Showing posts with label ၀တ္တုတို. Show all posts
Showing posts with label ၀တ္တုတို. Show all posts

Thursday, October 16, 2008

အခန်း ( ၂ )

တကယ့် တကယ်တော့ ကျွန်တော်ကလည်း သူတို့ကို ပုံမှန်ဆက်ဆံတာပါ။ ဘယ်သူဘယ်ဝါ ရယ်လို့တော့ ထွေထွေ ထူးထူး အရေးပေးရမယ်လို့လည်း စိတ်ထဲမထားခဲ့ပါဘူး။ ဒါပေမယ့် လူဆိုတာက သိတယ်မဟုတ်လား ညီအစ်ကိုချင်း မောင်နှမချင်းတောင်မှ ကိုယ့်အပေါ် မကောင်းဘူးလို့ ထင်ရင် မှန်တယ်မှားတယ် မစဉ်းစားချင်တော့ဘူး။ ဒါတောင် မောင်နှမချင်းနော်။ တစိမ်းတရံဆို ပိုဆိုးပါတယ်။ လူတွေက ကိုယ့်အပေါ်သာ သူများက ကောင်းစေချင်တာ ကိုယ်ကရော သူများကို ကောင်းရဲ့လားဆိုတာ မစဉ်းစားတက်ကြဘူး။ ဒါနဲ့ ကျွန်တော်လည်း နေလာလိုက်တာ။ တဖြည်းဖြည်း အပျော်အပါးကနေ အရက်သမား ဖြစ်မှန်းမသိ ဖြစ်လာတယ်။ ညနေဆို အရက်မသောက်ရ မနေနိင်တော့ဘူး။ လက်တွေ တုန်လာတယ်။



အရင်တုန်းကလို ပိုက်ဆံက ရှာချင်တိုင်း ရှာလို့ရပေမယ့် စီးပွားရေး ကျပ်တည်းလာတဲ့ အခါ ဆိုင်ရှင်ကလည်း တခြားကို ရောင်းပစ်မှာမို့ ဘာဆက်လုပ်ရမှန်း မသိဘူး။ ဒါနဲ့ မိန်းမက တဖက်တလှမ်းက ရှာတဲ့ အိမ်ဆိုင်လေးကို အမှီပြုပြီး ပြေလည်အောင် ကြိုးစားနေရတယ်။ အစကတော့ အဆင်ပြေပါတယ် ။ နောက်တော့ သိတဲ့အတိုင်း ဘယ်အလုပ်မှ အဆင်မပြေဖြစ်လာတယ်။ အရင်းတောင် မနည်းပြန်ရှာနေရတဲ့ ခေတ်ကြီးမှာ အရက်ကလည်း ပုံမှန်မသောက်ရရင် မနေနိင်တော့ ညနေဆို စိတ်ညစ်ညစ်နဲ့ အရက်ပဲ သောက်နေမိတယ်။ အိမ်ပြန်မအိပ် ၊ ပြန်လာတော့လည်း ယောက္ခမနဲ့စကားများနဲ့ နောက်ဆုံး သူတို့က လက်မခံနိင်တော့ ကျွန်တော့်မှာ နေစရာဆိုလို့ အဖေ့အိမ်ပဲရှိတော့တာကြောင့် မျက်နှာပူပူနဲ့ပဲ အိမ်ပေါ်ပြန်တက်ခဲ့ရတယ်။ ညီ၊ညီမတွေကတော့ စိတ်နာပေမယ့် သွေးရင်းဆိုတာကြောင့် ဘာမှတော့ မပြောပါဘူး။ စားဖို့အတွက် အမြဲပဲ ချန်ချန်ထားတယ်။ အ၀တ်တွေ လျှော်ပေးတယ်။ ကျွန်တော်ကတော့ သောက်ကောင်းတုန်း။ အရင်က ကိုယ်ခေါ်တိုက်ခဲ့တဲ့သူတွေက ကိုယ့်ကို နုတ်ဆက်ဖော်တောင်မရဘူး။

အချိန်တန်တော့လည်း မသောက်ရမနေနိင်နဲ့ ညီတွေညီမတွေဆီမှာ သူတို့လုပ်ခလေးတွေထဲက မုန့်ဖိုးခေါ် အရက်ဖိုးပြန်တောင်းရင်း ဒီလိုပဲ ပေနေလာခဲ့မိပါတယ်။ နောက်တော့ ကျွန်တော်လည်း လူသားပေပဲဗျာ။ သူတို့က စေတနာရှိလို့ပေးပေမယ့် ကျွန်တော်ကိုယ် ကျွန်တော် ရှက်လာမိတယ်။ ပြီးတော့ လူတကာပြောနေကြတဲ့ ရပ်ကွက်ထဲက တီးတိုးတီးတိုး အတင်းအဖျင်းတွေကိုလည်း ခဏခဏ ကြားနေရတယ်။ ဒီကြားထဲ ကိုယ့်အိမ်ရှေ့မှာ နေတဲ့ မိန်းမနဲ့သားလေး မျက်နှာကိုလည်း မြင်သာမြင် မကြင်ရနဲ့ ။ စိတ်ညစ်လို့ အရက်သောက် ၊ အရက်သောက်တော့ မူးမှောက် ၊ နိးလာတော့ ပြန်သောက်နဲ့။ တဖြည်းဖြည်းနဲ့ တစ်ညတော့ ကျွန်တော့်ကို ကားတစ်စီးနဲ့ ခေါ်သွားကြတယ်ဗျာ။

