Tuesday, May 13, 2008

ကံကြမ္မာ

ကျွန်တော်တို့ ရွာကလေးအကြောင်းလား ၊ သိပ်ကို အေးချမ်းတာပေါ့ဗျာ။ လယ်ယာလုပ်ငန်း လုပ်ကိုင်ရင်း ၊ ညနေဆို အဖေက ကွန်ပစ်ထွက် ပါလာတဲ့ ငါး ၊ ပုဇွန်တွေကို အမေက ရောင်းတန် ရောင်း ၊ စားဖို့ ချန်စရာရှိတာ ချန်နဲ့ မချမ်းသာပေမယ့် ၀မ်းဝအောင်တော့ စားရတာပေါ့။ လယ်ကလည်း သိပ်အများကြီး မဟုတ်ပါဘူး။ လယ် ၅ ဧက လောက်နဲ့ မိသားစု ၀မ်းစာဖူလှုံအောင် ကြိုးစားရင်း ဘ၀လေးကို ခိုင်မာအောင် ရပ်တည်နေတာပေါ့။ မိသားစုကတော့ ကျွန်တော်အပါအ၀င်ဆို ၆ ယောက် ။ အဖေနဲ့အမေရယ် ၊ ညီမလေး နုစိန်ရယ် ၊ ညီလေး အေးချမ်းရယ် ၊ အငယ်ဆုံး ညီလေး အောင်ထွေး ရယ်နဲ့ ညနေဖက်တွေဆို ဘယ်သူ့ကိုမှ အဖေါ်ခေါ်စရာ မလိုအောင် ညီအစ်ကိုမောင်နှမတွေက အသက်တွေလည်း သိပ်မကွာကျတော့ ကိုယ့်မောင်နှမ အချင်းချင်းပဲ ပြန်ဆော့ကြတယ်လေ။

နွေရာသီဆို ကျောင်းပိတ်ရင် ရွာက ကဇင်းတန်းတွေမှာ ခုန်ပေါက်ဆော့ကစားရင်း ပေပွနေတဲ့ အ၀တ်တွေနဲ့ အိမ်ကို ပြန်လေ့ရှိတယ် ။ ရွာမှာ ဘုရားပွဲ ကျင်းပပြီ ဆိုရင်လည်း အမေ့ဆီက မုန်းဖို့ကို လက်ဖြန့်တောင်းရင်း မီးနဲ့ရှို့စားရတဲ့ မုန့်ကို ၀ယ်စားနေကြ။ ဒီလိုလေးနဲ့ ကျွန်တော်တို့ ရွာလေးက ပျော်စရာလေးပေါ့ဗျာ။ တစ်နေ့တော့ အဖေတို့ လူကြီးတွေ ညဖက် စကားပြောနေတာ ကျွန်တော်သွားနားထောင်တော့ လေမုန်တိုင်း တိုက်မယ်ဆိုလား မသိပါဘူး။ နားစွန်နာဖျားတော့ ကြားလိုက်မိတယ်။ ဒါနဲ့ ဘကြီးအေးက “ အင်း..ငါ တသက်တော့ ရေဒီယိုက ဒီလိုပဲ လွှင့်နေကြပါ ။ ပြီးတော့ တို့ဆီမှာလည်း မုန်တိုင်းဆိုပေမယ့် ခဏလောက် လေပြင်းတိုက်ပြီး ပြီးသွားတာပဲ ။ အဓိက အချက်က ကိုယ့်အိမ်ထဲမှာ နေရင် ပြီးတာပဲ။ အန္တရယ် မရှိလောက်ပါဘူး။ ဒါပေမယ့် သတိတော့ ထားကျပေါ့။ ကြိုမြင်ရတာ မှ မဟုတ်တာပဲ ဆိုပြီး အဖေတို့လည်း စကားဝိုင်းကို သိမ်းခဲ့ကြပါတယ်။ ကျွန်တော်လည်း ညရောက်တော့ ကလေးပီပီ ဟန်ချီချီပေါ့ ။ တောင်တွေးမြှောက်တွေးနဲ့ မုန်တိုင်းဆိုတာ ဘာလည်းပေါ့။ လေတွေတိုက်တာကတော့ သိပါတယ်။ ဒီလိုပဲ လယ်ကွက်ထဲမှာ ဆော့နေရင်း လေတိုက်နေကြ ။ အဲဒီအခါ ကျွတ်ကျွတ်အိတ်တွေတောင် လေနဲ့ပါလာသေးတာ အိမ်ဘေးက ချစ်မောင်တို့နဲ့ လိုက်လုပြီး ကောက်ရတာ ပျော်စရာကြီး ။ အဲဒီလို ဆိုရင်တော့ ချစ်မောင်ကို ကြိုပြောထားရမယ် ဒီတခါ မုန့်ကျွေးကြေး လုကောက်ကြမယ်လို့။ ဒီလိုနဲ့ ကျွန်တော်လည်း ဘေးနားမှာ အတူအိပ်နေတဲ့ ညီလေးနဲ့ ညီမလေးကို ကြည့်ပြီး အိပ်ပျော်သွားတာပေါ့။ ညနာရီပြန် ၁ ချက်တီးလောက်ကြတော့

