Sunday, December 2, 2007


ကျွန်တော် အမေနဲ့ဆို ကျွန်တော့် သူငယ်ချင်းက မောင်နှမ (၂)၀မ်းကွဲ တော်စပ်တယ်။ ကျွန်တော် နဲ့ သူနဲ့ကျတော့ ဦးလေး (၂) ၀မ်းကွဲပေါ့။ ဒါပေမယ့် ဒီကောင်က ကျွန်တော့်ထက်တော့ မွေးတာ ရက် ( ၂၀ ) နောက်ကျတယ်။ လကတော့ ဇူလိုင်မှာ အတူတူမွေးတာပါ။ ကျွန်တော်တို့ မြန်မာတွေတင် အမျိုးရှုပ်တာ မဟုတ်ပါဘူး...တခြားတိုင်းရင်းသား ညီအစ်ကို မောင်နှစ်မတွေလည်း ဆွေးမျိုးစပ်ရတာ ရှုပ်ကြတယ်။ ထားပါတော့။ ဆက်ပြောရအောင်ဗျာ။ ဒီကောင်နဲ့က ကလေးဘ၀ထဲက အတူတူ ၊ နိ့စို့ဖက်ဆိုလည်း ဟုတ် ၊ ဘောလုံးကန်ဘက် ၊ ရန်ဖြစ်ဘက် ၊ ကျောင်းပြေးဘက် စုံနေတာပါပဲ။ မလုပ်ဘူးတဲ့ အလုပ်ရယ်လို့ မရှိခဲ့ဘူး။ ငယ်ငယ်လေး ကတည်းက ကျူရှင်တက်လည်း အတူတူပဲ။ ကျောင်းပြေး ဘောလုံးကန်လည်း အတူတူပဲ။ ဘာမှမတူတာမရှိဘူး။ ဒါပေမယ့် ဒီကောင်က နည်းနည်း ရှက်တက်တယ်။ ရုပ်ကတော့ ဟက်ကက်နဲ့ တူသလိုလိုတော့ ရှိသား။

ကလေးဘ၀ထဲက အတူတူ ပေါင်းလာလိုက်တာ။ ကျောင်းတက်တော့လည်း အတူတူ ။ ကျူရှင်ယူတော့လည်း အတူတူ။ ၁၀ အတန်းအထိပေါ့။ ၁၀ တန်း အောင်တော့မှာပဲ လျှောက်တဲ့လမ်းတွေ ကွဲသွားတာ။ ငယ်ငယ်တုန်းက ကျွန်တော်တို့ သူငယ်ချင်း ( ၃ ) ယောက်လုံး ရည်ရွယ်ထားတဲ့ ဘ၀လမ်းတွေမှာ ကျွန်တော် တစ်ယောက်ပဲ ဖြစ်မြောက်အောင် အကောင်အထည် ဖော်နိင်ခဲ့တဲ့ အတွက်တော့ စိတ်မကောင်း ဖြစ်မိပါတယ်။ ပြန်တိုင်လည်း ဒီအကြောင်းကို အမြဲ တမ်းပြောဖြစ်ကြတယ်။ ကျွန်တော့်သူငယ်ချင်း အကြောင်းဆက်ပြောရရင် ဒီကောင်က စာလည်းတော်တယ် ၊ ဒါပေမယ့် စိတ်တော့ နည်းနည်းပုပ်တယ်။ ကျွန်တော်စာမေးရင် ဘယ်တော့မှ မပြောဘူး။ သိပ်လျိုတဲ့ကောင်လေ။