ဘယ်သူတွေမှန်းမသိဘူး။ မျက်နှာတွေကလည်း မျက်ရည်တွေနဲ့။ ကျွန်တော် အရက်သောက်ချင်တယ်။ ကျွန်တော့်ဆီကို မျောက်အုပ်ကြီး လာနေတယ်။

“ အား လုပ်ပါဦး။ ကယ်ကြပါဦး။ လာနေကြပြီ။ ၊ ဟာ ညီလေး အောင်မျိုး ၊ အစ်ကို့ကို ကယ်ပါဦးကွာ။ ဟိုမှာ မျောက်တွေ ၊ တင့်ကားတွေလည်း ပါတယ် ”

အမှန်က ကျွန်တော် နေ့မအိပ် ညမအိပ်နဲ့ အရက်ကြောင် ကြောင်သွားခဲ့တာပါ။ ကျွန်တော့်ကို ၈ မိုင်မှာ ရှိတဲ့ တံတားလေးစိတ္တဇဆေးရုံကို ခေါ်သွားကြတယ်။ အဲဒီမှာ အရက်လည်းပြက်အောင် ၊ ဆေးလည်း ကုရင်းနဲ့ပေါ့။ ကိုယ်ပိုင်အခန်းလေး ငှားပြီး ထားရှာပါတယ်။ ကျွန်တော့် အခန်းနောက်မှာတော့ တကယ့်ရူးနေတဲ့ သူတွေကို ထားတာပါ။ တစ်ယောက်တစ်မျိုး အော်ကြ ဟစ်ကြနဲ့။ တကယ့်ကို ကြောက်ဖို့ကောင်းတယ်ဗျာ။ ကျွန်တော်ဆေးရုံမှာ နေလာပြီး ၁ ပတ်လောက်ကြာတော့ ပုံမှန်လိုလို ပြန်ဖြစ်လာတယ်။ နောက် ၃ရက်လောက် နေရင် ဆင်းလို့ရပါပြီ ဆိုတာနဲ့ ကျွန်တော်လည်း ၀မ်းသာသွားခဲ့ပါတယ်။ ကျွန်တော်ကိုယ်တိုင် မရူးသွားပေမယ့် သူတို့ကိုယ် မြင်လိုက်တဲ့အခါ ရူးချင်စိတ်လည်းပေါက် ၊ သနားစိတ်လည်း ပေါက်နဲ့။ ဒါနဲ့ ကျွန်တော် ဆုံးဖြက်ချက် ချလိုက်တယ်။ ငါအရက်ပြန်မသောက်တော့ဘူးလို့။

အရက်သောက်လို့ မကြည်ဖြူခဲ့တဲ့ မိန်းမနဲ့ယောက္ခမ ၊ အပေါင်းအသင်းအလယ်မှာ သိက္ခာကျခဲ့ရဲတဲ့ အဖြစ် ၊ ကိုယ်မွေးထားတဲ့ ကလေးကိုတောင် လူလူသူသူမဖြစ်အောင် မထားနိင်ခဲ့တဲ့ဘ၀ကို ကျွန်တော် နားလည်ခဲ့ရပါပြီ။ ယောင်္ကျားရင့်မာကြီး တန်မဲ့ အရက်ဖိုးကို သူများဆီမှာ လက်ဖြန့်တောင်းနေရတဲ့ဘ၀ကို ကျွန်တော် အခုတော့ သိပ်ကိုရှက်တက်ခဲ့ပါပြီ။ ဒါကြောင့် စာဖတ်သူတို့အနေနဲ့ “ အရက်ကို ၀ါသနာပါလို့ပဲ သောက်သောက် ၊ ပျော်လို့ပဲ သောက်သောက် တန်ဆေးလွန်ဘေးဆိုတဲ့ အတိုင်း ” မသောက်လို့မဖြစ်မနေ ဆိုရင်တောင် အလွန်အကျွံမဖြစ်စေချင်ပါဘူး။ အပျော်သောက်တယ် ဆိုရင်တော့ စွန့်လွှတ်သင့်တယ်လို့ ကျွန်တော့်ဘ၀နဲ့ ရင်းပြီးတော့ အကြံပေးချင်ပါတယ်။

