တလေးထိ ဆိုင်ကယ်ကို ချသွားတယ်တဲ့။ အဲဒီမှာ ပြန်ရောင်းရင် ၀ယ်ဈေးထက် အဆမတန် မြက်တာကြောင့် အခုလို ကယ်ရီရိုက် ခြင်းဖြစ်ပါတယ်။ အဲဒီတုန်းက မူဆယ်မှာ ဆိုင်ကယ် အသစ်ချပ်ချွတ် တစ်စီးမှ ( ၃၀၀၀၀ ၊ ၄၀၀၀၀ ) လောက်ပဲ ပေးရတာဆိုတော့ ဟိုမှာ ( ၁ သိန်း ) ကျော်ပြန်ရောင်းရင် ငွေရပေါက် ချောင်တာကြောင့်ပါ။ နောက်ပြီး ဆိုင်ကယ်ကြီးပဲလဲ ချလာတာ မဟုတ်ပါဘူး။ နောက်ပိုင်းမှာ အစိုးရက ပိတ်ထားတဲ့ အချိုမှုန့်ကိုပါ သူတို့ သယ်လာတာကြောင့် တော်တော်လေး အလုပ်ဖြစ်ကြပါတယ်။ ဒါပေမယ့် ဘယ်လို ပြောမလဲ အန္တာရယ်တော့ များတာပေါ့ဗျာ။ စီးရတဲ့ ခရီးလမ်း ကွာဝေးတာ ကြောင့်ရယ် ၊ နောက်ပြီး တောင်တက်လမ်းတွေ ဖြစ်တာ ကြောင့်ရယ် ၊ နောက်ပြီး ဂိတ်တွေကို ရှောင်ကွင်းပြီး ရွာတွေထဲက သွားလာတာတွေ ကြောင့် လမ်းက ပိုကြမ်းပါတယ်။ ဒီကြားထဲ ရှောင်တခင် စစ်ဆေးရေးမျိုးနဲ့ တိုးပြီးဆိုရင်တော့ ရှိသမျှ အကုန်အသိမ်းခံလိုက်ရတာ ပါပဲ။ အဲဒီအခါဆို ဆိုင်ကယ်ကို ရာနဲ့ချီပြီး မိတက်ပါတယ်။ ရွာတွေထဲက ဖြက်သွားမယ်ဆိုတိုင်းလည် မလွယ်ပါဘူး။ ရွာတွေမှာ ဖြက်သန်းခွင့်ကို သူကြီးကို ( ငွေ ၅၀၀ကျပ် ) ပေးရပါတယ်။ ကိုယ်တိုင် မလုပ်ဘူးပေမယ့် ဒီလိုပဲ စုံစမ်းထားရတာပေါ့ဗျာ။ သိနေသင့်တယ် ဆိုတဲ့ အတွေးလေးတစ်ခုတည်းနဲ့တင်ပါ။

သီန္ဒီ-ကွတ်ခိုင်လမ်းမှာ ရေပူ ဆိုတဲ့ စစ်ဆေးရေး ဂိတ်တစ်ခု ရှိတယ်ဗျ။ အကုန်စစ်တာပဲ ဘာမှ မချန်ဘူး။ ကျွန်တော်တို့ သေတ္တာတွေကိုတောင် ဖွင့်ခိုင်းသေးတယ်။ နောက်မှ အရာရှိငယ်တွေ မှန်း သိသွားလို့ မဖွင့်ခိုင်းတော့တာပါ။ အဲဒီဂိတ်မှာ လ၀က ၊ အကောက်ခွန် ကတစ်တွဲ ၊ ခပ်ဝေးဝေးမှာကြတော့ စစ်တပ်က အစောင့် သဘောမျိုးနဲ့ စခန်း တစ်ခုရှိပါတယ်။ တခုရှိတာက စောနက ဆိုင်ကယ်သမားတွေက အဲဒီဂိတ်နား မရောင်ခင် မိုင်ဝက်လောက် အကွာက ကားလမ်းအတိုင်းသွားနေရာကနေ ရွာထဲကို မောင်းဝင်သွားကြပြီး စခန်းအကျော် လောက်မှာ ရွာထဲက ပြန်ထွက်လာကြပါတယ်။ ကျွန်တော့်အထင်တော့ ပေါ်တင်ကြီး ဖြက်လို့ မကောင်းတာနဲ့ နည်းလည်မှုနဲ့ ရွာထဲက ဖြက်စေတာ ဖြစ်ရမယ်လို့ ထင်ပါတယ်။ ငွေကတော့ သူတို့ တစ်စီးကို ဘယ်လောက်လဲဆိုတာ သက်မှက်ထားပြီးသား ဖြစ်မှာပေါ့။ အားလုံးပြီးတော့ ကျွန်တော်တို့လည်း ကားပေါ်ပြန်တက်နဲ့ နောက်ဆုံးတော့လည်းလေ ဆိုတဲ့ စိုင်းစိုင်းခမ်းလှိုင် ပြောသလို ဌာနေကို ရောက်ခဲ့ပါပြီ။ ကွတ်ခိုင်ကို ၀င်လိုက်တယ် ဆိုရင်ပဲ ၀ူးဆို ဘေးနာမှာ အလန့်တကြားထဲ မောင်းထွက်သွားတာ ကြည့်လိုက်တော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းက ကား ။ ကားပေါ်မှာလဲ ၀တ်စုံပြည့် သေနတ်ကိုင် ၂ ယောက် ၊ လည်ပင်းကလည်း အနီပတ်တွေနဲ့ ။ ကားကတော့ Tiger လို့ခေါ်တဲ့ လင့်ခရုဒ်ဇာအမဲ တွေနဲ့ပါ။ ဒါနဲ့ ကိုယ်လည်း ခေါင်းနပန်း ကြီးသွားတာပေါ့။ ဟို ( ၂ ) ယောက်ကလည်း ဟ...ဘာတွေတုန်းဟ နဲ့ တိုးတိုး...တိုးတိုးနဲ့ တစ်ယောက်နဲ့ တစ်ယောက်မေးနေကြတယ်။ နောက်ပိုင်းမှာ သိလိုက်ရတာက ဒီမြို့မှာ တိုင်းရင်းသား လက်နက်ကိုင်တွေ ရှိကြောင်း ၊ အဖွဲ့အစည်း အမည်ကတော့ KDA ( Kachin Development Army ) ဖြစ်တယ်လို့ သိရပါတယ်။ ကွတ်ခိုင် မရောက်ခင် အနားလေးမှာတော့ ကွယ်လွန်သူ အဆိုတော် စိုင်းထီးဆိုင် ဆိုခဲ့တဲ့ လွိုင်ဆမ်ဆစ်တောင်ကို မှတ်မှတ်ရရ မြင်ခဲ့ရပါသေးတယ်။ ဘာမှ သိပ်တော့ ထူးထူးခြားခြား မရှိပေမယ့် တောင်က တစ်လုံးတည်း ထီးထီးကြီးဖြစ်နေတာရယ် တောင်ပေါ်မှာ ဆက်သွယ်ရေး စခန်းနဲ့ ကျွန်တော်တို့ တပ်မှာ စခန်းငယ်လေး တစ်ခုတည်ရှိပါတယ်။

ကွတ်ခိုင်....သို့မဟုတ် လွိုင်ဆမ်ဆစ် သို့

ဒါနဲ့ မြို့ထဲ ကားဂိတ်ရောက်တော့ ကားသမားက ညစ်ပါလေရော။ သူက လိုင်းကား ဖြစ်တာကြောင့် ဂိတ်မှာပဲ ရပ်ပေးမယ် ၊ တပ်ထဲ အထိ သွားချင်ရင် နောက်တစ်ကား ဌားဆိုတော့ အဲဒီမှာ အနည်းငယ် စကားပြောလိုက်ရပါသေးတယ်။ နောက်ဆုံး ငွေ ( ၈၀၀ ) ထပ်ပေးလိုက်ရပါတယ်။ ကွတ်ခိုင်တပ်ထဲ အထိပေါ့ဗျာ။ ဟိုရောက်တော့ ကားကို ဘယ်နှားရပ်ခိုင်းရမှန်းလဲ မသိဘူး ။ ဖြစ်ချင်တော့ ရုံးပိတ်ရက်ကြီး ဖြစ်တာကြောင့် ဘယ်သူမှလည်း မတွေ့ဘူး။ ပြီးတော့ တပ်ရင်းရုံးကိုလည်း ရှာမတွေ့ ၊ အိမ်ထောင်သည် လိုင်းခန်းတွေကိုလည်း မတွေ့နဲ့ ကားကြီး လမ်းလယ်မှာ ရပ်ပြီး ဟိုလိုက်မေး ဒီလိုက်မေးပေါဗျာ။ ကားသမားကလည်း ပြန်ချင်နေတဲ့ပုံ ဖော်ပြနေတာနဲ့ နေပါဦးဆိုပြီး ကိုယ့်လူကို မနည်းတားထားရတယ်။ သေတ္တာတွေပါတော့ ထမ်းရမှာ ခရီးမတွင်မှာကြောင့်ပါ။ ပြီးတော့ ကိုယ်ကလည်း သာမာန်အရပ်ဝတ် ၀တ်ထားတာကြောင့်ရယ် ၊ လူတွေကလည်း ခရီးပန်းလာတာရယ် ၊ ပြီးတော့ ကျောင်းဆင်းပြီးစ ဆိုတော့ အသားအရည်တွေက မွဲခြောက်နေတာကြောင့် ရဲဘော်သစ်တွေ ထင်နေလား မသိပါဘူး။ နောက်မှ အနားဖြက်သွားတဲ့ ဆရာကြီး တစ်ဦးကို အားကိုးတစ်ကြီး ကျွန်တော်တို့ ကျောင်းဆင်းလာတဲ့ အရာရှိငယ်တွေပါ ၊ ဒီတပ်မှာ တာဝန်ကျလို့ သတင်းလာပို့တာ တပ်ရင်းရုံးက ဘယ်မှာပါလဲ ခင်ဗျာလို့ ပြောတော့မှ ဆရာက အားကိုးတကြီး ရုံးပိတ်ရက်မို့ တပ်ရေးဗိုလ်ကြီးလည်း မရှိဘူးတဲ့။ ဒါနဲ့ သူနဲ့စကား ပြောနေတုန်း အမှတ် ( ၁ ) အခြေချ စစ်ဗျူဟာ မှာ G3 ( ဂျီသရီး ) အဆင့် ဗိုလ်ကြီး အောင်မျိုးထွန်း က တွေ့တော့ အနားလာရင်း အကျိုးအကြောင်း သိရတော့ လောလောဆယ် ဗျူဟာက ပိုင်ဆိုင်သော ( ၆ ခန်း )တွဲမှာ နေရာ ချထားပေးလိုက်ဖို့နဲ့ နေရာလဲပြီးပါက နောက် ( ၂ နာရီ ) ကြာလျှင် ၀တ်စုံအပြည့်နှင့် သူ့ဆီလာခဲ့ရန် မှာပြီး ထွက်သွားပါတယ်။

ကျွန်တော်တို့လည်း အခုမှ ပဲ စိတ်ချမ်းသာနိင်ပါတော့တယ်။ လက်ထဲမှာ ကြည့်တော့လည်း ငွေက ( ၁၀၀၀၀ ) ကျော်တယ် ဆိုရုံလောက်ပဲ ရှိတော့တာကြောင့် ရှေ့ဆက် ဘာတွေ ကုန်မယ်ဆိုတာတော့ မပြောတက်အောင် ဖြစ်နေပါတယ်။ ဘုရား ၊ တရား သာ တပြီးနေဖို့ပဲ ကျန်ပါတော့တယ်ပေါ့ဗျာ။ ဒါနဲ့ ဟိုရောက်တော့ G3 မှ ရှင်းလင်းဆောင်ထဲ ခေါ်သွားပြီးတော့ လက်ရှိ တပ် အခြေအနေ ၊ ရန်သူ့အခြေအနေ ၊ ခေါင်းဆောင် ဘယ်သူ ၊ ဘယ်နေရာတွေမှာ ဘာရှိတယ် ၊ ပြီးတော့ ကျင့်သုံးရမဲ့ ဓလေ့ ထုံးတမ်း အစရှိသည်ဖြင့် မှာကြားပါတယ် ။

ငြိမ်းချမ်းရေး လက်နက်ကိုင် အဖွဲ့အစည်းများ တည်ရှိရာပြ မြေပုံ

အသေးစိတ်ကို ရေးချင်ပေမယ့် လုံခြုံမှု အဆင့်အတန်း အရ ကျွန်တော် မရေးဘဲ ချန်လပ်ခဲ့ပါသည်။ ဒီလိုနဲ့ ကျွန်တော်တို့လည်း Note Book မှမှတ်သားထားပြီး နောက်ထပ် ( ၃ ) နာရီကျော်ကျော်လောက်မှာ ရှင်းလင်းချက်တွေ ပြီးခဲ့ပါတယ်။ ဒါနဲ့ လူကလည်း မောမောနဲ့ ကုတင်ပေါ် ပစ်လှဲရင်း လာရာ လမ်းတစ်လျှောက်လုံးကို စဉ်စားရင်း ပစ္စည်းတွေတောင် မထုတ်နိင်ပဲ ခဏအိပ်ပျော်သွားပါတယ်။ နောက် ၁ နာရီလောက်ကြာတော့ ပြန်နိးလာတော့ လူမှုဒုက္ခက စပါပြီ။ ဗိုက်ဆာလာတာပေါ့ဗျာ။ အနီးအနားမှာလဲ ဘာမုန့်ဆိုင်ရယ်လို့မှ မရှိ ၊ မြို့ထဲနဲ့ တပ်ကလည်း ၁ မိုင်နီးပါးလောက် ဝေးတယ် ၊နောက်ပြီး အကြပ် ၊ စစ်သည်တွေ နေတဲ့ လိုင်းခန်းတွေကလည်း မတွေ့ ၊ တကယ်လို့တွေ့ရင် မုန့်ဆိုင်လေးတော့ ရှိတက်ကြတာကြောင့် ၀ယ်စားဖို့ ဖြစ်နိင်တာပေါ့ဗျာ။ ဗိုက်ဆာဆာနဲ့ ဟိုလျှောက်သွား ဒီလျှောက်ကြည့်နေတုန်း ဒီ ( ၆ခန်း ) တွဲလူပျို အရာရှိ ရိပ်သာကို တာဝန်ယူရတဲ့ ရဲဘော် တစ်ယောက်နဲ့ ဆရာကြီး တစ်ယောက် မတ်တပ်ရပ် စကားပြောနေတာကို တွေ့တော့ ကိုယ်လဲ မုန့်ဆိုင် မေးချင်တာနဲ့ ဘာမှာများ ရှာရမလဲလို့ သွားမေးတာပေါ့။ နောက်တော့မှ ဆရာကြီးက “ ဗိုလ်လုံတို့ ညနေစာကို သွားယူခိုင်းမလို့ ၊ အခုလောလောဆယ်တော့ ရေချိုးရင်း စောင့်နေပါပေါ့ ဆိုပြီး ” လိုအပ်တဲ့ စောင် ၊ ခေါင်းအုံး ၊ မျက်နှာသုတ် ပ၀ါ တွေကို ထုတ်ပေးပါတယ်။ ၀ူ...တော်သေးတယ် ။ အခုမှပဲ သက်ပြင်းချနိင်ပါတော့တယ်ဗျာ။ နို့မို့ဆို .... ဒီတညတော့ ရေသောက်ပြီး ဗိုက်မှောက်နေရမယ်ထင်တာ။ ထမင်းဟင်းတွေ ရောက်လာတော့ ဘယ်သူစီမံပေးတာလဲ မေးတော့ စောနက G3 ကပြောထားလို့ ဆိုလို့ အစ်ကိုကြီးကို စိတ်ထဲမှ လေးစားမိပါတယ်။ နောက်တော့လည်း သူ့အိမ်ဟာ ကျွန်တော်တို့ ၃ ယောက်အတွက်တော့ စားအိမ်သောက်အိမ် ဖြစ်လာတာပါပဲ။

မနက်ဖြန် တနင်္လာနေ့ရောက်တော့ မနက် ( ၇ ) နာရီဆို တန်းစီတယ် မဟုတ်လား ။ ကျွန်တော်တို့ အရာရှိ ငယ်များကတော့ စိတ်ဓတ်တက်ကြွစွာနဲ့ ဘာပြောကောင်းမလဲ အိပ်တုန်း ၊ မြေပြန့်ကလာတဲ့ သူတွေဆိုတော့ ကိုယ့်ဒေသမှာ ပူတော့ ၊ ကွတ်ခိုင်လည်း ရောက်ရော အင်မတန် အေးတာကြောင့် အညာသား စကားနဲ့ ပြောရင်း လွှတ်အိပ်တော့တာပဲဗျို့ ။ တစ်ယောက်မှကို မထဘူး ၊ နိးတော့လည်း ပြန်အိပ်တာပေါ့။ တပ်ရေးဗိုလ်ကြီးကလည်း နားလည်ပေးပါတယ်။ သူ့အသက်က ( ၄၀ ) ကျော်နေပြီဆိုတော့ ၊ ကျွန်တော်တို့ အသက် ( ၁၉ - ၂၀ ) က သူ့သားလောက်ရှိတော့ ကလေးတွေလိုပဲ သဘောထားပါတယ်။ ဒါပေမယ့် စစ်သားဆိုတော့ သိပ်တော့ နုလို့မရဘူး မဟုတ်လား။ ညနေရောက်တော့ တပ်ရေးဗိုလ်ကြီးအိမ်သွားရင်း စာရေးသောက်ရေး အခြေအနေ ၊ နေရေးထိုင်ရေး အခြေအနေ ဘယ်လိုရှိသလဲဆိုတာ သူမေးတာ ဖြေရင်း ၊ လောလောဆယ် တပ်ကတော့ ရှေ့တန်းကို ထွက်နေတာ ကြောင့် တပ်မှာ လူမရှိခြင်း ဖြစ်ကြောင်း ၊ တပ်မှာလည်း တပ်ရင်းမှုးက လားရှိုးကို မြို့နယ် ဥက္ကဌ အဖြစ် အဆင့်တိုးပြောင်းရွှေ့သွားသောကြောင့် အသစ်မရောက်သေးကြောင်း ၊ လက်ရှိ ဒုတပ်ရင်းမှုး ဗိုလ်မှုး ၊ ဌာနချုပ်တပ်ခွဲမှုး ၊ တပ်ရေးဗိုလ်ကြီး ၊ ဗိုလ်တစ်ဦး အားလုံးပေါင်း ( ၄ ) ဦးသာ ရှိကြောင်း ၊ ကျန် အရာရှိများမှာလည်း သင်တန်းနှင့် တာဝန်နှင့် စေလွှတ်ထားရသည်များ ကြောင့် ငါ့ညီတို့ ရောက်လာတာ ၀မ်းသာပါကြောင်း ၊ လောလောဆယ် တပ်မှာပဲ အေးဆေးနေရမည် ဖြစ်ကြောင်း ၊ သို့သော် မနက်ဖြန် ဒုတပ်ရင်းမှုးဆီသို့ ကြေးနန်းပို့၍ ငါ့ညီတို့ ရောက်ရှိကြောင်းကို သတင်းပို့မည် ဖြစ်ကြောင်း ၊ ရှေ့တန်းမှာလဲ အရာရှိ အင်အားနည်းနေ၍ ငါ့ညီတို့ လိုက်သွားရမှာ သေချာကြောင်း ၊ ထို့ကြောင့် ရှေ့တန်း မထွက်ရသေးခင် ကာလ အတွင်း ဝေးဝေးလံလံ မသွားဖို့ လိုအပ်တဲ့အကြောင်းများ မှာကြားပြီး ပြန်လွှတ်လိုက်ပါတယ်။ အမေရေ..ဗီဒီယိုထဲမှာပဲ မြင်ဖူးတဲ့ ရှေ့တန်း ဆိုတာကြီးကို အမေ့သား ကြုံရတော့မယ်ဗျလို့ ၀မ်းနည်းစွာနဲ့ တွေးနေမိသေးတယ်။ စိတ်ကလည်း ငါသာ တကယ်လို့ သေသွားရင်ဆိုပြီး နမိတ်မရှိ နမာမရှိ လျှောက်တွေးနေမိပါသေးတယ်။ ကြောက်တာ...ကြောက်တာ ။

ဒီလိုနဲ့ မျှော်လင့်ထားတဲ့ ရှေ့တန်းကို သွားရမဲ့ နေ့ကို ရောက်လာတဲ့ အခါမှာတော့ဗျာ

ဆက်ရန် ။


Sunday, March 30, 2008

အလှူဒါန




၁၉.၁၂.၂၀၀၇ တုန်းက ကျွန်တော်တို့ အမှတ်စဉ် ( ၄၆ ) ဗိုလ်လောင်းသင်တန်း ကျောင်းဆင်း ခဲ့တာ ( ၄ ) နှစ်ပြည့် အထိန်းအမှတ် အဖြစ်ရော ၊ ဗိုလ်ကြီး အဖြစ် ရာထူး အဆင့်တိုးမြင့်ခြင်း အထိမ်းအမှတ် အဖြစ် မြန်မာနှင့် ရုရှား နိင်ငံတွင် ပညာသင်ကြားနေသော သူငယ်ချင်း အားလုံးမှာ စုပေါင်း၍

