Friday, April 11, 2008


တစ်ညတော့ ကျွန်တော်လည်း မနက်ဖြန် ရုံးပြန်တက်ရမှာ ဖြစ်တာကြောင့် ရုံးတက်ဖို့ အ၀တ်အစားတွေ ပြင်ဆင်နေပါတယ် ။ အဲဒီအချိန်တုန်းက နာရီက ည(၁၁) ကျော်လောက်တော့ ရှိမယ်ထင်တယ်။ ညကလည်း ညနက်နေပြီ ။ မီးကလဲမရှိတော့ ၊ နေတော့လည်း ကိုယ်တစ်ယောက်တည်းဆိုတော့ စိတ်မခြောက်ခြားအောင် ဖရောင်းတိုင် မီးတွေ ထိန်နေအောင် ထွန်းရင်း တစ်ယောက်တည်း သီချင်းလေး တညည်းညည်းနဲ့ အလုပ်လုပ်နေမိပါတယ်။ ခဏကြာတော့ လေတွေ တော်တော်တိုက်လာတာကြောင့် အပြင်မှာ ထွန်းထားတဲ့ ဖရောင်းတိုင် မီးတွေ ငြိမ်းကုန်ပါတယ်။ ဒါနဲ့ ကျွန်တော်လည်း အခန်းတံခါးပိတ်ပြီး အခန်းထဲမှာပဲ ဖရောင်းတိုင် ၃ တိုင်လောက် ထွန်းထား လိုက်တယ် ။ အဲဒီအချိန်တုန်းက ကျွန်တော်တို့ အခန်းတွေ အားလုံးက လိုက်ကာ ၊ စောင် ၊ ခေါင်းအုံး ၊ ခြင်ထောင် ၊ အိပ်ရာခင်း ၊ သဘက် အကုန်အကုန်လုံး အဖြူရောင်တွေ ချည်းပါပဲ။ လေကလည်း ဘယ်ကနေ ဘယ်လို စိမ့်ပြီး တိုက်နေလဲ မသိပါဘူး။ ခန်းဆီး စတွေက လှုပ်လှုပ်သွားတယ်။ ဒီတော့ နဂိုကတည်းက တစ်ယောက်တည်း နေရလို့ ကြောင်တောင်တောင် ဖြစ်နေပါတယ် ဆိုမှ အတွေးတွေက လျှောက်တွေးတော့ တာပေါ့။ အဲဒီအချိန်မှာဆို တစ်စုံတစ်ယောက်ကပဲ ပြတင်းပေါက် အပြင်ဘက်ကနေ ကိုယ့်ကို ကြည့်နေသလိုလို ခံစားမိလာတယ်။ ဒါနဲ့ ကျွန်တော်လည်း စိတ်ရှင်းသွားအောင် ဖရောင်းတိုင်မီး ယူပြီး အပြင်ကို ထွက်ကြည့် လိုက်ပေမယ့် ဘာမှ မရှိပါဘူး။ ဘာရှိမှာလဲ ကိုယ်က ကြောက်နေတာကိုး။

