Wednesday, March 17, 2010


ရှုံးနိမ့်သူ  တိုင်စန် ရဲ့ အင်္ကျီကို ငါက ၀တ်လို့...
( နောက်ဆို ကိုယ်ခန္ဒုာထွားကြိုင်းတဲ့ သူတွေနဲ့
ဘယ်တော့မှ မထိုးသတ်တော့ပါဘူးတဲ့ )
လက်ဖျောက်တစ်ချက်တီးလိုက်တာနဲ့
ကြမ်းပြင်ပေါ်လဲကျနေတဲ့ သွေးက
မြွေဟောက်တစ်ကောင်လို ပါးပြင်ထထောင်တယ်

ကျွန်တော်ဟာ မောက်မာသူ
လူနာတစ်ယောက်ပါ သူငယ်ချင်း
သူဟာ င့ါအတွက် သိပ်တောက်ပနေသလား
စိတ်ပေါ်လာဖိတ်ကျတဲ့ အချစ်ဆိပ်ကြောင့်
နေရောက်ခြည်တောင် သွေးငေါက်တောက်
ပန်းထွက်နေတယ်လို့ မြင်တယ်

ဘောလုံးပွဲကြည့်ရင်း ကျွန်တော် သူမအကြောင်း စဉ်းစားတယ်
ကျွန်ပြူတာခလုတ်တွေနှိပ်ရင်း
ကျွန်တော် သူမအကြောင်းစဉ်းစားတယ်
ခေါင်းပေါ်က ဖြတ်ပျံသွားတဲ့ ငှက်တွေကို ငေးရင်း
ကျွန်တော် သူမအကြောင်း စဉ်းစားတယ်

ရက်စက်တဲ့ ဆည်းဆာအောက်မှာ
မင်းနဲ့ငါ လျှောက်ခဲ့ဖူးတဲ့ လမ်းကလေးက လှုပ်ခါလို့
မင်းနမ်းခဲ့တဲ့ နှုတ်ခမ်းပေါ်
ဆူးခြစ်ရာတွေ မွလို့

ကဗျာရေးလို့မရဘူး
အစာ စားလို့မရဘူး
ညညအိပ်မပျော်ဘူး
တစ်စက္ကန့်ချင်း...တစ်မိနစ်ချင်း....တစ်နာရီချင်း
ခက်ခက်ခဲခဲ အသက်ရှုသွင်းနေရတယ်
သူငယ်ချင်းတွေက ငါ အသည်းကွဲနေတယ်လို့ မသိကြဘူး
 
မျက်စိတချက် အရွှေ့မှားတာနဲ့
အတွေ့အကြုံများတဲ့ ယောင်္ကျားလည်း
မိုင်းနင်းမိတော့တာပဲ

သံထည်သံသားကြီး မျက်ရည်တွေ ယိုစီးစိမ့်ကျ
မျက်ရည်တွေ အတ္တလန္တိတ်သမုဒ္ဒရာထဲ
စီးဆင်းသွားကြတယ်

( မောင်ဖီလာ...ချယ်ရီ၊ ၂၀၀၅ )

1 comments:

ကျောပိုးအိတ် said...

ဆိုးသွမ်းရေ

အသစ်မတင်တော့ အဟောင်းတွေဘဲ ပြန်ရှာဖတ်နေရတယ်။

ခုလောလောဆယ် ဒီကဗျာလေးက ခံစားချက်နဲ့  အရမ်းတိုက်ဆိုင်လို့  ကျွန်မရဲ့  သက်ဆိုင်သူသိအောင် ဒီကဗျာလေးကို ကော်ပီယူပြီး(နည်းနည်းပြန်ပြင်ထားပါတယ်ရှင့်) ဆိုက်တစ်ခုမှ ပြန်တင်ပေးထားလိုက်ပါတယ်။

အောက်မှာ ရေးသားသူကို လေးစားသော အားဖြင့် ကိုဆိုးသွမ်းရဲ့ ဘလော့လိပ်စာ ထည့်ပေးထားပါတယ်။

အခွင့်တောင်းဘို့  ချောင်းနေတာ ကြာနေပေမယ့် ဆိုးသွမ်းကို အွန်လိုင်းမှာ မတွေ့ တာကြောင့် ခုလိုကူးယူပြီးမှ အခွင့်တောင်းရတာ တောင်းပန်ပါတယ်ရှင်။

လေးစားစွာဖြင့်
ကျောပိုးအိတ်