Thursday, October 16, 2008

အခန်း ( ၂ )

တကယ့် တကယ်တော့ ကျွန်တော်ကလည်း သူတို့ကို ပုံမှန်ဆက်ဆံတာပါ။ ဘယ်သူဘယ်ဝါ ရယ်လို့တော့ ထွေထွေ ထူးထူး အရေးပေးရမယ်လို့လည်း စိတ်ထဲမထားခဲ့ပါဘူး။ ဒါပေမယ့် လူဆိုတာက သိတယ်မဟုတ်လား ညီအစ်ကိုချင်း မောင်နှမချင်းတောင်မှ ကိုယ့်အပေါ် မကောင်းဘူးလို့ ထင်ရင် မှန်တယ်မှားတယ် မစဉ်းစားချင်တော့ဘူး။ ဒါတောင် မောင်နှမချင်းနော်။ တစိမ်းတရံဆို ပိုဆိုးပါတယ်။ လူတွေက ကိုယ့်အပေါ်သာ သူများက ကောင်းစေချင်တာ ကိုယ်ကရော သူများကို ကောင်းရဲ့လားဆိုတာ မစဉ်းစားတက်ကြဘူး။ ဒါနဲ့ ကျွန်တော်လည်း နေလာလိုက်တာ။ တဖြည်းဖြည်း အပျော်အပါးကနေ အရက်သမား ဖြစ်မှန်းမသိ ဖြစ်လာတယ်။ ညနေဆို အရက်မသောက်ရ မနေနိင်တော့ဘူး။ လက်တွေ တုန်လာတယ်။



အရင်တုန်းကလို ပိုက်ဆံက ရှာချင်တိုင်း ရှာလို့ရပေမယ့် စီးပွားရေး ကျပ်တည်းလာတဲ့ အခါ ဆိုင်ရှင်ကလည်း တခြားကို ရောင်းပစ်မှာမို့ ဘာဆက်လုပ်ရမှန်း မသိဘူး။ ဒါနဲ့ မိန်းမက တဖက်တလှမ်းက ရှာတဲ့ အိမ်ဆိုင်လေးကို အမှီပြုပြီး ပြေလည်အောင် ကြိုးစားနေရတယ်။ အစကတော့ အဆင်ပြေပါတယ် ။ နောက်တော့ သိတဲ့အတိုင်း ဘယ်အလုပ်မှ အဆင်မပြေဖြစ်လာတယ်။ အရင်းတောင် မနည်းပြန်ရှာနေရတဲ့ ခေတ်ကြီးမှာ အရက်ကလည်း ပုံမှန်မသောက်ရရင် မနေနိင်တော့ ညနေဆို စိတ်ညစ်ညစ်နဲ့ အရက်ပဲ သောက်နေမိတယ်။ အိမ်ပြန်မအိပ် ၊ ပြန်လာတော့လည်း ယောက္ခမနဲ့စကားများနဲ့ နောက်ဆုံး သူတို့က လက်မခံနိင်တော့ ကျွန်တော့်မှာ နေစရာဆိုလို့ အဖေ့အိမ်ပဲရှိတော့တာကြောင့် မျက်နှာပူပူနဲ့ပဲ အိမ်ပေါ်ပြန်တက်ခဲ့ရတယ်။ ညီ၊ညီမတွေကတော့ စိတ်နာပေမယ့် သွေးရင်းဆိုတာကြောင့် ဘာမှတော့ မပြောပါဘူး။ စားဖို့အတွက် အမြဲပဲ ချန်ချန်ထားတယ်။ အ၀တ်တွေ လျှော်ပေးတယ်။ ကျွန်တော်ကတော့ သောက်ကောင်းတုန်း။ အရင်က ကိုယ်ခေါ်တိုက်ခဲ့တဲ့သူတွေက ကိုယ့်ကို နုတ်ဆက်ဖော်တောင်မရဘူး။

