Wednesday, December 10, 2008


မနေ့က အိပ်ရာဝင်တာ နောက်ကျတာကြောင့် ကိုလေးဖြူ သီချင်းခွေလေး အကြောင်းတင်ဖို့ နောက်ကျသွားတယ်ဗျာ။ ဘယ်သူတွေ တင်လိုက်လဲတော့ မသိဘူး။ ကဲ..... IC ချစ်သူတွေဖြစ်တဲ့ ၊ ကိုလေးဖြူကို အားပေးသူတွေ အတွက် “ ဘင်္ဂလားပင်လယ်အော် သီချင်းခွေ ” ဝေမျှလိုက်ပါတယ်။




သီချင်းခွေဒေါင်းလုပ်ချရန်


Ifile


Mediafire



သီချင်းစာအုပ်ဒေါင်းလုပ်ချရန်


Ifile



Mediafire



ကိုလေးဖြူသိရင်တော့ ရင်ကျိုးမှာပဲ။း( မြန်မာပြည်မှာ တစ်ခွေကို ၂၀၀၀ ကျပ်နဲ့ပဲ ရောင်းပါတယ်တဲ့။ နိင်ငံခြားမှာ နေတဲ့သူတွေက ၀ယ်ရတာ အခက်အခဲ ရှိမှာဆိုးလို့ တင်ပေးလိုက်တာပါ။ သွားတော့ မတိုင်ကြနဲ့နော်။း) ဖိုင်ဆိုက်ဒ်က ကြီးတော့ အကုန်ချရတာ အခက်အခဲရှိမှာဆိုးလို့ တပုဒ်ချင်းဆီ ပြန်တင်ပေးလိုက်ပါတယ်။


တစ်ယောက်တည်းနဲ့ /// Zshare


ငါ့ရဲ့လမင်း /// Zshare


ဝိရောဓိ /// Zshare



အလဲအကွဲ /// Zshare



ကစဥ့်ကလျားသီအိုရီ /// Zshare



ပြန်ခဲ့ပါ
/// Zshare



သံယောဇဉ်
/// Zshare



မိုးတိမ်ထဲဝဲ /// Zshare



မလုပ်နဲ့ /// Zshare



အရင်လိုပါပဲ /// Zshare



အလွမ်း
/// Zshare



ဒါလီနေ့
/// Zshare



စာမျက်နှာတစ်ဆယ့်ငါး /// Zshare


http://ifile.it/ ဆိုက်ဒ်က မြန်မာနိင်ငံမှာလည်း အလွယ်တကူ Download ချနိင်သလို
Upload တင်ရာတွင်လည်း လျှင်မြန်လွယ်ကူပါတယ်။ သူ့မှာ လောလောဆယ် ဘာကန့်သတ်ချက်မှ
မရှိသေးတာကြောင့် ဒါလေးကို သုံးရင် အဆင်ပြေနိင်ပါတယ်လို့ ဖော်ပြအပ်ပါသည်။ အဆင်မပြေဘူး
ဆိုလို့ Zshare နဲ့ပါ ထပ်တင်ပေးလိုက်တာပါ။း)






Tuesday, December 9, 2008

တစ်နေ့သ၌......




“ ကိုယ်တို့နေတဲ့ လောကကြီးဟာ
ဘာနဲ့တူသလဲ ” တဲ့
အကဲစမ်းသလို မင်းကလေး
မေးမှ မေးရက်တယ်ကွယ်................။

ခပ်လွယ်လွယ် ပြောကြစတမ်းဆိုရင်
တို့မြင်နေကြ လမ်းဘေးမှာ
မသေဆေးရောင်းနေတဲ့
အလမ္ပာယ်ဆရာရဲ့ ပခြုပ်နဲ့ တူသပေါ့.....

အထဲမှာကတော့ မြွေမျိုးစုံ
ဘယ်ပုံစံနဲ့ပဲ ကိုက်ကိုက်
ကတိုက်ကရိုက် သေကြရတာချည်းပဲ

ကြည့် -
မင်းသိဖို့ ပြောပြမယ်။
တကယ်တော့ ငါတို့
မင်းတို့တစ်တွေရဲ့ ရင်ထဲက အဆိပ်ဟာ
မြွေဆိပ်ထက်ပြင်းတယ်ဆိုရင်
မင်းယုံချင်ပ့ါမလား......

တကယ်တော့
လူသားတစ်ဦးရဲ့ ကိုယ်ထဲမှာ
အဆိတ်မျိုးအိတ် ဆိုတာရှိလေရဲ့..........။

တစ်မျိုးက
လောဘဆိုတဲ့
တစ်မျိုးက
ဒေါသဆိုတဲ့
တစ်မျိုးက
မောဟဆိုတဲ့
ဒီအကောင်တွေဟာ
မင်းတို့ ငါတို့မချစ်သော်လည်း အောင့်ကာနမ်းနေရတဲ့
မြွေဆိုးတွေပေါ့........

ပြီးတော့
တစ်ယောက် တစ်မျိုးစီ
ချစ်ပြ
တစ်ယောက် တစ်မျိုးစီ
ပြုံးပြ
တစ်ယောက် တစ်မျိုးစီ
မုန်းကြ

လုံးဝယုံကြည်တယ်ဆိုတာ ဘယ်အရပ်မှာတဲ့လဲ.....
ဒီနေရာမှာ မြွေနဲ့ကင်းတဲ့ အလမ္ပာယ်ဆရာ ဖြစ်ချင်ရင်
ကမ္ဘာစစ်ကိုတော့ မုန်းကြရလိမ့်မယ် ။ ။


ဝင်းမောင် ( အပြုံးရောင်သီချင်း - ကဗျာများ )


Monday, December 8, 2008


“ ဟာကွာ....တောက် ၊ ကန်လေ......ကန် ၊ ကန်လိုက်တော့ ၊ အာ.....အသုံးမကျတာကွာ ၊
အစောကြီးကတည်းက ကန်ထည့်လိုက်ရမှာ ၊ ဒိုင်ကလည်း ပုံမလာပါဘူးကွာ ၊ ဟာ...ဂိုးတော့မယ်ဟ ၊ အဲ....ဂိုး...ဂိုး......ဂိုးးးးးးးးးးးးးးးးးးးးးးးးးးး ၊ အရူးလားကွ ၊ အချဉ်များ မှတ်နေလား မြန်မာကွ ၊
ဘာမှတ်နေလဲ ”


မြန်မာဘက်က ဂိုးရရှိပေမယ့် ဒါဟာ အနိင်ဂိုး မဟုတ် ၊ ခြေပဂိုးလည်း မဟုတ်ပါဘူး။ ပွဲစကတည်းက ၁ လုံးသွင်းခံရပြီး ၊ နောက် သိပ်မကြာခင်မှာ ထပ်ပေးခဲ့ရတဲ့ နောက် ၁ ဂိုးပြီးလို့ စင်္ကာပူက ၂း ၀ နဲ့ နိင်နေတဲ့ အချိန်ကြမှ မြန်မာက ဂိုးပြန်သွင်းခဲ့တာပါ။ ဒါနဲ့ ဒုတိယပိုင်း ပြန်ဆော့ကစားကြတာပေါ့။ ဒုတိယပိုင်းအစမှာ မြန်မာက အကွက်မိမိ ကစားကွက် အသာစီးရအောင် ဆော့နိင်ခဲ့ပေမယ့် လူမျိုးပေါင်းစုံ ရောထွေးထားတဲ့ စကာင်္ပူအသင်းက အရပ်အမောင်း ကောင်းတာကြောင့် မြန်မာဘောလုံးသမားတွေ မတိုးဖောက်နိင်ခဲ့ပါဘူး။




သိပ်မကြာခင်မှာပဲ မြန်မာဘက်က ကစားသမားတစ်ယောက်ကြောင့် စင်္ကာပူက ပြစ်ဒဏ်ဘောရတဲ့ အချိန်မှာ ကျွန်တော်တို့ မြန်မာကစားသမားများက ဒိုင်လူကြီးကို အ၀ါကဒ်မပြရန် သွားရောက်ပြောကြားနေတုန်း စင်္ကာပူက ဒိုင်ဝီစီမမှုတ်သေးခင် ရုတ်တရတ်ကန်သွားကာ တတိယဂိုးထပ်မံရယူသွားပါတယ်။ ဒီလိုမျိုးဖြစ်စဉ်က ဖီဖာက ခွင့်ပြုထားသလို ဒိုင်လူကြီးကလည်း ဂိုးပေးခဲ့ပါတယ်။ ဘောလုံးဥပဒေအရ စင်္ကာပူဘက်က အပြစ်မရှိပေမယ့် လူမှုရေးအရ သွားရောက်ကြည့်ရှု့တာကို နားလည်မှုမပေးခဲ့တာကြောင့် ကျွန်တော်တို့ရဲ့ ဂိုးသမား အောင်အောင်ဦးကလည်း ဂိုးဖမ်းတဲ့ ( ၁၈ ) ကိုက်အတွင်းကနေ ဒိုင်လူကြီး ရှိရာကို တဟုန်ထိုး ပြေးသွားပြီး မျက်နှာကို တွန်းထိုးရိုက်ချလိုက်တော့ အနီကဒ်ပေါ့။ နောက်ဆုံး ၃း ၁ နဲ့ရှုံးပြီး အုပ်စုအဆင့်က ထွက်ခဲ့ရတယ်။

မြန်မာဘောလုံးသမားတွေ အဆင့်အတန်းမရှိဘူး ၊ ပရိုမပီသဘူးလို့ ပွဲအစီအစဉ်ကြေငြာသူကတော့ တချိန်လုံး ထိုင်ပြောနေပါတယ်။ တကယ်တော့ နဂိုကတည်းက ရှုံးနေတာကို ဘက်လိုက်တော့ ဘယ်ကစားသမားကမှ သည်းခံမှာ မဟုတ်ပါဘူး။ ပွဲကို မိနစ် ၁၅ မိနစ်ကျော် ရပ်နားခဲ့ရပေမယ့် အချိန်ပိုပေးတော့ ၅ မိနစ်ပဲ ပေးခဲ့ပါတယ်။ အာရှဘောလုံးလောကဟာ မတရားမှု ၊ အိမ်နီးချင်း နိင်ငံများကန်ပေမယ့် ၊ အိမ်ရှင်နိင်ငံ၊ ပိုက်ဆံရှိ နိင်ငံတွေ အပေါ် ဘက်လိုက်မှုတွေ ရှိနေသေးသ၍တော့ တိုးတက်ဖို့ မလွယ်ပါဘူး။ ရုပ်ပျက်ဆင်းပျက် ဖြစ်ခဲ့တာ မကောင်းပေမယ့် မတရားတာ ထင်ရင် မခံတက်တဲ့ မြန်မာစိတ်ဓတ်ကို ဂိုးသမားအောင်အောင်ဦးက ပြသွားတာပါပဲ။ အောင်ကျော်ကျော်လည်း ဒီလို ဖြစ်ဘူးတယ် ၊ လူငယ်ဂိုးသမားထွန်းထွန်းဝင်း ကလည်း ဒိုင်ကို ရေသန့်ဘူးနဲ့ ပေါက်တာ ဖြစ်ခဲ့ဘူးပါတယ်။

