Showing posts with label ဘာသာပြန်. Show all posts
Showing posts with label ဘာသာပြန်. Show all posts

Saturday, April 4, 2009

သင်ခန်းစာများ

အယ်နီဟာ ဥာဏ်ကောင်းတယ် ၊ ကြိုးစားတယ် ၊ ဟာသဥာဏ်အလွန်ကောင်းပြီး ဆွဲဆောင်မှုရှိတဲ့ အမျိုးသမီး တစ်ဦးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်းမှာ သူ့ရဲ့ ပိုက်ဆံတွေကို သုံးဖြုန်းပစ်ခဲ့တဲ့ မူးယစ်ဆေးဝါး သမားတချို့နဲ့ ပက်သက်ခဲ့ရတယ်။ သူ့ကိုရိုက်နှက်တဲ့ အရက်သမားတွေနဲ့လည်း ကြုံခဲ့ရပါတယ်။

ဖြစ်ရပ်တွေဟာ ပြန်ဖြစ်တက်တဲ့ သဘော ရှိတယ်။ ကိုယ်က သင်ခန်းစာ မယူတက်ခဲ့ရင် အရင်ကကြုံခဲ့ဖူးတာတွေ ပြန်ကြုံရတက်တယ်။


လူတွေက ကိုယ့်အပေါ် အခွင့်အရေး ယူတက်ကြတယ်ဆိုရင်....

သူငယ်ချင်းတွေက သူတို့ရဲ့ ပြဿာနာတွေကို ဖြေရှင်းပေးဖို့ ၊ သူတို့ရဲ့ ပစ္စည်းတွေကို သယ်ပိုးပေးဖို့ ၊ ရှုပ်ပွနေတဲ့ သူတို့ရဲ့ အခန်းကို ရှင်းလင်းဖို့ ၊ သူတို့ကို နေ့လည်စာ ၀ယ်ကျွေးဖို့ သင့်အပေါ် အခွင့်အရေး ယူကြမယ်။ ဒါကို သင်ကလည်း လိုက်လျောပြီး လုပ်ပေးမယ်ဆိုရင် သူတို့ ဆက်ပြီး အခွင့်အရေး ယူကြဦးမှာပဲ။

တခြားသူတွေ ကိုယ့်အပေါ် အမြတ်ထုတ်တာကို ဆက်ပြီး ငြိမ်ခံနေမယ်ဆိုရင် သင့်မှာ သတ္တိတွေ ဒါမှမဟုတ် အစွမ်းအစ မရှိသေးခင်အထိ ပိုက်ဆံတွေ ဆက်ကုန်နေဦးမှာပဲ။
လူ့ပေါက်ပန်းတွေနဲ့ ဆက်တွဲနေမယ်ဆိုရင်......

ရည်းစားမရှိတာထက်စာရင် တစ်ယောက်ယောက်နဲ့ တွဲနေတာက တော်သေးတယ်လို့ သဘောထားပြီး ရိုင်းစိုင်းသူ ၊ ပျင်းရိသူ ၊ တကိုယ်ကောင်းဆန်သူ တွေကို အနွံတာခံပြီး ဆက်တွဲနေမယ်ဆိုရင် ငရဲကလာတဲ့ အဖော်တွေကို အဆုံးမရှိ ကြုံနေရဦးမှာ ဖြစ်ပါတယ်။
ရပ်တည်ချက် တခုခုမရှိရင် သမိုင်းဆိုတာ တပတ်ပြန်လည်လာတက်ပါတယ်.....

“ ငါသာ တခြားနေရာမှာ ရှိခဲ့မယ်ဆိုရင် ၊ ဥပမာ - ဟိုင်ဝါရီလို နေရာမျိုး ၊ ဒါမှမဟုတ် တခြားသူငယ်ချင်းတွေသာ ရှိနေခဲ့မယ်ဆိုရင် ဒီလိုမျိုး ပြဿာနာမျိုး ကြုံရမှာ မဟုတ်ဘူး ” လို့ တွေးချင် တွေးမိမယ် ၊ ဒါပေမယ့် သင့်ရဲ့ စိတ်ထားကို မပြင်သရွေ့ ပြဿာနာတွေ ကြုံနေရဦးမှာပါပဲ။

အကျွန်ပ်တို့မှာ အားနည်ချက်တွေ ရှိတဲ့အခါ ဒါဟာ သံလိုက်လိုပါပဲ၊ ဘယ်နေရာကိုပဲ သွားသွား အရင်ရခဲ့ဖူးတဲ့ သင်ခန်းစာမျိုးတွေကိုသာ ထပ်ရမှာ ဖြစ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဒါဟာ ဘ၀ရဲ့ ဥပဒေသ ပါ။

စိတ်ဆင်းရဲ သူတွေ ပြောကြတာက “ ဘာကြောင့် င့ါကိုမှ ဒါမျိုးတွေ ရွေးဖြစ်နေရတာလဲ ”

ဘ၀မှာ အကျိုးရှိရှိ နေတက်သူတွေကတော့ “ ဒီသင်ခန်းစာကို ယူရမယ် ၊ ဒါမှ မဟုတ်ရင် နောက်တခါ ထပ်ဖြစ်လာဦးမယ် ”

“ သင့်ဘ၀မှာ ကြုံတွေ့ရတဲ့ သင်ခန်းစာမှန်သမျှ သင့်အတွက် ခွန်အားပို၍ တိုးစေတယ်လို့ မှတ်ယူပါ။ ဒီလိုစိတ်ထားတက်ရင် ဒုက္ခခံစားရသူလို ခံစားရမှာ မဟုတ်ပါဘူး ”


Sunday, February 8, 2009

ပျော်အောင်ထားပါ



သင်ပျော်ရွှင်နေတဲ့အခါ “ ငါတော့ ၀မ်းနည်း ကြေကွဲနေတဲ့လူတွေနဲ့ အပေါင်းအသင်း လုပ်သင့်တယ် ” လို့များ ကိုယ့်ကိုယ်ကိုယ် ပြောဖူးသလား ။

မပြောဖူးပါဘူး ။ ကိုယ့်လို ပျော်နေတဲ့ လူတွေကိုပဲ ရှာပါတယ်။ ပျော်တဲ့လူက ပျော်တဲ့ လူကိုပဲ ဆွဲဆောင်တယ်။ ဘယ်သူ ၊ ဘယ်ဝါမှ မပျော်ရွှင်တဲ့လူကို မခေါ်ဘူး။ မပျော်တဲ့ လူကလည်း မပျော်တဲ့လူကိုပဲ ဆွဲဆောင်တယ်။တစ်ယောက်ယောက်က ကိုယ့်ကို ပျော်အောင် လုပ်ပေးနိင်တယ်ဆိုတဲ့ အတွေးမျိုး ဘယ်ကရသလဲ။ သီချင်းတွေနဲ့ ရုပ်ရှင်တွေထဲက ရတာ ဖြစ်ကောင်း ဖြစ်နိင်ပါတယ်။

သီချင်းတွေနဲ့ ရုပ်ရှင်တွေထဲမှာ “ မင်းနဲ့မတွေ့ခင်တုန်းက ကိုယ်ဟာ အထီးကျန် အရှုံးသမားပါ။ ဒါပေမယ့် မင်းက အရာရာကို ပြောင်းလဲပေးတယ် ” လို့ပြောကြတယ်။

အဲ...တကယ်တမ်း လက်တွေ့ ဘ၀မှာတော့ “ မင်းနဲ့ မတွေ့ခင်တုန်းကတော့ ကိုယ်ဟာ ၀မ်းနည်း ကြေကွဲနေရတယ် ၊ မင်းနဲ့တွေ့မှ ပိုဆိုးသွားတယ် ”

တကယ်တော့ လက်တွေ့ဘ၀မှာ ကျွနုပ်တို့ရဲ့ဘ၀ကို တခြားလူတွေက ပြောင်းလဲပေးတာ မဟုတ်ပါဘူး။ ကိုယ့်ဘာသာ ပြောင်းလဲရတာပါ။ စိတ်ဓတ်ကျနေမယ် ၊ စိတ်အားငယ်နေမယ်ဆိုလျှင် သင့်ရဲ့အတွေးတွေကို သင်တစ်ယောက်သာလျှင် ပြောင်းလဲပစ်နိင်ပါတယ်။ စိတ်ဆင်းရဲမှုတွေကနေ တဆင့်ပြီး တဆင့်ရုန်းထွက်ရပါတယ်။