ဒါနဲ့ ဖိနပ်တိုက် ၊ ခါးပတ်တိုက် ၊ နောက်ဆုံး အားလုံးပြင်ဆင်ပြီးတော့ အကျီကို တိုင်မှာ ချိတ်အပြီး ခြေလက်မျက်နှာ သစ်ဖို့ တံခါးကို ဖွင့်မယ် အလုပ်မှာ “ ဟင်းးးးးးးးးး ” ဆိုပြီး ညည်းသံကို ပေါ်တင်ကြီး ကြားလိုက်ရတယ်ဗျ။ ပေါ်တင်ကြီးဆိုတာက ခိုးကြောင်ခိုးဝှက် သဘောမျိုး မဟုတ်ဘူးပေါ့။ တိုးတိုးလေး မဟုတ်ဘူး။ အကျယ်ကြီး ကြားလိုက်ရတာကို ပြောတာပါ။ ပြန်တွေးမိရင် ရေးရင်းနဲ့တောင် ကြက်သီးထမိပါရဲ့။ ဒါနဲ့ ကျွန်တော်လည်း တော်တော် ကြောင်သွားတယ်။ ဟ....ပေါ်တင်ကြီးပါလားပေါ့ ။ ပြီးတော့ ဒီအခန်းတွေ မှာလည်း လူရောက်နေတယ် လို့လည်း မကြားမိပါဘူးပေါ့။ ဒါနဲ့ အသံကတော့ ပေါ်တင်ကြီး ကြားလိုက်ပေမယ့် ငါနားကြားလွဲတာ ဖြစ်မှာပါလေ ဆိုပြီး မျက်နှာသစ်ဖို့ ရေချိုးခန်းထဲကိုဝင် ကိစ္စပြီးတော့ အခန်းပြန်အထွက် နောက်တစ်ခါ “ ဟင်းးးးးးးးးးးး ” ဆိုတဲ့ အသံကြီးကို ထပ်ကြားလိုက်ပါတယ်။ အင်း..ပထမက နားကြားလွဲလို့ ။ ဒုတိယတစ်ခါကတော့ မဟုတ်တော့ဘူး ဆိုပြီး ကျွန်တော်လည်း ငြိမ်နေတာပေါ့။ သရဲခြောက်တာ ဆိုရင်တော့ ငါ နောက်တစ်ခါ သေချာပေါက်ကြား ရဦးမှာ ဆိုပြီး ငြိမ်နေလိုက်တယ်။ ဒါနဲ့ သိပ်မကြာပါဘူး နောက်တစ်ခါ “ ဟင်းးး ” ဆိုတဲ့ အသံလဲ ကြားရော ကျွန်တော်လည်း တခါတည်း ထွက်ပြေးတာ အခန်းတံခါးတောင် မပိတ်ခဲ့ဘူး။

သူခိုးသာဆို တော်တော် ပျော်မဲ့ အခြေအနေမှာ ရှိလောက်တယ်။ ကျွန်တော်ကလည်း တချိုးတည်း ဆရာကြီး အိပ်နေတဲ့ အဆောင်ကို ပြေးသွားပြီး ဆရာကြီးကို အကျိုးအကြောင်းပြောပြတာပေါ့။ ဒီလို ဒီလိုပဲ အသံကြားတယ်လို့ ဆရာကြီးလိုက်ခဲ့စမ်းပါလို့ ပြောပြီး ၂ ယောက်သား ဓတ်မီးနဲ့ အဆောင်ကို ပတ်ရှာကြတာပေါ့။ လူလား သရဲလားဆိုတာ သိအောင်လို့ပါ။ ဒါပေမယ့် လူတော့ မတွေ့ပါဘူး။ လူမတွေ့မှာတော့ သရဲလို့ပဲ ပြောရမလားဖြစ်နေပြီ မဟုတ်လား။ ဒီလိုနဲ့ ကျွန်တော်လည်း ဆရာကြီးကို အခန်းထဲမှာ ဟိုဘက်ကုတင်မှာ အိပ်ခိုင်းပြီး တစ်ညကုန်လွန်လိုက်တယ်။ နောက်နေ့က စပြီး ဗဟိုကင်းမှာပဲ သွားအိပ်ဖြစ်တော့တယ်။ ဗဟိုကင်းမှာက ရဲဘော်တွေနဲ့ ညဆို ပျော်ပျော်ပါးပါး သီချင်းဆို ၊ စကားပြော နဲ့ အချိန်ကုန်တာလည်း မြန်တာကိုး။ ဒီလိုနဲ့ မနက်ဆို လေးလပတ် အစည်းအဝေးမှာ ပြသဖို့ တပ်ရဲ့ စီးပွားရေး အခြေအနေပြဇယား ၊ တပ်တွင်း သက်သာချောင်ချိရေး ဇယား ၊ တပ်တွင်း ကျန်းမာရေးဇယား စတဲ့ ဇယားတွေ ကားချပ်တွေနဲ့ ဆွဲလိုက် ၊ဖျက်လိုက် မိတ္တူကူးလိုက်နဲ့ တော်တော်လေးကို ခေါင်းနောက်ခဲ့ပါသေးတယ်။ ညနေဘက် ၅ နာရီလောက် ရုံးဆင်းမှ ရဲဘော်တွေနဲ့ ခြင်းခက် ၊ ဘောလုံးကန်နဲ့ ကွတ်ခိုင်မှာ ရှိတဲ့ ရက်တွေကို အချိန်ဖြူန်းလိုက်တယ်။

