Showing posts with label ကျွန်တော်ကြိုက်သောကဗျာများ. Show all posts
Showing posts with label ကျွန်တော်ကြိုက်သောကဗျာများ. Show all posts

Wednesday, August 26, 2009

အရိပ်မည်း ( မဲ )

နေရောင်အောက်မှာလဲ၊
အရိပ်မဲ ရှိတတ်တယ်။

လရောက်အောက်မှာလဲ၊
အရိမ်မဲ ရှိတတ်တယ်။

အလင်းရောင်ကွယ်ဆိတ်တော့၊
အရိပ်လဲ ပျောက်ပြန်တယ်။

မောင့်ရင်ထဲမှာလဲ၊
အရိပ်မဲထင်နေတယ်။

နေ၊လရောင် ကွယ်ဆိတ်ပေမယ့်၊
သည်အရိပ်မပျက်ပြယ်။


မေတ္တာဆိုတဲ့ အလင်းနဲ့၊
သတိယခြင်း ဆိုတဲ့ အရိပ်ပါ အချစ်ရယ်။



မောင်စိန်ဝင်း (ပုတီးကုန်း)

Friday, July 31, 2009

ချစ်သူ

မျက်စိမှိတ်ထားပါလျှက်
ကောင်းကင်ကို သတိရသည့်အခါ
တိမ်များကို မြင်နေရပါသည်။

အလွန်ဝေးကွာသည့် အရပ်သို့ ရောက်နေပါလျှက်
ပင်လယ်ပြာကို စဉ်းစားမိသည့်အခါ
လှိုင်းပုတ်သံကို ကြားယောင်နေတတ်ပါသည်။

အခန်းကျဉ်းထဲမှာ အိပ်နေပါလျှက်
ဥယျာဉ်ထဲသို့ စိတ်ရောက်သွားသည့်အခါ
နှင်းဆီရနံ့ကို ခံစားရရှိနေတတ်ပြန်သည်။

သေဆုံးသည်အထိ
မှတ်မိကျွမ်းဝင်သွားစေမည့်အရာမှာ
( ငါ့ ) ချစ်သူသာဖြစ်ပါသည်။



မောင်စိန်ဝင်း (ပုတီးကုန်း)

Monday, July 27, 2009

အဘိုးပညာ




သူငယ်ချင်း...
ပညာရွှေအိုး ၊ လူမခိုးလို့
အဘိုးနှုတ်က ၊ ဆုံး အမကို
အစက ငါ ၊ မယုံပါ၍....။

ဆယ်တန် တစ်ထုပ်
စာအုပ်တစ်ပုံ ၊ အတူပုံ၍
လူပုံအလယ်မှာ ၊ ငါထားပါ၏
စာအုပ်မခိုး ၊ ငွေထုပ်ခိုး၏

ကျပ်တန်တစ်ထုပ်
ပေထုပ်တစ်ပုံ ၊ အတူပုံ၍
လူပုံလယ်ဗွေ ၊ ငါထားလေ၏
ပေထုပ်မခိုး ၊ ငွေထုပ်ခိုး၏

အကြွေတစ်ထုပ်
ပုရပိုက်ထုပ်နှင့်
နှစ်ထုပ်တစ်စုံ ၊ တတူပုံ၍
လူပုံအလယ်၌ ၊ ငါထားလိုက်၏
ပုရပိုက်မခိုး ၊ ငွေထုပ်ခိုး၏

ပညာရွှေအိုး ...လူမခိုးလို့
အဘိုးနှုတ်က ၊ အဆုံးမကို
ခုမှယုံတယ်... သူငယ်ချင်း။



တက္ကသိုလ်ဝင်းမော်
( ၁၉၅၈ ၊ ဖေဖော်ဝါရီ ၊ ဒဂုန် )

Saturday, June 20, 2009

အ....လွမ်း....ဘဏ်



ဘလော့ဂ်လည်း ပစ်ထားတာ ကြာပါပြီ။ ရေးချင်စရာတွေ ၊ စာဖတ်သူနဲ့ အပြန်အလှန် ဆွေးနွေးတင်ပြ ချင်တာတွေ ရှိပေမယ့် အခြေအနေတွေက ရပ်ကွက်လူကြီး ပုဆိုးဖင်ပေါက်ကြီးနဲ့ လျှောက်သွားနေသလို ဖြစ်နေတာကြောင့် ဘာမှကို ပြောချင် ဆိုချင်စိတ် ဖြစ်မလာတာကြောင့်လည်း ဖြစ်ချင်တာဖြစ် ပစ်စလက်ခက်ကို ပစ်ထားလိုက်တာပါ။ စီဘောက်စ်မှာ လာအော်တဲ့ မနှင်းပွင့်ရေ.. ပြီးသွားပြီဆိုတာ မော်စကိုမှာ စာသင်ခြင်းအလုပ်ကို ပြောတာပါ ခင်ဗျာ။ ဘလော့ဂ်ဆိုတာကလည်း မရေးပဲ ပစ်ထားရင် ဆက်မရေးချင်တော့ဘူးဆိုတာပါ သိလိုက်ရတယ်။ ဒါကြောင့် မရေးချင် ရေးချင်နဲ့ ဖတ်မိထားတဲ့ ကဗျာလေးပဲ ပြန်တင်လိုက်တယ်။ အသိအမှတ်ပြု လာလည်တဲ့ လူတွေကို အားနားပါတယ် ၊ ခင်လည်း ခင်တယ် အဲဒီလိုပဲ ပြောလိုက်ရတော့မယ်။ အော်...စာဖတ်သူတို့ရေ ကဗျာကို ကဗျာလိုပဲ ဖတ်ပါဗျာ။ ကျန်တာ ဘာမှ မပါစေချင်ပါဘူး။ တော်ကြာ ဒီကဗျာတင်လို့ ဒီလိုဖြစ်နေပြန်ပြီ ထင်နေဦးမယ်။ ကဗျာလေး လှလို့ တင်ပေးတဲ့ သဘောပဲ ရှိပါတယ်။ ကျနော့် ခံယူချက်က ကျွန်တော် ဘလော့ဂ်မှာ ကိုယ်ပိုင်စာတွေ မရေးနိင်တဲ့ အခါ ၊ စာဖတ်သူအတွက် အကျိုးရှိမယ် ထင်တဲ့ ၊ စာဖတ်သူအတွက် တခုခုတော့ ခံစားမှုပေးနိင်မယ် ထင်တဲ့ စာလေးတွေကို ရှာကြံပြီး တင်ပေးချင်တဲ့ စိတ်ကြောင့်ပါ။


အလွမ်းဘဏ်

(က)

ကျွန်တော့် သံယောဇဉ် ဧရိယာထဲ
အတင်းတွန်းဖွင့်
ဝင်ဝင်လာတဲ့ နာရီလေးရေ....
အထီးကျန်နေတဲ့ ကျွန်တော့်ကို
စာနာစိတ်နဲ့
ထားခဲ့တဲ့ အဖော်က
အလွမ်း.....။

(ခ)