အကောင်းမြင် အတွေးတွေ ပေါ်စပြုလုရင် သင်ဟာ ပျော်ရွှင်တဲ့ မိတ်ဆွေကောင်း တွေနဲ့ ပျော်ရွှင်တဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ဆွဲဆောင်နိင်ပါပြီ။ အကောင်းမြင် အပြုသဘောဆောင်သူတွေ ၀န်းရံနေဖို့ ဦးစွာ ပထမ သင့်မျက်နှာမှာ အပြုံးလေး ရှိနေပါစေ။

Author - Andrew Matthews


Saturday, December 27, 2008


“ အဖိုးမတန်သော အမှိုတ်တွေနဲ့ နေထိုင်ခြင်းဟာ သင့်ဘ၀ တန်ဖိုးကို ထိခိုက်စေပါသည် ”


စိတ်ပညာ စမ်းသပ်ချက်တွေအရ ရှုပ်ပွနေတဲ့ အိမ်တွေနဲ့ ရှုပ်ပွနေတဲ့ ရုံးတွေမှာ နေထိုင် လုပ်ကိုင်ကြရသူတွေဟာ စိတ်ဖိစီးမှု ပိုများတာကို တွေ့ရှိရပါတယ်။ သန့်ပြန့်ရှင်းလင်း နေတဲ့နေရာမှာ နေထိုင်ရတာ စိတ်တင်းကျပ်မှု ပိုလျော့စေပြီး အင်အားတွေလည်း ဖြစ်စေနိင်ပါတယ်။

ရေစီးကောင်းတဲ့ မြစ်တွေက အမှိုက်တွေကို သူ့ဘာသာ ရှင်းလင်းတယ်။ သစ်ပင်တွေက ရွက်ဟောင်းနဲ့ အသီးပုပ်တွေကို သူ့ဘာသာ ကြွေကျစေတယ်။ ကိုယ်လက်သန့်ရှင်းရေး လုပ်လိုက်တဲ့အခါ နေရထိုင်ရ ပိုကောင်းလာသလိုပေါ့။ အိမ်မှာလည်း ဒီအတိုင်းပဲ ။ ရှင်းလင်းပစ်တာနဲ့ ပတ်သက်လို့ တွေးစရာ တချို့ကတော့

(၁) သင့်ရဲ့ အ၀တ်အစား အဟောင်းတွေ ဘယ်တော့မှ ခေတ်ပြန်စားလာမှာ မဟုတ်ဘူး။ ခေါင်းလောင်းဘောင်းဘီတွေ ခေတ်ပြန်စားလာတယ် ထားအုံး ၊ ချည်သား ဒါမှမဟုတ် အရောင်တွေက အရင်ကလို မဟုတ်ဘဲ ပြောင်းလဲသွားပြီ။ ဖက်ရှင်ဒီဇိုင်းဆရာတွေဟာ သိပ်မညံကြပါဘူး။ ခင်ဗျားရဲ့ ဗီဒိုချောင်ထဲမှာ ဘာတွေရှိတယ်ဆိုတာ သူတို့ သိပြီးသားပါ။

(၂) တစ်ခါတလေ လွှင့်ပစ်ဖို့ ကျွန်ုပ်တို့ တွန့်ဆုတ်နေတတ်ကြတယ်။ ကိုယ်နှင့်မလိုက်ဘဲ ၊ ပိုက်ဆံအကုန်ခံပြီး ၀ယ်လာတယ်လို့ အပြောခံရမှာ စိုးလို့။ စိတ်အေးအေးထားပါ။ တကယ်တော့ ကျွနုပ်တို့အားလုံး အ၀ယ်မှားတက်ကြတာပါပဲ။ ကိုယ့်ဆီမှာ မလိုအပ်ပဲ ကောင်းနေသေးတယ်ဆိုရင် သူများကို ပေးလိုက်ပါ။


(၃) ရည်မှန်းချက် အသေးလေးထားပါ။ “ ငါ တစ်အိမ်လုံးရှင်းမယ် ” လို့ပြောမယ့်အစား ဗီဒိုကို အရင်ရှင်းမယ်လို့ ရည်ရွယ်ပါ။ ပြီးမှာ နောက်တခု နောက်တခုဖြင့် အရှိန်ရလာအောင် လုပ်ပါ။

(၄) အခက်ခဲဆုံးက အစပိုင်း ဖြစ်ပါသည်။ စမိပြီဆိုရင် နောက်တော့ ပျော်စရာ ကောင်းဖို့များပါတယ်။

“ သင့်ဘ၀ဟာ စွမ်းအင်စနစ် တစ်ခုဖြစ်ပါတယ်။ ဖယ်ရှားလိုက်တဲ့ အခါ လေဟာနယ် တစ်ခု ဖြစ်လာစေပြီး ရွေ့လျားမှုတွေ ဖြစ်စေတယ်။ စွန့်ပစ်လိုက်တဲ့ နေရာမှာ အသစ်တွေ ဘယ်လို အစားထိုး ၀င်လာတယ်ဆိုတာ သင် သတိပြုကြည့်ပါ ”


နောက်ပြီး ခင်ဗျားရဲ့ စိတ်ထဲမှာလည်း ကိုယ့်အတွက် အဖိုးမတန်တဲ့ စကားတွေ သူများတွေပြောနေရင် စိတ်ထဲမထားဘဲ လွှင့်ပစ်လိုက်ဖို့ မမေ့နဲ့နော်။

Tuesday, November 18, 2008

စိတ်ရှည်ပါ......

တယောပညာရှင်ကြီး ဖရစ်ဇ် ခရစ်စလာရဲ့ ဖျော်ဖြေတင်ဆက်မှု ပြီးတဲ့အခါ အမျိုးသမီးတစ်ဦးက သူ့ဆီ ချဉ်းကပ်ပြီး “ မစ္စတာ ခရစ်စလာ ၊ ရှင်တယော ထိုးတက်သလို ကျွန်မထိုးတက်မယ် ဆိုရင် ကျွန်မရဲ့ ဘ၀ကို ပေးဆပ်ပ့ါမယ် ” လို့ ပြောလိုက်တဲ့အခါ တယောပညာရှင်ကြီးက လှည့်ပြီး ပြုံးပြုံးလေးနဲ့ ပြောလိုက်ပုံက

“ ဟုတ်တယ် ၊ ကျွန်တော့်ဘ၀ကိုလည်း ပေးဆပ်ခဲ့ရတယ် ” တဲ့။



ကျွန်တော်တို့ တခုခုမှာ တော်ချင်တယ် ဆိုရင် ဘ၀တလျှောက်လုံး လေ့ကျင့်ဖို့ လိုအပ်ကောင်း လိုအပ်ပါလိမ့်မယ်။ ဒါမှ မဟုတ် ဆယ်နှစ် ၊ ဒါမှ မဟုတ် အနည်းဆုံး ၆ လပေါ့။ ဒါကို လူတော်တော် များများ ကလည်း သိပြီးသား ဖြစ်မှာပါ။ ဘယ်အရာမဆို အောင်မြင်ဖို့အတွက် ကျွန်တော်တို့ အချိန်ပေးဖို့ လိုအပ်တယ် မဟုတ်လား။ ဒါပေမယ့် လူတော်တော် များများကတော့ ဥုံဖွ ချက်ချက်း ဖြစ်ချင်ကြတယ်။ ကိုယ်ဘာလုပ်ချင်သလဲ ၊ ဘာဖြစ်ချင်သလဲ ။ ဖြစ်ချင်တာကိုပဲဖြစ်ဖြစ် ၊ လုပ်ချင်တာကိုပဲ ဖြစ်ဖြစ် အောင်မြင်ဖို့အတွက် ၊ ကျွမ်းကျင်ဖို့ အတွက် ရည်ရွယ်ရင် သူ့အတွက် နေ့စဉ် အချိန်ပေးပါ။ ဒါပေမယ့် နေ့တိုင်း တိုးတက်မှု ရှိလိမ့်မယ်လို့တော့ မမျှော်လင့်ပါနဲ့။

