Friday, February 29, 2008

ဆုတောင်းသည်


သတင်းတွေကတော့ မကောင်းဘူး “ အမေ ”
ပြုသူ နဲ့ ဖြစ်သူမှာ
ဖြစ်သူတွေပဲ အိမ်မက်ဆိုးတွေ ခံစားနေကြရတယ်

ကျွန်တော့်ရဲ့ လက်တစ်ဆုပ်စာ အတွေးလေးနဲ့
ဘယ်သူကို ဘယ်လို နှစ်သိမ့်ဖို့ဆိုတာမပြောနဲ့
ကျွန်တော့ ကို ကျွန်တော်တောင်
လမ်းပျောက်နေတယ်လေ

မီးခိုးနံ ၊ သွေးညှီနံ
ဆေးနံ ၊ လေးဘက်ကာ စိမ်းရွှေရွှေအနံ
အနံတွေ လှိုင်နေလိုက်တာ
အသံတိတ် ငိုသံတွေ အမေ့သား ညညကြားနေရတယ်
ဒီအသံတွေကိုပဲ
ရင်နာနာနဲ့ အမေ့သား ကြည့်နေရပြန်တယ်

“ ဘယ်သူတေတေ ငတေမာရင် ပြီးရော ” ဆိုတဲ့ အတွေးနဲ့
လောကကို ကျွန်တော် အသက်ဆက်မရှင်ချင်တာတော့
အမှန်ပဲ အမေရယ်

အမေရွေးချယ်ပေးခဲ့တဲ့ လမ်းက
နေတက်ရင် ကြေနပ်စရာကြီးပေါ့
အမေ့ကို သားအပြစ်မတင်ပါဘူး...အမေ့ကိုသား မစော်ကားဘူး
အမေက ကျွန်တော်ချစ်ရတဲ့ အမေလေ
ဒါပေမယ့် ဘာလို့လမ်းတွေ ဆိုးသွားတာလဲ အမေရယ်

အမေ့သားကလည်း သူများမမြင်တာမြင်တယ်
သူများ မကြားတာ ကြားတယ်
သူများမပြောတာတွေ ပြောချင်တယ်
သူများထက်လည်း ပိုခံစားတက်တယ်

အခုတော့ ကျွန်တော်လည်း
မြန်မာလူမျိုးပီပီ....ဆုတောင်းရုံပဲ တက်နိင်တော့တယ် “ အမေ ”



Thursday, February 28, 2008


လက်ဝှေ့ ကြိုးဝိုင်းစင်ပေါ်က အရှုံးနဲ့
ဆင်းလာရတဲ့ လူတစ်ယောက်ရဲ့ မျက်နှာလိုမျိုး သင်ခန်းစာတွေနဲ့
ကောင်းကင်တစ်ခုလုံးလဲ အညိုအမဲ စွဲလို့ပေါ့....အမေ

တစ်ချို့က စေတနာကို ဝေဒနာဖြစ်အောင်လုပ်တယ်
တစ်ချို့က စေတနာကို ရီစရာဟာသ တစ်ပုဒ်လို ဟားတိုက်တယ်
တစ်ချို့က သနားသလိုလို မျက်နှာပေးမျိုးနဲ့ လူကိုပြန်အရွဲ့တိုက်တယ်
တစ်ချို့က ကောင်းနေတဲ့ နားကို ကန်းချင်ယောင်ဆောင်ကြတယ်
တစ်ချို့က မြင်နေတဲ့ မျက်စိကို ကွယ်နေတယ်လို့ သဘောထားကြတယ်

ဒါပေမယ့်
အဲဒီလို တစ်ချို့...တစ်ချို့တွေကြားမှာတော့
စေတနာနည်းလည်တဲ့သူတွေ နည်းပါးစွာရပ်တည်နေကြတယ် အမေ
အဲဒါကတော့ ကျွန်တော့်အတွက် အားပေါ့

အဖေ ကျွန်တော့်ကို ပြောဘူးတယ် “ အမေ ”
“ ခွေးမြှီးကောက် ကျည်တောက်စွပ် ”
“ ကျွဲပါး စောင်းတီးတဲ့ ”
အခုတော့ ကျည်တောက်တွေလဲကုန်
စောင်းကြိုးလဲ ပျက်ခဲ့ပြီ......အမေ