အလွမ်းရေ...
ခင်ဗျားကပဲ ကျွန်တော့်ကို ဖိထားမလား
ကျွန်တော်ကပဲ
အရသာခံရင်း လုံးပါး ပါးမလား
ခင်ဗျားကို သယ်ဆောင်ရင်း
ရွေ့လျားနေရတဲ့
ကျွန်တော့် အင်ဂျင်
ဆီကုန်လို့ ဒုတ်ဆို ထိုးရပ်သွားရတာမျိုး
အဖြစ်မခံနိင်လို့
ဘဏ်တစ်ခုကို သွားပေါင်ရပါတယ် ။

ဘာခံစားမှုမှ
အပေါင်မခံဖူးတဲ့ ဘဏ်မန်နေဂျာက
ဘာအပေါင် ပေးမလဲတဲ့
ကျွန်တော် ပိုင်တယ်လို့
အသေအချာ အာမခံနိင်တာက
အလွမ်းတွေပါ ဗျာလို့
ပြောမိတော့

ပထမ
ဘဏ်တစ်ခုလုံးမှာ ရှိတဲ့ သက်ရှိတွေက
ငွေစက္ကူတွေ အပြင်လွင့်ထွက်သွားအောင်
ရယ်ပါတယ်။

ကျွန်တော်
ထိတ်လန့်အားငယ် သွားလိုက်တာများ
ပုရွတ်ဆိတ် တစ်ကောင်ရဲ့
ခြေရာလေးလောက်ပဲ ရှိမယ်။
ကျွန်တော့် အိပ်ကပ်
( ရင်ဘတ်မှာ ရှိတဲ့ အိပ်ကပ်ပေါ့ )
လျှံထွက်လာတဲ့ အလွမ်းတွေ
အပိခံနေရတဲ့ ဘဏ်စာရေးမလေးက
ကျွန်တော့်ကို ကြည့်ပြီး
သန့်စင်စွာ အသံတိတ် ငိုတဲ့အခါ
ဘဏ်တစ်ခုလုံး အော်ငိုလိုက်ကြတာ
ဘဏ်ကြီး တစ်ခုလုံး အရည်တွေ ပျော်လို့။

ဘာပဲ ပြောပြော
ဘဏ်က တချို့တ၀က်
အလွမ်းတွေ လက်ခံလိုက်ပြီ ဆိုတော့
လွမ်းနေရပေမယ့်လည်း
ပေါ့ပေါ့ပါးပါးတော့
ဖြစ်သွားတာပေါ့လေ။

( ဂ )

သေနေတဲ့ ဓါတ်တိုင်အောက်မှာ
နှလုံးသား အရှင်တစ်ခုနဲ့ လူတစ်ယောက်
ဟိုတယ်တွေရဲ့ ထိပ်ဖျား
ငါးရိုးတွေကြားက ချောင်းကြည့်နေတဲ့
လကွေးကွေးလေးရေ....
သာ လာတဲ့အခါ
ဖယောင်းတိုင်လေး ငြိမ်းပေးပါ့မယ်
အခုတော့
လမ်းဘေးက ညကဖေးမှာ
ကဗျာရွတ်ဖို့
ရင်ထဲက မီးတောက်လေးနဲ့
ဖယောင်းတိုင်ကို
မီးကူးခွင့်ပြုပါ ။

အကြမ်းအိုးတစ် အကြမ်းပန်းကန်နှစ်
ဖျော်ချင်သလို ဖျော်ခဲ့ဗျာဆိုတဲ့
လက်ဘက်ရည်တစ်
ဘာမှ မဆိုင်တဲ့
အပူအားပေး ကျားက တစ်ကောင်
လွတ်နေတဲ့ ထိုင်ခုံလေးက တစ်လုံး
လွမ်းဖို့ အသင့်ပြင်ထားရော့လား
လွမ်းလိုက်တာ
ကဗျာရွတ်ဖို့ ပြင်လိုက်တာနဲ့
အလွမ်းတွေပဲ ကျကျလာ
ညကလေး တစ်ဆိုင်လုံးလည်း
အလွမ်းတွေ ပြည့်လို့ ။

( ဃ )

ကျွန်တော်က ဖြေချချင်လို့
စကြ၀ဠာတစ်ခုလုံးကို
ဆက်သွယ်ခဲ့ပေမယ့်
မှားခဲ့ပါတယ်လို့ ၀န်ခံခွင့် မရနိင်ခဲ့
မင်းကသာ
ဂဏန်းကိုးလုံးနှိပ်လိုက်ရင်
ခွင့်လွှတ်ချင်လာအောင်
အမှားကို
ဝန်ခံဖွဲ့နွဲ့ဖို့ အသင့်ပါ။

( င )

အခုတော့
ဘဏ်က လက်မခံချင်ပေမယ့်
ကျွန်တော့်မှာ
ပေါင်နှံစရာ အလွမ်းတွေက
အသက်ရှုလိုက်တိုင်း တိုးတိုးလာ
အသက်ရှုတာ ရပ်မလား
ဘဏ်မှာပဲ တောင်းပန်ပြီး
အလွမ်းတွေ ထပ်အပ်ရမလား
နှစ်ခုစလုံး မဖြစ်သေးပါဘူး
ဘဏ်တိုးက အလွမ်းတွေပဲ ရပြီး
အသက်ရှုတာ ရပ်လိုက်ရင်လည်း
မင်းကို မတောင်းပန်လိုက်ရဘဲ
သေသွားမယ်။

ဒီတော့....
မင်းနဲ့ သွားခဲ့ ၊ စားခဲ့ ၊ နားခဲ့
နေရာမှန်သမျှ
လက်ညှိုးထိုးပြီ
ဘဏ်အပ်လို့ရရင်
ရန်ကုန်မြို့ကြီး တစ်မြို့လုံး
လက်ညှိုးထိုးမလွဲ
ဘဏ်မှာ အပ်ရမှာပဲ။
ဒါပေမဲ့
မင်း စံပယ်နံ့ ၊ မင်း နှင်းဆီနံ့
သင်းသင်းလေးကျ
လက်ညှိုးထိုးပြလို့ မရတော့
ကျန်ခဲ့ရဦးတော့မှာ
လွမ်းစရာပေါ့ ။

( စ )

နာရီလေးရေ...
ကျွန်တော့် အပါးက အလွမ်းတွေကို
သံယောဇဉ်နဲ့ ကြဲပက်ခဲ့တာလား
ရန်ကုန်မြို့ကြီးက ကျဉ်းကျဥ်းလေး
ကမ္ဘာကြီးကလည်း ကျဉ်းကျဉ်းလေးပါ
ဒီနေ့ မင်းကို မတွေ့ရင်
မနက်ဖြန် တစ်ရက်ရက်မှာ တွေ့မှာပဲ
အဲဒီအခါ
အသေအချာ မှားခဲ့တာ
ညွှတ်နူးစွာ
တောင်းပန်ပါ့မယ်
မင်းကို “ သိပ်ချစ်တယ် ” လို့ ပြောခဲ့မိတာ ။ ။


( စောဝေ )