အချိန်တန်တော့လည်း မသောက်ရမနေနိင်နဲ့ ညီတွေညီမတွေဆီမှာ သူတို့လုပ်ခလေးတွေထဲက မုန့်ဖိုးခေါ် အရက်ဖိုးပြန်တောင်းရင်း ဒီလိုပဲ ပေနေလာခဲ့မိပါတယ်။ နောက်တော့ ကျွန်တော်လည်း လူသားပေပဲဗျာ။ သူတို့က စေတနာရှိလို့ပေးပေမယ့် ကျွန်တော်ကိုယ် ကျွန်တော် ရှက်လာမိတယ်။ ပြီးတော့ လူတကာပြောနေကြတဲ့ ရပ်ကွက်ထဲက တီးတိုးတီးတိုး အတင်းအဖျင်းတွေကိုလည်း ခဏခဏ ကြားနေရတယ်။ ဒီကြားထဲ ကိုယ့်အိမ်ရှေ့မှာ နေတဲ့ မိန်းမနဲ့သားလေး မျက်နှာကိုလည်း မြင်သာမြင် မကြင်ရနဲ့ ။ စိတ်ညစ်လို့ အရက်သောက် ၊ အရက်သောက်တော့ မူးမှောက် ၊ နိးလာတော့ ပြန်သောက်နဲ့။ တဖြည်းဖြည်းနဲ့ တစ်ညတော့ ကျွန်တော့်ကို ကားတစ်စီးနဲ့ ခေါ်သွားကြတယ်ဗျာ။

ဘယ်သူတွေမှန်းမသိဘူး။ မျက်နှာတွေကလည်း မျက်ရည်တွေနဲ့။ ကျွန်တော် အရက်သောက်ချင်တယ်။ ကျွန်တော့်ဆီကို မျောက်အုပ်ကြီး လာနေတယ်။

“ အား လုပ်ပါဦး။ ကယ်ကြပါဦး။ လာနေကြပြီ။ ၊ ဟာ ညီလေး အောင်မျိုး ၊ အစ်ကို့ကို ကယ်ပါဦးကွာ။ ဟိုမှာ မျောက်တွေ ၊ တင့်ကားတွေလည်း ပါတယ် ”

အမှန်က ကျွန်တော် နေ့မအိပ် ညမအိပ်နဲ့ အရက်ကြောင် ကြောင်သွားခဲ့တာပါ။ ကျွန်တော့်ကို ၈ မိုင်မှာ ရှိတဲ့ တံတားလေးစိတ္တဇဆေးရုံကို ခေါ်သွားကြတယ်။ အဲဒီမှာ အရက်လည်းပြက်အောင် ၊ ဆေးလည်း ကုရင်းနဲ့ပေါ့။ ကိုယ်ပိုင်အခန်းလေး ငှားပြီး ထားရှာပါတယ်။ ကျွန်တော့် အခန်းနောက်မှာတော့ တကယ့်ရူးနေတဲ့ သူတွေကို ထားတာပါ။ တစ်ယောက်တစ်မျိုး အော်ကြ ဟစ်ကြနဲ့။ တကယ့်ကို ကြောက်ဖို့ကောင်းတယ်ဗျာ။ ကျွန်တော်ဆေးရုံမှာ နေလာပြီး ၁ ပတ်လောက်ကြာတော့ ပုံမှန်လိုလို ပြန်ဖြစ်လာတယ်။ နောက် ၃ရက်လောက် နေရင် ဆင်းလို့ရပါပြီ ဆိုတာနဲ့ ကျွန်တော်လည်း ၀မ်းသာသွားခဲ့ပါတယ်။ ကျွန်တော်ကိုယ်တိုင် မရူးသွားပေမယ့် သူတို့ကိုယ် မြင်လိုက်တဲ့အခါ ရူးချင်စိတ်လည်းပေါက် ၊ သနားစိတ်လည်း ပေါက်နဲ့။ ဒါနဲ့ ကျွန်တော် ဆုံးဖြက်ချက် ချလိုက်တယ်။ ငါအရက်ပြန်မသောက်တော့ဘူးလို့။