- ကိုယ်လုံးပိန်အောင်
- ဘာသာစကားတစ်ခု တက်မြောက်အောင်
- ဂစ်တာတီးပိုကျွမ်းကျင်အောင်

အစရှိသည်ဖြင့်ပေါ့။ အသက်မွေးဝမ်းကျောင်းတစ်ခု စတယ်ဆိုရင် အချိန်လုံလောက်စွာ ပေးပါ။ နေ့စဉ်လုပ်မယ့် အစီအစဉ် ဇယားဆွဲပြီး တိုးတက်အောင် အချိန်ပေး လေ့ကျင့်ပါ။ ဒါပေမယ့် နောက်ဆုံး

“ လူတော်တော် များများက စိတ်မရှည်ပဲ စောစောစီးစီး ရပ်ပစ်တက်ကြတယ် ”


Saturday, November 8, 2008

ဘာ....ကြောင့်.....လဲ

ဂျွန်ဖော့ဖ်ဆိုတဲ့ သူဟာ မွေးကတည်းက လက်နှစ်ဖက် ပါမလာဘူးတဲ့။ ဒါပေမယ့် သူက “ ငါ့မှာ ဘာကြောင့် လက်နှစ်ဖက် မပါရတာလဲ ” ဆိုတဲ့ မေးခွန်းမျိုး မမေးခဲ့ဘူး ။ သူမေးတာက

“ ငါ့ခြေထောက်တွေနဲ့ ဘာလုပ်နိင်မလဲ ” တဲ့

ကြေကွဲစရာ အဖြစ်ဆိုးတွေ ကြုံတဲ့အခါ ဒါမှမဟုတ် အားလုံးဆုံးရှုံးသွားတဲ့ အခါ ၊ ဒါမှမဟုတ် ချစ်သူက ကိုယ့်ကို စွန့်ခွာသွားတဲ့ အခါ ကျွန်တော်တို့ အများဆုံးမေးတဲ့ မေးခွန်းက



“ ဘာကြောင့်လဲ.....”
“ ဘာကြောင့် င့ါကိုမှ.....”
“ ဘာကြောင့် ခုချိန်မှ.....”
“ ဘာကြောင့် င့ါကိုမှ ပစ်ပြီး.....အဲဒီ အသုံးမကျတဲ့ ကောင်နဲ့ ”
“ ဘာကြောင့်ဒီလိုဖြစ်ရပ်မျိုးက ငါ့ကိုမှ.......” လို့

မေးခွန်းတွေ ကိုယ့်ကိုကိုယ် ပြန်မေးခြင်းဟာ ရူးသွပ် သွားစေနိင်ပါတယ်။ များသော အားဖြင့် ဘာကြောင့်လဲ ဆိုတဲ့ မေးခွန်းအတွက် အဖြေမရှိပါ။ ဒါမှ မဟုတ် ဘာကြောင့်လဲ ဆိုတာက အရေးမပါဘူး။ လောကမှာ အကျိုးရှိအောင် နေတက်သူတွေက “ ဘာ ” ဆိုတဲ့ မေးခွန်းကိုသာ မေးတက်ကြပါတယ်။

“ ဒီကိစ္စမှာ ငါဘာလုပ်ရမလဲ ”
“ ဒီဖြစ်ရပ်မှာ ငါဘာသင်ခန်းစာ ရလိုက်သလဲ ”

အခြေအနေက တကယ့်ကို မျှော်လင့်ချက်ကင်းနေတဲ့အခါ သူတို့က “ အခြေအနေတွေ ပြန်ကောင်းလာအောင် နောက် ၂၄ နာရီ အတွင်းမှာ ငါ ဘာလုပ်နိင်မလဲ ” ဆိုတာပါပဲတဲ့။

ကဲ......ကျွန်တော်တို့ရော ။ သေချာစဉ်းစားကြည့်ဖူးလား။ သေချာတယ် .......စဉ်းစားမိမှာ မဟုတ်ဘူး ထင်တယ်။ ဖြစ်လာရင် ခံစားနေကြရတာနဲ့ ပဲ အချိန်ကုန်နေတက်ကြတယ်။ ကိုယ့်ဘ၀ကို ကိုယ်သတ်နေကြတယ်။ နောက်ဆို “ ဘာ ” ဆိုတဲ့ စကားလုံးကို စာဖတ်သူတွေ သုံးနိင်ကြပါစေ။


ဘာကြောင့်


ဆိုတာကို မသုံးဖို့ ကြိုးစားရအောင်


Thursday, October 9, 2008

ဘယ်တော့ရပ်မလဲ


စန္ဒရား စသင်တယ် ဆိုပါစို့။ ခင်ဗျား သင်နေရင်းနဲ့ တွေးမိလိမ့်မယ်။ “ စန္ဒရားတီး သင်တာထက် ငါဂစ်တာတီး ပိုသင်တာကမှ လွယ်ဦးမယ် ” ဒါမှ မဟုတ် ဆော့ဖ်ဝဲတစ်ခုခုကို ခင်ဗျား စတင်စမ်းသုံးကြည့်မယ် ၊ အရောင်းအ၀ယ် တစ်ခုခုကို ခင်ဗျား စတင်လုပ်ဆောင်ကြည့်မယ် ဆိုပါစို့။ ဒါပေမယ့် ကိုယ်လုပ်တာတွေက အဆင်မပြေဘူး။

“ ဒီလုပ်ငန်း ၊ ဒီဆော့ဖ်ဝဲလ်က ငါနဲ့ အဆင်မပြေဘူး ၊ ငါမလုပ်တက်ဘူး ၊ တခြားဟာ ပြောင်းလုပ်ကြည့်ရင် ကောင်းမလား ” ခင်ဗျား အနေနဲ့ ရပ်ပစ်ဖို့ အကောင်းဆုံးအချိန်ကတော့ အောင်မြင်မှု့ရပြီးမှ ရပ်ပစ်တာ အကောင်းဆုံး ဖြစ်ပါတယ်။



ဘာကြောင့်လဲ ။ အောင်မြင်မှု့ဆိုတာ ပင်ကို စွမ်းရည်ထက် ဇွဲကောင်းကောင်းနဲ့ လုပ်တာက အဓိကကျပါတယ်။ ကျင့်သားရလာရင် ခင်ဗျားအနေနဲ့ လုပ်စရာတော်တော် များများကို အတော်လေး ကောင်းအောင် လက်ခံနိင်အောင် လုပ်နိင်ဖွယ်ရှိပါတယ်။ ကျွမ်းကျင်သူ တစ်ယောက်လိုတော့ ဖြစ်ချင်မှ ဖြစ်မယ်။ ဒါပေမယ့် လက်ခံနိင်ဖွယ် ရှိလောက်အောင် ကောင်းလာမှာပါ။ တစ်ခုခုကို လက်ခံနိင်ဖွယ် ကောင်းလောက်အောင် မလုပ်နိင်မချင်း ပျော်စရာ ကောင်းမှန်း သိမှာ မဟုတ်ပါဘူး။

ရည်မှန်းချက် ပန်းတိုင်ရောက်ဖို့ တစ်ခုခုကို အချိန်ယူလုပ်ပါ။ နောက်မှ ဆက်လုပ်သင့် မလုပ်သင့် ဆုံးဖြက်ပါ။ ဘယ်အရာပဲ ဖြစ်ဖြစ် အောင်မြင်ပြီးမြောက်သွားတဲ့အခါ နှစ်မျိုး တွေ့ရှိရပါလိမ့်မယ်။

၁ ။ တခုခုကို စမလုပ်ခင် သေချာစွာ စဉ်းစားသုံးသပ်မယ်
၂ ။ အောင်မြင်မှု အကျင့်ရလာမယ်

“ သင့်တော်တဲ့ ရည်မှန်းချက် တစ်ခုထားပါ ၊ ဖြစ်မြောက်အောင် လုပ်ပါ။
အောင်မြင်မှု အသေးလေးက ခင်ဗျားစိတ်ကို ဘယ်လို ပြောင်းလဲနိင်တယ်ဆိုတာ အံသြဖွယ် တွေရပါလိမ့်မယ် ”