Friday, June 5, 2009




မင်း မရှိရင်
ငါ့ အတွက်၊ ဘာမှ မရှိတော့ဘူး
အမောဖောက်ခဲ့တဲ့
အောင့်သက်သက် နေ့ရက်တွေမှာ
မင်းသာ...ငါ့ရဲ့ အသက်ရှုရာ

ကြမ်းတမ်းခဲ့တဲ့
ခက်ထန်စရာ ရာသီဆိုးထဲမှာ
မင်းသာ...င့ါရဲ့ လဲလျောင်းရာ

လှိုင်းထန်ခဲ့တဲ့
ထိတ်လန့်စရာ မုန်တိုင်းများကြားမှာ
မင်းသာ...ငါ့ရဲ့ ကယ်တင်ရာ

မွန်းကျပ်ခဲ့တဲ့
ရင်နင့်စရာ နေ့ညများစွာမှာ
မင်းသာ...ငါ့ရဲ့ ရင်ဖွင့်ရာ

မင်း မရှိရင် .. အသက်ရှုမ၀ဘူး
မင်း မရှိရင် .. လဲလျောင်းရာ နေရာမရှိဘူး
မင်းမရှိရင် .. ကယ်တင်မယ့်သူ မရှိဘူး
မင်း မရှိရင် .. စကားပြောဖော် မရှိဘူး
မင်း မရှိရင် .....

ငါ့မှာ.....ဘာမှ မရှိတော့ဘူး

( မောင်လှမျိုး )

Saturday, May 23, 2009

သိမ်း......မယ်



အထပ်ထပ်ကြဲချ ခြေရာများ
နှလုံးသားပေါ်
မြတ်နိးစွာ သိမ်းမယ်။

ဘာကြောင့်ပစ်ပစ်
ဘယ်လောက်ပစ်ပစ်
မင်းမျက်စောင်းတွေ အားလုံး
အချစ်နဲ့လဲပြီး သိမ်းမယ်။

မြင်လိုက်တာနဲ့
စံပယ်ဖူးလို စူသွားတဲ့ မင်းနုတ်ခမ်း
မျက်ဝန်းထဲမှာ သိမ်းမယ်။

ရင်ခုန်သံတွေ အပေါ်
နင်းသွားတဲ့ မင်းခြေဆောင့်သံ
နားနှစ်ဖက်နဲ့ သိမ်းမယ်။

အထပ်ထပ် ၀ါးထားတဲ့
မင်း ပီကေလေး
ခေါင်းထက်မှာ သိမ်းမယ်။

တွေ့လိုက်တာနဲ့
ချာခနဲလှ့ည် အထွက်
အင်္ကျီကြားက မင်း ခါးသားလေး
ဝင်းမွှတ်စွာ သိမ်းမယ်။

မင်း ချွေးသုတ်ပြီး လွှင့်ပစ်တဲ့
တစ်သျှုးပေါ်က အနံ့လေး
အိတ်ကပ်ထဲမှာ အမြဲသိမ်းမယ်။

အရမ်းခံစားပြီး ရေးထားတဲ့ ကဗျာလေး
ပေးဖတ်လိုက်တဲ့ အခါ
အစိတ်စိတ် အမြွှာမြွှာ ဆုတ်ဖြဲပြီး
ဘာကြောင်တာလဲ ဆိုတဲ့
မင်း အသံလေးနဲ့ပဲ ထုပ်သိမ်းမယ်။

ရည်းစား
တစ်ယောက်က တစ်ယောက်အကူး
ထွက်ကျတဲ့ မင်းရယ်သံ
နှုတ်ခမ်းထက်မှာ သိမ်းမယ်။

နေ့ည တွေးသမျှ အတွေးတွေ အကုန်လုံး
မင်း သိမ်းသွားတဲ့အခါ
အကြီးကျယ်ဆုံး အရှုံးတစ်ခု သိမ်းမယ်။

မတွေ့မမြင်တာ ကြာလို့ မေးတဲ့အခါ
“ ဖျားနေတာ ၊ အဖျားတွေ တသက်လုံး သိမ်းပ့ါလား ” တဲ့
တုံ့ပြန်စကားလုံးများ
အိမ်မက်ထဲမှာ သိမ်းမယ်။

ရိုက်တော့မယ်လို့
မာန်စောင်နေတဲ့ မင်းလက်ဖ၀ါးလေး
ပါးပြင်ပေါ်မှာ သိမ်းမယ်.......

( စောဝေ )

Monday, May 11, 2009

သခင်ရယ်....



ပန်းပွင့် ပန်းမိုး..သွန်းဖြိုးတယ်လို့
ကိုယ်ခံယူပါ့မယ်......သခင်

မိုးရေထွက်ချိုးလို့...နှာစေးမိတဲ့ ကလေးထက်
ကိုယ့်အဖြစ်က ပိုဆိုးပါတယ်

မာနကို မြှားလိုချွန်ပြီး....အငြိုးကြီးတဲ့ လေးအတက်နဲ့
သခင်ကိုယ်တိုင် ပစ်ခွင်းမှတော့
ကိုယ်က ဘာကြောင့် ရှောင်နေရမှာလည်း

သခင်ရယ်........

အငြိုးကြီးသူ အချင်းချင်း
သုဘဒ္ဒါကမှ လူစားလွှတ်ပါသေးရဲ့


မောင်လှမျိုး ( ချင်းချောင်းခြံ )


Friday, May 1, 2009

လွမ်းရဲတယ်.....



သူမေ့ပြီလား.....
လူတွေ့ရန် မဆိုထားနဲ့
နှစ်ကိုယ်ကြားရုံ ဖုန်းဆက်တဲ့ ဓလေ့တောင်မှ.......
သြော်......မုန်းရက်ပြီလို့ထင် ။

ကြားယောင်ကာ
နားထောင်ရတော့မလားရယ်နဲ့
သူ့စကား မုသားတောင် ယုံချင်တက်သူမို့
( သူပြောလျှင် )......
ပုံပြင်ပင် တကယ်မှတ်ပြန်တော့
မလည်ပတ်သူလို သူငြိုငြင်

မလွမ်းတက်လို့လား
လွမ်းတတ်သူ မပူရှိနိင်ပ့ါ
သူသိအောင် ဘယ်လိုပြောရမလဲ
ဘယ်လိုမောကာ ဘယ်လောက်ရင်ဆို့ရပေမယ့်
ခင်မို့လို့ သူစိမ်းပြင်ပြင်
စိမ်းချင်ချင်နဲ့ စိမ်းနိင်ရက်

ခင်ခင်စိမ်းပေမယ့်
ရင်ငြိမ်းအောင် အပူမသတ်နိင်လို့
အပူဇာတ်ကို အခန်းဆက်နေတဲ့
ပန်းသက်သေ ဝေဒနာပွင့်တွေက
လွမ်းရက်ရှည်ကြွေကာ မရင့်ပြန်တော့
ခင်ခင့်လို..... ဘယ်သူခွဲနိင်မလဲ
ပူရဲတယ် သည်ရင်ကျွမ်းအောင်
လွမ်းတော့.... ဆယ်သက်


မောင်စိန်ဝင်း ( ပုတီးကုန်း )


Monday, April 20, 2009


င့ါပခုံးကို ချည်နှောင်ရစ်ဖို့
ပန်းပွင့်အရှင်တွေနဲ့ ကြိုးကို ကျစ်ခဲ့တယ်
မကြွေ ပစ်လိုက်ကြပါနဲ့......။

( သံယောဇဉ်ဆိုတာ )
ပြတ်သွားရင် ပြန်ဆက်လို့မှ မရတာ


မင်းခိုက်စိုးစန်

Thursday, January 15, 2009

မိတ်ကပ်လူ......