ကွတ်ခိုင်မြို့

မြို့က သိပ်တော့ အကျယ်ကြီးမဟုတ်ပါဘူး။ မြို့ထဲကို ၀င်လာရင် ကြိုဆိုပါ၏ဆိုတဲ့ မုဒ်ဦးတွေ့ရမယ်။ ပြီးတော့ ကားလမ်းက အလည်ခေါင်ကျကျ တစ်လမ်းထဲ ရှိပြီးတော့ ဘေးဘယ်ညာမှာ အိမ်တွေ ၊ ထမင်းဆိုင်တွေ၊ စားသောက်ဆိုင် ၊ ကုန်စုံဆိုင် တွေ ဆောက်လုပ်ထားတာ တွေ့ရပါလိမ့်မယ်။ ဆေးရုံ ၊ ကျောင်း ၊ ဈေး ၊ စာတိုက် ၊ တောင်ပေါ်စေတီ ၊ ကစားကွင်း စသည်ဖြင့် မြို့အင်္ဂါနဲ့ လျောညီစွာ ဆောက်လုပ်ထားတာ ကိုတွေ့ရပါတယ်။ နောက်တစ်ခုကတော့ ကျမ်းစာကျောင်းလည်း တည်ရှိပါတယ်။ ပထ၀ီဘာသာ စကားနဲ့ ပြောမယ်ဆိုရင် ရွာတန်းရှည်သဘောမျိုးပေါ့ ၊ မြို့ဆိုတော့ မြို့တန်းရှည်ပေါ့။ လမ်းခွဲတစ်ခုရှိပြီးတော့ နာမည်က “ တာမိုးညဲ ” လမ်းခွဲပါ။ လက်ဖက်ခြောက်မှာ တားမိုးညဲ လက်ဖက်ခြောက်က တော်တော်လေး နာမည်ကြီးသလို သောက်လို့လဲ တော်တော်ကောင်းပါတယ်။ ဧရိယာ အကျယ်အ၀န်းက ရန်ကုန်က မြို့နယ် တစ်ခုစာ လောက်ပဲရှိပါတယ်။ ဒါတောင် တော်တော်ကျယ်တဲ့ မြို့နယ်တွေလောက်ဆို မရှိလောက်ပါဘူး။

လူဦးရေ - အားလုံးပေါင်းမှာ ၂ သောင်းလောက်တောင် ပြည့်ပါ့မလား မသိပါဘူး။ တော်တော်လေး နည်းပါးပါတယ်။ ဒီထက်မကလဲ ရှိချင် ရှိနိင်ပါတယ်။ လမ်းပန်းဆက်သွယ်ရေး မြို့ဖြစ်တာကြောင့် တခြားမြို့တွေမှာ အလုပ်သွားလုပ်တာကြောင့်လည်း မြို့မှာ လူသိပ်မရှိတာကြောင့်လည်း ဖြစ်နိင်ပါတယ်။

စီးပွားရေး - ဈေးထဲမှာတော့ အ၀တ်အထည် ၊ လူအသုံးအဆောင် ပစ္စည်း ၊ အီလက်ထရောနစ် ပစ္စည်းတွေ ရောင်းပါတယ်။ ကျန်တာကတော့ ဖြစ်ဖြစ်မြှောက်မြှောက်ရယ်လို့ မတွေ့ရပါဘူး။ မန္တလေး - မူဆယ် လမ်းမှာ ခေတ္တနားရာ မြို့တစ်ခုဖြစ်တာကြောင့် ဖြက်သွား ဖြက်လာ ခရီးသွားတွေလောက်ပဲ ရှိပါတယ်။

