Friday, December 5, 2008

ကျွန်တော် ငယ်ငယ်တုန်းကတည်းက ဘ၀မှာ ကြောက်ရမယ့် သူတွေရှိနေခဲ့ရတယ်။ အသက်ကြီးလာတဲ့ အခါလည်း ကြောက်နေရတဲ့ အရာတွေ ရှိနေခဲ့တုန်းပဲ။ ဒါဟာ ကျွန်တော့်ရဲ့ မပြည့်စုံမှု ၊ အတွေ့အကြုံ မရင့်ကျက်မှု တွေနဲ့လည်း သက်ဆိုင်ချင် သက်ဆိုင်ပါလိမ့်မယ်။

ကလေးအရွယ်တုန်းက ကျွန်တော်တို့နဲ့ ၃ လမ်းကျော် အကွာက ညွှန့်ဝင်းထွန်း ၊ ဘဲဥ ၊ ကျော်မိုး ဆိုတဲ့ ကလေးတအုပ်နေကြတယ်။ တခြားနာမည်တွေတော့ မမှတ်မိတော့ပါဘူး။ ကျွန်တော် အမေက ငယ်ငယ်တုန်းက အသုပ်ဆိုင်လေး ဖွင့်ရောင်းတော့ မနက်တိုင်း ၊ ညနေတိုင်း ခေါက်ဆွဲတွေကို ဈေးမှာ သွားဝယ်ရတယ်။ ဈေးကလည်း ကျွန်တော်တို့နဲ့ မဝေးပေမယ့် ဈေးကိုသွားမယ့် လမ်းမှာ အဲဒီကလေး တစ်အုပ်နေထိုင်ကြတယ်။ သူတို့က ကျွန်တော့်ကို တွေ့တိုင်း လမ်းမှာ ပိတ်ပြီး စကြ နောက်ပြောင်ကြတယ်။ ကျွန်တော်ကလည်း ကလေးကလေး ချင်းတောင် လူကောင်က ပိုသေးတော့ သူတို့အတွက် အနိင်ကျင့်စရာ ၊ စချင်နောက်ချင် စရာဖြစ်နေတော့တာပေါ့။

သူတို့က ကျွန်တော်သွားမယ့် လမ်းမှာ ပိတ်ပြီးရပ်တယ် ၊ ပြီးရင် လက်နဲ့ တွန်းထိုးလုပ်တယ် ၊ တခါတလေဆို ဘောင်းဘီကို ဆွဲချွတ်တာတို့ ၊ လက်ထဲက အမေ၀ယ်ခိုင်းလိုက်တဲ့ ခေါက်ဆွဲထုပ်ကို ယူပြေးတာတို့ လုပ်တက်ကြတယ်။ ကျွန်တော့်မှာ ရှက်ကလည်း ရှက် ၊ ဒေါသကလည်း ထွက် ၊ အမေကလည်း နောက်ကျလို့ ဆူမှာကို တွေးပြီး ကြောက်နေရသလို ၊ ဒီကောင်တွေကို ပြန်ပြောရင်လည်း သူတို့က လူကောင်လည်း ကြီးတဲ့ အပြင် ၊ လူအုပ်ကလည်း များတာကြောင့် ၊ နောင်လည်း အမြဲတမ်းတွေ့နေရမှာ ဆိုတော့ ကျွန်တော်မှာ ပြန်လည်း မပြောရဲ ၊ သူတို့လုပ်သမျှ ငြိမ်ခံနေရခဲ့ရတယ်။ ဖြစ်နိင်ရင် အဲဒီကောင်တွေ နေတဲ့လမ်းက ကျွန်တော် မသွားချင်ဘူး။ တက်နိင်သမျှ ရှောင်ရှားခဲ့တယ်။ နောက်ပြီး အမေက ရန်မဖြစ်ရဘူး ၊ ရန်မဖြစ်၇ဘူးလို့ အမြဲတမ်း မှာထားတာ မဟုတ်လား ။ အခုတော့ သူတို့ကို ကျွန်တော် မကြောက်တော့ပါဘူး။ ကြောက်တယ်ဆိုတာထက် ကိုယ်အသားနာခံရမှာမို့ စိတ်ကို ထိန်းခဲ့ရတာပါ။ သူတို့ကလည်း အခုတော့ လူလတ်ပိုင်း အရွယ်တွေရောက်လို့ ကိုယ့်လုပ်စရာ ရှိတဲ့ အလုပ်တွေကိုယ်စီနဲ့။ လမ်းမှာတွေ့ရင် ရီပြနုတ်ဆက်ကြနဲ့။ ဒါပေမယ့် ငယ်ငယ်တုန်းကတော့ သူတို့လူစုကို ကျွန်တော်ကြောက်ခဲ့ရတယ်။