၁. ဓမ္မစကုမုဒြာ ၊ ဓမ္မစကြာင်္ ဗုဒရုပ်ပွားတော်မြတ်ကြီး - ၄၆သိန်း
၂. ဓမ္မစကုမုဒြာ၊ဓမ္မစကြာင်္ ဗုဒရုပ်ပွားတော်မြတ်ကြီး(ကျောင်းဆောင်) - သိန်း၅၀
၃. ဒိုးပင် မိဘမဲ့ကလေးကျောင်း - ၅သိန်း
၎. မျက်မမြင်ကျောင်း (ရေသန့်စက်) - ၁၀သိန်း
၅. ဘိုးဘွားရိပ်သာ - ၅သိန်း
၆. ရေစက်ချ နှင့် အလှူတော် မင်္ဂလာ - ၁၄သိန်း

တို့ကို အလှူဒါန ပြုခဲ့ပါတယ်။ ဓတ်ပုံများ ဒီနေ့မှ ရ၍ ဖော်ပြနိင်ခြင်း ဖြစ်ပါသည်။ အလှူငွေ စုစုပေါင်းမှာ ကျပ်ပေါင်း ( ၁၃၀၀၀၀၀၀ ) ဖြစ်ပါသည်။









ရရှိသော ကုသိုလ် ကောင်းမှု အစုစုအား လက်ရှိ မြန်မာနိင်ငံ အနှံအပြား အရပ်ဒေသ အသီးသီးတွင် တာဝန်ထမ်းဆောင်နေသော သူငယ်ချင်းများနှင့် တိုင်းပြည်အတွက် အသက်စွန့်ခဲ့သော သူငယ်ချင်းများ ရောက်ရာ ၊ ကြားရာ အရပ်မှ သာဓုခေါ်နိင်ကြပါစေ။ တိုင်းပြည်၏ အမျိုးဘာသာ ၊ သာသနာ နှင့် ပြည်သူ့ အသက်အိုးအိမ် စည်းစိမ်ကို အမှန်တရားဘက်မှ ရဲဝင့်စွာ ရပ်တည်နိင်သော “နောင်တစ်ခေတ်၏ အောင်စစ်သည်တော် ” များ ဖြစ်ကြပါစေ လို့ ဆုတောင်းရင်း

ဗိုလ်ကြီး ကျော်လင်းထွန်း
ခလရ ( ၄၅ ) ကွတ်ခိုင် ၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ၊ လားရှိုးမြို့။



“ ဟောင်းရွက်တွေ ညှာတံကြွေတဲ့ ခါယံ နွေဦးနှင့် အတူ ” စာပန်းချီ အမှတ်(၃) မဂ္ဂဇင်းဟာ အကြောင်းအမျိုးမျိုး ကြားမှ အောင်မြင်စွာ ထွက်ရှိလာခဲ့ပါပြီ။ ကဗျာ ( အတို/အရှည် ) ၊ ၀တ္တုတို ၊ ဆောင်ပါး ၊ ကာတွန်း မျိုးစုံနှင့် ဤနေရာ သို့ကလစ် နှိပ်၍ ရယူဖတ်ရှု နိင်ပါကြောင်း သတင်းကောင်း ပါးအပ်ပါသည်။

Saturday, March 29, 2008

လားရှိုးမြို့အကြောင်း

လားရှိုးမြို့က ယေဘုယျအား ဖြင့်တော့ အဓိက လိုင်းကား လမ်း အတိုင်းသွားမယ်ဆိုရင် စတုရန်းပုံစံလို သွားပါတယ်။ မြို့ပုံသဏ္ဍာန်ကို ဆိုလိုခြင်း မဟုတ်ပါဘူး။ လားရှိုးမှာ ဆိုင်ကယ်ကို အိမ်တိုင်းနီးပါး သုံးနိင်ပေမယ့် လိုင်းကား ပါပလက်ကာ ကားအဖြူရောင်လေးတွေ ဘာကြောင့်ရှိနေတာလဲဆိုတာ စစရောက်ခြင်းတော့ အထူးအဆန်း ဖြစ်မိပါသေးတယ်။ နောက်ပိုင်းမှ သိလာတာက လားရှိုးမြို့က ပြင်ဦးလွင်-မူဆယ် အထိ ဆက်စပ်သွားလို့ ရတာကြောင့် ကူသန်းရောင်းဝယ်ရေး ထွန်းကားသည့် မြို့ဖြစ်သည့် အပြင် ခရီးသွား ဧည့်သည်များတာကြောင့် ရောက်လာကြသော ခရီးသွားများ လည်ပတ်နိင်ရန် ၊ သွားလာရ လွယ်ကူနိင်ရန် လိုင်းကားများ စီစဉ်ထားခြင်း ဖြစ်နိင်ပါသည်။ နောက်တစ်ခု ရှိတာက မြို့၏ အဓိက တည်နေရာများ ဖြစ်သော ဘူတာ ၊ လေယဉ်ကွင်း ၊ မြို့ဈေးကြီး နှင့် ဆေးရုံ ၊ ကားကြီးဂိတ် ၊ မန်ဆူဘုရား ၊ လားရှိုးဒီဂရိ ကောလိပ် တို့သည် တစ်ခုနှင့်တစ်ခု တည်နေရာ မှာ ဆန့်ကျင်ဘက် ဖြစ်တာကြောင့် သွားလာရာတွင် ခဏတဖြုတ် ရောက်လာကြသော ခရီးသွားများ လွယ်ကူစေရန် စီစဉ်ထားခြင်း ဖြစ်နိင်ပါသည်။ ကျွန်တော် ရောက်ရှိခဲ့စဉ်က ကားခမှာ တစ်ဦးလျှင် ကျပ်ငွေ ၅၀ ဖြစ်ပြီး ၊ ဘူတာမှ မြို့ထဲသို့ သွားပါက ကုန်းတက်လမ်း ဖြစ်သောကြောင့် တစ်ချို့ကားသမားများက ၁၀၀ိကျပ် တောင်းပါတယ်။ အများဆုံး အသုံးပြုသော ပို့ဆောင်ရေးမှာ ဆိုင်ကယ်ဖြစ်ပါသည်။



လားရှိုးမြို့အထင်ကရ နေရာပြ မြေပုံ
( မြင်ကွင်းကျယ် ကြည့်ရန် ပုံကို ကလစ်ပါ )

လားရှိုးမြို့ပေါ်မှာ နေထိုင်သည့် လူမျိုးတွေကတော့ များသောအားဖြင့် မြန်မာ ၊ ရှမ်း ၊ တရုတ် နဲ့ တခြား တိုင်းရင်းသား အနည်းငယ်ပဲ ဖြစ်ပါသည်။ အလုပ်အကိုင်ကတော့ ကူသန်းရောင်းဝယ်ရေး၊ ခရီးလမ်းပို့ဆောင်ရေး တို့ပဲ အကြမ်းဖျဉ်း ဖော်ပြလို့ ရနိင်ပါတယ်။ နောက်ပြီး မြို့ရဲ့ မြေမျက်သွင်ပြင်က အနည်းငယ်သာ ပြေပြစ်ပြီး ၊ ကုန်းအတက် အဆင်းတွေ ပေါပါတယ်။ အောက်မှာ ရသလောက် လားရှိုးမြို့ရဲ့ ဓတ်ပုံတစ်ချို့ကို ဖော်ပြပေးထားပါတယ် ခင်ဗျာ။



မြို့အ၀င်

လားရှိုးမြို့

ဆုတောင်းပြည့်စေတီ
( ကျွန်တော်ရောက်ခဲ့တုန်းက စိန်ဖူးတော် ပျောက်နေသည် ။ )

နဂါးရုံဘုရား

တရုတ်ဘုံကျောင်း

ရေကန်တောင်

လားရှိုးဈေးကြီး - အနောက်ဘက်မှ

ဒီလိုနဲ့ ကျွန်တော်တို့လည်း ခွင့်ပြန်လာပြီး နောက်တစ်နေ့တွင် တိုင်းမှုးမှ မတွေ့နိင်သေးသောကြောင့် မြို့ထဲသို့ လည်ပတ်ခွင့် ရကြပါသည်။ ရက်အားလုံးပေါင်း ( ၁၄ ) ရက်ခန့် နေလိုက်ရပြီး အတန်ငယ် လေ့လာခွင့်လည်း ရခဲ့သောကြောင့် ယခုလို အနည်းငယ် လောက် ပြန်လည်ဖော်ပြပေး နိင်ခြင်းလည်း ဖြစ်ပါသည်။

အစကတော့ စမ်းတ၀ါးဝါး ဟိုမေး ဒီမေးရင်း ဒီလမ်းက သွားလျှင် မြို့ထဲဈေးသို့သွားသော ကားလမ်းသို့ ရောက်ကြောင်း ၊ ထိုနောက် လိုင်းကား အဖြူရောင် ပါပလစ်ကာ ကားလာလျှင် ၅၀ ပေး၍ တက်စီး သွားနိင်ကြောင်း သိရသဖြင့် ကျွန်တော်တို့ လူတစ်စုလည်း ချီတက်ခဲ့ကြပါတယ်။ စကားပုံတောင် ရှိသေး၏ (အော်....ပါးစပ် ပါလျှင် ရွာရောက်တယ် မဟုတ်လား ) ။ ဒါနဲ့ မြို့ထဲ ဈေးကို ရောက်လာကြတော့ အရင်ဆုံး ရှာကြတာက ဖုန်းဆိုင်ပါ။ တစ်ချို့သူငယ်ချင်းတွေက ပိုက်ဆံက ပြက်နေတာကြောင့် ၊ တစ်ချို့က အကျိုးအကြောင်း အိမ်ကို ပြောပြချင်တာကြောင့် ဖုန်းဆိုင်ကို အလုအယက် ရှာကြပါတယ်။ ဖုန်းတွေကလည်း ပေါပါတယ်။ စတိုးဆိုင် ၊ ဆေးဆိုင် တွေအပြင် P.C.O ဖုန်းဆိုင်တွေလည်း လမ်းမှာ ရှိပါတယ်။ ကျွန်တော်တို့လည်း ရှာကြပေါ့နော်။ လာတုန်းက အများကြီးလာ ကြပေမယ့် ဈေးထဲ ရောက်တော့ ကိုယ်ပေါင်းတဲ့သူနဲ့ပဲ သွားကြတာပေါ့။ အဲဒီတုန်းက ကျွန်တော်နဲ့ တွဲဖြစ်ခဲ့တာက ရခိုင်ကလာတဲ့ လွှမ်းမိုးကျော် ဆိုတဲ့ သူငယ်ချင်းပါ။ ဒီကောင်က ရခိုင်ဆိုပေမယ့် လူကတော့ လူချောဗျ။ မြန်မာဆိုပေမယ့် မျက်နှာမှာ ပါးသိုင်းမွှေး ၊ မုတ်ဆိတ်မွှေးနဲ့ အသားက ဖြူဖြူ ၊ မျက်ခုံးက လည်း ဖြောင့်နေတော့ ကောင်မလေးတွေက တော်တော်ကြည်တယ်ဗျ။ အရပ်ကလည်း ကျွန်တော့်ထက် ၂ လက်မလောက်ရှည်တယ်။ ကျွန်တော်က ၅ ပေ ၅ ပဲ ရှိတာကိုး။ သူက အပြင်မှာ မော်ဒန်ဘွိုင်း ဖြစ်ဘူးတယ်တဲ့ ဆိုပြီး သူသရုပ်ဆောင်တဲ့ ဗီစီဒီတောင် ပြပါသေးတယ်။ ဘယ်လိုက ဘယ်လို စစ်တပ်ထဲ ရောက်လာလဲတော့ မသိပါဘူး။ ဒီကောင်က တော်တော် စေတနာကောင်းတယ်ဗျ။ သူ့မှာ ရှိတာဆို ဘာမှ မနှမြောဘူး။ အကုန်ကျွေးတာ။ နောက်ပိုင်းတော့ ကျွန်တော်နဲ့ ညီအစ်ကိုလို ခင်ခဲ့ပါတယ် ။ သူတာဝန်ကျတာကတော့ တန့်ယန်းမှာပါ။ ဒီကောင်က ဖုန်းဆိုင်က ကောင်မလေးနဲ့တောင် ရည်စားဖြစ်လိုက်သေးတယ်။ နောက်တစ်ခုက ဆေးဆိုင်မှာ ဆေးရောင်းတဲ့ ကောင်မလေးက မြန်မာအခု လက်ရှိ မင်းသမီးတစ်ယောက်နဲ့ တော်တော်တူပါတယ်။ ကျွန်တော်တို့ သူငယ်ချင်းတွေကလည်း ယောင်္ကျားလေးပဲ လူငယ်သဘာဝ ငမ်းတာပေါ့။ ဖုန်းသွားဆက် ၊ ဆေးဝယ်နဲ့ အဲဒီဆိုင်လည်း တော်တော်ရောင်းကောင်းလိုက်သေးတယ်။ နောက်ပိုင်း အဲဒီမြို့မှာ တာဝန်ကျတဲ့ ကျွန်တော်တို့ သူငယ်ချင်း တစ်ယောက်နဲ့ပဲ ကြိုက်သွားတယ် လို့သိခဲ့ရတယ်။ ကျွန်တော်လား...ဟဲဟဲ။ နည်းနည်းတော့ ငမ်းခဲ့တာပေါ့ဗျာ။ ( ၁ ) ခါ (၂) ခါလောက်ပါ။

ဒါနဲ့ ကျွန်တော်တို့ ( ၂ ) ယောက်လည်း လမ်းဘေးက ပီစီအို ဖုန်းဆိုင်မှာ ၀င်ဆက်ရင်း အဲဒီက ဖုန်းထောင်တဲ့ ညီအစ်ကိုနှစ်ယောက်နဲ့ ထပ်ပြီးခင်မင်ခဲ့ပါတယ်။ ( တစ်ရွာတကျီဆောက် ဆိုတဲ့ ပေါ့ဗျာ)။ သူတို့က အမှတ် (၉၀၃) စစ်မြေပြင် အင်ဂျင်နီယာ တပ်က တပ်ကြပ်ကြီး တစ်ဦး၏ သားတွေပါ။ နောက်ပြီး ဆက်စပ် သိခဲ့တာက တော့ သူတို့သူငယ်ချင်း ကိုစိုးမိုးဌေး ဆိုတဲ့ သူပါ။ သူတို့ အဖေက ရဲအုပ် တစ်ယောက်ဖြစ်ပြီး သမီး ( ၂ ) ၊ ယောက် ၊ သား ( ၁) ယောက် ရှိပါတယ်။ နောက်ပိုင်းမှာ တော့ ကျွန်တော်တို့ရဲ့ စားအိမ်သောက်အိမ်သာ မက ၊ အိပ်အိမ်ပါ ဖြစ်ခဲ့ပါတယ်။ ထိုအိမ်မှ အိမ်ရှင်မ အန်တီကြီးက တော်တော် သဘောကောင်းပါတယ်။ ကျွန်တော်တို့ကို သူ့သား သူငယ်ချင်း ဆိုပေမယ့် အမေလို့ ဂရုစိုက်ပါတယ်။ တကယ်လို့ အပြင်သွားရင်း မိုးမိလာတယ်ဆိုရင် ချက်ချင်း ၀တ်ဖို့ အနွေးထည် ၊ ရေနွေကြမ်း ၊ ဆေးနီမှုန့် အဲဒီလိုမျိုး ထုတ်ပေးပြီး သူ့ရှေ့တင် ဆေးကို သောက်ခိုင်းတာပါ။ ကျွန်တော့်တို့ အသက်ကလည်း ( ၂၀ ) လောက်ရှိသေးတဲ့ အပြင် သူ့သားအငယ်ဆုံးတောင် ( ၂၆ ) ရှိတာကြောင့် သားအငယ်တွေလိုမျိုး သဘောထားပါတယ်။ အမ ( ၂ ) ယောက်ကလည်း တော်တော် သဘောကောင်းတယ်ဗျ။ တစ်ယောက်က စေ့စပ်ထားပြီးသား ၊ နောက် တစ်ယောက် ကတော့ လူလွတ်ပါ။ ကျွန်တော်ဒီကိုလာခါနီး တုန်းက တပ်က အပြန် ထိုအိမ်မှာတည်းတော့ နောက်ဆုံးပြန်ခါနီး အစ်မငယ်က သူ့ရည်စားနဲ့ ချိန်းချင်တာကြောင့် ကျွန်တော့်ကို မရောက်ဘူးတဲ့ နေရာတွေ လိုက်ပို့မလို့ပြောပြီး အိမ်က ညာထွက်ခဲ့တာ ။ ကျွန်တော်ကတော့ ဟိုလျှောက်သွား ဒီလျှောက်သွားပေါ့။ ဒါပေမယ့် ဆရာမက ပြန်မလာဘူးဗျာ။

အဲဒီမှာ ကျွန်တော် မောင်ဆိုးသွမ်းတို့ ခေါင်းမီးတောက်တာပါပဲ။ ကိုယ့်ကို လိုက်ပို့မလိုပြောပြီး ခေါ်ထွက်ခဲ့တာ ၊ သူတို့ သမီးရည်းစား ( ၂ ) ယောက်က ပြန်မလာတော့ ကျွန်တော့်မှာ ချိန်းထားတဲ့ နေရာမှ ထိုင်ပြီး ဘုရားစာရွတ်နေရတယ် ။ အချိန်ကလည်း မနက် ( ၁၂ ) ကတည်းကထွက်လာတာ ၊ သူတို့လည်း ပြန်လာရော အချိန်က ည ( ၇ ) နာရီထိုးနေပြီ။ ဒါနဲ့ ကျွန်တော်တို့လည်း အိမ်ကို ပြန်မောင်းပြေးတာပေါ့။ ဟိုရောက်တော့ ဘာပြောကောင်းမလဲ သူ့အဖေ ရဲအုပ်ကြီးက မျက်နှာက ပြိုတော့မဲ့ မိုးလိုပဲ။ သူထင်နေတာက ကျွန်တော်များ ခိုးသွားပြီလားလို့လေ။ အမနဲ့ အန်တီကလည်း တိုးတိုးနဲ့ နင်တို့ဘယ်တွေ သွားနေတာလဲတဲ့ ။ ဒီမှာ လိုက်ရှာနေကြတာတဲ့။ ကျွန်တော်လည်း ဘယ်ကောင်းမလဲပေါ့နော်။ သူတို့အိမ်မှာနေတယ် ၊ သူတို့သမီးကို အပြင်ခေါ်ထုတ်သွားတယ် ၊ နောက်ကျမှ ပြန်လာတယ် ဆိုတော့ ၊ အခြေအနေက သိပ်တော့ မကောင်းဘူးလေ။ ပြီးတော့ ကျွန်တော်က မနက်ဖြန် ပြန်မှာဆိုတော့ သို့လော ...သို့လော တွေနဲ့ ခေါင်းမီးတောက်ခဲ့ရတာပါ။ ဦးလေးကိုလည်း တော်တော် အားနာခဲ့ပါတယ်။ သူက သမီးရှင်မဟုတ်လား။ အဖေချင်း ကိုယ်ချင်းစာတာပေါ့။ သူကတော့ အငယ်မ လာဦးဆိုပြီး တိုးတိုးနဲ့ ဆူနေတာပေါ့။ ကျွန်တော့်ကျတော့ ဘာမှ မပြောပါဘူး။ မင်းတို့ကလည်း နောက်ကျလိုက်တာကွာ ဆိုပြီးတော့ပဲ ပြီးသွားပါတယ်။ နောက်ပိုင်း ကျွန်တော်ပြန်သွားတော့ ကားဂိတ်တောင် လိုက်မပို့ခိုင်းခဲ့ဘူး။ အစက ပို့ခိုင်းမလို့ဟာ တခါတည်း ခိုးပြေးမှာ စိုးလို့လား မသိပါဘူး။ ဟဲ..ဟဲ။ အဲဒီလို အဌားနာမည်ကြီးခဲ့တာပေါ့ဗျာ။ နောက်တော့ သူတို့ ဦးလေးတို့က ပြန်တောင်းပန်ပါတယ်။ သူတို့ အထင်လွဲခဲ့တယ် ဆိုတဲ့ အကြောင်းကိုပေါ့။ ပြန်မှပဲ သွားပြန်လည်ဦးမယ်။ တော်တော် တော့ သဘောအရမ်းကောင်းတဲ့ မိသားစုပါ။

ဒါနဲ့ အိမ်ကို ဖုန်းဆက်ပြီး အိမ်ကို လက်ရှိ အခြေအနေကို အကျိုးအကြောင်း ပြောပြပေါ့ ။ နေထိုင်ကောင်းကြောင်း ၊ အဆင်ပြေကြောင်း သတိရကြောင်း အစုံပေါ့။ အမေကလည်း အစစအရာရာ ဂရုစိုက်ဖို့ အကြောင်းနဲ့ ငွေလိုလျှင် မှာဖို့အကြောင်း အစသဖြင့် ပြောပါတယ်။ ကြည့်...အမေတွေက အဲဒီလို အလိုက်သိတက်တာ။ လားရှိုးမှာ ဈေးနဲ့တစ်ဆက်တည်းမှာ ရိုးမဘဏ်တည်ရှိပါတယ်။ အခြား မြန်မာမေဖလားဝါးဘဏ် ၊ အာရှဓနဘဏ် တို့လည်း ရှိပါတယ်။ ဘဏ်တွေထဲမှာတော့ အာရှဓန ဘဏ်က ၀န်ထမ်းတွေက တော်တော်ချောတယ်ဗျ။ ကြော်ငြာဝင်တာပါ။ တစ်ခေါက်ရောက်ဖူးလို့။ ဒါနဲ့ အမေ့ကို မလိုသေးကြောင်းပေါ့။ ကျွန်တော်က ကျောင်းဆင်းကတည်းက ချက်စာအုပ်ကို တစ်ခါတည်း လက်မှတ်ထိုးပြီး အမေ့ကို ကန်တော့ ထားခဲ့တာပါ။ အဖေကတော့ ချူဆီထည့်တာတဲ့။ သူစာအုပ်က တစ်လမှ ၁၀၀၀၀ လောက်ရမှာ။ ငါတို့ဆီကို တစ်လကို ၁၅၀၀၀ လောက်ပြန်မှာ မှာသေချာတယ်တဲ့။ အဲဒီလိုပါဆို။

