Tuesday, March 30, 2010
ကျနော်တို့ သင်တန်းမှာတုန်းက တပ်ပြင်လေ့ကျင့်ခန်းဆိုတဲ့ အောက်ဒိုးတွေ ထွက်ရပါတယ်။ အဲဒီတုန်းက အစိတ်အပိုင်း အဖြစ် လေ့ကျင့်ခဲ့ရတဲ့ ညတိုက်ပွဲ အကြောင်းလေးကို ကျနော် ယခုရေးသားချင်တာပါ။ အသေးစိတ် အခြေအနေကိုတော့ ကျနော် မပြောပြတော့ပါဘူး။ အဲဒီတုန်းက ကျနော်တို့ ခံစားရတဲ့ စိတ်ဓတ်အခြေအနေလေးပေါ့။
ကျနော်တို့ သင်တန်းမှာ တန်းခွဲ ( ၁ ) နဲ့ ( ၂ ) ဆိုပြီး ၂ ခုခွဲထားပါတယ်။ တပ်ပြင်လေ့ကျင်ခန်းတွေ သွားမယ်ဆိုလည်း ကိုယ့်တန်းခွဲနဲ့ကိုယ်ပေါ့။ အဲဒီမှာ တန်းခွဲ တစ်ခုဆီကို တပ်ခွဲ ( ၂ ) ခွဲ၊ ခွဲပေးထားပါတယ်။ ကျနော်တို့တန်းခွဲ ( ၂ ) က တပ်ခွဲ ( ၃ ) နဲ့ တပ်ခွဲ ( ၄ ) ပါ။ ဟိုဘက်တန်းခွဲကတော့ ( ၁ ) နဲ့ ( ၂ ) ပေါ့။ ကျနော်ပါဝင်တာကတော့ တပ်ခွဲ ( ၃ ) ပေါ့။
ဒီလိုနဲ့ ကျနော်တို့ တပ်ပြင်လေ့ကျင့်ခန်း လုပ်ကြတာပေါ့။ မြေပုံပေါ်မှာ ဖြစ်စဉ်အဖွင့်တွေ ဖွင့်ပြီး ရန်သူရှိတယ်လို့ ယူဆရတဲ့ နေရာတွေကို ကျနော်တို့တွေက ကိုယ့်မှာ ရှိတဲ့ အင်အား ၊ လက်နက်အခြေအနေနဲ့ တိုက်ကြရတာပေါ့။
အဲဒီလို လေ့ကျင့်ခန်းပေါင်း များစွာ လုပ်ခဲ့ရပါတယ်။ အဲဒီလို လေ့ကျင့်ခန်းထဲက တစ်နေ့ပေါ့......
ကျနော်တို့ သင်တန်းသားတွေ အဲဒီနေ့က သိပ်ကို ပင်ပန်းနေကြရပါတယ်။ ကျောပိုးအိတ်မှာ ကိုယ့်အတွက် လိုအပ်တဲ့ ရိက္ခာတွေ ၊ ကျည်တွေ ၊ အ၀တ်အစား ၊ ညအိပ်ရင် လိုအပ်မယ် အရာတွေနဲ့ သေနတ်တွေ ကိုင်ပြီး တောင်တွေ တော်တော် များများ တက်လိုက်ရတယ်။ လူတွေကလည်း ရေမချိုးရတာ ၃ ၊ ၄ ရက်လောက်ကြာတော့ နံဟောင်နေပါပြီ။ အဲဒီနေ့က ညနေ ( ၆ ) နာရီလောက် ရောက်တော့ ကျနော်တို့ စခန်းချရမယ့် တောင် ၂ ခု နားကို ရောက်လာပါတယ်။ စခန်းမချမှီ..ယနေ့ညမှာ ညတိုက်ပွဲ ပြုလုပ်မှာ ဖြစ်ကြောင်း ၊ တဖက်နဲ့ တဖက် အပြန်အလှန် ကွန်မန်ဒိုနည်းနဲ့ ပစ္စည်းများ မသိအောင် ယူဆောင်ကြရမှာ ဖြစ်ကြောင်း နဲ့ ရလာတဲ့ ပစ္စည်းများကို မနက်ဖြန်ကြလျှင် ပြန်လည် အပ်နှင်းပြီး ပစ္စည်းအမျိုးအမည်အလိုက် အမှတ်များ ဖြက်ကာ...ရှုံးနိမ့်သူက မုန့်ဝယ်ကျွေးရမည် ဖြစ်တယ်လို့ သင်တန်းမှုးက ပြောပါတယ်။ ကျနော်တို့ တစ်တွေအတွက် မုန့်ကျွေးရတာဟာ ဘယ်သူအတွက်မှ
