Thursday, December 4, 2008




Date Of Birth - June 14 , 1928
Place Of Birth - Rosario , Argentina
Date Of Death - 1967 Oct ( 9 )
Place Of Death - La Higuera , Bolivia
Religion - Atheist



သူက ကဗျာကိုလည်း အရူးအမူး စွဲလန်းခဲ့ပါသည်။ “ ပက်ဘလိုနီရူဒါ ” ၏ ကဗျာများအား အာဂုံဆောင် နိင်သည်အထိ ဖတ်ခဲ့၏။ ဖခင်က လက်ဝဲ၀ါဒီ တဦးဖြစ်၍ သူ့ဖခင်၏ စာကြည့်ခန်းတွင် ကားမတ်ခ်၏ ကျမ်းများက ရှိပြီးဖြစ်သည်။ ထို့ကြောင့် ထိုကျမ်းများကိုလည်း လေ့လာခွင့်ရခဲ့၏။

၁၉၄၇ ခုနှစ်တွင် သူသည် “ ဗွေနိဇာရီး ” တက္ကသိုလ်တွင် ဆေးပညာ သင်ယူခဲ့သည်။ ထိုတက္ကသိုလ်မှပင် ဒေါက်တာဘွဲ့ ရရှိခဲ့၏။ ၁၉၅၁ ခုနှစ်တွင် ဆေးတက္ကသိုလ်တက်ရင်း ခွင့်ယူ၍ သူငယ်ချင်းတစ်ဦးနှင့် အတူ မော်တော်ဆိုင်ကယ် တစ်စီးနှင့် လက်တင် အမေရိကတိုက်တလွှား ခရီးနှင်ခဲ့ကြသည်။ ချီလီသို့လည်း ရောက်၏။ ၄င်းမှတဆင့် ပီရူး ၊ အီကွေဒေါ ၊ ကိုလံဘီယာ ၊ ထိုမှ ဗင်နီဇွဲလား....။ ထိုသို့ လည်ပတ်ရင်းဖြင့် ထိုခရီးစဉ်မှ သူသည် လက်တင် အမေရိကရှိ ပြည်သူတို့၏ ဆင်းရဲမွဲတေမှု ၊ လူတန်းစား မညီမျှမှုများအား တွေ့ခဲ့ရသည်။ ထိုအကြောင်းကိုလည်း သူကိုယ်တိုင် စာပြန်ရေးသားခဲ့သည်။ “ မော်တော်ဆိုင်ကယ် ဒိုင်ယာရီ ” ဟူသော နာမည်ဖြင့် စာအုပ်ထုတ်ဝေခဲ့ပါသည်။ အစတွင် စပိန်ဘာသာဖြင့် ရေးသားခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းမှ အင်္ဂလိပ်ဘာသာသို့ ပြန်၍ ထုတ်ဝေခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် ထိုစာအုပ်အား မှီး၍ ရုပ်ရှင်ပြန်ရိုက်ခဲ့ကြသည်။


၁၉၅၃ ခုနှစ်တွင် အာဂျင်တီးနား အစိုးရက ဆရာဝန်များအား အတင်းအကျပ် အမှုထမ်းခိုင်း၏။ သူက လူတယောက်ချင်း ခံစားနေရသည့် ဝေဒနာအား မကုသချင်။ ဤတွင် သူသည် အာဂျင်တီးနားမှ တိမ်းရှောင် ထွက်ခဲ့တော့၏။ ပီရူး ၊ အီကွေဒေါ ၊ ပနားမား ၊ ကော်စတာရီကာ ၊ နီကာရာဂွား ၊ ဟွန်ဒူးရပ်စ် ၊ အဲလ်ဘာလဗာဒို ၊ ဂွာတီမာလာတို့မှ မက္ကဆီကိုသို့ရောက်ရှိလာခဲ့သည်။ မက္ကဆီကိုတွင် သူသည် ကျူးဘားမှ ဖီဒယ်ကက်စထရိုတို့ အုပ်စုနှင့် တွေ့ရာမှ ပေါင်းသင်းမိကြတော့သည်။ ထိုစဉ်က ဖီဒယ်ကက်စထရိုတို့ အုပ်စုအား “ ၂၆ ဂျေ ” ရဲဘော်များဟု ခေါ်ကြသည်။ သူတို့လူစုကား ကျူးဘား အာဏာရှင် “ ဖူလ်ဂျင်စီယို ဘာတစ္စတာ ” အစိုးရအား လက်နက်ကိုင် ပုန်ကန်ရန် ကြိုးပမ်းနေကြသည့် တော်လှန်ရေးသမား လူငယ်များ။ ကက်စထရိုတို့နှင့် ပင် သူစစ်သင်တန်း တက်ခဲ့၏။ သင်တန်းဆရာက မက္ကဆီကိုမှ ဗိုလ်မှုးကြီးဟောင်းတစ်ဦး ၊ သင်တန်းမှုး ဗိုလ်မှုးကြီးဟောင်း “ အယ်ဘာတိုဘေးယို ” က သူ့အပေါ် မှတ်ချက်ပြု၏။

