Tuesday, November 11, 2008

အဖေလား ။ သူ့နာမည်က ဦးထွန်းဝင်းတဲ့။ စိတ်ဆက်တာကတော့ ပြောမနေနဲ့။ အဖေ့မျက်နှာ သုန်မှုန်နေပြီဆို ကျွန်တော် ဆိုးသွမ်းတို့ ဘယ်ချောင်ကပ်နေရမှန်း မသိဘူး။ ဘယ်လောက်တောင် ဒေါသကြီးသလဲဆိုရင် သူ့အမေ ( ကျွန်တော်တို့ အဘွားပေါ့ ) နေမကောင်းတုန်းက အိမ်ရှေ့မှာ ကုလားက “ ဒယ်အိုးဒန်ခွက်တွေ ၀ယ်တယ် ၊ သတင်းစာ စက္ကူတွေဝယ်တယ် ” လို့ဆိုပြီး အော်သွားတာ။ ဟိုကုလားကတော့ သူ့ဟာသူ အော်သွားတာပါ။ ဒါကို အဖေက သူ့အမေ နေမကောင်းဖြစ်နေလို့ အိပ်နေတာကို နှောင့်ယှက်ရမလားဆိုပြီး ကုလားကို လိုက်ရိုက်တာ။ ရပ်ကွက်က ၀ိုင်းဆွဲလို့ ကုလားလဲ ခေါင်းမကွဲ ၊ အဖေလည်း ရပ်ကွက်ရုံးမရောက်တယ်။ ငယ်ငယ်တုန်းကလည်း ၉ တန်းအောင်ပြီး ၁၀ တန်းဆက်တက်မယ်လုပ်တော့ ကျောင်းအုပ်ဆရာကြီးက လက်မခံဘူး။ အဘိုး ( သူ့အဖေကလည်း ဆုံးပါး ) မရှိတော့ အဘွားကလည်း ပြောမနိင်ဘူး။ အဖေကဆိုးတာတော့ မဟုတ်ပါဘူး။ မဟုတ်မခံစိတ်ပျင်းတာပါ။ ဒါနဲ့ ရပ်ကွက်ထဲက ဥက္ကဌက အာမခံပါတယ်ဆိုမှ ကျောင်းအုပ်ကြီးက လက်ခံတော့တယ်။ အဖေတို့များ အဲဒီလောက်ထိ နာမည်ကြီးတယ်။

သူအလုပ်က ပင်ပန်းလာလို့များ အိမ်ရောက်လို့ အနေမတက် အထိုင်မတက်တာ မတွေ့လိုက်နဲ့ လာထား ။ ဗုန်းတချက်ပဲ။ အိမ်မှာ တုတ်မထားဘူး။ အလုပ်ရှုပ်တယ်တဲ့။ သူက လက်သီးတွေ ၊ ပတ်တံတောင်တွေပဲ ထားတာ။ တခါတလေ ကံမကောင်းတဲ့ အချိန်ဆို မျိုးလှိုင်ဝင်း ကန်ချက်တွေလည်း ရနိင်ပါသေးတယ်။ :(



အဖေက သူပြန်လာရင် ခေါင်းမှာ ကျွန်တော်တို့ခေါင်းမှာ အုံးဆီ ၊ သနပ်ခါး မရှိရင် အမေ့ကို အရင်ဆူတယ်။ သူ့မိန်းမ သူဆူလို့ ဟိုက “ ကျမက လုပ်ပေးထားတယ် ၊ ရှင့်သားသမီးတွေကိုက ကမြင်းလွန်းလို့ ပျက်ကုန်တာ ” လို့များ ပြောလိုက်လို့ကတော့ ဆိုးသွမ်းတို့ ပြေးရင်ပြေး ၊ မပြေးရင် အနားမှာ ရှိတဲ့ ပစ္စည်းတွေက အကုန်သူ့လက်နက်တွေ ချည်းပဲ။ နီးရင် ခေါ်ထိုးတယ် ၊ မနီးရင် ကောက်ပေါက်တယ်။ အဲဒီလို အကျင့်ကြောင့် ကျွန်တော့် ခေါင်းမှာ အခုအသက် ၂၅ နှစ်ထိ အုန်းဆီရှိတုန်း ၊ အိမ်ပြန်ရင် မျက်နှာကို သနပ်ခါးပွတ်နေတုန်း။ အဖေပေးတဲ့ လက်တလော အမွေတွေပေါ့။

