5 years ago
Thursday, August 14, 2008
အဲဒီတုန်းက ကျွန်တော့်အသက် ၄ နှစ်။ အရေးအခင်းဆိုတာ ဘာမှန်းလည်းမသိလိုက်ဘူး။ ၀ိုးတိုးဝါးတားနဲ့ “ အိမ်ထဲမှာ နေကြ အိမ်ထဲက အပြင်မထွက်နဲ့ ” ဆိုတဲ့ ဦးလေးအကြီးဆုံး ၊ အဖေအမေ အစ်ကိုတွေ အမတွေရဲ့ စကားသံကိုပဲ ကြားနေရတယ်။ တခါတခါ ဂိုဒေါင်ဖောက်တယ် ဆိုတာကြားရတယ်။ ဦးလေးယူလာတဲ့ ချည်ထည် အကြမ်းထည် တွေကို မောင်နှမတွေ ဘောင်းဘီချုပ်ဝတ်ဖို့ အမေက လုပ်ပေးတယ်။ ပျော်လိုက်တာဗျာ။ အ၀တ်အသစ်တွေ ၀တ်ရတာကိုး။ ကျွန်တော်တို့ နေတာက စမ်းချောင်း ( အရင် ဂျီဘီအို ၂ ) လမ်းလို့ ခေါ်တာပေါ့။ ကြံတော သုဿန်ကြီးနဲ့ ကပ်လျက်လေ။ ကားလမ်းပဲ ခြားတယ်။ ညညဆို အဲဒီ သုဿန်ထဲက ညမွှေးပန်း အပင်ကြီးက မွှေးလိုက်တာ တစ်ရပ်ကွက်လုံး ခေါင်းတောင် မူးရတယ်။ နောက်ပြီး အဲဒီအပင်ကြီးက တပင်တည်း ထီးထီးကြီးရယ်။ ညညဆို လမ်းပေါ်ကကြည့်ရင် မြင်နေရတာပေါ့ဗျာ။
ဒီလိုနဲ့ အရေးအခင်းပြီးသွားတော့ ကျောင်းတွေ ပြန်ဖွင့်တော့ ကျောင်းပြန်တက်ရတော့တာပေါ့။ စာဖတ်သူတို့ မသိသေးတဲ့ ကျွန်တော့်လျို့ဝှက်ချက်ကြီးကို ပြောပြမယ်။ စစ်တပ်ထဲ ဘာလို့ ရောက်လာတာလဲ မမေးနဲ့ ။ ပထမဦးဆုံးကတော့ သီဟတင်စိုး လုပ်လို့ စစ်ထဲ ၀င်ခဲ့တာပါ။ အမြင်မှာတော့ ရယ်စရာကြီး ပေါ့ဗျာ။ ဒါပေမယ့် နောက်ကြောင်းဆိုတာ ရှိတယ်လေ။ အရေးအခင်းဖြစ်ပြီး စစ်တပ်အကြောင်း ကျွန်တော် ဘာမှ မသိပါဘူး။ အရွယ်က ကလေးကိုး ။ အမေပေးတဲ့ ထမင်းချိုင့်နဲ့ စားမယ်။ ကျောင်းက ရေအိုးစင်ထဲက ရေသောက်မယ်။ ပြန်လာရင် ဆော့မယ်။ ညကျရင် အိပ်မယ်။ ဒါပဲ ရှိပါတယ်။
ပြဿာနာက အဲဒီမှာ စတာ။ ကျွန်တော် ၄ တန်းလောက် ရောက်လာတော့ ဗီဒီယိုတွေ ခေတ်စားလာခြင်းပါ။ တီဗွီဆိုတာက အဲဒီတုန်းက ပိုက်ဆံရှိ လူလတ်တန်းစားလောက်မှ စသုံးဖို့ ကြံစည်ကြတာ မဟုတ်လား။ ( နိင်ငံခြားမှာတော့ ကွန်ပျူတာ ကို အဲဒီအချိန် ကောင်းကောင်း သုံးနေလောက်ပြီ ထင်တယ် ) ဒါနဲ့ ညဆိုတော့ ပျင်းတာပေါ့။ ကလေးသဘာဝ တူတူပုန်းတမ်း ကစားဖို့က မဖြစ် ( ဘာတဲ့ နတ်ဖွပ်တယ်ဆိုလား ) ကြောက်ကလည်း ကြောက်သေးတယ်။ အဖေပေးတဲ့ မုန့်ဖိုး ( ၂ ) ကျပ်ကို မောင်နှမတွေ အတူတူ ဓါးပြ တိုက်တောင်းရင်း ၄ အိမ်ကျော်က ဗီဒီယို ရုံကို ပြေးပါရောလား။ အဲဒီတုန်းက ရာဇ၀င်ကားတွေ ပြနေတဲ့ အချိန်ပေါ့။
ဟဟ ။ ဆိုးသွမ်းတို့ အကြိုက်ကတော့ ထွန်းလုံရှိန် ပဲ။ နန်းဝတ်နန်းစားနဲ့ ဖိုက်လိုက်တာလဲ သူ့ကို မနိင်ဘူး။ ဒါမျိုးမှ ကြည့်တာ။ အခုထိ ( သူရဲကားဆို - မှော်ဆရာ မပါရင် မကြည့်ဘူး။ သူရဲကို မနိင်ရင် မကြိုက်လို့ ) ။ တခါ ဘယ်သူ့ဘလော့ဂ်လည်း မသိဘူး။ တင်ထားတာက
ဟဲဟဲ။ အဲဒီလို ဖြစ်နေပြီ။ ဒါတောင် မကြည့်လိုက်ရတဲ့ ရွှေဘကားတွေ ကြည့်ချင်နေတာ။ ကလေးပီပီပေါ့ဗျာ ရုပ်တိရှိတာတွေ မရှိတာတွေ မစဉ်းစားနိင်ဘူး။ မင်းသားထိုးလိုက်လို့ နိင်နေရင် လက်ခုပ်တီးဖို့ က အသင့်ပေါ့။ အဲဒီမှာ စပြီး ဗီဒီယို စပြီး စွဲလန်းမိတာ။ ဗျာ...အော် ဟုတ်ကဲ့။ ဖြေးဖြေးပေါ့ဗျာ။ ပြောမှာပေါ့။ ခဏလေး စိတ်ရှည်ပါဦး။ ဒါနဲ့ ညနေတိုင်း ညနေတိုင်း ကစားပြီးတာနဲ့ ဗီဒီယို ရုံတန်းသွားတော့တာပဲ။ တဖက်တလမ်းကလည်း အားကျမခံ ကာတွန်းဖတ်တယ် ၊ တီဗီဂိမ်းနှိပ်တယ်။ အဲဒီလို ကလေးဘ၀ကတည်းက အလုပ်များတာ။ ပြန်လာပြီဆို ဗီဒီယိုရုံမှာ ဘာကားတင်ထားလဲ ဆိုတာ ကြည့်ရတာ မောင်ဆိုးသွမ်းတို့ အလုပ်ပေါ့။ ဒီလိုနဲ့ တစ်နေ့တော့ ကျွန်တော့်ကို စစ်ထဲ ၀င်အောင် လုပ်ဆောင်ခဲ့တဲ့ ကိုသီဟတင်စိုးကြီးဟာ တီဗီဖန်သားပြင်ပေါ်မှာ.......

“ တိုက်တန်းနစ်မှာ လီယိုနာဒိုကို ဘာလို့ မင်းသားတင်ရိုက်သလဲတဲ့ ”
“ စတီဗင်ဆေးလ်ဂဲကို တင်ရိုက်ရင် အားလုံးကို သူကယ်လိုက်မှာပေါ့ ” တဲ့

Labels: ဘ၀အပိုင်းအစများ
Subscribe to:
Post Comments (Atom)
2 comments:
ဆက်ရေးလေ ကောင်းခန်းရောက်မှရပ်သွားတယ် :(
အော် သီဟတင်စိုး သီဟတင်စိုး.... အင်းတော်တော်လည်း စိုးမိုးလွန်းတာဘဲနော်၊ အင်းလေ သူ့ခေတ်ကိုး၊ (သံဝေဂရသွားသူ)
Post a Comment