5 years ago
Friday, February 1, 2008
ဖြက်ကနဲ တရေးနိးလာရင်း နာရီကိုယူကြည့်လိုက်မိတယ်။ အင်း...အိမ်မက်တွေကလည်း ဂယောက်ချောက်ချားနဲ့ ။ ဘာတွေမှန်းမသိ ရှုပ်ယှက်ခက်နေတယ် ။ ဘေးနားက အိမ်သူ မယားကတော့ နှစ်နှစ်ခြိုက်ခြိုက်နဲ့ အိပ်မောကျနေလိုက်တာ ။ တရားသဘောအရ ကြည့်ရင် အသေကြီး ဆိုတာ ဘယ်တော့မှ အသက်ပြန်မရှင်လာတာကို ခေါ်တာတဲ့....လူတွေအနားယူ အိပ်စက်တာ ကြတော့ အသေလေး လို့မှတ်ရတယ်။ ဒါဆို မိန်းမက အသေလေးသေနေတာပေါ့။ အာ...ဘာတွေလျှောက်တွေးနေမှန်း မသိဘူး။ တချက်တချက် အိမ်ရှေ့ခန်းမှာ အိပ်နေတဲ အမေ့ချောင်းဆိုးသံက နားထဲကို လွင့်လွင့်လာတယ်။ အမေကလည်း လူကြီးပိုင်းရောက်လာတော့ ကျန်းမာရေးကမမာတော့ဘူး ။ မသိတဲ့ သူတွေပြောနေကြတဲ့ အတိုင်း လူကြီးရောဂါ ဆိုလား... ကောင်းကောင်းတော့ မသိပါဘူး။အိပ်ချင်မူးတူးနဲ့ နာရီကို တခေါက်ထပ်ပြန်ကြည့်တော့ ၅း ၃၀ ရှိနေပြီ။ ဒါနဲ့ မထချင် ထချင်နဲ့ လျော့ရဲရဲ ဖြစ်နေတဲ့ ပုဆိုးကို ပြန်ဝတ်ရင်း ...အိမ်ရှေ့ကို မျက်နှာသစ်ဖို့ ဆင်းလာခဲ့တယ် ။ ဈေးထဲက မခင်သန်းကိုလည်း ကုန်စိမ်းတင်ဖို့ သွားကြိုရဦးမယ်။ အော်...ဘ၀ ဘဝ
အော်...ကျုပ်ကို ကျုပ် မိတ်ဆက်ပေးဖို့ မေ့နေတဲ့ အတွက် ဆောတီးဗျာ။ ကျုပ်နာမည် ထွန်းမောင်တဲ့ ။ အလုပ်အကိုင်ကတော့ ဆိုက်ကားနင်းတယ်။ အမယ်....ခင်ဗျားက လှောင်ချင်တာလား။ ဆိုက်ကားနင်းတယ် ဆိုပေမယ့် ကိုယ်ပိုင်ဆိုက်ကားပါဗျ။ တစ်နေ့ကို ၆၀၀၀ ကျပ်လောက်တော့ ရတယ်။ ဒီဟာလေးနဲ့ကလေး (၃) ယောက်နဲ့ အမေအိုကြီးကို လုပ်ကျွေးလာတာ ။ အခုအကြီးဆုံး သားတောင် ကုမ္မဏီမှာ အလုပ်ရနေပြီ။
အငယ်ဆုံးကောင်က ၇ တန်း ၊ အလတ်မကတော့ ၉ တန်းနဲ့။ ပြေလည်တယ်လို့တော့ မဟုတ်ပါဘူးဗျာ။ စားလို့လောက်တယ်ဆိုရုံလေးပါ။ အပိုဝင်ငွေကလည်း မရှာတက် ။ အဖေတို့ အမေတို့ စာသင်ပေးတုန်းက ကျုပ်က အလေလိုက် အချောင်ခိုနေဖို့ပဲ သိတော့ ၁၀ တန်းတောင် မရောက်ဘူး ။ ၈ တန်းနဲ့ ကျောင်းထွက်လိုက်ရတယ်။ အဖေကတော့ သားမိုက်ကို ဆုံးမရင်း ကွယ်လွန်ခဲ့ရတယ်။ အခုအမေကတော့ စိတ်မချလို့ထင်ပါရဲ့ ကျုပ်အနားက ဘယ်မှ မသွားသေးဘူး။ ပြောရင်းနဲ့ စကားတွေကလည်း လွဲနေပြန်ပြီ။
