Tuesday, July 7, 2009

အနော်ရထာ သိပါတယ်


“ အရိန္နမာ မသိ ၊ အနော်ရထာသာ သိခဲ့သည် ”


တခါတုန်းကလည်း ကျန်စစ်မင်းအကြောင်း ရေးခဲ့ဖူးပါတယ်။ အဲဒီတုန်းက အင်မတန်လေးစားရတဲ့ ကျန်စစ်မင်းကြီးဟာ ကိုလူမင်းရဲ့ ရိုက်ချက်အောက်မှာ အခြေအနေအရ မယားတွေပဲ ယူပြနေရလို့ နှာဘူးကြီး လို့တောင် ထင်ကုန်ကြပါတယ်။ ယခုလည်း ကျန်စစ်မင်းနဲ့ အနော်ရထာ အကြောင်းကို အနည်းငယ် ပြောပြချင်ပါတယ်။ အထူးသဖြင့် အနော်ရထာပေါ့။ သမိုင်းမှာထက် ၊ လူတွေရဲ့ ပါးစပ်ဖျားမှာ

(၁) - ကျန်စစ်သားက သူ့မယားကိုထိလို့ လှံနဲ့ပစ်သတ်ပေမယ့် ကျန်စစ်သား သစ္စာတရားကို လှံက သိတာကြောင့် မထိပဲ လွဲချော်ခဲ့ရပုံ

(၂) - အနော်ရထာမင်းကြီး ကို ထိန်ပင်စောင့်နတ်က ဘ၀ဟောင်းက အကြွေးကြောင့် ကံနိမ့်နေချိန်မှာ ကျွဲယောင်ဆောင် ခတ်ကာ သေဆုံးစေပုံ

အဲဒီ ၂ ချက်လေး အကြောင်း ဓမ္မစေတီဆရာတော် ရှင်းပြထားတာကို ပြန်လည် ရေးသားဖော်ပြချင်ပါတယ်။ ကျွဲခက်သေခြင်းသည် မှန်သော်လည်း နတ်များကြောင့်ဟု ဆိုခြင်းကြောင့် ထေရ၀ါဒ၏ အစစ်အမှန်ကို လွဲသွားကြတော့သည်။ ထေရ၀ါဒ၌ နတ်မရှိပါ။ ပုဂံရာဇ၀င်မှာ ကျန်စစ်သားသည် တစ်ကြိမ်သွားပြီး စစ်တိုက်ခဲ့သည်။ ထိုအချိန် ကျန်စစ်သားနှင့် မဏိစန္ဒာတို့ ချစ်သူဖြစ်သွားကြသည်။ သို့သော် ကျန်စစ်သားသည် မိမိ၏ ဘုရင့်ဘဏ္ဍာတော် မိဖုရားဖြစ်မည့် မဏိစန္ဒာကို ရိုရိုသေသေပင် လေးစားစွာ ဆက်ဆံခဲ့သည်။ သို့သော် မဏိစန္ဒာသည် မိမိချစ်သူ၏ “ အရှင်မဘုရား ၊ သခင်မ ဘုရား ” ဟု ကျန်စစ်သားခေါ်တွင်သည်ကို မခံစားနိင် ၊ မိမိကို ချစ်သူတစ်ယောက်အဖြစ် ဆက်ဆံစေချင်သည်။

တညတွင် “ မဏိစန္ဒာမှ မြွေ...မြွေ ဟု မရှိဘဲ ထအော်သော အခါ ၊ ရဲမတ် ၀န်ထမ်းတို့မှ “ အဘယ်မှာနည်း သခင်မဟု မေးမြန်းရာ ” မဏိစန္ဒာမှ “ အသင်တို့ ၀န်းထမ်းများ ပေါ့လျော့စွာ စောင့်ကြပ်ကြတယ် ” အသင်တို့ ခေါင်းဆောင် ကျန်စစ်သားကို ခေါ်စေ ” ဆိုပြီး မဏိစန္ဒာက ကျန်စစ်သားကို ခေါ်ပါတယ်။ ၄င်းခေတ်က ကျန်စစ်သားသည် တကယ့် စစ်သား ၊ လူရိုးကြီး ဖြစ်ပါသည်။ သူက စစ်အကြောင်းကိုပဲ နားလည်သည် ။ ထို့ကြောင့် မဏိစန္ဒာ၏ မာယာကို နားမလည် ။

ထိုအချိန် မဏိစန္ဒာမှ ကျန်စစ်သားအား “ အသင်မောင်မင်း ၊ မောင်မင်း၏ ရဲဘော်များသည် တာဝန်မကျေ ၊ ၄င်းတို့အား ငါမယုံ ၊ ထို့ကြောင့် အသင်တစ်ယောက်တည်းပဲ ကျွန်ုပ်အား စောင့်ကြပ်စေချင်ပါသည် ” ဟု အမိန့်တော် ပေးသောအခါ ကျန်စစ်သားလည်း မလွဲမရှောင်သာ လက်ခံလိုက်ရသည်။ မဏိစန္ဒာလည်း ရဲမတ်များ မရှိသည်နှင့် ကျန်စစ်သားရင်ခွင် အတွင်းသို့ ပြေးဝင်ဖက်တွယ်လိုက်လေတော့သည်။ သွားပြီ။ ဇာတ်လမ်းက အဲဒီမှ စတာပါပဲ။ မိမိ၏ အရှင့်မိဘုရားကို ထိမိခက်မိသူ လူရိုးကျန်စစ်သား အချစ်ပရိယာယ်ကို မသိခဲ့။

ထို့နောက် ကျန်စစ်သား နေပြည်တော် ပြန်ရောက်ပြီး အနော်ရထာထံ ဆက်သသည်။ အနော်ရထာကလည်း ကျန်စစ်သားနှင့် အတူ တခြားသူရဲကောင်းများကိုလည်း ဆုလဒ်များ ပြန်လည်ချီးမြင့်ခဲ့သည်။ ၄င်းအချိန် စောလူမင်းက အနော်ရထာအား “ အဖ...ခမည်းတော် ၊ ခမည်းတော်ကတော့ ကျန်စစ်သားကို ပုဂံသူရဲကောင်း ၊ သစ္စာရှိ သူရဲကောင်းကြီး ဆိုပြီး ချီးမြင့်နေသော်လည်း ၊ ခမည်းတော် သတ္တိရှိတယ်ဆိုလျှင် ၊ ကျန်စစ်သားသည် တကယ်သစ္စာရှိ ၊ မရှိအား ယခုမေးမြန်းနိင်ပါသည် ” ဟု လူပုံအလယ်တွင် လျှောက်တင်လိုက်သည်။

အနော်ရထာလည်း ကျန်စစ်သားအား “ မိမိအရာတော် အားထိမိပါသလားဟု ” မေးမြန်းရာ ၊ ကျန်စစ်သားမှ ထိမိပါကြောင်း ၀န်ခံလိုက်သည်နှင့် အင်မတန် စိတ်ဆိုးတော် မူသွားသည်။ တရားခံကလည်း မိမိလုပ်ကြောင်း ၀န်ခံသည် ၊ သားအရင်း စောလူမင်းကလည်း စွပ်စွဲထားသည် ၊ မှုးမတ်ဗိုလ်ပါ အလယ်တွင်လည်း ဖြစ်သောကြောင့် ပြစ်ဒဏ်စီမံသင့်သည်။ ၄င်းနောက် လှံတံကို ကောက်၍ ထိုးမည်ဟု ကောက်ကိုင်လိုက်သည့် အချိန်တွင် အနော်ရထာ ဤကဲ့သို့ စဉ်းစားလိုက်ပါသည်။

  1. မိန်းမတစ်ယောက်အတွက် မိမိ၏ သူရဲကောင်းကို လှံနဲ့ထိုးသတ်သည့် အဖြစ် ပုဂံရာဇ၀င်မှာ မကျန်ရစ်စေလိုခြင်း ၊
  2. ပုဂံရာဇ၀င်ကို တည်ထောင်ခါစမှာ မိမိတို့သည် ကျန်စစ်သားကဲ့သို သူရဲကောင်းလိုသည်။ အကယ်၍ ကျန်စစ်သားကို သတ်ခဲ့လျှင် ကျန်သည့် ညောင်ဦးဖီး ၊ ငလုံးလဖယ် တို့က နေမည်မဟုတ်။ မိမိကိုယ်တိုင်လည်း မသတ်ချင်ခဲ့ ၊
  3. ငါသား စောလူမင်းကိုယ်တိုင်က ပြောပေမယ့် စောလူမင်း ပေါင်းသင်းသည့် လူမှာ ငရမန်ကန်း ( အရက်သမားနှင့် ပေါင်းဖော်သည် ) ၊ ကျန်စစ်သား ပေါင်းသင်းသည့် သူမှာ သူရဲကောင်းများ ။ ထို့အပြင် စောလူမင်း ပြောသည့်အချိန်၌ ၄င်း၏ မျက်လုံးထဲတွင် ကျန်စစ်သားအပေါ် မနာလိုသည့် အရိပ်များ ထင်ဟပ်နေသည် ထိုကြောင့် စောလူမင်းပြောတာကို မယုံ ၊

ထို့ကြောင့် ပရိယာယ်ဖြင့် လှံကို ကြိုးကို ထိအောင် ပစ်လွှတ်လိုက်တော့သည်။ လှံတံသိသည် မဟုတ်ပါ။ အနော်ရထာ သိချင်းသာ ဖြစ်ပါသည်။ ၄င်းနောက် ကျန်စစ်သားက “ ငါ၏ သခင်သည် လှံတံပစ်ရာတွင် တိကျသေချာသူ ၊ မည်သည့်အခါမှ လွဲချော်ခြင်းမရှိ ၊ ယခု ကြိုးကိုသာ ပစ်လိုက်သည် ၊ အရှင့်ထံတွင် အကြံရှိရမည် ” ဆိုပြီး လှံတံကို ကောက်ကာ ထွက်ပြေးသွားတော့သည်။

ညရောက်သော အခါ၌ မဏိစန္ဒာက “ မိမိနှင့် ကျန်စစ်သားမှာ ဟိုးအရင်ကတည်းက ချစ်သူများ ဖြစ်ကြောင်း ၀န်ခံလိုက်ရာ ” အနော်ရထာက “ ကြိုတင်ပြောကြားသင့်ကြောင်း ၊ သို့လျှင် မိမိကိုယ်တိုင် လက်ထပ်ထိမ်းမြှားပေးဦးမည် ဖြစ်ကြောင်း ၊ ယခုတော့ မဖြစ်သင့်တာတွေ ဖြစ်ကုန်ပြီ ” ဟုဆိုလေတယ်ပေါ့ဗျာ။

အဲဒီတော့ အနော်ရထာရဲ့ အိမ်တွင်းရေးကလည်း အဆင်မပြေ ၊ ကျန်ရှိသည့် သူရဲကောင်းများ ဖြစ်ကြသည့် ၃ ဦးအားလည်း ကျန်စစ်သားကို ရှာဖွေရန် လွှတ်လိုက်ခြင်းကြောင့် သူရဲကောင်းများ အနားမှာ မရှိသည့် အချိန် ၊ ပုဂံတိုင်းအား ဆင်နှင့် လှည့်လည်နေစဉ် မုဆိုးမတစ်ဦးက မိမိလယ်တွင် ဆင်နီးပါးရှိသည့် ကျွဲရိုင်းကြီးတစ်ကောင် လာရောက် သောင်းကျန်းနေခြင်းကြောင့် အရှင်မင်းကြီးအား အကူအညီတောင်းခံအပ်ပါသည်ပေါ့။

ထိုအခါ စစ်သူကြီးတို့က အရှင်မင်းကြီး ဆက်လက် လှည့်လည်ပါပေါ့။ စကားအနေနဲ့ပြောတာပါ။ ကျနော်မျိုးတို့ ကြည့်ရှင်းလိုက်ပါမယ်လို့ ဆိုပေမယ့် အနော်ရထာက မိမိသည် ဘုရင်ဖြစ်ကြောင်း ၊ မိမိအုပ်ချုပ်သည့် နယ်ပယ် ၊ တိုင်းပြည်မှာ ပြည်သူတစ်ဦး ဒုက္ခရောက်လျှင် မိမိ၌ တာဝန်ရှိကြောင်း ၊ ထို့ကြောင့် မိမိကိုယ်တိုင် ဖြေရှင်းမည်ဟု ဆိုကာ လယ်ကွင်းထဲ သွားရောက်ခဲ့သည်။ လယ်ကွင်းထဲ၌ ဆင်ပေါ်က အနော်ရထာနှင့် ကျွဲတို့ တွေ့ကြပြီ။

ဆင်သည် ဦးချိုကားကားနှင့် ကျွဲကို ကြောက်လှန့်သည်။ ၄င်းအချက်က အနော်ရထာကို တပန်း အရေးစတင်နိမ့်စေသည်။ ထို့အပြင် ကိုင်နေကြ အရိန္နမာလှံက မရှိ ၊ အိမ်ထောင်ရေးမသာယာ ၊ ကျန်စစ်သားအားလည်း ပြန်လာစေချင်သော ဘုရင်တို့၏ သူရဲကောင်းအပေါ် လွမ်းဆွတ်မှုကြောင့် စိတ်ဓတ်ကျနေသော အနော်ရထာသည် လှံ ၃ စင်းတိုင်တိုင် ပစ်လွှတ်သော်လည်း ကျွဲကို မထိဘဲ မိမိသာလျှင် သေဆုံးသွားခဲ့ရသည်။

မည်သည့် ထိန်ပင်စောင့်နတ်ကြောင့်မှ မဟုတ်ပါ။


12 comments:

ရွက်လွင့်ခြင်း said...

မှတ်သားသွားပါတယ်

flowerpoem said...

ပြန်လည်ဖော်ပြပေးတာကို ဖတ်ရတာကျေးဇူးတင်ပါတယ် ကိုဆိုးသွမ်း

နွေးနေခြည် said...

သေချာဖတ်သွားပါတယ်။ စိတ်ဝင်စားဖို့ကောင်းပါ၏။ ဟုတ်ပါ့ ... လူမင်းရဲ့ ကျန်စစ်မင်းကြည့်ပီး ကျန်စစ်သားကိုတောင် အကြည်ညိုပျက်သွားတယ်...

Unknown said...

အဲဒါတွေကျောက်စာတွေထဲပါသလား အမှန်တော့ အားလုံးက ကိုယ့်အထင်ကိုယ်ထင်နေတဲ့ တုတ်ထမ်း ဓါးထမ်းရာဇ၀င်တွေပါဘဲ ဘယ်ဟာအမှန်လို့ အတိအကျ ပြောလို့မရပါဘူး ထင်ခြင်သလို ထင်ခွင့်ရှိပါတယ် ဓမ္မစေတီဆရာတော်လည်း မှန်တယ်လို့ ယူဆလို့မရဘူး သူ့ရဲ့ ကိုယ် ပိုင် ကောက်ချက်တစ်ခုဘဲ

ကျောပိုးအိတ် said...

သြော်

မိန်းမမာယာပေါ့နော်။
း)

ဆိုးလိုက်တဲ့မဏိစန္ဒာ
း)

ချစ်လို့ နေမှာပါနော်။

ဟုတ်ပါတယ်။ တကယ်တော့ ထေရ၀ါဒမှာ နတ်ဆိုတာ မရှိသလို ကိုးဂဏ္ဍန်းဆိုတာလဲ မရှိဘူးတဲ့။

နတ်တွေ ၉ဏ္ဍန်းတွေယုံတဲ့သူဟာ ထေရ၀ါဒ အစစ်မဟုတ်ဘူးတဲ့။

ထေရ၀ါဒမှာရှိတာ ဘုရား၊တရား၊သဃာံ။ ဒီ၃ပါးပါဘဲ။
း)

Anonymous said...

စိုးစိုးခင်ဗျာ...
ထင်တယ် ဆိုပေမယ့် ရမ်းသန်းပြီးတော့
ထင်တာတော့ မဟုတ်ပါဘူး။

ကျနော်ပြောတာလည်း လုံးဝ မှန်နေတယ်လို့
မယူဆလိုပါဘူး။ ပြောချင်တာက ဒီပို့စ်က
ထေရ၀ါဒအစစ်များဟာ နတ်ဆိုတဲ့ အစွဲအလန်းကို အယုံအကြည် မရှိပါဘူး။ ရှိလည်း မရှိပါဘူး။ ကျနော် အပြောမတက်လို့ပဲ ဖြစ်နိင်ပါတယ်။
ဆရာတော်က ထေရ၀ါဒကိုပဲ ပြောတာပါ။

ဝေဖန်မှုကို ကျေးဇူးတင်လျက်
ဆိုးသွမ်း

တားမြစ် ထားသော... said...

တင်ပြပုံထူးတဲ့ စာတစ်ပုဒ်ပါပဲ။

သုခမိန်(E-Journal)

Unknown said...

နတ်က ကျွဲယောင်ဆောင်တာ ဘာညာကွိကွ ကျွန်တော်လဲ လက်ခံလို့ မရပါ။ အရိန္နမာလှံ အားကိုးနဲ့ ဘုရင်ဖြစ်လာတဲ့ အနော်ရထာ လှံပြစ် ညံ့မည် မထင်ပါ။ ဆရာတော်ကြီး ထင်သလို ဖြစ်လိမ့်မည် ထင်ပါသည်။ သုံးနေကျလှံ မဟုတ်ရင် လက်ဆမတည့် တတ်သည်မှာလဲ ဓမ္မတာပင် ဖြစ်ပါသည်။ လှံပစ် မလေ့ကျင့်တာ ကြာရင်လဲ လွဲတတ်တာ သဘာဝပါဗျာ။ ကျွဲကို သုံးချက် ပစ်ပေမယ့် မထိတာ ဒါတွေကြောင့် ဖြစ်ပါလိမ့်မယ်။

မမသီရိ said...

စိုးသွန်းရေ
သုံးသပ်ပြပုံလေး သဘောကျတယ်
တကယ်တော့ အဲဒီ သမိုင်းက
ထေရ၀ါဒသာသနာ သေချာအမြစ်မတွယ်ခင်မီ
ဆိုတော့ နတ်ရော သကြားပါ ရောနေမှာအမှန်ပါပဲ
ဒီဖက်ခေတ် ထေရ၀ါဒ သာသနာ အထွန်းလင်းဆုံး ဆိုတဲ့ ကာလမှာတောင် ကြီးကျယ်ထင်ရှား နတ်ကနားကြီးတွေနဲ့
မြန်မာနိုင်ငံအလယ်ပိုင်းဒေသရဲ့ ယုံကြည်မှုက မနည်းမနော အခိုင်အမာရှိနေသေးတာလေ

ပုဂံရာဇ၀င်ဆိုတာ
ဒဏ္ဍာရီတွေရော အဖြစ်မှန်တွေရော
ရောနှောပေါင်းစပ်နေတဲ့ မြတ်နိုးဖွယ်ရာ
တို့တွေရဲ့ သမိုင်းတခု ပါ

ဘာတွေပဲ ဖြစ်ခဲ့ ဖြစ်ခဲ့ တို့တွေ ရဲ့ ရင်ထဲမှာ
အနော်ရထာ ရှိတယ်
ကျန်စစ်သား ရှိတယ်
ရာဇကုမာရ် ရှိတယ်
ရှင်အရဟံ ရှိတယ်
ဦးဆောက်ပန်းရှိတယ်
ပြီးတော့
မဏိစန္ဒာလဲ ပဲ ရှိနေဆဲ ပါပဲ

ရွှန်းမီ said...

ကိုဆိုးသွမ်း သုံးသပ်ပြတာတွေ အများကြီး ဖြစ်နိုင်ပါတယ်။
တကယ့်ဖြစ်ရပ်ထက် လူတွေရဲ့ပါးစပ်ဖျားမှာ ပြောချင်တာတွေ ပြောရစ်ကြပြီပေါ့..
အနော်ရထာဟာ နတ်တွေကို ပထမဆုံးလှောင်အိမ်သွင်းခဲ့တဲ့ ဘုရင်ကိုး.. ကိုးကွယ်သူတွေရဲ့ အငြိုးလည်း ဘယ်သေးပါ့မလဲ..

ရွှန်းမီ said...

ဒါနဲ့ ကိုHeartMuseum ရဲ့ comment ကိုလည်း agree ပါတယ်..

ဖိုးအေး said...

အမှန်ကိုသိရလို့သဘောကျမိပါတယ်
သူရဲကောင်းတွေရဲ့စိတ်ဓာတ်ကိုပိုလေးစာမိပါတယ်
ကျေးဇူးတင်ပါ၏