5 years ago
Friday, April 4, 2008
ရှေ့တန်းရောက်ပြီ.....
ဒီလိုနဲ့ မြို့ကို ၀င်လာတော့ ပထမဆုံးတွေ့ လိုက်ရတာက ရဲကင်းတစ်ခုပါ။ ရဲကင်းမှာ ရဲတပ်သား ( ၂ ) ယောက် ကင်းစောင့်နေတာကို တွေ့ရပါတယ်။ အထဲမှာတော့ ( ၄ ) ယောက် ရှိပါသေးတယ်။ ဒါနဲ့ ရဲကင်းရှေ့ကို ဖြက်တော့ တားပြီး ဟိုကြည့် ဒီကြည့် စစ်ဆေးရေး လုပ်ပါသေးတယ်။ ကားပေါ်မှာ ကျွန်တော်တို့ကို တွေ့တော့ “ နေကောင်းလား ၊ တာဝန်ကျတာလား ” နူတ်ဆက်ပြီး ပြန်ဆင်းသွားပါတယ်။ ဒါနဲ့ မြို့ထဲကို ဆက်မောင်းလာတော့ စစ ၀င်လိုက်တယ် ဆိုရင်ဘဲ လမ်းမကြီးကတော့ ဖြူးနေတာပါပဲ။ ကွန်ကရစ်လမ်းမကြီးပါ။ ဘုရား ၊ ကျောင်း ၊ ရဲစခန်း ၊ ဆေးရုံ ၊ မြန်မာရုပ်မြင်သံကြား ထပ်ဆင့် အသံလွှင့်စက်ရုံ ၊ တည်းခိုခန်း သူ့နေရာနဲ့သူ စုံလင်စွာ တည်ရှိပါတယ်။ မြို့အ၀င်မှာ ၅ ရက်တစ်ခါ ဈေး ရှိပါတယ်။ ဒါနဲ့ ကျွန်တော်တို့ စီးလာတာ လိုင်းကားဆိုတော့ ဟိုနေရာ ရပ် ၊ ဒီနေရာ ရပ်နဲ့ ကုန်တင် ကုန်ချ ပြုလုပ်လျက်ရှိပါတယ်။ နောက်ဆုံး ဘယ်သူမှ မကျန်တော့မှ ကျွန်တော်တို့ တပ်စခန်းရှိရာ မြို့အစွန်ကို မောင်းခဲ့ပါတယ်။ ဟိုရောက်တော့ စခန်းဂိတ်ထဲကို ၀င် ၊ အထုတ်တွေ အပိုးတွေချ ၊ ကားပြန်ထွက်သွားတော့ ဆရာကြီးတွေကို တန်းစီ ၊ ကျန်တဲ့ ကျွန်တော်တို့ နှစ်ယောက်လည်း တန်းစီ ၊ ကျွန်တော့်ထက် BC နံပတ်စောတဲ့ သူငယ်ချင်းက အဘကို ရောက်ရှိပြီ ဖြစ်ကြောင်း သတင်း သွားပို့ပါတယ်။ ခဏကြာတော့ အဘထွက်လာတော့ သတင်းပို့ပြီး တန်းအပ်ပါတယ်။
အဲဒီမှာတင် အဘက ၊ ကျွန်တော်တို့က ရှေ့တန်း ဒီနယ်မြေကို အခုမှ ရောက်ဖူးတာ ဖြစ်တာကြောင့် ရှောင်သင့်သည့် အကြောင်း အရာများ ၊ လိုက်နာသင့်သည့် အချက်အလက်များ ၊ ရန်သူ့အခြေအနေ ၊ လက်ရှိ တပ်စွဲထားသည့် မြေနေရာ အနေအထား ၊ စသည်တို့ကို ရှင်းပြပါတယ်။ အဲဒီမှာ ကျွန်တော် မောင်ဆိုးသွမ်း ရောဂါက စပါပြီ။ အဘက စကားပြောတဲ့ အချိန်က နေ့လည်း ၁၂ နာရီ တိတိ ၊ နေက ခေါင်းပေါ်မှာ တည့်တည့်ရောက်နေတဲ့ အပြင် သူ့က စကားပြောချိန်က ၁၂ ကနေ ညနေ ၃ နာရီထိ ကြာအောင် မနားတမ်း စကားတွေ ပြောပါတယ်။ ကိုယ်က လမ်းမှာ ၂ ရက်လုံး မအိပ်ခဲ့တာက လူကို ဒုက္ခပေးပါတော့တယ်။ ခေါင်းထဲ မိုက်ခနဲ့ ဖြစ်သွားတာကြောင့် တန်းစီနားထောင် နေရာကနေ အလေးပြုပြီး ရေချိုးခန်း ရှိရာကို အပြေးသွားလိုက်ရတယ်။ ဟိုရောက်တော့ အခန်းက တော်တော် သန့်ပါတယ်။ ထင်တောင် မထင်မိပါဘူး။ ဒီလိုနေရာ မျိုးမှာ ဒီလို မျိုးတွေ ရှိလိမ့်မယ်လို့ ။ အခန်းထဲမှာ ကြွေပြားအဖြူထည်တွေနဲ့ မျက်နှာသုတ်ပ၀ါ အဖြူ ၊ သွားပွတ်တံ အသစ် ( မဖောက်ရသေးသော ) ၊ ဆပ်ပြာမွှေး ၊ စုံနေအောင်ကို ရှိတာပါ။ အခန်းက တော်တော်လေးလည်း အေးတာကြောင့် အဲဒီမှာ အန်ချပြီး ကိုယ်လက် သန့်စင်လိုက်ပါတယ်။ ၅ မိနစ်လောက် နားပြီး စကားပြောရာကို ပြန်လာပြီး နားထောင်ပါတယ်။ ၁ နာရီလောက် ကြာလာတော့ နောက်ထပ် မိုက်ခနဲ့ ဖြစ်သွားပြန်ရော။ ဒါနဲ့ စောနက နေရာကို ပြန်သွား ။ ပြန်နားနဲ့ ။ ၂ ခါလောက်လဲ ဖြစ်လိုက်ရော အဘ ( ဒုတပ်ရင်းမှုး ) လည်း အခြေအနေမှန်ကို နားလည်သွားတယ်နဲ့ တူပါတယ်။ တန်းစီတာကို ဖြုတ်ပေးလိုက်ပါတယ်။
ဆရာကြီးတွေကို ဘယ်သူက ကိုယ့်တပ်ခွဲရှိရာ ဘယ်နားကို သွား ၊ ဘယ်သူ့ကိုတော့ ဘယ်စခန်းကို ပြောင်းရမယ် အစရှိသည်ဖြင့် ပြောပြပြီး ကျွန်တော်တို့ ( ၃ ) ယောက်ကိုတော့ ဒီနေ့ တစ်ည ဒီမှာနားပြီး မနက်ဖြန်မှ မင်းတို့ ဘာတွေ လုပ်ရမယ် ဆိုတာကို ညွှန်ကြားမယ် ဆိုတာကြောင့် သူ့အိပ်ခန်းနဲ့ ကပ်လျက်တခန်းကျော်မှာ နေရာ ချပေးပါတယ်။ ရှေ့တန်းဆိုလို့ ကျွန်တော်တို့က တောထဲ တောင်ထဲ သွားရတာ မဟုတ်ပါဘူး။ မြို့အစွန်မှာ တပ်စခန်း ချပြီး နယ်မြေလုံခြုံးရေး ယူရတာပါ။ ဒါပေမယ့် ဒါက စစ်ကြောင်း ( ၁ ) တည်ရှိတာ ကြောင့်ပါ။ ကျန်တဲ့ တပ်စခန်းခွဲတွေကတော့ တောတောင်နဲ့ နီးစပ်တဲ့ နေရာတွေမှာပါ။ အဓိက တာဝန်ယူရတာ ကတော့ နယ်မြေလုံခြုံရေးပါ။ ဘာလို့လည်း ဆိုတော့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အပစ်အခက် ရပ်စဲရေး သဘောတူညီထားတာ ကြောင့်ပါ။ ဒါပေမယ့် သူတို့လည်း တပ်စခန်းတွေ ဖွင့်ထားပါတယ်။ လက်နက်နဲ့ တရားဝင် သွားလာခွင့် ပြုထားရပါတယ်။ ဒီတော့ ကျွန်တော်တို့လည်း ဘယ်နေရာ သွားသွား အနည်းဆုံး ၂ ယောက်အပြင် ၊ လက်နက်လည်း တပါတည်း ယူဆောင်သွားရပါတယ်။ အဲဒီမှာ ရှိတဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေက SSNA / SSA / KDA အဖွဲ့တွေ ဖြစ်ပါတယ်။ ဒါနဲ့ နေရတာက ဘာကြောင့် အခန်းတွေနဲ့ ဖြစ်နေလဲ ဆိုတော့ ကျွန်တော်တို့ အခုနေရတဲ့ စစ်ကြောင်း ( ၁ ) တည်ရှိနေရာက မြို့ဖြစ်တဲ့ အပြင် ၊ အရင် ဒီနေရာမှာ တုန်းက ဆက်သွယ်ရေးရုံး တည်ရှိတာကြောင့်ပါ။ အခုပြောင်းရွှေ့ဖွင့်လှစ် လိုက်ကြောင့် ဖြစ်ပါတယ်။ တိုက်ခန်းတွေတော့ မဟုတ်ပါဘူး ။ အဆောင်က အပေါ်က အမိုးရှည်တစ်ခုမှာ အခန်းငယ် အဖြစ် ( ၅ ) ခု ကန့်ထားပါတယ်။ ဆောက်ထားတာကတော့ အုတ်တွေနဲ့ပါ။ တရုတ်အုတ် အကြီးစားတွေပါ။ အခန်းထဲမှာတော့ ဘာမှ မရှိပါဘူး။ ၀ါးကပ်ကို ကုတင်လုပ် အိပ်ရတာပါ။ တပ်စခန်းနဲ့ ကပ်လျက်ကတော့ ရှမ်းရွာငယ်လေးပါ။ ကြားမှာ ခြံစည်းရိုးပဲ ခြားပါတယ်။ ကျွန်တော်တို့ ခလရ ( ၄၅ ) စစ်ကြောင်းနဲ့အတူ အမှတ် ( ၁ ) လှုပ်ရှားစစ်ဗျူဟာ လဲတည်ရှိပါတယ်။ နောက်ပိုင်း ကျွန်တော် ခေါင်းမူးပြီး အန်ခဲ့တာက ဗျူဟာမှုး ရေချိုးခန်းမှန်း သိလာရပါတယ်။ ကံကောင်းလို့....