Tuesday, April 22, 2008

ပိုလီဂမ်မစ် (Polygamist)

ခုတလော အလုပ်လုပ်လည်းဒီစိတ်၊ သွားလည်းဒီစိတ်၊ တနုံနုံနဲ့ ရင်ထဲမှာ ကလိကလိ ဖြစ်နေလို့ မနေနိုင် မထိုင်နိုင် ဒီကြောင်းလေးကို ရေးလိုက်ခြင်းဖြစ်ပါတယ်။ အမေရိကန်၊ တက်ကဆက်ပြည်နယ်၊ အလ်ဒိုရာဒို မြို့မှာ ဖြစ်ပွားခဲ့တဲ့ အကြောင်းလေးပါ၊ ဘလောဂ့်ဂါ မောင်နှမတွေ စိတ်ဝင်စားလိမ့်မယ် လို့ယုံကြည် စွာပြန်လည် လက်ဆင့် ကမ်းလိုက်တာပါ။

နောက်ပိုင်းတက်ကဆပ် (Texas) ပြည်နယ်က၊ အလ်ဒိုရာဒို (Eldorado) မြို့လေးမှာ မိန်းမ( ဇနီး အဖြစ်သော်၎င်း) မြောက် မြားစွာယူလို့ရတဲ့ ဘာသာရေး အသင်းတခုက အသက်မပြည့်သေးသော် အမျိုးသမီး (၁၈ နှစ်အောက်) တွေကို အသက် ၅၀ ကျော် အဖိုးကြီးများနဲ့ လက်ဆက်ပေးခြင်းများ လုပ်နေကြပါတယ်။ တချို့ကို မိဘများ ကိုယ်တိုင်က လက်ဆက်ပေးတာပါ။ မိဘစကား၊ ဘာသာရေး ခေါင်းဆောင်တွေရဲ့ စကားကို မလိုက်နာတဲ့သူတွေက အသင်းတော်ကိုဆန့်ကျင်ပြီး၊ ကောင်းကင်ဘုံကို မရောက်ဘူးလို့ ခံယူထားကြတယ်။

အဲဒီဘာသာရေး အသင်းကြီးက ဘယ်လိုပုံ ဘယ်လိုနည်းနဲ့ တက်ကဆပ်ပြည်နယ်ကို ရောက်လာသလဲဆိုရင် လွန်ခဲ့သော လေးနှစ်လောက်က အလ်ဒိုရာဒိုမြို့၊ ရှက်လီချယ် (Schleicher County) ကျေးရွာကို ဂါဝန်ရှည်ဝတ်သော အမျိုးသမီးများ၊ ရှေးခောတ်ဆန်သော အဝတ်များနှင့် အမျိုးသားများ၊ ကလေးများ ပြောင်းရွှေ့လာကြပါတယ်၊ ယူတာနဲ့ အာရီဇိုးနား ပြည်နယ်ဘက် ကနေပြောင်းရွှေ့လာကြတယ်လို့ ဆိုပါတယ်။ ယူတာပြည်နယ်မှာ အများဆုံးဖြစ်တဲ့ မာမွန် ဘာသာရေးဂိုဏ်းမှ ခွဲထွက်သွားကြသူများလို့ ဆိုကြပါတယ်။ မာမွန်တွေက လူတယောက် မိန်းမ မြောက်မြားစွာယူတဲ့ စံနစ်ကိုလက်ကိုင်ထားတာလေ၊ အစိုးရကိုနယ်မြေ သတ်မှတ်ပေးဖို့တောင်းဆိုတယ်၊ ဒါကို အမေရိကန် အစိုးရကလည်း မိန်းမမြောက်မြားစွာ ယူတဲ့စံနစ်ကို ဖျက်သိမ်းဖို့ ပြန်လည်တောင်းဆိုပြီး နှစ်ဘက် သဘောတူညီမှု့ကို ၁၈၉၀ ခုနှစ် မှာရယူ ဆုံးဖြတ်ကြတယ်၊ ဒီလိုလုပ်တာကို မှားတယ်လို့ ယူဆသူများက သပ်သပ်ခွဲထွက်ပြီး တက်ကဆပ်ပြည်နယ်ဘက်သို့ ရွှေ့ပြောင်းသွားတယ်လို့ဆိုပါတယ်။ မိန်းမမြောက်မြားစွာယူခြင်းက အမေရိကန်ရဲ့ တရားဥပဒေနဲ့ ဆန့်ကျင်ပါတယ်၊ တရားဝင်ကွာရှင်းပြီးမှ ဆိုရင်တော့ နောက်တယောက်ကို လက်ထပ်လို့ ရတာပေါ့။


FLDS ဘုရားကျောင်းဝင်း


လူဦးရေ ၂၈၀၀ ခန့်သာရှိတဲ့ ကျေးရွာလေးက ဖော်ရွှေစွာနဲ့ ကိတ်၊ ပန်းခြင်းများနဲ့သွားရောက် မိတ်ဖွဲ့ခဲ့ပေမဲ့ လူသစ်များဟာ တုန့်ပြန်မှု့ မရှိသလို၊ လာရောနှောခြင်းလည်း မရှိကြဘူး၊ ဧကပေါင်း ၁၇၀၀ ကျော်ရှိတဲ့ နယ်မြေမှာ သီးသန့်နေကြပါတယ်။ အဲဒီဒေသက ဒီလိုနယ်မြေတွေကို သားကောင်တွေပစ်ခတ်ဖို့၊ ထိန်းသိမ်းဖို့၊ ကိုယ်ပိုင်လမ်းသွယ်တွေဖောက်ဖို့၊ အပန်းဖြေစခန်းများဆောက်ဖို့ ဝယ်ယူလို့ရပါတယ်။ အရင်ကလည်း ဆီကုပဏီတွေက ဒီလိုဘဲလုပ်လာကြတာ၊ သူတို့က ကိုယ်ပိုင်လုပ်ငန်းလုပ်ဖို့လို့ ဆိုကြပေမဲ့နောက်မှ သူတို့ရဲ့စစ်မှန်တဲ့ ရည်ရွယ်ချက်ကို ကျေးရွာကလူတွေသိကြတာလေ။ ဒါကြောင့်အသစ်ရောက်လာသော လူအုပ်စုကြီးကလည်း ဧကပေါင်းမြောက်မြားစွာကို ဝယ်ယူနိုင်ခဲ့တာပေါ့။ အိမ်ဆောင်၊ အဆောက်အဦးများကို ပြင်ပ ကအင်ဂျင်နီယာတွေကို ခေါ်ယူပြီးဆောက်လုပ် နေထိုင်ကြပါတယ်။

ဒီလိုသီးသန့် ဘယ်သူနဲ့မှလည်း သွားရောက်ရောနှောခြင်း မပြုဘဲ ဘာသာရေးဂိုဏ်း Fundamentalist Church of Jesus Christ of Latter Day Saints or FLDS ( အခြေခံကျသော ယေရူအသင်းတော်၏ ယနေ့ခေတ်ကာလ ပရောဖက်များ၊ အက်ဖ်အလ်ဒီအက်စ်) တခုအနေနဲ့ သီးခြားကမ္ဘာ တခုလို နေလာခဲ့တာ၊ ဧပြီလ ပထမပတ်ထိအောင် ပါဘဲ။ အမေရိကန် အစိုးရအနေနဲ့ကလည်း ဝင်ရောက်ဖက်စွက်ခြင်း မပြုဘူး၊ ဝါးဆော(နောက်မှ အခွင့်ကြုံရင် ဖော်ပြပါအုံးမည်) အရေးကလည်း ဖြစ်ခဲ့ဘူးတာကိုး၊ အဲဒီလို အဖြစ်အပျက်မျိုး ထပ်အဖြစ်မခံနိုင်တော့ဘူးလေ။

ဧပြီလ ပထမပတ်မှာ အမေရိကန် အစိုးရနဲ့ အက်ဘီအိုင် (FBI) တို့က အက်ဖ်အလ်ဒီအက်စ် ခြံဝင်းကို ဝင်စီး၊ အထဲမှာရှိနေတဲ့ ကလေး ပေါင်း ၄၁၆ ယောက်ကို ခြံဝင်းကျယ်ကြီးကနေပြီး မိဘများရဲ့ ရင်ခွင်မှ အစိုးရရဲ့ အုပ်ချုပ်မှု့အောက်မှာထိန်းသိမ်းထားလိုက်ပါတယ်၊ အကြောင်းရင်းက အသက်မပြည့်သေးသော် မိန်းကလေး တဦး (၁၆ နှစ်) က နယ်မြေမှာရှိတဲ့ အရေးပေါ်ဖုန်းလိုင်းကိုခေါ် ပါတယ်၊ သူမရဲ့ အသက်၅၀ ရွယ် လင်ယောကျာ်းက နှိပ်စက်နေတယ်ဆိုလို့ပါ။ (ဒါပေမဲ့ အဲဒီဖုန်းခေါ်သူ ကလေးမကို ခုထိရှာမတွေ့သေးပါဘူး)။

ကလေးတွေက သုံးပုံ နှစ်ပုံက အသက်လေးနှစ်အောက်များ ဖြစ်ပြီး ကျန်တဲ့သူများက ၁၇နှစ် အောက်များဖြစ်ပါတယ်။ ကလေးတွေကိုအမေဘယ်သူလဲ ဆိုတော့ ဖခင်ဖြစ်သူ၏ ဇနီးအားလုံးကို အမေဟု ခေါ်ပြီး၊ ကျန်တဲ့ ယောက်ျားမှန်သမျှကို ဦးလေးလို့ ခေါ်နေတာကြောင့် ဘယ်ကလေးက ဘယ်သူ့ရဲ့သွေး ဆိုတာပြောဖို့ အခက်တွေ့နေတယ်လို့ တက်ကဆပ်ပြည်နယ်၊ တာဝန်ရှိလူမူဝန်ထမ်းများက ဆိုပါတယ်။



FLDS အမျိုးသမီးများ ( ဂါဝန်ရှည်များဖြင့် )

ဧပြီလ ၁၄ရက်နေ့ကတော့ တရားရင်ဆိုင်ကြပါတယ်၊ တဖက်က မိဘများနှင့် ရှေ့နေများ၊ တဖက်က အစိုးရ လူမူဝန်ထမ်းများနှင့် ရှေ့နေများ၊ ရှေ့နေ အယောက် ၁၀၀ လောက်စုရုံးနေတဲ့ တရားခွင်ကြီးက အမေရိကန်ပြည်ရဲ့ ပထမဆုံးနဲ့ ဆူညံပွက်လော အရိုက်ဆုံး တရားခွင်ကြီးဖြစ်ခဲ့ ပါတယ်။ တရားသူကြီးချုပ်ကိုယ်တိုင်က တော်တော် ကိုထက်မြက်ပြီး ပိုလီယိုရောဂါကြောင့် ခုချိန်ထိ၊ ခြေထောက်ကို သံစွပ်ပြီး လျှောက်နေရတဲ့သူပါ၊ အကောင်းဆုံးဖြစ်အောင် စီရင်ချက်ချမယ်လို့ ဂတိပြုလိုက်တဲ့ သူပါ။ တနင်္လာနေ့ကတော့ ကလေး၊ မိဘ အားလုံးရဲ့ ဒီအင်အေ ကိုယူပြီး၊ ဘယ်သူက ဘယ်သူနဲ့ သက်ဆိုင်တယ်၊ ဆိုတာတွေကို အရင်စစ်ဆေးမယ်လို့ဆိုလိုက်တယ်။ ဒီ အတောအတွင်းတော့ သက်ဆိုင်ရာ အစိုးရ၊ လူမူဝန်ထမ်းတွေကဘဲ ကလေးတွေကို စောင့်ရှောက်ရမှာဖြစ်တယ်။ မိဘတွေအနေနဲ့ ကလေးကို ပြန်လည်ခေါ်ယူခွင့် ရှိမရှိ ဆိုတာကိုတော့၊ ဒီအင်အေ အဖြေရမှဘဲ၊ ကာယအားဖြင့် သော်၎င်း၊ စိတ်ဓာတ်အားဖြင့်သော်၎င်း၊ နှိပ်စက်ခံရခြင်း ရှိမရှိ ဆိုတဲ့အပေါ် မူတည် လိမ့်မယ်လို့ ပြောကြား ထားပါတယ်။ အဖြေရဖို့ ဆိုတာကလည်း တစ်လ လောက်တော့ ကြာအုံးမှာဖြစ်ပါတယ်။



တရားခွင် အပြန်

သာမန်အားဖြင့်တော့ ဒါဟာသတင်းတပုဒ်ပါဘဲ၊ ဒါပေမဲ့ကျမရင်ထဲမှာ အော်ပြီးမေးလိုက်ချင်တယ် အမေလုပ်တဲ့သူများကို။ ယောကျာ်းဖြစ်သူများက ကောင်းကင်ဘုံကိုရောက်ဖို့ မိန်းမမြောက်မြားစွာယူပြီးထား၊ ဒါကိုဖြည့်စွမ်းပေးခြင်းအားဖြင့် သူတို့က ကောင်းကင်ဘုံရောက်ရောလား၊ ကမ္ဘာဦးကျမ်း ၃း ၁၆ မှာဖော်ပြထားတာ ကိုလွဲမှားစွာ ဆွဲသုံးနေကြတာလား၊ မွေးလာတဲ့ ကလေးများဟာ အိုင်ကရူ ၂၅ ရဲ့အောက်ကနေ တက်မလာတာကိုရော သတိထားမိရဲ့လား၊ ကလေးများဟာ အဖေတူပြီး အမေကွဲတဲ့ ညီအစ်ကို၊ မောင်နှမ အယောက်၂၀ ထက်မနည်းရှိနေကြတာကိုရော အမှတ်မှရကြရဲ့လားလို့လေ၊ ဘာသာရေးဆိုတာကို ခုတုံးလုပ်ပြီး၊ ကိုယ့်စိတ်ဓာတ် အာသာဖြေနေကြသောသူများ လို့ဘဲ အော်ပြောလိုက်ချင်တော့တယ်။ အမေရိကန် ပြည်ထောင်စုကြီးက လင်ယောကျာ်း မရှိဘဲ ကလေးမွေးလို့ရှိရင် ထောက်ပံ့ကြေးများပေးတတ်တာကို အလွဲသုံးစား လုပ်နေကြတာလား။ ပြောကြပေတော့ အမြင်တွေ။

မလားရှိုးသူ ဘလော့ဂ်မှ ဖော်ပြပါသည်။


ဖန်တက်စီဂိမ်း


ဘောလုံးချစ်သူများအတွက် ........Welcome to Fantasy

အွန်လိုင်းဂိမ်း တစ်ခုလေး အကြောင်းကို လက်တို့လိုက်ဦးမယ်ဗျာ။ ဒီဂိမ်းလေးက ပရီးမီးယားလိဂ်မှာ ရှိတဲ့အသင်းတွေထဲမှာ ရှိတဲ့ ဘောလုံးသမားတွေနဲ့ ကန်ရတာပါ။ ဘယ်လိုကန်ရတာလဲဆိုတော့ ဂိမ်းထဲမှာ အကောင့်ဖောက်လိုက်ပြီ ဆိုတာနဲ့ ကစားသူကို ၀က်ဘ်ဆိုက်ဒ်က ပေါင် ၁၀၀ ပေးပါလိမ့်မယ်။ အဲဒီငွေတွေထဲက ဂိုးသမား ( ၂ )ယောက် ၊ နောက်တန်း ( ၅ ) ယောက် ၊ အလယ်တန်း ( ၅ ) ယောက် ၊ ရှေ့တန်း ( ၃ ) ယောက် ၊ အားလုံးပေါင်း ( ၁၅ ) ယောက်ကို ကိုယ်ကြိုက်တဲ့ ကစားသမား အလိုက် ပေးထားတဲ့ ပေါင် ၁၀၀ နဲ့ ရအောင်ဝယ်ရပါတယ်။ ၀ယ်တယ်ဆိုပေမယ့် ကစားသမား အလိုက် တန်ဖိုးဈေးရှိပါတယ်။

ဥပမာ ဂျိုလ်ကိုးလ် ကိုဝယ်မယ်ဆိုရင် တန်ဖိုးက ၈.၉ ရှိတယ်ပေါ့။ နောက်ကစားသမား တစ်ယောက်ကို ၀ယ်မယ်ဆိုရင်လည်း သူ့ဈေးအတိုင်းရှိပါတယ်။ ပြီးတော့ အသင်းတစ်သင်းစီမှ ကစားသမား ( ၃ ) ယောက်ကိုသာ အများဆုံးဝယ်ယူနိင်ပါတယ်။ ဥပမာ ချဲလ်ဆီးက ဂျိုကိုးလ် ၊ ကာဗယ်လ်ဟို ၊ ဘလက်တီ တို့ကို ၀ယ်ယူပြီးရင် နောက်ထပ် ချဲလ်ဆီးမှ မည်သည့် ကစားသမားကိုမှ ၀ယ်ယူလို့ မရတော့ပါဘူး။ အများဆုံး ( ၃ ) ယောက်ပေါ့။ ပေါင် ၁၀၀ နဲ့တော့ ၁၅ ယောက်ကို ရအောင်ဝယ်ရမှာနော်။ အဟဲ။ သူက ပွဲအပတ်စဉ်အလိုက် ကန်ရတာပါ။ ဒီအပတ်ဆို ၃၅ ပွဲပြီးပြီပေါ့။ နောက်တပတ် Gameweek က ၃၆ ပေါ့။ ကိုယ်ကန်စေချင်တဲ့ သူတွေကို ထည့်ပေးလိုက်ပြီး ပွဲအားလုံးပြီးတာနဲ့ ကိုယ့်အမှတ် ဘယ်လောက် ရတယ်ဆိုတာ အောက်မှာ ပြထားပါတယ်။ ဥပမာ အများဆုံးက ၉၆ ၊ သာမန်က ၄၅ ၊ ကိုယ်ရတာ ၄၈ မှတ်ဆိုရင်တော့ ဂွတ်ပေါ့။ ဘေးနားက အမှတ်ပြ ရလဒ်က ဒီတစ်ပတ် ကောင်းမကောင်း ပြပေးပါတယ်။ ကဲ နောက်တစ်ခုအနေနဲ့ ဘေးနားက မီနူးဘားလေး အကြောင်းပြောရအောင်ဗျာ။

My team - ဆိုတာကတော့ လက်ရှိ ဒီတပတ်အတွက် ကိုယ်ရွေးချယ်ထားတဲ့ ကစားသမားတွေကို ပြတာပါ။

Latest Points - ဆိုတာကတော့ ဒီတပတ်မှာ ကိုယ်ကန်ခိုင်းလိုက်တဲ့ ကစားသမားတွေက သူတို့အသင်းမှာ ခြေစွမ်းပြရင် ပြသလို အမှတ်ဘယ်လောက် ရသလဲ ဆိုတာ ပြသတဲ့ အမှတ်ပါ။

Transfers - ဆိုတာကတော့ တကယ်လို့ ကိုယ်ရွေးချယ်ထားတဲ့ အသင်းမှာ ကစားသမားကို မကြိုက်တော့ဘူး ၊ ဒီကစားသမားက အမှတ်မရတော့ဘူးဆိုရင် ၊ ဒါမှမဟုတ် နာသွားရင်ပဲ ဖြစ်ဖြစ် နောက်ကစားသမားနဲ့ ချိန်းပေးတဲ့ ဟာပါ။ တပတ်ကို ၁ ယောက်သာ free ချိန်းခွင့်ပေးပြီးတော့ ၊ ၁ ယောက်ထက် ပိုချိန်းချင်ရင်တော့ ကိုယ့်မှာ ရှိတဲ့ အမှတ်ထဲက ၄ မှတ်ပြန်နုတ်ပါတယ်။ ၁-ယောက်ကို ၄ မှတ် ၊ ၂ ယောက်ဆိုတော့ ၈ မှတ်ပေါ့။ အဲဒီလိုပါ။

Leagues - ဆိုတာကတော့ လွယ်လွယ်ကူကူ ပြောရရင် ပြိုင်တာပေါ့။ ကိုယ်နဲ့တခြားတစ်ယောက်နဲ့ ၊ ဒါမှ မဟုတ် တခြား သူငယ်ချင်းတွေနဲ့ ပြိုင်ကြတာပေါ့။ ငါက ဒီတပတ် အမှတ်ဘယ်လောက်ရလဲ မင်းက ဘယ်လောက်ရတယ် ဆိုတာပေါ့။ ကျွန်တော်နဲ့ ကျွန်တော့်သူငယ်ချင်းကတော့ ၁ လ တစ်ခါ မုန့်ကျွေးကြေးပြိုင်ပါတယ်။း)

အမှတ်ပေးပုံ

ဂိုးသမား - ဂိုးမပေးရလျှင် (၄) မှတ် ၊ ပွဲချိန် (၇၀) မိနစ်ပါလျှင် (၂) မှတ် ၊ ကာကွယ်တာ ကောင်းလျှင် ကောင်းသ လောက်ရပါတယ်။

နောက်တန်း - ဂိုးမပေးရလျှင် (၄) မှတ် ၊ ပွဲချိန် (၇၀) မိနစ် ထိပါလျှင် (၂) မှတ် ၊ ဂိုးသွင်းလျှင် (၅) မှတ်

အလယ်တန်း - ဂိုးမပေးရလျှင် ( ၁ ) မှတ် ၊ ပွဲချိန် ( ၇၀ ) မိနစ်အထိပါလျှင် ( ၂ ) မှတ် ၊ ဂိုးသွင်းလျှင် ( ၄ ) မှတ်

ရှေ့တန်း - ဂိုးသွင်းလျှင် (၄) မှတ် ၊ ပွဲချိန် (၇၀) မိနစ် အထိပါလျှင် ( ၂ ) မှတ် ၊

ဘယ်သူမဆို Yellow Care ထိလျှင် ရတဲ့အမှတ်ထဲက ( ၁ ) မှတ်နုတ်ပါတယ်။ Red Card ဆိုလျှင်တော့ -၃ မှတ်နုတ်ပါတယ်။ ဂိုးရရှိအောင် Assists လုပ်ပေးရင် ၃ မှတ်ရပါတယ်။

Captain - တစ်ယောက်ကို ပေးထားရပြီး Captain ပေးခံရတဲ့ ကစားသမားကတော့ သူရတဲ့ အမှတ်အားလုံးကို ၂ နဲ့ေ့မြှာက်ခံရပါတယ်။ ဥပမာ - ဒီအပတ် ၅ မှတ်ရတယ်ဆို Captain ဖြစ်တာကြောင့် သူရမှတ်က ၁၀ မှတ်ဖြစ်သွားတယ်ပေါ့။



အရန်ကစားသမားများ


အမှတ်ပြိုင်တဲ့ ပုံစံလေးပါ

ဘောလုံးပွဲ ပုံစံအတိုင်း ၁၁ ယောက်ရွေးချယ်ပြီး လွှတ်ပေးရပါတယ်။ ကျန်တဲ့ ၄ ယောက်ကတော့ အရန်ပေါ့။ တကယ်လို့ ကိုယ်လွှတ်ပေးတဲ့ ကစားသမားက မကန်ဖြစ်ဘူးဆို ကျန်တဲ့ ၃ ယောက်ကို အစားထိုးပေးပါတယ်။ ကဲ အားလုံးပဲ နှစ်သက်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

လိပ်စာလေးကတော့ http://fantasy.premierleague.com




Friday, April 11, 2008


တစ်ညတော့ ကျွန်တော်လည်း မနက်ဖြန် ရုံးပြန်တက်ရမှာ ဖြစ်တာကြောင့် ရုံးတက်ဖို့ အ၀တ်အစားတွေ ပြင်ဆင်နေပါတယ် ။ အဲဒီအချိန်တုန်းက နာရီက ည(၁၁) ကျော်လောက်တော့ ရှိမယ်ထင်တယ်။ ညကလည်း ညနက်နေပြီ ။ မီးကလဲမရှိတော့ ၊ နေတော့လည်း ကိုယ်တစ်ယောက်တည်းဆိုတော့ စိတ်မခြောက်ခြားအောင် ဖရောင်းတိုင် မီးတွေ ထိန်နေအောင် ထွန်းရင်း တစ်ယောက်တည်း သီချင်းလေး တညည်းညည်းနဲ့ အလုပ်လုပ်နေမိပါတယ်။ ခဏကြာတော့ လေတွေ တော်တော်တိုက်လာတာကြောင့် အပြင်မှာ ထွန်းထားတဲ့ ဖရောင်းတိုင် မီးတွေ ငြိမ်းကုန်ပါတယ်။ ဒါနဲ့ ကျွန်တော်လည်း အခန်းတံခါးပိတ်ပြီး အခန်းထဲမှာပဲ ဖရောင်းတိုင် ၃ တိုင်လောက် ထွန်းထား လိုက်တယ် ။ အဲဒီအချိန်တုန်းက ကျွန်တော်တို့ အခန်းတွေ အားလုံးက လိုက်ကာ ၊ စောင် ၊ ခေါင်းအုံး ၊ ခြင်ထောင် ၊ အိပ်ရာခင်း ၊ သဘက် အကုန်အကုန်လုံး အဖြူရောင်တွေ ချည်းပါပဲ။ လေကလည်း ဘယ်ကနေ ဘယ်လို စိမ့်ပြီး တိုက်နေလဲ မသိပါဘူး။ ခန်းဆီး စတွေက လှုပ်လှုပ်သွားတယ်။ ဒီတော့ နဂိုကတည်းက တစ်ယောက်တည်း နေရလို့ ကြောင်တောင်တောင် ဖြစ်နေပါတယ် ဆိုမှ အတွေးတွေက လျှောက်တွေးတော့ တာပေါ့။ အဲဒီအချိန်မှာဆို တစ်စုံတစ်ယောက်ကပဲ ပြတင်းပေါက် အပြင်ဘက်ကနေ ကိုယ့်ကို ကြည့်နေသလိုလို ခံစားမိလာတယ်။ ဒါနဲ့ ကျွန်တော်လည်း စိတ်ရှင်းသွားအောင် ဖရောင်းတိုင်မီး ယူပြီး အပြင်ကို ထွက်ကြည့် လိုက်ပေမယ့် ဘာမှ မရှိပါဘူး။ ဘာရှိမှာလဲ ကိုယ်က ကြောက်နေတာကိုး။

ဒါနဲ့ ဖိနပ်တိုက် ၊ ခါးပတ်တိုက် ၊ နောက်ဆုံး အားလုံးပြင်ဆင်ပြီးတော့ အကျီကို တိုင်မှာ ချိတ်အပြီး ခြေလက်မျက်နှာ သစ်ဖို့ တံခါးကို ဖွင့်မယ် အလုပ်မှာ “ ဟင်းးးးးးးးးး ” ဆိုပြီး ညည်းသံကို ပေါ်တင်ကြီး ကြားလိုက်ရတယ်ဗျ။ ပေါ်တင်ကြီးဆိုတာက ခိုးကြောင်ခိုးဝှက် သဘောမျိုး မဟုတ်ဘူးပေါ့။ တိုးတိုးလေး မဟုတ်ဘူး။ အကျယ်ကြီး ကြားလိုက်ရတာကို ပြောတာပါ။ ပြန်တွေးမိရင် ရေးရင်းနဲ့တောင် ကြက်သီးထမိပါရဲ့။ ဒါနဲ့ ကျွန်တော်လည်း တော်တော် ကြောင်သွားတယ်။ ဟ....ပေါ်တင်ကြီးပါလားပေါ့ ။ ပြီးတော့ ဒီအခန်းတွေ မှာလည်း လူရောက်နေတယ် လို့လည်း မကြားမိပါဘူးပေါ့။ ဒါနဲ့ အသံကတော့ ပေါ်တင်ကြီး ကြားလိုက်ပေမယ့် ငါနားကြားလွဲတာ ဖြစ်မှာပါလေ ဆိုပြီး မျက်နှာသစ်ဖို့ ရေချိုးခန်းထဲကိုဝင် ကိစ္စပြီးတော့ အခန်းပြန်အထွက် နောက်တစ်ခါ “ ဟင်းးးးးးးးးးးး ” ဆိုတဲ့ အသံကြီးကို ထပ်ကြားလိုက်ပါတယ်။ အင်း..ပထမက နားကြားလွဲလို့ ။ ဒုတိယတစ်ခါကတော့ မဟုတ်တော့ဘူး ဆိုပြီး ကျွန်တော်လည်း ငြိမ်နေတာပေါ့။ သရဲခြောက်တာ ဆိုရင်တော့ ငါ နောက်တစ်ခါ သေချာပေါက်ကြား ရဦးမှာ ဆိုပြီး ငြိမ်နေလိုက်တယ်။ ဒါနဲ့ သိပ်မကြာပါဘူး နောက်တစ်ခါ “ ဟင်းးး ” ဆိုတဲ့ အသံလဲ ကြားရော ကျွန်တော်လည်း တခါတည်း ထွက်ပြေးတာ အခန်းတံခါးတောင် မပိတ်ခဲ့ဘူး။

