Tuesday, March 31, 2009



ရွေးခဲ့တဲ့ လမ်းက
ဘာလို့များ ကံဆိုးမိုးမှောင်ကျခဲ့ရသလဲ....အမေ

အမေ...ကျနော့ကို မွေးတော့
မိုးတွေ ဖြိုင်ဖြိုင်ကျတဲ့...ဇူလိုင်လဆို
အခုတော့လည်း ဘ၀က ခမ်းခြောက်လိုက်တာ.....အမေရယ်
တစက်တလေလေးတောင်....ကျ မလာခဲ့ဘူး

ရှေ့မတိုး...နောက်မဆုတ်နိင်ခဲ့
တံပိုးနဲ့ တုတ်ကြားမှာ
ဘ၀က......ဆန္ဒတွေ ထင်သလို ပြည့်မလာပြန်ဘူး

အမေ့သားက....
တစ်ယောက်တည်း လက်ဝှေ့ထိုးပြီး
တစ်ယောက်တည်း အရှုံးပေးခဲ့ရတဲ့
လက်ဝှေ့သမားလေ

လက်ခလယ်လေးနဲ့ စားရေးတက်တယ်
နှုတ်ခမ်းတွေကလည်း....နီလိုက်တာ ၊ ကျမတောင် မနာလိုဖြစ်တယ်တဲ့
ကျမ..မှာသာ ရှင့်လို မျက်ခုံးထူတွေရှိရင်...ရိတ်ပစ်မယ်လို့လည်း
ခဏခဏ ပြောပြတက်တဲ့....ဗီးနပ်စ်လေးက
အခုတော့....ကျွန်တော့်အဝေးမှာ

အနာဂတ်ဟာ....
ကျွန်တော့်လက်ထဲမှာ မရှိတော့ဘူး......အမေ
“ ကျမကို မခွဲရဘူးနော်တဲ့ ”...သူပြောခဲ့တဲ့ စကားတွေမှာ
အဲဒီတုန်းက ကျွန်တော်က တပြုံးပြုံးနဲ့....ပျော်လို့

အခုတော့..အမုန်းဆုံးတွေများ
ဖြစ်ရတော့မလား...အမေရယ်

ကျနော်နဲ့ သူမကြားမှာ
အမှတ်တရ....သစ်ပုပ်ပင်ကြီးလည်း မရှိပါဘူး
အင်လျားကန်ဘောင် နဲ့ ပြည်သူရင်ပြင်လည်း မရှိခဲ့ဘူး

“ မောင် ” လို့ခေါ်တက်တဲ့ စကားလုံးတွေနဲ့
အမှတ်တရ ကဗျာတွေပဲ ရှိခဲ့တယ်
အခုတော့
မ၀ံမရဲနဲ့.....ပျိုးခဲ့ရတဲ့ စံပယ်လေး
ခူးဆွတ်ခွင့် မရတော့ပြီလေ

သာမန်လူလတ်တန်းစားဘဝ
အဆင်မပြေခဲ့တဲ့....ဘ၀ရဲ့ ရွေးချယ်မှု
ချစ်သူကတောင်......မယုံကြည်တော့လို့
ဖြည်လျော့ခြင်းခံခဲ့ရတဲ့....လက်တဖက်နားမှာ

သတ္တိမရှိသူတို့ရဲ့....ပြောနေကြစကားလုံးတွေလို
“ ဆန္ဒထက်..ဘ၀ကို ဦးစားပေးကြပါစို့ ” ဆိုတဲ့ စကားတခုတည်းနဲ့
အတူလျှောက်လှမ်းမယ့်...လမ်းဆုံးခါနီးမှာမှ
အသက်မဲ့စွာ....ကျွန်တော် ရပ်နေခဲ့ရတယ်



7 comments:

Anonymous said...

မောင် ..မောင် နဲ့ နောက်ဆုံးတော့ ချောင် ထိုးခဲ့တာပဲ အစ်ကိုရေ့ တူတူပဲ သူတို့တွေ စက်ရက်တယ်း)

ဒီလိုပါပဲလေ အပူရုပ်ကိုဟန်လုပ်ပြလိုက်တာပဲ အကောင်းဆုံး ယောက်ျားမာန ဆိုတာ ဈေးထဲမှာရောင်းနေတဲ့ ကင်စွန်းရွက်မှမဟုတ်တာပဲ ။

ကြယ်ပြာ said...