နေရစ်ခဲ့တော့ လားရှိုးရေ

ဒီလိုနဲ့ ကျွန်တော်တို့လည်း တိုင်းမှုးကျေးဇူးကြောင့် လားရှိုးမှာ ဘာမှ မလုပ်ရဘဲ အချိန် ( ၂ ) ပတ်ကြာ စားလိုက် ၊ လည်လိုက်နဲ့ နေခဲ့ရပါတယ်။ နောက်ဆုံး မျှော်လင့်ထားတဲ့ တစ်နေ့မှာတော့ ကျွန်တော်တို့ အားလုံးဟာ မိခင်တပ်ရင်း အသီးသီးကို တာဝန်ထမ်းဆောင်ရန် အတွက် တိုင်းမှုးထံမှ ခွင့်ပြုချက်ရပြီးသည့် နောက်မှာတော့ အစီအစဉ်လိုက် အလှည့်ကြ လွှတ်မည့် ရက်ကို စောင့်နေခဲ့ပါတယ်။ အားလုံးပေါင်း ၂၂ တပ်ကျော် ရှိသည့်အထဲမှာ ကျွန်တော်တို့က တိုင်းတပ် ဖြစ်တာကြောင့် နောက်ဆုံး အသုတ်မှ တပ်ကိုသွားရပါတယ်။ ဒီတစ်ခါတော့ လမ်းခွဲပေါ့။ ကိုယ်ခင်မင်တဲ့ သူငယ်ချင်းတွေကို နုတ်ဆက်ပြီး ကားဂိတ်ကို သေတ္တာတွေ ယူပြီး ဆင်းလာခဲ့ပါတယ်။ ဟိုရောက်တော့ မူဆယ်ကို တက်မဲ့ကားဂိတ်မှာ ဗန်ကားနဲ့ သွားလျှင် မူဆယ်ထိ ( ၁၀၀၀၀) ၊ လိုင်းကားနှင့်သွားလျှင် ( ၄၀၀၀ ) ပါတဲ့။ ကျွန်တော်တို့က ကွတ်ခိုင် အထိပါပဲလို့ပြောတော့ ( ၂၀၀၀ ) နဲ့ ရပါတယ်။ ဒါတောင် သေတ္တာဖိုးက ( ၅၀၀ ) ပေးခဲရတယ်ဗျ။ အိတ်ထဲက လက်ကျန် ပိုက်ဆံလေးဟာလည်း တဖြည်းဖြည်း နည်းလို့ နည်းလို့ပေါ့ဗျာ။

မနက် ( ၁၁း ၃၀ ) လောက် ကားစစီးလာခဲ့တာ ခရီးလမ်းကတော့ လားရှိုး-သိန္ဒီ-ကွတ်ခိုင်-နမ့်ဖက်ကာ-မုန်းယု- မူဆယ် ကားလမ်းခရီးပါ။ လားရှိုးကနေ ခရီးလမ်း အကွာအဝေး စုစုပေါင်းဟာ.......


ဆက်ရန်



ဒီဂုဏ်ပြုလွှာလေး မှတ်တမ်းကတော့ လှိုင်သာယာ မီးဘေးသင့်ခံရသော အိမ်ထောင်စုသည် များအတွက် ကျွန်တော်တို့ အဝေးရောက် မြန်မာကျောင်းသားများမှ အလှူငွေ မှတ်တမ်းလေး ဖြစ်ပါသည်။ ပါဝင်လှူဒန်းသည့် ကျောင်းများမှာ MPEI , BMSTU , MUCTR , MAI ကျောင်းများ ဖြစ်ပြီး လှူဒန်းငွေ ပမာဏမှာ ကျပ်ငွေ ၇၇၀၀၀၀ ဖြစ်ပါသည်။


မောင့်နှလုံးသားရဲ့ဇာတာကို ကြိုသိနေခဲ့လို့
နောင်တတွေကို ပိုင်ဆိုင်သင့်တယ်တဲ့လား .....

မပြောပါနဲ့တော့လား ကံကြမ္မာရယ်
ထုဆစ်လို့မရတဲ့အနာဂါတ်ကို ငေးကြည့်ရင်း
ကျွန်မအတွေးတွေ ရပ်တန့်ခဲ့ရတာ များပါပြီ။

ဒီတစ်ကြိမ်တော့ ကျွန်မကို
ခေါင်းမာခွင့်ပေးပါ .......မောင်

မာယာဆိုတဲ့ ခေါင်းစဉ်အောက်မှာ
နံမည်ပျက်ပေါက်ရင်ပေါက်ပါစေတော့
နှလုံးသားက ဘယ်သူ့ကို ကိုးကွယ်တယ်ဆိုတာ
ဟောဒီ မျက်ရည်တွေ သိပါတယ်။

ကျွန်မကတော့
မောင်ရှိတဲ့အရပ်ကနေ
အံတစ်ချက်ကြိတ်ရင်း ပြန်ခဲ့ပါပြီ။

ကျွန်မရဲ့ မျှော်လင့်ချက်တွေနဲ့
မောင့်ရဲ့အိမ်မက်တွေကို ၀န်မလေးစေချင်ဘူး ......
ကျွန်မအပေါ်တိုင်တည်ထားတဲ့သစ္စာတွေအတွက်
မောင့်ရဲ့အနာဂါတ်ကို မရူးနှမ်းစေချင်ဘူး ........

ကျွန်မကိုသယ်ဆောင်ချင်တဲ့မောင့်ရည်မှန်းချက်မှာ
အားကောင်းမောင်းသန်အချစ်တွေမြင်ပေမဲ့
ဆူးတစ်ချက်မ၀င်စေ့ချင်ဘူး

ကျွန်မနှလုံးသား ဖောက်ပြန်ခြင်းကင်းတယ်ဆိုတာတော့
ဘုရားသခင်တိုင်းက ခေါင်းညိမ့်မှာပါ .. မောင်။

မောင်မရှိတော့ပေမဲ့
မောင်ရှိခဲ့ဖူးတဲ့ရင်ခွင်ကို......နွေးနွေးလေးထားပါ့မယ်

မောင်ရှိတဲ့အတိတ်ကို
မျက်စိလေးမှိတ်ပြီး...တိတ်တိတ်လေးလာခဲ့မယ်

မောင်နေတဲ့ရင်ခွင်ခန်းကို
ဘယ်တော့မှ မနွမ်းအောင်.....အသက်နဲ့ကျမ်းကျိန်ပြီး လွမ်းပါ့မယ်

သမုဒ္ဒရာ အနား ဘယ်လိုပဲသတ်သတ်
ကျွန်မနဲ့မောင်ရဲ့ အအဆုံးသတ်ကိုတော့
လွမ်းမျက်ရည်တွေနဲ့ ဘောင်ခတ်ပါရစေ
ဘယ်တော့မှ ဖောက်မထွက်ဘူး ....... မောင်

ကျွန်မရဲ့ နှလုံးသွေးတွေ
အဲဒီ စာမျက်နှာမှာ အမြဲလည်ပတ်ပါ့မယ်
မောင်တစ်ယောက် ကျေနပ်ပါစေ။

ဒီကဗျာလေးက မမေဦးခင် ဘလော့ဂ်ကနေ ဖော်ပြပေးတာပါ။ ခံစားမှု မတိုက်ဆိုင်ပေမယ့် ကဗျာချစ်သူ ပီပီ ကဗျာကောင်းတွေ တွေ့ရင် မနေနိင်တာကြောင့် လာလည်တဲ့ စာဖတ်သူတွေကို ပြန်လည်ဝေမျှလိုက်ပါတယ် ဗျာ။ စာရေးသူကတော့ ကိုမိုးဆွေ ပါ။




Friday, March 28, 2008



သုံးယောက်သား ရထားလက်မှတ် သွားဝယ်ဖို့ ချီတက်ကြပါတယ်။ အဲဒီအချိန်မှာ ဘယ်သူတွေနဲ့ သွားတိုးသလဲ ဆိုတော့ ခွင့်ပြန်လာတဲ့ ဗိုလ်လောင်းတွေနဲ့ သွားတွေ့ပါတယ်။ သူတို့ကလည်း ရန်ကုန်ပြန်ကြမှာ ဆိုတော့ လက်မှက်ကို အဖေနဲ့ အမေ့အတွက်ပဲ ၀ယ်ပြီး ၊ ကျွန်တော်ကတော့ ကိုယ့်ကျောင်းတူခြင်း ညီအစ်ကိုတွေ ပျော်ပျော်ပါးပါး စီးဖို့ သူတို့အတွဲမှာပဲ သွားနေလိုက်ပါတယ်။ လက်မှက်ဖိုး မကုန်တော့ ဘူးပေါ့ဗျာ။ ဒီလိုနဲ့ မန္တလေး-ရန်ကုန် မီးရထားလမ်း ကို ညနေ ၆ နာရီမှာ စထွက်ခဲ့ပါတယ်။

ပြောရမယ် ဆိုရင် ဒီခရီးဟာ ကျွန်တော်တို့ ဗိုလ်လောင်းတုန်းကလဲ အရမ်းပျော်တာဗျ။ ရထားထွက်တော့မယ် လို့ အသံကြားလိုက်တာနဲ့ ရထားနံရံတွေကို ထုပြီး အော်ဟစ်တော့တာပဲ။ ၀ူး...ဟေး...၀ိုး အသံမျိုးစုံထွက် ၊ ရေသန့်ဘူးတွေ ထုတဲ့သူက ထုနဲ့ ကမ္ဘာပျက်နေသလား မှတ်ရတယ်။ လိုက်ပို့တဲ့ အရာရှိတွေကလည်း ဘာမှ မပြောပါဘူး။ ဘာလို့လဲဆိုတော့ ဒီအချိန်ဟာ ကျွန်တော်တို့ အတွက် သိပ်ပျော်နေတဲ့အချိန် ဆိုတာ သူတို့လည်း သိတယ် ၊ ပြီးတော့ သူတို့လည်း ဒီအရသာကို ခံစားဖူးတာကို။ ကျွန်တော်တောင်မှ ကိုယ်က အရာရှိဖြစ်နေတာက တစ်ကြောင်း ၊ အခုအတူ ပြန်နေတာကလည်း ကိုယ့်ထက်အငယ်တွေ ဆိုတော့ နည်းနည်းတော့ ဟန်လုပ်နေရတာပေါ့။ ဒါပေမယ့် ကျွန်တော်လည်း သူတို့ကို ကြည့်ရင်း ပျော်နေတာပေါ့။

ကျွန်တော် ဗိုလ်လောင်းတုန်းက ခွင့်ပြန်ရင်လည်း ရထားနဲ့ပဲ ပြန်ပါတယ်။ သူငယ်ချင်းတွေက သူတို့နဲ့ အတူကားနဲ့ ပြန်ဖို့ခေါ်တာပေါ့ဗျာ။ ဒါပေမယ့် ဘယ်လိုပြောမလဲ ကျွန်တော်က လွတ်လွတ်လပ်လပ် သမား ၊ ပြီးတော့ သူငယ်ချင်းတွေ တပျော်ကြီးနဲ့ ပြန်ရမှာ ဖြစ်တဲ့အပြင် ၊ နောက်တစ်ချက်က အရိုးသားဆုံး ၀န်ခံရရင် ရထားပေါ်မှာ ရောင်းတဲ့ မုန့်တွေဝယ်ဝယ်စားရတာကို အင်မတန် ခုံမင်တာကြောင့်ပါ။ ပြီးတော့ ရထားက ကားနဲ့ သွားရတာထက် စာရင် ပိုပျော်ဖို့ကောင်းတယ်ဗျ။ လမ်းဘေးတစ်လျှောက် လယ်ကွင်းတွေ ၊ အိမ်တွေ ၊ ဘုရားတွေ ကိုငေးရင်း လေတဖြူးဖြူးလေးနဲ့ အရမ်း ကြည်နူးဖို့ကောင်းတယ်။ စားပြီးတဲ့ ဟာတွေကိုလည်း ရထား ဘောင်ပေါ်ကနေ အလွယ်တကူ လွှင့်ပစ်နိင်တယ် ( နိင်ငံကြီးသား ပီသတာ ) ၊ မျက်နှာ အလွယ်တကူ သစ်နိင်တယ် ၊ ပြီးတော့ ရထားလမ်းဆိုတာက ရွာတွေ ၊ လယ်ကွင်းတွေထဲက ဖောက်ထားတာ ဆိုတော့ မျက်စိအေး ၊ နားအေးတယ်။ ကားလမ်းကြတော့ မြို့ထဲမှာ ဖောက်ထားတာ မဟုတ်လား။ ဒီတော့ နားညီးတယ် ။ မလွတ်လပ်ဘူး။ အဆိုးဆုံးက အပေါ့အပါးသွားတာ မရှိတာ။ ရထားမှာ ကြတော့ ၀မ်းလွယ် တက်သူတွေ အတွက် အရမ်းကို အဆင်ပြေပါတယ်။ အိမ်သာပါတာကိုး။ ပြီးတော့ ဘူတာတွေ ၀င်တိုင်းလည်း ရွာတွေက လာရောင်းကျတဲ့ အသီးအနှံတွေ ၊ အိမ်ပြန်လက်ဆောင်တွေ ၊ အစားအသောက်တွေ စိတ်ကြိုက် ၀ယ်ယူနိင်တယ်ဗျာ။ ကဲ...ဟန် မကြဘူးလား။ ကျွန်တော်ကိုယ်တိုင်က ကိန်းကြီးခန်းကြီး မနိင်တော့ ကားနဲ့သွားရတာကို အလွန် စိတ်ပျက်ပါတယ်။ ကျန်တဲ့ ဒေသတွေမှာ ဆိုရင်တော့ ကားနဲ့ သွားချင်ပေမယ့် ရန်ကုန်-မန္တလေး ကိုတော့ ဘာအကြောင်းနဲ့ပဲ ဖြစ်ဖြစ် မီးရထားစီးသွားရတာကို နှစ်ကြိုက်မိပါတယ်။



ဒီလို မြင်ကွင်းလေးတွေ မြင်တွေ နိင်တာပေါ့ဗျာ။ ဒါကတော့ ရထားနဲ့ သွားခြင်းရဲ့ အကျိုးကျေးဇူး လေးတွေပေါ့။ စာဖတ်သူတို့မှာလည်း ရထားနဲ့ ခရီးသွားဖူးတဲ့ သူတွေ ရှိတော့ ဒီအရသာကို ခံစားဖူးကြမယ်ဆိုတာ ယုံကြည်ပါတယ်။ တစ်ခုရှိတာကတော့ မန္တလေး ပဲ ဖြစ်ဖြစ် ရန်ကုန်ပဲ ဖြစ်ဖြစ် ( မန္တလေး ဘက်က ပိုများပါတယ် ) ဘူတာကို ၀င်လာပြီဆို ကလေးတွေဗျာ ရေသန့်ဗူးးလေး ပေးခဲ့ပါ...ရေသန့်ဗူးလေး ပေးခဲ့ပါဆိုပြီး လက်လေးပြလို့ တောင်းနေကြတာ။ တစ်ချို့ကလေးတွေက ကျောင်းစိမ်း ၀တ်စုံနဲ့ တစ်ချို့က အကျီမပါဘူး။ တစ်ချို့ကျတော့ နည်းနည်း အသက်ကြီးကြီး ဘယ်လိုပြောမလဲ ( ၉ ) နှစ်လောက် ရှိမှာပေါ့ ၊ အဲဒီကလေးက နောက် ၃ နှစ်လောက် ရှိတဲ့ကလေးကို ခါးမှာ ချီထားပြီး အပေါ်က ပစ်ချပေးတဲ့ ရေဗူးကို လိုက်ကောက်နေတာ။ တကယ့် စိတ်မချမ်းမြေ့စရာ မြင်ကွင်းပါပဲ။ တစ်ချို့ခရီးသည်တွေက လည်း စေတနာတော့ ပါပါရဲ့။ ပစ်ချပေးလိုက်တာ ဆိုပေမယ့် ဝေးဝေးပစ်တာ မဟုတ်ဘူး။ ရထားနဲ့ နီးနီးလေးကို ဖြစ်ကတက်ဆန်း ပစ်လိုက်တာ။ ဟိုက ကလေးတွေကလည်း သိတာမဟုတ်ဘူး ။ ရေဗူးပဲ မြင်တာဆိုတော့ မတော် ရထား အောက်တွေများ ရောက်သွားရင် မတွေးဝံစရာပါပဲ။ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ဘယ်သူ့ကို အပြစ်တင်ရမှန်း စာဖတ်သူပဲ ဆုံးဖြက်ပါတော့။

ခွင့်ဆိုသည်မှာ.....

ဒီလိုနဲ့ ကျွန်တော်တို့လည်း ရန်ကုန်ရောက် ဟိုအမျိုးအိမ်ဝင် ၊ ဒီအမျိုးအိမ်သွား ။ သူငယ်ချင်းတွေ နဲ့ တက္ကသိုလ်တွေ လိုက်လည် ၊ အမေ့ရွာကို အလည်သွား ။ အမေချက်ကျွေးတဲ့ ထမင်းဟင်းတွေကို တ၀တပြဲစားပြီး နေလာလိုက်တာ အချိန်တန်လာတော့ အိမ်ပြန်ရဖို့ ဖြစ်လာပါတော့တယ်။ ခွင့် ( ၁၀ ) ရက်မှာ အသွားအပြန် ခရီးလမ်း ( ၄ ) ရက်ကို နုတ်လိုက်ရင် ကျွန်တော် စုစုပေါင်း အိမ်မှာ နေခဲ့ရတာ အားလုံးပေါင်းမှ ( ၆ ) ရက်တည်းရယ်ပါ။ စစ်သားဖြစ်လာမှတော့ အချိန်ဆိုတာ ကိုယ်မပိုင်မှန်း သိပေမယ့် ပြန်လည်း မပြန်ချင်ခဲ့ပါဘူး။ ဒီခံစားမှု့ကို နားလည်ပေးနိင်ကြမယ်လို့လည်း ထင်ပါတယ်။ အသက် ( ၁၆ ) နှစ်ကတည်းက အိမ်ကထွက်ခဲ့တာ ( ၃ ) နှစ်လုံးလုံးမှာမှ ကျွန်တော် ခွင့်ရခဲ့တာ ( ၂ လ နဲ့ ၆ ) ရက်ထဲပါ။ ဒါ တပ်မတော်မှာ အကြီးမားဆုံး ခွင့်ခံစားမှု့ပါပဲ။ အဲဒါပြီးတော့ အခု ၂၀၀၈ ခုနှစ် ဒီအချိန်အထိ မိသားစု ၊ သူငယ်ချင်း တွေနဲ့ ကျွန်တော်တွေ့ရတာ ၂၀၀၄ ခုနှစ်ကတည်းကနေ ဆိုရင် အားလုံးပေါင်း ( ၄ ) နှစ်မှာ ခွင့် ( ၁ လ ) နီးပါးလောက်ပဲ ရလိုက်ပါတယ်။ ဒီတစ်လ ဆိုတာကလည်း ( ၁ ) လ လုံးလုံး ခံစားရတာ မဟုတ်ပါဘူး။ ၂ နစ်လောက် နေမှ သင်တန်း သွားခါနီး အိမ်ကို ခွင့် ( ၅ ) ရက် ၊ ( ၈ ) ရက် အဲဒီလောက်လေးပဲ ရတာပါ။ အားလုံးပေါင်းလို့ (၁) လောက်ပဲ ရှိတယ်လို့ ပြောရခြင်း ဖြစ်ပါတယ်။ တာဝန်ထမ်းဆောင်တာခြင်း မတူပေမယ့် ကျွန်တော်နဲ့ အတူ ဒီကိုလာတဲ့ ညီအစ်ကိုများလည်း ဒီလောက်ပဲ ခွင့်ရကြမယ်ဆိုတာ သိပါတယ်။ အခုလို ပြောပြရတာကလည်း သိစေချင်တဲ့ စေတနာ တခုတည်းနဲ့ သာ ဖြစ်ပါတယ်ခင်ဗျာ။