သူခိုးသာဆို တော်တော် ပျော်မဲ့ အခြေအနေမှာ ရှိလောက်တယ်။ ကျွန်တော်ကလည်း တချိုးတည်း ဆရာကြီး အိပ်နေတဲ့ အဆောင်ကို ပြေးသွားပြီး ဆရာကြီးကို အကျိုးအကြောင်းပြောပြတာပေါ့။ ဒီလို ဒီလိုပဲ အသံကြားတယ်လို့ ဆရာကြီးလိုက်ခဲ့စမ်းပါလို့ ပြောပြီး ၂ ယောက်သား ဓတ်မီးနဲ့ အဆောင်ကို ပတ်ရှာကြတာပေါ့။ လူလား သရဲလားဆိုတာ သိအောင်လို့ပါ။ ဒါပေမယ့် လူတော့ မတွေ့ပါဘူး။ လူမတွေ့မှာတော့ သရဲလို့ပဲ ပြောရမလားဖြစ်နေပြီ မဟုတ်လား။ ဒီလိုနဲ့ ကျွန်တော်လည်း ဆရာကြီးကို အခန်းထဲမှာ ဟိုဘက်ကုတင်မှာ အိပ်ခိုင်းပြီး တစ်ညကုန်လွန်လိုက်တယ်။ နောက်နေ့က စပြီး ဗဟိုကင်းမှာပဲ သွားအိပ်ဖြစ်တော့တယ်။ ဗဟိုကင်းမှာက ရဲဘော်တွေနဲ့ ညဆို ပျော်ပျော်ပါးပါး သီချင်းဆို ၊ စကားပြော နဲ့ အချိန်ကုန်တာလည်း မြန်တာကိုး။ ဒီလိုနဲ့ မနက်ဆို လေးလပတ် အစည်းအဝေးမှာ ပြသဖို့ တပ်ရဲ့ စီးပွားရေး အခြေအနေပြဇယား ၊ တပ်တွင်း သက်သာချောင်ချိရေး ဇယား ၊ တပ်တွင်း ကျန်းမာရေးဇယား စတဲ့ ဇယားတွေ ကားချပ်တွေနဲ့ ဆွဲလိုက် ၊ဖျက်လိုက် မိတ္တူကူးလိုက်နဲ့ တော်တော်လေးကို ခေါင်းနောက်ခဲ့ပါသေးတယ်။ ညနေဘက် ၅ နာရီလောက် ရုံးဆင်းမှ ရဲဘော်တွေနဲ့ ခြင်းခက် ၊ ဘောလုံးကန်နဲ့ ကွတ်ခိုင်မှာ ရှိတဲ့ ရက်တွေကို အချိန်ဖြူန်းလိုက်တယ်။

ကွတ်ခိုင်မြို့

မြို့က သိပ်တော့ အကျယ်ကြီးမဟုတ်ပါဘူး။ မြို့ထဲကို ၀င်လာရင် ကြိုဆိုပါ၏ဆိုတဲ့ မုဒ်ဦးတွေ့ရမယ်။ ပြီးတော့ ကားလမ်းက အလည်ခေါင်ကျကျ တစ်လမ်းထဲ ရှိပြီးတော့ ဘေးဘယ်ညာမှာ အိမ်တွေ ၊ ထမင်းဆိုင်တွေ၊ စားသောက်ဆိုင် ၊ ကုန်စုံဆိုင် တွေ ဆောက်လုပ်ထားတာ တွေ့ရပါလိမ့်မယ်။ ဆေးရုံ ၊ ကျောင်း ၊ ဈေး ၊ စာတိုက် ၊ တောင်ပေါ်စေတီ ၊ ကစားကွင်း စသည်ဖြင့် မြို့အင်္ဂါနဲ့ လျောညီစွာ ဆောက်လုပ်ထားတာ ကိုတွေ့ရပါတယ်။ နောက်တစ်ခုကတော့ ကျမ်းစာကျောင်းလည်း တည်ရှိပါတယ်။ ပထ၀ီဘာသာ စကားနဲ့ ပြောမယ်ဆိုရင် ရွာတန်းရှည်သဘောမျိုးပေါ့ ၊ မြို့ဆိုတော့ မြို့တန်းရှည်ပေါ့။ လမ်းခွဲတစ်ခုရှိပြီးတော့ နာမည်က “ တာမိုးညဲ ” လမ်းခွဲပါ။ လက်ဖက်ခြောက်မှာ တားမိုးညဲ လက်ဖက်ခြောက်က တော်တော်လေး နာမည်ကြီးသလို သောက်လို့လဲ တော်တော်ကောင်းပါတယ်။ ဧရိယာ အကျယ်အ၀န်းက ရန်ကုန်က မြို့နယ် တစ်ခုစာ လောက်ပဲရှိပါတယ်။ ဒါတောင် တော်တော်ကျယ်တဲ့ မြို့နယ်တွေလောက်ဆို မရှိလောက်ပါဘူး။

လူဦးရေ - အားလုံးပေါင်းမှာ ၂ သောင်းလောက်တောင် ပြည့်ပါ့မလား မသိပါဘူး။ တော်တော်လေး နည်းပါးပါတယ်။ ဒီထက်မကလဲ ရှိချင် ရှိနိင်ပါတယ်။ လမ်းပန်းဆက်သွယ်ရေး မြို့ဖြစ်တာကြောင့် တခြားမြို့တွေမှာ အလုပ်သွားလုပ်တာကြောင့်လည်း မြို့မှာ လူသိပ်မရှိတာကြောင့်လည်း ဖြစ်နိင်ပါတယ်။

စီးပွားရေး - ဈေးထဲမှာတော့ အ၀တ်အထည် ၊ လူအသုံးအဆောင် ပစ္စည်း ၊ အီလက်ထရောနစ် ပစ္စည်းတွေ ရောင်းပါတယ်။ ကျန်တာကတော့ ဖြစ်ဖြစ်မြှောက်မြှောက်ရယ်လို့ မတွေ့ရပါဘူး။ မန္တလေး - မူဆယ် လမ်းမှာ ခေတ္တနားရာ မြို့တစ်ခုဖြစ်တာကြောင့် ဖြက်သွား ဖြက်လာ ခရီးသွားတွေလောက်ပဲ ရှိပါတယ်။

ရာသီဥတု - ကွတ်ခိုင်က မြန်မာနိင်ငံရာသီဥတုနဲ့ ဆိုရင်တော့ အတော်အေးတယ်လို့ ဆိုရမှာပါပဲ။ တစ်နေ့လုံး ရေချိုးတိုင်ကီကို နေပူထဲမှာ ထားတာတောင် တိုင်ကီတစ်ခုမှ အရစ် ၂ ရစ်နဲ့ အပိုင်း ၃ ပိုင်းပါတာတောင် အပေါ်ဆုံးအပိုင်းပဲ နွေးလောက်အောင် အေးပါတယ်။ တစ်ခါတလေ အုတ်ရေကန် ထဲမှာထည့်ထားရင် မနက်ဆို အပေါ်ယံရေလေးတွေက ခဲနေတက်ပါတယ်။ မိုးသီးတွေလည်း ခဏခဏ ကြွေကျတက်ပါတယ်။

တစ်နေ့တော့ ကျွန်တော်လည်း ပျင်းတာနဲ့ ညနေ ၇ နာရီလောက် မြို့ထဲကို ဆရာကြီးတစ်ယောက်နဲ့ အတူ လမ်းလျှောက်ထွက်ခဲ့ပါတယ်။ မကြည့်တာ အတော်ကြာပြီ ဖြစ်တဲ့ ချဲလ်ဆီး ဘောလုံးပွဲလည်း ကြည့်ရင်း ၊ မြို့ရဲ့ ညဘက် အခြေအနေလေးကိုလည်း သိချင်တာကြောင့်ပါ။ ရာသီဥတုကလည်း အေးတော့ ဘောလုံးပွဲ မကြည့်ခင် လက်ဘက်ရည်ဆိုင်ထိုင်ရင်း မြိုံ့နေလူထုရဲ့ အခြေအနေကို အကဲခက်မိတော့ လက်ဖက်ရည်ဆိုင် ထိုင်နေတာ ၁၀ ယောက်မှာ ၆ ယောက်လောက်က မိန်းခလေးတွေဖြစ်နေပါတယ်။ ဒါနဲ့ လမ်းမပေါ်ကြည့်လိုက်တော့လည်း လမ်းလျှောက်နေကြတာက မိန်းခလေး အုပ်စုလိုက်တွေချည်းပဲ တွေ့ရပါတယ်။ ကျွန်တော်ထွက်လာတဲ့ အချိန်နဲ့ တိုက်ဆိုင်တာလားတော့ မပြောတက်ပါဘူး။ တော်တော်တော့ အံသြသင့်သွားတယ်။ အောက်မြန်မာပြည်မှာက လက်ဖက်ရည်ဆိုင်ထိုင်တာက ယောင်္ကျားလေးတွေပဲကိုး။ ဒါနဲ့ ကျွန်တော်တို့လည်း ဟိုကြည့် ဒီကြည့်နဲ့ အချိန်ဖြုန်းနေလိုက်တယ်။ ဘယ်မှတော့ သိပ်ထူးခြားတာ မတွေ့ရပါဘူး။ အေးအေးဆေးဆေးနဲ့ ပါပဲ။ တစ်ခုရှိတာက ကျွန်တော် မသိသေးတာလဲ ပါမယ့်ထင်ပါတယ်။ လောင်းကစားရုံတွေ ရှိတယ်လို့တော့ သတင်းသဲ့သဲ့ကြားမိပါတယ်။ ခေတ်စကားနဲ့ ပြောရရင် ဒိုင်လျိုလေးတွေပေါ့ဗျာ။

မနက်ဖြန် ဆိုလျှင် ကျွန်တော်တို့ လားရှိုးကို ဆင်းရတော့မှာကြောင့် ဒီနေ့ညမှာ လိုအပ်တဲ့ ပစ္စည်းတွေ အကုန်လုံးကို စုထားပြီး ညအိပ်ရာ ၀င်ခဲ့ပါတယ်။ လားရှိုးရောက်ရင်တော့ ပိုက်ဆံလည်း မရှိတော့တာကြောင့် အိမ်ကို မှာဖို့လည်း အဆင်ပြေ ၊ မစားရတာတွေလည်း အတိုးချ စားမယ်ဆိုပြီး ပျော်နေတာပေါ့။ ဟိုရောက်တော့ မှန်းချက်နဲ့ နှမ်းထွက် လုံးဝကို လွဲတော့တာပါပဲ။ တပ်က လန်ဂျန်း ကားပေါ်မှာ အဘရယ် ၊ အဘကတော်ရယ် ၊ ကျွန်တော်ရယ် ၊ ထောက်လှမ်းရေး တပ်ကြပ်ကြီးနဲ့တပ်ကြပ်ရယ် ၊ အဘရဲ့ရဲဘော်ရယ် ၊ ရုံးစာရေး ၃ ယောက်ရယ် ၊ ကျောက်ခဲတစ်လုံးရယ် အားလုံးပေါင်း ၁၀ ယောက်ဆင်းလာခဲ့ပါတယ်။ လမ်းမှာ မြို့ပြင် ထွက်ထွက်ချင်း ပြဿာနာနဲ့ စတိုးတာက ကုန်တင်ကား မောင်းသမားတစ်ယောက်နဲ့ အန်တီကြီး တစ်ယောက် စကားများ အော်ဟစ်နေတာ တွေ့ရပါတယ်။ အဲဒီ အဒေါ်ကြီးက သူ့သမီးကို ကားတိုက်သွားလို့ ဆိုလား ကားလမ်းမပေါ်မှာ အော်ပြီး ငိုနေတာကြောင့် ကျွန်တော်တို့လည်း ကားကိုရပ်ပြီး အခြေအနေ ဘာဖြစ်တယ် ဆိုတာ ဆင်းမေးရတာပေါ့။ ကားကတော့ ၁၀ ဘီးကာ ကုန်တင်ကားကြီးပါ။ အဒေါ်ကြီးက လမ်းမှာ သူ့သမီးကို ကားနဲ့တိုက်သွားပြီး ထွက်ပြေးသွားတာလို့ ပြောတော့ ကျွန်တော်တို့လည်း “ ဟာ ဒါဆိုရင် ရဲကိုခေါ်မှ ဖြစ်မှာပေါ့ ” ဆိုပြီး ကျွန်တော်တို့လည်း ရဲခေါ် ၊ မော်တော်ပီကယ်တွေလည်း ရောက်လာပြီးတော့ ဖြေရှင်းနေကြပါတယ်။ ဒါတောင် ကားသမားက ရဲစခန်းခေါ်တာကို မလိုက်ဘူးချည်း ငြင်းပြီး ရှင်းလျှင် ဒီနေရာမှာ ရှင်းဟု ဆိုတာကြောင့် မတက်သာတဲ့ အဆုံးဖမ်းခေါ်သွားတာကို မြင်လိုက်ရပါတယ်။ အော်..ဒုက္ခ ဒုက္ခ ။

ကျွန်တော်တို့ လားရှိုြး့မို့ကို ရောက်တော့ တိုင်းစစ်ဌာနချုပ်က စီစဉ်ပေးတဲ့ ဂေဟာမှာ နေရပါတယ်။ တပ်ရင်းမှုးတွေ အတွက် ဂေဟာတွေပါ ။ ပါလာတဲ့ စစ်သည်တွေကို ကျတော့ ခန်းမဆောင်ပေးထားပါတယ်။ ဟော သဘောမျိုးပေါ့။ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်မှာ ရှိတဲ့ တပ်အားလုံးဆိုတော့ လူကလည်း တော်တော်များပါတယ်။ ပြဿာနာရှိတာက ကျွန်တော်တို့လို အပေါ်မရောက် အောက်မရောက်တွေပါ။ အဘနဲ့ အတူနေဖို့လည်း မရ ၊ အောက်က တပ်ပေါင်းစုံက ရဲဘော်တွေနဲ့လည်း အတူမအိပ်ချင် တာရယ်နဲ့ ညရောက်မှာကို တော်တော်ကြောက်နေမိပါတယ်။ ဒါပေမယ့် နောက်ဆုံးတော့လည်း စစ်သားဆိုတော့ နုမနေတော့ပါဘူး။ ဒေါင်ကျကျ ပြားကျကျ မဟုတ်လား။ ပြီးတော့ မနက်မှာ ကိုယ့်တပ်ရင်းမှုး ဆွေနွေးပွဲမှာ အဆင်ပြေစွာ ပြောနိင်အောင် စာရိုက်ရ ၊ စီရ နဲ့ ညဘက်တွေဆို ၃ နာရီလောက်မှအိပ် ၊ မနက်ဆို ( ၅ ) နာရီလောက် ပြန်ထနဲ့ တော်တော် လေးကို အိပ်ရေးပျက်ခဲ့ရပါတယ်။ တခါတလေ ကျတော့ ကျွန်တော်လည်း မနိးဘူးဗျ။ ပင်ပန်းတော့ မရတော့ဘူး။ တရက်ဆို အိပ်ပျော်နေတာ ၉ နာရီလောက်မှ နိးလာတော့ လန့်သွားတယ်။ “ ဟာ ကနဲ့ တစ်ခွန်းအော်ပြီး မျက်နှစ်သစ်ပြီး အဘဆီကို ပြေးသွားတော့ အဘက မရှိတော့ပါဘူး။ ဆွေးနွေးပွဲက စနေပြီ။ ကျွန်တော်ကို သနားလို့ မနိးဘဲ ထားခဲ့တာတဲ့ ။ အိုင်ဆာဂျင်ကို ကျွန်တော့်အစား ခေါ်သွားပါတယ်။ ဒါနဲ့ ကျွန်တော်လည်း အ၀တ်လဲပြီး တိုင်းရုံးကို လိုက်သွားပြီး ပြန်ထွက်အလာကို စောင့်နေခဲ့ပါတယ်။ အထဲမှာတော့ တိုင်းမှုးအပါအ၀င် တပ်ရင်းမှုးတွေ ဆွေးနွေး နေကြတာပေါ့။ ကျွန်တော့်လိုပဲ စောင့်နေတဲ့ ကျောင်းဆင်းဘက် သူငယ်ချင်းတွေကိုလည်း တွေ့ခဲ့ရပါတယ်။ အဲဒီလို ဆွေးနွေးတာ အားလုံးပေါင်း ၅ ရက်လောက်ကြာပါတယ်။ တနင်္လာနေ့ကနေ စလိုက်တာ သောကြာနေ့မှာ ပြီးဆုံးပါတယ်။ ဒါနဲ့ စနေနေ့မှာ အဘကတော်က ဈေးဝယ်ချင်တယ်ဆိုတာနဲ့ လားရှိုးဈေးဝင်ပြီး ကျွန်တော်တို့လည်း ကွတ်ခိုင်ကို ပြန်တက်လာခဲ့ပါတယ်။

ဒီလိုနဲ့ ကွတ်ခိုင်ကို ပြန်တက် ၊ ဟိုရောက်တော့ ၁ ရက်နား ၊ တနင်္လာနေ့ကျတော့ ရှေ့တန်း မုံးကိုးကို ပြန်ထွက်လာခဲ့ရပါတယ်။ ဒီတစ်ခါ တက်တာတော့ တပ်ရင်းမှုးပါတာကြောင့်ရယ် ၊ ရိက္ခာပို့ဖို့ကလည်း ရှိတာကြောင့် ဖောကား နဲ့ ပြန်တက်ရပါတယ်။ အဲဒီမှာ ကျွန်တော်က မြွေပွေးလုပ်တော့တာပဲ။ အဘမသိအောင် တပ်မှာနေတုန်းက ပျင်းလို့ တီးတဲ့ ဂစ်တာကြီး ယူလာခဲ့တယ်။ ဂစ်တာ ယူလာတယ် ဆိုလို့ သိပ်တော့ အထင်မကြီးပါနဲ့ ဆိုလို့ရတယ်ဆိုတဲ့ အနေအထားလောက်ပဲ တတ်တာပါ။ ပိုဆိုးချင်တော့ အရပ်သား တစ်ယောက်လည်း ပါလာပါတယ်။ သူက ကျွန်တော်တို့တပ်က ရဲဘော်တစ်ယောက်ရဲ့ ယောက်ဖဆိုလား ၊ သူနေတာက ကျွန်တော်တို့ရှေ့တန်းထွက်တဲ့ နေရာနဲ့ သိပ်မဝေးတော့ လမ်းကြုံလိုက်လာတာပါ။ သူကလည်း ဂစ်တာကြီး ပါတော့ ဂစ်တာက ၂ လုံးတောင် ဖြစ်နေပါတယ်။ တစ်ခုအခြေအနေကောင်းတာက အဘက ရှေ့ခန်းမှာ ထိုင်တော့ မသိပါဘူး။ လမ်းတစ်လျှောက်လုံး စားလိုက်သောက်လိုက် ၊ ဂစ်တာတီးလိုက်နဲ့ အဆင်ကိုပြေလို့။ ရှေ့တန်းရောက်တော့ ကျွန်တော်လည်း အဘမသိအောင် ၀ှက်ထားရတာပေါ့။ ဒါပေမယ့် အခန်းက ကျဉ်းကျဉ်းလေးရယ်။ ဘယ်ကြာရှာဝှက်နိင်မှာတုန်း ။ ပြီးတော့ ညဆို ကျွန်တော်က တီးသေးတာ ဆိုတော့ အဘက သိပေမယ့် မပြောပါဘူး။

တစ်ရက်တော့ ညဘက်ကြီး ကျွန်တော်လည်း အိပ်မပျော်တာနဲ့ ရေဘူးရယ် ၊ မီးခြစ်ရယ် ၊ သေနတ်ရယ် ၊ ဂစ်တာရယ် ယူပြီး ဆက်သွယ်ရေး ဆရာကြီးကိုခေါ် ၊ နောက် ဂစ်တာတီးကောင်းတဲ့ ချင်းရဲဘော်တစ်ယောက်နဲ့ ၃ ယောက်သား ကွင်းပြင်အလယ်မှာ ဂစ်တာတီးပြီး သီချင်း အော်ဆိုကြတာပေါ့။ ဂစ်တာက ၂ လက် ၊ လူက ၃ ယောက် ၊ ကျွန်တော့်က အဆိုတော် ၊ အသံပြဲပြဲကြီးနဲ့ အငဲသီချင်းကို ဟစ်နေတဲ့အချိန် ၊ နေရာက ဘိုးတော် အိပ်နေတာနဲ့ ခြံစည်းရိုးပဲ ခြားတယ်။ ဒါပေမယ့် ကိုက် ၅၀ လောက်တော့ ရှိမယ်ထင်ပါတယ်။ ကျွန်တော်တို့က ကွင်းပြင်ကြီးမှာ ဖြစ်တဲ့အပြင် ၊ ညဘက်ကြီးလည်း ဖြစ်တာကြောင့် အဘက နိးလာပါလေရော။ ဒီတော့ ကင်းသမားကို ခေါ်ပြီး ထွက်လာတယ်။ ပြီးတော့ “ ဟေ့ ဘယ်သူတွေလဲကွ ၊ စခန်းနားလာပြီ သီချင်းအော်ဆိုနေတာ ၊ ၀တ္တရားနှောင့်ယှက်မှု့နဲ့ အရေးယူပစ်လိုက်ရမလား ၊ အခုသွား ” ဆြိုပီး လှမ်းအော်ပြောတာကြောင့် ကျွန်တော်တို့ ၃ ယောက်လည်း သုတ်ချေတင်ပြီး ပြေးလိုက်ကြတာ ၊ ပြေးတယ်ဆိုတာ စခန်းအနောက်ဘက်ကနေ ပတ်ပြီး ပြန်ဝင်တာပါ။ ဂစ်တာနဲ့ ခြံစည်းရိုး ကျော်လို့ကျော် ၊ ဆက်သွယ်ရေး မြောင်းထဲ ပြုတ်ကျလို့ကျနဲ့ လူလည်းတော်တော်လေးကို စုတ်ပြတ်သက်သွားပါတယ်။ မနက်ရောက်တော့ ကျွန်တော် ပန်းပင်တွေ ရေလောင်းနေတုန်း အဘနိးလာပြီး “ ဟေ့ကောင် ဗိုလ်ကြောင် ၊ ဟုတ်ကဲ့ အဘ ” “ အေး ၊ ညက ဂစ်တာတီးတဲ့ ကောင်တွေ စုံစမ်းစမ်းကွာ။ ပြီးတော့ င့ါဘက်စ်မင်း ရဲ သေနတ်ကိုလည်း တိုက်ခိုင်းထားလိုက် ၊ ဒီတစ်ည လာဆိုဦးမယ် ငါကိုယ်တိုင်ပစ်မယ်တဲ့ ” အေးရော။ ဘယ်နှယ့် ကျွန်တော်မှန်းသိလို့ တမင်လာပြောနေတာလေ။ ကျွန်တော့်အသံသူ မှတ်မိတာပေါ့။ ဒါကြောင့် အဘက ရုပ်တည်နဲ့ ခြောက်သလိုလို စသလိုလို လာပြောနေတာ။ ကျွန်တော်လည်း အသာလေး ငြိမ်နေလိုက်တယ်။ ပါးစပ်ကတော့ ဟုတ်ကဲ့အဘ။ ကျွန်တော် သေနတ်တိုက်ခိုင်းထားလိုက်ပါ့မယ်ဆိုပြီး လှည့်ပြေးလာခဲ့ရတယ်။ မလွယ်ပါလားနော်......။

ဆက်ရန်


Wednesday, April 9, 2008


“ ဒီတောင်ကုန်းက အရင်က သောင်းကျန်သူတွေ လူသတ်ကုန်းအဖြစ် အသုံးပြုခဲ့ကြတာပါတဲ့ ၊ ဘယ်ဘက်က အဖွဲ့အစည်းမဆို တစ်ခုခု လူသတ်ဖို့ ဖြစ်လာရင် ၊ ဒါမှ မဟုတ် အစိုးရ သတင်းပေး အဖြစ်သိလို့ သတ်ဖို့လိုအပ်လာရင် ဒီတောင်ကုန်းပေါ်ကို ခေါ်လာပြီး အခုဗိုလ်လုံတဲ့ အရှေ့ဘက် ၊ စခန်းအလည်တည့်တည့် မှာ ရှိတဲ့ သစ်ပင် သုံးပင် တွေ့တယ် မဟုတ်လား ၊ အဲဒီ စုပြီး ပေါက်နေတဲ့ သစ်ပင်တွေမှာ ကြိုးနဲ့ ချည်ပြီး ဓါး ၊ သို့မဟုတ် သေနတ်နဲ့ ပစ်သတ်ပြီး အလောင်းဖျောက်ကြတာပေါ့တဲ့ ” ဒီတော့ ကျွန်တော်ကလည်း တစ်ခွန်းပဲ ဆိုလိုက်နိင်တယ် “ ဗျာ.....” ။

တအောင့်လောက် ဟိုလျှောက်စဉ်းစား ဒီလျှောက်စဉ်းစား နေပြီးမှ အင်း...ဟုတ်ကဲ့ ဆရာကြီး ဆက်ပါဦး ဆိုတော့ “ ဒါကြောင့် သရဲ အင်မတန် ပေါတယ် ၊ မကျွတ်မလွတ်ကြတာပေါ့တဲ့ ။ ဒါကြောင့် ခြောက်လွန်းလို့ နောက်ဆုံး မခံနိင်တော့လို့ ဘုန်းကြီးခေါ် ကမ္မာဝါ ဖတ်ပြီး သူတို့နေဖို့ ဟိုဘက်ခြမ်းကို နတ်စင်ပါလုပ်ပြီး ပေးထားရတာပါ ။ ပြီးတော့ တစ်ညနေကပေါ့ ကျွန်တော်တို့တွေ အလောင်းအစား လုပ်ကြတယ်။ ဒီစခန်း ပတ်ပတ်လည်မှာ ကာထားတဲ့ တိုင်တွေကို ည ၁၂ နာရီတိတိမှာ ဘယ်နှစ်တိုင် ရှိတယ်ဆိုတာ ရေပြရမယ်။ ဒါဆို ဘယ်လောက် ပေးမယ် ၊ အရက်ဘယ်လောက်တိုက်မယ် ဆိုပြီး လောင်းကြတာ ၊ ညဘက်ကြီးဆိုတော့ ဒီကောင် တစ်ကယ် မလုပ်ဘူးထင်တာ ၁၂ နာရီ ကျော်ကျော်လောက်ကျတော့ ၀ူး .....၀ါး....အော်သံကြားလို့ ထွက်ကြည့်တော့ ပါးစပ်မှာ အမြုပ်တွေ ထွက်နေတာ တွေ့လို့ တော်တော်ကြီးကို နှာနှပ်ယူလိုက်ရတယ်တဲ့။ ကဲ...တွေးကြည့်ပါတော့ နာနာဘ၀ကို အယုံအကြည်မရှိဘူးပဲထား ဒီလိုကြီး ခြောက်သလို ၊ အတည်သလိုလို လာပြောတော့ နဂိုကတည်းက ယုံပါတယ် ဆိုနေမှ ပိုဆိုးတာပေါ့။ ဒါနဲ့ ကျွန်တော်လည်း “ အင်း...ဖြစ်နိင်ပါတယ်လေ ” ဆိုပြီး ဆရာကြီးကို ကိုယ့်နေရာ ကို သန့်ရှင်းရေး လုပ်ဖို့ ပြန်လွှတ်လိုက်တယ်။

ငါတော့ ဘုရားတရားကို အရင်ကထက် ပိုလုပ်မှပဲ။ ကယ်မှာ ဆိုလို့ ဒီတစ်ချက်ပဲ ရှိတာပေါ့ ဆိုပြီး အခန်းပြန် သောက်တော် ရေခွက်တွေ ၊ ဘုရားပုံတွေ ၊ အမွှေးတိုင်ထွန်းဖို့ ခွက်တွေ ရှိမရှိ ပြန်စစ် ၊ ပြီးတော့ သန့်ရှင်းရေးလုပ်နဲ့ ညအချိန်ကို ရောက်သွားပါတယ်။ တစ်အောင့်နေတော့ ဆရာကြီးက ထမင်းစားဖို့ ရဲဘော်တစ်ယောက်နဲ့ ထမင်းဟင်းတွေ ပို့လိုက်တော့ ဘုရားကို အရင် ဆုတောင်း ၊ ပြီးတော့ ထမင်းပန်းကန်ကို မြှောက်ပြီး စားဦးစားဖျားများ ဒါနပြုပါတယ် ။ အမှားတစ်စုံတစ်ရာ ရှိပါက အမိုက်အမဲမို့ ခွင့်လွှတ်တော် မူပါလို့ ပြောပြီး စားခဲ့သောက်ခဲ့ပါတယ်။ ဒါတော့ ဘယ်လိုပြောရမလဲ ကိုယ့်ဘာသာရေးနဲ့ ကိုယ့်ပေါ့ဗျာ။ ဟုတ် ဟုတ် ၊ မဟုတ်ဟုတ် ကျွန်တော်ကတော့ စိတ်ရှင်းအောင် တက်သမျှ ဖတ်သမျှ လုပ်လိုက်တာပါ။


စခန်းသစ် စခန်းကုန်းတည်နေရာ အနေအထား အကြမ်းဖျဉ်းပြမြေပုံ

ဒါနဲ့ ညကျတော့ စခန်းမှာ လူစစ် ။ လူကလည်း တော်တော်များတယ်ဗျာ။ ကျွန်တော် အပါအ၀င် ( ၇ ) ယောက်ပဲ ရှိတယ်။ အရာခံဗိုလ်ကြီး ( ၁ ) ၊ တပ်ကြပ်ကြီး ( ၁ ) ၊ အကြပ် ( ၂ ) ၊ ရဲဘော် ( ၂ ) ပဲရှိပါတယ်။ အဲဒီမှာ စပြီး ဘယ်လိုစခန်း သွားရတယ်ဆိုတာ နောက်ပိုင်းတော့ ပြောပြပါ့မယ်။ ဒါနဲ့ ကျွန်တော်လည်း ညကျတော့ ဘုရားဝတ်တက် ဆီးမီးပူဇော်ပြီး အိပ်ရာဝင်မယ်လုပ်တော့ ကင်းစောင့်မဲ့ အလုပ်ကို သွားသတိရတယ်။ ဒါနဲ့ ကျွန်တော်လည်း မအိပ်နိင်သေးဘူး။ ဆရာကြီးတွေကို သွားမေးပေါ့။ ကင်းဇယားကို ဘယ်လို လုပ်ထားလဲ ဆိုတာ။ ပြီးတော့ လူက ၇ ယောက်ထဲ ရှိတာကြောင့် ညကင်းကို ၉ နာရီက စစောင့်ရင် ၊ ကျွန်တော် အပါအ၀င် ၇ ယောက်ဆိုတော့ ပထမ ၂ ယောက်ကို ၂ နာရီနှုန်းနဲ့ ရဲဘော်တွေ ( ၂ ) ယောက်ကို အရင်စစောင့်ခိုင်းပြီး နောက်လူတွေက တစ်ယောက်ကို ၁ နာရီနှုန်း ။ ကျွန်တော်က မနက် ၅ နာရီကနေ ၆ နာရီထိ စောင့်ဖို့ ဆရာကြီးကို တာဝန်ပေးလိုက်ပါတယ်။ ဆရာကြီးက ဗိုလ်လုံမစောင့်ပါနဲ့ ။ ကျွန်တော်တို့ပဲ တာဝန်ယူပါ့မယ် ဆိုတော့ ၊ ဒါတော့ ဒါပေါ့ ဒါပေမယ့် အားလုံးပေါင်း ၇ ယောက်ပဲ ရှိတာ ဆိုတော့ ထည့်လိုက်ဖို့ ပြောပြီး အိပ်ရာ ၀င်ခဲ့ပါတယ်။

