Monday, February 18, 2008

ဓားမြှောင်



တစ်နေ့နေ့မှာ
တစ်ခုခုအတွက် အသုံးကျဖို့ ဒီဓားမြှောင် ရှိနေခဲ့တယ်။
အရုပ်ဆိုးဆိုး ၀ါကျတွေ လေးလံဖိစီးနေတဲ့ နွေဥတုအသားကို ထိုးခွဲပစ်လိုက်ဖို့
ကိုယ်ရေးထားတဲ့ ၀တ္တုထဲက ဗိလိန်ကို ၀တ္တုအဆုံးမှာ ထိုးသတ်ပစ်လိုက်ဖို့
အိမ်မက်တွေရဲ့ သွေးနည်းနည်းများ လိုအပ်ရင် ဖောက်ထုတ်သောက်နိင်ဖို့
ညရဲ့ အသားထဲကနေ ခွေးအူသံတွေ ခွဲထုတ်ပစ်လိုက်ဖို့
ကိုယ့်ယုံကြည်မှုတွေ ကိုယ်ပြန်ပြီး ခြိမ်းခြောက်ဖို့
စိတ်ကူးတွေ ပျစ်နှစ်စေးခဲနေခိုက် ခပ်ပါးပါးချင်းလွှာဖို့
“၀ံပုလွေများ အကြောင်း” ကဗျာရေးခဲ့ချိန်မှာ လိုလိုမည်မည် ဆောင်ထားဖို့
ပက်ကြားအက် လျှာများအတွက် တိမ်တွေရဲ့ ဗိုက်ကို ပစ်ပေါက်မိုးယိုစေဖို့
ကိုယ့်အနုပညာကို အလစ်ချောင်းနေတဲ့ ခါးပိုက်နှိုက်တစ်ကောင်ရန်က ကာကွယ်ဖို့
ငြီးငွေ့မှု အခန်းမှာ ကိုယ့်ဝိဥာဉ်ကို ပြတင်းပေါက်အဖြစ် ထွင်းဖောက်ပစ်လိုက်ဖို့
........ .......... .............
တစ်နေ့နေ့မှာတစ်ခုခုအတွက် အသုံးကျဖို့ ဒီဓားမြှောင် ရှိနေခဲ့တယ် ။ ။

မင်းဒီ

1 comments:

ThinkingHoney said...

ကောင်းလိုက်တာ ဓါးမြှောင် ပါလား
အင်း ... ကိုယ်လဲ တစ်စင်းတော့ ဆောင်ထားရဦးမယ်