Sunday, September 28, 2008

ဒီလို အဖြစ်မျိုး ခင်ဗျားတို့ရဲ့ အိမ်မှာ ဖြစ်ဖူးပါသလား

ပန်းသီး ( ဒါမှမဟုတ် ) ပေါင်မုန့် ၊ ကိတ်မုန့် တွေကို စားဖို့ စားပွဲပေါ်မှာ တင်ထားတယ်။ လူတွေကလည်း စားပွဲနားမှာ ထိုင်နေကြတယ်။ သိပ်မကြာဘူး စားပွဲပေါ်က တင်ထားတဲ့ ဟာတွေ အကုန်ကုန်သွားလေရော။ ဒါဟာ ဘာဖြစ်လို့လဲ။ ဘယ်သူမှ မဆာကြပေမယ့် သူတို့အားလုံး စားပစ်လိုက်ကြတယ်။ ပန်းသီး ( သို့မဟုတ် ) ကိတ်မုန့်က စားပွဲပေါ်မှာ ရှိနေတာကိုး။

နောက်ထပ် အဖြစ်မျိုး ခင်ဗျား ဒီလို ဖြစ်ဖူးပါသလား

လစာငွေထုတ်လာတယ်။ သိပ်မကြာလိုက်ဘူး ပိုက်ဆံတွေ ပြောင်ပါလေရော။ တကယ် သုံးစရာ မလိုပေမယ့်လည်း သုံးလိုက်မိတယ်။ ဒါလည်း ဘာကြောင့်လည်း ဆိုတော့ ပိုက်ဆံက ကိုယ့်လက်ထဲမှာ ရှိနေတာကိုး။

တကယ်လို့များ ခင်ဗျားဟာ ကိတ်မုန့်ကို မနက်ဖြန်အတွက် ချန်ထားချင်တယ်ဆိုရင် စားပွဲပေါ် မတင်ခင် ပထမဆုံး တချို့တ၀က် လှီးထားပြီး ဘယ်သူမှ လက်နဲ့ မတို့နိင်ခင် ရေခဲသေတ္တာထဲ သိမ်းထားခဲ့မယ် ဆိုရင် ၊ လခထုတ်လာတဲ့ ပိုက်ဆံ အားလုံးကို ပိုက်ဆံအိတ်ထဲ မထည့်ထားပဲ စုထား ၊ သိမ်းထားခဲ့မယ် ဆိုရင်။

ဒါဟာ လွယ်ကူတဲ့ နည်းဗျုဟာ တစ်ခုပါ

ကျွန်တော် ၀င်ငွေနည်းနည်းပဲ ရတယ်လို့ ဆင်ခြေမပေးပါနဲ့ ။ နည်းနည်းစရ နည်းနည်း စစု။ နောက်တော့ များများ ဖြစ်လာလိမ့်မယ်။ ကျွန်တော်တို့ လူတော်တော် များများ ပိုက်ဆံတွေ အများကြီး ရှာနိင်ကြပါတယ်။ ဒါပေမယ့် လူတစ်ချို့သာ ပိုက်ဆံ အများကြီး စုနိင်တယ်။ “ ပိုက်ဆံတွေ အများကြီး ရတဲ့ အခါစုမယ် ” လို့ သင်က ပြောရင် စုဖြစ်ချင်မှ စုဖြစ်တော့မယ်။ ငွေစုတဲ့ အကျင့်ကို အခုချိန်ကစပါ။

“ ချမ်းသာတဲ့ လူနဲ့ ဆင်းရဲ့တဲ့လူ ကွာခြားတာက ဆင်းရဲ့တဲ့လူတွေက သုံးပြီးမှ ကျန်တာကို စုကြတယ်။ ချမ်းသာတဲ့ လူတွေက ဦးစွာ စုဆောင်းပြီးမှ သုံးကြတယ် ”


Thursday, September 18, 2008

စိတ်ဆင်းရဲစရာတွေ အမြဲလိုလို ကြုံတွေ့နိင်တာမျိုးတွေကတော့

၁ ။ ကမ္ဘာကြီးကို ဘယ်လို ဖြစ်သင့်တယ်ဆိုတဲ့ ဆုံးဖြက်ချက်မျိုး ရှိနေမယ်ဆိုရင်
၂ ။ လူတိုင်း ဘယ်လို ပြုမှုသင့်တယ်လို့ ဥပဒေသတွေ ချမှတ်ထားမယ်ဆိုရင်

ကမ္ဘာကြီးက ခင်ဗျားချမှတ်ထားတဲ့ ဥပဒေသတွေကို မလိုက်နာတဲ့အခါ ခင်ဗျားစိတ်ဆိုးပြီး စိတ်မချမ်းမသာဖြစ်ပြီ...

သူငယ်ချင်းတွေက ကိုယ့်အပေါ် အပြန်အလှန် ရှိသင့်တယ်
လေယာဉ်ပျံတွေ အချိန်မှန် ဆိုက်သင့်တယ်
လူတိုင်း ရိုးသားသင့်တယ်

ယောင်္ကျားဖြစ်သူက ဒါမှမဟုတ် မိန်းမဖြစ်သူက ၊ ရည်းစားဖြစ်သူက ကိုယ့်မွေးနေ့ကို သတိရသင့်တယ်လို့ ခင်ဗျား မျှော်လင့်ထားတယ် ။

ဒီလိုမျိုး မျှော်လင့်ချက်တွေက ကျိုးကြောင်းဆီလျော်ညီပါတယ်။ ဒါပေမယ့် မကြာခဏဆိုသလို ကိုယ်မျှော်လင့်ထားသလို ဖြစ်မလာတဲ့အခါ စိတ်အလိုမကျတာတို့ ၊ စိတ်ပျက်တာတို့ ဖြစ်တက်ပါတယ်။

ဒီစိတ်မချမ်းသာမှုမျိုးတွေ မဖြစ်အောင် ဘယ်လိုနေရမလဲဆိုတော့ တောင်းဆိုချက်တွေ သိပ်မများပါစေနဲ့။ အဲဒီအစား ရွေးချယ်မှုတွေပဲ ထားရှိလိုက်ပါ။ အခြေအနေတွေဟာ ကိုယ်တက်နိင်စွမ်း မရှိတဲ့အခါ ကိုယ့်ဘာသာ မေးကြည့်ပါ။ ငါ့အနေနဲ့ အေ ကို ရွေးချယ်တယ်။ အကယ်၍များ ဘီ ဖြစ်လာခဲ့ရင် ၊ ဒါလည်း အိုကေပါတယ်လေ ဆိုတဲ့ စိတ်မျိုး ၊ လက်ခံတက်တဲ့ အကျင့်မျိုး ခင်ဗျားဆီမှာ လေ့ကျင့်ထားမယ်ဆိုရင် စိတ်တည်ငြိမ်အေးချမ်းမှု ပိုရလာမယ်။

လူတွေ ယဉ်ကျေးသိမ်မွေ့ဖို့ ခင်ဗျား မျှော်လင့်ထားတယ်။
ဒါပေမယ့် မျှော်လင့်ထားသလို မဟုတ်ဘဲ ရိုင်းစိုင်းခဲ့ရင် ခင်ဗျားရဲ့ တစ်နေ့တာ ပျက်စီးမသွားပါဘူး။

နေပူဖို့ မျှော်လင့်ထားတယ်။ မိုးရွာရင်လည်း ကိစ္စမရှိဘူး မဟုတ်လား။

ဒါကြောင့် အခြေအနေကို လက်ခံတဲ့ ပျော့ပျောင်းတဲ့စိတ်ကို လေ့ကျင့်ပေးသင့်ပါတယ်။ စိတ်ပျော်ရွှင်ဖို့ ကျွန်ုပ်တို့အားလုံးက
၁ ။ ကမ္ဘာကြီးကို ပြောင်းလဲမလား
၂ ။ ကျွန်ုပ်တို့ အတွေးအခေါ်ကို ပြောင်းလဲမလား

ဒီလိုဆို ခင်ဗျားအနေနဲ့ ဒုတိယကို ရွေးလိုက်တာက ပိုလွယ်ကူပါလိမ့်မယ်။


Sunday, September 7, 2008

အဆင်မပြေမှုတွေနဲ့ ကြုံတွေ့ရတဲ့ အခါ သိထားဖို့က

သင်ကြုံရတဲ့ အဖြစ်အပျက်က သင့်အတွက် အရေးမကြီးပါဘူး
သင်ကြံရတဲ့ အဖြစ်အပျက်အပေါ် သင် ဘယ်လိုသဘောထားသလဲ ဆိုတာက အရေးကြီးပါတယ်

ဥပမာ -

ခင်ဗျားဟာ လေဆိပ်မှာ ရောက်နေပြီး လေယာဉ်အလာကို စောင့်နေတယ် ဆိုပါစို့။ အဲဒီအချိန် “ ၀မ်းနည်းပါတယ် ရှင် စက်ချို့ယွင်းသွားတဲ့အတွက် လေယာဉ်ထွက်ချိန် သုံးနာရီ နောက်ကျမှာ ဖြစ်ပါတယ် ” လို့ လေကြောင်းလိုင်းက ကြေငြာလိုက်တဲ့အခါ......

