Friday, February 29, 2008
သတင်းတွေကတော့ မကောင်းဘူး “ အမေ ”
ပြုသူ နဲ့ ဖြစ်သူမှာ
ဖြစ်သူတွေပဲ အိမ်မက်ဆိုးတွေ ခံစားနေကြရတယ်
ကျွန်တော့်ရဲ့ လက်တစ်ဆုပ်စာ အတွေးလေးနဲ့
ဘယ်သူကို ဘယ်လို နှစ်သိမ့်ဖို့ဆိုတာမပြောနဲ့
ကျွန်တော့ ကို ကျွန်တော်တောင်
လမ်းပျောက်နေတယ်လေ
မီးခိုးနံ ၊ သွေးညှီနံ
ဆေးနံ ၊ လေးဘက်ကာ စိမ်းရွှေရွှေအနံ
အနံတွေ လှိုင်နေလိုက်တာ
အသံတိတ် ငိုသံတွေ အမေ့သား ညညကြားနေရတယ်
ဒီအသံတွေကိုပဲ
ရင်နာနာနဲ့ အမေ့သား ကြည့်နေရပြန်တယ်
“ ဘယ်သူတေတေ ငတေမာရင် ပြီးရော ” ဆိုတဲ့ အတွေးနဲ့
လောကကို ကျွန်တော် အသက်ဆက်မရှင်ချင်တာတော့
အမှန်ပဲ အမေရယ်
အမေရွေးချယ်ပေးခဲ့တဲ့ လမ်းက
နေတက်ရင် ကြေနပ်စရာကြီးပေါ့
အမေ့ကို သားအပြစ်မတင်ပါဘူး...အမေ့ကိုသား မစော်ကားဘူး
အမေက ကျွန်တော်ချစ်ရတဲ့ အမေလေ
ဒါပေမယ့် ဘာလို့လမ်းတွေ ဆိုးသွားတာလဲ အမေရယ်
အမေ့သားကလည်း သူများမမြင်တာမြင်တယ်
သူများ မကြားတာ ကြားတယ်
သူများမပြောတာတွေ ပြောချင်တယ်
သူများထက်လည်း ပိုခံစားတက်တယ်
အခုတော့ ကျွန်တော်လည်း
မြန်မာလူမျိုးပီပီ....ဆုတောင်းရုံပဲ တက်နိင်တော့တယ် “ အမေ ”
Labels: အမေသို့တိုင်တည်ခြင်း
Thursday, February 28, 2008
လက်ဝှေ့ ကြိုးဝိုင်းစင်ပေါ်က အရှုံးနဲ့
ဆင်းလာရတဲ့ လူတစ်ယောက်ရဲ့ မျက်နှာလိုမျိုး သင်ခန်းစာတွေနဲ့
ကောင်းကင်တစ်ခုလုံးလဲ အညိုအမဲ စွဲလို့ပေါ့....အမေ
တစ်ချို့က စေတနာကို ဝေဒနာဖြစ်အောင်လုပ်တယ်
တစ်ချို့က စေတနာကို ရီစရာဟာသ တစ်ပုဒ်လို ဟားတိုက်တယ်
တစ်ချို့က သနားသလိုလို မျက်နှာပေးမျိုးနဲ့ လူကိုပြန်အရွဲ့တိုက်တယ်
တစ်ချို့က ကောင်းနေတဲ့ နားကို ကန်းချင်ယောင်ဆောင်ကြတယ်
တစ်ချို့က မြင်နေတဲ့ မျက်စိကို ကွယ်နေတယ်လို့ သဘောထားကြတယ်
ဒါပေမယ့်
အဲဒီလို တစ်ချို့...တစ်ချို့တွေကြားမှာတော့
စေတနာနည်းလည်တဲ့သူတွေ နည်းပါးစွာရပ်တည်နေကြတယ် အမေ
အဲဒါကတော့ ကျွန်တော့်အတွက် အားပေါ့
အဖေ ကျွန်တော့်ကို ပြောဘူးတယ် “ အမေ ”
“ ခွေးမြှီးကောက် ကျည်တောက်စွပ် ”
“ ကျွဲပါး စောင်းတီးတဲ့ ”
အခုတော့ ကျည်တောက်တွေလဲကုန်
စောင်းကြိုးလဲ ပျက်ခဲ့ပြီ......အမေ
အမေ့သား မိုက်တာပါ....
ဖြောင့်မလာတဲ့ လူတွေရဲ့ စိတ်ဓတ်ကို
ကျွန်တော် ကျည်တောက်နဲ့ အကြိမ်ကြိမ်စွပ်ခဲ့
လက်တွေပွန်းပဲ့အောင် စောင်းသံကို နာနာတီးခက်ပေမယ့်
“ ပိုးသာကုန် မောင်ပုံ စောင်းမတက် ” ဆိုသလို
ဒုံးရင်းက ဒုံရင်းပဲ အမေ
အဖေ့စကားကို နားမထောင်ခဲ့တဲ့ သားမိုက်တာပါ
ပညာတွေတက်ရဲ့ သားနဲ့
မျက်စိတစ်ဖက်ကွယ်နေကြတဲ့ သူတွေအတွက်
မျက်စိ နှစ်လုံးလုံး ဖြစ်နိင်ရင် ကျွန်တော်ဖောက်ထုတ်ပေးချင်တယ်
တစ်သက်လုံး တစ်ဖက်တည်း မြင်နေတော့မဲ့ အတွေးတွေကို
ကျွန်တော် ထာဝရ သိမ်းဆည်းပေးချင်လို့လေ
ကိုယ်ထင်ရာ ကိုယ်မှန်တယ်လို့ ယူဆနေတဲ့ ခေတ်ကြီးမှာ
ဘယ်သူမှားမှား ဘယ်သူမှန်မှန်
အမေ့သား မနှစ်သိမ့်တော့ဘူး
အမေ့သား မရိုကျိုးတော့ဘူး
ဥပေက္ခာဆိုတဲ့ သဘောတရားကို
အမေ့သား နားလည်တက်ကျွမ်းသွားပြီ အမေ
ဘယ်သူတွေကံဆိုးမလဲ ဘယ်သူတွေ ကံကောင်းကြမလဲတော့ မသိဘူး
အခုတော့ အမေ့သား စာတက်သွားပြီလေ
“ ဟစ်တလာ ” တောင် ပန်းချီဆရာမဖြစ်ဘဲ
ပက်ဝန်းကျင်ကောင်းမှုကြောင့် အရက်စက်ဆုံး ဖြစ်လာသေးတာပဲ
ဒါပေမယ့်လည်း...စိတ်မပူပါနဲ့ အမေ
အမေ့သားမှာ ရက်စက်တက်တဲ့ စိတ်အခံပါမလာဘူး
သွေးမြေကြ မြင်ကွင်းတွေ ကျွန်တော်လည်း မကြည့်ရက်ဘူး
စားစရာ မရှိ.....ငတ်ပြတ်နေတဲ့ ဒုက္ခတွေ ကျွန်တော် မမြင်ရက်ဘူး
ဒါပေမယ့်....
ကိုယ်ကျိုးစီးပွားအတွက် ဘယ်သူ့ကိုမှ မငဲ့ကွက်တဲ့လူ
တဖက်သက် အမြင်နဲ့ လူတိုင်းကို စော်ကားနေတဲ့လူ
ကိုယ့်ဘက်ကိုယ်ယက်တဲ့ လူ
ကိုယ်အနေအစားချောင်ရင် ပြီးရော...ပါးစပ်က သပုတ်လေလွင့် ပြောတက်တဲ့လူ
အဲဒီလို လူတွေ...လူတွေ အတွက်
အမေ့သားက.......လက်ယဉ်တယ် အမေ ။ ။
Labels: အမေသို့တိုင်တည်ခြင်း
Wednesday, February 27, 2008
ဟောဒီ....လောကကြီးမှာ
သီချင်းတစ်ပုဒ်လောက်တောင်
သီဆိုခွင့် ၊ ရင်ဖွင့်ခွင့်မရဘဲ
ချောင်ကပ် ကွယ်ပ သွားရတဲ့
အချစ်တွေ အများကြီးပါပဲ
“ ဘ၀ ” ဆိုတာ....
အချစ်ရဲ့ လက်ပါးစေလားကွယ်
အချစ်သီဆိုရာ သီချင်း
ချစ်သူတို့၏ ရင်တွင်းသို့
သက်ဆင်းခိုဝင်နိင်စေရန်
အသံမဲ့ ဂီတ တစ်ခု
ပြုလုပ်ဖန်ဆင်းတော်မူပါ
ဘုရားသခင်........။ ။
မောင်လှမျိုး (ချင်းချောင်းခြံ)
Labels: ကဗျာ
Tuesday, February 26, 2008
နွေဦးပေါက်ရင်
ဘုရားသခင်က ရှာဖွေပေးခဲ့တဲ့
ဆုမွန်ကောင်း လက်ဆောင်အဖြစ်
သူငါ့ဆီ လာလိမ့်မယ်
နွေဦးပေါက်ရင်
သစ်ရွက်အကြွေတွေ ...အတူတူလိုက်ကောက်မယ်
အဲဒီ သစ်ရွက်အကြွေတွေ ပေါ်မှာ
ရုရှားဘာသာ စကားနဲ့
မင်းနံမည်ကို ရေးထိုးမယ်
နွေဦးပေါက်ရင်
မဆုံးတဲ့ ပြဇာတ် ၀တ္တုရှည်....တစ်ပုဒ်ရေးမယ်
စုဘူးလေးကို ခွဲမယ်
ပြီးတော့ ပြားစေ့လေးတွေကို ရေတွက်မယ်
နွေဦးပေါက်ရင်
မော်စကိုရဲ့ လမ်းတွေစိမ်းစိုလို့
အဲဒီလမ်းတွေပေါ်
ခြေရာတွေ အထပ်ထပ် ထပ်ပေါ်တော့မယ်
နွေဦးပေါက်ရင်..................
နွေဦးပေါက်ရင်..................
နွေဦးပေါက်ရင်.................