ဒီနေ့ပွဲမှာ မြန်မာက ပြစ်ဒဏ်ဘောတော်တော် ရနိင်ပေမယ့် ဒိုင်မပေးခဲ့တာတွေဟာလည်း ဘောလုံးသမားတွေ ဒေါသဖြစ်လာစေတဲ့ အချက်တွေပါ။ ဒီတော့ ဗီယက်နမ်ဒိုင် အမှားမှာ ကျွန်တော်တို့ မြန်မာကစားသမားတွေ မဖြစ်သင့်တာတွေ ဖြစ်ခဲ့ကြရတယ်။

ဒီနေ့လည်း ဒေါသဖြစ်ဖြစ်နဲ့ ကန်တော့ပါရဲ့။ ဒိုင်ကို ၀ိုင်းဆဲနေကြတာ။ မိုးမွှန်နေတာပဲ။ :D ။ မနိင်မည့် အတူတူ လူချခိုင်းတဲ့ သူကတစ်မျိုးနဲ့။ အဲဒါ ဘယ်သူမှ မဟုတ်ပါဘူး။ ကျွန်တော်ပါ။ ကျွန်တော်လည်း ဘောလုံးကန်ပေမယ့် တဖက်အသင်းက ညစ်ကစားတာတို့ ၊ ခပ်ကြမ်းကြမ်းဆော့လာတဲ့ အခါတို့ ၊ ကိုယ့်အသင်းကို အထင်သေးလှောင်ပြောင်ပြီး ဆော့ကစားနေတဲ့ အခါကျရင် ကျွန်တော် ဆိုးသွမ်းလည်း လူလိုက်ချပါတယ်။း) ။ အင်တိုက်အားတိုက်ကို ချတာပါ။ သူများလည်း ချတယ် ၊ ကိုယ်လည်း ခံရတယ်လေ ။

အဆုံးသတ်တော့ အင်ဒိုနီးရှားနိင်ငံ စူဇူကီးဖလားမှာ မြန်မာအသင်းဟာ အင်ဒိုကို ၃း ၀ ၊ စင်္ကာပူကို ၃း ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။ ရှုံးတကာ့ရှုံးတဲ့ အထဲမှာ မျိုးမစစ် စကာင်္ပူအသင်းကို ရှုံးတာ စိတ်အနာဆုံးပါပဲ။ စင်္ကာပူအသင်းမှာ ကြည့်မယ်ဆိုရင် ကမ္ဘာကြီး တခုလုံးက အသားအရည် ၊ ရုပ်ရည်တွေနဲ့ ဖွဲ့စည်းထားသလို နိင်ငံမျိုးစုံက လူပေါင်းစုံပါဝင်နေတာကို တွေ့နိင်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဖိုရမ်တစ်ခုထဲမှာ မြန်မာ နဲ့ ကုလားနဲ့ ရန်ဖြစ်လိုက်ကြသေးတယ်။ ကုလားက မြန်မာမှားကြောင်း ၊ ဘာဖြစ်ကြောင်း ၊ ညာဖြစ်ကြောင်း ပို့စ်လေး တင်လိုက်တာနဲ့ ရှိသမျှ မြန်မာဖန်တွေနဲ့ ရန်ဖြစ်ကြသေးတယ်။

အော်...အခုတော့လည်း မြန်မာအားကစား ကမ္ဘာကို ပြန်လွမ်းနေရတုန်း ။ ဘယ်လိုပဲ လွမ်းလွမ်း ကျွန်တော်တို့ကတော့ မြန်မာပဲ။ မြန်မာနဲ့ ပတ်သက်လာလျှင် ဘယ်သူမှားမှား မြန်မာကတော့ မှန်ရမယ်။ မျက်ကန်းမျိုးချစ်ပဲး)

ဒီဖိုင်လေးက မြန်မာ ၀း ၃ အင်ဒိုပွဲ ဂိုးလေးတွေပါး(


zshare

Sunday, December 7, 2008




“ တူ.......................တူ.....................တူ................. ဟယ်လို ”

“ ဟုတ်ကဲ့ ၊ သရက်တော် ( - ) လမ်း ၊ အခန်း ( - ) က ဒေါ် ( - ) ကိုခေါ်ပေးပါ ခင်ဗျာ

“ ဟုတ်ကဲ့ ခဏလေး ကိုင်ထားပေးပါ......ရှင် ”

“ အမေလား.....”

“ အမေမရှိဘူး မောင်လေး။ ငါပါ...နင့်အမ ”

“ အော် ”

“ အမေက လှိုင်သာယာက ဈေးဆိုင်သွားနေတယ် ”

“ အော်...နေကောင်းကြတယ် မဟုတ်လား ၊ အဆင်ပြေကြရဲ့လား ”

“ အေးဟယ် ၊ လူတွေကတော့ နေကောင်းကြပါတယ် ၊ အဆင်ကတော့ ဘယ်သူမှ
မပြေကြဘူး ဟဲ့။ နင်လည်း...သိမှာပါဟာ ။ အင်တာနက် သုံးနေတာပဲ ”

“ အင်း.......................... ၊ ဘာတွေလုပ်နေကြလဲ အခုရော ”

“ ဒီလိုပဲပေါ့ဟာ ၊ အရင်ကထက် အခုဒီနှစ်က ပိုပိုဆိုးလာတယ် ၊
ဘယ်အရာမှကို အဆင်မပြေတာ ၊ အာလုံးလိုလိုပါပဲ ၊ ပြောပြရင် နင်လည်း စိတ်ကောင်းမှာ
မဟုတ်ဘူး ”

“ ငါတို့လည်း တက်နိင်သလောက်တော့ ရုန်းကန်နေရတာပဲ ၊ သိတယ် မဟုတ်လား ၊
အယဉ်ကျေးဆုံး ပြောရရင်တော့ ၊ ထမင်းတော့ မငတ်သေးဘူးဟ ၊ ဟဲဟဲ ( အသက်မပါသည့် ရယ်သံဖြင့် )
စာကြိုးစား ၊ ငါ့မောင်လေးက လိမ်မာတယ် ”

“ အမျိုးတွေရော ၊ ဘာတွေလုပ်နေကြသလဲ ”

“ အင်း...သူတို့လည်း ဒီနှစ် ကိုင်းက ဘာစိုက်လို့ ၊ စိုက်ရမှန်းတောင် မသိကြဘူး ၊
ဧရာဝတီမြစ်ကြီး ရှိနေလို့ ၊ ငါးဖမ်းစားနေတာနဲ့ အသက်ဆက်နေကြတယ်နဲ့ တူတယ်
အော်..အဖေလာပြီ ၊ အဖေ့ကို ပေးလိုက်မယ်နော်...အဖေနဲ့ ပြောလိုက်ဦး ”

“ အဖေ....အဖေလား ”

“ အေး...သား ၊ အဖေပါကွ ”

“ အဖေ...နေကောင်းလား အဖေ ၊ ကျန်းမာရေး ၊ အလုပ်အကိုင် အဆင်ပြေရဲ့လား ”

“ လူကတော့ ကောင်းတယ်..သား ၊ အလုပ်ကတော့ ပါးတယ်ကွ ၊ စက်ရုံကလည်း
အလုပ်လုပ်စရာ မရှိဘူး ၊ တခါတလေ အပြင်ဘက်တော့ လိုက်ပြင်ပေးတယ်
အများကြီးတော့ မရပါဘူးကွာ ၊ မင်းညီမလေးတွေ မုန့်ဖိုးတွေနဲ့ မင်းအမေဆီတော့
၂၀၀၀ ၊ ၃၀၀၀ ထောင်မျိုးလောက်ပဲ အပ်နိင်တော့တယ် ”

“ သားလည်း...စာကြိုးစားကွာ ၊ အဖေ..ယတြာတွေလည်း လုပ်ထားပေးမယ် ၊
နေကောင်းအောင် ဂရုစိုက် ၊ ကဲ..ဘာမှာဦးမလဲ ၊ မင်းပိုက်ဆံတွေ ကုန်နေလိမ့်မယ်
မင်းအမေက တွေ့ချင်နေတာ...ဖုန်းမဆက်လို့ စိတ်ပူနေလေရဲ့ ၊ အခုတော့ အဖေပြောလိုက်မယ်
ဟုတ်ပြီလား ”

“ ဟုတ်ကဲ့..အဖေ ၊ အားလုံးကို သတိရပါတယ်လို့ ၊ ကျန်းမာရေး ဂရုစိုက်ကြဦးနော် ”

“ အေး...သား ၊ ဒါဆို ချလိုက်တော့မယ် သား ၊ ဘိုင် ဘိုင် ”

“ ဂလောက်.......”


