Friday, March 13, 2009



ကိုမိုးလှိုင်ဆီက “ ရန်ကုန် ” ကဗျာတွေ ဖတ်ရတော့ ကဗျာပြန်ရေးချင်စိတ်တွေလည်း ပေါက်လာသလို ၊ မွေးရပ်မြေ ရန်ကုန် အကြောင်းလေးလည်း ရေးချင်လာသေးတယ်။ သူတို့လောက်တော့ ကောင်းမှာ မဟုတ်မှန်း သိပေမယ့် ကိုယ့်ခံစားချက်လေးတွေ ကိုယ်ရေးခွင့်ရရင်ပဲ ဒီဘလော့ဂ်လုပ်ရကျိုး နပ်တယ်ဆိုတဲ့ အတိုင်းပဲ ကျွန်တော်ရဲ့ ရန်ကုန် အမြင် ခံစားချက်လေးတွေကို အရိုးခံ အတိုင်း ချရေးလိုက်ပါတယ်။ ကဗျာလေး ရိုင်းခဲ့ရင် နားလည်ပေးကြပါ။

“ ရန်ကုန် ”


လူကြီးကနေ ကလေး...ကလေးကနေ ခွေးအထိ
အဆင့်အတန်းတွေ ခွဲခြားခံရတဲ့....မြို့

နေပူပူအောက်က.....ရမ္မက်ခိုး အတ္တတွေဝေနေတဲ့
ရက်စက်မှု သရဖူဆောင်း
မြန်မာပြည်ထဲက အကောင်းဆုံး....မြို့

မနက်ဆို လူတွေက ခွေးလို အလုပ်လုပ်ရပြီး
ညဆို ခွေးတွေက လူလိုပျော်ကြတဲ့....မြို့

လင်ကွန်း ပြောတဲ့ အမြစ်ပြက်သွားတဲ့စနစ်ကို
တခုတည်းသော ထိန်းသိမ်းသူ အဖြစ် ရှိနေတဲ့...မြို့

အယောင်အယောင် အမှားမှားနဲ့
အဆင်းကို ဘီးတပ်ပေးတဲ့သူတွေ နေကြတဲ့....မြို့

၂၁ ရာစုရဲ့ ခေတ်အနောက်ကျဆုံးနဲ့
အယဉ်ကျေးဆုံး....မြို့

ဒီမြို့မှာ ကြီးပြီး....ဒီမြို့မှာ မနေတော့တဲ့သူတွေက
“ ရွာ ” လို့ တင်စားခံရတဲ့မြို့


ဒါပေမယ့် ကျွန်တော်လည်း ရန်ကုန်ကို ချစ်တယ်
ရန်ကုန်မှာပဲ နေမယ်

ရန်ကုန်က ကျွန်တော့်ကို
အမြဲတမ်း ဆုံးမစရာတွေ ပေးတယ်
မဖြစ်နိင်တဲ့ ဖြစ်ရပ်တွေ ပြောပြတယ်
မဆုံးနိင်တဲ့ တေးသွားတွေနဲ့ ကခိုင်းတယ်
လှပတဲ့ မြင်ကွင်းတွေ ကြည့်ခိုင်းတယ်

အုံနာကြေးနဲ့ မိသားစု စားဝတ်နေရေးအတွက်
အားတင်းလို့ နင်းနေရတဲ့ ဆိုက်ကားသမား တစ်ယောက်ရဲ့ အပြုံး

ကျူရှင်လခနဲ့ အိမ်စရိတ်အတွက်
ဆီပူခံကြော်နေရတဲ့ အကြော်သည်တွေနဲ့
ရေခဲထုတ် ၊ ဖရဲသီးစိပ် ၊ ရွှေရင်အေးသည်တိုရဲ့
ရင်မအေးနိင်တဲ့ ခေါင်းပေါ်က ဘ၀အမော

ရန်ကုန်ဟာ...ပဟေဋ္ဋိဆန်တဲ့
စာအုပ်တစ်အုပ်လိုပါပဲ
သူ့သဘောကို နောကြေရင် အမှတ်များများရမယ်
ဆိုတဲ့ အတိုင်းပဲ

လူတွေကို လှည့်စားနေသလိုနဲ့
လူတွေရဲ့ ပြန်လှည့်စားခြင်းကြောင့်
ခေါင်းစဉ်အမျိုးမျိုး အတပ်ခံနေရတဲ့

မြို့...........