အဓိက မကျပေမယ့် သင်တန်းသား သက်တူ ရွယ်တူချင်း ရှုံးနိမ့်တာကိုတော့ ဘယ်သူမှ မခံချင်ပါဘူး။
သင်တန်းမှုး မှာကြားပြီးတဲ့ နောက်မှာတော့ ကျနော်တို့ သင်တန်းသားတွေလည်း ကိုယ်စတည်းချရမယ့် တောင်တွေဆီ ဆက်တက်လာခဲ့ပါတယ်။ တောင်က ပေ ၃၀၀၀ ကျော်လောက်ရှိမယ် ထင်တယ်။ ဒါမှ မဟုတ်
ဒီထက်လည်း များဖို့များပါတယ်။ တောင်ပေါ်မတက်ခင် တပ်ခွဲမှုးက ကျနော်တို့ ယခုစခန်းချရမယ့် တောင်က
အစဉ်အဆက် ဟိုဘက် တောင် ၂ ခုအကျော်မှာ ရှိတဲ့ တောင်ပေါ်မှာ တည်းနေတဲ့ တပ်ခွဲတွေကို မြေမျက်နှာ သွင်ပြင်
အနေအထားအရ အမြဲ အရှုံးပေးနေရတာ ကြာပြီဖြစ်တဲ့အတွက် မင်းတို့ အပတ်စဉ်မှာ အနိင်တိုက်ချင်တယ်လို့
ပြောပါတယ်။
သူလိုအပ်တာတွေ မှာကြားပြီးတော့ ကျနော်တို့လည်း တပ်စုလိုက် သက်မှတ်ထားတဲ့ နေရာလေးတွေမှာ စခန်းချပေါ့။
တောင်ရဲ့ ဘေးပတ်ပတ်လည်ကို ကျနော်တို့ နေရာယူပြီး စခန်းချကြပါတယ်။ သဘောကတော့ ပတ်လည်ခံစစ်ပေါ့။
ဒီခံစစ်ရဲ့ သဘောသဘာဝက တခြားသော ခံစစ်တွေထက် အားသာချက်များလို့ပါ။ နေ၀င်ပြီဆိုတော့ တောထဲ တောင်ထဲ ရောက်နေတော့ မှောင်ပြီပေါ့။ ည ၉း ၀၀ လောက်ကျတော့ တန်းစီမယ်လို့ အချက်ပေးပါတယ်။ ဗထူးဆောင်းကလည်း သေလောက်အောင် ကျနော်တို့ကို နှိပ်စက်လွန်းပါတယ်။ အနွေးထည် မလုံလောက်မှု ၊ ခရီးလမ်း ပင်ပန်းမှုနဲ့ ရာသီဥတုဒဏ်တွေကို တော်တော်လေး ခံထားရတော့ အကုန်လုံးက အိပ်ချင်နေကြပါပြီ။
တပ်ခွဲမှုးက ဆဲဆို တန်းစီပြီးတော့ ကျနော်တို့ကို ဟိုဘက် တောင်ကုန်းမှာ တည်းနေတဲ့ တန်းခွဲက ပစ္စည်းတွေကို သွားယူကြမယ်ပေါ့။ အဲဒီမှာ ၀ါသနာပါတဲ့ ကွန်မန်ဒိုလုပ်မယ့်သူတွေ ထွက်ခဲ့ဆိုတော့ ၁၅ ယောက်မှာ ၁၁ ယောက်လောက်ပဲ ထွက်လာတယ်။ ကွန်မန်ဒိုသာဆိုတယ် သဘောကျတော့ သူများပစ္စည်းခိုးရမှာပါ။ ဒါနဲ့ နောက် ၄ ယောက်လိုသေးတယ်။ ထွက်ကျပေါ့။ သာမန်ချိန်ဆို ထွက်ကြမှာပါ။ အခုက အရမ်းပင်ပန်းလို့ နားချင်နေကြတာကိုး။