ဒါပေမယ့် ဘောလုံးကန်တော့ ကောင်းသား။ ဒီကောင့်မှာ အမွှာညီအစ်ကို နှစ်ယောက်အကြီးနဲ့ အမကြီး (၂ ) ၊ အစ်ကိုအကြီးဆုံး ရှိပါတယ်။ ဘောလုံးနဲ့ ပတ်သတ်ရင် ငယ်ငယ်လေးကတည်းက သူ့အစ်ကိုတွေလည်း တော်တာ။ ကျွန်တော်ဆို ဒီကောင်တွေ ညီအစ်ကိုတွေကို အမြဲတမ်း အားကျခဲ့ရတယ်။ အမေ့ကိုတောင် မိန်းခလေးတွေပဲ မွေးရမလားလို့တောင် အပြစ်တင်ခဲ့သေး တယ်။ သားလိမ်မာဆိုတော့ အဲဒီလို။ ရပ်ကွက်ထဲမှာ ကျွန်တော်တို့ အရွယ် ၁၃ နစ်လောက်ထဲမှာတင် မကဘူး ....ကိုယ့်ထက်ကြီးတဲ့ ၁၇ ၊ ၁၈ တွေထက်တောင် ဒီကောင်က ဘောလုံးအစွမ်းပြတယ်။ ကျွန်တော်တို့ ရန်ကုန်မှာဆို ညနေဘက်တွေ ဆို လမ်းထဲမှာ W လို့ခေါ်တဲ့ ဘောလုံးကို ကော်နဲ့ နှစ်ထပ်စွပ်ပြီး ကန်ကျတယ်။

သူကန်လိုက်လို့ ကွဲသွားတဲ့ အိမ်ရှေ့ဝရန်တာက မီးသီးတွေ ၊ စည်ပင်က တပ်ထားတဲ့ လမ်းမီးချောင်းတွေ ဖြက်သွားဖြက်လာ လုပ်တဲ့ လူတွေရဲ့ ကိုယ်တွေ ၊ အကြော်သည်ရဲ့ အကြော်ဗန်းတွေ အကုန်ထိ။ လျှော်လိုက်ရ တာလည်း မပြောနဲ့။ (၄) တန်းတုန်းက မုန့်စားဆင်းချိန် ဘောလုံးကန်တော့...ဗိုက်ကြီးသည် ဆရာမက ကျောင်းအပေါက်ဝမှာ ထိုင်နေတာလေ။ ကံက ဆိုးချင်တော့ ဒီကောင် ကစ်ထည့်လိုက်တာ ဂိုးမ၀င်ဘဲ ဆရာမ ဗိုက်သွားမှန်တာလေ။ စိတ်တွေဆိုး ၊ ဒေါသတွေထွက်ပြီး ဘောလုံးသိမ်းသွားတာ တော်သေးတယ် ကျောင်းအုပ်ဆရာကြီးက ပြန်တောင်းပေးလို့။ အဲဒီလို ဆိုးတာ။ ဒီကောင် ဖြစ်သမျှ ကျွန်တော် အဆစ်ပါပါသွားတယ်။ ကျွန်တော်လည်း နင်လားငါလားပေါ့။ ကျောင်းကပြန်လာတာနဲ့ ကျွန်တော်တို့ နှစ်ယောက် လွယ်အိတ်ကို အိမ်ရှေ့ ကနေ ဘုန်းခနဲ လျှောတိုက်ပြီး ပစ်လိုက်တာ။ ပုဆိုးဆွဲချွတ်ပြီး ပစ်တင်လိုက်တယ်။ ပြီးတာနဲ့ အိမ်အောက်က ဘောလုံးကို ထုတ်ပြီး ကွင်းကိုပြေးတာ ။ ကျောင်းစိမ်းအကျီင်္တောင် မလဲဘူး။ ကန်မယ်ဆိုတာ ကြီးပဲ။ တခါ ( ၈) တန်းတုန်းက ဆရာမက သင်္ချာ သင်နေတုန်း..သူက ဘာသာရေး အကြောင်းတွေ ရှင်းပြနေတာ။ ကျွန်တော်က ဘောလုံး အကြောင်း စဉ်စားနေရင်း စိတ်က လွတ်သွားတာ ဘာပြောလိုက်လည်းဆိုတော့...