ဒီလိုပဲဗျာ မိန်းမကတော့ ဆိုင်ဖွင့်ထားတယ်။ ဆိုင်ဆိုပေမယ့် ရတနာဆိုင်တော့ မဟုတ်ဘူးဗျ။ ခင်ဗျားက တယ်လည်း အထင်ကြီးတာကိုး။ အ.....ဟား....ဟား ။ နားထောင် နားထောင် ။ အသုပ်ဆိုင်ဗျ။ လက်သုပ်လေး သုပ်ရောင်းတယ်။ ဒီနေ့တော့ အိမ်ဘေးမှာ အလှူရှိတော့ ဆိုင်မထွက်တာ။ ဒါကြောင့် သူကတော့ အိပ်နေလေရဲ့ ။
ခင်ဗျားလည်း သိတာပဲဗျာ။ ဒီခေတ်ကြီးမှာ ဘာမဆိုတက်နေတာ။ အဲလိုပြောတာလည်း မတရားဘူးဗျ။ တက်တာဆိုလို့ ကျုပ်တို့ နိင်ငံပဲ ရှိတာ။ စီးပွားရှာစားရတာ သေချင်စိတ်သာ ပေါက်လာတယ်။ ဘယ်တော့မှခါးလှအောင် မဆင်ခဲ့ဘူးဘူး။ ဒီကြားထဲ...ကလေးတွေက လိမ်မာလို့သာပေါ့ဗျာ။ ဘာမှ မပူဆာဘူး။ သူတို့ ဘ၀လည်း သူတို့နားလည်ကြတယ် ထင်ပါရဲ့။ မောမောနဲ့ ကျွန်တော် ဆိုက်ကားနင်းပြန်လာရင် နိပ်ပေး ၊ ရေခပ်ပေးနဲ့ ။ အော်...ကြီးပွားမဲ့ သားသမီးတွေ။ ကျုပ်ထက်တောင် မိဘကို သိတက်သေးတယ်။ အေးဗျာ...ဟုတ်တယ် ။ သူများတွေပြောတာ ကျုပ်ကြားဖူးတာက “ သမုဒယ ၀မ်းတထွာတဲ့ ” တော်သေးတယ်ဗျို့ ။ “တထွာမို့လို့ တတောင် ဆိုမလွယ်ဘူး ” ။ အရင်တုန်းကတော့ ကျုပ်တသက် ဆိုက်ကား နင်းရင်း ရှာကျွေးလာတာ။ အခုတော့ တယ်လည်း ဆိုးတာကိုး ခေတ်က။ အရင်တုန်းက လူတွေ တက္ကဆီလေးနဲ့။ နောက်တော့ ဆိုက်ကားပြောင်းစီးကြတယ်။ ကျုပ်တော့ အကြိုက်ပေါ့။ ဟော...အခုတော့ ဘာပြောကောင်းမလည်း ... တမိုင်လောက် ခရီးတောင် လမ်းလျှောက်ဖို့ ၀န်မလေးကြတော့ဘူး။ ဆိုက်ကားလာငှားရင် ဆစ်လိုက်တဲ့ ဈေးကလည်း ။ တခါတလေ စိတ်ပေါက်ပေါက်နဲ့ “ အဲဒါဆို ခင်ဗျားနင်း ...ကျုပ်ပြန်ပေးမယ် ” ဆိုပြီး လုပ်လိုက်ချင်တာ။
ဒါပေမယ့် သူတို့ကိုလည်း အပြစ်တင် မရဘူးဗျ။ သူတို့လည်း ပိုက်ဆံ အလကားရတာမှ မဟုတ်တာ။ ရသလောက်တော့ ဆစ်ကြမှာပဲလေ။ ပိုက်ဆံက တယ် အရှာခက်တာကိုး။ တစ်နေ့တစ်နေ့ အဆင်ပြေတယ်လို့ကို ပြောမရဘူး။ အိမ်မှာ ၃ ယောက်လုံး ရှာနေလို့သာ မငက်ရုံတမယ် ထမင်းစားနေရတာ။ နောက် လဆိုကလေးတွေ ကျောင်းအပ်ရတော့မယ်။ ကျုပ်လက်ထဲ အပိုဝင်ငွေလည်း မရှိဘူး။ ကျောင်းစရိတ် နဲ့ ကျောင်းဝတ်စုံဖိုး ၊ စာအုပ်ဖိုး ဒါတွေလာတော့မယ်။ တော်သေးတယ်။ ထမင်ချိုင့်တွေ ၊ လွယ်အိတ်လေးတွေက ဟောင်းနေမှန်းသိပေမယ့် ကောင်းနေသေးတော့လည်း အသစ်ဝယ်ပေးစရာမလိုဘူး ။
