Monday, November 26, 2007

ပန်းတစ်ပွင့်

ကျွန်တော့်ရဲ့
မခင်သစ်ပင်...။

အချစ်ဆိုတာ ပွဲလမ်းသဘင်ဖြစ်ရင်
ကျွန်တော်နဲ့ မခင်သစ်ပင်ရဲ့ ဇာတ်မှာ
ဘယ်သူကန့်လန့်ကာလဲ
တောတောင်လျှိမြောင်ပိတ်ကားရှေ့
ကျွန်တော်အော်ခေါ်နေတာ
အနှစ်သုံးဆယ် ။

မခင်သစ်ပင်.....
ဇာတ်လမ်းအရ ငိုချင်လည်း ငိုရမယ်
ပျော်ချင်လည်း ပျော်ရမယ်
ကျွန်တော် တယောမထိုးတက်ဘူး
ရောမမြို့ကြီး မီးလောင်ရင်လည်း
ကြည့်မနေနိင်ဘူး
ကျွန်တော်ဟာ သာမန်လူဖြစ်ပြီး
ကျွန်တော်ဟာ ချစ်တက်လို့ ။

မခင်သစ်ပင်
ကျွန်တော်တို့နှစ်ယောက်ကြား
ဘာကြောင့် ဘာသာပြန်တစ်ယောက် ခေါ်ထားသလဲ
ကျွန်တော်က ချစ်ခြင်းမေတ္တာကို
အမှီအခို ကင်းချင်တယ်
ခင်ဗျားက ရင်ခုန်သံကို ဈေးကြီးကြီးရချင်တယ်
မုဆိုးတစ်ပိုင်း မိန်းမရိုင်းတွေ ဘာတွေလဲ
ခေတ်မရှိတော့
အင်ကြင်းပင်ကလည်း ရှာရခက်တယ်။

ကျွန်တော့်ရဲ့ မခင်သစ်ပင်
မခင်သစ်ပင် ပွင့်ပြမှာလား
ကျွန်တော် ခုတ်ပစ်ရမှာလား
ဒါမှမဟုတ် ဘုရားမှာ လှူမလား......
ကျွန်တော်နဲ့ ခင်ဗျားကြားမှာ
ပန်းတစ်ပွင့် ခြားနေတယ်........................။

ဝင်းမြင့်

3 comments:

ထွန်း said...

လွှယူမလားဗျို့ ငှားမယ်..

တာတူး(၀ါ) အမေ့ခံလူတစ်ယောက် said...

ဘာသာမှ မတူရင်တော့ မေ့ပစ်ဖို့ ကြိုးစားပါဆရာ ။ သူက ငွေကို ကိုးကွယ်၊ ကိုက ခံစားမှူ့ဝါဒီ ။ အင်း စကတည်းကလွဲနေပြီဗျ ။ ခုတ်သာပစ်ပေရော့

Kaung Kin Ko said...

ခုတ်တော့ မပစ်ပါနဲ့ ကိုဝင်းမြင့်ရယ်။ သနားပါတယ်။