ခင်ဗျား စိတ်မထိန်းနိင်ဘဲ ဒေါသထွက်ပါပြီ။ အဲဒီအချိန် စီစဉ်ထားတာတွေ လွဲချော်ပြီလို့ စိတ်က ထင်လိုက်တာနဲ့ပဲ လူတွေကို ခလုတ်တိုက်မိတာ ဖြစ်ဖြစ် ၊ ကော်ဖီခွက်ပဲ ဖိတ်စင်ကျတာပဲ ဖြစ်ဖြစ် ၊ အထုပ်အပိုးတွေ ပျောက်သွားနိင်တာပဲ ဖြစ်ဖြစ် ဖြစ်လာပါတော့တယ်။ ကျွန်တော်တို့ သတိမထားမိတဲ့ စကားတခွန်း ရှိတယ်။ အဲဒါ ဘာလည်းဆိုတော့

“ ဘ၀မှာ တိုက်ပွဲဝင်တဲ့အခါ ဘ၀က အမြဲတမ်း အနိင်ရတာပါပဲ ”

နောက်ဆုံး စိတ်တည်ငြိမ် အေးချမ်းသွားတဲ့အခါ “ ငါ လုပ်နိင်တာ ဘာမှ မရှိပါလား ၊ ဒါပေမယ့် လုပ်နိင်သလောက် အတက်နိင်ဆုံး လုပ်ကြည့်မယ် ” လို့ ခင်ဗျား မှတ်ယူသင့်ပါတယ်။ တကယ်လို့များ အဲဒီအချိန် မတွေ့တာ ကြာတဲ့ သူငယ်ချင်း တစ်ယောက်ပေါ်လာမယ် ၊ ဒါမှမဟုတ် အခွင့်အရေးကောင်း တစ်ခု မမျှော်လင့်ဘဲ ရရှိလာမယ် ၊ မိတ်ဆွေသစ်တွေ တိုးလာမယ် ဆိုပါစို့ ၊ ဒါဟာ ဘ၀ကို ကိုယ့်ကို ပြန်ပြီး ကူညီဖေးမလာတာပါ။

ဘ၀မှာ ကြီးမားတဲ့ အခွင့်အရေးတွေဆိုတာ များသောအားဖြင့် ကံဆိုးမှုနဲ့ ဒုက္ခ တွေအဖြစ် ကိုယ်ယောင်ဖျောက် လာတက်ကြပါတယ်။ ဒါကြောင့်

“ ခင်ဗျားရဲ့ ဘ၀မှာ ဒုက္ခမှန်သမျှကို ဒုက္ခလို့ မမှတ်ပါနဲ့ ၊ ခင်ဗျားစိတ်ကို ပြောင်းလဲဖို့ စောင့်ဆိုင်းနေတဲ့ အခြေအနေတစ်ခုလို့ မှတ်ယူပါ ”




Saturday, August 30, 2008

မိသားစု

ကိုယ့်မိသားစု အပေါ်မှာထက် တခြားသူတွေ အပေါ် ကျွန်ူပ်တို့ဆက်ဆံရေး ပိုကောင်းနေတာ ရယ်စရာ မကောင်းဘူးလား ။

ကိုယ့်သူငယ်ချင်းတွေက ကိုယ့်အပေါ် အကောင်းမြင်စေချင်ကြတယ်။ အခိုက်အတန့် သိကျွမ်းရတဲ့ သူတွေရဲ့ ပြောစကားကို ဂရုတစိုက် နားထောင်တယ်။ ကိုယ့်သားသမီးတွေ ဒါမှမဟုတ် မိဘတွေထက် သူတို့ကို အချိန်ပိုပေးတက်ကြမိတယ်။ကျွန်ုပ်တို့အတွက် မိဘတွေ နေ့စဉ်အနစ်နာခံနေကြပေမယ့် မိဘအတွက် ခေါင်းထဲမှာ ထည့်မတွေးမိကြဘူး။ တစ်ဖက်က ကြည့်ရင် သူစိမ်းတွေရဲ့ မပြောပလောက်တဲ့ အကူအညီ အသေးအမွှားလေးတွေကို စိတ်ထဲမှာ သံမှိုစွဲသလို စွဲထင်နေတတ်ကြတယ်။

ကိုယ်နဲ့ သိပ်ပြီးရင်းနှီးကျွမ်းဝင်ခြင်း မရှိတဲ့ သူတွေကို ညစာဖိတ်ကျွေးဖူးသလား......

အဲဒီလို ကျွေးမွေးဖို့အတွက် လေးငါးနာရီကြာ ဈေးဝယ်ထွက်ရတယ်။ တစ်ပတ်လုံး ရှာဖွေထားတဲ့ငွေ ပြောင်ပါလေရော။ ခင်ဗျားရဲ့ အကောင်းဆုံး ပန်းကန် ၊ ဇွန်း ၊ ခရင်း တွေနဲ့ ထမင်းစားပွဲကို တစ်ညနေလုံး ပြင်ဆင်ရတယ်။ ကိုယ့်မှာမလုံလောက်တဲ့ ဖန်ခွက်လှလှလေးတွေ အိမ်နီးနားချင်းတွေဆီက ငှားရတယ်။ အိမ်သန့်ရှင်းရေး လုပ်ရတယ်။ အဲဒီနောက်ပိုင်းမှာတော့ ထိုသူတွေကို ပြန်တွေ့ချင်မှ တွေ့မယ် ၊ တခါတလေ ဘယ်တော့မှ ပြန်မတွေ့ဖြစ်တော့ဘူး။

နောက်တပတ် အဖေနဲ့အမေ လာလည်ကြတယ်။ အချိန်မရှိလို ဖွယ်ဖွယ်ရာရာ တည်ခင်း မကျွေးလိုက်နိင်ဘူး။ မိဘတွေ အပြန်မှာ သစ်သီးလောက်သာ ကြွပ်ကြွပ်အိတ်နဲ့ ထည့်ပေးလိုက်နိင်တယ်။

ဒါကြောင့် တခါတလေမှာ အခြေအနေတွေကို တစ်မျိုးတစ်ဖုံ ပြောင်းပစ်သင့်ပါတယ်။ အဖေနဲ့အမေ အတွက် ပုဇွန်ထုပ်နဲ့ ၀က်သားဟင်းတွေကို သိမ်းထားပြီး ၊ သူစိမ်းတွေ ညစာစားဖို့ လာတဲ့အခါ “ သစ်သီးကို ကြွပ်ကြွပ် အိတ်နဲ့သာ ထည့်ပေးလိုက်ပြီး ” တောင်းပန်ပါတယ်ဗျာ အရင်အပတ်က ခင်ဗျားတို့ လာလည်ရင် ကောင်းမှာ။ အဖေနဲ့အမေ လာလည်ကြတယ်လေ ”

“ မိဘတွေရဲ့ ကျေးဇူးကို ဘယ်တော့မှ မေ့မထားပါနဲ့ ”





Friday, August 22, 2008

သူငယ်ချင်း ( ၁ ) - “ ငါ သူ့ကို....လမ်းခွဲ ချင်နေပြီဟာ ”

“ သူက တစ်ကိုယ်ကောင်း ဆန်တယ် ၊ မြာပွေတယ် ၊ ပြီးတော့ ရမ်းကားတက်တဲ့ အကျင့်လည်း ရှိတယ်ဟ ”
အဲဒီတော့...ဟာ

သူငယ်ချင်း ( ၂ ) - “ အဲဒီတော့ ဘာဖြစ်လည်း ”

သူငယ်ချင်း ( ၁ ) - “ နင်က ငါ့သူငယ်ချင်းဆိုတော့ ငါတိုင်ပင်တာပါ....ငါကို ၀ိုင်းစဉ်စားပေးပါဟာ နော် ”