ဒါပေမယ့် ကျုပ်လည်းမိဘပဲဗျာ။ဘယ်စိတ်ကောင်းပါ့မလဲ ။သူတို့နဲ့ရွယ်တူကလေးတွေမှာ အ၀တ်အစားအသစ်လေးတွေမြင်ရင် မျက်နှာလေးတွေက ညိုးညိုးသွားကြတာ။ ကျုပ်ရင်ထဲ မချိဘူးဗျ။
မိန်းမကတော့ ပြောတယ် “ ကိုထွန်းမောင် ရယ်တဲ့...ရှင်အလုပ်ပြောင်းလုပ်ပါလားတဲ့ ” ပြောရက်ပါ့။ ကျုပ်တသက် ဆိုက်ကားနင်းရင်း ရှာကျွေးလာတာ။ ကျုပ်လည်း လူသားပဲဗျာ။ ပိုက်ဆံပိုလိုချင်တာပေါ့ ဆိုက်ကားမနင်းချင်ရင် ကုန်ထမ်းမှ ပဲဖြစ်နိင်တော့မယ်။ ဒီဆိုက်ကားကိုလည်း သံယောဇဉ်က ဖြစ်နေသေးတယ်။ပြောမယ့်သာ ပြောတာ...“မြန်မာလူမျိုး တယ်လည်း အစွဲအလန်းကြီးတာကိုး ” ဘာမှကို သုံးစားလို့ မရချင်ဘူး။ ဟိုလူမျက်နှာ...ဒီလူ့မျက်နှာ ထောက်ရ ၊ ကြည့်ရ နဲ့။ ဒါကြောင့် တခါကြားဖူးတာ။
“လောကမှာ အောင်မြင်ချင်ရင် မျက်နှာပြောင်တိုက်နိင်မှ ရမယ်တဲ့ ” ဆိုင်လားမဆိုင်လားတော့ မသိဘူး။ ဟုတ်သလိုလိုတော့ ရှိသားဗျ။
ဆက်ရန် ။

Labels: ၀တ္တုတို
Subscribe to:
Post Comments (Atom)
2 comments:
အကိုကြီးရေ ဒီဘလော့ရဲ့ ပထမဦးဆုံး ၀တ္တုတိုကို ဖတ်သွားတယ်ဗျ ဆက်ရန်ကို မျှော်နေမယ်နော အရင်ကတည်းက ရေးနေကျလက်မျိုးဗျ ဖတ်လို့တအားကော င်းတယ် ပျော်ရွှင်ပါစေဗျာ
ဟား. ကိုရင်ကတော့ တယ်လည်း လက်ယဉ်သကိုးဗျ။ ဒီတစ်ချက်တော့ အမှန်အကန်ကို လေးစားသွားပြီဗျာ။ ( အဲလိုပြောလို့ အရင်က တော့ တမင်လေးစားတယ်လို့ ဆိုလိုတာမဟုတ်ရပါ။)
အခုက ပိုပြီး လေးစားသွားတယ်လို့ ပြောချင်တာဗျို့။ အက်ဆေးတွေလည်းရတယ်ဗျာ၊ ကဗျာဆိုလည်း ပိုင်တယ်၊ အခုဝတ္ထုတိုကျတော့လည်း ပြောစရာမလိုဘူး။ ဘာလိုသေးတုန်းဗျာ။
(နှစ်ယောက် တစ်အိပ်မက် မက်ဖို့ ပဲကျန်တော့တယ်။ ဟုတ်တယ်ဟုတ်? :D )
ကောင်းတယ်ဗျာ။ ဆက်ရန်ကို ဆက်စောင့်နေမယ်ဗျို့။
Post a Comment