အမေ့သား မိုက်တာပါ....
ဖြောင့်မလာတဲ့ လူတွေရဲ့ စိတ်ဓတ်ကို
ကျွန်တော် ကျည်တောက်နဲ့ အကြိမ်ကြိမ်စွပ်ခဲ့
လက်တွေပွန်းပဲ့အောင် စောင်းသံကို နာနာတီးခက်ပေမယ့်
“ ပိုးသာကုန် မောင်ပုံ စောင်းမတက် ” ဆိုသလို
ဒုံးရင်းက ဒုံရင်းပဲ အမေ
အဖေ့စကားကို နားမထောင်ခဲ့တဲ့ သားမိုက်တာပါ

ပညာတွေတက်ရဲ့ သားနဲ့
မျက်စိတစ်ဖက်ကွယ်နေကြတဲ့ သူတွေအတွက်
မျက်စိ နှစ်လုံးလုံး ဖြစ်နိင်ရင် ကျွန်တော်ဖောက်ထုတ်ပေးချင်တယ်
တစ်သက်လုံး တစ်ဖက်တည်း မြင်နေတော့မဲ့ အတွေးတွေကို
ကျွန်တော် ထာဝရ သိမ်းဆည်းပေးချင်လို့လေ

ကိုယ်ထင်ရာ ကိုယ်မှန်တယ်လို့ ယူဆနေတဲ့ ခေတ်ကြီးမှာ
ဘယ်သူမှားမှား ဘယ်သူမှန်မှန်
အမေ့သား မနှစ်သိမ့်တော့ဘူး
အမေ့သား မရိုကျိုးတော့ဘူး
ဥပေက္ခာဆိုတဲ့ သဘောတရားကို
အမေ့သား နားလည်တက်ကျွမ်းသွားပြီ အမေ
ဘယ်သူတွေကံဆိုးမလဲ ဘယ်သူတွေ ကံကောင်းကြမလဲတော့ မသိဘူး
အခုတော့ အမေ့သား စာတက်သွားပြီလေ
“ ဟစ်တလာ ” တောင် ပန်းချီဆရာမဖြစ်ဘဲ
ပက်ဝန်းကျင်ကောင်းမှုကြောင့် အရက်စက်ဆုံး ဖြစ်လာသေးတာပဲ

ဒါပေမယ့်လည်း...စိတ်မပူပါနဲ့ အမေ
အမေ့သားမှာ ရက်စက်တက်တဲ့ စိတ်အခံပါမလာဘူး
သွေးမြေကြ မြင်ကွင်းတွေ ကျွန်တော်လည်း မကြည့်ရက်ဘူး
စားစရာ မရှိ.....ငတ်ပြတ်နေတဲ့ ဒုက္ခတွေ ကျွန်တော် မမြင်ရက်ဘူး

ဒါပေမယ့်....
ကိုယ်ကျိုးစီးပွားအတွက် ဘယ်သူ့ကိုမှ မငဲ့ကွက်တဲ့လူ
တဖက်သက် အမြင်နဲ့ လူတိုင်းကို စော်ကားနေတဲ့လူ
ကိုယ့်ဘက်ကိုယ်ယက်တဲ့ လူ
ကိုယ်အနေအစားချောင်ရင် ပြီးရော...ပါးစပ်က သပုတ်လေလွင့် ပြောတက်တဲ့လူ
အဲဒီလို လူတွေ...လူတွေ အတွက်

အမေ့သားက.......လက်ယဉ်တယ် အမေ ။ ။



Wednesday, February 27, 2008

အချစ်ဆိုရာ



ဟောဒီ....လောကကြီးမှာ
သီချင်းတစ်ပုဒ်လောက်တောင်
သီဆိုခွင့် ၊ ရင်ဖွင့်ခွင့်မရဘဲ
ချောင်ကပ် ကွယ်ပ သွားရတဲ့
အချစ်တွေ အများကြီးပါပဲ

