Wednesday, August 27, 2008

တနင်္ဂနွေသားသမီးများ

ပျက်စီးခြင်း ငါးပါးဆိုက်နေသူတစ်ဦးနှင့် လုပ်ငန်းတစ်ခု စပ်တူ လုပ်ကိုင်ရတက်သည်။ ညဦးပိုင်း အချိန်မှန် အလည်လာလေ့ရှိသော မုဆိုးမတစ်ဦးကြောင့် အများ၏ စပ်စုမေးမြန်းခြင်း ခံရတက်သည်။ စင်မြင့်ပေါ်တက်ပြီး သီဆိုဖျော်ဖြေနေစဉ် ပြောင်းဖူးရိုးဖြင့် ပစ်ပေါက်အားပေးခြင်း ခံရတက်ပြီး သင်တန်းဆင်းပွဲ၌ ဆုတက်ယူစဉ် ပုဆိုးကျွတ် ကျတက်သည်။ အတက်ပညာအားဖြင့် ထောင့်မကျိုး အချိုးမကျ နေထိုင်ပြသော နည်းလမ်းတရပ်ကို ဖတ်မှတ် ဆည်းပူးရတက်သည်။ ပျိုရွယ်သူတို့ အချစ်ရေးကဏ္ဍ၌ လိပ်ခေါင်းရောဂါရှိသူ အဆိုတော် တစ်ဦးနှင့် ချစ်ကြိုးသွယ်ရ တတ်သည်။ ကျန်းမာရေး ပိုင်းဆိုင်ရာအားဖြင့် လူထူထူရှိလျှင် လေလည်ချင်သည့် ရောဂါတစ်ခု ဖြစ်ပွားတက်သည်။

ယတြာ ။ ။ တနင်္ဂနွေနေ့ ညနေ ၅ နာရီတိတိတွင် ရေခဲမုန့်တစ်ခုကို ငရုတ်သီးမှုန့်ဖြူးပြီး ကုန်စင်အောင် စားလိုက်ပါ။


တနင်္လာသားသမီးများ

ကောင်မလေးနှင့် အပိုင်စုံတွဲ ခုတ်နေစဉ် ကလေးငယ်တစ်ဦးမှ ဖေဖေကြီးဟု နှုတ်ဆက်ခြင်း ခံရတက်သည်။ လုပ်ငန်းခွင်ထဲမှ ဆီတိုင်ကီတစ်လုံး ပျောက်ဆုံးမှု အတွက် အ၀တ်အားလုံး ချွတ်ပြပြီး အရှာဖွေခံရတက်သည်။ ရပ်ဝေးရှိ အသိမိတ်ဆွေထံမှ ထူးထူးဆန်းဆန်း လက်ဆောင်အဖြစ် အိမ်သာသုံး စက္ကူတစ်လိပ် ရရှိတက်သည်။ အတက်ပညာအားဖြင့် နာမည်ကြီး ထမင်းငတ်သည့် နည်းပညာတစ်ရပ်ကို ဖတ်ရှု့လေ့လာရတက်သည်။ ပျိုရွယ်သူတို့ အချစ်ရေးကဏ္ဍ၌ ငုံထားမတက် အချစ်ကြီး ချစ်တက်သူတစ်ဦးနှင့် ဖူးစာဆုံရတတ်သည်။ အိမ်ထောင်ရှင်များအဖို့ အိမ်ထောင်ဖက်၏ အစားနှင့် ပါးစပ်မပြတ်သော အကျင့်ကြောင့် စိတ်ပျက်လက်ပျက် ဖြစ်နေရတက်သည်။

ယတြာ ။ ။ ယခုအပတ်အတွင်း မိမိနာမည်ကို အခေါ်ခံရတိုင်း ကြောင်အော်သံကဲ့သို့ ထူးလိုက်ပါ။


အင်္ဂါသားသမီးများအတွက်

အချိန်ဆွဲ လုပ်ကိုင်တတ်သူ တစ်ဦးအပေါ် အားမလို အားမရ ဖြစ်နေရတက်သည်။ နံနက်စောစော မင်္ဂလာယူနေစဉ် အသုဘ အခေါင်းတစ်ခု လိပ်စာမှားပြီး ၀င်ရောက်လာတက်သည်။ ပြပွဲခန်းမထဲ၌ မိမိအား အဖိုးတန် ရှားပါးပစ္စည်း သဘောမျိုးဖြင့် ၀ိုင်းအုံကြည့်ရှု့ခြင်း ခံရတက်သည်။ လူမှုရေးအရ ကူညီသော အားဖြင့် ညဥ့်နက်သန်းခေါင်အချိန် ချောင်းမြောင်း စောင့်ဆိုင်းနေသူတစ်ဦး အန္တရယ်ကင်းရှင်းရေးအတွက် ကူညီဆောင်ရွက်ပေးရတက်သည်။ ပျိုရွယ်သူတို့ အချစ်ရေးကဏ္ဍ၌ မျက်လုံးပေကလပ် ပေကလပ် စကားပြောတက်သူ တစ်ဦးထံမှ ရည်းစားစာကို လက်ခံရရှိတက်သည်။ အိမ်ထောင်ရှင်များအဖို့ ခါးမှ လုံချည်ပင် ချွတ်ပေါင်ပြီး လောင်းကစားလေ့ရှိသော အိမ်ထောင်ဖက် အပေါ်တွင် ချစ်အားပိုရကိန်းရှိသည်။ ကျန်းမာရေး ကဏ္ဍအားဖြင့် လေးဘက်ထောက်ပြီး လမ်းလျှောက်ချင်သည့် စိတ်ဝေဒနာတစ်မျိုး ဖြစ်ပွားခံစားရတက်သည်။

