Tuesday, October 30, 2007

မျှော်လင့်ခြင်း

နွေးထွေးတဲ့ ......မျက်ဝန်း
နူးညံ့တဲ့ နုတ်ခမ်း
ချိုသာတဲ့ အသံလေးတွေနဲ့ ပြုံးနေမယ့် “မ” မျက်နှာ
အာရုံမှာ အရုပ်ထင် စိတ်ကူးမှာ ရေးဆွဲ
မမြင်ဖူးဘဲနဲ့ ချစ်ခဲ့
သြော်....သံယောဇဉ်ဆိုတာ
မမြင်ဘူးဘဲနဲ့ ငြိတွယ်တက်ပါသလားကွယ်။
ဒါပေမယ့်.....“မ” ရယ်
ဘ၀ဆိုတာ ဆန္ဒမှ မဟုတ်တာ
အခုတော့ ဆန္ဒဆိုတာ အသာထား
ဖြစ်ချင်တာထက်......ဖြစ်သင့်တာကို
ဦးစားပေးဖို့.....နောင်တစ်ချိန်ဆိုတာ အတွက်
ကောင်လေး နဲ့ “မ” ခဏခွဲခွာကြမယ်နော်။

Monday, October 29, 2007

ပန်းတစ်ပွင့်


အလွမ်းဆိုတာ.....
ပန်းတစ်ပွင့် ဖြစ်ရင်
ဒီပန်းကို...“မ” မပန်စေချင်ဘူးကွယ်။

“မ” သာ ပန်းတစ်ပွင့်ဆိုရင်တော့
ဒီပန်းဟာ ကောင်လေးအတွက်
ထာဝရတစ်ပွင့်တည်းပါ။

သတိရခြင်းဟာ.....
ပန်းတစ်ပွင့်ဖြစ်ရင်
အမြဲတမ်း...“မ” အတွက် သိမ်းထားမယ်နော်။

ဆုံဆည်းမှုဟာ.....
ပန်းတစ်ပွင့် ဆိုရင်လည်း
ဒီပန်းဟာ.....ကောင်လေးတို့အတွက်ပဲ ဖြစ်ပါစေတော့။

ဒါပေမယ့်.....
ခွဲခွာခြင်းဟာ ပန်းတစ်ပွင့်ဖြစ်ရင်တော့
နွမ်းသွားမယ့် အချိန်ကိုပဲ စောင့်လို့ နေမိတယ်.....“မ” ရယ်။

Friday, October 19, 2007

ကျန်ရစ်သူ

ပါးပြင်နုနု
ချွေးတွေစုလည်း.....
မျက်ရည်ဥတို့ မဖုံးကြေး။

သနပ်ခါး မွှေးမြ
နေရောင်ကျလည်း......
နုတ်ခမ်းလှလှ မမဲ့ကြေး။

လက်ဖ၀ါးနုနု
သွေးကြည်ဥလည်း.....
လောကဓံကို မမှုကြေး။

ခြေဖ၀ါးလှလှ
ဆူးတွေခလည်း.....
မျက်ရည်စတို့ မကျကြေး၊

ဘ၀ အရေး
နွေးထွေးစရာ ၊ အကြင်နာနှင့်
ဖွေရှာအားမာန်
လောက....ဒဏ်ကို
ခုခံရင်ဆိုင် ၊ တုယဉ်ပြိုင်လျက်

နိုင်နိုင်ရှုံးရှုံး ၊ အတူပြုံးမယ်
မုန်းတယ်လို့လည်း....မပြောကြေးတဲ့။

အဲဒီလိုပြောပြီး ထွက်သွားလိုက်တာ စောင့်မျှော်နေတဲ့လူ မျက်ရည်တောင်
ခမ်းခြောက်သွားတယ်။ သူမ...ကတော့ ပြန်မလာခဲ့ပါဘူး။

Thursday, October 18, 2007

နှင်းကျတဲ့နေ့


“ အလွမ်း ” ဆိုတာ
ရင်ဘတ်ထဲ ဓါးတစ်ချောင်း
မျိုချထားရသလိုပဲ......။
ဘယ်ဆီ ဘယ်ကို မျှော်မှန်းပြီး
လွမ်းရမှန်း မသိလောက်အောင်
ပစ်ထားပြီး...ထွက်သွားလိုက်တာ
အဲဒီနေ့က....
နှင်းတွေကျတယ်။

Wednesday, October 17, 2007

တီဗွီကြည့်ခြင်း

ကျွန်တော့် အိမ်မှာ
တီဗွီတစ်လုံးမှ မရှိပါဘူး....
ဒါပေမယ့်....
တစ်နှစ်နဲ့ ခြောက်လလုံးလုံး
ကျွန်တော်တို့ မိသားစုအားလုံးထိုင်ကြည့်စရာ
အငယ်ဆုံး သမီးလေးမှာတော့
တီဗွီတစ်လုံးရှိလေရဲ့
တီဗွီအမျိုးအစားနာမည်က
“ အရိုးတီဗွီ ” တဲ့လေ....
အဲဒီ အရိုးတီဗွီ တစ်လုံးကို
အသည်းနှလုံးနဲ့ နေ့စဉ်ထိုင်ကြည့်ရင်း
မြင်ကွင်းတွေကို အန်ချပစ်လိုက်တာ
မိဘမေတ္တာပဲ ပြန်အမ်းစရာ ကျန်တော့တယ်။

ဒီကဗျာလေးက ကျွန်တော့်ကဗျာလည်း မဟုတ်ပါဘူး။
နောင်ဝင်းထွန်း ဆိုတဲ့ စာရေးဆရာ တစ်ယောက်ရေးခဲ့တာပါ။
ဖတ်ရင်းနဲ့ စိတ်မကောင်း ဖြစ်လွန်းလို့ တင်ပေးလိုက်တာပါ။

Tuesday, October 16, 2007

ရုပ်သက်သက်နဲ့ လူမဖြစ်လေတော့
မင်းကိုငါ တောင့်တပါတယ်။
ဒါပေမယ့်
မင်း လရောင်နဲ့ ဝေးခဲ့ရင်
ငါ့ဝိညာဉ်ဟာ
ရိုးပြတ်ပင်လို ခမ်းခြောက်
မျက်ရည်တလည်လည်နဲ့
လမ်းပျောက်သွားမယ်တော့ မဟုတ်ဘူး။
ရှားစောင်းပြဿဒ် တစ်ပင်ဟာ
မိုးခေါင်ရေရှားရုံနဲ့ မသေနိင်ပါဘူး။
ငါ့နှင်းဆီတွေလဲ
ဖူးသစ်လာအုံးမှာပါ....ကောင်မလေး ရေ
ဒါပေမဲ့...မင်း မရှိတဲ့ ငါ
ဘယ်သင်းပျံ့နိင်တော့မှာလည်း။