ဖုန်းက ချသွားပေမယ့် လက်ထဲက မိုက်ခရိုဖုန်းကို ဆက်ကိုင်ထားဆဲ ။ အဖေနဲ့ အစ်မပြန်သွားပေမယ့် သူတို့ အားတင်းပြီး ပြောသွားတဲ့ စကားသံတွေက ရင်ကို လှုပ်ခက်နေဆဲ။ ငေးတယ် ၊ တွေးတယ် ၊ ပြီးတော့ အမျိုးအမည် မသိတဲ့ ဝေဒနာ ခံစားရတယ် ။ ဒါဟာ မိသားစုအတွက်တင် မဟုတ်ဘူးဆိုတာ ကိုယ့်ရင်ထဲ ကိုယ်သိတယ်။ ကိုယ့်ဆွေမျိုး အတွက် သက်သက်လည်း မဟုတ်ဘူး ဆိုတာ ကိုယ့်စိတ်ထဲ ကိုယ်သိတယ် ။ တခြားသူတွေရော ဘယ်လိုနေမလဲ ၊ ဘာတွေလုပ်နေကြ မလဲ ။ ၆၀ % မှာ ၄၅ % လောက် ဘ၀တွေ ခါးနေကြတယ်။ အိမ်မှာ မီးအမြဲလာနေတဲ့ သူတွေကတော့ ဒါကို ဘယ်တော့မှ သိမှာ မဟုတ်ဘူး။



ဒီလိုပြောတော့ ကျွန်တော်လည်း ပါတယ်။ ကျွန်တော့်အိမ်မှာလည်း မီးအမြဲလာတယ်။ ဒါပေမယ့် ဖယောင်းတိုင်မီး။



Saturday, December 6, 2008


ပိုက်ဆံမပေးရလို့ မက်ချင်တိုင်းမက်နေတဲ့ အနာဂတ်ရဲ့ ၊ အိမ်မက်တွေ ရှိမယ်
ခင်ဗျားမှာရော ၊ ကျွန်တော့်မှာရော

မပြည့်စုံသေးတဲ့ ဘ၀ရဲ့ ၊ မျှော်လင့်ချက်တွေ ရှိမယ်
ခင်ဗျားမှာရော ၊ ကျွန်တော့်မှာရော

မကျေနပ်နိင်သေးတဲ့ စိတ်ရဲ့ ၊ ခံစားမှုတွေ ရှိမယ်
ခင်ဗျားမှာရော ၊ ကျွန်တော့်မှာရော

မရေရာလို့ သေချာချင်တဲ့ ပစ္စုပ္ပန်ရဲ့ ၊ အတွေးတွေ ရှိမယ်
ခင်ဗျားမှာရော ၊ ကျွန်တော့်မှာရော

အတူတူ ကြည့်တာတောင် ထပ်တူညီချင်မှညီမယ့် မျက်လုံးတစ်စုံရဲ့ ၊ အမြင်တွေ ရှိမယ်
ခင်ဗျားမှာရော ၊ ကျွန်တော့်မှာရော

ရည်ရွယ်ချက်တွေ တူပေမယ့်.....အသက်ရှုပုံတွေ ကွဲပြားတဲ့ အခါ
ကိုယ့်ယုံကြည်မှုနဲ့ ကိုယ်
ကိုယ့်ပေးဆပ်မှု့နဲ့ ကိုယ်
ကိုယ့်ဘ၀နဲ့ ကိုယ်

ဒီအတွက်....... ဒါဟာ ၀မ်းနည်းစရာလည်း မဟုတ်ဘူး
ဝမ်းသာ စရာလည်း မမည်ဘူး
အနာဂတ်ဟာ လက်ထဲမှာ မရှိသေးတာကြောင့်
ခင်ဗျားနဲ့ ကျွန်တော် တစိမ်းတွေလို ပဲမြင်နေကြဦးမယ်

ဒီကဗျာကို ဖတ်တဲ့အခါ
ပြောချင်စရာတွေ ရှိလာလိမ့်မယ်
ခင်ဗျားမှာရော ၊ ကျွန်တော့်မှာရော



Friday, December 5, 2008

ကျွန်တော် ငယ်ငယ်တုန်းကတည်းက ဘ၀မှာ ကြောက်ရမယ့် သူတွေရှိနေခဲ့ရတယ်။ အသက်ကြီးလာတဲ့ အခါလည်း ကြောက်နေရတဲ့ အရာတွေ ရှိနေခဲ့တုန်းပဲ။ ဒါဟာ ကျွန်တော့်ရဲ့ မပြည့်စုံမှု ၊ အတွေ့အကြုံ မရင့်ကျက်မှု တွေနဲ့လည်း သက်ဆိုင်ချင် သက်ဆိုင်ပါလိမ့်မယ်။

ကလေးအရွယ်တုန်းက ကျွန်တော်တို့နဲ့ ၃ လမ်းကျော် အကွာက ညွှန့်ဝင်းထွန်း ၊ ဘဲဥ ၊ ကျော်မိုး ဆိုတဲ့ ကလေးတအုပ်နေကြတယ်။ တခြားနာမည်တွေတော့ မမှတ်မိတော့ပါဘူး။ ကျွန်တော် အမေက ငယ်ငယ်တုန်းက အသုပ်ဆိုင်လေး ဖွင့်ရောင်းတော့ မနက်တိုင်း ၊ ညနေတိုင်း ခေါက်ဆွဲတွေကို ဈေးမှာ သွားဝယ်ရတယ်။ ဈေးကလည်း ကျွန်တော်တို့နဲ့ မဝေးပေမယ့် ဈေးကိုသွားမယ့် လမ်းမှာ အဲဒီကလေး တစ်အုပ်နေထိုင်ကြတယ်။ သူတို့က ကျွန်တော့်ကို တွေ့တိုင်း လမ်းမှာ ပိတ်ပြီး စကြ နောက်ပြောင်ကြတယ်။ ကျွန်တော်ကလည်း ကလေးကလေး ချင်းတောင် လူကောင်က ပိုသေးတော့ သူတို့အတွက် အနိင်ကျင့်စရာ ၊ စချင်နောက်ချင် စရာဖြစ်နေတော့တာပေါ့။

သူတို့က ကျွန်တော်သွားမယ့် လမ်းမှာ ပိတ်ပြီးရပ်တယ် ၊ ပြီးရင် လက်နဲ့ တွန်းထိုးလုပ်တယ် ၊ တခါတလေဆို ဘောင်းဘီကို ဆွဲချွတ်တာတို့ ၊ လက်ထဲက အမေ၀ယ်ခိုင်းလိုက်တဲ့ ခေါက်ဆွဲထုပ်ကို ယူပြေးတာတို့ လုပ်တက်ကြတယ်။ ကျွန်တော့်မှာ ရှက်ကလည်း ရှက် ၊ ဒေါသကလည်း ထွက် ၊ အမေကလည်း နောက်ကျလို့ ဆူမှာကို တွေးပြီး ကြောက်နေရသလို ၊ ဒီကောင်တွေကို ပြန်ပြောရင်လည်း သူတို့က လူကောင်လည်း ကြီးတဲ့ အပြင် ၊ လူအုပ်ကလည်း များတာကြောင့် ၊ နောင်လည်း အမြဲတမ်းတွေ့နေရမှာ ဆိုတော့ ကျွန်တော်မှာ ပြန်လည်း မပြောရဲ ၊ သူတို့လုပ်သမျှ ငြိမ်ခံနေရခဲ့ရတယ်။ ဖြစ်နိင်ရင် အဲဒီကောင်တွေ နေတဲ့လမ်းက ကျွန်တော် မသွားချင်ဘူး။ တက်နိင်သမျှ ရှောင်ရှားခဲ့တယ်။ နောက်ပြီး အမေက ရန်မဖြစ်ရဘူး ၊ ရန်မဖြစ်၇ဘူးလို့ အမြဲတမ်း မှာထားတာ မဟုတ်လား ။ အခုတော့ သူတို့ကို ကျွန်တော် မကြောက်တော့ပါဘူး။ ကြောက်တယ်ဆိုတာထက် ကိုယ်အသားနာခံရမှာမို့ စိတ်ကို ထိန်းခဲ့ရတာပါ။ သူတို့ကလည်း အခုတော့ လူလတ်ပိုင်း အရွယ်တွေရောက်လို့ ကိုယ့်လုပ်စရာ ရှိတဲ့ အလုပ်တွေကိုယ်စီနဲ့။ လမ်းမှာတွေ့ရင် ရီပြနုတ်ဆက်ကြနဲ့။ ဒါပေမယ့် ငယ်ငယ်တုန်းကတော့ သူတို့လူစုကို ကျွန်တော်ကြောက်ခဲ့ရတယ်။




နောက်တစုကတော့ လမ်းထိပ်က လူစု။ သူတို့လည်း အတူတူပဲ ။ သူတို့လူစုက အကောင်ပိုကြီးတယ်။ လူအုပ်လည်း တောင့်တယ်။ ရပ်ကွက်ထဲမှာ သူတို့က ကလေးချင်းမပြောနဲ့ ကိုယ့်ထက်အသက်ကြီးတဲ့ လူငယ်တွေကိုတောင် အုပ်စုလိုက် ရိုက်ပစ်တာ ၊ ထိုးပစ်တာတွေ လုပ်တက်ကြတယ်။ ကျွန်တော်က အဲဒီလူစု ၂ စုတည်ရှိတဲ့ အလယ်မှာ နေရတဲ့လူ။ ဒါပေမယ့် လမ်းထိပ်က လူစုထဲမှာ ကျွန်တော်နဲ့ အမျိုးတော်တဲ့ သူရချို ဆိုတဲ့ သူပါတော့ ကျွန်တော်က သိပ်တော့ အဖြဲမခံရဘူးပေါ့။ ဒီကောင်နဲ့ကလည်း ကျောင်းက စာသင်ခန်းမှာ အတူတူထိုင်တာကြောင့် အေးရာအေးကြောင်းပါပဲ။ သူတို့လူစုက ဘဲဥတို့ လူစုထက် ပိုက်ဆံချမ်းသာကြတယ်။ ဖြစ်လာလိုက်ရင် မိဘက ပိုက်ဆံနဲ့ ရှင်းပေးနေကြဆိုတော့ အငြိမ်းပဲပေါ့။ ကံဆိုးတာကတော့ သူတို့တွေက အခုထိ ရပ်ကွက်ထဲမှာ အရက်သောက်လိုက် ၊ မိန်းမကိစ္စကြောင်လိုက်နဲ့ပဲ အခုထိ အချိန်ကုန်နေတုန်း။