“ သူသည် သင်တန်းသားများ အားလုံးအနက် အထူးချွန်ဆုံး ဖြစ်သည် ”





၁၉၅၆ ခုနှစ် နိဝင်ဘာလ ( ၂ ) ၇က်နေ့တွင် “ ၂၆ ဂျေ ” ရဲဘော်များနှင့် အတူ သူသည် ကျူးဘားနိင်ငံသို့ ၀င်ခဲ့ကြသည်။ Granma အမည်ရှိ မော်တော်ငယ် တစီးနှင့် မိုင် ၁၃၀ ကျော်ဝေးသည့် ပင်လယ်ခရီးအား နှင်ခဲ့ကြသည်။ စုစုပေါင်း အင်အားက ရဲဘော်ရှစ်ကျိပ်နှင့် တစ်ယောက်။ ဓားကောက်သဏ္ဍာန် ကျူးဘားကျွန်းပေါ်သို့ ရောက်ရှိခဲ့ကြသည်။ မကြာမီပင် ကျူးဘား အာဏာရှင်တပ်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြရာ ရလဒ်က မကောင်းခဲ့။ သူတို့ဘက်မှ ရဲဘော် ( ၉၆ ) ယောက် ကျဆုံးကုန်၏။ သူ ၊ ဖီဒယ်ကက်စထရိုနှင့် ရဲဘော် ( ၁၂ ) ယောက်သာ အသက်ရှင် ကျန်ခဲ့ကြသည်။ အငတ်ငတ် အပြက်ပြက်နှင့် ကြံခင်းထဲတွင် ပုန်းနေခဲ့ကြရသည်။ အဟာရအတွက် ကြံများကို စုတ်ရင်းသာ ဖြည့်နေခဲ့ကြရသည်။ ရက်သတ္တပတ်ခန့်ကြာ၏။ ထို့နောက် အာဏာရှင်အား သူတို့ပြန်တိုက်ကြပြန်သည်။ မောင်းပြန်ရိုင်ဖယ် ( ၁၂ ) လက် ၊ လူက ( ၁၂ ) ယောက်။



Granma သေဘာၤ




မက္ကဆီကိုမှ ကျူးဘားသို့ သဘောင်္နှင့်ချီတက်ရာ လမ်းကြောင်း

ကျူးဘားနိင်ငံ “ ဆီအဲယားမေထရာ ” တောင်တန်းများပေါ်မှာ သူတို့ လွတ်မြောက်နယ်မြေ တည်ဆောင်၏။ သူပုန်စခန်း ဖွင့်၏။ သူသည် ထိုဒေသမှစ၍ လူထုအတွင်း ဆေးခန်းများ ဖွင့်ခဲ့ကြသည်။ စာသင်ကျောင်းများ တည်ဆောက်ခဲ့ကြသည်။ ထို့ကြောင့် သူသည် မောင်းပြန်ရိုင်ဖယ်အား လက်မှ ကိုင်ရင်း လူထုအား ဆေးကုသခွင့် ရခဲ့၏။ လူတယောက်ချင်း၏ ဝေဒနာအား သက်သာစေရန် ဆောင်ရွက်သလို လူ့အဖွဲ့အစည်း၏ ခံစားနေရသော ဝေဒနာကိုလည်း ကုသ၏။ ထိုအခါ တဖြည်းဖြည်း လုထုမှ ထောက်ခံလာခဲ့သည်။ တော်လှန်ရေးသည် မြင့်တက်၍ လာ၏။ ဒီလှိုင်းသဖွယ် အားနှင့် မာန်နှင့် ၊ နောက်ဆုံး နောက်ဆုံးတော့ ကျူးဘား အာဏာရှင် အစိုးရ အရှုံးပေးခဲ့ရသည်။