ရွက်ကြွေတော

မခွဲဘူးနော်
သည်းဦးညှာငယ် ၊ တွယ်တွယ်တာတာ
ဆယ်ကမ္ဘာထိ ၊ အတူရှိချင်။
ယူမိလက်ကမ်း
ချစ်ပန်းတစ်ပွင့် သက်တမ်းရင့်စေ
ကြွေ.....ကြွေမှာစိုး။
မျှော်ကိုးစိုးထိတ်
တိတ်တိတ်ရင်ထင့် ၊ သခင်တင့်ဖို့
ပင်မြင့်ပေါ်ယံ ၊ ပျော်စံစေတော့
ပျော်လေတော့ကွယ်။
ရေရှည်ရယ်ရွယ် ၊ ဘ၀နယ်လု
ချွေးစုစို့ကျ ၊ မျက်ရည်စဖြစ်
မျှော်လင့်မြစ်ထဲ ၊ ရွက်သစ်ဝဲကြွေ
ဒဏ်ရာတွေကြောင့်
ကြွေမျက်ရည်သုတ် ၊ ပစ်ဖယ်ထုတ်လည်း
အချစ်ရယ်.....
ရင်ထဲမှာလေ....နွေရက်ရှည်တစ်ပုဒ်။
မောင်လှမျိုး(ချင်းချောင်းခြံ)

အသံတွေ......

“အဖေ...သား ကျောင်းသွားမလို့ ကားခပေးပါဦး....”
“ဒီနေ့တော့ ကျောင်းကို...ဒရိုက်ဘာနဲ့တော့ မသွားချင်ပါဘူး.. အဖေကိုယ်တိုင်
မောင်းပြီးလိုက်ပို့နော်...”

“ အုံနာခ (၂၀၀၀)ကျပ်ရအောင်တောင် မနည်း နင်းပြီး ရှာနေရတယ်ဗျာ”
“မနေ့က ဘောပွဲရှုံးတာ (၂) သိန်း လောက်လစ်သွားတယ်”

“ဟယ်...အထည်လေးက လှလိုက်တာ။နေ့ပြန်တိုးနဲ့ဆို ဘယ်လောက်
ပေးရမလည်းဟင် အမ ”

“၀ူး...ရှော့ပင်း ထွက်ရတာလည်း....မောလိုက်တာ”

“အငယ်ကောင်...ဆေးခန်းပြမလို့လေ....အမေ့ဆီက ပိုက်ဆံချေးလာတာ”
“ အိမ်က အဖေလား....နေမကောင်းလို့ အမရေ ဗဟိုစည်မှာ စပယ်ရှယ်နပ်(စ်)
ငှားပြီး တင်ထားရတယ်”

“လခလေး ရတုန်း...အဖေ ခေါက်ဆွဲကြော် ၀ယ်လာတယ်ဟေ့...”
“မိန်းမရေ...ဒီနေ့တော့ စားသောက်ဆိုင် ညစာ သွားစားကြတာပေါ့”

“ဒီလ ကုန်ရင်တော့....ဆင်းပေးပါ့မယ် အစ်မရယ်”
“ဟိုနေ့က....ခြံနဲ့တိုက် တလုံး ဈေးကောင်းလို့ ဆွဲလိုက်တာ ၆၀၀လောက်
ကျတယ်”

Monday, October 15, 2007

ရောဂါ

အဲဒီနေ့က....မကြေငြာဘဲ
နလုံးသားကို ဗဟိုပြု....အနောက်တောင်
မုတ်သုန်လေ တိုက်ခက်တယ်။

ရလာတဲ့ အကျိုးဆက်ကို
ဦးနှောက်က တင်ပြတော့
နှလုံးသား တစ်ခုလုံးနီးပါး ကြေပျက်ပြီး
ပင်မသွေးကြော (၅) ခုပျက်စီးသွားပါတယ်တဲ့။

ဝမ်းနည်းခြင်းတွေ ပေါက်ထွက် ၊ သတိရခြင်းတွေ ယိုစီး
မျှော်လင့်ချက်တွေ ဆိတ်သုဉ်း ၊ အမုန်းသွေးတွေ တိုးလို့
ဖြေသိမ့်ခြင်း ကလူးကို့စ်တောင် အားသွင်းလို့ မရတော့ပါဘူး။

သက်သာလို သက်သာငြား
နာကျင်တဲ့ ဆေးတွေ သောက်ခဲ့ပေမဲ့
စိတ်မကောင်းစရာ.....ရောဂါက နောက်ဆုံးအဆင့်တဲ့လေ။

ဒါပေမဲ့....ထူးထူးခြားခြား
အသည်နှလုံးမရှိဘဲ....ငါ အသက်ရှင်နိင်တယ်ဆိုတာ
နောက်ဆုံးအနေနဲ့တောင်....မင်း သိမသွားခဲ့ဘူး။

နုတ်ဆက်လိုက်တယ်....ကောင်မလေးရေ
လူတစ်ယောက် ပြောဘူးသလို...ဒီည ဘ၀မှာ လမသာခဲ့ဘူးဆိုတာ မှားတယ်ကွဲ့
တကယ်တော့ ဒီညနဲ့ အတူ....လ ပါပျက်သုဉ်းသွားခဲ့တာပါ။

Sunday, October 14, 2007

သံယောဇဉ်

သံယောဇဉ် ဆိုတဲ့.....နှောင်ကြိုး
မဆုံနိင်မှန်း သိရက်နဲ့တောင်
ရင်မှာ ဖက်တွယ်...သိမ်းဆည်းထားချင်တယ်
“မ” ရယ်.......။