နောက်တစုကတော့ လမ်းထိပ်က လူစု။ သူတို့လည်း အတူတူပဲ ။ သူတို့လူစုက အကောင်ပိုကြီးတယ်။ လူအုပ်လည်း တောင့်တယ်။ ရပ်ကွက်ထဲမှာ သူတို့က ကလေးချင်းမပြောနဲ့ ကိုယ့်ထက်အသက်ကြီးတဲ့ လူငယ်တွေကိုတောင် အုပ်စုလိုက် ရိုက်ပစ်တာ ၊ ထိုးပစ်တာတွေ လုပ်တက်ကြတယ်။ ကျွန်တော်က အဲဒီလူစု ၂ စုတည်ရှိတဲ့ အလယ်မှာ နေရတဲ့လူ။ ဒါပေမယ့် လမ်းထိပ်က လူစုထဲမှာ ကျွန်တော်နဲ့ အမျိုးတော်တဲ့ သူရချို ဆိုတဲ့ သူပါတော့ ကျွန်တော်က သိပ်တော့ အဖြဲမခံရဘူးပေါ့။ ဒီကောင်နဲ့ကလည်း ကျောင်းက စာသင်ခန်းမှာ အတူတူထိုင်တာကြောင့် အေးရာအေးကြောင်းပါပဲ။ သူတို့လူစုက ဘဲဥတို့ လူစုထက် ပိုက်ဆံချမ်းသာကြတယ်။ ဖြစ်လာလိုက်ရင် မိဘက ပိုက်ဆံနဲ့ ရှင်းပေးနေကြဆိုတော့ အငြိမ်းပဲပေါ့။ ကံဆိုးတာကတော့ သူတို့တွေက အခုထိ ရပ်ကွက်ထဲမှာ အရက်သောက်လိုက် ၊ မိန်းမကိစ္စကြောင်လိုက်နဲ့ပဲ အခုထိ အချိန်ကုန်နေတုန်း။



နောက်တခု ကျွန်တော်ကြောက်ခဲ့ရတာက ၄ တန်းတုန်းက ကျောင်းမှာပါ။ သူ့နာမည်က တင်မိုး။ သူ့အဖေက ဆိုက်ကားနင်းပါတယ်။ ဒီတော့ သူကလည်း အားရင်အားသလို နင်းတော့ ဆိုက်ကားနင်းတော်တော် ကျွမ်းတယ်။ ပုံဆွဲလည်း အရမ်းတော်တယ်။ ကျွန်တော်တောင် ကြီးလာရင် ပန်းချီဆွဲစားလို့ မျက်နှာရလို ရငြားပြောဖူးတယ်။ သူ့ကိုကြောက်တာက ဒီကောင်က စရိုက်အရမ်းကြမ်းတယ်။ အခန်းထဲမှာ သူနဲ့ အခန့်မသင့်လို့ ရန်ဖြစ်ပြီဆိုတာနဲ့ အဲဒီဖြစ်တဲ့ကောင် မျက်လုံးညိုချင်ညို ၊ မညိုချင် တစ်နေရာရာမှာတော့ သွေးထွက်သွားအောင် သူက လုပ်ပစ်တက်တယ်။ တင်မိုးနဲ့တော့ ရန်မဖြစ်ဘူးပါဘူး။ ကျွန်တော်ကလည်း ရှောင်တာကိုး။ နောက်တခုက ကျွန်တော်က ဘောလုံးနည်းနည်းပါးပါး ကန်တက်တော့ သူက ကလေးချင်း ပိုက်ဆံကြေး ကန်ရင် ကျွန်တော့်ကို ခေါ်ခေါ်ကန်တယ်။ အခုတော့ တင်မိုးလည်း ဘယ်ဆီရောက်လို့ ရောက်နေမှန်း မသိတော့ပါဘူး။ တခါတလေ ရပ်ကွက်ထဲမှာ ဆိုက်ကားတစ်စီးနဲ့ တွေ့ရတက်တယ်။ သူက ကျွန်တော့်ကို မမှတ်မိပေမယ့် ကျွန်တော်ကတော့ သူ့ကို ကောင်းကောင်းသိတယ်။ သူကို ကျွန်တော်က ကြောက်ခဲ့ဖူးတာကိုး။