နောက်တခု ကျွန်တော်ကြောက်ခဲ့ရတာက ၄ တန်းတုန်းက ကျောင်းမှာပါ။ သူ့နာမည်က တင်မိုး။ သူ့အဖေက ဆိုက်ကားနင်းပါတယ်။ ဒီတော့ သူကလည်း အားရင်အားသလို နင်းတော့ ဆိုက်ကားနင်းတော်တော် ကျွမ်းတယ်။ ပုံဆွဲလည်း အရမ်းတော်တယ်။ ကျွန်တော်တောင် ကြီးလာရင် ပန်းချီဆွဲစားလို့ မျက်နှာရလို ရငြားပြောဖူးတယ်။ သူ့ကိုကြောက်တာက ဒီကောင်က စရိုက်အရမ်းကြမ်းတယ်။ အခန်းထဲမှာ သူနဲ့ အခန့်မသင့်လို့ ရန်ဖြစ်ပြီဆိုတာနဲ့ အဲဒီဖြစ်တဲ့ကောင် မျက်လုံးညိုချင်ညို ၊ မညိုချင် တစ်နေရာရာမှာတော့ သွေးထွက်သွားအောင် သူက လုပ်ပစ်တက်တယ်။ တင်မိုးနဲ့တော့ ရန်မဖြစ်ဘူးပါဘူး။ ကျွန်တော်ကလည်း ရှောင်တာကိုး။ နောက်တခုက ကျွန်တော်က ဘောလုံးနည်းနည်းပါးပါး ကန်တက်တော့ သူက ကလေးချင်း ပိုက်ဆံကြေး ကန်ရင် ကျွန်တော့်ကို ခေါ်ခေါ်ကန်တယ်။ အခုတော့ တင်မိုးလည်း ဘယ်ဆီရောက်လို့ ရောက်နေမှန်း မသိတော့ပါဘူး။ တခါတလေ ရပ်ကွက်ထဲမှာ ဆိုက်ကားတစ်စီးနဲ့ တွေ့ရတက်တယ်။ သူက ကျွန်တော့်ကို မမှတ်မိပေမယ့် ကျွန်တော်ကတော့ သူ့ကို ကောင်းကောင်းသိတယ်။ သူကို ကျွန်တော်က ကြောက်ခဲ့ဖူးတာကိုး။

ဒါနဲ့ မူလတန်းအောင်လို့ ၊ အခြေခံပညာအထက်တန်းကျောင်းကို တက်ရပြီပေါ့။ တင်မိုးနဲ့ လွတ်ပေမယ့် ရပ်ကွက်ထဲက ကောင်တွေနဲ့တော့ အလိုက်သင့်ပေါင်းနေရတုန်းပါပဲ။ တင်မိုးရန်က လွတ်လို့ တော်တော်ပျော်ရွှင်ခဲ့ရတဲ့ ကျွန်တော်ဟာ သိပ်မကြာခင်မှာပဲ ဒုတိယတင်မိုးကို တွေ့ရတော့တာပါပဲ။ သူတို့က တင်မိုးထက် လူကောင်လည်း ကြီးတယ် ၊ စရိုက်ကလည်း ကြမ်းတယ် ၊ စာမေးပွဲကို ၁ တန်းကို ၂ နှစ်ဖြေပြီး အောင်နေကြတာ။ နာမည်တွေက ဇေကြီး နဲ့ ညီညီထွန်း။ ရိုသေမှုအရဆိုရင်တော့ ကိုဇေကြီး ၊ ကိုညီညီ ပေါ့။ သူတို့က အတန်းက မော်နီတာတွေပါ။



သူတို့ကတော့ ကျွန်တော်တို့ကို ပေါ်တင်ကြီး အနိင်ကျင့်တာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အတန်းပိုင်ဆရာမက အတန်းကို ငြိမ်အောင်လုပ်ထားဆိုပြီး အပ်ထားခဲ့လို့ကတော့ သေဖို့သာပြင်ထားပဲ။ သူတို့လက်ထဲမှာ လမ်းထဲက ရေပိုက်ထည့်တဲ့ ၁ ပေကျော်ကျော် ပိုက်ကြိုး အပြက်တွေ ရှိတယ်။ အဲဒီအပြက်တွေနဲ့ စကားများနေတာတို့ ၊ လှုပ်လှုပ်ရွရွလုပ်နေတာတို့ ဆိုရင် ရိုက်တာတို့ ၊ ကောက်ပေါက်တာတို့ လုပ်တက်တယ်။ သူ့ကို ဆရာမအပ်သွားပြီဆို အကုန်လုံးက မှောက်အိပ်နေရတယ်။ အသံလည်း မထွက်ရဘူး။ တခါ ကောင်မလေးတစ်ယောက်။ သူက ကျောင်းပြောင်းလာတာ။ အခြေအနေမသိပဲ စကားထများလို့ ဇေကြီးက အသစ်ဆိုတော့ ထဟောက်တာပေါ့။ စကားမများနဲ့ ပြောနေတာ မကြားလားဆိုတော့ ဟိုကောင်မလေးကလည်း မခံဘူး။ ဘာဖြစ်လဲ များတာ ၊ နင်အပူပါလားလည်း ဆိုရော မောင်ဇေကြီးခဗျာ အာလုံးရှေ့မှာ မိန်းခလေးက သူ့ကို ပြန်ပြောရမလားဆိုပြီး သူနဲ့နီးစပ်တဲ့ ခုံပေါ်က စတီးထမင်းချိုင့်နဲ့ မျက်နှာကို ကောက်ပေါက်လိုက်တာ ၊ တော်သေးတယ်ဗျာ ဟိုကလေးမက သိုင်းတက်တယ်နဲ့ တူတယ်။ မျက်နှာနားက ပွတ်ပြီး ထွက်သွားတယ်။

ထိများ ထိလိုက်လို့ကတော့ ဟက်တက်ပဲ။ တသက်လုံး အမာရွက် ဖြစ်ကျန်ခဲ့မယ် အခြေအနေမျိုး။ ဒါနဲ့ ဟိုကလေးမလည်း ကြောက်လန့်ပြီး ဆရာမသွားတိုင်တာ။ ဆရာမလည်း ဇေကြီးကို အပြစ်ပေးတာပေါ့။ ၂ ပင်လိမ် ကြိမ်လုံးနဲ့ကို ရိုက်တာ။ အဲဒီရိုက်ပြီးကတည်းက ပိုဆိုးလာလိုက်တာ သူတို့ကျောင်းထွက်သွားမှ သက်ပြင်းချနိင်တော့တယ်။ မနက်ဆို ကျောင်းမှာ သူတို့နဲ့ တွေ့ရမှာ တော်တော်ကို ကြောက်တာ။ အဲဒီတုန်းကတော့ တတန်းလုံး ကြောက်နေရတာပါ။ သူတို့သတင်းကတော့ ဘာမှ မကြားရတော့ပါဘူး။ စိတ်ထဲမှာတော့ မဟုတ်မခံစိတ်ရှိနေပေမယ့် အခုအခြေအနေတွေက မဟုတ်လည်း ကိုယ်ပဲ ခံရမှာဆိုတော့ ငြိမ်နေရတယ်။ တခါတလေ ယောင်္ကျားလေးကို ကိုယ်တစ်ယောက်တည်း မွေးပေးတဲ့ အဖေနဲ့အမေကို စိတ်တိုချင်တယ်။ တစ်ချို့ဆို အစ်ကိုဖြစ်ရင် ညီကကူ ၊ ညီဖြစ်ရင် အစ်ကိုက ကူနဲ့။ ကျွန်တော်ကတော့ တစ်ယောက်တည်း။

နောက်တခု ကြောက်တာက စာအုပ်ကိစ္စ။ ကျွန်တော် ငယ်ငယ်တုန်းက ညတိုင်းမဟုတ်တောင် အဖေက မောင်နှမတွေအတွက် တစ်ယောက်ကို မုန့်ဖိုး ၂ ကျပ် ဆီပေးလေ့ရှိတယ်။ အခုခေတ်နဲ့တော့ ၂ ကျပ်ဆိုတာ တော်တော် ရီဖို့ကောင်းမှာ သေချာသလောက်ပဲ။ အဲဒီတုန်းက စာအုပ်အငှားဆိုင်မှာ နောက်ဆုံးလမှ ထွက်တဲ့ ကာတွန်းဖြစ်ဖြစ် ၊ စာအုပ်ဖြစ်ဖြစ် အများဆုံး ၅ ကျပ်ပဲပေးရတယ်။ ၁ ရက်ငှားခပေါ့။ အိမ်မှာ စာဖတ်ဝါသနာ ပါသူက ကျွန်တော်တစ်ယောက်တည်း ရှိတာကြောင့် ကိုယ်တစ်ယောက်တည်း စာအုပ်ဖိုး ပေးလိုက်ရတဲ့ ငွေဟာ ၊ ကိုယ့်အတွက် စားစရာ မကျန်တော့တာကြောင့် အမြဲပဲ စာအုပ်အပ်ခါနီးတိုင်း ဒုက္ခရောက်ရတယ်။ ကလေးဆိုတော့ တခါတလေ စားစရာဝယ်စားလိုက်ရင် စာအုပ်မအပ်နိင်တော့တာကြောင့် ငွေတိုးချေးထားတဲ့ အတိုင်းပဲ ရက်ကျော်ခတွေပါ ပေးရကာ နောက်ဆုံး ၂ ကျပ်တန် စာအုပ်ခဟာ ၅ ရက်လောက်နေမှ အဖေ့ကို ပြောဖြစ်တော့ ၁၀ ဖြစ်လို့။

၃ ၊ ၄ ရက်လောက် စာအုပ်မအပ်နိင်တော့ပြီဆိုရင် ကျွန်တော့်မှာ မျက်နှာက ငိုချင် သလိုလို ဖြစ်နေပါပြီ။ စာအုပ်ဆိုင်က လာတိုင်မှာလည်း ကြောက်ရသေးတယ်။ တခါတလေ စည်းကမ်း မရှိလို့ ပျောက်သွားခဲ့ပြီ ဆိုရင် ၅၀ မျိုး ၊ ၁၀၀ မျိုးလျှော်ရတာဆိုတော့ အဖေ့ကိုလည်း မပြောပြရဲဘူး။ ဒီတော့ စာအုပ်က ဖတ်ချင် ၊ စာအုပ်ငှားဖတ်ရင် ဖြစ်လာမယ့် ပြဿာနာတွေကို တွေးပြီး ကြောက်မိတယ်။

အရွယ်ရောက်လာတော့ ကိုယ်ရတဲ့ လခလေးနဲ့ စာအုပ်တွေ ငှားရုံတင် မဟုတ်ဘဲ အပိုင်ကို ၀ယ်လိုက်တော့တယ်။ အများဆုံး ၀ယ်ဖြစ်တာက ဆရာချစ်ဦးညိုရဲ့ စာအုပ်တွေပါ။ ဒါတွေအားလုံးက ငယ်ငယ်တုန်းက ရှိခဲ့တဲ့ အကြောက်တရားတွေပေါ့။ အခုတော့လည်း ပြန်တွေးကြည့်ရင် ပြုံးမိတယ်။ ဒါပေမယ့် အဲဒါတွေကို ကျွန်တော် တကယ်ကြောက်ခဲ့ရတယ်။ နောက်တခါ အချိန်ရရင် ကြီးလာတော့ ကြောက်ရမယ့် အဖြစ်တွေကို ရေးပါဦးမယ်။