“ ဟဲ့ ကလေးတွေ ထကြ ၊ ထကြ ” လို့ အမေ့နိးသံ ကြားလိုက်တော့ ကျွန်တော်တို့ မောင်နှမတွေလည်း အိမ်ရှေ့အခန်းမှာ အိပ်နေရင်း လန့်သွားကြတာပေါ့။ ဘာဖြစ်လို့ပါလိမ့်ပေါ့။ အမေက ပြောပြောနဲ့ အိမ်ရှေ့ကို ထွက်ကြည့်လိုက်တော့ ရုတ်ချည်းဆို ကောင်းကင်ကြီးက နီရဲလာလိုက်တာဗျာ ၊ ပြီးတော့ လေတွေကလည်း အသားကုန် တိုက်နေတာ။ ချစ်မောင်နဲ့ ဆော့ကြမယ်လို့ ပြောထားတဲ့ လေမျိုးလည်း မဟုတ်ဘူး။ သစ်ပင်တွေက အသားကုန်အော် ။ ၀က်သံ ၊ ကျွဲသံ ၊ နွားသံ ၊ ကြက်သံ ၊ လူသံတွေနဲ့ ပတ်ဝန်းကျင်မှာ ကမ္ဘာ ပျက်သွားသလား အောက်မေ့ရတယ်။ ချစ်မောင်တို့ အမေကလည်း သူ့သားသမီးတွေ ကို တကြော်ကြော် ခေါ်သံတွေနဲ့ ဆူညံသွားတာပဲ။ အောက်က ညီအငယ်ဆုံးလေးကလည်း ကလေးဆိုတော့ အော်ငိုနဲ့ အမေက ကျွန်တော့်ကို မငိုအောင် လုပ်ထားဖို့ ပြောရင်း အိမ်ရှေ့မှာ လှမ်းထားတဲ့ ပစ္စည်းတွေ သိမ်းနေလေရဲ့။ ညီမလေးက “ ကိုကြီး ညီမလေး ကြောက်တယ်တဲ့ ” ။ ဒီကြားထဲ အဖေကလည်း ပြန်မလာသေးဘူး။ ရွာတောင်ပိုင်းကို မနှစ်က ကျန်တဲ့ စပါးကြွေးသွားပေးနေတာ ။ ကျွန်တော့် စိတ်ထဲမှာလည်း အဖေ မြန်မြန်ပြန်လာပါစေ လို့ဆုတောင်း နေမိတော့တယ်။ အမေဆို မျက်ရည်နဲ့ မျက်ခွက်။ သူ့လင်သားကို စိုးရိမ်နေတာနဲ့ ပတ်ဝန်းကျင်ကလည်း အသံမျိုးစုံကြောင့် လန့်နေတာလည်း ပါမယ် ထင်ပါတယ်။