ငယ်ငယ်တုန်းက သူများ စက်ဘီးကို နေပူထဲ နောက်ကနေ လိုက်တွန်းပေးနေတုန်း အဖေအလုပ်က ပြန်လာတဲ့ အချိန်နဲ့ သွားတိုးတာ ဆိုးသွမ်းတို့ ရပ်ကွက်ပတ်ပြီး ပြေးလိုက်ရတာ ၊ နောက်ဆုံး ဘယ်လိုမှ မလွတ်တော့ ဦးလေး အိမ်အောက်ထဲကို ၀င်ပုန်းနေမှ လွတ်သွားတယ်။ ဒါပေမယ့် ပြန်လာတော့ ဗျင်းခံရတာပါပဲ။ အမေက ကျွန်တော်တို့ ငယ်ငယ်တုန်းက အသုပ်ဆိုင်လေးလုပ်ရောင်းတယ်ဗျ။ ကျွန်တော်က မနက်ဆို ခေါက်ဆွဲသွားယူ ပေးနေကြ ။ ဒီကြားထဲ ရောင်းနေရင်း ခေါက်ဆွဲကုန်သွားလို့များ ( ကျွန်တော်ကလည်း အဲဒီအချိန် ဆော့လို့ကောင်း ) နေတဲ့အချိန် “ သားလေးရေ အမေ့ကို ဈေးမှာ ခေါက်ဆွဲ ၅၀သားလောက် သွားယူ ပေးပါဦးဆို ” ဆိုးသွမ်းတို့ မျက်နှာက ရှုံတွနေပြီ ။ အဲဒီလောက် အားကိုးရတာ။ ဒါကိုအမေက မြင်တော့ “ ကိုထွန်းဝင်းရေ ရှင့်သားက ကျမ ခေါက်ဆွဲယူခိုင်းတာကို .....” လှမ်းတိုင်နေတုန်း ရှိသေးတယ် ကျွန်တော် ဈေးရောက်နေပြီ။ အဲဒီလောက် ကြောက်တာ။

အဖေလိုက်ရိုက်လို့ အိမ်ပေါ်ထပ်တက်ပြေးရင်း အပြေးလွန်လို့ လှေကားထိပ်ကနေ ပြုတ်ကျတာ ထောင်ထားတဲ့ သံပြားအဟောင်းနဲ့ ကျောကုန်းခြစ်မိတာ အခုထိ ကျောကုန်းမှာ သေရာပါ အမာရွတ်ကြီး ရှိတုန်း။ အဲဒါကို မနာနိင်ဘူး။ အဖေမိသွားမှာ ဆိုးလို့ ထပြေးတာ သွေးတွေမြင်မှ “ သားလေးလာ ၊ ပြန်လာခဲ့ ” ဆိုပြီး လေသံပျော့သွားတယ်။ အဲဒီလိုလည်း ချစ်ဖို့ကောင်းတယ်။ အဲဒီတုန်းကလည်း အမ ၁ ယောက် ၊ ညီမ ၂ ယောက်ဆိုတော့ ယောင်္ကျားလေးဆိုလို့ ကျွန်တော် ၁ ယောက်ပါတယ်။