ယတြာ ။ ။ နံနက်စောစော၌ နေအိမ်ရှေ့သို့ ထွက်ပြီး ပစ္စည်းကောင်းလေးရထားတယ်ဟု ကျယ်လောင်စွာ ဟစ်ကြွေးလိုက်ပါ။

ဗုဒ္ဓဟူးသားသမီးများအတွက်

လက်ရှိနေရာမှ မြင့်မားသော အခြေအနေသို့ ရုတ်တရက် ရောက်ရှိတက်သည်။ ( ဥပမာ - ပွဲဈေး၌ ရဟတ်စီးခြင်း )။ လုံချည်အပြဲ အောက်နားစကို ထုံးချည်ပြီး ၀တ်တက်သော ပုဂ္ဂိုလ်ကြီးတစ်ဦး မိမိကို ကူညီမစရန် ကြွရောက်လာတတ်သည်။ သက်ဆိုင်ရာသို့ တရားခံသွားပို့ရင်း မိမိပါ ရောပြီး ဆွဲထည့်ခြင်း ခံရတတ်သည်။ အတက်ပညာ အားဖြင့် အလွန်ကပ်စေးနည်သူထံမှ မရရအောင် ပိုက်ဆံချေးသည့် နည်းလမ်းတစ်ရပ်ကို အမှတ်မထင် စမ်းသပ်တွေ့ရှိရတက်သည်။ ပျိုရွယ်သူတို့ အချစ်ရေးကဏ္ဍ၌ သူတပါးထံမှ အ၀တ်အစားတို့ ငှားရမ်းဝတ်ဆင်ပြီး အထင်ကြီးအောင် နေပြတက်သူတစ်ဦးနှင့် ရည်ငံရတတ်သည်။ ကျန်းမာရေးအားဖြင့် ပါးစပ်ထဲမှ အခိုးအငွေ့ ထွက်လာသော ရောဂါဆန်းတစ်မျိုး ဖြစ်ပွားခံစားရတက်သည်။

ယတြာ ။ ။ ညနေမှောင်ရီပျိုး၌ မျက်နှာကို အိုးမည်းသုတ်ပြီး ဘဏ်ရှေ့တွင် ခေါက်တုန့်ခေါက်ပြန် လမ်းသလာပြပါ။

ကြာသပတေးသားသမီးများ

အကြီးအကဲ၏ စောင်မမှုကြောင့် နောက်အိမ်ထောင်ပြုရတက်သည်။ မိတ်ဆွေတစ်ဦး၏ အာသာငမ်းငမ်း အကူအညီ တောင်းခံမှုကြောင့် လျှိ့ဝှက်ပစ္စည်းတစ်ခု ထုတ်ပြရတက်သည်။ မိမိမရှိခိုက် လူစိမ်းတစ်ဦး ရောက်လာလေ့ရှိသည့် ကိစ္စအား စုံစမ်းဖော်ထုတ်ရတက်သည်။ လူပြက်သည့် နေရာ၌ အိပ်စက်နေစဉ် စမ်းသပ်ခံရ သဖြင့် လန့်နိးလာရတတ်သည်။ လူမှုရေးအရ ကူညီသောအားဖြင့် သေအံမူးမူး ဂန်ဒူးတစ်ယောက်၏ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းဆောင်ရွက်ပေးရတတ်သည်။ ပျိုရွယ်သူတို့ အချစ်ရေး၌ ၀ါးလုံးခေါင်းမြင်လျှင် လက်ညှိုးနှင့် ထိုးကြည့်ချင်သော အကျင့်ရှိသူတစ်ဦးနှင့် ချစ်ကြိုးသွယ်ရတက်သည်။ ကျန်းမာရေးပိုင်ဆိုင်ရာ အားဖြင့် နေရာမလပ်ဘဲ ၀ဲပေါက်သောကြောင့် အချိန်ပြည့် ကုတ်ဖဲ့နေရတတ်သည်။