“ ဘ၀ ” ဆိုတာ....
အချစ်ရဲ့ လက်ပါးစေလားကွယ်
အချစ်သီဆိုရာ သီချင်း
ချစ်သူတို့၏ ရင်တွင်းသို့
သက်ဆင်းခိုဝင်နိင်စေရန်
အသံမဲ့ ဂီတ တစ်ခု
ပြုလုပ်ဖန်ဆင်းတော်မူပါ
ဘုရားသခင်........။ ။


မောင်လှမျိုး (ချင်းချောင်းခြံ)

Tuesday, February 26, 2008

နွေဦးပေါက်ရင်



နွေဦးပေါက်ရင်
ဘုရားသခင်က ရှာဖွေပေးခဲ့တဲ့
ဆုမွန်ကောင်း လက်ဆောင်အဖြစ်
သူငါ့ဆီ လာလိမ့်မယ်

နွေဦးပေါက်ရင်
သစ်ရွက်အကြွေတွေ ...အတူတူလိုက်ကောက်မယ်
အဲဒီ သစ်ရွက်အကြွေတွေ ပေါ်မှာ
ရုရှားဘာသာ စကားနဲ့
မင်းနံမည်ကို ရေးထိုးမယ်

နွေဦးပေါက်ရင်
မဆုံးတဲ့ ပြဇာတ် ၀တ္တုရှည်....တစ်ပုဒ်ရေးမယ်
စုဘူးလေးကို ခွဲမယ်
ပြီးတော့ ပြားစေ့လေးတွေကို ရေတွက်မယ်

နွေဦးပေါက်ရင်
မော်စကိုရဲ့ လမ်းတွေစိမ်းစိုလို့
အဲဒီလမ်းတွေပေါ်
ခြေရာတွေ အထပ်ထပ် ထပ်ပေါ်တော့မယ်

နွေဦးပေါက်ရင်..................
နွေဦးပေါက်ရင်..................
နွေဦးပေါက်ရင်.................


Sunday, February 24, 2008


သိနားလည်မှု


“ မင်းတို့အထဲမှာ စန္ဒရားအကြောင်း ကောင်းကောင်း သိတဲ့သူ ပါသလားကွ ”
“ ပါပါတယ် ဆရာ၊ ကျွန်တော် စန္ဒရား တီးတက်ပါတယ် ။ စန္ဒရားအကြောင်း ကောင်းကောင်းသိပါတယ်ခင်ဗျာ ”
“ ဒါဆို ဒီစန္ဒရားကို ကားပေါ်တင်တဲ့အခါ မင်းက ဦးဆောင်ပြီး ဂရုစိုက် တင်ပေးစမ်းပါကွာ ”

သူ မှာထားခဲ့လို့

“ ညကြီးမင်းကြီး ခြေအိတ်ကို ခေါင်းမှာပတ်ပြီး ဘာထွက်လုပ်နေတာလဲ ”
“ ကျွန်မ ယောင်္ကျားက မှာထားလို့ပါ။ သူခရီသွားနေတုန်း ညဘက် အပြင်ထွက်ရင် လူရမ်းကားတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ခြေအိတ်အထက်ပိုင်းကို မထိစေနဲ့ဆိုလို့ ”

နားလေးသူမို့ပါ

“ ခုနက စတိတ်ရှိုးပေါ်မှာ အသံပြဲကြီးနဲ့ ဟဲဗီးသီချင်းဆိုသွားတာ ခင်ဗျား မဟုတ်လား ”
“ ဟုတ်ပါတယ် ဟုတ်ပါတယ် ၊ ကျွန်တော်က တက်သစ်စ အဆိုတော်ပါ ”
“ ဒါဆို တဆိတ် ကူညီစမ်းပါဗျာ။ ပွဲခင်းထဲမှာ ကျုပ်မိန်းမနဲ့ လူချင်းကွဲသွားလို့ ခပ်ကျယ်ကျယ် အော်ပေးစမ်းပါ။သူက နားနည်းနည်းလေးတယ် ”

