Tuesday, February 24, 2009

အို....မိန်းခလေးငယ်

(၁) အို..မိန်းခလေးငယ်


ထောင်နေသောစပါးနှံ နှင့် ညွှတ်ကိုင်းနေသောစပါးနှံကို လေ့လာ၍ ယောင်္ကျားတို့အား နှိုင်းယှဉ်ပါ။

(၂) အို..မိန်းခလေးငယ်

မာနဟူသည် ထားသင့်သော သူပေါ်သာထားရ၏ ၊ မထားသင့်သော သူပေါ်၌ ထားမိသော် အမှား ဖြစ်တတ်၏။ (ကျားသည်ပင် မိဘရှေ့ရောက်က ကြောင်လေးသဖွယ်သာနေတတ်၏ )

(၃) အို..မိန်းခလေးငယ်

အသွင်မတူရင် ဘယ်သောအခါမှ အမြင်မတူနိုင်ပါ၊ ခံစားချက်မတူရင်လည်း နားလည်မှုတွေ မတူနိုင်ဘူး။

(၄) အို..မိန်းခလေးငယ်

ရှေ့တွင်ရှိသော ပတ္တမြားကို ခရမ်းချဉ်သီးအမှတ် ဖြင့် နင်းကျော်ပြီး ၊ နောက်တွင်ရှိသော မစင်ကို ရွှွှွှေအမှတ်ဖြင့် ပြေးကောက်သော်၊ ထိုသူသည် ဥာဏ်ပညာ သေးသိမ်သော မိုက်မဲသူသာဖြစ်ပေလိမ့်မည်။

(၅) အို..မိန်းခလေးငယ်

ချိုသာသော စကားတိုင်းသည် မုသားမကင်းနိုင်သလို၊ ခါးသီးသော စကားများသည်လည်း မှန်သော စကားများ ဖြစ်နိုင်ပေသည်။

(၆) အို..မိန်းခလေးငယ်

လှသော မိန်းခလေးငယ်၊ လှပခြင်းအား ဆယ်စုနှစ်တစ်ခုကြာအောင် သင်ထိန်းသိမ်းနိုင်ပါမည်လော၊ ထာဝရလှပခြင်းအား သင့်ကိုချစ်သောသူ၏ မျက်ဝန်းတစ်ခုတည်း၌သာ သင်တွေ့နိုင်ပါလိမ့်မည်။

(၇) အို..မိန်းခလေးငယ်

စိတ်ထားမကောင်းက တန်ဖိုးမဲ့ရာ၏ ၊ နေခြင်းမလှက တန်ဖိုးမဲ့ရာ၏ ၊ ပြောခြင်းမမှန်က တန်ဖိုးမဲ့ရာ၏။ (စိတ်ထား ကောင်းပါစေ ၊ နေခြင်းလှ၍ ၊ ပြောခြင်းမှန်ပါစေ )

(၈) အို..မိန်းခလေးငယ်

အပျိုအရွယ်ရောက် ပြီဖြစ်သော မိန်းခလေးငယ်၊ သင့်အား အမေ၊အဒေါ်၊အစ်မတို့မှ မည်သည့်အတွေ့အကြုံအမွေကို ပေးကြသနည်း၊ သင် သိပါသည်။ သို့သော် နားလည်မှု လွဲသွားနိုင်သည်။

(၉) အို..မိန်းခလေးငယ်

ဆူးပေါ်ပဲ ဖက်ကျကျ၊ ဖက်ပေါ်ပဲ ဆူးကျကျ ဖက်သာလျှင် ပေါက်ရိုးထုံးစံရှိ၏။ ပေါက်သွားလျှင် ဘာဖြစ်လဲဟူသောမေးခွန်းအား မမေးပဲ၊ ငါးပြေမကုန်းပေါ်တက်သည့် အမှုမျိုးအား ရှောင်နိုင်ပါစေ။

(၁၀) အို..မိန်းခလေးငယ်

ဘူးပင်နှင့်တူသော မိန်းခလေး မဖြစ်အောင်နေပါ၊ ဘူးပင်တို့သည်အချိန်တန်အရွယ်ရောက်သော မှီခိုရမည့်စင်ကို အညွှန့်ရမ်း၍ ရှာဖွေကြ၏ ၊ သူ၏ အညွှန့်ကို ကိုက်ဖြတ်မည့်သူအား တမ်းတကြ၏။ ထိုမှသာ အသီးအားပေးပြီး ဘူးသီးတို့ ဝေေ၀ဆာဆာ သီးနိုင်မည်ဟု ဘူးပင်တို့ခံယူကြ၏ ၊ အို.....မိန်းခလေး အတုယူမှားကင်းပါစေ။

(၁၁) အို..မိန်းခလေးငယ်

အပျော်ကျူးက ဗိုက်ဖူးတတ်၏ ၊ သွေးတို့ယားသော် အသားတို့လည်း ပဲ့ပေမည်၊ ဆန္ဒတို့ကို သိက္ခာဖြင့် ထိန်းပါလေ။