ကျွန်တော်တို့ အိမ်အမိုးတွေ လန်ထွက်သွားတာနဲ့ အတူ ၀ုန်းဆို အိမ်ဘေးက သရက်ပင်ကြီး လဲသွားသံ ကြားတယ်။ တဆက်တည်းမှာပဲ အဖေပြန်ရောက်လာတာကို တွေ့လိုက်ရတော့ အားရှိလိုက်တာဗျာ။ ရင်ထဲမှာ ပြောမပြတက်အောင်ပဲ။ ညီမလေးကို အဖေ့ကို ဖတ်ရင်း “ ဖေကြီး သမီးကြောက်တယ် ကြောက်တယ်နဲ့ ” ။ အဖေက အမေ့မျက်နှာကို လှမ်းကြည့်ပြီး ချစ်ရင် “ ကမ်းနားက ရေတွေ အရမ်းတက်လာတယ် ။ ငါတို့အိမ်ကိုလည်း မကြာခင် ရောက်လာတော့မှာ ၊ ဒီတော့ ငါတို့ ရွာနောက်က ကုန်းမြင့်တောစပ်ကို သွားနေမှ ဖြစ်မယ် ” လို့ ပြောနေတုန်းရှိသေးတယ် ကျွန်တော်တို့ အိမ်ကြီး တချမ်းစောင်းသွားပါ ရောလား ။ ဒီတော့ အဖေလည်း ကျွန်တော်တို့ကို “ မကြောက်နဲ့ မကြောက်နဲ့ အဖေ ရှိတယ် ဆိုပြီး ” သူ့အနားမှာ လှေချည်တဲ့ ကြိုးကိုယူ ပြီးတော့ ကျွန်တော်တို့ မောင်နှမ ( ၃ ) ယောက်လက်ကို ဆွဲပြီး အမေ့ကို သူပြန်လာခေါ်မယ်ဆိုတဲ့ အကြောင်း နဲ့ အခုကလေးတွေကို ရွာအနောက်ကုန်းမြင့် တောစပ်က အရီးလှတို့ ခြံမှာ သွားထားမယ်ဆိုပြီး ကျွန်တော်တို့ကို ခေါ်လာခဲ့ပါရော။ အမေကလည်း ကိုလှငွေ ကျမ စောင့်နေမယ်နော် ။ ကလေးတွေကို လုံခြုံတဲ့ နေရာမှာ ထားပြီး ပြန်လာခဲ့။ ကျမ သိမ်းစရာရှိတာ သိမ်းထားလိုက်မယ်ဆိုပြီး ညီမလေးကို ပိုက်ကာ နေခဲ့လေရဲ့။