ရင်ဆိုင်တွေ့ရင်တော့ မလွယ်လောက်ဘူး။ ၁၀ တန်းတုန်းက ဆရာမပြောသလို “ နင်တို့တွေ စာမေးပွဲ မလာသေးတော့ စာမကျက်ကြနဲ့ ၊ တော်ကြာ ရင်ဆိုင် အတွေ့မှာ...ဖင်ထိုင်မေ့မယ်တဲ့ ” ဆရာမပြောတာ မှားသွားပြီ။ အဟဲ။ ကျွန်တော် ဗျူဟာမှုးနဲ့ ရင်ဆိုင်မတွေ့ခဲ့လို့ တော်သေးတယ် ဆရာမရေ။
တပ်စခန်းနဲ့ ကပ်လျက် ရွာကတော့ ရွာငယ်လေးပါ ။ အိမ်ခြေ ( ၁၅ ) လုံးလောက်တောင် မရှိပါဘူး။ ရွာထဲမှာလည်း လူငယ်တွေကို သိပ်မတွေ့ရပါဘူး။ ဘာကြောင့်လဲဆိုတော့ နောက်ပိုင်း ပြောပြပါ့မယ်။ ကျွန်တော်တို့ အဲဒီကို ရောက်တော့ မှတ်မှတ်ရရ တရုတ်နှစ်သစ်ကူး ကာလနဲ့ သွားတိုက်ပါတယ်။ ၁ လပိုင်းပေါ့ဗျာ။ ၂၀၀၄ ခုနှစ်ရဲ့ ( ၁ ) လပိုင်း ထဲမှာပါ။ နေရာတွေ ချပေးပြီးတော့ အဘရဲ့ ကိုယ်ရံတော် ရဲဘော်လေးက လာမေးပါတယ်။ နာမည်ကတော့ ရဲဘော် သန်းဝင်းပါ။ နောက်ပိုင်း ကျွန်တော်နဲ့ တတွဲတွဲပေါ့။ တွဲဖြစ်တာပေါ့ တပ်ရင်းမှုးရဲ့ အရာရှိ ဘော်ဒီဂတ် ( I.O ) နဲ့ ရဲဘော်ဆိုတော့ ခိုင်းသမျှ အတူတူ လုပ်ရတာကြောင့်ပါ။ အိုင်အို ဆိုတာက ( Intelligent Office ) လို့ခေါ်ပါတယ်။ သူက ဗိုလ်ကြီး “ နေကောင်းရဲ့လားတဲ့ အဘက ၊ နေမကောင်းရင် သောက်ဖို့ ဆေးပေးလိုက်တယ်လို့ပြောတော့ ” ကိုယ်လဲ ယူထားပြီး ဆေးသောက်ကာ လှဲအိပ်နေလိုက်တယ်။ သေချာပါတယ် ကျွန်တော်ဖျားနေခဲ့တာပါ။ အမေကတော့ ဂုဏ်ယူလိုက်တာ “ စစ်သားကြီး လုံးလုံး...ဗိုလ်မှုးကြီး ရှုံးလောက်ပါရဲ့ ” သူ့သားကို ချီမွမ်းနေလိုက်တာ ကျွန်တော်ကတော့ ရှေ့တန်းရောက်တာနဲ့ ဖျားနေတော့တာပဲ။ ကျန်းမာသန်းစွမ်းတာ ကတော့ ပြောစရာကို မလိုတာ။ ဒီလိုနဲ့ တစ်နေ့ ကုန်ဆုံးပြီး မနက်ဖြန်ရောက်လာတော့ အထက်ဌာနက ကြေးနန်းဝင်လာပါတယ်။ ဘယ်ပွိုင့် ၊ ဘယ်နေရာ ၊ ဘယ်တောင်ကုန်းကို တပ်ရင်းမှုး ဦးစီးပြီး ရှင်းလင်းရေး ၀င်ပါ။ စီမံချက် နဲ့ ဖြစ်စဉ်ကို အသေးစိတ် ပြန်တင်ပါတဲ့။ ဒီတော့ ချက်ချင်း လူစုပါတယ်။ ကျွန်တော့်ကိုတော့ ဖျားနေလို့ စခန်းမှာပဲ ဦးစီးပြီး နေခဲ့ရန် မှာကြားပါတယ်။ သူငယ်ချင်း ( ၂ ) ယောက်ကိုတော့ ယူဆောင်ရမဲ့ ပစ္စည်းတွေမှာ လူစုနဲ့ ရှုပ်ယှက်ခက်သွားပါတယ်။ ကျွန်တော်တို့ တပ်မတော်မှာ အစဉ်အလာ တစ်ခုရှိတာက တကယ်လို့ တပ်စခန်းချတဲ့ နေရာမှာ ပွဲတော် ရှိလာတယ် ဆိုတာနဲ့ စခန်းမှာ မထားတော့ပဲ ရှင်းလင်းရေး စီမံချက်လုပ်ကာ စေလွှတ်တက်ပါတယ်။ ဘာမှ မဖြစ်ပေမယ့် တာဝန်က တာဝန်ဆိုတော့ တပ်ရင်းမှုးလဲ အမိန့်နာခံရပါတယ်။ အဲဒီအချိန်တုန်းက တရုတ်နှစ်ကူး ကာလကြီးမို့ပါ။ ရှင်းလင်းရေးအတွက် ကြာမဲ့ရက်ကတော့ ( ၁ ) ပတ်တိတိ ဖြစ်ပါတယ်။