အဲဒီမှာ ကံဆိုးသူ မောင်ဆိုးသွမ်းပါ။ ကျနော်က ဖိနပ်ပျောက်နေတာနဲ့ တန်းစီတာ နောက်ကျလို့ နောက်ဆုံးမှာ
ဖြစ်သွားတယ်။ တပ်အခေါ်အဝေါ်ဆို ဘယ်ထိပ်စီးရောက်သွားတာပေါ့။
တပ်ခွဲမှုးက ( အေး...မင်းတို့မထွက်ချင်ရင် ၊ ဘယ်ထိပ်စီးနောက်ဆုံးက လူတွေထွက်ခဲ့ဆိုတော့ ) ကျနော့်မှာ မျက်နှာ
ငယ်လေးနဲ့။ ဒါနဲ့ ထွက်မယ်လည်း လုပ်ရော...ကျနော်တို့ တပ်စုက ဒဿာ ဆိုတဲ့ သူငယ်ချင်းက ( မင်း...မထွက်နဲ့ ငါထွက်မယ်...ရော့ ငါ့သေနတ်ယူထား ) ဆိုပြီး ထွက်သွားပါလေရော။ အဲဒီတော့မှ ရင်ထဲ အလုံးကြီး ကျသွားတော့တယ်။ ဒါနဲ့ တပ်ခွဲမှုးလည်း သွားမယ့် ၁၅ ယောက်ကို သေချာမှာပြီး ကျန်တဲ့သူတွေကို တန်းဖြုတ်ပေးလိုက်ပါတယ်။ တန်းဖြုတ်ခါနီး...မနက်ဖြန်မနက် အာရုဏ်တက်မှာ သွားတိုက်မယ့် တပ်ခွဲကို ရွေးတော့
ကျနော်တို့ တပ်ခွဲက မဲပေါက်ပါလေရော။ သူတန်းစီပြီးတာက ၁၁ နာရီ။ ကျနော်တို့ကို မနက် ၃ နာရီအတိမှာ သွားတိုက်ဖို့ တန်းအပ်ပြီး ဖြစ်ရပါမယ်တဲ့။
ကျနော်တို့လည်း တိုးတိုးတိတ်တိတ် ရင်ထဲကဟာတွေ အံထုတ်ပြီး အိပ်ရာဝင်ခဲ့ကြတယ်။ ဒီလိုနဲ့ သက်မှတ်ထားတဲ့ အချိန်မရောက်မှီ အပြည့်အ၀..အနားယူနေတုန်း...ဗြုန်းဆို
ဆက်ရန်
Thursday, March 18, 2010
မှတ်မိသေးတယ်...အမေ
အမေက..အမေ့အမျိုးတွေဆို
စားစရာ မရှိရင်တောင် အန်ကျွေးတက်တဲ့..လူ
လက်ထဲမှာ ၁၀၀၀ ရှိရင်
အမျိုးအတွက် လမ်းစရိတ်ချန်ပြီး
၉၀၀ ဖို့လောက် ၀ယ်သွားခဲ့ပေမယ့်
အမေ့အမျိုးတွေက
အမေ့အတွက်ဆို ရွှေမျက်နှာနဲ့မှ
လာပါ..ထိုင်ပါ ခုံခင်းပေးတက်..သူတွေပါ
ခေတ်ပျက်ကြီးမှာ
သူတပါး ထမင်းကို
အချောင်လုစားတဲ့ ငွေတိုးချေးအလုပ်နဲ့
အဆင်ပြေလာတဲ့ ..အမေ့အမျိုးတွေက
အမေ ပိုက်ဆံရှိတုန်းက
အတိုးမဲ့ ပိုက်ဆံကို
ပြန်မဆပ်ဘဲ ချေးကြပေမယ့်
အမေ အခုပိုက်ဆံမရှိတော့
လူကြုံနဲ့တောင်
အမေ့ ကျန်းမာရေးအတွက်
မေးဖော်မရကြဘူး
ဟိုးလွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က
အမေ...ထောင်ကျတော့
အမေ့..သားသမီးတွေအတွက်
ဘယ်အမျိုးကမှ
လာမကြည့်ခဲ့ပါဘူး...အမေ
ဒါကိုလည်း အမေမသိဘူး...