ကျွန်တော်တို့လည်း အိမ်အပြင် ထွက်လိုက်တာနဲ့ လေတွေက လူကို လွင့်ပါမတက် တိုက်နေတာဗျာ။ အဖေက တစ်ယောက်လက်ကို တစ်ယောက် မြဲမြဲကိုင်ထားဆိုပြီး ရွာအနောက်ကို ခေါ်သွားလေရဲ့။ လမ်းမှာ ရေတွေက ခြေကျင်းဝတ်တောင် မြုပ်နေပြီလေ။ လူတွေလည်း အော်ဟစ်တဲ့ လူကအော် ၊ ပြေးတဲ့ လူက ပြေးနဲ့ ။ တစ်ယောက်နဲ့ တစ်ယောက် ကူဖို့တောင် သတိမရကြဘူး။ ဒါနဲ့ ရွာအနောက်ဖက် ရောက်တော့ အရီးလှတို့ အိမ်လေးကလည်း ပြိုနေပါပြီ။ ဓနိမိုးအိမ် အပျက်လေးနားမှာ သစ်ပင်ကို ကိုင်ရင်း ငိုနေတဲ့ အရီးလှတို့ သားအမိကို တွေ့လိုက်ရတော့ အဖေလည်း မျက်ရည်တွေကျလို့ ။ ဒါနဲ့ အရီးလှတို့ကို ကျွန်တော်တို့ မောင်နှမတွေကို အပ်ထားပြီး အမေ့ခေါ်မယ်လို့ ပြောလိုက်တော့ “ ဟဲ့ လှငွေ ၊ ဒီအတိုင်းထားရင် လေတိုက်တာနဲ့ အကုန်ပါကုန်လိမ့်မယ် ၊ ငါလည်း အိုကြီး အိုမနဲ့ လိုက်မဖမ်းနိင်ဘူး။ ဒီတော့ စိတ်ချရအောင် ကလေးတွေလက်ကို သစ်ပင်မှာ ကြိုးနဲ့ ချည်ခဲ့ ။ ဒါဆို သူတို့လည်း မလွင့်တော့ဘူး။ ငါလည်း သူတို့နဲ့ အတူရှိနေမှာပဲ ဆိုတာကြောင့် အဖေလည်း လှေချည်ဖို့ ကြိုးကို ကျွန်တော်တို့ မောင်နှမတွေ လက်မှာ သစ်ပင်နဲ့ ပူးချည်ပြီးတော့ အဖေ “ အမေ့နဲ့ ညီမလေးကို ခေါ်ပြီး ပြန်လာခဲ့မယ် ၊ မငိုကြနဲ့နော် ” ဆိုပြီး ကျွန်တော်တို့ကို နမ်းကာ လေတွေတိုက် ၊ မိုးတွေရွာ ၊ ရေတွေတက်လာနေတဲ့ ကြားထဲကနေ ထွက်သွားလေရဲ့။

ဒီလိုနဲ့ ညလည်း တဖြည်းဖြည်း နက်လာလိုက်တာ အဖေကလည်း ပြန်မလာသေးဘူး။ ရေကလည်း တက်လာလိုက်တာ အခုဆို ကျွန်တော့် ခါးတောင် ရောက်နေပြီ။ ညီလေး ဆို ရင်ဘက်ထိတောင် ရောက်နေပြီ။ ဒီကြားထဲ အရီးလှ ကလည်း ဘယ်ကိုထွက်သွားမှန်း မသိဘူး။ ဒါနဲ့ ညီလေးက အော်ငို ၊ ကျွန်တော်လည်း လက်က ကြိုးကို ဖြေပြီး ညီလေးကို ချီထားမယ်ပေါ့ဆိုပြီး ကြိုးစားပမ်းစားဖြည်နေပေမယ့် ကြိုးက အလုံးတုတ်တဲ့ အပြင် ကျွန်တော်ဖြည်ရင် တခြားညီလေး နဲ့ ညီမလေး လက်တွေပါ နာတာကြောင့် အရမ်းလည်း မဖြည်ရဲဘူး။ ဒါနဲ့ မိုးရေတွေထဲ အငယ် ၂ ယောက်က ငိုနဲ့ ကျွန်တော်လည်း အစ်ကိုကြီးဆိုပေမယ့် မျက်ရည်တွေကျပြီး ကိုယ့်ညီတွေ ညီမလေးတွေ အရှေ့မှာ မနည်းဟန်ဆောင်ပြီး ချော့မော့နေရတယ်။ “ အဖေကြီးက လာခေါ်မှာပါ ၊ စိတ်မပူနဲ့ အစ်ကိုကြီး ရှိတယ်ဆိုပြီး နှစ်သိမ့်နေရတယ်” ။ ကံကြမ္မာက ကျွန်တော်တို့ကို မျက်နှာသာ မပေးခဲ့ပါဘူးဗျာ။ ဘယ်ဘ၀က ၀ဋ္ဋ်ကြွေးတွေလဲ မသိပါဘူး။ ဘုန်းခနဲ့ သိမ့်သိမ့်ခါ သွားတဲ့ လေသံနဲ့ အတူ ကျွန်တော်တို့ ကမ္ဘာကြီး ဇောက်ထိုးဖြစ်သွားလားလို့တောင် မသိတော့ပါဘူး။ ရုန်းရင်းဆန်ခက် ရေယက်သံတွေ ၊ ဗလုံးထွေး အော်ဟစ်သံတွေနဲ့ ကြယ်တွေက ဝေးလာလိုက် နီးလာလိုက်နဲ့ သတိရလို့ မျက်လုံး ဖွင့်ကြည့်လိုက်တော့ ကျွန်တော့်ညီ အငယ်ဆုံးလေးက ရေထဲမှာ မြုပ်နေပြီလေ။ ကျွန်တော် ကိုယ်တိုင်လည်း ခေါင်းက သစ်ပင်ရိုက်ထားတဲ့ ဒဏ်ကြောင့် မူးနောက်နေပြီ ညီမလေးက ကျွန်တော့်ကို မျက်လုံးပြူးပြီး ကြည့်နေလေရဲ့။