သင်္ကြန်အကြိုနေ့

“ ရှာပုံတော် မင်းသားကြီး~~~~~ဘယ်အရပ်ဆီ~~~~~မသိတော့ အခက်တွေ့ပြီ ” တချက်ချက် ပျံလွှင့်လာတဲ့ တေးသံက ကျွန်တော့်နားထဲကို မကြားတစ်ချက် ကြားတစ်ချက်နဲ့ ၀င်ရောက်လို့လာပါတယ်။ ဒါနဲ့ ကျွန်တော်လည်း လန့်သွားတယ်။ ဟာ...ငါ ကင်းစောင့်ဖို့ ပြောထားတာ လာမနိုးဘူးဆိုပြီး နာရီကို အလန့်တကြား ကြည့်တော့ ၇ နာရီကျော်နေပြီ။ ဒါနဲ့ အိပ်ရာ လူးလဲထပြီး တဲအပြင်ကို ထွက်လိုက်တော့ “ နိးလာပြီလား ဗိုလ်လုံ ” “ ဗိုလ်လုံကို မနိးရက်လို့ အိပ်ပါစေ ဆိုပြီး ကျွန်တော်ပဲ စောင့်လိုက်တာ ” ဆိုတော့ ကျွန်တော်လည်း အပြစ်မတင်ရက်တာနဲ့ “ အင်း...ကျေးဇူးတင်ပါတယ် ဆရာကြီးရေ ၊ နောက်တစ်ခါတော့ မလုပ်ပါနဲ့ ဟုတ်ပြီလား ဆိုပြီး ” ကျွန်တော်လည်း မှန်ပြောင်းယူ ပြီး စခန်းပတ်လယ် လိုက်ကြည့်နေပါတယ်။ ကျွန်တော် မပြောင်းခင်တုန်းက အဘက မနက်ဆို ကိုယ်နေတဲ့ စခန်းပတ်လည်ရဲ့ အခြေအနေကို ၂ နာရီခြား တစ်ခါ မှန်ပြောင်းနဲ့ ထူးခြားဖြစ်စဉ် ရှိမရှိ ကြည့်နေရမယ်တဲ့။ ဒါနဲ့ ကျွန်တော်လည်း ဟိုလျှောက်ကြည့် ဒီလျှောက်ကြည့်ပြီးတော့ အသံကြားရာ မြို့ထဲဘက်ရှိရာကို ကြည့်ဖို့ စခန်းရဲ့ အရှေ့ဘက်ကို ထွက်လာခဲ့ပါတယ်။

ကျွန်တော်တို့ စခန်းကနေ မြို့ကိုကြည့်မယ် ဆိုရင် မြို့ကို ကောင်းစွာ မြင်နိင်သည့် အပြင် တရုတ်ဘက်ကိုလည်း ထင်ရှားစွာ မြင်တွေ့နိင်ပါတယ်။ တစ်ခုရှိတာက တရုတ်တွေက သူတို့ နိင်ငံဘက်ခြမ်းက တောင်ပေါ်က သစ်ပင်တွေကို တပင်မှ မခုတ်ခိုင်းပါဘူး။ ဒီတော့ ရာသီဥတုက ကောင်းတဲ့အပြင် စစ်ရေးအရလည်း ပုံဖျက်ဖုံးကွယ်မှု တွေရရှိတယ်လို့ သက်မှတ်လို့ရပါတယ်။ ကျွန်တော်တို့ တောင်ထက် တော်တော်မြင့်တဲ့ တောင်တစ်လုံးကတော့ အောင်ဆန်းသူရိယ အေးချို ကျဆုံးသွားတဲ့ တောင်ကုန်းပါ။ သူက တပ်ရင်းတပ်ရင်းလုံး ဆုတ်ခွာနိင်အောင် သောင်းကျန်းသူ ရောင်စုံ သူပုန်တွေကို တစ်ယောက်တည်း ခံပစ်ရင်း အသက်အသေ ခံခဲ့တဲ့ အတွက် အမိမြန်မာနိင်ငံတော်က ထိုက်တန်စွာ အောင်ဆန်းသူရိယ ဘွဲ့ကို ချီးမြင့်လိုက်ခြင်းဖြစ်ပါတယ်။ အဲဒီတောင်က ပြေပြေလျော ဆင်းသွားပေမယ့် အမြင့်ကတော့ တော်တော်မြင့်ပါတယ်။ တောင်ပေါ်မှာ နာဂအိမ်တစ်လုံးရှိတာကို တွေ့ရပေမယ့် အမြင်နီး၍ ခရီးဝေး ဆိုတော့ မရောက်ဖြစ်ခဲ့ပါဘူး။ နာဂ လူမျိုးလား ၊ ပလောင်လူမျိုးလား မသိဘူး သူတို့က နေကို အရင်ဆုံးတွေ့ရတဲ့ နေရာ (၀ါ) နေနဲ့အနီးဆုံး ဆိုတဲ့ တောင်ပေါ်တွေမှာ နေကြပါတယ်။ ဘာလို့လည်းဆိုတော့ အဲဒီလို နေခြင်းဖြင့် ကောင်းကင်ဘုံနဲ့ ပိုပြီး နီးစပ်ဖို့ ဖြစ်နိင်တယ်ဆိုလား ကြားဖူးပါတယ်။ ဒါက မသေချာပါဘူး ခင်ဗျာ။ အမှားပါရင် ခွင့်လွှတ်စေချင်ပါတယ်။ ဒါနဲ့ အသံကြားရာ အရပ်ကို လှမ်းကြည့်တော့ ၀ိုးတ၀ါးနဲ့ စင်ပေါ်မှာ ကနေတာကို လှမ်းတွေ့လိုက်ရပါတယ်။

ဒါနဲ့ ကျွန်တော်လည်း တော်တော်လေး ၀မ်းနည်းသွားတယ်ဗျာ။ ဘယ်နှင့် ကိုယ်လည်း လူငယ်ပဲ မဟုတ်လား ပျော်ချင် ကဲချင်တာပေါ့။ ဒါနဲ့ ထင့်ခနဲ့ ဖြစ်သွားတဲ့ စိတ်ကို အမြန်ပြန်လည် ထိန်းချုပ်စုစည်းရင်း ဒီနေ့ လုပ်စရာ ရှိတာတွေကို လုပ်ဆောင်ဖို့ ကိုယ့်တဲ့ ရှိရာကို ခြေဦးပြန်လှည့်လာခဲ့ပါတယ်။ နားထဲမှာတော့ တချက် တချက် ပျံလွှင့်လာတဲ့ သင်္ကြန်သီချင်းများကို နားထောင်ရင်းပေါ့။ ပါးစပ်ကတော့ တခါတခါ သီချင်းလေး လိုက်ညည်းမိပါသေးတယ်။ ဆရာကြီးတွေကလည်း ပုံမှန်ပါပဲ။ ဒါပေမယ့် သာမာန်ထက် ပိုပြီး စခန်းက ပိုတိတ်ဆိတ် နေသလိုပါပဲ။ အော်....သူတို့လည်း လူလွတ်ဆို လူလွတ် အလျောက် ၊ အိမ်ထောင်သည် ဆိုလည်း မိသားစုနဲ့ လည်ချင် ပတ်ချင်ကြတာပဲ မဟုတ်လား။ တိုင်းပြည်တာဝန် ထမ်းဆောင်နေတော့လဲ ဖြစ်ချင်တာတွေ ကို အသာထား ဖြစ်သင့်တာတွေကို ဦးစားပေးရတယ် မဟုတ်လား။ ဒါနဲ့ ကျွန်တော်လည်း အဘနဲ့ စခန်းမှာ နေတုန်းက သင်ပေးလိုက်တဲ့ အတိုင်း စခန်းမှာ ဘာတွေ လိုအပ်လဲ ၊ ဘာတွေ ပြင်ဆင်ရမလဲ ၊ ဆိုတာကို စဉ်းစားရင်း လုပ်ဆောင်ရမဲ့ တစ်ဆင့်ခြင်းဆီကို ဆောင်ရွက်ဖို့ စခန်းပတ်လည် လိုက်ကြည့်မိပါတယ်။

တပ်စခန်း တစ်ခုမှာ လုံခြုံရေးက အဓိက ကြပါတယ်။ တနည်းအားဖြင့် ခံစစ်ပေါ့။ “ အခိုင်ခံဆုံးသော ခံစစ်သည် အကောင်းဆုံး တိုက်စစ်ဖြစ်သည် ” ဟုလည်း ကျက်မှတ်လေ့လာခဲ့ရပါတယ်။ ဒါကြောင့် ပထမ ခံစစ်စည်း ၊ ဒုတိယ ခံစစ်စည်းတွေကို လိုက်ကြည့်ပြီး ယိုင်နဲ့နေသော တိုင်များဖယ်ရှားခြင်း ၊ ခံစစ်စည်း တစ်ခုနှင့် တစ်ခုခြား ပေါက်နေသော မြက် ၊ ခြံနွယ်များ ရှင်းခြင်း နဲ့ပဲ တစ်နေ့တာ သင်္ကြန် အကြိုနေ့ကို ကုန်လွန်ခဲ့ရပါတယ်။ ဒီလို ခြံနွယ်တွေ ၊ မြက်တွေ ရှင်းရတာက ရန်သူက လာတိုက်တဲ့ အခါ ခံစစ်စည်းကို မီးရှို့ဖျက်စည်းသောအခါ ထိုအရာတွေက အထောက်အကူ ဖြစ်နိင်သည့် အတွက်အပြင် ၊ ရန်သူ စခန်းကို အလွယ်တကူ ချဉ်းကပ်ဖို့ရန် အကာအကွယ် မရအောင် ပြုလုပ်ရခြင်း ဖြစ်ပါတယ်။ စခန်း ပတ်ပတ်လည် လုပ်ဆောင်ရခြင်း ဖြစ်တာကြောင့် တစ်နေ့ကို နည်းနည်း နဲ့ တစ်ခုခြင်းဆီကို လုပ်ဆောင်ရပါတယ်။ ဒီနေရာ မလုပ်တော့ ဘာဖြစ်လဲ။ မလုပ်လဲ ရတာပါပဲ။ ကျွန်တော်တို့က ထာဝရနေရမှာမှ မဟုတ်တာ။ နောက်လူလာရင် လုပ်မှာပေါ့ ဆိုပြီး ပစ်ထားခဲ့လို့ကတော့ တပ်မတော်ဆိုတာ ဘယ်ရှိလာပ့ါမလဲ။ ဒီလို အလုပ်တွေကို မခိုင်းဘဲနဲ့ ကိုယ့်တာဝန် ကိုယ်ယူပြီး လုပ်ရတာပါ။ ပြီးတော့ အဘကလည်း တစ်နေ့ကို စက်နဲ့ ၂ ကြိမ် ဒီနေ့ လုပ်တဲ့ အကြောင်းအရာတွေကို စက်နဲ့သတင်းပို့ပြီး လူကိုယ်တိုင်ကတော့ ၁ နေ့ကို ၁ ခါကြေးနန်း တင်ရပါတယ်။ နောက်ပြီး အဘကလည်း ၁ လ ၁ ခါလောက် စခန်းတွေကို လိုက်လံစစ်ဆေးလေ့ ရှိသလို တိုင်းမှုး ၊ ဗျူဟာမှုးတွေကလဲ အခါအား လျော်စွာ လာရောက် စစ်ဆေးလေ့ ရှိပါတယ်။ အဲဒီအခါ လုပ်ဆောင်ထားမှု မရှိဘူး ဆိုရင်တော့ ရာထူးအဆင့်တိုး လျော့ပြစ်ဒဏ် ၊ သတိပေး ဆုံးမ အဲဒီလို တာဝန်ပျက်ကွက်မှု့အပေါ် လိုက်၍ အပြစ်ပေးလေ့ ရှိပါတယ်။ အဲဒီဟာတွေက ဘာထိခိုက်လဲဆိုတော့ တဆင့်တိုး ရာထူး တိုးဖို့ကြတော့ နောက်ကျတဲ့ ဒဏ်ကို ခံရပါတယ်။ ပြီးတော့လဲ ဒီလိုလုပ်ဆောင်ရခြင်းဟာ ရန်သူအလွယ်တကူ လာရောက် တိုက်ခိုက်နိင်ခြင်း မရှိနိင်တာကြောင့်ပါ။ ဒီလိုနဲ့ ညရောက်လာတော့ ထမင်းစား ၊ စကားပြော အိပ်ရာဝင်ပေါ့ဗျာ။

သင်္ကြန်အကျနေ့

“ ဗိုလ်လုံ အဘက မှာလိုက်တယ် ဒီနေ့ ဆရာလှတင့်နဲ့ ရဲဘော် ပေါက်ချွန်းတို့ ကို လူလက်နက်နဲ့ တောင်အောက်ကို အရင်လွှတ်ပေးပြီး အလှူလာစားပါတဲ့ ။ အောက်မှ အဘကိုယ်တိုင် မုန့်လုံးရေပေါ်လုပ်ပြီး ကျွေးနေတယ် ၊ ဗိုလ်လုံတို့ကတော့ သူတို့ကို ပြန်လွှတ်လိုက်မှ ဆင်းခဲ့ပါတဲ့ ” လို့ ပျော်ရွှင်ဖွယ်ရာ သတင်းစကားကြားလာရပါတယ်။ ဒါနဲ့ ကိုယ်လဲ အပိုင်ကဲ မယ်ပေါ့။ ရေပတ်မယ် ၊ မြို့ထဲ လျှောက်လည်မယ် ဆိုပြီး ရှိသမျှ ယူလာတဲ့ အ၀တ်အစားတွေထဲက အကောင်းဆုံး ဆိုတာလေးကို ထုတ် ။ ယူလာသမျှ အ၀တ်အစားက လဲ တော်တော်များတာကြောင့်ပါ။ အရပ်ဝတ် ၂ ထည်ထဲရယ်။ ကျန်တာတွေက ယူနီဖောင်းတွေမို့ပါ။ ဒါနဲ့ ကျွန်တော်လည်း တောင်အောက် ဆင်းရတော့မယ်ဆိုတော့ ရေမိုးချိုး အ၀တ်အစားလေးဝတ်ပြီး စောင့်နေတုန်း ၊ စက်က ထက်ပြောလာပါတယ်။ ဗိုလ်လုံလဲ တောင်အောက်ကို ဆင်းမယ်ဆိုရင် ယူနီဖောင်းနဲ့ သေနတ်ပါယူပြီး ရဲဘော်တစ်ယောက်နဲ့ အတူ ဆင်းလာခဲ့ပါတဲ့။ ဒါနဲ့ ကျွန်တော်လည်း မျှော်လင့်ထားတာလေးဖျက် ၊ ယူနီဖောင်း ပြန်လဲပြီး ပစ္စတိုခါးမှာ ပတ်လို့ မဆင်းချင် ဆင်းချင်နဲ့ တောင်အောက်ကို ဆင်းချလာခဲ့ပါတယ်။ ဟိုရောက်တော့ အဘကို အလေးပြုပြီး ရောက်ရှိပါပြီပြောတော့ အဘက “ အေး ရောက်ရင် ဘုရားသွားရှစ်ခိုး ၊ ပြီးရင် ဒီမှာ မုန့်လုံးရေပေါ် လာဝိုင်းလုပ်တဲ့ ။ ဗိုက်ကလည်းတော်တော် ဆာနေပါပြီ။ ဒါနဲ့ မုန့်လုံးရေပေါ် အရင်စားလိုက်တယ်။ အဲဒီလို စကားနားထောင်လို့လဲ အဘက သူ့နားမှာ မထားတာပါ။ မုန့်လုံးရေပေါ် လုံးပြီး လာသမျှ လမ်းမှာ ဖြက်သွားဖြက်လာ ခရီးသွားတွေကို အတင်းခေါ်ပြီး ကျွေးတော့တာပဲ။ စားချင်တာ မစားချင်တာ မသိဘူး။ ဘေးနားမှာလဲ ရဲဘော်တွေက သေနတ်တွေနဲ့ ဆိုတော့ သူတို့လဲ စားချင်ရက်နဲ့လား မစားချင်ရက်နဲ့ သေနတ်မြင်လို့လား မသိဘူး။ စားတော့ စားသွားကြတယ်ဗျား) ။

ကျွန်တော်လည်း ပြီးတော့ အဘကို ခွင့်တောင်းပြီး မြို့ထဲ သွားမယ်လို့ ပြောမလို့ ရှိသေးတယ် အဘက “ မင်းလည်း မြို့ထဲ သွားချင်သွားလေ ၊ အခု ၁၂ ရှိပြီ ၊ ညနေ ၄ နာရီ ငါ့ကို ပြန်သတင်းပို့ ၊ ပြီးရင် တောင်ပေါ် ပြန်တက် ဟုတ်ပြီလား ” ဆိုပြီး လွှတ်လိုက်ပါတယ်။ အဲဒီမြို့က ကလေးတွေလည်း သိပ်မတွေ့ရပါဘူး။ ဘာဆို ဘာမှ မရှိ။ အသံတွေသာ ကြားနေရတယ် လူတစ်ယောက်မှ မတွေ့ဘူး။ ကိုယ်ကလဲ ယူနီဖောင်းကြီးနဲ့ သေနတ်ကလည်း ပါသေးတယ် ဆိုတော့ ဘယ်သူမှလဲ ရေမလောင်းရဲ ကြဘူး။ ဒါနဲ့ မြို့ထဲ ထိရောက်အောင် လမ်းလျှောက်သွားရင်း ငါတော့ ဒီလိုနေ့မှာမှ ရေမဆိုရင် ဘယ်နေ့မှ ဆိုမှာ မဟုတ်တော့ဘူး ဆိုပြီး စဉ်းစား မိလိုက်ပါသေးတယ်။ ဒါနဲ့ ဟိုရောက်တော့ ဈေးရှိတဲ့ နေရာလေးမှာ စင်လေး ထိုးထားပြီး ကလေးတွေ ယိမ်းလိုမျိုးနဲ့ သင်္ကြန်သီချင်းဖွင့်ပြီး ကနေကြတာပါ။ တစ်ချို့ လူကြီး ၊ ကလေးတွေကလည်း ၀င်ကပေါ့။ အဲဒါကို ဘေးနားက လူတွေ ၊ ကလေးတွေက ရေ၀ိုင်းပတ်နေကြတာ။ အော်.....သူတို့ဒေသက ခေါင်တော့ ဘယ်သူမှလဲ လာလို့မရ ၊ လျှောက်လည်ဖို့ကလဲ မြို့က ကားဘီး ၅ ပတ်လောက် လှိမ့်လိုက်တာနဲ့ အိမ်က ကုန်နေပြီ။ ဒီတော့ ကျွန်တော်လည်း ဒီထက်တော့ နည်းနည်းလေး ပိုထင်ထားတာ ၊ ကိုယ်ထင်ထားတာ ထက်တောင် မဖြစ်ထွန်းဘူး ဖြစ်နေပါတယ်။ ဒါနဲ့ ဘေးနားက မြန်မာ လက်ဘက်ရည်ဆိုင်လေးထဲ ၀င်ပြီး သူတို့ကိုပဲ ထိုင်ကြည့်နေမိတော့တယ်။ ဆိုင်ရှင်က ဗိုလ်လုံ ကြာဇံဟင်းခါး လှူတယ် သောက်သွားပါဦး ဆိုလို့ ကာလအတန်ကြာ ငတ်ပြတ်နေသော အစားအစာ တစ်ခုကို အားမနာပဲ ၃ ပွဲလောက် သောက်ပေးလိုက်တယ်။ အော် ဆိုးပ ဆိုးပ။ ဒါနဲ့ သင်္ကြန်အကျနေ့လည်း ရေလောင်းမခံရဘဲ လာရာလမ်းအတိုင်း နောက်ပြန်လှည့်လာခဲ့ ရပါတယ်။ ဟိုရောက်တော့ အဘက မင်းက ရေတောင် အလောင်းမခံရဘူးလား ဆိုပြီး စနေပါသေးတယ်။ ကျွန်တော်လည်း ဘာမှ ပြောချင်စိတ် မရှိတာနဲ့ စခန်းမှာ ဆရာကြီးတွေနဲ့ စကားနည်းနည်းပါးပါး လိုက်ပြော နုတ်ဆက်ပြီး လာရာလမ်းကို ပြန်ခဲ့ပါတယ်။ စခန်းပြန်ရောက်တော့ သေနတ်ကို အိပ်ရာဘေးထားရင်း ဘယ်သူမှ မလောင်းလဲ ကိုယ့်ဟာကိုယ် လောင်းတယ်ကွာ ဆိုပြီး ၀တ်စုံတောင် မလဲဘဲ ရေ ၂ ပုံးလောက် ခေါင်းလောင်း ချိုးပစ်လိုက်တယ်။ ဆရာကြီးတွေက ကြောင်ပြီး ၀ိုင်းကြည့်လို့။ ကျွန်တော်လည်း ရှက်ရှက်နဲ့ တဲထဲ ပြန်ဝင်ပြီး အ၀တ်လဲ ပြန်အိပ်နေလိုက်တော့တယ်။ မှတ်ကရော။ ဒီလိုနဲ့ အကြက် ၊ အတက် ၊ နှစ်ဆန်းတစ်ရက်နေ့တွေကို တောင်ပေါ်မှာ ဘယ်သူ့ကိုမှ ရေမလောင်းရဘဲ ဆက်သွယ်ရေးမြောင်း ရေခွလောင်းကာ ၂၀၀၄ ခုနှစ် သင်္ကြန်ကြီးကို အောင်မြင်စွာ ပြီးဆုံးစေခဲ့ပါတယ်။ အဲဒီအချိန်တုန်းက တော်တော် ခံလိုက်ရတာ။ တစ်နေ့တစ်နေ့ ဘာလုပ်ရမှန်းမသိဘူး ဘာမှလည်း မလုပ်ချင်ဘူး။ ညဆို စောစောအိပ် ၊ နေ့ခင်းဘက်ဆို အိပ်လိုက် ၊ အလုပ်လုပ်လိုက် ၊ သင်္ကြန်အကြောင်းတွေးလိုက်နဲ့ ဒီအချိန်ဆို ဘယ်သူငယ်ချင်းတွေကတော့ ဘယ်လို ၊ ဘယ်သူတွေကတော့ ဘယ်လို ဆိုပြီး စဉ်းစားမိရင် ခံစားရတာ ပိုဆိုးတယ်ဗျာ။ ဘယ်လိုပြောမလဲ ဆေးဖြတ်တဲ့ ဆေးသမားလိုပဲ ။ အချိန်တန် ဆေးမရတော့ ယင်းထနေသလို ခံစားနေရတာပေါ့။

သင်္ကြန်အချိန်တွေ တောင်ပေါ်မှာ ကုန်ဆုံးတော့ ကျွန်တော်လည်း တောင်ပေါ်က တစ်ဆင့် တောင်အောက်ကို စခန်းခဏပြန်ချိန်းပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ တပ်မတော်မှာ အမြဲကျင်းပလေ့ရှိတဲ့ လေးလပတ် အစည်းအဝေးပွဲကို သွားတက်ရမှာ မို့ပါ။ ကျွန်တော့် ဒုဗိုလ်အဆင့်နဲ့ တက်ရမယ်လို့တော့ မဟုတ်ပါဘူး။ တပ်ရင်းမှုးတွေနဲ့ တိုင်းမှုး ၊ စကခမှုး ၊ တွေ ကိုယ်တပ်ရဲ့ အခြေအနေနဲ့ ဖြစ်စဉ် လုပ်ဆောင်ချက်တွေကို ရှင်းလင်းတင်ပြရတဲ့ အစည်းအဝေးလို့ပဲ သိစေချင်ပါတယ်။ ကျွန်တော်တို့ တပ်မတော်သားတွေကတော့ ပိုနားလည်မှာပါ။ ကျွန်တော်မပြောလည်းပေါ့။ ဒါနဲ့ အဘက ကျွန်တော့်ကို ပြန်ခေါ်ပြီး အစည်းအဝေး တက်ဖို့ ရှေ့တန်းမှ တဆင့် နောက်တန်း တပ်စခန်းကို ပြန်ရောက်ခဲ့ရပါတယ်။ တနည်းအားဖြင့် ကွတ်ခိုင်ပေါ့။ အဲဒီ ပြန်ရောက်ခဲ့တဲ့ အချိန်လေးမှာပဲ ကွတ်ခိုင် အကြောင်းကို စတင်လေ့လာခွင့်ရခဲ့တာပါ။ ကျောင်းဆင်းလာတုန်းက ရောက်ရောက်ခြင်း ၁ ပတ်နေပြီး ရှေ့တန်း ကိုတခါတည်း ထွက်လာခဲ့ရတယ် ဆိုတော့ မသိဘူး မဟုတ်လား။ ဒါနဲ့ သက်မှတ်ထားတဲ့ နေ့ရောက်တော့ အဘရယ် ၊ ကျွန်တော်ရယ် ၊ ထောက်လှမ်းရေး အကြပ်ကြီး ဆရာကြီး သန့်ဇင်ရယ် ၊ အဘ ရဲဘော် ၃ ယောက်ရယ် ကွတ်ခိုင်မြို့ကို ပြန်လာခဲ့ကြပါတယ်။

ကွတ်ခိုင်ပြန်ရောက်တော့ အဘက သူ့အိမ်သူပြန် ၊ ကျွန်တော်က ဗျူဟာက ပေးထားတဲ့ ၆ ခန်းတွဲမှာ တစ်ယောက်ထဲ တည်းရပါတယ်။ အဲဒီမှာ ကျွန်တော်နဲ့ ခလရ ( ၄၅ ) တပ်ရဲ့ အထီးကျန် ခြင်းနဲ့ စတွေ့တော့တာပါပဲ။ ကျွန်တော်နေတဲ့ အခန်းတွေက မီးမရပါဘူး။ ၆ ခန်းလုံးမှာ ၂ ခန်းတွဲဆီ ရေချိုးခန်း ၊ အိမ်သာ အတူတူ ရှိပါတယ်။ ၄ ယောက်ကို မျှသုံးပေါ့။ ကျွန်တော့် အဆောင်အနောက်မှာ တင်းနစ်ကစားတဲ့ ကွင်းလေး ရှိပြီး အဲဒါနဲ့ ကပ်လျက်ကတော့ တပ်နယ်ဆေးရုံလေးပါ။ ဒါနဲ့ စကားမစပ် အဲဒီတပ်နယ် ဆေးရုံက သရဲမက တော်တော်ကြမ်းတယ် ကြားတယ်ဗျ။ ညဆို တက်ဖိထားတယ် ဆိုလား မသိပါဘူး။ ကလေးမီးဖွားရင်းနဲ့ သေသွားတာပါတဲ့။ အခန်းက မီးမလာရတဲ့ အထဲ လာကြပ်နေသေးတယ်ပေါ့ဗျာ။ ကျွန်တော်နေတဲ့ အခန်းဆောင်တွေက လူနေအိမ်တွေနဲ့လည်း ဝေးပါတယ်။ ဒါကြောင့် ညဆို တော်တော် တိတ်ဆိတ် နေတာကြောင့် ထိတ်လန့်ဖို့ ကောင်းပါတယ်။ ဘေးနားပတ်လည် က မှောင်လို့ ။ အရှေ့မှာ မြင်နေရတဲ့ ယူကလစ်ပင်တွေကလည်း လေတိုက်တော့ တရှဲရှဲနဲ့ အဲဒီအပင်တွေပေါ်က လူက ပြုတ်ကျပြီး သေထားတယ် ဆိုလား ၊ ဟာဗျာ...နေချင်စရာ မရှိအောင်ကို ဖြစ်နေတာ။ တပ်ရင်းမိသားစု အိမ်တွေထားတဲ့ လိုင်းခန်းတွေနဲ့က ၁ မိုင်လောက် ဝေးတယ်။ အလယ်မှာက ဆေးရုံ နဲ့ ပြီးတော့ ကွင်းပြင်ကြီး ၊ ပြီးတော့မှ တပ်ရင်း ဗဟိုကင်း ၊ အဲဒီနားမှာ အပင်အကြီးကြီး တစ်ပင်ရှိတယ်။ ပြီးတော့ ရေစင်ကြီးလည်း ရှိတယ်။ အဲဒီရေစင်နားက ကုန်းက တော်တော် ခြောက်တာ နာမည်ကြီးတယ်တဲ့ ညနေ ၆ နာရီ ကျော်ရင် တစ်ယောက်တည်း မသွားနဲ့ဆိုလား ။ သတင်းတွေကလည်း ကြားလိုက်ရတာ ဗျာ။ ကျွန်တော်က တစ်ယောက်တည်း အိပ်ရပါတယ် ဆိုမှ အဖော်အရာရှိ တွေကလည်း မရှိတော့ တစ်ယောက်တည်း ညဆို စောစော အိပ်၇ာဝင်ဖြစ်တယ်။ ဒါတောင် ဖယောင်းတိုင်မီးကို ဘုရားရှစ်ခိုးပြီးတာနဲ့ ဆက်ခနဲ့ မှုတ်ပြီး ခြင်ထောင်တဲ့ တန်းဝင် ၊ စောင်ခေါင်းမြှီးခြုံပြီး အိပ်တာပါ။ အဲဒီလိုတွေ ကြားလို့ ဘုရားရှစ်ခိုးပြီ အိပ်ပါတယ် ဆိုမှ......တစ်ညတော့ဗျာ