ရာသီဥတု - ကွတ်ခိုင်က မြန်မာနိင်ငံရာသီဥတုနဲ့ ဆိုရင်တော့ အတော်အေးတယ်လို့ ဆိုရမှာပါပဲ။ တစ်နေ့လုံး ရေချိုးတိုင်ကီကို နေပူထဲမှာ ထားတာတောင် တိုင်ကီတစ်ခုမှ အရစ် ၂ ရစ်နဲ့ အပိုင်း ၃ ပိုင်းပါတာတောင် အပေါ်ဆုံးအပိုင်းပဲ နွေးလောက်အောင် အေးပါတယ်။ တစ်ခါတလေ အုတ်ရေကန် ထဲမှာထည့်ထားရင် မနက်ဆို အပေါ်ယံရေလေးတွေက ခဲနေတက်ပါတယ်။ မိုးသီးတွေလည်း ခဏခဏ ကြွေကျတက်ပါတယ်။

တစ်နေ့တော့ ကျွန်တော်လည်း ပျင်းတာနဲ့ ညနေ ၇ နာရီလောက် မြို့ထဲကို ဆရာကြီးတစ်ယောက်နဲ့ အတူ လမ်းလျှောက်ထွက်ခဲ့ပါတယ်။ မကြည့်တာ အတော်ကြာပြီ ဖြစ်တဲ့ ချဲလ်ဆီး ဘောလုံးပွဲလည်း ကြည့်ရင်း ၊ မြို့ရဲ့ ညဘက် အခြေအနေလေးကိုလည်း သိချင်တာကြောင့်ပါ။ ရာသီဥတုကလည်း အေးတော့ ဘောလုံးပွဲ မကြည့်ခင် လက်ဘက်ရည်ဆိုင်ထိုင်ရင်း မြိုံ့နေလူထုရဲ့ အခြေအနေကို အကဲခက်မိတော့ လက်ဖက်ရည်ဆိုင် ထိုင်နေတာ ၁၀ ယောက်မှာ ၆ ယောက်လောက်က မိန်းခလေးတွေဖြစ်နေပါတယ်။ ဒါနဲ့ လမ်းမပေါ်ကြည့်လိုက်တော့လည်း လမ်းလျှောက်နေကြတာက မိန်းခလေး အုပ်စုလိုက်တွေချည်းပဲ တွေ့ရပါတယ်။ ကျွန်တော်ထွက်လာတဲ့ အချိန်နဲ့ တိုက်ဆိုင်တာလားတော့ မပြောတက်ပါဘူး။ တော်တော်တော့ အံသြသင့်သွားတယ်။ အောက်မြန်မာပြည်မှာက လက်ဖက်ရည်ဆိုင်ထိုင်တာက ယောင်္ကျားလေးတွေပဲကိုး။ ဒါနဲ့ ကျွန်တော်တို့လည်း ဟိုကြည့် ဒီကြည့်နဲ့ အချိန်ဖြုန်းနေလိုက်တယ်။ ဘယ်မှတော့ သိပ်ထူးခြားတာ မတွေ့ရပါဘူး။ အေးအေးဆေးဆေးနဲ့ ပါပဲ။ တစ်ခုရှိတာက ကျွန်တော် မသိသေးတာလဲ ပါမယ့်ထင်ပါတယ်။ လောင်းကစားရုံတွေ ရှိတယ်လို့တော့ သတင်းသဲ့သဲ့ကြားမိပါတယ်။ ခေတ်စကားနဲ့ ပြောရရင် ဒိုင်လျိုလေးတွေပေါ့ဗျာ။