ငါအခုထိ နားမလည် နိင်သေးဘူး ကောင်မလေးရေ။
ငါထင်တာက ငါတို့ရှေ့ရေးကို ဆွေးနွေးရလောက်အောင်
ငါတို့ ရဲ့ ပတ်သက်မှုက နက်ရှိုင်းနေပြီလို့လေ။
မင်း တကယ်ကို ထားရစ်ခဲ့တော့မယ်ဆိုရင်လည်း
နားလည်မှုနဲ့ခံနိင်ရည်ရှိအောင် ငါ့ကို အချိန်နည်းနည်းတော့ပေးသင့်ပါတယ်။
အခုလို ခွဲရစ်ခဲ့တော့ ငါဘယ်လောက် နာကျင်ခံစားရမယ်ဆိုတာ
လေးတောင် မင်း မတွေးကြည့်ခဲ့ဘူးလားဟင်။
ငါ့ဘ၀မှာ အခုလောက် ဘယ်တော့မှ ဆိုးဆိုးဝါးဝါး ခံစားရတော့မှာ
မဟုတ်တော့ပါဘူး။ ဘာလို့ ဒီလောက်တောင် အေးစက်နိင်ရတာလည်း။
ဒီဖြစ်စဉ်က မင်း အတွက် သိပ်လွယ်နေလို့လားဟင်။ မင်းကိုမတွေ့ခင်တုန်းက
အကြိမ်ပေါင်းများစွာ ငါ ဆုံးဖြက်ထားခဲ့တာတွေ အာလုံး မင်းကိုတွေ့လိုက်တာနဲ့
အားလုံး ပျောက်ပျက်သွားတယ်။ ဒါပေမဲ့ မင်းက ဘာမှမဖြစ်သလိုများ
နေနိင်ခဲ့ရတာလည်းကွယ်။ ငါ့မှာတော့ ဖုန်း ကိုကိုင်ပြီး ပြန်ချထားလိုက်ရတာ
အကြိမ်ပေါင်း ရာနဲ့ချီပြီး ရှိတယ်။ ငါ့မျက်နှာ ၊ ငါ့အသံနဲ့ ငါ့ကိုတွေ့ဖို့ မင်းက
ခက်ခက်ခဲခဲ ကြိုးစားနေရချိန်မှာ ငါကတော့ စိတ်ဓတ်ကျဆင်းစွာနဲ့
မင်းရဲ့အပြုံးလေးတွေကို ဖတ်တွယ်ဖို့ ကြိုးစားနေမိခဲ့တာ။
မင်းလက်ကလေးရဲ့ အနွေးဓတ်လေးတွေ ၊ မင်းကိုယ်လေးရဲ့ အနွေးဓတ်လေး
တွေကိုတောင်မှ ဖတ်တွယ်နေခဲ့သေးတယ်။
တကယ်တော့...မင်းမှာ ငါ့ကို ချစ်ဖို့ စိတ်ကူး မရှိခဲ့ပါဘူး။

တခါတုန်းက

ငါ့နတ်သမီး
ငါ့ရင်ကို လင်းတောက်ပြူစားတဲ့ ငါ့ဘ၀ရဲ့ နတ်သမီးရေ....
မြတ်မြတ်နိးနိး ချစ်ရရိုး အမှန်ပါ။
မိုးဆိုတာ နွေကို ဖြက်ပြီးမှ....ရူးရူးမူးမူး ဖူးခဲ့ရတာလေ။
နေညိုညို ဘ၀တွေ အိုတာတောင် မပြောင်းမလဲ ကျန်ရစ်မယ့်အဖြစ်
ငါ့ အချစ်ပဲ ဖြစ်မယ်...။
ငါ့ ရဲ့တွေ့ဆုံနိင်ခွင့် လောဘ တစ်ခုတည်းနဲ့တော့
မင်း ရဲ့အချိန်တွေကို မလုယူရက်တော့ပါဘူးကွယ်။
ငါ့နတ်သမီး...ကြယ်ကိုစီးပြီး ခရီးနှင်ပါ
ဘုံအဆင့်ဆင့်မှာစံပြီး ....ကံအဆင့်ဆင့်လည်း မြင့်သထက်မြင့်ပါစေ။
ဘယ်အချိန်မှာပဲ ဖြစ်ဖြစ်
အနားယူဖို့ လိုအပ်လာရင်တော့....ငါ့ဆီကို ပြန်လာခဲ့ပါလေ။
မင်း ကိုချစ်တယ်။

Saturday, October 13, 2007

အသည်းကွဲနေသည်။

မင်းအပေါ်ထားတဲ့ ဒီအချစ်
ဟောဒီ အသုံးမကျတဲ့ ကောင်ရဲ့....ရင်ဘတ်နဲ့
အပြည့်ရှိလေရဲ့။
ဘယ်လောက်ပဲ ဝေးကွာနေပါစေ ၊ ဘယ်လိုပဲ
ခံယူချက်တွေ ခြားနားနေပါစေ။
သံယောဇဉ်ဆိုတဲ့ နှောင်ကြိုး....
အတိမ်အစောင်လေးတောင်မရှိခဲ့ဘူး။
၂၃ နှစ်လုံးလုံး အသည်းနှစ်လုံးကို ဈေးကောင်းရဖို့
ပြခန်းမှာ ချိန်ဆွဲထားပေမဲ့လည်း
စေတနာထက်သန်လို့ ပေးခဲ့တာကိုမှ
တန်းဘိုးမရှိသလို သဘောထား
ကစားစရာတဲ့လေ။
အိမ်မက်တွေ ရှင်သန် ၊ မနက်ခင်းရဲ့ နိးထခြင်းတိုင်းမှာ
မျှော်လင့်ခြင်းတွေ အရောင်တောက်လို့
အတူဆုံချိန်တွေမှာ နာရီတွေကို မေ့ထားခဲ့ကြတာ
အခုတော့လည်း...... လျှောက်လှမ်းရမဲ့ လမ်းတွေ
မတူညီတော့ပါဘူးတဲ့။
ရင်ကို တဖျပ်ဖျပ် တုန်ခါလို့...ကျွန်တော့် ညတွေ
မျက်ရည်နဲ့ မိုးလင်းခဲ့ပါပြီ။
အခါအခွင့်သင့်ရင်တောင်မှ....နောက်ပြန်မလှည့်ကြည့်ပါနဲ့ကွယ်
မင်းခွဲခွာသွားတဲ့...ဒီရင်အစုံ
မျက်ရည်တွေနဲ့ ငွေ့ရည်ဖွဲ့နေတာ
မင်း.....မြင်သွားခဲ့ရင်
စိတ်မကောင်း ဖြစ်မိလိမ့်မယ်။

မင်းမုန်းတဲ့လူ

ကိုအငဲရဲ့...မင်းမုန်းတဲ့ လူဆိုတဲ့ သီချင်းလေးပါ။
သီချင်းအေးအေးလေး နားထောင်ချင်သူများအတွက် လက်ဆောင်ပါ