ဆက်ရန် ။

အားပေးမှုအား အထူးကျေးဇူးတင်လျက်


Tuesday, April 8, 2008


မိုင်နိမ်းအစ်စ့် “ ဗိုလ်ကြောင် ”


ဗိုလ်ကြောင် ဆိုတဲ့ နာမည်တွင်လာ ရတာကတော့ တခါတလေ အဘက သူလုပ်ခိုင်းတဲ့ အလုပ်တွေ ၊ ကြေနန်းတွေ တင်ရမဲ့ဟာတွေဆို ကျွန်တော့်ကို ပါးစပ်ကနေ ပြောပါတယ်။ ဒီတော့ ကျွန်တော်က နုတ်စာအုပ် နဲ့လိုက်မှတ်ပြီး ပြန်လည်း ရေးသား လုပ်ဆောင်ရပါတယ်။ တခါတလေ နားကြားလွဲတဲ့ အခါ ၊ မှားမှတ်မိတဲ့ အခါတွေ ပေါ်လာတာပေါ့။ ဒါကြောင့် တလွဲလဲ လုပ်လိုက်ရော အဘက ဆဲပါလေရော။ ဒီလိုနဲ့ ၅ ခါ ၁ ခါလောက် မှားတော့ ကြာလာတော့ အဘက အမြင်က ကတ်လာပြီလေ။ ဒီတော့ “ မင်းကွာ ကြောင်တောင်တောင်နဲ့ ” ဆိုတဲ့ စကားက ကျွန်တော့်အတွက် နေ့တိုင်းစားရတဲ့ ထမင်းလို ဖြစ်နေတော့တာပါပဲ။ အဲဒီကြောင်တာရယ် ၊ တစ်ရက် ကျွန်တော်တို့ စခန်းမှာ ကာဖို့ ၀ါးချောင်းတွေကို နှီးသပ်နေတဲ့ အချိန်ပါ ။ နေ့လည် ထမင်းစား ခဏနားတော့ ကျွန်တော်က ထမင်းစားပြီး ဆရာကြီးတို့ကို ဆေးလိပ်တိုက်မယ် ကတိပေးထားတော့ ရွာထဲ ဈေးဝယ်ဖို့ ထွက်သွားခဲ့တဲ့ အချိန် ဆိုင်က ပီနန်း တို့နဲ့ စကား ကောင်းနေတာကြောင့် သက်မှတ်ချိန်ထက် ပြန်မလာနိင်တော့ဘူး။ နောက်ကျသွားတာပေါ့။ ဒီတော့ ဟိုမှာ အလုပ်လဲ ပြန်စရော ကျွန်တော်က မရှိဘူး။ အဲဒီအချိန် အဘရောက်လာပြီး ကျွန်တော့်ကို မေးတော့...ဆရာကြီးတွေကလဲ ဟိုဒီ အုအဲ လျှောက်ပြောနေကြတာပေါ့။ ဒီတော့ ရဲဘော်တစ်ယောက်ကို ရွာထဲက ဆိုင်ကို လိုက်ကြည့်ခိုင်းပါတယ်။ အဲဒီမှာ ကျွန်တော်က လေကောင်းနေတာဗျာ ။ ဟိုရဲဘော်လေးက အပြေးအလွှား ရောက်လာပြီး “ ဗိုလ်ကြီး အဘရှာနေတယ် ၊ ဗိုလ်ကြီးကို တွေ့ရင်လည်း ကြိုက်တဲ့ တုတ်ကောက်ခဲ့တဲ့ ” အန် ဒီအရွယ်ကြီးကျမှ ဘယ်နှင့် တုတ်နဲ့ ရိုက်မလို့တုန်းပေါ့။ လူကလဲ နည်းနည်းတော့ မျက်လုံး ပြုးသွားတယ်။ အဘက စိတ်ဆိုးနေရင် လွယ်တာ မဟုတ်ဘူး။ အရှေ့မှာ နောင်တော် စီနီယာတွေ တုန်းကလဲ ဆုံးမခဲ့ဘူးတာ သိနေတယ်။ လက်သံကလဲ ပြောင် ဆိုတော့ သတိထားနေရတယ်။ ဒါနဲ့ အေးအေး ဆိုပြီး ဘုရားစာရွက်ပြီး ပြန်လာတော့ လမ်းမှာ တုတ်ကောက်ဖို့ သတိရတာကြောင့် နောက်ဆုံး လက်သန်းလောက် ရှိတဲ့ တုတ်တိုလေး ကောက်သွားတယ်။

အဘကို ပြန်စချင်တာလဲ ပါလို့ပါ။ တပ်ရင်းမှုးဆိုပေမယ့် ကျွန်တော့်ကို ချစ်တာ သိနေတော့ ခပ်တည်တည်ပဲ ဟိုလဲ ရောက်ရော အဘ ကျွန်တော် ရောက်ပါပြီ ဆိုပြီး သတင်းပို့တော့ အဘက “ @#$_%^& ဘယ်တွေလျှောက်သွားနေတာလဲ အရာရှိက အစ စည်းကမ်းဖောက်နေတယ် ဆိုပြီး ဘယ်မှာလဲ တုတ်တဲ့ ” ကျွန်တော်လည်း ခပ်တည်တည်နဲ့ ဒီမှာ အဘဆိုပြီး စောနက တုက်ကို ပေးလိုက်တော့ ဘာပြောကောင်းလိုက်မလဲ ခြံစည်းရိုးကာဖို့ နှီးသပ်နေတဲ့ ၀ါးလုံးနဲ့ လိုက်ရိုက်တာပေါ့။ ကျွန်တော်လည်း ငြိမ်မခံပါဘူး။ ထွက်ပြေးတာပေါ့ ။ ဒါပေမယ့် တချက်တော့ စစချင်း ထိသွားသေးတယ်။ သူကလဲ အသက်ကြီးပေမယ့် လက်မြန်တာကြောင့်ပါ။ ဒါပေမယ့် အဲဒီတစ်ချက်ပဲ ရိုက်ပြီး ကျွန်တော်ထွက်ပြေးတော့ ကြည့်ပြီး ရီနေပါသေးတယ်။ အလုပ်ကြောင်တာရယ် ၊ ရှမ်းမရောင်းတဲ့ဆိုင်မှာ စကားလေးသွားပြောမိတာကို ကြောင်တယ်ဆိုပြီး ထင်မြင်တာရယ်နဲ့ ဒါနဲ့ပဲ အဲဒီနေ့က စပြီး ဆိုင်ဆိုင် မဆိုင်ဆိုင် “ ဗိုလ်ကြောင် ” ဆိုပြီး သူက စခေါ်တော့ တာပါပဲ။

မနက်သူနိးလာတဲ့နဲ့ “ ဗိုလ်ကြောင်...ဗိုလ်ကြောင် ဘယ်ရောက်နေလဲ ၊ မျက်နှာသစ်ဖို့ ရေလဲ မရှိဘူး ” “ ဗိုလ်ကြောင် တန်းစီမယ် ” ဘာလုပ်လုပ် ဒီနာမည်ကို ပါးစပ်က မချပါဘူး။ နောက်တော့ ဆရာကြီးတွေကို မေးကြည့်တော့ အဘက သူချစ်တဲ့ တပည့်တွေဆို အဲဒီလိုပဲ နာမည်ပြောင် ပေးထား တက်တယ်တဲ့။ နာမည်အရင်း ဘယ်တော့မှ မခေါ်ဘူး ဆိုပြီး ပြန်ကြားရတော့ ၀မ်းသာပေမယ့် နာမည်ကြီးက တွင်နေတော့ တခါတခါ သိပ်တော့ ဘ၀မကျချင်ဘူးး) ။ အခုဒီစာကို ရေးတော့ ကျွန်တော့်ကို ရည်စားမရခဲ့ဘူးလား လိုတော့ မေးကြပါတယ်။ ရှိတော့ ရှိတာပေါ့ဗျာ။ ရှိတယ်ဆိုတာ ရည်းစားရှိခဲ့တာကို ပြောတာမဟုတ်ပါဘူး။ လူငယ်သဘာဝ မိန်းခလေး လှတာတွေ့ရင်တော့ ငမ်းတက်ကြတာပဲ မဟုတ်လား။ ဒီတော့ ကျွန်တော်လည်း ငမ်းတာပေါ့။ ငမ်းရုံအဆင့်ပဲ ရှိပါတယ်။ ချစ်တယ် ကြိုက်တယ် ပြောဖို့ကြတော့ ဘယ်လိုလုပ် ဖြစ်နိင်မှာလဲ။ ကိုယ်က ခဏလာတာ ၊ တသက်လုံးလဲ ဒီမှာ နေရမဲ့သူ မဟုတ်ဘူး။ ပြီးတော့ မယူနိင်ဘဲနဲ့ မချစ်ချင် ၊ မကြိုက်ချင်တာ ကြောင့်ရယ် ၊ အဘက လည်း ရှေ့တန်းမှာ မိန်းခလေးတွေနဲ့ မပတ်သက်ဖို့ အကြောင်း ၊ အမြဲ ဆုံးမ တာကြောင့် အလှအပတွေကို အလှအပလိုသာ ခံစားခဲ့ပါတယ်လို့ ၀န်ခံလိုက်ပါသည်။

တနင်္ဂနွေနေ့ တရက်မှာ ဈေးနေ့ ကြတာကြောင့် ကျွန်တော်လည်း အဘကို လိုအပ်တဲ့ အသုံးအဆောင်လေးတွေ ၀ယ်ဖို့ ဈေးသွားဖို့ ခွင့်တောင်းပြီး ထွက်လာခဲ့ပါတယ်။ သာမာန်အနေနဲ့ကတော့ ဈေးက နေ့တိုင်းဖွင့်ပေမယ့် ဒီလို ၅ ရက်ဈေးနေ့မှာဆိုရင်တော့ တောင်ပေါ်တွေက လာတဲ့ တိုင်းရင်းသားများ ၊ တရုတ် လူမျိုးတွေကို စုံလွင်စွာ တွေ့ရတက်ပါတယ်။ ဒါပေမယ့် ဈေးထဲမှာတော့ ကိုတရုတ်တွေကတော့ သူဌေးတွေပေါ့။ သူတို့က အရင်းရှိတော့ ဖုန်းကဒ် ၊ လက်ကိုင်ဟမ်းဆက် ၊ ရေမွှေး ၊ အ၀တ်အထည် တွေ အမျိုးမျိုးရောင်း ကြပြီး ၊ ကျွန်တော်တို့ တိုင်းရင်းသား လူမျိုးစုတွေကတော့ ခုတ်လာတဲ့ ထင်းလေး ၊ အသီးအနှံလေး ၊ အိမ်တွင်းလုပ် စားစရာ တွေလောက်သာ ရောင်းရုံ အဆင့်ပါ။ ပြီးတော့ တရုတ်ပြည်နဲ့်နယ်စပ်မြို့ချင်း ကပ်လျက် ဖြစ်သောကြောင့် အခါအား လျောစွာ တရုတ်ပြည်ထဲကို ဈေးနေ့မှာ ရော ၊ ဈေးနေ့ မဟုတ်ရင်တောင် ဖြက်သန်း သွားလာပြီး ရောင်းဝယ် ဖောက်ကား ကြပါတယ်။ ဒါပေမယ့် ဖြက်သန်းခ ကတော့ တစ်ဦးလျှင် ( ယွမ်-၅ )ကျပ် နှုန်းပေးရပါတယ်။ ဂိတ်က မြန်မာဂိတ်နဲ့ တရုတ်ဂိတ် ဆိုပြီး နှစ်ခုရှိတာကြောင့် အသွားအပြန်ဆို ( ယွမ်-၁၀ ) ကျပါတယ်။ အဲဒီတုန်းက ယွမ်-၁ ကျပ်ကို မြန်မာငွေ-၁၀၀ ကျပ်ရှိပါတယ်။ ဒီတော့ အသွားအပြန်ဆို မြန်မာငွေ - ၁၀၀၀ကျပ် ကြတယ် ခင်ဗျာ။ ဈေးသည်တွေ ရောင်းဝယ် ဖောက်ကားမှု ကောင်းမကောင်းတော့ မသိပါဘူး။ သေချာတာကတော့ အပေါက်စောင့်တဲ့ နယ်စပ်စည်ပင် ဆိုတဲ့ အဖွဲ့က လူတွေကတော့ တစ်နေ့ကို လူတွေက အနည်းဆုံး မဖြက်သန်းဘူး ဆိုရင်တောင် အယောက် ( ၂၀ ) အနည်းဆုံး ရှိတာကြောင့် သူတို့အတွက်တော့ တော်တော် လေးကို အဆင်ပြေလျက်ရှိပါတယ်။ ဒါကလည်း ပြောရတာတော့ မကောင်းပါဘူး။ တစ်ယောက်နဲ့တစ်ယောက် အဆင်ပြေလို့ ပေးကြ ၊ သွားကြတာ ဆိုတော့လည်း သူတို့ချင်း အဆင်ပြေနေတော့လဲ ပြီးတာပဲလို့ နောက်ပိုင်း အနေကြာလာတော့ နားလည်မိပါတယ်။

အဲဒီဈေးမှာပဲ မြန်မာတစ်ချို့လည်း ဈေးရောင်းလျက် ရှိတာကို တွေ့ရပါတယ်။ ထမင်းဆိုင် ၊ ကုန်ခြောက်ဆိုင် ၊ အ၀တ်အထည်ဆိုင်တွေ မှာရောင်းကြတာပါ။ ကျန်တဲ့ ဈေးသည်တွေကတော့ တရုတ် ၊ ရှမ်းတွေပါ။ ၅ ရက်တစ်ခါ ဈေးနေ့ ရောက်ရင်တော့ လမ်းဘေးတွေမှာပါ ဘေးဘယ်ညာ ချရောင်းပါတယ်။ လက်ဖက်ရည်ဆိုင် ၊ လက်သုပ်ဆိုင် ၊ ကာရာအိုကေ ဆိုင်တွေလည်း ရှိပါတယ်။ ဒါပေမယ့် ထူခြားတာက အဲဒီမုံးကိုးမြို့က လူတွေက သိပ်ပြီး စကားမပြောကြဘူးဗျ။ ဈေးဝယ်နဲ့ဈေးရောင်း သူလောက်ပဲ လိုအပ်မှ ပြောကြတယ်။ ကျွန်တော်တို့ မြန်မာတွေဈေးကတော့ အဝေးက အသံကြားတာနဲ့တင် ဈေးမှန်းသိလောက်အောင် အောင်မြင်ကြပါတယ်။ ရောင်းတာက မြန်မာ ၊ ၀ယ်တာက တိုင်းရင်းသား မျိုးစုံ ၊ တရုတ် နောက် ရောင်းတာက တရုတ် ၊ ၀ယ်တာက တိုင်းရင်းသားမျိုးစုံ ၊ မြန်မာ ကဲ ဘယ်မှာလဲ အော်ရောင်းဖို့ အဓိက ဘာသာ စကား။ အဲဒီတော့ လူတွေသာ တွေ့နေရတယ် တိုးတိုး...တိုးတိုးနဲ့ ။ အသံလည်း ဘာမှ သိပ်မကြားရဘူး။

ကျွန်တော်လေ့လာခဲ့သော......မုံးကိုးမြို့အကြောင်း

ဒီမြို့က ၁၉၉၈-၉၉ လောက်အထိကို မငြိမ်သေးဘူးဗျ။ ငြိမ်းချမ်းရေး ယူထားပေမယ့် သတိနဲ့ သွားလာနေရတဲ့ နေရာဒေသတွေပါ။ အဓိက လမ်းမကြီး တစ်ခုပဲ ရှိပြီးတော့ ဘေးဘယ်ညာတွေမှာ ၂ ထပ်တွဲ အိပ်ဆောင်လို အခန်းတွေ အများကြီးပါတဲ့ ဟာတွေကို တဆက်တည်း ဆောက်ထားပါတယ်။ ကျွန်တော်က အိမ်ခြေတွေများပြီး ဘာလို့ လူမနေတာလဲ ၊ ပြီးတော့ ဘာလို့ချိတ်ပိတ်ထားတာလဲလို့ မေးကြည့်တော့ အစတုန်းက အဲဒီနေရာတွေက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အနားယူ အပန်းဖြေရာ နိက်ကလပ်များ ဖြစ်ကြောင်း ၊ တစ်ချို့က ဇိမ်ခန်း ၊ ပြည့်တန်ဆာ အခန်းများ နှင့် ဘိန်းရှုခန်းများသာ ဖြစ်ကြောင်း မီလိုက်တဲ့ ဆရာကြီးတွေက ပြန်ပြောပြတာကို ကြားရပါတယ်။ အဲဒီလို အိမ်တွေက တစ်မြို့လုံးနီးပါးကို ရှိတာပါ။ နောက်ပြီးတော့ အဲဒီအချိန်တုန်းက ဘိန်းကို ပေါ်တင် ၀ယ် ၊ ရောင်း ခွင့် ရှိနေတော့ တိုင်းရင်းသား တော်တော်များများ အဲဒီဒဏ်ကို တော်တော်ခံလိုက်ရပါတယ်။ တိုင်းရင်းသား ချည်းပဲပြောပြီး မြန်မာကျတော့ မပါဘူးလားလိုတော့ မထင်စေချင်ပါဘူး။ ဘာလို့လဲဆိုတော့ တော်တော်ကို ဝေးလံတဲ့ ဒေသ ၊ နယ်စပ်အစွန်အဖျားဆိုတော့ ကာ မြန်မာစကားကို မတက်ကျ နားမလည်ကျတာကြောင့် ဘယ်မြန်မာ တစ်ယောက်မှ မရှိပါဘူး။ ကျွန်တော်ပြန်လာတဲ့ အထိကို အဲဒီဒေသတွေမှာ ဘိန်းစွဲနေတဲ့ လူတွေကို တွေ့နေရတုန်းပါပဲ။ သူတို့ဘိန်းကို ဘယ်က ရသလဲတော့ မသိပါဘူး။ ပိုက်ဆံကိုတော့ ထင်းခုတ်ရင်း ၊ တခြားအလုပ်တွေ လုပ်ကိုင်ရင်း ရှာနေကြတာပါပဲ။



ဘိန်းမည်း

ဆက်ပြောရရင်တော့ အဲဒီအချိန်တုန်းက လမ်းဘေးနားမှာကို ဘိန်းမည်း တွေကို ချရောင်းနေကြတယ်တဲ့။ ပြီးတော့ ရောင်းတဲ့ လူတွေကလည်း သေနတ်တွေနဲ့။ အဲဒီတုန်းက အစိုးရ အုပ်ချုပ်မှုလည်း မရှိသေးပါဘူး။ ဘာလို့လဲ ဆိုတော့ စီစီဝမ်တာပန် တိုက်ပွဲတွေ ပြီးတော့မှ အဲဒီဘက်တွေကို ဆက်လက် အုပ်ချုပ်နိင်ခဲ့တာ ကြောင့်ပါ။ နာမည်ကျော် စီစီဝမ်တာပန် တောင်ကုန်းတွေက ကျွန်တော်တို့နဲ့ စခန်းနဲ့ သိပ်မဝေးပါဘူး။ တရုတ်နယ်စပ်နဲ့ကလည်း ကပ်နေတာဆိုတော့ အဲဒီနိင်ငံက တရုတ်တွေက ဒီဘက် မုံးကိုးမြို့ထဲမှာ အိမ်တွေဝယ်ပြီး စီးပွားရေး လာလုပ်ကြတာပါ ။ အဲဒီအချိန်တုန်းက စီးပွားရေး တော်တော်ကို အလုပ်ဖြစ်တယ်နဲ့ တူပါတယ်။ တစ်ချို့အိမ်တွေဆို လန်ပျံနေအောင် ဆောက်ထားတာပါ။ အခုတော့ ခြုံတွေပေါက် မြက်တွေရှည်နဲ့ ရောင်းချင်တော့လည်း လူက ၀ယ်မဲ့သူ မရှိတော့ ဒီအတိုင်း ထားခဲ့ပြီး တရုတ်ပြည်ဘက်ကို ပြန်သွားကြပါတယ်။ ဒါကြောင့်မြို့က တိတ်ဆက် ခြောက်ကပ်ပြီး လူမရှိလောက်ဘူး ထင်ရလောက်အောင် ဖြစ်နေခဲ့ပါတယ်။ အခုနောက်ပိုင်းမှ ဆေးရုံ ၊ ကျောင်း ၊ ရဲစခန်း ၊ စေတီ ၊ ထပ်ဆင့်အသံလွှင့်စက်ရုံ တည်ရှိခဲ့တာပါ။

အခုတော့ မြန်မာတွေလဲ နည်းနည်းတော့ များလာပါပြီ။ ဘာလို့လဲဆိုတော့ အစိုးရက ၀န်ထမ်းတွေကို ဖွံဖြိုးတိုးတက်အောင် သွားရောက် တာဝန် ထမ်းဆောင်ခိုင်းတာကြောင့်ပါ။ ဒီမုံးကိုးမြို့က ဘာမှ မထွက်ပါဘူး။ စားဝတ်နေရေး အတွက်ပဲ လုပ်ကိုင်စားသောက်ရုံ အဆင့်ပဲရှိပါတယ်။ ဒါတောင် သူဌေးအဖြစ်ကို ရောက်မဲ့ စီးပွားရေး လမ်းလည်း မတွေ့ပါဘူး ။ တစ်ခုတော့ ရှိတယ်။ ဘိန်း ပေါ့ဗျာ။ ဘိန်းမှောင်ခို ကူးနေတာတွေတော့ သတင်းတွေရနေတာပေါ့။ အဲဒီအကြောင်းကို နောက်ပိုင်းမှာ ပြောပြပ့ါမယ်။ ကျွန်တော်လည်း ဈေးဝယ်ပြီး ဟိုလျှောက်ကြည့် ဒီလျှောက်ကြည့်ပေါ့။ နောက်ဆုံး စားစရာဆိုလို့ ကိုယ်ကြိုက်တာလဲ တစ်ခုမှ မရှိတာကြောင့် စိတ်ညစ်ညစ်နဲ့ လျှောက်ကြည့်နေတုန်း ရခိုင်မုန့်တီ ဆိုလို့ ၀မ်းသာသွားတာပေါ့။ ဒါနဲ့ အပြေးအလွှား ၀င်လိုက်တော့ သူတို့က ကုန်သွားပြီတဲ့ ။ ရောင်းတာကတော့ ရခိုင်တွေပါ။ ကျွန်တော့်ကို သိနေတော့ အံသြသလိုတော့ ဖြစ်မိပါသေးတယ်။ နောက်တော့မှ ရဲဘော်တွေ ၊ ဆရာကြီးတွေက အဲဒီဆိုင်မှာ အမြဲလာစား နေတာကြောင့် ဖြစ်မှန်း သိခဲ့ရတာပါ။ ဆက်စပ်တွေးကြည့်တာပေါ့။ ဒါနဲ့ မုန့်တီမရှိတော့ ရှမ်းခေါက်ဆွဲရှိတယ်တဲ့။ စကားမစပ် ကြုံတုန်းပြောရဦးမယ်။ ရှမ်းခေါက်ဆွဲဆိုတာကြီးကို ကျွန်တော် တစက်မှကို စားလို့မရတာပါ။ ကြိုက်တဲ့လူကတော့ တော်တော်များပါတယ်။ ကျွန်တော်က ဇော်ကန့်လန့် လို့ပဲ ပြောရမယ်။ စားလို့ကို မရဘူး။ ဘာကြောင့်လဲ ဆိုတော့ အမေက ငယ်ငယ်က အသုတ်၊မုန့်ဟင်းခါး၊ဦးနို့ခေါက်ဆွဲ ရောင်းတဲ့ ဆိုင်ကြီး ဖွင့်တော့ မနက်ဆို ခေါက်ဆွဲသုတ်ပဲ စားနေရတော့ အမေ့လက်ရာကို ဘာလို ခေါက်ဆွဲသုတ်နဲ့မှ လဲလို့မရခဲ့ပါဘူး။ စာရေးရင်း နဲ့တောင် စားချင်လာပြီ။ ပြန်မှပဲ အမေ့ကို သုတ်ကျွေးဖို့ ပူဆာရမယ်။ ဒါနဲ့ ဆိုင်ရှင်တွေကို ရိုးရိုးပဲ ခေါက်ဆွဲကို သုတ်ပေးဖို့ ဖြစ်နိင်ရင် သုတ်ပေးပါလို့ ဆိုတော့ ရတယ်ဆိုတာနဲ့ ဗိုက်ဝခဲ့ရပါတယ်။ “ ရှမ်းပြည်ရောက်~~~~ မြန်မာတစ်ယောက်ရဲ့ ~~~~အဖြစ်ဟာ မလွယ်ပါလား ” ဗိုလ်ထီး အမှတ်တရပေါ့ ။

ဒီလိုနဲ့ မတ်လကုန်လို့ ဧပြီလထဲကို ရောက်လာတဲ့ အခါမှတော့ “ အရေးကောင်းမှ ဒိန်းဒေါင်းဖျက် ” ဆိုသလို အဘဆီမှာ ၄ လတာ အနီးကပ် ဆည်းပူးခဲ့ပြီးနောက်တော့ ကျန်တဲ့ သူငယ်ချင်း ( ၂ ) ယောက်ကိုလဲ သင်ပေးဖို့ အချိန်ကျန်သေးတာကြောင့် အဘက မယုံရဲ ယုံရဲနဲ့ စခန်းတစ်ခုကို တာဝန်ယူဖို့ လွဲပြောင်းပေးပါတော့တယ်။ ၁ နစ်မှာ ၁၂ လ ဖြစ်တာကြောင့် ၃ ယောက်ဆိုတော့ တစ်ယောက်ကို ၄ လစီခွဲ သင်ပေးတာပါ။ ဒါနဲ့ ကျွန်တော် မောင်ဆိုးသွမ်းကို သင်္ကြန်မှာ သောင်းကျန်းမှာ ကြောက်လို့လား မသိဘူး မြို့နဲ့ ( ၁၀ ) မိုင်လောက် ဝေးတဲ့ တောင်ကုန်းကို ပြောင်းရွှေ့တာဝန် ထမ်းဆောင်ဖို့ အမိန့်ချမှတ် လိုက်ကြောင်း သတင်းဆိုး ကြားရတာပါပဲ။ ဒီလိုနဲ့ ယနေ့ကို ကျွန်တော်ပို့စ်တင်ဖို့ စောင့်နေခဲ့တာပါ။

စခန်းသစ် စခန်းကုန်းသို့ ပြောင်းရွှေ့ခြင်း

၂၀၀၄ ခုနှစ် ဧပြီ ၈ ရက်

သင်္ကြန်ကျရင် မြို့ထဲ သွားပြီး သင်္ကြန်ကို ဘယ်လိုကဲရမလဲဆိုတာ စဉ်းစားနေတုန်း “ သမ္မတ ဖြစ်ခါနီး လုပ်ကြံခံလိုက်ရ သလိုပဲ ” အဟဲ။ ဗိုလ်လောင်းကတည်းက သင်္ကြန်ဆို မပျော်ရတာ အပိုင်ကဲ ပါမယ်ဆိုမှ အခုတော့ တောင်ထိပ်မှာ မောင်အိပ်ရပါတော့မယ်ပါပေါ့လား ။ ပြောရရင် ဗိုလ်လောင်းကာလ ၃ နှစ်လုံး သင်္ကြန် ဆို မပျော်ရွှင်ရဘူး။ ခွင့်လည်း မရတော့ အထဲမှာပဲ ကျင်းပရတယ်။ ကျောင်းတော့ မတက်ရဘူးပေါ့ဗျာ။ အထဲမှာ ယောင်္ကျားလေး အချင်းချင်း ရေနဲ့လောင်းတာတော့ မဟုတ်ဘူး။ ရေချိုးတဲ့ ကန်ထဲ ပစ်ချကြတာ။ အဲဒီလို စကြနောက်ကြတာကိုး။ ဒီတော့ ကျောင်းဆင်း သင်္ကြန် အပိုင်ကဲ ဖို့မျှော်မှန်းထားတာ။ အခုတော့ စခန်းပြောင်းခါနီး အဘက မှာလိုက်သေးတယ်။ မကြာခင် သင်္ကြန်လာတော့မယ်တဲ့ ။ ဒါပေမယ့် ဒါရှေ့တန်းထွက်နေတာ သင်္ကြန်လာကျတာ မဟုတ်ဘူးတဲ့။ ဒီတော့ ငါ ဘာဆိုလိုချင်တယ်ဆိုတာက ပေါ်တင်ပြောရရင် “ ငါ့အမိန့်မရဘဲ မြို့ထဲကို သွားဖို့ လုံးဝ မစဉ်းစားပါနဲ့
၊ ငါမသိဘဲ ခိုးသွားမယ် ခွင့်ပြုချက် မရဘဲ သွားမယ်ဆိုရင် မင်းကို တာဝန်ချိန်မှာ စခန်းကို စွန့်ခွာမှုနဲ့ အရေးယူပစ်မယ်တဲ့ ” ကဲ မှတ်ရော။ ငုတ်တုတ် လုံးလုံးကို ကျွန်တော့်မှာ မေ့ခဲ့ရပါတယ်။ ၂၀၀၄ ခုနှစ်သင်္ကြန်ကို ဘယ်လို ဖြက်ကျော်ရသလဲဆိုတော့ကာ ကျွန်တော့်တို့ စခန်းက တိုင်းမှုးကိုယ်တိုင် စစ်ရေးအရ အရေးပါတယ်လို့ ယူဆတာကြောင့် ဒီစခန်းကို ဆောက်လုပ်ခဲ့တာပါ။ တောင်ပေါ်ကနေ ကြည့်ရင် တရုတ် တောင်ကုန်းတွေ ၊ နယ်စပ်မြို့တွေကို သေသေချာချာ မြင်ရပြီး ၊ ကျွန်တော်တို့ မုံးကိုးမြို့ကိုလည်း ရှင်းလင်း ပြက်သားစွာ မြင်ရတာကြောင့် ရွေးချယ်ခဲ့တာပါ။ တောင်ပေါ်မှာ အမြှောက်တပ်စခန်း တစ်ခုလည်း ဆောက်လုပ်ထားပါတယ်။ ဒီတော့ ကျွန်တော့်မှာ ပြောင်းမဲ့ရက်က ဆန့်တငင်ငင်နဲ့ ။ ရွာထဲက ရှမ်းမလေးတွေ လည်း ရေမလောင်းရတော့ပါဘူး။း) အဟဲ ။ ပြီးတော့ ဆရာကြီးတွေကလည်း ပြောင်းခါနီး အားပေးလိုက်သေးတယ်။ ဗိုလ်လုံတဲ့ “ အဲဒီ စခန်းက သရဲတအား ခြောက်တယ်နော်တဲ့ ” မြတ်စွာဘုရား !!! ကိုယ်က နဂိုကတည်းကမှ သရဲကားတောင် ကြည့်တာ မဟုတ်ဘူး။ အဲဒီလို ပြောလိုက်တော့ ဘယ်ရမလဲ....ဘုရားစာအုပ် ကိုအရင်ဆုံး အိတ်ထဲ ကောက်ထည့်ထားလိုက်တယ်။ ပြီးတော့ ပုတီး ၊ ဒါနဲ့ပဲ ရတနာ သုံးပါးကို အာရုံပြုလို့တောင်ပေါ်ကို ချီတက်ခဲ့ရပါတယ်။ မှတ်မှတ်ရရ ဒီနေ့ပါပဲဗျာ။