Labels: ကဗျာ
Sunday, February 24, 2008
သိနားလည်မှု
“ မင်းတို့အထဲမှာ စန္ဒရားအကြောင်း ကောင်းကောင်း သိတဲ့သူ ပါသလားကွ ”
“ ပါပါတယ် ဆရာ၊ ကျွန်တော် စန္ဒရား တီးတက်ပါတယ် ။ စန္ဒရားအကြောင်း ကောင်းကောင်းသိပါတယ်ခင်ဗျာ ”
“ ဒါဆို ဒီစန္ဒရားကို ကားပေါ်တင်တဲ့အခါ မင်းက ဦးဆောင်ပြီး ဂရုစိုက် တင်ပေးစမ်းပါကွာ ”
သူ မှာထားခဲ့လို့
“ ညကြီးမင်းကြီး ခြေအိတ်ကို ခေါင်းမှာပတ်ပြီး ဘာထွက်လုပ်နေတာလဲ ”
“ ကျွန်မ ယောင်္ကျားက မှာထားလို့ပါ။ သူခရီသွားနေတုန်း ညဘက် အပြင်ထွက်ရင် လူရမ်းကားတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ခြေအိတ်အထက်ပိုင်းကို မထိစေနဲ့ဆိုလို့ ”
နားလေးသူမို့ပါ
“ ခုနက စတိတ်ရှိုးပေါ်မှာ အသံပြဲကြီးနဲ့ ဟဲဗီးသီချင်းဆိုသွားတာ ခင်ဗျား မဟုတ်လား ”
“ ဟုတ်ပါတယ် ဟုတ်ပါတယ် ၊ ကျွန်တော်က တက်သစ်စ အဆိုတော်ပါ ”
“ ဒါဆို တဆိတ် ကူညီစမ်းပါဗျာ။ ပွဲခင်းထဲမှာ ကျုပ်မိန်းမနဲ့ လူချင်းကွဲသွားလို့ ခပ်ကျယ်ကျယ် အော်ပေးစမ်းပါ။သူက နားနည်းနည်းလေးတယ် ”
အပူကိုယ်စားလှယ်
“ အခုတလော ကျုပ်မှာ ပူပင်စရာတွေများလွန်းလို့ ကျုပ်အစား ပူပေးမယ့်သူရှိရှင် ငွေတစ်သိန်း ပေးလိုက်ချင်ပါရဲ့ဗျာ ”
“ ကိုင်း.......ဒါဆို ကျုပ် ပူပေးပါ့မယ် ၊ ငွေတစ်သိန်းသာ မစပါ ”
“ အဲဒါ ပထမဆုံး အနေနဲ့ ခင်ဗျားပူရမယ့် အပူပဲ ”
မေမေ့ တာဝန်ထားလိုက်
“ အဲဒီလူနဲ့ သမီး လက်မထပ်ချင်ဘူး မေမေ ၊ သူနဲ့သမီးနဲ့ အယူအဆချင်း မတူကြဘူး။ သူက ငရဲရှိတယ် ဆိုတာကို မယုံဘူးလို့ အကြောက်အကန် ပြောတယ် မေမေရဲ့ ”
“ လက်ထပ်မှာသာ ထပ်လိုက်ပါ သမီးရယ် ၊ ငရဲ တကယ်ရှိကြောင်း သိအောင်လုပ်ဖို့ မေမေ့တာဝန် ထားလိုက်စမ်းပါ ”
အချစ်အတွက်ဆိုရင်
“ အချစ်အတွက်ဆိုရင် ဘာပဲ လုပ်ရလုပ်ရ ၊ ဘာနဲ့မှ မလဲနိင်ဘူး ။ အရာအားလုံးကို စွန့်လွှတ်ရဲတယ်ဘယ်အရာမှ လာပြီး တားလို့ မရဘူးကွ ”
“ ကဲပါ ယုံပါပြီ ရှင်ရယ် ၊ ဒီညနေ ရုပ်ရှင်လိုက်ပြဖို့ ချိန်းထားတာလည်း မေ့မနေနဲ့ဦးနော် ”
“ စိတ်ချ စိတ်ချ ဖဲဝိုင်းမလုပ်ဖြစ်ဘူးဆိုရင် ဆက်ဆက် လာခေါ်မယ် စောင့်နေ ”
နည်းနည်းစောင့်ပါ
ပထ၀ီဝင်ဆရာမ - “ ရှမ်းကုန်းပြင်မြင်နဲ့ ပတ်သက်လို့ မင်းတို့သိသမျှ ပြောပြစမ်းကွာ ”
တပည့် - “ လောလောဆယ်တော့ ဘာမှ မသိသေးပါဘူး ခင်ဗျာ။ ဒါပေမဲ့ သိသိချင်း ပြောပြပါ့မယ် ”
ဆိုမှဆိုတက်ပဲဟာ
“ ရုပ်ရှင်ညပွဲပြီးလို့ သမီး အိမ်ပြန်လာတော့ လမ်းထိပ်မှာ အရက်မူးသမား အုပ်စုနဲ့ တွေ့တယ် မေမေ။ သူတို့က သမီးကို သီချင်းဆိုခိုင်းတယ် ။ မဆိုပြရင် ဖက်နမ်းရလိမ့်မယ်လို့ ခြိမ်းခြောက်ကြတယ် မေမေ ”
“ အဲဒီတော့ သမီးက ဆိုပြလိုက်တယ်ပေါ့ ”
“ ဟွန့် မေမေ သိသားနဲ့ သမီးမှ မဆိုတက်တဲ့ဟာ ”
အမွေဆက်ခံမိလို့
“ ခင်ဗျား မသေသင့်ဘူးဗျ။ ဟုတ်တယ် ၊ တကယ်ဆို ခင်ဗျား မသေသင့်သေးဘူး ”
“ ဟေ့လူ မူးမူးနဲ့ အုတ်ဂူရှေ့မှာ ငိုပြီး ခင်ဗျားရဲ့ အခင်ဆုံး မိတ်ဆွေမို့လို့လား ”
“ ဟင့်အင်း..ကျွှန်တော့်မိန်းမရဲ့ ပထမ ယောင်္ကျားပါ ”
ရေတွက်ပုံချင်းမတူ
“ စိတ်ဆိုးမယ်ကြံတိုင်း တစ်၊ နစ်၊ သုံး၊ လေး၊ တစ်ဆယ်ထိရေပါလို့ သားကိုပြောထားသားနဲ့၊ အခု ရန်ဖြစ်လာပြန်ပြီလား ”
“ အဲဒီလို ရေမိလို့ အခုလို အထိုးခံရတာပေါ့ ”
“ ဘာဖြစ်လို့လဲကွ ”
“ ဟိုကောင့် အမေက သူ့သားကို ငါးအထိပဲ ရေခိုင်းထားတာ အဖေရဲ့ ”
Labels: ဟာသ
ဒီနေရာလေးပါ ====>>> www.cryptogam.blogspot.com
Labels: ကြော်ငြာချက်များ
Friday, February 22, 2008
ရွှေလင်ပန်းနဲ့ အချင်းဆေးနိင်ခဲ့သူ...ဘဝ
ကျမ မဟုတ်ခဲ့သလို
အိစက်ညက်ညောတဲ့ မြနန်းစံတော်မှာ
ထိုင်၍လည်း မစံခဲ့ရပါဘူး...မောင်
ပင်မြင့်မှာပွင့်တဲ့ သဇင်ပန်းလို
ကျမဘ၀...မဝေဆာခဲ့ပေမယ့်
စိုက်ပျိုးသူမဲ့...ရွက်ကျပင်ပေါက်ဘ၀မျိုးလည်း
ကျမ အရွယ်မရောက်ခဲ့ရပါဘူး
အသားတစ်ရာနဲ့ ဟင်းကောင်းစုံလင်
လက်ဆေး စားနိင်ခဲ့သူ..ကျမ မရခဲ့သလို
ဆီဆမ်း......ဆားဖြူးတဲ့ ဘ၀လည်း
ကျမ မဖြစ်ခဲ့ရပါဘူးကွယ်...
သို့ပေမဲ့လည်း....မောင်ရယ်
ဆန္ဒတစ်စုံ ဖွင့်ဟဖို့ရန်
အခွင့်ပေးလာရင်တော့
မောင့်ဘ၀...ရင်ခွင်နန်းတော်မှာ
ထာဝရစံစား...မိဖုရားတစ်ပါး ဖြစ်ချင်တယ် ။
Labels: ကဗျာ
Monday, February 18, 2008
တစ်နေ့နေ့မှာ
တစ်ခုခုအတွက် အသုံးကျဖို့ ဒီဓားမြှောင် ရှိနေခဲ့တယ်။
အရုပ်ဆိုးဆိုး ၀ါကျတွေ လေးလံဖိစီးနေတဲ့ နွေဥတုအသားကို ထိုးခွဲပစ်လိုက်ဖို့
ကိုယ်ရေးထားတဲ့ ၀တ္တုထဲက ဗိလိန်ကို ၀တ္တုအဆုံးမှာ ထိုးသတ်ပစ်လိုက်ဖို့
အိမ်မက်တွေရဲ့ သွေးနည်းနည်းများ လိုအပ်ရင် ဖောက်ထုတ်သောက်နိင်ဖို့
ညရဲ့ အသားထဲကနေ ခွေးအူသံတွေ ခွဲထုတ်ပစ်လိုက်ဖို့
ကိုယ့်ယုံကြည်မှုတွေ ကိုယ်ပြန်ပြီး ခြိမ်းခြောက်ဖို့
စိတ်ကူးတွေ ပျစ်နှစ်စေးခဲနေခိုက် ခပ်ပါးပါးချင်းလွှာဖို့
“၀ံပုလွေများ အကြောင်း” ကဗျာရေးခဲ့ချိန်မှာ လိုလိုမည်မည် ဆောင်ထားဖို့
ပက်ကြားအက် လျှာများအတွက် တိမ်တွေရဲ့ ဗိုက်ကို ပစ်ပေါက်မိုးယိုစေဖို့
ကိုယ့်အနုပညာကို အလစ်ချောင်းနေတဲ့ ခါးပိုက်နှိုက်တစ်ကောင်ရန်က ကာကွယ်ဖို့
ငြီးငွေ့မှု အခန်းမှာ ကိုယ့်ဝိဥာဉ်ကို ပြတင်းပေါက်အဖြစ် ထွင်းဖောက်ပစ်လိုက်ဖို့
........ .......... .............