စာဖတ်သူအား အစဉ်လေးစား ၊ ကျေးဇူးတင်လျက်

Thursday, December 4, 2008




Date Of Birth - June 14 , 1928
Place Of Birth - Rosario , Argentina
Date Of Death - 1967 Oct ( 9 )
Place Of Death - La Higuera , Bolivia
Religion - Atheist



သူက ကဗျာကိုလည်း အရူးအမူး စွဲလန်းခဲ့ပါသည်။ “ ပက်ဘလိုနီရူဒါ ” ၏ ကဗျာများအား အာဂုံဆောင် နိင်သည်အထိ ဖတ်ခဲ့၏။ ဖခင်က လက်ဝဲ၀ါဒီ တဦးဖြစ်၍ သူ့ဖခင်၏ စာကြည့်ခန်းတွင် ကားမတ်ခ်၏ ကျမ်းများက ရှိပြီးဖြစ်သည်။ ထို့ကြောင့် ထိုကျမ်းများကိုလည်း လေ့လာခွင့်ရခဲ့၏။

၁၉၄၇ ခုနှစ်တွင် သူသည် “ ဗွေနိဇာရီး ” တက္ကသိုလ်တွင် ဆေးပညာ သင်ယူခဲ့သည်။ ထိုတက္ကသိုလ်မှပင် ဒေါက်တာဘွဲ့ ရရှိခဲ့၏။ ၁၉၅၁ ခုနှစ်တွင် ဆေးတက္ကသိုလ်တက်ရင်း ခွင့်ယူ၍ သူငယ်ချင်းတစ်ဦးနှင့် အတူ မော်တော်ဆိုင်ကယ် တစ်စီးနှင့် လက်တင် အမေရိကတိုက်တလွှား ခရီးနှင်ခဲ့ကြသည်။ ချီလီသို့လည်း ရောက်၏။ ၄င်းမှတဆင့် ပီရူး ၊ အီကွေဒေါ ၊ ကိုလံဘီယာ ၊ ထိုမှ ဗင်နီဇွဲလား....။ ထိုသို့ လည်ပတ်ရင်းဖြင့် ထိုခရီးစဉ်မှ သူသည် လက်တင် အမေရိကရှိ ပြည်သူတို့၏ ဆင်းရဲမွဲတေမှု ၊ လူတန်းစား မညီမျှမှုများအား တွေ့ခဲ့ရသည်။ ထိုအကြောင်းကိုလည်း သူကိုယ်တိုင် စာပြန်ရေးသားခဲ့သည်။ “ မော်တော်ဆိုင်ကယ် ဒိုင်ယာရီ ” ဟူသော နာမည်ဖြင့် စာအုပ်ထုတ်ဝေခဲ့ပါသည်။ အစတွင် စပိန်ဘာသာဖြင့် ရေးသားခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းမှ အင်္ဂလိပ်ဘာသာသို့ ပြန်၍ ထုတ်ဝေခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် ထိုစာအုပ်အား မှီး၍ ရုပ်ရှင်ပြန်ရိုက်ခဲ့ကြသည်။


၁၉၅၃ ခုနှစ်တွင် အာဂျင်တီးနား အစိုးရက ဆရာဝန်များအား အတင်းအကျပ် အမှုထမ်းခိုင်း၏။ သူက လူတယောက်ချင်း ခံစားနေရသည့် ဝေဒနာအား မကုသချင်။ ဤတွင် သူသည် အာဂျင်တီးနားမှ တိမ်းရှောင် ထွက်ခဲ့တော့၏။ ပီရူး ၊ အီကွေဒေါ ၊ ပနားမား ၊ ကော်စတာရီကာ ၊ နီကာရာဂွား ၊ ဟွန်ဒူးရပ်စ် ၊ အဲလ်ဘာလဗာဒို ၊ ဂွာတီမာလာတို့မှ မက္ကဆီကိုသို့ရောက်ရှိလာခဲ့သည်။ မက္ကဆီကိုတွင် သူသည် ကျူးဘားမှ ဖီဒယ်ကက်စထရိုတို့ အုပ်စုနှင့် တွေ့ရာမှ ပေါင်းသင်းမိကြတော့သည်။ ထိုစဉ်က ဖီဒယ်ကက်စထရိုတို့ အုပ်စုအား “ ၂၆ ဂျေ ” ရဲဘော်များဟု ခေါ်ကြသည်။ သူတို့လူစုကား ကျူးဘား အာဏာရှင် “ ဖူလ်ဂျင်စီယို ဘာတစ္စတာ ” အစိုးရအား လက်နက်ကိုင် ပုန်ကန်ရန် ကြိုးပမ်းနေကြသည့် တော်လှန်ရေးသမား လူငယ်များ။ ကက်စထရိုတို့နှင့် ပင် သူစစ်သင်တန်း တက်ခဲ့၏။ သင်တန်းဆရာက မက္ကဆီကိုမှ ဗိုလ်မှုးကြီးဟောင်းတစ်ဦး ၊ သင်တန်းမှုး ဗိုလ်မှုးကြီးဟောင်း “ အယ်ဘာတိုဘေးယို ” က သူ့အပေါ် မှတ်ချက်ပြု၏။

“ သူသည် သင်တန်းသားများ အားလုံးအနက် အထူးချွန်ဆုံး ဖြစ်သည် ”





၁၉၅၆ ခုနှစ် နိဝင်ဘာလ ( ၂ ) ၇က်နေ့တွင် “ ၂၆ ဂျေ ” ရဲဘော်များနှင့် အတူ သူသည် ကျူးဘားနိင်ငံသို့ ၀င်ခဲ့ကြသည်။ Granma အမည်ရှိ မော်တော်ငယ် တစီးနှင့် မိုင် ၁၃၀ ကျော်ဝေးသည့် ပင်လယ်ခရီးအား နှင်ခဲ့ကြသည်။ စုစုပေါင်း အင်အားက ရဲဘော်ရှစ်ကျိပ်နှင့် တစ်ယောက်။ ဓားကောက်သဏ္ဍာန် ကျူးဘားကျွန်းပေါ်သို့ ရောက်ရှိခဲ့ကြသည်။ မကြာမီပင် ကျူးဘား အာဏာရှင်တပ်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြရာ ရလဒ်က မကောင်းခဲ့။ သူတို့ဘက်မှ ရဲဘော် ( ၉၆ ) ယောက် ကျဆုံးကုန်၏။ သူ ၊ ဖီဒယ်ကက်စထရိုနှင့် ရဲဘော် ( ၁၂ ) ယောက်သာ အသက်ရှင် ကျန်ခဲ့ကြသည်။ အငတ်ငတ် အပြက်ပြက်နှင့် ကြံခင်းထဲတွင် ပုန်းနေခဲ့ကြရသည်။ အဟာရအတွက် ကြံများကို စုတ်ရင်းသာ ဖြည့်နေခဲ့ကြရသည်။ ရက်သတ္တပတ်ခန့်ကြာ၏။ ထို့နောက် အာဏာရှင်အား သူတို့ပြန်တိုက်ကြပြန်သည်။ မောင်းပြန်ရိုင်ဖယ် ( ၁၂ ) လက် ၊ လူက ( ၁၂ ) ယောက်။



Granma သေဘာၤ




မက္ကဆီကိုမှ ကျူးဘားသို့ သဘောင်္နှင့်ချီတက်ရာ လမ်းကြောင်း

ကျူးဘားနိင်ငံ “ ဆီအဲယားမေထရာ ” တောင်တန်းများပေါ်မှာ သူတို့ လွတ်မြောက်နယ်မြေ တည်ဆောင်၏။ သူပုန်စခန်း ဖွင့်၏။ သူသည် ထိုဒေသမှစ၍ လူထုအတွင်း ဆေးခန်းများ ဖွင့်ခဲ့ကြသည်။ စာသင်ကျောင်းများ တည်ဆောက်ခဲ့ကြသည်။ ထို့ကြောင့် သူသည် မောင်းပြန်ရိုင်ဖယ်အား လက်မှ ကိုင်ရင်း လူထုအား ဆေးကုသခွင့် ရခဲ့၏။ လူတယောက်ချင်း၏ ဝေဒနာအား သက်သာစေရန် ဆောင်ရွက်သလို လူ့အဖွဲ့အစည်း၏ ခံစားနေရသော ဝေဒနာကိုလည်း ကုသ၏။ ထိုအခါ တဖြည်းဖြည်း လုထုမှ ထောက်ခံလာခဲ့သည်။ တော်လှန်ရေးသည် မြင့်တက်၍ လာ၏။ ဒီလှိုင်းသဖွယ် အားနှင့် မာန်နှင့် ၊ နောက်ဆုံး နောက်ဆုံးတော့ ကျူးဘား အာဏာရှင် အစိုးရ အရှုံးပေးခဲ့ရသည်။

ကျူးဘား တော်လှန်ရေးတွင် ကျူးဘား မဟုတ်သော သူသည် ရဲဘော်ကြီး ဖီဒယ်ကက်စထရိုပြီးလျှင် ဒုတိယ သြဇာအာဏာ အရှိဆုံး ပုဂ္ဂိုလ်တစ်ယောက်။ ကျူးဘားနိင်ငံ၏ ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် အဓိက တာဝန်ယူခဲ့သည်။ လူတန်းစားမဲ့ လူ့အဖွဲ့အစည်းသစ်ဆီသို့ ချီတက်ရာတွင် သူသည် စီးပွားရေးရာ အပိုင်း၌ အဓိက ပဲ့နင်းကြီးအဖြစ် မောင်းနှင်ခဲ့ရသည်။ ကျူးဘားနိင်ငံသုံး ငွေစက္ကူအပေါ်၌ သူ့လက်မှတ် ထိုးပေးရ၏။ ထိုစဉ်က GATT ( ကုန်သွယ်ရေးနှင့် အခွန်အကောက်ဆိုင်ရာ အထွေထွေ သဘောတူညီချက် အဖွဲ့ ) အစသည်းအဝေးပွဲများသို့ သူတက်ရောက်ခဲ့ရသည်။ သံလွင်ရောင် စစ်ဝတ်စုံ ၊ ပြောက်ကျား ယူနီဖောင်းနှင့်။

၁၉၆၂ ခုနှစ်ကား စစ်အေးတိုက်ပွဲ အရှိန်အမြင့်မားဆုံး ကာလဟု ဆိုရမည်။ ဆိုဗီယက်တို့၏ ဒုံးကျည်များအား ကျူးဘားတွင် တည်ဆောက်မည်။ ဒါကို အမေရိကန်က သဘောမတူ။ ဤတွင် တင်းမာမှုက ကြီးမား၍လာ၏။ နုကလီးယားစစ်ပွဲများ ဖြစ်လာမည်လား။ ကက်စထရိုနှင့် ခရူးရှော့ ဆက်ဆံရေးက အထူးကောင်းမွန်နေခဲ့သည်။