ဒါကြောင့် ကျွန်တော့်ကို ကျန်ခဲ့သည့် စစ်သည်များအား သေသေချာချာ ၊ ပြဿနာ မတက်စေဘဲ ကြီးကြပ် အုပ်ချုပ်ရန် ၊ ကိုယ်တိုင်လည်း ဘယ်မှ လျှောက်မသွားဘဲ စည်းကမ်းလိုက်နာရန် လိုအပ်ဖို့ ၊ အရေးအကြောင်း တစ်စုံတစ်ရာ ရှိပါက စခန်းနဲ့ ကပ်လျက် ဗျူဟာ ဌာနကို သတင်းပို့ရန် မှာကြားခဲ့ပြီး ထွက်ခွာသွားပါတယ်။ ဒါနဲ့ ကျွန်တော်လည်း စခန်းပတ်ပတ်လည် ကို လိုက်ကြည့် ၊ တစ်စိတ်တွေ တပ်စွဲရာ စခန်းတွေ လိုက်ကြည့်ပြီး အဘမှာသွားတဲ့ အတိုင်း တပ်စိတ်ခေါင်းဆောင် ဆရာကြီးတွေကို တဆင့် ပြန်လည် မှာကြားပါတယ်။ အမိန့်ဆိုတာ ဒီလိုပဲ လက်ဆင့်ကမ်းရပါတယ်။ ဒါမှ အောက်ခြေအထိ သိရှိနားလည်ပြီး လိုက်နာ ဆောင်ရွက်နိင်တာ ကြောင့်ပါ။ ညနေဘက်ရောက်လာတော့ တပ်ခွဲတပ်ကြပ်ကြီး CQ ကိုခေါ်ပြီး စကားပြောစရာ ရှိသောကြောင့် ကင်းသမား နှင့် စက်သမား မှ အပ ကျန်သူများ လာရောက် တန်းစီပြီး သတင်းပို့ရန် မှာကြားခဲ့ပါတယ်။ CQ ( စီကျူ ) ဆိုတာက တပ်ရင်းမှုးအပါအ၀င် ဒီစစ်ကြောင်းမှာ ရှိသော စစ်သည်နှင့်အရာရှိ များ၏ စားဝတ်နေရေးကို စီမံရသော သူပါ။ တန်းစီပြီးပြီ ဖြစ်ကြောင်း လူစုံကြောင်း တန်းလာအပ်ပါတယ်။ ဗဟုသုတ ရရန် အလို့ဌာ ဖော်ပြပေးလိုက်ပါ့မယ်။ တန်းစီပုံ နည်းကတော့ လူတိုင်း မကြည့်ဘူးရင်တောင် မြင်ဘူးကြမှာပါ။ ဗီဒီယိုကားတွေမှာပါ။
ဆရာကြီး ။ ရှေ့ကြည့် ။ သတိ ။
( အနောက်လှည့်ပြီး အလေးပြုပါတယ် ။ ပြီးတော့... )
ဆရာကြီး ။ အမှတ် ခလရ (၄၅) စစ်ကြောင်း ( ၁ ) ၊ ရှိရင်း ( - ) ၊ တန်းစီ ( - ) ၊ ပျက်ကွက် ( - )
(ပျက်ကွက်မှာ တာဝန် ) အလေးပြန်ပြု )
ကျွန်တော် ။ ( အလေးပြန်ပြုပြီး ) အေးစေ။
ကျွန်တော် ။ ကျွန်တော် နာမည်ကတော့ .....ပါ။ ဘာလို့ အခုလို့ ဆရာကြီးတို့ကို တန်းစီခိုင်းရတာလဲ ဆိုတော့ ကျွန်တော်တို့က အသစ်ရောက်လာတာရယ်ကြောင့် မိတ်ဆက် ချင်တာနဲ့ ၊ နောက်ပြီး တပ်ရင်းမှုးကလည်း တာဝန်နဲ့ ထွက်သွားတာကြောင့် မှာသွားတာတွေ ပြန်လည် မှာကြားချင်တာကြောင့်ပါ။ ကျွန်တော်ကတော့ စစ်တက္ကသိုလ် အပတ်စဉ် ( - ) က ကျောင်ဆင်းလာတာပါ။ ကျွန်တော်က ဒီက ဆရာကြီးတို့ထက် အသက်အရွယ် များစွာ ငယ်ရွယ်ပေမယ့် ဆရာကြီးတို့ရဲ့ တိုက်ပွဲအတွေ့အကြုံ ၊ ဇွဲသတ္တိရှိမှု ၊ တိုင်းပြည်အပေါ် သစ္စာစောင့်သိမှု့ တွေကို လေးစားသလို့ ၊ ဆရာကြီးတို့ကလည်း ကျွန်တော့်ရဲ့ တာဝန်ယူရမှု အပေါ် တဖန် ပြန်လည် လေးစားစေချင်ပါတယ်။ အခုကာလမှာ တရုတ်နှစ်သစ်ကူး ကာလဖြစ်တာကြောင့် မြို့ထဲမှာ ပွဲလမ်းသဘင် အခမ်းအနားတွေ ရှိမယ် ၊ နောက်ပြီး လူငယ်ပီပီ သောက်စားပျော်ပါးရင်း အမှုးလွန်နေကြတဲ့ လူတွေလဲ ရှိပါလိမ့်မယ်။ ဒါကြောင့် အဘက မည့်သူ့ကိုမှ တပ်စခန်းက ပေးမထွက်ခိုင်းပါဘူး။ ကုန်ကုန်ပြောရရင် ကျွန်တော့်ကိုလည်း မထွက်ခိုင်းပါဘူး။ ဒီစခန်းထဲမှာပဲ သူပြန်မလာချင်း နေဖို့မှာခဲ့ပါတယ်။ တကယ်လို့ အပြင်မှာ အဲဒီလို ကိစ္စတွေ ဖြစ်နေတယ် ဆိုတာ မြင်နေရင်တောင် ၀င်မစွတ်ပါနဲ့။ ရဲစခန်း ရှိပါတယ်။ သူတို့ တာဝန် ယူပါလိမ့်မယ်။ နောက်ပြီး ဒီက ဆရာကြီးတွေရဲ့ ကျန်းမာရေး ၊ လူမှုရေး ၊ စားဝတ်နေရေး ကိစ္စအ၀၀ အခက်အခဲ အားလုံး ရှိလာခဲ့သည် ရှိသော် ကျွန်တော့်ကို လာရောက် ပြောကြားနိင်ပါတယ်။ အတက်နိင်ဆုံး ကူညီပေးနိင်ဖို့လည်း ကျွန်တော် ကြိုးစားပါ့မယ်။ ကျွန်တော် တပ်ရင်းမှုးနဲ့ တခန်းကျော်မှာ နေပါတယ်။ ကျွန်တော် ပြောချင်တာက ဒီလောက်ပါပဲ။ အားလုံးလည်း ကျွန်တော်နဲ့ အတူ အဘ အမိန့်ကို နာခံကြမယ်လို့ ယုံကြည်ပါတယ်။ ဘာသတင်းပို့ စရာ ရှိလဲ ။
စစ်သည်များ ။ မရှိပါဘူး။
ကျွန်တော် ။ ရှေ့ကြည့် ။ တပ်ရင်း....သတိ ။ တပ်ခွဲတပ်ကြပ်ပြီး.....ဆက်လုပ်။
ဆရာကြီး ။ ဆက်လုပ်ခွင့်......ပြုပါ။
ကျွန်တော် ။ ဆက်လုပ်။ ဆရာကြီးလည်း မှာစရာ ရှိတာ မှာပြီး တန်းဖြုတ်ပေးလိုက်ပါဟု ပြောပြီး
အလေးပြုကာ ကျွန်တော်လည်း ထွက်လာခဲ့ပါတယ်။ ယေဘုယျအားဖြင့်တော့ ဆရာကြီးတွေ ကို ခန့်မှန်းကြည့်တဲ့ အခါမှာ အသက်အရွယ်တွေကတော့ အမျိုးမျိုးပေါ့။ ( ၂၀-၄၅ ) အတွင်းလောက် ရှိကြပါတယ်။ တချို့က ပိန်ပိန် ပါးပါး ၊ တစ်ချို့က နည်းနည်း တောင့်တောင့် နဲ့ မျိုးစုံပေါ့။ ယူနီဖောင်းတွေကတော့ နွမ်းတော့ နွမ်းနေကြပါပြီ။ စစ်သည် ဆိုတာကလည်း ဘယ်ချမ်းသာနိင်ပ့ါမလဲ။ ဒီနေရာမှာ တစ်ချို့ အခြေအနေလေးတွေကို တင်ပြချင်ပေမယ့် အနည်းငယ် ဆွေးနွေးဖွယ်ရာ တွေ ရှိလာနိင်တာကြောင့် မရေးတော့ပါဘူး။ ဒီလိုနဲ့ ( ၁ ရက် ၊ ၂ ရက် ၊ ၃ ရက် လောက်ကြာ ) နေလာလိုက်တာ တစ်နေ့မှာ တပ်ကြပ်ကြီး တစ်ယောက်က နေမကောင်း ဖြစ်လာတာကြောင့် မြို့ထဲကို ဆေးထွက်ဝယ်ဖို့ အကြောင်းက ပေါ်လာပါတယ်။ ဒါနဲ့ ကျွန်တော်လည်း ဆရာကြီး တစ်ယောက်ကို ခေါ်ပြီး မြို့ထဲကို ထွက်လာခဲ့ပါတယ်။ အချိန်ကတော့ ညဘက်ကြီးပါ ။ မှတ်မှတ်ရရ ညနေ ( ၅ ) နာရီလောက် ရှိပါတယ်။ မြိုထဲက ထွက်လာတော့ စခန်းအပြင်ဘက်မှာ ညောင်ပင် အကြီးကြီး ရှိပါတယ်။ အဲဒီမှာ မီးဖိုပြီး လူတွေ စုထိုင်နေကြတယ်။ ဒီလိုနဲ့ ကျောင်း ၊ ရဲစခန်း ၊ ဘုရား ၊ တို့ကို ကျော်လာတော့ အလာတုန်းက မှတ်မှတ်ရရ မကြည့်ခဲ့တာ အခုမှ သေသေချာချာ ကြည့်မိတော့ အိမ်တွေ အကုန်လုံးက ချိတ်ပိတ်ထားတာ...