သူငယ်ချင်း ( ၂ ) - “ ဟုတ်ပြီ...ဒီလောက်တောင် ဖြစ်နေရင် ဒီလို ယောင်္ကျားမျိုး တသက်လုံး မပေါင်းနဲ့ ၊ ဖြတ်ပစ်လိုက် ၊ ငါလည်း သဘောမတူဘူး ”

တလလောက်နေတော့...... ( ကွယ်ရာ ကနေ )

ကိုကို..... “ ကိုကိုနဲ့ ရန်ဖြစ်တုန်းက ဖြတ်ဖို့ပြောတာ သူပေါ့ ”

ခင်ဗျား ဒါမျိုး ဖြစ်ဖူးသလား ။ သူငယ်ချင်း ရည်စား နှစ်ယောက် လမ်းခွဲကြတော့မယ်။ တစ်ယောက်ယောက်က ခင်ဗျားဆီက အကြံဥာဏ်တောင်း ကြတယ်။ ဒါကို ခင်ဗျားကလည်း စိတ်ထဲ ရှိတဲ့ အတိုင်း ပြောလိုက်တယ်။ အမှန်က ခင်ဗျားက သူတို့ကို ကူညီဖို့ ကြိုးစားပေးတာပါ။ နောက် ၁ ပတ် ၊ ၁ လ လောက်မှာ သူတို့ ပြန်တည့်နေကြပြီး နှစ်ယောက်စလုံးက ခင်ဗျားကို မုန်းသွားနိင်ကြဖို့ ဖြစ်လာပါလိမ့်မယ်။

ဒီနေရာမှာ သင်ခန်းစာက....

“ ဆက်ဆံရေးနဲ့ ပတ်သက်လို့ သူငယ်ချင်းတွေကို အကြံပေးတဲ့ အခါ သတိထားပါ ၊ မိုင်းကွင်းထဲ လမ်းလျှောက်သလို နင်းမိတာနဲ့ ပေါက်ကွဲတက်ပါတယ် ”

Tuesday, August 19, 2008

အလေးအနက်ထားပါ

အားနည်းချက် ရှိတဲ့ လူတွေနဲ့ ပက်သက်လို့ ခင်ဗျား သတိထားမိတာ ရှိပါလိမ့်မယ်။ အဲဒါဘာလည်းဆိုတော့ သူတို့က စိတ်ပျက် အားလျှော့တဲ့ စကားမျိုးပဲ ပြောတက်ကြတယ်။ နောက်ပြီး “ ကြိုးစားကြည့်မယ်လေ ” ဆိုတဲ့ စကားမျိုးကို သူတို့ အသုံးများကြတယ်။ ဥပမာ အားဖြင့် -

“ ကိုယ်အလေးချိန် ကျဖို့ ကျွန်တော် ကြိုးစားကြည့်မယ်လေ ”
“ ဒီလတော့ အကြွေးကင်းအောင် ကြိုးစားရမယ် ”
“ ကျွန်တော် ကြိုးစားကြည့်မယ် ”

ဆိုတဲ့ စကားမျိုး ပြောတဲ့လူကို တွေ့ရင် သူတို့ဟာ ထက်ဝက်လောက်ပဲ အလေးအနက်ထားနိင်တာကို သိနိင်ပါတယ်။ သူငယ်ချင်းတွေက “ အဲဒီကို ကျွန်တော် ကြိုးစားပြီး လာခဲ့မယ် ” လို့ပြောရင် သူတို့ ပေါ်မလာတော့ဘူးဆိုတာ သိလိုက်ရပြီ။

တွေးခေါ်ကြည့် စဉ်းစားကြည့်မယ်ဆိုရင် ကျွန်ုပ်တို့ရဲ့ စကားလုံးတွေက ကျွန်ုပ်တို့ သန္နိဋ္ဌာန်ဘယ်လောက် ခိုင်မာသလဲဆိုတာ ဖော်ပြနေပါတယ်။ “ ကြိုးစားပြီး ငြိမ်ငြိမ်လေးနေကြ ” ၊ “ ကြိုးစားပြီး ကောင်းအောင်နေကြ ” လို့ သားသမီးတွေကို ပြောတဲ့ မိဘတွေဟာ အလေးအနက် သိပ်မရှိကြပါဘူး။ ဒီတော့ ကလေးတွေက သူတို့လုပ်ချင်တာကို လုပ်သွားတက်ကြပါတယ်။

ခင်ဗျားရဲ့ ကလေးတွေ ဒါမှမဟုတ် ၀န်ထမ်းတွေကို “ မင်းတို့ ကြိုးစားလုပ်ရမယ် ” လို့ပြောမယ့်အစား “ မင်းတို့ လုပ်ကို လုပ်ရမယ် ” လို့ပြောပါ။

ကိုယ့်ကိုယ်ကိုယ်လည်း “ ငါကြိုးစားမယ် ” လို့ပြောမယ့်အစား “ ငါလုပ်မယ် ” လို့ပြောပါ။

ဒါဟာ စိန်ခေါ်မှု ဖြစ်ပါတယ်။ ပိုကောင်းတဲ့ ရလဒ်တွေ ရလာပါလိမ့်မယ်။ “ ဒါကို ပြီးအောင် လုပ်မယ် ” ၊ “ ငါပျော်ရွှင်ရမယ် ” လို့ပဲ တွေးပါ ။ ဒီစကား နှစ်ခုဟာ ဘာကို ကွားခြားစေသလဲဆိုတော့

“ ငါကြိုးစားကြည့်မယ် ” လို့ပြောတာက “ သိပ်မခက်ရင်တော့ လုပ်မယ် ” ဆိုတဲ့ သဘောကို ဆောင်ပြီးတော့ “ ငါလုပ်မယ် ” လို့ပြောတာက “ ဘယ်လောက်ပဲ ခက်ခက် ငါလုပ်မယ် ” ဆိုတဲ့ အဓိပ္ပာယ်ကို ဆောင်ပါတယ်။ ဒါဟာ လုပ်မယ့် ကိစ္စကို အလေးအနက်ထားတာပါ။

ပေါ့ပျက်ပျက် ပြောတာနဲ့ အလေးအနက်ထား ပြောတာ ကွာခြားချက်ရှိသလို ဒီစကား နှစ်လုံးရဲ့ အဓိပ္ပာယ်တွေက အောင်မြင်မှုနဲ့ ဆုံးရှုံးမှုရဲ့ ကွဲပြားခြားနားမှု ဖြစ်ပါတယ်။ လူတွေက သင့်အပေါ် ယုံကြည်မှု ရှိလာစေချင်တယ် ၊ နောက်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိလာစေချင်တယ် ဆိုရင် သင်ပြောတဲ့ စကား လေးနက်မှု ရှိပါစေ။

“ သင်ပြောတဲ့ စကားက သင့်အနာဂတ်ကို ပုံဖော်ပါတယ် ”



Wednesday, August 13, 2008

နာကျင်ခံစားမှု

လျှာကို မတော်တဆ ကိုက်မိတဲ့ အခါမျိုးမှာ နာကျင်တဲ့ ခံစားမှုကို ကောင်းတဲ့အမြင်နဲ့ လက်ခံဖို့ ခက်ခဲပါတယ်။ မြန်မာ အယူအဆနဲ့ဆိုရင် “ အင်း တစ်ယောက်ယောက်တော့ င့ါအကြောင်း အတင်းပြော နေလောက်ပြီ ” စသည်ဖြင့် သူတို့ တွေးကြပါတော့မယ်။ ဒီအတိုင်းပဲ ခြေမမှာ အနာဖြစ်တဲ့အခါ ထော့နဲ့ ထော့နဲ့ သွားချင်ပါ့မလား။

နာကျင်မှုတွေ မရှိတဲ့အခါ ဘာဖြစ်မလဲ ၊ ဂရုမစိုက်ပဲ လုပ်လာမယ် ၊ နာကျင်မှုကို ခံစားရတော့မှ သတိထား ဆင်ခြင်လာမယ် ။ နောက်နောင် လျှာမကိုက်မိအောင် ဒါမှမဟုတ် ရေချိုးတဲ့အခါ ကျောမှာ ရေနွေးပူ မလောင်အောင် သတိထားလာမယ်။ သို့သော် ရုပ်ပိုင်းဆိုင်ရာ နာကျင်ခံစားမှု နောက်တစ်ခါ ထပ်မဖြစ်ရအောင် ကာကွယ်ပေးဖို့ အသိဥာဏ် ဦးနှောက် ရှိပါတယ်။ “ ဒါမျိုးလုပ်ရင် ဒီလိုဖြစ်မယ် ၊ နောက်ဒါမျိုး မလုပ်နဲ့ ”