မနက်ဖြန် ဆိုလျှင် ကျွန်တော်တို့ လားရှိုးကို ဆင်းရတော့မှာကြောင့် ဒီနေ့ညမှာ လိုအပ်တဲ့ ပစ္စည်းတွေ အကုန်လုံးကို စုထားပြီး ညအိပ်ရာ ၀င်ခဲ့ပါတယ်။ လားရှိုးရောက်ရင်တော့ ပိုက်ဆံလည်း မရှိတော့တာကြောင့် အိမ်ကို မှာဖို့လည်း အဆင်ပြေ ၊ မစားရတာတွေလည်း အတိုးချ စားမယ်ဆိုပြီး ပျော်နေတာပေါ့။ ဟိုရောက်တော့ မှန်းချက်နဲ့ နှမ်းထွက် လုံးဝကို လွဲတော့တာပါပဲ။ တပ်က လန်ဂျန်း ကားပေါ်မှာ အဘရယ် ၊ အဘကတော်ရယ် ၊ ကျွန်တော်ရယ် ၊ ထောက်လှမ်းရေး တပ်ကြပ်ကြီးနဲ့တပ်ကြပ်ရယ် ၊ အဘရဲ့ရဲဘော်ရယ် ၊ ရုံးစာရေး ၃ ယောက်ရယ် ၊ ကျောက်ခဲတစ်လုံးရယ် အားလုံးပေါင်း ၁၀ ယောက်ဆင်းလာခဲ့ပါတယ်။ လမ်းမှာ မြို့ပြင် ထွက်ထွက်ချင်း ပြဿာနာနဲ့ စတိုးတာက ကုန်တင်ကား မောင်းသမားတစ်ယောက်နဲ့ အန်တီကြီး တစ်ယောက် စကားများ အော်ဟစ်နေတာ တွေ့ရပါတယ်။ အဲဒီ အဒေါ်ကြီးက သူ့သမီးကို ကားတိုက်သွားလို့ ဆိုလား ကားလမ်းမပေါ်မှာ အော်ပြီး ငိုနေတာကြောင့် ကျွန်တော်တို့လည်း ကားကိုရပ်ပြီး အခြေအနေ ဘာဖြစ်တယ် ဆိုတာ ဆင်းမေးရတာပေါ့။ ကားကတော့ ၁၀ ဘီးကာ ကုန်တင်ကားကြီးပါ။ အဒေါ်ကြီးက လမ်းမှာ သူ့သမီးကို ကားနဲ့တိုက်သွားပြီး ထွက်ပြေးသွားတာလို့ ပြောတော့ ကျွန်တော်တို့လည်း “ ဟာ ဒါဆိုရင် ရဲကိုခေါ်မှ ဖြစ်မှာပေါ့ ” ဆိုပြီး ကျွန်တော်တို့လည်း ရဲခေါ် ၊ မော်တော်ပီကယ်တွေလည်း ရောက်လာပြီးတော့ ဖြေရှင်းနေကြပါတယ်။ ဒါတောင် ကားသမားက ရဲစခန်းခေါ်တာကို မလိုက်ဘူးချည်း ငြင်းပြီး ရှင်းလျှင် ဒီနေရာမှာ ရှင်းဟု ဆိုတာကြောင့် မတက်သာတဲ့ အဆုံးဖမ်းခေါ်သွားတာကို မြင်လိုက်ရပါတယ်။ အော်..ဒုက္ခ ဒုက္ခ ။