ယနေ့ကမ္ဘာ အရက်တွေ ထုတ်နေကြတယ်။ အမျိုးအစားလိုက် အရသာအလိုက် အစရှိသည်ဖြင့်ပေါ့ဗျာ။ အရက်သောက်တိုင်း လူဆိုးတယ် ၊ ဘ၀ပျက်မယ်ရယ်လို့တော့ မဆိုလိုချင်ပါဘူး။ ဒါပေမယ့် လူတော်တော် များများက အရက်သောက်ပြီးတိုင်း မဖြစ်သင့်တဲ့ အမှားတွေ လုပ်တက်ကြတယ် မဟုတ်လား။ ကျွန်တော့်ဘ၀နဲ့ ရင်းပြီးတော့ ဒီစေတနာစကားလေးကို ပြောကြာခြင်း ဖြစ်ပါတယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ...ခင်ဗျာ


Wednesday, October 15, 2008

ကျွန်တော် နာမည် စိုးလွင်ပါ။ လက်ရှိတော့ နီးရက်နဲ့ ဝေးနေတဲ့ မိန်းမနဲ့သားလေး တစ်ယောက်ရှိပါတယ်။ အဲဒီလို ပြောလိုက်လို့ မျက်စိရှုပ်သွားလား မသိဘူး။ ဒီလိုပါ။ အရင်တုန်းက အကြောင်းတိုက်ဆိုင်လို့ ပေါင်းခဲ့ကြပေမယ့် အကြောင်းမညီညွှတ်တဲ့ အခါကြတော့ မပေါင်းကြတော့ဘူးပေါ့။ ဘာကြောင့်နီးနေရတာလဲ ဆိုတော့ကာ ကျွန်တော့် ဇနီးနဲ့သားက ကျွန်တော်တို့ အိမ်ရှေ့မှာ နေတာကိုး။ ဒါကြောင့် နီးလျက်နဲ့ဝေးနေတာပေါ့။ ဘာကြောင့် ဘာကြောင့် ဒီလိုတွေ ဖြစ်လာသလဲ ဆိုတော့..........

ကျွန်တော့်တို့ မိသားစုမှာ မောင်နှမ ကျွန်တော်အပါအ၀င် စိုးလွင် ၊ ခင်အေးလွင် ၊ ညွှန်လွင် ၊ ခင်လေးလွင် ၊ အောင်မျိုးလွင် ဆိုပြီးတော့ မောင်နှမ ငါးယောက်ရှိပါတယ်။ အမေဆုံးပါးပြီးကတည်းက ဒီအောက်က ၄ ယောက်ကို အဖေနဲ့အတူ မိဘနေရာ ယူပြီး မကောင်းတာ တားမြစ် ၊ ကောင်းရာညွှန်ပြခဲ့ရတာပေါ့။ မိသားစု ၆ ယောက်ဟာ အဖေ့လုပ်စာ ၁ ခုတည်းနဲ့ ရန်ကုန်စီးပွားရေးကို ခြေစုံမကန်နိင်ဘူး မဟုတ်လား။ ဒီတော့ ကျွန်တော်လည်း တဖက်က ကျောင်းတက်နေတဲ့ ၁၀ တန်းကို ထွက်ပြီး အဖေ့ရဲ့ ဗေဒင်ဟောနေတဲ့ ပိုက်ဆံနဲ့ မလောက်တဲ့ အိမ်မိသားစု အရေးကို ၀င်ကူရတော့တာပေါ့။ ၁၀ တန်းထွက်တယ်ဆိုတာက လူကလည်း စာမသင်ချင်တာရယ် ၊ တခြားမိသားစု ကိစ္စတွေနဲ့ ပတ်သက်ပြီး စိတ်ညစ်တာကြောင့် ၁၀ တန်းကျပြီး ကျောင်းမဆက်တက် ဖြစ်တော့တာပါ။



ဒါနဲ့ အလုပ်အတွက် ဘာဆို ဘာလုပ်ရမှန်းမသိတော့ ဟိုယောင်ယောင် ဒီယောင်ယောင်ပါပဲ။ တစ်ညနေတော့ ရပ်ကွက်ထဲမှာ စက်ဘီးရောင်းဝယ်ရေး လုပ်နေတဲ့ ဦးကောက်ဆိုတဲ့ သူနဲ့ စကားစပ်မိကြပါတယ်။ ကျွန်တော်က အရပ်က ၅ ပေ ၁၀ လက်မလောက် ရှိတဲ့အပြင် လူကောင်ကလည်း ကြီးကြီးဆိုတော့ ဦးကောက်ကလည်း တလမ်းထဲ သားလည်း ဖြစ်ပြန် ၊ သူ့ဆိုင်ပစ္စည်း အတင်အရွှေ့တွေမှာ အားကိုးရလောက်တာရယ် ၊ လူပျိုလူလွတ်လည်း ဖြစ်တာကြောင့် ကိစ္စရှိလို့ အဝေးပြေးသွားရတဲ့ ခရီးတွေဆို အားကိုးရနိင်တာရယ်ကြောင့် ကျွန့်တော်ကို အလုပ်ပေးဖို့ သဘောတူခဲ့ပါတယ်။