တစ်နေ့နေ့မှာတစ်ခုခုအတွက် အသုံးကျဖို့ ဒီဓားမြှောင် ရှိနေခဲ့တယ် ။ ။
Labels: ကဗျာ
Saturday, February 16, 2008
နိဗ္မာန်တစ်ခု
ပြိုပျက်ခဲ့ပြီ။ ။
ငါ့အတွေးတွေ ခမ်းခြောက်
လမ်းစတွေ ပျောက်
ငါ့ရဲ့ညတွေ ငါ့နေ့တွေအားလုံး
အမှောင်တစ်ခုနဲ့ ချစ်သူ့နာမည်ကို
ယောင်လို့တောင် လှမ်းမအော်ရဲဘူး
ငါ့နိဗ္မာန်မှာ အမုန်းတွေနဲ့ စွန့်ပစ်ခဲ့တဲ့ချစ်သူ။ ။
အရေခွံဟောင်းတစ်ခုမှာ
ချစ်သူ...မင်းရက်စက်တယ်။ ။
ငါမောပန်းဆဲ နွမ်းလျဆဲ
ဘ၀တစ်ခု အနားသတ်တစ်ခု
အားလုံးကို
ငါတစ်စစီ ပြန်ကောက် ဆက်ခဲ့တယ်။ ။
ငါမောပန်းလို့
အသိတစ်ခုက ငါ့အား
အမောပြေစေတယ်။ ။
အားသစ်တွေနဲ့ ကဗျာ
အမောပြေရင်ကို လှုပ်ခတ်လို့
အရင် အရှုံးအတွက်
စာသားလေး အမျိုးမျိုးနဲ့
ငါ့အားနှစ်သိမ့်တယ်။ ။
တကယ်ကို
ငါ့ရဲ့ နှစ်သက်ရာ
ငါ့ရဲ့ ပျော်မွေ့ရာ
ငါ့ရဲ့ စေစားရာတွေ အားလုံးက
ကဗျာဆိုတာလေး ဖြစ်လာတယ်။ ။
ဒီလိုနဲ့လေ
ငါ့နိဗ္မာန်တစ်ခု
ငါ့ရင်တစ်ခုကို
ကဗျာရေးတဲ့ သူကအသစ်ဆန်းစေခဲ့တယ်။ ။
ငါကျေနပ်ပါတယ်
ငါကြေကွဲခဲ့သမျှ မင်းမြင်တယ်။ ။
ငါငိုခဲ့သမျှမင်း သိတယ်။ ။
ငါတိတ်ဆိတ်နေသမျှ မင်းတွေးဆပေးတယ်။ ။
ကဗျာတွေလည်း ချစ်တတ်လာတယ်။ ။
ငါ့အား၊ ငါ့နိဗ္မာန်အား လင်းစေခဲ့သူမင်း။ ။
ကျေးဇူးတင်လို့ လက်ဆောင်တစ်ခုပေးပါရစေ။ ။
ငါ့နိဗ္မာန်၌ ရှိရှိသမျှအချစ်တွေ မင်းယူပါ။ ။
ငါ့ရင်၌ ရှိရှိသမျှအချစ်တွေ မင်းယူပါ။ ။
Labels: ကဗျာ
ရေးထားတဲ့ ကဗျာတပုဒ်ရယ်
ပေးနားထောင်မဲ့ သီချင်း နှစ်ပုဒ်နဲ့
ပြောချင်တဲ့ စကားတွေ....ရင်ထဲအပြည့်ထည့်လို့
ပြန်ရာလမ်းကို မျှော်မျှော်သာ ကြည့်နေခဲ့ရတယ်
တန်ဘိုးထား ဖတ်ဖြစ်မှာလား
ဂရုတစိုက် နားထောင်ပေးမှာလား....ချစ်သူရေ
မရေရာ ပေမဲ့ သေချာတာ တစ်ခုကတော့
အိမ်ပြန်လမ်းတွေမှာ ငါတစ်ယောက်တည်း
အဖော်မဲ့ နေခဲ့ပြီလေ
ငါ့မျက်လုံးကတောင် ငါ့ကို ပြန်မေးတယ်
ဘယ်နှစ်နာရီ အိပ်မှာလည်းတဲ့
အားနာစွာနဲ့ ပြန်ပြန်ပြီ.......ပြုံးပြုံးပြနေရတယ်
တကယ်ဆို ငါလည်း မလိုချင်တော့ပါဘူးကွာလို့
အခုဆို သူတို့စစ်ကူခေါ်လာကြပြီလေ
မှုန်ဝါးဝါးဖြစ်လာတဲ့ မျက်လုံးရယ်
ခပ်ထုံထုံ ဖြစ်လာတဲ့ ဦးနှောက်ရယ်
ထိုင်စောင့်နေဖန် များလာလို့ ချိနဲ့တော့မယ်
ခြေလက်တွေရယ်က ငါ့ကို ခေါ်ဖို့ လူစုနေခဲ့တယ် ချစ်သူ
တခုတည်းသော နှလုံးသားက
ဗီတိုအာဏာသုံးပြီး ပယ်ချနေလို့ပေါ့ကွယ်
ဒါပေမယ့်.....တစ်နေ့
နှလုံးသားကို သူတို့အနိင်ရသွားခဲ့ရင်
ငါ သေဆုံးရတော့မယ် ချစ်သူ
ဒီဘ၀ မပေါင်းရဘူးဆိုရင်လည်း
နောင်ဘ၀လည်း ငါ့ကိုထပ်မခေါ်ပါနဲ့
ကဗျာတွေ ငါမရေးတက်ချင်ဘူး
စာတွေ ငါမဖတ်တက်ချင်ဘူး
အေးစက်စက် မျက်နှာထားနဲ့ ဓတ်အားကုန်ရင် ရပ်နေမယ့်
စက်ရုပ်ပဲ ငါလုပ်တော့မယ်
တခုတည်းသော ငါ့အလုပ်က
အချစ်ကို ရူးရူးမူးမူး ခံစားတက်သူတွေကို
ဒီကမ္ဘာက ဖယ်ရှားပစ်ဖို့
သွားမယ်....ချစ်သူ
ငါသွားတော့မယ်....................
ငါ့ကို သူတို့ခေါ်နေကြပြီ ။ ။
Labels: ကဗျာ
သူငယ်ချင်း.......ရေ
ကြက်သွန်ဖြူနီ
ဂျင်းနဲ့ အရောင်တင်မှုန့်ရောပြီး
ဆီသက် ရုံနဲ့
ဘ၀က အဲဒီလောက် မလွယ်ဘူးကွ......
အဲဒီလိုချက်တဲ့ ဟင်းကလည်း
အစပ်အဟပ်.....တည့်ချင်မှ တည့်တာမဟုတ်လား
လူ့ဘ၀ကြီးထဲ အချိုးကျကျ...နေထိုင် ၊ ရောစပ်ပြီး ဆီသက်နေခဲ့တာတောင်
ဘယ်သူကများ ပြီးပြည့်စုံတဲ့
ဟင်းကောင်းတစ်ခွက် ဖြစ်ခဲ့လို့လည်း ။
ဖြစ်ခဲ့ရင်လည်း
ဆယ်ခါရံ တစ်ရံပါကွာ လိုတော့
မင်း နုတ်ဖျားက ပြောထွက်မှာ သေချာတယ် ။
အောင်မြင်ချင်ရင် တဖက်စွန်းရောက်မှလို့ပြောကြသလို
အစိမ်းလည်း ဘယ်တော့မှ မစားမိစေနဲ့
ပိုအကျည်းတန်တက်တယ်
ကဲ သူငယ်ချင်း......
အဆင်အရောင် ကင်းမဲ့ဖို့
ရေလုံပြုတ်သင့်ရင် ရေလုံပြုတ်စားကြတာပေါ့ကွာ
Labels: ကဗျာ
ဘယ်လို ၀တ်ရုံမျိုးလဲ ငါဝတ်ဆင်လိုက်တာလဲ…?? သေသေချာချာတော့ မသိပေမယ့် အဲ့ဒီ့ဝတ်ရုံက ငါ့ဘ၀ကို အသေအချာကြီးကို ပြောင်းလဲစေခဲ့တာတော့ အမှန်ပဲ…။ အဲဒီ့ဝတ်ရုံထဲမှာ မင်းသားယောင် ဆောင်ထားတဲ့ ဘီလူးတစ်ကောင်ရဲ့ မျက်နှာဖုံးပါတယ်…သိုးရေခြုံထားတဲ့ ၀ံပုလွေ တစ်ကောင်ပါ တယ်…ပြည်စောင့်နတ် ဟန်ဆောင်ထားတဲ့ မာနတ်တစ်ထောင် ပါတယ်..။
အဲ့ဒီဝတ်ရုံက လူတစ်ယောက်ရဲ့ အနာဂတ်ကို ဇောက်ထိုးမိုးမျှော် ဖြစ်အောင်လုပ်နိုင်ရုံတင်မကဘူး အဲဒီ့လူတစ်ယောက်ရဲ့ အတိတ်ကိုလည်း ကောင်းကောင်းကြီးကို ဖုန်းအုပ်ပြစ်လိုက်နိုင်တယ်…။ဘယ် လိုဝတ်ရုံမျိုးလဲ ငါ့တို့ဘ၀တွေရဲ့ လှပခဲ့တဲ့ အတိတ်တွေကို သွေးစိမ်းရှင်ရှင် အနာဂတ်တွေနဲ့လဲခဲ့တာ?
