Friday, December 19, 2008

သတိရတယ်......အမေ


ကိုယ့်အထုပ်ကိုယ်ဆွဲ
ကိုယ့်အနာဂတ် ကိုယ်ပြန်သယ်လို့
မနာတမ်း လျှောက်လှမ်းနေရတဲ့ ဘ၀မှာ

အမေမျက်နှာ ပျက်အောင်တော့
ကျွန်တော့်သမိုင်း အညစ်မခံစေရပါဘူး

ဖုန်တွေကထူ ၊ ဆူးတွေက ဒင်းကြမ်းအပြည့်နဲ့
မိဘတိုင်း သားသမီးနဲ့ ဝေးကွာနေရတဲ့ဘ၀ကို
အမေမလိုချင်သလို ဘယ်သူမှ မလိုချင်ဘူး....အမေ

ကိုယ့်ယုံကြည်ချက်နဲ့ ကိုယ် ခွဲခွာခဲ့ရတော့
အမေ့ကိုမှန်းကန်တော့နေရတဲ့ ...နေ့ရက်တွေများလာခဲ့
အမေ့မျက်နှာ အရင်လို လှနေဆဲလား
အမေ့အသားအရေတွေ အရင်ကလို စိုပြေနေဦးမလား
အမေ...တစ်ယောက် နေမှကောင်းပါ့မလား
စိုးရိမ်စိတ်တခုနဲ့
လစဉ်မဟုတ်တောင် အမေ့ဆီ ငွေပုံမှန်ပို့ချင်ခဲ့တယ်
ကျွန်တော့် ရတဲ့လုပ်အားခလေးနဲ့ အမေကို ၀မ်းဝစေချင်လွန်းလို့

ဘ၀ရဲ့ အထုထောင်းကို ကြံကြံခံရင်း
တဖက်က အနေဝေးတဲ့ သားသမီးတွေအတွက်
စိပ်ပုတီးကိုတောင် အမေလက်က မချရဲခဲ့ရှာဘူး

အားတင်းထားပေါ့...အမေ
ခေတ်တွေကမပြောင်း...စနစ်တွေကလည်း မဟောင်းသေးသ၍
အမေနဲ့သား.....အလွှာခြားသလို
ကမ္ဘာလည်း ခြားနေလိမ့်ဦးမယ်


( အဝေးရောက် သားများသို့ )




13 comments:

စန္ဒီမိုးမြင့် said...

ကိုကြီး
အဝေးရောက်သားတစ်ယောက်ရဲ့ ခံစားချက်က ပြင်းရှ လွန်းလှပါတယ်
ထပ်တူခံစားရပါတယ်
ဆန္ဒနဲ့ ဘ၀ ထပ်တူ ကျပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်
လေးစားလျက်
စန္ဒီမိုးမြင့်

Anonymous said...

ကျနော် အမေ့ကို လတိုင်းမပို့ဖြစ်ဘူး =( အမေ့ကို လွမ်းတယ် ပြီးတော့ သနားတယ် အဝေးရောက် ခပ်ညံ့ညံ့သားတစ်ယောက်ပါ။

Anonymous said...

သားတွေက အမေတွေကိုပိုချစ်ကြတယ်နော် ...
အမေတွေကလဲ သားတွေကိုပိုချစ်ကြတယ် ...
ဒီကဗျာလေးဖတ်ရင်း အဖေ့ကိုရော၊ အမေ့ကိုရောလွမ်းတယ် ...

Anonymous said...

ကဗျာလေးဖတ်ပြီး ခံစားသွားတယ်...အဆင်ပြေပါစေ

လင်းဒီပ said...

ထပ်တူခံစားသွားပါတယ်..ကိုယ်လည်း အဝေးရောက်ပဲလေ..

လင်းဒီပ said...

ထပ်တူခံစားသွားပါတယ်..ကိုယ်လည်း အဝေးရောက်ပဲလေ..

လင်းဒီပ said...
This comment has been removed by the author.
mgngal said...

အာလုံးအတွက်တဲ့လား အစ်ကိုရာ ။ သေချာပါတယ်
အားလုံးအတွက်ပေါ့ ။ ထပ်တူကျသူတွေ ပေါင်းစုနေတာကိုး
ဒီရပ်ဝန်းမှာက ။

Apprenticeship said...

သမီးတွေအတွက်တော့ မပါဘူး:P အင်းလေး ခေတ်ကြီးပြောင်းမှာကို စောင့်နေတာထက် ဒီခေတ်ရဲ့ Renaissance တွေဖြစ်ရင်ပိုမကောင်းဘူးလား ငါတို့အနာဂါတ်ထက် ငါတို့သားသမီးတွေအထိ ဒီလိုကဗျာစာတွေ မဖတ်ချင်နေတော့ဘူး။ တွေ့လား အန်သာအန်ချလို့ ကဗျာကောင်းတွေဖြစ်ဖြစ်သွားရော။ မကောင်းဘူးလား :P

Anonymous said...

ဟုတ်တယ်ဗျာ အမေ့ကိုလွတ်လွတ်လပ်လပ် မလွမ်းရဲဘူး၊ ဘာမှလုပ်မပေးနိုင်သေးလို့၊

HAPPY CLOUD said...

ကျနော်လည်း အမေလွမ်းနေတာဗျာ... ကလေးဘ၀တမ်းတရင်း အမေကို ပိုလွမ်းနေမိတယ်..
ဖိုးမောင်

Anonymous said...

ဒီကဗျာလေးက နှလုံးသားထဲရဲ့ အနက်ရှိုင်းဆုံးထဲကို စီးဝင်ပျော်ဆင်းခဲ့တယ် ...
အမေတစ်ယောက်ရဲ့ မေတ္တာ ဆိုတာ ကြီးကျယ်မြင့်မြတ်တဲ့၊ အနှိုင်းမဲ့တဲ့၊ အတိုင်းအတာမဲ့တဲ့၊ ဘယ်တော့မှ ရိုးမသွားတဲ့ ကဗျာ လေးတစ်ပုဒ်ပါ ....
အဝေးရောက်သားတစ်ယောက်အနေနဲ့ ရင်ထဲမှာ ထပ်တူထပ်မျှခံစားလိုက်ရပါတယ် ...
အမေ့ကိုလည်း သိပ်လွမ်း၊ သိပ်သတိရသွားတယ်ဗျာ ... ။း(

mysterysnow said...

ကိုဆိုးသွမ်း
အမေကိုချစ်နေသရွေ့ တိုင်တည်နေသရွေ့ အစ်ကို့ ဘဝလေး အေးချမ်းနေမှာပါ။
အမေကို ချစ်တဲ့သူတိုင်း ကို ကိုယ်ချင်းစာပါတယ်။