မနက်ဖြန် ပြန်မယ်ဆို ဒီနေ့ည ဘူတာကြီးမှာ လက်မှတ်ဝယ် ၊ အိမ်မှာ အမေက စားစရာတွေ ပြင်ဆင်ပေး ၊ ထည့်စရာရှိတာ ထည့်ပြီး ညကျတော့ အမျိုးတွေကို လိုက်နုတ်ဆက် ၊ အသက်ကြီးတဲ့ သူတွေကိုလည်း ကန့်တော့နဲ့ ပေါ့။ မနက်ဖြန် ညနေလောက် ရောက်လာတော့ အဖေနဲ့အမေ့ကို ကန်တော့ ၊ အစ်မ ညီမ ၊ ညီတွေကို နုတ်ဆက်ရင်း ဘူတာကြီး ကို ဆင်းလာခဲ့ပါတယ်။ ရထားမလာခင် အချိန်ထိတော့ လက်ဖက်ရည်ဆိုင်မှာ ထိုင်းရင်း ဟိုနောက် ၊ ဒီနောက်ပေါ့။ အမေကလည်း ရတနာ ( ၃ )ပါးကို အမြဲရွက်ဆို ဖို့အကြောင်း ၊ ကိုယ့်လက်အောက် ငယ်သားတွေအပေါ်ကို ကြင်၂နာ၂ ဆက်ဆံဖို့ ၊ လူကြီးသူမကို ရိုသေဖို့ စတဲ့ အမေတို့ ၀တ္တာရားရှိသည်ထက် ပိုစွာ မှာနေတာပေါ့။ ကျွန်တော်ကလည်း ဟုတ်ကဲ့ပါ ဆိုတာကို ဘယ်နှစ်ကြိမ် မြှောက်မှန်း မသိ ဖြေခဲ့ပါတယ်။ ဒီလိုနဲ့ ရထားလာတော့ ပစ္စည်းတွေ ကိုယ့်နေရာထားရင်း ဒုတိယ အကြိမ်မြှောက် နုတ်ဆက် ကြတာပေါ့။ ဒီတခါတော့ အမေရော ၊ အစ်မရော ၊ ညီမရော မျက်ရည်တွေက ၀ဲလို့။ ကျွန်တော်လည်း ယောင်္ကျားဆိုပေမယ့် အတူတူပါပဲ။ မနည်း ဟန်လုပ်နေရတယ်။ သူတို့ကို ဖျောင်းဖျဖို့ ကိုယ့်ခံစားချက်ကို နောက်ပို့ထားရတာပေါ့ဗျာ။ ဒါနဲ့ ရထားထွက်ဖို့ အချက်လည်း ပြရော....ကျွန်တော်လည်း ရထားပေါ် လှေကားကနေ တက်ပြီး အနောက်လှည့်ကြည့်တော့ အမေရော ၊ အမရောက ငိုနေပြီ။ ဒါနဲ့ ကျွန်တော်လည်း ကြာကြာ ကြည့်မနေတော့ဘူး သံယောဇဉ် တစ်ခါတည်း ဖြတ်လို့ နေရာသွားထိုင်နေလိုက်တယ်။ ဒါပေမယ့် စိတ်က မရပါဘူး။ ဒါနဲ့ ပြတင်းပေါက်က နေ ထွက်ကြည့်တဲ့အချိန် အဖေကတော့ ယောင်္ကျားကွာ အောင်မြင်ရမယ် ဆိုတဲ့ ပုံစံနဲ့ လက်မထောင်ပြတယ်။ အမေကတော့ ငိုပြီး ပြုံးနေတယ်။ ကျွန်တော်လည်း မျက်ရည်တော့ နည်းနည်းကျသွားတယ်ဗျ။ ရှက်စရာလို့တော့ မထင်ပါဘူး ။ ရထားက ထွက်သွားတော့မှပဲ သက်ပြင်းချနိင်တော့တယ်။ ၀ူး.....ဘယ်တော့မှ အိမ်ကို ပြန်လာရမလဲ မသိသေးအမေ။ အဖေနဲ့အမေ သာ ကျန်းမာရေးကို ဂရုစိုက် ။ အပွင့်လင်းဆုံး ပြောရရင် စစ်သားရယ်လို့ ဖြစ်လာမှတော့ အဖေ၊အမေ သေတာကို ဘယ်တော့မှ မြင်ရလိမ့်မယ် မဟုတ်ဘူးဆိုတာပဲ။ ဒီလိုနဲ့ အပြန်ခရီးမှာတော့ တိတ်ဆိတ်စွာနဲ့ပဲ အလွမ်းသင့်ပြီး ပြန်လာခဲ့ရတယ်။ တိုးတိုးတိတ်တိတ်နဲ့။ ကိုယ့်ဘေး၊ ဘယ်ညာ ကြည့်တော့လည်း အားလုံးကလည်း ငြိမ်သက်နေကြတယ်။ အော်...ကျွန်တော်တို့ မိသားစု ဖြစ်ပုံကို မြင်လိုက်လို့ စိတ်မကောင်း ဖြစ်နေကြတာ နေတာလားပေါ့ ဆိုပြီး သေသေချာချာ ကြည့်လိုက်တော့မှ အမှန်က အိပ်ငိုက်နေကြတာကိုး။

ဒါနဲ့ မန္တလေး ဘူတာကြီးထဲ ရောက် ။ ဟိုရောက်တော့ ရထားပေါ်မှာ ခင်လာတဲ့ အစ်ကိုကြီးက သူနဲ့အသိ လူတွေ ရှိတယ်ပေါ့။ ဘူတာမှာ သေတ္တာသယ်ပေးခိုင်းမယ်ပေါ့။ ကားဂိတ်အထိ ၊ ဒါမှ မဟုတ် ဆိုက်ကား ဂိတ်အထိ တဲ့။ ဒါနဲ့ သေတ္တာဝိုင်းသယ်ပေးတဲ့ သူတွေ ဘာတွေနဲ့ ကျွန်တော် ဆိုးသွမ်းတို့များ ကံကောင်းနေလိုက်တာ။ အမယ်...ဒါတောင် သူက အစ်ကို ဆိုက်ကားဂိတ် အထိ လိုက်ပို့ပေးမယ် ဆိုပဲ။ ဒါနဲ့ ကိုယ်လည်း ဟုတ်ကဲ့...ကျေးဇူးပါပဲပေါ့။ ဒါနဲ့ အတူတူ စီးလာတဲ့ အစ်ကိုကြီးကို နုတ်ဆက်။ သေတ္တာတွေ သယ်ပေးတဲ့ လူတွေနောက် လိုက်ရင်း ဘူတာကြီးက ထွက်လာပါတယ်။ နောက်တော့မှ သိတယ်...ဆိုက်ကားဂိတ်လည်း ရောက်ရော အစ်ကို လက်ဖက်ရည်ဖိုးလေး မစပါတဲ့။ အင်း...ထင်တော့ ထင်သား။ အစကတည်းက မသင်္ကာနေတာ။ ဖြစ်ရမယ်ဆိုပြီး ၂၀၀ တန် တစ်ရွက်ထုတ်ပေး လိုက်တယ်။ နားလည်မှုပေါ့ ။ ဒါတောင် ဒင်းက... သိပ်ကျေနပ်ပုံမပေါ်ဘူး။ ၅၀ တိုးမပေးလို့တဲ့။ ၂၅၀ တောင်းတာလေ။ ကျွန်တော့် အိတ်ထဲမှာလည်း ၂၅၀၀၀၀ လောက်ပဲ ပါတယ်ဗျ။ ဒါတောင် ဘယ်လိုပြောမလဲ တပ်ရောက်တဲ့ အထိပေါ့နော်။ လမ်းမှာ စားရမယ့် သုံးရမဲ့ ကားစရိတ်တွေကလည်း ရှိသေးတယ် မဟုတ်လား။ အတက်နိင်ဆုံး ချွေတာနေရတာ။

သူတို့ဘ၀ကိုလည်း နားလည်ပါတယ်။ ပညာမတက်တော့ ကာယနဲ့ ရင်းရတဲ့ ဘ၀။ တစ်ချို့အန်တီကြီးတွေဆို ဗိုက်ကြီးသည်တွေ ဖြစ်နေတာတောင် သေတ္တာဝင်ထမ်းတယ်ဗျာ။ တစ်ချို့ကလည်း အဘွားကြီးတွေ ပေါ့။ ဘယ် ခိုင်းချင်ပါ့မလဲ။ သူတို့က ပိုတောင် လုပ်ချင်မှာ မဟုတ်ဘူးဆိုတာ သေချာတာပေါ့။ ဒါပေမယ့် ၀မ်းတထွာ အတွက် ရှာဖွေရတယ် မဟုတ်လား။ ပိုက်ဆံဆိုတာ ဘယ်လို ရှာရခက်တယ် ဆိုတာ သာမန် မိသားစုက မွေးဖွားလာတဲ့ ကျွန်တော် ကောင်း၂ သိတာပေါ့။ ဒါနဲ့ သိပ်မတွေးအားပါဘူး...ကိုယ့်ကိစ္စကလည်း ရှိသေးတယ် မဟုတ်လား ။ ဒါနဲ့ လားရှိုးသွားဖို့ ဘယ်ကားကို စီးရမှန်း မသိဘူး။ ဒါနဲ့ ဟိုနား ဒီနား လျှောက်မေးတော့ ဘူတာကြီး အရှေ့ဘက်မှာ န၀ရတ် ကားဂိတ် ရှိတယ် ။ အဲဒီကနေ သွားလို့ရတယ်ပေါ့။ ဒါနဲ့ ကိုယ်လည်း အဲဒီကို ရောက်။ ပြီးတော့ စုံစမ်းကြည့်တော့ ကားက ဗန်ကားနဲ့ဆို ( ၇၅၀၀ ) ကျပ် ၊ ညနေ (၄) နာရီထွက်မယ် ။ မှန်လုံနဲ့ဆို ( ၄၅၀၀ ) ကျပ်။ ဒါပေမယ့် မှန်လုံက ည ( ၉ ) နာရီလောက်မှ ထွက်မှာ။ ပြီးတော့ လမ်းမှာလည်း ကုန်တွေပါတော့ ကြာဦးမယ်ဆိုတော့ ကျွန်တော်လည်း ဗန်ကားကို ပဲ ရွေးရတော့တာပေါ့။ ဒါနဲ့ အိပ်ထဲက နောက်ထပ် ထောင်တန် (၇) ရွတ်နဲ့ ငါးရာတန် ( ၁ ) ရွတ် သူတို့ဆီ အပြီးပြောင်းသွားကြတယ်။

ညနေရောက်တော့ ကျွန်တော့်လိုပဲ ခရီးသည် ဦးလေးကြီး (၃) ယောက် ၊ အန်တီကြီး (၂ ) ယောက် ၊ ကျွန်တော်နဲ့ ကားသမား အပါအ၀င် ပေါင်း ( ၆ ) ယောက် လားရှိုးကို ချီတက်ခဲ့ကြပါတယ်။ ထုံးစံအတိုင်း ဗိုက်ဆာတော့ တွေ့ရာဆိုင်ရပ် ၊ ပြီးတော့ ခရီးဆက်နဲ့ လား၇ှိုးကို မနက် (၄) နာရီလောက် ရောက်ခဲ့ပါတယ်။ မိုးတောင် မလင်းသေးဘူးပေါ့ဗျာ။ နေရာကတော့ ကျွန်တော်တို့ကို ခဏထားတဲ့ ဆေးရုံထဲမှာပေါ့။ ဟိုရောက်တော့ တစ်ချို့သူငယ်ချင်းတွေက ရောက်နှင့်နေကြပါပြီ။ ဒီကောင်တွေ ဒီလောက်စောစော ပြန်ရောက်နေတာ အိမ်နဲ့ သံယောဇဉ် သိပ်မရှိဘူးနဲ့တူတယ်လို့ တွေးရင်း ရယ်မိပါသေးတယ်။ ဒါနဲ့ ပစ္စည်းတွေ ချရင်း ကြိုရောက်နေတဲ့ သူငယ်ချင်းတွေကို နုတ်ဆက်ပေါ့။

အဲဒီနေ့ညနေ ( ၆ ) နာရီမှာပဲ လူစုံလား ပြန်စစ်ပါတယ်။ အာလုံးစုံတော့ လူစစ်တဲ့ ဗိုလ်ကြီးက လောလောဆယ် ဒီမှာပဲ နေရမည် ဖြစ်ကြောင်း ၊ တိုင်းမှုးနှင့်တွေ့ပြီး သည်နှင့် တပ်တွေကို သွားရမည် ဖြစ်ကြောင်း မှာကြားပါတယ်။ မနက်ဖြန်ရောက်တော့ ဒီဆေးရုံထဲ က အဆောင်မှာ ဘယ်ကြာကြာနေနိင်မလဲ။ ဟိုစူးစမ်း ဒီစူးစမ်းဖို့ ထွက်တာပေါ့။ အဲဒီမှာ လားရှိုးမြို့နှင့် ကျွန်တော်တို့ ပထမဆုံး စတင်မိတ်ဆက်ခဲ့ပါတယ်။

ဒီလိုဗျ......

ဆက်ရန် ။


Thursday, March 27, 2008

ကျွန်တော်တို့ ယဉ်တန်းဟာ လားရှိုးမြို့ရဲ့ တပ်ဆေးရုံတစ်ခုဖြစ်တဲ့ ကုတင် ( ၇၀၀ ) ကို ရောက်ရှိ လာပါတယ်။ ဒါနဲ့ ပစ္စည်းတွေချ ၊ လူစစ် ၊ တန်းစီ ပါတယ်။ တပ်မတော်မှာ ဘယ်နေရာကိုပဲ သွားသွား ၊ လူပြန်စစ်ပါတယ်။ အားလုံးပြီးတော့ ဘာဂျာဆောင်လို့ ခေါ်တဲ့ အဆောက်အဦး ( ဟော ) မှာ နေရာချပေးပါတယ်။ ဒါနဲ့ ကျွန်တော်လည်း နေရာကို ဖုန်ခါ ၊ သန့်ရှင်းရေး လုပ်ပြီး ပါလာတဲ့ ဟာလေးတွေ ထုတ်ခင်းတာပေါ့။ တော်သေးတယ် မုံရွာစောင် ခပ်ပါးပါး ၂ ထည်ပါလာလို့။ တစ်ထည်ကို ထုတ်ခင်း ၊ တစ်ထည်ကို ခြုံပေါ့။ ကိုယ့်သေတ္တာကိုယ် ဘေးမှာ ထားပြီး မျက်နှာသစ် ၊ ကိုယ်လက်ဆေးပြီးတာနဲ့ ထမင်းစားဖို့ အသင့်ပြင်ထားတဲ့ နေရာမှာ သွားစားကြပါတယ်။ အဲဒီတုန်းက ကျွန်တော်တို့ကို ( ၆၂၆ ) ထောက်ပံရေး တပ်က လာ ကျွေးပါတယ်။ ဒါနဲ့ စားပြီးတော့ ခရီးပင်ပန်းတာကြောင့် အိပ်ရာစောစော ၀င်ခဲ့ပါတယ်။

မနက်ရောက်တော့ ကျွန်တော်တို့ ဆေးရုံထဲ ရောက်နေတယ်ဆိုတာ နိးတော့မှ သိတယ်။ ဒါတောင် အပြင်ထွက်တဲ့ သူတွေ ပြောမှ သိတာ။ တစ်ချို့သူတွေက အားထည့်တယ်လို့ ပြောရမလိုပါပဲ။ စောစောထပြီး ဟိုလျှောက်ကြည့် ဒီလျှောက်ကြည့်ပေါ့။ ဝေးဝေးတော့ သွားလို့မရပါဘူး။ ဘာလို့လည်း ဆိုတော့ တိုင်းမှုးက ကျွန်တော်တို့ကို တွေ့မယ်လို့ ပြောထားတာကိုး ။ နောက်ပြီး အကြားချင်ဆုံး စကားတခွန်းကိုလည်း ကြိုပြီး ပြောထားသေးတယ် ခင်ဗျာ။ တိုင်းမှုးနဲ့ တွေ့ပြီးတာနဲ့ ခွင့်ပြန်ရမယ် ဆိုတာပါပဲ။ ( ၁၀ ) ရက်ပေးမယ်တဲ့ ။ ဒီ ( ၁၀ ) ရက်တော့ ကျောင်းဆင်းလာတဲ့ အရာရှိငယ်တိုင်း ရကြပါတယ်။ တစ်ချို့တွေကြတော့လည်း နေတာက မြစ်ကြီးနား ၊ တာဝန်ကျတာက တနင်္သာရီ ဆိုတော့ လမ်းမှာတင် ကြာကုန်တာပေါ့ဗျာ။ အဲဒီလို့ ကပ်သီးကပ်သပ် အနေအထားမျိုးတွေလည်း ရှိတာပေါ့။ ဒါနဲ့ တိုင်းမှုးနဲ့ တွေ့မဲ့ နေ့ကို စောင့်ရင်း စောင့်ရင်း မျှော်လင့်ထားတဲ့ ရောက်ပြီး နောက် ( ၂ ) ရက် အကြာမှာတော့ တိုင်းမှုးနဲ့ တွေ့ရပါတယ် ခင်ဗျာ။ အဲဒီတုန်းက အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှုးက ဗိုလ်ချုပ်မြင့်လှိုင်ပါ။ အရပ်က ၅ ပေ ၅ လောက်ပဲရှိပါတယ်။ ပိန်ပိန် နဲ့ သဘောအင်မတန် ကောင်းတဲ့ တိုင်းမှုးတစ်ယောက်ပါ။ သူနဲ့တွေ့မယ်ဆိုတော့ ယူနီးဖောင်းဝတ် ၊ ဖိနပ် ၊ ခါးပတ် ၊ ကော်လံဂျက် ၊ အပွင့် အကုန်တိုက်ချွတ်ပြီး မနက် ( ၉ ) နာရီလောက် တိုင်းရုံးမှာ သွားစောင့်နေရတယ်။ လူစုံတော့ တိုင်းမှုး ရောက်လာပါတယ်။ အဲဒီအခါ သတင်းပို့ ၊ တန်းအပ်ပြီး တိုင်းမှုးက “ အခုလို သူ့အုပ်ချုပ်ရတဲ့ တိုင်းမှာ တာဝန်ကျတဲ့ အတွက် ၀မ်းသာဂုဏ်ယူမိကြောင်း ၊ ကြိုဆိုပါကြောင်း ၊ ပြီးတော့ ကျွန်တော်တို့ တပ်မတော်နဲ့ ပတ်သက်သော အချက်အလက် အနည်းအကျဉ်းကို မေးမြန်းပြီး ပြန်ထွက်သွားပါတယ်။ တိုင်းမှုး တစ်ယောက်ဆိုတော့ အချိန် မအားတာ ကြောင့်လည်း ပါတော့ သိပ်ကြာကြာ စကားမပြောလိုက်နိင်ပါဘူး။

နောက်တော့ G -1 ( စစ်ဆင်ရေးနှင့် ဆိုင်သော) ၊ Q - 1 ( အုပ်ချုပ်မှုနှင့် ဆိုင်သော ) ၊ A - 1 ( ဥပဒေနှင့် ဆိုင်သော ) စတဲ့ ဒုတိယ ဗိုလ်မှုးကြီးများက သူတို့နှင့် သက်ဆိုင်သော အခြေအနေ များကို လိုက်နာ စောင့်ထိန်းဖို့ မှာကြား ပါတယ်။ ဒီလိုနဲ့ အားလုံးပြီးတော့ အကြားချင်ဆုံး စကားလေး တစ်ခွန်းကတော့ ဒါပြီးရင် MO ထုတ်ပေးပြီး မနက်ဖြန် ခွင့် ( ၁၀ ) ရက်ပေးလိုက်ပါဆိုတော့ ရင်ထဲမှာ ၀မ်းသာလုံး ဆို့သွားတာပေါ့။ အိမ်ကို ခဏပြန်ရမယ် ဆိုတာ ကြိုသိနေပေမယ့် စောစောစီးစီး တော့ မမျှော်လင့်ထားပါဘူး။ ဒါနဲ့ လာရှိုးမြို့ကို ရောက်ခဲ့ပေမယ့် လျှောက်မကြည့်နိင် သေးပဲ အိပ်ပြန်ဖို့ ပြင်နေခဲ့ပါတယ်။ အဲဒီမှာ နည်းနည်း စပြီး အခက်တွေ့တာက ကား ။ လားရှိုးကားဂိတ်က ဘယ်နားရှိမှန်း လည်း မသိဘူး။ နောက်ပြီးတော့ MO ထုတ်ပေးတယ် ဆိုပေမယ့် ပြန်သွားရမှာ ရထားလမ်းကြီးပဲဗျ။ ဟဲ..ဟဲ ။ ဒီတခါတော့ ဘယ်ရမလဲ ။ မစီးတော့ဘူး။ သိသွားပြီ။ နောက်ပြီး အိမ်ကို မြန်မြန် ရောက်ချင်တာက တစ်ကြောင်း ၊ ရထားဆို နောက်ကျမှာက တစ်ကြောင်းကြောင့် ဘယ်သူမှ မစီးကြပါဘူး။ ဒါကြောင့် ကားစင်းလုံးဌားဖို့ စီစဉ်ရတာပေါ့။

အိမ်ပြန်လမ်းသို့....