နည်းတာ မဟုတ်ပါဘူး။ အိမ်တွေ ဆိုပေမယ့် အဆောင်တွေလို့ အပေါ်အောက် အထပ်တွေ ဖြစ်ပြီး ချိတ်အကုန် ပိတ်ထားတာပါ။ ဒါနဲ့ နောက်မှာ စုံစမ်းကြည့်ဦးမယ်ဆိုပြီး ဆေးခန်း လိုက်ရှာပါတယ်။ ကံကောင်းတော့ ဆေးခန်းရှာတွေပေမယ့် ဆရာဝန် မရှိပါဘူး။ ဆေးရောင်းတဲ့ နပ်စ့်မ တစ်ယောက်ပဲ တွေ့တယ်။ သူကလဲ ရှမ်းမ ဆိုတော့ မြန်မာလိုလဲ မတက်ပါဘူး။ ဒါနဲ့ မတောက်တခေါက် အင်္ဂလိပ်လို ပြောတော့ ပိုဆိုး ။ ဆေးခန်းလာတာတော့ သိတယ်။ တစ်ခုခု ဖြစ်မှန်း ။ ဒါနဲ့ တရုတ်လိုလည်း ကျွန်တော်က မတက်တာကြောင့် နိင်ငံတကာသုံး ဘာသာ စကားအဖြစ် ( Body Language ) ကို သုံရတော့တာပေါ့။ နဖူးကို စမ်းပြ ၊ မျက်နှာကို ရှုံပြ ၊ ကိုယ့်ကို အားမရှိအောင် နှုန်းနေတဲ့ ဟန်လုပ်ပြနဲ့ ။ နောက်ဆုံး တော့ နားလည်သွားပါတယ်။ ကံဆိုးချင်တော့ ကျွန်တော် ကလည်း ပါတာစီတမော့ကို နာမည် မေ့နေတာ ကြောင့်ပါ။ ဖြစ်ရလေ.... မောင်မင်းကြီးသားရေ။
ဆေးဝယ်ပြီးတော့ ကျွန်တော်တို့လည်း ပြန်လာခဲ့ပါတယ်။ ဒါနဲ့ ဟိုရောက်တော့ ဆရာကြီးကို နိး ၊ ဆေးတိုက်မယ် လုပ်တော့ ငယ်ငယ်က အဖေ ပြောပြထားတာ ၊ ကိုယ့်ကို့ပြောထားတာကို ကြားယောင်မိတယ် ။ အစာမရှိဘဲ ဆေးမသောက်ရဘူး ဆိုတာကြောင့် ။ ဆရာကြီးကို ဘာစားထားလဲ ဆိုတော့ ဘာမှ မစားရသေးဘူးတဲ့။ ဆန်ပြုတ်လေးတော့ လုပ်တိုက်ဖို့ ထမင်းချက်ဆရာကြီးကို မှာထားတယ်တဲ့ ။ အင်း...ဒါနဲ့ ဆရာကြီးကို ကြည့်လိုက်တော့ ပိုက်ဆံလည်း ရှိမဲ့ ပုံ မပေါ်တာနဲ့ ကိုယ်လက်ကျန်ထဲက ပိုက်ဆံနဲ့ မုန့်ဝယ်ဖို့ စဉ်စားရပြန်ပါတယ်။ မြို့ထဲကို သွားဖို့ကလည်း မှောင်နေပြီဆိုတော့ ရွာထဲမှာ မုန့်ဆိုင်လေးများ ရှိမလားလို့ ဆိုပြီး ရွာဘက်ကို ထွက်ခဲ့ပါတယ်။ ဟိုရောက်တော့ ကံကောင်းထောက်မစွာ မုန့်ဆိုင်လေးတစ်ခုတော့ တွေ့ပါတယ်။ ဒါပေမယ့် ပိတ်သွားပါပြီး။ နောက်ပြီး အဲဒီ ဒေသကလည်း တော်တော် အေးတာကြောင့် ညဘက်ဆို ရှမ်းတွေက မီးလှုံပြီး စကားပြောလေ့ အကျင့်ရှိတာကြောင့် အဲဒီဆိုင် ပိုင်ရှင် အမကြီး (၂) ယောက် ၊ တခြား ရှမ်းကောင်လေး ( ၃ ) ယောက် ၊ ရှမ်းမလေး ( ၂ ) ယောက် နဲ့ ကျွန်တော်တို့ စစ်ဗျုဟာက ရဲဘော်လေးတွေ စကားပြောနေတာနဲ့ သွားတွေ့ပါတယ်။ အမယ် ဒီကောင်လေးတွေက ခြေကုတ်ယူနေတာ။ ရှမ်းမလေးတွေကို လာလာပိုးကြတာပေါ့။ လူပျိုတွေ ဆိုတော့လည်း ဒီလိုပါပဲ။ ဒါနဲ့ သူတို့ထဲက တစ်ယောက်က ကျွန်တော့်ကို မြင်သွားတော့ ကျွန်တော်လည်း ကော်ဖီမစ်ထုပ်နဲ့ ကိတ်မုန့်လို မျိုးလိုချင်ကြောင်း ၊ ဒါကြောင့် ၀ယ်ပေးပါဆိုပြီး ပြောလိုက်ပါတယ်။ ဒီတော့ ရဲဘော်လေးက ရှမ်းမ ( ပီနန်း ) ကိုခေါ်ပြီး လိုချင်တာ မှာလိုက်ပါတယ်။ သူ့က ခဏဆိုပြီး ဆိုင်ထဲ ၀င်တော့ ကျွန်တော့်ကို လာပါ ထိုင်ပါ ဆိုပြီး ၀ိုင်းခေါ်ကြတာကြောင့် ကျွန်တော်လည်း မထိုင်ချင် ထိုင်ချင်နဲ့ ၀င်ထိုင်လိုက်ရတယ်။ ကျွန်တော့်မှာက တာဝန်ကြီးနဲ့ အထူးသဖြင့် တပ်ရင်းမှုး မရှိတဲ့ အချိန် ၊ တာဝန်က ကျွန်တော့်မှာ ရှိတာကြောင့် ကြာကြာမနေချင်တာရယ် ၊ဆေးတိုက်ရမှာရယ် ကြောင့်ပါ ။ သူတို့ထဲက အနည်းငယ်ရဲတင်း သွတ်လက်ဟန်ရှိတဲ့ ရှမ်းမတစ်ယောက်က “ နင်ကလည်း လာစမ်းပါ ၊ ဘာကြောက်နေတာလဲ ၊ လာမီးလှုံ ၊ မခင်ဘူးလား ” ဆိုပြီး ဆောင့်ဆွဲလိုက်တာကြောင့် ကျွန်တော် ငပိန်လည်း ယက်ကန်ယက်ကန်နဲ့ မုန့်အလာကို စောင့်ရင်း ထိုင်ချလိုက်ရတယ်။
စောနက စကားကို ရဲဘော်တစ်ယောက်က ရှမ်းလိုတက်တော့ သွားပြောပါတယ်။ အဲဒါ ငါတို့လို ရဲဘော်မဟုတ်ကြောင်း ၊ ဗိုလ်လုံ ( ဗိုလ်ကြီး - လုံ=ကြီး ) ဖြစ်ကြောင်း ပြောပြလိုက်တော့ သူလည်း နည်းနည်းတော့ လန့်သွားတယ်။ ဘာလန့်တာလဲတော့ မသိဘူး ။ အဲဒီအချိန်တုန်းက ၀တ်စုံနဲ့ လည်း မဟုတ်ဘူး။ အထင်တော့ ရုပ်ကို လန့်သွားတာ ဖြစ်လောက်တယ်။ မှောင်မှောင်မည်းမည်းနဲ့ ပိန်ပိန်လိန်လိန် ဆိုတော့ ဒီငနဲ့ကတော့ မလွယ်လောက်ဘူး ဆိုပြီးတော့ ထင်လို့နေမှာ။ တစ်အောင့်နေတော့ လိုချင်တာတွေ ရပြီဖြစ်သောကြောင့် အားလုံးကို နှုတ်ဆက်ပြီး ပြန်ခဲ့ပါတယ်။ သူတို့ကတော့ အားလျှင် နောက်နေ့ လာခဲ့ဖို့လည်း မှာလိုက်ပါသေးတယ်။ ဒါနဲ့ စခန်းကို ပြန် ။ ဟိုရောက်တော့ ဆရာကြီးကို ဆေးတိုက်ပြီး ကောင်းကောင်း အနားယူဖို့နဲ့ အရေးအကြောင်း ရှိလျှင် အချိန်မရွေး တစ်ယောက်ယောက် လွှတ်ကာ မှာကြားဖို့ ပြောခဲ့ပြီး ကျွန်တော်လည်း အဆောင်ပြန်ခဲ့ပါတယ်။ ညရောက်တော့ စခန်းတွေကို လှည့်ပတ်ကြည့်ပြီး မောမောနဲ့ ဘုရားရှစ်ခိုး အိပ်ရာဝင်ခဲ့ပါတယ်။ ရှေ့တန်းမှာ အားကိုးစရာက ဘုရား ၊ တရား ပဲ မဟုတ်လား။ ဒီတော့ အမွှေးတိုင် ၊ ဖရောင်းတိုင် ၊ ပန်းက အစ ကပ်ပြီး နေ့တိုင်း ပူဇော်ဖြစ်ပါတယ်။ ပြီးတော့ တစ်နေကုန် လုပ်ခဲ့တာတွေ ပြန်စဉ်စားရင်း ၊ စောနက ရွာထဲက တွေ့လိုက်ရတဲ့ ရဲဘော်တွေ နဲ့ ရှမ်းမ တွေအခြေအနေကိုလည်း မဆီမဆိုင် တွေးမိပါသေးတယ်။ ကျွန်တော်တွေးတာက ဒီကောင်တွေ ဒီအချိန်ကြီး စခန်းမပြန်ဘဲ ဘာလုပ်နေလဲလို့ပါ။ စခန်းနဲ့ကလည်း ခြံစည်းရိုးပဲ ကွာတာကြောင့် သိပ်တော့ အကြောင်း မဟုတ်ပါဘူးလေ ဆိုပြီး အိပ်ရာဝင်ခဲ့ပါတော့တယ်။