ဒီဝတ်ရုံက ဘယ်ဘ၀ရဲ့ ဆုတောင်းတွေ ကောင်းခဲ့လို့လဲတော့မသိဘူး…။ အသံကြား ကျိန်ဆဲခံရပါစေ၊ ရုပ်မြင် စောင့်ကန်ခံရပါစေ ဆိုတဲ့ဆုတောင်းတွေနဲ့ အရမ်းပြည့်တယ်…။ နောက်တစ်ခုရှိသေးတယ် ဒီဝတ်ရုံရဲ့ ထူးခြားချက်က…။ ဒီဝတ်ရုံကို ၀တ်လိုက်တဲ့သူတိုင်း အဖြူ၊ အမဲ မခွဲခြားခံရတော့ဘဲ တံတွေး ခွက်ထဲ ပက်လက်ကလေး မြောခွင့်ရခြင်းဘဲ..။လူမပြောနဲ့ ခွေးတောင်ဒီဝတ်ရုံကို မြင်ရင်ဟောင်တယ်။
ဒီဝတ်ရုံကို ၀တ်ထားရင် အကုသိုလ်ကို အခမဲ့ဝယ်လို့ရတယ်။ ငရဲပြည်ကို VISA မပါဘဲ အချိန်မရွေး သွားလို့ရတယ်(ပြန်လာလို့တော့မရဘူးနော်…မေ့နေမှာစိုးလို့)။ လူပေါင်းများစွာရဲ့ မျက်ရည်တွေကို မိုးတွေ တ၀ုန်းဝုန်းရွာရွာသွန်းသလို ရွာကျအောင် လုပ်လို့ ရတယ်။အသိပညာ အတတ်ပညာရဲ့ အဖူးအပွင့်တွေကို လောင်တိုက်သွင်းပြီး ပြာချခွင့်ရှိတယ်။ကုန်ကုန်ပြောရရင် ငါးပါးသီလကို တရားဝင် ချိုးဖောက်ခွင့်ရှိတယ်။ ကောင်းလိုက်တဲ့ ၀တ်ရုံ…! လိုချင်ရင်ပြော အပိုတွေအများကြီးရှိသေးတယ်..။
အရင်ကတော့ဒီလိုဝတ်ရုံမျိုးကို လူတွေဈေးကြီးပေးဝယ်ပြီး အရမ်းတန်ဖိုးထားခဲ့ကြဖူးတယ် ပြောတယ်။ ဟုတ်တော့လည်း ဟုတ်လောက်ပါတယ်။ ဒီဝတ်ရုံ ပေါ်ပေါက်လာတဲ့ သမိုင်းကလည်း သိပ်ကိုကြီးမြတ် ခဲ့တာကိုး..။ အခုတော့လည်း ပုံပြင်တစ်ပုဒ်လိုပါဘဲ။ ဒီဝတ်ရုံကြီးကို ယက်လုပ်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးသာ မြင် ရင် သူများတောင် သတ်စရာလိုလိုက်မှာ မဟုတ်ဘူး..။ အခုဆို ဒီဝတ်ရုံမှာ သွေးတွေစွန်းကုန်ပြီ..။ စွန်းနေတဲ့သွေးတွေကို ဘယ်လိုဆေးကြမလဲ?? ၀မ်းနည်းဖို့ကောင်းတယ်ဗျာ သမိုင်းတွေ ခြစားကုန်ပြီ။
ယုံကြပါဗျာ..။ ဒီဝတ်ရုံက အရမ်းကို တန်ဖိုးရှိခဲ့တာပါ..။ အခုချိန်မှာ လည်းတန်ဖိုးရှိနေပါသေးတယ်..။ အနာဂတ်အတွက်လည်း တန်ဖိုးမဖြတ်နိုင်လောက်အောင် မရှိမဖြစ် အရမ်းလိုအပ်တဲ့ ၀တ်ရုံတစ်ခုပါ..။ ခင်ဗျားယုံမယ်ဆိုရင် ပြောပြပါရစေ..။ ဒီဝတ်ရုံထဲမှာ သူရဲကောင်းတွေရဲ့ ၀ိဥာဉ်တွေ ကိန်းအောင်းနေ ကြပါသေးတယ်..။ ဒီဝတ်ရုံဟာ သူရဲကောင်းတစ်ယောက်ရဲ့ အမြင့်မြတ်ဆုံး သင်္ကေတပါ။ ဒီဝတ်ရုံဟာ သူရဲကောင်းတစ်ယောက်ရဲ့ အလှပဆုံး အိပ်မက်တစ်ခုပါ။ အနာဂတ်ရဲ့ သူရဲကောင်းတိုင်း ခုံမင်စွာတပ်မက်တဲ့ မျှော်လင့်ချက်တစ်ခုပါ..။ အသုံးပြုတဲ့ သူတွေအပေါ်မူတည်နေလို့သာ တန်ဖိုးတွေ ကျဆင်းနေတာပါ..။
အခုအချိန်မှာ ဒီဝတ်ရုံရဲ့ တန်ဖိုးကို ပြန်လည်မြှင့်တင်ဖို့ လိုအပ်နေပါပြီ..။ ဒီဝတ်ရုံအပေါ် ယုံကြည်စိတ် ချမှုတွေ..၊အားကိုး တန်ဖိုးထားမှုတွေ ပြန်လည်မြင့်မားလာအောင် ကြိုးစားကြဖို့ အချိန်ရောက်ပါပြီ…။ စွန်းထင်းခဲ့တဲ့ အတိတ်ဆိုး၊ အရိပ်ဆိုးတွေကို လက်တွေ့ကျတဲ့ ကြိုးစားမှုတွေ၊ လုပ်ဆောင်မှုတွေနဲ့ ကျရာနေရာကနေ သက်သေပြကြဖို့လိုအပ်နေပါပြီ…။ ဒီလိုမှမဟုတ်ရင်တော့ ဒီဝတ်ရုံရဲ့တန်ဖိုးဟာ အခုအတိုင်းပဲ ရေစုန်မှာ ဆက်မြောနေပါလိမ့်အုန်းမယ်..။
အမှန်တရားနဲ့ သစာတရားကို သူတော်ကောင်းတွေ ချီးကျူးဂုဏ်ယူ ကြပါလိမ့်မယ်။ စောင့်ရှောက်ကြ ပါလိမ့်မယ်..။ အမှန်တရားကို ရဲရဲရင့်ရင့်လက်ခံပါ..။ ခိုအောင်းနေတဲ့ သူရဲကောင်းတွေရဲ့ ၀ိဥာဉ်တွေကို သစာစောင့်သိပါ..။ ဒီဝတ်ရုံကို ယက်လုပ်ခဲ့သူရဲ့ အဓိကရည်ရွယ်ချက်နဲ့ ဦးတည်ချက်ကို အမြဲနှလုံး သွင်းပါ..။ ဒီလိုဆိုရင် ဒီဝတ်ရုံရဲ့ တန်ဖိုးနဲ့ အရေးပါမှုကို ပြန်လည်ပြီး လက်ခံနားလည် လာကြပါလိမ့် မယ်။ ခံယူချက်ရှိရှိနဲ့ ရှေ့ကိုဆက်ရှောက်ပါ..။ နောင်တရစရာမလိုပါဘူး..။
ဘာကြောင့်လဲဆိုတော့ ဒီဝတ်ရုံဟာ လောက၏ မြင့်မြတ်သော၊စွန့်လွှတ် အနစ်နာခံနိုင်ဆုံးသော သူရဲကောင်းများသာ ၀တ်ဆင်ခဲ့ကြတဲ့၊၀တ်ဆင်နိုင်စွမ်း ရှိတဲ့ တစ်ခုတည်းသော ၀တ်ရုံတစ်ခု ဖြစ်သော ကြောင့် တန်ဖိုးထားသင့်ပါကြောင်း…….။ ။
မှတ်ချက် ။ အနက်ရောက် အိမ်မက်တစ်ခု၏ ၀ိဥာဉ်များ ဘလော့ဂ်မှ ပြန်လည်ဖော်ပြပါသည်။
Labels: ကြော်ငြာချက်များ
Friday, February 15, 2008
သတ္တိနည်းသူလို့ မစွပ်စွဲချင်ဘူး အချစ်ရယ်
ငါဟာ ကိုယ့်အမှန်တရားနဲ့ ကိုယ်နေသူပါ
လူမှုဝန်းကျင် မုန်တိုင်းတွေက
ငါ့ပင်လယ်ပြင်ကို လှိုင်းထန်စေတယ် ။
ငါ့ကမ်းစပ်ပေါ် ပစ်တင်လိုက်တဲ့
အမှိုက်သရိုက်တွေက
ပြစ်တင်ရှုတ်ချမှုတွေ ဖြစ်ချင်ဖြစ်နေလိမ့်မယ် ။
ငါဟာ မေတ္တာတရားရဲ့ အငွေ့အသက်ကို ခံစားရတယ်
ငါ့ဆီက မေတ္တာတရားကို ပေးဆပ်ရတယ်
ဒါဟာ ပြီးပြည့်စုံတဲ့ ချစ်ခြင်းမေတ္တာလို့
မင်းရော ငါပါ ယုံကြည်ပြီးတဲ့ အခါ
လှိုင်းသံနဲ့ ပင်လယ်ဟာ ငြိမ်သက်သွားပါလိမ့်မယ်
ဒါနဲ့ပဲ
နာရီတစ်လုံး ၊ တယ်လီဖုန်းသံ
တေးသွား တစ်စ ၊ ခေါင်းအုံးမလိုတဲ့ ညတွေ
ထိတွေ့လို့မရနိင်တဲ့ ၊ အငွေ့သက်သက်အိမ်မက်တွေ ။
အချစ်ရယ်
ငါဟာ ကိုယ့်နက်ရှိုင်းမှုနဲ့ ကိုယ်သာနေခဲ့ရ
အဖြူရောင် မုသားတွေ
ငါ့နုတ်ခမ်းမှာ အမြှုပ်တစီစီ
အဆိပ်မှန်းသိရက်
မင်းအတွက် ငါသောက်မိတယ် ။ ။
Labels: ကဗျာ
မင်းဆိုနေတဲ့ သီချင်း...မင်းဘ၀ရဲ့ သီချင်းဟာ
ငါ့နားနဲ့ စိမ်းနေတဲ့...ဂီတ အမျိုးအစားပါ ။
ညီမလေးရေ
မင်းဆိုနေတဲ့ သီချင်း...မင်းဘ၀ရဲ့ သီချင်းဟာ
ငါမတီး ခက်တက်တဲ့ သံစဉ်တွေနဲ့
တည်ဆောက်ထားတဲ့ သီချင်းတစ်ပုဒ်ပါ ။
ညီမလေးရေ
မင်းဆိုနေတဲ့ သီချင်း...မင်းဘ၀ရဲ့ သီချင်းဟာ
ငါအဓိပါယ် မဖွင့်ဆိုတက်တဲ့ စကားလုံးတွေနဲ့
ဖွဲ့သီထားတဲ့ သီချင်းတစ်ပုဒ်ပါ ။
ညီမလေးရေ
မင်းဆိုနေတဲ့ သီချင်း...မင်းဘ၀ရဲ့ သီချင်းဟာ
မလုံခြုံတဲ့ ငါ့အသံသေတ္တာထဲ
ဖမ်းဆုပ်ထည့်ယူဖို့ မသင့်တဲ့
အပြင်းစား သီချင်းတစ်ပုဒ်ပါ ။
ညီမလေးရေ
မင်းဆိုနေတဲ့ သီချင်း...မင်းဘ၀ရဲ့ သီချင်းဟာ
အသံထွက် ညံလွန်းမက ညံနေတဲ့ ငါ့အဖို့
ပါးစပ်တောင်မှ မဟ၀ံ့တဲ့
“ကီး” မြင့်မြင့် သီချင်းတစ်ပုဒ် ဖြစ်နေခဲ့တာ
မင်း မသိခဲ့ပါလား...မင်းမသိခဲ့တာလား
ညီမလေး ရယ် ။ ။
Labels: ကျွန်တော်ကြိုက်သောကဗျာများ
ငါ့ကဗျာတွေကြား
ငါ့သီချင်းတွေအလယ်
ငါ့ရင်ခုန်သံ အားလုံးမှာ....အချိန်ကြာကြာနစ်မြောလာခဲ့တော့
အသက်ရှုဖို့များ...မွန်းကြပ်နေခဲ့သလား ချစ်သူ....
တကယ်ဆို...ငါက
တိုက်သင်္ဘောပေါင်းများစွာကြား
ရုန်းကန်လှုပ်ရှားနေတဲ့ တက်မရှိ ရွက်မရှိတဲ့
ဆေးရောင် ခပ်မှိန်မှိန်....ငှက်တစ်စင်းလေ ။
ရည်ညွှန်းချက်အပြည့်အ၀မပါတဲ့ ကဗျာမြေပုံတစ်ချပ်နဲ့
မင်းအနာဂတ်ကို ကြာကြာလမ်းပြ နိင်မှာ မဟုတ်မှန်း
ငါ နားလည်ပါတယ်......
