Friday, April 4, 2008


ရှေ့တန်းရောက်ပြီ.....

ဒီလိုနဲ့ မြို့ကို ၀င်လာတော့ ပထမဆုံးတွေ့ လိုက်ရတာက ရဲကင်းတစ်ခုပါ။ ရဲကင်းမှာ ရဲတပ်သား ( ၂ ) ယောက် ကင်းစောင့်နေတာကို တွေ့ရပါတယ်။ အထဲမှာတော့ ( ၄ ) ယောက် ရှိပါသေးတယ်။ ဒါနဲ့ ရဲကင်းရှေ့ကို ဖြက်တော့ တားပြီး ဟိုကြည့် ဒီကြည့် စစ်ဆေးရေး လုပ်ပါသေးတယ်။ ကားပေါ်မှာ ကျွန်တော်တို့ကို တွေ့တော့ “ နေကောင်းလား ၊ တာဝန်ကျတာလား ” နူတ်ဆက်ပြီး ပြန်ဆင်းသွားပါတယ်။ ဒါနဲ့ မြို့ထဲကို ဆက်မောင်းလာတော့ စစ ၀င်လိုက်တယ် ဆိုရင်ဘဲ လမ်းမကြီးကတော့ ဖြူးနေတာပါပဲ။ ကွန်ကရစ်လမ်းမကြီးပါ။ ဘုရား ၊ ကျောင်း ၊ ရဲစခန်း ၊ ဆေးရုံ ၊ မြန်မာရုပ်မြင်သံကြား ထပ်ဆင့် အသံလွှင့်စက်ရုံ ၊ တည်းခိုခန်း သူ့နေရာနဲ့သူ စုံလင်စွာ တည်ရှိပါတယ်။ မြို့အ၀င်မှာ ၅ ရက်တစ်ခါ ဈေး ရှိပါတယ်။ ဒါနဲ့ ကျွန်တော်တို့ စီးလာတာ လိုင်းကားဆိုတော့ ဟိုနေရာ ရပ် ၊ ဒီနေရာ ရပ်နဲ့ ကုန်တင် ကုန်ချ ပြုလုပ်လျက်ရှိပါတယ်။ နောက်ဆုံး ဘယ်သူမှ မကျန်တော့မှ ကျွန်တော်တို့ တပ်စခန်းရှိရာ မြို့အစွန်ကို မောင်းခဲ့ပါတယ်။ ဟိုရောက်တော့ စခန်းဂိတ်ထဲကို ၀င် ၊ အထုတ်တွေ အပိုးတွေချ ၊ ကားပြန်ထွက်သွားတော့ ဆရာကြီးတွေကို တန်းစီ ၊ ကျန်တဲ့ ကျွန်တော်တို့ နှစ်ယောက်လည်း တန်းစီ ၊ ကျွန်တော့်ထက် BC နံပတ်စောတဲ့ သူငယ်ချင်းက အဘကို ရောက်ရှိပြီ ဖြစ်ကြောင်း သတင်း သွားပို့ပါတယ်။ ခဏကြာတော့ အဘထွက်လာတော့ သတင်းပို့ပြီး တန်းအပ်ပါတယ်။

အဲဒီမှာတင် အဘက ၊ ကျွန်တော်တို့က ရှေ့တန်း ဒီနယ်မြေကို အခုမှ ရောက်ဖူးတာ ဖြစ်တာကြောင့် ရှောင်သင့်သည့် အကြောင်း အရာများ ၊ လိုက်နာသင့်သည့် အချက်အလက်များ ၊ ရန်သူ့အခြေအနေ ၊ လက်ရှိ တပ်စွဲထားသည့် မြေနေရာ အနေအထား ၊ စသည်တို့ကို ရှင်းပြပါတယ်။ အဲဒီမှာ ကျွန်တော် မောင်ဆိုးသွမ်း ရောဂါက စပါပြီ။ အဘက စကားပြောတဲ့ အချိန်က နေ့လည်း ၁၂ နာရီ တိတိ ၊ နေက ခေါင်းပေါ်မှာ တည့်တည့်ရောက်နေတဲ့ အပြင် သူ့က စကားပြောချိန်က ၁၂ ကနေ ညနေ ၃ နာရီထိ ကြာအောင် မနားတမ်း စကားတွေ ပြောပါတယ်။ ကိုယ်က လမ်းမှာ ၂ ရက်လုံး မအိပ်ခဲ့တာက လူကို ဒုက္ခပေးပါတော့တယ်။ ခေါင်းထဲ မိုက်ခနဲ့ ဖြစ်သွားတာကြောင့် တန်းစီနားထောင် နေရာကနေ အလေးပြုပြီး ရေချိုးခန်း ရှိရာကို အပြေးသွားလိုက်ရတယ်။ ဟိုရောက်တော့ အခန်းက တော်တော် သန့်ပါတယ်။ ထင်တောင် မထင်မိပါဘူး။ ဒီလိုနေရာ မျိုးမှာ ဒီလို မျိုးတွေ ရှိလိမ့်မယ်လို့ ။ အခန်းထဲမှာ ကြွေပြားအဖြူထည်တွေနဲ့ မျက်နှာသုတ်ပ၀ါ အဖြူ ၊ သွားပွတ်တံ အသစ် ( မဖောက်ရသေးသော ) ၊ ဆပ်ပြာမွှေး ၊ စုံနေအောင်ကို ရှိတာပါ။ အခန်းက တော်တော်လေးလည်း အေးတာကြောင့် အဲဒီမှာ အန်ချပြီး ကိုယ်လက် သန့်စင်လိုက်ပါတယ်။ ၅ မိနစ်လောက် နားပြီး စကားပြောရာကို ပြန်လာပြီး နားထောင်ပါတယ်။ ၁ နာရီလောက် ကြာလာတော့ နောက်ထပ် မိုက်ခနဲ့ ဖြစ်သွားပြန်ရော။ ဒါနဲ့ စောနက နေရာကို ပြန်သွား ။ ပြန်နားနဲ့ ။ ၂ ခါလောက်လဲ ဖြစ်လိုက်ရော အဘ ( ဒုတပ်ရင်းမှုး ) လည်း အခြေအနေမှန်ကို နားလည်သွားတယ်နဲ့ တူပါတယ်။ တန်းစီတာကို ဖြုတ်ပေးလိုက်ပါတယ်။

ဆရာကြီးတွေကို ဘယ်သူက ကိုယ့်တပ်ခွဲရှိရာ ဘယ်နားကို သွား ၊ ဘယ်သူ့ကိုတော့ ဘယ်စခန်းကို ပြောင်းရမယ် အစရှိသည်ဖြင့် ပြောပြပြီး ကျွန်တော်တို့ ( ၃ ) ယောက်ကိုတော့ ဒီနေ့ တစ်ည ဒီမှာနားပြီး မနက်ဖြန်မှ မင်းတို့ ဘာတွေ လုပ်ရမယ် ဆိုတာကို ညွှန်ကြားမယ် ဆိုတာကြောင့် သူ့အိပ်ခန်းနဲ့ ကပ်လျက်တခန်းကျော်မှာ နေရာ ချပေးပါတယ်။ ရှေ့တန်းဆိုလို့ ကျွန်တော်တို့က တောထဲ တောင်ထဲ သွားရတာ မဟုတ်ပါဘူး။ မြို့အစွန်မှာ တပ်စခန်း ချပြီး နယ်မြေလုံခြုံးရေး ယူရတာပါ။ ဒါပေမယ့် ဒါက စစ်ကြောင်း ( ၁ ) တည်ရှိတာ ကြောင့်ပါ။ ကျန်တဲ့ တပ်စခန်းခွဲတွေကတော့ တောတောင်နဲ့ နီးစပ်တဲ့ နေရာတွေမှာပါ။ အဓိက တာဝန်ယူရတာ ကတော့ နယ်မြေလုံခြုံရေးပါ။ ဘာလို့လည်း ဆိုတော့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အပစ်အခက် ရပ်စဲရေး သဘောတူညီထားတာ ကြောင့်ပါ။ ဒါပေမယ့် သူတို့လည်း တပ်စခန်းတွေ ဖွင့်ထားပါတယ်။ လက်နက်နဲ့ တရားဝင် သွားလာခွင့် ပြုထားရပါတယ်။ ဒီတော့ ကျွန်တော်တို့လည်း ဘယ်နေရာ သွားသွား အနည်းဆုံး ၂ ယောက်အပြင် ၊ လက်နက်လည်း တပါတည်း ယူဆောင်သွားရပါတယ်။ အဲဒီမှာ ရှိတဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေက SSNA / SSA / KDA အဖွဲ့တွေ ဖြစ်ပါတယ်။ ဒါနဲ့ နေရတာက ဘာကြောင့် အခန်းတွေနဲ့ ဖြစ်နေလဲ ဆိုတော့ ကျွန်တော်တို့ အခုနေရတဲ့ စစ်ကြောင်း ( ၁ ) တည်ရှိနေရာက မြို့ဖြစ်တဲ့ အပြင် ၊ အရင် ဒီနေရာမှာ တုန်းက ဆက်သွယ်ရေးရုံး တည်ရှိတာကြောင့်ပါ။ အခုပြောင်းရွှေ့ဖွင့်လှစ် လိုက်ကြောင့် ဖြစ်ပါတယ်။ တိုက်ခန်းတွေတော့ မဟုတ်ပါဘူး ။ အဆောင်က အပေါ်က အမိုးရှည်တစ်ခုမှာ အခန်းငယ် အဖြစ် ( ၅ ) ခု ကန့်ထားပါတယ်။ ဆောက်ထားတာကတော့ အုတ်တွေနဲ့ပါ။ တရုတ်အုတ် အကြီးစားတွေပါ။ အခန်းထဲမှာတော့ ဘာမှ မရှိပါဘူး။ ၀ါးကပ်ကို ကုတင်လုပ် အိပ်ရတာပါ။ တပ်စခန်းနဲ့ ကပ်လျက်ကတော့ ရှမ်းရွာငယ်လေးပါ။ ကြားမှာ ခြံစည်းရိုးပဲ ခြားပါတယ်။ ကျွန်တော်တို့ ခလရ ( ၄၅ ) စစ်ကြောင်းနဲ့အတူ အမှတ် ( ၁ ) လှုပ်ရှားစစ်ဗျူဟာ လဲတည်ရှိပါတယ်။ နောက်ပိုင်း ကျွန်တော် ခေါင်းမူးပြီး အန်ခဲ့တာက ဗျူဟာမှုး ရေချိုးခန်းမှန်း သိလာရပါတယ်။ ကံကောင်းလို့....ရင်ဆိုင်တွေ့ရင်တော့ မလွယ်လောက်ဘူး။ ၁၀ တန်းတုန်းက ဆရာမပြောသလို “ နင်တို့တွေ စာမေးပွဲ မလာသေးတော့ စာမကျက်ကြနဲ့ ၊ တော်ကြာ ရင်ဆိုင် အတွေ့မှာ...ဖင်ထိုင်မေ့မယ်တဲ့ ” ဆရာမပြောတာ မှားသွားပြီ။ အဟဲ။ ကျွန်တော် ဗျူဟာမှုးနဲ့ ရင်ဆိုင်မတွေ့ခဲ့လို့ တော်သေးတယ် ဆရာမရေ။

တပ်စခန်းနဲ့ ကပ်လျက် ရွာကတော့ ရွာငယ်လေးပါ ။ အိမ်ခြေ ( ၁၅ ) လုံးလောက်တောင် မရှိပါဘူး။ ရွာထဲမှာလည်း လူငယ်တွေကို သိပ်မတွေ့ရပါဘူး။ ဘာကြောင့်လဲဆိုတော့ နောက်ပိုင်း ပြောပြပါ့မယ်။ ကျွန်တော်တို့ အဲဒီကို ရောက်တော့ မှတ်မှတ်ရရ တရုတ်နှစ်သစ်ကူး ကာလနဲ့ သွားတိုက်ပါတယ်။ ၁ လပိုင်းပေါ့ဗျာ။ ၂၀၀၄ ခုနှစ်ရဲ့ ( ၁ ) လပိုင်း ထဲမှာပါ။ နေရာတွေ ချပေးပြီးတော့ အဘရဲ့ ကိုယ်ရံတော် ရဲဘော်လေးက လာမေးပါတယ်။ နာမည်ကတော့ ရဲဘော် သန်းဝင်းပါ။ နောက်ပိုင်း ကျွန်တော်နဲ့ တတွဲတွဲပေါ့။ တွဲဖြစ်တာပေါ့ တပ်ရင်းမှုးရဲ့ အရာရှိ ဘော်ဒီဂတ် ( I.O ) နဲ့ ရဲဘော်ဆိုတော့ ခိုင်းသမျှ အတူတူ လုပ်ရတာကြောင့်ပါ။ အိုင်အို ဆိုတာက ( Intelligent Office ) လို့ခေါ်ပါတယ်။ သူက ဗိုလ်ကြီး “ နေကောင်းရဲ့လားတဲ့ အဘက ၊ နေမကောင်းရင် သောက်ဖို့ ဆေးပေးလိုက်တယ်လို့ပြောတော့ ” ကိုယ်လဲ ယူထားပြီး ဆေးသောက်ကာ လှဲအိပ်နေလိုက်တယ်။ သေချာပါတယ် ကျွန်တော်ဖျားနေခဲ့တာပါ။ အမေကတော့ ဂုဏ်ယူလိုက်တာ “ စစ်သားကြီး လုံးလုံး...ဗိုလ်မှုးကြီး ရှုံးလောက်ပါရဲ့ ” သူ့သားကို ချီမွမ်းနေလိုက်တာ ကျွန်တော်ကတော့ ရှေ့တန်းရောက်တာနဲ့ ဖျားနေတော့တာပဲ။ ကျန်းမာသန်းစွမ်းတာ ကတော့ ပြောစရာကို မလိုတာ။ ဒီလိုနဲ့ တစ်နေ့ ကုန်ဆုံးပြီး မနက်ဖြန်ရောက်လာတော့ အထက်ဌာနက ကြေးနန်းဝင်လာပါတယ်။ ဘယ်ပွိုင့် ၊ ဘယ်နေရာ ၊ ဘယ်တောင်ကုန်းကို တပ်ရင်းမှုး ဦးစီးပြီး ရှင်းလင်းရေး ၀င်ပါ။ စီမံချက် နဲ့ ဖြစ်စဉ်ကို အသေးစိတ် ပြန်တင်ပါတဲ့။ ဒီတော့ ချက်ချင်း လူစုပါတယ်။ ကျွန်တော့်ကိုတော့ ဖျားနေလို့ စခန်းမှာပဲ ဦးစီးပြီး နေခဲ့ရန် မှာကြားပါတယ်။ သူငယ်ချင်း ( ၂ ) ယောက်ကိုတော့ ယူဆောင်ရမဲ့ ပစ္စည်းတွေမှာ လူစုနဲ့ ရှုပ်ယှက်ခက်သွားပါတယ်။ ကျွန်တော်တို့ တပ်မတော်မှာ အစဉ်အလာ တစ်ခုရှိတာက တကယ်လို့ တပ်စခန်းချတဲ့ နေရာမှာ ပွဲတော် ရှိလာတယ် ဆိုတာနဲ့ စခန်းမှာ မထားတော့ပဲ ရှင်းလင်းရေး စီမံချက်လုပ်ကာ စေလွှတ်တက်ပါတယ်။ ဘာမှ မဖြစ်ပေမယ့် တာဝန်က တာဝန်ဆိုတော့ တပ်ရင်းမှုးလဲ အမိန့်နာခံရပါတယ်။ အဲဒီအချိန်တုန်းက တရုတ်နှစ်ကူး ကာလကြီးမို့ပါ။ ရှင်းလင်းရေးအတွက် ကြာမဲ့ရက်ကတော့ ( ၁ ) ပတ်တိတိ ဖြစ်ပါတယ်။

ဒါကြောင့် ကျွန်တော့်ကို ကျန်ခဲ့သည့် စစ်သည်များအား သေသေချာချာ ၊ ပြဿနာ မတက်စေဘဲ ကြီးကြပ် အုပ်ချုပ်ရန် ၊ ကိုယ်တိုင်လည်း ဘယ်မှ လျှောက်မသွားဘဲ စည်းကမ်းလိုက်နာရန် လိုအပ်ဖို့ ၊ အရေးအကြောင်း တစ်စုံတစ်ရာ ရှိပါက စခန်းနဲ့ ကပ်လျက် ဗျူဟာ ဌာနကို သတင်းပို့ရန် မှာကြားခဲ့ပြီး ထွက်ခွာသွားပါတယ်။ ဒါနဲ့ ကျွန်တော်လည်း စခန်းပတ်ပတ်လည် ကို လိုက်ကြည့် ၊ တစ်စိတ်တွေ တပ်စွဲရာ စခန်းတွေ လိုက်ကြည့်ပြီး အဘမှာသွားတဲ့ အတိုင်း တပ်စိတ်ခေါင်းဆောင် ဆရာကြီးတွေကို တဆင့် ပြန်လည် မှာကြားပါတယ်။ အမိန့်ဆိုတာ ဒီလိုပဲ လက်ဆင့်ကမ်းရပါတယ်။ ဒါမှ အောက်ခြေအထိ သိရှိနားလည်ပြီး လိုက်နာ ဆောင်ရွက်နိင်တာ ကြောင့်ပါ။ ညနေဘက်ရောက်လာတော့ တပ်ခွဲတပ်ကြပ်ကြီး CQ ကိုခေါ်ပြီး စကားပြောစရာ ရှိသောကြောင့် ကင်းသမား နှင့် စက်သမား မှ အပ ကျန်သူများ လာရောက် တန်းစီပြီး သတင်းပို့ရန် မှာကြားခဲ့ပါတယ်။ CQ ( စီကျူ ) ဆိုတာက တပ်ရင်းမှုးအပါအ၀င် ဒီစစ်ကြောင်းမှာ ရှိသော စစ်သည်နှင့်အရာရှိ များ၏ စားဝတ်နေရေးကို စီမံရသော သူပါ။ တန်းစီပြီးပြီ ဖြစ်ကြောင်း လူစုံကြောင်း တန်းလာအပ်ပါတယ်။ ဗဟုသုတ ရရန် အလို့ဌာ ဖော်ပြပေးလိုက်ပါ့မယ်။ တန်းစီပုံ နည်းကတော့ လူတိုင်း မကြည့်ဘူးရင်တောင် မြင်ဘူးကြမှာပါ။ ဗီဒီယိုကားတွေမှာပါ။

ဆရာကြီး ။ ရှေ့ကြည့် ။ သတိ ။
( အနောက်လှည့်ပြီး အလေးပြုပါတယ် ။ ပြီးတော့... )
ဆရာကြီး ။ အမှတ် ခလရ (၄၅) စစ်ကြောင်း ( ၁ ) ၊ ရှိရင်း ( - ) ၊ တန်းစီ ( - ) ၊ ပျက်ကွက် ( - )
(ပျက်ကွက်မှာ တာဝန် ) အလေးပြန်ပြု )
ကျွန်တော် ။ ( အလေးပြန်ပြုပြီး ) အေးစေ။

ကျွန်တော် ။ ကျွန်တော် နာမည်ကတော့ .....ပါ။ ဘာလို့ အခုလို့ ဆရာကြီးတို့ကို တန်းစီခိုင်းရတာလဲ ဆိုတော့ ကျွန်တော်တို့က အသစ်ရောက်လာတာရယ်ကြောင့် မိတ်ဆက် ချင်တာနဲ့ ၊ နောက်ပြီး တပ်ရင်းမှုးကလည်း တာဝန်နဲ့ ထွက်သွားတာကြောင့် မှာသွားတာတွေ ပြန်လည် မှာကြားချင်တာကြောင့်ပါ။ ကျွန်တော်ကတော့ စစ်တက္ကသိုလ် အပတ်စဉ် ( - ) က ကျောင်ဆင်းလာတာပါ။ ကျွန်တော်က ဒီက ဆရာကြီးတို့ထက် အသက်အရွယ် များစွာ ငယ်ရွယ်ပေမယ့် ဆရာကြီးတို့ရဲ့ တိုက်ပွဲအတွေ့အကြုံ ၊ ဇွဲသတ္တိရှိမှု ၊ တိုင်းပြည်အပေါ် သစ္စာစောင့်သိမှု့ တွေကို လေးစားသလို့ ၊ ဆရာကြီးတို့ကလည်း ကျွန်တော့်ရဲ့ တာဝန်ယူရမှု အပေါ် တဖန် ပြန်လည် လေးစားစေချင်ပါတယ်။ အခုကာလမှာ တရုတ်နှစ်သစ်ကူး ကာလဖြစ်တာကြောင့် မြို့ထဲမှာ ပွဲလမ်းသဘင် အခမ်းအနားတွေ ရှိမယ် ၊ နောက်ပြီး လူငယ်ပီပီ သောက်စားပျော်ပါးရင်း အမှုးလွန်နေကြတဲ့ လူတွေလဲ ရှိပါလိမ့်မယ်။ ဒါကြောင့် အဘက မည့်သူ့ကိုမှ တပ်စခန်းက ပေးမထွက်ခိုင်းပါဘူး။ ကုန်ကုန်ပြောရရင် ကျွန်တော့်ကိုလည်း မထွက်ခိုင်းပါဘူး။ ဒီစခန်းထဲမှာပဲ သူပြန်မလာချင်း နေဖို့မှာခဲ့ပါတယ်။ တကယ်လို့ အပြင်မှာ အဲဒီလို ကိစ္စတွေ ဖြစ်နေတယ် ဆိုတာ မြင်နေရင်တောင် ၀င်မစွတ်ပါနဲ့။ ရဲစခန်း ရှိပါတယ်။ သူတို့ တာဝန် ယူပါလိမ့်မယ်။ နောက်ပြီး ဒီက ဆရာကြီးတွေရဲ့ ကျန်းမာရေး ၊ လူမှုရေး ၊ စားဝတ်နေရေး ကိစ္စအ၀၀ အခက်အခဲ အားလုံး ရှိလာခဲ့သည် ရှိသော် ကျွန်တော့်ကို လာရောက် ပြောကြားနိင်ပါတယ်။ အတက်နိင်ဆုံး ကူညီပေးနိင်ဖို့လည်း ကျွန်တော် ကြိုးစားပါ့မယ်။ ကျွန်တော် တပ်ရင်းမှုးနဲ့ တခန်းကျော်မှာ နေပါတယ်။ ကျွန်တော် ပြောချင်တာက ဒီလောက်ပါပဲ။ အားလုံးလည်း ကျွန်တော်နဲ့ အတူ အဘ အမိန့်ကို နာခံကြမယ်လို့ ယုံကြည်ပါတယ်။ ဘာသတင်းပို့ စရာ ရှိလဲ ။

စစ်သည်များ ။ မရှိပါဘူး။
ကျွန်တော် ။ ရှေ့ကြည့် ။ တပ်ရင်း....သတိ ။ တပ်ခွဲတပ်ကြပ်ပြီး.....ဆက်လုပ်။
ဆရာကြီး ။ ဆက်လုပ်ခွင့်......ပြုပါ။
ကျွန်တော် ။ ဆက်လုပ်။ ဆရာကြီးလည်း မှာစရာ ရှိတာ မှာပြီး တန်းဖြုတ်ပေးလိုက်ပါဟု ပြောပြီး