ဒါနဲ့ မူလတန်းအောင်လို့ ၊ အခြေခံပညာအထက်တန်းကျောင်းကို တက်ရပြီပေါ့။ တင်မိုးနဲ့ လွတ်ပေမယ့် ရပ်ကွက်ထဲက ကောင်တွေနဲ့တော့ အလိုက်သင့်ပေါင်းနေရတုန်းပါပဲ။ တင်မိုးရန်က လွတ်လို့ တော်တော်ပျော်ရွှင်ခဲ့ရတဲ့ ကျွန်တော်ဟာ သိပ်မကြာခင်မှာပဲ ဒုတိယတင်မိုးကို တွေ့ရတော့တာပါပဲ။ သူတို့က တင်မိုးထက် လူကောင်လည်း ကြီးတယ် ၊ စရိုက်ကလည်း ကြမ်းတယ် ၊ စာမေးပွဲကို ၁ တန်းကို ၂ နှစ်ဖြေပြီး အောင်နေကြတာ။ နာမည်တွေက ဇေကြီး နဲ့ ညီညီထွန်း။ ရိုသေမှုအရဆိုရင်တော့ ကိုဇေကြီး ၊ ကိုညီညီ ပေါ့။ သူတို့က အတန်းက မော်နီတာတွေပါ။



သူတို့ကတော့ ကျွန်တော်တို့ကို ပေါ်တင်ကြီး အနိင်ကျင့်တာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အတန်းပိုင်ဆရာမက အတန်းကို ငြိမ်အောင်လုပ်ထားဆိုပြီး အပ်ထားခဲ့လို့ကတော့ သေဖို့သာပြင်ထားပဲ။ သူတို့လက်ထဲမှာ လမ်းထဲက ရေပိုက်ထည့်တဲ့ ၁ ပေကျော်ကျော် ပိုက်ကြိုး အပြက်တွေ ရှိတယ်။ အဲဒီအပြက်တွေနဲ့ စကားများနေတာတို့ ၊ လှုပ်လှုပ်ရွရွလုပ်နေတာတို့ ဆိုရင် ရိုက်တာတို့ ၊ ကောက်ပေါက်တာတို့ လုပ်တက်တယ်။ သူ့ကို ဆရာမအပ်သွားပြီဆို အကုန်လုံးက မှောက်အိပ်နေရတယ်။ အသံလည်း မထွက်ရဘူး။ တခါ ကောင်မလေးတစ်ယောက်။ သူက ကျောင်းပြောင်းလာတာ။ အခြေအနေမသိပဲ စကားထများလို့ ဇေကြီးက အသစ်ဆိုတော့ ထဟောက်တာပေါ့။ စကားမများနဲ့ ပြောနေတာ မကြားလားဆိုတော့ ဟိုကောင်မလေးကလည်း မခံဘူး။ ဘာဖြစ်လဲ များတာ ၊ နင်အပူပါလားလည်း ဆိုရော မောင်ဇေကြီးခဗျာ အာလုံးရှေ့မှာ မိန်းခလေးက သူ့ကို ပြန်ပြောရမလားဆိုပြီး သူနဲ့နီးစပ်တဲ့ ခုံပေါ်က စတီးထမင်းချိုင့်နဲ့ မျက်နှာကို ကောက်ပေါက်လိုက်တာ ၊ တော်သေးတယ်ဗျာ ဟိုကလေးမက သိုင်းတက်တယ်နဲ့ တူတယ်။ မျက်နှာနားက ပွတ်ပြီး ထွက်သွားတယ်။

