Monday, July 14, 2008


ဆက်သွယ်မှု စနစ်ကောင်းလေ ရိုးသားမှု ၊ ဖြောင့်မက်မှု ၊ အရည်အသွေးရှိမှု တို့သည် ပို၍ လိုအပ် လာမည်ဖြစ်သည်။ မရိုးဖြောင့်ခြင်း ၊ အရည်အသွေး မရှိခြင်းတို့ကို ဆက်သွယ်ရေး ကွန်ယက်များမှ တဆင့် လုတိုင်း သိရှိနိင်မည် ဖြစ်ကာ မိမိတချက်မှား ယုံဖြင့် ထိုအမှားသည် ချက်ချင်း ဆက်သွယ်ရေး ကွန်ယက်မှ တကမ္ဘာလုံးသို့ ပျံနှံသွားမည် ဖြစ်ပါသည်။ ထိုအခါ မိမိ၏ ဖောက်သည် သည်လည်း နာရီပိုင်းအတွင်း အဆက်အသွယ် ပြက်တောက် စရာရှိနေ၏။

ရှေးအခါက ငွေကြေး ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်ကြရာတွင် ငွေကြေး ၊ ပစ္စည်း ၊ အိမ်ရာ ၊ မြေ စသည်တို့သည် အရေးကြီးသော ရင်းနှီးမြုပ်နှံမှု ပစ္စည်းများ ဖြစ်သည်။ ၂၁ ရာစု၌ ရင်းနှီးမြုပ်နှံမှု ပြုရာတွင် ငွေ၊ပစ္စည်း၊အိမ်ရာ၊ မြေ တို့ထက် ပို၍ ရှေ့တန်းသို့ ရောက်လာသော အရာများ ရှိပါ၏။ ယင်းတို့မှာ ရိုးသားမှု ၊ အရည်အသွေးနှင့် အသင်းအချက် အလက်များ ဖြစ်ပါသည်။

ယနေ့ကမ္ဘာကြီးသည် တနပ်စား ပြု၍ ရသော ကမ္ဘာကြီး မဟုတ်တော့။ အထူးသဖြင့် မြန်မာနိင်ငံသည် ယခုမှ ဈေးကွက် စီးပွားရေး စနစ်ကို ကျင့်သုံးစ နိင်ငံဖြစ်သည်။ မြန်မာသည် ကမ္ဘာဈေးကွက်တွင် မြှောက်မြားစွာ တွက်ကျယ်မှု မရှိသေးပေ။ ထိုကြောင့် ပန်းတိမ် မတက်ခင်ကပင် ရွှေခိုးသင်နေသော အဖြစ်မျိုးကို ရှောင်ရှားသင့်သည်။ လောက စီးပွားရှာရာတွင် ရိုးသားမှုကို အခြေခံရမည် ဆိုသည့်အကြောင်းကို လွန်ခဲ့သော် အနှစ်တစ်ရာကျော် လယ်တီဆရာတော်ကြီးသည် တပည့်ဒါယကာ ဒါယိကာမ တို့အား အလေးအနက်ထား ဆုံးမခဲ့သည်။

ဆရာတော်ကြီးသည် စီးပွားရေး လုပ်ရာတွင် ဆီထဲတွင် ရေနွေးရော ၊ ဆေးရွက်ထဲလည်း ရွက်ခြောက်ညှပ် ၊ ရေနံတွင် ရေစွတ် ၊ လက်ဖက်တွင် ရေထိုးပြီး ပါးစပ်ကတော့ ပါးစပ်ကတော့ မိမိတို့ ရောင်းချသည့်ကုန် တကယ်ကောင်း အဟုတ်ကောင်း ကျိန်တွယ်၍ ပြောတက်ကြသည်။ ထိုသို့ လိမ်လည် ကျိန်တွယ် ပြောဆိုသူများသည် အပလီဥာဏ်လောဘနှင့် အစီကံစောရများ ဖြစ်သည်ဟု လယ်တီဆရာတော်ကြီးက ရိုးရိုးနှင့် ဆုံးမခဲ့၏။


ဆီထဲမှာ ရေနွေး
ဆေးရွက်မှာ ရွက်ချပ်
ဗျပ်ထဲမှာ မုရင်းဆန်
ရေနံမှာ ရေရော
လက်ဖက်မှာ ရေကူ
ဘယ်ကုန်မျိုး မတူပြီ
တူသာတူ ပေသာပေ
ညစ်နည်းတွေ ကိုယ်စီနှင့်
အပလီဥာဏ်လောဘ
ဝစီကံစောရများ.....ကဲ့သို့

ဟူ၍ ဆုံးမရုံသာမက ဆရာတော်ကြီးက ထိုကဲ့သို့ လုပ်ဆောင်သောသူများကို သပွတ်အူ အသက်မွေးမှုဖြင့် အပြောက ၀တ္တိံသုံ ၊ မနောက ကလိမ်ခြုံ၊ သူတော်ယောင် ၊ ဓတ်ဖတ်လှ ၊ ပါးစပ်ပြောက ပျားသကာ ၊ ဓတ်သဘောက ခါးတမာ ၊ မပြုသာလျှင် ငရဲကြောက် ၊ ပြုသာလျှင် အလဲအမှောက် ပြုကြသည်ကို ရှောင်၍ အာဇီဝဖြူဖြူနှင့် တရားနှင့် ညီညွှတ်သော ၊ အသက်မွေးမှုကို လုပ်ဆောင်ရန် အထင်အရှား ဆုံးမခဲ့ဖူးပါ၏။ ဆရာတော်ကြီး၏ မေတ္တာစာသည် လွန်ခဲ့သော် အနှစ်တရာကျော်ခန့်က တပည့်ဒါယကာ ဒါယကာမများကို ဆုံးမခဲ့သော်လည်း ယနေ့ ကမ္ဘာစီးပွားရေးကို မြန်မာတို့တိုးဝင် လုပ်ဆောင်နေသည့် ကာလ ၊ မျက်မှောက်ကာလကို ဆုံးမနေသည့် အတိုင်း ခေတ်မီ၍ နေပါလေ၏။

ယနေ့ကာလသည် ကမ္ဘာစီးပွားရေး နယ်ပယ်သို့ မိမိတို့ ၀င်ဆန့်နိင်အောင် ကြိုးစားနေရသော ကာလဖြစ်သည်။ ထိုအချိန်မျိုးတွင် ကမ္ဘာစီးပွားရေး နယ်ပယ် အရပ်ရပ်တွင် ဖောက်သည်များ တိုးပွားအောင် ရရှိပြီး ဖောက်သည်များ မပျက်ရအောင် ကြိုးစားရမည် ဖြစ်၏။

ကမ္ဘာဆက်သွယ်ရေး ကွန်ယက်များဖြင့် နတ်မျက်စိရနေသော ဤနေ့လို ကာလများတွင် ကမ္ဘာစီးပွားရေး နယ်ပယ်၌ မိမိတို့ဝေစု ၊ မိမိတို့နေရာကို ၀င်ရောက်နေရာ ယူကြရာတွင် လယ်တီဆရာတော်ကြီး ဆုံးမတော် မူခဲ့သည့်အတိုင်း အာဇီဝဖြူဖြူနှင့် တရားနှင့် ညီညွှတ်သော အသက်မွေးမှုကိုမှ ကမ္ဘာအလယ်တွင် မိမိတစ်နေရာ ရရှိမည် ဖြစ်ကြောင်း တင်ပြအပ်ပါသည်။


ဆရာချစ်စံဝင်းနှင့် ကျွန်တော်၏ အတွေးတစ်ချို့


0 comments: