Saturday, June 20, 2009

အ....လွမ်း....ဘဏ်



ဘလော့ဂ်လည်း ပစ်ထားတာ ကြာပါပြီ။ ရေးချင်စရာတွေ ၊ စာဖတ်သူနဲ့ အပြန်အလှန် ဆွေးနွေးတင်ပြ ချင်တာတွေ ရှိပေမယ့် အခြေအနေတွေက ရပ်ကွက်လူကြီး ပုဆိုးဖင်ပေါက်ကြီးနဲ့ လျှောက်သွားနေသလို ဖြစ်နေတာကြောင့် ဘာမှကို ပြောချင် ဆိုချင်စိတ် ဖြစ်မလာတာကြောင့်လည်း ဖြစ်ချင်တာဖြစ် ပစ်စလက်ခက်ကို ပစ်ထားလိုက်တာပါ။ စီဘောက်စ်မှာ လာအော်တဲ့ မနှင်းပွင့်ရေ.. ပြီးသွားပြီဆိုတာ မော်စကိုမှာ စာသင်ခြင်းအလုပ်ကို ပြောတာပါ ခင်ဗျာ။ ဘလော့ဂ်ဆိုတာကလည်း မရေးပဲ ပစ်ထားရင် ဆက်မရေးချင်တော့ဘူးဆိုတာပါ သိလိုက်ရတယ်။ ဒါကြောင့် မရေးချင် ရေးချင်နဲ့ ဖတ်မိထားတဲ့ ကဗျာလေးပဲ ပြန်တင်လိုက်တယ်။ အသိအမှတ်ပြု လာလည်တဲ့ လူတွေကို အားနားပါတယ် ၊ ခင်လည်း ခင်တယ် အဲဒီလိုပဲ ပြောလိုက်ရတော့မယ်။ အော်...စာဖတ်သူတို့ရေ ကဗျာကို ကဗျာလိုပဲ ဖတ်ပါဗျာ။ ကျန်တာ ဘာမှ မပါစေချင်ပါဘူး။ တော်ကြာ ဒီကဗျာတင်လို့ ဒီလိုဖြစ်နေပြန်ပြီ ထင်နေဦးမယ်။ ကဗျာလေး လှလို့ တင်ပေးတဲ့ သဘောပဲ ရှိပါတယ်။ ကျနော့် ခံယူချက်က ကျွန်တော် ဘလော့ဂ်မှာ ကိုယ်ပိုင်စာတွေ မရေးနိင်တဲ့ အခါ ၊ စာဖတ်သူအတွက် အကျိုးရှိမယ် ထင်တဲ့ ၊ စာဖတ်သူအတွက် တခုခုတော့ ခံစားမှုပေးနိင်မယ် ထင်တဲ့ စာလေးတွေကို ရှာကြံပြီး တင်ပေးချင်တဲ့ စိတ်ကြောင့်ပါ။


အလွမ်းဘဏ်

(က)

ကျွန်တော့် သံယောဇဉ် ဧရိယာထဲ
အတင်းတွန်းဖွင့်
ဝင်ဝင်လာတဲ့ နာရီလေးရေ....
အထီးကျန်နေတဲ့ ကျွန်တော့်ကို
စာနာစိတ်နဲ့
ထားခဲ့တဲ့ အဖော်က
အလွမ်း.....။

(ခ)

အလွမ်းရေ...
ခင်ဗျားကပဲ ကျွန်တော့်ကို ဖိထားမလား
ကျွန်တော်ကပဲ
အရသာခံရင်း လုံးပါး ပါးမလား
ခင်ဗျားကို သယ်ဆောင်ရင်း
ရွေ့လျားနေရတဲ့
ကျွန်တော့် အင်ဂျင်
ဆီကုန်လို့ ဒုတ်ဆို ထိုးရပ်သွားရတာမျိုး
အဖြစ်မခံနိင်လို့
ဘဏ်တစ်ခုကို သွားပေါင်ရပါတယ် ။

ဘာခံစားမှုမှ
အပေါင်မခံဖူးတဲ့ ဘဏ်မန်နေဂျာက
ဘာအပေါင် ပေးမလဲတဲ့
ကျွန်တော် ပိုင်တယ်လို့
အသေအချာ အာမခံနိင်တာက
အလွမ်းတွေပါ ဗျာလို့
ပြောမိတော့

ပထမ
ဘဏ်တစ်ခုလုံးမှာ ရှိတဲ့ သက်ရှိတွေက
ငွေစက္ကူတွေ အပြင်လွင့်ထွက်သွားအောင်
ရယ်ပါတယ်။

ကျွန်တော်
ထိတ်လန့်အားငယ် သွားလိုက်တာများ
ပုရွတ်ဆိတ် တစ်ကောင်ရဲ့
ခြေရာလေးလောက်ပဲ ရှိမယ်။
ကျွန်တော့် အိပ်ကပ်
( ရင်ဘတ်မှာ ရှိတဲ့ အိပ်ကပ်ပေါ့ )
လျှံထွက်လာတဲ့ အလွမ်းတွေ
အပိခံနေရတဲ့ ဘဏ်စာရေးမလေးက
ကျွန်တော့်ကို ကြည့်ပြီး
သန့်စင်စွာ အသံတိတ် ငိုတဲ့အခါ
ဘဏ်တစ်ခုလုံး အော်ငိုလိုက်ကြတာ
ဘဏ်ကြီး တစ်ခုလုံး အရည်တွေ ပျော်လို့။

ဘာပဲ ပြောပြော
ဘဏ်က တချို့တ၀က်
အလွမ်းတွေ လက်ခံလိုက်ပြီ ဆိုတော့
လွမ်းနေရပေမယ့်လည်း
ပေါ့ပေါ့ပါးပါးတော့
ဖြစ်သွားတာပေါ့လေ။

( ဂ )

သေနေတဲ့ ဓါတ်တိုင်အောက်မှာ
နှလုံးသား အရှင်တစ်ခုနဲ့ လူတစ်ယောက်
ဟိုတယ်တွေရဲ့ ထိပ်ဖျား
ငါးရိုးတွေကြားက ချောင်းကြည့်နေတဲ့
လကွေးကွေးလေးရေ....
သာ လာတဲ့အခါ
ဖယောင်းတိုင်လေး ငြိမ်းပေးပါ့မယ်
အခုတော့
လမ်းဘေးက ညကဖေးမှာ
ကဗျာရွတ်ဖို့
ရင်ထဲက မီးတောက်လေးနဲ့
ဖယောင်းတိုင်ကို
မီးကူးခွင့်ပြုပါ ။

အကြမ်းအိုးတစ် အကြမ်းပန်းကန်နှစ်
ဖျော်ချင်သလို ဖျော်ခဲ့ဗျာဆိုတဲ့
လက်ဘက်ရည်တစ်
ဘာမှ မဆိုင်တဲ့
အပူအားပေး ကျားက တစ်ကောင်
လွတ်နေတဲ့ ထိုင်ခုံလေးက တစ်လုံး
လွမ်းဖို့ အသင့်ပြင်ထားရော့လား
လွမ်းလိုက်တာ
ကဗျာရွတ်ဖို့ ပြင်လိုက်တာနဲ့
အလွမ်းတွေပဲ ကျကျလာ
ညကလေး တစ်ဆိုင်လုံးလည်း
အလွမ်းတွေ ပြည့်လို့ ။

( ဃ )

ကျွန်တော်က ဖြေချချင်လို့
စကြ၀ဠာတစ်ခုလုံးကို
ဆက်သွယ်ခဲ့ပေမယ့်
မှားခဲ့ပါတယ်လို့ ၀န်ခံခွင့် မရနိင်ခဲ့
မင်းကသာ
ဂဏန်းကိုးလုံးနှိပ်လိုက်ရင်
ခွင့်လွှတ်ချင်လာအောင်
အမှားကို
ဝန်ခံဖွဲ့နွဲ့ဖို့ အသင့်ပါ။

( င )

အခုတော့
ဘဏ်က လက်မခံချင်ပေမယ့်
ကျွန်တော့်မှာ
ပေါင်နှံစရာ အလွမ်းတွေက
အသက်ရှုလိုက်တိုင်း တိုးတိုးလာ
အသက်ရှုတာ ရပ်မလား
ဘဏ်မှာပဲ တောင်းပန်ပြီး
အလွမ်းတွေ ထပ်အပ်ရမလား
နှစ်ခုစလုံး မဖြစ်သေးပါဘူး
ဘဏ်တိုးက အလွမ်းတွေပဲ ရပြီး
အသက်ရှုတာ ရပ်လိုက်ရင်လည်း
မင်းကို မတောင်းပန်လိုက်ရဘဲ
သေသွားမယ်။

ဒီတော့....
မင်းနဲ့ သွားခဲ့ ၊ စားခဲ့ ၊ နားခဲ့
နေရာမှန်သမျှ
လက်ညှိုးထိုးပြီ
ဘဏ်အပ်လို့ရရင်
ရန်ကုန်မြို့ကြီး တစ်မြို့လုံး
လက်ညှိုးထိုးမလွဲ
ဘဏ်မှာ အပ်ရမှာပဲ။
ဒါပေမဲ့
မင်း စံပယ်နံ့ ၊ မင်း နှင်းဆီနံ့
သင်းသင်းလေးကျ
လက်ညှိုးထိုးပြလို့ မရတော့
ကျန်ခဲ့ရဦးတော့မှာ
လွမ်းစရာပေါ့ ။

( စ )

နာရီလေးရေ...
ကျွန်တော့် အပါးက အလွမ်းတွေကို
သံယောဇဉ်နဲ့ ကြဲပက်ခဲ့တာလား
ရန်ကုန်မြို့ကြီးက ကျဉ်းကျဥ်းလေး
ကမ္ဘာကြီးကလည်း ကျဉ်းကျဉ်းလေးပါ
ဒီနေ့ မင်းကို မတွေ့ရင်
မနက်ဖြန် တစ်ရက်ရက်မှာ တွေ့မှာပဲ
အဲဒီအခါ
အသေအချာ မှားခဲ့တာ
ညွှတ်နူးစွာ
တောင်းပန်ပါ့မယ်
မင်းကို “ သိပ်ချစ်တယ် ” လို့ ပြောခဲ့မိတာ ။ ။


( စောဝေ )



4 comments:

မမသီရိ said...

ကဗျာကို ကဗျာလိုပဲ ဖတ်သွားပါတယ်
မောင်လေး စိုးသွန်း ရေ

Apprenticeship said...

ကဗျာကို ကဗျာလို ဖတ်သွားတယ်..။ ကဗျာဆရာရဲ့ ခံစားချက်နဲ့ တင်သူရဲ့ ခံစားချက်တွေ လေ့လားရင်းပေါ့ :P

ကျောပိုးအိတ် said...

အလွမ်းတွေကိုဖတ်သွားတယ်။ ဘဏ်ထဲမှာ အရမ်းမထားနဲ့ နော်။ ပြန်ထုတ်ခက်တယ်။
း)

စာမေးပွဲတွေပြီးပြီဆိုတော့ စိတ်တော်တော်လေးကိုပေါ့သွားမှာဘဲနော်။
း)

မြန်မာပြည်ရောက်ရင်ရော ဆက်ရေးဦးမှာလား ?
ဘယ်နေရာ ဘယ်ချောင်ဘဲရောက်ရောက် ကိုဆိုးသွမ်းဆီမှာ ပရိတ်သက်တွေရှိနေတယ်ဆိုတာ သတိရပြီး ပို့ စ်တွေထပ်ပြီးတင်စေချင်တယ်။
း)

ခင်တဲ့
ကျောပိုးအိတ်

ကြယ်ပြာ said...

ကဗျာကို နှစ်သက်စွာခံစားသွားပါတယ် ...