Monday, March 15, 2010
ကျနော် ပြင်ဦးလွင်ကို ပြန်ရောက်တဲ့ နေ့ မှာပါပဲ.... ကံကောင်းချင်တော့ စာရေးဆရာ - မင်းခိုက်စိုးစန်နဲ့ လက်ဖက်ရည်ဆိုင် အတူထိုင်ပြီး
၃ နာရီလောက် စကားပြောခွင့်လေး ရလိုက်တယ်။ အဲဒီရက် မတိုင်ခင်ကတော့ ရန်ကုန်မှာ ကိုမိုးလှိုင်ညနဲ့ မြေနီကုန်းက ကင်းမှာ ညီအစ်ကို နှစ်ယောက် ပွားလိုက်ကြသေးတယ်။ ဒီလောက်အပူအပင်တွေနဲ့ များပြားနေတဲ့ ခေတ်ကြီးမှာ အခုလို အောင်မြင်နေတဲ့ စာရေး
ဆရာတွေ ၊ ကဗျာဆရာတွေနဲ့ တွေ့ဆုံဖို့ ဆိုတာ သာမန်အားဖြင့်တော့ မလွယ်ပါဘူး။ သူ့အပူ ၊ ကိုယ့်အပူ ၊ သူ့အလုပ် ၊ ကိုယ့်အလုပ်နဲ့
ဆိုတော့ တွေ့ကြဆုံကြဖို့က လွယ်တာမှ မဟုတ်တာ။ ဒါတောင် မင်းခိုက်စိုးစန်နဲ့ တွေ့ဖို့ မနက်အစောကြီး သူ့အခန်းရှေ့ သွားစောင့်နေရသေးတာ။ ၉ နာရီလောက်မှ ဆရာက ထလာတယ်။ ညက အိပ်ရေးပျက်တယ်နဲ့ တူပါရဲ့။ လူငယ်စတိုင်နဲ့ ဆရာက
စကားပြော ဖော်ရွေတဲ့အပြင် ပွင့်ပွင့်လင်းလင်းလည်း ပြောတက်ပါတယ်။
ဒီလိုနဲ့ လက်ဖက်ရည်ဆိုင် အတူထိုင်တဲ့ အချိန်ပဲ သူ့မိတ်ဆက် ၊ ကိုယ့်မိတ်ဆက်အပြီး လူပေါင်း ၆ ယောက်မှာ
သူနဲ့ ကျနော်နဲ့ပဲ ရှိသမျှ နိင်ငံရေး ၊ စီးပွားရေး ၊ လူမှုရေး ၊ စတဲ့ အကြောင်းတွေ အကုန်ဆွေးနွေးတော့တယ်။ ဆွေးနွေးတယ်ဆိုတာထက်
ကျနော့် အမြင်ကို သူ့ကို တခါတလေမှသာ ပြောပြပြီး ၊ ကျနော် စိတ်ထဲမှာ တွေးထားတဲ့ အချက်အလက်တခုရဲ့ အကြောင်းအရာနဲ့
သူ့ကို မေးလိုက်တဲ့အခါ ဒီအချက်အလက်ကိုပဲ သူတွေးပြီး ပြောလိုက်တဲ့ အတွေးအခေါ်ကို ကျနော်က နားထောင်ခဲ့ပြီး ကိုယ့်စိတ်ထဲကိုယ်
ဆုံးဖြက်ခဲ့တာ များပါတယ်။ ကျနော်က ဆွေးနွေးသူ မဟုတ်ဘဲ ။ ဂျာနယ်လစ်ပေါက်စ စတိုင်ဖြစ်သွားသလားလို့တောင် ထင်မိပ်ါသေးတယ်။
ပြင်ဦးလွင်မှာ ဇာတ်ညွှန်းအကြံပေးအဖြစ် ပါလာတဲ့ ဆရာနဲ့တွေ့တော့...