MinMoneTaeLu

အဝေးဆုံး

ကိုယ်စိုက်ပျိုးသလောက်
ပြန်လည်.....မသီးပွင့်တဲ့ အခါ
ကိုယ်ထွန်းငြှိသလောက်
ပြန်လည်.....မလင်းလက်တဲ့ အခါ
ကိုယ်စီးဆင်းသလောက်
ပြန်လည်.....ဆန်မတက်တဲ့ အခါ
ကိုယ်မျှော်လင့်သလောက်
ပြန်လည်.....မရရှိတော့တဲ့ အခါ
အဲဒီနေ့ အဲဒီအချိန်အခါကစပြီး
အဲဒီလူဟာ အဝေးဆုံးထွက်သွားတယ်။

ဇရာငို....အမေအို


အမေ့ရဲ့ ဘ၀အားမာန်
သံယောဇဉ် မေတ္တာတရား
သားခံစားနားလည်
ချစ်ခင်တွယ်တာခဲ့ရ
(ယုံကြည်မှု ဒဿန မတူလှပေမယ့်)
ဖေးမ တွဲကူ
အမေ့ အပူရောင်နှလုံးသားကို
သား ကြိုးစားကုစားပါရဲ့။

တခါတလေတော့လည်း
မိုက်မဲတဲ့ သားက
အတ္တမာန ခက်ရှ
အယူအဆ ငြင်းဆန်
(အမေ ယုံကြည်စေချင်သလို)
မယုံကြည်နိင်တဲ့ အခါ
သံသရာ အတွက် ရင်မော
ပြောဆို အော်ငေါက်
မောလောက်တော့ ကြေကွဲ
သား ၀မ်းနည်းရတယ် အမေ။

တကယ်ပါပဲ
နှောင်တည်းထားတဲ့ ကြိုးတမျှင်
ကြင်နာတရား အင်အားကြီးမား
စီးပွား မရှာရတော့ ပေမယ့်
သမီးသား အိမ်ပြန်နောက်ကျလည်း ပူ
မြေး အစားမမှန် အချိန်တန်မရောက်လာလည်း ပူ
လူမှု စီးပွား ကိစ္စ ဗာဟိရ
သောကစက်ဝိုင်းထဲ
မောပဲ မမောနိင်ဘူး အမေရယ်။
ကဲ အခုတော့
စိတ်ကိုဖြေလျော့...ပြုံးမော့လိုက်တော့ အမေရေ
တွယ်ဖွဲ့ရင်နှစ်
အမေချစ်တဲ့ ပန်းကလေးတွေ
နွေနေများစွာကို ဖြတ်သန်း
မြေသားပေါ် လန်းစွင့်
မွှေးမြ တင့်တယ်နေကြပြီ။



၂၄/၇

ဟိုးခပ်ဝေးဝေး ကောင်းကင်မှာ
တိမ်ညိုတွေ မှိုင်းညို့နေလိုက်တာ....မျက်နှာကို
ရောင်ပြန်တောင် လာဟပ်တယ်။
တချက်တချက် ပစ်လိုက်တဲ့ မိုးကြိုးတွေက
ရင်ကိုတောင် တုန်ခါစေလောက်တယ်..။
အမှတ်တရထားပြီး နုတ်ဆက်တဲ့ လူကိုတောင်
ခပ်တင်းတင်း မျက်နှာထားနဲ့ ...မင်း ပြန်ကြည့်လိုက်တာ
မိုးကြိုးသွား နှလုံးသားထဲရောက်သွားသလိုပဲ...။
ဒါပေမဲ့ ငါ့ အိမ်မက်တွေ မခြောက်ခမ်းသေးဘူး
ငါ့ နှလုံးသားတွေ မင်းအတွက် မပျက်ဆီးသေးဘူး
ငါ့ မျှော်လင့်ချက်တွေ အရောင်မမှိန်သေးဘူး
ဘာကြောင့်လည်း ဆိုတော့
ရသ ပြောသလို....
“၂၄/၇ အလွမ်းတွေနဲ့ ပွဲကြမ်းနေတုန်းမို့လိုပေါ့”

Friday, October 12, 2007

နေရာ

တလောကလုံး
ငြူစူ..... လျစ်လျုရှုခဲ့ရင်တောင်
“မ” ကို တန်ဖိုးအထားဆုံး
ကောင်လေးတစ်ယောက် ရှိနေသေးကြောင်း
သတိရပေးပါ။
“မ” နဲ့ နေ့ရက်ပေါင်းများစွာ...စကားတွေပြောခဲ့
အတူရှိနေချိန်လေး တစ်စက္ကန့်ကိုတောင်
ကောင်းကင်ဘုံနှစ်တစ်သန်းနဲ့ မလဲချင်ပါဘူး။
“မ” ကိုအကြိမ်ကြိမ်အခါခါ....ပွေ့ဖတ်ခဲ့
ပြန်ဆုံဖို့ မျှော်လင့်ချက်တွေနဲ့....အသက်ရှင်နေတဲ့
ကောင်လေးတစ်ယောက်ရဲ့.....နေရာ
မတွေ့ဖြစ်.....မဆုံဖြစ်သေးရင်လည်း
ဘယ်သူ့ကိုမှ အစားမထိုးလိုက်ပါနဲ့ ......“မ” ရယ်။

ရာဝဏ.....သို့

ငါနေတဲ့ ဒီလွင်ပြင် ၊ ဒီဒေသ
အသံမပေး မဟစ်ကြွေးဘဲနဲ့ တိတ်တိတ်လေး
မင်းဝင်လာတာ.....သမိုင်းကသိတယ်။ သီတာရေ
ရုပ်ပုံလွှာတစ်ခုနဲ့တင်...ငါနှလုံးသား
မင်း ဖမ်းစားသွားနိင်တာ ဒဏ္ဍာရီတွင်မဲ့
အကြောင်းရင်းတွေလားကွယ်။
ငါ ဆိုတဲ့ ရာဝဏ......
နှလုံးသားတစ်ခု ပိုင်ဆိုင်ပြုဖို့ အတွက်
တိုင်းပြည်လည်း ဆုံးရှုံး ၊ ကိုယ့်သားချင်း ကိုယ်ပြန်သက်သလိုဖြစ်နဲ့
အသွေးအသားတွေ ပေးဆပ်ခဲ့ရတာ။
ဒီဗိုလ်ခြေတစ်ထောင်မြှား.....ငါ့ အတွက် ဘယ်လောက်များ
ပေါ့ရွတ်လိုက်သလည်း ၊ ခပ်သာသာ ဆွဲတင်ရုံနဲ့တင် ပါနိင်တာ
ကံကြမ္မာက နှိမ်ချခဲ့တော့လည်း ရာမ လက်ထဲ ငါ့နှလုံးသား
ပေးအပ်ခဲ့ရတယ် သီတာရယ်။
ဒြွာဝီရိယန်ဆိုတာ ကြေးနီယောင်ထချင်ထနေမယ်
အာရိယန်တွေလို ၀ါဝင်းချင် ၀ါးဝင်းမနေပေမဲ့
ရာမ မင်း အပေါ်ထားတဲ့ အချစ်
ကြိုက်သလို ယှဉ်ရဲတယ်...သီတာ။
ငါ့ အချစ်ကို မသိကျိုးကျွန်ပြုပြီး
မင်း နဲ့ ရာမ ကတော့ ပျော်ပါးနေလိုက်ကြတာ
ရာဇ၀င်မှာ ငါသာ....လူကြမ်းကြီး တစ်ယောက်ဖြစ်ခဲ့တယ်။

