Saturday, February 14, 2009


အခုတလော ကျွန်တော် ဘွဲ့ယူဖို့ စာတမ်းလေးတွေ ပြင်ဆင်နေရလို့ တကြောင်း ၊ ကျောင်းကလည်း ခပ်စောစော Supervisor နဲ့ ချိန်းထားသည့်အချိန်တွေက များနေတာကြောင့် ညဘက်စောစော အိပ်ဖြစ်နေရာကနေ ၊ နဂို စိတ်အေးလက်အေး ဖြစ်မှ စာရေးတက်တဲ့ အကျင့်က ညအိပ်ရာဝင်စောတော့ မရေးဖြစ်တော့ပါဘူး။ တဆက်တည်းမှာပဲ သိပ်မကြာခင် ၄ လ ၊ ၅ လလောက်ဆို ကျွန်တော်လည်း မြန်မာပြန်ရတော့ပါမယ်။ ချစ်သော ဘလော့ဂ်ဂါ အသိုင်းအ၀ိုင်းကြီးနဲ့ နုတ်ဆက်ရတော့မှာပေါ့။ :(

အခုရေးချင်တာလေးပေါ်လာလို့ ရေးလိုက်ပါဦးမယ်။ အခန်းထဲက တီဗွီက လူမကြည့်လည်း တခါတလေ အမြဲတမ်း ဖွင့်ထားတာကြောင့် ထိုင်မကြည့်လည်း မြင်နေ ကြားနေရပါတယ်။ အဲဒီမှာ ကျွန်တော် မြင်တာလေး တခုပေါ့ဗျာ။ သတိထား ကြည့်မိနေတာလည်း ကြာပါပြီ။ လိုင်းတလိုင်းပေါ့။ MTV လို့ခေါ်မှာပေါ့။ အဲဒီလိုင်းက ညဘက်ဆို လူတွေကို လှအောင် ပြုပြင်တဲ့ ခွဲစိတ်ဖြက်တောက်မှု အစီအစဉ်တွေကို အခုရက်ပိုင်းအတွင်း ထုတ်လွှင့်ပြသနေတော့တာပါပဲ။ အစပိုင်းမှာတော့ အသက်ငယ်ငယ် အမျိုးသမီးတွေနဲ့ စတင်ပါတယ်။ အားလုံးကတော့ ပိုက်ဆံရှိ အသိုင်းအ၀ိုင်းကပါပဲ။ သူ့အမျိုးသားနဲ့ အတူရောက်လာတယ်။ ( အမျိုးသမီးတွေကို အနည်းငယ် ရိုင်းရင် တောင်းပန်လိုက်ပါတယ် ) သူမက ရင်အုံသေးငယ်တယ်ပေါ့။ ဒါကြောင့် အခုနောက်ပိုင်း ခေတ်စားနေတဲ့ စီလီကွန် ထည့်ချင်လို့ပါဆိုပြီး ရောက်လာတာပါ။ အဲဒါနဲ့ သူ့ကို ဆရာဝန်က စစ် ၊ ခွဲမည့်ဖြက်မည့် နေရာတွေကို ခြစ်ရာလေးတွေ လုပ်ပြီး ၊ လေဆာနဲ့ အောက်နားကို စတင်ခွဲတော့တာပါပဲ။ ၁ လက်မကျော်ကျော် အပေါ်လေးရတော့ သူတို့ စီစဉ်ထားတဲ့ အတိုင်း ထည့်တာပေါ့။ ၂ ဖက်စလုံး လုပ်ပြီးတော့ နှာခေါင်းကိုပါ ထပ်ပြင်ပါသေးတယ်။ သွေးကလည်း ရဲရဲနဲ့။ ဘေးနားက အကူက သုတ်လိုက်နဲ့။ နောက်တော့ သူတို့ စီမံထားတဲ့ အခန်းမှာ ၃ ၄ ရက်လောက်နေပြီး ပြီးသွားတော့တာပါပဲ။ ပြန်ထွက်လာတော့ ပိုလှသွားတယ်ပေါ့ဗျာ။ ဆွေမျိုးတွေကလည်း ၀ိုင်းဖက်ကြနဲ့။ သူတို့ဆီမှာလည်း အဲဒီနေရာအလှကလည်း လိုအပ်တာကိုး။