အလုပ်လုပ်တဲ့ နေရာကတော့ အရင်အဝေးပြေး ကားတွေရှိတဲ့ ရန်ကုန် ဆင်မလိုက် ( အဝေးပြေး ကားဝန်းထဲက ) စက်ဘီးရောင်းတဲ့ ဆိုင်မှာပါ။ မြန်မာနိင်ငံအောက်ပိုင်းရော ၊ အနီးအနား တော်တော် များများကပါ စက်ဘီးနဲ့ ပတ်သက်တဲ့ အသစ် ၊ အဟောင်း ၊ အပိုပစ္စည်းက အစ ဒီမှာပဲ တော်တော်များများ လာဝယ်ကြပါတယ်။ များသော အားဖြင့် စက်ဘီးဝယ်သူတွေဟာ မြန်မာလူမျိုးတွေ ဖြစ်နေပြီး ရောင်းသူဆိုင်ရှင်တွေကတော့ ကုလား ၊ တရုတ် တွေများပါတယ်။ ဒီလောက်ဆို ပေါက်တယ်နော်။ :) အလုပ်သမားတွေကတော့ ကုလားနဲ့ မြန်မာတွေ များပါတယ်။ ဒီအကြောင်းကို ပြောရင် ခင်ဗျားကို နောက်ထပ် ၂ ရက်လောက် ပြောရလိမ့်မယ်။

ဒီလိုနဲ့ ကျွန်တော်လည်း အဲဒီဆိုင်လေးမှာ အလုပ်လုပ်ပေါ့။ အစတုန်းကတော့ သူများခိုင်းတာလုပ် ၊ ပိုင်ရှင်ပေးတဲ့ လခကို ယူပြီး ၊ တခါတလေ ကိုယ့်ထက် ဆိုင်ကိုရောက်နေတဲ့သူတွေ ဂွင်ရိုက်နေတာလေးတွေ တွေ့ရင် ပညာယူရတာပေါ့။ သူတို့ဂွင် တခုလောက်မိလိုက်ရင် ကိုယ်ပါ အချင်းချင်း အာရကေ ရပြီလေ။ ဒါလေးတွေကလည်း သင်ယူထားရတယ် မဟုတ်လား။ ဒါနဲ့ ကျွန်တော်လည်း ၂ နှစ် ၃ နှစ်လောက် လုပ်စရာမရှိလို့ ဒီဘက်မှာ အားစိုက်လိုက်တာ နောက်ဆုံး စိုးလွင်ဆို အားလုံးက ရှောင်ပဲ။ အကောင်လည်း ကြီးတယ် ဇလည်းပြင်းတယ် ။ ဆိုင်ရှင်သူဌေးအောက်က နေရာကို ရပြီး ကိုယ်က လိုအပ်ရင် ယိုးဒယားဘက် တက်ပြီး ဆိုင်ပစ္စည်းတွေ ၀ယ်ရတဲ့အထိ ယုံကြည်စိတ်ချမှုရလာခဲ့ပါတယ်။

ဒီတော့ လက်ထဲမှာလည်း ငွေကရွှင်လာပြီလေ။ ကိုယ့်လက်ကိုယ့်ခြေချည်းပဲဆိုတော့ သိတဲ့အတိုင်းပဲ။ ပိုက်ဆံအတော်အတန်လေး စုမိတော့ ကျွန်တော့်နဲ့ အခုမပေါင်းတော့တဲ့ မိန်းမကိုယူလိုက်တယ်။ သူ့ဘက်က မောင်တွေ အမတွေ ၊ ယောက္ခမတွေကိုလည်း ကျွန်တော်က အ၀တ်အစား ၊ အစားအသောက်ကအစ ပေးထား ကျွေးထားတာ။ သူတို့ကလည်း ကျွန်တော် ထမင်းမစားရသေးရင်တောင် “ ဟဲ့ အဲဒါ ကိုစိုးဖို့ ချန်ထားတာ ” အဲဒီလိုတွေကို ဖြစ်လို့။ ရပ်ဝေးက ပြန်လာတိုင်း သူတို့အတွက် လက်ဆောင်ပါနေကြ။ အဲဒီအချိန် ကျနော် သတိမထားမိတာက ကျွန်တော့် ညီနဲ့ညီမလေးတွေရဲ့ ကျွန်တော်အပေါ်ထားတဲ့ စိတ်ပါပဲ။ ကျွန်တော်က ပိုက်ဆံလေးကလည်း ရလာ ၊ အပေါင်းအသင်းတွေကလည်း စုံလာဆိုတော့ အရက်ကို သောက်တက် လာတာပါပဲ။ အမှန်အတိုင်းပြောရရင် ကျွန်တော်ပါလာတဲ့ လက်ဆောင်ပစ္စည်းတွေကို ယောက္ခမဘက်က မိန်းမရဲ့ မောင်တွေ ညီမတွေပဲ ပေးမိတယ်။ ကျွန်တော့်ရဲ့ ညီအရင်း ညီမအရင်း ၊ အဖေအရင်းတွေကို ၅ ပုံရမှ ၁ ပုံလောက် ပေးဖြစ်တာပါ။ နောက်ဆုံး ရပ်ကွက်ထဲမှာ လက်ဖက်ရည်ဆိုင် ထိုင်နေရင်တောင် ညီတွေ ညီမတွေ တွေ့ရင် မခေါ်မိဘူး။ ယောက်ဖတွေကိုပဲ ခေါ်မိတယ်။ ဒီတော့ သူတို့ကလည်း အစ်ကိုကြီးဆိုပေမယ့် ကျွန်တော့်ကို စပြီးချဉ်လာကြတယ်လေ။

ဆက်ရန်.....