ထိများ ထိလိုက်လို့ကတော့ ဟက်တက်ပဲ။ တသက်လုံး အမာရွက် ဖြစ်ကျန်ခဲ့မယ် အခြေအနေမျိုး။ ဒါနဲ့ ဟိုကလေးမလည်း ကြောက်လန့်ပြီး ဆရာမသွားတိုင်တာ။ ဆရာမလည်း ဇေကြီးကို အပြစ်ပေးတာပေါ့။ ၂ ပင်လိမ် ကြိမ်လုံးနဲ့ကို ရိုက်တာ။ အဲဒီရိုက်ပြီးကတည်းက ပိုဆိုးလာလိုက်တာ သူတို့ကျောင်းထွက်သွားမှ သက်ပြင်းချနိင်တော့တယ်။ မနက်ဆို ကျောင်းမှာ သူတို့နဲ့ တွေ့ရမှာ တော်တော်ကို ကြောက်တာ။ အဲဒီတုန်းကတော့ တတန်းလုံး ကြောက်နေရတာပါ။ သူတို့သတင်းကတော့ ဘာမှ မကြားရတော့ပါဘူး။ စိတ်ထဲမှာတော့ မဟုတ်မခံစိတ်ရှိနေပေမယ့် အခုအခြေအနေတွေက မဟုတ်လည်း ကိုယ်ပဲ ခံရမှာဆိုတော့ ငြိမ်နေရတယ်။ တခါတလေ ယောင်္ကျားလေးကို ကိုယ်တစ်ယောက်တည်း မွေးပေးတဲ့ အဖေနဲ့အမေကို စိတ်တိုချင်တယ်။ တစ်ချို့ဆို အစ်ကိုဖြစ်ရင် ညီကကူ ၊ ညီဖြစ်ရင် အစ်ကိုက ကူနဲ့။ ကျွန်တော်ကတော့ တစ်ယောက်တည်း။

နောက်တခု ကြောက်တာက စာအုပ်ကိစ္စ။ ကျွန်တော် ငယ်ငယ်တုန်းက ညတိုင်းမဟုတ်တောင် အဖေက မောင်နှမတွေအတွက် တစ်ယောက်ကို မုန့်ဖိုး ၂ ကျပ် ဆီပေးလေ့ရှိတယ်။ အခုခေတ်နဲ့တော့ ၂ ကျပ်ဆိုတာ တော်တော် ရီဖို့ကောင်းမှာ သေချာသလောက်ပဲ။ အဲဒီတုန်းက စာအုပ်အငှားဆိုင်မှာ နောက်ဆုံးလမှ ထွက်တဲ့ ကာတွန်းဖြစ်ဖြစ် ၊ စာအုပ်ဖြစ်ဖြစ် အများဆုံး ၅ ကျပ်ပဲပေးရတယ်။ ၁ ရက်ငှားခပေါ့။ အိမ်မှာ စာဖတ်ဝါသနာ ပါသူက ကျွန်တော်တစ်ယောက်တည်း ရှိတာကြောင့် ကိုယ်တစ်ယောက်တည်း စာအုပ်ဖိုး ပေးလိုက်ရတဲ့ ငွေဟာ ၊ ကိုယ့်အတွက် စားစရာ မကျန်တော့တာကြောင့် အမြဲပဲ စာအုပ်အပ်ခါနီးတိုင်း ဒုက္ခရောက်ရတယ်။ ကလေးဆိုတော့ တခါတလေ စားစရာဝယ်စားလိုက်ရင် စာအုပ်မအပ်နိင်တော့တာကြောင့် ငွေတိုးချေးထားတဲ့ အတိုင်းပဲ ရက်ကျော်ခတွေပါ ပေးရကာ နောက်ဆုံး ၂ ကျပ်တန် စာအုပ်ခဟာ ၅ ရက်လောက်နေမှ အဖေ့ကို ပြောဖြစ်တော့ ၁၀ ဖြစ်လို့။

၃ ၊ ၄ ရက်လောက် စာအုပ်မအပ်နိင်တော့ပြီဆိုရင် ကျွန်တော့်မှာ မျက်နှာက ငိုချင် သလိုလို ဖြစ်နေပါပြီ။ စာအုပ်ဆိုင်က လာတိုင်မှာလည်း ကြောက်ရသေးတယ်။ တခါတလေ စည်းကမ်း မရှိလို့ ပျောက်သွားခဲ့ပြီ ဆိုရင် ၅၀ မျိုး ၊ ၁၀၀ မျိုးလျှော်ရတာဆိုတော့ အဖေ့ကိုလည်း မပြောပြရဲဘူး။ ဒီတော့ စာအုပ်က ဖတ်ချင် ၊ စာအုပ်ငှားဖတ်ရင် ဖြစ်လာမယ့် ပြဿာနာတွေကို တွေးပြီး ကြောက်မိတယ်။