ပတ်ဝန်းကျင် လှိုင်းတွေ လာပုတ်တဲ့ အခါ
သံသယ ကျောက်ဆောင်တွေ တိုက်မိတဲ့ အချိန်နဲ့
နားလည်မှု လေဆင်နှာမောင်းတွေ မွှေနောက်သွားတဲ့ ကာလမျိုးမှာ
နဂိုကတည်းက မချရဲ ချရဲနဲ့
စုံမှိတ်လို့ ရေချခဲ့ရတဲ့ အညတရ ငါ့လှေကျိုးလေး
မျောရပါချည်ရဲ့ကွယ် ။ ။
Labels: ကဗျာ
Thursday, February 14, 2008
စာလွှာတစ်ချပ် ၊ ငိုသံတ၀က် နဲ့ အတူ
ငါ့မျှော်လင့်ချင်းတွေ မင်းဆီ အရောက်ပို့လိုက်တယ်
ချောကလက်ကျွေးမှ နှင်းဆီပန်းပေးမှ
ချိုမြိန်တာ မဟုတ်ပါဘူးကွယ်။
ချစ်ခြင်းဖွဲ့ သံစဉ်ကို နားဆင်ဖို့
ဒီညတော့ မင်းရင်ခွင်တံခါး ဖွင့်ထားနော်
အနူးညံဆုံး နှလုံးသားနဲ့ တယုတယ ပွေ့ဖတ်ထားမယ်
အတိုးတိတ်ဆုံးနဲ့ အညင်သာဆုံး ဖြစ်ရပါစေမယ်ကွယ်
if there were no words
no way to speak
i would still hear you
if there were no tears
no way to feel inside
i would still feel for you
and even if the sun refused to shine
even if romance ran out of rhyme
you would still have my heart until the end of time
you're all i need, my love, my Valentine
all of my life
i have been waiting for
all you give to me
you've opened my eyes
and shown me how to love unselfishly
i have dreamed of this a thousand times before
in my dreams i couldn't love you more
i will give you my heart
until the end of time
you're all i need, my love, my Valentine
and even if the sun refused to shine
even if romance ran out of rhyme
you would still have my heart until the end of time
cause all i need is you, my Valentine
you're all i need, my love, my Valentine
Labels: ကြော်ငြာချက်များ
********************************************************
ဒီကစားပွဲလေးကို ကျွန်တော် ပြုလုပ်ရခြင်း အကြောင်း(၃)ချက် ရှိပါတယ်....
(၁) ကျွန်တော်ဟာ ဒီဘလော့ဒ် လောကထဲ ၀င်ရောက်လာပီး ကတည်းက ခင်မင်ရင်းနှီးခဲ့ရတဲ့
အပေါင်းသင်း ဘလော့ဒ်ဂါတွေ အားလုံးနဲ့ တစ်ခါမှ ပျော်ပွဲဆိုတာကို မဆုံဖူးသေးပါဘူး။
(၂) ခုလိုပျော်ပွဲလေးတစ်ခုလုပ်လိုက်တဲ့အခါ ကျွန်တော်တို့ရဲ့ ရင်းနှီးမှုတွေ ဒီထက်ပိုပြီး ရနိုင်မလား။
(၃) တစ်ကမ္ဘာလုံးမှာ ချစ်သူများနေ့ ဆိုတဲ့အထိမ်းမှတ်နေ့လေး ပြုလုပ်ကျင်းပနေ့ချိန်မှာ ကျွန်တော့်
အတွေးတစ်ခု ၀င်လာခဲ့တယ်။ ချစ်သူဆိုတိုင်း ကျွန်တော့်တို့တွေဟာ ကိုယ်ရေးတဲ့ ဘလော့ဒ်လေးကို
ကိုယ်တိုင် ချစ်မြတ်နိုးကြတယ်... အဲ့ဒါဟာ ကျွန်တော်တို့ ချစ်သူပဲလေ... ဒါကြောင့် ဘလော့ဒ်ဂါ
ညီအစ်ကို မောင်နှမတွေ အားလုံးဟာ ကိုယ့်ချစ်သူ တစ်ယောက်ဆီကို ပိုင်ဆိုင်ကြတယ်။ အဲ့ချစ်သူကို
ဘာလက်ဆောင်များပေးကြမလဲ။
အဲ့ဒီ (၃)ချက်လေးဟာ အဓိပ္ပာယ် မပြည့်စုံပေမယ့် နွေးထွေးမှုလေးတစ်ခုတော့ ရနိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။
ကစားနည်းလေး သုံးမျိုးလောက်ပါပဲ။ အများကြီးတော့ မဟုတ်ပါဘူး။ လွယ်လွယ်လေးတွေပါ။
(၁) ကိုယ့်ရဲ့ နာမည်ကို (ဘလော့ဒ်နာမည် ဖြစ်ဖြစ် ကိုယ့်နာမည်ဖြစ်ဖြစ်) အချစ်အတွက် တစ်ခုခုဖေါ်ညွှန်းမယ့်
စာသားလေး အဖြစ်ပြောင်းရအောင်။
ဥပမာ... ကိုလွမ်းစေ ကို ကျွန်တော် အချစ်အတွက် ဖေါ်ညွှန်းပါ့မယ်။
အချစ်နဲ့ ပက်သတ်မိသမျှ "လွမ်း" ဆွေးဖို့ချည်းသာ အချည်းနှီးသက်သက်ဖြစ်ခဲ့ရတယ်။
ဒါပေမယ့် နင် "စေ" သမျှ ငါဆိုတာ လိုက်ရောခဲ့တာချည်းပဲ။
*စည်းကမ်းချက်
ကိုယ့်နာမည် တစ်လုံးကို စာတစ်ကြောင်းပဲ ရိုက်လို့ ရတယ်နော်။
(၂) ချစ်သူ့ အခေါ်ဝေါ်လေး။
ဥပမာ... ကိုမောင်မျိုးက သူ့ချစ်သူကို တိုက်ရိုက် မပြောရဲဘူးဖြစ်နေတယ်။ ပြောလည်း ပြောချင်တယ်
ပြောရမှာလည်း ကြောက်နေတယ်။ အဲ့ဒီမှာ ဟာသလေးနှောပြီး မသိတသိလေးပြောလိုက်တယ်။
"မောင်" ရယ်လို့ ခေါ်စေချင်ပေမယ့် အနားမှာ သူက မရှိ။
အ"မျိုး"မျိုးလှည့်ပတ်ကာ ခေါ်ခိုင်းပါသော်လည်း သူက ငမျိုးတဲ့။
*စည်းကမ်းချက်*
ကိုယ့်နာမည် တစ်လုံးကို စာတစ်ကြောင်းပဲ ရိုက်လို့ ရတယ်နော်။
(၃) ချစ်သူ့လက်ဆောင်။
လူတိုင်းက ကိုယ့်ချစ်သူကို ချစ်သူများနေ့မှာ ချောကလက်လေးတစ်ခု လက်ဆောင်ပေးကြတယ်။
ဒါပေမယ့် ခုကျွန်တော်က နည်းနည်း ခေတ်ပြောင်းလိုက်မယ်ဗျ။ ချောကလက်ခေတ်ကို ခေါက်ထားခဲ့မယ်။
တော်တော် အဖိုးတန်တဲ့ စာသားလေးနဲ့ ချစ်သူ့လက်ဆောင် အဖြစ်ပြောင်းမယ်။ ဘာလို့လဲဆိုတော့
ကို့ရင်ထဲက ခံစားချက်လောက် ချောကလက်က တန်ဖိုးမှ မကြီးနိုင်တာကိုးဗျ။
ဥပမာ... အမှတ်စဉ်လေး နဲ့ လက်ဆောင်ပေးကြည့်မယ်။
(၁)တစ်သက်တာ ထာဝရ
(၂)နစ်နစ်ကာကာချစ်မြတ်နိုးရပါတယ်
(၃)သုံးနှစ်သုံးမိုး
(၄)လေးလေးနက်နက် စောင့်ခဲ့ရသူမို့
(၅)ငါးရာနှစ်ဆယ့်ရှိလို့သာ ပြောခဲ့ရင်လေ
(၆)ခြောက်ကပ်စွာ
(ရ)ခွန်အားတွေ မဲ့ပြီး
(၈)ရှစ်ခွင်နယ်တစ်ခုလုံး
(၉)ကိုးကွယ်ရာ ရှာမရဖြစ်တော့မယ်
(၁၀)ဆယ်ကြိမ်မြောက် ကတိပေးပါတယ်ကွာ
တစ်သက်မှာ တစ်ယောက်သာ ချစ်ပါ့မယ်လို့။
အဲ့လိုပေါ့ဗျာ။
*စည်းကမ်းချက်*
ကိုယ်ရေးနိုင်သလောက်သာ ရေးသားနိုင်ပါတယ်။
.........................................................................................