ကျူးဘား တော်လှန်ရေးတွင် ကျူးဘား မဟုတ်သော သူသည် ရဲဘော်ကြီး ဖီဒယ်ကက်စထရိုပြီးလျှင် ဒုတိယ သြဇာအာဏာ အရှိဆုံး ပုဂ္ဂိုလ်တစ်ယောက်။ ကျူးဘားနိင်ငံ၏ ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် အဓိက တာဝန်ယူခဲ့သည်။ လူတန်းစားမဲ့ လူ့အဖွဲ့အစည်းသစ်ဆီသို့ ချီတက်ရာတွင် သူသည် စီးပွားရေးရာ အပိုင်း၌ အဓိက ပဲ့နင်းကြီးအဖြစ် မောင်းနှင်ခဲ့ရသည်။ ကျူးဘားနိင်ငံသုံး ငွေစက္ကူအပေါ်၌ သူ့လက်မှတ် ထိုးပေးရ၏။ ထိုစဉ်က GATT ( ကုန်သွယ်ရေးနှင့် အခွန်အကောက်ဆိုင်ရာ အထွေထွေ သဘောတူညီချက် အဖွဲ့ ) အစသည်းအဝေးပွဲများသို့ သူတက်ရောက်ခဲ့ရသည်။ သံလွင်ရောင် စစ်ဝတ်စုံ ၊ ပြောက်ကျား ယူနီဖောင်းနှင့်။

၁၉၆၂ ခုနှစ်ကား စစ်အေးတိုက်ပွဲ အရှိန်အမြင့်မားဆုံး ကာလဟု ဆိုရမည်။ ဆိုဗီယက်တို့၏ ဒုံးကျည်များအား ကျူးဘားတွင် တည်ဆောက်မည်။ ဒါကို အမေရိကန်က သဘောမတူ။ ဤတွင် တင်းမာမှုက ကြီးမား၍လာ၏။ နုကလီးယားစစ်ပွဲများ ဖြစ်လာမည်လား။ ကက်စထရိုနှင့် ခရူးရှော့ ဆက်ဆံရေးက အထူးကောင်းမွန်နေခဲ့သည်။

၁၉၆၄ ခုနှစ် ဒီဇင်ဘာလမှ ၁၉၆၅ ခုနှစ် မတ်လအထိ သူသည် နိင်ငံတကာ ခရီးစဉ်များသွား၍ သံခင်း တမန်ခင်းများအား ခင်းကျင်း၏။ ပြင်သစ် ၊ အီဂျစ် ၊ အယ်ဂျီရီယား ၊ ဂါနာ ၊ ဂီနီ ၊ မာလီ ၊ ဒါဟိုမီ ၊ ကွန်ဂို ၊ အိုင်ယာလန်နှင့် တရုတ်ပြည်သစ်နိင်ငံများသို့ ။ ထိုစဉ်က ဆိုဗီယက်ပြည်ထောင်စုနှင့် တရုတ်ပြည်တို့က သဘောတရားအရ ကွဲလွဲနေကြချိန် ဖြစ်သည်။ သူက သဘောတရားအရတွင် “ မော် ” တို့နှင့် တူ၏။ ထိုခံယူချက်နှင့်ပင် သူ့ခရီးစဉ်များအတွင်း ပြောဆိုဆွေးနွေး၏။ ကျူးဘားခေါင်းဆောင် တဦး ပြောခြင်းဖြစ်၍ ကျူးဘားသဘောထားဟု ကမ္ဘာက မြင်ခဲ့ကြသည်။ ထိုအခါ သူ့အပေါ် ဖီဒယ်ကက်စထရိုတို့ ညီအစ်ကိုတို့က မနှစ်မြို့တော့။ သူတို့ ညီအစ်ကိုက ခရူးရှော့ နှင့် နီးစပ်သူ။ ခရီးစဉ်အားလုံးပြီးတော့ သူ “ ဟားဗားနား ” သို့ပြန်ရောက်၏။ ထိုနောက်ပိုင်း ဖီဒယ်ညီအစ်ကိုနှင့် သူ၏ ဆက်ဆံရေးက အေးစက်စက် မာကြောကြော။