ကျွန်တော်တို့ လားရှိုြး့မို့ကို ရောက်တော့ တိုင်းစစ်ဌာနချုပ်က စီစဉ်ပေးတဲ့ ဂေဟာမှာ နေရပါတယ်။ တပ်ရင်းမှုးတွေ အတွက် ဂေဟာတွေပါ ။ ပါလာတဲ့ စစ်သည်တွေကို ကျတော့ ခန်းမဆောင်ပေးထားပါတယ်။ ဟော သဘောမျိုးပေါ့။ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်မှာ ရှိတဲ့ တပ်အားလုံးဆိုတော့ လူကလည်း တော်တော်များပါတယ်။ ပြဿာနာရှိတာက ကျွန်တော်တို့လို အပေါ်မရောက် အောက်မရောက်တွေပါ။ အဘနဲ့ အတူနေဖို့လည်း မရ ၊ အောက်က တပ်ပေါင်းစုံက ရဲဘော်တွေနဲ့လည်း အတူမအိပ်ချင် တာရယ်နဲ့ ညရောက်မှာကို တော်တော်ကြောက်နေမိပါတယ်။ ဒါပေမယ့် နောက်ဆုံးတော့လည်း စစ်သားဆိုတော့ နုမနေတော့ပါဘူး။ ဒေါင်ကျကျ ပြားကျကျ မဟုတ်လား။ ပြီးတော့ မနက်မှာ ကိုယ့်တပ်ရင်းမှုး ဆွေနွေးပွဲမှာ အဆင်ပြေစွာ ပြောနိင်အောင် စာရိုက်ရ ၊ စီရ နဲ့ ညဘက်တွေဆို ၃ နာရီလောက်မှအိပ် ၊ မနက်ဆို ( ၅ ) နာရီလောက် ပြန်ထနဲ့ တော်တော် လေးကို အိပ်ရေးပျက်ခဲ့ရပါတယ်။ တခါတလေ ကျတော့ ကျွန်တော်လည်း မနိးဘူးဗျ။ ပင်ပန်းတော့ မရတော့ဘူး။ တရက်ဆို အိပ်ပျော်နေတာ ၉ နာရီလောက်မှ နိးလာတော့ လန့်သွားတယ်။ “ ဟာ ကနဲ့ တစ်ခွန်းအော်ပြီး မျက်နှစ်သစ်ပြီး အဘဆီကို ပြေးသွားတော့ အဘက မရှိတော့ပါဘူး။ ဆွေးနွေးပွဲက စနေပြီ။ ကျွန်တော်ကို သနားလို့ မနိးဘဲ ထားခဲ့တာတဲ့ ။ အိုင်ဆာဂျင်ကို ကျွန်တော့်အစား ခေါ်သွားပါတယ်။ ဒါနဲ့ ကျွန်တော်လည်း အ၀တ်လဲပြီး တိုင်းရုံးကို လိုက်သွားပြီး ပြန်ထွက်အလာကို စောင့်နေခဲ့ပါတယ်။ အထဲမှာတော့ တိုင်းမှုးအပါအ၀င် တပ်ရင်းမှုးတွေ ဆွေးနွေး နေကြတာပေါ့။ ကျွန်တော့်လိုပဲ စောင့်နေတဲ့ ကျောင်းဆင်းဘက် သူငယ်ချင်းတွေကိုလည်း တွေ့ခဲ့ရပါတယ်။ အဲဒီလို ဆွေးနွေးတာ အားလုံးပေါင်း ၅ ရက်လောက်ကြာပါတယ်။ တနင်္လာနေ့ကနေ စလိုက်တာ သောကြာနေ့မှာ ပြီးဆုံးပါတယ်။ ဒါနဲ့ စနေနေ့မှာ အဘကတော်က ဈေးဝယ်ချင်တယ်ဆိုတာနဲ့ လားရှိုးဈေးဝင်ပြီး ကျွန်တော်တို့လည်း ကွတ်ခိုင်ကို ပြန်တက်လာခဲ့ပါတယ်။