စိတ်ဆိုးတယ် ဒါမှမဟုတ် မနာလို ဖြစ်တယ် ဒါမှမဟုတ် မခံချင်စိတ်ကို နည်းနည်းဖြစ်တယ်။ ဒါတွေဟာ သာမန် ဖြစ်ရိုးဖြစ်စဉ်တွေပါ။ ယာယီအခိုက်အတန့် သာဖြစ်တာပါ။ ဒီခံစားချက်တွေ အတွက် ရင်ထဲမှာ ထာဝရ သိမ်းထားစရာ မလိုပါဘူး။ သိမ်းထားမယ်ဆိုရင်လည်း ဒါဟာ ဦးနှောက်ကို အနာဖြစ်စေတာပါ။ စိတ်ဓတ်အနာပေါ့ ။ ဒါကြောင့်

“ တခြားလူတွေကို ထိန်းချုပ်နိင်ဖို့ မမျှော်လင့်ပါနဲ့ ”
“ တခြားလူတွေ ကိုယ့်လို ပြုမှုဖို့ မမျှော်လင့်ပါနဲ့ ”
“ ကိုယ်ပျော်ရွှင်ဖို့ တခြားလူတွေကို မျှော်လင့်မထားပါနဲ့ ”

အရင်က အတိုင်းပဲ အတွေးအခေါ်တွေ ရှိနေဦးမယ်ဆိုရင် အရင်အတိုင်းပဲ ဆက်ပြီး ခံစားနေရဦးမှာပါပဲ။ ခြေမမှာ အနာဖြစ်တာ ဖိနပ်ပြောင်းစီးဖို့ သတိပေးတာပါ။ သတိပေး သတင်းစကားများကတော့ များသော အားဖြင့် သင့်ရဲ့ အတွေးကို ပြောင်းလဲပစ်လိုက်ပါ။

“ ရုပ်ပိုင်းနဲ့စိတ်ပိုင်း နှစ်မျိုးစလုံးမှာ ဒီအတိုင်း မပြောင်းလဲဘဲ ဆက်လုပ်နေရင် နာကျင်မှုတွေ ဆက်ခံစားနေရဦးမှာ ဖြစ်ပါတယ် ”





Thursday, August 7, 2008

ဂုဏ်အင်္ဂါရပ်

မှန်ထဲမှာ ကိုယ့်ကိုယ်ကိုယ် ကြည့်ပြီး ဒီလို ပြောခဲ့ဖူးသလား။

“ ငါ့ရဲ့ မျက်နှာက ဒါမျိုးမဟုတ်ရင် ၊ ကိုယ်လုံးက ဒါမျိုးမဟုတ်ရင် ၊ နှာခေါင်းက ဒါမျိုးမဟုတ်ရင် ကောင်းမှာပဲ ” ကိုယ့်ဘ၀ကို ပြန်တွေးပြီး သင်ဒီလို ပြောခဲ့ဖူးသလား ။


“ ဘာကြောင့်များ တခြားသူတွေ သိပ်ပြီးတော့ ပါရီမီထူးနေကြ ၊ ဥာဏ်ရည်တွေ ထက်မြက်နေကြရတာလဲ ” ငါကရော ဘာကြောင့် သူတို့လဲ မဖြစ်ရတာလဲ ” ဆိုတဲ့ အတွေး ကျွန်တော်တို့ တော်တော်များများ တွေးဖြစ်ကြပါလိမ့်မည်။

ဒါပေမယ့် ဒီနေရာမှာ အလွန်အရေးကြီးတဲ့ အချက်က -

ပင်ကို အရည်အချင်းရှိတာ ၊ ရုပ်ရည်ချောမောတာ အလွန်အသုံးကျပါတယ်။ သို့သော် ဥာဏ်ကောင်းသူတွေ ၊ ရုပ်ရည်ချောမောသူတွေ ကမ္ဘာပေါ်မှာ အများကြီးပဲ။ ဒါပေမယ့် အဲဒီလူတွေကို ကျွန်တော်တို့ အားကျနေဖို့ မလိုပါဘူး။ တချို့သော ဥာဏ်ကောင်းသူ ၊ ရုပ်ရည်ချောမောသူတွေဟာ စိတ်ကသိကအောက် ဖြစ်စရာတောင် ကောင်းပါသေးတယ်။

အေဘရာဟမ် လင်ကွန်း ၊ မာသာ ထရီဇာနဲ့ မဟတ္တမ ဂန္ဓီ တို့လို့ သမိုင်းမှာ လူကြည်ညို လေးစားခံရသူတွေဟာ ရုပ်ရည်လည်း မချောကြပါဘူး။ ဥာဏ်လည်း အထူးကောင်းသူတွေ မဟုတ်ကြပါဘူး။ ရုပ်ရည်ချောတာ ၊ ဥာဏ်ကောင်းတာတွေထက် ကျွန်တော်တို့ တန်ဖိုးအထားဆုံး အရည်အချင်းကတော့ ရိုးသားခြင်း ၊ သတ္တိရှိခြင်း ၊ ဇွဲရှိခြင်း ၊ စိတ်ထားမွန်မြတ်ခြင်း နှင့် မိမိကိုယ် မိမိ နှိမ့်ချခြင်းတို့ပဲ ဖြစ်ပါတယ်။

ဒီအရည်အချင်းတွေကို ကြည့်လိုက်ရင် သင်ဟာ ဒီအချက်တွေနဲ့ ပြည့်စုံပြီး မွေးဖွားလာတာ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီအရည်အချင်းတွေကို ပြုစုပျိုးထောင် ယူရပါမယ်။

ကိုယ်ပိုင် ရိုးသားမှု ၊ ဆုံးဖြက်နိင်မှု ၊ စိတ်ထားမွန်မြက်မှု ၊ နှိမ့်ချဆက်ဆံတက်မှု ၊ သတ္တိရှိမှုတို့ကို ကိုယ့်ဘာသာကိုယ် ပြုစုပျိုးထောင် ဖို့ပဲ ဖြစ်ပါတယ်။

“ ကိုယ့်ကို ကိုယ် ဘယ်လိုခံစားမိသလဲဆိုတာ ကိုယ့်လက်ထဲမှာပဲ ရှိတယ် ”


Tuesday, August 5, 2008

ကျွန်တော်တို့ တော်တော် များများ စိတ်ပူတက်ကြပါသည်။

အလုပ်ကိစ္စ ၊ သားသမီးကိစ္စ နောက်ပြီး အိမ်နီးနားချင်းတွေက ဘယ်လို ထင်ကြမလဲ ၊ စသည် စသည်ဖြင့် စိတ်ပူ စရာတွေ မျိုးစုံ ရှိနေတက်ကြသည်။

တစ်ချို့လူတွေက “ ခင်ဗျား စိတ်ပူ သင့်တာပေါ့ ” လို့တောင် ပြောတက်ကြတယ်။

ဒါပေမယ့် စိတ်ပူတာဟာ ဘာမှ သုံးမရတာထက် ပိုဆိုးတယ်။
ပထမ - ကံကြမ္မာဆိုးတွေကို ဖိတ်ခေါ်တယ်။
ဒုတိယ - သင့်ကျန်းမာရေးအတွက် မကောင်းဘူး။

ဒါဆိုရင် စိတ်ပူစရာတွေကို ဘာလုပ်သင့်သလဲ........

