Sunday, January 27, 2008

အမေက မြစ်ဝကျွန်းပေါ်ဘက်က ရွှေဒင်္ဂါးကျွန်းဆိုတဲ့ ရွာကလေးကပါ ။ သစ်ကြီးဝါးကြီးနဲ့ တောလည်းမခေါင်တဲ့ အပြင် ဧရာဝတီတိုင်း ညောင်တုန်းဆိုတဲ့ မြို့ကိုလည်း သဘောင်္နဲ့သွားရင် (၁) နာရီ ကျော်လောက် ခုတ်မောင်းလိုက်တာနဲ့ ခဏလေး ရောက်ပါတယ်။ အဓိက အားထားရတဲ့ လမ်းပန်းဆက်သွယ်ရေးကတော့ သဘောင်္ပေါ့။ ရွာမှာ အသုံးပြုတဲ့ ပို့ဆောင်ရေးတွေကတော့ သိတဲ့ အတိုင်း နွားလှည်း ၊ မြင်း ၊ စက်ဘီးတို့ပါပဲ ။ လူဦးရေကတော့ သောင်းဂဏန်းကျော်လောက် ရှိတယ် ။ အရင်ကတော့ သာယာစည်ပင်တဲ့ ရွာကြီးပါ။ ကိုယ်ပိုင်ခြံတွေရှိတဲ့အပြင် ခြံထဲမှာလည်း စားစရာ အပင်တွေက ရာသီအလိုက်စိုက်ပျိုးထားတက်ကြတယ်။ အခုတော့ ရေတိုက်စားတာနဲ့ တဖြည်းဖြည်း ရွာက ( ၃ ) ခြမ်းကွဲသွားတယ်။ အရှေ့ဘက်ကမ်း အနောက်ဘက်ကမ်း ခွဲသွားပြီး အလယ်မှာ အနောက်ဘက်ကမ်းက ပြိုလာတဲ့ မြေကြီးတွေကြောင့် အလယ်မှာ “ သောင် ” လို့ခေါ်တဲ့ မြေပြန်လည်ပေါ်လာပါတယ်။ ပထ၀ီသဘောအရ ဆိုရင်တော့ နှုန်းမြေပြန်လည် ဖြစ်ထွန်းလာတာပေါ့။ အဲဒါကြောင့် မြေသြဇာလည်း ကောင်းတယ် ။

အဲဒီရွာကလေးရဲ့ အဓိက အသက်မွေးဝမ်းကျောင်း အလုပ်ကတော့ ဆေးရွက်ကြီး စိုက်ပျိုးခြင်းပါ။ ဆေးလိပ်သောက်တဲ့ အခါ ထည့်သောက်တဲ့ ဆေးရွက်ကြီးတွေပါ ။ အစိမ်းရောင်အရွက် ဖားဖားတွေနဲ့။ အဝေးကကြည့်ရင် သိပ်ကိုကြည့်လို့ ကောင်းတယ်။ အနားသွားရင်တော့ ဆေးနံကတော့ မူးနောက်နေတာပဲ။ ဒါပေမယ့်လည်း တပင်လုံး လွှင့်ပစ်စရာ ဘာမှ မရှိလောက်အောင် အဖိုးတန်ပါတယ်။ အမြှစ်က အစ အချိန်နဲ့ရောင်းစားလို့လည်း ရတယ်။ နွေရာသီဆို ဆေးရွက်တွေကို ခူး ၊ ပြီးတဲ့ အခါ လှီးပြီး ၊ အခြောက်ခံ ။ ဆေးလှီးဓါးတွေကလည်း ပြက်သလား မမေးနဲ့ ။ နဂါးနိင်ဓါးလိုမျိုးတွေ ။ လက်ကိုင်နေရာမှာ အ၀တ်တွေပတ်ထားပြီး ဆေးဂျီးတွေကြောင့် မဲနေတက်တယ်။ အဲဒီဓါးနဲ့ ကိုယ်ပေါ်ကို သပ်လိုက်ရင်...ရှိသမျှ အမွှေးအမှင် အကုန်ကျွတ်လို့ အခုနာမည်ကြီး တံဆိပ် Gillette တောင် လက်ဖျားခါသွား လောက်အောင် ထက်ပါတယ်။ အရွက်ကိုလှီး ရိုးတံနဲ့ အမြှစ်ကို ခုတ်ထစ်ပြီး အခြောက်ခံ ပြီးတဲ့နောက်မှာတော့ အဓိက အများဆုံး
တင်ပို့တဲ့ နေရာကတော့ ကရင်ပြည်နယ် ဖားအံကိုပါ။ ရွာကို ကိုယ်တိုင် လာဝယ်တဲ့ အ၀ယ်တော် တွေလည်းရှိပါတယ် ။ ဈေးကျတော့ သူတို့ပေးသလောက်ပဲ ရတာပါ။ ကိုယ်တိုင် တက်ရောင်းမယ် ဆိုရင်တော့ ပိုရတာပေါ့။ ဒါပေမယ့် လူပင်ပန်း ၊ လမ်းစရိတ်ကြီးလွန်းပါတယ်။