နဂိုမလှပါဘူး
မိတ်ကပ်ကောင်းလို့ပါ

မနက်လင်းကတည်းက
မှန်ရှေ့မှာ
မိတ်ကပ်လိမ်းရင်း.....ကြီးပြင်းခဲ့သူ

ကျောင်းနေစဉ်က...စ
အလုပ်ခွင်ဝင်တဲ့...အလယ်
ပင်စင်ယူသည်အထိ

သူက
မိတ်ကပ်....တဖွေးဖွေးနဲ့
ဘ၀ကို........ တွေးခေါ်ခဲ့တယ်
မိတ်ကပ်....တပြင်ပြင်နဲ့
ဘ၀ကို........ ရင်ဆိုင်ခဲ့တယ်

မိတ်ကပ်တွေ....ခွာကြည့်
ပကတိအတိုင်း မြင်ရတဲ့အခါ
မလှတာ....သေချာတယ်

ဒါပေမဲ့
သူက....တစ်သက်လုံး မိတ်ကပ်သုံးခဲ့တော့
ဟော.....သေတော့လည်း
မိတ်ကပ်တွေ မှုန်လို့

သူ့ကို လိုက်ပို့သူတွေ မျက်နှာမှာလည်း
မိတ်ကပ်တွေ အဖွေးသားနဲ့ ။ ။

( မြ၀တီမဂ္ဂဇင်း )


Monday, December 29, 2008


အောင်ဆန်းပေးတဲ့ မြန်မာပြည်...အောင်ဆန်းပေးတဲ့ မြန်မာပြည်

အရပ်ပုပုမျက်.....မှောင်ကုတ်ကုတ်
ပိုသီပတ်သီ အညာသား။

ဘီအေကျောင်းသား
စကားမပြော
ပြောရင်မရပ်
ညှင်းသိုးသိုး အရိုးခံ
ခေါင်းအမာဆုံး
ဇွဲအရှိဆုံး
စိတ်ဓာတ်အပြင်းထန်ဆုံး လူသား။

သူမသိ နားမလည်တာတွေကအများသား
ရေမကူးတတ်ဘူး
စက်ဘီးမစီးတတ်ဘူး
စန္ဒရားမတီးတတ်ဘူး
သီချင်းကောင်းကောင်း နားမထောင်ခဲ့ရဘူး
မိန်းမ မပိုးတတ်ဘူး။


ဘိလပ်ပြန်သန်းကို မေရှင်သီချင်း ဆိုခိုင်းခဲ့သူ
ချစ်ရတဲ့နာစ့်မလေးကြည်ကို လူငှားနဲ့ ပိုးခဲ့ရသူ
ဗွီအိုင်ပီဆိုတဲ့ စာတန်းကို အလွန်စက်ဆုပ်ရွံရှာသူ
လမ်းဘေးမှာ ကျောက်ကျောရေသောက်တဲ့ ၀န်ကြီးချုပ်
မင်္ဂလာဆောင်မှာ ခဲဖိုးတောင်းတာ နားမလည်တဲ့သူ။

လွတ်လပ်ရေးကိုစဉ်းစားရင်း စစ်ဖိနပ်ပြောင်းပြန်စီးတဲ့သူ
လွတ်လပ်ရေးကိုစဉ်းစားရင်း ဆံပင်ညှပ်မပြီးခင် ထထွက်သွားတဲ့သူ
တွေ့ချင်လွန်းလို့ လမ်းမှာတားတဲ့ ရွာသားတွေနဲ့
အတူလမ်းဘေးမှာအကြော်စားတဲ့ ၀န်ကြီးချုပ်
သူ့ ကိုယ်သူ ပြည်သူတစ်ယောက်အဖြစ်ခံယူတဲ့ ၀န်ကြီးချုပ်

“ - ကြည်... ပဲပြုတ်နဲ့ နံပြားရရင် စားချင်တယ် - ” ဆိုတဲ့
မိန်းမကို မနက်စာပြင်ခိုင်းတဲ့ သူ့ ရဲ့ ကမ္ဘာကျော်စာ။

ဗိုလ်ချုပ်အဆင့်ရဲ့ အမှားနဲ့ သာမန်ရဲဘော်အဆင့်ရဲ့ အမှန်ကို
ကွဲကွဲပြားပြားသိတဲ့သူ
လူငယ်ဘ၀၊ လူ့ ဘ၀ရဲ့ စည်းစိမ်အရသာတွေ
ခံစားဖို့ အချိန်မရခဲ့တဲ့သူ
သူ့ ဖြတ်သန်းမှုမှာ
လွတ်လပ်ရေးဆိုတာတစ်ခုတည်းနဲ့
ပကတိရိုးရှင်းသန့်စင်ခဲ့တဲ့သူ
သူ့ကို
ဒဂုန်တာရာက ကင်ပွန်းတပ်
အောင်ဆန်း သို့မဟုတ် “ အရိုင်း ” တဲ့။

လုပ်သက်က ခပ်နုနု
ကျောင်းသားပေါက်စ
သခင်ပေါက်စ
စစ်သားပေါက်စ
နိုင်ငံရေးသမားပေါက်စ
ဘ၀တွေက အဖုံဖုံ
အသက်က ၃၀ မရှိတရှိ။

ဒီအောင်ဆန်း လက်တောက်လောက်လေးကို
ဘာ့ကြောင့်
နေမ၀င်အင်ပါယာကြီး ဒူးထောက်ခဲ့ရပါသလဲ...။

တကယ်ဆိုတော့
ငါတို့အောင်ဆန်းက
နယ်နယ်ရရမဟုတ် -
ရိုးသားတဲ့မြန်မာတွေထက်
ပိုရိုးသားတဲ့အောင်ဆန်း
သတ္တိပြောင်တဲ့ မြန်မာတွေထက်
ပိုသတ္တိရှိတဲ့ အောင်ဆန်း
စွန့်လွှတ်ရဲတဲ့ မြန်မာတွေထက်
ပိုစွန့်လွှတ်ပြတဲ့ အောင်ဆန်း၊
ဒီလိုအောင်ဆန်း
သူ့ သွေးသားအရိုးအချဉ်တွေအားလုံး
လွတ်လပ်ရေးတစ်ခုတည်းနဲ့အပြီး
စုစည်းတည်ဆောက်ပြတဲ့ အောင်ဆန်း
တကယ့်အရိုးခံ အောင်ဆန်းပေါ့။