ပိုက်ဆံဘယ်လောက်ကုန်လဲတော့ မသိပါဘူး။ လုပ်ပြသွားတာကတော့ တကယ့်ကျွမ်းကျင်ဆရာများကြောင့် ခဏလေးပါပဲ။ ပိုက်ဆံရှိတော့ မလှလည်း လှအောင်ပြင်နိင်ကြတာပေါ့။ ထားတော့ ဒီကိစ္စကို ကျွန်တော် လက်ခံပါတယ်။ နည်းနည်းပြုံးမိချင်တာက အခုနောက်ပိုင်း အမျိုးသမီးငယ်တွေတင် မဟုတ်တော့ဘူး။ ၅၀ ၊ ၆၀ အသက်အရွယ်အားဖြင့် ရှိတဲ့ အမျိုးသမီးကြီးတွေ ၁၀ ယောက်လောက်ကို တွေ့နေရတာပါပဲ။ တဖြည်းဖြည်းနဲ့လည်း များလာပါတယ်။ ဒီအဘွားကြီးတွေ ကလေးတွေလည်း ရှိတယ်ပေါ့။ ဒီအသက်အရွယ် ရောက်နေပြီ။ ဒီလို ခွဲစိတ်တာတွေနဲ့တော့ ဒီအသက်အရွယ်ကြီးကြမှ မလုပ်သင့်ဘူးလို့ ထင်မိတာပါ။

သူတို့ကလည်း ဖြက်မယ် ၊ ခွဲမယ် ပေါ့။ သူတို့ပုံတွေကို ကြည့်လိုက်ရင် ဗိုက်သားအဆီများနေသူတွေ ၊ နောက်ပြီး တချို့နေရာလေးတွေက မလှမပ ဖြစ်နေတာလေးတွေကြောင့် ဖြက်ချင်ခွဲချင်ကြတာပါ။ ဒီအသက်အရွယ်တွေ ရောက်မှ ဒီလိုတွေ လိုက်လုပ်နေတယ်ဆိုတာ သိပ်တော့ သဘာဝမကျဘူးလို့ ထင်ပါတယ်။ ဒါပေမယ့် လူဆိုတာ အထူးသဖြင့် မိန်းခလေးဆိုတာ လှချင်တဲ့ အမျိုးဆိုတော့ ဒါကို မှားတယ်လို့ ပြောလို့မရပါဘူး။ ပိုက်ဆံရှိလို့ ကိုယ်ဟာကိုယ်ပြင်တာ သွားပြီး မလုပ်နဲ့လို့တော့ ပြောလို့မရပါဘူး။ နည်းပညာကလည်း တိုးတက်လာတော့ အသက်ကို စိုးရိမ်စရာမရှိတော့လည်း လုပ်ကြတာ နေမှာပေါ့။ သူတို့က ဥရောပကိုး။

အဲဒီဟာနဲ့ တဆက်တည်း ကျွန်တော်တို့ မြန်မာပြည်က ၅၀ ၊ ၆၀ အရွယ်တွေကတော့ ဘုရားသွား ကျောင်းတက်တွေတောင် လုပ်နေကြပါပြီ။ ငယ်တုန်းကဆို အဲဒီလို အသက်အရွယ်ရှိတဲ့ အိမ်ရှေ့မှာ ယောင်လို့တောင် နေ့ခင်းဘက် သွားမဆော့လိုက်ပါနဲ့။ ရေနဲ့ ပက်ထုတ်ပါတယ်။ :) ။ အော်လွှတ်ပါတယ်။ လူကြီးဆိုတော့ နေ့လည် တရေးတမောအိပ်တာ။ ကျွန်တော်တို့ ကလေးတွေကလည်း ထမင်းစားပြီးတော့ ဆော့တာပေါ့။ ကျောက်ဒိုးကို ကျွင်းလေးတွေ လုပ်ပြီး ပစ်တော့မယ်ဆို အဲဒီလို အဘွားကြီးတွေက ရေနဲ့ပတ်လိုက်ရင် ကျွင်းလေးထဲမှာ ရေတွေပြည့်ပြီး ကစားလို့မရတော့ပါဘူး။ ဆိုးပါ့။

ဒါလေးပါပဲ။ ကျွန်တော်မြင်မိတဲ့ ကွာခြားမှုလေးပါ။

ရွှင်လန်းချမ်းမြေ့ပါစေ။


12 comments:

မီးငယ် said...