အမေ့သမီး...အကြီးမ
ဈေးရောင်းကျွေးတဲ့...ထမင်းနဲ့ ဟင်းကို
ကျနော်တို့ မ၀ရေစာ စားရင်း
၁၆ နှစ်သား ကျနော် သွားနှဲ့အောင် အံကြိတ်တက်ခဲ့တယ်
အမေ့သမီးအလတ်မကို
ခါးထစ်ခွင်ရင်း...အမေခဏမဲ့နေတဲ့
ကျနော်တို့ မောင်နှမတွေကို
အမေ့အမျိုးတွေက ဆူလားဟောက်လားနဲ့
မမေ့ဘူး....အမေ
ကျနော် ဆယ်တန်းစာမေးပွဲအတွက်
ထောင်ထဲက..အမေ့ လက်ရေးတိုလေးတွေဟာ
ဒီဘ၀ ဒီအထိ တက်လှမ်းထားနိင်ခဲ့တဲ့
အားဆေးတွေပါ
အခု..အမေ့အမျိုးတွေကို
ကျနော်က စကားမပြောတော့
အမေ့အမျိုးတွေက...ကျနော့်ကို မာနကြီးတယ်တဲ့လား
တော်ကြာ
ပခုံးပေါ်က ဟာတွေကြောင့်လို့
အမေ့အမျိုးတွေက အတင်းပြောနေဦးမယ်
ကျနော် တောင်းစားရရင်တောင်
သူတို့ကို အမေအတွက်နဲ့ ထာဝရ
ခေါင်းမငုံဘူးဆိုတာရယ်
အမေ့ ရွှေမျိုးတွေနဲ့ပက်သက်လို့
ကျနော် ဆွံအသွားတဲ့ အကြောင်း
အမေ့သားက...အာဏာမရူးပေမယ့်
မာနတော့ ရူးတယ်ဆိုတာ
သူတို့သိအောင်
ပြောပြလိုက်ပါ....အမေ
Wednesday, March 17, 2010
ရှုံးနိမ့်သူ တိုင်စန် ရဲ့ အင်္ကျီကို ငါက ၀တ်လို့...