ရောလ်ကက်စရို နှင့် ချေ

သိပ်မကြာမီပင် သူကျူးဘားမှ ပျောက်ကွယ်သွားခဲ့တော့၏။ အားလုံး...............အားလုံး......အားလုံးအား စွန့်လွှတ်၍။ အာဖရိကတိုက်ရှိ ကွန်ဂို-ကင်ရှာဆား ပြောက်ကျားစစ်ပွဲအတွင်းသို့ သူသေနတ်ကိုင်၍ ရောက်သွား၏။ အာဖရိကတောနက်ကြီး အတွင်း ပြောက်ကျားစစ် ဆင်နေတော့သည်။ ထိုအခါ ရာသီဥတုက ဆိုးလာသည့် အတွက်ကြောင့် သူ့ပန်းနာရင်ကျပ် ဝေဒနာက ဆိုးလာသည်။ ထိုအခါက သူ့အသက်မှာ ( ၃၈ )။ ထိုရောဂါကြောင့် သူအနားယူရသည်။ အနားယူစဉ် ကာလအတွင်း “ ကွန်ဂိုဒိုင်ယာရီ ” အား ရေးသားခဲ့သည်။ အကြောင်းကတော့ သူ၏ တော်လှန်ရေးကာလ ကွန်ဂို အတွေ့အကြုံများ။





ဖီဒယ်ကက်စထရို

ထို့နောက် သူသည် ဘိုလီးဗီးယား အစိုးရအား တော်လှန်ရန် ဘိုလီးဗီးယားသို့ ထွက်ခဲ့၏။ သူနှင့် ရဲဘော် ( ၁၇ ) ယောက်။ ဗီယက်နမ် ရဲဘော်များလည်း ပါသည်။ ပြီးလျှင် လက်တင်အမေရိကမှ ရဲဘော်များ။ ၁၉၆၇ ခုနှစ် အောက်တိုဘာ ( ၇ ) ရက်နေ့တွက် သူနှင့် ရဲဘော်များ ဘိုလီးဗီးယားနိင်ငံ ယူဂို ( ချူရီ ) တောင်ကြားအတွင်းသို့ ၀င်ခဲ့ကြ၏။ ရိုင်ဖယ်သေနတ်များနှင့်.....

တခါ ချောင်းရိုးငယ်အား ဖြတ်သန်းနေစဉ် ၀ိုင်းဝန်းပစ်ခတ်မှုအား သူတို့ ရုတ်တရက် ခံလိုက်ကြရ၏။ သူဦးဆောင်သည့် ပြောက်ကျားများ ဘိုလီးဗီးယား စစ်တပ်၏ ချုံခိုတိုက်ခိုက်ခြင်းအား ခံကြရပြီး အကျအဆုံးများခဲ့သလို သူကိုယ်တိုင်လည်း ဒဏ်ရာရခဲ့သည်။ အခြေအနေက ဆုတ်မရ ၊ တက်မရ။ နောက်ဆုံးတော့ သူ ဘိုလီးဗီးယား စစ်တပ်၏ ဖမ်းဆီးခြင်းအား ခံလိုက်ရ၏။





၁၉၆၇ ခုနှစ် အောက်တိုဘာ ( ၉ ) ရက်နေ့။ ဘိုလီးဗီးယားနိင်ငံ၏ မြို့တော်နှင့် ဝေးကွာလွန်းသည့် “ ဗယ်လီဂရန်ဒေမြို့ ” လေယာဉ်ကွင်းငယ် အနီးတွင် ဘိုလီးဗီးယားစစ်တပ်သည် ဒဏ်ရာနှင့် စစ်သုံ့ပန်းတစ်ဦးအား နောက်ပြန် လက်ထိပ်ခက်၍ ထားသည်။ ထိုသုံ့ပန်းကလည်း စစ်သားများ ရှေ့တွင် မတ်မတ်ရပ်၍ နေနေသည်။ စစ်သားများက စစ်သုံ့ပန်းအား မောင်းပြန် ရိုင်ဖယ်သေနတ်များနှင့် ချိန်ထား၏။ စစ်သုံ့ပန်းကလည်း စူးရှသော မျက်လုံးများနှင့် စစ်သားများကို ကြည့်နေသည်။ ထို့နောက် အမိန့်သံ ထွက်ပေါ်လာ၏။

“ ပစ်.................................”