Sunday, February 3, 2008

“ လောကမှာ အောင်မြင်ချင်ရင် မျက်နှာပြောင်တိုက်နိင်မှ ရမယ်တဲ့ ” ဆိုင်လားမဆိုင်လားတော့မသိဘူး။ ဟုတ်သလိုလိုတော့ ရှိသားဗျ။ လူဆိုတာသိပ် အတ္တကြီးတယ်လေ။ ကိုယ့်ကိုကိုယ်ထက် ဘယ်သူမှမချစ်ဘူး။ ဒီလိုပြောတော့ အဖေအမေ တွေကို ချစ်တဲ့ သူတွေကိုတော့ စော်ကားသလိုများ ဖြစ်နေရင်...ကျုပ်တောင်းပန်ပါတယ်ဗျာ။

ဒါပေမယ့် ဆရာ လယ်တွင်းသား စောချစ်ကပြောတယ်
“ကိုယ့်အဖေအမေတောင် သူ့တို့အချင်းချင်း ပိုချစ်လို့ မိဘတွေ စွန့်ပြီး တစ်အိုးတအိမ် ထူထောင်ကြတာပဲတဲ့”

အဲလိုဆိုတော့ ဟုတ်သလိုလို ရှိပေမယ့် လူ့သဘာဝအရ အချိန်တန်ရင် အိမ်ထောင်ပြုရမှာပဲ မဟုတ်လား။ ပြောသာ ပြောရတယ် ။ ခင်ဗျားလည်း စိတ်ရှုပ်လာပြီ ထင်တယ်။ အမှန်က ဒါတွေ ပြောနေဖို့ထက်စာရင်ဆိုက်ကားနင်း နေတာကမှ ပိုက်ဆံရဦးမယ်။ ကျုပ်တို့တွေက အကျိုးပေး မကောင်းတော့လည်း ကိုယ့်ဘ၀ တိုးတက်ဖို့ထက် ၀မ်းဝအောင် ရှာနေရတာနဲ့ပဲ လူ့ဘ၀စည်းစိမ်လည်း ခံစားရမယ် မထင်ပါဘူးဗျာ။ သူများနိင်ငံတွေ ဖုန်းဆိုတာ နားလည်နိင်တဲ့ အရွယ်ရောက်ရင် သုံးနိင်နေပြီ။ သူတို့အတွက် ဖုန်း ၊ ကွန်ပျူတာ ဘာဆန်းလည်းဗျာ။ ကျုပ်တသက်တော့ ကိုင်နိင်ဖို့နေနေသာသာသေသွားတဲ့ အဖေအမေတို့တောင် ဟမ်းဖုန်းဆိုတာ ဘာကိုခေါ်တာလည်းလို့ သေရွာကနေခေါ်ပြီး ပြန်မေးရင်တောင်သိမှာ မဟုတ်ဘူး ။

“ ဘာတဲ့...ဘာတဲ့ ဟိုတစ်ခါ သတင်းစာထဲမှာ ဘာကြီးပြိုကျတယ်ဆိုလား လူပေါင်း သောင်းချီ သေတာလား သိန်းချီသေတာလား မသိပါဘူး ” အေး အေး အဲဒီဟာ ဝေါထရိတ် ...ဝေါထရိတ်စင်တာ ။ အမယ် တော်သေးတယ်ဗျ။ အခုလို တစ်ထပ်အိမ်လေးနဲ့ နေရတဲ့ ဘ၀ကိုပဲ ကျေးဇူးတင်ရမယ်။ တော်ကြာ အသုဘချစရာ အလောင်းတောင် ရှိမှာ မဟုတ်ဘူး။ ကျေးဇူးတင် ထိုက်တဲ့ သူတွေကို ကျေးဇူးတင်ရမယ်။အခုလို မွဲပြာနေလို့ မနေနိင်တာ။ ဟိုတစ်နေ့က အမေ့ကို ဆေးခန်းသွားပြတော့ ဆေးဖိုးက ၁ သိန်းလောက်ကျမယ်တဲ့ ။ စဉ်စားကြည့်ဗျာ။ ပိုက်ဆံမရှိရင် သေမဲ့ဘ၀ကြီး ။ အမေကတော့ ပြောပါတယ်