“ ဘောကို ချစ်တယ်...ဘောကို မြတ်နိးတယ်...ဘောလုံးကို တွယ်တာတယ်နဲ့ ”

ဒါတောင် ဆရာမ အော်လိုက်လို့ ရပ်သွားတာ။ ဘယ်က ဘယ်လို ထွက်သွားမှန်း မသိလိုက်ဘူး။ အဲဒီလောက်ထိလည်း ကျွန်တော်တို့ စွဲလန်းခဲ့ကြတာ။ ကျောင်းမှာဆိုလည်း ၁၀ တန်းရောက်တော့ ဆရာမ မလာတဲ့ အချိန်ဆို စာသင်ခန်း အလွတ်တွေမှာ သွားကန်တာ။ တခါအကန်ကောင်းလို့ ကျောင်းအုပ်ဆရာမကြီး လာတာနဲ့ တန်းတိုးတာ ထွက်ပြေးတာ မြန်ပေမယ့် အခန်းထဲရောက်တော့ ဆရာမက ယမထာ ရွှေကြိမ်လုံးနဲ့ ဆီးပြီးကြိုတယ်။ ၂ လုံးပြူးနဲ့ဆိုတော့ ကြိမ်ကလည်း လိမ်ထား တာဆိုတော့ အားပါးပါး...တော်တော် ခံလိုက်ရတာ။ ကျွန်တော်က ချွေးအရမ်းထွက် သန်တော့.....ဆရာမက

“ မင်းက ဘောလုံးကန်လာတာလား ရေချိုးလာတာလား ” ...လို့တောင်

အပြောခံလိုက်ရသေးတယ်။ ရပ်ကွက်ထဲမှာတော့ ကျွန်တော်တို့ ၂ ယောက်က ရွယ်တူ တွေ ကြားထဲမှာ အောကြောလန်ပါ။ မတော်လိုက်ရတဲ့ ယောက္ခမက သူ့သမီးကို ဘာပြောလည်း ဆိုတော့ အဲဒီကောင်လေးကိုကြည့်ထားတဲ့။ ကျွန်တော်ကိုပြောတာပါ။ ကြီးလာရင် ဘယ်တော့မှ မကြိုက်မိစေနဲ့တဲ့။ လူဆိုးဖြစ်မဲ့ကောင်တဲ့။ သူ့သမီးကိုယ်တိုင် ပြန်ပြောတာလေ။ အခုတော့လည်း အိမ်ထောင်ကျသွားပါပြီ။ ကျွန်တော်နဲ့ မပေးစားလိုက် ရလို့ တော်တော်တော့ ပျော်နေမယ်ထင်တယ်။ ကျွန်တော်တို့ အချင်းချင်းလည်း တခါတလေ မတည့်ပါဘူး။ တခါ သူ အရုပ်ကြေး ဒိုးဆက် ဆော့တော့ ကျွန်တော်က ၀င်ပါတယ်လေ။ ဒီကောင်က ဒိုးဆက်တော့ ကျွန်တော့်လောက် မကျွမ်းဘူး။ သူက ကျွန်တော်ပါရင် ရှုံးတော့မှာသိတော့ အပါမခံဘူး။ ကျွန်တော်ကလည်း မပါရတာ့ ဒိုးဆက် တွေယူပြီး လွှင့်ပစ်လိုက်တာ။ ဒီတော့ ဒီကောင်က အမေ့ကိုသွားတိုင်ပါလေရော ။ အမေလည်း လာရိုက်ရော ဘာပြောကောင်းမလည်း ၀ါလုံးယူပြီး ဒီကောင့်ကို လိုက်ရိုက်တာ။ အပြေးမြန်ပြီး အဆွဲကောင်းလို့ ။ မှတ်မှတ်ရရ အဲဒီတခါလောက်ပဲ ရန်ဖြစ်ဘူးတယ်။