( နောက်ဆို ကိုယ်ခန္ဒုာထွားကြိုင်းတဲ့ သူတွေနဲ့
ဘယ်တော့မှ မထိုးသတ်တော့ပါဘူးတဲ့ )
လက်ဖျောက်တစ်ချက်တီးလိုက်တာနဲ့
ကြမ်းပြင်ပေါ်လဲကျနေတဲ့ သွေးက
မြွေဟောက်တစ်ကောင်လို ပါးပြင်ထထောင်တယ်
ကျွန်တော်ဟာ မောက်မာသူ
လူနာတစ်ယောက်ပါ သူငယ်ချင်း
သူဟာ င့ါအတွက် သိပ်တောက်ပနေသလား
စိတ်ပေါ်လာဖိတ်ကျတဲ့ အချစ်ဆိပ်ကြောင့်
နေရောက်ခြည်တောင် သွေးငေါက်တောက်
ပန်းထွက်နေတယ်လို့ မြင်တယ်
ဘောလုံးပွဲကြည့်ရင်း ကျွန်တော် သူမအကြောင်း စဉ်းစားတယ်
ကျွန်ပြူတာခလုတ်တွေနှိပ်ရင်း
ကျွန်တော် သူမအကြောင်းစဉ်းစားတယ်
ခေါင်းပေါ်က ဖြတ်ပျံသွားတဲ့ ငှက်တွေကို ငေးရင်း
ကျွန်တော် သူမအကြောင်း စဉ်းစားတယ်
ရက်စက်တဲ့ ဆည်းဆာအောက်မှာ
မင်းနဲ့ငါ လျှောက်ခဲ့ဖူးတဲ့ လမ်းကလေးက လှုပ်ခါလို့
မင်းနမ်းခဲ့တဲ့ နှုတ်ခမ်းပေါ်
ဆူးခြစ်ရာတွေ မွလို့
ကဗျာရေးလို့မရဘူး
အစာ စားလို့မရဘူး
ညညအိပ်မပျော်ဘူး
တစ်စက္ကန့်ချင်း...တစ်မိနစ်ချင်း....တစ်နာရီချင်း
ခက်ခက်ခဲခဲ အသက်ရှုသွင်းနေရတယ်
သူငယ်ချင်းတွေက ငါ အသည်းကွဲနေတယ်လို့ မသိကြဘူး
မျက်စိတချက် အရွှေ့မှားတာနဲ့
အတွေ့အကြုံများတဲ့ ယောင်္ကျားလည်း
မိုင်းနင်းမိတော့တာပဲ
သံထည်သံသားကြီး မျက်ရည်တွေ ယိုစီးစိမ့်ကျ
မျက်ရည်တွေ အတ္တလန္တိတ်သမုဒ္ဒရာထဲ
စီးဆင်းသွားကြတယ်
( မောင်ဖီလာ...ချယ်ရီ၊ ၂၀၀၅ )
Tuesday, March 16, 2010
သတိရလိုက်တာ...အင်မဂျင်ရယ်
ဒီလိုပြောရင်
ရှက်တက်ရင်...ရှက်ဖို့ကောင်းတယ်လို့
မင်းက ငါ့ကို ပြန်ပြောဦးမယ်
ရှိပါစေတော့
ငါ့ရဲ့ လွမ်းပိုင်ခွင့်ကို
မင်းလည်းပဲ တားလို့မှမရတာ
တစ်စုံတစ်ယောက်အပေါ်
သစ္စာရှိဖို့အတွက်
တစ်စုံတစ်ယောက်ကို သစ္စာဖောက်လိုက်ရသလိုမျိုး
အသက်ရှုရတာ မ၀ပါဘူး
ဘ၀မှာ အသက်ရှုရတာ မ၀ခဲ့ဘူး
နောင်လည်း အသက်ရှုဖို့ ၀ဦးမှာ မဟုတ်ဘူး
ကိုယ့်သေတွင်း ကိုယ်တူးမိခဲ့သူ
အဖြစ်..ကိုယ့်ဟာကို သိလာတဲ့အခါ
မင်းကို ချစ်တဲ့ မျှော်လင့်ချက် မြက်ပင်လေးဟာ
ငါနဲ့ မလှမ်းမကမ်းမှာ
မှီမှာ မဟုတ်ပေမယ့်
ဆုတ်ကိုင်ထားချင်တဲ့ စိတ်နဲ့