ဒီလိုနဲ့ စခန်းရှိရာကို ခြေလျင်တက်လာရတာပါ။ တောင်ပေါ်ကိုပေါ့။ တောင်က တော်တော်လေးလဲ မြင့်ပါတယ်။ ဒါကြောင့်လည်း စစ်ရေးအရ အချက်အချာ ကြတာပါ။ ဟိုရောက်တော့ နေရမယ့် တဲကိုကြည့် ၊ ပြီးတော့ ဆရာကြီးတွေကို ခေါ် ၊ အဘက လူချိန်းဖို့ ပြောလိုက်တာတွေကို ချိန်းပြီး ပြန်လွှတ် ၊ ကျန်ခဲ့တဲ့ ဆရာကြီးတွေကို နေဖို့ နေရာတွေ ချပေးနဲ့ လူလည်း တော်တော်ကို မောသွားပါတယ်။ စခန်း ဧရိယာကို ကြည့်လိုက်တော့ ဘောလုံးကွင်း ၃ ပုံ ၁ ပုံ လောက်ပဲ ရှိပါတယ်။ ဒါနဲ့ ပစ်ကျင်းတွေ ၊ ဘန်ကာတွေ ၊ အမြှောက်ပစ်ဖို့ နေရာတွေနဲ့ စခန်းအခြေအနေကို လိုက်ကြည့်ရင်း တွေ့လိုက်ရတာက......လားလား ကျွန်တော့် အိပ်ရမဲ့ တဲခေါင်းရင်း ၃ ပေ အကွာလောက်မှာက အုတ်ဂူကြီးဗျာ။ ဘယ်တုန်းကတည်းက ရှိခဲ့တာလဲ မသိဘူး။ ရေညှိတွေနဲ့ မဲလို့။ ပြောင်းသလင်းနေတဲ့ မြေပေါ်မှာ ဒင်းက ဘွားဘွားကြီး ပေါ်နေတာ။ ဟ....သောက်ပလုတ်တုတ် ။ စိတ်ထဲမှာလည်း ဆရာကြီး ပြောတာ ကြားယောင်မိတယ်။ ကျွန်တော်က တစ္ဆေ ၊ သရဲ ကို အမှန်အတိုင်း ၀န်ခံရရင် အယုံအကြည် ရှိပါတယ်။ ဒီတော့ လန့်တာပေါ့ဗျာ။ အဲဒီမှာ အုတ်ဂူကို ကြည့်ပြီး ဆက်လျှောက်ကြည့်တာပေါ့။ နောက်ထပ် ဘာတွေ လိုက်ရသလဲဆိုတော့ ကျွန်တော်တို့ဘက်ခြမ်းနဲ့ ဟိုဘက် ခြမ်းကို အလယ်မှာ ခြံစည်းရိုးလေး ခက်ထားတယ်ဗျ။ စခန်း ၁ ခုထဲမှာ ၂ ပိုင်းခွဲထားသလိုပဲ။ နောက်ပြီး အဲဒီအပိုင်းဘက်မှာ နတ်ကွန်းလေး တစ်ခုလုပ်ပြီး ပူဇော်ထားပါတယ်။ ဒါနဲ့ ဆရာကြီးကို ဘာလို့ ဒီလို ခြံစည်းရိုး ခက်ထားတာလဲလို့ ၊ ပြီးတော့ လုံတာလဲ မဟုတ်ဘူး ။ တစ်ချက်တွန်းရင် လှဲတော့မယ့် ပုံကြီးလို့ ပြောလိုကပါတယ်။ ဒီတော့ ဆရာကြီးက ကျွန်တော့်ကို ပြန်ပြောလိုက်တာက.......

မြန်မြန်အဆုံးသက်နိင်အောင် ကြိုးစား ရေးပေးနေပါ့မည်။ ယခုစာတမ်း ဖတ်ပွဲရှိလို့ နှောင့်နှေးနေရခြင်း ဖြစ်ပါကြောင်း ။ အလည်လာသူ ၊ ကော်မန့်ရေးပေးသူ ၊ စီပုံးတွင် အော်ခဲ့သူ ချစ်စွာသော ဘလော့ဂ်ဂါ အစ်ကိုညီ အစ်မနှမ များအား လည်းကောင်း see here please ဆိုပြီး ကော်မန့်လာလာထားတဲ့ အမည်မသိသူကြီးအား လည်းကောင်း လိုက်လှဲစွာ ကျေးဇူးတင်မိပါသည်။

ဆက်ရန်


Monday, April 7, 2008

!_! လွမ်းမျက်ရည် !_!


မျှော်လင့်ခြင်း အသက်ဝင် ရှင်သန်ဖို့
ငါက အိမ်အပြန် လမ်းပျောက်မှာတောင် ကြောက်ခဲ့သူ
မဟုတ်ပါဘူး.......ချစ်သူ

အချစ်ဆိုတာကို ဖြစ်မြောက်အောင်
စာလုံးပေါင်း မသိခဲ့တဲ့ ငါ့ကိုမှ
ချစ်ခြင်းမုန်းခြင်း အတိပြီးတဲ့ အပါးလွှာဆုံး ဓါးနဲ့မှ
ရင်ကို ချော့မြူထိုးသွားရက်တယ်

ငါကမ္ဘာလဲပြို တိမ်တွေလဲ ညိုလို့
လေထဲမှာ ပြောလို့ လေထဲမှာပဲ မျောပစ်လိုက်ရတဲ့ စကားတွေ အတွက်
ဒီရင်မှာ ကျန်ခဲ့တာ
အရောင်မပြောင်းတော့မဲ့ နှလုံးသားပဲ ရှိတော့တယ်

နုတ်ဆက်လိုက်ပါတယ်....အချစ်ရယ်

ပျော်ရွှင်ဖွယ် သတင်းစကား....မင်းအမြဲ ကြားရပါစေ
အောင်မြင်ခြင်းရလဒ်....မင်းအမြဲ ရတက်ပါစေ
ဘ၀မှာ ထာဝရ...မင်းအမြဲ လှပနိင်ပါစေလို့
ငါမျှော်လင့်ရင်း

အခုတော့ ငါနုတ်ဆိတ်နေပါတော့မယ်
လမ်းခွဲမှာ ၀မ်းနည်းစွာနဲ့
ထာဝရ နုတ်ဆက်ရင်း ........။ ။

!_! !_! !_! !_! !_! !_! !_! !_! !_! !_! !_! !_! !_! !_! !_!

သူငယ်ချင်း တစ်ယောက်အတွက်သာ ရည်စူး၍ ရေးဖွဲ့ခြင်းသာ ဖြစ်ပါသည်။


Sunday, April 6, 2008


အမှန်အတိုင်း ၀န်ခံရရင် ဘာလုပ်ရမှန်းကို အဲဒီတုန်းက ကျွန်တော်တကယ် မသိပါဘူး။ ကျောင်းတုန်းက သင်ပေးလိုက်တာ တွေတော့ ရှိပါတယ်။ ဒါပေမယ့် စာတွေက များတာရယ် ၊ စာတွေ့နဲ့ ယခုလက်တွေ့မှာက အခြေအနေရယ်နဲ့ ဘာလုပ်ရမှန်းကို မသိပါဘူး။ ဒါနဲ့ ဆရာကြီးတွေ ရှိတယ် မဟုတ်လား။ တပ်ခွဲ အရာခံဗိုလ် ( CSM ) ၊ တပ်ခွဲတပ်ကြပ်ကြီး တို့ကို မေးပေါ့။ ဆရာကြီးတို့ရေ.... အရင်တုန်းကရော ဘာတွေလုပ်ကြလဲပေါ့။ အဘရော ဘာတွေခိုင်းသလဲပေါ့။ သာမာန်အားဖြင့်တော့ သိပ်တော့ ဘာမှ မခိုင်းပါဘူး။ ကင်းစောင့် တာ နဲ့ ( ၁ ) ပတ်ကို ၂ ခါ သေနတ်တိုက်တာ လောက်ပဲ ခိုင်းပါတယ်တဲ့။ ဒါနဲ့ ဆရာကြီးပဲ ခွဲပေးလိုက်ပါတော့ ကျွန်တော် စက်သွားတက် လိုက်ဦးမယ်ဆိုပြီ ဆက်သွယ်ရေး ရုံးခန်းကို ထွက်လာခဲ့ပါတယ်။ ဟိုရောက်တော့...အဘနဲ့ စက် ပြောတော့

အဘ ။ အောင်ထွန်းလား...အောင်ထွန်းလား ၊ အသံဘယ်လောက်ကြားလဲ....ဒါပဲ။
ကျွန်တော် ။ အောင်ထွန်းမှ အောင်အေး....အောင်ထွန်းမှ အောင်အေး ၊ အသံ ( ၅ ) ကြားတယ်..ဒါပဲ။
အဘ ။ အသံ ( ၅ ) ကြားရင် ၊ စိုးခိုင် အောင်ခိုင်အောင်နိင် ပေါက်ပါ ။
ကျွန်တော် ။ စိုးခိုင် နေကောင်းပါတယ် ၊ ထူးခြားဖြစ်စဉ် မရှိပါ ။ ဒါပဲ
အဘ ။ အခြေအနေကို ဆက်လက် ထိန်းသိမ်းပါ။ အုတ်ပုံမဲ့ ရက်ကို ပြန်ပေါက်ပေးမယ် ဒါပဲ ။
ကျွန်တော် ။ ၅၆ ၊ ၉၆ ပါ အောင်အေး ။

တွီ...တူ....ရွှီ @#%^&?.,,“|o

ဒါနဲ့ စက်တက်ပြီးတော့ ကျွန်တော်လည်း ဟိုလျှောက်ကြည့် ဒီလျှောက်ကြည့်ပေါ့။ စခန်းပတ်ပတ်လည် လိုက်ကြည့်ရင်း ရောက်ရောက်ချင်းတုန်းက သေသေချာချာ မကြည့်မိပေမယ့် အခုလိုက်ကြည့်တော့ ကျွန်တော့်တို့ တာဝန်ယူရတဲ့ နယ်မြေက တရုတ်နဲ့ နယ်နိမိတ်ချင်း ကပ်လျက်ပါ။ ချောင်းတစ်ခုပဲ ခြားပါတယ်။ တရုတ်နဲ့ ကျွန်တော်တို့ မြန်မာနိင်ငံဘက်ခြမ်း၏ ကြားထဲမှာတော့ မြေပြန်လို့ ဖြစ်နေပါတယ်။ ထိုမြေပြန့်မှာ ချောင်းလဲ ရှိတာကြောင့် တရုတ်နဲ့ ရှမ်းလူမျိုးတွေက လယ်ယာလုပ်ငန်းကို လုပ်ကိုင်ကြပါတယ်။ စပါးစိုက်ကြတာပါ။ ရေသွင်းပြီးတော့ပေါ့။ တစ်ခုထူးခြားတာက တရုတ်နိင်ငံဘက်ခြမ်းမှာ နယ်စပ်ဆိုပေမယ့် လမ်းတွေ ၊ ဆက်သွယ်ရေးဧရိယာတိုင်တွေက တောင်တွေကြားထဲမှာ ထိုးထိုးထောင်ထောင်တွေနဲ့ နောက်ပြီး တောင်တွေပေါ်က သစ်ပင်တွေကိုလည်း တရုတ်အစိုးရက ခုတ်ယူခွင့် မပြုတာကြောင့် စိမ်းစိမ်းစိုစို နဲ့ ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးကို အထောက်အကူ ပြုတဲ့ အပြင် စစ်ရေးအရ ကြည့်မယ်ဆိုလျှင်လည်း ပုံဖျက် ဖုံးကွယ် ထားသလို ဖြစ်တာကို တွေ့ရပါတယ်။ အဟဲ....ကျွန်တော်တို့ မြန်မာဘက်မှာလား ။ ကျွန်တော်တို့ မြန်မာ ဘက်မှာလည်း တောင်တွေရှိတာပေါ့။ ဒါပေမယ့် တောင်ကတုန်းတွေပါ။ တောင်ယာ လုပ်ငန်း လုပ်ကိုင်ကြတာ ကြောင့် သစ်ပင်တွေ ခုတ်ပစ်ရပါတယ်။ ပြီးတော့ ဒါက နယ်စပ်ဒေသ ဆိုပေမယ့် အစွန်အဖျား ဒေသတွေ ဖြစ်တာကြောင့် ဖွံဖြိုးတိုးတက်မှု အရမ်းကို နည်းပါး ပါတယ်။ ဒီတော့ အလုပ်အကိုင် အနေနဲ့က ဘာမှ ဖြစ်ဖြစ် မြှောက်မြှောက် လုပ်နိင်ခွင့် မရတာကြောင့် အများစုက မိမိဝမ်းစာ အတွက် သစ်ပင်တွေကို ခုတ်ထစ်ပြီး ဈေးမှာ လာရောင်းကြတာကြောင့် လည်း ဖြစ်ပါတယ်။ ရေရှည်အတွက် မကောင်းပေမယ့် သူတို့မှာ အသိပညာ ဗဟုသုတ ဆည်းပူးနိင်ရန် အခွင့်အလမ်း နည်းပါးတာ ကြောင့်လည်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို များစွာ ထိခိုက်နိင်ပါတယ်။

နောက်တစ်နေ့ကြတော့ ကျွန်တော်လည်း စခန်းတွင်း အခြေအနေ အကုန်သိတာကြောင့် စခန်းပြင် အခြေအနေကို လေ့လာရန် အလို့ဌာ လမ်းလျှောက်ထွက်ခဲ့တာပေါ့။ အဲဒီမှာ မြန်မာအသံနှင့် ရုပ်မြင်သံကြား ထပ်ဆင့် အသံလွှင်ရုံကို တာဝန်ယူရတဲ့ မိသားစုက လမ်းဘေးမှာ ဈေးဆိုင်လေး တည်ထားတာကို တွေ့ရပါတယ်။ အစ်မကြီးကတော့ ရွှေပြည်သာက လာတာတဲ့။ ဘယ်လိုက ဘယ်လို ရန်ကုန် ရွှေပြည်သာ ကနေ ဒီကို ရောက်လာမှန်း မသိပါဘူး။ သားတစ်ယောက် ၊ ယောင်္ကျားကလည်း တော်တော် သဘောကောင်းပါတယ်။ နောက်ဆို စခန်းထဲမှာ နေတာကြာလာလို့ ပျင်းလာရင် ကျွန်တော်လည်း အဲဒီဆိုင်လေးမှာ သွားပြီး စကားသွားသွား ပြောဖြစ်ပါတယ်။ စခန်းနဲ့က မြင်နေရတော့ တစ်ခုခု ဖြစ်လည်း ပြန်လာလို့ ရတာကြောင့်ပါ။ သူတို့ရောင်းတာက တရုတ်ဆေးလိပ်တွေ ၊ ဆန်တွေ ၊ မုန့်သရေ စာတွေပါ။ ဖြက်သွား ဖြက်လာ ၊ ဈေးသွားဈေးလာ တွေကတော့ ( တိုင်းရင်းသားများ ) ၀ယ်ကြပါတယ်။ အဲဒီပထမဆုံး သိပြီး နေ့တုန်းက ညကျလျှင် ဆိုင်ရှေ့မှာ ကွင်းပြင်ကြီး ( ဂေါက်ကွင်း အစမ်းလေ့ကျင့်ရန် ) နဲ့ ညောင်ပင် အကြီးကြီး ရှိတာကြောင့် ဒီနေရာမှာ မီးပုံပွဲ ကျင်းပမည် ဖြစ်သောကြောင့် ၊ ည ၈ နာရီလောက် ထွက်ခဲ့ရန် ခေါ်ပါတယ်။ အစကတော့ ကျွန်တော် ငြင်းပေမယ့် အတန်တန် ခေါ်နေတာကြောင့်ရယ် ၊ ကျွန်တော်လည်း သူတို့ဘာတွေ လုပ်ကြမလဲ ဆိုတာ သိချင်တာကြောင့် လာခဲ့မယ်လို့ ကတိပေးလိုက်ပါတယ်။

ပြီးတော့ မနက်ဖြန်ဆို အဘက ပြန်လာတော့မှာ ။ အဲဒီအခါ ထွက်လို့ရ ချင်မှ ရမှာ မဟုတ်လား။ အဟဲ...စပ်စုချင်တာလည်း ပါတယ်။ နောက်ပြီး ဟိုတစ်ယောက်က တိုးတိုး...နဲ့ ကပ်ပြောလိုက်သေးတယ်။ “ လာစမ်းပါ...ဗိုလ်လုံရာ ၊ ရှမ်းမလေးတွေ အများကြီးလာကြမှာတဲ့ ” ဒါနဲ့ ကျွန်တော်လည်း ယောင်္ကျားလေးပဲ...ဘယ်ရမလဲ လာမယ်လို့ ကတိပေးလိုက်တာပေါ့။ သူတို့ရိုးရာ ဓလေ့ကို လေ့လာချင်တာ ကြောင့်ပါ။ အထင်တော့ မလွဲပါနဲ့း) ။ ညရောက်တော့ ကျွန်တော်လည်း တာဝန်အတူပေးခဲ့တဲ့ ဆရာကြီးကို အကျိုးအကြောင်းပြောပြီ သွားခဲ့ပါတယ်။ တပ်ရင်းမှုး အဘက ကျွန်တော်က ငယ်သေးတာကြောင့် တလွဲတွေ လုပ်နေရင် ထိန်းပေးနိင်အောင်လို့ ဆရာကြီးကို ပါခေါ်ပြီး အတူတာဝန် ပေးထားတာပါ။ ဆရာကြီးနာမည်က အောင်မြင့်ကြည်ပါ။ မျက်နှာက မော့စ်နဲ့ တော်တော် တူပါတယ်။ နုတ်ခမ်းမွှေးထားတာက အစ။ သဘောအရမ်း ကောင်းသလို အလိုက်လဲ အရမ်းသိတဲ့ ဆရာကြီးတစ်ယောက်ပါ။ သူက လည်း သွားပါ ဗိုလ်လုံ ။ စိတ်ချပါ ဆိုတာ နဲ့ ပြီးတော့ ကျွန်တော် သွားမှာက အဝေးကြီးမှ မဟုတ်တာ ။ စခန်းနဲ့ ခြေလှမ်း ၂၀ လောက်ဝေးတာ ဆိုတော့ အေးအေးဆေးဆေးပါပဲ။ ဟိုရောက်တော့ ကတောင် ကနေကြပါပြီ။ ကျွန်တော်လာတော့ ဈေးဆိုင်က အစ်ကိုကြီးက လာခေါ်ပါတယ်။ ပြီးတော့ ကနေတဲ့ အထဲက ခေါင်းဆောင်ကို ခေါ်လာပြီး အသစ်ရောက်လာတဲ့ ဗိုလ်လုံ ဆိုပြီး မိတ်ဆက်ပေးပါတယ်။ ဒါနဲ့ သိတဲ့ အတိုင်း ဟိုကလဲ...၀မ်းသာအားရ လက်ဆွဲနုတ်ဆက်ပြီး လက်ထဲက ခေါင်ရည်ကို သောက်ဖို့ ထိုးပေးပါတယ်။ နည်းနည်းတော့ ကြော်ငြာ ၀င်လိုက်ပါဦးမယ်။ သည်းခံပြီး..ဖတ်ပေးကြပါ။ အဟဲဟဲ။ ကျွန်တော့်မှာက အလက်ဂျစ် ရှိတော့ အရက်သေစာလိုမျိုး ဟာတွေ သောက်ရင် ကိုယ်ယားတာကြောင့် ဘယ်လိုမှ သောက်လို့မရပါဘူး။ ပြီးတော့ ကျွန်တော်က ခေါင်းမူးတာကို အသေအလဲ ကြောက်ပါတယ်။ ဗိုလ်လောင်းမှာတုန်းကလဲ ခေါင်းမူးတဲ့ အပြစ်ပေးနည်းတွေဆို ကျွန်တော် အရမ်းမုန်းပါတယ်။ ဒီတော့ ဘယ်လိုလုပ်ရမှန်း မသိဘူး။ သောက်တာကလဲ မသောက်ချင် ၊ မသောက်ရင်လည်း မခင်တွယ်ရာ ကြမယ် ဆိုတော့ ဟိုအစ်ကိုကြီးကလဲ နောက်ဆုံး မျက်စိတဖက် မှိတ်ပြပြီး ပါးစပ်ထဲ ငုံထားလိုက် ပြီးမှ ထွေးထုတ် ဆိုတာနဲ့ ကျွန်တော်လည်း အဲဒီလို လိုက်လုပ် လိုက်ရတယ်။ နောက်တော့ သူတို့ မီးပုံးပွဲကို ပတ်ကကြပါတယ်။ ကပုံကနည်းက သိပ်တော့ မမှတ်မိပါဘူး။ ရှေ့ကို ၁ လှမ်းတိုး ၊ နောက် ၂ လှမ်းဆုတ် ၊ အပေါ်ကို ၁ လှမ်း ၊ အောက်ကို ၁ လှမ်း လားတော့ မသိတော့ပါဘူး။ လက်ချင်း တွဲပြီး ယောင်္ကျား မိန်းမ တစ်ယောက်ခြားစီ ကနေတာပါ။ ကျွန်တော်လည်း ဘယ်နားက ကောင်မလေး ချောချောလေးများ ရှိမလဲဆိုပြီး လိုက်ရှာတာပေါ့။ ဒါပေမယ့် တကယ်လည်း ကရော ယောင်္ကျားတွေချည်းပဲ ။ ကိုယ့်ဘေးနားမှာ။ အဟားဟား ။ ဆိုးတယ်ဗျာ။ ဒါပေမယ့် မယုံမရှိနဲ့ ပျော်ပွဲရွှင်ပွဲက ယောင်္ကျားလေးတွေနဲ့ သောင်းကျန်းရတာ ပိုကောင်းတယ်လို့ ကျွန်တော်ယူဆမိပါတယ်။ တစ်အောင့်နေတော့ ကျွန်တော်လည်း ကျေးဇူးတင်ကြောင်း ပြောပြီး ၊ နုတ်ဆက်ပြန်ခဲ့ပါတယ်။

၂၀၀၄ ခုနှစ် ဖေဖော်ဝါရီ ၂

နေ့မှာတော့ တရုတ်နှစ်ကူးလဲ ပြီး ၊ လှုပ်ရှား သွားနေတဲ့ အဘတို့ စစ်ကြောင်းလဲ ပြန်ဝင်လာပါတယ်။ ဒါနဲ့ အဘကို သွားကြို ၊ စားဖို့သောက်ဖို့ စီစဉ်ပေးရင်း အတွေ့အကြုံတွေ သူငယ်ချင်း ၂ ယောက်ကို မေးကြည့်တာပေါ့။ ဟို၂ ယောက်ကလဲ စုတ်ပြတ်နေတာပဲ။ ရေမချိုး ၊ အစာလဲ ဗိုက်ဝအောင် စားခဲ့ရမဲ့ ရုပ်တွေလဲ မပေါက်ဘူး ဆိုပြီး စတော့ လိုက်ထိုးပါလေရော။ ဒါနဲ့ သူတို့ ၂ ယောက်ကို ကြိုဝယ်ထားတဲ့ အအေးဘူးတွေ ထုတ်တိုက် ၊ ထမင်းစားဖို့ ပြင်ပေးပြီးတော့ ညရောက်တော့ မေးတာပေါ့။ သူတို့က တောင်တွေ တက်ရတယ် ဆိုတဲ့ အကြောင်း ၊ ရွာတွေကို မဖြက်ဘဲ ပတ်သွားနေရတယ် ဆိုတာတွေ ၊ တောထဲ ထမင်းချက်စားတော့ ဟင်းမရှိလို့ ငပိဗူးနဲ့ပဲ ကစ်လိုက်ရတယ် ဆိုတာတွေ ပြောပြပါတယ်။ ရန်သူရယ်လို့လဲ ဖြစ်ဖြစ်မြှောက်မြှောက် မတွေ့ပါဘူးတဲ့ ။ ကိုယ့်ကျောပိုးအိတ် ကိုယ်ထမ်းပြီး တက်ရတယ်ပေါ့။ အပြင်မှာ ရဲဘော်က ထမ်းပေးတယ် ဆိုတာက မဟုတ်ပါဘူးဆိုတာ ကျွန်တော်ပြောပြချင်ပါတယ်။ ရဲဘော်လည်း သူ့ကျောပိုးအိတ် ၊ သူ့ရိက္ခာ ၊ ကျည်ဆန် နဲ့ ဘယ်နဲ့ ကိုယ့်ကျောပိုးအိတ်ပါ ထမ်းခိုင်းရမှာတုန်း ။ အဆင်မသင့်လို့ရှိရင် ကိုယ်ကတောင် ပြန်ထမ်းပေးရမှာ မဟုတ်လား ။ မင်းက ကံကောင်းတယ် ၊ ငါတို့ဆို စုတ်ပြက်နေတာပဲတဲ့။ ကျွန်တော်လည်း အေးပါကွာ။ ငါနေမကောင်းဖြစ်လိုက်လို့ပါ။ အမှန်ဆို ငါက အတွေ့အကြုံရှိအောင် လိုက်ချင်တာ ။ အခုက မလိုက်ရတာ နာတာပေါ့လို့ ပြောပြလိုက်ပါတယ်။ အမှန်တကယ်လည်း လိုအပ်တယ် မဟုတ်လား ။ စစ်ဥပဒေသမှာ စကားတခွန်းရှိပါတယ် “ မြေပိုင်မှ စစ်နိင်မယ်တဲ့ ” အဓိပါယ်ကတော့ ရှင်းပါတယ်။ မြေပြင် အခြေအနေကို ကောင်းမွန်စွာ စစ်ရေးအရ သုံးသပ်နိင် ၊ ကျွမ်းကျင်နိင်ရင် တိုက်ပွဲ အောင်မယ်ဆိုတဲ့ စကားပါ။ တကယ်လည်း ကျွန်တော် လိုက်သွားချင်တာကြောင့်ပါ။

မနက်ဖြန် ရောက်တော့ အဘက အသစ်ထပ်ရောက်လာတဲ့ ကျွန်တော်တို့ ၃ ယောက်နဲ့ သူစခန်း ပြောင်းထားချင်တဲ့ ဆရာကြီးတွေကို ခေါ်ပါတယ် ။ တခြားစခန်းတွေမှာက အရာရှိ မရှိတာကြောင့် အရာခံဗိုလ်တွေကို စခန်းမှုးအဖြစ် ခေတ္တ တာဝန်ယူခိုင်းထားတာပါ။ အခု ကျွန်တော်တို့ ရောက်လာတော့ အဲဒီစခန်းတွေကို ပြောင်းဖို့ ခေါ်တာပါ။ ကျွန်တော်တို့ ၃ ယောက်ကိုလည်း အတူတူ မထားပါဘူး ။ ဘာလို့လဲ ဆိုတော့ စခန်း ပျက်မှာ စိုးလို့ပါ။ ၃ ယောက်ပေါင်း လောင်းကျော် ဖြစ်မှာ ကြောက်တယ်နဲ့ တူပါတယ် ။ ပြီးတော့ ၃ ယောက်လုံး ထားလဲ အပိုပဲ မဟုတ်လား။ ဒီတော့ ၃ ယောက်တည်းက ကျွန်တော် ရန်ကုန်သားက နည်းနည်းလည်တော့ အဘက သူ့နားကို ခေါ်ထားပါတယ်။ ၁ ယောက်ကိုတော့ ကျွန်တော်တို့ ပင်မစခန်းနဲ့ တော်တော် ဝေးတဲ့ တပ်စွဲထားတဲ့ နေရာ ပြောင်းဖို့ ညွှန်ကြားပါတယ်။ တစ်ယောက်ကတော့ ကျွန်တော်တို့ပင်မ စခန်းက ကြည့်ရင် လှမ်းမြင်နိင်တဲ့ တောင်ပေါ်မှာ နေဖို့ အမိန့်ပေးပါတယ်။ ၂ လ တစ်ခါ စခန်းတွေကို အလှည့်ကြ ချိန်းပေးမယ်လို့ လည်း မှာကြားပါတယ် ။ ဒီတော့ ဟို ၂ ယောက်ကလည်း စခန်းပြောင်းဖို့ ပစ္စည်းတွေ ပြန်သိမ်း ၊ ပြီးတော့ ကားအလာကို တစ်ယောက်က စောင့် ၊ နောက်တစ်ယောက်ကတော့ စခန်းနဲ့ နီးတာကြောင့် လမ်းလျှောက်ပြီး ချီတက်သွားလေရဲ့။ အစကတော့ ၃ ယောက်နေရမယ် မှတ်တာ။ အော်....နောက်တော့ ပြန်စဉ်းစားမိတာက ဒါက ကျောင်းမှ စာသင်နေတာမှ မဟုတ်တာ။ ပျော်ပွဲစား ထွက်နေတာလဲ မဟုတ်တာကြောင့် ကိုယ့်တာဝန် ကိုယ်ထမ်းဆောင်ရတာပဲလို့ စဉ်းစားမိပါသေးတယ် ။