၁၉၉၉-၂၀၀၀ ခုနှစ်တုန်းက ဆိုရင် အချိန် (၁၀) ကို ခုနှစ်သောင်း ရှစ်သောင်းလောက်ရပါတယ်။ ဆေးပေါ်ချိန်ဆို လက်ဖျားမှာ ငွေသီးကြပါပြီ ။ အလှူဒါနပြုကြ ၊ ရှင်ပြု ရဟန်းခံ နားထွင်း စုံနေတက်ပါတယ်။ မိုးတွင်း ဆိုရင်တော့ ကိုင်းတွေက ရေမြုပ်တော့ ပိုက်ဆွဲ ၊ ကွန်ပစ် ၊ ကျူဖျာရက် ၊ မြှုံးထောင် စတဲ့ အလုပ်တွေနဲ့ အသက်မွေး ၀မ်းကျောင်း ပြုကြတယ်။ ငရုတ် ၊ မြေပဲ ၊ ဖရဲသီး ၊ ပြောင်း ၊ စတဲ့ ကိုင်းမှာ စိုက်လို့ရတာ အကုန်စိုက်ကြတယ်။ မြစ်ဝကျွန်းပေါ် ဆိုပေမယ့် စပါးကတော့ လက်ချိုးရေလို့ရအောင်ကိုစိုက်ပျိုးမှု့ နည်းပါးတယ်။ နွား ၊ ၀က် ၊ ကြက် ၊ ဘဲ စတဲ့ အိမ်မွေး တိရိစ္ဆာန်တွေ မွေးမြူကြတယ် ။ နွားစာက လွဲလို့ကျန်တဲ့အကောင်တွေက ဒီအတိုင်း လွတ်ထားလို့ ရပါတယ်။ နွေဆို နွားကို လွတ်ထားလို့ ရပေမယ့် မိုးတွင်း ဆိုရင်တော့ လူက နွားကို ပြန်ရှာကျွေးရတယ်။ မြက်တွေက အနီးအနားမှာ မရှိတော့ လှေနဲ့ တကူးတက သွားရိတ်ရတယ်။ မြှုံးထောင်တဲ့ အခါကျတော့ ကြောက်လည်း ကြောက်တယ် ပျော်လည်းပျော်ဖို့ကောင်းတယ်ဗျ။ ကိုင်းပင်တွေ ကြားထဲမှာ မြှုံးထဲကို ဖွဲနလေးတွေထည့်ပြီး ကိုယ့်အရပ်ထက် ၁ ပေလောက်ကျော်တဲ့ ရေအောက်ကို ငုပ်ပြီး မြေပေါ်ကို ထိုးစိုက်ရတာ။ ၆ နာရီခြားတစ်ခါ ပြန်ဖော်ရတယ်။ ကိုင်းပင်တွေကြားထဲမှာ မြွေကလည်း ကြောက်သေးတယ်။ ပြန်ဖော်တဲ့အခါ အများဆုံး မိတက်တာက ပုဇွန်ပါ။ တခါတလေ ငါးမြွေထိုး နဲ့ ငါးအနေတော်လေးတွေ မိနေတက်ပါတယ်။ လူတိုင်းထောင်ကြတယ်ဆိုပေမယ့် ကိုယ့်နေရာနဲ့ ကိုယ့်အမှတ်အသားနဲ့ ကိုယ်ပေါ့။ ပြန်ဖော်တဲ့ အခါ မြွေသာဝင်နေခဲ့ရင်ဆိုတဲ့ အတွေး နဲ့ ကျွန်တော်ဆို ကြောက်၂ နေခဲ့တာ။ သာကီနွယ်သွေးဆိုတော့လည်း အဲဒီလိုပဲ။ တခါ မြှုံး ပြန်ဖော်လိုက်တော့ လက်မောင်းလောက် ရှိတဲ့ ငါးမြွေထိုးကြီး ပါလာတာ။ သူက အကွက်အကွက်တွေနဲ့ ပြီးတော့ သွားတာကလည်း မြွေလိုပဲ တွန့်လိမ် ကောက်ကွေးနေတော့။ အားပါးပါး ဘာပြောကောင်းမလည်း လန့်ပြီးရေထဲ ခုန်ချပစ်တာ။ အဲဒီအကောင်ကို တောင်းထဲထည့်ပြီးမှ လှေပေါ်ပြန်တက်ရဲတယ်။