ဘယ်က ဌားရမှန်းမသိဘူး။ နောက်တော့ ကားဂိတ်ဘယ်မှာ ရှိသလဲ မေးရင်းနဲ့ ကျွန်တော်ရယ် နောက်တစ်ယောက်ရယ် ကားသွားဌားတာပေါ့။ မေးစမ်းပြီး သွားရတာ။ ကားဂိတ်ရောက်တော့ ကားက ဟိုင်းလပ်ကားပါ။ သူတို့ကလည်း မန္တလေးကို ဆင်းမှာ အချိန်က မမှီတော့ဘူး။ ဘာလို့လည်း ဆိုတော့ အဲဒီအချိန်တုန်းက ညနေ ( ၄ ) နာရီ ရှိနေပါပြီ။ ဒီတော့ နောက်ချို ဂိတ်က ပိတ်တော့မှာ ဆိုတော့ သွားချင်ရက်နဲ့ သူတို့က မသွားဖြစ်တဲ့ အချိန် ၊ ကျွန်တော်တို့ကလည်း ပြန်ချင်နေတာဆိုတော့ သူတို့ကို ကတိပေးလိုက်ပါတယ်။ ရအောင်ပြောပေးမယ်လို့ ။ တိုင်းမှုးအမိန့်ပါတယ်။ အကြောင်းမဟုတ်ပါဘူးပေါ့။ ဒီလိုနဲ့ သူတို့ကလည်း ကုန်တွေအနည်းငယ်တင်ပြီး ဌားချလာခဲ့တယ်။ ဟိုရောက်တော့ လိုက်ချင်တဲ့ သူက များနေတယ်။ ကားက မဆန့်ဘူး။ အားလုံး ၂၀ လောက်ရှိမယ် ။ ပစ္စည်းတွေနဲ့တင် ရှုပ်နေတာ ဆိုတော့ ။ အရင်ပြောထားတဲ့ လူ ၇ ယောက်ကိုပဲ ခေါ်ပြီး တစ်ယောက်ကို ၃၀၀၀ ကောက်ပါတယ်။ ဈေးနည်းနည်း ချိုတာပေါ့ခင်ဗျာ။ ဒါပေမယ့် လူတွေချည်း သီးသန့်စီးတဲ့ ကားမဟုတ်တာကြောင့်ရယ် ၊ သူတို့ ကုန်တွေပါ ပါတာကြောင့်ရယ် ၊ မနက် သူတို့ကုန် ပစ္စည်း အချိန်မှ ရောက်တာ အားလုံးကြောင့် ယဉ်စီးခ လျှော့ယူတာပါ။

Van ကားနဲ့ဆို အပြန်ဆိုရင် ကျွန်တော်ဒီကိုမလာခင် ၂၀၀၄ တုန်းက ကျပ် - ၇၀၀၀ လောက်တော့ ရှိပါတယ်။ လခက အဲဒီတုန်းက ကျောင်ဆင်းစ အရာရှိ ဒုဗိုလ် ကျပ်- ၁၁၀၀၀ ပဲရတာပါ။ ဒီတော့ ပစ္စည်းတွေတင် လူစုနဲ့ ညနေ ၇ နာရီလောက်မှ စထွက်ဖြစ်ခဲ့ပါတယ်။ မြန်မာအချိန် ( ၇ ) နာရီဆိုတာကလည်း မှောင်နေပြီ မဟုတ်လား။ ဒီတော့ ကားမောင်းသမားကို အရက်မသောက်ဖို့ တောင်းပန်ရင်း ၊ သတိပေးခဲ့ပါတယ်။ အားလုံးပေါင်း ၉ ယောက်ဗျ။ ကားသမား ၊ စပယ်ယာ ၊ ကျွန်တော်တို့ ( ၇ ) ယောက် ပေါ့။ ဒီတော့ လမ်းခရီးသွားရင် ( ၉ ) ယောက်ဆို မသွားကောင်းဘူး ဆိုပြီး မောင်ကျောက်ခဲ မင်းလည်း လိုက်ခဲ့လို့ ပြောပြီး ကျောက်ခဲ တစ်လုံးကို ကောက်တင်ခဲ့ပါတယ်။ စားစရာ အတွက်ကတော့ မပူရပါဘူး။ ဘာလို့လည်း ဆိုတော့ ကျွန်တော်တို့ တတွေချည်းပဲ ဆိုတော့ ဗိုက်ဆာတာနဲ့ အနီးဆုံး ဆိုင်မှာ ၀င်ရပ်ပြီး စားလို့ ဖြစ်နိင်တာကြောင့် ဘာမှ မ၀ယ်ဘဲ ပြန်ခဲ့ပါတယ်။

ကားလမ်းခရီးက ညဘက်ဆိုတော့ သိပ်လည်း ဘာမှ မမြင်ရပါဘူး ခင်ဗျာ။ ဒါပေမယ့် တောင်တက်လမ်း အကွေ့အကောက်တွေ များတယ်ဆိုတာကတော့ သေချာတယ်ပါတယ် ။ ကျွန်တော်တို့က အိပ်လိုက်တာကိုး။ ကားနောက်ပိတ်ကို တွဲလောင်းချပြီး အဲဒီပေါ် တစ်ယောက်နဲ့ တစ်ယောက် ထပ်အိပ်ပြီးလိုက်တာ ။ နည်းနည်း ကြောက်တဲ့ ကောင်တွေကို အထဲမှာထည့် ၊ ကျွန်တော်တို့က အပြင်က ပေါ့။ ကျွန်တော်က မကြောက်တက်လို့ မဟုတ်ပါဘူး။ အထဲမှာ ကားစီးရင် အိုက်လို့ပါ။ ဒါကြောင့် အပြင်ထွက်စီးတာပေါ့။ အပေါ်က မိုးကောင်ကင်ကြီးကို ကြည့် ၊ သီချင်းတွေ အော်ဆိုကြရင်း ကာလမ်း ညခရီးကို ဖြက်သန်းခဲ့ကြပါတယ်။ အိပ်လိုက်တာ ဆိုတော့...တောင်ပတ်လမ်းတွေမှာ ကြယ်တစ်လုံးကို ကြည့်လိုက် ၊ အဲဒီကြယ်ကို ကြည့်နေရင်း တော်ကြာ ညာဘက် ရောက်လိုက် ၊ ဘယ်ဘက်ရောက်လိုက် ၊ အတည့်ဖြစ်လိုက် နဲ့ ကြယ်ကတော့ တစ်နေရာတည်းပေါ့ ကိုယ်ကသာ တောင်တက် ဆိုတော့ ပတ်နေတာလေ။ ပျော်စရာတော့ တော်တော်ကောင်းတယ်ဗျာ။ ညဆိုတော့ နေမရှိတော့ မပူဘူး။ အေးကလည်း အေးနေတာကြောင့် ခရီးသွားရတာ သင့်တော်ပါတယ်။

လားရှိုးကားလမ်း တစိတ်တပိုင်း




ဒီပုံလေးကတော့ နောင်ချိုဂိတ်ပေါ့။ တံတားက ပေးမဖြတ်ဘူးဗျ။ ၆ နာရီကျော်ရင်လား ၉ နာရီကျော်ရင်လား ဆိုတောတော့ သေသေချာချာ မမှတ်မိတော့ပါဘူး။ ဒါနဲ့ အဲဒီနားကို ဖြက်တော့ တံတားမှာ တာဝန်ရှိသူတွေကို အကျိုးအကြောင်း ပြောပြပြီး ဖြက်သန်းခွင့် တောင်းကာ ဖြက်ခဲ့ကြပါတယ်။ တပ်မတော်သားတွေ ဆိုတော့ အကြောင်း မရှိပေမယ့် နောင်ချို အထွက်မှာတော့ မူးယစ်က စစ်ဆေးရေးနဲ့ တွေ့တဲ့အခါမှာတော့......

“ ကျွီ....အား ၊ သေပါပြီဗျ ၊ ဟ...ဘာဖြစ်တာတုန်း ” ဆိုတဲ့ အသံပေါင်းစုံနဲ့ အတူ ကျွန်တော်လည်း တော်တော် ဒေါသထွက်စွာနဲ့ ကားသမားကို အော်ပြောတာပေါ့။ အားလုံးက အိပ်နေကြတာ ဆိုတော့ အမှတ်မထင် ဘရိတ်အုပ်လိုက်တော့ တိုင်နဲ့ ဆောင့်တဲ့လူ ဆောင့် ၊ လူချင်း ခေါင်းချင်းတိုက်တဲ့သူ တိုက်နဲ့ ၊ တော်တော် ပျာယာခက်သွားကြတယ်။ နောက်တော့ ဘေးနားမှာ ဓာတ်မီးရောင်တွေ လက်ခနဲ့နဲ့ ဟိုထိုး ၊ ဒီထိုး လိုက်ထိုးတော့မှ အကြောင်းစုံသိတာ။ အဲဒီမှာ ပြဿာနာက........ သူတို့က ဟိုလှန် ဒီလှန် လုပ်တော့ အိပ်နေတဲ့ လူတွေလည်း အကုန်နိးကုန်ရော။ ပြီးတော့ တာဝန်အရ စစ်နေတယ် ဆိုပေမယ့် စကားပြောတော့ နည်းနည်း ချိုသင့်တာပေါ့နော်။ ပြီးတော့ ကျွန်တော်တို့ကလည်း စစ်သားတွေဆိုတော့ နည်းနည်း နားလည်ပေးသင့်ပါတယ်။ ဒါနဲ့ ခွင့်ပြန်လာတာ ၊ အချိန်မမှီမှာဆိုးလို့ ညဘက်ကြီး ဆင်းလာတာပါပေါ့။ ပြောပြလိုက်တော့ နားလည်သွားပြီး ဆက်မောင်းခွင့် ရခဲ့ပါတယ်။

တဖြည်းဖြည်းနဲ့ မောင်းလာလိုက်တာ မနက် ၅ နာရီလောက် ကျတော့ ပြင်ဦးလွင်ကို ပြန်ဝင်လာပါတယ်။ ကျွန်တော်လည်း ရောက်တာနဲ့ အဖေ နဲ့ အမေ တည်းနေတဲ့ နေရာကို ကားကို မောင်းခိုင်း ။ ဟိုရောက်တော့ ၂ ယောက်လုံးကလည်း ၀မ်းသာနေကြတယ်။ ကားသမားတွေကို နုတ်ဆက် ၊ သူငယ်ချင်းတွေ ကို နုတ်ဆက်နဲ့။ ပြီးတော့ ၂၄ မိုင်ဂိတ်ကိုလည်း သေသေချာချာ ပြောပြဖို့ မှာလိုက်ပါသေးတယ်။ ကဲ..သွားပေဦးတော့ သူငယ်ချင်း တို့ရေ။ နောက် ၁၀ ရက်ကျော်ရင် ပြန်တွေ့မယ်ကွ လို့ ပြောရင်း ကားကလဲ ပြန်လည် မောင်းထွက်သွားခဲ့ပါတယ်။ အော်...ဒီလိုပဲ ဘ၀မှာ ခဏတာ ခွဲလိုက် ၊ ခဏတာ ပြန်တွေ့လိုက်နဲ့ ။ အတည်တကျ အခြေအမြစ် မရှိခဲ့ပါဘူး။ အထူးသဖြင့် ကျွန်တော်တို့ စစ်သားဘ၀တွေကို သွားချင်တိုင်း သွား ၊ လာချင်တိုင်း လာလို့မှ မရတာကိုး။။

ဒီလိုနဲ့ အဖေနဲ့ အမေ့ကို ပြန်တွေ့တော့ အကြောင်းစုံရှင်းပြရင်း ချက်ချင်း မန္တလေးကို ဆင်းဖို့ ပြင်ခဲ့ပါတယ်။ အိမ်ပြန်လက်ဆောင်ကတော့ ဘူတာကြီး ရောက်မှ ၀ယ်မယ်ပေါ့။ ဒီလိုနဲ့ သားအမိသားအဖ ( ၃ ) ယောက် မန္တလေးကို ဆင်းခဲ့ပါတယ်။ ကားက မန္တလေး ( ၃၅ ) လမ်းမှာ ရပ်ပေးတော့ အဲဒီမှာ ပစ္စည်းတွေ ချပြီး ဘူတာကြီးကို သွားဖို့ ( ၃ ) ဘီးကား ဌားပါတယ်။ ဟဲဟဲ...။ နီးနီးလေး ဆိုတော့ သေတ္တာကလည်း မသယ်ချင်တာနဲ့ ဌားလိုက်တာ။ ပစ္စည်းတွေလည်း အားလုံး စစ်လိုက်ရော ဘာပြောကောင်းမလဲ ဖိနပ်ထုပ်ကြီး ကားပေါ်ပါသွားတာ ။ ရှိသမျှ ဖိနပ် အကုန်ပါသွားတာ။ လောလောဆယ် စီးထားတဲ့ ခြေညှပ်ကတ္တီပါ ပဲ ကျန်ခဲ့တယ်။ ဒါတောင် မစီးဘဲ ထည့်ထားရင် ပါသွားမှာ။ ကွန်ဘတ်ဖိနပ် ၊ ဘောကန်ဖိနပ် ၊ ရှုးဖိနပ် ၊ ကင်းဘတ် ၊ အကုန်ပါသွားတာ။ ပြောင်ပါလေရော။ ဒါနဲ့ ၀တ်စုံကြီးနဲ့ ပြန်ရင် ရှုးဖိနပ်မရှိလို့ နှီးရာ ဆိုင်မှာ ၀င်ဝယ်တာ ၈၀၀၀ ပေးလိုက်ရတယ်။ ဆိုးပ...ဘ၀ကလည်း။ အဲဒီလို သေသပ်တာပေါ့ ။

ဒီလိုနဲ့ ဘူတာကြီးကို ရောက်လာတဲ့ အခါမှာတော့ဗျာ......

ဆက်ရန် ။






ဒီကနေ့နဲ့ ဆို တပ်မတော် တည်ထောင်ခဲ့တာ ( ၆၃ ) နှစ်မြှောက်ခဲ့ပြီ။ တိုင်းပြည်အတွက် တကယ် အကျိုးရှိစွာ ကိုယ်ကျိုးစွန့် ၊ အနစ်နာ ခံခဲ့တဲ့ တပ်မတော်သား အဆင့်အတန်း အားလုံး သက်ရှိထင်ရှား ရှိနေသည့် တာဝန်ထမ်းဆောင်နေသော စစ်သားများ ၊ အသက်စွန့် ပေးဆပ်သွားတဲ့ သူတွေ အားလုံးကိုပါ ဒီနေရာကနေ ဂုဏ်ပြုစွာ ဦးညွှတ် အလေးပြုအပ်ပါတယ်။

တိုင်းပြည်၏ အကျိုးစီးပွားကို အမှန် တကယ် စောင့်ရှောက်နိင်သော ၊ ပြည်သူအတွက် အသက်စွန့်ကာကွယ် နိင်သော ၊ အမှန်တရားကို သိမြင်၍ ဖြောင့်မတ်စွာ တာဝန်ထမ်းဆောင်နိင်သော စစ်သားကောင်းများ ဖြစ်ကြပါစေ ဟု ဆုမွန်ကောင်း တောင်းအပ်ပါသည်။



Wednesday, March 26, 2008

တဖြည်းဖြည်းနဲ့ တဘူတာပြီး တဘူတာ ကျော်လာခဲ့ပါတယ်။ ကျွန်တော့်ဘ၀မှာ တစ်ခါမှ ယခုလို တောတောင်လမ်း ခရီးကို သွားရလိမ့်မယ်လို့လည်း တခါမှ မမျှော်လင့်ထားခဲ့ပါဘူး။ ပြီးတော့ ရန်ကုန်-မန္တလေး သွား မီးရထား ခရီးလမ်းလို ဘူတာတွေကလည်း ဘူတာရယ်လို့ သက်သက်မှတ်မှတ်မရှိပါဘူး။ မှတ်တိုင်လေးထောင် ၊ တခါတလေ တဲခပ်ကြီးကြီးလိုမျိုး ဟာလေးတွေနဲ့ပါပဲ။ ဒါကတော့ ကြားဘူတာ တွေ့မို့လို့ထင်ပါတယ်။ သီပေါ ၊ ကျောက်မဲ ၊ နောင်ချို ၊ လားရှိုး ဘူတာတွေကတော့ ဘူတာရယ်လို့ သပ်သပ်မှတ်မှတ် ရှိတာပေါ့ဗျာ။ ရထားလမ်း တစ်လျှောက်မှာတော့ လမ်းစောင့်တွေ့ကိုလည်း တွေ့ရတက်ပါတယ်။ ဒါပေမယ့် ရထားက အစွမ်းကုန် မမောင်းရဲဘူး ခင်ဗျ။ ကုန်စည်တွေ ပါတာက တကြောင်း ၊ နောက်ပြီးတော့ တောင်တက်လမ်းကို မောင်းနေရတာကလည်း တကြောင်း ၊ ဆိုတော့ ရထားက တခါတလေ ရှေ့မောင်းနေရင်းနဲ့ ခဏခဏရပ်တယ်ဗျ။ ဒါနဲ့ကိုယ်လည်း အလန့်တကြား ထကြည့်တာပေါ့။ တအောင့်နေတော့ ရထားက ရှေ့မသွားဘဲ နောက်ပြန် ဆုတ်နေတာ ။ ဟာ လုပ်ကြပါဦးဟ လို့ပြောရင်း အကုန်လုံးကလည်း အလန့်တကြား ရထားပေါ်က ခုန်ပဲ ချရတော့ မလိုလိုနဲ့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်နေကြတာ။ အဲဒီမှာ ဘာကြောင့်ဖြစ်တာလဲဆိုတော့ ကျွန်တော်တို့ တစ်တွဲလုံးက စစ်သားတွေ ချည်းပဲ ဆိုတော့ အထူးသဖြင့် မြေပြန့်က လာကြတာ ဆိုတော့ ခေတ်စကားနဲ့ ပြောရရင် အထာကို မသိဘူး ပေါ့နော် ။

တခြားအတွဲတွေက လားရှိုးသွားမဲ့ တိုင်းရင်းသား တွေကတော့ အေးဆေးပါပဲ ။ အိပ်လို့တောင် မပျက်ဘူး။ လိုက်ကြည့်တော့မှ ကျွန်တော်တို့လည်း နည်းနည်း နားလည်သွားတယ်။ ရထားက အရှေ့က တောင်ကုန်းကို တက်ဖို့ လွန်းထိုးနေမှန်း အဲဒီတော့မှ သိတော့တယ်။ ခဏခဏ ဖြစ်တယ်ဗျ။ မှတ်မှတ်ရရ အနည်းဆုံးတော့ ၄ ၊၅ ခါလောက်တော့ ရှိမယ်နဲ့ တူပါတယ်။ ကျွန်တော် အကျင့်ကလည်း ခရီးသွားရင် ဘယ်တော့မှ မအိပ်တက်တော့ လမ်းတလျှောက်လုံး ဟိုကြည့်ဒီကြည့်နဲ့ ၀ယ်လာတာလေး ထိုင်စားလိုက် ၊ တခါတလေ သူငယ်ချင်းနဲ့ စကားပြောလိုက် ၊ သီချင်းလေး ညည်းလိုက်နဲ့ ခရီးသွားလာလိုက်တာ......နာမည်အရမ်းကြီးတဲ့

နာမည်ကျော် ဂုတ်ထိပ်တံတားကြီး




ဂုတ်ထိပ် တံတားကို ရောက်လာတဲ့ အခါမှတော့ ကြက်သီးတွေ ထလာတယ်ဗျ။ အဟုတ်ပြောတာ ။ မြင်လိုက်ရတဲ့ မြင်ကွင်းက နည်းနည်းမှ စိတ်မချမ်းသာဘူး ။ ကြည့်ဦးလေ တံတားဘေးနားမှာ အကာအရံရယ်လို တခုမှ မရှိ ၊ ပြီးတော့ လမ်းက အရှည်ကြီး ။ လေကလည်း တိုက်လိုက်တာ စိမ့်နေတာပဲ။ အောက်မှာကလည်း ကျောက်တုန်းတွေ ၊ သစ်ပင်တွေ ၊ ချောင်းခြောက်တွေ နဲ့ပြည့်နေတယ် ။ ၀ါးတားတား လောက်ပဲ မြင်ရတာ ။ အဲဒီလမ်းကို မဖြတ်ခင် ရထားက ရပ်နေသေးတယ် ။ အဲဒီနေရာကို တာဝန်ယူရတဲ့ သူတွေနဲ့ ရထားတာဝန်ရှိသူတွေ စကားပြောကြ ၊ လက်ညှိး ညွှန်ပြနဲ့ ။ ကျွန်တော်တို့လည်း ကြည့်နေတာပေါ့။ တစ်ယောက်နဲ့ တစ်ယောက် အစတောင် မခံဘူး။ မြန်မာတွေကလည်း အယူက ကြီးပါဘိနဲ့။ တစ်ယောက်ကများ တို့ဖြက်နေတုန်း ဒီတံတားကြီး ပြိုကြသွားရင် ဆိုတဲ့ စကား ဟလိုက်တာနဲ့ အဲဒီကောင်ကို ၀ိုင်းဆော်ကြတော့ တာပဲ။