ယမ်းပေါက်ကွဲသံများ ဆူညံ၍ သွားသည်။ ယမ်းညှော်နံ့တို့က လေယာဉ်ကွင်း အနီး မွှန်၍ နေသည်။ စစ်သုံ့ပန်းသည် တဖြည်းဖြည်း ပျော့ခွေ၍ ကျသွားသည်။ သွေးတို့က ကိုယ်အနှံမှ ယိုစီး၍ ထွက်လာသည်။ ပြီးလျှင် ဘိုလီးဗီးယား စစ်သားများက သွေးအလူးလူးနှင့် လဲနေသော အလောင်း၏ လက်နှစ်ဖက်အား လက်မောင်းရင်းမှ လွှနှင့် တိုက်၍ ဖြတ်ကြ၏။ ထို့နောက် လေယာဉ်ကွင်း အနီးတွင်ပင် လက်မပါသော ကိုယ်အား ကျင်းတူး၍ မြုပ်နှံလိုက်ကြတော့၏။



မပုပ်မသိုးရန် ဆေးရည် စိမ်ထားသည့် လက်နှစ်ဖက်အား ဘိုလီးဗီးယား အစိုးရမှ ကျူးဘားသမ္မတ ဖီဒယ်ကက်စထရိုထံသို့ ပို့လိုက်၏။

၁၉၆၇ ခုနှစ် အောက်တိုဘာ ( ၁၅ ) ရက်


ဤလက်နှစ်ဖက်အား ဖီဒယ်ကက်စထရိုသည် မြင်သည်နှင့် သိ၏။ သူနှင့် တော်လှန်ရေးများ အတွင်း လက်တွဲခဲ့သည့် လက်များ။ မလွဲနိင် ။

သူ.......................။ သူ.............................................

“ Ernesto "Che" Guevara ” သို့မဟုတ် “ ချေ ”



“ ချေ ”ဆိုသည်မှာ ....စပိန် ဘာသာအရ “ ရဲဘော် ၊ ရဲဘက် ” ဖြစ်ပါသည်။

ရွှေအိမ်စည်


နှစ်ပေါင်းများစွာ ကြာမြင့်သော်လည်း လူသာသေ၍ နာမည်မသေခဲ့သော် ပုဂ္ဂိုလ်များထဲမှ တစ်ဦးဖြစ်သော် “ ချေဂွေဗားရား ” အကြောင်းအား အားကျ အတုယူစေနိင်ရန် ၊ အတိုချုပ် ပြန်လည် ရိုက်နှိပ်၍ ဖော်ပြပေးလိုက်ပါသည်။

မှတ်ချက် ။ အထက်ပါ ပုံများသည် စာအုပ်တွင် မပါသောကြောင့် ဂူဂယ်မှ ရှာဖွေ၍ တင်ထားခြင်း ဖြစ်ပါသည်။ ကိုယ်တိုင်ဆွဲချင်ပါသော်လည်း မဖြစ်နိင်၍ ရှာဖွေထားခြင်းသာ ဖြစ်ကြောင်း ၊ ပရိုက်ဗေစီ ညှိလျှင်လည်း လည်စင်းခံမည် ဖြစ်ပါကြောင်း ၊ စာရိုက်ရ၍ လက်လည်း ညောင်းမိသည်။ သို့သော် အချိန်ပိုနေသည် ဖြစ်၍ ဗဟုသုတရစေရန် ဘလော့ဂ်ဂါ ဟင်းအိုးကြီးထဲသို ပေါင်းထည့်လိုက်ပါသည်။း)

4 comments:

ဟန်လင်းထွန်း said...

ကျေးဇူးပဲဗျာ။ ညောင်းတာတော့ အတော် ညောင်းတယ်။ ခံစားလို့ရတယ်။

Loi Lem said...

ကောင်းပါတယ်။ နောက်လည်း အချိန်ရရင် ဒါမျိုးလေးတွေ လုပ်ပါဦး။

ကိုရင်ညိန်း said...

ဂရိတ်ဝေါလ် လိုပဲ ခန့်ထည်တယ်
အဲဒါ ဂရိတ် ဂျော့(ဘ) ။
အဟေးဟေး

ကောင်းကင်ကို said...

ကောင်းတယ် ညီလေးရာ