အပူကိုယ်စားလှယ်

“ အခုတလော ကျုပ်မှာ ပူပင်စရာတွေများလွန်းလို့ ကျုပ်အစား ပူပေးမယ့်သူရှိရှင် ငွေတစ်သိန်း ပေးလိုက်ချင်ပါရဲ့ဗျာ ”
“ ကိုင်း.......ဒါဆို ကျုပ် ပူပေးပါ့မယ် ၊ ငွေတစ်သိန်းသာ မစပါ ”
“ အဲဒါ ပထမဆုံး အနေနဲ့ ခင်ဗျားပူရမယ့် အပူပဲ ”

မေမေ့ တာဝန်ထားလိုက်

“ အဲဒီလူနဲ့ သမီး လက်မထပ်ချင်ဘူး မေမေ ၊ သူနဲ့သမီးနဲ့ အယူအဆချင်း မတူကြဘူး။ သူက ငရဲရှိတယ် ဆိုတာကို မယုံဘူးလို့ အကြောက်အကန် ပြောတယ် မေမေရဲ့ ”
“ လက်ထပ်မှာသာ ထပ်လိုက်ပါ သမီးရယ် ၊ ငရဲ တကယ်ရှိကြောင်း သိအောင်လုပ်ဖို့ မေမေ့တာဝန် ထားလိုက်စမ်းပါ ”

အချစ်အတွက်ဆိုရင်

“ အချစ်အတွက်ဆိုရင် ဘာပဲ လုပ်ရလုပ်ရ ၊ ဘာနဲ့မှ မလဲနိင်ဘူး ။ အရာအားလုံးကို စွန့်လွှတ်ရဲတယ်ဘယ်အရာမှ လာပြီး တားလို့ မရဘူးကွ ”
“ ကဲပါ ယုံပါပြီ ရှင်ရယ် ၊ ဒီညနေ ရုပ်ရှင်လိုက်ပြဖို့ ချိန်းထားတာလည်း မေ့မနေနဲ့ဦးနော် ”
“ စိတ်ချ စိတ်ချ ဖဲဝိုင်းမလုပ်ဖြစ်ဘူးဆိုရင် ဆက်ဆက် လာခေါ်မယ် စောင့်နေ ”

နည်းနည်းစောင့်ပါ

ပထ၀ီဝင်ဆရာမ - “ ရှမ်းကုန်းပြင်မြင်နဲ့ ပတ်သက်လို့ မင်းတို့သိသမျှ ပြောပြစမ်းကွာ ”
တပည့် - “ လောလောဆယ်တော့ ဘာမှ မသိသေးပါဘူး ခင်ဗျာ။ ဒါပေမဲ့ သိသိချင်း ပြောပြပါ့မယ် ”

ဆိုမှဆိုတက်ပဲဟာ

“ ရုပ်ရှင်ညပွဲပြီးလို့ သမီး အိမ်ပြန်လာတော့ လမ်းထိပ်မှာ အရက်မူးသမား အုပ်စုနဲ့ တွေ့တယ် မေမေ။ သူတို့က သမီးကို သီချင်းဆိုခိုင်းတယ် ။ မဆိုပြရင် ဖက်နမ်းရလိမ့်မယ်လို့ ခြိမ်းခြောက်ကြတယ် မေမေ ”
“ အဲဒီတော့ သမီးက ဆိုပြလိုက်တယ်ပေါ့ ”
“ ဟွန့် မေမေ သိသားနဲ့ သမီးမှ မဆိုတက်တဲ့ဟာ ”

အမွေဆက်ခံမိလို့

“ ခင်ဗျား မသေသင့်ဘူးဗျ။ ဟုတ်တယ် ၊ တကယ်ဆို ခင်ဗျား မသေသင့်သေးဘူး ”
“ ဟေ့လူ မူးမူးနဲ့ အုတ်ဂူရှေ့မှာ ငိုပြီး ခင်ဗျားရဲ့ အခင်ဆုံး မိတ်ဆွေမို့လို့လား ”
“ ဟင့်အင်း..ကျွှန်တော့်မိန်းမရဲ့ ပထမ ယောင်္ကျားပါ ”