အလေးပြုကာ ကျွန်တော်လည်း ထွက်လာခဲ့ပါတယ်။ ယေဘုယျအားဖြင့်တော့ ဆရာကြီးတွေ ကို ခန့်မှန်းကြည့်တဲ့ အခါမှာ အသက်အရွယ်တွေကတော့ အမျိုးမျိုးပေါ့။ ( ၂၀-၄၅ ) အတွင်းလောက် ရှိကြပါတယ်။ တချို့က ပိန်ပိန် ပါးပါး ၊ တစ်ချို့က နည်းနည်း တောင့်တောင့် နဲ့ မျိုးစုံပေါ့။ ယူနီဖောင်းတွေကတော့ နွမ်းတော့ နွမ်းနေကြပါပြီ။ စစ်သည် ဆိုတာကလည်း ဘယ်ချမ်းသာနိင်ပ့ါမလဲ။ ဒီနေရာမှာ တစ်ချို့ အခြေအနေလေးတွေကို တင်ပြချင်ပေမယ့် အနည်းငယ် ဆွေးနွေးဖွယ်ရာ တွေ ရှိလာနိင်တာကြောင့် မရေးတော့ပါဘူး။ ဒီလိုနဲ့ ( ၁ ရက် ၊ ၂ ရက် ၊ ၃ ရက် လောက်ကြာ ) နေလာလိုက်တာ တစ်နေ့မှာ တပ်ကြပ်ကြီး တစ်ယောက်က နေမကောင်း ဖြစ်လာတာကြောင့် မြို့ထဲကို ဆေးထွက်ဝယ်ဖို့ အကြောင်းက ပေါ်လာပါတယ်။ ဒါနဲ့ ကျွန်တော်လည်း ဆရာကြီး တစ်ယောက်ကို ခေါ်ပြီး မြို့ထဲကို ထွက်လာခဲ့ပါတယ်။ အချိန်ကတော့ ညဘက်ကြီးပါ ။ မှတ်မှတ်ရရ ညနေ ( ၅ ) နာရီလောက် ရှိပါတယ်။ မြိုထဲက ထွက်လာတော့ စခန်းအပြင်ဘက်မှာ ညောင်ပင် အကြီးကြီး ရှိပါတယ်။ အဲဒီမှာ မီးဖိုပြီး လူတွေ စုထိုင်နေကြတယ်။ ဒီလိုနဲ့ ကျောင်း ၊ ရဲစခန်း ၊ ဘုရား ၊ တို့ကို ကျော်လာတော့ အလာတုန်းက မှတ်မှတ်ရရ မကြည့်ခဲ့တာ အခုမှ သေသေချာချာ ကြည့်မိတော့ အိမ်တွေ အကုန်လုံးက ချိတ်ပိတ်ထားတာ...နည်းတာ မဟုတ်ပါဘူး။ အိမ်တွေ ဆိုပေမယ့် အဆောင်တွေလို့ အပေါ်အောက် အထပ်တွေ ဖြစ်ပြီး ချိတ်အကုန် ပိတ်ထားတာပါ။ ဒါနဲ့ နောက်မှာ စုံစမ်းကြည့်ဦးမယ်ဆိုပြီး ဆေးခန်း လိုက်ရှာပါတယ်။ ကံကောင်းတော့ ဆေးခန်းရှာတွေပေမယ့် ဆရာဝန် မရှိပါဘူး။ ဆေးရောင်းတဲ့ နပ်စ့်မ တစ်ယောက်ပဲ တွေ့တယ်။ သူကလဲ ရှမ်းမ ဆိုတော့ မြန်မာလိုလဲ မတက်ပါဘူး။ ဒါနဲ့ မတောက်တခေါက် အင်္ဂလိပ်လို ပြောတော့ ပိုဆိုး ။ ဆေးခန်းလာတာတော့ သိတယ်။ တစ်ခုခု ဖြစ်မှန်း ။ ဒါနဲ့ တရုတ်လိုလည်း ကျွန်တော်က မတက်တာကြောင့် နိင်ငံတကာသုံး ဘာသာ စကားအဖြစ် ( Body Language ) ကို သုံရတော့တာပေါ့။ နဖူးကို စမ်းပြ ၊ မျက်နှာကို ရှုံပြ ၊ ကိုယ့်ကို အားမရှိအောင် နှုန်းနေတဲ့ ဟန်လုပ်ပြနဲ့ ။ နောက်ဆုံး တော့ နားလည်သွားပါတယ်။ ကံဆိုးချင်တော့ ကျွန်တော် ကလည်း ပါတာစီတမော့ကို နာမည် မေ့နေတာ ကြောင့်ပါ။ ဖြစ်ရလေ.... မောင်မင်းကြီးသားရေ။

ဆေးဝယ်ပြီးတော့ ကျွန်တော်တို့လည်း ပြန်လာခဲ့ပါတယ်။ ဒါနဲ့ ဟိုရောက်တော့ ဆရာကြီးကို နိး ၊ ဆေးတိုက်မယ် လုပ်တော့ ငယ်ငယ်က အဖေ ပြောပြထားတာ ၊ ကိုယ့်ကို့ပြောထားတာကို ကြားယောင်မိတယ် ။ အစာမရှိဘဲ ဆေးမသောက်ရဘူး ဆိုတာကြောင့် ။ ဆရာကြီးကို ဘာစားထားလဲ ဆိုတော့ ဘာမှ မစားရသေးဘူးတဲ့။ ဆန်ပြုတ်လေးတော့ လုပ်တိုက်ဖို့ ထမင်းချက်ဆရာကြီးကို မှာထားတယ်တဲ့ ။ အင်း...ဒါနဲ့ ဆရာကြီးကို ကြည့်လိုက်တော့ ပိုက်ဆံလည်း ရှိမဲ့ ပုံ မပေါ်တာနဲ့ ကိုယ်လက်ကျန်ထဲက ပိုက်ဆံနဲ့ မုန့်ဝယ်ဖို့ စဉ်စားရပြန်ပါတယ်။ မြို့ထဲကို သွားဖို့ကလည်း မှောင်နေပြီဆိုတော့ ရွာထဲမှာ မုန့်ဆိုင်လေးများ ရှိမလားလို့ ဆိုပြီး ရွာဘက်ကို ထွက်ခဲ့ပါတယ်။ ဟိုရောက်တော့ ကံကောင်းထောက်မစွာ မုန့်ဆိုင်လေးတစ်ခုတော့ တွေ့ပါတယ်။ ဒါပေမယ့် ပိတ်သွားပါပြီး။ နောက်ပြီး အဲဒီ ဒေသကလည်း တော်တော် အေးတာကြောင့် ညဘက်ဆို ရှမ်းတွေက မီးလှုံပြီး စကားပြောလေ့ အကျင့်ရှိတာကြောင့် အဲဒီဆိုင် ပိုင်ရှင် အမကြီး (၂) ယောက် ၊ တခြား ရှမ်းကောင်လေး ( ၃ ) ယောက် ၊ ရှမ်းမလေး ( ၂ ) ယောက် နဲ့ ကျွန်တော်တို့ စစ်ဗျုဟာက ရဲဘော်လေးတွေ စကားပြောနေတာနဲ့ သွားတွေ့ပါတယ်။ အမယ် ဒီကောင်လေးတွေက ခြေကုတ်ယူနေတာ။ ရှမ်းမလေးတွေကို လာလာပိုးကြတာပေါ့။ လူပျိုတွေ ဆိုတော့လည်း ဒီလိုပါပဲ။ ဒါနဲ့ သူတို့ထဲက တစ်ယောက်က ကျွန်တော့်ကို မြင်သွားတော့ ကျွန်တော်လည်း ကော်ဖီမစ်ထုပ်နဲ့ ကိတ်မုန့်လို မျိုးလိုချင်ကြောင်း ၊ ဒါကြောင့် ၀ယ်ပေးပါဆိုပြီး ပြောလိုက်ပါတယ်။ ဒီတော့ ရဲဘော်လေးက ရှမ်းမ ( ပီနန်း ) ကိုခေါ်ပြီး လိုချင်တာ မှာလိုက်ပါတယ်။ သူ့က ခဏဆိုပြီး ဆိုင်ထဲ ၀င်တော့ ကျွန်တော့်ကို လာပါ ထိုင်ပါ ဆိုပြီး ၀ိုင်းခေါ်ကြတာကြောင့် ကျွန်တော်လည်း မထိုင်ချင် ထိုင်ချင်နဲ့ ၀င်ထိုင်လိုက်ရတယ်။ ကျွန်တော့်မှာက တာဝန်ကြီးနဲ့ အထူးသဖြင့် တပ်ရင်းမှုး မရှိတဲ့ အချိန် ၊ တာဝန်က ကျွန်တော့်မှာ ရှိတာကြောင့် ကြာကြာမနေချင်တာရယ် ၊ဆေးတိုက်ရမှာရယ် ကြောင့်ပါ ။ သူတို့ထဲက အနည်းငယ်ရဲတင်း သွတ်လက်ဟန်ရှိတဲ့ ရှမ်းမတစ်ယောက်က “ နင်ကလည်း လာစမ်းပါ ၊ ဘာကြောက်နေတာလဲ ၊ လာမီးလှုံ ၊ မခင်ဘူးလား ” ဆိုပြီး ဆောင့်ဆွဲလိုက်တာကြောင့် ကျွန်တော် ငပိန်လည်း ယက်ကန်ယက်ကန်နဲ့ မုန့်အလာကို စောင့်ရင်း ထိုင်ချလိုက်ရတယ်။

စောနက စကားကို ရဲဘော်တစ်ယောက်က ရှမ်းလိုတက်တော့ သွားပြောပါတယ်။ အဲဒါ ငါတို့လို ရဲဘော်မဟုတ်ကြောင်း ၊ ဗိုလ်လုံ ( ဗိုလ်ကြီး - လုံ=ကြီး ) ဖြစ်ကြောင်း ပြောပြလိုက်တော့ သူလည်း နည်းနည်းတော့ လန့်သွားတယ်။ ဘာလန့်တာလဲတော့ မသိဘူး ။ အဲဒီအချိန်တုန်းက ၀တ်စုံနဲ့ လည်း မဟုတ်ဘူး။ အထင်တော့ ရုပ်ကို လန့်သွားတာ ဖြစ်လောက်တယ်။ မှောင်မှောင်မည်းမည်းနဲ့ ပိန်ပိန်လိန်လိန် ဆိုတော့ ဒီငနဲ့ကတော့ မလွယ်လောက်ဘူး ဆိုပြီးတော့ ထင်လို့နေမှာ။ တစ်အောင့်နေတော့ လိုချင်တာတွေ ရပြီဖြစ်သောကြောင့် အားလုံးကို နှုတ်ဆက်ပြီး ပြန်ခဲ့ပါတယ်။ သူတို့ကတော့ အားလျှင် နောက်နေ့ လာခဲ့ဖို့လည်း မှာလိုက်ပါသေးတယ်။ ဒါနဲ့ စခန်းကို ပြန် ။ ဟိုရောက်တော့ ဆရာကြီးကို ဆေးတိုက်ပြီး ကောင်းကောင်း အနားယူဖို့နဲ့ အရေးအကြောင်း ရှိလျှင် အချိန်မရွေး တစ်ယောက်ယောက် လွှတ်ကာ မှာကြားဖို့ ပြောခဲ့ပြီး ကျွန်တော်လည်း အဆောင်ပြန်ခဲ့ပါတယ်။ ညရောက်တော့ စခန်းတွေကို လှည့်ပတ်ကြည့်ပြီး မောမောနဲ့ ဘုရားရှစ်ခိုး အိပ်ရာဝင်ခဲ့ပါတယ်။ ရှေ့တန်းမှာ အားကိုးစရာက ဘုရား ၊ တရား ပဲ မဟုတ်လား။ ဒီတော့ အမွှေးတိုင် ၊ ဖရောင်းတိုင် ၊ ပန်းက အစ ကပ်ပြီး နေ့တိုင်း ပူဇော်ဖြစ်ပါတယ်။ ပြီးတော့ တစ်နေကုန် လုပ်ခဲ့တာတွေ ပြန်စဉ်စားရင်း ၊ စောနက ရွာထဲက တွေ့လိုက်ရတဲ့ ရဲဘော်တွေ နဲ့ ရှမ်းမ တွေအခြေအနေကိုလည်း မဆီမဆိုင် တွေးမိပါသေးတယ်။ ကျွန်တော်တွေးတာက ဒီကောင်တွေ ဒီအချိန်ကြီး စခန်းမပြန်ဘဲ ဘာလုပ်နေလဲလို့ပါ။ စခန်းနဲ့ကလည်း ခြံစည်းရိုးပဲ ကွာတာကြောင့် သိပ်တော့ အကြောင်း မဟုတ်ပါဘူးလေ ဆိုပြီး အိပ်ရာဝင်ခဲ့ပါတော့တယ်။

နောက်တစ်နေ့ မနက် ( ၅း ၄၅ ) ကျတော့ အိပ်ရာကထ ၊ မျက်နှာသစ်ပြီး စခန်းတွေကို တစ်ခါပြန်လိုက်စစ် ၊ မနက် ( ၆း၀၀ ) နာရီထိုးတော့ ထူးခြားဖြစ်စဉ် မရှိကြောင်းကို စက်နဲ့ အထက်ဌာနကို သတင်းလှမ်းပို့ရပါတယ်။ ဒါက မနက် ၆ ၊ နေ့လည် ၁၂ ၊ ည ၆ နာရီ တိုင်းပုံမှန် သတင်းပို့ရတာပါ။ တစ်အောင့်နေတော့ မနက် ( ၇း ၀၀ ) နာရီထိုးတော့ မှာကြောင့် သစ္စာဆိုဖို့ တန်းစီပါတယ်။

“ ငါတို့သည် နိင်ငံတော်နှင့် နိင်ငံသားတို့၏ သစ္စာကို စောင့်သိ ၊ ရိုသေပါမည် ”
“ ငါတို့သည် ကျဆုံးလေပြီးတော့ တပ်မတော်သား တို့၏ သစ္စာကို စောင့်သိ ၊ ရိုသေပါမည် ”
“ င့ါအား အထက်မှ ပေးအပ်သော အမိန့်နှင့် တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ပါမည် ”
“ င့ါနိင်ငံတော် ၊ ငါ့နိင်ငံသား ၊ ငါ့တပ်မတော် အတွက်...ငါ၏ အသက်ကို စွန့်လွှတ်ရန် အဓိဌန် ပြုပါ၏ ”

ဟု ရွတ်ဆိုပြီးနောက် တစ်နေ့တာ လုပ်ဆောင်ရမဲ့ တာဝန်တွေကို ခွဲဝေပေးဖို့ စီစဉ်ရပါတယ်။ သစ္စာလေးချက် ရွတ်ဆိုတဲ့ အခါ အားနဲ့မာန်နဲ့ ရွတ်ဆိုရတာကြောင့် ရွတ်ဆိုပြီးတိုင်းလည်း စိတ်ဓတ်တက်ကြွလာပါတယ်။ ဒါပေမယ့် ရွတ်ဆိုရုံတင်မကဘဲ လက်တွေ့မှာလည်း အမှန်တကယ် လိုက်နာဖို့ လိုသေးတယ် မဟုတ်လား။ ဒီလိုနဲ့ တာဝန်တွေ ခွဲပေးတော့.....

ဆက်ရန်





Tuesday, April 1, 2008


ဒီလိုနဲ့ ရှေ့တန်း မထွက်မီနေ့ မတိုင်ခင် အမေ့ကို ဖုန်းဆက်တော့ အမေက ငိုနေလေရဲ့ ။ မြန်မာဗီဒီယို တွေထဲမှာ ရှေ့တန်းဆိုတာတွေ သူတွေ့ဖူး ကြားဖူးနေတော့ သူသား ကျွန်တော့်အတွက် စိုးရိမ်ရှာမှာပေါ့။ နောက်ပြီး အသက်ကလည်း ငယ်သေးတာကြောင့် တစ်ခုခုများ တကယ်လို့ ဖြစ်များ ဖြစ်သွားရင် သူရင်ကျိုးရပါချည်ရဲ့ ဆိုပြီး ငိုသံဝဲ၀ဲနဲ့ ဘုရားတရားကို အမြဲအာရုံပြုဖို့အကြောင်း ၊ လက်အောက် ငယ်သားတွေကို နိင်ထက်စီးနင်း မလုပ်ဖို့အကြောင်း ၊ ကိုယ့်အထက် အရာရှိ စကားကို သေသေချာချာ နားထောင်စေချင်ကြောင်း တတွတ်တွတ် မှာနေပါတော့တယ်။ အမေပြီးတော့ ၊ အဖေ ၊ အမ ၊ ညီမ အကုန်လုံးကို စုံအောင် ပြောပြီးတဲ့ အခါမှာတော့ စိတ်မပူဖို့ အခွင့်ရတာနဲ့ ချက်ခြင်း ရသလို ဆက်သွယ်ပါ့မယ်လို့ ကတိအထပ်ထပ်ပေးရင်း ဖုန်းကို တိုးတိတ်စွာ ချခဲ့မိပါတယ်။ ဖုန်းခ ကလည်း ပိုက်ဆံမလောက်တော့တာကြောင့် မို့လို့ပါ။ သူတို့ကို ကိုယ်က ဖုန်းဆက်တုန်းကတော့ စိတ်ဓတ်မာမာနဲ့ အသိပေးတယ် ဆိုရုံလေး ပေးလိုက်တာ အခုတော့ သူတို့ဝိုင်းပြော ၊ စိုးရိမ်နေတာနဲ့ပဲ ကိုယ်တောင် ရှေ့တန်းသွားရမှာ လန့်လာပြီ။

ဒါပေမယ့် ဘာတက်နိင်မှာလဲ....ကျရာ တာဝန်ကို ထမ်းဆောင်ဖို့က ကိုယ့်အလုပ်ဖြစ်နေပြီပဲ။ ဒီတော့ ဖုန်းဆက်ပြီး အခန်းကိုပြန် မနက်ဖြန် အတွက် လိုအပ်တာတွေ ထည့်ဖို့ပြင်တော့ ပြဿာနာက စတာပါပဲ။ အိတ်...ပစ္စည်းတွေထည့်ဖို့အိတ်။ ဟာ...ငါမှ ရှေ့တန်းမသွားဘူးတာ ဘာနဲ့ထည့်ရမှာလဲပေါ့။ ကျန်တဲ့ ၂ ယောက်ကလည်း ယောင်တောင်တောင် နဲ့ ဘာလုပ်ရမှန်း မသိဘူး။ ဒါကြောင့် ( ၃ ) ယောက်သား တိုင်ပင်ပြီး တပ်ရေးဗိုလ်ကြီး အိမ်ကို ချီတက်သွားကြတယ်။ အစ်ကိုကြီး လုပ်ပါဦး ။ ကျွန်တော်တို့ ရှေ့တန်းသွားဖို့ ဘယ်လိုအိတ်နဲ့ သွားရမှာလဲ ဆိုတော့ သူက တော်တော် အံသြသွားတယ်။ “ ဟေ...မင်းတို့ ဗိုလ်လောင်းတုန်းက မသင်ခဲ့ရဘူးလား ၊ ကျောပိုးအိတ် အစိမ်းရောင်လေကွာတဲ့ ” အော်....အဲဒီတော့မှ မျက်လုံးထဲ ပြေးမြင်လိုက်တာ။ ဟုတ်ပနော်....ကိုယ် သုံးနှစ်တာလုံး ရင်းနှီးခဲ့တဲ့ ၊ Outdoor ထွက်တိုင်းလည်း ဒီအိတ်နဲ့ပဲ သွားနေကြကို အခုမှ မေ့နေရတယ်လို့ ။ ဒါနဲ့ လိုတာတွေ မေးပြီးတော့ ပြန်လာခဲ့ကြပါတယ်။ ခက်တာက သူ့ရှေ့မှာမို့ မပြောရဲတာ ။ အဲဒီလို အိတ်ကလည်း မရှိဘူးဗျ။ ကျွန်တော်က ဗိုလ်လောင်းတုန်းကပဲ သုံးမယ်ထင်တာ။ အခုတော့ လက်တွေ့ဘ၀မှာလည်း ဒါပဲ သုံးတာဆိုတော့ ဒါလေးတောင် မသိရကောင်းလား ဆိုပြီး ကိုယ့်ကို ကိုယ် နည်းနည်းတော့ ဒေါသဖြစ်သွားတယ်။ နောက်ပြီး မြန်မာရုပ်မြင်သံကြား နဲ့ မြ၀တီမှာ လာတဲ့ စစ်ကားမှန်သမျှ မှာလည်း စာဖတ်သူတို့ မြင်ဖူးကြမှာပါ။ ကျောပိုးအိတ် အစိမ်းရောင်လေးနဲ့ ချီတက်နေကြတဲ့ တပ်မတော် စစ်ကြောင်းတွေကိုပေါ့။

အခန်းပြန်ရောက်တော့ ရှေ့တန်းမှာ ၀တ်ဖို့ ယူနီဖောင်း ၊ ခြေအိတ် ၊ ပုဆိုး ၊ သွားပွတ်တံ ၊ သောက်ရေခွက် ပြီးတော့ လိုအပ်မယ်ထင်တဲ့ စာအုပ်စာတမ်း ၊ ပြီးတော့ အပွင့်အမည်းရောင်တွေပေါ့ ။ အပွင့်က တောထဲမှာ ဆိုတော့ ၀ါဝါထိန်ထိန် ရွှေရောင်တွေ တက်ဆင်လို့ မရပါဘူး။ ရန်သူက အလွယ်တကူ ခေါင်းဆောင်ကို ရွေးချယ် သုတ်သင်နိင်တာကြောင့်ပါ။ ဒါနဲ့ မနက်စောစော ရှေ့တန်းတက်ရမှာဆိုတော့ ညက ပြင်ဆင်စရာ ရှိတာကို ပြင်ဆင်ပြီး ဘုရားရှစ်ခိုးကာ စောစော အိပ်ရာဝင်ခဲ့ပါတယ်။ “ ဒက်...ဒက်....ဒက်.....ဒက် ၀ုန်း.....ရွှီးးးးးးး ဖုန်း.... ဆိုတဲ့ ပစ်သံခက်သံ တွေကြားမှာ ကျွန်တော် အသည်းအသန် ကြိုးစား ရှောင်တိမ်းနေရင်း ဒုန်း ဒုန်း .....ဒုန်း ဆိုတဲ့ အသံနဲ့ အတူ ဟိုဘက်ခန်းက စစ်ကိုင်းသား ( ၂ ) ယောက်က တစ်ယောက် တံခါးလာခေါက်တာကြောင့် အိမ်မက်ထဲက လူးလဲထလာခဲ့ရတယ်။ “ ဟေ့ကောင်.... ထ ... ထ ။ သေနတ်ထုတ်ရမယ် ၊ ဒါကြောင့် စောစောစီးစီး ဗဟိုကင်းကို သွားရအောင် ” ဆိုတာနဲ့ မပွင့်တပွင့် မျက်လုံးကို အသာပုတ်ခက် ပုတ်ခက်လုပ်ကာ တကိုယ်ရေ သန့်ရှင်းရေးပြီးတော့ ဗဟိုကင်း ရှိရာကို ချီတက်လာခဲ့ပါတယ်။ ဟိုရောက်တော့ ထုတ်ပေးတဲ့ သေနတ်တွေက အားလုံးပေါင်း ၂ လက် ။ ဘီအေ (၉၄) လို့ခေါ်တဲ့ အူဇီသေနတ် ၊ ပစ္စတို ပါ။ ကျည်ကတော့ အားလုံးပေါင်း ( ၂၄၀ ) နဲ့ ပစ္စတိုကြည် ၂၄ တောင့်ပါပါတယ်။ အဲဒါနဲ့တင် လူက တော်တော်ဝပ်နေပြီ။ အရပ်က ၅ပေ ၅ လက်မ ၊ ပေါင်က ( ၁၂၀ ) လောက်ပဲ ရှိတာ ဆိုတော့ သိပ်မဟန်ချင်တော့ပါဘူး။