(၁၂) အို..မိန်းခလေးငယ်

အရွယ်ရောက်လာသော မိန်းခလေးငယ်တို့ အဘယ်အကြောင်းကို တွေးတောနေကြသနည်း၊ အတွေးတို့မှန်ပါစေ အမေ့ကျေးဇူးဆပ်ဖို့ထက် အမေဆိုတဲ့ ကျေးဇူးကိုဦးစွာခံယူချင်သူသည် ဒုက္ခကိုသာအဖေါ်ပြုရတတ်သည်။

(၁၃) အို..မိန်းခလေးငယ်

မချစ်တတ်တဲ့ သူဆီ၊ အချစ်ငတ်တဲ့ သူက ချစ်ခြင်းကိုအလှူခံရင်တော့ ရလာမှာက နောင်တနဲ့..... ပဲ။

(၁၄) အို..မိန်းခလေးငယ်

ချစ်တတ်သူတိုင်း ချစ်ပါတယ်ပြောသော်ငြား ၊ ချစ်ပါတယ်ပြောသူတိုင်း မချစ်တတ်ကြပါ။

(၁၅) အို..မိန်းခလေးငယ်

မကြာခင် ငါးစာလာမည်၊ ငါးစာတွင် ငါးမျှားချိတ်ပါမည် ၊ အသိကို သတိနှင့်ယှဉ်ပြီးနေပါ မိန်းခလေးငယ်။


ကျွန်တော် ဒီစာလေးကို သူငယ်ချင်းတစ်ယောက် ပေးလို့ရပါတယ်။ သူ့ကိုမေးလ်ပို့တော့လည်း သေသေချာချာ ပြန်မပြောဘူး။ သူကိုယ်တိုင် စာအုပ်တစ်အုပ်ထဲက ရိုက်တက်ထားပါတယ်ဆိုလား။ ဘလော့ဂ်တွေက များတော့လည်း အကုန် လိုက်ရှာဖို့က မဖြစ်နိင်သောကြောင့် အကယ်၍ ဘလော့ဂ်ဂါ တစ်ယောက်ယောက်က တင်ထားလျှင် တောင်းပန်ပါကြောင်း ပန်ကြားအပ်ပါသည်။


8 comments:

Anonymous said...

ယောက်ျားလေးတွေပြောချင်နေတဲ့ စကားလေးတွေပဲ မှတ်သားသွားတယ် ပြီးတော့ ပြုံးစိစိနဲ့ သရက်သီးစားမိသလိုဖစ်သွားတယ် :P

Anonymous said...

မှတ်သားစရာတွေပါ ကိုဆိုးသွမ်း ဆောင်ရန်၊ရှောင်ရန် တွေအတွက် ကျေးဇူးပါ.

Anonymous said...

(၉) အို..မိန်းခလေးငယ်

ဆူးပေါ်ပဲ ဖက်ကျကျ၊ ဖက်ပေါ်ပဲ ဆူးကျကျ ဖက်သာလျှင် ပေါက်ရိုးထုံးစံရှိ၏။ ပေါက်သွားလျှင် ဘာဖြစ်လဲဟူသောမေးခွန်းအား မမေးပဲ၊ ငါးပြေမကုန်းပေါ်တက်သည့် အမှုမျိုးအား ရှောင်နိုင်ပါစေ။

အစ်မသူငယ်ချင်းယောက်ျားလေးတစ်ယောက်ကပြောတယ် .. ခုခေတ်က ကြက်ဥနဲ့ကျောက်ပျဉ်ခေတ်တဲ့ ... ကြက်ဥက ကျောက်ပျဉ်ပေါ်ပဲကျကျ၊ ကျောက်ပျဉ်က ကြက်ဥပေါ်ပဲကျကျ ကြက်ဥပဲကွဲသတဲ့လေ ... အစ်မပြောတာမဟုတ်ဘူးနော် ...

Anonymous said...

အိုမိန်းကလေးငယ်အကြောင်း ပျိုမိန်းကလေးဖတ်သွားပါကြောင်း
း)

အိုဘယ့်ယောကျာင်္းတွေအကြောင်းရော
း)

နှင်းပွင့်ဖြူ said...

သေချာကိုဖတ်မှတ်သွားပါတယ်.... အင်မတန်မှ တန်ဘိုးရှိသော စာတစ်စုပါ .......
ကျေးဇူးတင်ပါတယ် အစ်ကိုကြီးဆိုးသွမ်း

ဒေါင်းမင်း said...

အိုမိန်းကလေးငယ်ပြီးရင်အိုယောကျားလေးငယ်ကို
ရေးပါအုံး

မေ့သမီး said...

ကိုဆိုးသွမ်းကတော့ မှတ်သားစရာအနေနဲ့တင်တာ ဖြစ်မှာပဲ။ ဒါပေမယ့် ကိုရင်ငြိမ်းဘလော့ကိုလာပြီးမှ ဒီရောက်တော့ ပြန်ပြန်တွေးပြီး ရယ်နေရတယ်။ :D

Apprenticeship said...

သြော်.. ယောကျာင်္း :P