ရေတွက်ပုံချင်းမတူ

“ စိတ်ဆိုးမယ်ကြံတိုင်း တစ်၊ နစ်၊ သုံး၊ လေး၊ တစ်ဆယ်ထိရေပါလို့ သားကိုပြောထားသားနဲ့၊ အခု ရန်ဖြစ်လာပြန်ပြီလား ”
“ အဲဒီလို ရေမိလို့ အခုလို အထိုးခံရတာပေါ့ ”
“ ဘာဖြစ်လို့လဲကွ ”
“ ဟိုကောင့် အမေက သူ့သားကို ငါးအထိပဲ ရေခိုင်းထားတာ အဖေရဲ့ ”

Cryptogam

ကျွန်တော့် သီချင်းဝက်ဘ်ဆိုက်ဒ် အသစ်လေးကို အလည်လာဖို့ ဖိတ်ခေါ်ပါတယ် ခင်ဗျာ။ ထိုဆိုက်ဒ်လေးမှာ နာမည်ကြီး အဆိုတော်များ၏ Mp3 ၊ Vcd များကို အလွယ်တကူ ဒေါင်းလုပ်ဒ်ချနိင်အောင် အခွေလိုက် ၊ အပုဒ်လိုက်တင်ပေးထားပါတယ်။ မြန်မာ ၊ တရုတ် ၊ ကိုရီးယား ၊ အင်္ဂလိပ် ၊ ရုရှား စသည့် သီချင်းများကို Mp3 ၊ Vcd အလိုက် နားဆင်နိင်အောင် ဒေါင်းလုပ်ပေးထားပါတယ်။ သီချင်းများက ဒေါင်းလုပ်ချရာတွင် အခက်အခဲများရှိပါက စီပုံးတွင် မှာကြားခဲ့နိင်ပါကြောင်း သတင်းကောင်း ပါးအပ်ပါသည်။ ဒါ့အပြင် ကိုရန်အောင်၏ သီချင်းဝက်ဘ်ဆိုက်ဒ် တွင်လည်း ဆက်လက်ရေးသားသွားမှာ ဖြစ်ပါတယ်။ ကဲ အလည်လာကျပါဦး။

ဒီနေရာလေးပါ ====>>> www.cryptogam.blogspot.com

Friday, February 22, 2008

မောင့်မိဖုရား


ရွှေလင်ပန်းနဲ့ အချင်းဆေးနိင်ခဲ့သူ...ဘဝ
ကျမ မဟုတ်ခဲ့သလို
အိစက်ညက်ညောတဲ့ မြနန်းစံတော်မှာ
ထိုင်၍လည်း မစံခဲ့ရပါဘူး...မောင်

ပင်မြင့်မှာပွင့်တဲ့ သဇင်ပန်းလို
ကျမဘ၀...မဝေဆာခဲ့ပေမယ့်
စိုက်ပျိုးသူမဲ့...ရွက်ကျပင်ပေါက်ဘ၀မျိုးလည်း
ကျမ အရွယ်မရောက်ခဲ့ရပါဘူး

အသားတစ်ရာနဲ့ ဟင်းကောင်းစုံလင်
လက်ဆေး စားနိင်ခဲ့သူ..ကျမ မရခဲ့သလို
ဆီဆမ်း......ဆားဖြူးတဲ့ ဘ၀လည်း
ကျမ မဖြစ်ခဲ့ရပါဘူးကွယ်...

သို့ပေမဲ့လည်း....မောင်ရယ်
ဆန္ဒတစ်စုံ ဖွင့်ဟဖို့ရန်
အခွင့်ပေးလာရင်တော့
မောင့်ဘ၀...ရင်ခွင်နန်းတော်မှာ
ထာဝရစံစား...မိဖုရားတစ်ပါး ဖြစ်ချင်တယ် ။