၁၉၆၄ ခုနှစ် ဒီဇင်ဘာလမှ ၁၉၆၅ ခုနှစ် မတ်လအထိ သူသည် နိင်ငံတကာ ခရီးစဉ်များသွား၍ သံခင်း တမန်ခင်းများအား ခင်းကျင်း၏။ ပြင်သစ် ၊ အီဂျစ် ၊ အယ်ဂျီရီယား ၊ ဂါနာ ၊ ဂီနီ ၊ မာလီ ၊ ဒါဟိုမီ ၊ ကွန်ဂို ၊ အိုင်ယာလန်နှင့် တရုတ်ပြည်သစ်နိင်ငံများသို့ ။ ထိုစဉ်က ဆိုဗီယက်ပြည်ထောင်စုနှင့် တရုတ်ပြည်တို့က သဘောတရားအရ ကွဲလွဲနေကြချိန် ဖြစ်သည်။ သူက သဘောတရားအရတွင် “ မော် ” တို့နှင့် တူ၏။ ထိုခံယူချက်နှင့်ပင် သူ့ခရီးစဉ်များအတွင်း ပြောဆိုဆွေးနွေး၏။ ကျူးဘားခေါင်းဆောင် တဦး ပြောခြင်းဖြစ်၍ ကျူးဘားသဘောထားဟု ကမ္ဘာက မြင်ခဲ့ကြသည်။ ထိုအခါ သူ့အပေါ် ဖီဒယ်ကက်စထရိုတို့ ညီအစ်ကိုတို့က မနှစ်မြို့တော့။ သူတို့ ညီအစ်ကိုက ခရူးရှော့ နှင့် နီးစပ်သူ။ ခရီးစဉ်အားလုံးပြီးတော့ သူ “ ဟားဗားနား ” သို့ပြန်ရောက်၏။ ထိုနောက်ပိုင်း ဖီဒယ်ညီအစ်ကိုနှင့် သူ၏ ဆက်ဆံရေးက အေးစက်စက် မာကြောကြော။



ရောလ်ကက်စရို နှင့် ချေ

သိပ်မကြာမီပင် သူကျူးဘားမှ ပျောက်ကွယ်သွားခဲ့တော့၏။ အားလုံး...............အားလုံး......အားလုံးအား စွန့်လွှတ်၍။ အာဖရိကတိုက်ရှိ ကွန်ဂို-ကင်ရှာဆား ပြောက်ကျားစစ်ပွဲအတွင်းသို့ သူသေနတ်ကိုင်၍ ရောက်သွား၏။ အာဖရိကတောနက်ကြီး အတွင်း ပြောက်ကျားစစ် ဆင်နေတော့သည်။ ထိုအခါ ရာသီဥတုက ဆိုးလာသည့် အတွက်ကြောင့် သူ့ပန်းနာရင်ကျပ် ဝေဒနာက ဆိုးလာသည်။ ထိုအခါက သူ့အသက်မှာ ( ၃၈ )။ ထိုရောဂါကြောင့် သူအနားယူရသည်။ အနားယူစဉ် ကာလအတွင်း “ ကွန်ဂိုဒိုင်ယာရီ ” အား ရေးသားခဲ့သည်။ အကြောင်းကတော့ သူ၏ တော်လှန်ရေးကာလ ကွန်ဂို အတွေ့အကြုံများ။





ဖီဒယ်ကက်စထရို

ထို့နောက် သူသည် ဘိုလီးဗီးယား အစိုးရအား တော်လှန်ရန် ဘိုလီးဗီးယားသို့ ထွက်ခဲ့၏။ သူနှင့် ရဲဘော် ( ၁၇ ) ယောက်။ ဗီယက်နမ် ရဲဘော်များလည်း ပါသည်။ ပြီးလျှင် လက်တင်အမေရိကမှ ရဲဘော်များ။ ၁၉၆၇ ခုနှစ် အောက်တိုဘာ ( ၇ ) ရက်နေ့တွက် သူနှင့် ရဲဘော်များ ဘိုလီးဗီးယားနိင်ငံ ယူဂို ( ချူရီ ) တောင်ကြားအတွင်းသို့ ၀င်ခဲ့ကြ၏။ ရိုင်ဖယ်သေနတ်များနှင့်.....

တခါ ချောင်းရိုးငယ်အား ဖြတ်သန်းနေစဉ် ၀ိုင်းဝန်းပစ်ခတ်မှုအား သူတို့ ရုတ်တရက် ခံလိုက်ကြရ၏။ သူဦးဆောင်သည့် ပြောက်ကျားများ ဘိုလီးဗီးယား စစ်တပ်၏ ချုံခိုတိုက်ခိုက်ခြင်းအား ခံကြရပြီး အကျအဆုံးများခဲ့သလို သူကိုယ်တိုင်လည်း ဒဏ်ရာရခဲ့သည်။ အခြေအနေက ဆုတ်မရ ၊ တက်မရ။ နောက်ဆုံးတော့ သူ ဘိုလီးဗီးယား စစ်တပ်၏ ဖမ်းဆီးခြင်းအား ခံလိုက်ရ၏။





၁၉၆၇ ခုနှစ် အောက်တိုဘာ ( ၉ ) ရက်နေ့။ ဘိုလီးဗီးယားနိင်ငံ၏ မြို့တော်နှင့် ဝေးကွာလွန်းသည့် “ ဗယ်လီဂရန်ဒေမြို့ ” လေယာဉ်ကွင်းငယ် အနီးတွင် ဘိုလီးဗီးယားစစ်တပ်သည် ဒဏ်ရာနှင့် စစ်သုံ့ပန်းတစ်ဦးအား နောက်ပြန် လက်ထိပ်ခက်၍ ထားသည်။ ထိုသုံ့ပန်းကလည်း စစ်သားများ ရှေ့တွင် မတ်မတ်ရပ်၍ နေနေသည်။ စစ်သားများက စစ်သုံ့ပန်းအား မောင်းပြန် ရိုင်ဖယ်သေနတ်များနှင့် ချိန်ထား၏။ စစ်သုံ့ပန်းကလည်း စူးရှသော မျက်လုံးများနှင့် စစ်သားများကို ကြည့်နေသည်။ ထို့နောက် အမိန့်သံ ထွက်ပေါ်လာ၏။

“ ပစ်.................................”

ယမ်းပေါက်ကွဲသံများ ဆူညံ၍ သွားသည်။ ယမ်းညှော်နံ့တို့က လေယာဉ်ကွင်း အနီး မွှန်၍ နေသည်။ စစ်သုံ့ပန်းသည် တဖြည်းဖြည်း ပျော့ခွေ၍ ကျသွားသည်။ သွေးတို့က ကိုယ်အနှံမှ ယိုစီး၍ ထွက်လာသည်။ ပြီးလျှင် ဘိုလီးဗီးယား စစ်သားများက သွေးအလူးလူးနှင့် လဲနေသော အလောင်း၏ လက်နှစ်ဖက်အား လက်မောင်းရင်းမှ လွှနှင့် တိုက်၍ ဖြတ်ကြ၏။ ထို့နောက် လေယာဉ်ကွင်း အနီးတွင်ပင် လက်မပါသော ကိုယ်အား ကျင်းတူး၍ မြုပ်နှံလိုက်ကြတော့၏။



မပုပ်မသိုးရန် ဆေးရည် စိမ်ထားသည့် လက်နှစ်ဖက်အား ဘိုလီးဗီးယား အစိုးရမှ ကျူးဘားသမ္မတ ဖီဒယ်ကက်စထရိုထံသို့ ပို့လိုက်၏။

၁၉၆၇ ခုနှစ် အောက်တိုဘာ ( ၁၅ ) ရက်


ဤလက်နှစ်ဖက်အား ဖီဒယ်ကက်စထရိုသည် မြင်သည်နှင့် သိ၏။ သူနှင့် တော်လှန်ရေးများ အတွင်း လက်တွဲခဲ့သည့် လက်များ။ မလွဲနိင် ။

သူ.......................။ သူ.............................................

“ Ernesto "Che" Guevara ” သို့မဟုတ် “ ချေ ”



“ ချေ ”ဆိုသည်မှာ ....စပိန် ဘာသာအရ “ ရဲဘော် ၊ ရဲဘက် ” ဖြစ်ပါသည်။

ရွှေအိမ်စည်


နှစ်ပေါင်းများစွာ ကြာမြင့်သော်လည်း လူသာသေ၍ နာမည်မသေခဲ့သော် ပုဂ္ဂိုလ်များထဲမှ တစ်ဦးဖြစ်သော် “ ချေဂွေဗားရား ” အကြောင်းအား အားကျ အတုယူစေနိင်ရန် ၊ အတိုချုပ် ပြန်လည် ရိုက်နှိပ်၍ ဖော်ပြပေးလိုက်ပါသည်။

မှတ်ချက် ။ အထက်ပါ ပုံများသည် စာအုပ်တွင် မပါသောကြောင့် ဂူဂယ်မှ ရှာဖွေ၍ တင်ထားခြင်း ဖြစ်ပါသည်။ ကိုယ်တိုင်ဆွဲချင်ပါသော်လည်း မဖြစ်နိင်၍ ရှာဖွေထားခြင်းသာ ဖြစ်ကြောင်း ၊ ပရိုက်ဗေစီ ညှိလျှင်လည်း လည်စင်းခံမည် ဖြစ်ပါကြောင်း ၊ စာရိုက်ရ၍ လက်လည်း ညောင်းမိသည်။ သို့သော် အချိန်ပိုနေသည် ဖြစ်၍ ဗဟုသုတရစေရန် ဘလော့ဂ်ဂါ ဟင်းအိုးကြီးထဲသို ပေါင်းထည့်လိုက်ပါသည်။း)

Wednesday, December 3, 2008



သူကျဆုံးခဲ့သည် ၁၉၆၇ ခုနှစ် အောက်တိုဘာလ ( ၉ ) ရက်နေ့မှ ၊ ဒီနေ့ထိဆို နှစ်ပေါင်း ( ၄၁ ) နှစ် ရှိလေပြီ။ သူကား ဆရာဝန်တစ်ဦး။ သို့သော် မောင်ပြန်ရိုင်ဖယ် သေနတ်ကိုသာ ကိုင်၏။