ဒါနဲ့ ကျန်သေးတဲ့ မြေပုံ ၊ ၀ှက်စာ( ဆိုက်ဖာ ) တွေ ထပ်ထုတ်ပြီး ၊ ကိုယ်နဲ့ အတူ လိုက်မဲ့ ဆရာကြီး ၅ ယောက်ကိုလည်း သေနတ်ထုတ်ဖို့ ကြီးကြပ်ရပါသေးတယ်။ သူတို့ သေနတ်တွေက ကိုယ့်ထက်များတာကြောင့် သေသေချာချာ စိစစ်နေရတယ် ။ MA - 1 ခြေမှုန်းရေးရိုင်ဖယ် ၊ BA-100 ဒုံးပစ်လောင်ချာ ၊ MA-4 စက်သေနတ် ၊ အစရှိသည့် သေနတ်တွေ နဲ့ နောက်ထပ် လိုအပ်တဲ့ အရာတွေ ထုတ်ပြီးတော့ လူစစ်တန်းစီပါတယ်။ ၀ှက်စာ ( ဆိုက်ဖာ ) ဆိုတာက ဆက်သွယ်ရေး လျို့ဝှက်ချက် စကားဝှက်တွေပါတဲ့ စာလို့ အဓိပါယ် ခေါ်လို့ရပါတယ်။ တပ်စခန်းတွေ တစ်ခုနဲ့ တစ်ခုဆက်သွယ်ရာမှာ သုံးပြီး တပ်စခန်း တစ်ခု၏ ခေါင်းဆောင်အရာရှိ ၊ အရာရှိ မရှိလျှင် အကြီးဆုံး ရာထူးရှိသူက အလုံခြုံဆုံး သိမ်းဆည်းထားရသည်။ အကယ်၍ ကျပျောက်ပျက်ဆီး ခဲ့သည် ရှိသော ကြီးလေးသော အပြစ်ဒဏ် ကြခံရသောကြောင့် ကျွန်တော့်တို့လည်း အတက်နိင်ဆုံး လုံခြုံအောင် သိမ်းဆည်းကာ လက်အောက် စစ်သည်များ မည်သည့်အရာများ လိုအပ်သလဲ ဆိုတာ လိုက်လံကြည့်ရှုရင်း တပ်ရင်းမှုးမှ ခေါ်လာမည့် အချိန်ကို ဆက်သွယ်ရေး စက်နားမှာ အသင့်ထိုင်စောင့် နေခဲ့ပါသည်။ ကွက်ခိုင်ရောက်တာမှ ၁ ပတ်မပြည့်သေးဘူး လျှောက်ကြည့်မယ် ကြံကာ ရှိသေးတယ် ရှေ့တန်းတက်ရမည် ဆိုသောကြောင့် သိပ်တော့ မကျေနပ်ချင်ပါဘူး။ ပြီးတော့ ရှေ့တန်းသာ ဆိုတယ် ဘယ်ကို သွားရမှန်းလဲ မသိဘူး။ နောက်တစ်နာရီ အကြာတော့ အဘက ဆက်သွယ်ရေးစက်က ခေါ်လာတာကြောင့် တပ်ရင်းဆက်သွယ်ရေး စခန်းကို အသည်းအသန် ပြေးလွှားခဲ့ပါတယ်။

အဘ ။ ဟလို...အခု ငါပြောတာ ကြားလား
ကျွန်တော် ။ ဟုတ်ကဲ့..အဘ။ ကြားပါတယ်
အဘ ။ အေး...ကြားရင်....မင်းတို့ အခု ကားနဲ့ထွက်လာပြီးရင် မူဆယ်တပ်စခန်းကို ၀င်။
ကျွန်တော် ။ ဟုတ်ကဲ့...
အဘ ။ ပြီးရင် အဲဒီမှာ တစ်ညအိပ်။ နောက်နေ့ မနက်ငါ့ဆီ အဲဒီကနေ ဖုန်းပြန်ဆက်။ ကြားလား ....
ကျွန်တော် ။ ဟုက်ကဲ့...အဘ။ ၉၆ ပါ။
အဘ။ အေး...ဖုန်းနံပတ်က.....@$#%!*&# ။ အေး....အေး။ ဒါဆို ဖုန်းချလိုက်တော့မယ်။ မှာလိုက်တာတွေ ယူဖို့မမေ့နဲ့။
ကျွန်တော် ။ ဟုတ်ကဲ့...အဘ။ လေးစားပါတယ်။

ဆိုပြီး စက်က ချသွားပါတယ်။ ဒါနဲ့ ရှေ့တန်း တက်ဖို့ ကားအလာကို စောင့်ကြာတာပေါ့။ တစ်အောင့်နေတော့ ကားလာပြီဆိုတော့ ကြည့်လိုက်တော့ ကားက ထော်လာဂျီ ကို ကိုယ်ထည်တွေနဲ့ ကာရံထားတဲ့ အဆင့်ပဲရှိတယ်။ အင်ဂျင်ကတော့ ထော်လာဂျီထက်တော့ ပိုကောင်းတာပေါ့။ လေဘီးကားအဆင့်ထက် နည်းနည်းကျော်တယ် မြန်နှုန်းကို ပြောတာပါ။ ဒါနဲ့ တော်တော် စိတ်ပျက်သွားတယ်။ ကိုယ်မြင်ဘူးတာက စစ်ကြောင်းတွေ ရှေ့တန်းထွက်ရင် တီအီး ၊ Faw ကားတွေ နဲ့ တစီတတန်းကြီး ထွက်ကြတာ ။ အခုတော့ ကိုယ်အလှည့် ကြမှ ဘယ်လို ဖြစ်ရတာတုန်းလဲ လို့ ဘယ်သူ့ကို မေးလို့ မေးရမှန်း မသိဘူး။ ဆရာကြီးတွေ ကြည့်လိုက်တော့လဲ သူတို့က ကြိုသိနေသလို မျက်နှာထားတွေနဲ့ ဆိုတော့ ၊ သူတို့ကိုလဲ မမေးဖြစ်ဘူး။ ဒါနဲ့ ဗျူဟာက ကျွန်တော်တို့ တပ်ကို ရောက်တုန်းက လာတဲ့ G-3 အစ်ကိုကြီး ရောက်လာပြီး ဟိုမှာ နေရမဲ့၊ လိုက်နာရမဲ့ အခြေအနေ လေးတွေ ပြောပြ ၊ သူပြောတာ ကိုယ်နားထောင်ပြီးတော့ ဘယ်ရမလဲ ။ အခု ကိုယ့်အလှည့်ပေါ့။ ကိုယ်ပြောတာ သူပြန်နားထောင် ရမဲ့ အလှည့် ရောက်လာပြီ။

“ အစ်ကိုကြီး....ဒီကားကြီးလား ” လို့မျက်နှာငယ်လေးနဲ့ မေးလိုက်တော့။ “ ဟုတ်တယ်...ညီလေး ၊ မင်းတို့က နောက်က လိုက်တာဆိုတော့ ဒီလိုပဲ ၊ ကြုံရာ ကားနဲ့ တက်ရတာ။ ” ဆိုတော့ ကိုယ်လည်း ဘာမှ ဆက်မပြောတော့ပါဘူး။ ဖြစ်တက်ပါတယ်လေလို့ သဘောထားပြီး။ ကားပေါ်ကို တက်ကြ တက်ကြ လို့ပြောရင်း ဆရာကြီးတွေကို ကားပေါ်တက်ခိုင်း ၊ နောက်ဆုံးလူစစ်ပြီး ကိုယ်ပဲ ကျန်တော့မှ ကားပေါ်လည်း တက်လိုက်ရော...စတွေ့လိုက်ရတာက ဖြူဖြူအိတ်တွေ။ ကြည့်လိုက်တော့ ဆန်အိတ်တွေ ဖြစ်နေတယ်။ အော်....သူတို့က မူဆယ်ကို ဆန်ပို့မယ့်ကားကို ချောဆွဲထားတာကိုး။ စိတ်တော့...မကောင်းပါဘူး။ လမ်းခရီးက တူနေတော့ သူတို့လည်း ကျွန်တော်တို့ ပါတော့ မလွတ်လပ် ၊ ကျွန်တော်တို့ကလည်း သူတို့ နဲ့ မသွားချင်ပေမယ့် မတက်နိင်တာကြောင့်( ဒိုးရတော့ အချစ်ရေ ~~~~~ နုတ်ဆက်ခဲ့ပါတယ် ~~~~~~~ ဒိုးရတော့မယ်...အချစ်ရေ ၊ နုတ်ဆက်ခဲ့ပါတယ်~~~~ ကိုယ်တကယ် မခံစားနိင်ဘူး~~~~ အချစ်ရယ် ) ဆိုတဲ့ ဦးကျော်ဟိန်းဆိုတဲ့ သီချင်းကို ကြားယောင်မိပါတယ်။ ဒါနဲ့ ဖွတ်ချက် ဖွတ်ချက်....ကားကိုစီးရင်း ကွတ်ခိုင်-မူဆယ် ခရီးကို စတင်ခဲ့ပါတော့တယ်။



ရှေ့တန်းသွားခရီးမြေပုံ

ခရီးစပြီ...ရှမ်းဌာနီ

ကွတ်ခိုင်တပ်က မနက် ၁၁ လောက်က ထွက်လာလိုက်တာ လမ်းက တောင်တက်လမ်း ဖြစ်လိုက် ၊ မြေပြန့်ြ့ဖစ်လိုက် နဲ့ ကားကလည်း ကုန်နဲ့ လူနဲ့ပါတော့ တော်တော်လေးကို လေးပါတယ်။ တနာရီ မိုင် ( ၃၀ ) ထက်ပိုမမောင်းရဆိုတဲ့ စည်ကမ်းကို ဒီကားတစ်စီးထဲ တိတိကျကျ လိုက်နာပုံရတယ် မောင်းလိုက်တာ ၁ နာရီကို ၂၅ မိုင်တောင် ရှိချင်မှ ရှိမှာ။ လာသမျှ ကိုယ့်အနောက်ကား မှန်သမျှ အကုန်ကျော် ၊ နောက်ဆုံး ရွာနားက ထင်းတိုက်တဲ့ ထော်ဂျီတောင် ကျော်တက်သွားတယ်။ နေကလည်း ပူလိုက်တာ ခြစ်ခြစ်တောက် ၊ သေချင်လောက်အောင် စိတ်တော်တော် ညစ်သွားတယ်။ မြန်မြန်မောင်းဖို့ကလဲ မပြောချင် ၊ နေကလည်း ပူလိုက်တာ နဂိုက မဖြူတဲ့အသား အညိုကနေ အနက်ပြောင်းတော့မယ်။ ဗိုက်ကလည်း ဆာ ၊ ဒေါသတွေကလည်း တော်တော်ထွက်နေတာပေါ့ဗျာ။ ဘယ်နဲ့ဗျာ တခါမှ မကြုံဘူးဘူး ။ ဒီလို ဖြစ်လာမယ်လို့ ။ ဒီကြားထဲ ဘယ်က အလိုက်မသိတဲ့ လမ်းသရဲကားမှန်း မသိပါဘူး။ မန္တလေးက မူဆယ်ကို အလည်လာတဲ့ လူငယ်တွေ ထင်ပါတယ်။ ကိုယ့်ထက်တော့ အသက်ကြီးတာပေါ့။ ၂၃-၂၇ အသက်လောက်တော့ ရှိမယ်။ တစ်ချို့လည်း ဘီယာတွေ မော့သောက်နေကြတာ။ မူဆယ်ကို မရောက်ခင် မုန်းယု တောလမ်းလေးမှာ တွေ့ကြတာပါ။ အနောက်ကနေ ဟွန်းတီးလို့ ဖယ်ပေးတာ ကိုယ့်ဆရာတွေက မကျော်ပဲ တစ်လမ်းလုံး လိုက်စနေတော့ ။ ပြဿာနာက စတာပဲ။ အထဲမှာ နေပူလို့ ရသမျှ အမိုးလေး လုပ်ပြီး အိပ်နေပါတယ် ဆိုမှ ဟွန်းသံနဲ့ လိုက်နှောက်ယှက်တော့ ဒေါသက ဖြစ်ဖြစ်နဲ့ စက်သေနက်ကြီး ထုတ်ပြီး ဆန်အိတ်ပေါ်တင်ကာ သူတို့ကားဘက်ကို ချိန်ပြီး ကြည့်နေလိုက်တော့မှ ၀ူး...၀ါး အော်ပြီး ကျော်တက်သွားတော့တယ်။ တခါတလေတော့လည်း မလုပ်ချင်ဘဲ လုပ်လိုက်ရတာတွေ ရှိတာပေါ့။ ဒါပေမယ့် ဘယ်သူ့ကို မထိခိုက်အောင် အတက်နိင်ဆုံး လုပ်ဖို့လိုတယ်ဆိုတဲ့ အတွေးလေးကို စိတ်ထဲမှာတော့ အမြဲထည့်ထားမိပါတယ်။ ကွတ်ခိုင်က ထွက်ရင် နမ့်ဖက်ကာ ဂိတ်ကို အရင်ဖြတ်ရပါတယ်။ ဒီဂိတ်က တော်တော်လည်း အစစ်အဆေး ကြီးပါတယ်။ တာဝန်ကျတဲ့ သူတွေက အဒီတုန်းက ဘာအဖွဲ့ခေါ်မလည်း မမှတ်မိတော့ဘူး။ ဒါပေမယ့် တပ်ထားတာ ၂ ရစ်လောက်ပဲ ရှိတယ်။ တပ်ရင်းမှုးများ မှတ်နေလား မသိဘူး။ မာန်လိုက် ဟောက်လိုက်တာလည်း လွန်ရော။ ခရီးသည်တွေကို မှတ်ပုံတင် စစ်တာများ လူသတ်ဖို့ ပြောနေတာကြနေတာပဲ ။ ပြီးတော့ သူတို့ ကုန်တွေကို နမူနာ လေးတွေပြဖို့ တန်းစီနေရတာ ပုံစံတွေက သနားဖို့ကောင်းပါတယ်ဗျာ။ ဒီကောင်တွေက ထီးအောက်မှ ထိုင်ပြီး အခန့်သားနဲ့။ ပြောရင် ကိုယ့်ပေါင် ကိုယ်လှန်ထောင်းတာ ဆိုပေမယ့် ကျွန်တော့်တို့က စစ်သား ၊ ဒီကောင်တွေ လုပ်တာနဲ့ ယူနီဖောင်းချင်း မတူတာကြောင့် တော်သေးတယ်လို့ ပြောရမယ်။ ကိုယ့်စီးပွားကိုယ် ရှာစားတာ လွတ်လွတ်လပ်လပ် မလုပ်ကိုင်နိင်ဘူး။ ကျွန်တော်လည်း တော်တော်လေး ဒေါသထွက်သွားပါတယ်။ ဒါတော့ မဖြစ်သင့်ပါဘူး။ ကျွန်တော်ဆိုလည်း ဒီလို မလုပ်ဘူးဆိုတာ ယုံကြည်မိတယ်။ နောက်ပြီး အဲဒီဂိတ်က ပြဿာနာကြောင့်ပဲ နိင်ငံအကြီးအကဲ တစ်ယောက် တာဝန်က ရပ်စဲခံခဲ့ရပါတယ်။ ဒီလိုပြောရင် တစ်ချို့တွေ သိကြမှာပါ။ နာမည်ကတော့ နန့်ဖက်ကာ ဂိတ်ပါ။ အခုတော့ အဲဒီအဖွဲ့လည်း ဖျက်သိမ်းလိုက်ပါပြီ။

မူဆယ်မြို့ကို မရောက်ခင် ( ၁၀၅ ) မိုင် ကုန်တင်စစ်ဆေးရေး စခန်းကို အရင်ရောက်ပါတယ်။ ပြီးမှ မူဆယ်ကို လမ်းခွဲသွားရတာပါ။ အဲဒီမှာ လမ်း ( ၃ ) လမ်းရှိတယ်ခင်ဗျ။ တလမ်းက မူဆယ်မြို့ထဲကို ၀င်တာ မိုင် ( ၃၀ ) လောက်ရှိတယ်။ နောက်တစ်လမ်းက ကျွန်တော်တို့ ရှေ့တန်းတက်မဲ့လမ်း ၊ တောလမ်းပေါ့ ( မုံးကိုးမြို့ ) ကိုတက်ရမှာ ။ နောက်တလမ်းက ကျွန်တော်တို့ မန္တလေးကို ဆင်းမဲ့လမ်း။ ကျွန်တော်တို့က မူဆယ်လမ်းကို ၀င်ရမှာဆိုတော့ နောက်ထပ်မြို့ထဲကို မောင်းခဲ့ပါတယ်။ ဟိုရောက်တော့ ကျွန်တော်တို့နဲ့ အပတ်စဉ် တစ်ခုတည်း ဆင်းတဲ့ သူငယ်ချင်းက မူဆယ်အ၀င် တပ်စခန်း မှာ တာဝန်ကျနေတော့ ပိုအဆင်ပြေသွားတာပေါ့။ တခြားအကြီးတွေဆို နေရထိုင်ရတာ ခက်နေဦးမယ် မဟုတ်လား။ လမ်းမှာ တစ်လမ်းလုံးမောင်းလာတာဆိုတော့ သူငယ်ချင်းကို ဟန်မဆောင်နိင်တော့ဘူး။ ထမင်းကျွေးဖို့ အတင်းပြင်ဆင် ခိုင်းတော့တာပဲ။ ဒါပေမယ့် ကိုယ်က အရာရှိဆိုပေမယ့် ကိုယ်စားဖို့ အတွက် အရင်တော့ မလုပ်ပါဘူး။ ဆရာကြီးတွေကို အကုန်ခေါ် ပြီးတော့ သူတို့နေရမဲ့ နေရာတွေကို လိုက်ပြပေး ၊ နောက်တော့ ထမင်းစားဆောင်ကို ခေါ်သွားပြီး ထမင်းစားဖို့ အကုန်စီစဉ်ပေးပြီးမှ ကိုယ်လည်း အနားယူရတယ်။ ဆရာကြီးတွေက အသက် ၃၀ကျော်တွေ ကလေးတွေ ၃ ၊ ၄ ယောက်နဲ့ ဆိုတော့ ကိုယ့်ဦးလေး အရွယ်တွေ မဟုတ်လား။ ဒီတော့ မရိုမသေ မဆက်ဆံလို့ မကောင်းသလို ၊ တအား အခွင့်အရေးပေးရင်လည်း သူတို့က စကားနားမထောင်မှာ ကြောက်ရသေးတယ်။ နားလည် မှုလေးနဲ့ အုပ်ချုပ်ရတာပေါ့။ ကိုယ်က မတရားတာ မလုပ်ဖို့ရယ် ၊ သူတို့ဘ၀ကို စာနာ ပေးတက်ရင် ဆရာကြီးတွေနဲ့ နေရတာ နေပျော်ပါတယ်။ သူတို့ကလည်း ကိုယ့်အပေါ်ကို ချစ် ၊ ကိုယ်ကလည်း သူတို့အပေါ် စေတနာ နဲ့ ပြုလုပ်ပြောဆိုပေးတော့ နေပျော်တာပေါ့ဗျာ။ ဒါကတော့ လက်အောက်ငယ်သားနဲ့ ထားရှိသင့်တဲ့ အထက်အရာရှိ စိတ်ထားတွေပါ။

ကျွန်တော်တို့ မူဆယ်တပ်စခန်းကို ရောက်တော့ အချိန်က ည ( ၈ ) နာရီ ကျော်ကျော်ဆိုတော့ အတော်လည်း နောက်ကျနေတာကြောင့် ဆရာကြီးတွေကို စောစော အိပ်ရာဝင်ဖို့ လိုက်ပြောပြီးတဲ့နောက် ကိုယ်လည်း ထမင်းစား ။ နောက်တော့ ကျောင်းဆင်းကတည်းက မတွေ့ရသေးတဲ့ သူငယ်ချင်းတွေ စကားပြောကြရင်း အခြေအနေကို မေးမြန်းပါတယ်။ ည ( ၉ ) နာရီလောက်ကျတော့ အဘကို ဖုန်းပြန်ဆက်ဖို့ မှာထားတာကြောင့် ဖုန်းပြန်ဆက်တော့ သူက မူဆယ်ကနေ ကျူကုတ်-ပန်ဆိုင်း မြို့အထိ အဆင်ပြေသလိုလာခဲ့။ ဟိုရောက်ရင် ဦးတင်ဦး ဆိုတဲ့ မြို့နယ် ဥက္ကဌ ရှိတယ်။ သူက အဲဒီလူကို ပြောထားမယ် ။ မင်းတို့ ဟိုရောက်တာနဲ့ သူ့ကိုယ်တွေ့အောင်ရှာ ၊ ပြီးရင် သူစီစဉ်ပေးတဲ့ ကားနဲ့ ဒီမြို့ကို လာခဲ့ဆိုတော့... ကိုယ်လည်း ဟုတ်ကဲ့ အဘ။ လေးစားပါတယ် ဆိုပြီး ဖုန်းချလိုက်ရတယ်။ ဇာတ်လမ်းက ပြန်စပါပြီ။ သူက အဆင်ပြေသလို လာဆိုတော့ လမ်းပဲလျှောက်လာ ရတော့ မလိုလိုနဲ့ ဒီတော့ နယ်ခံသူငယ်ချင်းကို အပူကပ်ပါတယ်။ “ ဟေ့ကောင် လုပ်ပါဦးကွာ ငါတို့ကို အစဉ်ပြေသလို လာဆိုတော့ ၊ မင်း ပါဝါလေးနဲ့ အဲဒီကို သွားမဲ့ ကားကြုံလေး မရှိဘူးလား။ ရှိရင် ငါတို့ကိုပါ ခေါ်သွားဖို့ ချောဆွဲပေးပါဦးဆိုတော့ ” ဆရာက အားကိုးရတယ်ဗျာ။ ငါလည်း မသိဘူး သူငယ်ချင်းတဲ့ အဌား ဗန်ကားတွေတော့ ရှိတယ်ဆိုတော့ ။ အင်း...ဖြစ်ရမယ်။ ထားလိုက်ပါတော့ကွာဆိုပြီး မနက်ထိ မအိပ်ပဲ တစ်ညလုံး စကားတွေထိုင်ပြော ကြတယ်။ ကျောင်းတုန်းက ဘယ်သူက ဘယ်လို ၊ ဘယ်အရာရှိက ဘယ်လို ၊ ဘယ်ဆရာကြီးက ဘယ်လို အော်တာတွေ ပြောရင်း အချိန်က မနက် ( ၅ ) နာရီထိုးသွားတာကြောင့် ဆရာကြီးတွေကို လိုက်နိးရင်း ကိုယ်လည်း မျက်နှာသစ်ပေါ့။ နောက်တော့ ဖုန်းနဲ့ ဗန်ကား ဂိတ်ကို ဖုန်းဆက်ပြီး စောင့်နေရပါတယ်။ လက်ထဲမှာ ကျန်တာ ( ၁၅၀၀၀ ) လောက်ကျန်တာ ။ လူက ( ၈ ) ယောက်ဆိုတော့ တစ်စီးကို ( ၄ ) ယောက်နဲ့ နှစ်စီးဌားရပါတယ်။ ပိုက်ဆံကတော့ တစ်စီးကို ( ၁၅၀၀၀ ) ခွဲနဲ့ ဈေးတည့်သွားတယ်။ အဲဒီကုန်ကြတဲ့ ပိုက်ဆံကိုတော့ အိတ်စိုက်ပေါ့ဗျာ။ ဆရာကြီးတွေ ဆီကလည်း မတောင်းရက် ၊ တောင်းဖို့ နေနေသာသာ ဗိုက်ဆာရင် ကိုယ်ကတောင် ၀ယ်ကျွေးရမှာဆိုတော့ တစ်ယောက်ကို ( ၁၀၀၀၀ ) ၊ သုံးယောက်ဆိုတော့ ( ၃၀၀၀၀ ) ပေးလိုက်ရပါတယ်။ ကျွန်တော်တို့ အရာရှိငယ်တွေက ( ၃ ) ယောက်ကိုး။ ကျွန်တော်တစ်ယောက်တည်းသာ ဦးဆောင်လာရင် ဒီခရီးကို လမ်းလျှောက်ရမှာ မြင်ယောင်သေးတယ်။ ဆိုးပဗျာ။ ဒါနဲ့ ကားနှစ်စီးနဲ့ ကျူကုတ် - ပန်ဆိုင်း မြို့ကို ခရီးထွက်လာခဲ့ပါတယ်။ ဟုတ်တော့...ဟုတ်နေသား ။ စီးတော့ ဗန်ကား နဲ့ အထဲမှာ သေနတ်တွေကလည်း ထိုးထိုးထောင်ထောင်နဲ့ ။ ဟန်မကြ...ပန်မကြပေါ့။ ကဲ...ခပ်မြန်မြန်ပဲ ဆက်ရအောင်ဗျာ။ ပျင်းနေတော့မှာပဲ။ ဒါနဲ့ ကျွန်တော်တို့လည်း ကျုကုတ်-ပန်ဆိုင်းမြို့ကို ရောက်။ ဟိုရောက်တော့ စီစဉ်ထားတဲ့ သူတွေနဲ့ တွေ့တာပေါ့။ ဦးတင်ဦးဆိုတဲ့သူကို လိုက်ရှာပေါ့။ စောသေးတော့ သူလည်း အိပ်ရာက မထသေးဘူးနဲ့ တူပါတယ်။ မနက် ( ၇ ) နာရီလောက် ရောက်သွားတာကြောင့်ပါ။ သူနဲ့တွေ့တော့ သူက အဘလေး ဖုန်းကြိုဆက်ထားလို့ သိနေတာကြောင့် သွားရမဲ့ကားကို တစ်ခါတည်း လိုက်ပြပေးပါတယ်။ ပြီးတော့ သူလည်း အလုပ်များနေတာကြောင့် ပြန်ထွက်သွားပါတယ်။