“သားတဲ့ အမေက သေမဲ့သူ ... လုပ်မနေနဲ့ ” အမေ့မြေးတွေကို အဲဒီပိုက်ဆံနဲ့ ရှင်ပြုပေးလိုက်”
ဒါဆို အမေကျေနပ်တယ်တဲ့လေ ။ အေးဗျာ ခေတ်ကလည်း ပိုက်ဆံမရှိရင် သေမဲ့ခေတ် ။ ရောဂါကလည်း ပေါလိုက်တာလွန်ရော ။ အမယ် ဒါတောင် တစ်ချို့ပိုက်ဆံရှိ လူချမ်းသာတွေက ပိုက်ဆံဘယ်လောက် ပေါလည်း ဆိုတော့ နားနားနေနေ နေရအောင် ငွေတက်နိင်ရင် ပျောက်မဲ့ ရောဂါလေး ရချင်တယ်ဆိုပဲ။ ပိုက်ဆံရှိတဲ့ သူတွေက အခုခေတ်မှာ ပိုချမ်းသာ ။ ဆင်းရဲတဲ့သူကျတော့လည်း ကုန်းကောက်စရာ မရှိအောင်ဆင်းရဲ။ အိမ်
ဘေးနားက အရက်သမား ကိုမျိုးမြင့်တို့ကျတော့လည်း တယ်ငြိမ်းချမ်းတာကိုးဗျ။ နေ့ခင်း ဆိုက်ထဲသွား ။ ပင်ပင်ပန်းပန်းနဲ့ အလုပ်လုပ် ။ ဟော ညနေဆို အရက်လေးဝယ်ပြီး အိမ်မှာသောက်။ နောက်နေ့ အလုပ်ပြန်သွား။ အမယ် သူ့ဟာနဲ့သူတော့ တယ်ဇိမ်ကျသား။ ဘာမှ တပ်မက်တဲ့စိတ်မရှိဘူး။ ဘ၀ကို ရေစုန်
မျှော်ပစ်လိုက်တာ။

“မွေးသော်မှသည် သေသည်အထိ အရက်တစ်မျိုးထဲကိုသာ နှစ်ခြိုက်စွာ သောက်သုံးသွား၏”

ဆိုတာမျိုးက အဲဒါကို ပြောတာဖြစ်ရမယ်။ အေးဗျာ လူတိုင်းလူတိုင်းမှာ အခက်အခဲတော့ ရှိကြတာပဲ မဟုတ်လား။ ကျုပ်အခု အမေ့ကို ဆေးကုရမယ်၊ ကလေးတွေ ကျောင်းအပ်ရမယ်။ ဒီအတွက် ကျုပ်အလုပ်ပိုလုပ်ရတော့မယ်ဗျို့။ ကျုပ်ဘ၀အတွက်ဆိုရင်တော့ ဘာလုပ်မှာလည်း။ ဒါပေမယ့် နောက်လာမဲ့ ကျုပ်ကလေးတွေအတွက် သူတို့ဘ၀လှအောင် ကြိုးစားပြီး ရုန်းကန်ရဦးမယ်။ မသေရုံတမယ် ကြိုးစားရှာနေရတဲ့ ဒီခေတ်ကြီးမှာ ကျုပ်ကတော့ လှုပ်ရှားလိုက်ဦးမယ်ဗျာ။ ကျုပ်လိုပဲ အဆင်မပြေတဲ့ ၊ ကျုပ်ထက်လည်း အဆင်ပြေမယ့် မိသားစုတွေ တော့ရှိကြမှာပေါ့။ သူတို့လည်း သူတို့ဘ၀နဲ့ သူတို့ ကြိုးစားကြ ၊ ရုန်းကန်ကြ ၊ လုပ်ကိုင်ကြနဲ့ အမြဲတမ်း အဆင်မပြေနိင်တဲ့ လောကကြီးမှာ အတက်နိင်ဆုံး အဆင်ပြေအောင်
ကြိုးစားနေကြမှာ သေချာတယ်လို့ ပြောခဲ့ရင်း ... နုတ်ဆက်တယ်ဗျာ။ နောက်မှတွေ့ကြတာပေါ့။ အခုတော့အော်ဒါလေးရှိလို့ သွားပြီ ....ရောင်းရင်းရေ။