လောကကြီးက မတရားတာလား တရားတာလားမပြောတတ်တော့ပါဘူး ... သေချာတာကတော့ အထားခဲ့ခံရသူတွေထဲမှာ ယောက်ျားတွေလဲ ပါနိုင်သလို မိန်းမတွေလဲပါနိုင်ပါတယ် ... ဘာပဲဖြစ်ဖြစ် ကဗျာတွေတော့အသက်ဝင်တာပေါ့ ... အတိုင်းအတာတစ်ခုအတွင်းခံစားမှုတွေပြေလျော့နိုင်ပါစေလို့ ဆုတောင်းပေးပါတယ် ....

လင်းဒီပ said...

“အမေ့သားက....
တစ်ယောက်တည်း လက်ဝှေ့ထိုးပြီး
တစ်ယောက်တည်း အရှုံးပေးခဲ့ရတဲ့
လက်ဝှေ့သမားလေ”

ကောင်းလိုက်တဲ့ အဖွဲ့လေး..

“လက်ခလယ်လေးနဲ့ စားရေးတက်တယ်
နှုတ်ခမ်းတွေကလည်း....နီလိုက်တာ ၊ ကျမတောင် မနာလိုဖြစ်တယ်တဲ့
ကျမ..မှာသာ ရှင့်လို မျက်ခုံးထူတွေရှိရင်...ရိတ်ပစ်မယ်လို့လည်း
ခဏခဏ ပြောပြတက်တဲ့....ဗီးနပ်စ်လေးက
အခုတော့....ကျွန်တော့်အဝေးမှာ”

အင်း။။ဒီလိုပါပဲလေ..ချစ်နေတုန်းတော့ တပြုံးပြုံးပေါ့..။

ကြိုက်တဲ့ကဗျာလေးတစ်ပုဒ်ပဲ ညီလေးရေ..။

ငြိမ်သက် said...

ဆိုးသွမ်းရေ...

ဘ၀ကို ဦးစားပေးကြပါစို့

Apprenticeship said...

ဆက်ရပ်နေကွာ... သူပြောတတ်တယ်လေ.. တံခါးကို ခေါက်လော. ခေါက်လျှင်ဖွင့်ပေးမည်တဲ့.... ဆက်ရပ်နေ.. ခံစားမှုတွေကောင်းတော့ ကဗျာလေးကို မိုက်တယ်။

မီးမီးငယ် ရဲ့  ထည်ဝါချို said...

မောင်မျိုးနော်
ဟွန့်  ကျုပ်မပါဘူးအဲထဲမှာ

အယ် ဘာတွေပြောမိပါလိမ့်
း)

ခုတလောရင်ကွဲသံဇဉ်တွေဘဲ ဖတ်နေရတယ်။ ချစ်တဲ့သူတိုင်း လက်တွဲစေချင်တယ်
း)

Anonymous said...

လောကကမှာ ဖြစ်ချင်တာနဲ့ (ဖြစ်သင့်တာလို့ မသုံးချင်ပေမဲ့၊) ဖြစ်နိုင်တာက အများကြီးလွဲကွာသွားတတ်ပါတယ်၊ တခါတရံ ကိုယ်လုပ်ချင်တဲ့ အရာကို၊ ဘယ်လိုနည်းနဲ့မှ လုပ်ခွင့်မကြုံတာတွေ အများကြီးပါ၊ လောကရဲ့လမ်းတွေက သုခလမ်းတွေကြီးဘဲလို့ မထင်လိုက်နဲ့လေ၊ ဒီတယောက်နဲ့ ကွဲသွားတာဟာ ကိုယ့်ဘဝအတွက် အကောင်းဆုံးလမ်းလည်းဖြစ်နိုင်တာဘဲ၊ ဘာဘဲပြောပြော ခုတော့ ကဗျာကောင်းတွေ ထွက်လာသေးတာဘဲ၊ နောက်ဆို ဘဝကောင်းတွေ ထွက်လာနိုင်အုံးမှာပေါ့၊ စိတ်ဓာတ်မကျနဲ့ ရှေ့ဆက်ရမဲ့ ခရီးက အရှည်ကြီးကျန်သေးတယ်။