ဖြစ်မှဖြစ်ရလေ

အဲဒီမှာ ရီစရာ တစ်ခုဖြစ်တာက ဘယ်လိုလဲဆိုတော့ ကျွန်တော်တို့လည်း ဗိုက်ဆာနေတာပေါ့ဗျာ။ ပိုက်ဆံကလည်း ၅၀၀၀ လောက်ကျန်တာကြောင့် ဆရာကြီးတွေကို လက်ဖက်ရည်ပဲ မနက်စာအဖြစ် တိုက်လိုက်ရတယ်။ ကိုယ်လည်း တခွက်သောက်ပေါ့။ ပြီးတော့ ကားပေါ်ပြန်တက်ကာ ထွက်မဲ့အချိန်ကို စောင့်နေမိတယ်။ နောက် ( ၁ ) နာရီကျော်လောက်လည်း ကားက မထွက်သေးတော့ ဗိုက်က ပြန်ဆာလာပြန်ပြီ။ ဒီတော့ ဟိုနား ဒီနား လိုက်ကြည့်တော့ ။ တဲလေးနဲ့ အဒေါ်ကြီးတစ်ယောက် အကြော်လေးတွေ ရောင်းနေတာ တွေ့တာနဲ့ ၀င်စားဖို့ ဆုံးဖြက်လိုက်တယ်။ ဈေးချိုရင် ကျန်တဲ့သူတွေ အတွက်လည်း ၀ယ်သွားမယ်ဆိုပြီး ၀င်ထိုင်လိုက်ပါတယ်။ ဆိုင်ရှင် အဒေါ်ကြီးက တော်တော် သဘောကောင်းတယ်ဗျာ။ သူနဲ့ စကားတွေ ပြောလိုက် အကြော်လေး တစ်ပန်းကန်ကို မကုန်အောင် စားရင်း ရေနွေးသောက်လိုက် နဲ့ ဟုတ်နေတာ။ တစ်အောင့်နေတော့ အခြားသူတစ်ယောက်က ထမင်းလာဝယ်တယ်ဗျ။ ဟာ...ကျွန်တော်တို့လည်း ၀မ်းသာ သွားတာပေါ့။ သူ့ကို အန်တီ..ထမင်းရောင်းလား ဆိုတော့ ရောင်းတယ်တဲ့။ ဒါနဲ့ တစ်ပွဲ ဘယ်လောက်လဲ မေးပြီး ကျန်တဲ့သူတွေ အတွက်ပါ ၀ယ်ဖို့စဉ်းစားနေတာကို သူက ဘယ်လို ထင်သွားလဲ မသိဘူး။ ထမင်းတွေ ချကျွေးပါတယ်။ ဆိုင်က ဟင်းတွေရော ၊ ထမင်းတွေရော ကျွေးတာ။ ကျွန်တော်တို့ကလည်း ဗိုက်ကဆာတော့ ( ၃ ) ယောက်သား ငြင်းရမှာလဲ အခက် ၊ ဟိုစကားပုံလို “ စားရမှာလဲ သဲတရှပ်ရှပ် ၊ ပစ်ရမှာလည်း အဆီတ၀င်းဝင်း ဆိုတော့ လန့်နေတာ။ စားပြီးမှာ မရှင်းနိင်ရင် လစ်ပြီပေါ့။ ဒါပေမယ့် မတက်နိင်ဘူး ၊ ဂျေမီတောင် သီချင်းဆိုထားသေးတာပဲ “ နောင်ဖြစ်မှ နောင်ရှင်း ” ဆိုတော့ ကိုယ်လည်းဝါးတော့တာပဲ။ ဗိုက်က အတော်ဆာနေတာရယ် ၊ ညက အိပ်ေ၇းပျက်ထားတာကြောင့် အစာရှိမှ ဖြစ်မယ်ဆိုတာ သိထားတော့ အုပ်တော့တာပဲ။ စားသောက်ပြီးတော့ အန်တီ...ဘယ်လောက်ကျလဲ ဆိုတော့ သူက...နေနေ သားတို့ မပေးနဲ့ ၊ အန်တီက အလကား ကျွေးတာတဲ့။ “ဟာ မဟုတ်တာ..အန်တီရယ်ပေါ့ ၊ အန်တီလည်း တစ်နေ့ရောင်းရတာ ဘယ်လောက်မြတ်တာ မို့လို့ ယူပါ ၊ ဘာညာပြောတော့ ” သူက မယူပါဘူး။

ဒါနဲ့ ကျေးဇူးအထူးတင်ကြောင်းကို နားညီးအောင် ပြောရင်း ချက်ချင်းလည်း ထထွက်သွားလို့ မကောင်းသေးတာနဲ့ ရေနွေးထိုင်သောက်ရင်း စကားဆက်ပြောကြပါတယ်။ အဲဒီမှာ သူက...သူ့သားကလည်း စစ်သားပဲတဲ့ ။ ဒါပေမယ့် ဗိုလ်လောင်းတက်နေတုန်းတဲ့။ အခုမှ ဒုတိယနှစ်ကိုရောက်တာတဲ့။ စစ်တက္ကသိုလ်မှာ ပဲတဲ့ ။ သူ့သားအတွက် သူက မလွှတ်ချင်ပေမယ့် သားက ၀င်ချင်တာကြောင့် ထည့်လိုက်ရတာလို့ ပြောပါတယ်။ အဲဒီတော့ ဟာ..အန်တီ ကျွန်တော်တို့က အဲဒီကျောင်းကပဲ ကျောင်းဆင်းလာတဲ့ သူတွေပါ လို့ပြောလိုက်တော့မှ ကျွန်တော်တို့ကို အံသြသင့်စွာနဲ့ ဟာ..သားတို့က အရာရှိတွေလား ၊ အန်တီက အန်တီ့သား အရွယ် ရဲဘော်လေးတွေ ထင်ပြီး သနားလို့ ထမင်းခေါ်ကျွေးတာတဲ့။ သေစမ်းပါဟဲ့...လို့သာပြောပြီး ကိုယ့်နဖူးကိုယ်ပဲ ပြန်ရိုက်ချင်မိတော့တယ်။ အော် ပုံစံတွေကလည်း ၂ ရက်လောက် မအိပ်ပဲ ခရီးနှင်လာ ၊ ရေကမချိုးရ ၊ ခရီးကလည်း တကယ့်အဝေးကြီး ၊ လမ်းကလည်း ဖုံတွေနဲ့ ၀တ်ထားတဲ့ အစိမ်းက အဖြူရောင်ပေါက်တော့မယ် ဆိုတော့ သူထင်တာလည်း မမှားနိင်ပါဘူးလေ ဆိုပြီး။ ပြုံးပြလိုက်ရတယ်။ ကျန်သေးတယ် ဥပဓိရုပ်ကလည်း ခန့်ညားတာကြောင့်လည်း ပါမယ်ထင်တယ်။ ဟဲဟဲ ။

ကားက ( ၉) ခွဲမှာ စထွက်ပါတယ် ကားကလည်း ဖုန်တွေနဲ့ ၊ ပြီးတော့ ကုန်တွေနဲ့ ။ တောလမ်းကို ဖြက်ရမှာ ဆိုတော့ အင်း...နာဖို့သာ ပြင်ထားဆိုပြီး ကိုယ့်ကိုကိုယ် အားပေးနေလိုက်တယ်။ တောလမ်း ဆိုမှတော့ မပြောတော့ပါဘူး။ ဂမူတွေ ၊ ချိုင့်တွေ ၊ ကျင်းတွေ နဲ့ တောင်တက်လမ်းက ပါသေးတယ်။ လမ်းမှာ မြို့ ၁ မြို့ကို ဖြက်ရပါတယ်။ ဘာမှန်တော့ မသိတော့ဘူး။ နာမည်တော့ ( ၃ ) လုံးနဲ့စတာပါ။ ကျောင်းတွေ တော့ဆောက်ထားပါတယ်။ ဒါနဲ့ မနက် ( ၁၁ ) ခွဲလောက်မှာ ကျွန်တော် တာဝန်ကျတဲ့ မြို့ မုံးကိုးမြို့ကို ရောက်ခဲ့ပါတယ်။ တပ်စခန်းကတော့ မြို့အစွန်မှာပါ။ မြို့အ၀င် ၀နဲ့တော့ ဆန့်ကျင်ဘက်ပေါ့။

ဒီလိုနဲ့......

ဆက်ရန်


Monday, March 31, 2008



လားရှိုး - သီန္ဒီ ( ၃၂ မိုင် )
သီန္ဒီ - ကွတ်ခိုင် ( ၁၆ မိုင် )
ကွတ်ခိုင် - နမ့်ဖက်ကာ ( ၂၉ မိုင် )
နမ့်ဖက်ကာ - မုန်းယု ( ၂၈ မိုင် )
မုန်းယု - မူဆယ် ( ၈ မိုင် )

ဖြစ်ပါတယ်။ ဒါက လားရှိုးကနေ မူဆယ် အထိ ကားလမ်းခရီး မိုင်တိုင် အကွာအဝေးပါ။ လားရှိုးကနေ ကွတ်ခိုင် အထိကတော့ ( ၄၈ မိုင် ) ပဲကွာဝေးပါတယ်။ လားရှိုးကနေ ကွတ်ခိုင်ကို တက်မယ် ဆိုရင် စုစုပေါင်း ၃ နာရီ ၊ ဒါမှ မဟုတ် ၄ နာရီလောက် ကြာတက်ပါတယ်။ လမ်းက တောင်တက်လမ်း ဖြစ်တာက တကြောင်း ၊ အဆင်းကား ကိုဦးစားပေးနေရတာကြောင့် ကြာချင်းဖြစ်ပါတယ်။ အကယ်၍ ကွတ်ခိုင်မှသာ လားရှိုးကို ဆင်းမယ် ဆိုရင်တော့ အဆင်းလမ်းလည်း ဖြစ်တာကြောင့် အချိန်က ( ၂ ) နာရီ ကျော်ကြာပဲ ကြာပါတယ်။ ဒါနဲ့ ကျွန်တော်တို့လည်း ဗန်ကားတော့ မစီးနိင်တော့ဘူး ၊ လိုင်းကားနဲ့ တက်ပေါ့။ သေတ္တာတွေလည်း ပါတာကို။ လူက ( ၂၀၀၀ိ ကျပ် ) ၊ သေတ္တာက ( ၂၀၀ ) လောက်နဲ့ ပြီးသွားလို့ပေါ့။ ဒီလိုနဲ့ လားရှိုးက စထွက်ပေါ့။ လားရှိုးအကြောင်းရေးတုန်းက မြို့အထွက်မှာ တံတားတစ်ခု ရှိတယ်ဗျ။ အဲဒီကို နည်းနည်း ကျော်လိုက်ရင် ရေပုစမ်း ။ ရေပူစမ်းကို ကျော်လိုက်ရင် ကောလိပ်တစ်ခုရှိသေးတယ်။ စက်မှုကျောင်းလား မသိပါဘူး။ GTC လို့တော့ ရေးထားတယ်။ အဲဒီနားမှာပဲ ၆၈ အေဒီ လမ်းခွဲဆိုတာ ရှိသေးတယ်။ အဲဒီဘက်က ဘယ်ကိုရောက်လဲတော့ မသိပါဘူး။ ကာလမ်းကတော့ တော်တော်ဖြောင့်ဖြူးနေတာပဲ။ ပြီးတော့ လမ်းမှာ လားရှိုးမြို့ကို ဈေးသွားရောင်းတဲ့ ရွာသူရွာသားတွေကိုလည်း ထော်လာဂျီနဲ့ လည်း မြင်တွေ့နေရပါတယ်။

လားရှိုး - ကွတ်ခိုင် ကားလမ်း

ဒီလိုနဲ့ မောင်းလာတာပေါ့ ။ အစလမ်းမှာ ဘေးဘယ်ညာ သစ်ပင်ရိပ်တွေက မရှိတာကြောင့် လမ်းက တော်တော် ပူပါတယ်။ တစ်ခုတော်သေးတာက ကားက မောင်းနေတာ ဆိုတော့ လေတိုးတာကြောင့် နည်းနည်းတော့ သက်သာတာပေါ့။ တစ်ခါတလေ လေပူတွေတိုက်ရင်တော့ လေတိုးပေမယ့် ပူတာပေါ့ဗျာ။ ဒါနဲ့ မောင်းလာလိုက်တာ သီန္ဒီမြို့ကို ရောက်တော့ ဓတ်ဆီ ဖြည့်ရင်း ကားက ခဏနားပါတယ်။ အဲဒီမှာ ရှမ်းတွေနဲ့ စတွေ့တော့ တာပါပဲ ။ မြန်မာသံ ၀ဲဝဲ နဲ့။ မနည်းကို နားထောင်နေရတယ်။ ကိုယ်ကလည်း တစ်လုံးမှ မတက် ဆိုတော့ ဈေးဝယ်တာတောင် လက်ပြပြီး ၀ယ်နေတာပေါ့။ ဒါနဲ့ ၀က်ပေါင်ခြောက်ထုပ်လေးတွေ ၀ယ်စားဖြစ်ခဲ့တယ်။ တစ်ချို့ကတော့ ရှမ်းခြောက်ဆွဲစားကြနဲ့ သူတို့စားတာ ကြည့်ပြီး အဆိုတော် “ စိုင်းဆိုင်မော့ ” ရဲ့ သီချင်းကို သွားသတိရမိသေးတယ် ။ ဘာတဲ့ “ ဒီခေါက်ဆွဲ ကောင်းလွန်းလို့~~~ စားတာလား ~~~ဆိုင်ရှင်လေး~~~လှလွန်းလို့ သွားတာလား ” ဆိုတော့ ဒါနဲ့ ဆိုင်ရှင်ကို ဖြက်ခနဲ့ ကြည့်လိုက်တာ မှန်းချက်နဲ့ နှမ်းထွက် လွဲသွားတယ်ဗျာ။ ရောင်းနေတာ အဒေါ်ကြီး ။ ပါးစပ်မှာလည်း ကွမ်းက စားနေသေးတယ်။ သေစမ်းဟ...နန္ဒိယ ပေါ့။ အဲဒီလို လွဲတာ ။ ဒါနဲ့ ဆိုင်ရှင်လေး အသားထား မျက်နှာငယ်လေးနဲ့ ရေတောင်း သောက်တာပေါ့။ ကျန်တဲ့ ကျွန်တော့် သူငယ်ချင်း ( ၂ ) ယောက်ကတော့ ကားပေါ်မှာပဲ ဘယ်မှ မဆင်းဘူးနဲ့ တူပါတယ် ။

ဒါနဲ့ မိနစ် ( ၃၀ ) လောက်ကြာတော့ ကားသမားက ထွက်မယ်...ထွက်မယ် ဆိုတာကြောင့် ကားပေါ်ပြန်တက်ကာ ကွတ်ခိုင် ခရီးစဉ်ကို ရင်ခုန်စွာနဲ့ ချီတက်ခဲ့ပါတယ်။ သီန္ဒီမြို့ကို စတက်တက် လာချင်းပဲ အအေးဓတ်က သိသာစွာ ကျရောက်လာပါတယ်။ ပြင်ဦးလွင် အအေးထက် ပိုတယ်လို့လည်း ပြောလို့ရပါတယ်။ မြေပြန့်ကနေ တောင်ပေါ်လမ်း ကိုချက်ချင်း ပြောင်းလဲသွားတာပါ။ သီန္ဒီ အထိက မြေပြန့်ခရီးစဉ်ဖြစ်ပြီး မြို့ကျော်လာတာနဲ့ တောင်တက်လမ်းက စတာပါပဲ။ အကွေ့အကောက်တွေနဲ့ပေါ့။ ဒါနဲ့ ကျွန်တော်တို့လည်း မြေပြန့်သားပီပီ ဘုရားစာ ရွတ်ရင်း လိုက်လာရတာပေါ့။ အဲဒီမှာ အမေရိကန် ရုပ်ရှင်တွေထဲကလို ဆိုင်ကယ် မင်းသားတွေနဲ့ တွေ့တော့ တာပါပဲ။ အထူးအဆန်းပေါ့ ကျွန်တော်တို့ ( ၃ ) ယောက် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ဘာတွေလဲပေါ့ ။ အထူးအဆန်းနဲ့ လိုက်ငေးနေရတာ။ သွားနေကြ သူတွေကတော့ ပုံမှန်ပါပဲ။ ဆိုင်ကယ်သမားတွေက အုပ်စုတစ်စုကို အနည်းဆုံး အစီး ( ၈ ) စီး ၊ ( ၉ ) စီး လောက်ပါတယ်ဗျ။ စီးတဲ့ သူတွေကလည်း ဘယ်လို ပြောမလဲ ဆိုင်ကယ်မင်းသားတွေလား မင်းသမီးတွေလား မသိဘူး ၊ မင်းသားတွေပဲ များပါတယ်။ တခါတလေတော့ မင်းသမီးတွေကိုလည်း တွေ့နိင်ပါတယ်။ သူတို့က အမှန်အကန် နေဒဏ် လေဒဏ် ခံနိင်အောင်ရယ် ၊ မျက်နှာလေတိုးတာ ကာကွယ်နိင်အောင်ရယ် ကြောင့် ဦးထုပ်တွေ ၊ သရေအင်္ကျီတွေ ၊ နောက်ပြီး ခေါင်းစည်းတွေ ၊ ဘုတွေ ရှုးတွေနဲ့ တကယ်ကို ရုပ်ရှင်ထဲက အတိုင်းပဲ ။ နောက်မှ ဘေးနားက ကိုယ်နဲ့ မျက်မှန်းတမ်းမိတဲ့ ခရီးသွားဖော်တွေကို မေးကြည့်မှ “ အဲဒါ ဆိုင်ကယ် မှောင်ခို ( ကယ်ရီ ) သမားတွေတဲ့ ” ။

သူတို့က မူဆယ်ကနေ လားရှိုး ၊ ဒါမှ မဟုတ် ပြင်ဦးလွင် ၊ ဒါမှ မဟုတ် ပိုင်ရင် ဆိုင်ရင် မန္တလေးထိ ဆိုင်ကယ်ကို ချသွားတယ်တဲ့။ အဲဒီမှာ ပြန်ရောင်းရင် ၀ယ်ဈေးထက် အဆမတန် မြက်တာကြောင့် အခုလို ကယ်ရီရိုက် ခြင်းဖြစ်ပါတယ်။ အဲဒီတုန်းက မူဆယ်မှာ ဆိုင်ကယ် အသစ်ချပ်ချွတ် တစ်စီးမှ ( ၃၀၀၀၀ ၊ ၄၀၀၀၀ ) လောက်ပဲ ပေးရတာဆိုတော့ ဟိုမှာ ( ၁ သိန်း ) ကျော်ပြန်ရောင်းရင် ငွေရပေါက် ချောင်တာကြောင့်ပါ။ နောက်ပြီး ဆိုင်ကယ်ကြီးပဲလဲ ချလာတာ မဟုတ်ပါဘူး။ နောက်ပိုင်းမှာ အစိုးရက ပိတ်ထားတဲ့ အချိုမှုန့်ကိုပါ သူတို့ သယ်လာတာကြောင့် တော်တော်လေး အလုပ်ဖြစ်ကြပါတယ်။ ဒါပေမယ့် ဘယ်လို ပြောမလဲ အန္တာရယ်တော့ များတာပေါ့ဗျာ။ စီးရတဲ့ ခရီးလမ်း ကွာဝေးတာ ကြောင့်ရယ် ၊ နောက်ပြီး တောင်တက်လမ်းတွေ ဖြစ်တာ ကြောင့်ရယ် ၊ နောက်ပြီး ဂိတ်တွေကို ရှောင်ကွင်းပြီး ရွာတွေထဲက သွားလာတာတွေ ကြောင့် လမ်းက ပိုကြမ်းပါတယ်။ ဒီကြားထဲ ရှောင်တခင် စစ်ဆေးရေးမျိုးနဲ့ တိုးပြီးဆိုရင်တော့ ရှိသမျှ အကုန်အသိမ်းခံလိုက်ရတာ ပါပဲ။ အဲဒီအခါဆို ဆိုင်ကယ်ကို ရာနဲ့ချီပြီး မိတက်ပါတယ်။ ရွာတွေထဲက ဖြက်သွားမယ်ဆိုတိုင်းလည် မလွယ်ပါဘူး။ ရွာတွေမှာ ဖြက်သန်းခွင့်ကို သူကြီးကို ( ငွေ ၅၀၀ကျပ် ) ပေးရပါတယ်။ ကိုယ်တိုင် မလုပ်ဘူးပေမယ့် ဒီလိုပဲ စုံစမ်းထားရတာပေါ့ဗျာ။ သိနေသင့်တယ် ဆိုတဲ့ အတွေးလေးတစ်ခုတည်းနဲ့တင်ပါ။