ဒီလိုနဲ့ ကွတ်ခိုင်ကို ပြန်တက် ၊ ဟိုရောက်တော့ ၁ ရက်နား ၊ တနင်္လာနေ့ကျတော့ ရှေ့တန်း မုံးကိုးကို ပြန်ထွက်လာခဲ့ရပါတယ်။ ဒီတစ်ခါ တက်တာတော့ တပ်ရင်းမှုးပါတာကြောင့်ရယ် ၊ ရိက္ခာပို့ဖို့ကလည်း ရှိတာကြောင့် ဖောကား နဲ့ ပြန်တက်ရပါတယ်။ အဲဒီမှာ ကျွန်တော်က မြွေပွေးလုပ်တော့တာပဲ။ အဘမသိအောင် တပ်မှာနေတုန်းက ပျင်းလို့ တီးတဲ့ ဂစ်တာကြီး ယူလာခဲ့တယ်။ ဂစ်တာ ယူလာတယ် ဆိုလို့ သိပ်တော့ အထင်မကြီးပါနဲ့ ဆိုလို့ရတယ်ဆိုတဲ့ အနေအထားလောက်ပဲ တတ်တာပါ။ ပိုဆိုးချင်တော့ အရပ်သား တစ်ယောက်လည်း ပါလာပါတယ်။ သူက ကျွန်တော်တို့တပ်က ရဲဘော်တစ်ယောက်ရဲ့ ယောက်ဖဆိုလား ၊ သူနေတာက ကျွန်တော်တို့ရှေ့တန်းထွက်တဲ့ နေရာနဲ့ သိပ်မဝေးတော့ လမ်းကြုံလိုက်လာတာပါ။ သူကလည်း ဂစ်တာကြီး ပါတော့ ဂစ်တာက ၂ လုံးတောင် ဖြစ်နေပါတယ်။ တစ်ခုအခြေအနေကောင်းတာက အဘက ရှေ့ခန်းမှာ ထိုင်တော့ မသိပါဘူး။ လမ်းတစ်လျှောက်လုံး စားလိုက်သောက်လိုက် ၊ ဂစ်တာတီးလိုက်နဲ့ အဆင်ကိုပြေလို့။ ရှေ့တန်းရောက်တော့ ကျွန်တော်လည်း အဘမသိအောင် ၀ှက်ထားရတာပေါ့။ ဒါပေမယ့် အခန်းက ကျဉ်းကျဉ်းလေးရယ်။ ဘယ်ကြာရှာဝှက်နိင်မှာတုန်း ။ ပြီးတော့ ညဆို ကျွန်တော်က တီးသေးတာ ဆိုတော့ အဘက သိပေမယ့် မပြောပါဘူး။