ဒီအောင်ဆန်းကို
လွတ်လပ်ရေးလမ်းဝမှာ ဘွားကနဲ မြင်လိုက်ရရုံပဲ
အောင်ဆန်းရဲ့ ဆရာတွေ မှိုင်း၊ မြ၊ ချိုတို့ကအစ
- ငါတို့ အားကိုးပါရစေ - ဆိုလာကြ၊
ရှေးဘိုးဘွားမိဘပြည်သူတွေက
- ငါတို့ ကိုကယ်မယ့် မင်းလောင်းပေါ်ပြီ - ပြုံးပျော်ကြ
လူငယ်သွေးသောက်မြန်မာတွေက
- ငါတို့ စွန့်ပါရစေ - ဆိုပြီး ရှေ့ထွက်လာကြ
စုကြ၊ ရုံးကြ၊ စည်းလုံးကြ။

တကယ့်ဗမာတွေ
မဟာအောင်ဆန်းအနောက်က
ပြည်သူ့ ဒီလှိုင်းလုံးကြီးတွေရဲ့
တ၀ုန်းဝုန်း ရိုက်ခတ်သံဟာ
အဲဒီအချိန်က ၀ိတိုရိယဘုရင်မကြီးကိုတောင်
အိပ်မက်တွေ အေးခဲစေခဲ့သပေါ့။

အောင်ဆန်းရှေ့ ရောက်ရင်
ရှမ်းတွေက ရှမ်းစကားမဆိုကြ
ကချင်တွေကလည်း ကချင်စကားမဟကြ
အောင်ဆန်းကို ယုံကြည်စွာနဲ့
သူတို့ သခင်အဖြစ် သိမှတ်ပြုကြ
အားလုံးသော တိုင်းရင်းသားတွေ။

ဒီပြည်လုံးကျွတ်အားကို
စုစည်းနိုင်ခဲ့လိုလည်း
အင်္ဂလိပ်တွေက ဒီအောင်ဆန်းလက်တောက်လောက်နဲ့
တစ်စားပွဲထဲ ၀ိုင်းခဲ့ကြပေါ့
အကင်းပါးသူတွေပီပီ
မတိုက်မီက ရှုံးနေတဲ့ ဒီစစ်ကို
ဒင်းတို့ မတိုက်ဝံ့ကြ
မျက်နှာမပျက် အောင်မြင်စွာ ဆုတ်ခွာမယ့်လမ်းကို
သူတို့ ရွေးခဲ့ကြ
အောင်ဆန်းနဲ့အတွေ့ မှာ။

ယုံကြည်အားကိုးတဲ့ မျက်လုံးပေါင်း သန်း ၆၀
အောင်ဆန်းမှာ ရှိတယ်
လွတ်လပ်ရေးကို တရှိုက်မက်မက်တောင့်တတဲ့ နှလုံးသားသန်း ၃၀
အောင်ဆန်းမှာရှိတယ်
အောင်ဆန်းသေဆို သေပြ၀ံ့တဲ့သူ
အောင်ဆန်းမှာ တပြည်လုံးရှိတယ်
ဒီ မျက်လုံးနှလုံးအသက် ဗို့ အားသိန်းသန်းချီ မီးဆလိုက်အားတွေနဲ့
နေမ၀င်အင်ပါယာကို ပြတ်ပြတ်သားသား လှမ်းထိုးလိုက်တဲ့အခါ
အခြောက်တိုက် ဘ၀င်မြင့်နေသူတွေ
အားလုံး အရည်ပျော်သွားခဲ့ကြ။

ဘယ်ရာဇ၀င်မှာ ခင်ဗျားတို့ တွေ့ ဘူးလဲ။
ဂျပန်ဆိုတာ မနူးမနပ်မဟုတ်ဘူး။
အင်္ဂလိပ်ဆိုတာက ဝေလာဝေး
သူငယ်နှပ်စားမဟုတ်။
ဒင်းတို့တွေတောင် ရအောင် စည်းရုံးနိုင်တဲ့သူ
အောင်ဆန်း။

ဒီအောင်ဆန်းက စစ်ကို မလို
ဒါပေမဲ့

ရရင်ရ မရရင်ချ ဆိုတာ အောင်ဆန်းဝါဒ
လွတ်လပ်ရေးကို အမြန်ဆုံးလိုချင်နေတဲ့
အဲ့ဒီအချိန် ပြည်သူတွေရဲ့ တစ်ဦးတည်းသော ကိုယ်စားလှယ်
ငါတို့ အောင်ဆန်းပေါ့။

အောင်ဆန်း
ဒီအချိန်ဆို
၉၃ နှစ်ရှိပြီ
အောင်ဆန်းပြောမယ်
အဘိုးရဲ့ စကား နားထောင်...။

- မမေ့နဲ့
မင်းတို့
ကနေ့ ရှူနေတဲ့ လေဟာ
ငါတို့
မနေ့က ချွေးစက်တွေဆိုတာ၊
မမေ့နဲ့
မင်းတို့
မြန်မာဆိုတဲ့ စကားတစ်ခွန်းကိုရဖို့
ငါတို့
ဘုံးဘောလအော ကျဆုံးပေးခဲ့ရတာ၊
မမေ့နဲ့
မင်းတို့
ကမ္ဘာ့မြေပုံပေါ်တက်နိုင်ဖို့
ငါတို့
အလောင်းကောင်တွေဆင့်ပြီး ထမ်းတင်ပေးခဲ့တာ
မမေ့နဲ့။

မြန်မာလူမျိုးတိုင်းမှာ
အဖေနှစ်ယောက်ရှိတယ်
တစ်ယောက်က
ကိုယ့်သွေးသားအဖေ

ကျန်တစ်ယောက်က
မြန်မာလူမျိုးကို မွေးပေးတဲ့အဖေ
မြန်မာလူမျိုးရဲ့ အဖေ
မြန်မာ့အဖေ
အောင်ဆန်းပေါ့။

ကျုပ်အဖေနဲ့အဖိုးဟာ အောင်ဆန်းသားတွေ
အောင်ဆန်းက ကျုပ်အဖိုး
ကျုပ်သားက အောင်ဆန်းရဲ့ မြစ်ပေါ့
သူ့ အဘိုးကို သူ လွမ်းတတ်နေပြီ
သူ့ သားကျရင်လဲ သူ့ အဘေးနဲ့
ပေးတွေ့ နိုင်ဖို့
အခုကတည်းက အသေအချာ
ကျုပ် မှာထားရအုံးမယ်။


From FW Mail

Tuesday, December 23, 2008

ခေါင်းစဉ်မဲ့


ချစ်သူတွေ အိပ်စက်နေကြတာ.....
သွားမနိးလိုက်ပါနဲ့....၊
ရာသီဥတုကိုက ဆိုးလွန်းတယ်။

နှစ်ယောက်သား အတူလျှောက်ခဲ့တဲ့ စင်္ကြန်မှာ
သစ်ရွက်ကြွေသံတွေကလွဲလို့...
ကြွေကွဲမှုနဲ့ တိတ်ဆိတ်