သီန္ဒီ-ကွတ်ခိုင်လမ်းမှာ ရေပူ ဆိုတဲ့ စစ်ဆေးရေး ဂိတ်တစ်ခု ရှိတယ်ဗျ။ အကုန်စစ်တာပဲ ဘာမှ မချန်ဘူး။ ကျွန်တော်တို့ သေတ္တာတွေကိုတောင် ဖွင့်ခိုင်းသေးတယ်။ နောက်မှ အရာရှိငယ်တွေ မှန်း သိသွားလို့ မဖွင့်ခိုင်းတော့တာပါ။ အဲဒီဂိတ်မှာ လ၀က ၊ အကောက်ခွန် ကတစ်တွဲ ၊ ခပ်ဝေးဝေးမှာကြတော့ စစ်တပ်က အစောင့် သဘောမျိုးနဲ့ စခန်း တစ်ခုရှိပါတယ်။ တခုရှိတာက စောနက ဆိုင်ကယ်သမားတွေက အဲဒီဂိတ်နား မရောင်ခင် မိုင်ဝက်လောက် အကွာက ကားလမ်းအတိုင်းသွားနေရာကနေ ရွာထဲကို မောင်းဝင်သွားကြပြီး စခန်းအကျော် လောက်မှာ ရွာထဲက ပြန်ထွက်လာကြပါတယ်။ ကျွန်တော့်အထင်တော့ ပေါ်တင်ကြီး ဖြက်လို့ မကောင်းတာနဲ့ နည်းလည်မှုနဲ့ ရွာထဲက ဖြက်စေတာ ဖြစ်ရမယ်လို့ ထင်ပါတယ်။ ငွေကတော့ သူတို့ တစ်စီးကို ဘယ်လောက်လဲဆိုတာ သက်မှက်ထားပြီးသား ဖြစ်မှာပေါ့။ အားလုံးပြီးတော့ ကျွန်တော်တို့လည်း ကားပေါ်ပြန်တက်နဲ့ နောက်ဆုံးတော့လည်းလေ ဆိုတဲ့ စိုင်းစိုင်းခမ်းလှိုင် ပြောသလို ဌာနေကို ရောက်ခဲ့ပါပြီ။ ကွတ်ခိုင်ကို ၀င်လိုက်တယ် ဆိုရင်ပဲ ၀ူးဆို ဘေးနာမှာ အလန့်တကြားထဲ မောင်းထွက်သွားတာ ကြည့်လိုက်တော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းက ကား ။ ကားပေါ်မှာလဲ ၀တ်စုံပြည့် သေနတ်ကိုင် ၂ ယောက် ၊ လည်ပင်းကလည်း အနီပတ်တွေနဲ့ ။ ကားကတော့ Tiger လို့ခေါ်တဲ့ လင့်ခရုဒ်ဇာအမဲ တွေနဲ့ပါ။ ဒါနဲ့ ကိုယ်လည်း ခေါင်းနပန်း ကြီးသွားတာပေါ့။ ဟို ( ၂ ) ယောက်ကလည်း ဟ...ဘာတွေတုန်းဟ နဲ့ တိုးတိုး...တိုးတိုးနဲ့ တစ်ယောက်နဲ့ တစ်ယောက်မေးနေကြတယ်။ နောက်ပိုင်းမှာ သိလိုက်ရတာက ဒီမြို့မှာ တိုင်းရင်းသား လက်နက်ကိုင်တွေ ရှိကြောင်း ၊ အဖွဲ့အစည်း အမည်ကတော့ KDA ( Kachin Development Army ) ဖြစ်တယ်လို့ သိရပါတယ်။ ကွတ်ခိုင် မရောက်ခင် အနားလေးမှာတော့ ကွယ်လွန်သူ အဆိုတော် စိုင်းထီးဆိုင် ဆိုခဲ့တဲ့ လွိုင်ဆမ်ဆစ်တောင်ကို မှတ်မှတ်ရရ မြင်ခဲ့ရပါသေးတယ်။ ဘာမှ သိပ်တော့ ထူးထူးခြားခြား မရှိပေမယ့် တောင်က တစ်လုံးတည်း ထီးထီးကြီးဖြစ်နေတာရယ် တောင်ပေါ်မှာ ဆက်သွယ်ရေး စခန်းနဲ့ ကျွန်တော်တို့ တပ်မှာ စခန်းငယ်လေး တစ်ခုတည်ရှိပါတယ်။

ကွတ်ခိုင်....သို့မဟုတ် လွိုင်ဆမ်ဆစ် သို့

ဒါနဲ့ မြို့ထဲ ကားဂိတ်ရောက်တော့ ကားသမားက ညစ်ပါလေရော။ သူက လိုင်းကား ဖြစ်တာကြောင့် ဂိတ်မှာပဲ ရပ်ပေးမယ် ၊ တပ်ထဲ အထိ သွားချင်ရင် နောက်တစ်ကား ဌားဆိုတော့ အဲဒီမှာ အနည်းငယ် စကားပြောလိုက်ရပါသေးတယ်။ နောက်ဆုံး ငွေ ( ၈၀၀ ) ထပ်ပေးလိုက်ရပါတယ်။ ကွတ်ခိုင်တပ်ထဲ အထိပေါ့ဗျာ။ ဟိုရောက်တော့ ကားကို ဘယ်နှားရပ်ခိုင်းရမှန်းလဲ မသိဘူး ။ ဖြစ်ချင်တော့ ရုံးပိတ်ရက်ကြီး ဖြစ်တာကြောင့် ဘယ်သူမှလည်း မတွေ့ဘူး။ ပြီးတော့ တပ်ရင်းရုံးကိုလည်း ရှာမတွေ့ ၊ အိမ်ထောင်သည် လိုင်းခန်းတွေကိုလည်း မတွေ့နဲ့ ကားကြီး လမ်းလယ်မှာ ရပ်ပြီး ဟိုလိုက်မေး ဒီလိုက်မေးပေါဗျာ။ ကားသမားကလည်း ပြန်ချင်နေတဲ့ပုံ ဖော်ပြနေတာနဲ့ နေပါဦးဆိုပြီး ကိုယ့်လူကို မနည်းတားထားရတယ်။ သေတ္တာတွေပါတော့ ထမ်းရမှာ ခရီးမတွင်မှာကြောင့်ပါ။ ပြီးတော့ ကိုယ်ကလည်း သာမာန်အရပ်ဝတ် ၀တ်ထားတာကြောင့်ရယ် ၊ လူတွေကလည်း ခရီးပန်းလာတာရယ် ၊ ပြီးတော့ ကျောင်းဆင်းပြီးစ ဆိုတော့ အသားအရည်တွေက မွဲခြောက်နေတာကြောင့် ရဲဘော်သစ်တွေ ထင်နေလား မသိပါဘူး။ နောက်မှ အနားဖြက်သွားတဲ့ ဆရာကြီး တစ်ဦးကို အားကိုးတစ်ကြီး ကျွန်တော်တို့ ကျောင်းဆင်းလာတဲ့ အရာရှိငယ်တွေပါ ၊ ဒီတပ်မှာ တာဝန်ကျလို့ သတင်းလာပို့တာ တပ်ရင်းရုံးက ဘယ်မှာပါလဲ ခင်ဗျာလို့ ပြောတော့မှ ဆရာက အားကိုးတကြီး ရုံးပိတ်ရက်မို့ တပ်ရေးဗိုလ်ကြီးလည်း မရှိဘူးတဲ့။ ဒါနဲ့ သူနဲ့စကား ပြောနေတုန်း အမှတ် ( ၁ ) အခြေချ စစ်ဗျူဟာ မှာ G3 ( ဂျီသရီး ) အဆင့် ဗိုလ်ကြီး အောင်မျိုးထွန်း က တွေ့တော့ အနားလာရင်း အကျိုးအကြောင်း သိရတော့ လောလောဆယ် ဗျူဟာက ပိုင်ဆိုင်သော ( ၆ ခန်း )တွဲမှာ နေရာ ချထားပေးလိုက်ဖို့နဲ့ နေရာလဲပြီးပါက နောက် ( ၂ နာရီ ) ကြာလျှင် ၀တ်စုံအပြည့်နှင့် သူ့ဆီလာခဲ့ရန် မှာပြီး ထွက်သွားပါတယ်။

ကျွန်တော်တို့လည်း အခုမှ ပဲ စိတ်ချမ်းသာနိင်ပါတော့တယ်။ လက်ထဲမှာ ကြည့်တော့လည်း ငွေက ( ၁၀၀၀၀ ) ကျော်တယ် ဆိုရုံလောက်ပဲ ရှိတော့တာကြောင့် ရှေ့ဆက် ဘာတွေ ကုန်မယ်ဆိုတာတော့ မပြောတက်အောင် ဖြစ်နေပါတယ်။ ဘုရား ၊ တရား သာ တပြီးနေဖို့ပဲ ကျန်ပါတော့တယ်ပေါ့ဗျာ။ ဒါနဲ့ ဟိုရောက်တော့ G3 မှ ရှင်းလင်းဆောင်ထဲ ခေါ်သွားပြီးတော့ လက်ရှိ တပ် အခြေအနေ ၊ ရန်သူ့အခြေအနေ ၊ ခေါင်းဆောင် ဘယ်သူ ၊ ဘယ်နေရာတွေမှာ ဘာရှိတယ် ၊ ပြီးတော့ ကျင့်သုံးရမဲ့ ဓလေ့ ထုံးတမ်း အစရှိသည်ဖြင့် မှာကြားပါတယ် ။

ငြိမ်းချမ်းရေး လက်နက်ကိုင် အဖွဲ့အစည်းများ တည်ရှိရာပြ မြေပုံ

အသေးစိတ်ကို ရေးချင်ပေမယ့် လုံခြုံမှု အဆင့်အတန်း အရ ကျွန်တော် မရေးဘဲ ချန်လပ်ခဲ့ပါသည်။ ဒီလိုနဲ့ ကျွန်တော်တို့လည်း Note Book မှမှတ်သားထားပြီး နောက်ထပ် ( ၃ ) နာရီကျော်ကျော်လောက်မှာ ရှင်းလင်းချက်တွေ ပြီးခဲ့ပါတယ်။ ဒါနဲ့ လူကလည်း မောမောနဲ့ ကုတင်ပေါ် ပစ်လှဲရင်း လာရာ လမ်းတစ်လျှောက်လုံးကို စဉ်စားရင်း ပစ္စည်းတွေတောင် မထုတ်နိင်ပဲ ခဏအိပ်ပျော်သွားပါတယ်။ နောက် ၁ နာရီလောက်ကြာတော့ ပြန်နိးလာတော့ လူမှုဒုက္ခက စပါပြီ။ ဗိုက်ဆာလာတာပေါ့ဗျာ။ အနီးအနားမှာလဲ ဘာမုန့်ဆိုင်ရယ်လို့မှ မရှိ ၊ မြို့ထဲနဲ့ တပ်ကလည်း ၁ မိုင်နီးပါးလောက် ဝေးတယ် ၊နောက်ပြီး အကြပ် ၊ စစ်သည်တွေ နေတဲ့ လိုင်းခန်းတွေကလည်း မတွေ့ ၊ တကယ်လို့တွေ့ရင် မုန့်ဆိုင်လေးတော့ ရှိတက်ကြတာကြောင့် ၀ယ်စားဖို့ ဖြစ်နိင်တာပေါ့ဗျာ။ ဗိုက်ဆာဆာနဲ့ ဟိုလျှောက်သွား ဒီလျှောက်ကြည့်နေတုန်း ဒီ ( ၆ခန်း ) တွဲလူပျို အရာရှိ ရိပ်သာကို တာဝန်ယူရတဲ့ ရဲဘော် တစ်ယောက်နဲ့ ဆရာကြီး တစ်ယောက် မတ်တပ်ရပ် စကားပြောနေတာကို တွေ့တော့ ကိုယ်လဲ မုန့်ဆိုင် မေးချင်တာနဲ့ ဘာမှာများ ရှာရမလဲလို့ သွားမေးတာပေါ့။ နောက်တော့မှ ဆရာကြီးက “ ဗိုလ်လုံတို့ ညနေစာကို သွားယူခိုင်းမလို့ ၊ အခုလောလောဆယ်တော့ ရေချိုးရင်း စောင့်နေပါပေါ့ ဆိုပြီး ” လိုအပ်တဲ့ စောင် ၊ ခေါင်းအုံး ၊ မျက်နှာသုတ် ပ၀ါ တွေကို ထုတ်ပေးပါတယ်။ ၀ူ...တော်သေးတယ် ။ အခုမှပဲ သက်ပြင်းချနိင်ပါတော့တယ်ဗျာ။ နို့မို့ဆို .... ဒီတညတော့ ရေသောက်ပြီး ဗိုက်မှောက်နေရမယ်ထင်တာ။ ထမင်းဟင်းတွေ ရောက်လာတော့ ဘယ်သူစီမံပေးတာလဲ မေးတော့ စောနက G3 ကပြောထားလို့ ဆိုလို့ အစ်ကိုကြီးကို စိတ်ထဲမှ လေးစားမိပါတယ်။ နောက်တော့လည်း သူ့အိမ်ဟာ ကျွန်တော်တို့ ၃ ယောက်အတွက်တော့ စားအိမ်သောက်အိမ် ဖြစ်လာတာပါပဲ။

မနက်ဖြန် တနင်္လာနေ့ရောက်တော့ မနက် ( ၇ ) နာရီဆို တန်းစီတယ် မဟုတ်လား ။ ကျွန်တော်တို့ အရာရှိ ငယ်များကတော့ စိတ်ဓတ်တက်ကြွစွာနဲ့ ဘာပြောကောင်းမလဲ အိပ်တုန်း ၊ မြေပြန့်ကလာတဲ့ သူတွေဆိုတော့ ကိုယ့်ဒေသမှာ ပူတော့ ၊ ကွတ်ခိုင်လည်း ရောက်ရော အင်မတန် အေးတာကြောင့် အညာသား စကားနဲ့ ပြောရင်း လွှတ်အိပ်တော့တာပဲဗျို့ ။ တစ်ယောက်မှကို မထဘူး ၊ နိးတော့လည်း ပြန်အိပ်တာပေါ့။ တပ်ရေးဗိုလ်ကြီးကလည်း နားလည်ပေးပါတယ်။ သူ့အသက်က ( ၄၀ ) ကျော်နေပြီဆိုတော့ ၊ ကျွန်တော်တို့ အသက် ( ၁၉ - ၂၀ ) က သူ့သားလောက်ရှိတော့ ကလေးတွေလိုပဲ သဘောထားပါတယ်။ ဒါပေမယ့် စစ်သားဆိုတော့ သိပ်တော့ နုလို့မရဘူး မဟုတ်လား။ ညနေရောက်တော့ တပ်ရေးဗိုလ်ကြီးအိမ်သွားရင်း စာရေးသောက်ရေး အခြေအနေ ၊ နေရေးထိုင်ရေး အခြေအနေ ဘယ်လိုရှိသလဲဆိုတာ သူမေးတာ ဖြေရင်း ၊ လောလောဆယ် တပ်ကတော့ ရှေ့တန်းကို ထွက်နေတာ ကြောင့် တပ်မှာ လူမရှိခြင်း ဖြစ်ကြောင်း ၊ တပ်မှာလည်း တပ်ရင်းမှုးက လားရှိုးကို မြို့နယ် ဥက္ကဌ အဖြစ် အဆင့်တိုးပြောင်းရွှေ့သွားသောကြောင့် အသစ်မရောက်သေးကြောင်း ၊ လက်ရှိ ဒုတပ်ရင်းမှုး ဗိုလ်မှုး ၊ ဌာနချုပ်တပ်ခွဲမှုး ၊ တပ်ရေးဗိုလ်ကြီး ၊ ဗိုလ်တစ်ဦး အားလုံးပေါင်း ( ၄ ) ဦးသာ ရှိကြောင်း ၊ ကျန် အရာရှိများမှာလည်း သင်တန်းနှင့် တာဝန်နှင့် စေလွှတ်ထားရသည်များ ကြောင့် ငါ့ညီတို့ ရောက်လာတာ ၀မ်းသာပါကြောင်း ၊ လောလောဆယ် တပ်မှာပဲ အေးဆေးနေရမည် ဖြစ်ကြောင်း ၊ သို့သော် မနက်ဖြန် ဒုတပ်ရင်းမှုးဆီသို့ ကြေးနန်းပို့၍ ငါ့ညီတို့ ရောက်ရှိကြောင်းကို သတင်းပို့မည် ဖြစ်ကြောင်း ၊ ရှေ့တန်းမှာလဲ အရာရှိ အင်အားနည်းနေ၍ ငါ့ညီတို့ လိုက်သွားရမှာ သေချာကြောင်း ၊ ထို့ကြောင့် ရှေ့တန်း မထွက်ရသေးခင် ကာလ အတွင်း ဝေးဝေးလံလံ မသွားဖို့ လိုအပ်တဲ့အကြောင်းများ မှာကြားပြီး ပြန်လွှတ်လိုက်ပါတယ်။ အမေရေ..ဗီဒီယိုထဲမှာပဲ မြင်ဖူးတဲ့ ရှေ့တန်း ဆိုတာကြီးကို အမေ့သား ကြုံရတော့မယ်ဗျလို့ ၀မ်းနည်းစွာနဲ့ တွေးနေမိသေးတယ်။ စိတ်ကလည်း ငါသာ တကယ်လို့ သေသွားရင်ဆိုပြီး နမိတ်မရှိ နမာမရှိ လျှောက်တွေးနေမိပါသေးတယ်။ ကြောက်တာ...ကြောက်တာ ။

ဒီလိုနဲ့ မျှော်လင့်ထားတဲ့ ရှေ့တန်းကို သွားရမဲ့ နေ့ကို ရောက်လာတဲ့ အခါမှာတော့ဗျာ

ဆက်ရန် ။


Sunday, March 30, 2008

အလှူဒါန




၁၉.၁၂.၂၀၀၇ တုန်းက ကျွန်တော်တို့ အမှတ်စဉ် ( ၄၆ ) ဗိုလ်လောင်းသင်တန်း ကျောင်းဆင်း ခဲ့တာ ( ၄ ) နှစ်ပြည့် အထိန်းအမှတ် အဖြစ်ရော ၊ ဗိုလ်ကြီး အဖြစ် ရာထူး အဆင့်တိုးမြင့်ခြင်း အထိမ်းအမှတ် အဖြစ် မြန်မာနှင့် ရုရှား နိင်ငံတွင် ပညာသင်ကြားနေသော သူငယ်ချင်း အားလုံးမှာ စုပေါင်း၍

၁. ဓမ္မစကုမုဒြာ ၊ ဓမ္မစကြာင်္ ဗုဒရုပ်ပွားတော်မြတ်ကြီး - ၄၆သိန်း
၂. ဓမ္မစကုမုဒြာ၊ဓမ္မစကြာင်္ ဗုဒရုပ်ပွားတော်မြတ်ကြီး(ကျောင်းဆောင်) - သိန်း၅၀
၃. ဒိုးပင် မိဘမဲ့ကလေးကျောင်း - ၅သိန်း
၎. မျက်မမြင်ကျောင်း (ရေသန့်စက်) - ၁၀သိန်း
၅. ဘိုးဘွားရိပ်သာ - ၅သိန်း
၆. ရေစက်ချ နှင့် အလှူတော် မင်္ဂလာ - ၁၄သိန်း

တို့ကို အလှူဒါန ပြုခဲ့ပါတယ်။ ဓတ်ပုံများ ဒီနေ့မှ ရ၍ ဖော်ပြနိင်ခြင်း ဖြစ်ပါသည်။ အလှူငွေ စုစုပေါင်းမှာ ကျပ်ပေါင်း ( ၁၃၀၀၀၀၀၀ ) ဖြစ်ပါသည်။









ရရှိသော ကုသိုလ် ကောင်းမှု အစုစုအား လက်ရှိ မြန်မာနိင်ငံ အနှံအပြား အရပ်ဒေသ အသီးသီးတွင် တာဝန်ထမ်းဆောင်နေသော သူငယ်ချင်းများနှင့် တိုင်းပြည်အတွက် အသက်စွန့်ခဲ့သော သူငယ်ချင်းများ ရောက်ရာ ၊ ကြားရာ အရပ်မှ သာဓုခေါ်နိင်ကြပါစေ။ တိုင်းပြည်၏ အမျိုးဘာသာ ၊ သာသနာ နှင့် ပြည်သူ့ အသက်အိုးအိမ် စည်းစိမ်ကို အမှန်တရားဘက်မှ ရဲဝင့်စွာ ရပ်တည်နိင်သော “နောင်တစ်ခေတ်၏ အောင်စစ်သည်တော် ” များ ဖြစ်ကြပါစေ လို့ ဆုတောင်းရင်း

ဗိုလ်ကြီး ကျော်လင်းထွန်း
ခလရ ( ၄၅ ) ကွတ်ခိုင် ၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ၊ လားရှိုးမြို့။



“ ဟောင်းရွက်တွေ ညှာတံကြွေတဲ့ ခါယံ နွေဦးနှင့် အတူ ” စာပန်းချီ အမှတ်(၃) မဂ္ဂဇင်းဟာ အကြောင်းအမျိုးမျိုး ကြားမှ အောင်မြင်စွာ ထွက်ရှိလာခဲ့ပါပြီ။ ကဗျာ ( အတို/အရှည် ) ၊ ၀တ္တုတို ၊ ဆောင်ပါး ၊ ကာတွန်း မျိုးစုံနှင့် ဤနေရာ သို့ကလစ် နှိပ်၍ ရယူဖတ်ရှု နိင်ပါကြောင်း သတင်းကောင်း ပါးအပ်ပါသည်။

Saturday, March 29, 2008

လားရှိုးမြို့အကြောင်း

လားရှိုးမြို့က ယေဘုယျအား ဖြင့်တော့ အဓိက လိုင်းကား လမ်း အတိုင်းသွားမယ်ဆိုရင် စတုရန်းပုံစံလို သွားပါတယ်။ မြို့ပုံသဏ္ဍာန်ကို ဆိုလိုခြင်း မဟုတ်ပါဘူး။ လားရှိုးမှာ ဆိုင်ကယ်ကို အိမ်တိုင်းနီးပါး သုံးနိင်ပေမယ့် လိုင်းကား ပါပလက်ကာ ကားအဖြူရောင်လေးတွေ ဘာကြောင့်ရှိနေတာလဲဆိုတာ စစရောက်ခြင်းတော့ အထူးအဆန်း ဖြစ်မိပါသေးတယ်။ နောက်ပိုင်းမှ သိလာတာက လားရှိုးမြို့က ပြင်ဦးလွင်-မူဆယ် အထိ ဆက်စပ်သွားလို့ ရတာကြောင့် ကူသန်းရောင်းဝယ်ရေး ထွန်းကားသည့် မြို့ဖြစ်သည့် အပြင် ခရီးသွား ဧည့်သည်များတာကြောင့် ရောက်လာကြသော ခရီးသွားများ လည်ပတ်နိင်ရန် ၊ သွားလာရ လွယ်ကူနိင်ရန် လိုင်းကားများ စီစဉ်ထားခြင်း ဖြစ်နိင်ပါသည်။ နောက်တစ်ခု ရှိတာက မြို့၏ အဓိက တည်နေရာများ ဖြစ်သော ဘူတာ ၊ လေယဉ်ကွင်း ၊ မြို့ဈေးကြီး နှင့် ဆေးရုံ ၊ ကားကြီးဂိတ် ၊ မန်ဆူဘုရား ၊ လားရှိုးဒီဂရိ ကောလိပ် တို့သည် တစ်ခုနှင့်တစ်ခု တည်နေရာ မှာ ဆန့်ကျင်ဘက် ဖြစ်တာကြောင့် သွားလာရာတွင် ခဏတဖြုတ် ရောက်လာကြသော ခရီးသွားများ လွယ်ကူစေရန် စီစဉ်ထားခြင်း ဖြစ်နိင်ပါသည်။ ကျွန်တော် ရောက်ရှိခဲ့စဉ်က ကားခမှာ တစ်ဦးလျှင် ကျပ်ငွေ ၅၀ ဖြစ်ပြီး ၊ ဘူတာမှ မြို့ထဲသို့ သွားပါက ကုန်းတက်လမ်း ဖြစ်သောကြောင့် တစ်ချို့ကားသမားများက ၁၀၀ိကျပ် တောင်းပါတယ်။ အများဆုံး အသုံးပြုသော ပို့ဆောင်ရေးမှာ ဆိုင်ကယ်ဖြစ်ပါသည်။



လားရှိုးမြို့အထင်ကရ နေရာပြ မြေပုံ
( မြင်ကွင်းကျယ် ကြည့်ရန် ပုံကို ကလစ်ပါ )