“ လူတစ်ယောက်ချင်း ခံစားရတဲ့ ရောဂါတွေကို ကုရတာထက် လူ့အဖွဲအစည်းအလိုက် ခံစားရတဲ့ ဝေဒနာတွေကို ကုသပေးရတာ ပိုအကျိုးရှိပါတယ် ”

ဟု သူပြောခဲ့သည့် စကားဖြစ်၏။ ၁၉၅၉ ခုနှစ် ဇန်န၀ါရီ ( ၁ ) ရက်နေ့က ကျူးဘားနိင်ငံ ဟားဗားနားမြို့၌ ပြောခဲ့ခြင်း ဖြစ်ပါသည်။

၁၉၆၇ ခုနှစ် အောက်တိုဘာလ ( ၉ ) ရက်နေ့တွင် သူကွယ်လွန်ခဲ့ပြီ ဟူသည်ကား အတည်ပြုနိင်သည်က အောက်တိုဘာလ ( ၁၅ ) ရက်နေ့ ဖြစ်သည်။ ကျူးဘား သမ္မတ ရဲဘော်ကြီး ဖီဒယ် ကတ်စထရိုမှ အတည်ပြု ထုတ်ပြန်ပေးခဲ့ခြင်း ဖြစ်သည်။ သူ၏ ရုပ်အလောင်းမှ ဖြတ်၍ ယူလာခဲ့သည် လက်မောင်ရင်းမှ ပြတ်နေသည့် လက်နှစ်ဖက်အား ကြည့်၍ သူကွယ်လွန်ခဲ့ပြီဟု အတည်ပြုခဲ့ရခြင်း ဖြစ်သည်။ သူ၏ အလောင်းကိုမှု မတွေ့ခဲ့ကြရ။ နှစ်ပေါင်း ( ၃၀ ) အထိ ပျောက်ဆုံးနေခဲ့ပါသည်။ ၁၉၉၇ ခုနှစ် ဇူလိုင်လ ( ၁၂ ) ရက်တွင်မှပင် သူ၏ ရုပ်အလောင်းအား ပြန်လည်တူးဖော် ရရှိခဲ့သည်။

ဘိုးလီးဗီးယားနိင်ငံ “ ဗယ်ရီဂရန်ဒေသ ” လေယာဉ်ကွင်းငယ်လေး အနီး၌ ကျင်းငယ်လေး တစ်ခုအတွင်း ရုပ်အလောင်း အရိုးစု ( ၇ ) စုအား တွေ့ရ၏။ အရိုးစု အမှတ် ( ၂ )က လက်မောင်းရင်းမှ နေ၍ တိုက်ဖြက်ထားခြင်း ခံရသဖြင့် လက်နှစ်ဖက်စလုံး မရှိ။ DNA စစ်ဆေးမှုပြ၍ သူဖြစ်ကြောင်းကို အတည်ပြုနိင်ခဲ့ကြသည်။ ထိုကြောင့် နှစ်ပေါင်း (၃၀) ကျော်ကြာမှပင် ကျူးဘားနိင်ငံ “ ဆန်တာကလာရာမြို့” ရှိသူ၏ ဂူဗိမာန်အတွင်း ကိုယ်အင်္ဂါ စုံလင်စွာနှင့် လဲလျောင်းရတော့သည်။

သူနှင့်ပတ်သက်၍ သူ့ပတ်ဝန်းကျင်၏ မှတ်ချက် အမြင်များ


“ ကျနော်တို့ခေတ်ရဲ့ အပြီးပြည့်စုံဆုံး လူသား ”

ယန်ပေါဆက် ( ပြင်သစ်တွေးခေါ် ပညာရှင် )

“ ကမ္ဘာပေါ်တွင် နာမည်အကျော်ကြားဆုံး ၂၀-ရာစု၏ သင်္ကေတ တခု ”

အမေရိကန်ပြည်ထောင်စု ( မေရီလင်း အင်စတီကျု )

“ သူဟာ သူ့ရဲ့ အကျင့်စာရိတ္တ ၊ သူရဲ့ စိတ်ဓာတ် ၊ သူ့ရဲ့ကြံခိုင်မှုနဲ့ အလုပ်လုပ်ရာမှာ စိတ်အား ထက်သန်မှုတွေကို ထားရစ်ခဲ့တာ ဖြစ်တယ်။ တခွန်းတည်း အတိုချုပ် ပြောရမယ်ဆိုရင် သူ့ရဲ့ စံနမူနာတွေကို ကျနော်တို့အတွက် ထားခဲ့တာ ဖြစ်တယ် ”

ရဲဘော်ကြီး ကျူးဘားသမ္မတ ဖီဒယ်ကက်စထရို





ဘ၀ဇာတ်ကြောင်း

သူ့အား အာဂျင်တီးနား နိင်ငံ၏ မြို့တော် “ ဗွေနိုဇာရီမြို့ ” မှ မိုင် ၁၀၀ ကျော်ဝေးသည့် “ ရိုစာရီယိုမြို့ ” တွင် မွေးဖွားခဲ့၏။ “ ရိုစာရီယိုမြို့ ” က “ ပါရာနာ ” မြစ်၏ မြစ်ဝကျွန်းပေါ် ဒေသတွင် တည်ရှိခဲ့သည့်မြို့ ဖြစ်သည်။ စိုစွတ်၏။ အစဉ်အမြဲ အေးခဲ၍ နေပါသည်။ ၁၉၂၈ ခုနှစ် ဇွန် ( ၁၄ ) ရက်တွင် နေ့တွင် မွေးဖွားခဲ့သည်။ မောင်နှမ ( ၅ ) ယောက် အနက် အကြီးဆုံး ဖြစ်သည်။ ဖခင် အာနက်စ်စတို ဂွေဗားယာလင်(ခ်ျ)က အင်ဂျင်နီယာ တစ်ဦးဖြစ်ပြီး မိခင်နာမည်က စီလီယာ ဆာနာဖြစ်ပါသည်။ သူကား ငယ်စဉ်က ကျန်းမာရေး ချူချာ၏။ ပန်းနာ ရင်ကြပ်သည် တစ်ဦးလည်း ဖြစ်သည်။ ရာသီဥတုအေးလျှင် ပန်းနာဝေဒနာက ထထဖောက်တက်သည်။

သို့သော် အားကစားဖက်တွင် ထူးချွန်ခဲ့သည်။ “ ရဂ္ဂဘီပွဲ ” များတွင် ခပ်ကြမ်းကြမ်း ကစားတက်သည်။ ဖခင်က သူ့အား ငယ်စဉ်ကပင် သေနတ်ပစ် သင်ပေး၏။ စစ်တုရင် ကစားနည်းတွင်လည်း ထူးချွန်သူတစ်ဦး ဖြစ်ခဲ့ပါသည်။ တဖက်တွင်လည်း ငယ်စဉ်ကပင် စာအုပ်ပုံ အကြား၌ ကြီးပြင်းခဲ့ရသူဟု ဆိုရမည်။ သူ့ဖခင်၏ ကိုယ်ပိုင် စာကြည့်ခန်းတွင် စာအုပ်ပေါင်း ၃၀၀၀ ကျော်ရှိ၏။ “ ဂျက်လန်ဒန် ” “ ဂျုးလဘန်း ” “ ဆစ်ဂမန်ဖရိုက် ” “ ဘာထရန်ရပ်ဆဲလ် ” အစရှိသည့် စာရေးဆရာတို့၏ စာအုပ်များအား ငယ်စဉ်ကပင် ဖတ်မှတ်ခဲ့ရသည်။

ဆက်ရန် ။

Tuesday, December 2, 2008


ကမ္ဘာကြီးမှာ ၊ မြန်မာနိင်ငံမှာ လူသားတိုင်း လူသားတိုင်း ပညာတွေ သင်နေကြတယ်။ အသက်အရွယ်အလိုက် ၊ ကိုယ်နေရတဲ့ နေရာအလိုက် ၊ ကိုယ်တက်နိင်တဲ့ အနေအထား မျိုးစုံနဲ့ ၊ ဟိုနိင်ငံက ကျောင်းသားက ဒီနိင်ငံမှာ ပညာသင် ၊ ဒီနိင်ငံက ကျောင်းသားက ဟိုနိင်ငံမှာ ပညာသင် ၊ ပညာတွေကို နည်းမျိုးစုံနဲ့ တက်နိင်သလို သင်ကြတယ်။ ဒါဟာ သိပ်ကို ကောင်းတဲ့ အချက်ပါ။ လူဆိုး ၊ လူမိုက်တွေ လွှမ်းမိုးတဲ့ ကမ္ဘာကြီးထက် လူပညာရှိတွေ လွှမ်းမိုးတဲ့ ကမ္ဘာကြီးက ပိုကောင်းတယ် မဟုတ်လား။

ယေဘုယျအားဖြင့် ကြည့်မယ်ဆိုရင်တော့ ကျွန်တော်တို့ မြန်မာနိင်ငံမှာပေါ့။ ဘွဲ့ရတယ် ၊ ရတဲ့ဘွဲ့နဲ့ လုပ်ကိုင်စားသောက်လို့ အဆင်ပြေသွားတာ ရှိတယ်။ မပြေတာတွေ ရှိတယ်။ ကိုယ်သင်ခဲ့ရတဲ့ ဘာသာဟာ လက်တွေ့မှာ အသုံးတည့်နေတယ် ဆိုရင်တော့ ဒီလူ့အတွက်ကတော့ နောင်ရေးအတွက် စိတ်ပူစရာ မရှိပါဘူး။ တစ်ချို့တွေကြတော့ ကျောင်းပြီးပေမယ့် လုပ်ကိုင်တော့ တခြားအလုပ်အကိုင်တွေလုပ်လို့။ ကိုယ့်နိင်ငံရဲ့ လက်ရှိဖြစ်နေတဲ့ အနေအထားနဲ့လည်း သက်ဆိုင်မှာပေါ့။ ထားပါတော့ ပြောချင်တာ ဒီအကြောင်းတော့ မဟုတ်ပါဘူး။