“ မင်းကွာ နမိတ်မရှိ နမာမရှိ နဲ့ ” ဘာညာ ၀ိုင်းပြောကြတာပေါ့ ။ စစ်တိုက်လို့ မသေဘဲ ပြုတ်ကြသေရင် လန့်စရာ ကြီးဗျ။ ကျည်ဆံက တစ်ချက်ဆို ပြီးသွားပြီ။ အခုဟာက ပြုတ်များကြလိုက်ရင် အရင်လေထဲမှာ ၀ဲနေဦးမှာ။ ပြီးမှ အောက်မှာ ကိုယ့်အတွက် စီမံထားတဲ့ ကျောက်တုန်း ၊ သစ်ပင်တွေနဲ့ မိတ်ဆက်ရမှာ။ မသက်သာဘူးနော့်။ ဒါနဲ့ ရထားရပ်နေတဲ့ အချိန်အတွင်း ဘုရားစာ ရွတ်တော့တာပဲ ။ ရှိသမျှ အကုန်ရွတ်တာ ။ တစ်တွဲလုံးငြိမ်နေတာ တုတ်တုတ်တောင် မလှုပ်ဘူး။ ဒီလိုနဲ့ မျှော်လင့်ထားတဲ့ အချိန်မှာပဲ ရထားက စတင်လိမ့်လာပါတော့တယ် ။ ဂျုတ်..ဂျုတ် ဂျုတ်..ဂျုတ် နဲ့ ရထားကလည်း ကြောက်ပါတယ် ဆိုမှ ဖြည်းဖြည်းချင်း ကိုလိမ့်နေတာပေါ့ ။ လေကလည်း အဲဒီအချိန်မှာမှ ပိုအေးနေသလား မသိပါဘူးဗျာ။ တစ်ချို့အရပ်သား အတွဲတွေ မှာတော့ ပြတင်းပေါက်တွေ ပိတ်ထားကြလေနဲ့။ ကျွန်တော်တို့ကလည်း လူကလည်းငယ်ပြန် ၊ စစ်သားကလည်း ဖြစ်ပြန်ဆိုတော့ စပ်စုချင်တာနဲ့ ဟန်ကိုယ့်ဖို့ ဆိုတာ ပေါင်းပြီး ရထားပြတင်းပေါက် ခေါင်းထွက်ကြည့်တာပေါ့ ။

အမယ်...မဆိုးဘူးဗျ။ တကယ်လှတယ်...မိတ်ဆွေ ။ ဖြစ်နိင်ရင် တခေါက်လောက် ဖြတ်ဖူးစေချင်တယ် ။ လုံးဝ လေဟာနယ်ထဲကို ရောက်နေသလိုပဲ။ အောက်ကိုငုံကြည့်တော့လည်း ရထားလမ်းကို မမြင်ရဘူး ။ သူက သံလမ်းအတွက်ပဲ နေရာရှိတာ။ တစီးလုံး လေထဲ မှာ သွားနေတဲ့ အတိုင်းပဲ ။ ပြီးတော့ လမ်းက တဖြောင့်တည်း မဟုတ်ဘူးဗျ။ ကောက်ကောက်လေး ရယ်။ ဒါကြောင့် ရှေ့အတွဲတွေက လူတွေ ထွက်ကြည့်နေတာကိုလည်း ကောင်းကောင်းတွေ့နေရတယ်။ အော်တဲ့သူက အော် နဲ့ နောက်နေကြတာ။ ရင်ခုန်ဖို့တော့ ကောင်းသား ။ ပြီးတော့ အဆုံးသတ်မှာ လှိုဏ်ဂူရှိပါတယ်။ သီပေါဘက်က ရထားလာနေတာကို ကြည့်မယ်ဆိုရင် သစ်ပင်စိမ်းစိမ်း စိုစိုတွေကြားထဲက ဘွားကနည်း မြွေတစ်ကောင် ထွက်လာသလို ရထားကို မြင်ရလိမ့်မယ်ဗျ။

လားရှိုးရောက်ပြီ


ဒီလိုနဲ့ နာမည်ကြီး ဂုတ်ထိပ်တံတားကို ကျော်လာပြီးတဲ့ အခါမှတော့ တဖြည်းဖြည်း နဲ့ ခရီးအစဉ်အတိုင်း နောင်ချို ၊
ကျောက်မဲ ၊ သီပေါ ၊ လားရှိုး ကိုရောက်ရှိလာခဲ့ပါတယ်။ ပြင်ဦးလွင်ကနေ လားရှိုးအထိ ခရီးမိုင်အကွာအဝေးက ကျွန်တော် မှတ်မိသလောက် ၁၃၃ မိုင်ကွာပါတယ် ။

  1. ပြင်ဦးလွင် - နောင်ချို ( ၃၄ မိုင် )
  2. နောင်ချို - ကျောက်မဲ ( ၄၄ မိုင် )
  3. ကျောက်မဲ - သီပေါ ( ၂၀ မိုင် )
  4. သီပေါ - လာရှိုး ( ၃၅ မိုင် )

အားလုံးပေါင်း ၁၃၃ မိုင်ကွာဝေးပါတယ် ခင်ဗျာ။ ဒီလိုနဲ့မနက် ၉ နာရီက စထွက်လာခဲ့တဲ့ ရထားဟာ လားရှိုးကို ည ၇ နာရီမှ ၀င်တယ်ဗျ။ သွားလာနေကြ ခရီးသွားတွေ ပြောတာကတော့ ဒီနေ့ ရထားနောက်ကျပါတယ်တဲ့ ။ လားရှိုးဘူတာ ရောက်တော့ လာကြိုတဲ့ ယဉ်တန်းကားတွေပေါ်ကို သေတ္တာတွေ ၀ိုင်းကူ တင်ကြ ၊ လူကလည်း ဟိုကြည့် ဒီကြည့်ပေါ့။ လူတွေကလည်း ကိုယ့်ကိုကြည့် ၊ ကိုယ်ကလည်း သူတို့ကို ပြန်ကြည့်နဲ့။ ပြီးတော့ မှောင်ကလည်း မှောင်နေတော့ ဘာမှ မြင်ကွင်းကို သဲသဲကွဲကွဲ မမြင်ရပါဘူး ။ ကားပေါ်တက် ၊ ကားပေါ်တက်ဆို တက်လိုက်တာပဲ ရှိတယ် ။ လူတွေကလည်း ပင်ပန်းနေကြပြီကိုး ။ တစ်နေ့လုံးနီးပါး စီးလာရတာ ဆိုတော့ မလှုပ်ချင် မကိုင်ချင်တော့တာလဲ ပါပါတယ်။

ကားတွေကလည်း လူစစ် ၊ စုံပြီ ဆိုတာနဲ့ တခါတည်း တန်းထွက်တော့တာပါပဲ ။ မှောင်မှောင် မဲမဲနဲ့ ဘယ်ကိုခေါ်သွားမလည်း ဆိုတာ ဘယ်သူမှလည်း မသိကြဘူးပေါ့ ။ ကားထပ်စီးရတယ်ဆိုတော့ အဝေးကြီးကို ထပ်သွားရမယ် ထင်ထားလိုက်တာ...နောက်ထပ် ၁၅ မိနစ်လောက် အကြာမှာတော့ ကျွန်တော်တို့ ယဉ်တန်းဟာ......

ဆက်ရန်ပါ ခင်ဗျာ ။


Monday, March 24, 2008


အဲဒါနဲ့ ကျွန်တော်လည်း စာအိတ်အညိုရောင် လေးကို ကိုင်လို့ အဖေနဲ့ အမေ့ကို ပြောပြဖို့ လူတွေကြားထဲ လိုက်ရှာရတာပေါ့။ လူတွေကလည်း များတယ်ဗျ။ ဒါတောင် သေသေချာချာ မှာထားခဲ့တာ။ ဘွဲ့ယူပြီးတာနဲ့ အဖေနဲ့ အမေ့ကို ဒီတိုင်လေးနားက စောင့်နေ သားလာခဲ့မယ်လို့။ အကုန်လုံးကလည်း ၀ှိုက်ကျူးနစ် လို့ခေါ်တဲ့ အဖြူရောင် ၀တ်စုံတွေနဲ့
အပြင် မျက်နှာတွေကလည်း အာဖရိက လူမျိုးမျက်နှာ မည်းမည်းတူးတူး တွေနဲ့ဆိုတော့ ရှာဖို့ မလွယ်ဘူး ဖြစ်နေတာပေါ့။ နောက်တော့ တွေ့လည်း တွေ့ရော ၀မ်းသာ အားရ ပြောပြလိုက်တယ်။

“ ကျွန်တော် ကွတ်ခိုင် မှာတာဝန်ကျတယ်လို့ ” အဖေ့မျက်နှာကတော့ ဘာမှ မပြောင်းလဲသွားပေမယ့် အမေ့မျက်နှာကတော့ အနည်းငယ်ညိုးသွားတယ်ဗျ။ ဒါပေမယ့်လည်း သူသားက စစ်တပ်ထဲ ရောက်နေပြီပဲ။ သားကို အမေဆိုင်ပဲ ဆိုင်တယ် ၊ မပိုင်တော့ဘူး အမေလို့ ရုပ်ရှင်ထဲက ဆန်ဆန် ပြောချင်ပေမယ့် မပြောဖြစ်ခဲ့ပါဘူး။ စိတ်ထဲကတော့ အိမ်နဲ့အဝေးမှာ တာဝန်ကြတာ အတွက်ရော ၊ ကိုယ်မသိတဲ့ တစိမ်းတနယ်ကို
ကိုယ်တိုင် ခရီးထွက်ရတော့မယ် ဆိုတဲ့ အသိက အားမာန်တွေ တက်ကြွလာခဲ့ပါတယ်။ အရင်လို ငါကလေး မဟုတ်တော့ဘူး ၊ ငါကိုယ့်ငါ တည်ဆောက်နိင်ရမယ် ၊ ငါ့ကိုယ်ငါ ယုံကြည်ရမယ် ပေါ့။ ဒီကြားထဲ ကရင်ပြည်နယ် ကြတဲ့ ကျွန်တော့်သူငယ်ချင်း အမေတွေကတော့ မိန်းမသား ပြီပြီ သားဇောကြောင့် မျက်ရည်တွေ ဝေလို့။ စိတ်မကောင်းတော့ ဖြစ်မိပါတယ်။ သူများနယ်မြေတွေထက် စာရင် ကရင်ဆိုတာက ကျွန်တော်တို့ရဲ့ “ လေးဖြူ ပြောသလို အမျိုးအရင်းကြီးတွေ မဟုတ်လား ” ။ ခဏခဏ တိုက်နေရလို့ ပြောတာပါ။


ဖြစ်နိင်ရင် သူတို့လည်း မတိုက်ချင်ဘူး ။ ကျွန်တော်တို့လည်း မတိုက်ချင်ဘူး ။ သေမှာလေ ၊ တိုက်ရင် သေမှာ ။ မြန်မာတွေက သားသမီးဆုံးရှုံးတာပဲ ဖြစ်မှာ ။ ဒါပေမယ့် ကရင်မိသားစုတွေကြတော့ သူတို့က ရွာနဲ့နေကြတာ ဆိုတော့ ရွာပျက် ၊ လူသေ ဖြစ်ကြမှာ။ ကျွန်တော်တို့လည်း ဘယ်စိတ်ကောင်းမလဲ။ စစ်သားဆိုပေမယ့် မိသားစုဆိုတာ ရှိကြတာပဲ။ ကိုယ်ချင်းစာတာပေါ့။ အထူးသဖြင့် မြန်မာနိင်ငံမှာ ဖြစ်တဲ့ ဘယ်တိုက်ပွဲမှ ကျွန်တော် မတိုက်ချင်ဘူးဗျာ။ နိင်ငံခြားသား နဲ့ဆိုရင်တော့ တစ်မျိုးပေါ့ ။ ဒါတောင် ကိုယ်က သွားတိုက်တာ မဖြစ်ချင်ဘူး။ ကိုယ့်နိင်ငံကို စော်ကား ၊ကျွန်ပြုလာမှ ပဲ ချချင်တယ်။ ဘာလို့လည်း ဆိုတော့ မိသားစုတွေနဲ့ သေရင် ၀မ်းနည်းရမှာ ၊ ယူကြုံးမရဖြစ်ရမှာပဲလေ။ ဒါကြောင့်ပါ။ “ ဗိုလ်ချုပ် ပြောခဲ့သလို့ ဗမာတွေ သတ္တိရှိတယ်လေး ဘာလေးနဲ့ ၊ ကိုယ့်လူမျိုးချင်း ပြန်ချဖို့ပဲ သတ္တိရှိကြတယ် ” လို့ပြောခဲ့တာလေး အမှတ်ရနေလို့ ပါ။ မြန်မာ့လွတ်လပ်ရေးအတွက် အတူတူ တိုက်ပွဲဝင်ခဲ့ကြတာ တိုင်းရင်းသားဒီညီအစ်ကိုတွေ ပဲ မဟုတ်လား ။

ကြားဖူးတဲ့ စကားလေး တစ်ခွန်းက “ စစ်ပွဲ၏ နောက်ဆုံးရလဒ်ကား သေခြင်းတရားသာလျှင် ကြွင်းကျန်ရစ်၏တဲ့ ဒါနဲ့ ကျွန်တော်လည်း အဖေနဲ့ အမေ့ကို ကျွန်တော်နေတဲ့ အိမ်ဆောင် ခေါ်သွားတော့တယ်။ တရားဝင် မဟုတ်ပေမယ့် အဲဒီအချိန်မှာတော့ ဗိုလ်လောင်း အဆောင်တွေကို မိဘတွေ ခေါ်တာ နားလည်မှုပေးထားပါတယ်။ အခန်းရောက်တော့ အမေက ရှုပ်နေတဲ့ ကျွန်တော့်အခန်းထဲက ပစ္စည်းတွေ သိမ်းပေး ၊ အဖေကတော့ ဟိုကြည့် ဒီကြည့်ပေါ့။ ပြီးတော့ ဟိုမေးဒီမေး ပေါ့။ ဟိုဟာက ဘာ ၊ ဒီဟာက ဘာ ။ အမေကတော့ သူ့သား ကျွန်တော့်ကိုပဲ စိတ်ဝင်စားတယ် ဘာလိုလဲ ၊ ဘာကျန်သေးလဲ ။ တတွက်တွက် မေးနေတာ ။ အော် အမေ...အမေ...အမေတွေ ချစ်ဖို့တယ်ကောင်းဗျ။ အဖေလည်း ပါတာပေါ့ဗျာ။ သူကတော့ သူသားရှေ့မှာ စိတ်ခိုင်ခိုင်ထားပြနေတဲ့ သူရဲကောင်း တစ်ယောက်ဟန်မျိုးနဲ့ပေါ့။

ဒါနဲ့ အမေက မေးတယ် သားဘာတွေ လိုသေးလဲတဲ့။ ကျွန်တော်တို့က မချမ်းသာပါဘူး။ ဒါကြောင့် ရှိတာလေးတွေ စုထားပြီး လာတဲ့ အမေ့အတွက် ကျွန်တော်လည်း ပိုက်ဆံအများကြီး မတောင်းဖြစ်ခဲ့ပါဘူး။ မနက်ဖြန်ဆို ကျွန်တော်က တပ်ကို စတင်သတင်းပို့ရတော့မှာ မဟုတ်လား။ အမေကတော့ သားလိုမယ်ထင် သလောက်တောင်း ၊ အမေ့တို့အတွက် ခရီးစရိတ်ချန်ပြီး ပေးလိုက်မယ်တဲ့။ မှန်တာ ပြောရင် ကျွန်တော် ကျောင်းဆင်းတော့ ၁၉ နှစ်ကျော်ပဲ ရှိပါသေးတယ်။ မိဘမပါဘဲ ခရီးဝေးတစ်ခုကို ကျွန်တော် မသွားဘူးဘူး။ ဒီတော့ ကိုယ့်ကိုကိုယ် အားပေးနေရတယ်။ အမေ့ရှေ့မှာ ၀မ်းနည်းနေပြရင် သူက ပိုဆိုးမှာ ဆိုးလို့ပါ။ နောက်တော့ ပစ္စည်းသိမ်း ။ လိုအပ်တဲ့ ဟာတွေ ထုတ်ထားပြီး ။ မြို့ထဲကို လမ်းလျှောက်ထွက်ခဲ့ကြပါတော့ ။ ဒီညနေဟာ သားအမိသားအဖ ၃ ယောက်ဆုံတဲ့ ညနေခင်းပေါ့။ မနက်ဖြန်က စပြီး...ဘယ်နေ့ ပြန်လာမယ်မှန်း မသိတဲ့ ကျွန်တော့်ကို အမေတို့ကလည်း အလွမ်းသယ်နေကြလေရဲ့။

ညရောက်တော့ အမေတို့ကို မှာခဲ့တယ်။ သား..မနက်ဖြန် သွားရရင် အဖေနဲ့အမေလည်း ဒီမှာရောက်တုန်း ရောက်ခိုက် ၂ ရက် ၃ ရက်လောက်နေပေါ့။ တကယ်လို့ ဟိုရောက်ရင် တပ်ကို သတင်းပို့ပြီးရင် ခွင့်ခဏပေးတယ်လို့ ကြားတယ်လို့။ အဲဒီအခါ ဖုန်းဆက်လိုက်မယ်။ အတူတူ အိမ်ပြန်ရအောင်ပေါ့လို့။ ဒါနဲ့ပဲ ညရောက်တော့ အဖေနဲ့အမေ့ကို ကန်တော့ပြီး ကျွန်တော့်ဗိုလ်လောင်း တပ်ရင်းအိပ်ဆောင်တွေစီ ပြန်ခဲ့ပါတယ်။ အဖေနဲ့အမေက အပြင်မှာ တည်းတာကိုး။ ညအိပ်တော့ လိုမယ်ထင်တာတွေ ပြင်ပြီးတော့ မနက်စောစောထရမှာမို့ အိပ်ရာ စောစောဝင်ခဲ့ပါတယ်။ ဒီလိုနဲ့ မျှော်လင့်ထားတဲ့ မနက်ဖြန်ရောက်လာတဲ့ အခါမှာတော့......

ကျွန်တော်စတင်ခရီးထွက်ခဲ့ပြီ

မနက်မိုးလင်းလင်းချင်း သတ်မှတ်ထားတဲ့ ၀တ်စုံဝတ်ပြီး တန်းစီ ရတာပေါ့ခင်ဗျာ။ အဲဒီမှာ အရှေ့မှာ ရှိတဲ့ ဗိုလ်မှုးကြီး နဲ့ ဗိုလ်မှုးက ကိုယ်တာဝန်ကြရာ စစ်ဒေသ အလိုက် ခွဲစီခိုင်းပါတယ်။ ပြီးတော့ လက်ရုံးတပ်တွေကိုလည်း လက်ရုံးတပ် အလိုက် တန်းစီခိုင်းထားတယ်။ အားလုံးပြီးသွားတော့ တစ်ချို့တပ်တွေက လာခေါ်တယ်ဗျ။ တပ်အရောက်ပေါ့။ အကြိုလာတာ။ ကျွန်တော်တို့ ခြေလျင်တပ်က လူတွေကတော့ MO လို့ခေါ်တဲ့ movent order ( ခရီးသွားလာခွင့် အမိန့်) ဆိုတာကို ယူရင်း ကိုယ့်ကို လိုက်ပို့မဲ့ ကားပေါ်ကို တက်ရပါတယ်။ Faw ကားတွေပေါ် သေတ္တာတွေ အချင်းချင်း ကူညီတင်ပေးကြရင်း အားပေးနေကြတာပေါ့။ ကားကလည်း ကျွန်တော်တို့ကို အနီးဆုံး မြန်မာအထက်ပိုင်းတက်မဲ့သူတွေဆို ပြင်ဦးလွင်ဘူတာ ၊ အောက်ပိုင်းဆို မန္တာလေး ဘူတာ အဲဒီလောက်ထိပို့ပေးပါတယ်။

ဒီလိုနဲ့ မနက် ( ၇ ) နာရီကျော်ကျော်လောက် ဘူတာကိုရောက်တယ်ဗျ။ အဲဒီမှာ ရထားက ၉ နာရီမှ လာမယ် ဆိုတော့ အနားက လက်ဖက်ရည်ဆိုင်မှာ ထိုင်စောင့်ရင်း တစ်ယောက်နဲ့ တစ်ယောက် ဘယ်တပ်ကြတယ် ၊ ညာတပ်ကြတယ် နဲ့ ပြောနေကြတာပေါ့။ အမှန်ကတော့ အားလုံးကတော့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်မှာ တာဝန်ထမ်းဆောင်ရမဲ့ သူတွေချည်းပါပဲ။ တည်နေရာကတော့ လားရှိုးမှာပါ။ ကျွန်တော်တို့ အားလုံးပေါင်း ၁၁၉ ယောက်ရှိတယ်။ တပ်တွေကတော့ တတပ်ကို ၃ ယောက်အများဆုံးပါပဲ။ အဲဒီတုန်းက ကျွန်တော်နဲ့ တာဝန်အတူတူ ထမ်းဆောင်ရမှာက စစ်ကိုင်းသား ၂ ယောက်ပါ။ ဒီလိုနဲ့ ပြောကြဆိုကြရင်း ရထားလာပါလေရော။ အဲဒီအချိန် စိတ်ထဲ ကြိမ်းခနဲ့ ဖြစ်သွားတယ်ဗျ။ ရင်တအားခုန်နေလို့ နေမှာပေါ့။ ဒါနဲ့ ပစ္စည်းတွေ တင်ကြ ကိုယ့်နေရာ ကိုယ်ထိုင်ကြရင်း ကျွန်တော်တို့ တာဝန်ကြရာ ဒေသကို စတင် တာဝန်ထမ်းဆောင်ဖို့ ခရီးထွက်ခဲ့ပါတယ်။ ဘယ်အုပ်ထိန်းသူမှ မပါ ။ ကိုယ့်တာဝန်ကိုယ်ယူရင်း ပြင်းဦးလွင်-လားရှိုး ခရီးလမ်းကို တောတောင်ကြားထဲက ရထားလမ်းမှာ စတင်ခဲ့ ပါတယ်။.....