ကြားလူ


ကြည့်လိုက်စမ်း....မင်းရှေ့မှာ
ဒူးထောက်ပြီး ငြိမ်သက်နေတဲ့ လူတစ်ယောက်ကို
လက်ထဲမှာတောင်ငြိမ့်ငြိမ့်လေး ခုန်နေတဲ့
နှလုံးသားတစ်စုံကိုင်လို့
ခေါင်းမဖော်ထားပေမဲ့ မျက်ရည်တွေ
စီးကျနေတာ အရိပ်ထဲမှာတောင်
ငါ မြင်နေရတယ်။
ဒါကိုတောင် မင်းက လျစ်လျူရှုလို့
ခပ်မော့မော့ ရယ်မောနေလိုက်တာ
တိုင်တည်ထားတဲ့ သစ္စာစကားတွေကို မှမထောက်
မင်း....စိမ်းရက်လေခြင်း။
ဒါပေမဲ့ ငါ တောင်းပန်ပါတယ် ကောင်မလေးရယ်။
မင်းရှေ့မှာ ခစား...မျက်ရည်နဲ့ ဒီလူသားအတွက်
နွေးထွေးတဲ့ နှစ်သိမ့်မှု့
သူအတွက် လက်ဆောင်ပေးလိုက်ပါလို့။



ကဗျာ

နေ့နေ့ညည....
အချိန်ကာလ တလျောက်
အလွမ်းတွေက ရင်ပြင်တစ်ခုလုံး
ပျံနှံစီးဆင်းကုန်တယ်။
မျှော်လင့်ခြင်းအပြည့်နဲ့....စိမ်းစိုခဲ့သောနေ့တွေ
ရယ်သံများ လွှင့်ကျခဲ့ရာ.....နံနက်ခင်းတိုင်းနဲ့
မက်ခဲ့တဲ့ အိမ်မက်တွေက
သူ့အဓိပါယ်နဲ့ သူ.....လွင့်မျောနေကြတုန်းပါပဲ။
ထိလိုက်တိုင်း....သတိရခြင်းတွေက
သွေးကြောတွေဆီ ပဲ့တင်ပြန်တယ်။
တစ်ဘ၀စာလုံး.....
“မ” ရဲ့အနွေးဓာတ်မှာ ခိုလှုံချင်ခဲ့တာပါ။
ရိုးရှင်းသလောက် ဆန်းပြားနိင်လွန်းတဲ့ သံယောဇဉ်တွေနဲ့
တစ်ယောက်ကြိုးတွေကို...တစ်ယောက်က မြဲမြံစေခဲ့။
ခေါင်းစဉ်တွေ ဘယ်လိုပဲ ပေးထား ပေးထား
“မ”ဆိုတာ ကောင်လေး အဖွဲ့ချင်ဆုံး
ကဗျာတစ်ပုဒ်သာ ဖြစ်တယ်။

Thursday, October 11, 2007

လေးမျိုး

ကျွန်တော်၏ သူမ............ ကလေး ၊ သဘင်သည် ၊ သူရူး ၊ ငမူး
ကဲ့သို့သော် စိတ်ထားမျိုး ပိုင်ဆိုင်သည်။

ကလေးငယ်ကဲ့သို့ ချစ်စရာကောင်းပြီး ၊ ဘဘင်သည်ကဲ့သို့ ဆွဲဆောင်မှုရှိ၍
သူရူးလိုလည်း စိတ်အပြောင်းအလည်း မြန်သည့်အပြင်....ငမူးလိုလည်း ရစ်
တက်သေးသည်။

ပိုင်ဆိုင်ခွင့်

သူ့ရင်ထဲက နေရာ
ခိုနားသူပေါင်း များစွာ ရှိခဲ့လည်း
ငါဟာ....နောက်ဆုံးအနေနဲ့
ပိုင်ဆိုင်ခွင့်ရခဲ့ရင်
ကျေနပ်ပါပြီလေ။
ကျွန်တော့်ကို....သူမကိုယ်တိုင် ပေးခဲ့တဲ့ ကဗျာလေးပါ။
တိုက်ဆိုင်လို့တဲ့။ ကျွန်တော့် အဖြစ်နဲ့လေ။

အလွမ်းည

“မ”................ရေတဲ့
ငြင်ငြင် သာသာ
တိုးတိုး တိတ်တိတ်လေး ခေါ်နေတာ
ကျွန်တော် ရင်ကလေ....။
တွေ့နိင်ခွင့်တွေက ရှားပါးလွန်း
မြင်နိင်ခွင့်တွေကလည်း .....နည်းပါးလွန်း
ဒီကြားထဲ..........“မ” ရယ်
မိုးတွေကလည်း သည်းတယ်။
ပြီးတော့......
သတ္တိ ကလည်း နည်းတယ်။
ဖုန်းခေါ်ဖို့......
ခလုပ်နှိပ်မိတာကလည်း.....များတယ်။
စိတ်ဆိုးမှာ စိုးလို့.....မေးလ်တွေ့ပို့ပြီး
နုတ်ဆက် အိပ်ရာ ၀င်ခဲ့ရတာတွေကလည်း ....ခါးတယ်။
ပေးထားတဲ့ ကဗျာတွေက......သက်သေပေါ့
ခဏတာ စကားပြောခွင့်လေး ရခဲ့ရင်တောင်....ကြည်နူးလို့
အိမ်မက်ထဲ မှာတောင်
“မ” မုန်းမှာ ကြောက်တယ်။

ကဲ..ဘယ်လိုလည်း

စာရေးဆရာကြီးတစ်ယောက်က ပြောဖူးတယ် ။ ဦးနှောက်နဲ့ ဆုံးဖြတ်တာဟာ အမှားနည်းတယ်တဲ့။နှလုံးသားနဲ့ ဆုံးဖြတ်တာကတော့ မှန်ချင်လည်း မှန်မယ် ၊ မှားချင်လည်း မှားမယ် ၊ မရေရာဘူးတဲ့ ။ ဒါပေမဲ့ အမှားနှစ်ခုယှဉ်လာတဲ့ အခါကျရင်တော့ နှလုံးသားနဲ့ ဆုံးဖြတ်တာဟာ မှားမယ်ဆိုရင်လည်း ခံသာပါတယ်တဲ့လေ။

Wednesday, October 10, 2007

အိမ်ပြန်ခဲ့မယ်



အိမ်ပြန်ခဲ့မယ်.....