Friday, February 1, 2008

ဖြက်ကနဲ တရေးနိးလာရင်း နာရီကိုယူကြည့်လိုက်မိတယ်။ အင်း...အိမ်မက်တွေကလည်း ဂယောက်ချောက်ချားနဲ့ ။ ဘာတွေမှန်းမသိ ရှုပ်ယှက်ခက်နေတယ် ။ ဘေးနားက အိမ်သူ မယားကတော့ နှစ်နှစ်ခြိုက်ခြိုက်နဲ့ အိပ်မောကျနေလိုက်တာ ။ တရားသဘောအရ ကြည့်ရင် အသေကြီး ဆိုတာ ဘယ်တော့မှ အသက်ပြန်မရှင်လာတာကို ခေါ်တာတဲ့....လူတွေအနားယူ အိပ်စက်တာ ကြတော့ အသေလေး လို့မှတ်ရတယ်။ ဒါဆို မိန်းမက အသေလေးသေနေတာပေါ့။ အာ...ဘာတွေလျှောက်တွေးနေမှန်း မသိဘူး။ တချက်တချက် အိမ်ရှေ့ခန်းမှာ အိပ်နေတဲ အမေ့ချောင်းဆိုးသံက နားထဲကို လွင့်လွင့်လာတယ်။ အမေကလည်း လူကြီးပိုင်းရောက်လာတော့ ကျန်းမာရေးကမမာတော့ဘူး ။ မသိတဲ့ သူတွေပြောနေကြတဲ့ အတိုင်း လူကြီးရောဂါ ဆိုလား... ကောင်းကောင်းတော့ မသိပါဘူး။အိပ်ချင်မူးတူးနဲ့ နာရီကို တခေါက်ထပ်ပြန်ကြည့်တော့ ၅း ၃၀ ရှိနေပြီ။ ဒါနဲ့ မထချင် ထချင်နဲ့ လျော့ရဲရဲ ဖြစ်နေတဲ့ ပုဆိုးကို ပြန်ဝတ်ရင်း ...အိမ်ရှေ့ကို မျက်နှာသစ်ဖို့ ဆင်းလာခဲ့တယ် ။ ဈေးထဲက မခင်သန်းကိုလည်း ကုန်စိမ်းတင်ဖို့ သွားကြိုရဦးမယ်။ အော်...ဘ၀ ဘဝ

အော်...ကျုပ်ကို ကျုပ် မိတ်ဆက်ပေးဖို့ မေ့နေတဲ့ အတွက် ဆောတီးဗျာ။ ကျုပ်နာမည် ထွန်းမောင်တဲ့ ။ အလုပ်အကိုင်ကတော့ ဆိုက်ကားနင်းတယ်။ အမယ်....ခင်ဗျားက လှောင်ချင်တာလား။ ဆိုက်ကားနင်းတယ် ဆိုပေမယ့် ကိုယ်ပိုင်ဆိုက်ကားပါဗျ။ တစ်နေ့ကို ၆၀၀၀ ကျပ်လောက်တော့ ရတယ်။ ဒီဟာလေးနဲ့ကလေး (၃) ယောက်နဲ့ အမေအိုကြီးကို လုပ်ကျွေးလာတာ ။ အခုအကြီးဆုံး သားတောင် ကုမ္မဏီမှာ အလုပ်ရနေပြီ။
အငယ်ဆုံးကောင်က ၇ တန်း ၊ အလတ်မကတော့ ၉ တန်းနဲ့။ ပြေလည်တယ်လို့တော့ မဟုတ်ပါဘူးဗျာ။ စားလို့လောက်တယ်ဆိုရုံလေးပါ။ အပိုဝင်ငွေကလည်း မရှာတက် ။ အဖေတို့ အမေတို့ စာသင်ပေးတုန်းက ကျုပ်က အလေလိုက် အချောင်ခိုနေဖို့ပဲ သိတော့ ၁၀ တန်းတောင် မရောက်ဘူး ။ ၈ တန်းနဲ့ ကျောင်းထွက်လိုက်ရတယ်။ အဖေကတော့ သားမိုက်ကို ဆုံးမရင်း ကွယ်လွန်ခဲ့ရတယ်။ အခုအမေကတော့ စိတ်မချလို့ထင်ပါရဲ့ ကျုပ်အနားက ဘယ်မှ မသွားသေးဘူး။ ပြောရင်းနဲ့ စကားတွေကလည်း လွဲနေပြန်ပြီ။
ဒီလိုပဲဗျာ မိန်းမကတော့ ဆိုင်ဖွင့်ထားတယ်။ ဆိုင်ဆိုပေမယ့် ရတနာဆိုင်တော့ မဟုတ်ဘူးဗျ။ ခင်ဗျားက တယ်လည်း အထင်ကြီးတာကိုး။ အ.....ဟား....ဟား ။ နားထောင် နားထောင် ။ အသုပ်ဆိုင်ဗျ။ လက်သုပ်လေး သုပ်ရောင်းတယ်။ ဒီနေ့တော့ အိမ်ဘေးမှာ အလှူရှိတော့ ဆိုင်မထွက်တာ။ ဒါကြောင့် သူကတော့ အိပ်နေလေရဲ့ ။