ဒီလိုနဲ့ မနက် ၉ နာရီက စတင်စီးလိုက်တဲ့ ရထားဟာ....

ဆက်ရန်ပါ ခင်ဗျာ။

Sunday, March 23, 2008

ကျွန်တော်က ရန်ကုန်မှာ မွေးတာဆိုပေမယ့် ရန်ကုန်သား မစစ်တော့ဘူး ပြောရမှာပဲ။ ကျွန်တော်နဲ့ စကားပြောဘူးတဲ့ သူတွေကတော့ ပြောတယ် ။ ကျွန်တော် စကားပြောတာ ရန်ကုန်သား မဆန်ဘူးဆိုပဲ ။ ဟိုက်...ရန်ကုန်သား စကားပြောဟန် ရှိတယ်လို့ တစ်ခါမှ မကြားဖူးဘူး ။ ဒါပေမယ့် ဟန်ပန်တော့ ရှိမှာပေါ့နော်။ အညာကလာတဲ့ သူတွေဆို အညာသားလေသံ နဲ့စကားပြောသံဆိုတာ သိကြမယ်ထင်ပါတယ်။ ကျွန်တော်က အဲဒီလို လေသံဆိုပဲ။ ကျွန်တော့်အသံ ဘာကြောင့်အဲဒီလို ဖြစ်လာသလဲဆိုတာတော့ တွေးကြည့်ရင် အသက် ( ၁၆) နှစ်ကတည်းက အိမ်က ထွက်ပြီး...အနယ်နယ် အရပ်ရပ်က လာတဲ့ သူတွေနဲ့ ပေါင်းရသင်းရ ကိုယ်ကလည်း ဒေသအသီးအသီးကို ရောက်နေခဲ့ ( တနည်းအားဖြင့် တာဝန်ထမ်းဆောင် ) နေခဲ့ရသူဆိုတော့ စကားပြောဟန်က သူတို့နဲ့ တူညီသွားတာ ဖြစ်မှာပေါ့။

လေရှည်နေတာနဲ့ ပြောချင်တဲ့ အကြောင်းတောင် လမ်းကြောင်း လွဲသွားတယ်ဗျာ။ ကျွန်တော် ၁၆ နှစ်ပြည့်တော့မေမြို့ကို ရောက်တယ်။ အဲဒီမှာ ၃ နှစ်ကျော် ပညာသင်ယူပြီးတဲ့နောက်တော့ တာဝန်ကျရာ ဒေသတွေ ခွဲပေးတာပေါ့။ အဲဒီနေ့က တော်တော်ကို ရင်ခုန်ရပါတယ်။ ဖိတ်စာလို အိတ်အ၀ါရောင်လေး ထဲမှာ စာရွတ်ရှည်ရှည်လေး ပါတယ်ဗျ။ အဲဒီ အိတ်လေးထဲမှာ ကိုယ်နဲ့အတူ တာဝန် ထမ်းဆောင်ရမယ့် နောက်ထပ် သူငယ်ချင်း ( ၂ ) ယောက်ရဲ့ နာမည်နဲ့ တပ်နာမည် ရေးထားတယ်လေ။ ကျွန်တော်လည်း ရင်ခုန်ခုန်နဲ့ ကိုယ်ပေါ်မှာ ၀ှတ်ယူလာတဲ့ တပ်တည်တွေ ရှိတဲ့ စာအုပ်လေးကို ခိုးထုတ်ပြီး ကိုယ့်တပ် နံပတ်ရှိတဲ့ မြို့ကို လိုက်ရှာတော့တာပဲ။

အဲဒီမှာ ဘေးနားက သူငယ်ချင်းတွေက “ ဟာ...ငါက မြစ်ကြီးနား ၊ နောက်တစ်ယောက်က ကရင် ၊ နောက်တစ်ယောက်က တနင်္သာရီ ” စတဲ့ နာမည်တွေ တိုးတိုး ရွတ်နေကြတာ ကျွန်တော်လည်း ရင်ခုန်နေပြီလေ။ ဒါက ကိုယ့်တစ်သက်လုံး မဟုတ်တောင် လောလောဆယ် ၁၀ နှစ် လောက် တာဝန်ထမ်းဆောင်ရမဲ့ နေရာ မဟုတ်လား ။ ပွင့်ပွင့်လင်းလင်း ပြောရရင်...စစ်သားလည်း သေမှာတော့ ကြောက်တာပေါ့ဗျာ။ လောလောဆယ်
နာမည်ကြီးနေတဲ့ ရွှေကျင် ၊ ကျောက်ကြီး ဘက်ကို ကျွန်တော်လည်း ဘယ်ကျချင်ပါ့မလဲ။ ဒါပေမယ့်လည်း တာဝန်ပေးလာရင်တော့ အမိန့်နာခံရမှာပေါ့။ ကျွန်တော်က Navy ရူးရူးနေတာဗျ။ အဖေကလည်း သဘောင်္အင်ဂျင်တွေ ပြင်တဲ့ အငယ်တန်း အင်ဂျင်နီယာ ဆိုတော့ ရေနဲ့ အရမ်းနီးစပ်တယ်။ အဖေ့အလုပ်ရုံမှာလည်း သဘောင်္တွေက အမြဲတမ်း ကပ်ထားတဲ့ အပြင် ရေတပ်က စစ်သင်္ဘော ၃၂၁ ပေါ်မှာလည်း ကျွန်တော်က အမြဲတမ်း သွားကြည့်နေကြ ဆိုတော့ ရေတပ်ကို အားကြတာ ကျွန်တော်မလွန်ဘူး ထင်တယ်နော်။ ကံကောင်းထောက်မစွာ ကျွန်တော် ရေတပ်လည်း မရောက်ခဲ့ရပါဘူး။ ဘာလို့လည်း ဆိုတော့အဓိက အကြောင်းက ကျွန်တော် သင်ယူခဲ့တဲ့ ဘာသာရပ်က ရေတပ်မှာ မလိုအပ်ဘူးဆိုတာကြောင့်ပါ။ တစ်ခါတလေ တော့လည်း ၀မ်းတော့ နည်းမိသားပေါ့ဗျာ။


ရင်ခုန်နေသော....အချိန်

စကားပြန်ဆက် ပ့ါမယ်ဗျာ။ ဒါနဲ့ ကျွန်တော်လည်း အသာလေး စာအုပ်ကို လှန်ကြည့်တော့ အမှတ် (ခလရ-၄၅)ဆိုပဲဗျာ။ ဒါနဲ့ စာအုပ်ရှာတော့ မတွေ့ဘူး။ ဟာ..သေပြီဆရာပေါ့။ လုပ်ကြပါဦးဟ....ငါ့တပ်က ဘယ်မှာလည်းဆိုတာ ရှာပေးကြပါဦးပေါ့။ ပြီးတော့ တပ်တွေကလည်း ကျွန်တော်တို့ ကျောင်းဆင်းတော့မှ အသစ်ဖွဲ့တာ မနည်းဘူးဆိုတော့ သေချာပြီ ။ ကျွန်တော်တော့ ချောင်ကလောင်ထဲ ရောက်ပြီလို့ စိတ်ထဲ ထင်နေတုန်း ဘေးနားက သူငယ်ချင်း တစ်ယောက်က “ ပေး စာအုပ် ငါရှာပေးမယ်တဲ့ ”။ ဒါနဲ့ ကျွန်တော်လည်း စာအုပ်ကို ကမန်းကတန်း ပေးပြီး မျှော်လင့်ချက် တခွဲသားလေးနဲ့ ကြည့်နေရတာပေါ့။

“ အဲဒီမှာ...ဟာ ဟေ့ကောင် ကွတ်ခိုင် တဲ့ ” ဟ ဆိုတော့ စိတ်ထဲမှာ ချက်ချင်း သတိရမိလိုက်တာ ကျောင်းတုန်းက တီးတိန် ၊ တကောင်း ၊ ကွတ်ခိုင် ဆိုတဲ့ မြို့သုံးမြို့ကို ဘာဆိုတဲ့ မျဉ်း ဖြက်သွားတယ်ဆိုလားဗျာ။ အဲဒါနဲ့ အင်း...ကျွန်တော်လည်း နည်းနည်းတော့ စိတ်ဓတ်ကျသွားတယ်။ ဘယ်နဲ့ အိမ်လွမ်းနေပါတယ်ဆိုမှ ပထမက ရန်ကုန်မှာနေတယ် ၊ ဒုတိယ မေမြို့ကို ရောက်တယ် ၊ နောက်တော့ တတိယလည်း ကြရော ကွတ်ခိုင်ရောက်ပါလေရော ။ ကဲ...တစတစနဲ့ အိမ်နဲ့ ဝေးကွာလာလိုက်တာ အမြင့်ဆုံးကို ရောက်တော့မယ်။ ဒါနဲ့ မျက်နှာလေး မချိုမချဉ်နဲ့ ဘွဲ့ယူခန်းမက ထွက်ပြီး အဖေ ၊ အမေ ကိုလိုက်ရှာပြီး ပြောပြလိုက်တော့........

နောက်တော့ ဆက်ရေးပ့ါမယ်ဗျာ...ဆက်ရန်ပေါ့ ။

Friday, March 21, 2008



အချိန်တိုင်း ငါ့ရဲ့ အနားမှာ ရှိနေခဲ့သူရေ
မင်းဟာ ငါ့အတွက် အမှန်တရားတွေကို မြင်အောင် လှမ်းပြပေးတဲ့သူလည်း ဖြစ်ရဲ့
ငါ့ဘ၀ထဲ ပျော်ရွှင်စရာတွေ ယူလာခဲ့တဲ့ အပြင်
ငါရဲ့ မှားယွင်းနေတဲ့ လုပ်ရပ်တွေကိုလည်း မှန်အောင် ပြုပြင်ပေးပြန်တယ်

ငါ့အိမ်မက်တွေ မင်းကြောင့်အသက်ဝင်လာခဲ့တဲ့ အတွက်ရော
အချစ်ကို မင်းဆီမှာ ရှာဖွေတွေ့ရှိခဲ့ခြင်း အတွက်ပါ
ငါ မင်းကို အမြဲတမ်း ကျေးဇူးတင်နေတော့မှာပါ

မင်းဟာ ငါ့အတွက် ဘယ်တော့မှ ၀မ်းနည်းစေမဲ့သူ မဟုတ်ဘူးဆိုတာ
ငါ့အတွေးထဲမှာ အမြဲသိနေခဲ့တယ်

ငါ့အတွက် အတောင်ပံတွေ ပေးပြီး ပျံသန်းစေခဲ့သူရေ
မင်းလက်နဲ့ ငါ့ကို ပွေ့ဖက်တဲ့အခါ......ကောင်းကင်ရဲ့ တိမ်စိုင်တွေကြား ရောက်ရှိသွားသလို
ငါခံစားရတယ်

ငါ့ယုံကြည်ခြင်းတွေ ပျောက်ကွယ်နေတဲ့အချိန်မှာလည်း....... င့ါဆီပြန်လည်ယူဆောင်ပေးသူရေ
ဘယ်ကြယ်စင်ကမှ လက်လှမ်းလို့ မမှီနိင်ဘူးလို့
မင်းပြောခဲ့တယ်....နော်

ဒါပေမယ့်........................................
ငါ့အနား မင်းရှိနေတဲ့ အခါ
မင်းအချစ်တွေ ထာဝရ သိမ်းပိုက်နိင်ခဲ့တဲ့ အချိန်မှာတော့
ကြယ်စင်အားလုံးကို လက်လှမ်းယူနိင်အောင် ငါစွမ်းအားတွေ ရရှိခဲ့ရတယ်

ဒီအရာတွေက ဘယ်လောက်တန်းဘိုး ရှိမှန်း ငါမသိပေမယ့်
အစစ်အမှန်ဖြစ်တယ်ဆိုတာကိုတော့
ငါခံစားလို့ ရပါတယ်
နင့်ကြောင့် ငါဟာ အချစ်အကြောင်းကို နားလည်ခဲ့ရသူပေါ့

ငါဖျားနာတဲ့အခါ.........ငါ့အတွက် အားဆေးတစ်ခွက်
ငါဆွံအသွားတဲ့အခါ........ငါ့ရဲ့ အသံဖြစ်တည်ရာ
ငါ အမြင်မဲ့တဲ့ အခါ...ငါ့အတွက် အလင်းရောင်

ငါလက်လှမ်းမမှီနိင်တဲ့ အရာတွေကို
ငါ့ကိုယ်စား ဆောင်ကြဉ်းပေးတဲ့သူ
ငါ့အပေါ် အရိုးသားဆုံးမြင်နိင်တဲ့အတွက်
ငါမင်းကို အ...ရမ်း...ချစ်...ပါ...တယ်

ငါ လိုအပ်တဲ့ အချိန်တိုင်း ဘေးမှာနင်ရှိနေတဲ့ အပြင်
လေပြည်လေညှင်းတွေက င့ါကိုသယ်ဆောင်သွားသလို
မှောင်မိုက်နေတဲ့ င့ါဘ၀ဟာလည်း မင်းအချစ်ကြောင့် လင်းလက်လာခဲ့ရတယ်
မင်းဟာ ငါ့ရဲ့ သူရဲကောင်းပါပဲကွယ်

လိမ်လည်လှည့်ဖျားမှုပေါင်း မြောက်မြားစွာမှာ
မင်းဟာ ငါ့အတွက် အမှန်တရား ဖြစ်လာခဲ့တဲ့အပြင်
မင်းကြောင့် ငါ့ကမ္ဘာလေးလည်း ထာဝရ သာယာခဲ့ပြီလေ ။ ။



Wednesday, March 19, 2008


အချစ်ရေ.....ငါသတိရသလို
မင်းတစ်ယောက်လည်း....ငါ့ကိုသတိမှ ရသေးရဲ့လား

ဟိုအရင် ငါတို့ အတူရှိခဲ့တဲ့ အချိန်တွေလိုပဲ
ဘ၀ကိုပြန်လည် အဆုံးသတ်ရအောင်နော်
အခုတော့လည်း အတူရှိနေခဲ့တဲ့ လမ်းမတွေပေါ်မှာ ငါတစ်ယောက်တည်းပါပဲ

ငါ့ရဲ့ အထီးကျန်ဘ၀ကို ငါအရမ်းမုန်းနေခဲ့ပါပြီ
လူတွေလည်း အားလုံးသိကုန်ကြပြီလေ

တစ်စုံတစ်ယောက်သောသူဟာ သူ့ဘ၀အတွက် မင်းကို လိုအပ်နေတယ်

တစ်စုံတစ်ယောက်သော သူဟာ ညစဉ်ညတိုင်း
မင်းအကြောင်းတွေကို အိမ်မက်မက်ရင်း အသက်ဆက်ရှင်သန်နေတယ်

တစ်စုံတစ်ယောက်သော သူဟာ နင်မရှိဘဲ ဘ၀ကို
အသက်ရှင်သန်ဖို့ ဒီထက်မဖြစ်နိင်ခဲ့ပါဘူး

မင်းအနားမှာ နောက်တစ်ယောက်ရှိနေတယ်လို့ ငါတွေးလိုက်တိုင်းလည်း
ငရဲကို ရောက်နေသလို ဆိုးရွားစွာ ငါခံစားရတယ်

မင်းကို အသက်ပေးချစ်တက်သူဟာ
ငါ ဆိုတာကို
တစ်စုံတစ်ယောက်သောသူက မင်းသိလာဖို့
မျှော်လင့်နေပါတယ် အချစ်ရယ်

ဘယ်လို ဘယ်ပုံများ ငါတို့ မှားယွင်းကုန်ပြီလဲဟင်
ငါတို့ရဲ့ အကောင်းဆုံး ရည်ရွယ်ချက်တွေဟာ....အခုတော့ ဘယ်ဆီမှာ မျောပါခဲ့ပြီလည်းကွယ်

တစ်နေ့နေ့ တစ်ချိန်ချိန် ပြန်လည်ဆုံဆည်းဖို့ရန် အတွက်လည်း
ငါအမြဲတမ်း ဆုတောင်းနေခဲ့ရတယ်
ရရှိခဲ့တဲ့ အကြင်နာတွေဟာ ငါ့ရင်ထဲမှာ ဘယ်တော့မှ ပျောက်ကွယ်သွားမှာ မဟုတ်တော့ပါဘူး
ဘာကြောင့်လဲ ဆိုတော့.....နင်ဟာ ငါ့ရင်ထဲမှာ
အမြဲရှင်သန်နေခဲ့တာကိုး

နင့်ဘ၀ထဲမှာ ငါမရှိတော့ရင်တောင်မှ......ငါ့ဘ၀ထဲ နင်အမြဲ ရှိနေခဲ့တယ်
အဲဒါဘာလဲဆိုတော့
ငါ့အတွေးထဲ နင်အမြဲရှိနေခဲ့လို့ပေါ့

နောက်ဆုံး......ငါ့အတွေးအိမ်လေးထဲက နင်လုံးဝ ပျောက်ဆုံးမသွားခင်အချိန်
ငါ့ကို သတိရခဲ့သည်ရှိသော်
ကျေးဇူးပြု၍ ......ငါ့စကားတွေကို နားထောင်ပေးခဲ့ပါဦး

“ ငါက အ.....လွမ်း.....သင့်.....သူ ” ။ ။


မှတ်ချက် ။ ကျွန်တော်၏ ဘလော့ဂ်ခေါင်းစင်နှင့် ပက်သက်သော အလွမ်းသင့်သူ ဆိုသည့် စာသားအား ကာလအချိန်အတော်ကြာ ကဗျာရေးဖွဲ့မည်ဟု ရည်မှန်းထားခဲ့ရာ ဒီနေ့မှ အဆုံးသက်နိင်သောကြောင့် တင်လိုက်ရခြင်း ဖြစ်ပါသည်။ မည်သည့် အကြောင်းအရာမျှ တိုက်ဆိုက်ခြင်း မရှိပါ ခင်ဗျာ။ ကဗျာတစ်ပုဒ်အဖြစ်သာ ရိုးရိုး ခံစားရေးဖွဲ့ခြင်းဖြစ်ပါသည်။

ဆိုးသွမ်း

Sunday, March 16, 2008



လူသားတိုင်း လူသားတိုင်းမှာ ကိုယ့်ယုံကြည်မှုနှင့် ကိုယ် ရှိနေတက်ကြပါသည်။ ထိုယုံကြည်မှု့ကိုလည်း အသက်ထက်ဆုံး ကိုးကွယ်ဆုတောင်းတက်ကြပါတယ်။ မိမိယုံကြည်ရာ ဘာသာတရားကို စိတ်ထဲ နေ့စဉ် ရွတ်ဖတ်ခြင်း ၊ ဆုတောင်းခြင်း ၊ ပူဇော်ခြင်းများ ပြု၍လည်း ဘာသာတရားကို အလေးအမြတ်ထားကြပါသည်။ ယခု ကျွန်တော့်တို့ မြန်မာဘလော့ဂ်ဂါများတွင်လည်း ဘာသာတရား မျိုးစုံ ကိုးကွယ်မည့်သူများ လည်း ရှိကြမည်ထင်ပါသည်။ ထိုဘလော့ဂ်ဂါ များစွာထဲမှလည်း...ဘာသာရေးတရား အကြောင်းရေးသူများ ရှိပါသည်။

ယခု www.petiton-prayer.blogspot.com တွင်လည်း ထိုနည်းတူစွာ ခရစ်ယန်ဘာသာကို ယုံကြည်ကိုးကွယ်သူ တစ်ယောက်၏ သူယုံကြည်ကိုးကွယ်ရာ ဘာသာတရားကို ရေးသားထားပါသည်။ ဤဘလော့ဂ်တွင် ခရစ်ယန်ဘာသာတရား၏ သဘောထား ၊ ဘာသာရေးအမြင် ၊ နေ့စဉ်ခွန်အား ရရှိစေသော
စာသားများကို သူ့ဘာသာ သဘောတရားနှင့် လျော်ညီစွာ ရေးသားထားပါသည်။



Saturday, March 15, 2008

အတော်အတန်ကြာပြီ ဖြစ်သော ၊ မှတ်မှတ်ရရ ပြောရလျှင်တော့ လပေါင်းများစွာ ကင်းကွာခဲ့ရသော နယ်မြေ တစ်ခုသို့ ကျွန်တော် ဒီနေ့ ခြေချဖြစ်ခဲ့သည်။ ထိုနေရာသို့ မသွားခင် အ၀တ်အစား လဲလှယ်ကတည်းက ကျွန်တော် စိတ်ထဲ လန်းဆန်းတက်ကြွနေခဲ့ရသည်။ ထိုနေရာနှင့် သက်ဆိုင်သော ဖိနပ် ၊ အ၀တ်အစားတွေကလဲ
အရှင်သခင်ကို စောင့်မျှော်နေခဲ့တာ ကြာခဲ့ပြီ။ ဖုန်း ၊ ကျောင်းသားကဒ် ၊ အဆောင်ကဒ်တို့ကို ယူ၍ ကျွန်တော် အဆောင်မှ ထွက်လိုက်တယ် ဆိုရုံဖြင့် ရုရှားဆောင်း၏ အေးစက်စက် လေနုက မျက်နှာကို ဖြက်ခနဲ့ တိုက်ဖြက်သွားခဲ့သည်။