တွင်းထဲက ရုန်းထွက်ဖို့ ကြိုးစားရင်း
တွင်းထဲပဲ ပြန်ပြန်ရောက်နေရတယ်
ခွင့်မလွှတ်ပါနဲ့ အင်မဂျင်ရယ်
ဒါဟာ...ငါ့အတွက် ဘယ်တော့မှ
ကုမရတဲ့ အဆိပ်သင့်ရောဂါလို့ပဲ...ခံယူထားခဲ့ပါ့မယ်
Monday, March 15, 2010
ကျနော် ပြင်ဦးလွင်ကို ပြန်ရောက်တဲ့ နေ့ မှာပါပဲ.... ကံကောင်းချင်တော့ စာရေးဆရာ - မင်းခိုက်စိုးစန်နဲ့ လက်ဖက်ရည်ဆိုင် အတူထိုင်ပြီး
၃ နာရီလောက် စကားပြောခွင့်လေး ရလိုက်တယ်။ အဲဒီရက် မတိုင်ခင်ကတော့ ရန်ကုန်မှာ ကိုမိုးလှိုင်ညနဲ့ မြေနီကုန်းက ကင်းမှာ ညီအစ်ကို နှစ်ယောက် ပွားလိုက်ကြသေးတယ်။ ဒီလောက်အပူအပင်တွေနဲ့ များပြားနေတဲ့ ခေတ်ကြီးမှာ အခုလို အောင်မြင်နေတဲ့ စာရေး
ဆရာတွေ ၊ ကဗျာဆရာတွေနဲ့ တွေ့ဆုံဖို့ ဆိုတာ သာမန်အားဖြင့်တော့ မလွယ်ပါဘူး။ သူ့အပူ ၊ ကိုယ့်အပူ ၊ သူ့အလုပ် ၊ ကိုယ့်အလုပ်နဲ့
ဆိုတော့ တွေ့ကြဆုံကြဖို့က လွယ်တာမှ မဟုတ်တာ။ ဒါတောင် မင်းခိုက်စိုးစန်နဲ့ တွေ့ဖို့ မနက်အစောကြီး သူ့အခန်းရှေ့ သွားစောင့်နေရသေးတာ။ ၉ နာရီလောက်မှ ဆရာက ထလာတယ်။ ညက အိပ်ရေးပျက်တယ်နဲ့ တူပါရဲ့။ လူငယ်စတိုင်နဲ့ ဆရာက
စကားပြော ဖော်ရွေတဲ့အပြင် ပွင့်ပွင့်လင်းလင်းလည်း ပြောတက်ပါတယ်။
ဒီလိုနဲ့ လက်ဖက်ရည်ဆိုင် အတူထိုင်တဲ့ အချိန်ပဲ သူ့မိတ်ဆက် ၊ ကိုယ့်မိတ်ဆက်အပြီး လူပေါင်း ၆ ယောက်မှာ
သူနဲ့ ကျနော်နဲ့ပဲ ရှိသမျှ နိင်ငံရေး ၊ စီးပွားရေး ၊ လူမှုရေး ၊ စတဲ့ အကြောင်းတွေ အကုန်ဆွေးနွေးတော့တယ်။ ဆွေးနွေးတယ်ဆိုတာထက်
ကျနော့် အမြင်ကို သူ့ကို တခါတလေမှသာ ပြောပြပြီး ၊ ကျနော် စိတ်ထဲမှာ တွေးထားတဲ့ အချက်အလက်တခုရဲ့ အကြောင်းအရာနဲ့
သူ့ကို မေးလိုက်တဲ့အခါ ဒီအချက်အလက်ကိုပဲ သူတွေးပြီး ပြောလိုက်တဲ့ အတွေးအခေါ်ကို ကျနော်က နားထောင်ခဲ့ပြီး ကိုယ့်စိတ်ထဲကိုယ်
ဆုံးဖြက်ခဲ့တာ များပါတယ်။ ကျနော်က ဆွေးနွေးသူ မဟုတ်ဘဲ ။ ဂျာနယ်လစ်ပေါက်စ စတိုင်ဖြစ်သွားသလားလို့တောင် ထင်မိပ်ါသေးတယ်။
ပြင်ဦးလွင်မှာ ဇာတ်ညွှန်းအကြံပေးအဖြစ် ပါလာတဲ့ ဆရာနဲ့တွေ့တော့...