ခင်ဗျားလည်း သိတာပဲဗျာ။ ဒီခေတ်ကြီးမှာ ဘာမဆိုတက်နေတာ။ အဲလိုပြောတာလည်း မတရားဘူးဗျ။ တက်တာဆိုလို့ ကျုပ်တို့ နိင်ငံပဲ ရှိတာ။ စီးပွားရှာစားရတာ သေချင်စိတ်သာ ပေါက်လာတယ်။ ဘယ်တော့မှခါးလှအောင် မဆင်ခဲ့ဘူးဘူး။ ဒီကြားထဲ...ကလေးတွေက လိမ်မာလို့သာပေါ့ဗျာ။ ဘာမှ မပူဆာဘူး။ သူတို့ ဘ၀လည်း သူတို့နားလည်ကြတယ် ထင်ပါရဲ့။ မောမောနဲ့ ကျွန်တော် ဆိုက်ကားနင်းပြန်လာရင် နိပ်ပေး ၊ ရေခပ်ပေးနဲ့ ။ အော်...ကြီးပွားမဲ့ သားသမီးတွေ။ ကျုပ်ထက်တောင် မိဘကို သိတက်သေးတယ်။ အေးဗျာ...ဟုတ်တယ် ။ သူများတွေပြောတာ ကျုပ်ကြားဖူးတာက “ သမုဒယ ၀မ်းတထွာတဲ့ ” တော်သေးတယ်ဗျို့ ။ “တထွာမို့လို့ တတောင် ဆိုမလွယ်ဘူး ” ။ အရင်တုန်းကတော့ ကျုပ်တသက် ဆိုက်ကား နင်းရင်း ရှာကျွေးလာတာ။ အခုတော့ တယ်လည်း ဆိုးတာကိုး ခေတ်က။ အရင်တုန်းက လူတွေ တက္ကဆီလေးနဲ့။ နောက်တော့ ဆိုက်ကားပြောင်းစီးကြတယ်။ ကျုပ်တော့ အကြိုက်ပေါ့။ ဟော...အခုတော့ ဘာပြောကောင်းမလည်း ... တမိုင်လောက် ခရီးတောင် လမ်းလျှောက်ဖို့ ၀န်မလေးကြတော့ဘူး။ ဆိုက်ကားလာငှားရင် ဆစ်လိုက်တဲ့ ဈေးကလည်း ။ တခါတလေ စိတ်ပေါက်ပေါက်နဲ့ “ အဲဒါဆို ခင်ဗျားနင်း ...ကျုပ်ပြန်ပေးမယ် ” ဆိုပြီး လုပ်လိုက်ချင်တာ။

ဒါပေမယ့် သူတို့ကိုလည်း အပြစ်တင် မရဘူးဗျ။ သူတို့လည်း ပိုက်ဆံ အလကားရတာမှ မဟုတ်တာ။ ရသလောက်တော့ ဆစ်ကြမှာပဲလေ။ ပိုက်ဆံက တယ် အရှာခက်တာကိုး။ တစ်နေ့တစ်နေ့ အဆင်ပြေတယ်လို့ကို ပြောမရဘူး။ အိမ်မှာ ၃ ယောက်လုံး ရှာနေလို့သာ မငက်ရုံတမယ် ထမင်းစားနေရတာ။ နောက် လဆိုကလေးတွေ ကျောင်းအပ်ရတော့မယ်။ ကျုပ်လက်ထဲ အပိုဝင်ငွေလည်း မရှိဘူး။ ကျောင်းစရိတ် နဲ့ ကျောင်းဝတ်စုံဖိုး ၊ စာအုပ်ဖိုး ဒါတွေလာတော့မယ်။ တော်သေးတယ်။ ထမင်ချိုင့်တွေ ၊ လွယ်အိတ်လေးတွေက ဟောင်းနေမှန်းသိပေမယ့် ကောင်းနေသေးတော့လည်း အသစ်ဝယ်ပေးစရာမလိုဘူး ။
ဒါပေမယ့် ကျုပ်လည်းမိဘပဲဗျာ။ဘယ်စိတ်ကောင်းပါ့မလဲ ။သူတို့နဲ့ရွယ်တူကလေးတွေမှာ အ၀တ်အစားအသစ်လေးတွေမြင်ရင် မျက်နှာလေးတွေက ညိုးညိုးသွားကြတာ။ ကျုပ်ရင်ထဲ မချိဘူးဗျ။

မိန်းမကတော့ ပြောတယ် “ ကိုထွန်းမောင် ရယ်တဲ့...ရှင်အလုပ်ပြောင်းလုပ်ပါလားတဲ့ ” ပြောရက်ပါ့။ ကျုပ်တသက် ဆိုက်ကားနင်းရင်း ရှာကျွေးလာတာ။ ကျုပ်လည်း လူသားပဲဗျာ။ ပိုက်ဆံပိုလိုချင်တာပေါ့ ဆိုက်ကားမနင်းချင်ရင် ကုန်ထမ်းမှ ပဲဖြစ်နိင်တော့မယ်။ ဒီဆိုက်ကားကိုလည်း သံယောဇဉ်က ဖြစ်နေသေးတယ်။ပြောမယ့်သာ ပြောတာ...“မြန်မာလူမျိုး တယ်လည်း အစွဲအလန်းကြီးတာကိုး ” ဘာမှကို သုံးစားလို့ မရချင်ဘူး။ ဟိုလူမျက်နှာ...ဒီလူ့မျက်နှာ ထောက်ရ ၊ ကြည့်ရ နဲ့။ ဒါကြောင့် တခါကြားဖူးတာ။

“လောကမှာ အောင်မြင်ချင်ရင် မျက်နှာပြောင်တိုက်နိင်မှ ရမယ်တဲ့ ” ဆိုင်လားမဆိုင်လားတော့ မသိဘူး။ ဟုတ်သလိုလိုတော့ ရှိသားဗျ။

ဆက်ရန် ။