အဘိုးတွေ အဘွားတွေခေတ်က ပြောကြတယ်။ ရွာဘက်တွေ နယ်ဘက်တွေမှာဆိုရင် “ လုပ်မနေပါနဲ့....သေစာ ရှင်စာ ဖတ်တက်ရင် တော်ပြီပေါ့ကွာ ” တဲ့။ “ မင်းသားသမီးတွေက ဒီပညာနဲ့ လုပ်စားမှာလည်း မဟုတ်ဘူး ” အချိန်တန် ကြီးလာတော့ ငါတို့လို လယ်သမားဖြစ်မှာ ၊ ဘာဖြစ်မှာ ညာဖြစ်မှာနဲ့ ” ပြောဆိုကြတယ်။ တကယ်ပဲ အခုလက်ရှိ ဘ၀မှာလည်း ရှိပါသေးတယ်။ ကျွန်တော့် အတွေ့အကြုံအရ ဧရာဝတီတိုင်း ရွာဘက်တွေမှာ ဆိုရင် ကလေးအရွယ်ရောက်ရင် ကျောင်းထားတယ် ၊ အသက်ကလေး နည်းနည်းကြီးလာသလို ၊ အတန်းပညာ ၆ တန်း ၇ တန်းလောက်လည်း ရောက်ရော အိမ်က မိဘရဲ့ လက်ငုပ်ရင်း ဖြစ်တဲ့ လယ်ယာ ၊ ကိုင်းကျွန်း အလုပ်တွေ ကူလုပ်ကိုင်ရင်း အဲဒီအတက်ပညာကိုပါ သူတို့ သင်ယူမိသလို ဖြစ်သွားတယ်။

အမှန်ကတော့ ကလေးတွေ အနေနဲ့ သူ့မိဘ စီးပွားရေးကို ကူညီတာ ၊ အိမ်အလုပ် ကူလုပ်တာ ဖြစ်တယ်လို့ ယူဆနိင်ပေမယ့် ၊ တဖက်မှာ ပညာရေးအရ ကြည့်ရင် ညဆို ပင်ပန်းတဲ့ဒဏ်ကြောင့် စောစောအိပ်ပျော်သွားရာကနေ စာမကြည့်ဖြစ်ပဲ ပညာရေးမှာ ပိုမိုဆိုးဝါးလာပါတော့တယ်။ ဒီတော့ နောက်ဆုံး မိဘအလုပ်ကို ကူလုပ်ရင်း သူတို့လည်း မိဘရဲ့ အမွေကို ခံယူသွားကြတာ များပါတယ်။ ဒီလို အခြေအနေမျိုးမှာ ဘယ်သူ့ဘယ်သူမှာ အပြစ်ပြောရမှန်းတောင် မသိတော့ပါဘူး။


ကျွန်တော်တို့ ပညာတွေသင်ကြတယ်။ ဘွဲ့တွေ တစ်ခုပြီး တစ်ခုယူကြတယ်။ တဖက်ကလည်း ဒီပလိုမာတွေ ၊ ဘာသာစကားတွေ အမျိုးမျိုး အစုံစုံနဲ့။ တစ်ချို့ကျတော့ ပညာတွေတက်တော့ ဘာဖြစ်လည်း ။ ပညာတက်တာ ထမင်းစားရလို့လား။ လောကမှာ ငွေရှိဖို့ပဲကွာ။ သေစာရှင်စာ ဖတ်တက်ရင် တော်ပြီပေါ့။ ကိုယ့်အပေါ် လူလိမ်တာ မခံရရင်တော်ပြီပေါ့။ ဒီလိုမျိုး ပြောတဲ့လူတွေလည်း ရှိတယ်။ မှန်ပါတယ်။ ပညာတွေ တက်တာနဲ့ လုပ်စားလို့ရတာတွေ ရှိတယ်။ မရတာတွေရှိတယ်။

ဒါပေမယ့် ပညာတွေ တက်တာနဲ့ မတက်တာ ဘာကိုကွာခြားစေသလဲဆိုတော့ “ စဉ်းစားတွေးခေါ်မှုပါ ” ။ ပညာတက်တဲ့ လူက သူ့ဘ၀ ထိခိုက်မှာ သိပ်ကြောက်တယ်။ သူဒုက္ခဖြစ်မယ့် ကိစ္စဆို လှည့်တောင် မကြည့်ဘူး။ ငါဒါလုပ်ရင် ဘာဖြစ်မလဲ ၊ ငါဒီလို ပြောရင် ဘယ်လိုဖြစ်သွားမလဲ ၊ သူ့မှာ ပညာမတက်တဲ့ လူထက် စဉ်းစားတွေးခေါ်မှု ပိုသာသွားတယ်။ အများအကျိုးအတွက် ကိုယ်ကျိုးမငဲ့ဘဲ လုပ်တဲ့သူကြတော့ မပါဘူးပေါ့ဗျာ။ သူကတော့ အများအကျိုးအတွက် ဆိုကတည်းက မြင့်မြတ်တယ်လို့ကို သက်မှတ်နိင်ပါတယ်။ အသိဥာဏ်နည်းပါးတဲ့ သူ ၊ ( ပညာရေး နိမ့်ပါးတဲ့သူပေါ့ဗျာ ) သူကတော့ သူထင်တာ ၊ သူလုပ်ချင်တာကို ဇွတ်လုပ်ပစ်လိုက်တာပဲ။ ရှေ့တွေနောက်တွေ မသိဘူး။ သူ့ဆီမှာ လတ်တလော ခံစားနေရတာကို ကြည့်ပြီး သူလုပ်ချင်တာကို ဇွတ်လုပ်ပစ်လိုက်တယ်။ ဒီတော့ မမှားသင့်တဲ့ အတွေးအခေါ်တွေ မှားပြီး ဒုက္ခပိုရောက်တက်တယ်။

အမေ ငယ်ငယ်တုန်းက ပြောပြောနေတဲ့ ငါတို့ ပေးနိင်တဲ့အချိန် ပညာကို တက်အောင်သင်ကြတဲ့။ ဘာလို့လည်း အမေ။ သား ကျောင်းမတက်ချင်ဘူး။ အိမ်စာလည်း မလုပ်ချင်ဘူး။ ဒါပေမယ့် လိုချင်တာ ၀ယ်ဖို့ ပိုက်ဆံတော့ ရချင်တယ်။ ကလေးအတွေးပါ။ အမေကတော့ ပညာတွေ တက်တော့ င့ါသား “ အရာရာကို စဉ်းစားချင့်ချိန်နိင်တာပေါ့တဲ့ ” ။ အမေပြောတာ မှန်ပါတယ်။ ဒါပေမယ့် လောကကြီးမှာ ပညာတွေ တက်ရဲ့သားနဲ့ ပညာရှိနည်းနဲ့ နှိပ်စက်နေကြတဲ့လူတွေ ၊ ယုတ်မာနေကြတဲ့ လူတွေ ရှိတာတော့ ဘယ်လိုပြောမလဲ အမေလို့ ပြန်မေးချင်မိတယ်။ သူတို့တွေက ပညာတွေ တက်ရဲ့သားနဲ့ မစဉ်းစားပဲ လုပ်ချင်တာ လုပ်တဲ့အခါ ၊ ပညာမတက်တဲ့ လူတွေလုပ်တာထက် ပိုကြောက်ဖို့ကောင်းတယ်ဆိုတာ အမေကို ဒီတခါပြန်ရင် ပြန်ပြောရဦးမယ်။ ဘာလို့လဲဆိုတော့ အမေက ပညာမတက်ပါဘူး။ အတန်းပညာကို ဘုန်းကြီးကျောင်းမှာပဲ ပြီးခဲ့တာ။ ဒါပေမယ့် သားပညာ တက်ရင်တော့ အမေတက်သလိုပဲ ဖြစ်ရမယ်။ အမေ့မှာ ရှိတဲ့ မေတ္တာတရား ၊ အကြင်နာ တရားနဲ့တင် အမေဘ၀က အရာရာပြည့်စုံနေပါပြီ။

ဒီတခါပြန်ရင်တော့ အမေ့နားမှာ ကပ်ပြီး “ လောကမှာ ပညာတက်ပြီး ၊ လောကကို နှိပ်စက်နေတဲ့ လူတွေရဲ့အကြောင်း ” အမေ့ကိုပြောပြရဦးမယ်။


Monday, December 1, 2008





ဘ၀မှာ သူနဲ့ ပတ်သက်လာလျှင်
ဆွေမျိုးမရှိဘူး ၊ ညီအစ်ကိုမရှိဘူး
သူငယ်ချင်းမရှိဘူး ၊ မိတ်ဆွေ မရှိဘူး
မောင်နှမ မရှိဘူး ၊ တခါတလေဆို အဖေအမေတောင် မရှိချင်ဘူး

သူကလည်း အဲဒီလို မရှိအောင်
သူ့သိက္ခာကို ထိန်းတယ်
သူ့ကြောင့် လူတွေ မျက်ရည်ကျတာကို ကြည့်ပြီး ၀မ်းသာတယ်
သူ့ကြောင့်လူတွေ ပျော်ရွှင်တာကိုကြည့်ပြီးလည်း ၀မ်းနည်းပြန်သေးတယ်

သူ့ကို လွယ်လွယ်ကူကူ မရရှိနိင်ပေမယ့်
သူကတော့ လွယ်လွယ်ကူကူပဲ ဖျက်ဆီးနိင်တဲ့ အစွမ်းရှိတယ်

တုတ်ဆွဲ ၊ ဓါးဆွဲ ၊ သေနတ်ဆွဲ
လက်သီးချင်း ၊ လက်ဝါးချင်း တွေမှာလည်း သူပါတယ်
လောကမှာ သူသာလျှင် အရေးအကြီးဆုံးလို့
သူ့ကိုယ်သူထင်နေတယ်

ဘယ်သူက သူ့ကို လူ့လောကထဲ ခေါ်လာခဲ့တာလဲ
လောကမှာ တစ်စုံတရာကို တန်ဖိုးသတ်မှတ်ဖို့
သူ့ကိုမှ ဘာလို့ ရွေးချယ်ခဲ့ကြရတာလဲ

ကမ္ဘာကြီးမှာ သူ့ကို အိတ်ထဲခေါ်ထားနိင်တဲ့ လူမှန်သမျှ
လုပ်ချင်ရာကို လုပ်ဖို့ သူကခွင့်ပြုထားတယ်
သူ့မှာ တရားတာ ၊ မတရားတာ
သစ္စာရှိတာ ၊ ဖောက်ပြန်တာတွေ မရှိဘူး
သူ.....သူ.....သူ

မပတ်သက်ချင်လည်း ပတ်သက်နေရဦးမယ်
သူနဲ့ မပတ်သက်ရင်လည်း ဘယ်သူမှ ကိုယ်နဲ့လာပြန် ပတ်သက်မှာ မဟုတ်တော့
လောကမှာ သူမရှိရင်ကောင်းမယ်လို့ ဆုတောင်းပေမယ့်
သူဆိုတဲ့ “ ငွေ ” ကိုတော့ ပတ်သက်ရဦးမယ်