တခါတုန်းကလည်း ၇ တန်းစာမေးပွဲကို မနက်ဖြန် မြန်မာစာဖြေမယ်ဆို စာအကုန်ရနေတော့ ဘာအလုပ်မှ မရှိတာနဲ့ အိမ်အောက်မှာ အရုပ်ဆင်းပစ်နေတာ။ အဖေအလုပ်က ပြန်လာတာနဲ့ တိုးတော့ ခြေထောက်ကနေ ဆွဲမပြီး နောက်ဖေးကို လှမ်းပစ်လိုက်တာ ၃ မိနစ်လောက် မေ့သွားတယ်။ အိမ်နောက်ဖေးမှာ ပုံပုံလေး။ တဦးတည်းသော သားဆိုတော့ ချစ်ကြပါတယ်။ ကျွန်တော်က ပဲဟင်းကို မကြိုက်ဘူး။ ဒါပေမယ့် သီးစုံကုလားပဲဟင်းကြတော့ ကြိုက်တယ်။ အိမ်မှာ တခါပဲဟင်းနဲ့ တခြားဟာတွေ ချက်တော့ အဖေက သူ့သားလေး အကောင်းများကြီးမလား ၊ အရပ်တွေများ ရှည်လာမလားလို့ ဦးဆုံး “ သားလေးလာ ” ဆိုပြီး ကျွန်တော် မကြိုက်တဲ့ပဲဟင်းတွေ ပန်းကန်ထဲ လောင်းထည့်လိုက်တာပေါ့။ အဲဒီအချိန် ကျွန်တော်လည်း “ ဟာဗျာ ဒီပဲဟင်းက ဘာလုပ်ရမှာဒုန်း ....မကြိုက်ဘူးပြောပြီး ပန်းကန်ကို ရှေ့ကို ဆောင့်တိုးလိုက်တာ ၊ အဲဒီအချိန် အဖေ့လက်ကလည်း မြန်တယ် ၊ ရွှေဓူဝံရှုံးလောက်တယ် ။ ပဲဟင်းထည့်ထားတဲ့ စတီးပန်းကန်ကို ယူပြီး ခေါင်းကို ပိတ်ရိုက်လိုက်တာ ကိုယ်ပေါ်မှာ ထမင်းလုံးတွေ ၊ ပဲဟင်းတွေ ၊ ကြာဇံဖတ်တွေနဲ့ ဖြစ်သွားပါလေရော။ ကဲ.....ကျွန်တော် မပြောဘူးလား ကျွန်တော့်အဖေ စိတ်တိုတက်ပါတယ်လို့ ။

၁၀ တုန်းကလည်း ကျူရှင်ဖိုးတွေကို ဆရာ့ဆီမပေးဘဲ ဘောလုံးချိန်းကန်ပစ်လို့ သွားတစ်ချောင်းကျိုးအောင် ထိုးခဲ့ဘူးလေရဲ့။ အော်...အဖေ အဖေ ။ ပြန်တွေးကြည့်မှ ပိုတောင်ကြောက်လာတယ်။ “ ပြောင်ချက်က ယောင်ထွက်သွားမယ်....လက်သံကို ပြောတာပါ ။း) အဲဒီလို ချစ်ဖို့ကောင်းတဲ့အဖေ။

အခုတော့လည်း လိမ်မာသွားပါပြီ။ အဖေလိမ်မာတာလား ကျွန်တော်လိမ်မာတာလား မသိဘူး။ အရင်လို မဆုံးမတော့ဘူး။ သူကလည်း သာမာန်အမြင်မတော်တာလောက် မပြောတော့ဘူး။ တခါတခါ သူက ထကြုံးဝါးသေးတယ် ။ ထွန်းဝင်း “ စနေသားကွ ၊ နေတက်ရေတက်မှာ မွေးတာ ” တဲ့။ ဘယ်ရေတက်တုန်း နေတက်တုန်းလည်းတော့ မသိဘူး။ ဟိတ်ကောင်.....ကျော်....ထွန်း ( စိတ်တိုလွန်းလို့ အလယ်က လင်း ပျောက်သွားတာ ) ခေါ်လိုက်တာနဲ့ ငြိမ်ပဲ။ မငြိမ်ရင် အဖေ့လက်သံက ပြောင်နေတုန်းပဲကိုး။

ရွှင်လန်းချမ်းမြေ့ကြပါစေ.......



4 comments:

ဟန်လင်းထွန်း said...

ဟဟ ကိုဆိုးသွမ်းလည်း အကာအကွယ်တွေ ခံစစ်တွေတော့ ကောင်းကောင်း တက်မှာပေါ့ :)

Apprenticeship said...

ဆိုးသွမ်းတော့ အဖေတူသားမဟုတ်ဘူးထင်ပါတယ်နော်..

maung said...

This is unacceptable in United States. It is a child abuse. Your Dad would had been kept in Jail in u.s.a.
It is a wrong way to teach kids. Very sorry to hear about those...

သူမ said...

maung, it is not acceptable in usa or uk where i live too. but this post gives me pleasure and fun as i know about our cultural.
yes i do agree on your comment and i believe that we will not treat like this to our new generation as we know and understand how all the things going in this era.