ဝင်ငွေရော..လူနေမှုအဆင့်အတန်းရော ကွာတာကိုး အစ်ကိုရဲ့...
နောက်ပီး.. ဘာသာရေးခံယူချက်တွေလည်းရှိသေးတယ်လေ.. ကိုယ့်ဆီမှာက အသက်(၅၀)ကျော်လာရင် ဘုရားသွားကျောင်းတက်ဆိုတဲ့ အလုပ်တွေကိုလုပ်လာကြတာကိုး... :D
(ဟုတ်လားတော့မသိပူး ၀င်ဖောသွားတယ်.. :D)

Anonymous said...

အစ်ကိုလည်းပြန်ဖို့နီးလာပြီပဲး) 2010 လောက်ဆို ကျနော်တို့သိတဲ့ ဘလော့ဂါတွေ အဲ့မှာရှိတော့မှာတောင်မဟုတ် ။

ဒီကအသက် ၅၀ ကျော်အဖွားကြီးတွေဆို ဆေးလိပ်လက်ကြားညှပ် ဖဲဝိုင်းမှာ ဘီယာမော့နေကြပြီး ဒါတောင် အိမ်နီးချင်းနိုင်ငံနော် အဝေးကြီးဆိုရင်တော့ ...............။

လင်းဒီပ said...

ဘာသာရေးအမြင်အသိလေးတွေ ကွာလို့ပါညီလေး..

အဲလိုလေးတွေ တွေးမိတိုင်း..မြန်မာဖြစ်ရတာ..
ဗုဒ္ဓဘာသာဖြစ်ရတာ ဂုဏ်ယူမိသလို
အမျိုး ဘာသာ သာသနာကို စောင့်ရှောက်ဖို့တာဝန်ရှိတယ် ဆိုတာ ပိုသိလာတယ်..

ညီလေးရေ မြန်မာပြန်ရောက်လည်း နိုင်စွမ်းသလောက်တော့ စာကောင်းလေးတွေ ရေးပါကွာ..
အင်တာနက်က အရမ်းတော့ မခက်တော့ပါဘူး တချို့တွေလည်း local ကပဲရေးနေကြတာလေ..

အမိမြေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ထောင့်တစ်နေရာ နိုင်စွမ်းရာက စွမ်းဆောင်နိုင်ပါစေကွာ..

ခင်မင်စွာ
လင်းဒီပ

Anonymous said...

တုံးလိုက်ပုံများ အဟိ
ခေါင်းစဉ်ဖတ်လိုက်တော့ သူတို့ ဆီက ၅၀ ကျွန်တော်တို့ ဆီက ၅၀ဆိုတော့ ပိုက်ဆံမှတ်လို့ 
း(

အထက်က အကိုတွေ အမတွေပြောသလိုပါဘဲ
ဝင်ငွေ ၊နေထိုင်မှုအပေါ်မှာ အများကြီးအကျိုးသက်ရောက်မှုရှိပါတယ်။

သူတို့ ဆီမှာက လူ့ အခွင့်အရေးကို အပြည့်အ၀အသုံးချနေကြတာ

ဒါလဲကွာသေးတာဘဲ။

မောင်မျိုးပြောသလိုပေါ့
ဒီမှာဆို အဖွားကြီးတွေ အေရိုးဖစ်ကကောင်းတုန်း
ကောင်းဘွိုင်ဦးထုတ်ဆောင်းကောင်းတုန်း
မိတ်ကပ်တစ်ပိသာလောက်နဲ့ နေကောင်းတုန်း

မြန်မာအဖွားတွေကျတော့ ၅၀ ကျော်ပြီဆိုတာနဲ့ ဘာသာရေးကျောင်းသွားတာများတယ်။

မြန်မာနိုင်ငံပြန်ရောက်ရင်ရော ဘလော့ရေးဖြစ်ဦးမှာလား။
း)

Anonymous said...

သူများနိုင်ငံမှာလည်း ပိုက်ဆံရှိပေမဲ့ အဲဒါတွေကို ဦးစားမပေးတဲ့ ဘာသာရေး ကိုင်းရှိုင်းသူတွေ အများကြီးပါ၊ ဟုတ်ပါတယ် ဘာသာရေးကွာခြားလို့ လို့ပြောကြတယ်၊ အဲဒီလိုလုပ်သူတွေဟာ ဘာသာရေး၊ ဘုရားဆိုတာကို မရှိလို့ပါ၊ ကျမတို့ ဘာသာရေးမှာလည်း အဲဒီလိုလုပ်ခြင်းဟာ ကိုယ့်ကို အရှိအတိုင်းဖန်ဆင်းပေးတဲ့ ဘုရားကို စော်ကားပြီး၊ကိုယ့်ကိုယ်ကို ပိုတတ်၊ ပိုတော်တယ်လို့ ထင်တဲ့ သူလို့ သတ်မှတ်ပါတယ်၊ အနောက်နိုင်ငံရဲ့ မှာရှိသူတွေအားလုံးဟာ ဘာသာရေးအတူတူဘဲ လို့ထင်မှတ်မယ်ဆိုရင် ကျမတို့ရဲ့ ကျဉ်းမြောင်းတဲ့ အမြင်ကို ပြသခြင်းဘဲလို့ ကျမထင်ပါတယ်၊ အနောက်နိုင်ငံမှာလည်း အသက် ၆၀ ရောက်လို့၊ အငြိမ်းစားယူပြီး၊ ဘာသာရေးလုပ်ငန်းလုပ်ကိုင်နေသူ၊ အများအကျိုး သယ်ပိုးနေသူဟာ ၁၀၀ မှာ ၇၀ လောက်တောင်ရှိနေတယ် ဆိုရင် အံ့သြကြမလားဘဲ။ အင်ဂျလီနာဂျိုလီ မွေးစား သား၊သမီးတွေ အများကြီးရှိတယ်ဆိုတာ ကမ္ဘာက သိပေမဲ့၊ နာမည်ကြီး ခရစ်ယာန်အဆိုတော် အများစုက၊ တလင်တမယားစနစ်နဲ့၊ မွေးစား သားသမီးတွေ ၈ယောက်လောက်ရှိတာ လူတွေ မသိသေးတော့၊ အားလုံးကို ခြုံပြီးပြောလို့ မကောင်းဘူးလို့ထင်တယ်၊ အတတ်ပညာ ကွာခြားမှု့လို့ပြောနိုင်ပေမဲ့၊ အရှေ့တိုင်းလူမို့ ဘာသာရေးက ဒီလို၊ အနောက်တိုင်းလူမို့ ဘာသာရေးက ဒီလိုဆိုပြီး ခွဲခြားပြောလို့ မရဘူးလို့ ထင်တယ်။ ဆိုင်လားတော့ မသိဘူး၊ ကွန်မန့်တွေမှာ ဖတ်ရတာတွေနဲ့ ပိုစ့်လေးဖတ်ပြီး ရင်ထဲရှိတာကို ပြောလိုက်တာပါ။ ဒီဘက်နိုင်ငံတွေမှာလည်း အသက်ကြီးမှ မဟုတ်ဘူး၊ ငယ်ကတည်းက ဘုရားကျောင်းကန်၊ သာသနာလုပ်ငန်းနဲ့ မကင်းကွာသူ ဒုနဲ့ဒေးရှိတယ်ဆိုတာ ပြောပြချင်တဲ့ သဘောလေးပါဘဲ။

Anonymous said...

သူ့ယဉ်ကျေးမှုနဲ့သူပေါ. ဒါပေမယ့် ခုအဲဒါတွေ မြန်မာ ပြည်က လူချမ်းသာတွေဆီကို ကူးစက်နေပါပြီ.

လင်းဒီပ said...

Anonymous ရေ..
ကျွန်တော် စကားပြောမှားသွားရင် sorry ပါဗျာ..
ကျွန်တော်ကလည်း ကျွန်တော်အမြင်နဲ့ကျွန်တော်..
တခြားသူတွေကို ပုတ်ခတ်သလို ဖြစ်ခဲ့ရင်တောင်းပန်ပါတယ်...

Dr. Yi Yi Win said...

အေးလေ..မြန်မာပြည်ပြန်ရောက်တာနဲ့ ပဲ ဘလော့ဂ်လောကကြီးကိုခွဲရတော့မလား။ တို့ ဆိုဘယ်လိုလုပ်ပါ့မလဲ။
ဒါနဲ့ ထိုင်းကတို့ ပါမောက္ခ ၅၀ ကျော်ဆရာမတော့ ကျန်းမာရေးအတွက် အေရိုးဗစ်ကစားတယ်။

khin oo may said...