ကျနော်။ ဆရာကဗျာတွေ သိပ်မထွက်တော့ဘူးနော်။ ကျနော်က တော်တော်များများ အလွတ်ရနေတာ။
စိုးစန်။ ဟုတ်တယ်ဗျ။ ကျနော် အခု ကဗျာဘယ်လိုမှ ရေးမထွက်ဘူး။ ရေးလည်း မကြိုက်တော့ဘူး။ လွန်ခဲ့တဲ့ ၁၆ ကနေ ၂၀ ကျော် ၂၅ လောက်ထိက အသေအလဲ ရေးလို့ကောင်းတာ။ အခုက ဘယ်လိုမှကို မထွက်တော့တာပါ။
ကျနော် ။ ဆရာ ဘလော့ဂ်တွေ အပေါ် ဘယ်လိုထင်မြင်မိပါသလဲ။
စိုးစန် ။ အင်း ကောင်းပါတယ်။ ကျနော်ကတော့ အားပေးတယ်။ ကျနော်တို့တုန်းက ဒီလိုတောင် မရှိသေးဘူးလေ။
ကျနော် ။ ဟုတ် ကျနော်လည်း ဘလော့ဂ်ရေးတဲ့သူတစ်ယောက်ပါ။ ဒါပေမယ့် အခုနောက်ပိုင်း ဘလော့ဂ်တွေက
စာပေအရေးအသားထက် ၀ါဒဖြန့်တာတွေ ၊ သမီးရည်စားကိစ္စတွေ ၊ လှုမှုရေးတွေနဲ့ ပြည့်နှက်နေသလားလို့ ၊ ကျနော်ဆိုလိုချင်တာက
အနုပညာ စစ်စစ်ကိုပဲ ဖြစ်စေချင်တာပါ။
စိုးစန် ။ အင်း..ဒါကတော့ နည်းပညာ တိုးတက်မှုပေါ် လူတွေက လိုက်လံပြောင်းလဲပြီး အသုံးချသလိုပေါ့။ တချိုကိစ္စလေးတွေက
လမ်းလွှဲသွားတဲ့ အခါ စိတ်မကောင်းရုံဘဲ ရှိတာပေါ့။ ကိုယ့်မှ မတက်နိင်တာ...( ဟဲဟဲ )
ကျနော်။ ခုခေတ်လူငယ်တွေအပေါ် ဘယ်လိုထင်မြင်မိလဲ ဆရာ
စိုးစန် ။ ဒါကတော့ ဒီလိုရှိတယ်ဗျ။ ကျနော်တို့ လူငယ်တွေမှာ သေချာမှု ပျောက်နေတယ်။ ဘာသေချာမှုလည်း ဆိုတော့
ဥပမာ - လူတစ်ယောက်က တစ်နေ့မှာ ၂ နာရီ အလုပ်လုပ်ရမှ ထမင်း ၂ နှပ် စားရမယ်ဆိုရင် ၊ စားရမှာ သေချာရင်
ဒီကောင် အလုပ်ကို ၂ နာရီလုံး လုပ်မှာ သေချာတယ်။ နောက်ပြီး ဘွဲ့ရရင် ဒီကောင် အလုပ်ရမှာ သေချာလား ၊ အဲဒီရတဲ့
အလုပ်ကရော သူသင်ထားတဲ့ အတက်ပညာပေါ် မူတည်ပြီး (ဖက်စလက်တီ) ဆိုတဲ့ ခံစားမှု ပေးနိင်လား ၊ ဒါဆိုရင် သေချာတယ်
ဒီကောင် ဘွဲ့ရအောင်ကို သူကြိုးစားမယ်။ အဲဒီအတက်ပညာ တက်အောင် သင်မယ်မယ်။ အခုအခြေအနေက ဘယ်နေရာမှ ဘယ်အခြေအနေမှ မသေချာဘူးဖြစ်နေတယ်။ ဒီတော့ လုပ်လည်း ဒါပါပဲကွာ ၊ မလုပ်လည်း ဒါပါပဲနဲ့။ သေချာမှုပျောက်နေတာပေါ့လေ။
နောက်ပြီး ဒီခေတ်ရဲ့ အခြေအနေကလည်း ရှေ့လူကြီးတွေ့ရဲ့ နောင်ဒီခေတ်မှာ ဒီလိုဖြစ်မယ်ဆိုတာကို သိရဲ့သားနဲ့
လမ်းမလွှဲကြဘဲ လက်ဆင့်ကမ်း သယ်ဆောင်လာတဲ့ အနေအထားကြီးကို လူငယ်တွေ ခံရတာပေါ့။ သူတို့အပြစ်လည်း မဟုတ်ပါဘူး။
ကျနော် ။ တိုင်းပြည်မှာ လူတန်းစား ၂ ရပ်ပဲ ရှိတော့တယ်နော် ဆရာ
စိုးစန် ။ အင်း..ဟုတ်တယ်ဗျ။ တိုင်းပြည်မှာက သိပ်ချမ်းသာတဲ့ လူရယ် ၊ ဆင်းရဲတဲ့ လူရယ် ၂ မျိုးပဲရှိတော့တယ်။ အလတ်အလတ်
တန်းစားက ပျောက်နေတာကို။ သိပ်ချမ်းသာတဲ့ လူက နိင်ငံရေး အကြောင်းမပြောဘူး ၊ သူ့ဟာနဲ့သူ အဆင်ပြေနေတော့