ဒါနဲ့ ကျွန်တော်လည်း လက်က ကြိုးကို အသားကုန်ဖြည် ၊ ဖြည်လို့မရတော့ ညီလေးကို ခြေထောက်နဲ့ လှုပ်နိး ၊ လက်တဖက်နဲ့ ဆွဲတင်လိုက် ၊ ပြုတ်ကြသွားလိုက်နဲ့ “ တကယ်တော့ ကျွန်တော် စိတ်ထဲက လုပ်နေမိတာပါ ၊ လက်တွေ့မှာတော့ ကျွန်တော်ကိုယ်တိုင်တောင် နှာခေါင်းနားမှာ ရေက မရောက်တရောက်နဲ့ ဖြစ်ချင်တာတွေ လုပ်ချင်တာတွေက စိတ်ထဲ ရောက်နေတာ ။ ညီမလေးကလည်း မျက်လုံးကြီး ပြူးပြီးနဲ့ ကြည့်နေတုန်း ။ အဖေက လာခေါ်မယ်တဲ့ ။ အဖေ ...ဘယ်မှာလဲ အဖေ။ ညီလေးနဲ့ ညီမလေးက လည်း ခေါ်လို့မရတော့ဘူး အဖေ ဘယ်မှာလဲ။ အမေနဲ့ ညီမလေးက ရော ဘယ်မှာလဲ ။ သားတို့ကို လာခေါ်ပါဦးအဖေ ။ သားတို့ကို လာခေါ်ပါနော်။ တဖြည်းဖြည်းနဲ့ ....အာရုံတွေ ဝေး၀ါးလာကာ ကျွန်တော်ကိုယ်တိုင်လည်း အသိလက်လွတ် ဖြစ်သွားခဲ့ပြီးနောက်မှာတော့...



ဤပုံလေးကို ကြည့်မိ၍ ခံစားရေးဖွဲ့ပါသည်။



အဖေနဲ့ ညီမလေးကရော


အမေကရော



7 comments:

Unknown said...

လာငိုသွားတယ်.... ကိုဆိုးသွမ်းရေ....

Soe Mya Nandar Thet Lwin (Borros Roxo) said...

I am same feeling with HeartMuseum. :(((((((((((((

Soe Mya Nandar Thet Lwin

Anonymous said...

You're a good writer. After reading it, I cried out loud. Really, it touches my heart a lot. May the gov make the relief work soon for all those victims.

Anonymous said...

ကိုဆိုးသွမ်းရေ ရင်ထဲကိုနင့်နေတာပါ့ပဲ

စိုးထက် - Soe Htet ! said...

ရင်နင့် စရာတွေပါ :(

Anonymous said...

ဖတ်ပြီး ပြောချင်တာတွေတောင် ပြောမထွက်တော့ဘူးဗျာ ရင်ထဲမှာနင့်နေတယ်း((((((

Anonymous said...

Nice blog. Thats all.