လားရှိုးမြို့ပေါ်မှာ နေထိုင်သည့် လူမျိုးတွေကတော့ များသောအားဖြင့် မြန်မာ ၊ ရှမ်း ၊ တရုတ် နဲ့ တခြား တိုင်းရင်းသား အနည်းငယ်ပဲ ဖြစ်ပါသည်။ အလုပ်အကိုင်ကတော့ ကူသန်းရောင်းဝယ်ရေး၊ ခရီးလမ်းပို့ဆောင်ရေး တို့ပဲ အကြမ်းဖျဉ်း ဖော်ပြလို့ ရနိင်ပါတယ်။ နောက်ပြီး မြို့ရဲ့ မြေမျက်သွင်ပြင်က အနည်းငယ်သာ ပြေပြစ်ပြီး ၊ ကုန်းအတက် အဆင်းတွေ ပေါပါတယ်။ အောက်မှာ ရသလောက် လားရှိုးမြို့ရဲ့ ဓတ်ပုံတစ်ချို့ကို ဖော်ပြပေးထားပါတယ် ခင်ဗျာ။



မြို့အ၀င်

လားရှိုးမြို့

ဆုတောင်းပြည့်စေတီ
( ကျွန်တော်ရောက်ခဲ့တုန်းက စိန်ဖူးတော် ပျောက်နေသည် ။ )

နဂါးရုံဘုရား

တရုတ်ဘုံကျောင်း

ရေကန်တောင်

လားရှိုးဈေးကြီး - အနောက်ဘက်မှ

ဒီလိုနဲ့ ကျွန်တော်တို့လည်း ခွင့်ပြန်လာပြီး နောက်တစ်နေ့တွင် တိုင်းမှုးမှ မတွေ့နိင်သေးသောကြောင့် မြို့ထဲသို့ လည်ပတ်ခွင့် ရကြပါသည်။ ရက်အားလုံးပေါင်း ( ၁၄ ) ရက်ခန့် နေလိုက်ရပြီး အတန်ငယ် လေ့လာခွင့်လည်း ရခဲ့သောကြောင့် ယခုလို အနည်းငယ် လောက် ပြန်လည်ဖော်ပြပေး နိင်ခြင်းလည်း ဖြစ်ပါသည်။

အစကတော့ စမ်းတ၀ါးဝါး ဟိုမေး ဒီမေးရင်း ဒီလမ်းက သွားလျှင် မြို့ထဲဈေးသို့သွားသော ကားလမ်းသို့ ရောက်ကြောင်း ၊ ထိုနောက် လိုင်းကား အဖြူရောင် ပါပလစ်ကာ ကားလာလျှင် ၅၀ ပေး၍ တက်စီး သွားနိင်ကြောင်း သိရသဖြင့် ကျွန်တော်တို့ လူတစ်စုလည်း ချီတက်ခဲ့ကြပါတယ်။ စကားပုံတောင် ရှိသေး၏ (အော်....ပါးစပ် ပါလျှင် ရွာရောက်တယ် မဟုတ်လား ) ။ ဒါနဲ့ မြို့ထဲ ဈေးကို ရောက်လာကြတော့ အရင်ဆုံး ရှာကြတာက ဖုန်းဆိုင်ပါ။ တစ်ချို့သူငယ်ချင်းတွေက ပိုက်ဆံက ပြက်နေတာကြောင့် ၊ တစ်ချို့က အကျိုးအကြောင်း အိမ်ကို ပြောပြချင်တာကြောင့် ဖုန်းဆိုင်ကို အလုအယက် ရှာကြပါတယ်။ ဖုန်းတွေကလည်း ပေါပါတယ်။ စတိုးဆိုင် ၊ ဆေးဆိုင် တွေအပြင် P.C.O ဖုန်းဆိုင်တွေလည်း လမ်းမှာ ရှိပါတယ်။ ကျွန်တော်တို့လည်း ရှာကြပေါ့နော်။ လာတုန်းက အများကြီးလာ ကြပေမယ့် ဈေးထဲ ရောက်တော့ ကိုယ်ပေါင်းတဲ့သူနဲ့ပဲ သွားကြတာပေါ့။ အဲဒီတုန်းက ကျွန်တော်နဲ့ တွဲဖြစ်ခဲ့တာက ရခိုင်ကလာတဲ့ လွှမ်းမိုးကျော် ဆိုတဲ့ သူငယ်ချင်းပါ။ ဒီကောင်က ရခိုင်ဆိုပေမယ့် လူကတော့ လူချောဗျ။ မြန်မာဆိုပေမယ့် မျက်နှာမှာ ပါးသိုင်းမွှေး ၊ မုတ်ဆိတ်မွှေးနဲ့ အသားက ဖြူဖြူ ၊ မျက်ခုံးက လည်း ဖြောင့်နေတော့ ကောင်မလေးတွေက တော်တော်ကြည်တယ်ဗျ။ အရပ်ကလည်း ကျွန်တော့်ထက် ၂ လက်မလောက်ရှည်တယ်။ ကျွန်တော်က ၅ ပေ ၅ ပဲ ရှိတာကိုး။ သူက အပြင်မှာ မော်ဒန်ဘွိုင်း ဖြစ်ဘူးတယ်တဲ့ ဆိုပြီး သူသရုပ်ဆောင်တဲ့ ဗီစီဒီတောင် ပြပါသေးတယ်။ ဘယ်လိုက ဘယ်လို စစ်တပ်ထဲ ရောက်လာလဲတော့ မသိပါဘူး။ ဒီကောင်က တော်တော် စေတနာကောင်းတယ်ဗျ။ သူ့မှာ ရှိတာဆို ဘာမှ မနှမြောဘူး။ အကုန်ကျွေးတာ။ နောက်ပိုင်းတော့ ကျွန်တော်နဲ့ ညီအစ်ကိုလို ခင်ခဲ့ပါတယ် ။ သူတာဝန်ကျတာကတော့ တန့်ယန်းမှာပါ။ ဒီကောင်က ဖုန်းဆိုင်က ကောင်မလေးနဲ့တောင် ရည်စားဖြစ်လိုက်သေးတယ်။ နောက်တစ်ခုက ဆေးဆိုင်မှာ ဆေးရောင်းတဲ့ ကောင်မလေးက မြန်မာအခု လက်ရှိ မင်းသမီးတစ်ယောက်နဲ့ တော်တော်တူပါတယ်။ ကျွန်တော်တို့ သူငယ်ချင်းတွေကလည်း ယောင်္ကျားလေးပဲ လူငယ်သဘာဝ ငမ်းတာပေါ့။ ဖုန်းသွားဆက် ၊ ဆေးဝယ်နဲ့ အဲဒီဆိုင်လည်း တော်တော်ရောင်းကောင်းလိုက်သေးတယ်။ နောက်ပိုင်း အဲဒီမြို့မှာ တာဝန်ကျတဲ့ ကျွန်တော်တို့ သူငယ်ချင်း တစ်ယောက်နဲ့ပဲ ကြိုက်သွားတယ် လို့သိခဲ့ရတယ်။ ကျွန်တော်လား...ဟဲဟဲ။ နည်းနည်းတော့ ငမ်းခဲ့တာပေါ့ဗျာ။ ( ၁ ) ခါ (၂) ခါလောက်ပါ။

ဒါနဲ့ ကျွန်တော်တို့ ( ၂ ) ယောက်လည်း လမ်းဘေးက ပီစီအို ဖုန်းဆိုင်မှာ ၀င်ဆက်ရင်း အဲဒီက ဖုန်းထောင်တဲ့ ညီအစ်ကိုနှစ်ယောက်နဲ့ ထပ်ပြီးခင်မင်ခဲ့ပါတယ်။ ( တစ်ရွာတကျီဆောက် ဆိုတဲ့ ပေါ့ဗျာ)။ သူတို့က အမှတ် (၉၀၃) စစ်မြေပြင် အင်ဂျင်နီယာ တပ်က တပ်ကြပ်ကြီး တစ်ဦး၏ သားတွေပါ။ နောက်ပြီး ဆက်စပ် သိခဲ့တာက တော့ သူတို့သူငယ်ချင်း ကိုစိုးမိုးဌေး ဆိုတဲ့ သူပါ။ သူတို့ အဖေက ရဲအုပ် တစ်ယောက်ဖြစ်ပြီး သမီး ( ၂ ) ၊ ယောက် ၊ သား ( ၁) ယောက် ရှိပါတယ်။ နောက်ပိုင်းမှာ တော့ ကျွန်တော်တို့ရဲ့ စားအိမ်သောက်အိမ်သာ မက ၊ အိပ်အိမ်ပါ ဖြစ်ခဲ့ပါတယ်။ ထိုအိမ်မှ အိမ်ရှင်မ အန်တီကြီးက တော်တော် သဘောကောင်းပါတယ်။ ကျွန်တော်တို့ကို သူ့သား သူငယ်ချင်း ဆိုပေမယ့် အမေလို့ ဂရုစိုက်ပါတယ်။ တကယ်လို့ အပြင်သွားရင်း မိုးမိလာတယ်ဆိုရင် ချက်ချင်း ၀တ်ဖို့ အနွေးထည် ၊ ရေနွေကြမ်း ၊ ဆေးနီမှုန့် အဲဒီလိုမျိုး ထုတ်ပေးပြီး သူ့ရှေ့တင် ဆေးကို သောက်ခိုင်းတာပါ။ ကျွန်တော့်တို့ အသက်ကလည်း ( ၂၀ ) လောက်ရှိသေးတဲ့ အပြင် သူ့သားအငယ်ဆုံးတောင် ( ၂၆ ) ရှိတာကြောင့် သားအငယ်တွေလိုမျိုး သဘောထားပါတယ်။ အမ ( ၂ ) ယောက်ကလည်း တော်တော် သဘောကောင်းတယ်ဗျ။ တစ်ယောက်က စေ့စပ်ထားပြီးသား ၊ နောက် တစ်ယောက် ကတော့ လူလွတ်ပါ။ ကျွန်တော်ဒီကိုလာခါနီး တုန်းက တပ်က အပြန် ထိုအိမ်မှာတည်းတော့ နောက်ဆုံးပြန်ခါနီး အစ်မငယ်က သူ့ရည်စားနဲ့ ချိန်းချင်တာကြောင့် ကျွန်တော့်ကို မရောက်ဘူးတဲ့ နေရာတွေ လိုက်ပို့မလို့ပြောပြီး အိမ်က ညာထွက်ခဲ့တာ ။ ကျွန်တော်ကတော့ ဟိုလျှောက်သွား ဒီလျှောက်သွားပေါ့။ ဒါပေမယ့် ဆရာမက ပြန်မလာဘူးဗျာ။

အဲဒီမှာ ကျွန်တော် မောင်ဆိုးသွမ်းတို့ ခေါင်းမီးတောက်တာပါပဲ။ ကိုယ့်ကို လိုက်ပို့မလိုပြောပြီး ခေါ်ထွက်ခဲ့တာ ၊ သူတို့ သမီးရည်းစား ( ၂ ) ယောက်က ပြန်မလာတော့ ကျွန်တော့်မှာ ချိန်းထားတဲ့ နေရာမှ ထိုင်ပြီး ဘုရားစာရွတ်နေရတယ် ။ အချိန်ကလည်း မနက် ( ၁၂ ) ကတည်းကထွက်လာတာ ၊ သူတို့လည်း ပြန်လာရော အချိန်က ည ( ၇ ) နာရီထိုးနေပြီ။ ဒါနဲ့ ကျွန်တော်တို့လည်း အိမ်ကို ပြန်မောင်းပြေးတာပေါ့။ ဟိုရောက်တော့ ဘာပြောကောင်းမလဲ သူ့အဖေ ရဲအုပ်ကြီးက မျက်နှာက ပြိုတော့မဲ့ မိုးလိုပဲ။ သူထင်နေတာက ကျွန်တော်များ ခိုးသွားပြီလားလို့လေ။ အမနဲ့ အန်တီကလည်း တိုးတိုးနဲ့ နင်တို့ဘယ်တွေ သွားနေတာလဲတဲ့ ။ ဒီမှာ လိုက်ရှာနေကြတာတဲ့။ ကျွန်တော်လည်း ဘယ်ကောင်းမလဲပေါ့နော်။ သူတို့အိမ်မှာနေတယ် ၊ သူတို့သမီးကို အပြင်ခေါ်ထုတ်သွားတယ် ၊ နောက်ကျမှ ပြန်လာတယ် ဆိုတော့ ၊ အခြေအနေက သိပ်တော့ မကောင်းဘူးလေ။ ပြီးတော့ ကျွန်တော်က မနက်ဖြန် ပြန်မှာဆိုတော့ သို့လော ...သို့လော တွေနဲ့ ခေါင်းမီးတောက်ခဲ့ရတာပါ။ ဦးလေးကိုလည်း တော်တော် အားနာခဲ့ပါတယ်။ သူက သမီးရှင်မဟုတ်လား။ အဖေချင်း ကိုယ်ချင်းစာတာပေါ့။ သူကတော့ အငယ်မ လာဦးဆိုပြီး တိုးတိုးနဲ့ ဆူနေတာပေါ့။ ကျွန်တော့်ကျတော့ ဘာမှ မပြောပါဘူး။ မင်းတို့ကလည်း နောက်ကျလိုက်တာကွာ ဆိုပြီးတော့ပဲ ပြီးသွားပါတယ်။ နောက်ပိုင်း ကျွန်တော်ပြန်သွားတော့ ကားဂိတ်တောင် လိုက်မပို့ခိုင်းခဲ့ဘူး။ အစက ပို့ခိုင်းမလို့ဟာ တခါတည်း ခိုးပြေးမှာ စိုးလို့လား မသိပါဘူး။ ဟဲ..ဟဲ။ အဲဒီလို အဌားနာမည်ကြီးခဲ့တာပေါ့ဗျာ။ နောက်တော့ သူတို့ ဦးလေးတို့က ပြန်တောင်းပန်ပါတယ်။ သူတို့ အထင်လွဲခဲ့တယ် ဆိုတဲ့ အကြောင်းကိုပေါ့။ ပြန်မှပဲ သွားပြန်လည်ဦးမယ်။ တော်တော် တော့ သဘောအရမ်းကောင်းတဲ့ မိသားစုပါ။

ဒါနဲ့ အိမ်ကို ဖုန်းဆက်ပြီး အိမ်ကို လက်ရှိ အခြေအနေကို အကျိုးအကြောင်း ပြောပြပေါ့ ။ နေထိုင်ကောင်းကြောင်း ၊ အဆင်ပြေကြောင်း သတိရကြောင်း အစုံပေါ့။ အမေကလည်း အစစအရာရာ ဂရုစိုက်ဖို့ အကြောင်းနဲ့ ငွေလိုလျှင် မှာဖို့အကြောင်း အစသဖြင့် ပြောပါတယ်။ ကြည့်...အမေတွေက အဲဒီလို အလိုက်သိတက်တာ။ လားရှိုးမှာ ဈေးနဲ့တစ်ဆက်တည်းမှာ ရိုးမဘဏ်တည်ရှိပါတယ်။ အခြား မြန်မာမေဖလားဝါးဘဏ် ၊ အာရှဓနဘဏ် တို့လည်း ရှိပါတယ်။ ဘဏ်တွေထဲမှာတော့ အာရှဓန ဘဏ်က ၀န်ထမ်းတွေက တော်တော်ချောတယ်ဗျ။ ကြော်ငြာဝင်တာပါ။ တစ်ခေါက်ရောက်ဖူးလို့။ ဒါနဲ့ အမေ့ကို မလိုသေးကြောင်းပေါ့။ ကျွန်တော်က ကျောင်းဆင်းကတည်းက ချက်စာအုပ်ကို တစ်ခါတည်း လက်မှတ်ထိုးပြီး အမေ့ကို ကန်တော့ ထားခဲ့တာပါ။ အဖေကတော့ ချူဆီထည့်တာတဲ့။ သူစာအုပ်က တစ်လမှ ၁၀၀၀၀ လောက်ရမှာ။ ငါတို့ဆီကို တစ်လကို ၁၅၀၀၀ လောက်ပြန်မှာ မှာသေချာတယ်တဲ့။ အဲဒီလိုပါဆို။

နေရစ်ခဲ့တော့ လားရှိုးရေ

ဒီလိုနဲ့ ကျွန်တော်တို့လည်း တိုင်းမှုးကျေးဇူးကြောင့် လားရှိုးမှာ ဘာမှ မလုပ်ရဘဲ အချိန် ( ၂ ) ပတ်ကြာ စားလိုက် ၊ လည်လိုက်နဲ့ နေခဲ့ရပါတယ်။ နောက်ဆုံး မျှော်လင့်ထားတဲ့ တစ်နေ့မှာတော့ ကျွန်တော်တို့ အားလုံးဟာ မိခင်တပ်ရင်း အသီးသီးကို တာဝန်ထမ်းဆောင်ရန် အတွက် တိုင်းမှုးထံမှ ခွင့်ပြုချက်ရပြီးသည့် နောက်မှာတော့ အစီအစဉ်လိုက် အလှည့်ကြ လွှတ်မည့် ရက်ကို စောင့်နေခဲ့ပါတယ်။ အားလုံးပေါင်း ၂၂ တပ်ကျော် ရှိသည့်အထဲမှာ ကျွန်တော်တို့က တိုင်းတပ် ဖြစ်တာကြောင့် နောက်ဆုံး အသုတ်မှ တပ်ကိုသွားရပါတယ်။ ဒီတစ်ခါတော့ လမ်းခွဲပေါ့။ ကိုယ်ခင်မင်တဲ့ သူငယ်ချင်းတွေကို နုတ်ဆက်ပြီး ကားဂိတ်ကို သေတ္တာတွေ ယူပြီး ဆင်းလာခဲ့ပါတယ်။ ဟိုရောက်တော့ မူဆယ်ကို တက်မဲ့ကားဂိတ်မှာ ဗန်ကားနဲ့ သွားလျှင် မူဆယ်ထိ ( ၁၀၀၀၀) ၊ လိုင်းကားနှင့်သွားလျှင် ( ၄၀၀၀ ) ပါတဲ့။ ကျွန်တော်တို့က ကွတ်ခိုင် အထိပါပဲလို့ပြောတော့ ( ၂၀၀၀ ) နဲ့ ရပါတယ်။ ဒါတောင် သေတ္တာဖိုးက ( ၅၀၀ ) ပေးခဲရတယ်ဗျ။ အိတ်ထဲက လက်ကျန် ပိုက်ဆံလေးဟာလည်း တဖြည်းဖြည်း နည်းလို့ နည်းလို့ပေါ့ဗျာ။

မနက် ( ၁၁း ၃၀ ) လောက် ကားစစီးလာခဲ့တာ ခရီးလမ်းကတော့ လားရှိုး-သိန္ဒီ-ကွတ်ခိုင်-နမ့်ဖက်ကာ-မုန်းယု- မူဆယ် ကားလမ်းခရီးပါ။ လားရှိုးကနေ ခရီးလမ်း အကွာအဝေး စုစုပေါင်းဟာ.......


ဆက်ရန်



ဒီဂုဏ်ပြုလွှာလေး မှတ်တမ်းကတော့ လှိုင်သာယာ မီးဘေးသင့်ခံရသော အိမ်ထောင်စုသည် များအတွက် ကျွန်တော်တို့ အဝေးရောက် မြန်မာကျောင်းသားများမှ အလှူငွေ မှတ်တမ်းလေး ဖြစ်ပါသည်။ ပါဝင်လှူဒန်းသည့် ကျောင်းများမှာ MPEI , BMSTU , MUCTR , MAI ကျောင်းများ ဖြစ်ပြီး လှူဒန်းငွေ ပမာဏမှာ ကျပ်ငွေ ၇၇၀၀၀၀ ဖြစ်ပါသည်။


မောင့်နှလုံးသားရဲ့ဇာတာကို ကြိုသိနေခဲ့လို့
နောင်တတွေကို ပိုင်ဆိုင်သင့်တယ်တဲ့လား .....

မပြောပါနဲ့တော့လား ကံကြမ္မာရယ်
ထုဆစ်လို့မရတဲ့အနာဂါတ်ကို ငေးကြည့်ရင်း
ကျွန်မအတွေးတွေ ရပ်တန့်ခဲ့ရတာ များပါပြီ။

ဒီတစ်ကြိမ်တော့ ကျွန်မကို
ခေါင်းမာခွင့်ပေးပါ .......မောင်

မာယာဆိုတဲ့ ခေါင်းစဉ်အောက်မှာ
နံမည်ပျက်ပေါက်ရင်ပေါက်ပါစေတော့
နှလုံးသားက ဘယ်သူ့ကို ကိုးကွယ်တယ်ဆိုတာ
ဟောဒီ မျက်ရည်တွေ သိပါတယ်။

ကျွန်မကတော့
မောင်ရှိတဲ့အရပ်ကနေ
အံတစ်ချက်ကြိတ်ရင်း ပြန်ခဲ့ပါပြီ။

ကျွန်မရဲ့ မျှော်လင့်ချက်တွေနဲ့
မောင့်ရဲ့အိမ်မက်တွေကို ၀န်မလေးစေချင်ဘူး ......
ကျွန်မအပေါ်တိုင်တည်ထားတဲ့သစ္စာတွေအတွက်
မောင့်ရဲ့အနာဂါတ်ကို မရူးနှမ်းစေချင်ဘူး ........