ငါတို့အိမ်ပြန်လာခဲ့မယ်၊
အေးငြိမ်းချမ်းသာ နားခိုဖို့.....
အိပ်မောကျကျ အိပ်စက်ဖို့
ပူပင်ကင်းပ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးဖို့
ငါတို့ အိမ်ပြန်ခဲ့မယ်။

ပျော်ပျော်ပါးပါး
ငါတို့ ကစားချင်ကစားမယ်
နေနေနားနား
ငါတို့ တွေးကြရေးကြ ငြင်းကြပြောကြမယ်၊
အေးအေးလူလူ
ငါတို့ တရားကျောင်းသွားချင်သွားမယ်။

အပူအပင်တွေကို ခ၀ါချ
ငါတို့ဘ၀ ငြိမ်းအေးလှဖို့
ငါတို့အိမ်ပြန်ခဲ့မယ်။

အမေ့အိမ်သီချင်းကို စိတ်ထဲမှာ ဆိုရင်း
ငိုခဲ့ရတာတွေကို မေ့ဖျောက်လို့
သီရိပစ္စယာ ကမ်းနဘေးမှာ
ရာဇ၀င်များရဲ့ သတို့သမီး သီချင်းကို
အားပါးတရ သီဆိုဖို့
ငါတို့......
အိမ်ပြန်ခဲ့မယ်။

အကြောင်းအမျိုးမျိုးကြောင့် အဝေးရောက်နေသော....မြန်မာပြည်ဖွား ညီအစ်ကိုမောင်နှမများအား ရည်စူးလျက်။


ပုံရိပ်

အစစအရာရာ.....ငါ့ဘ၀ကို
ပါရမီ ဖြည့်ပေးတဲ့ အတွက်
ဘုရားသခင်ထံက ကောင်းချီးမင်္ဂလာအပေါင်း
မင်း အပေါ် ကျရောက်ပါစေကွယ်။
နောင်လာမဲ့ နှစ်တစ်ရာတိုင်
သမိုင်းပေးတာဝန်တွေကို ထမ်းပိုးရင်းနဲ့
တစ်ဦးကိုတစ်ဦး ဖေးမကူညီရင်း
ကိုယ်ချစ်တဲ့ မြေပေါ်မှာ
အနာဂတ်ရဲ့နေ့သစ်များအတွက်
မျှော်လင့်ကြပါစို့။



ကိုယ်ပြောလိုက်မယ် မြတ်သင်းကြည်...
ကိုယ့်အမိမြေကို ချစ်တတ်သူဟာ
ကိုယ့်ကိုယ်ကိုယ်တောင် မချစ်တတ်ဘူးကွယ့်...
အများရဲ့အကျိုးကို သိတတ်သူဟာ
ကိုယ့်ကိုယ်ကျိုးကို မကြည့်တတ်ဘူးကွယ့်။

မင်းနဲ့ နှစ်ကိုယ်တူ နေနိုင်ဖို့အတွက်
ငါ့အလုပ်တွေကို မစွန့်နိုင်ပါဘူး။
မင်းအသိုင်းအ၀ိုင်းတွေ ကြည်ဖြူဖို့အတွက်
ရန်သူကို ငါ ဒူးမထောက်နိုင်ဘူး။
ငါ့ခံယူချက် ယုံကြည်ချက်ကို
မင်းတားမြစ်လို့ မပျက်နိုင်ပါဘူး။
ထားရစ်ခဲ့ပါ မြတ်သင်းကြည်...
မင်း ကြိုက်သလိုသာ ဆုံးဖြတ်ပါတော့...

ကိုယ် ပြောလိုက်မယ် မြတ်သင်းကြည်...
ဆန်ဆုံရင်စား၊ ကံကုန် သွား...တဲ့
ကြင်သူဆိုတာ အသွင်မတူခဲ့ရင်
အပြန်အလှန် ပါရမီမဖြည့်နိုင်တာမို့
အတ္တကြီးသူ မင်းလိုလူထက်
မပြီးဆုံးသေး တော်လှန်ရေးကို
ငါကစွဲမက် ပိုချစ်တယ်။

ကိုယ် ပြောလိုက်မယ် မြတ်သင်းကြည်...
သစ်စိမ်းချိုးသလို ချိုးရုံမကလို့
လက်ပြလမ်းခွဲ မင်းမချစ်ရဲလဲ
ငါ့အသည်းနှလုံးဟာ မကွဲနိုင်ပေမယ့်
အတိတ်အကြောင်းဆိုတာ မမေ့ကောင်းစရာမို့
ရာသီတွေပြောင်း နှစ်တွေဟောင်းတောင်
အောက်မေ့အမှတ်တရ ရှိနေမှာပါ။

ကဲ...
ပြောလိုက်မယ် မြတ်သင်းကြည်ရေ...
ဂုဏ်ပကာသနလဲ ငါ မလိုချင်ဘူး...
တဏှာရာဂလဲ ငါ မခုံမင်ဘူး...
ငါ လိုချင်တာ တကယ့်မေတ္တာ

သစ္စာတရားသာ ကိုးကွယ်ရာမို့
လောကကြီးမှာ ငါနေတတ်လို့
အရာအားလုံး ကျေနပ်တယ်။

(ဟစ်တိုင်မဂ္ဂဇင်း မှ ပြန်လည်ကောက်နုတ်ဖော်ပြသည်)


နှစ်သက်မိတဲ့ ကဗျာလေးပါ။ ကိုယ်ယုံကြည်ရာ အနာဂတ်အတွက် ချစ်သူ ကိုတောင် စွန့်လွှတ်ဝင့်တဲ့ စိတ်ဓါတ်ဟာ ဘယ်လောက်ခိုင်မာတယ် ဆိုတာ ခံစားမိစေပါတယ်။ အသွင်မတူပေမဲ့လည်း...အိမ်သူတော့ဖြစ်နိင် စေချင်ပါတယ်။ ချစ်လာရင် မမြင်ကြတော့ဘူးလေ။