အလွမ်းတွေ အပြည့်အသိပ်နဲ့
ကိုယ့်ရင်ဘတ်ကိုယ်ပိတ်ထားတဲ့
အခန်းတံခါးတွေ ရှိတယ်.....။

ဟောဒီ...မှန်ပြတင်းရဲ့ အပြင်ဘက်မှာ ပူပြင်း
ပိုးစိုးပက်စက် သေနေတဲ့ နေ့လည်ခင်းတခုပဲရှိ.......၊
ကိုယ့်အရိပ်တွေ ရှည်လျားလာတာကို
ကြည့် ကြည့်ရင်း
အထီးကျန်ခြင်းဆိုတာ
တစ်ယောက်တည်း အသက်ရှုရင်းသေနေတာ......လို့
သိလာတယ်။

သွားမနိးလိုက်ပါနဲ့....
ချစ်သူတွေ အတူတူ အသက်ရှုရတဲ့ တန်ဖိုးက
ကမ္ဘာကြီး ပိုင်စိုးရတာထက် သာတယ်။

ဟောဒီ နွေရာသီတစ်ခုလုံး ပုပ်သိုး
ချစ်သူတွေ အိပ်စက်နေကြတာ....မနှိုးလိုက်ပါနဲ့
သူတို့တွေ....ကံဆိုးပြီဆိုတဲ့အကြောင်း
နည်းနည်းဖြစ်ဖြစ်
နောက်ကျပြီး သိရတာ ကောင်းတယ်။

( မင်းခိုက်စိုးစန် )


Tuesday, December 9, 2008

တစ်နေ့သ၌......




“ ကိုယ်တို့နေတဲ့ လောကကြီးဟာ
ဘာနဲ့တူသလဲ ” တဲ့
အကဲစမ်းသလို မင်းကလေး
မေးမှ မေးရက်တယ်ကွယ်................။

ခပ်လွယ်လွယ် ပြောကြစတမ်းဆိုရင်
တို့မြင်နေကြ လမ်းဘေးမှာ
မသေဆေးရောင်းနေတဲ့
အလမ္ပာယ်ဆရာရဲ့ ပခြုပ်နဲ့ တူသပေါ့.....

အထဲမှာကတော့ မြွေမျိုးစုံ
ဘယ်ပုံစံနဲ့ပဲ ကိုက်ကိုက်
ကတိုက်ကရိုက် သေကြရတာချည်းပဲ

ကြည့် -
မင်းသိဖို့ ပြောပြမယ်။
တကယ်တော့ ငါတို့
မင်းတို့တစ်တွေရဲ့ ရင်ထဲက အဆိပ်ဟာ
မြွေဆိပ်ထက်ပြင်းတယ်ဆိုရင်
မင်းယုံချင်ပ့ါမလား......

တကယ်တော့
လူသားတစ်ဦးရဲ့ ကိုယ်ထဲမှာ
အဆိတ်မျိုးအိတ် ဆိုတာရှိလေရဲ့..........။

တစ်မျိုးက
လောဘဆိုတဲ့
တစ်မျိုးက
ဒေါသဆိုတဲ့
တစ်မျိုးက
မောဟဆိုတဲ့
ဒီအကောင်တွေဟာ
မင်းတို့ ငါတို့မချစ်သော်လည်း အောင့်ကာနမ်းနေရတဲ့
မြွေဆိုးတွေပေါ့........

ပြီးတော့
တစ်ယောက် တစ်မျိုးစီ
ချစ်ပြ
တစ်ယောက် တစ်မျိုးစီ
ပြုံးပြ
တစ်ယောက် တစ်မျိုးစီ
မုန်းကြ

လုံးဝယုံကြည်တယ်ဆိုတာ ဘယ်အရပ်မှာတဲ့လဲ.....
ဒီနေရာမှာ မြွေနဲ့ကင်းတဲ့ အလမ္ပာယ်ဆရာ ဖြစ်ချင်ရင်
ကမ္ဘာစစ်ကိုတော့ မုန်းကြရလိမ့်မယ် ။ ။


ဝင်းမောင် ( အပြုံးရောင်သီချင်း - ကဗျာများ )


Saturday, November 29, 2008

အ....ပူ....သည်



အသစ်မဟုတ်ဘဲ
နေရောင်နဲ့ ပြန်သထားတဲ့
မနက်ခင်း တစ်ခုမှာပါ....

ကျွန်တော် အရူးအမူးဖြစ်နေတာကတော့
အိမ်မက်ထဲက
မွှေးမြတဲ့ နားရွက်လေးတစ်ဖက်ပါပဲ။

လေကလည်း တဟူးဟူး တိုက်နေရဲ့
နှလုံးသားပေါ်မှာ ခိုကိုးရာမဲ့ ကျီးကန်တစ်ကောင်က
တစာစာ အာနေလေရဲ့
အလွမ်းတွေ ဖွာလန်ကျဲလို့.....

မြင်မကောင်းအောင် ငိုထားတဲ့
တေးသွားလေးလိုပဲ သက်ဆင်းခဲ့
သိပ်တော့လည်း မဆန်းပါဘူးကွယ်တဲ့
တချွတ်ချွတ်မြည်နေတဲ့
သစ်ကိုင်းခြောက်က
မာဂဓဘာသာစကားနဲ့
ကျွန်တော့်ကို ချွေးသိပ်ခဲ့တယ်။

နှလုံးသား တရပ်စာသာမြင့်တဲ့
မျှော်စင့်တစ်ခုဆောက်ပြီး
ကမ္ဘာဦးအစကို လှမ်းကြည့်လိုက်တယ်.....

မီးကို စတင်တွေ့ရှိသူဟာ ကျွန်တော်ဖြစ်ရဲ့ ။ ။



မောင်သိန်းဇော်


Saturday, November 22, 2008

(၁)
စိတ်ကူးအရင့်အမာကြီးနဲ့ လွမ်းရတာ
တစ်ကမ္ဘာလုံးကို ထမ်းထားရတာထက်
ပိုလေးတယ်.....

(၂)
ကောင်မလေးရယ်.....
နောက်ကျခဲ့တာက
တစ်စုံတစ်ရာကို ချစ်ဖို့.....
ငါတို့.....
ဘာမှ အဆင်သင့် မဖြစ်ခဲ့ကြတာ တစ်ခုပါပဲ။

(၃)

“ ခေါင်းကလေး ၀င်ပါရစေ ”

(၄)

“ လက်ကလေး ၀င်ပါရစေ ”

(၅)

“ ခြေထောက်ကလေး ၀င်ပါရစေ ”

(၆)
အချစ်ဟာ ကုလားအုတ်တစ်ကောင်ပါပဲ။
ငါ့ရင်ဘတ်ရွက်ထည်ထဲမှာ လာမိုးခို
ငါကတော့.....
စွန့်လွှတ်ဖို့ အတွက် သက်သက်ပဲ ကြိုခဲ့တယ်။
“ ၀င်ခဲ့လေကွယ်.....”