၂၀၀၄ ခုနစ် မတ်လ ၂၃

စစ်ကြောင်းမှာ လူအင်အားတိုးလာတာ၍ နဂိုကတည်းက စခန်း လုံခြုံရေးကို တပ်ရင်းမှုး ( အဘ )က တိုးမြှင့်ချင်တာကြောင့် စပြီး ခိုင်းပါတော့တယ်။ အဘက တစ်ကယ့် ခေါင်းဆောင်ကောင်းပါ ။ စစ်ရေးနဲ့ ပတ်သက်လာလျှင် ထိုးထွင်းဥာဏ်လဲ ရှိပါတယ်။ ကျွန်တော်ကို ကျောင်းမှာ လူများစွာနဲ့ သင်ခဲ့လို့ သိရုံပဲ သိပြီး မတက်ခဲ့ရင်တောင် လက်တွေ့နယ်ပယ်မှာ တကယ်တက်သိ နားလည် နိင်အောင် မြေပုံဖတ် ၊ ၀ှက်စာ ရေး/ဖော်နည်း ၊ ကြေးနန်းရေးနည်း ၊ ရှင်းလင်းတင်ပြနည်း ၊ တွေကို စာနဲ့တဖုံ ခြံစည်းရိုးကာ ၊ ပစ်ကျင်း ၊ ကတုတ်ကျင်း တူးနည်း ၊ တပ်စု အသင့် နေရာယူပုံ ၊ တပ်ဖြန့်ပုံ ၊ လူ လက်နက် ဘယ်လို ရွေးချယ်ရမယ် ဆိုတာက အစ သေသေချာချာ သင်ပေးပါတယ်။ ဒါတွေက လက်တွေ့လုပ်မှ နားလည်မှာဆိုတော့ ကျွန်တော်ဦးဆောင်ပြီး ဆရာကြီး ၊ စစ်သည်တွေနဲ့ အတူတူ အစအဆုံး ကျင်းတူး ၊ ခြံစည်းရိုးခက် ၊ ညှောင့်ထောင် မြက်ရှင်း ၊ အစအဆုံး လုပ်ခိုင်းတာပါ။ နေကလည်းပူ ၊ ချွေးကလဲ ထွက်နဲ့ မျက်နှာတောင် ကုလားဖြစ်သွားပါတယ်။ ပြီးတော့ အဘက စစ်သည်တွေ ထမင်းစား တန်းဖြုက်ခိုင်းပြီး ကျွန်တော်ကို ဆက်လုပ်စေပါတယ်။ မနက် ၇ နာရီ ကတည်းက နေ့လည် ၁၂ ထိုးနေပြီ ဗိုက်က ထမင်းကြမ်းလေး စားထားတာ ဘယ်ခံနိင်ပါ့မလဲ ခင်ဗျာ။ ဒီတော့ အဘနဲ့က သူ့သားနဲ့ ကျွန်တော်က အသက်တူဆိုတော့ နည်းနည်း ချွဲရတာပေါ့။ ဗိုက်ဆာတယ် ဘာညာနဲ့ အပူကပ်တော့ အဘက “ ဟေ့ကောင် ၊ အရာရှိကောင်းဆိုတာ အလုပ်ကို ကိုယ့်လက်အောက်က ရဲဘော်တွေထက် ပိုကြိုးစားရတယ် ၊ ပိုလုပ်ပြရတယ် ကိုယ်တိုင် အပင်ပန်းခံရတယ်ကွ ၊ ဒါတောင် အလုပ်နဲ့ ပတ်သက်လို့ပဲ ရှိသေးတယ် ” ဆိုတော့ ကျွန်တော်လည်း ဘယ်ရမလဲ တခွန်းပဲ ပြောလိုက်တယ် “ ဟုတ် ” ။

ဒါနဲ့ ကျွန်တော်ရယ် ရဲဘော်လေးရယ် သံဆူးကြိုးတွေနဲ့ တိုင်တွေကို လိုက်ရိုက်နေရပါတယ်။ နေကပူ ၊ ချွေးကထွက် ၊ ဗိုက်ကဆာ ၊ ဒီကြားထဲ သံဆူးကြိုးတွေ ကိုင်ထားပြီး သတိနဲ့ လုပ်နေရတော့ စိတ်က တိုချင်လာပြီ။ ဒါနဲ့ ဘယ်သူ့ကို တိုရမှန်း မသိတော့ ၊ အတူတူ လုပ်နေတဲ့ ဘေးနားက ရဲဘော်ကို အဘလည်း ဟိုဘက် လိုက်ကြည့်နေရော “ ဟေ့ကောင် ၊ နားလည်လား ” ဆိုပြီး ရုပ်တည်နဲ့ ပိတ်ဟောက်လိုက်တယ်။ ဒီကောင်လည်း အစက ရီရီပြုံး၂ နဲ့ အလုပ်လုပ်နေတာ။ ကျွန်တော်ပြောလိုက်တော့ ကြောင်သွားတာပေါ့။ ဘယ်ရမလဲ ကိုယ်လည်း ရုပ်တည်နဲ့ နိင်ရာကို တဆင့် ပြန်လည် ပေါက်ကွဲလိုက်တာ။ ဒီတော့ ကိုယ့်ရဲဘော်ကလည်း ဘယ်ခေပါ့မလဲ “ ဒုန်း ” ဆို သံကို ဆောင့်ရိုက်လိုက်ပါတော့တယ်။ အော်...နိင် ရာ နိင်ရာ ။ ခဏကြာတော့ အဘက ခေါ်ပြီး ထမင်သွားစားဖို့ ပြောပါတယ်။ မစားခင် ဆရာကြီးတွေ စားတာ လိုက်ကြည့်ပေး ၊ လိုတာရှိရင် ညွှန်ကြားဖို့ပြော ၊ အားလုံးပြီးမှ မင်းစားရမယ်တဲ့ ။ အဘက တကယ်ကို တော်တဲ့ ဆရာကောင်းပါ။ သူ့ကြောင့် ကျွန်တော်ကို ရဲဘော်တွေ ချစ်လာတဲ့ အပြင် ၊ အသိပညာတွေလည်း တိုးပွားလာခဲ့ရပါတယ်။ အဘနာမည်ကတော့ ဗိုလ်မှုးခင်မောင်အေး ပါ။ အခုတော့ အငြိမ်းစား ယူသွားပါပြီ ။ ကျွန်တော်ဒီကို မလာခင်ကပါ။ ဒါနဲ့ အဘက ကျွန်တော့်ကို ရှေ့တန်းမှာ ခေါ်တဲ့ နာမည်တစ်လုံး ရှိတယ်ဗျ။ မလျိုဝှက်တော့ပါဘူး ။ ပြောပြတော့မယ် ။ ဘာလည်းဆိုတော့ “ ဗိုလ်ကြောင် ” တဲ့ ။

ဘာကြောင့် ဒီနာမည် တွင်လာလဲ ဆိုတော့ကာ......

စိတ်ဝင်တစား စောင့်မျှော် ဖတ်ရှုသူများ ၊ ကော်မန့်ရေးပေးတဲ့ သူများ ၊ ခဏတဖြုက် အလည်လာသွားသူများ အားလုံးကို ချစ်ခင်လေးစားစွာ ကျေှးဇူးတင်ရှိပါသည်။

ဆက်ရန် ။

Friday, April 4, 2008


ရှေ့တန်းရောက်ပြီ.....

ဒီလိုနဲ့ မြို့ကို ၀င်လာတော့ ပထမဆုံးတွေ့ လိုက်ရတာက ရဲကင်းတစ်ခုပါ။ ရဲကင်းမှာ ရဲတပ်သား ( ၂ ) ယောက် ကင်းစောင့်နေတာကို တွေ့ရပါတယ်။ အထဲမှာတော့ ( ၄ ) ယောက် ရှိပါသေးတယ်။ ဒါနဲ့ ရဲကင်းရှေ့ကို ဖြက်တော့ တားပြီး ဟိုကြည့် ဒီကြည့် စစ်ဆေးရေး လုပ်ပါသေးတယ်။ ကားပေါ်မှာ ကျွန်တော်တို့ကို တွေ့တော့ “ နေကောင်းလား ၊ တာဝန်ကျတာလား ” နူတ်ဆက်ပြီး ပြန်ဆင်းသွားပါတယ်။ ဒါနဲ့ မြို့ထဲကို ဆက်မောင်းလာတော့ စစ ၀င်လိုက်တယ် ဆိုရင်ဘဲ လမ်းမကြီးကတော့ ဖြူးနေတာပါပဲ။ ကွန်ကရစ်လမ်းမကြီးပါ။ ဘုရား ၊ ကျောင်း ၊ ရဲစခန်း ၊ ဆေးရုံ ၊ မြန်မာရုပ်မြင်သံကြား ထပ်ဆင့် အသံလွှင့်စက်ရုံ ၊ တည်းခိုခန်း သူ့နေရာနဲ့သူ စုံလင်စွာ တည်ရှိပါတယ်။ မြို့အ၀င်မှာ ၅ ရက်တစ်ခါ ဈေး ရှိပါတယ်။ ဒါနဲ့ ကျွန်တော်တို့ စီးလာတာ လိုင်းကားဆိုတော့ ဟိုနေရာ ရပ် ၊ ဒီနေရာ ရပ်နဲ့ ကုန်တင် ကုန်ချ ပြုလုပ်လျက်ရှိပါတယ်။ နောက်ဆုံး ဘယ်သူမှ မကျန်တော့မှ ကျွန်တော်တို့ တပ်စခန်းရှိရာ မြို့အစွန်ကို မောင်းခဲ့ပါတယ်။ ဟိုရောက်တော့ စခန်းဂိတ်ထဲကို ၀င် ၊ အထုတ်တွေ အပိုးတွေချ ၊ ကားပြန်ထွက်သွားတော့ ဆရာကြီးတွေကို တန်းစီ ၊ ကျန်တဲ့ ကျွန်တော်တို့ နှစ်ယောက်လည်း တန်းစီ ၊ ကျွန်တော့်ထက် BC နံပတ်စောတဲ့ သူငယ်ချင်းက အဘကို ရောက်ရှိပြီ ဖြစ်ကြောင်း သတင်း သွားပို့ပါတယ်။ ခဏကြာတော့ အဘထွက်လာတော့ သတင်းပို့ပြီး တန်းအပ်ပါတယ်။

အဲဒီမှာတင် အဘက ၊ ကျွန်တော်တို့က ရှေ့တန်း ဒီနယ်မြေကို အခုမှ ရောက်ဖူးတာ ဖြစ်တာကြောင့် ရှောင်သင့်သည့် အကြောင်း အရာများ ၊ လိုက်နာသင့်သည့် အချက်အလက်များ ၊ ရန်သူ့အခြေအနေ ၊ လက်ရှိ တပ်စွဲထားသည့် မြေနေရာ အနေအထား ၊ စသည်တို့ကို ရှင်းပြပါတယ်။ အဲဒီမှာ ကျွန်တော် မောင်ဆိုးသွမ်း ရောဂါက စပါပြီ။ အဘက စကားပြောတဲ့ အချိန်က နေ့လည်း ၁၂ နာရီ တိတိ ၊ နေက ခေါင်းပေါ်မှာ တည့်တည့်ရောက်နေတဲ့ အပြင် သူ့က စကားပြောချိန်က ၁၂ ကနေ ညနေ ၃ နာရီထိ ကြာအောင် မနားတမ်း စကားတွေ ပြောပါတယ်။ ကိုယ်က လမ်းမှာ ၂ ရက်လုံး မအိပ်ခဲ့တာက လူကို ဒုက္ခပေးပါတော့တယ်။ ခေါင်းထဲ မိုက်ခနဲ့ ဖြစ်သွားတာကြောင့် တန်းစီနားထောင် နေရာကနေ အလေးပြုပြီး ရေချိုးခန်း ရှိရာကို အပြေးသွားလိုက်ရတယ်။ ဟိုရောက်တော့ အခန်းက တော်တော် သန့်ပါတယ်။ ထင်တောင် မထင်မိပါဘူး။ ဒီလိုနေရာ မျိုးမှာ ဒီလို မျိုးတွေ ရှိလိမ့်မယ်လို့ ။ အခန်းထဲမှာ ကြွေပြားအဖြူထည်တွေနဲ့ မျက်နှာသုတ်ပ၀ါ အဖြူ ၊ သွားပွတ်တံ အသစ် ( မဖောက်ရသေးသော ) ၊ ဆပ်ပြာမွှေး ၊ စုံနေအောင်ကို ရှိတာပါ။ အခန်းက တော်တော်လေးလည်း အေးတာကြောင့် အဲဒီမှာ အန်ချပြီး ကိုယ်လက် သန့်စင်လိုက်ပါတယ်။ ၅ မိနစ်လောက် နားပြီး စကားပြောရာကို ပြန်လာပြီး နားထောင်ပါတယ်။ ၁ နာရီလောက် ကြာလာတော့ နောက်ထပ် မိုက်ခနဲ့ ဖြစ်သွားပြန်ရော။ ဒါနဲ့ စောနက နေရာကို ပြန်သွား ။ ပြန်နားနဲ့ ။ ၂ ခါလောက်လဲ ဖြစ်လိုက်ရော အဘ ( ဒုတပ်ရင်းမှုး ) လည်း အခြေအနေမှန်ကို နားလည်သွားတယ်နဲ့ တူပါတယ်။ တန်းစီတာကို ဖြုတ်ပေးလိုက်ပါတယ်။

ဆရာကြီးတွေကို ဘယ်သူက ကိုယ့်တပ်ခွဲရှိရာ ဘယ်နားကို သွား ၊ ဘယ်သူ့ကိုတော့ ဘယ်စခန်းကို ပြောင်းရမယ် အစရှိသည်ဖြင့် ပြောပြပြီး ကျွန်တော်တို့ ( ၃ ) ယောက်ကိုတော့ ဒီနေ့ တစ်ည ဒီမှာနားပြီး မနက်ဖြန်မှ မင်းတို့ ဘာတွေ လုပ်ရမယ် ဆိုတာကို ညွှန်ကြားမယ် ဆိုတာကြောင့် သူ့အိပ်ခန်းနဲ့ ကပ်လျက်တခန်းကျော်မှာ နေရာ ချပေးပါတယ်။ ရှေ့တန်းဆိုလို့ ကျွန်တော်တို့က တောထဲ တောင်ထဲ သွားရတာ မဟုတ်ပါဘူး။ မြို့အစွန်မှာ တပ်စခန်း ချပြီး နယ်မြေလုံခြုံးရေး ယူရတာပါ။ ဒါပေမယ့် ဒါက စစ်ကြောင်း ( ၁ ) တည်ရှိတာ ကြောင့်ပါ။ ကျန်တဲ့ တပ်စခန်းခွဲတွေကတော့ တောတောင်နဲ့ နီးစပ်တဲ့ နေရာတွေမှာပါ။ အဓိက တာဝန်ယူရတာ ကတော့ နယ်မြေလုံခြုံရေးပါ။ ဘာလို့လည်း ဆိုတော့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အပစ်အခက် ရပ်စဲရေး သဘောတူညီထားတာ ကြောင့်ပါ။ ဒါပေမယ့် သူတို့လည်း တပ်စခန်းတွေ ဖွင့်ထားပါတယ်။ လက်နက်နဲ့ တရားဝင် သွားလာခွင့် ပြုထားရပါတယ်။ ဒီတော့ ကျွန်တော်တို့လည်း ဘယ်နေရာ သွားသွား အနည်းဆုံး ၂ ယောက်အပြင် ၊ လက်နက်လည်း တပါတည်း ယူဆောင်သွားရပါတယ်။ အဲဒီမှာ ရှိတဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေက SSNA / SSA / KDA အဖွဲ့တွေ ဖြစ်ပါတယ်။ ဒါနဲ့ နေရတာက ဘာကြောင့် အခန်းတွေနဲ့ ဖြစ်နေလဲ ဆိုတော့ ကျွန်တော်တို့ အခုနေရတဲ့ စစ်ကြောင်း ( ၁ ) တည်ရှိနေရာက မြို့ဖြစ်တဲ့ အပြင် ၊ အရင် ဒီနေရာမှာ တုန်းက ဆက်သွယ်ရေးရုံး တည်ရှိတာကြောင့်ပါ။ အခုပြောင်းရွှေ့ဖွင့်လှစ် လိုက်ကြောင့် ဖြစ်ပါတယ်။ တိုက်ခန်းတွေတော့ မဟုတ်ပါဘူး ။ အဆောင်က အပေါ်က အမိုးရှည်တစ်ခုမှာ အခန်းငယ် အဖြစ် ( ၅ ) ခု ကန့်ထားပါတယ်။ ဆောက်ထားတာကတော့ အုတ်တွေနဲ့ပါ။ တရုတ်အုတ် အကြီးစားတွေပါ။ အခန်းထဲမှာတော့ ဘာမှ မရှိပါဘူး။ ၀ါးကပ်ကို ကုတင်လုပ် အိပ်ရတာပါ။ တပ်စခန်းနဲ့ ကပ်လျက်ကတော့ ရှမ်းရွာငယ်လေးပါ။ ကြားမှာ ခြံစည်းရိုးပဲ ခြားပါတယ်။ ကျွန်တော်တို့ ခလရ ( ၄၅ ) စစ်ကြောင်းနဲ့အတူ အမှတ် ( ၁ ) လှုပ်ရှားစစ်ဗျူဟာ လဲတည်ရှိပါတယ်။ နောက်ပိုင်း ကျွန်တော် ခေါင်းမူးပြီး အန်ခဲ့တာက ဗျူဟာမှုး ရေချိုးခန်းမှန်း သိလာရပါတယ်။ ကံကောင်းလို့....ရင်ဆိုင်တွေ့ရင်တော့ မလွယ်လောက်ဘူး။ ၁၀ တန်းတုန်းက ဆရာမပြောသလို “ နင်တို့တွေ စာမေးပွဲ မလာသေးတော့ စာမကျက်ကြနဲ့ ၊ တော်ကြာ ရင်ဆိုင် အတွေ့မှာ...ဖင်ထိုင်မေ့မယ်တဲ့ ” ဆရာမပြောတာ မှားသွားပြီ။ အဟဲ။ ကျွန်တော် ဗျူဟာမှုးနဲ့ ရင်ဆိုင်မတွေ့ခဲ့လို့ တော်သေးတယ် ဆရာမရေ။

တပ်စခန်းနဲ့ ကပ်လျက် ရွာကတော့ ရွာငယ်လေးပါ ။ အိမ်ခြေ ( ၁၅ ) လုံးလောက်တောင် မရှိပါဘူး။ ရွာထဲမှာလည်း လူငယ်တွေကို သိပ်မတွေ့ရပါဘူး။ ဘာကြောင့်လဲဆိုတော့ နောက်ပိုင်း ပြောပြပါ့မယ်။ ကျွန်တော်တို့ အဲဒီကို ရောက်တော့ မှတ်မှတ်ရရ တရုတ်နှစ်သစ်ကူး ကာလနဲ့ သွားတိုက်ပါတယ်။ ၁ လပိုင်းပေါ့ဗျာ။ ၂၀၀၄ ခုနှစ်ရဲ့ ( ၁ ) လပိုင်း ထဲမှာပါ။ နေရာတွေ ချပေးပြီးတော့ အဘရဲ့ ကိုယ်ရံတော် ရဲဘော်လေးက လာမေးပါတယ်။ နာမည်ကတော့ ရဲဘော် သန်းဝင်းပါ။ နောက်ပိုင်း ကျွန်တော်နဲ့ တတွဲတွဲပေါ့။ တွဲဖြစ်တာပေါ့ တပ်ရင်းမှုးရဲ့ အရာရှိ ဘော်ဒီဂတ် ( I.O ) နဲ့ ရဲဘော်ဆိုတော့ ခိုင်းသမျှ အတူတူ လုပ်ရတာကြောင့်ပါ။ အိုင်အို ဆိုတာက ( Intelligent Office ) လို့ခေါ်ပါတယ်။ သူက ဗိုလ်ကြီး “ နေကောင်းရဲ့လားတဲ့ အဘက ၊ နေမကောင်းရင် သောက်ဖို့ ဆေးပေးလိုက်တယ်လို့ပြောတော့ ” ကိုယ်လဲ ယူထားပြီး ဆေးသောက်ကာ လှဲအိပ်နေလိုက်တယ်။ သေချာပါတယ် ကျွန်တော်ဖျားနေခဲ့တာပါ။ အမေကတော့ ဂုဏ်ယူလိုက်တာ “ စစ်သားကြီး လုံးလုံး...ဗိုလ်မှုးကြီး ရှုံးလောက်ပါရဲ့ ” သူ့သားကို ချီမွမ်းနေလိုက်တာ ကျွန်တော်ကတော့ ရှေ့တန်းရောက်တာနဲ့ ဖျားနေတော့တာပဲ။ ကျန်းမာသန်းစွမ်းတာ ကတော့ ပြောစရာကို မလိုတာ။ ဒီလိုနဲ့ တစ်နေ့ ကုန်ဆုံးပြီး မနက်ဖြန်ရောက်လာတော့ အထက်ဌာနက ကြေးနန်းဝင်လာပါတယ်။ ဘယ်ပွိုင့် ၊ ဘယ်နေရာ ၊ ဘယ်တောင်ကုန်းကို တပ်ရင်းမှုး ဦးစီးပြီး ရှင်းလင်းရေး ၀င်ပါ။ စီမံချက် နဲ့ ဖြစ်စဉ်ကို အသေးစိတ် ပြန်တင်ပါတဲ့။ ဒီတော့ ချက်ချင်း လူစုပါတယ်။ ကျွန်တော့်ကိုတော့ ဖျားနေလို့ စခန်းမှာပဲ ဦးစီးပြီး နေခဲ့ရန် မှာကြားပါတယ်။ သူငယ်ချင်း ( ၂ ) ယောက်ကိုတော့ ယူဆောင်ရမဲ့ ပစ္စည်းတွေမှာ လူစုနဲ့ ရှုပ်ယှက်ခက်သွားပါတယ်။ ကျွန်တော်တို့ တပ်မတော်မှာ အစဉ်အလာ တစ်ခုရှိတာက တကယ်လို့ တပ်စခန်းချတဲ့ နေရာမှာ ပွဲတော် ရှိလာတယ် ဆိုတာနဲ့ စခန်းမှာ မထားတော့ပဲ ရှင်းလင်းရေး စီမံချက်လုပ်ကာ စေလွှတ်တက်ပါတယ်။ ဘာမှ မဖြစ်ပေမယ့် တာဝန်က တာဝန်ဆိုတော့ တပ်ရင်းမှုးလဲ အမိန့်နာခံရပါတယ်။ အဲဒီအချိန်တုန်းက တရုတ်နှစ်ကူး ကာလကြီးမို့ပါ။ ရှင်းလင်းရေးအတွက် ကြာမဲ့ရက်ကတော့ ( ၁ ) ပတ်တိတိ ဖြစ်ပါတယ်။

ဒါကြောင့် ကျွန်တော့်ကို ကျန်ခဲ့သည့် စစ်သည်များအား သေသေချာချာ ၊ ပြဿနာ မတက်စေဘဲ ကြီးကြပ် အုပ်ချုပ်ရန် ၊ ကိုယ်တိုင်လည်း ဘယ်မှ လျှောက်မသွားဘဲ စည်းကမ်းလိုက်နာရန် လိုအပ်ဖို့ ၊ အရေးအကြောင်း တစ်စုံတစ်ရာ ရှိပါက စခန်းနဲ့ ကပ်လျက် ဗျူဟာ ဌာနကို သတင်းပို့ရန် မှာကြားခဲ့ပြီး ထွက်ခွာသွားပါတယ်။ ဒါနဲ့ ကျွန်တော်လည်း စခန်းပတ်ပတ်လည် ကို လိုက်ကြည့် ၊ တစ်စိတ်တွေ တပ်စွဲရာ စခန်းတွေ လိုက်ကြည့်ပြီး အဘမှာသွားတဲ့ အတိုင်း တပ်စိတ်ခေါင်းဆောင် ဆရာကြီးတွေကို တဆင့် ပြန်လည် မှာကြားပါတယ်။ အမိန့်ဆိုတာ ဒီလိုပဲ လက်ဆင့်ကမ်းရပါတယ်။ ဒါမှ အောက်ခြေအထိ သိရှိနားလည်ပြီး လိုက်နာ ဆောင်ရွက်နိင်တာ ကြောင့်ပါ။ ညနေဘက်ရောက်လာတော့ တပ်ခွဲတပ်ကြပ်ကြီး CQ ကိုခေါ်ပြီး စကားပြောစရာ ရှိသောကြောင့် ကင်းသမား နှင့် စက်သမား မှ အပ ကျန်သူများ လာရောက် တန်းစီပြီး သတင်းပို့ရန် မှာကြားခဲ့ပါတယ်။ CQ ( စီကျူ ) ဆိုတာက တပ်ရင်းမှုးအပါအ၀င် ဒီစစ်ကြောင်းမှာ ရှိသော စစ်သည်နှင့်အရာရှိ များ၏ စားဝတ်နေရေးကို စီမံရသော သူပါ။ တန်းစီပြီးပြီ ဖြစ်ကြောင်း လူစုံကြောင်း တန်းလာအပ်ပါတယ်။ ဗဟုသုတ ရရန် အလို့ဌာ ဖော်ပြပေးလိုက်ပါ့မယ်။ တန်းစီပုံ နည်းကတော့ လူတိုင်း မကြည့်ဘူးရင်တောင် မြင်ဘူးကြမှာပါ။ ဗီဒီယိုကားတွေမှာပါ။

ဆရာကြီး ။ ရှေ့ကြည့် ။ သတိ ။
( အနောက်လှည့်ပြီး အလေးပြုပါတယ် ။ ပြီးတော့... )
ဆရာကြီး ။ အမှတ် ခလရ (၄၅) စစ်ကြောင်း ( ၁ ) ၊ ရှိရင်း ( - ) ၊ တန်းစီ ( - ) ၊ ပျက်ကွက် ( - )
(ပျက်ကွက်မှာ တာဝန် ) အလေးပြန်ပြု )
ကျွန်တော် ။ ( အလေးပြန်ပြုပြီး ) အေးစေ။

ကျွန်တော် ။ ကျွန်တော် နာမည်ကတော့ .....ပါ။ ဘာလို့ အခုလို့ ဆရာကြီးတို့ကို တန်းစီခိုင်းရတာလဲ ဆိုတော့ ကျွန်တော်တို့က အသစ်ရောက်လာတာရယ်ကြောင့် မိတ်ဆက် ချင်တာနဲ့ ၊ နောက်ပြီး တပ်ရင်းမှုးကလည်း တာဝန်နဲ့ ထွက်သွားတာကြောင့် မှာသွားတာတွေ ပြန်လည် မှာကြားချင်တာကြောင့်ပါ။ ကျွန်တော်ကတော့ စစ်တက္ကသိုလ် အပတ်စဉ် ( - ) က ကျောင်ဆင်းလာတာပါ။ ကျွန်တော်က ဒီက ဆရာကြီးတို့ထက် အသက်အရွယ် များစွာ ငယ်ရွယ်ပေမယ့် ဆရာကြီးတို့ရဲ့ တိုက်ပွဲအတွေ့အကြုံ ၊ ဇွဲသတ္တိရှိမှု ၊ တိုင်းပြည်အပေါ် သစ္စာစောင့်သိမှု့ တွေကို လေးစားသလို့ ၊ ဆရာကြီးတို့ကလည်း ကျွန်တော့်ရဲ့ တာဝန်ယူရမှု အပေါ် တဖန် ပြန်လည် လေးစားစေချင်ပါတယ်။ အခုကာလမှာ တရုတ်နှစ်သစ်ကူး ကာလဖြစ်တာကြောင့် မြို့ထဲမှာ ပွဲလမ်းသဘင် အခမ်းအနားတွေ ရှိမယ် ၊ နောက်ပြီး လူငယ်ပီပီ သောက်စားပျော်ပါးရင်း အမှုးလွန်နေကြတဲ့ လူတွေလဲ ရှိပါလိမ့်မယ်။ ဒါကြောင့် အဘက မည့်သူ့ကိုမှ တပ်စခန်းက ပေးမထွက်ခိုင်းပါဘူး။ ကုန်ကုန်ပြောရရင် ကျွန်တော့်ကိုလည်း မထွက်ခိုင်းပါဘူး။ ဒီစခန်းထဲမှာပဲ သူပြန်မလာချင်း နေဖို့မှာခဲ့ပါတယ်။ တကယ်လို့ အပြင်မှာ အဲဒီလို ကိစ္စတွေ ဖြစ်နေတယ် ဆိုတာ မြင်နေရင်တောင် ၀င်မစွတ်ပါနဲ့။ ရဲစခန်း ရှိပါတယ်။ သူတို့ တာဝန် ယူပါလိမ့်မယ်။ နောက်ပြီး ဒီက ဆရာကြီးတွေရဲ့ ကျန်းမာရေး ၊ လူမှုရေး ၊ စားဝတ်နေရေး ကိစ္စအ၀၀ အခက်အခဲ အားလုံး ရှိလာခဲ့သည် ရှိသော် ကျွန်တော့်ကို လာရောက် ပြောကြားနိင်ပါတယ်။ အတက်နိင်ဆုံး ကူညီပေးနိင်ဖို့လည်း ကျွန်တော် ကြိုးစားပါ့မယ်။ ကျွန်တော် တပ်ရင်းမှုးနဲ့ တခန်းကျော်မှာ နေပါတယ်။ ကျွန်တော် ပြောချင်တာက ဒီလောက်ပါပဲ။ အားလုံးလည်း ကျွန်တော်နဲ့ အတူ အဘ အမိန့်ကို နာခံကြမယ်လို့ ယုံကြည်ပါတယ်။ ဘာသတင်းပို့ စရာ ရှိလဲ ။