ကျွန်မကိုသယ်ဆောင်ချင်တဲ့မောင့်ရည်မှန်းချက်မှာ
အားကောင်းမောင်းသန်အချစ်တွေမြင်ပေမဲ့
ဆူးတစ်ချက်မ၀င်စေ့ချင်ဘူး

ကျွန်မနှလုံးသား ဖောက်ပြန်ခြင်းကင်းတယ်ဆိုတာတော့
ဘုရားသခင်တိုင်းက ခေါင်းညိမ့်မှာပါ .. မောင်။

မောင်မရှိတော့ပေမဲ့
မောင်ရှိခဲ့ဖူးတဲ့ရင်ခွင်ကို......နွေးနွေးလေးထားပါ့မယ်

မောင်ရှိတဲ့အတိတ်ကို
မျက်စိလေးမှိတ်ပြီး...တိတ်တိတ်လေးလာခဲ့မယ်

မောင်နေတဲ့ရင်ခွင်ခန်းကို
ဘယ်တော့မှ မနွမ်းအောင်.....အသက်နဲ့ကျမ်းကျိန်ပြီး လွမ်းပါ့မယ်

သမုဒ္ဒရာ အနား ဘယ်လိုပဲသတ်သတ်
ကျွန်မနဲ့မောင်ရဲ့ အအဆုံးသတ်ကိုတော့
လွမ်းမျက်ရည်တွေနဲ့ ဘောင်ခတ်ပါရစေ
ဘယ်တော့မှ ဖောက်မထွက်ဘူး ....... မောင်

ကျွန်မရဲ့ နှလုံးသွေးတွေ
အဲဒီ စာမျက်နှာမှာ အမြဲလည်ပတ်ပါ့မယ်
မောင်တစ်ယောက် ကျေနပ်ပါစေ။

ဒီကဗျာလေးက မမေဦးခင် ဘလော့ဂ်ကနေ ဖော်ပြပေးတာပါ။ ခံစားမှု မတိုက်ဆိုင်ပေမယ့် ကဗျာချစ်သူ ပီပီ ကဗျာကောင်းတွေ တွေ့ရင် မနေနိင်တာကြောင့် လာလည်တဲ့ စာဖတ်သူတွေကို ပြန်လည်ဝေမျှလိုက်ပါတယ် ဗျာ။ စာရေးသူကတော့ ကိုမိုးဆွေ ပါ။




Friday, March 28, 2008



သုံးယောက်သား ရထားလက်မှတ် သွားဝယ်ဖို့ ချီတက်ကြပါတယ်။ အဲဒီအချိန်မှာ ဘယ်သူတွေနဲ့ သွားတိုးသလဲ ဆိုတော့ ခွင့်ပြန်လာတဲ့ ဗိုလ်လောင်းတွေနဲ့ သွားတွေ့ပါတယ်။ သူတို့ကလည်း ရန်ကုန်ပြန်ကြမှာ ဆိုတော့ လက်မှက်ကို အဖေနဲ့ အမေ့အတွက်ပဲ ၀ယ်ပြီး ၊ ကျွန်တော်ကတော့ ကိုယ့်ကျောင်းတူခြင်း ညီအစ်ကိုတွေ ပျော်ပျော်ပါးပါး စီးဖို့ သူတို့အတွဲမှာပဲ သွားနေလိုက်ပါတယ်။ လက်မှက်ဖိုး မကုန်တော့ ဘူးပေါ့ဗျာ။ ဒီလိုနဲ့ မန္တလေး-ရန်ကုန် မီးရထားလမ်း ကို ညနေ ၆ နာရီမှာ စထွက်ခဲ့ပါတယ်။

ပြောရမယ် ဆိုရင် ဒီခရီးဟာ ကျွန်တော်တို့ ဗိုလ်လောင်းတုန်းကလဲ အရမ်းပျော်တာဗျ။ ရထားထွက်တော့မယ် လို့ အသံကြားလိုက်တာနဲ့ ရထားနံရံတွေကို ထုပြီး အော်ဟစ်တော့တာပဲ။ ၀ူး...ဟေး...၀ိုး အသံမျိုးစုံထွက် ၊ ရေသန့်ဘူးတွေ ထုတဲ့သူက ထုနဲ့ ကမ္ဘာပျက်နေသလား မှတ်ရတယ်။ လိုက်ပို့တဲ့ အရာရှိတွေကလည်း ဘာမှ မပြောပါဘူး။ ဘာလို့လဲဆိုတော့ ဒီအချိန်ဟာ ကျွန်တော်တို့ အတွက် သိပ်ပျော်နေတဲ့အချိန် ဆိုတာ သူတို့လည်း သိတယ် ၊ ပြီးတော့ သူတို့လည်း ဒီအရသာကို ခံစားဖူးတာကို။ ကျွန်တော်တောင်မှ ကိုယ်က အရာရှိဖြစ်နေတာက တစ်ကြောင်း ၊ အခုအတူ ပြန်နေတာကလည်း ကိုယ့်ထက်အငယ်တွေ ဆိုတော့ နည်းနည်းတော့ ဟန်လုပ်နေရတာပေါ့။ ဒါပေမယ့် ကျွန်တော်လည်း သူတို့ကို ကြည့်ရင်း ပျော်နေတာပေါ့။

ကျွန်တော် ဗိုလ်လောင်းတုန်းက ခွင့်ပြန်ရင်လည်း ရထားနဲ့ပဲ ပြန်ပါတယ်။ သူငယ်ချင်းတွေက သူတို့နဲ့ အတူကားနဲ့ ပြန်ဖို့ခေါ်တာပေါ့ဗျာ။ ဒါပေမယ့် ဘယ်လိုပြောမလဲ ကျွန်တော်က လွတ်လွတ်လပ်လပ် သမား ၊ ပြီးတော့ သူငယ်ချင်းတွေ တပျော်ကြီးနဲ့ ပြန်ရမှာ ဖြစ်တဲ့အပြင် ၊ နောက်တစ်ချက်က အရိုးသားဆုံး ၀န်ခံရရင် ရထားပေါ်မှာ ရောင်းတဲ့ မုန့်တွေဝယ်ဝယ်စားရတာကို အင်မတန် ခုံမင်တာကြောင့်ပါ။ ပြီးတော့ ရထားက ကားနဲ့ သွားရတာထက် စာရင် ပိုပျော်ဖို့ကောင်းတယ်ဗျ။ လမ်းဘေးတစ်လျှောက် လယ်ကွင်းတွေ ၊ အိမ်တွေ ၊ ဘုရားတွေ ကိုငေးရင်း လေတဖြူးဖြူးလေးနဲ့ အရမ်း ကြည်နူးဖို့ကောင်းတယ်။ စားပြီးတဲ့ ဟာတွေကိုလည်း ရထား ဘောင်ပေါ်ကနေ အလွယ်တကူ လွှင့်ပစ်နိင်တယ် ( နိင်ငံကြီးသား ပီသတာ ) ၊ မျက်နှာ အလွယ်တကူ သစ်နိင်တယ် ၊ ပြီးတော့ ရထားလမ်းဆိုတာက ရွာတွေ ၊ လယ်ကွင်းတွေထဲက ဖောက်ထားတာ ဆိုတော့ မျက်စိအေး ၊ နားအေးတယ်။ ကားလမ်းကြတော့ မြို့ထဲမှာ ဖောက်ထားတာ မဟုတ်လား။ ဒီတော့ နားညီးတယ် ။ မလွတ်လပ်ဘူး။ အဆိုးဆုံးက အပေါ့အပါးသွားတာ မရှိတာ။ ရထားမှာ ကြတော့ ၀မ်းလွယ် တက်သူတွေ အတွက် အရမ်းကို အဆင်ပြေပါတယ်။ အိမ်သာပါတာကိုး။ ပြီးတော့ ဘူတာတွေ ၀င်တိုင်းလည်း ရွာတွေက လာရောင်းကျတဲ့ အသီးအနှံတွေ ၊ အိမ်ပြန်လက်ဆောင်တွေ ၊ အစားအသောက်တွေ စိတ်ကြိုက် ၀ယ်ယူနိင်တယ်ဗျာ။ ကဲ...ဟန် မကြဘူးလား။ ကျွန်တော်ကိုယ်တိုင်က ကိန်းကြီးခန်းကြီး မနိင်တော့ ကားနဲ့သွားရတာကို အလွန် စိတ်ပျက်ပါတယ်။ ကျန်တဲ့ ဒေသတွေမှာ ဆိုရင်တော့ ကားနဲ့ သွားချင်ပေမယ့် ရန်ကုန်-မန္တလေး ကိုတော့ ဘာအကြောင်းနဲ့ပဲ ဖြစ်ဖြစ် မီးရထားစီးသွားရတာကို နှစ်ကြိုက်မိပါတယ်။



ဒီလို မြင်ကွင်းလေးတွေ မြင်တွေ နိင်တာပေါ့ဗျာ။ ဒါကတော့ ရထားနဲ့ သွားခြင်းရဲ့ အကျိုးကျေးဇူး လေးတွေပေါ့။ စာဖတ်သူတို့မှာလည်း ရထားနဲ့ ခရီးသွားဖူးတဲ့ သူတွေ ရှိတော့ ဒီအရသာကို ခံစားဖူးကြမယ်ဆိုတာ ယုံကြည်ပါတယ်။ တစ်ခုရှိတာကတော့ မန္တလေး ပဲ ဖြစ်ဖြစ် ရန်ကုန်ပဲ ဖြစ်ဖြစ် ( မန္တလေး ဘက်က ပိုများပါတယ် ) ဘူတာကို ၀င်လာပြီဆို ကလေးတွေဗျာ ရေသန့်ဗူးးလေး ပေးခဲ့ပါ...ရေသန့်ဗူးလေး ပေးခဲ့ပါဆိုပြီး လက်လေးပြလို့ တောင်းနေကြတာ။ တစ်ချို့ကလေးတွေက ကျောင်းစိမ်း ၀တ်စုံနဲ့ တစ်ချို့က အကျီမပါဘူး။ တစ်ချို့ကျတော့ နည်းနည်း အသက်ကြီးကြီး ဘယ်လိုပြောမလဲ ( ၉ ) နှစ်လောက် ရှိမှာပေါ့ ၊ အဲဒီကလေးက နောက် ၃ နှစ်လောက် ရှိတဲ့ကလေးကို ခါးမှာ ချီထားပြီး အပေါ်က ပစ်ချပေးတဲ့ ရေဗူးကို လိုက်ကောက်နေတာ။ တကယ့် စိတ်မချမ်းမြေ့စရာ မြင်ကွင်းပါပဲ။ တစ်ချို့ခရီးသည်တွေက လည်း စေတနာတော့ ပါပါရဲ့။ ပစ်ချပေးလိုက်တာ ဆိုပေမယ့် ဝေးဝေးပစ်တာ မဟုတ်ဘူး။ ရထားနဲ့ နီးနီးလေးကို ဖြစ်ကတက်ဆန်း ပစ်လိုက်တာ။ ဟိုက ကလေးတွေကလည်း သိတာမဟုတ်ဘူး ။ ရေဗူးပဲ မြင်တာဆိုတော့ မတော် ရထား အောက်တွေများ ရောက်သွားရင် မတွေးဝံစရာပါပဲ။ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ဘယ်သူ့ကို အပြစ်တင်ရမှန်း စာဖတ်သူပဲ ဆုံးဖြက်ပါတော့။

ခွင့်ဆိုသည်မှာ.....

ဒီလိုနဲ့ ကျွန်တော်တို့လည်း ရန်ကုန်ရောက် ဟိုအမျိုးအိမ်ဝင် ၊ ဒီအမျိုးအိမ်သွား ။ သူငယ်ချင်းတွေ နဲ့ တက္ကသိုလ်တွေ လိုက်လည် ၊ အမေ့ရွာကို အလည်သွား ။ အမေချက်ကျွေးတဲ့ ထမင်းဟင်းတွေကို တ၀တပြဲစားပြီး နေလာလိုက်တာ အချိန်တန်လာတော့ အိမ်ပြန်ရဖို့ ဖြစ်လာပါတော့တယ်။ ခွင့် ( ၁၀ ) ရက်မှာ အသွားအပြန် ခရီးလမ်း ( ၄ ) ရက်ကို နုတ်လိုက်ရင် ကျွန်တော် စုစုပေါင်း အိမ်မှာ နေခဲ့ရတာ အားလုံးပေါင်းမှ ( ၆ ) ရက်တည်းရယ်ပါ။ စစ်သားဖြစ်လာမှတော့ အချိန်ဆိုတာ ကိုယ်မပိုင်မှန်း သိပေမယ့် ပြန်လည်း မပြန်ချင်ခဲ့ပါဘူး။ ဒီခံစားမှု့ကို နားလည်ပေးနိင်ကြမယ်လို့လည်း ထင်ပါတယ်။ အသက် ( ၁၆ ) နှစ်ကတည်းက အိမ်ကထွက်ခဲ့တာ ( ၃ ) နှစ်လုံးလုံးမှာမှ ကျွန်တော် ခွင့်ရခဲ့တာ ( ၂ လ နဲ့ ၆ ) ရက်ထဲပါ။ ဒါ တပ်မတော်မှာ အကြီးမားဆုံး ခွင့်ခံစားမှု့ပါပဲ။ အဲဒါပြီးတော့ အခု ၂၀၀၈ ခုနှစ် ဒီအချိန်အထိ မိသားစု ၊ သူငယ်ချင်း တွေနဲ့ ကျွန်တော်တွေ့ရတာ ၂၀၀၄ ခုနှစ်ကတည်းကနေ ဆိုရင် အားလုံးပေါင်း ( ၄ ) နှစ်မှာ ခွင့် ( ၁ လ ) နီးပါးလောက်ပဲ ရလိုက်ပါတယ်။ ဒီတစ်လ ဆိုတာကလည်း ( ၁ ) လ လုံးလုံး ခံစားရတာ မဟုတ်ပါဘူး။ ၂ နစ်လောက် နေမှ သင်တန်း သွားခါနီး အိမ်ကို ခွင့် ( ၅ ) ရက် ၊ ( ၈ ) ရက် အဲဒီလောက်လေးပဲ ရတာပါ။ အားလုံးပေါင်းလို့ (၁) လောက်ပဲ ရှိတယ်လို့ ပြောရခြင်း ဖြစ်ပါတယ်။ တာဝန်ထမ်းဆောင်တာခြင်း မတူပေမယ့် ကျွန်တော်နဲ့ အတူ ဒီကိုလာတဲ့ ညီအစ်ကိုများလည်း ဒီလောက်ပဲ ခွင့်ရကြမယ်ဆိုတာ သိပါတယ်။ အခုလို ပြောပြရတာကလည်း သိစေချင်တဲ့ စေတနာ တခုတည်းနဲ့ သာ ဖြစ်ပါတယ်ခင်ဗျာ။

မနက်ဖြန် ပြန်မယ်ဆို ဒီနေ့ည ဘူတာကြီးမှာ လက်မှတ်ဝယ် ၊ အိမ်မှာ အမေက စားစရာတွေ ပြင်ဆင်ပေး ၊ ထည့်စရာရှိတာ ထည့်ပြီး ညကျတော့ အမျိုးတွေကို လိုက်နုတ်ဆက် ၊ အသက်ကြီးတဲ့ သူတွေကိုလည်း ကန့်တော့နဲ့ ပေါ့။ မနက်ဖြန် ညနေလောက် ရောက်လာတော့ အဖေနဲ့အမေ့ကို ကန်တော့ ၊ အစ်မ ညီမ ၊ ညီတွေကို နုတ်ဆက်ရင်း ဘူတာကြီး ကို ဆင်းလာခဲ့ပါတယ်။ ရထားမလာခင် အချိန်ထိတော့ လက်ဖက်ရည်ဆိုင်မှာ ထိုင်းရင်း ဟိုနောက် ၊ ဒီနောက်ပေါ့။ အမေကလည်း ရတနာ ( ၃ )ပါးကို အမြဲရွက်ဆို ဖို့အကြောင်း ၊ ကိုယ့်လက်အောက် ငယ်သားတွေအပေါ်ကို ကြင်၂နာ၂ ဆက်ဆံဖို့ ၊ လူကြီးသူမကို ရိုသေဖို့ စတဲ့ အမေတို့ ၀တ္တာရားရှိသည်ထက် ပိုစွာ မှာနေတာပေါ့။ ကျွန်တော်ကလည်း ဟုတ်ကဲ့ပါ ဆိုတာကို ဘယ်နှစ်ကြိမ် မြှောက်မှန်း မသိ ဖြေခဲ့ပါတယ်။ ဒီလိုနဲ့ ရထားလာတော့ ပစ္စည်းတွေ ကိုယ့်နေရာထားရင်း ဒုတိယ အကြိမ်မြှောက် နုတ်ဆက် ကြတာပေါ့။ ဒီတခါတော့ အမေရော ၊ အစ်မရော ၊ ညီမရော မျက်ရည်တွေက ၀ဲလို့။ ကျွန်တော်လည်း ယောင်္ကျားဆိုပေမယ့် အတူတူပါပဲ။ မနည်း ဟန်လုပ်နေရတယ်။ သူတို့ကို ဖျောင်းဖျဖို့ ကိုယ့်ခံစားချက်ကို နောက်ပို့ထားရတာပေါ့ဗျာ။ ဒါနဲ့ ရထားထွက်ဖို့ အချက်လည်း ပြရော....ကျွန်တော်လည်း ရထားပေါ် လှေကားကနေ တက်ပြီး အနောက်လှည့်ကြည့်တော့ အမေရော ၊ အမရောက ငိုနေပြီ။ ဒါနဲ့ ကျွန်တော်လည်း ကြာကြာ ကြည့်မနေတော့ဘူး သံယောဇဉ် တစ်ခါတည်း ဖြတ်လို့ နေရာသွားထိုင်နေလိုက်တယ်။ ဒါပေမယ့် စိတ်က မရပါဘူး။ ဒါနဲ့ ပြတင်းပေါက်က နေ ထွက်ကြည့်တဲ့အချိန် အဖေကတော့ ယောင်္ကျားကွာ အောင်မြင်ရမယ် ဆိုတဲ့ ပုံစံနဲ့ လက်မထောင်ပြတယ်။ အမေကတော့ ငိုပြီး ပြုံးနေတယ်။ ကျွန်တော်လည်း မျက်ရည်တော့ နည်းနည်းကျသွားတယ်ဗျ။ ရှက်စရာလို့တော့ မထင်ပါဘူး ။ ရထားက ထွက်သွားတော့မှပဲ သက်ပြင်းချနိင်တော့တယ်။ ၀ူး.....ဘယ်တော့မှ အိမ်ကို ပြန်လာရမလဲ မသိသေးအမေ။ အဖေနဲ့အမေ သာ ကျန်းမာရေးကို ဂရုစိုက် ။ အပွင့်လင်းဆုံး ပြောရရင် စစ်သားရယ်လို့ ဖြစ်လာမှတော့ အဖေ၊အမေ သေတာကို ဘယ်တော့မှ မြင်ရလိမ့်မယ် မဟုတ်ဘူးဆိုတာပဲ။ ဒီလိုနဲ့ အပြန်ခရီးမှာတော့ တိတ်ဆိတ်စွာနဲ့ပဲ အလွမ်းသင့်ပြီး ပြန်လာခဲ့ရတယ်။ တိုးတိုးတိတ်တိတ်နဲ့။ ကိုယ့်ဘေး၊ ဘယ်ညာ ကြည့်တော့လည်း အားလုံးကလည်း ငြိမ်သက်နေကြတယ်။ အော်...ကျွန်တော်တို့ မိသားစု ဖြစ်ပုံကို မြင်လိုက်လို့ စိတ်မကောင်း ဖြစ်နေကြတာ နေတာလားပေါ့ ဆိုပြီး သေသေချာချာ ကြည့်လိုက်တော့မှ အမှန်က အိပ်ငိုက်နေကြတာကိုး။

ဒါနဲ့ မန္တလေး ဘူတာကြီးထဲ ရောက် ။ ဟိုရောက်တော့ ရထားပေါ်မှာ ခင်လာတဲ့ အစ်ကိုကြီးက သူနဲ့အသိ လူတွေ ရှိတယ်ပေါ့။ ဘူတာမှာ သေတ္တာသယ်ပေးခိုင်းမယ်ပေါ့။ ကားဂိတ်အထိ ၊ ဒါမှ မဟုတ် ဆိုက်ကား ဂိတ်အထိ တဲ့။ ဒါနဲ့ သေတ္တာဝိုင်းသယ်ပေးတဲ့ သူတွေ ဘာတွေနဲ့ ကျွန်တော် ဆိုးသွမ်းတို့များ ကံကောင်းနေလိုက်တာ။ အမယ်...ဒါတောင် သူက အစ်ကို ဆိုက်ကားဂိတ် အထိ လိုက်ပို့ပေးမယ် ဆိုပဲ။ ဒါနဲ့ ကိုယ်လည်း ဟုတ်ကဲ့...ကျေးဇူးပါပဲပေါ့။ ဒါနဲ့ အတူတူ စီးလာတဲ့ အစ်ကိုကြီးကို နုတ်ဆက်။ သေတ္တာတွေ သယ်ပေးတဲ့ လူတွေနောက် လိုက်ရင်း ဘူတာကြီးက ထွက်လာပါတယ်။ နောက်တော့မှ သိတယ်...ဆိုက်ကားဂိတ်လည်း ရောက်ရော အစ်ကို လက်ဖက်ရည်ဖိုးလေး မစပါတဲ့။ အင်း...ထင်တော့ ထင်သား။ အစကတည်းက မသင်္ကာနေတာ။ ဖြစ်ရမယ်ဆိုပြီး ၂၀၀ တန် တစ်ရွက်ထုတ်ပေး လိုက်တယ်။ နားလည်မှုပေါ့ ။ ဒါတောင် ဒင်းက... သိပ်ကျေနပ်ပုံမပေါ်ဘူး။ ၅၀ တိုးမပေးလို့တဲ့။ ၂၅၀ တောင်းတာလေ။ ကျွန်တော့် အိတ်ထဲမှာလည်း ၂၅၀၀၀၀ လောက်ပဲ ပါတယ်ဗျ။ ဒါတောင် ဘယ်လိုပြောမလဲ တပ်ရောက်တဲ့ အထိပေါ့နော်။ လမ်းမှာ စားရမယ့် သုံးရမဲ့ ကားစရိတ်တွေကလည်း ရှိသေးတယ် မဟုတ်လား။ အတက်နိင်ဆုံး ချွေတာနေရတာ။

သူတို့ဘ၀ကိုလည်း နားလည်ပါတယ်။ ပညာမတက်တော့ ကာယနဲ့ ရင်းရတဲ့ ဘ၀။ တစ်ချို့အန်တီကြီးတွေဆို ဗိုက်ကြီးသည်တွေ ဖြစ်နေတာတောင် သေတ္တာဝင်ထမ်းတယ်ဗျာ။ တစ်ချို့ကလည်း အဘွားကြီးတွေ ပေါ့။ ဘယ် ခိုင်းချင်ပါ့မလဲ။ သူတို့က ပိုတောင် လုပ်ချင်မှာ မဟုတ်ဘူးဆိုတာ သေချာတာပေါ့။ ဒါပေမယ့် ၀မ်းတထွာ အတွက် ရှာဖွေရတယ် မဟုတ်လား။ ပိုက်ဆံဆိုတာ ဘယ်လို ရှာရခက်တယ် ဆိုတာ သာမန် မိသားစုက မွေးဖွားလာတဲ့ ကျွန်တော် ကောင်း၂ သိတာပေါ့။ ဒါနဲ့ သိပ်မတွေးအားပါဘူး...ကိုယ့်ကိစ္စကလည်း ရှိသေးတယ် မဟုတ်လား ။ ဒါနဲ့ လားရှိုးသွားဖို့ ဘယ်ကားကို စီးရမှန်း မသိဘူး။ ဒါနဲ့ ဟိုနား ဒီနား လျှောက်မေးတော့ ဘူတာကြီး အရှေ့ဘက်မှာ န၀ရတ် ကားဂိတ် ရှိတယ် ။ အဲဒီကနေ သွားလို့ရတယ်ပေါ့။ ဒါနဲ့ ကိုယ်လည်း အဲဒီကို ရောက်။ ပြီးတော့ စုံစမ်းကြည့်တော့ ကားက ဗန်ကားနဲ့ဆို ( ၇၅၀၀ ) ကျပ် ၊ ညနေ (၄) နာရီထွက်မယ် ။ မှန်လုံနဲ့ဆို ( ၄၅၀၀ ) ကျပ်။ ဒါပေမယ့် မှန်လုံက ည ( ၉ ) နာရီလောက်မှ ထွက်မှာ။ ပြီးတော့ လမ်းမှာလည်း ကုန်တွေပါတော့ ကြာဦးမယ်ဆိုတော့ ကျွန်တော်လည်း ဗန်ကားကို ပဲ ရွေးရတော့တာပေါ့။ ဒါနဲ့ အိပ်ထဲက နောက်ထပ် ထောင်တန် (၇) ရွတ်နဲ့ ငါးရာတန် ( ၁ ) ရွတ် သူတို့ဆီ အပြီးပြောင်းသွားကြတယ်။

ညနေရောက်တော့ ကျွန်တော့်လိုပဲ ခရီးသည် ဦးလေးကြီး (၃) ယောက် ၊ အန်တီကြီး (၂ ) ယောက် ၊ ကျွန်တော်နဲ့ ကားသမား အပါအ၀င် ပေါင်း ( ၆ ) ယောက် လားရှိုးကို ချီတက်ခဲ့ကြပါတယ်။ ထုံးစံအတိုင်း ဗိုက်ဆာတော့ တွေ့ရာဆိုင်ရပ် ၊ ပြီးတော့ ခရီးဆက်နဲ့ လား၇ှိုးကို မနက် (၄) နာရီလောက် ရောက်ခဲ့ပါတယ်။ မိုးတောင် မလင်းသေးဘူးပေါ့ဗျာ။ နေရာကတော့ ကျွန်တော်တို့ကို ခဏထားတဲ့ ဆေးရုံထဲမှာပေါ့။ ဟိုရောက်တော့ တစ်ချို့သူငယ်ချင်းတွေက ရောက်နှင့်နေကြပါပြီ။ ဒီကောင်တွေ ဒီလောက်စောစော ပြန်ရောက်နေတာ အိမ်နဲ့ သံယောဇဉ် သိပ်မရှိဘူးနဲ့တူတယ်လို့ တွေးရင်း ရယ်မိပါသေးတယ်။ ဒါနဲ့ ပစ္စည်းတွေ ချရင်း ကြိုရောက်နေတဲ့ သူငယ်ချင်းတွေကို နုတ်ဆက်ပေါ့။

အဲဒီနေ့ညနေ ( ၆ ) နာရီမှာပဲ လူစုံလား ပြန်စစ်ပါတယ်။ အာလုံးစုံတော့ လူစစ်တဲ့ ဗိုလ်ကြီးက လောလောဆယ် ဒီမှာပဲ နေရမည် ဖြစ်ကြောင်း ၊ တိုင်းမှုးနှင့်တွေ့ပြီး သည်နှင့် တပ်တွေကို သွားရမည် ဖြစ်ကြောင်း မှာကြားပါတယ်။ မနက်ဖြန်ရောက်တော့ ဒီဆေးရုံထဲ က အဆောင်မှာ ဘယ်ကြာကြာနေနိင်မလဲ။ ဟိုစူးစမ်း ဒီစူးစမ်းဖို့ ထွက်တာပေါ့။ အဲဒီမှာ လားရှိုးမြို့နှင့် ကျွန်တော်တို့ ပထမဆုံး စတင်မိတ်ဆက်ခဲ့ပါတယ်။

ဒီလိုဗျ......