နောက်တစ်နေ့ မနက် ( ၅း ၄၅ ) ကျတော့ အိပ်ရာကထ ၊ မျက်နှာသစ်ပြီး စခန်းတွေကို တစ်ခါပြန်လိုက်စစ် ၊ မနက် ( ၆း၀၀ ) နာရီထိုးတော့ ထူးခြားဖြစ်စဉ် မရှိကြောင်းကို စက်နဲ့ အထက်ဌာနကို သတင်းလှမ်းပို့ရပါတယ်။ ဒါက မနက် ၆ ၊ နေ့လည် ၁၂ ၊ ည ၆ နာရီ တိုင်းပုံမှန် သတင်းပို့ရတာပါ။ တစ်အောင့်နေတော့ မနက် ( ၇း ၀၀ ) နာရီထိုးတော့ မှာကြောင့် သစ္စာဆိုဖို့ တန်းစီပါတယ်။
“ ငါတို့သည် နိင်ငံတော်နှင့် နိင်ငံသားတို့၏ သစ္စာကို စောင့်သိ ၊ ရိုသေပါမည် ”
“ ငါတို့သည် ကျဆုံးလေပြီးတော့ တပ်မတော်သား တို့၏ သစ္စာကို စောင့်သိ ၊ ရိုသေပါမည် ”
“ င့ါအား အထက်မှ ပေးအပ်သော အမိန့်နှင့် တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ပါမည် ”
“ င့ါနိင်ငံတော် ၊ ငါ့နိင်ငံသား ၊ ငါ့တပ်မတော် အတွက်...ငါ၏ အသက်ကို စွန့်လွှတ်ရန် အဓိဌန် ပြုပါ၏ ”
ဟု ရွတ်ဆိုပြီးနောက် တစ်နေ့တာ လုပ်ဆောင်ရမဲ့ တာဝန်တွေကို ခွဲဝေပေးဖို့ စီစဉ်ရပါတယ်။ သစ္စာလေးချက် ရွတ်ဆိုတဲ့ အခါ အားနဲ့မာန်နဲ့ ရွတ်ဆိုရတာကြောင့် ရွတ်ဆိုပြီးတိုင်းလည်း စိတ်ဓတ်တက်ကြွလာပါတယ်။ ဒါပေမယ့် ရွတ်ဆိုရုံတင်မကဘဲ လက်တွေ့မှာလည်း အမှန်တကယ် လိုက်နာဖို့ လိုသေးတယ် မဟုတ်လား။ ဒီလိုနဲ့ တာဝန်တွေ ခွဲပေးတော့.....
ဆက်ရန်
Labels: ဘ၀အပိုင်းအစများ
Subscribe to:
Post Comments (Atom)
10 comments:
Wow.., I am addicted to read your posts now. The more i read so far.., the better i want to know more.
I feel like to see the movie through to read from here. It's your persuasiveness of your written skills.
Keep it up. Waiting for continues posts.
Thanks.,
Soe Mya Nandar Thet Lwin
Di ne yar ka ne Bow pae bar tal Bo Gyi :)
~~~May you be able to actualize the promises~~~~
I have to admit you again that your writing is excellent..
Set bar byo :)
ဆက်ရန်ကိုစောင့်ဖတ်နေပါတယ်။
Your writing is Excellent.
Good !
More than enough !
I'll read it again !
ှုMg Lay, I know you can do it. Keep it up! waiting for your post 10.
တိုက်ပွဲတွေကြားထဲရောက်ပြီအောက်မေ့တာ။ ထင်သလို
မဟုတ်ဘူးကိုး။ (၁၀)ကိုမျှော်နေမယ်။
ဆက်လုပ် ။
ငါ့ကိုကြီးကတော့ သင်္ကြန်ရက်ကြီးမှာ တိုက်ပွဲ စ တော့မယ် ထင်တယ်။ လုပ်ရဘူးလေ အဟီး ။ ဆက်တော့ဆက် ။ သင်္ကြန်အကြောင်းလေးလဲ ရေးအုံးလေး)
ဆက် ဆက် နော် :)
ဖတ်ရှုအားပေးလျက်ပါ ဗိုလ်ကြောင် ဟီး.. ဟုတ်ပါဘူး ဗိုလ်ဆိုးသွမ်း အင်း.. ဒါလဲ မဟုတ်သေးဘူးထင်တယ် :D
Post a Comment