(၇)
ပြီးတော့.....
အဲဒီ ကုလားအုတ်ရဲ့ ခြေဖမိုးကို နမ်းရှုပ်....
ရက်ထည်တဲရဲ့ အပြင်ဘက်ကို
( ငါ့ဘာသာငါ ) သုံးရာသီလုံးလုံး နောက်ဆုတ်ပြီး ထွက်ခဲ့တယ်။
ကြည့်စမ်း.......
ငါဟာ ပိုးစိုးပက်စက် မြင့်မြတ်နေလိုက်ပုံများ

(၈)
ကောင်မလေးရေ....
တို့တွေ နားလည်လိုက်ရအောင်
မင်းနဲ့ငါ တကယ်နားလည်သွားသလိုပုံမျိုးနဲ့
နားလည် ပစ်လိုက်ကြရအောင်လေ.....................။


မင်းခိုက်စိုးစန်


Friday, October 31, 2008

“ နွယ် ”


တစ်ပင်တည်း ( ထဲ )
ရင်ထဲကနွယ်

ခက်ညွှန့်သန် နသစ်လို့
ရစ်ပတ်နှောင်တွယ်

သံယောဇဉ် ဆိုတာရယ်
နွယ်ကလေး တစ်ပင်ပေါ့

ရာသီတွေ ဘယ်လိုပြောင်းပေမယ့်
ခေါင်းထောင်လို့ကြော့ ။ ။

ဆရာမောင်စိန်ဝင်း



Saturday, September 27, 2008

အလွမ်းရဲ့ ဆည်းဆာ

အဝေးရောက် မြန်မာနိင်ငံသားတွေ အနေနဲ့ မြန်မာလို ရေးထားတဲ့ စာအုပ်ဆိုတာ ဖတ်ရဖို့ မလွယ်ကူလှပါဘူး။ ဒီတော့ တစ်အုပ်တလေလောက် ကိုယ့်လက်ထဲ ရောက်လာရင် ပျော်မဆုံးနဲ့ ။ ဖတ်ချင် ကြည့်ရှု့ချင်ကြတာ သဘာဝပါ။ ကျွန်တော်တို့ ဆီမှာလည်း ဒီလိုပါပဲ။ သူ့ကျောင်းကစာအုပ် ကိုယ်ယူ ၊ ကိုယ်ကျောင်းက စာအုပ် သူ့ပေးနဲ့ လဲလှယ်ဖတ်ရှု့တက်ကြပါတယ်။ ကွန်ပြူတာနဲ့ ဖတ်ရတာစာရင် ၊ စာအုပ်ကို ကိုယ်တိုင်လက်က ကိုင်ပြီး ဖတ်ရတာက ကိုယ်ကြိုက်တဲ့နေရာ ၊ ကိုယ်ဖတ်ချင်တဲ့ ပုံစံနဲ့ ဖတ်ရတာ ပိုနှစ်သက်မိပါတယ်။

ဒီလိုနဲ့ လွန်ခဲ့တဲ့ တပတ်လောက်က ကျွန်တော့်လက်ထဲကို ရောက်လာတဲ့ စာအုပ်လေးကို ဖတ်ကြည့်တော့ ကိုမိုးလှိုင်ည ကဗျာလေးကို တွေ့ခဲ့ပါတယ်။ သူ့ကိုယ်စား ဂုဏ်ယူမိသလို ဒီလိုမဂ္ဂဇင်းတွေမှာ ပါနိင်အောင် လည်း ကြိုးစားကြည့်ချင်မိပါတယ်။ ဒီကဗျာလေးကို ကိုမိုးလှိုင်ညကတော့ မှတ်မိနေမယ်ထင်ပါတယ်။ ၂၀၀၆ ခုနှစ် ဧပြီလက ထွက်ခဲ့တဲ့ ရယ်စရာ ရသစုံမဂ္ဂဇင်းမှာ ဒုတိယမြောက်ကဗျာတပုဒ်အနေနဲ့ ဖော်ပြထားခဲ့တာပါ။ ကဗျာလေးက......

အလွမ်းရဲ့ဆည်းဆာ

နေခြည်တွေက အနောက်အရပ်မှာ
တိမ်တွေနဲ့ သွယ်ယှက်နေချိန်
ကန်ရေပြင်ညီညီကို ဖြတ်ပြေးလာတဲ့
လေပြည်တွေက
ရနံ့တွေသီခဲ့မှန်း ငါသိရတော့. . . . . . .

အလွမ်းတွေကို တိုက်ခိုက်ဖို့
မင်းစိုက်ပျိုးခဲ့တဲ့ သတိရခြင်းတွေကို
လာ. . . . . . ရိတ်သိမ်းလှည့်ပါ




“ နေမင်းရဲ့ နုတ်ဆက်ရောင်ခြည်နဲ့
ငါတို့မမှောင်ခင် လွမ်းကြမယ်” တဲ့
ဟောဒီ ခုံတန်းပြာလေးရဲ့ စကား
မင်းများကြားခဲ့မိရင်. . . . . . .
ကံကြမ္မာရဲ့ မာနမုန်တိုင်းတွေ အပေါ်
မင်းလည်း စိတ်ထင်တိုင်းမှားမိမယ် မထင်ဘူး . . . . . .

အခုတော့. . . . . .
ငါတို့ နှလုံးသား အရိုင်းလေးတွေ
အချိန်မတိုင်မီ ချွန်းအုပ်ခဲ့ရတော့
ဟောဒီညနေ အလွမ်းဖွဲဖွဲထဲမှာ
ငါနဲ့ ခုံတန်းပြာလေး စိုစွတ်ခဲ့တယ်. . . . . . . . ။ ။

မိုးလှိုင်ည




Saturday, March 29, 2008


မောင့်နှလုံးသားရဲ့ဇာတာကို ကြိုသိနေခဲ့လို့
နောင်တတွေကို ပိုင်ဆိုင်သင့်တယ်တဲ့လား .....

မပြောပါနဲ့တော့လား ကံကြမ္မာရယ်
ထုဆစ်လို့မရတဲ့အနာဂါတ်ကို ငေးကြည့်ရင်း
ကျွန်မအတွေးတွေ ရပ်တန့်ခဲ့ရတာ များပါပြီ။

ဒီတစ်ကြိမ်တော့ ကျွန်မကို
ခေါင်းမာခွင့်ပေးပါ .......မောင်

မာယာဆိုတဲ့ ခေါင်းစဉ်အောက်မှာ
နံမည်ပျက်ပေါက်ရင်ပေါက်ပါစေတော့
နှလုံးသားက ဘယ်သူ့ကို ကိုးကွယ်တယ်ဆိုတာ
ဟောဒီ မျက်ရည်တွေ သိပါတယ်။

ကျွန်မကတော့
မောင်ရှိတဲ့အရပ်ကနေ
အံတစ်ချက်ကြိတ်ရင်း ပြန်ခဲ့ပါပြီ။

ကျွန်မရဲ့ မျှော်လင့်ချက်တွေနဲ့
မောင့်ရဲ့အိမ်မက်တွေကို ၀န်မလေးစေချင်ဘူး ......
ကျွန်မအပေါ်တိုင်တည်ထားတဲ့သစ္စာတွေအတွက်
မောင့်ရဲ့အနာဂါတ်ကို မရူးနှမ်းစေချင်ဘူး ........