ကစားနည်းကတော့ ဒီသုံးမျိုးပါပဲ။ ဘလော့ဒ်ဂါညီအစ်ကို မောင်နှမများရဲ့ အချိန်လေးတွေကို ငှဲ့ညှာပြီး ဒါလေးတွေပဲ ကစားပါ့မယ်။
ကိုယ်ကစားထားသမျှ (ကိုယ့်စိတ်ကြိုက်ဖေါ်ညွှန်းထား)တဲ့ စာသားများကို mypoembag@gmail.com ကိုဖြစ်ဖြစ်
ဂျီတော့မှာ add ပြီးတော့ ဖြစ်ဖြစ် ပေးပို့ကြပါလို့ တောင်းဆိုပါတယ်ခင်ဗျာ။
ဒီကစားနည်းလေးတွေကိုလည်း အချိန်ကန့်သတ်ထားပါတယ်။ မြန်မာ စံတော်ချိန် ည ၁၁နာရီမှ ၁၁း၃၀အထိသာ
ခွင့်ပြုချိန် ပေးမှာဖြစ်ပြီး အားလုံးကို ကျွန်တော့် ဘလော့ဒ်မှာ ပြန်တင်မှာဖြစ်ပါတယ်။ ကစားနည်း တစ်ခုစီကို ချစ်သူများနေ့
တစ်နေ့လုံး အမှတ်ပေးမှာပါ။
အမှတ် အများဆုံး ရရှိသူ (၂)ယောက်ကို ဆုချီးမြှင့်မှာ ဖြစ်ပါတယ်။
ပထမဆု ရရှိသူကို ကျွန်တော် မောင်သားဖြိုးက (ဆုရရှိသူ) နှစ်သက်ရာကဗျာ တစ်ပုဒ်
သူကြိုက်တဲ့ (ကောင်လေး(သို့)ကောင်မလေး)နှစ်ယောက်စာ လက်ဆောင်ပေးမှာ ဖြစ်ပါတယ်။
ဒုတိယ အမှတ် အများဆုံး ရရှိသူကိုတော့ (ဆုရရှိသူ) နှစ်သက်ရာ ကဗျာတစ်ပုဒ် တောင်းဆိုနိုင်ပါတယ်။
ကစားပွဲလေးကတော့ ဒါပါပဲခင်ဗျာ။
အားလုံး ကိုယ့်ချစ်သူကို ဘယ်လောက်ထိ ချစ်ကြပါသလဲ။ ကိုယ်ချစ်မယ့်သူကို ဘယ်လောက်ထိများ စောင့်စားနိုင်ကြမလဲ။ အချစ်နဲ့ ပတ်သက်ပြီး လူသားတိုင်း
ပျော်ရွှင်နိုင်ဖို့ ကျွန်တော် စိတ်ကူးရှိသမျှလေး လုပ်မိတာပါ။ အမှားပါခဲ့ရင် ခွင့်လွတ်ပေးကြပါခင်ဗျာ။
*****************************************************************************************************************
ကျွန်တော် လက်လှမ်းမှီသလောက် ဘလော့ဒ်ဂါတွေကို မေးလ်ပို့ထားပါတယ်။ ကျွန်တော့်ကို ကူညီပြီး ဒီကစားနည်းလေးကို ဘလော့ဒ်ဂါ အားလုံးထံ မေးလ်ပြန်ပို့ပေးကြပါနော်။
ကျွန်တော့်အဖြေလွှာကတော့
အဖြေနံပါတ်(၁)
ကမ္ဘာမှာ “ကျော်” ကြားခဲ့ကြတဲ့ အချစ်သူရဲကောင်းတွေကို ငါလေးစားတယ် ။
ဂုဏ်ရောင် အရှိန်အ၀ါ “လင်း” လက်တောက်ပခြင်း ကင်းစွာနဲ့ ချစ်သူကို ချစ်နိင်ခဲ့ကြတဲ့အပြင်
သူတို့ ချစ်ခြင်းတွေဟာ မငြိမ်းသော ဆီမီးတွေလို အမြဲတမ်း “ထွန်း” တောက်နေခဲ့တယ်။
အဖြေနံပါတ်(၂)
ခမ်းနားခြင်းတွေ ကင်းမဲ့....နွေးထွေးတဲ့ လက်အစုံကို ခပ်ရဲရဲ ဆုပ်ကိုင်လာတော့
“ အား ”အင်တွေ ရှိလာလိုက်တာ။ အရိုးသားဆုံးနဲ့ လမ်းတွေ အတူတူလျှောက်ကြမယ်လို့
ဆိုခဲ့တဲ့ စကားတခွန်းမှာ....နှလုံးသားတွေ “ ငိုင် ”ကျသွားလောက်အောင် မေတ္တာသက်ဝင်တယ်။
အဖြေနံပါတ်(၃)
တစ်ကြိမ် တစ်ခါမှ...ဒီလောက်ထိ မချစ်ခဲ့ပါဘူး
နှစ်ပေါင်း မြောက်မြားစွာ လက်တွဲသွားဖို့ စိတ်မှာ အမြဲ ရည်စူးထားခဲ့တဲ့အပြင်
သုံးရာသီ ဆိုတဲ့ အချိန်ကာလလုံးလုံး အလွမ်းတွေနဲ့ အမြဲဖြစ်မြောက်နေခဲ့ရပြန်တယ်
လေးမျက်နှာ ရှစ်ခွင် မင်းနာမည်တွေ အော်ခေါ်လို့
ငါးဖြာသော လက်အစုံနဲ့ ဆုပ်ကိုင်ရင်း
ခြောက်ခြားခြင်း ကင်းမဲ့သော အိမ်မက်တွေ အတူမက်ကြမယ်လေ
ခုနှစ်ရောင် ဖြာသော သက်တန့်ကို မော့ကြည့်ရင်း
ရှစ်ခါမြောက် နမ်းမိသွားတဲ့အခါ
ကိုးကွယ်ရာ ဒီရင်ခွင်ဟာ
ဆယ်နွေလို မပူပြင်းဘူး ဆိုတာ...မင်းသိလာလိမ့်မယ် ချစ်သူရယ်။
အတော်လေးခေါင်းစားခဲ့ရတဲ့ ကစားပွဲလေးပါ … ဆုစာရင်းကိုတော့ ၁၆ ရက်နေ့မှာ ကြေညာပါမယ်တဲ့ … ဒီကြားထဲမှာ စိတ်ပါဝင်စားသူများ http://mypoembag.myanmarbloggers.org
မှာ မဲပေးရွေးချယ်နိုင်ပါတယ် … ပျော်ရွှင်နိင်ကြပါစေ။
Labels: ကြော်ငြာချက်များ
Wednesday, February 13, 2008
“ ပြိုင်ဘက်ကင်းတဲ့ လောကီအတွင်းဝယ်....တစ်ဦးတည်း မင်းမဟော် .... ရှည်ပါစေ ရှည်ပါစေ .... ရှည်ပါစေ
အသက်ရာကျော် ”
အပင်ပန်း ဆင်းရဲခံပြီး စစ်ပညာကို သင်ကြားခဲ့သော ဗိုလ်ချုပ် ၊ ယုံကြည်ရာကို ဇွဲလုံလရှိစွာ မဆုတ်မနှစ် ကြိုးစားခဲ့သော ဗိုလ်ချုပ် ၊ “ ပညာရဲရင့် ပွဲလယ်တင့် ” ဆိုသလို နိင်ငံတကာ ခေါင်းဆောင်များနှင့် ရင်ဘောင်တန်း ဆက်ဆံနိင်ခဲ့သော ဗိုလ်ချုပ် ၊ ကျောသားရင်သား မခွဲခြား ၊ မာန်မာန မဲ့စွာဆက်ဆံတက်သော
ဗိုလ်ချုပ် ၊ ရာထူးအရှိန်အ၀ါနှင့် ကင်းစွာ နေထိုင်တက်သော ကျွန်တော်တို့၏ လူသာသေသော်လည်း နာမည်
မသေခဲ့သော ဗိုလ်ချုပ်အောင်ဆန်းအား ဤပို့စ်ဖြင့် အလေးပြုပါသည်။
မှတ်မှတ်ရရ ပြောသွားတဲ့ စကားများစွာထဲက
“ ကြည်....ပဲပြုတ်နှင့် နံပြားရလျှင်
စားချင်သည်တဲ့ ”
Labels: ကြော်ငြာချက်များ
Monday, February 11, 2008
တခါတလေ...အကျီပါးပါးကိုဝတ်
ဂျင်းဘောင်းဘီ ခပ်နွမ်းနွမ်းထဲ
ငါ့အလွမ်းတွေ ထည့်လို့
မိုးသည်းသည်းထဲ မင်းကို လွမ်းကြည့်နေချင်ခဲ့တယ်
ဟိုးကမ္ဘာတခြမ်းက မင်း..မျက်နှာ
ငါ့ကိုများ ငေးကြည့်နေမလားကွယ်
မြင်ယောင်မှန်းဆ ထင်ယောင်နဲ့တမ်းတမိတော့
ရင်ဘတ်ထဲ မချင့်မရဲနဲ့
မိုးကြိုးနဲ့အတူ မင်းနာမည်ကို အော်ခေါ်ပစ်လိုက်တယ်
ချစ်သူရေ....
ငါ့ကိုယ်ငါ မလုံခြုံနိင်သေးရင်တောင်
မင်း အတွက်...အေးမြတဲ့ နေရာတစ်ခု ငါပေးနိင်ပါလိမ့်မယ်
နွေဆို နွေ ၊ ဆောင်းဆိုဆောင်း
ဥသြငှက်ရဲ့ လွမ်းချင်းနဲ့အတူ
နှင်းမှုံမှုံတွေကြား ရေမြေခြားက......ငါ လွမ်းနေဦးမယ်ကွယ်။
Labels: ကဗျာ
Friday, February 8, 2008
မရွေ့ဘူးတဲ့....အမေ
ဘယ်သူတွေ ပြောခဲ့ကြလည်းတော့ မသိဘူး
ဒါပေမယ့် ဒီခေတ်ပျက်ကြီးမှာတော့
ကိုယ်ကကောင်းရဲ့သားနဲ့ ခေါင်းတွေ မြောက်များစွာ ရွေ့ခဲ့ကြတယ် ။
အမှားတရား ရှာသူတွေ အတွက်
ခေါင်းတွေ နေရာရွေ့တာ ၀မ်းမနည်းပေမဲ့
အပြစ်မဲ့ ခနကိုယ်တွေ နေရာရွေ့တဲ့ အခါ
ဒီကမ္ဘာကြီးက ပုပ်စော်ပိုနံကုန်တယ် အမေ ။
ဟုတ်တာတွေ ကျော် ပုပ်တာတွေ ပေါ်တော့
လူနာခေါင်းရှုံခံရတာ မထူးဆန်းနိင်ပါဘူး
ဒါပေမယ့် အမေ့သားက
စည်းနှစ်ဖက်ခြားကို ရောက်နေတော့
တခါတလေ လူပြောလည်း ခံရတယ်
သူပြောလည်း ခံရတယ် အမေရယ် ။
လောကကြီးက
အမေနဲ့ကျွန်တော် မျှော်လင့်ထားသလို
ဘာလို့ ဖြစ်မလာတာလည်း ဆိုတာ
စဉ်းစားရင် ခေါင်းသာဖြူသွားမယ် အမေနဲ့ကျွန်တော်