စစ်သည်များ ။ မရှိပါဘူး။
ကျွန်တော် ။ ရှေ့ကြည့် ။ တပ်ရင်း....သတိ ။ တပ်ခွဲတပ်ကြပ်ပြီး.....ဆက်လုပ်။
ဆရာကြီး ။ ဆက်လုပ်ခွင့်......ပြုပါ။
ကျွန်တော် ။ ဆက်လုပ်။ ဆရာကြီးလည်း မှာစရာ ရှိတာ မှာပြီး တန်းဖြုတ်ပေးလိုက်ပါဟု ပြောပြီး

အလေးပြုကာ ကျွန်တော်လည်း ထွက်လာခဲ့ပါတယ်။ ယေဘုယျအားဖြင့်တော့ ဆရာကြီးတွေ ကို ခန့်မှန်းကြည့်တဲ့ အခါမှာ အသက်အရွယ်တွေကတော့ အမျိုးမျိုးပေါ့။ ( ၂၀-၄၅ ) အတွင်းလောက် ရှိကြပါတယ်။ တချို့က ပိန်ပိန် ပါးပါး ၊ တစ်ချို့က နည်းနည်း တောင့်တောင့် နဲ့ မျိုးစုံပေါ့။ ယူနီဖောင်းတွေကတော့ နွမ်းတော့ နွမ်းနေကြပါပြီ။ စစ်သည် ဆိုတာကလည်း ဘယ်ချမ်းသာနိင်ပ့ါမလဲ။ ဒီနေရာမှာ တစ်ချို့ အခြေအနေလေးတွေကို တင်ပြချင်ပေမယ့် အနည်းငယ် ဆွေးနွေးဖွယ်ရာ တွေ ရှိလာနိင်တာကြောင့် မရေးတော့ပါဘူး။ ဒီလိုနဲ့ ( ၁ ရက် ၊ ၂ ရက် ၊ ၃ ရက် လောက်ကြာ ) နေလာလိုက်တာ တစ်နေ့မှာ တပ်ကြပ်ကြီး တစ်ယောက်က နေမကောင်း ဖြစ်လာတာကြောင့် မြို့ထဲကို ဆေးထွက်ဝယ်ဖို့ အကြောင်းက ပေါ်လာပါတယ်။ ဒါနဲ့ ကျွန်တော်လည်း ဆရာကြီး တစ်ယောက်ကို ခေါ်ပြီး မြို့ထဲကို ထွက်လာခဲ့ပါတယ်။ အချိန်ကတော့ ညဘက်ကြီးပါ ။ မှတ်မှတ်ရရ ညနေ ( ၅ ) နာရီလောက် ရှိပါတယ်။ မြိုထဲက ထွက်လာတော့ စခန်းအပြင်ဘက်မှာ ညောင်ပင် အကြီးကြီး ရှိပါတယ်။ အဲဒီမှာ မီးဖိုပြီး လူတွေ စုထိုင်နေကြတယ်။ ဒီလိုနဲ့ ကျောင်း ၊ ရဲစခန်း ၊ ဘုရား ၊ တို့ကို ကျော်လာတော့ အလာတုန်းက မှတ်မှတ်ရရ မကြည့်ခဲ့တာ အခုမှ သေသေချာချာ ကြည့်မိတော့ အိမ်တွေ အကုန်လုံးက ချိတ်ပိတ်ထားတာ...နည်းတာ မဟုတ်ပါဘူး။ အိမ်တွေ ဆိုပေမယ့် အဆောင်တွေလို့ အပေါ်အောက် အထပ်တွေ ဖြစ်ပြီး ချိတ်အကုန် ပိတ်ထားတာပါ။ ဒါနဲ့ နောက်မှာ စုံစမ်းကြည့်ဦးမယ်ဆိုပြီး ဆေးခန်း လိုက်ရှာပါတယ်။ ကံကောင်းတော့ ဆေးခန်းရှာတွေပေမယ့် ဆရာဝန် မရှိပါဘူး။ ဆေးရောင်းတဲ့ နပ်စ့်မ တစ်ယောက်ပဲ တွေ့တယ်။ သူကလဲ ရှမ်းမ ဆိုတော့ မြန်မာလိုလဲ မတက်ပါဘူး။ ဒါနဲ့ မတောက်တခေါက် အင်္ဂလိပ်လို ပြောတော့ ပိုဆိုး ။ ဆေးခန်းလာတာတော့ သိတယ်။ တစ်ခုခု ဖြစ်မှန်း ။ ဒါနဲ့ တရုတ်လိုလည်း ကျွန်တော်က မတက်တာကြောင့် နိင်ငံတကာသုံး ဘာသာ စကားအဖြစ် ( Body Language ) ကို သုံရတော့တာပေါ့။ နဖူးကို စမ်းပြ ၊ မျက်နှာကို ရှုံပြ ၊ ကိုယ့်ကို အားမရှိအောင် နှုန်းနေတဲ့ ဟန်လုပ်ပြနဲ့ ။ နောက်ဆုံး တော့ နားလည်သွားပါတယ်။ ကံဆိုးချင်တော့ ကျွန်တော် ကလည်း ပါတာစီတမော့ကို နာမည် မေ့နေတာ ကြောင့်ပါ။ ဖြစ်ရလေ.... မောင်မင်းကြီးသားရေ။

ဆေးဝယ်ပြီးတော့ ကျွန်တော်တို့လည်း ပြန်လာခဲ့ပါတယ်။ ဒါနဲ့ ဟိုရောက်တော့ ဆရာကြီးကို နိး ၊ ဆေးတိုက်မယ် လုပ်တော့ ငယ်ငယ်က အဖေ ပြောပြထားတာ ၊ ကိုယ့်ကို့ပြောထားတာကို ကြားယောင်မိတယ် ။ အစာမရှိဘဲ ဆေးမသောက်ရဘူး ဆိုတာကြောင့် ။ ဆရာကြီးကို ဘာစားထားလဲ ဆိုတော့ ဘာမှ မစားရသေးဘူးတဲ့။ ဆန်ပြုတ်လေးတော့ လုပ်တိုက်ဖို့ ထမင်းချက်ဆရာကြီးကို မှာထားတယ်တဲ့ ။ အင်း...ဒါနဲ့ ဆရာကြီးကို ကြည့်လိုက်တော့ ပိုက်ဆံလည်း ရှိမဲ့ ပုံ မပေါ်တာနဲ့ ကိုယ်လက်ကျန်ထဲက ပိုက်ဆံနဲ့ မုန့်ဝယ်ဖို့ စဉ်စားရပြန်ပါတယ်။ မြို့ထဲကို သွားဖို့ကလည်း မှောင်နေပြီဆိုတော့ ရွာထဲမှာ မုန့်ဆိုင်လေးများ ရှိမလားလို့ ဆိုပြီး ရွာဘက်ကို ထွက်ခဲ့ပါတယ်။ ဟိုရောက်တော့ ကံကောင်းထောက်မစွာ မုန့်ဆိုင်လေးတစ်ခုတော့ တွေ့ပါတယ်။ ဒါပေမယ့် ပိတ်သွားပါပြီး။ နောက်ပြီး အဲဒီ ဒေသကလည်း တော်တော် အေးတာကြောင့် ညဘက်ဆို ရှမ်းတွေက မီးလှုံပြီး စကားပြောလေ့ အကျင့်ရှိတာကြောင့် အဲဒီဆိုင် ပိုင်ရှင် အမကြီး (၂) ယောက် ၊ တခြား ရှမ်းကောင်လေး ( ၃ ) ယောက် ၊ ရှမ်းမလေး ( ၂ ) ယောက် နဲ့ ကျွန်တော်တို့ စစ်ဗျုဟာက ရဲဘော်လေးတွေ စကားပြောနေတာနဲ့ သွားတွေ့ပါတယ်။ အမယ် ဒီကောင်လေးတွေက ခြေကုတ်ယူနေတာ။ ရှမ်းမလေးတွေကို လာလာပိုးကြတာပေါ့။ လူပျိုတွေ ဆိုတော့လည်း ဒီလိုပါပဲ။ ဒါနဲ့ သူတို့ထဲက တစ်ယောက်က ကျွန်တော့်ကို မြင်သွားတော့ ကျွန်တော်လည်း ကော်ဖီမစ်ထုပ်နဲ့ ကိတ်မုန့်လို မျိုးလိုချင်ကြောင်း ၊ ဒါကြောင့် ၀ယ်ပေးပါဆိုပြီး ပြောလိုက်ပါတယ်။ ဒီတော့ ရဲဘော်လေးက ရှမ်းမ ( ပီနန်း ) ကိုခေါ်ပြီး လိုချင်တာ မှာလိုက်ပါတယ်။ သူ့က ခဏဆိုပြီး ဆိုင်ထဲ ၀င်တော့ ကျွန်တော့်ကို လာပါ ထိုင်ပါ ဆိုပြီး ၀ိုင်းခေါ်ကြတာကြောင့် ကျွန်တော်လည်း မထိုင်ချင် ထိုင်ချင်နဲ့ ၀င်ထိုင်လိုက်ရတယ်။ ကျွန်တော့်မှာက တာဝန်ကြီးနဲ့ အထူးသဖြင့် တပ်ရင်းမှုး မရှိတဲ့ အချိန် ၊ တာဝန်က ကျွန်တော့်မှာ ရှိတာကြောင့် ကြာကြာမနေချင်တာရယ် ၊ဆေးတိုက်ရမှာရယ် ကြောင့်ပါ ။ သူတို့ထဲက အနည်းငယ်ရဲတင်း သွတ်လက်ဟန်ရှိတဲ့ ရှမ်းမတစ်ယောက်က “ နင်ကလည်း လာစမ်းပါ ၊ ဘာကြောက်နေတာလဲ ၊ လာမီးလှုံ ၊ မခင်ဘူးလား ” ဆိုပြီး ဆောင့်ဆွဲလိုက်တာကြောင့် ကျွန်တော် ငပိန်လည်း ယက်ကန်ယက်ကန်နဲ့ မုန့်အလာကို စောင့်ရင်း ထိုင်ချလိုက်ရတယ်။

စောနက စကားကို ရဲဘော်တစ်ယောက်က ရှမ်းလိုတက်တော့ သွားပြောပါတယ်။ အဲဒါ ငါတို့လို ရဲဘော်မဟုတ်ကြောင်း ၊ ဗိုလ်လုံ ( ဗိုလ်ကြီး - လုံ=ကြီး ) ဖြစ်ကြောင်း ပြောပြလိုက်တော့ သူလည်း နည်းနည်းတော့ လန့်သွားတယ်။ ဘာလန့်တာလဲတော့ မသိဘူး ။ အဲဒီအချိန်တုန်းက ၀တ်စုံနဲ့ လည်း မဟုတ်ဘူး။ အထင်တော့ ရုပ်ကို လန့်သွားတာ ဖြစ်လောက်တယ်။ မှောင်မှောင်မည်းမည်းနဲ့ ပိန်ပိန်လိန်လိန် ဆိုတော့ ဒီငနဲ့ကတော့ မလွယ်လောက်ဘူး ဆိုပြီးတော့ ထင်လို့နေမှာ။ တစ်အောင့်နေတော့ လိုချင်တာတွေ ရပြီဖြစ်သောကြောင့် အားလုံးကို နှုတ်ဆက်ပြီး ပြန်ခဲ့ပါတယ်။ သူတို့ကတော့ အားလျှင် နောက်နေ့ လာခဲ့ဖို့လည်း မှာလိုက်ပါသေးတယ်။ ဒါနဲ့ စခန်းကို ပြန် ။ ဟိုရောက်တော့ ဆရာကြီးကို ဆေးတိုက်ပြီး ကောင်းကောင်း အနားယူဖို့နဲ့ အရေးအကြောင်း ရှိလျှင် အချိန်မရွေး တစ်ယောက်ယောက် လွှတ်ကာ မှာကြားဖို့ ပြောခဲ့ပြီး ကျွန်တော်လည်း အဆောင်ပြန်ခဲ့ပါတယ်။ ညရောက်တော့ စခန်းတွေကို လှည့်ပတ်ကြည့်ပြီး မောမောနဲ့ ဘုရားရှစ်ခိုး အိပ်ရာဝင်ခဲ့ပါတယ်။ ရှေ့တန်းမှာ အားကိုးစရာက ဘုရား ၊ တရား ပဲ မဟုတ်လား။ ဒီတော့ အမွှေးတိုင် ၊ ဖရောင်းတိုင် ၊ ပန်းက အစ ကပ်ပြီး နေ့တိုင်း ပူဇော်ဖြစ်ပါတယ်။ ပြီးတော့ တစ်နေကုန် လုပ်ခဲ့တာတွေ ပြန်စဉ်စားရင်း ၊ စောနက ရွာထဲက တွေ့လိုက်ရတဲ့ ရဲဘော်တွေ နဲ့ ရှမ်းမ တွေအခြေအနေကိုလည်း မဆီမဆိုင် တွေးမိပါသေးတယ်။ ကျွန်တော်တွေးတာက ဒီကောင်တွေ ဒီအချိန်ကြီး စခန်းမပြန်ဘဲ ဘာလုပ်နေလဲလို့ပါ။ စခန်းနဲ့ကလည်း ခြံစည်းရိုးပဲ ကွာတာကြောင့် သိပ်တော့ အကြောင်း မဟုတ်ပါဘူးလေ ဆိုပြီး အိပ်ရာဝင်ခဲ့ပါတော့တယ်။

နောက်တစ်နေ့ မနက် ( ၅း ၄၅ ) ကျတော့ အိပ်ရာကထ ၊ မျက်နှာသစ်ပြီး စခန်းတွေကို တစ်ခါပြန်လိုက်စစ် ၊ မနက် ( ၆း၀၀ ) နာရီထိုးတော့ ထူးခြားဖြစ်စဉ် မရှိကြောင်းကို စက်နဲ့ အထက်ဌာနကို သတင်းလှမ်းပို့ရပါတယ်။ ဒါက မနက် ၆ ၊ နေ့လည် ၁၂ ၊ ည ၆ နာရီ တိုင်းပုံမှန် သတင်းပို့ရတာပါ။ တစ်အောင့်နေတော့ မနက် ( ၇း ၀၀ ) နာရီထိုးတော့ မှာကြောင့် သစ္စာဆိုဖို့ တန်းစီပါတယ်။

“ ငါတို့သည် နိင်ငံတော်နှင့် နိင်ငံသားတို့၏ သစ္စာကို စောင့်သိ ၊ ရိုသေပါမည် ”
“ ငါတို့သည် ကျဆုံးလေပြီးတော့ တပ်မတော်သား တို့၏ သစ္စာကို စောင့်သိ ၊ ရိုသေပါမည် ”
“ င့ါအား အထက်မှ ပေးအပ်သော အမိန့်နှင့် တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ပါမည် ”
“ င့ါနိင်ငံတော် ၊ ငါ့နိင်ငံသား ၊ ငါ့တပ်မတော် အတွက်...ငါ၏ အသက်ကို စွန့်လွှတ်ရန် အဓိဌန် ပြုပါ၏ ”

ဟု ရွတ်ဆိုပြီးနောက် တစ်နေ့တာ လုပ်ဆောင်ရမဲ့ တာဝန်တွေကို ခွဲဝေပေးဖို့ စီစဉ်ရပါတယ်။ သစ္စာလေးချက် ရွတ်ဆိုတဲ့ အခါ အားနဲ့မာန်နဲ့ ရွတ်ဆိုရတာကြောင့် ရွတ်ဆိုပြီးတိုင်းလည်း စိတ်ဓတ်တက်ကြွလာပါတယ်။ ဒါပေမယ့် ရွတ်ဆိုရုံတင်မကဘဲ လက်တွေ့မှာလည်း အမှန်တကယ် လိုက်နာဖို့ လိုသေးတယ် မဟုတ်လား။ ဒီလိုနဲ့ တာဝန်တွေ ခွဲပေးတော့.....

ဆက်ရန်





Tuesday, April 1, 2008


ဒီလိုနဲ့ ရှေ့တန်း မထွက်မီနေ့ မတိုင်ခင် အမေ့ကို ဖုန်းဆက်တော့ အမေက ငိုနေလေရဲ့ ။ မြန်မာဗီဒီယို တွေထဲမှာ ရှေ့တန်းဆိုတာတွေ သူတွေ့ဖူး ကြားဖူးနေတော့ သူသား ကျွန်တော့်အတွက် စိုးရိမ်ရှာမှာပေါ့။ နောက်ပြီး အသက်ကလည်း ငယ်သေးတာကြောင့် တစ်ခုခုများ တကယ်လို့ ဖြစ်များ ဖြစ်သွားရင် သူရင်ကျိုးရပါချည်ရဲ့ ဆိုပြီး ငိုသံဝဲ၀ဲနဲ့ ဘုရားတရားကို အမြဲအာရုံပြုဖို့အကြောင်း ၊ လက်အောက် ငယ်သားတွေကို နိင်ထက်စီးနင်း မလုပ်ဖို့အကြောင်း ၊ ကိုယ့်အထက် အရာရှိ စကားကို သေသေချာချာ နားထောင်စေချင်ကြောင်း တတွတ်တွတ် မှာနေပါတော့တယ်။ အမေပြီးတော့ ၊ အဖေ ၊ အမ ၊ ညီမ အကုန်လုံးကို စုံအောင် ပြောပြီးတဲ့ အခါမှာတော့ စိတ်မပူဖို့ အခွင့်ရတာနဲ့ ချက်ခြင်း ရသလို ဆက်သွယ်ပါ့မယ်လို့ ကတိအထပ်ထပ်ပေးရင်း ဖုန်းကို တိုးတိတ်စွာ ချခဲ့မိပါတယ်။ ဖုန်းခ ကလည်း ပိုက်ဆံမလောက်တော့တာကြောင့် မို့လို့ပါ။ သူတို့ကို ကိုယ်က ဖုန်းဆက်တုန်းကတော့ စိတ်ဓတ်မာမာနဲ့ အသိပေးတယ် ဆိုရုံလေး ပေးလိုက်တာ အခုတော့ သူတို့ဝိုင်းပြော ၊ စိုးရိမ်နေတာနဲ့ပဲ ကိုယ်တောင် ရှေ့တန်းသွားရမှာ လန့်လာပြီ။

ဒါပေမယ့် ဘာတက်နိင်မှာလဲ....ကျရာ တာဝန်ကို ထမ်းဆောင်ဖို့က ကိုယ့်အလုပ်ဖြစ်နေပြီပဲ။ ဒီတော့ ဖုန်းဆက်ပြီး အခန်းကိုပြန် မနက်ဖြန် အတွက် လိုအပ်တာတွေ ထည့်ဖို့ပြင်တော့ ပြဿာနာက စတာပါပဲ။ အိတ်...ပစ္စည်းတွေထည့်ဖို့အိတ်။ ဟာ...ငါမှ ရှေ့တန်းမသွားဘူးတာ ဘာနဲ့ထည့်ရမှာလဲပေါ့။ ကျန်တဲ့ ၂ ယောက်ကလည်း ယောင်တောင်တောင် နဲ့ ဘာလုပ်ရမှန်း မသိဘူး။ ဒါကြောင့် ( ၃ ) ယောက်သား တိုင်ပင်ပြီး တပ်ရေးဗိုလ်ကြီး အိမ်ကို ချီတက်သွားကြတယ်။ အစ်ကိုကြီး လုပ်ပါဦး ။ ကျွန်တော်တို့ ရှေ့တန်းသွားဖို့ ဘယ်လိုအိတ်နဲ့ သွားရမှာလဲ ဆိုတော့ သူက တော်တော် အံသြသွားတယ်။ “ ဟေ...မင်းတို့ ဗိုလ်လောင်းတုန်းက မသင်ခဲ့ရဘူးလား ၊ ကျောပိုးအိတ် အစိမ်းရောင်လေကွာတဲ့ ” အော်....အဲဒီတော့မှ မျက်လုံးထဲ ပြေးမြင်လိုက်တာ။ ဟုတ်ပနော်....ကိုယ် သုံးနှစ်တာလုံး ရင်းနှီးခဲ့တဲ့ ၊ Outdoor ထွက်တိုင်းလည်း ဒီအိတ်နဲ့ပဲ သွားနေကြကို အခုမှ မေ့နေရတယ်လို့ ။ ဒါနဲ့ လိုတာတွေ မေးပြီးတော့ ပြန်လာခဲ့ကြပါတယ်။ ခက်တာက သူ့ရှေ့မှာမို့ မပြောရဲတာ ။ အဲဒီလို အိတ်ကလည်း မရှိဘူးဗျ။ ကျွန်တော်က ဗိုလ်လောင်းတုန်းကပဲ သုံးမယ်ထင်တာ။ အခုတော့ လက်တွေ့ဘ၀မှာလည်း ဒါပဲ သုံးတာဆိုတော့ ဒါလေးတောင် မသိရကောင်းလား ဆိုပြီး ကိုယ့်ကို ကိုယ် နည်းနည်းတော့ ဒေါသဖြစ်သွားတယ်။ နောက်ပြီး မြန်မာရုပ်မြင်သံကြား နဲ့ မြ၀တီမှာ လာတဲ့ စစ်ကားမှန်သမျှ မှာလည်း စာဖတ်သူတို့ မြင်ဖူးကြမှာပါ။ ကျောပိုးအိတ် အစိမ်းရောင်လေးနဲ့ ချီတက်နေကြတဲ့ တပ်မတော် စစ်ကြောင်းတွေကိုပေါ့။

အခန်းပြန်ရောက်တော့ ရှေ့တန်းမှာ ၀တ်ဖို့ ယူနီဖောင်း ၊ ခြေအိတ် ၊ ပုဆိုး ၊ သွားပွတ်တံ ၊ သောက်ရေခွက် ပြီးတော့ လိုအပ်မယ်ထင်တဲ့ စာအုပ်စာတမ်း ၊ ပြီးတော့ အပွင့်အမည်းရောင်တွေပေါ့ ။ အပွင့်က တောထဲမှာ ဆိုတော့ ၀ါဝါထိန်ထိန် ရွှေရောင်တွေ တက်ဆင်လို့ မရပါဘူး။ ရန်သူက အလွယ်တကူ ခေါင်းဆောင်ကို ရွေးချယ် သုတ်သင်နိင်တာကြောင့်ပါ။ ဒါနဲ့ မနက်စောစော ရှေ့တန်းတက်ရမှာဆိုတော့ ညက ပြင်ဆင်စရာ ရှိတာကို ပြင်ဆင်ပြီး ဘုရားရှစ်ခိုးကာ စောစော အိပ်ရာဝင်ခဲ့ပါတယ်။ “ ဒက်...ဒက်....ဒက်.....ဒက် ၀ုန်း.....ရွှီးးးးးးး ဖုန်း.... ဆိုတဲ့ ပစ်သံခက်သံ တွေကြားမှာ ကျွန်တော် အသည်းအသန် ကြိုးစား ရှောင်တိမ်းနေရင်း ဒုန်း ဒုန်း .....ဒုန်း ဆိုတဲ့ အသံနဲ့ အတူ ဟိုဘက်ခန်းက စစ်ကိုင်းသား ( ၂ ) ယောက်က တစ်ယောက် တံခါးလာခေါက်တာကြောင့် အိမ်မက်ထဲက လူးလဲထလာခဲ့ရတယ်။ “ ဟေ့ကောင်.... ထ ... ထ ။ သေနတ်ထုတ်ရမယ် ၊ ဒါကြောင့် စောစောစီးစီး ဗဟိုကင်းကို သွားရအောင် ” ဆိုတာနဲ့ မပွင့်တပွင့် မျက်လုံးကို အသာပုတ်ခက် ပုတ်ခက်လုပ်ကာ တကိုယ်ရေ သန့်ရှင်းရေးပြီးတော့ ဗဟိုကင်း ရှိရာကို ချီတက်လာခဲ့ပါတယ်။ ဟိုရောက်တော့ ထုတ်ပေးတဲ့ သေနတ်တွေက အားလုံးပေါင်း ၂ လက် ။ ဘီအေ (၉၄) လို့ခေါ်တဲ့ အူဇီသေနတ် ၊ ပစ္စတို ပါ။ ကျည်ကတော့ အားလုံးပေါင်း ( ၂၄၀ ) နဲ့ ပစ္စတိုကြည် ၂၄ တောင့်ပါပါတယ်။ အဲဒါနဲ့တင် လူက တော်တော်ဝပ်နေပြီ။ အရပ်က ၅ပေ ၅ လက်မ ၊ ပေါင်က ( ၁၂၀ ) လောက်ပဲ ရှိတာ ဆိုတော့ သိပ်မဟန်ချင်တော့ပါဘူး။

ဒါနဲ့ ကျန်သေးတဲ့ မြေပုံ ၊ ၀ှက်စာ( ဆိုက်ဖာ ) တွေ ထပ်ထုတ်ပြီး ၊ ကိုယ်နဲ့ အတူ လိုက်မဲ့ ဆရာကြီး ၅ ယောက်ကိုလည်း သေနတ်ထုတ်ဖို့ ကြီးကြပ်ရပါသေးတယ်။ သူတို့ သေနတ်တွေက ကိုယ့်ထက်များတာကြောင့် သေသေချာချာ စိစစ်နေရတယ် ။ MA - 1 ခြေမှုန်းရေးရိုင်ဖယ် ၊ BA-100 ဒုံးပစ်လောင်ချာ ၊ MA-4 စက်သေနတ် ၊ အစရှိသည့် သေနတ်တွေ နဲ့ နောက်ထပ် လိုအပ်တဲ့ အရာတွေ ထုတ်ပြီးတော့ လူစစ်တန်းစီပါတယ်။ ၀ှက်စာ ( ဆိုက်ဖာ ) ဆိုတာက ဆက်သွယ်ရေး လျို့ဝှက်ချက် စကားဝှက်တွေပါတဲ့ စာလို့ အဓိပါယ် ခေါ်လို့ရပါတယ်။ တပ်စခန်းတွေ တစ်ခုနဲ့ တစ်ခုဆက်သွယ်ရာမှာ သုံးပြီး တပ်စခန်း တစ်ခု၏ ခေါင်းဆောင်အရာရှိ ၊ အရာရှိ မရှိလျှင် အကြီးဆုံး ရာထူးရှိသူက အလုံခြုံဆုံး သိမ်းဆည်းထားရသည်။ အကယ်၍ ကျပျောက်ပျက်ဆီး ခဲ့သည် ရှိသော ကြီးလေးသော အပြစ်ဒဏ် ကြခံရသောကြောင့် ကျွန်တော့်တို့လည်း အတက်နိင်ဆုံး လုံခြုံအောင် သိမ်းဆည်းကာ လက်အောက် စစ်သည်များ မည်သည့်အရာများ လိုအပ်သလဲ ဆိုတာ လိုက်လံကြည့်ရှုရင်း တပ်ရင်းမှုးမှ ခေါ်လာမည့် အချိန်ကို ဆက်သွယ်ရေး စက်နားမှာ အသင့်ထိုင်စောင့် နေခဲ့ပါသည်။ ကွက်ခိုင်ရောက်တာမှ ၁ ပတ်မပြည့်သေးဘူး လျှောက်ကြည့်မယ် ကြံကာ ရှိသေးတယ် ရှေ့တန်းတက်ရမည် ဆိုသောကြောင့် သိပ်တော့ မကျေနပ်ချင်ပါဘူး။ ပြီးတော့ ရှေ့တန်းသာ ဆိုတယ် ဘယ်ကို သွားရမှန်းလဲ မသိဘူး။ နောက်တစ်နာရီ အကြာတော့ အဘက ဆက်သွယ်ရေးစက်က ခေါ်လာတာကြောင့် တပ်ရင်းဆက်သွယ်ရေး စခန်းကို အသည်းအသန် ပြေးလွှားခဲ့ပါတယ်။

အဘ ။ ဟလို...အခု ငါပြောတာ ကြားလား
ကျွန်တော် ။ ဟုတ်ကဲ့..အဘ။ ကြားပါတယ်
အဘ ။ အေး...ကြားရင်....မင်းတို့ အခု ကားနဲ့ထွက်လာပြီးရင် မူဆယ်တပ်စခန်းကို ၀င်။
ကျွန်တော် ။ ဟုတ်ကဲ့...
အဘ ။ ပြီးရင် အဲဒီမှာ တစ်ညအိပ်။ နောက်နေ့ မနက်ငါ့ဆီ အဲဒီကနေ ဖုန်းပြန်ဆက်။ ကြားလား ....
ကျွန်တော် ။ ဟုက်ကဲ့...အဘ။ ၉၆ ပါ။
အဘ။ အေး...ဖုန်းနံပတ်က.....@$#%!*&# ။ အေး....အေး။ ဒါဆို ဖုန်းချလိုက်တော့မယ်။ မှာလိုက်တာတွေ ယူဖို့မမေ့နဲ့။
ကျွန်တော် ။ ဟုတ်ကဲ့...အဘ။ လေးစားပါတယ်။