၁၀ တန်းနှစ်မှာ သူများတွေက ဆေးလိပ်သောက် ၊ အရက်သောက်တဲ့ အချိန်မှာကျွန်တော်တို့ကတော့ လိုင်းပြောင်းသွာတယ်။ ကျူရှင် ပုံမှန်မတက်ဘူး ၊ ကျူရှင်လခလည်း မှန်အောင်မပေဘူး။ အဲဒီပိုက်ဆံတွေနဲ့ ဘောလုံးချိန်းကန်တယ် ၊ အကျီတွေ အားကစား ပစ္စည်းတွေဝယ်တယ်။ ငယ်ငယ်လေးကတည်းက ဘောလုံးသမား သိပ်ဖြစ် ချင်တော့လည်း ကျွန်တော်တို့ ကြိုစားခဲ့ကြတယ် ။ လွတ်လပ်ရေးနေ့တွေမှာ ဘောလုံး
အသင်းဖွဲ့ပြီး ကန်တယ်။ ဒီကောင်က ပါရမီရှိတယ်လေ။ သူကတိုက်စစ်မှုးပဲ။ ဂိုးသွင်းကောင်းတယ် ။ အလိမ်အခေါက်ကတော့ မပြောနဲ့။ ကျွန်တော့်ဆရာက သူပဲ။ ဒီကောင် လုပ်တာ ကျွန်တော် အကုန်လိုက်လုပ်ပြီးကျင့်တယ်။ ၁၀ တန်းစာမေးပွဲဖြေပြီးတော့ ဒီကောင်က လိုင်းနည်းနည်း ပြောင်းသွားတယ်။ ဘောလုံးသိပ်မကန်တော့ဘူး ။

ဒီတော့ ကျွန်တော် (၁) ယောက်တည်း ဘောလုံးကွင်းထဲ ဦးလှည့်နေရတယ်။ ဒီကောင်က ရုပ်ချောတော့ ကောင်မလေးတွေ ကြောင်နေပြီလေ။ ကျွန်တော်ကတော့ ကွင်းထဲမှာ မျိုးလိုင်ဝင်းကို အားကျတုန်း။ ကျွန်တော်ကြိုးစား အားထုတ်မှုကြောင့် လားတော့မသိဘူး အသက် ၁၉ နှစ်အောက်မှာ ကျွန်တော်က စမ်းချောင်းမြို့နယ် လက်ရွေးစင်အဖြစ် ရွေးခံရတယ်။ ဒီတော့မှ ဆရာက ဘောလုံးဘက်ပြန်လှည့်လာတာ။ ဒီလိုနဲ့ ကျွန်တော်တို့ ဘ၀လမ်းတွေ ရွေးကျရင်း လမ်းတွေခွဲခဲ့ရတာပါပဲ။ အခုထိတော့ အဆက်အသွယ်ရပါတယ်။ ဘာလိုလိုနဲ့ ကျွန်တော်တို့တွေ ခွဲလာတာ အခုဆိုရင် (၈) နှစ်တောင် ရှိခဲ့ပြီ။ ဘာပဲပြောပြော ကျွန်တော်ပြန်လာတိုင်း ရှမ်းလမ်း ညဈေးမှာ လက်ဖက်သုပ်နဲ့ထမင်း ကို တ၀ကြီး သွားသွား စားကြတာကို သတိရတယ်။ ဆုရရ မရရ ၀င်ကန်ခဲ့တဲ့ ဘောလုံး ပြိုင်ပွဲတိုင်းမှာ အတူတူကန်ခဲ့ကြတာကို မှတ်မိတယ်။ ညဘက်တွေ ဘောလုံးပွဲတွေ အတူ သွားကြည့်ခဲ့တာကို ပြန်လိုချင်မိတယ်။

ကဲ....ညီမလေး အိုကီဆုရေ။ အစ်ကိုရေးပြီးပြီနော်။


2 comments:

Su said...

မိုက်တယ်ဗျာကျေးဇူးဘဲနော်;)

Anonymous said...

ပျင်းပျင်း နဲ့  ရေးထားတဲ့ အဟောင်းတွေ လိုက်ဖက်နေတာ သူငယ်ချင်းအကြောင်းက တော်၂ဖတ်ကောင်းတယ် ပျော်စရာလည်းကောင်းတယ် ၀ါးလုံးနဲ့ တောင်လိုက်ရိုက်တယ်ဆိုတော့ စိတ်ကြီးလိုက်တာ ကြောက်စရာကြီးဗျာ။