သိမှာ မဟုတ်တာ သေချာတယ်။
အမေ့သား ဒီနေ့ဒီအချိန်ထိ
လူနှာခေါင်းရှုံချင်အောင် ဘာမှ မလုပ်သေးဘူးအမေ
ဒါပေမယ့်...ခွေးတောင်မှ ချောင်ပိတ်ရိုက်ရင်
ပြန်ကိုက်သေးတာပဲ မဟုတ်လား
ဒီလိုပြောတော့ “ အမေ့သား ရိုင်းတက်နေပြီလားကွယ်လို့”
မျက်ရည်လေး ၀ဲတဲတဲနဲ့ အမေ ငိုနေတော့မယ်
စိတ်မပူပါနဲ့ အမေ
ကျွန်တော်တို့က ခြေလက်တွေ ရိုက်ချိုးခံရပြီးသားပါ
အစွယ်တောင် ယိုင်နဲ့နဲ့ရယ်
အမေ့သားက ကိုယ့်အသား ကိုယ်ပြန်မစားပါဘူး
အစာငတ်လို့ အသေခံသွားမယ်
ကိုယ့်လူမျိုး ကိုယ်ပြန် မမျိုပါဘူး....အမေရယ်
ဒီလိုခံယူထားတဲ့ ကျွန်တော့်ကိုမှ တစ်ချို့က
နားရွက်ကို တံတွေး စွတ်ချင်ကြတယ်လေ ။
လူတွေက ကိုယ်လုပ်ချင်တာ လုပ်နေကြတော့
တခါတလေကျရင် နားလည်လို့လည်း မကောင်းဘူး အမေ
နားလည်လို့ မကောင်းတဲ့ သူတွေရော
နားမလည်လို့ မကောင်းတဲ့ လူတွေရော ကြားမှာ
အမေ့သားက အသက်ရှင်နေလေတော့
မနုသီဟ ဖြစ်နေပြီလေ ။
ဒါပေမယ့်.....တစ်နေ့တော့
အမေ့သား ရဲရင့်ပါမယ်
အမေ့သား အငိုတိတ်အောင် ဆောင်ရွက်ပါ့မယ်
အမေ့သား ပြုံးလာအောင် ချော့မြူပါ့မယ်
အခုတော့ အမေ့သား
ဝန်ရိုးထမ်းရင်.....ကိုယ်တိုင်လွတ်အောင် ရုန်းနေဆဲ အမေ။
Labels: အမေသို့တိုင်တည်ခြင်း
( ထူးအယ်လင်း )
မလွမ်းဘဲ မနေနိင်အောင် မင်းလုပ်ခဲ့တယ်........မချစ်ဘဲ မနေနိင်အောင် မင်းရဲ့အပြုံးရယ်
နှလုံးသား ဒဏ်ရာတွေ မင်းမပေးဘဲနဲ့....ရရှိခဲ့တာ ဘာကြောင့်လည်း
ချစ်ခဲ့တာတွေ ကိုယ့်အမှား များလားကွယ်....ဖွင့်ပြောဖို့ဆိုတာ ဘယ်လိုမှ မဖြစ်ခဲ့ပါ
ဆုံးရှုံးမှာကို ကြိုတွေးမိခဲ့လည်း မင်းမသိအောင် ချစ်မယ်
( တကယ်ဆို မင်း .....နားလည်မှာပါ အချစ်ရယ်
ခင်မင်မှု အရောင်များ ပျက်ပြယ် ဒီလိုနဲ့ ဝေးမှာကို ကြိုသိလည်း အချစ်ရယ်
ယုံကြည်ပါ သီချင်းလေးက ပြောလိမ့်မယ် )
မှတ်မိနိင်စရာ ညလေး ရှိခဲ့တယ်........မင်းအနားနေရင် အပျော်ဆုံး မက်ခဲ့တယ်
ဘယ်သူမှ မမြင်အောင် ကိုယ်ချစ်ခဲ့မိလည်း နှလုံးသားလေးရယ် ဘယ်လိုဖြေမလည်း
ချစ်ခဲ့တာတွေ ကိုယ့်အမှား များလားကွယ်....ဖွင့်ပြောဖို့ဆိုတာ ဘယ်လိုမှ မဖြစ်ခဲ့ပါ
( တကယ်ဆို မင်း .....နားလည်မှာပါ အချစ်ရယ်
ခင်မင်မှု အရောင်များ ပျက်ပြယ် ဒီလိုနဲ့ ဝေးမှာကို ကြိုသိလည်း အချစ်ရယ်
ယုံကြည်ပါ သီချင်းလေးက ပြောလိမ့်မယ် )
Labels: သီချင်းလက်ဆောင်
Sunday, February 3, 2008
ဒါပေမယ့် ဆရာ လယ်တွင်းသား စောချစ်ကပြောတယ်
“ကိုယ့်အဖေအမေတောင် သူ့တို့အချင်းချင်း ပိုချစ်လို့ မိဘတွေ စွန့်ပြီး တစ်အိုးတအိမ် ထူထောင်ကြတာပဲတဲ့”
အဲလိုဆိုတော့ ဟုတ်သလိုလို ရှိပေမယ့် လူ့သဘာဝအရ အချိန်တန်ရင် အိမ်ထောင်ပြုရမှာပဲ မဟုတ်လား။ ပြောသာ ပြောရတယ် ။ ခင်ဗျားလည်း စိတ်ရှုပ်လာပြီ ထင်တယ်။ အမှန်က ဒါတွေ ပြောနေဖို့ထက်စာရင်ဆိုက်ကားနင်း နေတာကမှ ပိုက်ဆံရဦးမယ်။ ကျုပ်တို့တွေက အကျိုးပေး မကောင်းတော့လည်း ကိုယ့်ဘ၀ တိုးတက်ဖို့ထက် ၀မ်းဝအောင် ရှာနေရတာနဲ့ပဲ လူ့ဘ၀စည်းစိမ်လည်း ခံစားရမယ် မထင်ပါဘူးဗျာ။ သူများနိင်ငံတွေ ဖုန်းဆိုတာ နားလည်နိင်တဲ့ အရွယ်ရောက်ရင် သုံးနိင်နေပြီ။ သူတို့အတွက် ဖုန်း ၊ ကွန်ပျူတာ ဘာဆန်းလည်းဗျာ။ ကျုပ်တသက်တော့ ကိုင်နိင်ဖို့နေနေသာသာသေသွားတဲ့ အဖေအမေတို့တောင် ဟမ်းဖုန်းဆိုတာ ဘာကိုခေါ်တာလည်းလို့ သေရွာကနေခေါ်ပြီး ပြန်မေးရင်တောင်သိမှာ မဟုတ်ဘူး ။
“ ဘာတဲ့...ဘာတဲ့ ဟိုတစ်ခါ သတင်းစာထဲမှာ ဘာကြီးပြိုကျတယ်ဆိုလား လူပေါင်း သောင်းချီ သေတာလား သိန်းချီသေတာလား မသိပါဘူး ” အေး အေး အဲဒီဟာ ဝေါထရိတ် ...ဝေါထရိတ်စင်တာ ။ အမယ် တော်သေးတယ်ဗျ။ အခုလို တစ်ထပ်အိမ်လေးနဲ့ နေရတဲ့ ဘ၀ကိုပဲ ကျေးဇူးတင်ရမယ်။ တော်ကြာ အသုဘချစရာ အလောင်းတောင် ရှိမှာ မဟုတ်ဘူး။ ကျေးဇူးတင် ထိုက်တဲ့ သူတွေကို ကျေးဇူးတင်ရမယ်။အခုလို မွဲပြာနေလို့ မနေနိင်တာ။ ဟိုတစ်နေ့က အမေ့ကို ဆေးခန်းသွားပြတော့ ဆေးဖိုးက ၁ သိန်းလောက်ကျမယ်တဲ့ ။ စဉ်စားကြည့်ဗျာ။ ပိုက်ဆံမရှိရင် သေမဲ့ဘ၀ကြီး ။ အမေကတော့ ပြောပါတယ်
“သားတဲ့ အမေက သေမဲ့သူ ... လုပ်မနေနဲ့ ” အမေ့မြေးတွေကို အဲဒီပိုက်ဆံနဲ့ ရှင်ပြုပေးလိုက်”
ဒါဆို အမေကျေနပ်တယ်တဲ့လေ ။ အေးဗျာ ခေတ်ကလည်း ပိုက်ဆံမရှိရင် သေမဲ့ခေတ် ။ ရောဂါကလည်း ပေါလိုက်တာလွန်ရော ။ အမယ် ဒါတောင် တစ်ချို့ပိုက်ဆံရှိ လူချမ်းသာတွေက ပိုက်ဆံဘယ်လောက် ပေါလည်း ဆိုတော့ နားနားနေနေ နေရအောင် ငွေတက်နိင်ရင် ပျောက်မဲ့ ရောဂါလေး ရချင်တယ်ဆိုပဲ။ ပိုက်ဆံရှိတဲ့ သူတွေက အခုခေတ်မှာ ပိုချမ်းသာ ။ ဆင်းရဲတဲ့သူကျတော့လည်း ကုန်းကောက်စရာ မရှိအောင်ဆင်းရဲ။ အိမ်
ဘေးနားက အရက်သမား ကိုမျိုးမြင့်တို့ကျတော့လည်း တယ်ငြိမ်းချမ်းတာကိုးဗျ။ နေ့ခင်း ဆိုက်ထဲသွား ။ ပင်ပင်ပန်းပန်းနဲ့ အလုပ်လုပ် ။ ဟော ညနေဆို အရက်လေးဝယ်ပြီး အိမ်မှာသောက်။ နောက်နေ့ အလုပ်ပြန်သွား။ အမယ် သူ့ဟာနဲ့သူတော့ တယ်ဇိမ်ကျသား။ ဘာမှ တပ်မက်တဲ့စိတ်မရှိဘူး။ ဘ၀ကို ရေစုန်
မျှော်ပစ်လိုက်တာ။
“မွေးသော်မှသည် သေသည်အထိ အရက်တစ်မျိုးထဲကိုသာ နှစ်ခြိုက်စွာ သောက်သုံးသွား၏”
ကြိုးစားနေကြမှာ သေချာတယ်လို့ ပြောခဲ့ရင်း ... နုတ်ဆက်တယ်ဗျာ။ နောက်မှတွေ့ကြတာပေါ့။ အခုတော့အော်ဒါလေးရှိလို့ သွားပြီ ....ရောင်းရင်းရေ။
Labels: ၀တ္တုတို
Saturday, February 2, 2008
အရက်မကြိုက်တဲ့ သူက
စိတ်ညစ်တော့...အရက်သောက်တယ်
ဆေးလိပ် မသောက်တဲ့ သူက
စိတ်ညစ်တော့ ဆေးလိပ်ဖွာတယ်...
ဒါပေမယ့်..ကဗျာဆရာ စိတ်ညစ်တော့
ကဗျာထဲမှာ ရင်ထဲက စကားလုံးတွေ.....အန်ချတယ်
ကဗျာထဲမှာ မျက်ရည်တွေရွှဲနေအောင်.... ငိုပစ်တယ်
ကဗျာထဲမှာ လောကကြီးကို.... အော်ဟစ်တယ်
ကဗျာထဲမှာ ပေါက်ကွဲတယ်
ကဗျာထဲမှာ လူသတ်တယ်
ကဗျာ ကဗျာ ကဗျာ...ကာရန်တွေမလှ
နဘေတွေ ပျက်တဲ့အခါ
ကြောက်စရာ အကောင်းဆုံးနဲ့
ခံစားမှုအမဲ့ဆုံး လူသတ်လက်နက်တွေ ဖြစ်ကုန်တက်တယ်။
ဒါကြောင့်ထင်တယ်....