“တမ်းတပူဆွေး....သူနဲ့ဝေးသော်
ပြည်ထဲရေးနှင့် ၀မ်းရေးတို့ထက်
လွမ်းရေးခက်၏
(နတ်သျှင်နောင်)

“မဟာစေတီ ၊ မွေသရီ၏
မြေညီခင်းပြန့် ၊ သလင်းသန့်ဝယ်
နှင်းပန့်တပဲ ၊ ၀တ်ဖြူလဲနှင့်
နန်းထဲနန်းလေ့ ၊ သီမဝှေ့ဘဲ
ချမ်းမြေ့စိတ်ကြည် ၊ ပီတိရည်ဖြင့်
ခိုင်တည်နှလုံး ၊ တဖြောင့်သုံး၍
နှောင်ထုံးကေမင် ၊ ဖြေလျော့ချင်လည်း
နတ်သျှင်သူ့ကြောင့် ၊ တရေးမှောင့်ခဲ့”
(ရာဇဓာတုကလျာ)

ကျွန်တော်တို့ အားလုံးနှင့် မစိမ်းလှသော....တောင်ငူစစ်ဘုရင် ရတုစာဆိုနတ်သျှင်နောင်ရဲ့
ရာဇဓာတုကလျာ အပေါ် စစ်ထွက်ရင်း စပ်ဆိုသွာခဲ့တဲ့ ရတုများထဲက တစ်ပုဒ်ပါ။
သူအင်မတန်ချစ်မြတ်နိးလှတဲ့ အစ်မတော်ထံ မေတ္တာလွှာရတု ကဗျာများကို (၁၀) နှစ်တိုင်တိုင်ပေးပို့ချစ်ခွင့်ပန်ခဲ့ရင်း အချစ်စစ်မှန်တော့ နောက်ဆုံးမှာ
ဓာတုကလျာရဲ့ နှလုံးသားကိုပိုင်ဆိုင်နိင်ခဲ့တာပါ။
နောက်တစ်ပုဒ်ကတော့ လောကီရေးရာကိုစိတ်ကုန်တော့မဲ့ဆဲဆဲ နတ်သျှင်နောင်
ရဲ့ နှလုံးသားနဲ့ရေးတဲ့ ရတုများကြောင့် သောကပရိဒေ၀တို့ဖြင့် ပိတ်ဆို့နေသော
ဓာတုကလျာ၏ အချစ်တွေဟာ ဖူးငုံပွင့်အာလာစေ နိင်ခဲ့ပါတယ်။ နတ်သျှင်နောင်
ကို ပြန်လည် နှစ်သက်မိကြောင်း ပြောထားတဲ့ ရတုကဗျာလေးပါ။
ဒါပေမဲ့ သူတို့ နှစ်ယောက် ပေါင်းစပ်ခဲ့တာ ကတော့ အချိန်မကြာလိုက်ပါဘူး။
ဓာတုကလျာဟာ....သူအလွန်ချစ်တဲ့ မောင်ငယ် နတ်သျှင်နောင်ကိုလည်း
ခွဲသွားခဲ့ပါတယ်။ ကွယ်လွန်ခါနီးမှာတောင် နတ်သျှင်နောင် အတွက်
ထီးမွေနန်းလျာ မထားရစ်ခဲ့နိင်တဲ့ အတွက်လည်း စိတ်မကောင်းကြီးစွာ
ဖြစ်ခဲ့ရသည်။ သည်အသိ ၊ သည်အတွေးတို့သည် နတ်သျှင်နောင်၏
ရင်အစုံကို တုန်လှုပ်ခဲ့သည် မဟုတ်ပါလား။
တစ်ချိန်က တောင်ငူ စစ်ဘုရင် ရတုစာဆို နတ်သျှင်နောင်သို့.............



Monday, October 8, 2007

ပျော်တော်ဆက်

အေးစက်နေတဲ့ ဒီနေ့ရက်ထဲ
ဆောင်းခိုငှက်တစ်ကောင် နားခိုလာတယ်
နွေးထွေးမှုဆိုတာ
သူနဲ့မှ ပေးတက်ခဲ့တယ်
ငါ့ရင်ဘတ်က ခဏတာဆိုတာ
မေ့ထားခဲ့ပြီးမှ
ဘာပဲ ဖြစ်ဖြစ် ရင်ဆိုင်ရဲရမှာပေါ့
သူ့အတွက် အချိန်တွေ
ရက်ရက် ရောရော ပေးထားတဲ့ ငါ.....
အခု
ငါ့အတွက် ဘာမှ မကျန်တော့ ပါလား
ဒဏ်ရာတွေနဲ့ ဘာလို့ကျေနပ်နေခဲ့တာလဲ
ပျံသန်းတဲ့အခါ
အားအင်တွေပေးဖို့ ငါ့မှာ
မလုံလောက်တဲ့ အင်အားတွေနဲ့
အသက်ဆက်ရှင်ခဲ့ရမှာ...
မင်းအတွက်တော့
ပျော်တော်ဆက်ပေါ့။

Sunday, October 7, 2007

တလောက..သူငယ်ချင်း Gtalk တော့ပစ်များတွင် ရေးထားသော စာသားကို
ဖတ်ရတာ ကြိုက်သလိုလို...တခုခုလိုနေသလို ဖြစ်နေမိသည်။ရေးထားတဲ့
စာသားလေးက...(ပန်းတစ်ပွင့်ကို နွမ်းလို့ ပစ်ဖူးချင် ပစ်ဖူးပေမဲ့~~~~
လူတစ်ယောက်ကို ~~~လွမ်းဖို့တော့ ဘယ်သူက ချစ်ဖူးမှာလည်းတဲ့)
တခါတလေတော့မှန်သည်။ လွမ်းချင်လို့တော့ ဘယ်သူမှ အချိန်တွေပေး၊
ပြီးချစ်ခဲ့မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကိုယ်ချစ်တဲ့သူ မအားလို့ ကိုယ့်ဆီအရောက်
မလာနိင်တဲ့ အခါ ၊ တစုံတခုသော အကြောင်းအရာကြောင့် မလာဖြစ်ခဲ့လျှင်
နားလည်စိတ်နဲ့ လွမ်းနေသင့်သည်။ ချစ်သူရှိသူတိုင်း ...အချစ်နှင့် မတွေ့ဆုံနိင်
သေးသော် သူများပင်လျှင် လွမ်းစရာ ရှိနေတက်ခဲ့သည်။ ကျွန်တော်ကိုယ်တိုင်
လည်း အခုထိ လွမ်းနေခဲ့သည်။ နောက်တစ်ယောက်ကလည်း ( အလွမ်းဆိုတာ
ရင်ဘတ်ထဲ ဓါးတစ်ချောင်းမျိုချထားရသလိုပဲ ) လို့ ပြောပြန်သည်။ သေချာ
တာတစ်ခုကတော့ ဘယ်အရာကို လွမ်းလွမ်း ရင်ထဲမှာ မွန်းကျပ်နေခဲ့တာတော့
ယုံကြည်မိသည်။ နောက်ဆုံး မချစ်ဘဲ မနေနိင်တော့လည်း...လွမ်းရတာပဲ
ရှိတော့သည်။ ထို့ကြောင့် လွမ်းဖို့မချစ်ဘူးပေမဲ့...ချစ်တော့လည်း လွမ်းရသည်ဟု
ထင်မှတ်လိုက်ပါသည်။

