Friday, February 8, 2008

စာစီစာကုံး

ကိုယ်ကောင်းရင် ခေါင်းဘယ်မှ
မရွေ့ဘူးတဲ့....အမေ
ဘယ်သူတွေ ပြောခဲ့ကြလည်းတော့ မသိဘူး
ဒါပေမယ့် ဒီခေတ်ပျက်ကြီးမှာတော့
ကိုယ်ကကောင်းရဲ့သားနဲ့ ခေါင်းတွေ မြောက်များစွာ ရွေ့ခဲ့ကြတယ် ။

အမှားတရား ရှာသူတွေ အတွက်
ခေါင်းတွေ နေရာရွေ့တာ ၀မ်းမနည်းပေမဲ့
အပြစ်မဲ့ ခနကိုယ်တွေ နေရာရွေ့တဲ့ အခါ
ဒီကမ္ဘာကြီးက ပုပ်စော်ပိုနံကုန်တယ် အမေ ။

ဟုတ်တာတွေ ကျော် ပုပ်တာတွေ ပေါ်တော့
လူနာခေါင်းရှုံခံရတာ မထူးဆန်းနိင်ပါဘူး
ဒါပေမယ့် အမေ့သားက
စည်းနှစ်ဖက်ခြားကို ရောက်နေတော့
တခါတလေ လူပြောလည်း ခံရတယ်
သူပြောလည်း ခံရတယ် အမေရယ် ။

လောကကြီးက
အမေနဲ့ကျွန်တော် မျှော်လင့်ထားသလို
ဘာလို့ ဖြစ်မလာတာလည်း ဆိုတာ
စဉ်းစားရင် ခေါင်းသာဖြူသွားမယ် အမေနဲ့ကျွန်တော်
သိမှာ မဟုတ်တာ သေချာတယ်။

အမေ့သား ဒီနေ့ဒီအချိန်ထိ
လူနှာခေါင်းရှုံချင်အောင် ဘာမှ မလုပ်သေးဘူးအမေ
ဒါပေမယ့်...ခွေးတောင်မှ ချောင်ပိတ်ရိုက်ရင်
ပြန်ကိုက်သေးတာပဲ မဟုတ်လား

ဒီလိုပြောတော့ “ အမေ့သား ရိုင်းတက်နေပြီလားကွယ်လို့”
မျက်ရည်လေး ၀ဲတဲတဲနဲ့ အမေ ငိုနေတော့မယ်
စိတ်မပူပါနဲ့ အမေ
ကျွန်တော်တို့က ခြေလက်တွေ ရိုက်ချိုးခံရပြီးသားပါ
အစွယ်တောင် ယိုင်နဲ့နဲ့ရယ်

အမေ့သားက ကိုယ့်အသား ကိုယ်ပြန်မစားပါဘူး
အစာငတ်လို့ အသေခံသွားမယ်
ကိုယ့်လူမျိုး ကိုယ်ပြန် မမျိုပါဘူး....အမေရယ်
ဒီလိုခံယူထားတဲ့ ကျွန်တော့်ကိုမှ တစ်ချို့က
နားရွက်ကို တံတွေး စွတ်ချင်ကြတယ်လေ ။

လူတွေက ကိုယ်လုပ်ချင်တာ လုပ်နေကြတော့
တခါတလေကျရင် နားလည်လို့လည်း မကောင်းဘူး အမေ
နားလည်လို့ မကောင်းတဲ့ သူတွေရော
နားမလည်လို့ မကောင်းတဲ့ လူတွေရော ကြားမှာ
အမေ့သားက အသက်ရှင်နေလေတော့
မနုသီဟ ဖြစ်နေပြီလေ ။

ဒါပေမယ့်.....တစ်နေ့တော့
အမေ့သား ရဲရင့်ပါမယ်
အမေ့သား အငိုတိတ်အောင် ဆောင်ရွက်ပါ့မယ်
အမေ့သား ပြုံးလာအောင် ချော့မြူပါ့မယ်
အခုတော့ အမေ့သား
ဝန်ရိုးထမ်းရင်.....ကိုယ်တိုင်လွတ်အောင် ရုန်းနေဆဲ အမေ။



6 comments:

ညိမ်းညို said...

အကိုကြီးရေ ဒီကဗျာကိုဖတ်ရတာ စိတ်ထဲမှာမကောင်းဘူးဗျာ။ အမေ့ကို တိုင်တည်ပြီးပြောဟန်လေးက ရင်ထဲမှာ နင့်သွားတာပဲ ပျော်ရွှင်ချမ်းမြေ့ပါသေ အကိုရေ

ညိမ်းညို said...

ဟာ သနဲ့စနဲ့ မှားရိုက်မိပြန်ပီ တောင်းပန်ပါတယ်ဗျာ ဆောရီးနော် အကို

ပန်းခရေ said...

အရမ်းကောင်းတဲ့
စာစီစာကုံးတစ်ပုဒ်ပါပဲလား
အမေကို တိုင်တည်ပြောဟန်က
ရင်ကိုထိတယ်...တစ်ကယ်ပဲ
သူငယ်ချင်းနင့်ရဲ့
ခံစားချက်တွေကို..ဖတ်ရတာစိတ်မကောင်းဘူး
ပျောင်ရွှင်ပါစေ
အဆင်ပြေပါစ

Kaung Kin Ko said...

ရင်ထဲက ထွက်ကျလာတဲ့ ကဗျာလေး ဖတ်သွားတယ် ညီလေးရေ။ ကဗျားလေး ကောင်းတယ်ကွာ။ အဆင်ပြေပါစေ။

ahngai said...

တို့တွေ အားလုံး ရဲ့..အမေ့ မျက်နှာပြုံးရွှင် အောင် ကြိုးစားနိုင်ဖို့...
မောင့် အတွက် ပါရမီ ဖြည့်ပေး ပါ့မယ်မောင်...

su wai said...

ဆိုးသွမ်းရေ… စာစီစာကုံးကို ဖတ်ပြီး တစ်ခုခု နားလည်လိုက်သလိုပဲ ခံစားရပါတယ်… ကိုယ်ကောင်းမှန်း ကိုယ့်ကိုယ်ကိုယ် ယုံထားရင် ရွေ့နေတဲ့ခေါင်းတွေကြားမှာ ကိုယ့်လိပ်ပြာ ကိုယ်သန့်စွာ အသက်ရှင်သွားနိုင်မှာပါ… ။