ဆိုပြီး စက်က ချသွားပါတယ်။ ဒါနဲ့ ရှေ့တန်း တက်ဖို့ ကားအလာကို စောင့်ကြာတာပေါ့။ တစ်အောင့်နေတော့ ကားလာပြီဆိုတော့ ကြည့်လိုက်တော့ ကားက ထော်လာဂျီ ကို ကိုယ်ထည်တွေနဲ့ ကာရံထားတဲ့ အဆင့်ပဲရှိတယ်။ အင်ဂျင်ကတော့ ထော်လာဂျီထက်တော့ ပိုကောင်းတာပေါ့။ လေဘီးကားအဆင့်ထက် နည်းနည်းကျော်တယ် မြန်နှုန်းကို ပြောတာပါ။ ဒါနဲ့ တော်တော် စိတ်ပျက်သွားတယ်။ ကိုယ်မြင်ဘူးတာက စစ်ကြောင်းတွေ ရှေ့တန်းထွက်ရင် တီအီး ၊ Faw ကားတွေ နဲ့ တစီတတန်းကြီး ထွက်ကြတာ ။ အခုတော့ ကိုယ်အလှည့် ကြမှ ဘယ်လို ဖြစ်ရတာတုန်းလဲ လို့ ဘယ်သူ့ကို မေးလို့ မေးရမှန်း မသိဘူး။ ဆရာကြီးတွေ ကြည့်လိုက်တော့လဲ သူတို့က ကြိုသိနေသလို မျက်နှာထားတွေနဲ့ ဆိုတော့ ၊ သူတို့ကိုလဲ မမေးဖြစ်ဘူး။ ဒါနဲ့ ဗျူဟာက ကျွန်တော်တို့ တပ်ကို ရောက်တုန်းက လာတဲ့ G-3 အစ်ကိုကြီး ရောက်လာပြီး ဟိုမှာ နေရမဲ့၊ လိုက်နာရမဲ့ အခြေအနေ လေးတွေ ပြောပြ ၊ သူပြောတာ ကိုယ်နားထောင်ပြီးတော့ ဘယ်ရမလဲ ။ အခု ကိုယ့်အလှည့်ပေါ့။ ကိုယ်ပြောတာ သူပြန်နားထောင် ရမဲ့ အလှည့် ရောက်လာပြီ။

“ အစ်ကိုကြီး....ဒီကားကြီးလား ” လို့မျက်နှာငယ်လေးနဲ့ မေးလိုက်တော့။ “ ဟုတ်တယ်...ညီလေး ၊ မင်းတို့က နောက်က လိုက်တာဆိုတော့ ဒီလိုပဲ ၊ ကြုံရာ ကားနဲ့ တက်ရတာ။ ” ဆိုတော့ ကိုယ်လည်း ဘာမှ ဆက်မပြောတော့ပါဘူး။ ဖြစ်တက်ပါတယ်လေလို့ သဘောထားပြီး။ ကားပေါ်ကို တက်ကြ တက်ကြ လို့ပြောရင်း ဆရာကြီးတွေကို ကားပေါ်တက်ခိုင်း ၊ နောက်ဆုံးလူစစ်ပြီး ကိုယ်ပဲ ကျန်တော့မှ ကားပေါ်လည်း တက်လိုက်ရော...စတွေ့လိုက်ရတာက ဖြူဖြူအိတ်တွေ။ ကြည့်လိုက်တော့ ဆန်အိတ်တွေ ဖြစ်နေတယ်။ အော်....သူတို့က မူဆယ်ကို ဆန်ပို့မယ့်ကားကို ချောဆွဲထားတာကိုး။ စိတ်တော့...မကောင်းပါဘူး။ လမ်းခရီးက တူနေတော့ သူတို့လည်း ကျွန်တော်တို့ ပါတော့ မလွတ်လပ် ၊ ကျွန်တော်တို့ကလည်း သူတို့ နဲ့ မသွားချင်ပေမယ့် မတက်နိင်တာကြောင့်( ဒိုးရတော့ အချစ်ရေ ~~~~~ နုတ်ဆက်ခဲ့ပါတယ် ~~~~~~~ ဒိုးရတော့မယ်...အချစ်ရေ ၊ နုတ်ဆက်ခဲ့ပါတယ်~~~~ ကိုယ်တကယ် မခံစားနိင်ဘူး~~~~ အချစ်ရယ် ) ဆိုတဲ့ ဦးကျော်ဟိန်းဆိုတဲ့ သီချင်းကို ကြားယောင်မိပါတယ်။ ဒါနဲ့ ဖွတ်ချက် ဖွတ်ချက်....ကားကိုစီးရင်း ကွတ်ခိုင်-မူဆယ် ခရီးကို စတင်ခဲ့ပါတော့တယ်။



ရှေ့တန်းသွားခရီးမြေပုံ

ခရီးစပြီ...ရှမ်းဌာနီ

ကွတ်ခိုင်တပ်က မနက် ၁၁ လောက်က ထွက်လာလိုက်တာ လမ်းက တောင်တက်လမ်း ဖြစ်လိုက် ၊ မြေပြန့်ြ့ဖစ်လိုက် နဲ့ ကားကလည်း ကုန်နဲ့ လူနဲ့ပါတော့ တော်တော်လေးကို လေးပါတယ်။ တနာရီ မိုင် ( ၃၀ ) ထက်ပိုမမောင်းရဆိုတဲ့ စည်ကမ်းကို ဒီကားတစ်စီးထဲ တိတိကျကျ လိုက်နာပုံရတယ် မောင်းလိုက်တာ ၁ နာရီကို ၂၅ မိုင်တောင် ရှိချင်မှ ရှိမှာ။ လာသမျှ ကိုယ့်အနောက်ကား မှန်သမျှ အကုန်ကျော် ၊ နောက်ဆုံး ရွာနားက ထင်းတိုက်တဲ့ ထော်ဂျီတောင် ကျော်တက်သွားတယ်။ နေကလည်း ပူလိုက်တာ ခြစ်ခြစ်တောက် ၊ သေချင်လောက်အောင် စိတ်တော်တော် ညစ်သွားတယ်။ မြန်မြန်မောင်းဖို့ကလဲ မပြောချင် ၊ နေကလည်း ပူလိုက်တာ နဂိုက မဖြူတဲ့အသား အညိုကနေ အနက်ပြောင်းတော့မယ်။ ဗိုက်ကလည်း ဆာ ၊ ဒေါသတွေကလည်း တော်တော်ထွက်နေတာပေါ့ဗျာ။ ဘယ်နဲ့ဗျာ တခါမှ မကြုံဘူးဘူး ။ ဒီလို ဖြစ်လာမယ်လို့ ။ ဒီကြားထဲ ဘယ်က အလိုက်မသိတဲ့ လမ်းသရဲကားမှန်း မသိပါဘူး။ မန္တလေးက မူဆယ်ကို အလည်လာတဲ့ လူငယ်တွေ ထင်ပါတယ်။ ကိုယ့်ထက်တော့ အသက်ကြီးတာပေါ့။ ၂၃-၂၇ အသက်လောက်တော့ ရှိမယ်။ တစ်ချို့လည်း ဘီယာတွေ မော့သောက်နေကြတာ။ မူဆယ်ကို မရောက်ခင် မုန်းယု တောလမ်းလေးမှာ တွေ့ကြတာပါ။ အနောက်ကနေ ဟွန်းတီးလို့ ဖယ်ပေးတာ ကိုယ့်ဆရာတွေက မကျော်ပဲ တစ်လမ်းလုံး လိုက်စနေတော့ ။ ပြဿာနာက စတာပဲ။ အထဲမှာ နေပူလို့ ရသမျှ အမိုးလေး လုပ်ပြီး အိပ်နေပါတယ် ဆိုမှ ဟွန်းသံနဲ့ လိုက်နှောက်ယှက်တော့ ဒေါသက ဖြစ်ဖြစ်နဲ့ စက်သေနက်ကြီး ထုတ်ပြီး ဆန်အိတ်ပေါ်တင်ကာ သူတို့ကားဘက်ကို ချိန်ပြီး ကြည့်နေလိုက်တော့မှ ၀ူး...၀ါး အော်ပြီး ကျော်တက်သွားတော့တယ်။ တခါတလေတော့လည်း မလုပ်ချင်ဘဲ လုပ်လိုက်ရတာတွေ ရှိတာပေါ့။ ဒါပေမယ့် ဘယ်သူ့ကို မထိခိုက်အောင် အတက်နိင်ဆုံး လုပ်ဖို့လိုတယ်ဆိုတဲ့ အတွေးလေးကို စိတ်ထဲမှာတော့ အမြဲထည့်ထားမိပါတယ်။ ကွတ်ခိုင်က ထွက်ရင် နမ့်ဖက်ကာ ဂိတ်ကို အရင်ဖြတ်ရပါတယ်။ ဒီဂိတ်က တော်တော်လည်း အစစ်အဆေး ကြီးပါတယ်။ တာဝန်ကျတဲ့ သူတွေက အဒီတုန်းက ဘာအဖွဲ့ခေါ်မလည်း မမှတ်မိတော့ဘူး။ ဒါပေမယ့် တပ်ထားတာ ၂ ရစ်လောက်ပဲ ရှိတယ်။ တပ်ရင်းမှုးများ မှတ်နေလား မသိဘူး။ မာန်လိုက် ဟောက်လိုက်တာလည်း လွန်ရော။ ခရီးသည်တွေကို မှတ်ပုံတင် စစ်တာများ လူသတ်ဖို့ ပြောနေတာကြနေတာပဲ ။ ပြီးတော့ သူတို့ ကုန်တွေကို နမူနာ လေးတွေပြဖို့ တန်းစီနေရတာ ပုံစံတွေက သနားဖို့ကောင်းပါတယ်ဗျာ။ ဒီကောင်တွေက ထီးအောက်မှ ထိုင်ပြီး အခန့်သားနဲ့။ ပြောရင် ကိုယ့်ပေါင် ကိုယ်လှန်ထောင်းတာ ဆိုပေမယ့် ကျွန်တော့်တို့က စစ်သား ၊ ဒီကောင်တွေ လုပ်တာနဲ့ ယူနီဖောင်းချင်း မတူတာကြောင့် တော်သေးတယ်လို့ ပြောရမယ်။ ကိုယ့်စီးပွားကိုယ် ရှာစားတာ လွတ်လွတ်လပ်လပ် မလုပ်ကိုင်နိင်ဘူး။ ကျွန်တော်လည်း တော်တော်လေး ဒေါသထွက်သွားပါတယ်။ ဒါတော့ မဖြစ်သင့်ပါဘူး။ ကျွန်တော်ဆိုလည်း ဒီလို မလုပ်ဘူးဆိုတာ ယုံကြည်မိတယ်။ နောက်ပြီး အဲဒီဂိတ်က ပြဿာနာကြောင့်ပဲ နိင်ငံအကြီးအကဲ တစ်ယောက် တာဝန်က ရပ်စဲခံခဲ့ရပါတယ်။ ဒီလိုပြောရင် တစ်ချို့တွေ သိကြမှာပါ။ နာမည်ကတော့ နန့်ဖက်ကာ ဂိတ်ပါ။ အခုတော့ အဲဒီအဖွဲ့လည်း ဖျက်သိမ်းလိုက်ပါပြီ။

မူဆယ်မြို့ကို မရောက်ခင် ( ၁၀၅ ) မိုင် ကုန်တင်စစ်ဆေးရေး စခန်းကို အရင်ရောက်ပါတယ်။ ပြီးမှ မူဆယ်ကို လမ်းခွဲသွားရတာပါ။ အဲဒီမှာ လမ်း ( ၃ ) လမ်းရှိတယ်ခင်ဗျ။ တလမ်းက မူဆယ်မြို့ထဲကို ၀င်တာ မိုင် ( ၃၀ ) လောက်ရှိတယ်။ နောက်တစ်လမ်းက ကျွန်တော်တို့ ရှေ့တန်းတက်မဲ့လမ်း ၊ တောလမ်းပေါ့ ( မုံးကိုးမြို့ ) ကိုတက်ရမှာ ။ နောက်တလမ်းက ကျွန်တော်တို့ မန္တလေးကို ဆင်းမဲ့လမ်း။ ကျွန်တော်တို့က မူဆယ်လမ်းကို ၀င်ရမှာဆိုတော့ နောက်ထပ်မြို့ထဲကို မောင်းခဲ့ပါတယ်။ ဟိုရောက်တော့ ကျွန်တော်တို့နဲ့ အပတ်စဉ် တစ်ခုတည်း ဆင်းတဲ့ သူငယ်ချင်းက မူဆယ်အ၀င် တပ်စခန်း မှာ တာဝန်ကျနေတော့ ပိုအဆင်ပြေသွားတာပေါ့။ တခြားအကြီးတွေဆို နေရထိုင်ရတာ ခက်နေဦးမယ် မဟုတ်လား။ လမ်းမှာ တစ်လမ်းလုံးမောင်းလာတာဆိုတော့ သူငယ်ချင်းကို ဟန်မဆောင်နိင်တော့ဘူး။ ထမင်းကျွေးဖို့ အတင်းပြင်ဆင် ခိုင်းတော့တာပဲ။ ဒါပေမယ့် ကိုယ်က အရာရှိဆိုပေမယ့် ကိုယ်စားဖို့ အတွက် အရင်တော့ မလုပ်ပါဘူး။ ဆရာကြီးတွေကို အကုန်ခေါ် ပြီးတော့ သူတို့နေရမဲ့ နေရာတွေကို လိုက်ပြပေး ၊ နောက်တော့ ထမင်းစားဆောင်ကို ခေါ်သွားပြီး ထမင်းစားဖို့ အကုန်စီစဉ်ပေးပြီးမှ ကိုယ်လည်း အနားယူရတယ်။ ဆရာကြီးတွေက အသက် ၃၀ကျော်တွေ ကလေးတွေ ၃ ၊ ၄ ယောက်နဲ့ ဆိုတော့ ကိုယ့်ဦးလေး အရွယ်တွေ မဟုတ်လား။ ဒီတော့ မရိုမသေ မဆက်ဆံလို့ မကောင်းသလို ၊ တအား အခွင့်အရေးပေးရင်လည်း သူတို့က စကားနားမထောင်မှာ ကြောက်ရသေးတယ်။ နားလည် မှုလေးနဲ့ အုပ်ချုပ်ရတာပေါ့။ ကိုယ်က မတရားတာ မလုပ်ဖို့ရယ် ၊ သူတို့ဘ၀ကို စာနာ ပေးတက်ရင် ဆရာကြီးတွေနဲ့ နေရတာ နေပျော်ပါတယ်။ သူတို့ကလည်း ကိုယ့်အပေါ်ကို ချစ် ၊ ကိုယ်ကလည်း သူတို့အပေါ် စေတနာ နဲ့ ပြုလုပ်ပြောဆိုပေးတော့ နေပျော်တာပေါ့ဗျာ။ ဒါကတော့ လက်အောက်ငယ်သားနဲ့ ထားရှိသင့်တဲ့ အထက်အရာရှိ စိတ်ထားတွေပါ။

ကျွန်တော်တို့ မူဆယ်တပ်စခန်းကို ရောက်တော့ အချိန်က ည ( ၈ ) နာရီ ကျော်ကျော်ဆိုတော့ အတော်လည်း နောက်ကျနေတာကြောင့် ဆရာကြီးတွေကို စောစော အိပ်ရာဝင်ဖို့ လိုက်ပြောပြီးတဲ့နောက် ကိုယ်လည်း ထမင်းစား ။ နောက်တော့ ကျောင်းဆင်းကတည်းက မတွေ့ရသေးတဲ့ သူငယ်ချင်းတွေ စကားပြောကြရင်း အခြေအနေကို မေးမြန်းပါတယ်။ ည ( ၉ ) နာရီလောက်ကျတော့ အဘကို ဖုန်းပြန်ဆက်ဖို့ မှာထားတာကြောင့် ဖုန်းပြန်ဆက်တော့ သူက မူဆယ်ကနေ ကျူကုတ်-ပန်ဆိုင်း မြို့အထိ အဆင်ပြေသလိုလာခဲ့။ ဟိုရောက်ရင် ဦးတင်ဦး ဆိုတဲ့ မြို့နယ် ဥက္ကဌ ရှိတယ်။ သူက အဲဒီလူကို ပြောထားမယ် ။ မင်းတို့ ဟိုရောက်တာနဲ့ သူ့ကိုယ်တွေ့အောင်ရှာ ၊ ပြီးရင် သူစီစဉ်ပေးတဲ့ ကားနဲ့ ဒီမြို့ကို လာခဲ့ဆိုတော့... ကိုယ်လည်း ဟုတ်ကဲ့ အဘ။ လေးစားပါတယ် ဆိုပြီး ဖုန်းချလိုက်ရတယ်။ ဇာတ်လမ်းက ပြန်စပါပြီ။ သူက အဆင်ပြေသလို လာဆိုတော့ လမ်းပဲလျှောက်လာ ရတော့ မလိုလိုနဲ့ ဒီတော့ နယ်ခံသူငယ်ချင်းကို အပူကပ်ပါတယ်။ “ ဟေ့ကောင် လုပ်ပါဦးကွာ ငါတို့ကို အစဉ်ပြေသလို လာဆိုတော့ ၊ မင်း ပါဝါလေးနဲ့ အဲဒီကို သွားမဲ့ ကားကြုံလေး မရှိဘူးလား။ ရှိရင် ငါတို့ကိုပါ ခေါ်သွားဖို့ ချောဆွဲပေးပါဦးဆိုတော့ ” ဆရာက အားကိုးရတယ်ဗျာ။ ငါလည်း မသိဘူး သူငယ်ချင်းတဲ့ အဌား ဗန်ကားတွေတော့ ရှိတယ်ဆိုတော့ ။ အင်း...ဖြစ်ရမယ်။ ထားလိုက်ပါတော့ကွာဆိုပြီး မနက်ထိ မအိပ်ပဲ တစ်ညလုံး စကားတွေထိုင်ပြော ကြတယ်။ ကျောင်းတုန်းက ဘယ်သူက ဘယ်လို ၊ ဘယ်အရာရှိက ဘယ်လို ၊ ဘယ်ဆရာကြီးက ဘယ်လို အော်တာတွေ ပြောရင်း အချိန်က မနက် ( ၅ ) နာရီထိုးသွားတာကြောင့် ဆရာကြီးတွေကို လိုက်နိးရင်း ကိုယ်လည်း မျက်နှာသစ်ပေါ့။ နောက်တော့ ဖုန်းနဲ့ ဗန်ကား ဂိတ်ကို ဖုန်းဆက်ပြီး စောင့်နေရပါတယ်။ လက်ထဲမှာ ကျန်တာ ( ၁၅၀၀၀ ) လောက်ကျန်တာ ။ လူက ( ၈ ) ယောက်ဆိုတော့ တစ်စီးကို ( ၄ ) ယောက်နဲ့ နှစ်စီးဌားရပါတယ်။ ပိုက်ဆံကတော့ တစ်စီးကို ( ၁၅၀၀၀ ) ခွဲနဲ့ ဈေးတည့်သွားတယ်။ အဲဒီကုန်ကြတဲ့ ပိုက်ဆံကိုတော့ အိတ်စိုက်ပေါ့ဗျာ။ ဆရာကြီးတွေ ဆီကလည်း မတောင်းရက် ၊ တောင်းဖို့ နေနေသာသာ ဗိုက်ဆာရင် ကိုယ်ကတောင် ၀ယ်ကျွေးရမှာဆိုတော့ တစ်ယောက်ကို ( ၁၀၀၀၀ ) ၊ သုံးယောက်ဆိုတော့ ( ၃၀၀၀၀ ) ပေးလိုက်ရပါတယ်။ ကျွန်တော်တို့ အရာရှိငယ်တွေက ( ၃ ) ယောက်ကိုး။ ကျွန်တော်တစ်ယောက်တည်းသာ ဦးဆောင်လာရင် ဒီခရီးကို လမ်းလျှောက်ရမှာ မြင်ယောင်သေးတယ်။ ဆိုးပဗျာ။ ဒါနဲ့ ကားနှစ်စီးနဲ့ ကျူကုတ် - ပန်ဆိုင်း မြို့ကို ခရီးထွက်လာခဲ့ပါတယ်။ ဟုတ်တော့...ဟုတ်နေသား ။ စီးတော့ ဗန်ကား နဲ့ အထဲမှာ သေနတ်တွေကလည်း ထိုးထိုးထောင်ထောင်နဲ့ ။ ဟန်မကြ...ပန်မကြပေါ့။ ကဲ...ခပ်မြန်မြန်ပဲ ဆက်ရအောင်ဗျာ။ ပျင်းနေတော့မှာပဲ။ ဒါနဲ့ ကျွန်တော်တို့လည်း ကျုကုတ်-ပန်ဆိုင်းမြို့ကို ရောက်။ ဟိုရောက်တော့ စီစဉ်ထားတဲ့ သူတွေနဲ့ တွေ့တာပေါ့။ ဦးတင်ဦးဆိုတဲ့သူကို လိုက်ရှာပေါ့။ စောသေးတော့ သူလည်း အိပ်ရာက မထသေးဘူးနဲ့ တူပါတယ်။ မနက် ( ၇ ) နာရီလောက် ရောက်သွားတာကြောင့်ပါ။ သူနဲ့တွေ့တော့ သူက အဘလေး ဖုန်းကြိုဆက်ထားလို့ သိနေတာကြောင့် သွားရမဲ့ကားကို တစ်ခါတည်း လိုက်ပြပေးပါတယ်။ ပြီးတော့ သူလည်း အလုပ်များနေတာကြောင့် ပြန်ထွက်သွားပါတယ်။

ဖြစ်မှဖြစ်ရလေ

အဲဒီမှာ ရီစရာ တစ်ခုဖြစ်တာက ဘယ်လိုလဲဆိုတော့ ကျွန်တော်တို့လည်း ဗိုက်ဆာနေတာပေါ့ဗျာ။ ပိုက်ဆံကလည်း ၅၀၀၀ လောက်ကျန်တာကြောင့် ဆရာကြီးတွေကို လက်ဖက်ရည်ပဲ မနက်စာအဖြစ် တိုက်လိုက်ရတယ်။ ကိုယ်လည်း တခွက်သောက်ပေါ့။ ပြီးတော့ ကားပေါ်ပြန်တက်ကာ ထွက်မဲ့အချိန်ကို စောင့်နေမိတယ်။ နောက် ( ၁ ) နာရီကျော်လောက်လည်း ကားက မထွက်သေးတော့ ဗိုက်က ပြန်ဆာလာပြန်ပြီ။ ဒီတော့ ဟိုနား ဒီနား လိုက်ကြည့်တော့ ။ တဲလေးနဲ့ အဒေါ်ကြီးတစ်ယောက် အကြော်လေးတွေ ရောင်းနေတာ တွေ့တာနဲ့ ၀င်စားဖို့ ဆုံးဖြက်လိုက်တယ်။ ဈေးချိုရင် ကျန်တဲ့သူတွေ အတွက်လည်း ၀ယ်သွားမယ်ဆိုပြီး ၀င်ထိုင်လိုက်ပါတယ်။ ဆိုင်ရှင် အဒေါ်ကြီးက တော်တော် သဘောကောင်းတယ်ဗျာ။ သူနဲ့ စကားတွေ ပြောလိုက် အကြော်လေး တစ်ပန်းကန်ကို မကုန်အောင် စားရင်း ရေနွေးသောက်လိုက် နဲ့ ဟုတ်နေတာ။ တစ်အောင့်နေတော့ အခြားသူတစ်ယောက်က ထမင်းလာဝယ်တယ်ဗျ။ ဟာ...ကျွန်တော်တို့လည်း ၀မ်းသာ သွားတာပေါ့။ သူ့ကို အန်တီ..ထမင်းရောင်းလား ဆိုတော့ ရောင်းတယ်တဲ့။ ဒါနဲ့ တစ်ပွဲ ဘယ်လောက်လဲ မေးပြီး ကျန်တဲ့သူတွေ အတွက်ပါ ၀ယ်ဖို့စဉ်းစားနေတာကို သူက ဘယ်လို ထင်သွားလဲ မသိဘူး။ ထမင်းတွေ ချကျွေးပါတယ်။ ဆိုင်က ဟင်းတွေရော ၊ ထမင်းတွေရော ကျွေးတာ။ ကျွန်တော်တို့ကလည်း ဗိုက်ကဆာတော့ ( ၃ ) ယောက်သား ငြင်းရမှာလဲ အခက် ၊ ဟိုစကားပုံလို “ စားရမှာလဲ သဲတရှပ်ရှပ် ၊ ပစ်ရမှာလည်း အဆီတ၀င်းဝင်း ဆိုတော့ လန့်နေတာ။ စားပြီးမှာ မရှင်းနိင်ရင် လစ်ပြီပေါ့။ ဒါပေမယ့် မတက်နိင်ဘူး ၊ ဂျေမီတောင် သီချင်းဆိုထားသေးတာပဲ “ နောင်ဖြစ်မှ နောင်ရှင်း ” ဆိုတော့ ကိုယ်လည်းဝါးတော့တာပဲ။ ဗိုက်က အတော်ဆာနေတာရယ် ၊ ညက အိပ်ေ၇းပျက်ထားတာကြောင့် အစာရှိမှ ဖြစ်မယ်ဆိုတာ သိထားတော့ အုပ်တော့တာပဲ။ စားသောက်ပြီးတော့ အန်တီ...ဘယ်လောက်ကျလဲ ဆိုတော့ သူက...နေနေ သားတို့ မပေးနဲ့ ၊ အန်တီက အလကား ကျွေးတာတဲ့။ “ဟာ မဟုတ်တာ..အန်တီရယ်ပေါ့ ၊ အန်တီလည်း တစ်နေ့ရောင်းရတာ ဘယ်လောက်မြတ်တာ မို့လို့ ယူပါ ၊ ဘာညာပြောတော့ ” သူက မယူပါဘူး။

ဒါနဲ့ ကျေးဇူးအထူးတင်ကြောင်းကို နားညီးအောင် ပြောရင်း ချက်ချင်းလည်း ထထွက်သွားလို့ မကောင်းသေးတာနဲ့ ရေနွေးထိုင်သောက်ရင်း စကားဆက်ပြောကြပါတယ်။ အဲဒီမှာ သူက...သူ့သားကလည်း စစ်သားပဲတဲ့ ။ ဒါပေမယ့် ဗိုလ်လောင်းတက်နေတုန်းတဲ့။ အခုမှ ဒုတိယနှစ်ကိုရောက်တာတဲ့။ စစ်တက္ကသိုလ်မှာ ပဲတဲ့ ။ သူ့သားအတွက် သူက မလွှတ်ချင်ပေမယ့် သားက ၀င်ချင်တာကြောင့် ထည့်လိုက်ရတာလို့ ပြောပါတယ်။ အဲဒီတော့ ဟာ..အန်တီ ကျွန်တော်တို့က အဲဒီကျောင်းကပဲ ကျောင်းဆင်းလာတဲ့ သူတွေပါ လို့ပြောလိုက်တော့မှ ကျွန်တော်တို့ကို အံသြသင့်စွာနဲ့ ဟာ..သားတို့က အရာရှိတွေလား ၊ အန်တီက အန်တီ့သား အရွယ် ရဲဘော်လေးတွေ ထင်ပြီး သနားလို့ ထမင်းခေါ်ကျွေးတာတဲ့။ သေစမ်းပါဟဲ့...လို့သာပြောပြီး ကိုယ့်နဖူးကိုယ်ပဲ ပြန်ရိုက်ချင်မိတော့တယ်။ အော် ပုံစံတွေကလည်း ၂ ရက်လောက် မအိပ်ပဲ ခရီးနှင်လာ ၊ ရေကမချိုးရ ၊ ခရီးကလည်း တကယ့်အဝေးကြီး ၊ လမ်းကလည်း ဖုံတွေနဲ့ ၀တ်ထားတဲ့ အစိမ်းက အဖြူရောင်ပေါက်တော့မယ် ဆိုတော့ သူထင်တာလည်း မမှားနိင်ပါဘူးလေ ဆိုပြီး။ ပြုံးပြလိုက်ရတယ်။ ကျန်သေးတယ် ဥပဓိရုပ်ကလည်း ခန့်ညားတာကြောင့်လည်း ပါမယ်ထင်တယ်။ ဟဲဟဲ ။

ကားက ( ၉) ခွဲမှာ စထွက်ပါတယ် ကားကလည်း ဖုန်တွေနဲ့ ၊ ပြီးတော့ ကုန်တွေနဲ့ ။ တောလမ်းကို ဖြက်ရမှာ ဆိုတော့ အင်း...နာဖို့သာ ပြင်ထားဆိုပြီး ကိုယ့်ကိုကိုယ် အားပေးနေလိုက်တယ်။ တောလမ်း ဆိုမှတော့ မပြောတော့ပါဘူး။ ဂမူတွေ ၊ ချိုင့်တွေ ၊ ကျင်းတွေ နဲ့ တောင်တက်လမ်းက ပါသေးတယ်။ လမ်းမှာ မြို့ ၁ မြို့ကို ဖြက်ရပါတယ်။ ဘာမှန်တော့ မသိတော့ဘူး။ နာမည်တော့ ( ၃ ) လုံးနဲ့စတာပါ။ ကျောင်းတွေ တော့ဆောက်ထားပါတယ်။ ဒါနဲ့ မနက် ( ၁၁ ) ခွဲလောက်မှာ ကျွန်တော် တာဝန်ကျတဲ့ မြို့ မုံးကိုးမြို့ကို ရောက်ခဲ့ပါတယ်။ တပ်စခန်းကတော့ မြို့အစွန်မှာပါ။ မြို့အ၀င် ၀နဲ့တော့ ဆန့်ကျင်ဘက်ပေါ့။

ဒီလိုနဲ့......

ဆက်ရန်