တစ်ရက်တော့ ညဘက်ကြီး ကျွန်တော်လည်း အိပ်မပျော်တာနဲ့ ရေဘူးရယ် ၊ မီးခြစ်ရယ် ၊ သေနတ်ရယ် ၊ ဂစ်တာရယ် ယူပြီး ဆက်သွယ်ရေး ဆရာကြီးကိုခေါ် ၊ နောက် ဂစ်တာတီးကောင်းတဲ့ ချင်းရဲဘော်တစ်ယောက်နဲ့ ၃ ယောက်သား ကွင်းပြင်အလယ်မှာ ဂစ်တာတီးပြီး သီချင်း အော်ဆိုကြတာပေါ့။ ဂစ်တာက ၂ လက် ၊ လူက ၃ ယောက် ၊ ကျွန်တော့်က အဆိုတော် ၊ အသံပြဲပြဲကြီးနဲ့ အငဲသီချင်းကို ဟစ်နေတဲ့အချိန် ၊ နေရာက ဘိုးတော် အိပ်နေတာနဲ့ ခြံစည်းရိုးပဲ ခြားတယ်။ ဒါပေမယ့် ကိုက် ၅၀ လောက်တော့ ရှိမယ်ထင်ပါတယ်။ ကျွန်တော်တို့က ကွင်းပြင်ကြီးမှာ ဖြစ်တဲ့အပြင် ၊ ညဘက်ကြီးလည်း ဖြစ်တာကြောင့် အဘက နိးလာပါလေရော။ ဒီတော့ ကင်းသမားကို ခေါ်ပြီး ထွက်လာတယ်။ ပြီးတော့ “ ဟေ့ ဘယ်သူတွေလဲကွ ၊ စခန်းနားလာပြီ သီချင်းအော်ဆိုနေတာ ၊ ၀တ္တရားနှောင့်ယှက်မှု့နဲ့ အရေးယူပစ်လိုက်ရမလား ၊ အခုသွား ” ဆြိုပီး လှမ်းအော်ပြောတာကြောင့် ကျွန်တော်တို့ ၃ ယောက်လည်း သုတ်ချေတင်ပြီး ပြေးလိုက်ကြတာ ၊ ပြေးတယ်ဆိုတာ စခန်းအနောက်ဘက်ကနေ ပတ်ပြီး ပြန်ဝင်တာပါ။ ဂစ်တာနဲ့ ခြံစည်းရိုး ကျော်လို့ကျော် ၊ ဆက်သွယ်ရေး မြောင်းထဲ ပြုတ်ကျလို့ကျနဲ့ လူလည်းတော်တော်လေးကို စုတ်ပြတ်သက်သွားပါတယ်။ မနက်ရောက်တော့ ကျွန်တော် ပန်းပင်တွေ ရေလောင်းနေတုန်း အဘနိးလာပြီး “ ဟေ့ကောင် ဗိုလ်ကြောင် ၊ ဟုတ်ကဲ့ အဘ ” “ အေး ၊ ညက ဂစ်တာတီးတဲ့ ကောင်တွေ စုံစမ်းစမ်းကွာ။ ပြီးတော့ င့ါဘက်စ်မင်း ရဲ သေနတ်ကိုလည်း တိုက်ခိုင်းထားလိုက် ၊ ဒီတစ်ည လာဆိုဦးမယ် ငါကိုယ်တိုင်ပစ်မယ်တဲ့ ” အေးရော။ ဘယ်နှယ့် ကျွန်တော်မှန်းသိလို့ တမင်လာပြောနေတာလေ။ ကျွန်တော့်အသံသူ မှတ်မိတာပေါ့။ ဒါကြောင့် အဘက ရုပ်တည်နဲ့ ခြောက်သလိုလို စသလိုလို လာပြောနေတာ။ ကျွန်တော်လည်း အသာလေး ငြိမ်နေလိုက်တယ်။ ပါးစပ်ကတော့ ဟုတ်ကဲ့အဘ။ ကျွန်တော် သေနတ်တိုက်ခိုင်းထားလိုက်ပါ့မယ်ဆိုပြီး လှည့်ပြေးလာခဲ့ရတယ်။ မလွယ်ပါလားနော်......။

ဆက်ရန်


10 comments:

လားရှိုးသူ said...

to be continue... again, but I'm waiting for your 14. Keep it up man!

HEARTMUSEUM said...

Ha! Ha! Good post! I like it.

စိုးထက် - Soe Htet ! said...

ကောင်း၏ ... သေနတ် တိုက် ပေးလိုက်တော့ အမျက် လျော့တာပေါ့ ...

Dieta said...

Hello. This post is likeable, and your blog is very interesting, congratulations :-). I will add in my blogroll =). If possible gives a last there on my blog, it is about the Dieta, I hope you enjoy. The address is http://dieta-brasil.blogspot.com. A hug.

Apprenticeship said...

Hote pa ma lwe ye chya ma lwe.. :P

HEARTMUSEUM said...

ဗိုလ်ကြောင်ကို သေနတ်နဲ့ ကစ်တာ
ထပ်လာကြည့်တာဗျို့။

My Wonderful Moral Thoughts said...

It has been awhile to have that post. However It's worth it to wait to have part 13.., At the end of the post, it's made me laughs.

Look forward to have to be continue part 14..,
Have a lovely weekend. Thanks ever so much for BD wish on Chelsea's fans club. It's mean a lot to me!!

Cheers.,
Soe Mya Nandar Thet Lwin

စိုးထက် - Soe Htet ! said...

နောက် တစ်ခေါက် ... :P

မီးငယ် said...

နာ့အစ်ကိုကြီး အသံ က အရမ်းကောင်းလို့ထင်တယ်...
အုတ်ခဲနဲ့တောင်ဟုတ်ဝူး.. သေနတ်နဲ့ဆော်တော့မယ်..
ဒိုင်း...ဒိုင်း... :P :P

MgThaJan said...

သင်္ကြန်ကဲနေလို့ အခုမှ လာဖတ်ရတယ်ဗျို့ :)