မဖတ်မိသယောင် လုပ်သွားသည်။

Apprenticeship said...

အင်းခြုံပြောလို့တော့ မကောင်းပါဘူး။ဘယ်ရှု့ထောင့်ကပဲ ကြည့်ကြည့်ပေါ့။ ဒီလိုခေတ်မီလာလို့ နှလုံး၊ကျောက်ကပ်၊ အမွှာပူးတွေ မြန်မာမှာတောင် ခွဲစိတ်နိုင်တဲ့ အခြေအနေမှာ ရှိနေပါပြီး။ ဒီပညာတွေရဲ့ အခြေခံက အနောက်တိုင်းပဲပေါ့။ ဘာပဲဖြစ်ဖြစ် အနောက်တိုင်းရဲ့ တိုးတက်မှုကို ငါတို့အရှေ့တိုင်းတွေ အားကုန်လိုက်နေစဲပဲလေ...။ ကျွန်မ အနောက်တိုင်းကို အထင်ကြီးလို့ ပြောတာမဟုတ်ပါဘူး။ အမှန်တရားတစ်ခုကို လက်ခံထားတာပါ။ အကောင်းနဲ့ အစိုးအမြဲရှိနေတဲ့ ဒီကမ္ဘာမှာ အနောက်တိုင်းမှာမှ မဟုတ်ပါဘူး မြန်မာမှာပဲ ဖြစ်ဖြစ် သေတဲ့အထိတောင် အပိုးမကျိုးတဲ့သူတွေ အများကြီးပါ။ မြန်မာမှာလဲ မျက်ရစ်ခွဲတာတို့ ဘာတို့လုပ်နေတာတွေ အများကြီးပါ။ အသေးအဖွဲဆိုပေမယ့် အမျိုးအစားတူတွေပေါ့။ လူတစ်ဦးစီရဲ့ ကိုယ်ပိုင်ရွေးချယ်မှုကို လူမျိုးတစ်မျိုးရဲ့ ယဉ်ကျေးမှု အကျင့်စရိုက်အနေနဲ့ သတ်မှတ်တာတော့ မသင့်တော်ဘူးပေါ့နော်... အားပေးလျက်ပါ brother in law....

Unknown said...

ကိုဆိုးသွမ်းကတော်ကြီးကိုရော ၅၀ ကျော်လာရင် ဆီလီကွန်ထည့်ခိုင်းမှာလား ... ဘုရားသွားကျောင်းတက်ခိုင်းမှာလားဟင် ????
ဟီးဟီး :D
ချတာ ... ချိတ်ချိုးရဘူးနော် :P

Anonymous said...

ပြောချင်တာက ဒီပို့စ်နဲ့သိပ်တော့မဆိုင်လှပါဘူး ... နောက်လေးငါးလဆိုရင် ဘလော့အသိုင်းအ၀ိုင်းကြီးကိုစွန့်ခွာရတော့မယ်ဆိုတဲ့ စာကြောင်းလေးဖတ်ပြီး စိတ်မကောင်းဖြစ်မိလို့ပါ ...
ဆိုးသွမ်းနဲ့အစ်မ တစ်ခါမှစကားမပြောဖူးပေမယ့် စိတ်ထဲမယ်ခင်နေမိတယ် ... ဆိုးသွမ်းကိုစသိတာက သူငယ်ချင်းတစ်ယောက်က ဆိုးသွမ်းရဲ့ ငါ့တိုင်းပြည်လေးမှာဆိုတဲ့ ကဗျာလေးကို ကော်ပီလုပ်ပြီး မေးလ်ပို့ပါတယ် ... အစ်မက ကဗျာလေးကိုဖတ်ပြီးသဘောကျလို့ ဘယ်ကရသလဲဆိုပြီးရှာတော့ ကဗျာခေါင်းစဉ်မှာလင့်ခ်ပါနေတာတွေ့ရတယ် .. အဲ့ဒါနဲ့ဆိုးသွမ်းဘလော့ကို နေ့တိုင်းနီးပါး လာဖတ်ဖြစ်တယ်ဆိုပါတော့ .... အစ်မ ပထမဆုံးဖတ်ဖြစ်တဲ့ဘလော့ဆိုလဲ မမှားပါဘူး .. ဒီလိုနဲ့လူချင်းမသိပေမယ့် ဘလော့မောင်လေးအနေနဲ့ခင်မင်နေမိတာ ...း(