အရွယ်ရောက်လာတော့ ကိုယ်ရတဲ့ လခလေးနဲ့ စာအုပ်တွေ ငှားရုံတင် မဟုတ်ဘဲ အပိုင်ကို ၀ယ်လိုက်တော့တယ်။ အများဆုံး ၀ယ်ဖြစ်တာက ဆရာချစ်ဦးညိုရဲ့ စာအုပ်တွေပါ။ ဒါတွေအားလုံးက ငယ်ငယ်တုန်းက ရှိခဲ့တဲ့ အကြောက်တရားတွေပေါ့။ အခုတော့လည်း ပြန်တွေးကြည့်ရင် ပြုံးမိတယ်။ ဒါပေမယ့် အဲဒါတွေကို ကျွန်တော် တကယ်ကြောက်ခဲ့ရတယ်။ နောက်တခါ အချိန်ရရင် ကြီးလာတော့ ကြောက်ရမယ့် အဖြစ်တွေကို ရေးပါဦးမယ်။

စာဖတ်သူအား အစဉ်လေးစား ၊ ကျေးဇူးတင်လျက်

5 comments:

ဟန်လင်းထွန်း said...

ကြောက်စရာကောင်းတဲ့အရာ လူတွေက ငယ်ငယ်တုန်းက မှ မဟုတ်ဘူး။ ကြီးလာတဲ့အခါမှာလည်း ကြုံတွေ့ရတယ်ဗျ။ အဓိကတော့ ငဲ့ညှာစဉ်းစားမှုကြောင့် ဖြစ်မယ်ထင်တယ်

khin oo may said...

ဟုတ်တယ် ဘာမှန်းမသိဘဲ ကြောက်လို့ ပြောမထွက်တာနဲ့ အားနာလို့ပြောမထွက်တာနဲ့ နောက်ဆုံ့းမှာ ကိုယ်ဘဲ ခံလိုက်ရတာပါ။

khin oo may said...

ညက မြင်လိုက်တယ်။ တိတ်တိတ်လာသွားတယ် ဆိုလို့မနူတ်ဆက်တော့ဘူး.
ဒီကပိုစ်လာဖတ်ရင်းနဲ့ စဥ်းစားသွားသေးတယ်။ ဆရာဝန် တွေ အကြောင်းေ၇းတာ တိုက်ဆိုင်သွားတယ် ဆိုပြီး မတိုင်ပင်ဘဲနဲ့၊
တို့ပိုစ် ကို လူသိတ်မကြိုက်ပေမဲ့ တို့အားရတယ်။ ရုပ်ရှင်ရိုက်သလိုပေါ့ အလှကား မရိုက်ဘဲနဲ့ သဘာဝ ကားကို ရိုက်ပြ လိုက်ရသလိုမျိုး အနုပညာပါတယ် လို့ ကိုင်္ယကိုကိုယ်ခံစားမီသွားတယ် :P

ကြယ်ပြာ said...

ဆိုးသွမ်းရေ .. .တိုက်ဆိုင်တယ်လို့ပဲပြောရမယ်ထင်တယ် …
မနေ့ညက ကြောက်စိတ်ဆိုတဲ့စာအုပ်ထဲက ဆောင်းပါးတွေကို သိပ်သဘောကျခဲ့လို့
အဲ့ဒီစာအုပ်ထဲက တချို့ကို သူငယ်ချင်းတွေကို ဝေမျှဖို့ ပို့စ်အဖြစ်တင်မယ်လို့ စိတ်ကူးနေတာ … ဆောင်းပါးကရှည်တော့ မရိုက်ဖြစ်သေးဘူး … ခု ဒီဘလော့ကိုရောက်တော့လဲ ကြောက်စိတ် တွေအကြောင်းရေးထားတယ် …. အစ်မတို့မြန်မာလူမျိုးတွေက ကြောက်စိတ်ဆိုတာနဲ့ ရိုသေသမှု့ဆိုတာနဲ့ကို ရောထွေးပြီး အရာတော်တော်များများကို ခေါင်းငုံ့ခံတတ်တာ အရိုးစွဲနေကြပြီလေ …

Anonymous said...

ငယ်ငယ်ကနေကြီးတဲ့အထိ ကြောက်ရမယ့်သူက
တစ်နည်းမဟုတ်တစ်နည်းနဲ့ ပေါ်နေတတ်တာ သဘာဝလား မသိ၊
စာအုပ်ရက်ကျော်တိုးတွေတက်တဲ့ ဒုက္ခ ခံဖူးတယ်
ပိုစ့်လေးထဲက အတိုင်းကွက်တိပါပဲ ...
ပြန်တောင် လွမ်းသွားတယ်ဗျာ ... အဲ ကာလကို ... ။

ခင်မင်လေးစားမှုများစွာဖြင့်