ကျွန်မကိုသယ်ဆောင်ချင်တဲ့မောင့်ရည်မှန်းချက်မှာ
အားကောင်းမောင်းသန်အချစ်တွေမြင်ပေမဲ့
ဆူးတစ်ချက်မ၀င်စေ့ချင်ဘူး

ကျွန်မနှလုံးသား ဖောက်ပြန်ခြင်းကင်းတယ်ဆိုတာတော့
ဘုရားသခင်တိုင်းက ခေါင်းညိမ့်မှာပါ .. မောင်။

မောင်မရှိတော့ပေမဲ့
မောင်ရှိခဲ့ဖူးတဲ့ရင်ခွင်ကို......နွေးနွေးလေးထားပါ့မယ်

မောင်ရှိတဲ့အတိတ်ကို
မျက်စိလေးမှိတ်ပြီး...တိတ်တိတ်လေးလာခဲ့မယ်

မောင်နေတဲ့ရင်ခွင်ခန်းကို
ဘယ်တော့မှ မနွမ်းအောင်.....အသက်နဲ့ကျမ်းကျိန်ပြီး လွမ်းပါ့မယ်

သမုဒ္ဒရာ အနား ဘယ်လိုပဲသတ်သတ်
ကျွန်မနဲ့မောင်ရဲ့ အအဆုံးသတ်ကိုတော့
လွမ်းမျက်ရည်တွေနဲ့ ဘောင်ခတ်ပါရစေ
ဘယ်တော့မှ ဖောက်မထွက်ဘူး ....... မောင်

ကျွန်မရဲ့ နှလုံးသွေးတွေ
အဲဒီ စာမျက်နှာမှာ အမြဲလည်ပတ်ပါ့မယ်
မောင်တစ်ယောက် ကျေနပ်ပါစေ။

ဒီကဗျာလေးက မမေဦးခင် ဘလော့ဂ်ကနေ ဖော်ပြပေးတာပါ။ ခံစားမှု မတိုက်ဆိုင်ပေမယ့် ကဗျာချစ်သူ ပီပီ ကဗျာကောင်းတွေ တွေ့ရင် မနေနိင်တာကြောင့် လာလည်တဲ့ စာဖတ်သူတွေကို ပြန်လည်ဝေမျှလိုက်ပါတယ် ဗျာ။ စာရေးသူကတော့ ကိုမိုးဆွေ ပါ။




Friday, February 15, 2008

ညီမလေးရေ
မင်းဆိုနေတဲ့ သီချင်း...မင်းဘ၀ရဲ့ သီချင်းဟာ
ငါ့နားနဲ့ စိမ်းနေတဲ့...ဂီတ အမျိုးအစားပါ ။

ညီမလေးရေ
မင်းဆိုနေတဲ့ သီချင်း...မင်းဘ၀ရဲ့ သီချင်းဟာ
ငါမတီး ခက်တက်တဲ့ သံစဉ်တွေနဲ့
တည်ဆောက်ထားတဲ့ သီချင်းတစ်ပုဒ်ပါ ။

ညီမလေးရေ
မင်းဆိုနေတဲ့ သီချင်း...မင်းဘ၀ရဲ့ သီချင်းဟာ
ငါအဓိပါယ် မဖွင့်ဆိုတက်တဲ့ စကားလုံးတွေနဲ့
ဖွဲ့သီထားတဲ့ သီချင်းတစ်ပုဒ်ပါ ။

ညီမလေးရေ
မင်းဆိုနေတဲ့ သီချင်း...မင်းဘ၀ရဲ့ သီချင်းဟာ
မလုံခြုံတဲ့ ငါ့အသံသေတ္တာထဲ
ဖမ်းဆုပ်ထည့်ယူဖို့ မသင့်တဲ့
အပြင်းစား သီချင်းတစ်ပုဒ်ပါ ။

ညီမလေးရေ
မင်းဆိုနေတဲ့ သီချင်း...မင်းဘ၀ရဲ့ သီချင်းဟာ
အသံထွက် ညံလွန်းမက ညံနေတဲ့ ငါ့အဖို့
ပါးစပ်တောင်မှ မဟ၀ံ့တဲ့
“ကီး” မြင့်မြင့် သီချင်းတစ်ပုဒ် ဖြစ်နေခဲ့တာ
မင်း မသိခဲ့ပါလား...မင်းမသိခဲ့တာလား
ညီမလေး ရယ် ။ ။

စိုင်းဝင်းမြင့်

Thursday, January 31, 2008


ကဗျာရေးဖို့အတွက်
ကျွန်တော်လူလုပ်နေတာပါဆိုတော့
တချို့ကမေးငေါ့ကြတယ်…အမေ

မွဲချင်တဲ့ခွေးပြာပုံကိုပဲရွေးတယ်လို့
ပြာပုံထဲက အနွေးဓါတ်က
သိုးမွေးထည်ယဉ်ကျေးမှုမြင့်မြတ်တာ
ဘယ်သူတွေသိတတ်မလဲ…..။

ကိုယ်ဟာကိုယ်တောင်
လူမွေးလူတောင်မပြောင်လို့
ကြွေးဟောင်းတွေမကြေခဲ့ဘူး…။

အမေ့ ကျေးဇူးဘန်းပြပြီး…
တခြားမိသားစုတွေရဲ့မျက်ရည်တွေကို
အဖိုးတန်တဲ့အရာတွေဖြစ်အောင်
ကျွန်တော်အသွင်ပြောင်းမပေးတတ်ဘူး…အမေ

ကျွန်တော်ရိုးသားခဲ့ပါတယ်…
ကျွန်တော်ကြိုးစားခဲ့ပါတယ်…
ကျွန်တော်ရင်ဆိုင်ရတဲ့ခေတ်က
အဲဒီလောက်နဲ့မလုံလောက်ဘူးတဲ့…အမေ

အမေ့သားက ကဗျာရေးရုံပါ
ဘာမှမဟုတ်ခဲ့ဘူး ဘာမှမရှုပ်ခဲ့ဘူး

အမှန်တရားအတွက်ဆို
သားဖွားပြီးစ ကျားသစ်မလို
ရန်လိုနေတတ်တာတစ်ခုပါ…

ကျွန်တော်ဆီမှာဗျူဟာမရှိဘူးလို့
ကောက်ကျစ်သူတွေကဝေဖန်ကြတယ်
ကျွန်တော်ကအရိုင်းဆန်ရုံသက်သက်ပါ
မယုတ်မာခဲပါဘူး…အမေ

ဒီဘ၀မှာမကြေခဲ့တဲ့အမေ့အကြွေးတွေအတွက်
သံသရာမှာကျွန်တော့်အမေ ထပ်လုပ်ပါ…

အခုတော့သားကဗျာရေးပါရစေ
စာနာမှုတွေဆီ
လောကလှည်းအိမ်ကို
မြင်းအိုကြီးတစ်ကောင်လိုဆွဲယူနေပါရစေ..အမေ



မိုးလှိုင်ည