ကျနော်။ ဆရာကဗျာတွေ သိပ်မထွက်တော့ဘူးနော်။ ကျနော်က တော်တော်များများ အလွတ်ရနေတာ။
စိုးစန်။ ဟုတ်တယ်ဗျ။ ကျနော် အခု ကဗျာဘယ်လိုမှ ရေးမထွက်ဘူး။ ရေးလည်း မကြိုက်တော့ဘူး။ လွန်ခဲ့တဲ့ ၁၆ ကနေ ၂၀ ကျော် ၂၅ လောက်ထိက အသေအလဲ ရေးလို့ကောင်းတာ။ အခုက ဘယ်လိုမှကို မထွက်တော့တာပါ။
ကျနော် ။ ဆရာ ဘလော့ဂ်တွေ အပေါ် ဘယ်လိုထင်မြင်မိပါသလဲ။
စိုးစန် ။ အင်း ကောင်းပါတယ်။ ကျနော်ကတော့ အားပေးတယ်။ ကျနော်တို့တုန်းက ဒီလိုတောင် မရှိသေးဘူးလေ။
ကျနော် ။ ဟုတ် ကျနော်လည်း ဘလော့ဂ်ရေးတဲ့သူတစ်ယောက်ပါ။ ဒါပေမယ့် အခုနောက်ပိုင်း ဘလော့ဂ်တွေက
စာပေအရေးအသားထက် ၀ါဒဖြန့်တာတွေ ၊ သမီးရည်စားကိစ္စတွေ ၊ လှုမှုရေးတွေနဲ့ ပြည့်နှက်နေသလားလို့ ၊ ကျနော်ဆိုလိုချင်တာက
အနုပညာ စစ်စစ်ကိုပဲ ဖြစ်စေချင်တာပါ။
စိုးစန် ။ အင်း..ဒါကတော့ နည်းပညာ တိုးတက်မှုပေါ် လူတွေက လိုက်လံပြောင်းလဲပြီး အသုံးချသလိုပေါ့။ တချိုကိစ္စလေးတွေက
လမ်းလွှဲသွားတဲ့ အခါ စိတ်မကောင်းရုံဘဲ ရှိတာပေါ့။ ကိုယ့်မှ မတက်နိင်တာ...( ဟဲဟဲ )
ကျနော်။ ခုခေတ်လူငယ်တွေအပေါ် ဘယ်လိုထင်မြင်မိလဲ ဆရာ
စိုးစန် ။ ဒါကတော့ ဒီလိုရှိတယ်ဗျ။ ကျနော်တို့ လူငယ်တွေမှာ သေချာမှု ပျောက်နေတယ်။ ဘာသေချာမှုလည်း ဆိုတော့
ဥပမာ - လူတစ်ယောက်က တစ်နေ့မှာ ၂ နာရီ အလုပ်လုပ်ရမှ ထမင်း ၂ နှပ် စားရမယ်ဆိုရင် ၊ စားရမှာ သေချာရင်
ဒီကောင် အလုပ်ကို ၂ နာရီလုံး လုပ်မှာ သေချာတယ်။ နောက်ပြီး ဘွဲ့ရရင် ဒီကောင် အလုပ်ရမှာ သေချာလား ၊ အဲဒီရတဲ့
အလုပ်ကရော သူသင်ထားတဲ့ အတက်ပညာပေါ် မူတည်ပြီး (ဖက်စလက်တီ) ဆိုတဲ့ ခံစားမှု ပေးနိင်လား ၊ ဒါဆိုရင် သေချာတယ်
ဒီကောင် ဘွဲ့ရအောင်ကို သူကြိုးစားမယ်။ အဲဒီအတက်ပညာ တက်အောင် သင်မယ်မယ်။ အခုအခြေအနေက ဘယ်နေရာမှ ဘယ်အခြေအနေမှ မသေချာဘူးဖြစ်နေတယ်။ ဒီတော့ လုပ်လည်း ဒါပါပဲကွာ ၊ မလုပ်လည်း ဒါပါပဲနဲ့။ သေချာမှုပျောက်နေတာပေါ့လေ။