စိမ့်ခနဲ့ ကျောထဲဖြစ်သွားရုံနဲ့ ဒီနေ့ ရည်ရွယ်ချက်ကို ကျွန်တော် လက်လျှော့နိင်မည် မဟုတ်။ အပေါ်အကျီထဲ လက်နိုက်၍ ခပ်မှန်မှန်ပဲ ကျွန်တော်လမ်းလျှောက်ခဲ့ရင်း သွားချင်သည့် နေရာကို ကျွန်တော်ရောက်ခဲ့ပြီ။ အော်....မရောက်တာကြာပြီ ဖြစ်သော....နေရာက ကျွန်တော့်ကို မစိမ်းကားပါဘူး။ အိစက်ညက်ညော၍ လန်းဆန်းသောအေးမြသော နေရာ ၊ ဟိုးငယ်ငယ်ကတည်းက ကျွန်တော် အရှုးအမှုး စွဲလန်းခဲ့ရသော နေရာ ၊ လူပေါင်းများစွာ စိတ်ဝင်စားခဲ့သောနေရာ.... ထိုနေရာကား “ ဘောလုံးကွင်း ” ။ ပြီးခဲ့သော နွေရာသီကတည်းက မရောက်ခဲ့ရသော ဒီနေရာသို့ ကျွန်တော် ပျော်ပျော်ရွှင်ရွှင်နှင့် ခြေချခဲ့ရသည်။

ခဏကြာတော့ ကျွန်တော်တို့ ဘောလုံးပွဲ ကစားကြသည်။ ကျွန်တော်ကလွဲလို့ အားလုံးက ဗီယက်နမ် ကျောင်းသားများ။ ပွဲစပြီး မိနစ်အနည်းငယ်မှာပဲ ကျွန်တော် တစ်ဂိုးသွင်းယူနိင်ခဲ့သည်။ ဘောလုံးပွဲစကြည့်တက် ကတည်းက ရိုနယ်လ်ဒိုကို အားကျခဲ့သော ကျွန်တော် သူတစ်ဂိုးသွင်းယူပြီးတိုင်း သူ့ပုံစံ အောင်ပွဲခံပုံကို အတုခိုးခဲ့သည်။ လက်ညိုးလေး အရှေ့ထုတ်ကာ ယန်းတမ်းယန်းတမ်းနှင့် ကျွန်တော် ဂိုးသွင်းပြီးတိုင်လည်း ထိုကဲ့သို့ အတုယူလိုက်လုပ်ခဲ့သည်။ အခု ကျွန်တော့် အသက် ( ၂၄ ) နှစ် ၊ ( ၈ ) နစ်သားကတည်းက ဘောလုံးကန်တိုင်း ကျွန်တော် ဂိုးပေါင်းများစွာ သွင်းယူခဲ့သည်။ အဝေးမှ အနီးမှ ထောင့်မျိုးစုံမှ ကျွန်တော်သွင်းယူခဲ့သည့် ဂိုးပေါင်းမနည်းတော့။ ကျွန်တော်သွင်းယူခဲ့သည့် ဂိုးကြောင့် ဆုတံဆိပ်ပေါင်းများစွာ ရခဲ့ပါသည်။ အင်္ကျ ၊ ဘောလုံး ၊ အရုပ် ၊ ဆု ။ ဒီနေ့ထက်ထိ အိမ်မှာ တယုတယ သိမ်းထားတုန်း။ သို့သော် ဒီလာခါနီးတုန်းကတော့ ကျွန်တော့်နာမည်နဲ့ အမှတ်တရ ဘောလုံးအကျီင်္များကိုတော့ ညီငယ်များကို အကုန်လက်ဆောင် အဖြစ် ပေးခဲ့သည်။ ၀မ်းတော့ ၀မ်းနည်းသား။

ရီဗယ်လ်ဒိုလို ဂိုးပေါင်း တစ်ထောင် မပြည့်ခဲ့ပေမယ့် ကျွန်တော်သွင်းယူခဲ့သည့် ဂိုးများအတွက်တော့ ကျွန်တော် အမြဲ အမှတ်တရ ဂုဏ်ယူနေခဲ့ရသည်။ ဒီနေ့ထိတိုင်လည်း သတိရနေခဲ့ရပါသည်။ ရပ်ကွတ်ထဲမှ မည်သည့်ကွင်း ၊ မည်သည့်မြေနေရာ လွတ်မဆို ကျွန်တော် ခြေမချခဲ့ဘူးသည့် နေရာမရှိခဲ့။ ကျောင်းမှ ပြန်လာတိုင်း ကျောင်းစိမ်းအကျီကို ဘယ်တော့မှ မချွတ် ၊ ပုဆိုးနဲ့ လွယ်အိတ်ကို အိမ်ပေါ်ပစ်တင်၍ အိမ်အောက်မှ ဘောလုံးကို ထုတ်ကာ ကွင်းကို ရောက်အောင်ပြေးသည်။ ရောက်သည်နှင့် ဂိုးတိုင်ကြိုလုပ်ထားကာ သူငယ်ချင်းတွေကို ဟိုကန်ဒီကန်ရင်း စောင့်နေမည်။ အကယ်၍ မရောက်လာလည်း သိပ်တော့ အကြောင်းမဟုတ် ၊ တစ်ယောက်တည်း အလိမ်အခေါ်က် ၊ ဂိုးသွင်းလေ့ကျင့်ရင်း တစ်နာရီလောက် ချွေးထွက်အောင် ကစားပြီးတာနှင့်ကျွန်တော် အိမ်ပြန်မည်။ ရေမိုးချိုး ၊ ကျူရှင်သွားမည်။ ညနေဆိုလျှင် ဘောလုံးကို လက်နှင့် ကျွန်တော်ကန်တော့သည်။ ဆိုလိုချင်တာကတော့ တီဗီဂိမ်း ပါ။

ကျွန်တော် ဘောလုံးကို အရမ်းရူးသွပ်ခဲ့ရသည်။ နိင်ငံကျော် ဘောလုံးသမား မဖြစ်နိင်မှန်းသိပေမယ့် မြို့နယ်ပွဲအဆင့်အထိတော့ ကျွန်တော်ပါဝင်နိင်ခဲ့သည်။ အခုလက်ရှိ လုပ်ကိုင်နေရသော အနေအထားမျိုးမှာပင်ကျွန်တော် ဘောလုံးကန်နိင်အောင် ၊ ဘောလုံးသမား ဘ၀မျိုးဖြစ်အောင် ကြိုးစားခဲ့သော်လည်း ဖြစ်မလာခဲ့သည့်အတွက် ရည်ရွယ်ချက် မအောင်မြင်ခဲ့ရပါ။ နောက်ဘ၀ ရောက်လျှင်တော့ ကျွန်တော် အောင်မြင်သော ဘောလုံးသမားဖြစ်ချင်သည်။


အိမ်မက်....သခင်



အိမ်မက်၏ သခင်
အကြွင်းမဲ့ ချစ်ခြင်း၌ အသက်ဝင်ယုံကြည်ခြင်းဖြင့်
အကျွနုပ်၏ မျှော်လင့်ခြင်း ၊ မြတ်နိးခြင်း တို့အား
သခင် မွေ့လျော်စံပျော်ရာ အိမ်မက်တောအုပ်အစပ်၌
ယဇ်ပူဇော် ထားပါ၏

ချိုသာညက်ညောသော ဂီတတွင်
သီဆို တီးမှုတ် ခြင်းဖြင့်
သခင်မ နစ်မျောတော်မူပါ

ထုံအီ သင်းပျံသော ရနံအပေါင်းတို့အား
သခင်မ နမ်းရှိုက်တော်မူပါ

ထိုအပြုတို့အတွက်
ဆုတောင်းသော ရလဒ်ကတော့
အမိုက်အမဲ၏ အိမ်မက်ထဲသို့ အမြဲလာရောက်
စောင့်ရှောက်တော် မူပါ အရှင်




Friday, March 14, 2008

The Water Horse




ဇာတ်လမ်းကောင်း ကြည့်စေချင်လို့ဘလော့ဂ်ဂါ ညီအစ်ကို ၊ မောင်နှမတွေကို မျှဝေလိုက်ပါတယ် ။ ဇာတ်လမ်း အစမှာ ခရီသွား လူငယ်စုံတွဲတစ်တွဲဟာ စားသောက်ဆိုင်မှာ ချိတ်ထားတဲ့ ဓတ်ပုံတစ်ခုကို အစစ်အမှန် ဟုတ်၊ မဟုတ်ငြင်းကြရင်း အနီးနားက စားပွဲမှာ ထိုင်နေတဲ့ အဘိုးအို တစ်ယောက်က ထိုအရာမှာ တကယ့်အစစ်အမှန်ဖြစ်ကြောင်း ၊ စိတ်ဝင်စားလျှင် သူပြောပြပါရစေ ဆိုပြီး ဇာတ်လမ်းကို စထားပါတယ်။

ဒီဇာတ်ကားမှာ အဓိက သရုပ်ဆောင်ကတော့ Angus MacMorrow လို့ခေါ်တဲ့ ဗြိတိန်ကောင်လေး တစ်ယောက်ဟာ ပင်လယ်ကမ်းစပ်မှာ ခရုလိုက်ကောက်ရင်း အမှတ်မထင် ဥတစ်လုံးကို စတွေ့ခဲ့ရာမှ .......

ထိုအကောင်လေး ကြီးလာသော အခါ ရေပြင်စောင့်ကြည့်ရေး အမြှောက်တပ်စုမှ ရေငုပ်သဘောင်္ာအမှတ်ဖြင်မှားယွင်းပစ်ခက်လာ၍ ရှောင်းတိမ်းရပုံ.......

ကောင်လေးနဲ့ water horse ကြား သံယောဇဉ်တရား ကြီးမားမှုကို ပြသထားသော

ဒေါင်းလုပ်လင့်များကတော့

http://rapidshare.com/files/30254647/III_III_III.AP1__1999__.III_III_III.part1.rar
http://rapidshare.com/files/30260132/III_III_III.AP1__1999__.III_III_III.part2.rar
http://rapidshare.com/files/30264455/III_III_III.AP1__1999__.III_III_III.part3.rar
http://rapidshare.com/files/30268722/III_III_III.AP1__1999__.III_III_III.part4.rar
http://rapidshare.com/files/30272790/III_III_III.AP1__1999__.III_III_III.part5.rar
http://rapidshare.com/files/30276314/III_III_III.AP1__1999__.III_III_III.part6.rar
http://rapidshare.com/files/30279344/III_III_III.AP1__1999__.III_III_III.part7.rar
http://rapidshare.com/files/30279357/III_III_III.AP1__1999__.III_III_III.part8.rar



မွေးနေ့ဆုတောင်း



ပိတောက်ပွင့်ရဲ့ ရနံနဲ့မှ
ဖူးပွင့်ဝေဆာ ခဲ့ရသူရေ
ဒီမှာတော့ နှင်းတွေတဖွဲ့ဖွဲ့ကြွေလို့ကောင်းတုန်း
ပြီးရင်တော့ နွေဦးရောက်လာလိမ့်မယ်


အနား ငါ မရှိတဲ့ မွေးနေ့ပွဲ
မင်းအတွက် ခြောက်ကပ်မှာတော့ စိုးတယ်ကွယ်
ဒါပေမယ့်လေ.....
ရင်ကိုရင်းလို့ လွမ်းလို့ရတဲ့ ဆု
အရှေ့လေရဲ့ ရိုက်ချက်ပြင်းပြင်းနဲ့အတူ
မင်းအတွက် မွေးနေ့လက်ဆောင် အဖြစ်
အနမ်းတွေ မင်းဆီ အရောက်ပါးလိုက်တယ်
ဖွဖွလေးရှု .....တယုတယလေး သိမ်းထားပေါ့

မင်း အနား ငါမရှိပေမယ့်လည်း
ငါအသက်ရှုသံတွေ မင်းကြားနိင်ပါစေ
မင်း အနား ငါအရောက်မလာနိင်ပေမယ့်လည်း
ငါ့ ကိုယ်သင်းနံ မင်းရှုရှိုက်နိင်ပါစေ

နေရောင်ခြည်၏ နူးညံခြင်းနှင့်
မင်းနှလုံးသားတွေ နွေးထွေးပါစေ
ပန်းတို့၏ ဂုဏ်သတင်းနှင့်
မင်း အကြောင်းတွေ မွှေးပျံပါစေ
ကြယ်တို့၏ လင်းလက်ခြင်းနှင့်
မင်း ယုံကြည်ခြင်းတွေ တောက်ပပါစေ
လမင်း၏ ဖြူစင်မှုနှင့်
မင်း ဘ၀လေး အေးမြပါစေ....လို့ ဆုတောင်းရင်း


ကြိုလင့်ပါတော့......မဝေးတဲ့တစ်နေ့
မင်းကိုချစ်လို့ ငါ့ကိုယ်ငါလက်ဆောင်အဖြစ်
မင်းဆီပြန်ခဲ့ပ့ါမယ်....အချစ်ရေ။


သူငယ်ချင်းတစ်ယောက်၏ သက်ဆိုင်သော သူမွေးနေ့အတွက် ခံစားရေးဖွဲ့ပါသည်။


Tuesday, March 11, 2008

ငါတို့ဝေးတဲ့ အခါ


တိမ်ညိုတွေ ဝေရင်တောင်
ငါက ၀မ်းနည်းတက်သူပါ အချစ်ရယ်......

ငါတို့ဝေးတဲ့အခါ
မင်း အိမ်အပြန် ညပေါင်းများစွာ
ငါ မကြိုလင့်နိင်တော့ဘူး

ငါတို့ဝေးတဲ့အခါ
အမောပြေ ရယ်စရာ ဟာသပုံပြင်စကား
ငါမပြောပြနိင်တော့ဘူး



ငါတို့ဝေးတဲ့ အခါ
အချစ်ကို တန်ဖိုးထား......မင့်မြတ်နိးရတဲ့ ကဗျာတွေ
ငါမရေးပေးနိင်တော့ဘူး

ငါတို့ဝေးတဲ့အခါ
တယုတယ “ မောင် ” လို့ခေါ်တဲ့ အသံ
ငါ မကြားနိင်တော့ဘူး

ငါတို့ဝေးတဲ့အခါ
ပျော်ရွှင် ၊ ၀မ်းနည်းခြင်း အတွက်
နားခိုးရာ ဒီရင်ခွင် ငါမခင်းကျင်းပေးနိင်တော့ဘူး

ငါတို့ဝေးတဲ့အခါ
ဘာတွေများ နှစ်သိမ့်ပေးနိင်ကြမလဲ....အချစ်ရယ်

အော်....ငါတို့ဝေးတဲ့အခါ ။ ။



Sunday, March 9, 2008



ပင်ကို ဗီဇအားဖြင့်....တစ်ကောင်တည်း
ဒါပေမယ့် ကင်းမြှီးကောက်
ကိုယ်က မတ်တပ်ရပ်နေလျက်
အားလုံးအလည်မှာ ဇောက်ထိုးဖြစ်နေတက်
ဒေါင်ကျကျ ပြားကျကျ
ဇောက်ထိုးဖြစ်နေပုံကိုက အားလုံးအလည်မှာ
ထင်ရှားသည့်အမှတ်အသား
ဘာပဲဖြစ်ဖြစ် မထီတရီအပြုံးနဲ့
အားလုံးအလည်မှာ လက်မထောင်ပြဦးမယ်။


Friday, March 7, 2008

ည၏ အလင်းအိမ်


မမြင်တာကြာလို့ .....အကြင်နာကွာသွားရင်
မေ့သွားမှာလားလေ

အိမ်အပြန် မကြိုလင့်နိင်ပေမယ့်
အချိန်မှန် မျှော်လင့်မိပေတော့
ဒီဂိမ္မာန် နွေဦးမှာ
လေရူးနဲ့ ရူးရတော့မယ်

ဟိုအရင် တစ်ခါနမ်းတော့
ရှက်ပြုံးနဲ့ တခစ်ခစ်ရယ်
ခပ်တိုးတိုး တခွန်းဆိုတယ်
“ မောင်က လူဆိုးတဲ့ ”

အပြစ်ဆိုတာ မဟုတ်
အချစ်ပိုတယ် ဆိုတာ သူသိတော့
နှလုံးသားကို လှစ်ဟာပြ
ဒီရင်ခွင်ထဲ ခဏလာနားကွယ်

လာသာလာ ရင်မနာစေရပါဘူး
ထာဝစဉ် လမင်းလို
မင်းညကမ္ဘာတွေ လင်းလက်စေရမယ် ။ ။



Sunday, March 2, 2008




ဂုဏ်ယူပါ၏
တိုင်းပြည်အတွက် ၊ လက်ရုံးသဖွယ်
အားကိုးအားထား ၊ ဖြစ်နေကြသည့်
လယ်ယာလုပ်သား ၊ ဦးကြီးများတို့

ဤနေ့ဤရက် ၊ ထိုရက်မြတ်၌
သင်စိုက်ပျိုးသော ၊ လယ်ယာမြေမှ
သီးနှံများကို ၊ စွတ်ယူစားသုံး
ပျော်မဆုံးတည့် ၊ လုပ်သားပြည်သူ
အပေါင်းတို့မှ ၊ လေးစားဂုဏ်ယူ
ဝမ်းမြှောက်ပါကြောင်း ၊ နုတ်ခွန်းဆက်သ
ဂါရ၀ပြု ၊ မေတ္တာတရား
ပို့သပါ၏ ၊ ရွှင်လန်းချမ်းမြေ့ ကြပါစေ။


မင်းနဲ့အဝေးမှာ




ကြင်နာခြင်းများ ထားခဲ့လို့ ..... ရင်ခွင်ကို မင်းဝင်လာခဲ့တာ
ကိုယ်မသိခဲ့မိပါ ဟိုအရင်အချိန်တွေသာယာလွန်းတာ
အချိန်ရှိတိုင်း အမြဲမင်းလေး အတွက်...ကိုယ်နာကျင်စွာ စောင့်မျှော်နေဆဲပါ
အချစ်ဆုံးရဲ့ နံဘေးမှာ...ရင်ခုန်ချင်မိတဲ့ အဖြစ်တွေများစွာ

ဒီအချိန်မှမင်း ကြည်နူးခြင်းများနဲ့ ရင်ခွင်တစ်ခုမှာ ပျော်မြူးလို့နေလဲ
မင်းလေးမရှိတဲ့ ဒီရင်မှာ မျှော်လင့်ဆဲပါ.......
နာကျင်လွယ်တဲ့ နှစ်လုံးသားကြားမှာ ဒဏ်ရာများစွာ သူထားရစ်ခဲ့လည်း
မမြင်နိင်တဲ့ အဝေးဆုံးကို ထွက်သွားပါရစေ

( ငါဟာမင်းမရှိတဲ့အဝေးမှာ တမ်းတနေဆဲ နာကျင်တဲ့ အလွမ်းရက်ရှည်များမှာ
ငါဟာ မင်းလေးရဲ့အဝေးမှာ တမ်းတနေဆဲ ရင်ခုန်သံများနဲ့ တစ်ယောက်တည်းပါ
ဘယ်လိုပင် ဝေး....သွားလဲ ရင်မှာအမြဲ မင်းတစ်ယောက်ကို ဖြည့်ဆည်းပေးဖို့ အသင့်ပြင်ခဲ့)

မျှော်လင့်ခြင်းများ မရှိတော့လို့ ကမ္ဘာမြေတစ်ဖက်ဆုံးကို ကိုယ်ရောက်ချိန်
မင်းလေးအတွက် အလွမ်းတွေ ကိုယ့်ရဲ့ရင်ထဲ ပြည့်နေခဲ့ပြီ
နာကျင်ခြင်းများနဲ့ လောကအလယ်.......ခံနိင်ရေစွမ်းမရှိလို့ မင်းရဲ့အချစ်ကို မျှော်လင့်မိလို့
တစ်နေ့နေ့မှာ မင်းအနားရောက်လာခဲ့မှာ

ဒီအချိန်မှမင်း ကြည်နူးခြင်းများနဲ့ ရင်ခွင်တစ်ခုမှာ ပျော်မြူးလို့နေလဲ
မင်းလေးမရှိတဲ့ ဒီရင်မှာ မျှော်လင့်ဆဲပါ.......
နာကျင်လွယ်တဲ့ နှလုံးသားကြားမှာ ဒဏ်ရာများစွာ သူထားရစ်ခဲ့လည်း
မမြင်နိင်တဲ့အဝေးဆုံးကို ထွက်သွားပါရစေ

( ငါဟာမင်းမရှိတဲ့အဝေးမှာ တမ်းတနေဆဲ နာကျင်တဲ့ အလွမ်းရက်ရှည်များမှာ
ငါဟာ မင်းလေးရဲ့အဝေးမှာ တမ်းတနေဆဲ ရင်ခုန်သံများနဲ့ တစ်ယောက်တည်းပါ
ဘယ်လိုပင် ဝေး....သွားလဲ ရင်မှာအမြဲ မင်းတစ်ယောက်ကို ဖြည့်ဆည်းပေးဖို့ အသင့်ပြင်ခဲ့)