10 comments:

Unknown said...

ရန်ကုန် အမြဲတမ်း ကားတွေကြပ် ကားတွေကြပ် ... ရန်ကုန်

ရန်ကုန် ကားလမ်းပေါ် လူတွေလမ်းတွေလျှောက်တဲ့ ... ရန်ကုန် :P

Anonymous said...

ရန်ကုန်အကြောင်းကို ဖွဲ့ထားတာ သဘောကျတယ် ... ဖတ်လို့လဲကောင်းတယ် ... အစ်မလဲဖွဲ့တတ်ချင်လိုက်တာ ... ဒါပေမယ့် မဖွဲ့တတ်ဘူး ...

Anonymous said...

ခေတ်အဆက်ဆက် ရန်ကုန်ကို ..ကိုမိုးလှိုင် ရဲ့ ကဗျာမှာ ထင်ဟပ်နေတာတွေ့တယ် ။ မိုက်တယ်ဗျို့ ဒါကြောင့်နှစ်ချို့ကော်ဖီလို့ပြောတား)

Anonymous said...

ကိုဆိုးသွမ်းကရန်ကုန်သားလား အစောပိုင်းကပို့စ်တွေကို ရေးထားတာကို ဖတ်မိတုန်းက နယ်ဘက်ကမှတ်လို့...မှားသွားရင် ဆောရီးနော်.

ကြည် said...

အဲလို လိုင်းကားတွေက ပြိုင်ကားတွေလိုမောင်းလို့ ယာဉ်ရှစ်စီးဆင့်တိုက်တာတွေ ယာဉ်တိုက်မူ့တွေ ဆက်တိုက်ဆက်တိုက်ဖြစ်နေကြတာတွေ ကြားနေရတယ်..ကြားနေရပါတယ်

လင်းဒီပ said...

ညီလေးရေ ကိုယ်လည်း ရန်ကုန်ကို ချစ်တယ်..

ကိုမိုးလှိုင်ကဗျာကြောင့် ဘယ်သူမှ မTag ပါဘဲ ရန်ကုန်ကဗျာလေးတွေ ပေါ်လာတယ်..အနုပညာဆိုတာ အလှပဆုံးကူးစက်ရောဂါပါပဲ..
ကိုယ်လည်း မရေးမိပေမယ့် ရန်ကုန်ကို အိပ်မက်နေမိပြီ..

(ကိုယ့်တစ်ကိုယ်ရည် ခံစားမှုတစ်ခုရှိတယ်..
သူများတွေနဲ့တော့မဆိုင်ပါဘူး)
ရန်ကုန်ကို ရွာလို့ခေါ်ကြတာ မုန်းတယ်..
ကိုယ့်မျက်စိထဲမှာတော့ ယဉ်ကျေးဆဲ မြို့တော်ပါဘဲ...

အဆင်ပြေပါစေ..

Anonymous said...

ရွာပြန်ချင်တယ်.........

Anonymous said...

ဖွဲပုံလေးတွေက အရမ်းကိုလှပါတယ်...။ကဗျာကောင်းလေး
ကိုခံစားသွား ပါတယ်..............။

မမသီရိ said...

ဘာဖြစ်ဖြစ် ရန်ကုန်က ရန်ကုန်ပါပဲ
ကိုစိုးသွန်းလေး ရဲ့..
၂၀ ရာစုရဲ့ အရှေ့တောင်အာရှတလွှားမှာ
အကျော်ကြားဆုံး တက္ကသိုလ် တည်ရှိခဲ့ရာမြို့
အကောင်းဆုံး နဲ့ ခေတ်အမီဆုံး လေဆိပ် ရှိခဲ့ ရာမြို့
......
တို့တွေချစ်တဲ့ သမိုင်းတွေ စုနေတဲ့ မြို့ပါ...

Anonymous said...

ထိသွားတယ်ဗျ။လင့်ခ်ထားပါရစေ။ကျနော်ကငြိမ်သက်ပါ
ဒီဘလော့ခ်ကိုရင်းနှီးနေတာတော့ကြာပါပြီ
ကျနော်က blognizer ဖတ်ပဲဖတ်တတ်တယ်။ရေးတာက...ဟီး
တခု၂ခုပဲ