ဆက်ရန် ။


Thursday, March 27, 2008

ကျွန်တော်တို့ ယဉ်တန်းဟာ လားရှိုးမြို့ရဲ့ တပ်ဆေးရုံတစ်ခုဖြစ်တဲ့ ကုတင် ( ၇၀၀ ) ကို ရောက်ရှိ လာပါတယ်။ ဒါနဲ့ ပစ္စည်းတွေချ ၊ လူစစ် ၊ တန်းစီ ပါတယ်။ တပ်မတော်မှာ ဘယ်နေရာကိုပဲ သွားသွား ၊ လူပြန်စစ်ပါတယ်။ အားလုံးပြီးတော့ ဘာဂျာဆောင်လို့ ခေါ်တဲ့ အဆောက်အဦး ( ဟော ) မှာ နေရာချပေးပါတယ်။ ဒါနဲ့ ကျွန်တော်လည်း နေရာကို ဖုန်ခါ ၊ သန့်ရှင်းရေး လုပ်ပြီး ပါလာတဲ့ ဟာလေးတွေ ထုတ်ခင်းတာပေါ့။ တော်သေးတယ် မုံရွာစောင် ခပ်ပါးပါး ၂ ထည်ပါလာလို့။ တစ်ထည်ကို ထုတ်ခင်း ၊ တစ်ထည်ကို ခြုံပေါ့။ ကိုယ့်သေတ္တာကိုယ် ဘေးမှာ ထားပြီး မျက်နှာသစ် ၊ ကိုယ်လက်ဆေးပြီးတာနဲ့ ထမင်းစားဖို့ အသင့်ပြင်ထားတဲ့ နေရာမှာ သွားစားကြပါတယ်။ အဲဒီတုန်းက ကျွန်တော်တို့ကို ( ၆၂၆ ) ထောက်ပံရေး တပ်က လာ ကျွေးပါတယ်။ ဒါနဲ့ စားပြီးတော့ ခရီးပင်ပန်းတာကြောင့် အိပ်ရာစောစော ၀င်ခဲ့ပါတယ်။

မနက်ရောက်တော့ ကျွန်တော်တို့ ဆေးရုံထဲ ရောက်နေတယ်ဆိုတာ နိးတော့မှ သိတယ်။ ဒါတောင် အပြင်ထွက်တဲ့ သူတွေ ပြောမှ သိတာ။ တစ်ချို့သူတွေက အားထည့်တယ်လို့ ပြောရမလိုပါပဲ။ စောစောထပြီး ဟိုလျှောက်ကြည့် ဒီလျှောက်ကြည့်ပေါ့။ ဝေးဝေးတော့ သွားလို့မရပါဘူး။ ဘာလို့လည်း ဆိုတော့ တိုင်းမှုးက ကျွန်တော်တို့ကို တွေ့မယ်လို့ ပြောထားတာကိုး ။ နောက်ပြီး အကြားချင်ဆုံး စကားတခွန်းကိုလည်း ကြိုပြီး ပြောထားသေးတယ် ခင်ဗျာ။ တိုင်းမှုးနဲ့ တွေ့ပြီးတာနဲ့ ခွင့်ပြန်ရမယ် ဆိုတာပါပဲ။ ( ၁၀ ) ရက်ပေးမယ်တဲ့ ။ ဒီ ( ၁၀ ) ရက်တော့ ကျောင်းဆင်းလာတဲ့ အရာရှိငယ်တိုင်း ရကြပါတယ်။ တစ်ချို့တွေကြတော့လည်း နေတာက မြစ်ကြီးနား ၊ တာဝန်ကျတာက တနင်္သာရီ ဆိုတော့ လမ်းမှာတင် ကြာကုန်တာပေါ့ဗျာ။ အဲဒီလို့ ကပ်သီးကပ်သပ် အနေအထားမျိုးတွေလည်း ရှိတာပေါ့။ ဒါနဲ့ တိုင်းမှုးနဲ့ တွေ့မဲ့ နေ့ကို စောင့်ရင်း စောင့်ရင်း မျှော်လင့်ထားတဲ့ ရောက်ပြီး နောက် ( ၂ ) ရက် အကြာမှာတော့ တိုင်းမှုးနဲ့ တွေ့ရပါတယ် ခင်ဗျာ။ အဲဒီတုန်းက အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှုးက ဗိုလ်ချုပ်မြင့်လှိုင်ပါ။ အရပ်က ၅ ပေ ၅ လောက်ပဲရှိပါတယ်။ ပိန်ပိန် နဲ့ သဘောအင်မတန် ကောင်းတဲ့ တိုင်းမှုးတစ်ယောက်ပါ။ သူနဲ့တွေ့မယ်ဆိုတော့ ယူနီးဖောင်းဝတ် ၊ ဖိနပ် ၊ ခါးပတ် ၊ ကော်လံဂျက် ၊ အပွင့် အကုန်တိုက်ချွတ်ပြီး မနက် ( ၉ ) နာရီလောက် တိုင်းရုံးမှာ သွားစောင့်နေရတယ်။ လူစုံတော့ တိုင်းမှုး ရောက်လာပါတယ်။ အဲဒီအခါ သတင်းပို့ ၊ တန်းအပ်ပြီး တိုင်းမှုးက “ အခုလို သူ့အုပ်ချုပ်ရတဲ့ တိုင်းမှာ တာဝန်ကျတဲ့ အတွက် ၀မ်းသာဂုဏ်ယူမိကြောင်း ၊ ကြိုဆိုပါကြောင်း ၊ ပြီးတော့ ကျွန်တော်တို့ တပ်မတော်နဲ့ ပတ်သက်သော အချက်အလက် အနည်းအကျဉ်းကို မေးမြန်းပြီး ပြန်ထွက်သွားပါတယ်။ တိုင်းမှုး တစ်ယောက်ဆိုတော့ အချိန် မအားတာ ကြောင့်လည်း ပါတော့ သိပ်ကြာကြာ စကားမပြောလိုက်နိင်ပါဘူး။

နောက်တော့ G -1 ( စစ်ဆင်ရေးနှင့် ဆိုင်သော) ၊ Q - 1 ( အုပ်ချုပ်မှုနှင့် ဆိုင်သော ) ၊ A - 1 ( ဥပဒေနှင့် ဆိုင်သော ) စတဲ့ ဒုတိယ ဗိုလ်မှုးကြီးများက သူတို့နှင့် သက်ဆိုင်သော အခြေအနေ များကို လိုက်နာ စောင့်ထိန်းဖို့ မှာကြား ပါတယ်။ ဒီလိုနဲ့ အားလုံးပြီးတော့ အကြားချင်ဆုံး စကားလေး တစ်ခွန်းကတော့ ဒါပြီးရင် MO ထုတ်ပေးပြီး မနက်ဖြန် ခွင့် ( ၁၀ ) ရက်ပေးလိုက်ပါဆိုတော့ ရင်ထဲမှာ ၀မ်းသာလုံး ဆို့သွားတာပေါ့။ အိမ်ကို ခဏပြန်ရမယ် ဆိုတာ ကြိုသိနေပေမယ့် စောစောစီးစီး တော့ မမျှော်လင့်ထားပါဘူး။ ဒါနဲ့ လာရှိုးမြို့ကို ရောက်ခဲ့ပေမယ့် လျှောက်မကြည့်နိင် သေးပဲ အိပ်ပြန်ဖို့ ပြင်နေခဲ့ပါတယ်။ အဲဒီမှာ နည်းနည်း စပြီး အခက်တွေ့တာက ကား ။ လားရှိုးကားဂိတ်က ဘယ်နားရှိမှန်း လည်း မသိဘူး။ နောက်ပြီးတော့ MO ထုတ်ပေးတယ် ဆိုပေမယ့် ပြန်သွားရမှာ ရထားလမ်းကြီးပဲဗျ။ ဟဲ..ဟဲ ။ ဒီတခါတော့ ဘယ်ရမလဲ ။ မစီးတော့ဘူး။ သိသွားပြီ။ နောက်ပြီး အိမ်ကို မြန်မြန် ရောက်ချင်တာက တစ်ကြောင်း ၊ ရထားဆို နောက်ကျမှာက တစ်ကြောင်းကြောင့် ဘယ်သူမှ မစီးကြပါဘူး။ ဒါကြောင့် ကားစင်းလုံးဌားဖို့ စီစဉ်ရတာပေါ့။

အိမ်ပြန်လမ်းသို့....

ဘယ်က ဌားရမှန်းမသိဘူး။ နောက်တော့ ကားဂိတ်ဘယ်မှာ ရှိသလဲ မေးရင်းနဲ့ ကျွန်တော်ရယ် နောက်တစ်ယောက်ရယ် ကားသွားဌားတာပေါ့။ မေးစမ်းပြီး သွားရတာ။ ကားဂိတ်ရောက်တော့ ကားက ဟိုင်းလပ်ကားပါ။ သူတို့ကလည်း မန္တလေးကို ဆင်းမှာ အချိန်က မမှီတော့ဘူး။ ဘာလို့လည်း ဆိုတော့ အဲဒီအချိန်တုန်းက ညနေ ( ၄ ) နာရီ ရှိနေပါပြီ။ ဒီတော့ နောက်ချို ဂိတ်က ပိတ်တော့မှာ ဆိုတော့ သွားချင်ရက်နဲ့ သူတို့က မသွားဖြစ်တဲ့ အချိန် ၊ ကျွန်တော်တို့ကလည်း ပြန်ချင်နေတာဆိုတော့ သူတို့ကို ကတိပေးလိုက်ပါတယ်။ ရအောင်ပြောပေးမယ်လို့ ။ တိုင်းမှုးအမိန့်ပါတယ်။ အကြောင်းမဟုတ်ပါဘူးပေါ့။ ဒီလိုနဲ့ သူတို့ကလည်း ကုန်တွေအနည်းငယ်တင်ပြီး ဌားချလာခဲ့တယ်။ ဟိုရောက်တော့ လိုက်ချင်တဲ့ သူက များနေတယ်။ ကားက မဆန့်ဘူး။ အားလုံး ၂၀ လောက်ရှိမယ် ။ ပစ္စည်းတွေနဲ့တင် ရှုပ်နေတာ ဆိုတော့ ။ အရင်ပြောထားတဲ့ လူ ၇ ယောက်ကိုပဲ ခေါ်ပြီး တစ်ယောက်ကို ၃၀၀၀ ကောက်ပါတယ်။ ဈေးနည်းနည်း ချိုတာပေါ့ခင်ဗျာ။ ဒါပေမယ့် လူတွေချည်း သီးသန့်စီးတဲ့ ကားမဟုတ်တာကြောင့်ရယ် ၊ သူတို့ ကုန်တွေပါ ပါတာကြောင့်ရယ် ၊ မနက် သူတို့ကုန် ပစ္စည်း အချိန်မှ ရောက်တာ အားလုံးကြောင့် ယဉ်စီးခ လျှော့ယူတာပါ။

Van ကားနဲ့ဆို အပြန်ဆိုရင် ကျွန်တော်ဒီကိုမလာခင် ၂၀၀၄ တုန်းက ကျပ် - ၇၀၀၀ လောက်တော့ ရှိပါတယ်။ လခက အဲဒီတုန်းက ကျောင်ဆင်းစ အရာရှိ ဒုဗိုလ် ကျပ်- ၁၁၀၀၀ ပဲရတာပါ။ ဒီတော့ ပစ္စည်းတွေတင် လူစုနဲ့ ညနေ ၇ နာရီလောက်မှ စထွက်ဖြစ်ခဲ့ပါတယ်။ မြန်မာအချိန် ( ၇ ) နာရီဆိုတာကလည်း မှောင်နေပြီ မဟုတ်လား။ ဒီတော့ ကားမောင်းသမားကို အရက်မသောက်ဖို့ တောင်းပန်ရင်း ၊ သတိပေးခဲ့ပါတယ်။ အားလုံးပေါင်း ၉ ယောက်ဗျ။ ကားသမား ၊ စပယ်ယာ ၊ ကျွန်တော်တို့ ( ၇ ) ယောက် ပေါ့။ ဒီတော့ လမ်းခရီးသွားရင် ( ၉ ) ယောက်ဆို မသွားကောင်းဘူး ဆိုပြီး မောင်ကျောက်ခဲ မင်းလည်း လိုက်ခဲ့လို့ ပြောပြီး ကျောက်ခဲ တစ်လုံးကို ကောက်တင်ခဲ့ပါတယ်။ စားစရာ အတွက်ကတော့ မပူရပါဘူး။ ဘာလို့လည်း ဆိုတော့ ကျွန်တော်တို့ တတွေချည်းပဲ ဆိုတော့ ဗိုက်ဆာတာနဲ့ အနီးဆုံး ဆိုင်မှာ ၀င်ရပ်ပြီး စားလို့ ဖြစ်နိင်တာကြောင့် ဘာမှ မ၀ယ်ဘဲ ပြန်ခဲ့ပါတယ်။

ကားလမ်းခရီးက ညဘက်ဆိုတော့ သိပ်လည်း ဘာမှ မမြင်ရပါဘူး ခင်ဗျာ။ ဒါပေမယ့် တောင်တက်လမ်း အကွေ့အကောက်တွေ များတယ်ဆိုတာကတော့ သေချာတယ်ပါတယ် ။ ကျွန်တော်တို့က အိပ်လိုက်တာကိုး။ ကားနောက်ပိတ်ကို တွဲလောင်းချပြီး အဲဒီပေါ် တစ်ယောက်နဲ့ တစ်ယောက် ထပ်အိပ်ပြီးလိုက်တာ ။ နည်းနည်း ကြောက်တဲ့ ကောင်တွေကို အထဲမှာထည့် ၊ ကျွန်တော်တို့က အပြင်က ပေါ့။ ကျွန်တော်က မကြောက်တက်လို့ မဟုတ်ပါဘူး။ အထဲမှာ ကားစီးရင် အိုက်လို့ပါ။ ဒါကြောင့် အပြင်ထွက်စီးတာပေါ့။ အပေါ်က မိုးကောင်ကင်ကြီးကို ကြည့် ၊ သီချင်းတွေ အော်ဆိုကြရင်း ကာလမ်း ညခရီးကို ဖြက်သန်းခဲ့ကြပါတယ်။ အိပ်လိုက်တာ ဆိုတော့...တောင်ပတ်လမ်းတွေမှာ ကြယ်တစ်လုံးကို ကြည့်လိုက် ၊ အဲဒီကြယ်ကို ကြည့်နေရင်း တော်ကြာ ညာဘက် ရောက်လိုက် ၊ ဘယ်ဘက်ရောက်လိုက် ၊ အတည့်ဖြစ်လိုက် နဲ့ ကြယ်ကတော့ တစ်နေရာတည်းပေါ့ ကိုယ်ကသာ တောင်တက် ဆိုတော့ ပတ်နေတာလေ။ ပျော်စရာတော့ တော်တော်ကောင်းတယ်ဗျာ။ ညဆိုတော့ နေမရှိတော့ မပူဘူး။ အေးကလည်း အေးနေတာကြောင့် ခရီးသွားရတာ သင့်တော်ပါတယ်။

လားရှိုးကားလမ်း တစိတ်တပိုင်း




ဒီပုံလေးကတော့ နောင်ချိုဂိတ်ပေါ့။ တံတားက ပေးမဖြတ်ဘူးဗျ။ ၆ နာရီကျော်ရင်လား ၉ နာရီကျော်ရင်လား ဆိုတောတော့ သေသေချာချာ မမှတ်မိတော့ပါဘူး။ ဒါနဲ့ အဲဒီနားကို ဖြက်တော့ တံတားမှာ တာဝန်ရှိသူတွေကို အကျိုးအကြောင်း ပြောပြပြီး ဖြက်သန်းခွင့် တောင်းကာ ဖြက်ခဲ့ကြပါတယ်။ တပ်မတော်သားတွေ ဆိုတော့ အကြောင်း မရှိပေမယ့် နောင်ချို အထွက်မှာတော့ မူးယစ်က စစ်ဆေးရေးနဲ့ တွေ့တဲ့အခါမှာတော့......

“ ကျွီ....အား ၊ သေပါပြီဗျ ၊ ဟ...ဘာဖြစ်တာတုန်း ” ဆိုတဲ့ အသံပေါင်းစုံနဲ့ အတူ ကျွန်တော်လည်း တော်တော် ဒေါသထွက်စွာနဲ့ ကားသမားကို အော်ပြောတာပေါ့။ အားလုံးက အိပ်နေကြတာ ဆိုတော့ အမှတ်မထင် ဘရိတ်အုပ်လိုက်တော့ တိုင်နဲ့ ဆောင့်တဲ့လူ ဆောင့် ၊ လူချင်း ခေါင်းချင်းတိုက်တဲ့သူ တိုက်နဲ့ ၊ တော်တော် ပျာယာခက်သွားကြတယ်။ နောက်တော့ ဘေးနားမှာ ဓာတ်မီးရောင်တွေ လက်ခနဲ့နဲ့ ဟိုထိုး ၊ ဒီထိုး လိုက်ထိုးတော့မှ အကြောင်းစုံသိတာ။ အဲဒီမှာ ပြဿာနာက........ သူတို့က ဟိုလှန် ဒီလှန် လုပ်တော့ အိပ်နေတဲ့ လူတွေလည်း အကုန်နိးကုန်ရော။ ပြီးတော့ တာဝန်အရ စစ်နေတယ် ဆိုပေမယ့် စကားပြောတော့ နည်းနည်း ချိုသင့်တာပေါ့နော်။ ပြီးတော့ ကျွန်တော်တို့ကလည်း စစ်သားတွေဆိုတော့ နည်းနည်း နားလည်ပေးသင့်ပါတယ်။ ဒါနဲ့ ခွင့်ပြန်လာတာ ၊ အချိန်မမှီမှာဆိုးလို့ ညဘက်ကြီး ဆင်းလာတာပါပေါ့။ ပြောပြလိုက်တော့ နားလည်သွားပြီး ဆက်မောင်းခွင့် ရခဲ့ပါတယ်။

တဖြည်းဖြည်းနဲ့ မောင်းလာလိုက်တာ မနက် ၅ နာရီလောက် ကျတော့ ပြင်ဦးလွင်ကို ပြန်ဝင်လာပါတယ်။ ကျွန်တော်လည်း ရောက်တာနဲ့ အဖေ နဲ့ အမေ တည်းနေတဲ့ နေရာကို ကားကို မောင်းခိုင်း ။ ဟိုရောက်တော့ ၂ ယောက်လုံးကလည်း ၀မ်းသာနေကြတယ်။ ကားသမားတွေကို နုတ်ဆက် ၊ သူငယ်ချင်းတွေ ကို နုတ်ဆက်နဲ့။ ပြီးတော့ ၂၄ မိုင်ဂိတ်ကိုလည်း သေသေချာချာ ပြောပြဖို့ မှာလိုက်ပါသေးတယ်။ ကဲ..သွားပေဦးတော့ သူငယ်ချင်း တို့ရေ။ နောက် ၁၀ ရက်ကျော်ရင် ပြန်တွေ့မယ်ကွ လို့ ပြောရင်း ကားကလဲ ပြန်လည် မောင်းထွက်သွားခဲ့ပါတယ်။ အော်...ဒီလိုပဲ ဘ၀မှာ ခဏတာ ခွဲလိုက် ၊ ခဏတာ ပြန်တွေ့လိုက်နဲ့ ။ အတည်တကျ အခြေအမြစ် မရှိခဲ့ပါဘူး။ အထူးသဖြင့် ကျွန်တော်တို့ စစ်သားဘ၀တွေကို သွားချင်တိုင်း သွား ၊ လာချင်တိုင်း လာလို့မှ မရတာကိုး။။

ဒီလိုနဲ့ အဖေနဲ့ အမေ့ကို ပြန်တွေ့တော့ အကြောင်းစုံရှင်းပြရင်း ချက်ချင်း မန္တလေးကို ဆင်းဖို့ ပြင်ခဲ့ပါတယ်။ အိမ်ပြန်လက်ဆောင်ကတော့ ဘူတာကြီး ရောက်မှ ၀ယ်မယ်ပေါ့။ ဒီလိုနဲ့ သားအမိသားအဖ ( ၃ ) ယောက် မန္တလေးကို ဆင်းခဲ့ပါတယ်။ ကားက မန္တလေး ( ၃၅ ) လမ်းမှာ ရပ်ပေးတော့ အဲဒီမှာ ပစ္စည်းတွေ ချပြီး ဘူတာကြီးကို သွားဖို့ ( ၃ ) ဘီးကား ဌားပါတယ်။ ဟဲဟဲ...။ နီးနီးလေး ဆိုတော့ သေတ္တာကလည်း မသယ်ချင်တာနဲ့ ဌားလိုက်တာ။ ပစ္စည်းတွေလည်း အားလုံး စစ်လိုက်ရော ဘာပြောကောင်းမလဲ ဖိနပ်ထုပ်ကြီး ကားပေါ်ပါသွားတာ ။ ရှိသမျှ ဖိနပ် အကုန်ပါသွားတာ။ လောလောဆယ် စီးထားတဲ့ ခြေညှပ်ကတ္တီပါ ပဲ ကျန်ခဲ့တယ်။ ဒါတောင် မစီးဘဲ ထည့်ထားရင် ပါသွားမှာ။ ကွန်ဘတ်ဖိနပ် ၊ ဘောကန်ဖိနပ် ၊ ရှုးဖိနပ် ၊ ကင်းဘတ် ၊ အကုန်ပါသွားတာ။ ပြောင်ပါလေရော။ ဒါနဲ့ ၀တ်စုံကြီးနဲ့ ပြန်ရင် ရှုးဖိနပ်မရှိလို့ နှီးရာ ဆိုင်မှာ ၀င်ဝယ်တာ ၈၀၀၀ ပေးလိုက်ရတယ်။ ဆိုးပ...ဘ၀ကလည်း။ အဲဒီလို သေသပ်တာပေါ့ ။

ဒီလိုနဲ့ ဘူတာကြီးကို ရောက်လာတဲ့ အခါမှာတော့ဗျာ......

ဆက်ရန် ။