Monday, February 18, 2008

ဓားမြှောင်



တစ်နေ့နေ့မှာ
တစ်ခုခုအတွက် အသုံးကျဖို့ ဒီဓားမြှောင် ရှိနေခဲ့တယ်။
အရုပ်ဆိုးဆိုး ၀ါကျတွေ လေးလံဖိစီးနေတဲ့ နွေဥတုအသားကို ထိုးခွဲပစ်လိုက်ဖို့
ကိုယ်ရေးထားတဲ့ ၀တ္တုထဲက ဗိလိန်ကို ၀တ္တုအဆုံးမှာ ထိုးသတ်ပစ်လိုက်ဖို့
အိမ်မက်တွေရဲ့ သွေးနည်းနည်းများ လိုအပ်ရင် ဖောက်ထုတ်သောက်နိင်ဖို့
ညရဲ့ အသားထဲကနေ ခွေးအူသံတွေ ခွဲထုတ်ပစ်လိုက်ဖို့
ကိုယ့်ယုံကြည်မှုတွေ ကိုယ်ပြန်ပြီး ခြိမ်းခြောက်ဖို့
စိတ်ကူးတွေ ပျစ်နှစ်စေးခဲနေခိုက် ခပ်ပါးပါးချင်းလွှာဖို့
“၀ံပုလွေများ အကြောင်း” ကဗျာရေးခဲ့ချိန်မှာ လိုလိုမည်မည် ဆောင်ထားဖို့
ပက်ကြားအက် လျှာများအတွက် တိမ်တွေရဲ့ ဗိုက်ကို ပစ်ပေါက်မိုးယိုစေဖို့
ကိုယ့်အနုပညာကို အလစ်ချောင်းနေတဲ့ ခါးပိုက်နှိုက်တစ်ကောင်ရန်က ကာကွယ်ဖို့
ငြီးငွေ့မှု အခန်းမှာ ကိုယ့်ဝိဥာဉ်ကို ပြတင်းပေါက်အဖြစ် ထွင်းဖောက်ပစ်လိုက်ဖို့
........ .......... .............
တစ်နေ့နေ့မှာတစ်ခုခုအတွက် အသုံးကျဖို့ ဒီဓားမြှောင် ရှိနေခဲ့တယ် ။ ။

မင်းဒီ

Saturday, February 16, 2008

***** နောက် *****

၁၄ .၂.၂၀၀၈ တုန်းက သားဖြိုးက ပြိုင်ပွဲလုပ်ရင်း ရခဲ့တဲ့ ကဗျာလေးပါ။ အမှတ်တရ ရေးပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ် ငါ့ညီရေ။


နိဗ္မာန်တစ်ခု
ပြိုပျက်ခဲ့ပြီ။ ။

ငါ့အတွေးတွေ ခမ်းခြောက်
လမ်းစတွေ ပျောက်
ငါ့ရဲ့ညတွေ ငါ့နေ့တွေအားလုံး
အမှောင်တစ်ခုနဲ့ ချစ်သူ့နာမည်ကို
ယောင်လို့တောင် လှမ်းမအော်ရဲဘူး
ငါ့နိဗ္မာန်မှာ အမုန်းတွေနဲ့ စွန့်ပစ်ခဲ့တဲ့ချစ်သူ။ ။


အရေခွံဟောင်းတစ်ခုမှာ
ချစ်သူ...မင်းရက်စက်တယ်။ ။

ငါမောပန်းဆဲ နွမ်းလျဆဲ
ဘ၀တစ်ခု အနားသတ်တစ်ခု
အားလုံးကို
ငါတစ်စစီ ပြန်ကောက် ဆက်ခဲ့တယ်။ ။

ငါမောပန်းလို့
အသိတစ်ခုက ငါ့အား
အမောပြေစေတယ်။ ။

အားသစ်တွေနဲ့ ကဗျာ
အမောပြေရင်ကို လှုပ်ခတ်လို့
အရင် အရှုံးအတွက်
စာသားလေး အမျိုးမျိုးနဲ့
ငါ့အားနှစ်သိမ့်တယ်။ ။

တကယ်ကို
ငါ့ရဲ့ နှစ်သက်ရာ
ငါ့ရဲ့ ပျော်မွေ့ရာ
ငါ့ရဲ့ စေစားရာတွေ အားလုံးက
ကဗျာဆိုတာလေး ဖြစ်လာတယ်။ ။

