Tuesday, December 23, 2008

ခေါင်းစဉ်မဲ့


ချစ်သူတွေ အိပ်စက်နေကြတာ.....
သွားမနိးလိုက်ပါနဲ့....၊
ရာသီဥတုကိုက ဆိုးလွန်းတယ်။

နှစ်ယောက်သား အတူလျှောက်ခဲ့တဲ့ စင်္ကြန်မှာ
သစ်ရွက်ကြွေသံတွေကလွဲလို့...
ကြွေကွဲမှုနဲ့ တိတ်ဆိတ်

အလွမ်းတွေ အပြည့်အသိပ်နဲ့
ကိုယ့်ရင်ဘတ်ကိုယ်ပိတ်ထားတဲ့
အခန်းတံခါးတွေ ရှိတယ်.....။

ဟောဒီ...မှန်ပြတင်းရဲ့ အပြင်ဘက်မှာ ပူပြင်း
ပိုးစိုးပက်စက် သေနေတဲ့ နေ့လည်ခင်းတခုပဲရှိ.......၊
ကိုယ့်အရိပ်တွေ ရှည်လျားလာတာကို
ကြည့် ကြည့်ရင်း
အထီးကျန်ခြင်းဆိုတာ
တစ်ယောက်တည်း အသက်ရှုရင်းသေနေတာ......လို့
သိလာတယ်။

သွားမနိးလိုက်ပါနဲ့....
ချစ်သူတွေ အတူတူ အသက်ရှုရတဲ့ တန်ဖိုးက
ကမ္ဘာကြီး ပိုင်စိုးရတာထက် သာတယ်။

ဟောဒီ နွေရာသီတစ်ခုလုံး ပုပ်သိုး
ချစ်သူတွေ အိပ်စက်နေကြတာ....မနှိုးလိုက်ပါနဲ့
သူတို့တွေ....ကံဆိုးပြီဆိုတဲ့အကြောင်း
နည်းနည်းဖြစ်ဖြစ်
နောက်ကျပြီး သိရတာ ကောင်းတယ်။

( မင်းခိုက်စိုးစန် )


5 comments:

Anonymous said...

ကောင်းလိုက်တဲ့ ကဗျာ၊ တော်လိုက်တာ၊ ကဗျာကောင်းတပုဒ် ထုတ်လိုက်ပြန်ပြီ ကိုဆိုးသွမ်းတို့ကတော့လို့ ချီးမွမ်းမယ်ကြံသေး၊ မင်းခိုက်စိုးစန်တဲ့၊ ဘာပြောပြော ကျေးဇူးတင်တယ်ဗျာ၊ ကဗျာကောင်းလေးတွေ တင်ပေးလို့။

Anonymous said...

ဒီကဗျာကို ခုမှဖတ်ဖူးတယ် .. ဒါပေမယ့်တော်တော်လေးသဘောကျတယ် ...ကျေးဇူးဗျိုး ...

Apprenticeship said...

အပုတ်ကောင်းကြီးသယ်နေမဲ့ အတူတူ အမြန်သာသိလိုက်ချင်တယ်

Anonymous said...

တစ်ခါတစ်လေတော့လည်း မသိခဲ့တာ၊ မသိသေးတာ၊ မသိတာ တွေက ပျော်ရွှင်ခြင်းကို ဖြစ်စေတယ်လို့ ထင်မိတယ် ကိုဆိုးသွမ်း ...ဥပမာ သေမယ့်နေ့ကို မသိတာမျိုးပေါ့လေ ...
မင်းခိုက်စိုးစန်ကဗျာတွေကို သဘောကျနှစ်သက်နေတဲ့ ရင်ဘတ်တူ လူတစ်ယောက်ပါပဲ ... ။

Anonymous said...

i agree your idea ! very nice blog