ပထမ လုပ်စရာရှိတာကို အရင်လုပ် ၊ စိတ်ပူစရာကို ရက်အကန့်အသက်မရှိ ရွှေ့ဆိုင်းပစ်လိုက်ပါ။ ဒါဟာ ဘ၀မှာ အကျိးရှိအောင် နေတက်တဲ့ လူတွေရဲ့နည်းပါပဲ။ စိတ်ပူနေတယ်ဆိုရင် ကိုယ့်ဘာသာ မေးခွန်းထုတ်ကြည့်။ အခုပြဿာက ဘာလဲ။ ဒါဆိုရင် သင်ဘာကို တွေ့ရမလဲဆိုတော့ အသက်ကို ခြိမ်းခြောက်နိင်တဲ့ အခြေအနေမျိုးက လွဲလို့ သင့်မှာ ဘာပြဿာနာမှ မရှိတော့ဘူး။

ကျွန်တော်တို့ဟာ ဒုက္ခ သုက္ခတွေ ဖြစ်တက်ပါတယ် ၊ နေထိုင်မကောင်း ဖျားနာတာလည်း ဖြစ်တက်ပါတယ် ၊ ငွေကြေး အခက်အခဲလည်း ကြုံတက်ပါတယ် ၊ ဒါပေမယ့် အဲဒီလို အခက်အခဲတွေ ကြားမှာ တုန်လှုပ် ချောက်ချားနေတဲ့ ယုန်တစ်ကောင်လို ဖြစ်နေဖို့ အကြောင်း မရှိသင့်ပါဘူး။

အဲဒီလို အခက်အခဲတွေက အချိန်ပိုင်းလေး အတွင်းမှာ တစ်ခုပြီးမှ တခု ဖြေရှင်းနိင်ပါတယ်။ ရှေ့ဘာတွေ ဖြစ်မလဲလို့ ကိုယ့်စိတ်က ကြိုတွေး ပူပန်တာကသာ ကိုယ့်ကို ဒုက္ခပေးတာပါ။ ကိုယ့်စိတ်ကလည်း ရှေ့လျှောက် ဘာဖြစ်မလဲဆိုတဲ့ အတွေးဆီကို ရောက်သွားတက်တယ်။

ပစ္စုပန်မှာပဲ နေ ၊ ဒီနေ့ ကိုယ်လုပ်နိင်တာကို လုပ် ၊ ပူပန်စရာတွေကို ခေါင်းထဲက ထုတ်ပစ်လိုက်။

ကိုယ့်ဘ၀ကိုယ် ပြန်ကြည့်။ ကနေ့အထိ အသက်ရှင်နေလို့ မရတဲ့ အဖြစ်အပျက်မျိုး ရှိခဲ့ဖူးလား။ သေချာတယ် မရှိခဲ့ပါဘူး။ မျက်မှောက်ကာလ အချိန်မှာ ဖြေရှင်းနိင်ပါတယ်။ ဒါဆို ဘာလဲဆိုတော့ ရှေ့ကို ကြိုတင်ပူပန်တာက ဒုက္ခပေးတာပါ။

“ တစ်ယောက်ယောက်က သင့်ကိုမေးမယ် ။ “ ဒီကိစ္စအတွက် စိတ်မပူဘူးလား ” ၊ သူတို့ကို ပြောလိုက်ပါ “ စိတ်ပူချင်တာပေါ့ ၊ ဒါပေမယ့် ပူစရာကို မကြံဖူးသေးဘူး လို့ ”


Saturday, August 2, 2008

ဂျင်မ် ဆိုတဲ့ သူတစ်ယောက်ကို ကျွန်တော် သိခဲ့ဖူးတယ်။ ဂျင်မ်ဟာ သူ့ဘ၀တလျှောက်လုံး ကြိုးစားလာခဲ့တဲ့လူ ဖြစ်တာကြောင့် သူဟာ ဒေါ်လာ သန်းနဲ့ချီပြီး ကြွယ်ဝချမ်းသာ လာခဲ့ပါသည်။

သူ့ဘ၀မှာ ကောင်းကောင်း နေရတယ်။ ခရီးတွေ အများကြီး သွားဖူးခဲ့တယ် ။ အစားအသောက် အကောင်းစားတွေ စားတယ် ၊ ၀ိုင်အကောင်းစားတွေ သောက်တယ် ။ သူငယ်ချင်း မိတ်ဆွေတွေကို ဧည့်ခံကျွေးမွေးရတာ ၀ါသနာပါတယ်။ သည်းခံစိတ်ရှည်တက်သူ ၊ စိတ်ထားကောင်းပြီး ရက်ရောသူ တစ်ယောက် အဖြစ် သူငယ်ချင်း အပေါင်းအသင်း မိတ်ဆွေများကြားမှာ ထင်ရှားပါတယ်။

အဲ....မကြာသေးခင်က ဂျင်မ်က သူ့သူငယ်ချင်း တက်ဒ်အကြောင်း ပြောပြပါတယ်။ တက်ဒ်ဟာ အမြဲလိုလို ဘိုင်ကျနေတက်ပါတယ်။ ပိုက်ဆံ မရှိပေမယ့် တက်ဒ်ကို ခင်ပါတယ်တဲ့။ ကျွန်တော့် အိမ်မှာ သူမကြာခဏ လာလာနေတက်တယ်။ ကျွန်တော်တို့ အားလပ်ရက် ခရီးထွက်တဲ့အခါ တက်ဒ်ကို ခေါ်သွားလေ့ ရှိတဲ့အပြင် နာမည်ကြီး စားသောက်ဆိုင်တွေမှာလည်း အကြိမ်ပေါင်းများစွာ ၀ယ်ကျွေးခဲ့ပါတယ်တဲ့။ ဒါပေမယ့် စိတ်အနှောင့်အယှက် ဖြစ်စေတာကတော့ အပေါင်းအသင်း ဖြစ်လာတဲ့ ဆယ်နှစ်အတွင်းမှာ သူ ကျွန်တော့်ကို တခါမှ ၀ယ်မကျွေးပါဘူး။ ဟမ်ဘာဂါတစ်လုံး ဒါမှမဟုတ် ကော်ဖီတခွက်တောင်မှ မတိုက်ဖူးခဲ့ပါဘူးတဲ့။

ဒီအတွက် ဂျင်မ် စိတ်မကောင်းဖြစ်ခဲ့တာက သူ့သူငယ်ချင်းရဲ့ စိတ်နေသဘောထားပါ။ ဒါကို သူက သိပ်ကို အလေးထားခဲ့ပါတယ်။ “ ပိုက်ဆံမရှိသော်လည်း သူငယ်ချင်းက စေတနာရှိတယ် ” ဆိုတဲ့ စိတ်ထားကို သူက လိုချင်ခဲ့တာပါ။ ဒီအတွက် မကြာခင် တက်ဒ်မှာ ၀မ်းနည်းစရာ သူငယ်ချင်း ဆုံးရှုံးခဲ့ရတာပါပဲ။

ထိုဖြစ်ရပ်ကဲ့သို့ပင် လောကမှာ လူသားများစွာသည် ကြုံတွေ့နေရမှာပါပဲ။ ကိုယ့်အခြေအနေကို အကြောင်းပြပြီး သူတပါးရဲ့ လိုက်လျောမှု့ကို အခွင့်အရေးယူ ၊ ပြန်လည် အသိအမှတ် မပြုတက်သူဟာ တက်ဒ်ကဲ့သို့ သူငယ်ချင်းကောင်းများစွာ ၊ မိတ်ဆွေကောင်းများစွာ ဆုံးရှုံးခြင်းနဲ့ တွေ့ကြုံရမှာပါ။

“ သူငယ်ချင်းတွေကြားမှာ ဘယ်သူ ပိုက်ဆံအိတ်ကို လက်အရင်ဆုံး ရောက်တယ် ၊ ဘယ်သူ ပိုက်ဆံအိတ်ကို လက်နောက်မှ ရောက်တယ် ၊ ဘယ်သူ ပိုက်ဆံအိတ်ယူလာဖို့ အမြဲမေ့လျော့တက်တယ်ဆိုတာ သင်သိပြီးသား ဖြစ်မှာပါ ”

နောက်ပြီး သင်သတိထားဖို့က သင့်သူငယ်ချင်းတွေကလည်း သင်ဘယ်လို လူမျိုးလည်း ဆိုတာ တွက်ဆ စဉ်းစားကြမယ် ဆိုတာပါပဲ။

“ သင့်သူငယ်ချင်းတွေက သင့်ထက် ပိုချမ်းသာမယ် ဆိုပါစို့ ၊ သင့်မှာ သုံးစရာ အပို တစ်ဒေါ်လာပဲ ရှိမယ်ဆိုရင် အဲဒီ တစ်ဒေါ်လာကို သုံးလိုက်ပါ ”

Andrew Matthews ၏ Happiness Now စာအုပ်မှ ဘာသာပြန်ဆိုပါသည်။