ဒီလိုနဲ့လေ
ငါ့နိဗ္မာန်တစ်ခု
ငါ့ရင်တစ်ခုကို
ကဗျာရေးတဲ့ သူကအသစ်ဆန်းစေခဲ့တယ်။ ။

ငါကျေနပ်ပါတယ်
ငါကြေကွဲခဲ့သမျှ မင်းမြင်တယ်။ ။

ငါငိုခဲ့သမျှမင်း သိတယ်။ ။

ငါတိတ်ဆိတ်နေသမျှ မင်းတွေးဆပေးတယ်။ ။

ကဗျာတွေလည်း ချစ်တတ်လာတယ်။ ။

ငါ့အား၊ ငါ့နိဗ္မာန်အား လင်းစေခဲ့သူမင်း။ ။

ကျေးဇူးတင်လို့ လက်ဆောင်တစ်ခုပေးပါရစေ။ ။

ငါ့နိဗ္မာန်၌ ရှိရှိသမျှအချစ်တွေ မင်းယူပါ။ ။
ငါ့ရင်၌ ရှိရှိသမျှအချစ်တွေ မင်းယူပါ။ ။

ငါ့အချစ် ငါ့ဘ၀အား မင်းရင်ခွင်ခြေရင်း၌ အိပ်စက်ခွင့်ပြုပါနော်။

စက်ရုပ်လူသား


ရေးထားတဲ့ ကဗျာတပုဒ်ရယ်
ပေးနားထောင်မဲ့ သီချင်း နှစ်ပုဒ်နဲ့
ပြောချင်တဲ့ စကားတွေ....ရင်ထဲအပြည့်ထည့်လို့
ပြန်ရာလမ်းကို မျှော်မျှော်သာ ကြည့်နေခဲ့ရတယ်

တန်ဘိုးထား ဖတ်ဖြစ်မှာလား
ဂရုတစိုက် နားထောင်ပေးမှာလား....ချစ်သူရေ
မရေရာ ပေမဲ့ သေချာတာ တစ်ခုကတော့
အိမ်ပြန်လမ်းတွေမှာ ငါတစ်ယောက်တည်း
အဖော်မဲ့ နေခဲ့ပြီလေ

ငါ့မျက်လုံးကတောင် ငါ့ကို ပြန်မေးတယ်
ဘယ်နှစ်နာရီ အိပ်မှာလည်းတဲ့
အားနာစွာနဲ့ ပြန်ပြန်ပြီ.......ပြုံးပြုံးပြနေရတယ်
တကယ်ဆို ငါလည်း မလိုချင်တော့ပါဘူးကွာလို့

အခုဆို သူတို့စစ်ကူခေါ်လာကြပြီလေ
မှုန်ဝါးဝါးဖြစ်လာတဲ့ မျက်လုံးရယ်
ခပ်ထုံထုံ ဖြစ်လာတဲ့ ဦးနှောက်ရယ်
ထိုင်စောင့်နေဖန် များလာလို့ ချိနဲ့တော့မယ်
ခြေလက်တွေရယ်က ငါ့ကို ခေါ်ဖို့ လူစုနေခဲ့တယ် ချစ်သူ

တခုတည်းသော နှလုံးသားက
ဗီတိုအာဏာသုံးပြီး ပယ်ချနေလို့ပေါ့ကွယ်
ဒါပေမယ့်.....တစ်နေ့
နှလုံးသားကို သူတို့အနိင်ရသွားခဲ့ရင်
ငါ သေဆုံးရတော့မယ် ချစ်သူ

ဒီဘ၀ မပေါင်းရဘူးဆိုရင်လည်း
နောင်ဘ၀လည်း ငါ့ကိုထပ်မခေါ်ပါနဲ့
ကဗျာတွေ ငါမရေးတက်ချင်ဘူး
စာတွေ ငါမဖတ်တက်ချင်ဘူး
အေးစက်စက် မျက်နှာထားနဲ့ ဓတ်အားကုန်ရင် ရပ်နေမယ့်
စက်ရုပ်ပဲ ငါလုပ်တော့မယ်

တခုတည်းသော ငါ့အလုပ်က
အချစ်ကို ရူးရူးမူးမူး ခံစားတက်သူတွေကို
ဒီကမ္ဘာက ဖယ်ရှားပစ်ဖို့

သွားမယ်....ချစ်သူ
ငါသွားတော့မယ်....................
ငါ့ကို သူတို့ခေါ်နေကြပြီ ။ ။