အထက်တန်းကျောင်း ၊ မူလတန်းကျောင်းတွေ ရှိပေမယ့် ရွာက ( ၃ ) ခြမ်းကွဲသွားတာကြောင့် အရှေ့ဘက်ကမ်းမှာရှိတဲ့ အထက်တန်းကျောင်းကို လှေစီးပြီးသွားတက်ရတယ်။ ညညဆို မြ၀တီကပြတဲ့ ကိုရီးယားကားတွေကြည့် လူငယ်တွေက လူပျိုလှည့်နဲ့။ အခုထိ တော့ဓလေ့ ကို ခုံမင်စွာ ထိန်းသိမ်းထားဆဲပါ။ နောက်ပြီး တောသူတောင်သား ဆိုတဲ့အတိုင်း အလွန်ကို ရိုးသား ဖော်ရွေတဲ့ အပြင် အပူအပင်မရှိ ။ တစ်နေ့တစ်နေ့ မြို့တက်တဲ့သူ ၊ ကိုင်းလုပ်တဲ့သူ ၊ ကွန်ပစ် ၊ ပိုက်ဆွဲ စတဲ့သူတွေနဲ့ ရွာက စည်းကားလှပါတယ်။ ဒါ့အပြင် ရွာမှာ လူမိုက်ဆိုတာ မရှိဘူး ။ အရက်သမားတော့ ရှိတယ်။ ဒါပေမယ့် အဲဒီအရက်သမားဆိုတာကလည်း တရွာလုံးချစ်တဲ့ အရက်သမားမျိုး ဖြစ်နေကြတော့လည်း သိပ်ကိုငြိမ်းချမ်းပါတယ် ။ ကျွန်တော်က ရန်ကုန်မှာမွေး ၊ ရန်ကုန်မှာကြီးပြင်းလာပေမယ့် ရွာမှာရှိတဲ့ အမေ့အမျိုးတွေဆီသွားမယ်ဆိုရင် သိပ်ကိုတက်ကြွနေခဲ့တယ်။ အမှန်က တောဆိုတာ မြို့မှာလို နေရာကျယ်ကျယ် ကစားလို့ရတာကလွဲလို့ ဘာမှ စိတ်ဝင်စားဖို့ မကောင်းပါဘူး။ ဒါပေမယ့် အားတဲ့အချိန်လေးရှိတာနဲ့ ဘယ်မှမသွားဖြစ်ဘူး ။

အမေ့ရွာကိုပဲ သွားလည်ဖြစ်တယ်။ ဟိုမှာက ဆွေးမျိုးတွေလည်း ရှိတာကိုး ။ ကျွန်တော့် အစ်ကိုအမတွေနဲ့ ကိုင်းထဲသွားလိုက် ၊ မြှုံးလိုက်ထောင်လိုက်နဲ့ ပျော်ဖို့တော်တော် ကောင်းပါတယ်။ တခါ ရန်ကုန်က သူငယ်ချင်းတွေ ၁၅ ယောက်လောက် ခေါ်ပြီး ရွာမှာ သွားသောင်းကျန်းလိုက်တာ ။ တရွာလုံးက အိပ်မောကြနေတဲ့ အချိန် သောင်ပြင်ဆင်း ၊ မီးပုံပွဲလုပ်ပြီး သီချင်းအော်ဆိုကြတာ တစ်ရွာလုံးနီးပါး ညက အိပ်မရဘူးလို့ သတင်းပြန်ကြားရတော့ မနည်းထိန်းလိုက်ရတယ်။ အဲဒီလိုကို ပျော်ဖို့ကောင်းတာပါ။ တခါတလေ အမေက အဖေနဲ့ စိတ်ကောက်ရင် ရွာပြန်မယ်ကြီးပဲ လုပ်နေတက်တယ်။ သူ့အမေနဲ့ မောင်နှမတွေရှိတယ်လေ။ မယားတောသူဆိုတဲ့ အတိုင်း အဖေကလည်း ရန်ကုန်သားဆိုပေမယ့် အမေနဲ့ အကြောင်းပါတာ အဲဒီလို ။

အခြေအနေပေးရင် အလည်လာဖို့ ဖိတ်ခေါ်ပါတယ်။ ကျွန်တော့် အမေရွာလို ပျော်ဖို့ကောင်းတဲ့ ရွာတွေလည်း ရှိမှာပါ။ ဒီပို့စ်ကိုရေးချင်တာက အမေ့အတွက် သူ့ရွာလေးကို ဂုဏ်ယူစေချင်လို့ ရည်ရွယ်ပြီး အမေ့ကိုရေးပေးတာပါ။

1 comments:

ပန်းခရေ said...

လာလည်မှာပေါ့ဟ
လာလည်မယ်သိလား
နင်ရေးထားတာတစ်ကယ်ကိုပေါ်လွင်လာတာပဲ
ငါလည်းရောက်ဖူးချင်သားဟ
ဟီး....အလည်ခေါ်နော်
ဆေးလိပ်လည်းသောက်ချင်တယ်...ဟီးးးးးး