တခါတလေ

တဖြည်းဖြည်းနဲ့ ....တွေ့ဆုံချိန်တွေ
နည်းပါးလာလိုက်တာ....
နာရီတွေတောင် မကြည့်ချင်တော့လောက်အောင်ပါပဲ
ဇော်ပိုင် ဆိုခဲ့တဲ့ သီချင်း
အခုမှ ပိုနားလည်မိတယ်...ဘာတဲ့
“ဟိုအရင်အချိန်တွေ တမ်းတ မက်မော”ဆိုလား
ဘာဖြစ်လို့များ စိတ်ဓတ်တွေ အသက်မ၀င်ခဲ့ရတာလည်း
တကယ်ဆို ယုံကြည်မှုနဲ့ နေထိုင်တက်ခဲ့ရမှာ
ငါ့အလွမ်းတွေ
နှင်းခဲ အဖြစ် ပြောင်းလဲသွားမှာ
ကြည့်ရက်သလား.....မင်းကြည့်ရက်သလား
သိနေရက်နဲ့လည်း ပြောမထွက်ဘူး
မြင်နေရက်နဲ့လည်း မခေါ်ရက်ဘူး
မင်းမုန်းမှာ
စိုးတဲ့ အသိစိတ်က...ငါ့ကိုငါ ပြန်ခြောက်လှန့်နေလို့လေ။

Wednesday, October 3, 2007


ရောင်နီဦး ကျောင်းမှ....ဆင်းရဲချို့တဲ့သော ကလေးသူငယ်များအား အခမဲ့ပညာ သင်ပေးနေခြင်းဖြစ်သည်။ထိုဓါတ်ပုံ မြင်တိုင်း....စိတ်ထဲ မွန်းကြပ်နေခဲ့သည်။ သူတို့လေးတွေ ဘ၀ အတွက်...ဘယ်သူကများ ကိုယ်နဲ့မဆိုင်ဘူးလို့ ပြောရက်နိင်မလည်းဆိုတာ...မမေးဘဲနဲ့သိသည်။ မြန်မာနိင်ငံ မတိုးတက်တာ မပြောချင်ပေမဲ့....ဘယ်လိုတိုးတက်အောင် လုပ်ဆောင်မလည်းဆိုတာကတော့ လူတိုင်း စိတ်ထဲမှာရှိနေမည်ဟု ယုံကြည်မိသည်။ ရုပ်သေဓါတ်ပုံဆိုပေမဲ့ သူတို့လေးတွေရဲ့မျက်လုံးတွေ ၊ အမှုအရာတွေက အားငယ်မှု ၊ ယုံကြည်စိတ် ကင်းမဲ့မှု တွေကိုအထင်သား ဖော်ပြနေသည်။ ဆင်းရဲနွမ်းပါးတာကတော့ပြောစရာလိုမည် မဟုတ်ပါဘူး။ ကျွန်တော်တို့တွေ သည်လည်းယခုလို ဘ၀မျိုးမှ လာခဲ့ကြသည့်သူတွေရှိသည်။ တချို့အောင်မြင်သွားကြသည် ၊ တချို့လမ်းဘေးရောက်သွားကြသည်။အသက်အရွယ် ကြီးပြင်းလာတဲ့ အချိန် ၊ စဉ်းစားတွေးခေါ်တက်သွားသောအချိန်တွင်တော့ သနားကြင်နာဖို့ မလိုပါ။ သူ့ဘ၀ အတွက်သူ ရွေးချယ်သွားနိင်သည်။ တကယ်လိုအပ်တာကတော့...အခုလို အသိညဏ် ဖွံဖြိုးစ အရွယ်မှာ ကျွန်တော်တို့လို
လူငယ်တွေ အနေနဲ့ ....သမိုင်းမပေးတဲ့ တာဝန်ကို ကိုယ်တက်နိင်သလောက်ထမ်းဆောင်သင့်သည်။ မျက်စိဖွင့် နားပွင့် လာအောင် တက်နိင်သမျှစွမ်းဆောင်သင့်သည်။ စာသင်ချိန် စာသင်ခန်းမှာ ရှိရမည့်ကလေးသူငယ်များကို ခရီးသွား ဟန်လွဲ လမ်းပေါ်မှာတွေ့ရတိုင်း ကျွန်တော်ရင်မှာနာကျင်ရသည်။ မိဘက ရောင်းခိုင်းတာ မကုန်လျှင် ပြန်မလာနှင့်ဟုငိုမဲ့မဲ့နဲ့ ပြောပြီး ဈေးရောင်းနေသော ကလေးသူငယ်တွေ မြင်တိုင်း....ဘယ်သူ့ကို နာကျည်းရမလည်းဆိုတာ မတွေးတက်လောက်အောင် ဖြစ်မိသည်။သူများနိင်ငံတွေ လက်ကိုင်ဖုန်း ၊ ကွန်ပျူတာ ဘာလည်းဆိုတာ သိနေသော ဒီအရွယ်လေးမှာကျွန်တော်တို့ ကလေးတွေ စာရေးဖို့ ခဲတံကို ဈေးရောင်းရင်း ရှာနေကြရသည်။ထို့ကြောင့် ကျွန်တော်တို့လို့ လူငယ်လူရွယ် များ အနေဖြင့်....
ရောက်လေရာ အရပ်ရပ်မှာ.....ဆင်းရဲနွမ်းပါးသော ကလေးသူငယ်မျာအားကိုယ်စွမ်း ၊ ငွေစွမ်း ၊ ပညာစွမ်း ရှိသလောက် တက်နိင်သမျှပါဝင်စောင့်ရှောက်ကြရန်..... ကျွန်တော် မောင်ဆိုးသွမ်းမှ မေတ္တာရပ်ခံအပ်ပါသည် ခင်ဗျာ။