တခါတလေ ကဗျာက...ကဗျာဆရာကို ပြန်သတ်တယ်တဲ့ ။
Labels: ကဗျာ
Friday, February 1, 2008
အော်...ကျုပ်ကို ကျုပ် မိတ်ဆက်ပေးဖို့ မေ့နေတဲ့ အတွက် ဆောတီးဗျာ။ ကျုပ်နာမည် ထွန်းမောင်တဲ့ ။ အလုပ်အကိုင်ကတော့ ဆိုက်ကားနင်းတယ်။ အမယ်....ခင်ဗျားက လှောင်ချင်တာလား။ ဆိုက်ကားနင်းတယ် ဆိုပေမယ့် ကိုယ်ပိုင်ဆိုက်ကားပါဗျ။ တစ်နေ့ကို ၆၀၀၀ ကျပ်လောက်တော့ ရတယ်။ ဒီဟာလေးနဲ့ကလေး (၃) ယောက်နဲ့ အမေအိုကြီးကို လုပ်ကျွေးလာတာ ။ အခုအကြီးဆုံး သားတောင် ကုမ္မဏီမှာ အလုပ်ရနေပြီ။
အငယ်ဆုံးကောင်က ၇ တန်း ၊ အလတ်မကတော့ ၉ တန်းနဲ့။ ပြေလည်တယ်လို့တော့ မဟုတ်ပါဘူးဗျာ။ စားလို့လောက်တယ်ဆိုရုံလေးပါ။ အပိုဝင်ငွေကလည်း မရှာတက် ။ အဖေတို့ အမေတို့ စာသင်ပေးတုန်းက ကျုပ်က အလေလိုက် အချောင်ခိုနေဖို့ပဲ သိတော့ ၁၀ တန်းတောင် မရောက်ဘူး ။ ၈ တန်းနဲ့ ကျောင်းထွက်လိုက်ရတယ်။ အဖေကတော့ သားမိုက်ကို ဆုံးမရင်း ကွယ်လွန်ခဲ့ရတယ်။ အခုအမေကတော့ စိတ်မချလို့ထင်ပါရဲ့ ကျုပ်အနားက ဘယ်မှ မသွားသေးဘူး။ ပြောရင်းနဲ့ စကားတွေကလည်း လွဲနေပြန်ပြီ။
ဒီလိုပဲဗျာ မိန်းမကတော့ ဆိုင်ဖွင့်ထားတယ်။ ဆိုင်ဆိုပေမယ့် ရတနာဆိုင်တော့ မဟုတ်ဘူးဗျ။ ခင်ဗျားက တယ်လည်း အထင်ကြီးတာကိုး။ အ.....ဟား....ဟား ။ နားထောင် နားထောင် ။ အသုပ်ဆိုင်ဗျ။ လက်သုပ်လေး သုပ်ရောင်းတယ်။ ဒီနေ့တော့ အိမ်ဘေးမှာ အလှူရှိတော့ ဆိုင်မထွက်တာ။ ဒါကြောင့် သူကတော့ အိပ်နေလေရဲ့ ။
ခင်ဗျားလည်း သိတာပဲဗျာ။ ဒီခေတ်ကြီးမှာ ဘာမဆိုတက်နေတာ။ အဲလိုပြောတာလည်း မတရားဘူးဗျ။ တက်တာဆိုလို့ ကျုပ်တို့ နိင်ငံပဲ ရှိတာ။ စီးပွားရှာစားရတာ သေချင်စိတ်သာ ပေါက်လာတယ်။ ဘယ်တော့မှခါးလှအောင် မဆင်ခဲ့ဘူးဘူး။ ဒီကြားထဲ...ကလေးတွေက လိမ်မာလို့သာပေါ့ဗျာ။ ဘာမှ မပူဆာဘူး။ သူတို့ ဘ၀လည်း သူတို့နားလည်ကြတယ် ထင်ပါရဲ့။ မောမောနဲ့ ကျွန်တော် ဆိုက်ကားနင်းပြန်လာရင် နိပ်ပေး ၊ ရေခပ်ပေးနဲ့ ။ အော်...ကြီးပွားမဲ့ သားသမီးတွေ။ ကျုပ်ထက်တောင် မိဘကို သိတက်သေးတယ်။ အေးဗျာ...ဟုတ်တယ် ။ သူများတွေပြောတာ ကျုပ်ကြားဖူးတာက “ သမုဒယ ၀မ်းတထွာတဲ့ ” တော်သေးတယ်ဗျို့ ။ “တထွာမို့လို့ တတောင် ဆိုမလွယ်ဘူး ” ။ အရင်တုန်းကတော့ ကျုပ်တသက် ဆိုက်ကား နင်းရင်း ရှာကျွေးလာတာ။ အခုတော့ တယ်လည်း ဆိုးတာကိုး ခေတ်က။ အရင်တုန်းက လူတွေ တက္ကဆီလေးနဲ့။ နောက်တော့ ဆိုက်ကားပြောင်းစီးကြတယ်။ ကျုပ်တော့ အကြိုက်ပေါ့။ ဟော...အခုတော့ ဘာပြောကောင်းမလည်း ... တမိုင်လောက် ခရီးတောင် လမ်းလျှောက်ဖို့ ၀န်မလေးကြတော့ဘူး။ ဆိုက်ကားလာငှားရင် ဆစ်လိုက်တဲ့ ဈေးကလည်း ။ တခါတလေ စိတ်ပေါက်ပေါက်နဲ့ “ အဲဒါဆို ခင်ဗျားနင်း ...ကျုပ်ပြန်ပေးမယ် ” ဆိုပြီး လုပ်လိုက်ချင်တာ။
ဒါပေမယ့် သူတို့ကိုလည်း အပြစ်တင် မရဘူးဗျ။ သူတို့လည်း ပိုက်ဆံ အလကားရတာမှ မဟုတ်တာ။ ရသလောက်တော့ ဆစ်ကြမှာပဲလေ။ ပိုက်ဆံက တယ် အရှာခက်တာကိုး။ တစ်နေ့တစ်နေ့ အဆင်ပြေတယ်လို့ကို ပြောမရဘူး။ အိမ်မှာ ၃ ယောက်လုံး ရှာနေလို့သာ မငက်ရုံတမယ် ထမင်းစားနေရတာ။ နောက် လဆိုကလေးတွေ ကျောင်းအပ်ရတော့မယ်။ ကျုပ်လက်ထဲ အပိုဝင်ငွေလည်း မရှိဘူး။ ကျောင်းစရိတ် နဲ့ ကျောင်းဝတ်စုံဖိုး ၊ စာအုပ်ဖိုး ဒါတွေလာတော့မယ်။ တော်သေးတယ်။ ထမင်ချိုင့်တွေ ၊ လွယ်အိတ်လေးတွေက ဟောင်းနေမှန်းသိပေမယ့် ကောင်းနေသေးတော့လည်း အသစ်ဝယ်ပေးစရာမလိုဘူး ။
ဒါပေမယ့် ကျုပ်လည်းမိဘပဲဗျာ။ဘယ်စိတ်ကောင်းပါ့မလဲ ။သူတို့နဲ့ရွယ်တူကလေးတွေမှာ အ၀တ်အစားအသစ်လေးတွေမြင်ရင် မျက်နှာလေးတွေက ညိုးညိုးသွားကြတာ။ ကျုပ်ရင်ထဲ မချိဘူးဗျ။
မိန်းမကတော့ ပြောတယ် “ ကိုထွန်းမောင် ရယ်တဲ့...ရှင်အလုပ်ပြောင်းလုပ်ပါလားတဲ့ ” ပြောရက်ပါ့။ ကျုပ်တသက် ဆိုက်ကားနင်းရင်း ရှာကျွေးလာတာ။ ကျုပ်လည်း လူသားပဲဗျာ။ ပိုက်ဆံပိုလိုချင်တာပေါ့ ဆိုက်ကားမနင်းချင်ရင် ကုန်ထမ်းမှ ပဲဖြစ်နိင်တော့မယ်။ ဒီဆိုက်ကားကိုလည်း သံယောဇဉ်က ဖြစ်နေသေးတယ်။ပြောမယ့်သာ ပြောတာ...“မြန်မာလူမျိုး တယ်လည်း အစွဲအလန်းကြီးတာကိုး ” ဘာမှကို သုံးစားလို့ မရချင်ဘူး။ ဟိုလူမျက်နှာ...ဒီလူ့မျက်နှာ ထောက်ရ ၊ ကြည့်ရ နဲ့။ ဒါကြောင့် တခါကြားဖူးတာ။
“လောကမှာ အောင်မြင်ချင်ရင် မျက်နှာပြောင်တိုက်နိင်မှ ရမယ်တဲ့ ” ဆိုင်လားမဆိုင်လားတော့ မသိဘူး။ ဟုတ်သလိုလိုတော့ ရှိသားဗျ။
ဆက်ရန် ။
Labels: ၀တ္တုတို
လာပါ....သူငယ်ချင်း လာပါ
မလာခင်တော့...မင်းရဲ့ နောက်က
ထည်ဝါမှု...သိမ်ငယ်မှု
တယူသန်မှု...အတ္တကြီးမှုစတဲ့
အမှုပေါင်းများစွာနဲ့
အဆင်တန်ဆာတွေကိုတော့
ငါတို့ လမ်းထိပ်က....ဓတ်တိုင်မှာ ခဏချိတ်ခဲ့
ဒီဆွေးနွေးဝိုင်းမှာ စိတ်ဗလာနဲ့
ခင်းကျင်းထားတယ်
မှန်လို အလင်းပြန်ခွင့်မရှိဘူး
ဈေးထဲက ငါးစိမ်းတန်းလို
အော်ဟစ်ငြင်းဆိုပိုင်ခွင့် မပြုဘူး
လိပ်တွေလို ....
ကိုယ့်ဘက်ကိုယ်ယက်ပိုင်ခွင့်လည်းမရှိဘူး
ငါတို့ရဲ့ ဆွေးနွေးပွဲက
သောက်စားမူးရစ်ဖို့ လမ်းစပျိုးခဲ့တာလည်းမဟုတ်ဘူး
ဒါပေမယ့်
ဒီဗလာပွဲမှာတော့ ငါတို့နေရပ်အတွက်
အားသွန်ခွန်စိုက် ယုံကြည်မှုရှိနေစေရမယ်
မင်းနေထိုင်ခဲ့တဲ့ အရပ်
မင်းတိုးတက်ချင်ရင်....တဖက်သက်အမြင်တွေ
အရင်ဆုံးစွန့်လွှတ်ရလိမ့်မယ်
ဒီမှာ သူငယ်ချင်း....
မင်းလိုချင်တာ ငါလည်းလိုချင်တယ်
မင်းလုပ်ချင်တာ ငါတို့လည်းလုပ်ချင်တယ်
ဒါကြောင့် ဒီဆွေးနွေးဝိုင်းကို
အစောကတည်းက ဗလာနဲ့လာခဲ့လို့
....မှာခဲ့မယ် ဟေ့
့
Labels: ကဗျာ