အေးဆေးပဲ။ လုပ်ချင်တာလုပ် သူတို့အခြေအနေကောင်းဖို့ အရေးကြီးတယ်။ ဆင်းရဲတဲ့ လူကြတော့ တနေ့ထမင်းဖိုး တစ်နေ့ရှာရင်း
နဲ့ပဲ အချိန်ကုန်နေသလိုပေါ့။ အလယ်အလတ်တန်းစားကတော့ ထမင်းစားဖို့ မပူရသလို ၊ ချမ်းလည်း မချမ်းသာတော့ ဟိုတွေးဒီတွေး
တောင်တွေး မြောက်တွေးနဲ့ စဉ်းစားတဲ့ အချိန်တွေ ပေါ်လာတာပေါ့။ ( ရယ်မောပြောဆိုလျက် )
ကျနော် ။ ဆရာတို့ စာရေးတော့ စာအုပ်ဘယ်လောက်ထိ ရိုက်ရသလဲ။ အခုခေတ်က စာအုပ်တွေက ဈေးကြီးနေတော့
ကျနော်လည်း သိပ်မ၀ယ်နိင်တော့ဘူး။
စိုးစန်။ အင်း မြန်မာပြည်သူရဲ့ သန်း ၆၀ နီးပါး အင်အားမှာ ကျနော်တို့ အလွန်ဆုံး ၊ အကောင်းဆုံး စာအုပ်ဆိုရင်တောင်
အုပ်ရေ ၅၀၀၀ ထက်မပိုဘူး။ စာဖတ်အားနည်းတယ်ပေါ့ဗျာ။ အချိုးချကြည့်ပေါ့။
ကျနော်။ အင်း ဒါကလည်း သူ့လိုင်းနဲ့သူပဲ အားပေးတဲ့သူ ရှိတာကြောင့်လို့ပဲ ကျနော်ထင်မိတယ် ဆရာ။
စိုးစန်။ ဒါလည်း ပါတာပေါ့လေ။
ကျနော်တို့ ဆွေးနွေးမှုကတော့ ၃ နာရီလောက် ကြာခဲ့ပေမယ့် တခြား အကြောင်းအရာတွေ ပြောရင်းနဲ့
ဒီလောက်နဲ့ပဲ တင်ပြခွင့်ပြုစေချင်ပါတယ်။ စကားတွေ များစွာ ပြောဖြစ်ခဲ့ပေမယ့်
သိပ်ပြီး မမှတ်မိတော့တာကြောင့် မှတ်မိသလောက်လေးပဲ ကျနော်ရဲ့ တင်ပြမှုကို အဆုံးသတ်ပါတယ်။
ဆရာမင်းခိုက်စိုးစန်အား ကျေးဇူးတင်လျက်......
8 comments:
သြော်
ဆိုးသွမ်းက အင်တာဗျူးလဲလုပ်တဲ့သူပေါ့နော်။
း)
အသံသွင်းထားတာ မျိုး ခွင့်တောင်းပြီး လုပ်လာခဲ့ရင် ပိုပြည့်ပြည့်စုံစုံဖတ်ရမယ်ထင်တယ်
အခုလက်ရှိလူငယ်ဆိုတဲ့ အပိုင်းကို ကျနော်ပိုစိတ်ဝင်စားမိပါတယ်။
လူကြီးတွေက ဘယ်လိုရှိနေပြီး လူငယ်တွေဘယ်လိုရှိနေတယ်ဆိုတဲ့ ရပ်တည်မှုမျိုးပေါ့
အတတ်ပညာ ပါ။ အတက်ပညာမဟုတ်ဘူး။
အကိုနောက်တခါဆိုပိုပြည့်စုံတဲ့အချက်တွေပါအောင်အသံလေးသွင်းပြီပြန်ရေး၇င်ကောင်းမယ်နော်၊အများကြီးဖတ်ရတာပေါ့နော်၊အခုလိုဖတ်ခွင့်ရတာကျေးဇူးတင်ပါတယ်
ဟုတ်ကဲ့...ကျနော်လည်း ဓတ်ပုံလေး ဖြစ်ဖြစ်၊
ဒါမှ မဟုတ် အသံသွင်းခွင့်လေးတော့ ရဖို့ကြိုးစားပါသေးတယ်။ အလောတကြီးဖြစ်သွားတာ မို့ပါ။
နောက်ဆို အတတ်ပညာလို့ သတိထားပါ့မယ်။း)
ဆိုးသွမ်း
သူ့ကဗျာတွေတော့ အရမ်းကြိုက်တယ်။ ဒါပေမယ့် သူ့ရဲ့ လူငယ်တွေ အပေါ်အမြင်တော့ သိပ်မကြိုက်ဘူး။
ရောက် ရောက် လာပါတယ်ညီလေး...။
အစ်ကိုက ဧည့်မှတ်တမ်းမှာ လက်မှတ် မထိုး ဖြစ်လို့ပါ ။ :P
အဆင်ပြေပါစေ..
စာတွေ ဆက်ရေးပါ...။
အမြဲတမ်း လာဖတ်ဖြစ်ပါတယ်...။
မရောက်တာ ကြာသွားတယ်ဗျာ ...
Blogging Sphere က အဲလို ဖြစ်နေတယ်လား
...:(
Post a Comment