အရက်သောက်လို့ မကြည်ဖြူခဲ့တဲ့ မိန်းမနဲ့ယောက္ခမ ၊ အပေါင်းအသင်းအလယ်မှာ သိက္ခာကျခဲ့ရဲတဲ့ အဖြစ် ၊ ကိုယ်မွေးထားတဲ့ ကလေးကိုတောင် လူလူသူသူမဖြစ်အောင် မထားနိင်ခဲ့တဲ့ဘ၀ကို ကျွန်တော် နားလည်ခဲ့ရပါပြီ။ ယောင်္ကျားရင့်မာကြီး တန်မဲ့ အရက်ဖိုးကို သူများဆီမှာ လက်ဖြန့်တောင်းနေရတဲ့ဘ၀ကို ကျွန်တော် အခုတော့ သိပ်ကိုရှက်တက်ခဲ့ပါပြီ။ ဒါကြောင့် စာဖတ်သူတို့အနေနဲ့ “ အရက်ကို ၀ါသနာပါလို့ပဲ သောက်သောက် ၊ ပျော်လို့ပဲ သောက်သောက် တန်ဆေးလွန်ဘေးဆိုတဲ့ အတိုင်း ” မသောက်လို့မဖြစ်မနေ ဆိုရင်တောင် အလွန်အကျွံမဖြစ်စေချင်ပါဘူး။ အပျော်သောက်တယ် ဆိုရင်တော့ စွန့်လွှတ်သင့်တယ်လို့ ကျွန်တော့်ဘ၀နဲ့ ရင်းပြီးတော့ အကြံပေးချင်ပါတယ်။

ယနေ့ကမ္ဘာ အရက်တွေ ထုတ်နေကြတယ်။ အမျိုးအစားလိုက် အရသာအလိုက် အစရှိသည်ဖြင့်ပေါ့ဗျာ။ အရက်သောက်တိုင်း လူဆိုးတယ် ၊ ဘ၀ပျက်မယ်ရယ်လို့တော့ မဆိုလိုချင်ပါဘူး။ ဒါပေမယ့် လူတော်တော် များများက အရက်သောက်ပြီးတိုင်း မဖြစ်သင့်တဲ့ အမှားတွေ လုပ်တက်ကြတယ် မဟုတ်လား။ ကျွန်တော့်ဘ၀နဲ့ ရင်းပြီးတော့ ဒီစေတနာစကားလေးကို ပြောကြာခြင်း ဖြစ်ပါတယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ...ခင်ဗျာ


4 comments:

Unknown said...

ကောင်းတယ်မောင်လေး
အရက်အကြောင်းသင်ခန်းစာ
ရအောင်ရေးပြတာ..
အားပေးနေတယ်..
ဆိုးသွမ်းအရေးအသားတွေ
ကိုအမြဲလာရောက်ဖတ်ရှု့နေပါတယ်

mgngal said...

အရေးအသားရော သရုပ်ဖော်ပုံရော အားလုံးကြိုက်တယ်။
ကျေးဇူးအထူးတင်ပါတယ် ခင်ဗျာ။ :)
ခင်မင်စွာဖြင့်
မောင်ငယ်

ပန်းခရမ်းပြာ said...

အရက်ကြောင့် ဖြစ်လာတဲ့ ဆိုးကျိုးတွေပါပဲ။ သုံးစွဲသူ အပေါ်မှာ မူတည်တယ်လို့ ထင်တယ်။ လုံးဝ ရှောင်နှိုင်ရင်တော့ အကောင်းဆုံး ပဲပေါ့နော်။
စာအရေးအသားကို ကြိုက်တယ်။ နောက်လည်း လာအားပေးပါမယ်။

Anonymous said...

အရမ်းကောင်းတယ်။ စာရေးသူရဲ့ စေတနာကို ချီးမွမ်းပါရစေ။ ဘယ်သူမဆို စသောက်တုန်းက အရက်သမားကြီးလုံးလုံးဖြစ်ပြီး ဘဝပျက်ချင်လို့ သောက်ကြတာ မဟုတ်ပေမယ့် အပျော်ဆိုပြီး သောက်ရင်းနဲ့ နစ်သထက် နစ်ကုန်တာ။ ဒီဇာတ်လမ်းလေး ဖတ်ရတာ စိတ်ထိခိုက်စရာပဲ။