ယတြာ ။ ။ အဆိုတော်ရင်ဂို၏ အချစ်နဲ့ပေါင်မုန့် သီချင်းကို သီဆိုရင်း ပေါင်မုန့်အလုံးရေ သက်စေ့စားလိုက်ပါ။

သောကြာသားသမီးများ

လုပ်ကိုင်သမျှ အရာထင်နေသည်ဖြစ်၍ စိတ်ညစ်နေရကိန်းရှိသည်။ ( ဥပမာ - အ၀တ်လျှော်ခြင်း ၊ အိုးခွက်ပန်းကန် တိုက်ခြင်း ) ။ သွေးအုပ်စုမတူသော သားသမီးမွေးဖွားခြင်းအတွက် တွေးစရာကိစ္စများ ဖြစ်ပေါ်နေမည်။ ကြွေးရှင်၏ ရှေ့မှောက်၌ ထီပေါက်သည့် အကြောင်းကြားစာကို လူမှားပြီး လက်ခံရတတ်သည်။ ဘေးအိမ်မှ အတွင်းခံအ၀တ်အစားတို့ ပျောက်ဆုံးမှု၌ သံသယ အ၀င်ခံရတတ်သည်။ အသုဘလိုက်ပို့ရင်း မီးသင်္ဂြိုဟ်စက်ထဲ ခုန်ဝင်လိုစိတ်များ တဖွားဖွား ဖြစ်ပေါ်နေတက်သည်။ အိမ်ထောင်ရှင်များအဖို့ အိမ်ထောင်ဖက်၏ နသိုးကြိုးပြတ် လှုပ်ရှားမှုများအပေါ် ရင်ဖိုနေရတက်သည်။ ကျန်းမာရေးအားဖြင့် အသားထဲမှ လောက်ထွက်သော ဝေဒနာ ဖြစ်ပွားခံရတတ်သည်။

ယတြာ ။ ။ မွေးနေ့၌ ဆားတစ်ပိဿာ ရေဖျော်သောက်ပြီးနောက် အောင်ပြီ အောင်ပြီ ဟုကြွေးကြော်လိုက်ပါ။

စနေသားသမီးများ

နိင်ငံခြားရှိ ကမ္ဘာ့ငပေါကြီးများ အသင်းမှ ပေးအပ်သော ဂုဏ်ထူးဆောင် ဆုတံဆိပ်တစ်ခု လက်ခံရရှိတက်သည်။ ညဥ့်နက်သန်းခေါင်ယံ၌ တံခါးလာခေါက်သဖြင့် သရဲခြောက်သည်ထင်ပြီး ချောင်းကြည့်ရာ သရဲထက်ဆိုးသော ကြွေးရှင်ဖြစ်နေကြောင်း တွေ့မြင်ရတတ်သည်။ မိန်းမပျိုတစ်ဦးအနောက်မှ အာရုံးစူးစိုက်ပြီး လျှောက်လှမ်းမိသဖြင့် အဖုံးပွင့်နေသော ရေမြောင်းထဲ ပြုတ်ကျရတတ်သည်။ အတက်ပညာ ကဏ္ဍအားဖြင့် ရေသန့်ဘူးထဲ ဘုံဘိုင်ရေထည့်ပြီး ပါကင်ပိတ်၍ ရောင်းစားသည့် နည်းလမ်းတစ်ရပ်ကို အမှတ်မထင် လေ့လာရတတ်သည်။ ပျိုရွယ်သူတို့ အချစ်ရေး၌ လက်ဖက်ရည်ဆိုင်ထိုင်ပြီး တစ်နေကုန် လေပန်းတတ်သူတစ်ဦးနှင့် ချစ်ကြိုး သွယ်ရတက်သည်။

ယတြာ ။ ။ မွေးနေ့တွင် ကြက်တူရွေးကို ဆန်ပြုတ်တိုက်ရင်း အလိုရှိရာ အာရုံပြုဆုတောင်းပါ။

ပျော်ရွှင်စေရန် အလို့ငှာ ရီစရာဟာသ မဂ္ဂဇင်းမှ ကောက်နုတ်ဖော်ပြပါသည်။


3 comments:

Anonymous said...

ကြာသာပတေးတွေကို အိပ်ပျော်နေတုန်းစမ်းကပ်မယ်တဲ့ မအိပ်တော့ဘူး :P

thonn thonn said...

ဘုတ်ဒေါ .. ဆားတစ်ပိဿာ ဟုတ်စ။ သွေးတိုးသေမှာပေါ့။ တော်ပြီ ဒီလူဝေးဝေးရှောင်တော့မယ်။ :P

ရွှန်းမီ said...

မဟုတ်ကဟုတ်က.. ရယ်တော့ ရယ်ရသား.. =)