နောက်ပြီး ဒီခေတ်ရဲ့ အခြေအနေကလည်း ရှေ့လူကြီးတွေ့ရဲ့ နောင်ဒီခေတ်မှာ ဒီလိုဖြစ်မယ်ဆိုတာကို သိရဲ့သားနဲ့
လမ်းမလွှဲကြဘဲ လက်ဆင့်ကမ်း သယ်ဆောင်လာတဲ့ အနေအထားကြီးကို လူငယ်တွေ ခံရတာပေါ့။ သူတို့အပြစ်လည်း မဟုတ်ပါဘူး။
ကျနော် ။ တိုင်းပြည်မှာ လူတန်းစား ၂ ရပ်ပဲ ရှိတော့တယ်နော် ဆရာ
စိုးစန် ။ အင်း..ဟုတ်တယ်ဗျ။ တိုင်းပြည်မှာက သိပ်ချမ်းသာတဲ့ လူရယ် ၊ ဆင်းရဲတဲ့ လူရယ် ၂ မျိုးပဲရှိတော့တယ်။ အလတ်အလတ်
တန်းစားက ပျောက်နေတာကို။ သိပ်ချမ်းသာတဲ့ လူက နိင်ငံရေး အကြောင်းမပြောဘူး ၊ သူ့ဟာနဲ့သူ အဆင်ပြေနေတော့
အေးဆေးပဲ။ လုပ်ချင်တာလုပ် သူတို့အခြေအနေကောင်းဖို့ အရေးကြီးတယ်။ ဆင်းရဲတဲ့ လူကြတော့ တနေ့ထမင်းဖိုး တစ်နေ့ရှာရင်း
နဲ့ပဲ အချိန်ကုန်နေသလိုပေါ့။ အလယ်အလတ်တန်းစားကတော့ ထမင်းစားဖို့ မပူရသလို ၊ ချမ်းလည်း မချမ်းသာတော့ ဟိုတွေးဒီတွေး
တောင်တွေး မြောက်တွေးနဲ့ စဉ်းစားတဲ့ အချိန်တွေ ပေါ်လာတာပေါ့။ ( ရယ်မောပြောဆိုလျက် )
ကျနော် ။ ဆရာတို့ စာရေးတော့ စာအုပ်ဘယ်လောက်ထိ ရိုက်ရသလဲ။ အခုခေတ်က စာအုပ်တွေက ဈေးကြီးနေတော့
ကျနော်လည်း သိပ်မ၀ယ်နိင်တော့ဘူး။
စိုးစန်။ အင်း မြန်မာပြည်သူရဲ့ သန်း ၆၀ နီးပါး အင်အားမှာ ကျနော်တို့ အလွန်ဆုံး ၊ အကောင်းဆုံး စာအုပ်ဆိုရင်တောင်
အုပ်ရေ ၅၀၀၀ ထက်မပိုဘူး။ စာဖတ်အားနည်းတယ်ပေါ့ဗျာ။ အချိုးချကြည့်ပေါ့။
ကျနော်။ အင်း ဒါကလည်း သူ့လိုင်းနဲ့သူပဲ အားပေးတဲ့သူ ရှိတာကြောင့်လို့ပဲ ကျနော်ထင်မိတယ် ဆရာ။
စိုးစန်။ ဒါလည်း ပါတာပေါ့လေ။
ကျနော်တို့ ဆွေးနွေးမှုကတော့ ၃ နာရီလောက် ကြာခဲ့ပေမယ့် တခြား အကြောင်းအရာတွေ ပြောရင်းနဲ့
ဒီလောက်နဲ့ပဲ တင်ပြခွင့်ပြုစေချင်ပါတယ်။ စကားတွေ များစွာ ပြောဖြစ်ခဲ့ပေမယ့်
သိပ်ပြီး မမှတ်မိတော့တာကြောင့် မှတ်မိသလောက်လေးပဲ ကျနော်ရဲ့ တင်ပြမှုကို အဆုံးသတ်ပါတယ်။
ဆရာမင်းခိုက်စိုးစန်အား ကျေးဇူးတင်လျက်......